အခန်း (၅၁၀)
Vol. 34 Ch. 510
"ဘယ်လိုဖြစ်သွားပြီလဲ ..."
သတ်ဖြတ်ရေးယက္ခ၏အသံက အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းနေသည်။
ကရုဏာမဲ့နတ်ဆိုးက မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူ့မျက်လုံးအကြည့်က တည်ငြိမ်မှုမရှိချေ။ သူ့အသံက အက်ကွဲနေသလို ထင်မှတ်ရ၏။
"တွက်ချက်ရေကြေးပြားက အသုံးဝင်တယ်။ ဒါပေမယ့် ငါတို့က ကန့်သတ်နယ်မြေထဲကို ဝင်သွားတာနဲ့ အန္တရာယ်များလာနိုင်တယ်။ ငါကအဝေးကြီးကနေ ကြောက်စရာကောင်းတဲ့အရာတွေ အများကြီးကို သတိထားမိခဲ့တယ်။ ငါက အတွင်းထဲမှာ ပုန်းအောင်းနေတဲ့ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကိုတောင် သတိထားမိခဲ့တယ်။ ဒါကြောင့် ငါက အထဲကို ဆက်မသွားရဲလို့ ပြန်လာခဲ့တာ ... "
သတ်ဖြတ်ရေးယက္ခက စိတ်ပျက်မှုများကို ထိန်းချုပ်ထားလိုက်သည်။
"ဒါဆိုရင်တော့ ဒီဝင်ပေါက်နဲ့ ပတ်သက်ပြီး ငရဲအင်ပါယာကို သတင်းပို့လိုက်ကြစို့ ... "
သူက ချက်ချင်း သက်ပြင်းချလိုက်မိသည်။
"ဒီဝင်ပေါက်က ငလျင်ကြောင့် ပေါ်လာခဲ့တာ။ ဒါကြောင့် ငါတို့ရဲ့ အခွင့်အရေးဖြစ်နိုင်တယ်လို့ တွေးမိတယ်…"
ကရုဏာမဲ့နတ်ဆိုး၏အသံက ခံစားချက်များ လှုပ်ရှားမှုကို ပြသနေသည်။
"ငါတို့ဆီမှာ စွမ်းအားမလုံလောက်ဘူးဆိုရင် ငါတို့က ဘယ်သူ့ကို အပြစ်တင်နိုင်မှာလဲ။ အနည်းဆုံးတော့ ဒီဝင်ပေါက်ကို လူတစ်ယောက်က ရှာတွေ့သွားနိုင်ပြီး တခြားသူတွေကို သတင်းပေးလိုက်မယ်ဆိုရင် ငါတို့တွေ့ထားတဲ့အရာတွေက အကြောင်းပြချက်မရှိ ဆုံးရှုံးသွားနိုင်တယ်…"
သူက ပြန်ဖြေလိုက်ပြီး တိုးတိုးလေး ရယ်လိုက်မိသည်။
မုန့်ချီက သူတို့၏စကားများကို နားထောင်နေရင်း အနည်းငယ် အံ့ဩနေခဲ့သည်။ ကရုဏာမဲ့နတ်ဆိုးက အေးအေးဆေးဆေး ချောချောမွေ့မွေ့ ပြန်ဖြေနေပြီး သူ့အသံတွင် အားနည်းချက် မူမမှန်မှု လုံးဝမရှိချေ။
ထိုသို့ဆိုလျှင် ထူးဆန်းသော ခံစားမှုနှင့် အန္တရာယ်အငွေ့အသက်များက ထိုလမ်းကြားထဲတွင် သူ့ကို ဂရုစိုက်ရန် သတိပေးရုံသက်သက်ပေလော။ ကရုဏာမဲ့နတ်ဆိုးက မည်သည့်အဖြစ်အပျက်ကိုမျှ မကြုံခဲ့ရခြင်းပေလော။
ထိုအချိန်တွင် သူက အလွန်စိုးရိမ်ထိတ်လန့်နေခဲ့ကြောင်း မုန့်ချီက သံသယဝင်နေမိသည်။ ထို့ကြောင့် ပြင်ပကမ္ဘာကြီးက သူ၏စိတ်အခြေအနေကို သက်ရောက်သွားခဲ့ပြီး ပုံရိပ်ယောင်များကို မြင်တွေ့ခဲ့ရခြင်း ဖြစ်နိုင်၏။ မဟုတ်လျှင် ကရုဏာမဲ့နတ်ဆိုးက ဘေးမသီရန်မခ ပြန်ရောက်လာခြင်းကို မည်သို့ရှင်းပြနိုင်မည်နည်း။
သို့သော် ခေါင်းထဲတွင် အတွေးပေါင်းမြောက်မြားစွာက လျင်မြန်စွာ ပေါ်လာခဲ့သည်။ အပူအပင်မဲ့တောင်ကြား၊ ကျန်းဝူအင်ပါယာ၏အုတ်ဂူ၊ မကောင်းဆိုးဝါး ဝိညာဉ်ထိန်းချုပ်မှု..။ စစ်ခုံထူဆီမှ သူရရှိထားသော သဲလွန်စများအရ အပူအပင်မဲ့တောင်ကြား၏ဝင်ပေါက်က ဤကြားထဲတွင် တည်ရှိနေကြောင်း သူက သေချာပေါက် အတည်ပြုနိုင်သည်။
သူက တည်နေရာ တိတိကျကျကို မသိလျှင်ပင် ထိုထဲ၌ သေချာပေါက် ရှိနေနိုင်၏။ အပူအပင်မဲ့တောင်ကြားက ကျန်းဝူအင်ပါယာနှင့် တစ်စုံတစ်ခု ပတ်သက်နေနိုင်သည်။ သူ၏အုတ်ဂူကဲ့သို့ မကောင်းဆိုးဝါး အငွေ့အသက်များ ရှိနေနိုင်ပြီး ဟွမ်ဖူတောင်နှင့် တခြားသူများကဲ့သို့ ဖြစ်သွားနိုင်သည်။
သူတို့ကလည်း တခြားသူများကဲ့သို့ အစောပိုင်းတွင် မူမမှန်မှုများ မပြသခဲ့ဘဲ နောက်ပိုင်းမှသာ ရူးသွပ်သွားကြခြင်း ဖြစ်နိုင်သည်။ အကယ်၍ ထိုကဲ့သို့ ကြောက်စရာကောင်းသော ခံစားမှုကသာ ကရုဏာမဲ့နတ်ဆိုးနှင့်ကြုံတွေ့ရမည်ဆိုလျှင် သူကြုံနေရသောအရာများက ဟွမ်ဖူတောင်တို့နှင့် ကွဲပြားနေပြီး အရာအားလုံးက ကျန်းဝူအင်ပါယာနှင့် ပတ်သက်နေသည်။
သူက ထိုအရာများကို ဆက်စပ်စဉ်းစားကြည့်နေမိခဲ့၏။ ပိုမီတွင် ရှိနေသော ပြောင်းလဲမှုများက အပူအပင်မဲ့တောင်ကြား ပေါ်လာခြင်းကြောင့် ဖြစ်နိုင်သည်ဟုပင် သံသယဝင်နေမိခဲ့သည်။
"ဒါက မကောင်းဆိုးဝါးဝိညာဉ် ထိန်းချုပ်မှုတော့ မဖြစ်နိုင်ဘူး။ ကျန်းဝူအင်ပါယာက အပူအပင်မဲ့တောင်ကြားထဲမှာ တစ်ခုခုကို ပိတ်လှောင်ထားတာ ဖြစ်နိုင်တယ်။ အစောပိုင်းမှာ တွေ့ခဲ့တဲ့ ကြောက်စရာ ရေမျက်နှာပြင်တွေက သိပ်သည်းတဲ့ သွေးရောင်မြူခိုးတွေကို ကြောက်နေတယ် ထင်တယ်။ ဒါကြောင့် အနားကို ကပ်လို့မရနိုင်တာ။ ဒီမြူခိုးတွေကလည်း တော်တော်လေး ကြောက်စရာကောင်းတယ် ထင်တယ်။ ပြီးတော့ ငါက အတွင်းထဲကို ရောက်သွားလေလေ မြူခိုးတွေက ပိုပြီးတော့ ပါးလွှာလေလေပဲ.. "
မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းမြောက်မြားစွာ ပေါ်လာခဲ့သည်။
အပူအပင်မဲ့တောင်ကြားက သူထင်ထားသည်ထက် သိသိသာသာ ကျော်လွန်နေကြောင်း သူလည်း ခံစားမိခဲ့သည်။ အစတွင်တော့ သူနှင့်ကျန်းကျိဝေတို့၏ လက်ရှိအစွမ်းအရ ကွင်းဆက်တာဝန် တတိယအဆင့်က ပြဿနာ ကြီးကြီးမားမားမရှိနိုင်ဟု တွေးခဲ့မိသည်။
သူက အများဆုံး စွန့်စားရမည်၊ ဒဏ်ရာရန် အခြေအနေမျိုးသာရှိမည်ဟု တွေးခဲ့မိသည်။ အဓိကစိန်ခေါ်မှုကတော့ ဝင်ပေါက်ကို ရှာဖွေခြင်းနှင့် ပိုမီတွင် ရှိနေသော ပညာရှင်များ ဝိုင်းရံတိုက်ခိုက်ခြင်း မခံရအောင် ကာကွယ်ရန်သာဖြစ်သည်။
သူက ထိုမကောင်းဆိုးဝါးအိုကြီးများထဲတွင် ထိပ်တန်းပညာရှင်များနှင့် ရင်ဆိုင်၍ မရနိုင်ပေ။ သို့သော် ကရုဏာမဲ့နတ်ဆိုးကဲ့သို့သော ပညာရှင်တစ်ယောက်ကပင် အတော်လေး ဒုက္ခများနေရ၏။ အရာအားလုံးက အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းနေသည်။
"သူတို့(၂)ယောက်ပြောတဲ့ ငရဲအင်ပါယာက ပိုမီရဲ့လျှို့ဝှက်ချက်တွေကို ဘယ်လောက်များများ သိထားကြတာလဲ။ သူတို့ကရော အပူအပင်မဲ့တောင်ကြားရဲ့ဝ င်ပေါက်ကို ရှာဖွေနေကြတာလား။ တကယ်လို့သာ သူတို့နဲ့အချက်အလက်တွေကို အပေးအယူ လုပ်နိုင်မယ်ဆိုရင် ငါက တော်တော်လေးအဆင်ပြေသွားနိုင်သလို အန္တရာယ်တွေကိုလည်း ရှောင်တိမ်းနိုင်လိမ့်မယ်…"
မုန့်ချီ၏ ခေါင်းထဲတွင်တော့ အတွေးပေါင်းများစွာ ပေါ်ပေါက်လာပြီး နောက်ဆုံးတွင်တော့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။ ယခင်တုန်းကတော့ သူ့နောက်တွင် စစ်ဆေးသူတစ်ယောက် ရှိနေကြောင်း မေ့လျော့ထားခဲ့ပြီး တစ်စုံတစ်ယောက်အပေါ် မှီခိုလိုသည့်ဆန္ဒကို ဖယ်ရှားထားခဲ့သည်။
မဟုတ်လျှင် သူက မဆင်မခြင် အကြောက်အလန့်မရှိ လုပ်ဆောင်နိုင်၏။ အကယ်၍ သူ့တာဝန်ပြီးဆုံးနိုင်ပြီး အင်မော်တယ်များထဲတွင် တရားဝင်အဖွဲ့သား တစ်ယောက် ဖြစ်လာနိုင်မည်ဆိုလျှင်လည်း တခြားသူများက သူ့အပေါ် အထင်သေးကြပါလိမ့်မည်။ သို့သော် ယခုတော့ သူ့နောက်တွင် စောင့်ရှောက်ပေးနေသူ တစ်ယောက်ရှိကြောင်း အမှတ်ရလာခဲ့၏။
စစ်ဆေးသူတစ်ယောက်က သူ့နောက်မှ လိုက်လာခဲ့သည်။ သူက တရားဝင်တာဝန်ကို အခွင့်ကောင်းယူပြီး သူ၏ကိုယ်ပိုင်ရည်မှန်းချက်ကို ပြည့်စုံရန်ကြိုးစားရမည်ဖြစ်၏။ သူက တာဝန်လုပ်ဆောင်နေရင်း အပူအပင်မဲ့တောင်ကြား၏ အောက်ခြေကို လျှောက်သွား၍ သူကြုံတွေ့ရနိုင်သော အန္တရာယ်များအားလုံးကို ရှင်းပစ်ချင်နေခဲ့သည်။
အကယ်၍ သူ၏သုံးသပ်ချက်သာ မမှားလျှင် သူ့တာဝန်ကို စစ်ဆေးသူက ဘိုးဘေးဒိုမူဖြစ်နိုင်သည်။ သူမက ဟွာမေ့တောင်တန်း၏ လက်ရှိခေါင်းဆောင် ရေခဲနတ်သမီး ယဲ့ယုချီဟုလည်း လူသိများသည်။
သူမက ဂိုဏ်းတွင်းရေးရာကိစ္စများကို ရှင်းလင်းရန် ဤနေရာသို့ ရောက်လာရန် ရှိနေသည့်အချိန်တွင် သူ၏တောင်းဆိုမှုနှင့် အချိန်ကိုက် ကြုံလိုက်ရခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူမက သူမ၏တာဝန်ကို လက်လွှဲပေးခဲ့ပြီး သူ၏တာဝန်ထဲတွင် စစ်ဆေးသူအဖြစ်သာ စောင့်ကြည့်နေခဲ့သည်။
အပေါ်ယံတွင်တော့ သူမ၏အဆင့်က ဝေ့ကျင်းအဆင့် အထွဋ်အထိပ်သာဖြစ်၏။ ရိုးရိုးသားသား ပြောရမယ်ဆိုလျှင် သူမ၏အဆင့်က ဓမ္မကာရတစ်ဝက်အဆင့် ဖြစ်နိုင်သည်။ အကယ်၍ သူ၏သုံးသပ်ချက် မှားယွင်းသွားမည်ဆိုလျှင်ပင် အနည်းဆုံးတော့ စစ်ဆေးသူက ဝေ့ကျင်းအဆင့်အထွဋ်အထိပ်ကို ရောက်နေနိုင်သည်။ ထိုအရာက ကျန်းဟန်ချွန်နှင့် တခြားသူများ၏ စစ်ဆေးမှုမှ နားလည်ထားသောအရာတစ်ခု ဖြစ်သည်။
ကရုဏာမဲ့နတ်ဆိုးနှင့် သတ်ဖြတ်ရေးယက္ခတို့က နွယ်ပင်များ ကျဆင်းနေသော မူလနေရာကို ပြန်ရောက်လာခဲ့ပြီး ဤနေရာတွင် ရှိနေသော ခြေရာလက်ရာများအားလုံးကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူတို့က ချောက်ကြီးပေါ်မှ ပျံသန်းသွားခဲ့သည်။
ထိုအချိန်တွင် သူတို့က ရယ်သံတစ်ခုကိုကြားလိုက်ရ၏။
"ခဏရပ်ပါဦး မိတ်ဆွေတို့…"
ထိုရယ်သံက အနီရောင်မြူခိုးများထဲတွင် လွှမ်းခြုံနေပြီး သူတို့၏နားထဲသို့ ရောက်လာခဲ့သည်။ သူတို့က ခန္ဓာကိုယ်နှင့် စိတ်ထဲတွင် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ပြီး လေထဲတွင် ပျံဝဲနေရင်း ခုခံရန် ပြင်ဆင်ထားခဲ့၏။
"ဘယ်သူလဲ…"
သူတို့က တီးတိုးရေရွတ်လိုက်မိပြီး မဆင်မခြင် လှုပ်ရှားမှုမရှိစေရန် ကာကွယ်ထားကြသည်။
ထိုအချိန်တွင် အနီရောင်မြူခိုးများထဲမှ လူတစ်ယောက် ထွက်လာပြီး သူ၏အဖြူရောင်အင်္ကျီထဲတွင် မီးတောက်များ တောက်လောင်နေသည်။ သူ၏မျက်နှာက ပုံမှန်သာ ဖြစ်သော်လည်း ရဲရင့်တက်ကြွ၏။ သူ့ပုံစံက တည်ငြိမ်အေးချမ်းပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိနေပုံ ရသည်။
"အဲဒါ သူပဲ…"
ကရုဏာမဲ့နတ်ဆိုးနှင့် သတ်ဖြတ်ရေးယက္ခတို့က ကြောက်လန့်သွားခဲ့ပြီး အကျိုးဆက်ကို ထိတ်လန့်နေခဲ့သည်။
"မင်းပါလား…"
သတ်ဖြတ်ရေးယက္ခက လက်(၂)ဖက်ကိုမြှောက်ပြီး သံခက်ရင်းခွနှင့် မုန့်ချီကိုတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
"သူက တကယ်ပြန်လာရဲတာပဲ။ သူက ငါတို့ရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားတာလား.."
အကယ်၍ မုန့်ချီကသာ သူတို့၏ရှေ့တွင် ဘာကြောင့် ယုံကြည်ချက်ရှိရှိပြန်လာလဲ ဟူသော အချက်ကိုသာ မသိလျှင် သတ်ဖြတ်ရေးယက္ခက မုန့်ချီကို တိုက်ခိုက်မိပါလိမ့်မည်။
ကရုဏာမဲ့နတ်ဆိုး၏ မျက်လုံးက နီရဲနေပြီး လက်တစ်ဖက်ကို နောက်ပစ်၍ လက်တစ်ဖက်ကို ရှေ့တွင် ကာထားခဲ့သည်။ မကောင်းဆိုးဝါးချီစွမ်းအင်များကလည်း သူ၏ပတ်ပတ်လည်တွင် လွှမ်းခြုံနေခဲ့၏။
"ဟုတ်တယ် ကျုပ်ပဲ…"
မုန့်ချီက ပြုံးလိုက်ပြီး သူ့ပုံစံက အလွန်အေးစက်နေခဲ့သည်။ သူ့ပုံစံက ပို၍ယုံကြည်ချက်ရှိလေလေ သတ်ဖြတ်ရေးယက္ခ၏ ရင်ထဲတွင် အကြောက်တရားများ ပို၍ကြီးစိုးလာလေလေဖြစ်သည်။
တစ်ဖက်လူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"မင်းက ဘယ်သူလဲ…"
"ကျုပ်က လွန်ခဲ့တဲ့(၁၀)နှစ်လောက်မှာ ဝေ့ကျင်းအဆင့်ကို ရောက်ခဲ့တဲ့ ပညာရှင် တစ်ယောက်ပဲ။ ခင်ဗျားတို့က ကျုပ်နာမည်ကို ကြားဖူးမယ်လို့မထင်ဘူး…"
မုန့်ချီကတော့ ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးအိုကြီး(၂)ကောင်နှင့် စကားပြောနေရသည်ကိုပင် စိုးရိမ်နေခြင်းမရှိသည့်အလား တည်ငြိမ်နေခဲ့သည်။
သူ့ရှေ့တွင် ရှိနေသော ထိုလူငယ်က အလွန်ငယ်ရွယ်ကြောင်း သတ်ဖြတ်ရေးယက္ခက သိနေသည်။ သူက ပိုမီတွင် ပုန်းအောင်းနေခဲ့ပြီးနောက် ဝေ့ကျင်းအဆင့်ကို ရောက်လာသော လူငယ်များကို မသိတော့ပေ။ လူငယ်မှတ်တမ်းမှနေ၍ ဝေ့ကျင်းအဆင့်ကို တစ်ချက်တည်းရောက်သွားသော ပညာရှင်များကတော့ ချွင်းချက်ဖြစ်သည်။
ကုန်သည်များက အရှေ့ပိုင်းကုန်သွယ်မှုအတွက် ရောက်လာပြီး ပြင်ပကမ္ဘာကြီးထဲမှ သတင်းများကို သယ်ဆောင်လာတတ်သည်။ ထို့ကြောင့် သူတို့၏ရန်သူများက သေဆုံးသွားခြင်းရှိ၊မရှိ ပိုမီတွင် ပုန်းအောင်းနေသူများက သိရှိနိုင်ကြသည်။ သူတို့ကို ရန်လိုနေသော အဖွဲ့အစည်းနှင့် အဓိကအဖြစ်အပျက်များကို သိနိုင်၏။
"မင်းက ဘာလုပ်ခဲ့လို့ ပိုမီမှာ ပုန်းအောင်းနေရတာလဲ ..."
သူကတော့ အဓိကအချက်ကိုသာမေးလိုက်၏။ မုန့်ချီက ဘာကြောင့် ဤနေရာတွင် ပေါ်လာကြောင်း သူတို့လည်း အဖြေမရှာနိုင်ကြပေ။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ကျုပ်က ဘာပြစ်မှုမှ မကျူးလွန်ထားဘူး။ အခွင့်ကောင်းတစ်ခုအတွက် ဒီနေရာကိုရောက်လာခဲ့တာ ... "
"အခွင့်ကောင်းတစ်ခုလား…"
သူတို့နှစ်ယောက်က မျက်မှောင်ကြုတ်လိုက်မိသည်။
မုန့်ချီက သူ့ကိုယ်သူ မိတ်ဆက်ပြီး ပြောလိုက်၏။
"ကျုပ်နာမည်က ရှန်းပေါင်လို့ခေါ်တယ် ။ ကျုပ်က လော်အဖွဲ့အစည်းမှာ နေမင်းကျင့်ကြံသူတစ်ယောက်ပဲ။ ကျုပ်က မထင်မှတ်ဘဲ ရှေးဟောင်းအုတ်ဂူတစ်ခုရဲ့ သဲလွန်စကို သိခဲ့ရတယ်။ အဲဒီအခွင့်အရေးကြီးက ပိုမီမှာရှိနေတယ်ဆိုတာကိုလည်း တွေ့လိုက်ရတယ်။ ခင်ဗျားတို့(၂)ယောက်က တစ်ခုခု ရှာတွေ့သွားတယ်ဆိုတာကို မြင်လိုက်ရတဲ့အတွက် ကျုပ်က ခင်ဗျားတို့ကို ဆုလာဘ်တွေပေးဖို့ ရောက်လာခဲ့တာ.."
သူက တမင်တကာ အနည်းငယ် အလှည့်အပြောင်းလုပ်၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အစောပိုင်းတွင် သူက "ကျေးဇူးပြု၍ ခဏရပ်ပါဦး မိတ်ဆွေတို့" ဟုပြောခဲ့ခြင်းဖြစ်သည်။
သူက သေချာစဉ်းစားလိုက်ပြီးနောက် သူ့နာမည်ကို ရှန့်ကွမ်းပေါင်ဟု ပြောင်းလဲရန် စဉ်းစားခဲ့သော်လည်း အဖွဲ့အစည်းထဲတွင် တခြားသံသရာခရီးသွားများ ရှိနေမည်ကို စိုးရိမ်နေခဲ့သည်။ သူတို့က သတိထားမိနိုင်သည့်အတွက် သူက ရှန်းပေါင်ဟူသော နာမည်ကိုသာ အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
သူက လက်နောက်ပစ်ထားပြီး လက်ဖဝါး၏ အလယ်တွင် ပုတီးစေ့ကို ကိုင်ထားခဲ့သည်။ သူက သူ၏ခန္ဓာကိုယ်ကို အသုံးပြုပြီး တုံ့ပြန်မှုများအားလုံးကို တားမြစ်ထားသည်။
ကရုဏာမဲ့နတ်ဆိုးနှင့် သတ်ဖြတ်ရေးယက္ခတို့က သူတို့ဆီကို ရောက်လာနေသော သတ်ဖြတ်ချင်စိတ်များကို သတိထားမိခဲ့ခြင်းမရှိချေ။ တစ်ဖက်လူက သတိထားခြင်းတစ်ဝက်၊ စိတ်ဝင်စားခြင်းတစ်ဝက်နှင့် မေးလိုက်သည်။
"ဘယ်လိုကြွယ်ဝချမ်းသာမှုမျိုး ရမှာလဲ…"
မုန့်ချီက လက်ထဲတွင် ကိုင်ထားသော အညိုရောင်ပုတီးစေ့ကို အသက်သွင်းလိုက်ရာ ကြယ်အလင်းတန်းလေးများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ သူတို့၏ ပတ်ဝန်းကျင်ကလည်း ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကံကြမ္မာကြိုးများနှင့် ဆက်သွယ်နေသော ခံစားမှုများ ပေါ်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တော့ ထိုအရာက နှလုံးသားချင်း ဆက်သွယ်နေခြင်းဖြစ်သည်။
ထိုအချိန်တွင် သတ်ဖြတ်ရေးယက္ခနှင့် ဂရုဏာမဲ့နတ်ဆိုးတို့၏ လျှို့ဝှက်စကားလုံးများက တစ်ချိန်တည်းလိုလိုပင် ထွက်ပေါ်လာခဲ့၏။ မုန့်ချီ၏အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ထိုအရာက အလွန်အရေးပါကြောင်း သိနေသည်။
သူကတော့ သူ့နောက်တွင် ရှိနေသော စစ်ဆေးသူကို စိတ်မဝင်စားတော့ဘဲ အပြုံးနှင့် ပြောလိုက်၏။
"သစ်ခွပုံစံပန်းပွင့်လေးမှာ အနီရောင်ရိုးတံတွေ ရှိနေတယ်။ သူ့ရဲ့မွှေးရနံ့တွေက လူတွေကို အဆိပ်သင့်တဲ့ပုံစံမျိုး လုပ်ဆောင်နိုင်တယ်။ ပြီးရင်တော့ စိုးရိမ်မှုတွေအားလုံးကို မေ့ပျောက်သွားကြလိမ့်မယ်…"
"ဆိုကာပန်းပွင့်လား ... "
ကရုဏာမဲ့နတ်ဆိုးနှင့် သတ်ဖြတ်ရေးယက္ခတို့က တပြိုင်နက်တည်း အော်ဟစ်လိုက်မိကြသည်။
မုန့်ချီက သူတို့၏ရင်ထဲမှအသံများကို တိတ်တဆိတ် ကြားလိုက်ရသည်။
"သူက ငါတို့ရဲ့လျှို့ဝှက်ချက်ကို တကယ်သိနေတာပဲ ... သူက အပူအပင်မဲ့တောင်ကြားဆီကိုရောက်လာတာပဲ။ သူက ငါတို့မသိတဲ့ သဲလွန်စတွေ သိနေမလား မသိဘူး…"
မုန့်ချီကတော့ ပုံမှန်အတိုင်းတည်ငြိမ်နေခဲ့သည်။ သူက မည်သည့်အရာကိုမျှ စဉ်းစားနေခြင်းမရှိဘဲ ပြောလိုက်သည်။
"မိတ်ဆွေတို့ …
ခင်ဗျားတို့ရဲ့တုံ့ပြန်မှုအရအခုကျုပ်ကို ယုံကြည်သွားပြီလား…"
ဆိုကာပန်းပွင့်ဟူသည်မှာ အပူအပင်မဲ့တောင်ကြားတဝိုက်နှင့် အနီးအနားတွင် ပေါက်ရောက်နိုင်သော ဆန်းကြယ်သည့် ပန်းပွင့်များ ဖြစ်သည်။ ထိုအရာများက ပူပင်သောကကို ပျောက်ကွယ်စေနိုင်သည့် အနှစ်သာရများကို ထုတ်ပေးသည်။ ထိုအနှစ်သာရများက လူတစ်ယောက်၏ မှတ်ဉာဏ်ကို ရှင်းလင်းရန် ကူညီပေးနိုင်သည်ဟု ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသည်။
ထိုကျမ်းစာများကို အသုံးချပြီး အပူအပင်မဲ့တောင်ကြားက ပိုမီတွင်ရှိနေသည်ဟု တိတိကျကျ ဆုံးဖြတ်နိုင်ခြင်းဖြစ်၏။ နောက်ပိုင်းတွင်တော့ ပို၍များပြားသော သဲလွန်စများ ပေါ်လာခဲ့ပြီး တောင်ကြား၏တည်နေရာကို အတည်ပြုနိုင်ခဲ့သည်။
ယခုထိုအရာကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ဘယ်ကမှန်းမသိသော ရောဂါတစ်ခုခုကို ရထားသည့် လူတစ်ယောက်က ရုတ်တရက် ပြင်းပြင်းထန်ထန် သေဆုံးမှုကို ကြုံခဲ့ရသည်ဆိုလျှင် ထိုအရာများက ထင်ထားသလို ရိုးရှင်းမှုမရှိကြောင်း မုန့်ချီက သိနေခဲ့သည်။ သူတို့အားလုံး၏ ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်လာခဲ့သည်။
"မင်းက ဘာလုပ်ချင်လို့လဲ…"
သတ်ဖြတ်ရေးယက္ခက တိတ်တဆိတ် မေးလိုက်သည်။
"ပိုမီမှာရှိတဲ့ နယ်မြေတွေက အရမ်းကို ရှုပ်ထွေးပြီး အနီရောင်မြူခိုးတွေက ထူးဆန်းအံ့သြဖို့ကောင်းတယ်။ ကျုပ်က မိတ်ဆွေတို့(၂)ယောက်နဲ့ ပူးပေါင်းချင်တယ် ...။ မိတ်ဆွေတို့(၂)ယောက်ကလည်း ဒီနေရာအကြောင်းကို အတော်လေး သိထားတယ် ထင်ပါတယ် ... ဒီတော့ အချိန်ကုန်သက်သာတာပေါ့…"
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
"ပူးပေါင်းမှာလား ..."
သတ်ဖြတ်ရေးယက္ခက ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် တချိန်တည်းလိုလိုပင် အံ့သြသွားသလို ခံစားလိုက်ရ၏။
သူ့ရင်ထဲတွင်လည်း အသံတစ်ခု ထွက်ပေါ်လာသည်။
"သူက တကယ်ပဲ ငါတို့နဲ့ပူးပေါင်းချင်တာလား။ အစောပိုင်းတုန်းကတော့ သူ့ပုံစံက အနားကိုမလာရဲဘူး။ သူက ငရဲအင်ပါယာအကြောင်းကို ကြားဖူးတဲ့ပုံမပေါ်ဘူး ။ ဒါက အခွင့်ကောင်းပဲ။ မင်းက ငါတို့ရဲ့အကျိုးအမြတ်အတွက် စတေးရမယ့် ကလေးတစ်ယောက်ပဲ။ ငရဲရဲမက်တွေ ရောက်လာတဲ့အချိန်ကျရင် ငါတို့က ဒီသတင်းကို ငရဲအင်ပါယာဆီပို့လိုက်တာနဲ့ မင်းက ဘယ်လိုထွက်ပြေးမလဲ သိချင်သေးတယ်…"
"ကျုပ်မှာ ထွက်ပြေးဖို့ ကူညီပေးနိုင်မဲ့ ပစ္စည်းတွေရှိတယ်။ တကယ်လို့ ခင်ဗျားတို့က မကောင်းကြံနေမယ်ဆိုရင်တောင် ကျုပ်က အေးအေးဆေးဆေး ထွက်ပြေးနိုင်သေးတယ်…"
မုန့်ချီကတော့ သူ၏လျှို့ဝှက်ရတနာနှင့် သံသရာတံဆိပ်အကြောင်း သူတို့ကို ရိုးရိုးသားသား ပြောပြလိုက်သည်။
သတ်ဖြတ်ရေးယက္ခနှင့် ကရုဏာမဲ့နတ်ဆိုးတို့က အချင်းချင်းကြည့်လိုက်မိကြပြီး လျှို့ဝှက်နည်းလမ်းကို အသုံးပြု၍ စကားပြောနေကြသည်။
"သူ့ကို အနိုင်ယူဖို့ ကြိုးစားတာထက် သူနဲ့ပူးပေါင်းတာက ပိုပြီးတော့ကောင်းတယ် ..။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီမှာ ထွက်ပြေးနိုင်တဲ့ပစ္စည်းရှိတယ်။ သူက ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်လို့ရသလို ငါတို့သဲလွန်စရှာမရအောင်လည်း လုပ်နိုင်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငရဲအင်ပါယာက ငါတို့ရဲ့နောက်ကနေ တိတ်တဆိတ် လိုက်နေတာလေ။ ငါတို့က အပူအပင်မဲ့တောင်ကြားထဲကို ဝင်သွားပြီး ရတနာကို ရှာတွေ့သွားတာနဲ့ ပြဿနာမရှိတော့ဘူး..... "
သတ်ဖြတ်ရေးယက္ခက အကြံပေးလိုက်သည်။သူက အလွန်ကောက်ကျစ်စဉ်းလဲသော မကောင်းဆိုးဝါးအိုကြီးတစ်ယောက်ဖြစ်သည်။
ကရုဏာမဲ့နတ်ဆိုးက ယာယီတိတ်ဆိတ်သွားပြီး နောက်ဆုံးတွင်တော့ ပြောလိုက်သည်။
"ဒါဆိုလည်း အဲဒီအစီအစဉ်အတိုင်း လုပ်ကြတာပေါ့…”
“ငါက သူ့ကိုသေချာပြောကြည့်မယ်…."
သတ်ဖြတ်ရေးယက္ခက ပြောလိုက်သည်။
မုန့်ချီကတော့ အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ သူတို့၏စကားများကို နားထောင်နေခဲ့သည်။ သူ့ခေါင်းထဲတွင်တော့ အတွေးမရှိသလို ဗလာဖြစ်နေခဲ့၏။
သတ်ဖြတ်ရေးယက္ခက အနည်းငယ် ချောင်းဟန့်ပြီး ပြောလိုက်သည်။
"ငါတို့(၃)ယောက်တည်းနဲ့ အပူအပင်မဲ့တောင်ကြားလို အန္တရာယ်များတဲ့နေရာမျိုးကို ကိုင်တွယ်ဖို့က အရမ်းခက်တယ် ။ ဒီတော့ မင်းက ငါတို့ကို အကူအညီသွားခေါ်ခွင့်ပေးပါ.."
မုန့်ချီ၏ခေါင်းထဲတွင် ပြောင်းလဲမှုများပေါ်လာပြီး သူ၏လေသံက တည်ငြိမ်နေခဲ့သည်။
"ခင်ဗျားတို့တွေက ပထမကောင်းကင်လှေကားကျော်နေတဲ့ ဘယ်သူ့ကိုမှ ခေါ်လာလို့မရဘူး။ ပြီးတော့ လူ(၃)ယောက်ထက် မပိုရဘူး။ ကျုပ်က ကျုပ်ရဲ့မိတ်ဆွေ ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးဆီကနေ သတင်းတစ်ခု ကြားခဲ့ရတယ်။ မကြာသေးခင်ကမှ ခင်ဗျားတို့(၂)ယောက်က မကောင်းဆိုးဝါးသုတ်သင်ရေးဓားကို တွေ့ခဲ့တယ် မဟုတ်လား။ သူဆို တော်တော်လေးသင့်တော်တယ်…"
သူက ထိုစကားကို ထုတ်ပြောလိုက်သည်မှာ အတော်လေးကို တိုက်ဆိုင်နေသော အခြေအနေမျိုးဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူက သူတို့၏ အဖွဲ့အစည်းအကြောင်းကို မသိသည့် လူတစ်ယောက် မဟုတ်ဘဲ ရန်ကျန်းချန်ကို သူတို့နှင့်အတူခေါ်လာရန်အတွက် ပြောဆိုလိုက်ခြင်းသာဖြစ်သည်။
ရန်ကျန်းချန်က သိပ်မကြာခင် အတောအတွင်း အနီးအနားတွင် ရှိနေပြီး သူက အကူအညီရရှိရန် အလွယ်ကူဆုံး လူတစ်ယောက် ဖြစ်နိုင်သည်။
"ကောင်းပြီလေ သဘောတူတယ်…."
သတ်ဖြတ်ရေးယက္ခက တခဏအတွင်း သဘောတူလိုက်သည်။
သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ကရုဏာမဲ့နတ်ဆိုးကို ပြောလိုက်၏။
"ဒီအခွင့်အရေးကို အသုံးချပြီး ငရဲအင်ပါယာကို အသိပေးရမယ်။ ပြီးတော့ သူ့ကို ငါတို့ရဲ့နောက်ကနေ တိတ်တဆိတ် လိုက်လာခိုင်းလိုက်မယ်။ အချိန်ကျလာရင်တော့ သူ့ကိုလှုပ်ရှားခိုင်းကြတာပေါ့။ ဒီကလေးက ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးဆီကနေ ငါတို့အကြောင်းကို ကြားထားတယ်ထင်တယ်။ ဒါပေမယ့် သူက ငရဲအင်ပါယာအကြောင်း သိဖို့နည်းလမ်းမရှိပါဘူး..။ ငါတို့ရဲ့တာဝန် အောင်မြင်သွားတာနဲ့ သူ့ရဲ့မျက်နှာက ဘယ်လောက်အံ့သြစရာကောင်းလဲဆိုတာ ကြည့်ကြတာပေါ့။ သူက ငါတို့ကို နောက်တစ်ကြိမ် လှည့်ကွက်ဆင်နိုင်သေးလား သိချင်သေးတယ်…."
"ဒါဆိုရင် မင်းက ရန်ကျန်းချန်ကို ငါတို့နဲ့ ပူးပေါင်းစေချင်နေတာလား…"
ကရုဏာမဲ့နတ်ဆိုးက မေးလိုက်သည်။
"သူက ရန်ကျန်းချန်ကို သိနေမှတော့ သူ့ကိုပဲ ခေါ်လိုက်တော့ ... အကုန်လုံးက ပြောပြီးဆိုပြီးတဲ့အတိုင်း အဆင်ပြေတယ်လေ ... "
သတ်ဖြတ်ရေးယက္ခက ပြောလိုက်သည်။
မုန့်ချီကတော့ သူတို့၏စကားကို မကြားချင်ယောင်ဆောင်နေခဲ့သည်။
"ဒါဆိုရင် ကျုပ်က ခင်ဗျားတို့ကို ဒီနေရာမှာ စောင့်နေမယ် ...။ ခင်ဗျားတို့က အကူအညီတွေ အများကြီးခေါ်လာပြီး သူတို့က အရမ်းအစွမ်းထက်နေတယ်ဆိုရင်တော့ ကျုပ်က ပုန်းနေရာကနေပဲ စောင့်ကြည့်နေမယ် ... "
သတ်ဖြတ်ရေးယက္ခက စကားတစ်ခွန်းမျှမပြောခဲ့ဘဲ ကရုဏာမဲ့နတ်ဆိုးနှင့်အတူ အဝေးသို့ ထွက်သွားခဲ့သည်။ ထိုအချိန်တွင် မုန့်ချီကတော့ လေထဲတွင် အမှုန့်ငယ်လေးများကို သတိထားမိခဲ့သည်။ ထိုအရာများက စိတ်ဝိညာဉ်ဆက်သွယ်ရေးပုတီးစေ့မှ ထွက်ပေါ်လာသော ခံစားမှုနှင့် အတော်လေး တူညီနေခဲ့၏။
"သတ်ဖြတ်ရေးယက္ခကရော တူညီတဲ့လျှို့ဝှက်ရတနာကို သုံးခဲ့တာလား။ ငါက အမှန်အတိုင်းပြောနေတာဟုတ်မဟုတ် သူက ငါ့ရဲ့အတွေးတွေကို ခိုးကြည့်ပြီး အတည်ပြုချင်နေတာလား။ တော်တော်ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးအိုကြီးပဲ.."
မုန့်ချီက ရင်ထဲတွင် ဝမ်းသာသွားခဲ့သည်။ စိတ်ဝိညာဉ်ထိန်းချုပ်ရေး ပုတီးစေ့ကိုသုံးပြီး စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တိုက်အုပ်ကိုယ်တော်က သူ့စိတ်ကို စစ်ဆေးခဲ့သည့် အချိန်ကတည်းကစပြီး သူ၏အတွေးထဲသို့ တခြားသူများ ကျူးကျော်လာခြင်းကို အမြဲလိုလို ကာကွယ်ထားခဲ့သည်။ ယခုသူကိုယ်တိုင်ကလည်း ထိုပုတီးစေ့ကို သုံးနေခဲ့သည့်အတွက် သူက ပို၍ပင်သတိထားနေခဲ့သည်။
ထို့ကြောင့် သူတို့စတွေ့သည့် အချိန်ကတည်းကစပြီး သူက စစ်ဆေးသူနှင့် ပတ်သက်သည့် ကိစ္စကို လုံးဝမတွေးခဲ့ပေ။ သူတို့က သူ့ခေါင်းထဲတွင် ရှိနေသော တခြားအရာများကို ကြားသွားသည့်အတွက် ပို၍ဝမ်းသာနေခဲ့၏။ ထိုအရာက သူတို့၏သံသယများကို ဖယ်ရှားပစ်နိုင်သည်။
မုန့်ချီကမြူခိုးထဲတွင် အချိန်ကြာမြင့်စွာ ပုန်းနေခဲ့ရခြင်းမရှိချေ။ သတ်ဖြတ်ရေးယက္ခနှင့် ကရုဏာမဲ့နတ်ဆိုးတို့ ပြန်ရောက်လာသည်ကို သတိထားမိခဲ့သည်။ သူတို့၏နောက်မှ လူ(၂)ယောက် လိုက်လာခဲ့၏။
သတ်ဖြတ်ရေးယက္ခ၏ဘေးတွင် ပျံသန်းလာသော လူတစ်ယောက်က မီးခိုးရောင်ဆံပင်နှင့် ညှိုးခြောက်သောမျက်နှာ ရှိနေသည်။ သူကတော့ တရုတ်ရိုးရာဝတ်ဆင်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ဓားတစ်လက် ကိုင်ထားသည်။ ထိုအရာကတော့ မကောင်းဆိုးဝါး သုတ်သင်ရေးဓား ရန်ကျန်းချန်ဖြစ်၏။
ကရုဏာမဲ့နတ်ဆိုး၏အနားတွင် ရှိနေသော နောက်တစ်ယောက်ကတော့ စာသင်သားတစ်ယောက်နှင့် တူညီနေသည်။ သူကတော့ ရုပ်ရည်ကို ပြောင်းလဲပြီး အငွေ့အသက်ကို ဖုံးကွယ်ထားပုံရ၏။ မုန့်ချီက သူ့ကို ရင်းနှီးနေသလို ခံစားမိသော်လည်း သူ၏အဆင့်အတန်းကိုတော့ သေချာသတိမထားမိခဲ့ချေ။
ထိုအချိန်တွင် သတ်ဖြတ်ရေးယက္ခ၏အသံက ထွက်ပေါ်လာခဲ့၏။
"မိတ်ဆွေလေးရှန်းပေါင် …
ငါတို့ပြန်လာပြီ။ ဒီမိတ်ဆွေ(၂)ယောက်လုံးက ပထမကောင်းကင်လှေကားကို မရောက်သေးဘူး…"
ထို(၃)ယောက်က ပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး ရုတ်တရက်ဆိုသလို သူတို့၏ရှေ့တွင် ရှိနေသော အနီရောင်မြူခိုးများက ပျောက်ကွယ်၍ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော မုန့်ချီ ပေါ်လာခဲ့သည်။ သူက နောက်ကျောကို မတ်မတ်ဆန့်ထားပြီး သူ့ပုံစံက အလွန်တည်ငြိမ်အေးစက်နေပုံရ၏။
"ရှန်းပေါင် ...
ငါက မင်းကိုမလိမ်ခဲ့ဘူး မဟုတ်လား…"
သတ်ဖြတ်ရေးယက္ခက အပြုံးနှင့် ပြောလိုက်၏။
"မဆိုးပါဘူး…"
မုန့်ချီက ခေါင်းညိတ်ပြောလိုက်သည်။ ထို့နောက် အချင်းချင်း ရိုးသားသည့်အမူအရာနှင့် ပြုံးပြလိုက်ကြ၏။
Translated by Hein Htet.