အခန်း (၅၁၁)
Vol. 35 Ch. 511
မုန့်ချီနှင့် သတ်ဖြတ်ရေးယက္ခတို့ဆီတွင် လှည့်ကွက်ကိုယ်စီ ရှိနေပြီး အချင်းချင်း ပြုံးပြလိုက်ကြသည်။ သူတို့၏ပုံသဏ္ဍာန်က တည်ငြိမ်အေးချမ်းပြီး လှိုက်လှိုက်လှဲလှဲ ရှိနေသယောင် ထင်မှတ်ရသော်လည်း သူတို့၏ပူးပေါင်းမှုအောက်တွင် ရှိနေသော လှည့်ကွက်များကို တခြားသူများက နားမလည်နိုင်ကြပေ။
မုန့်ချီက ရန်ကျန်းချန်နှင့် သက်လတ်ပိုင်းအရွယ် စာသင်သားတို့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့သည်။ သူ့အကြည့်က သူတို့အပေါ်တွင် အချိန်တော်တော်ကြာရှိနေပြီး သူတို့၏ အငွေ့အသက်များကို အာရုံခံကြည့်နေခဲ့၏။ ထိုအရာကတော့ သတိထားနေခြင်းလည်းဖြစ်သည်။
သတ်ဖြတ်ရေးယက္ခက ထိုအရာကို မှတ်ချက်ပေးခြင်းမရှိဘဲ မိတ်ဆက်ပေးခဲ့သည်။
"ဒါကတော့ မင်းပြောနေတဲ့ မကောင်းဆိုးဝါးသုတ်သင်ရေးဓား ရန်ကျန်းချန်ပဲ။ တခြားတစ်ယောက်ကတော့ ငါ့ရဲ့မိတ်ဆွေကောင်း ဖျက်ဆီးရေးဂိုဏ်းက မူလဖရိုဖရဲနတ်ဆိုး ကျားကျန်းပဲ…"
"ကျုပ်က သူ့အကြောင်းကို လုံးဝမကြားဖူးဘူး…"
ထိုသက်လတ်ပိုင်းအရွယ် စာသင်သား ကျားကျန်း၏ ရုပ်ရည်ကို အနည်းငယ် ရင်းနှီးနေကြောင်း မုန့်ချီက ခံစားမိနေသော်လည်း တစ်ဖက်လူ၏ ရုပ်ရည်နှင့် အငွေ့အသက်က သူ့အတွက် စိမ်းနေခဲ့သည်။
သူက တမင်တကာ ရုပ်ဖျက်ထားမှတော့ မုန့်ချီက သူ့အစွမ်းကို တိတိကျကျ စစ်ဆေးရန် ခက်ခဲနေခဲ့၏။ ကျားကျန်းက ယခုအချိန်ထိ ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ခြင်း မရှိသေးသည်မှာတော့ သေချာသည်။ သူက သတ်ဖြတ်ရေးယက္ခနှင့် ကရုဏာမဲ့နတ်ဆိုးတို့ထက်ပို၍ အားနည်းနေခဲ့၏။
မကောင်းဆိုးဝါးသုတ်သင်ရေဓား ရန်ကျန်းချန်၏ အငွေ့အသက်များက တည်ငြိမ်မှု မရှိချေ။ သူ ပျံသန်းနေသည့်အချိန်တွင် မလိုအပ်သော ခံစားမှုတစ်ခု ပေးနိုင်သည်။ ကြည့်ရသည်မှာ သူက ယခုအချိန်ထိ ချီစွမ်းအင်သွေဖယ်မှု ဖြစ်စေခဲ့သည့် လျှို့ဝှက်အန္တရာယ်များကို ဖယ်ရှားနိုင်သေးပုံမရချေ။ သူကပိုမီထဲတွင်လည်း အနည်းငယ် ထိခိုက်ခဲ့ပုံရ၏။
ထို့ကြောင့် သူ့အစွမ်းက သိသိသာသာ လျော့ကျနေခဲ့သည်။ သူက ကျိလော်ကျူးထက်ပင် အဆပေါင်းများစွာ ပို၍အားနည်းနေခဲ့ကြောင်း ပြသနေ၏။
သို့သော် မုန့်ချီကတော့ မည်သည့်အရာမျှမလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် သူ့အနားတွင် သတိထားနေရန် လိုအပ်သည်။ ထို့ပြင် ရန်ကျန်းချန်ဆီတွင် သူ့မိသားစု မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာသော ဓမ္မကာရအဆင့် သိုင်းကွက်လည်း ရှိနေသေး၏။ အလွန်အစွမ်းထက်ပြီး လျင်မြန်သွက်လက်သော ဓားသိုင်းပညာက မှားယွင်းမှု မရှိနိုင်ချေ။
ရန်ကျန်းချန်၏ ဆံပင်များက မီးခိုးရောင်ပေါက်နေပြီး သူ၏မျက်လုံးများက ကျီးကန်းခြေထောက်ကဲ့သို့ ဖြစ်နေ၏။ သူ၏ရုပ်ရည်က ရိုးသားပြီး နှစ်လိုဖွယ်ရှိသော်လည်း အနည်းငယ် ကြောက်လန့်တတ်သည့်ပုံစံမျိုးဖြစ်သည်။ သူက မကြာခဏဆိုသလို ပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး အရာရာကို ကြောက်လန့်နေသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
တခဏအတွင်း ထိုလူူက သနားစရာကောင်းသော်လည်း လှည့်ကွက်များနှင့် ပြည့်နှက်နေကြောင်း မုန့်ချီက တွေ့လိုက်ရသည်။ သူက ရန်ကျန်းချန်ကိုသတ်ရန် အတွေးမျိုးပင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ရန်ကျန်းချန်က သူ၏အဆင့်တက်ရန်အတွက် မကောင်းဆိုးဝါးလမ်းစဉ် နည်းလမ်းများ ရှာဖွေခဲ့ကြောင်း တွေးမိသွားခဲ့သည်။ ရန်ကျန်းချန်က သူ၏မကောင်းဆိုးဝါးနယ်မြေဆေးလုံးကို သန့်စင်ရန်အတွက် ကိုယ်ဝန်သည်မြောက်များစွာနှင့်ထူးခြားသော လက္ခဏာရှိနေသည့် ကိုယ်ဝန်ဆောင် ကလေးငယ်များကို ထုတ်ယူခဲ့သည်။
ထိုအတွေးများ ပေါ်လာသည့်အချိန်တွင် မုန့်ချီ၏ သနားငဲ့ညှာမှုများက ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး သူ့ရင်ထဲတွင် ရန်ကျန်းချန်ကို သတ်ဖြတ်ချင်စိတ်များသာ ထွက်ပေါ်လာခဲ့သည်။
"တကယ်လို့ သူကသာ သူ့ရဲ့စွမ်းဆောင်ရည်ကို အတုလုပ်နေတာ မဟုတ်ဘူးဆိုရင် သူ့ရဲ့စိတ်ဝိညာဉ် အခြေအနေကလည်း တော်တော်လေး နောက်ကျနေနိုင်တယ်။ ဒါက သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ပဲ…."
မုန့်ချီက သုံးသပ်ချက်ကို တည်ငြိမ်စွာ လုပ်ဆောင်ခဲ့သည်။ အကယ်၍ နာမည်ကျော် ဓားသမားတစ်ယောက်က ကြောက်ရွံ့နေပြီဆိုလျှင် သူ၏ဓားသိုင်းပညာက ထူးခြားမှု မရှိနိုင်ပေ။
"အခုကျုပ်တို့တွေက ရှိတဲ့အချက်အလက်တွေကို အပြန်အလှန် လဲလှယ်ကြမယ်။ ပြီးတော့ အပူအပင်မဲ့တောင်ကြားရဲ့ဝင်ပေါက်ကို ရှာကြတာပေါ့…"
မုန့်ချီက အကူအညီ(၂)ယောက်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
သတ်ဖြတ်ရေးယက္ခက သူ့ကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး အချိန်မရွေး ထွက်ပြေးနိုင်သည်ဟု မုန့်ချီ ပြောခဲ့သော ပစ္စည်းအကြောင်းကို စဉ်းစားနေခဲ့သည်။ သူတို့က မည်သည့်အရာ ဖြစ်နိုင်သနည်း။ ထိုကဲ့သို့ အစွမ်းထက်သော ရန်သူများနှင့် ရင်ဆိုင်နေရသည့် အချိန်တွင်ပင် သူ့ဆီ၌ ဘာကြောင့် ထိုကဲ့သို့ အတွေးမျိုး ရှိနေရသနည်း။
"တကယ်လို့ ငါသာ အဲဒီအရာမျိုးကို ရခဲ့မယ်ဆိုရင်…"
သူ့ရင်ထဲတွင် လောဘများ ပြည့်နှက်လာသည်။
"တကယ်လို့ ငါတို့က ဒီကိစ္စကို ဆွေးနွေးရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့(၂)နှစ်လောက်ကို ပြန်သွားရလိမ့်မယ်။ အဲဒီအချိန် ဒီနားပတ်လည်မှာ ငလျင်တစ်ခုလှုပ်ခဲ့ပြီး လိုဏ်ဂူတွေက ပြိုကျသွားတယ်။ ရေစီးကြောင်းတွေကလည်း လမ်းကြောင်းပြောင်းသွားခဲ့တယ်။ တစ်ချို့တောင်ကြားတွေက ပျက်ဆီးသွားပြီး အက်ကွဲကြောင်း တချို့က ပိုပြီးတော့ နက်ရှိုင်းသွားတယ်။ ဒါပေမယ့် အဲဒီအရာတွေက အနီရောင်မြူခိုးတွေကို သက်ရောက်မှုတော့ မရှိခဲ့ဘူး…”
“ဒါပေမယ့် တစ်နေ့မှာတော့ စိုစွတ်တဲ့ခံစားမှုတွေက ပိုပြီးပြင်းထန်လာတဲ့အပြင် ငရဲဝိညာဉ်တွေနဲ့ ကင်းလှည့်နေတဲ့ ငရဲရဲမက်တွေ ပေါ်လာခဲ့တယ်။ သူတို့တွေက တစ္ဆေတွေလိုပဲ ခန့်မှန်းလို့မရတဲ့အပြင် တစ်ခါတစ်ရံ ငါတို့ကို တိုက်ခိုက်တတ်တယ်.."
သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
“အဲဒီငရဲဝိညာဉ်တွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ငါတို့က ပိုပြီးနက်ရှိုင်းတဲ့ လမ်းကြောင်းတွေ လိုဏ်ဂူတွေဆီ ဦးတည်နေတဲ့ အက်ကွဲကြောင်းတွေကို တွေ့လိုက်ရတယ်။ သူတို့တွေကတော့ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ဝင်ပေါက်တွေပဲ။ တချို့နေရာကနေ လေလှိုင်းတွေ ထွက်ပေါ်လာပြီး တချို့နေရာကတော့ မြေအောက်ငရဲမီးတောက်တွေ တောက်လောင်နေတယ်။ တချို့ကတော့ ဘာတုံ့ပြန်မှုမှမရှိတဲ့ တွင်းနက်ကြီးတွေ သက်သက်ပဲ။ မင်းတို့က အထဲကို ဘာပစ္စည်းပဲ ပစ်ချပါစေ ဘာတုန့်ပြန်မှုမှမရှိဘူး။ ငါတို့က အဲဒီနေရာတွေကို ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် အရမ်းအန္တရာယ်များတဲ့အတွက် သေလုမျောပါးတောင် ဖြစ်ခဲ့ရတယ်…"
သတ်ဖြတ်ရေးယက္ခက သူတို့၏ စွန့်စားခန်းများအကြောင်းကို အသေးစိတ် ပြောပြနေခဲ့သည်။ အကယ်၍ ငရဲအင်ပါယာကြောင့်သာ မဟုတ်လျှင် သူတို့တစ်ဝက်ကျော်က ဒဏ်ရာရပြီး သေဆုံးသွားနိုင်၏။
သူက ဆက်ပြောလိုက်သည်။
"ငါတို့က အဲဒီဝင်ပေါက်တွေကို စစ်ဆေးနေရင်း သဲလွန်စတချို့ကိုလဲ တွေ့လိုက်ရတယ်။ အဲဒါကတော့ ပိုမီအောက်ထဲမှာရှိနေတဲ့ အပူအပင်မဲ့တောင်ကြားလို့ခေါ်တဲ့ နေရာတစ်ခုပဲ။ အဲဒါက ရှေးဟောင်းဂိုဏ်းတစ်ခုရဲ့ တည်နေရာလို့လည်း ပြောလို့တယ်…"
မုန့်ချီကတော့ သတ်ဖြတ်ရေးယက္ခ၏ စကားလုံးထဲတွင် အသုံးဝင်သည့်အရာများကို သေချာစဉ်းစားနေခဲ့သည်။ သူက ထိုအရာများကို ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားသော အချက်အလက်များနှင့် ဆက်စပ်စဉ်းစားလိုက်သည့်အချိန်တွင် ရှုပ်ထွေးနေသောအရာများက တဖြည်းဖြည်း ရှင်းလာခဲ့၏။
သတ်ဖြတ်ရေးယက္ခ ရှင်းပြပြီးသွားသည့်အချိန်တွင် သူက ရှေးဟောင်းကျမ်းစာများ၏ ပိုင်ရှင်အကြောင်းကို ပြောပြ၍ အဓိကအချက်ကို အလေးထားလိုက်သည်။
"ကျမ်းစာပိုင်ရှင်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာလောက်မှာပိုမီကို ရှာဖွေခဲ့တယ်။ သူက တောင်တန်းတွေ၊ မြစ်တွေရဲ့အပြင်ဘက်မှာ ဝင်္ကပါတစ်ခုရဲ့ အရိပ်ယောင်ကိုလည်း တွေ့မြင်ခဲ့ရတယ်။ အပူအပင်မဲ့တောင်ကြားနဲ့ ပတ်သက်ပြီး အဲဒီသဲလွန်စတွေကို ပေါင်းစည်းလိုက်တဲ့အချိန် တောင်ကြားထဲမှာ ဓာတ်ကြီး(၅)ပါး နတ်ဘုရားချုပ်နှောင်ခြင်း ဝင်္ကပါလို့ခေါ်တဲ့ ဝင်္ကပါကြီးတစ်ခုရှိတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်။ ဒါပေမယ့် ဝင်္ကပါရဲ့ဦးတည်ချက်က အပြင်ဘက်ကို သွားရမယ့်အစား အတွင်းဘက်ကိုပဲ ရောက်သွားတယ်။ အကြောင်းပြချက်ကိုတော့ မသိရဘူး…"
မုန့်ချီက ထိုစကားကို ပြောနေရင်း ကရုဏာမဲ့နတ်ဆိုးကို လှည့်ကြည့်လိုက်သည်။
ဂရုဏာမဲ့နတ်ဆိုး၏မျက်လုံးက အောက်ကိုကြည့်နေပြီး သူ့မျက်လုံးထဲတွင် ထူးခြားသော ခံစားမှုများ မရှိပေ။
"ဓာတ်ကြီး(၅)ပါး နတ်ဘုရားချုပ်နှောင်ခြင်းဝင်္ကပါလား…"
သတ်ဖြတ်ရေးယက္ခက မျက်မှောင်ကြုတ်လိုက်မိ၏။
"ငါတို့က ဘာလုပ်သင့်လဲ…."
"လေလှိုင်းတွေ ထွက်လာနေတဲ့လိုဏ်ဂူတွေ၊ ငရဲမီးတောက်တွေ ထွက်လာနေတဲ့နေရာတွေက ဝင်္ကပါရဲ့အချက်အချာနေရာတွေကို ပြသနေတဲ့အမှတ်အသားတွေပဲ။ ကျမ်းစာပိုင်ရှင်ရဲ့ နားလည်မှုတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် ကျုပ်တို့က ဝင်ပေါက်ရဲ့တည်နေရာကို ခန့်မှန်းကြည့်လို့ရနိုင်တယ်…"
မုန့်ချီက လက်ညှိုးထိုးလိုက်ရာ သူ၏လက်ညှိုးထဲမှနေ၍ ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်သူရထားခဲ့သော ပိုမီ၏မြေပုံကို ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ရေးဆွဲပြလိုက်၏။ တခြားသော(၃)ယောက်က သူတို့၏ရှာဖွေမှုအပေါ် အခြေခံပြီး လိုအပ်သည့်နေရာများကို ကူညီဖြည့်ပေးခဲ့ကြသည်။ သူတို့က ထိုတည်နေရာများကို အလေးထားခဲ့ပြီး ထိုအထဲတွင် ကျောင်းဆောင်ထဲရှိ ဝင်ပေါက်လည်း အပါအဝင်ဖြစ်၏။
အချိန်ကြာလာပြီး နောက်ဆုံးတွင်တော့ သူတို့က ရိုးရှင်းပြီးကြမ်းတမ်းသော ပိုမီ၏မြေပုံတစ်ခုကို ရရှိသွားခဲ့သည်။ ဝင်္ကပါဗဟိုချက်များ၏ တည်နေရာကလည်း ရှင်းလင်းနေပြီး သူတို့က အလွန်လျှို့ဝှက်ဆန်းကြယ်စွာ ဆက်သွယ်နေကြသည်။
မုန့်ချီက မြေပုံကိုကြည့်ပြီး သူ့ခေါင်းထဲတွင် မှတ်သားထားသော ရှေးဟောင်းကျမ်းစာထဲရှိ စကားလုံးများကို ပြန်လည်စဉ်းစားနေခဲ့၏ ။ ရှေးဟောင်းကျမ်းစာထဲတွင် ဓာတ်ကြီး(၅)ပါး နတ်ဘုရားချုပ်နှောင်ခြင်းဝင်္ကပါအကြောင်း ဖော်ပြထားသည်မှာ နည်းပါးသည်။ သတ်ဖြတ်ရေးယက္ခနှင့် အခြားသူများ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြည့်နှက်နေခဲ့၏။
ခဏကြာပြီးနောက် မုန့်ချီက ပြောလိုက်သည်။
"ဓာတ်ကြီး(၅)ပါး နတ်ဘုရားချုပ်နှောင်ခြင်းဝင်္ကပါရဲ့ ဝင်ပေါက်တွေက ယင်နဲ့ယန်ဆိုပြီးရှိတယ်။ အဲဒါက သေခြင်းနဲ့ရှင်ခြင်း ကြားထဲမှာရှိတဲ့ ဝင်ပေါက်တစ်ခုပဲ။ ဝင်္ကပါရဲ့ပုံစံအရ ဝင်ပေါက်က ဒီနေရာမှာရှိနိုင်တယ်…"
သူက မြေပုံကို လက်ညှိုးထိုးပြလိုက်သည့်အချိန်တွင် သတ်ဖြတ်ရေးယက္ခက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက သူနှင့်ကရုဏာမဲ့နတ်ဆိုးတို့ သွားရောက်ရှာဖွေခဲ့သော ကျောင်းဆောင်ဖြစ်နေသည်။ ထိုအရာက သူကိုယ်တိုင် ကူညီဖွင့်ပေးခဲ့ရသော အမွှာကျောင်းဆောင်လည်း ဖြစ်၏။ သေချာစဉ်းစားကြည့်လိုက်မည်ဆိုလျှင် ဝင်ပေါက်က ထိုနေရာတွင် ရှိနိုင်သည်။
"တကယ်လို့ ပုံမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ဒီနေရာက သေဆုံးခြင်းဝင်ပေါက် ဖြစ်နိုင်တယ်။ ရှင်သန်ခြင်းဝင်ပေါက်ကတော့ဒီနေရာမှာပဲ…"
မုန့်ချီက မြေပုံပေါ်တွင် ရှိနေသော နေရာတစ်ခုကို ထောက်ပြလိုက်သည်။ ထိုနေရာကတော့ အစောပိုင်းတွင် သူထွက်ပြေးလာခဲ့သော ကျောင်းဆောင်နေရာလည်း ဖြစ်၏။
"ဒါပေမဲ့ ဝင်္ကပါက ပြောင်းပြန်ဖြစ်နေတယ်။ သူက အပြင်ကနေ အတွင်းကို ဦးတည်နေတာဆိုတော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းဝင်ပေါက်တွေကလည်း ပြောင်းလဲနေကြမှာပဲ…"
သူက အကြမ်းဖျင်း တွက်ဆကြည့်လိုက်သည်။
"သေဆုံးခြင်းဝင်ပေါက်…။ ဒါကြောင့်လည်း အဲဒါက အရမ်းအန္တရာယ်များတယ်လို့ မင်းက ပြောတာကိုး…"
သတ်ဖြတ်ရေးယက္ခက ကရုဏာမဲ့နတ်ဆိုးကိုလှည့်ကြည့်လိုက်သည်။
သူက ကျောင်းဆောင်ထဲတွင် သတ်ဖြတ်ရေးယက္ခ တွေ့ဆုံခဲ့သည့်အရာများကို ပြန်လည်စဉ်းစားပြီး မုန့်ခြေ၏သုံးသပ်ချက်အပေါ်အနည်းငယ် ပို၍ယုံကြည်မှုရှိလာသည်။
မကောင်းဆိုးဝါး သုတ်သင်ရေးဓားကလည်း စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။ သတ်ဖြတ်ရေးယက္ခက သေဆုံးခြင်းဝင်ပေါက်ကို ကြုံတွေ့ခဲ့ရခြင်း ဟုတ်မဟုတ် မုန့်ချီက သံသယ ဝင်နေခဲ့သည်။
"ဒါဆိုလည်း ဝင်ပေါက်ရှိမရှိ သွားကြည့်ကြစို့…"
ထိုအရာကတော့ မူလဖရိုဖရဲနတ်ဆိုးကျားကျန်းက ပထမဦးဆုံးအကြိမ် ဝင်ပြောလိုက်သည်။ မုန့်ချီနှင့်တခြားသူများကလည်း သူ၏အကြံပေး ချက်ကို ကန့်ကွက်နေရန် မရှိကြချေ။
ထိုကျောင်းဆောင်က သူတို့၏အောက်ဖက် မလှမ်းမကမ်းတွင် ရှိနေ၏။ အတွင်းထဲတွင်တော့ ယင်စွမ်းအားများနှင့် ရေညှိများ နေရာတိုင်းတွင် ရှိနေသည်။ ထိုနေရာတွင် ရေလုံးများလည်း ရှိနေခဲ့၏။ ကျောင်းဆောင်၏ တံခါးနားတွင်တော့ သပ်ရပ်သန့်ရှင်းနေခဲ့သည်။
"ယင်နှင့်ယန်က အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်နေတယ်။ တခြားတစ်ဖက်ကို လျစ်လျူရှုလို့ရမယ်ထင်တယ်။ ဒီတော့ဝင်ပေါက်က ဒီနေရာမှာရှိမယ်ဆိုတာ သေချာတယ်။ တခြားကျောင်းဆောင်ရဲ့ အတွင်းထဲမှာရှိတဲ့ ဝင်ပေါက်ကလည်း အတူတူပဲ…."
မုန့်ချီက ရုပ်တု၏နောက်တွင် ရှိနေသော နယ်မြေဆီသို့ လျှောက်သွားခဲ့သည်။ သူက ရုပ်တုကို ဖြတ်ကျော်သွားသည့်အချိန်တွင် သတိလက်လွတ်ကြည့်လိုက်မိ၏။ ထိုရုပ်တုက အနောက်ပိုင်းနယ်မြေထဲတွင်ရှိသော နတ်ဘုရားမတစ်ပါး၏ ရုပ်တုဖြစ်ကြောင်း သတိထားမိခဲ့သည်။
ထိုနတ်ဘုရားမဆီတွင် ပျော့ပြောင်းပြီး နှစ်လိုဖွယ်ကောင်းသော အမူအရာမျိုး ရှိနေပြီး သူမ၏လက်(၂)ဖက်က ပန်းအိုးတစ်လုံးကို ကိုင်ထား၏။ ထိုပန်းအိုး၏ နှုတ်ခမ်းတွင် ပုံစံကွက်များစွာ ရှိနေပြီး လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို စုပ်ယူနိုင်သလို ထင်မှတ်ရ၏။
"ဒါက ပိုမီတိုင်းပြည်မှာ ကိုးကွယ်ခဲ့ကြတဲ့ ပန်းအိုးနတ်ဘုရားမပဲ။ သူက သေဆုံးပြီးသွားရင် ပြန်ရောက်လာနိုင်တဲ့ အဓိပ္ပါယ်ကို သယ်ဆောင်ထားပြီး ယန် ကျောင်းဆောင်ထဲမှာ ရှင်သန်ခြင်းရဲ့သင်္ကေတပဲ…."
"ယန်ကျောင်းဆောင်က တခြားရှေးဟောင်းနတ်ဘုရားကိုလည်း ကိုးကွယ်ကြတယ်ဆိုတာ ကြားဖူးတယ်။ ဒါပေမဲ့ အဲဒီနတ်ဘုရားကို ကိုးကွယ်တဲ့ကျောင်းဆောင်ကိုတော့ လုံးဝမတွေ့ဖူးသေးဘူး…"
မုန့်ချီက ရပ်လိုက်သည်ကို မြင်သည့်အခါ သတ်ဖြတ်ရေးယက္ခက ပြောလိုက်သည်။
"ပိုမီတိုင်းပြည်ရဲ့ကျောင်းဆောင်တွေက ယင်နဲ့ယန်အဖြစ် ခွဲခြားထားတယ်။ သူတို့တွေက ဓာတ်ကြီး(၅)ပါး နတ်ဘုရားချုပ်နှောင်ခြင်းဝင်္ကပါရဲ့ ဝင်ပေါက်တွေကို အတိအကျ ရည်ညွှန်းနေတာပဲ။ သူတို့တွေဆီမှာ အပူအပင်မဲ့တောင်ကြားနဲ့ ပတ်သက်ပြီး သေချာပေါက် နားလည်မှုနိမ့်မှာ မဟုတ်ဘူး…"
ကရုဏာမဲ့နတ်ဆိုးက အက်ရှရှလေသံနှင့် ပြောလိုက်သည်။
"ဒီလမ်းကြောင်းထဲမှာ ညလင်းပုလဲတွေ နံရံမှာ ကပ်ထားတယ်။ ဒီတော့ သေဆုံးခြင်းဝင်ပေါက်က နောက်ပိုင်းမျိုးဆက်တွေ လုပ်ထားတာ ဖြစ်နိုင်ခြေများတယ်…"
ထိုအချက်ကြောင့် ပိုမီတိုင်းပြည်ထဲတွင်ရှိသော တစ်စုံတစ်ယောက်က ဝင်ပေါက်ကိုရှာတွေ့သွားသည်ဟု ဆိုလိုနေသည်။
မုန့်ချီက ရုပ်တုကို ဖြတ်ကျော်သွားခဲ့ပြီး တခြားကျောင်းဆောင်ဆီ ဦးတည်သွားသောနေရာကို စစ်ဆေးကြည့်လိုက်၏။ ထိုသို့ဆိုရာတွင် သူကတော့ ဝင်ပေါက်နှင့်ပတ်သက်သော ခြေရာလက်ရာများကို ရှာမတွေ့သေးပေ။ သူက နံရံပေါ်ကို ပြင်းပြင်းထန်ထန် ခေါက်ကြည့်လိုက်ရာ အသံတစ်ခုကို ကြားလိုက်ရ၏။ နံရံ၏ အနောက်ဘက်တွင် လွတ်နေသောအခန်း ရှိနေပုံရသည်။
"ယန် ကျောင်းဆောင်ကို သွားတဲ့ဝင်ပေါက်အတွက် စက်ယန္တရားတွေက ဒီနေရာမှာ ရှိနေမှတော့ ယင်ကျောင်းဆောင်ကိုသွားတဲ့ ဝင်ပေါက်က စက်ယန္တရားက တစ်ဖက်နယ်မြေထဲမှာ ရှိနေနိုင်တယ်…"
သတ်ဖြတ်ရေးယက္ခက တစ်စုံတစ်ခုကို နားလည်သွားပြီး ပြောလိုက်သည်။
သူက ကျောင်းဆောင်ထဲမှ ထွက်လိုက်ပြီး မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျောင်းဆောင်ထဲသို့ လျှောက်သွားခဲ့၏။ သူက ယန်ကျောင်းဆောင်၏ဝင်ပေါက်ကို ရှာဖွေရန်သာ အလေးထားနေခဲ့သည့်အတွက် ထိုအကြောင်းအရာ(၂)ခုကို ဆက်စပ်မိခဲ့ခြင်း မရှိချေ။
တခဏအတွင်း ကျောက်နံရံနှင့် ကျောင်းဆောင်ကြားထဲတွင် ရှိနေသော လေဟာနယ်ကြီးက တိတ်တဆိတ် ပွင့်လာပြီး ဝင်ပေါက်တစ်ခုက ပေါ်လာခဲ့သည်။ ထိုအပေါက်၏ အတွင်းထဲတွင်တော့ အောက်ဘက်ကို ဦးတည်သော လှေကားများ ရှိနေသည်။
"ဘာမှမရှိဘူး ပြီးတော့ ဘာသံမှလည်း မကြားရဘူး…"
တံခါးဖွင့်ရန်အတွက် ကြမ်းတမ်းခက်ထန်သော မိုးကြိုးမီးတောက်များပင် မလိုခဲ့ပေ။ ပုံမှန်အားဖြင့် သူက နံရံနှင့်ကြမ်းပြင်ကို ဖျက်ဆီးလိုက်မည်ဆိုလျှင်ပင် ဝင်ပေါက်က ပေါ်လာလိမ့်မည် မဟုတ်ချေ။
သူတို့က သတ်ဖြတ်ရေးယက္ခ ပြန်လာသည့်အချိန်မှသာ လှေကားမှ ဆင်းသွားကြသည်။ လမ်းကြောင်း၏ ဘေး(၂)ဖက်တွင်ရှိသော နံရံပေါ်တွင် ညလင်းပုလဲလုံးများ ရှိနေပြီး အလင်းရောင်များ တောက်ပနေသည်။ ထိုလမ်းကြောင်းက ယန် ကျောင်းဆောင်ထဲတွင် ရှိနေသော လမ်းကြောင်းထက် ပို၍ပင် ရှည်လျားခဲ့၏။
သူတို့က အချိန်တော်တော်ကြာ လျှောက်လာနေခဲ့သော်လည်း အဆုံးသတ်ကို မတွေ့ရသေးပေ။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေပြီး အချိန်က အေးခဲနေသလို ထင်မှတ်ရ၏။
"တကယ်လို့ ဒါကသာ ရှင်သန်ခြင်းဝင်ပေါက်ဆိုရင် ငါတို့တွေက ပုံရိပ်ယောင်ဝင်္ကပါရဲ့ အနားကနေ ဝင်လာခဲ့တာဖြစ်မယ်…"
မုန့်ချီက ရှေးဟောင်းကျမ်းစာ၏ တစ်စိတ်တစ်ပိုင်းကို ဖုံးကွယ်ထားခဲ့သည်။ သူက ပုံရိပ်ယောင်ဝင်္ကပါထဲသို့ ရောက်သွားပြီးနောက် ဝင်္ကပါအပေါ် သူနားလည်ထားသည့် အရာများကို အသုံးချပြီး ရန်ကျန်းချန်ကို အလစ်ချောင်းတိုက်ခိုက်ရန် စဉ်းစားထားသည်။ သူက တာဝန်ကို အရင်ဆုံး ပြီးဆုံးအောင် လုပ်ဆောင်ပြီးမှ တခြား(၂)ယောက်ကို ရင်ဆိုင်ရန် စစ်ဆေးသူက အားကိုးချင်နေခဲ့၏။
မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ယခုတစ်ကြိမ် နံရံပေါ်တွင် ဆေးရေးပန်းချီများကို မြင်တွေ့လိုက်ရသည်။ ထိုဆေးရေးပန်းချီများက လူပေါင်းများစွာ တွားသွားနေသော ပုံရိပ်များကို ရေးထိုးထား၏။ သူက ရန်ကျန်းချန်ကိုတော့ လှည့်ပင် မကြည့်ခဲ့ပေ။
ထိုအတွေးကြောင့် မုန့်ချီက ရုတ်တရက် ရယ်လိုက်မိ၏။ အတိတ်တုန်းက ဝတ္ထုများထဲတွင် ဇာတ်ကောင်က ရတနာများကို ရှာဖွေနေရင်း အလစ်ချောင်း တိုက်ခိုက်မှုမျိုးခံရသည်ကို ဖတ်ခဲ့ဖူးသည်။ သူက လူတိုင်းကို စိုးရိမ်ထိတ်လန့်နေပြီး အဖွဲ့ထဲတွင် သစ္စာဖောက်ခြင်းရှိမရှိနှင့် အခြားရန်သူရှိမရှိ မသိခဲ့ပေ။ ယခုသူ့အဖွဲ့ထဲကို ရောက်နေသည့်အချိန်တွင်တော့ သူက သစ္စာဖောက်နေရာကို ရောက်နေသည်။
အပြာရောင်အလင်းတန်းများထဲတွင် မြူခိုးငွေ့များ ထွက်ပေါ်လာနေပြီး သူ့ကို လွှမ်းခြုံသွား၏။ သူက တခြားသူများကို ခြေရာလက်ရာ ပျောက်သွားခဲ့သည်။ မုန့်ချီက သူတို့၏မူလတည်နေရာကို ပြန်လည်စဉ်းစားပြီး ပုံရိပ်ယောင် ဝင်္ကပါ၏သဘာဝနှင့် တစ်သားတည်း ပေါင်းစပ်လိုက်သည်။
သူက ရန်ကျန်းချန်၏ တည်နေရာကို အကြမ်းဖျင်း တွက်ဆကြည့်ခဲ့၏။ သူက ပုံရိပ်ယောင်ဝင်္ကပါကို ဖြတ်သန်းပြီး ရန်ကျန်းချန်ကို အလစ်ချောင်း တိုက်ခိုက်တော့မည့် အချိန်တွင် အန္တရာယ်အငွေ့အသက်များကို ရုတ်တရက် ခံစားမိလိုက်ပြီး လက်ဝါးတစ်ခုက သူ့ဆီကို ရိုက်လိုက်ကြောင်း မြင်တွေ့လိုက်ရသည်။
ထိုလက်ဝါးက အလွန်အမင်းကို လျင်မြန်လွန်းလှ၏။ သူကတော့ ပြင်ပအာရုံခံစွမ်းရည်များကိုသုံးပြီး ထိုအရာကို စစ်ဆေးကြည့်မည်ဆိုလျှင် ရှောင်တိမ်းရန် အလွန်နောက်ကျသွားပါလိမ့်မည်။
တောက်ပနေသော အလင်းရောင်များနှင့် မီးပွားများအောက်တွင် မုန့်ချီက ရှေ့တက်သွားခြင်း မရှိသလို နောက်ဆုတ်သွားခြင်းလည်း မရှိပေ။ သူက လက်ဝါးရှိရာကို နောက်ကျောနှင့် ခံပေးလိုက်ပြီး လည်ပင်းကို တိုက်ခိုက်ခံရခြင်း မရှိစေရန် ကာကွယ်လိုက်သည်။
သူ့ခန္ဓာကိုယ်က အဖိုးတန်လက်နက်တစ်ခု ဖြစ်နေသည့်အတွက် တိုက်ခိုက်သူကသာ သူ၏အားနည်းချက်ကို တိုက်ခိုက်ခြင်း မရှိသ၍ ကိစ္စမရှိချေ။ ချီစွမ်းအင်များ ပေါင်းစပ်လာပြီးနောက် သူ့ဆီမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ ဖြူဖျော့ဖျော့လက်ဖဝါးကတော့ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။
မုန့်ချီ၏ ပင်မဝိညာဉ်နှင့် မျက်နှာအမူအရာက လှုပ်ရှားသွားခဲ့ပြီး ရွှေရောင်အလင်းတန်းများက ပို၍မှေးမှိန်လာခဲ့၏။ သူက ရေလှိုင်းမီးတောက်ဓားကို နောက်ပြန်လှမ်းထိုးလိုက်သည်။ ထိုမီးတောက်များက သူ၏အပူရှိန်ကို ဖုံးကွယ်ထား၏။ ရေလှိုင်းမီးတောက်ဓားက တိုက်ခိုက်သူ၏ လက်မောင်းကို ထိုးစိုက်လိုက်မိခဲ့သည်။
မူလနေရာတွင်တော့ နေလုံးငယ်လေးတစ်ခု လင်းလက်လာသည့်အလား အပူရှိန်များ စီးဆင်းလာခဲ့၏။ အလစ်ချောင်းတိုက်ခိုက်သူက ဗလုံးဗထွေး အော်ဟစ်လိုက်ပြီး မုန့်ချီ၏ရှေ့မှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ကိုယ်တွင်းပေါက်များ အားလုံးပွင့်လာပြီး လေထဲတွင် ရှိနေသော ချီစွမ်းအင်များကိုစတင်စုပ်ယူလာခဲ့၏။
သူကတော့ ဒဏ်ရာရသည့်အလား ဟန်ဆောင်နေခဲ့သည်။ အစောပိုင်းတွင်ဖြစ်ခဲ့သော ပြောင်းလဲမှုများကြောင့် ဝင်္ကပါ၏အစွမ်းက အားနည်းသွားခဲ့သည်။ သူတို့အားလုံး ဝင်္ကပါထဲမှ ထွက်လာသည့်အချိန်တွင် ခန်းမကြီးတစ်ခုထဲကို ရောက်နေကြောင်း တွေ့လိုက်ရ၏။
"ရှန်းပေါင် ဘာဖြစ်တာလဲ…"
သတ်ဖြတ်ရေးယက္ခက မေးလိုက်သည်။
မုန့်ချီ၏နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများနှင့် နောက်ကျောရှိ အဝတ်အစားများ စုတ်ပြတ်နေသည်ကို မြင်သည့်အခါ သူက ထိတ်န့်သွားခဲ့သည်။
မုန့်ချီက လူတိုင်းကိုကြည့်ပြီး ဖြည်းညင်းစွာ ပြန်ဖြေလိုက်၏။
"ကျုပ်က အလစ်ချောင်း တိုက်ခိုက်ခံခဲ့ရတယ်…"
သူက သူတို့၏လက်မောင်းကို စိုက်ကြည့်လိုက်သော်လည်း မည်သည့်ဒဏ်ရာမျှမရှိခဲ့ချေ။
"ဒါက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တဲ့ နတ်ဘုရားစွမ်းရည်များ ရှိနေတာလား။ ဒါမှမဟုတ် ငါက တိုက်ခိုက်သူရဲ့လက်မောင်းကို ထိုးစိုက်လိုက်တဲ့အချိန်မှာ ဘာမှမရှိတာလား…"
မုန့်ချီဆီတွင် သံသယများ ပြည့်နှက်နေသည်။ သူသံသယအဝင်ဆုံး လူကတော့ ကရုဏာမဲ့နတ်ဆိုးဖြစ်၏။ သို့သော် သူ၏အနက်ရောင် အဝတ်အစားတွင် ဓားနှင့်ထိုးဖောက်ခံရသော လက္ခဏာမျိုး မရှိချေ။
"ရှန်းပေါင် …
မင်းက ငါတို့ကို သံသယဝင်နေတာလား…"
သတ်ဖြတ်ရေးယက္ခက မေးလိုက်၏။
"ဘယ်သူလဲဆိုတာတော့ ကျုပ်လည်း မပြောနိုင်ခဲ့ဘူး…"
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။
သတ်ဖြတ်ရေးယက္ခက မျက်မှောင်ကြုတ်လိုက်မိ၏။
"ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ငရဲဝိညာဉ်ရဲ့ လုပ်ရပ်လား…"
"ငါက ဒီဖြစ်နိုင်ချေတွေကို မစဉ်းစားမိခဲ့ဘူး…"
မုန့်ချီက ထိုအရာကို စဉ်းစားနေရင် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် နံရံပေါ်ရှိ ဆေးရေးပန်းချီများက ပြောင်းလဲသွားကြောင်း သတိထားမိခဲ့သည်။ တွားသွားနေသော သူများက ရှေ့ကို ဆက်သွားနေရင်း အဝတ်အစားများ ဝတ်ဆင်လာကြသည်။ သူတို့က မျက်နှာချင်းဆိုင်နံရံတွင် ထွင်းထုထားသော နတ်ဘုရားကို ကိုးကွယ်နေကြ၏။
ထိုနတ်ဘုရားဆီတွင် မြွေဦးခေါင်းကြီးတစ်ခု ရှိနေသည်။ ထိုအရာတစ်ခုတည်းကိုကြည့်၍ သူက ရှေးကျမှု ၊ လှည့်စားမှု ၊ အေးစက်မှုနှင့် သေဆုံးခြင်းများကို ခံစားမိနေခဲ့၏။ ထိုရှေးဟောင်းနတ်ဘုရားများကတော့ ပန်းအိုးနတ်ဘုရားမနှင့် ရေနတ်ဘုရားတို့ ဖြစ်ကြသည်။
"ဒီနတ်ဘုရား ၊ အဲဒါက ဒီနတ်ဘုရားပဲ…"
သတ်ဖြတ်ရေးယက္ခက အလွန်အံ့သြသွားပုံရ၏။
မုန့်ချီက လှည့်ကြည့်ပြီး မေးလိုက်သည်။
"ဒါက ဘယ်လိုရှေးဟောင်းနတ်ဘုရားမျိုးလဲ…"
"ဒီရှေးဟောင်းနတ်ဘုရားမှာ ကိုးကွယ်တဲ့သူ အရမ်းနည်းတယ်။ ပိုမီက ဒီနတ်ဘုရားကို ဒီနေရာမှာ ဖုံးကွယ်ထားလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး…"
သတ်ဖြတ်ရေးယက္ခက တီးတိုးရေရွတ်လိုက်သည်။
"အနောက်ပိုင်းနယ်မြေထဲမှာရှိတဲ့ ငါ့ရဲ့မွေးရပ်မြေမှာ ဒီနတ်ဘုရားကို ငရဲအင်ပါယာလို့ခေါ်ကြတယ်။ နောက်ပိုင်းမှာတော့ အဲဒါက အလယ်ကုန်းမြေက ငရဲမင်းဆိုတဲ့နာမည်ကို ရသွားတယ်…."
"ငရဲအင်ပါယာ….
ငရဲကြီး(၉)ထပ်မှာ မွေးဖွားလာတဲ့ ဝိညာဉ်တွေထဲက တစ်ခု ။ ရှေးဟောင်းအင်အားကြီး ပညာရှင်တစ်ယောက်…"
မုန့်ချီက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။
Translated by Hein Htet.