အခန်း (၅၁၂)
Vol. 35 Ch. 512
ငရဲကြီး(၉)ထပ်က ဤကမ္ဘာကြီး စတင်ဖြစ်ပေါ်လာသည့် အချိန်ကတည်းက တည်ရှိနေခြင်းဖြစ်ပြီး ဤကမ္ဘာကြီးထဲတွင် ရှိနေသော မကောင်းဆိုဝါးကိုယ်ပွားများနှင့် သရဲတစ္ဆေများ၏ မူလဇစ်မြစ်လည်း ဖြစ်သည်။
သူတို့ထဲတွင် မကောင်းဆိုးဝါး အင်ပါယာ၊ ကောင်းကင်သတ်ဖြတ်ခြင်း တာအိုသခင်နှင့် ငရဲအင်ပါယာကဲ့သို့သော သဘာဝအတိုင်း မွေးဖွားလာသည့် ကြောက်မက်ဖွယ်ရာ ဝိညာဉ်များလည်း ရှားပါးမှုမရှိချေ။ သူတို့က ငရဲကြီး(၉)ထပ်တွင် နာမည်အကျော်ကြားဆုံး နတ်ဘုရားပေါင်းများစွာကို မယှဉ်နိုင်ကြသော်လည်း အလွန်ကြောက်စရာကောင်းသော အစွမ်းများကို ပိုင်ဆိုင်၍ သေခြင်းတရားနှင့် ရှင်ခြင်းတရား၏ သင်္ကေတများ ရှိနေကြသည်။
လက်ရှိဓမ္မကာရအဆင့် ပညာရှင်များကပင် သူတို့ကို ယှဉ်ပြိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ ထိုတိုင်းပြည်က ငရဲကြီး (၉)ထပ်သို့ သွားသည့် လမ်းကြောင်းကို တူးဖော်ရန် ကြိုးစာခဲ့ခြင်းကြောင့် ပိုမီတွင် ကျရောက်ခဲ့သော ကပ်ဘေးများ ဖြစ်လာခြင်းပေလော။ သို့မဟုတ် ကျန်းဝူအင်ပါယာက အပူအပင်မဲ့တောင်ကြားထဲတွင် ငရဲပြည်ကို ပိတ်လှောင်ထားခဲ့ခြင်းပေလော။
မုန့်ချီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာပြီး မွန်းကြပ်လာသလို ခံစားနေရ၏။ သူက သက်ပြင်းရှည်ကြီးချလိုက်မိပြီး သူနှင့် ရှေးဟောင်းကာလများ၏ ကြားထဲတွင် အလွန်ဝေးကွာကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောနေမိ၏။ လက်ရှိအချိန်ကာလက နှစ်သန်းပေါင်းများစွာ ကွာဝေးနေခဲ့သည်။
အကယ်၍ ငရဲပြည်က အပူအပင်မဲ့တောင်ကြားထဲတွင် ပိတ်လှောင်ထားမည်ဆိုလျှင်ပင် နတ်ဘုရားများက သက်တမ်းကုန်သည်မှာ ကြာလောက်ပါပြီ။ ထိုအရာက သူ၏ ကွင်းဆက်တာဝန် တတိယအဆင့်သာ ဖြစ်နေသေး၏။ သူက ထိုကဲ့သို့ အင်အားကြီးတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
"ငရဲအင်ပါယာ…"
သတ်ဖြတ်ရေးယက္ခက မျက်မှောင်ကြုတ်လိုက်မိသည်။
သတ်ဖြတ်ရေးယက္ခက ငရဲအင်ပါယာဟု နာမည်ပေးထားသော အဖွဲ့အစည်းခေါင်းဆောင်၏ နာမည်ကို ဘာကြောင့် ရေရွတ်နေကြောင်း မုန့်ချီက နားလည်နေခဲ့၏။ သူကတော့ မကြားချင်ယောင်ဆောင်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။
ခန်းမထဲတွင် တစ်ခုတည်းသော ရှိနေသည့်အရာကတော့ ဤနေရာသို့ ဦးတည်နေသော လမ်းကြောင်းနှင့် နံရံပေါ်တွင် ရှိနေသော နံရံဆေးရေးပန်းချီများသာ ဖြစ်သည်။ သူတို့က အဆုံးသတ်ကို ရောက်နေသလို ထင်ရပြီး ရှေ့ဆက်သွားရန် လုံးဝမဖြစ်နိုင်တော့ချေ။
ထိုအချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကျားကျန်းက နံရံဆေးရေးပန်းချီ၏ ရှေ့သို့ လျှောက်သွားခဲ့သည်။ သူက နံရံရှေ့တွင် ဒူးထောက်ပြီး အရိုအသေ ပေးလိုက်၏။ ထိုအချိန်တွင် သူနှင့် နက်မှောင်စိုစွတ်နေသော နံရံဆေးရေးပန်းချီ၏ ကြားထဲတွင် ဝင်ပေါက်တစ်ခု ပွင့်လာပြီး အောက်သို့ ဆင်းသွားရမည့်လှေကားတစ်ခု ပေါ်လာခဲ့၏။
"အဘိုးကြီးကျား...."
သတ်ဖြတ်ရေးယက္ခက ပင့်သက်ရှိုက်လိုက်မိသည်။ ကျားကျန်းက ဝင်ပေါက်ကို ဖွင့်ရန် မည်သို့ သိနေခဲ့သနည်း။ ကျားကျန်း၏ပုံစံက တည်ငြိမ်အေးချမ်းနေပြီး သူ၏ စာသင်သားဝတ်စုံနှင့် လိုက်ဖက်မှုမရှိချေ။
"ငါက မကောင်းဆိုးဝါး ဝိညာဉ်ကို အရိုအသေပေးရတဲ့ အလားတူဖြစ်ရပ်မျိုးကို တစ်ကြိမ်ကြုံခဲ့ဖူးတယ်။ ဒါကြောင့် ငါတို့ဆီမှာ သဲလွန်စမရှိတော့ဘူးဆိုရင် ရုပ်ထုတွေ ဒါမှမဟုတ် နံရံဆေးရေးပန်းချီတွေရဲ့ ရှေ့မှာ ဒူးထောက်ပြီး ငါတို့ရဲ့ စိတ်သဘောထားကို ပြသဖို့ ကြိုးစားကြည့်နိုင်တယ်…"
"ငါ နားလည်သွားပြီ…"
သူ၏ရှင်းပြမှုကြောင့် သတ်ဖြတ်ရေးယက္ခ၏ သံသယများက ပျောက်ကွယ်သွား၏။
ကျားကျန်းက အမှန်အတိုင်းပြောခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိစ္စမရှိချေ။ သူတို့၏ခေါင်းဆောင် ငရဲအင်ပါယာ နောက်မှ လိုက်လာသည့်အတွက် သူကတော့ ဘေးမှ စောင့်ကြည့်နေနိုင်၏။ သူတို့က လျှို့ဝှက်ဝင်ပေါက်တစ်ခုကို ဖွင့်နိုင်ခြင်းရှိမရှိ မည်သူကရော သိနိုင်မည်နည်း။
သူတို့(၅)ယောက်က စကားမပြောကြတော့ပဲ ဝင်ပေါက်အသစ်ထဲကို ဝင်ရောက်သွားကြသည်။ ထိုဝင်ပေါက်က သူတို့ကို အောက်သို့ဆက်၍ ဆင်းသွားစေခဲ့ပြီး မြေအောက်ထဲသို့ ရောက်သွားစေခဲ့၏။ အေးစက်ပြီး စိုစွတ်သည့် ခံစားမှုကြောင့် အရာအားလုံးက လေးလံလာပြီး သူတို့က တတောက်တောက် ကျနေသော ရေသံများကိုပင် နားထဲတွင် ကြားနေရသည်။
သူတို့က အချိန်မည်မျှလျှောက်လာခဲ့ရမှန်း မသိသော်လည်း လမ်းကြောင်းကတော့ တဖြည်းဖြည်း ကျယ်လာပြီး မီးခိုးရောင်အုတ်များနှင့် ခင်းထားသော မြေကွက်လပ်တစ်ခု ပေါ်လာခဲ့၏။ သူတို့၏မျက်စိရှေ့တွင်လည်း နက်မှောင်နေသော လိုဏ်ဂူတစ်ခု ပေါ်လာခဲ့သည်။ တစ်ဖက်တွင်တော့ ပွင့်ချပ်(၇) ခုရှိနေပြီး သစ်ခွ ပုံစံ ပန်းပွင့် စက်ဝိုင်းတစ်ခု ရှိနေသည်။ သူ့ဆီတွင် အနီရောင်ရိုးတံများလည်း ရှိနေ၏။
"ဆိုကာပန်းပွင့်...."
သတ်ဖြတ်ရေးယက္ခက မယုံကြည်နိုင်ဖွယ်ရာ အော်ဟစ်လိုက်မိသည်။
ဝင်ပေါက်၏အနားတွင် ဆိုကာပန်းပွင့်များ ပေါက်ရောက်နေသည်ဟူသော အချက်အရ ဤနေရာက အမှန်တကယ်ကို ရှင်သန်ခြင်းဝင်ပေါက်တစ်ခု ဖြစ်သည်။ သိုင်းလောက အတွေ့အကြုံနည်းပါးသူများကတော့ လိုဏ်ဂူထဲကို အရင်ဆုံး ဝင်သွားချင်ကြ၏။
သို့သော် သတ်ဖြတ်ရေးယက္ခကတော့ အလွန်ဗဟုသုတပြည့်စုံပြီး ဉာဏ်နီဉာဏ်နက်များသည့် လူတစ်ယောက်ဖြစ်၏။ သူက အလွန်သတိထားနေပြီး သူနှင့် သူ့အဖော်များကို ဒုက္ခပေးနိုင်သော မကောင်းဆိုးဝါးဝိညာဉ်များကို ကာကွယ်ရန် အဆင်သင့် ပြင်ထားခဲ့သည်။
မုန့်ချီက အဖွဲ့အလယ်တွင် ရပ်နေပြီး သတ်ဖြတ်ရေးယက္ခ၏ နောက်မှနေ၍ မြေကွက်လပ်ထဲသို့ လိုက်လာခဲ့သည်။ သူက တစ်ယောက်တည်း တွေးနေခဲ့၏။
"တစ်လှမ်း...နှစ်လှမ်း..."
အကယ်၍ ရှေးဟောင်းကျမ်းစာကသာ တိကျမည်ဆိုလျှင် ကျူးကျော်လာသူ တစ်ယောက်က အပူအပင်မဲ့တောင်ကြား၏ တံဆိပ်ကို သယ်ဆောင်ထားခြင်း မရှိလျှင် ခြေလှမ်း (၃)လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း ဝင်္ကပါတစ်ခုကို ကြုံရနိုင်သည်။
ဓာတ်ကြီး (၅) ပါး နတ်ဘုရားချုပ်နှောင်ခြင်း ဝင်္ကပါကသာ ပျက်စီးခြင်း မရှိသရွေ့ ထိုအရာများက ဖြစ်လာနိုင်၏။ အကယ်၍ ရှင်သန်ခြင်းဝင်ပေါက်၏ အပြင်ဘက်တွင် ရှိနေလျှင်ပင် ပြောင်းလဲမှု မရှိနိုင်ပေ။
ဝင်ပေါက်ကို စောင့်ကြပ်နေကြသော ပညာရှင်များနှင့် ပေါင်းစည်းလိုက်မည် ဆိုလျှင်တော့ထိုခုခံကာကွယ်မှုများက ရန်သူများကို အကျိုးသက်ရောက်မှုရှိရှိ နှောင့်နှေးစေနိုင်ပြီး တောင်ကြားထဲသို့ အကူအညီများ ရောက်လာသည့်အချိန်ထိ အချိန်ဆွဲထားနိုင်သည်။ သို့သော် ယခုတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်နေခဲ့၏။ မည်သူကရော ထိုပုံရိပ်ယောင်ဝင်္ကပါထဲရှိ ပြောင်းလဲမှုများကို သိနိုင်မည်နည်း။
"(၃) လှမ်း....."
မုန့်ချီက ရေတွက်ပြီးသွားသည့်အချိန်တွင် သူ၏ပတ်ပတ်လည်၌ မြူခိုးအလွှာတစ်ခု ပေါ်လာပြီး သူ၏မြင်ကွင်းနှင့် အာရုံခံစွမ်းအားများကို နှောင့်ယှက်လိုက်သည်။ ကမ္ဘာမြေကြီးက သူ့ကို စွန့်ပစ်လိုက်သလိုပင် ခံစားလိုက်ရ၏။
မုန့်ချီက သူ၏အငွေ့အသက်ကို စုစည်းလိုက်ပြီး သူ၏ပတ်ပတ်လည်ကို စတင်စစ်ဆေးကြည့်လိုက်သည်။ သူက မူလရှိနေသော နေရာကို ပြန်လည်စဉ်းစားပြီး ရှေ့ကို တစ်လှမ်းလျှောက်လိုက်၏။ ထိုအချိန်တွင် မျက်စိရှေ့ရှိ မြင်ကွင်းများက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ မြူခိုးများက ပို၍ပါးလွှာလာပြီး အရိပ်တစ်ခုက ခေါင်းပေါ်မှ စောင့်ကြည့်နေသလို ခံစားနေရ၏။
ထိုအချိန်တွင် လက်ထဲ၌ ဓားတစ်ချောင်း ကိုင်ထားသော ဆံပင်ဖြူနှင့်လူကတော့ ပတ်ပတ်လည်ကို စိုက်ကြည့်နေခဲ့သည်။ ထိုအရာကတော့ မကောင်းဆိုးဝါး သုတ်သင်ရေးဓား ရန်ကျန်းချန် ဖြစ်သည်။
ထိုအရာက မုန့်ချီ စောင့်နေခဲ့သော အခွင့်အရေးလည်း ဖြစ်၏။ သူက အငွေ့အသက်ကို ထိန်းချုပ်ထားပြီး ဘယ်ဘက်လက်ထဲတွင် ဓားကို ကိုင်၍ အလွန်သတိထားနေခဲ့သည်။ သူ၏ညာဘက်တွင်တော့ ကောင်းကင်ပြစ်ဒဏ်ဓားကို ဆုပ်ကိုင်ထား၏။ သူက ရန်ကျန်းချန်ကို စွမ်းအားအထွဋ်အထိပ် ရှိနေသော ပြိုင်ဘက်တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး ယုန်တစ်ကောင်ကို တိုက်ခိုက်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။
သူ၏သွေးကြောမှတ်များ အားလုံးက ပွင့်နေသော်လည်း သူ၏ပုံရိပ်ယောင်ခန္ဓာက ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ သူနှင့်အတူ အရာအားလုံးက အသက်ဝင်နေခဲ့၏။ ရွှေကျီးကန်း ၊ နေမင်းကြီးနှင့် ကြယ်များအားလုံးက ကောင်းကင်ပေါ်တွင် စကြဝဠာတစ်ခုအဖြစ် စုစည်းလာနေခဲ့သည်။ ထိုစကြဝဠာကြီးက ရှေ့သို့ ရွေ့လျားလာပြီး တဖြည်းဖြည်းနှင့် မူလအခြေအနေအဖြစ်ကို ပြောင်းလဲလာခဲ့၏။
မုန့်ချီဆီမှ ထွက်ပေါ်လာသော အငွေ့အသက်များက မည်းမှောင်နေပြီး သူ၏အငွေ့အသက်များက ရှင်းလင်းမှု မရှိချေ။ စက္ကန့်ပိုင်းလေးအတွင်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် သာမာန်အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့၏။ ပုံမှန်အားဖြင့် ထိုအရာက သူပြသခဲ့သော အငွေ့အသက် တစ်ခုဖြစ်သော်လည်း မူမမှန်သည့် အရာများကို ဖုံးကွယ်ထားသည်။
သူက သတိထားနေသော ရန်ကျန်းချန်ကို ကြည့်နေသော်လည်း အလစ်ချောင်း တိုက်ခိုက်ရန် အခွင့်ကောင်းတစ်ခု မတွေ့သေးပေ။ ရလဒ်အနေနှင့် သူက ရှေ့ကို နောက်ထပ်တစ်လှမ်း လျှောက်သွားခဲ့သည်။
ရန်ကျန်းချန်က ပတ်ပတ်လည်ကို သတိထား၍ စိုက်ကြည့်နေပြီး ငရဲဝိညာဉ်များနှင့် သစ္စာဖောက်များကို အခွင့်အရေး လုံးဝမပေးခဲ့ပေ။ သူက ခြေသံကြားသည့်နေရာကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏အခြေအနေက အမြင့်ဆုံးကို ရောက်နေခဲ့၏။
မုန့်ချီက လက်နောက်ပစ်၍ သူ့ဆီကို လျှောက်လာကြောင်း မြင်လိုက်ရ၏။ သူ့ဆီတွင် ရန်လိုသည့် အရိပ်အရောင်များ မရှိချေ။
"ညီလေး ...ရှန်းပေါင်…"
အလွန်ရင်းနှီးသော မျက်နှာကို မြင်သည့်အခါ ရန်ကျန်းချန်က စိတ်အေးသွားခဲ့၏။ မုန့်ချီက အလစ်ချောင်း တိုက်ခိုက်ခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ထွက်လာသည့်အတွက် သူ၏စိုးရိမ်မှုများကို ဖယ်ရှားနိုင်ခဲ့သည်။ သို့သော် သူကတော့ ဖြစ်နိုင်ချေရှိသော သစ္စာဖောက်များကို ချက်ချင်း သတိထားနေခဲ့၏။
ရန်ကျန်းချန်က စိတ်အေးလက်အေး ဖြစ်သွားပြီး သတိမထားတော့သည့်အချိန်တွင် မုန့်ချီက အခွင့်အရေးကို တွေ့လိုက်ရသည်။ ရန်ကျန်းချန်၏ အငွေ့အသက် ပြောင်းလဲမှုကို သတိထားလိုက်မိသည့်အချိန်တွင် သူက ဓားနှင့် လှမ်းခုတ်လိုက်၏။
ဓားမောက်အလင်းရောင်တစ်ခု လင်းလက်တောက်ပလာခဲ့သည်။ ဓားမောက် အလင်းရောင်က ကမ္ဘာမြေကြီး၏ အကာအကွယ်များကို ထိုးဖောက်သွားပြီး အရာအားလုံးက မှေးမှိန်သွားခဲ့၏။ ထိုနေရာတွင် ထိုဓားမောက်နှင့် ခုတ်၍မရသော အရာမရှိသလို ထင်မှတ်ရသည်။
ရန်ကျန်းချန်က တိုက်ခိုက်မှုကို သတိထားမိသည့်အချိန်တွင် ဓားမောက်အလင်းတန်းကတော့ သူ၏မျက်စိရှေ့ကို ရောက်လာခဲ့သည်။ ကြမ်းတမ်းခက်ထန်သော ခံစားမှုနှင့် ဝေဝါးနေသော ဆုံးဖြတ်ချက်များက မျက်လုံးထဲတွင် ပေါ်လာခဲ့ပြီး သူ၏အကြောက်တရားများအားလုံး ပျောက်ကွယ်သွားသည်။
သူ၏ပတ်ပတ်လည်တွင် ဓားချီစွမ်းအင်များ စုစည်းလာပြီး သူ့လက်ထဲတွင် ကိုင်ထားသော ဓားက သာမာန်အမြင်နှင့် ဆန့်ကျင်၍ ထွက်ပေါ်လာခဲ့သည်။ ထိုအရာများက ဓားချီစွမ်းအင်များနှင့် တိုက်ရိုက်ဆက်သွယ်လိုက်၏။
"ချွမ်...."
ဓားမောက်အလင်းတန်းက ဓားကို တိုက်ရိုက်ခုတ်ချလိုက်သည်။ ရန်ကျန်းချန်၏ တုန့်ပြန်မှုက ကျိလော်ကျူးထက် ပို၍ လျင်မြန်နေခဲ့၏။ သူ၏လှုပ်ရှားမှုများက ပို၍ ထူးခြားဆန်းကြယ်နေခဲ့ပြီး ဓားမောက်၏ ရှေ့တည့်တည့်ကို ရောက်လာခဲ့သည်။
"ချွမ်..."
တဟုန်ထိုးဓားသိုင်းပညာ၏ ဓားမောက်အလင်းရောင်များက ဓားရှည်ကို ခုတ်ချလိုက်ပြီးနောက် ဘယ်ဘက်သို့ ယိမ်းသွားစေခဲ့သည်။
ထိုအချိန်တွင် ရန်ကျန်းချန်၏ ရင်ဘတ်နှင့် ဗိုက်က ပွင့်သွားပြီး ကိုယ်တွင်းအင်္ဂါများ ပေါ်လာခဲ့၏။ သူ၏မျက်ခုံးအလယ်တွင် အက်ကွဲကြောင်းတစ်ခုလည်း ပေါ်လာခဲ့သည်။ အဆုံးတွင်တော့ ရန်ကျန်းချန်က တိုက်ခိုက်မှုကို တားဆီးနိုင်ပြီး သူ့ကို ဒဏ်ရာရစေရုံသာ ရှိခဲ့သည်။
"သူက ရန်သူ အလှစ်အငိုက်ဖြစ်သွားအောင်လို့ အားနည်းချင်ယောင်ဆောင်နေတာပဲ"
မုန့်ချီ၏ ခေါင်းထဲတွင် ထိုအတွေး ပေါ်လာသော်လည်း သူ၏စိတ်အခြေအနေက တည်ငြိမ်သွားခဲ့သည်။ သူက ဘယ်ဘက်လက်ထဲတွင် ဓားရှည်ကို ဆုပ်ကိုင်လိုက်ပြီး ရန်ကျန်းချန်ကို လှမ်းထိုးလိုက်၏။
ထိုအချိန်တွင် နေလုံးကြီး၏ အတွင်းထဲ၌ ရှိနေသော မီးတောက်များက ပေါက်ကွဲလာခဲ့သည်။ သူက ယခင်တုန်းကထက်ပင် ပို၍လျင်မြန်စွာ ရောက်သွားပြီး ရန်ကျန်းချန်၏ နဖူးတည့်တည့်ကို တိုက်ခိုက်လိုက်၏။
ရန်ကျန်းချန်က ခက်ခဲသော အခြေအနေသို့ ကျရောက်သွားခဲ့ပြီး သူ၏မျက်လုံးထဲတွင် နောက်ဆုံးအသက်ရှင်ခွင့်ရရန် အခွင့်အရေးတစ်ခုကို မနည်းရှာဖွေနေရသည်။ သူက ဓားနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်လိုက်၏။ သူ၏ဓားအလင်းတန်းက ပြိုင်ဘက်ကင်း အရှိန်မျိုးနှင့် ရွေ့လျားလာခဲ့ပြီး မုန့်ချီ၏ မျက်ခုံးကြားထဲကို လျင်မြန်စွာ ထိုးစိုက်လိုက်၏။
သူက မုန့်ချီကို တိုက်ခိုက်မှုနှင့် ပြန်လည်ခုခံလိုက်ခြင်းဖြစ်ပြီး တစ်ဖက်လူ၏ အရှိန်က သူ့ထက်ပို၍ နှေးကွေးနေသည်ကို အသုံးချလိုက်ခြင်းဖြစ်သည်။ ရန်ကျန်းချန်က မုန့်ချီ၏ နောက်မှနေ၍ တိုက်ခိုက်လိုက်သော်လည်း သူက ပို၍လျင်မြန်နေခဲ့၏။ သူက တစ်ဖက်လူကို သူနှင့်အပါ ခေါ်သွားနိုင်ပုံရသည်။
ထို့ကြောင့် မုန့်ချီက သူ၏သိုင်းကွက်ကို မနည်းပြောင်းလဲလိုက်ရ၏။ ထိုအချိန်တွင် သူ၏မှတ်တမ်း၌ ရေးသားထားခဲ့သော ထူးချွန်ထက်မြက်ပြီး လျင်မြန်သွက်လက်သည့် ဓားသိုင်းပညာဟူသည်မှာ အမှားမဟုတ်နိုင်တော့ပေ။
သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော မြူခိုးများက လှုပ်ရှားလာပြီး သူတို့၏ ဓားအလင်းတန်းများကို စုပ်ယူနေခဲ့၏။ သို့သော် ဓာတ်ကြီး(၅)ပါး နတ်ဘုရားချုပ်နှောင်ခြင်း ဝင်္ကပါ၏ စုပ်ယူမှုကြောင့် မြူခိုးများထဲတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ချေ။
သူတို့(၂)ယောက်က သူသေကိုယ်သေ တိုက်ခိုက်တော့မည့်အချိန်တွင် မုန့်ချီ၏ နောက်ကျောတွင် ရှိနေသော ကြွက်သားများက လှုပ်ရှားလာပြီး လက်အပို(၂)ချောင်းနှင့် ခေါင်းအပို(၁)လုံး ထွက်လာခဲ့သည်။
သူ၏ လက်(၂)ဖက်က လက်ချောင်းလေးများဖြင့် တိုက်ခိုက်လိုက်ပြီး သူ၏ပတ်ပတ်လည်တွင် ရွှေရောင်ကြာပန်းပွင့်များ ပွင့်လန်းလာသည်။ ထိုပန်းပွင့်များက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နေပြီး အဆုံးမဲ့ပင်လယ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
"ချွမ်....."
ကြာပန်းပွင့်များက ရန်ကျန်းချန်၏ ဓားအလင်းတန်းကို တားဆီးလိုက်သော်လည်း သူ့ဓားက ထိုအရာများကို ယှဉ်ပြိုင်၍ မရနိုင်ပေ။ သူ့အဆင့်နှင့် အစွမ်းက မုန့်ချီထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့၏။
သူက ရွှေရောင်ကြာပန်းပွင့်များကို ထိုးဖောက်ပြီး မုန့်ချီ၏ ခေါင်းကို ထိုးစိုက်နိုင်ခဲ့သည်။ မုန့်ချီ၏ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြီး အဝတ်အစားများက ပျက်စီးသွားသည်။ ဓားအလင်းတန်းက သူ၏ခေါင်းမှနေ၍ ရင်ဘတ်ရှိရာကို ဦးတည်လာခဲ့၏။
"ချွမ်..."
သံချင်းထိခိုက်သံတစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ရွှေရောင်ကြာပန်းပွင့်များကြောင့် စွမ်းအားများ လျော့ကျသွားခဲ့သော ဓားက မုန့်ချီ၏ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အမှတ်အသားတစ်ခုသာ ကျန်နေစေခဲ့သည်။ တစ်ဖက်တွင်တော့ မုန့်ချီ၏ ဓားမောက်က ရန်သူ၏ အသက်ကို ယူဆောင်ရန် ဆုံးဖြတ်ထားသလို ခိုင်မာနေခဲ့၏။
ရန်ကျန်းချန်၏ ဒုတိယဓားချက်က ရင်ဘတ်ကို ထိုးစိုက်မိလိုက်သည့်အချိန်တွင် သူကတော့ တစ်ဖက်လူ၏ မျက်ခုံးတည့်တည့်ကို ထိုးလိုက်သည်။ ရန်ကျန်းချန်က မျက်လုံးပြူးသွားပြီး မျက်လုံးထဲတွင် ထိတ်လန့်နေသည့် အမူအရာများ၊ အံ့သြနေသည့် အမူအရာများ၊ မယုံကြည်နိုင်သည့်ခံစားမှုများ ပေါ်လာခဲ့သည်။ သူ့နားထဲတွင် အသံများကို ကြားလိုက်ရပြီးနောက် မျက်လုံးများက ဝေဝါးသွားခဲ့၏။
ရန်ကျန်းချန်က လဲကျသွားပြီး သူ့သွေးများကို ရေလှိုင်းမီးတောက်ဓားက စုပ်ယူလိုက်ကြောင်း မြင်သည့်အခါ မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။ သူက မည်သည့်အရာကိုမျှ ခံစားမိခဲ့ခြင်း မရှိသော်လည်း နိယာမ ဖြစ်စဉ်ကို လေ့ကျင့်ထားခဲ့မိသည့်အတွက် အတော်လေး ကျေနပ်အားရနေခဲ့သည်။ မဟုတ်လျှင် ရန်ကျန်းချန်၏ သူသေကိုယ်သေ တိုက်ခိုက်မှုက သူ့ကို ထိခိုက်စေနိုင်ပြီး သူလည်း ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်သည်။
"တော်တော်ထူးခြားတဲ့ ဓားသိုင်းပညာမျိုးပဲ။ ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်ဆီကနေ အမွေဆက်ခံထားတဲ့ လူတစ်ယောက်လို့ တကယ့်ကို ခေါ်ထိုက်ပါပေတယ်…"
မုန့်ချီ၏ ခေါင်းနှင့် လက်(၂)ဖက်က ကျုံ့သွားပြီး ပျောက်ကွယ်သွားခဲ့သည်။ ရေလှိုင်းမီးတောက်ဓားက သွေးများကို စုပ်ယူလိုက်ပုံရပြီး သူ၏ဓားက ပို၍ ကြီးထွားလာခဲ့၏။ တဖြည်းဖြည်းနှင့် ဓားကိုယ်ထည်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အပူလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ဝါးမြိုနေသော မီးတောက်များအဖြစ်သာ အသုံးပြုနိုင်ခြင်း မဟုတ်တော့ပေ။
မုန့်ချီက ဓားကို ဝှေ့ယမ်းလိုက်ရာ ထိုအရာက ပို၍ထက်မြက်ပြီး ပေါ့ပါးလာကြောင်း ခံစားလိုက်မိ၏။ ထိုအရာက သူ၏လက်အပိုတစ်ဖက်ကဲ့သို့ ခံစားလိုက်ရပြီး အစွမ်းကလည်း ကျောက်တုံးများကိုပင် အရည်ပျော်ကျစေရန် လုံလောက်သည်။
"နောက်ဆုံးတော့ အမြင့်ဆုံးအဆင့် လက်နက်တစ်ခု အဖြစ်ကို အသွင်ပြောင်းသွားခဲ့ပြီ."
မုန့်ချီက ဝမ်းသာသွားခဲ့ပြီး အခြေအနေ အလှည့်အပြောင်းကြောင့် စိတ်လှုပ်ရှားသွားခဲ့၏။
ထိုအချိန်တွင် ရန်ကျန်းချန်၏ အလောင်းက တဖြည်းဖြည်း ပုပ်ပွလာကြောင်း ရုတ်တရက် ခံစားလိုက်မိသည်။ သူ့လက်ထဲတွင် ကိုင်ထားသောဓားကပင် သံချေးတက်လာခဲ့၏။ စက္ကန့်ပိုင်းလေးအတွင်း ရန်ကျန်းချန်ဆီ၌ ကျန်နေခဲ့သည်မှာ အရိုးများ၊ အသွေးအသားများနှင့် ပျက်စီးနေသော ဓားတစ်လက်သာ ဖြစ်သည်။
ထိုကဲ့သို့သော ပြောင်းလဲမှုကို မြင်လိုက်ရသည့်အခါ မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါက ရန်ကျန်းချန်ရဲ့ ကံကြမ္မာရလဒ်ကြောင့်လား၊ ဝင်္ကပါကြောင့်လား။ အဖိုးတန်လက်နက်ကတောင် သံချေးတက်သွားတယ်ဆိုတော့ ဒါက တော်တော်လေးကို ရှုပ်ထွေးသွားပြီ… "
ရန်ကျန်းချန်က သူ ရရှိထားသော အရာအားလုံးကို ဆေးလုံးများ သန့်စင်ရန်အတွက် လဲလှယ်ထားပုံရသည်။ သူ့ဆီတွင် ရှိနေသည်မှာ ဝိညာဉ်မြက်ပင်များသာဖြစ်ပြီး သူတို့အားလုံးက အသက်စွမ်းအင် ကင်းမဲ့နေခဲ့၏။
မုန့်ချီက တိတ်ဆိတ်နေပြီး တူညီသောဝတ်စုံတစ်ခုကို ပြောင်းလဲလိုက်သည်။ သူက မူလဝတ်စုံကိုတော့ မီးရှို့လိုက်ပြီး မြူခိုးထဲတွင် နောက်ကို (၂) လှမ်း ပြန်ဆုတ်လိုက်သည်။
အချိန်ခဏကြာပြီးနောက် ဝင်္ကပါက ပုံမှန်ပြန်ဖြစ်သွားပြီး မြူခိုးများက ပျောက်ကွယ်သွားခဲ့၏။ သတ်ဖြတ်ရေးယက္ခက ပြန်မြင်လာရသည့်အချိန်တွင် သူနှင့် အတော်လေး အလှမ်းကွာနေသော မိတ်ဆွေများကို စိုက်ကြည့်လိုက်သည်။ သူက
သူက စကားပြောရန် ပြင်လိုက်သည့်အချိန်တွင် အလောင်းပုပ်သည့် ရနံ့တစ်ခုကို သတိထားလိုက်မိပြီး ရန်ကျန်းချန်၏အလောင်းကို တွေ့လိုက်ရသည်။ ထိုရန်ကျန်းချန်က ပုပ်သိုးနေသော ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေကြောင်း သူက မှတ်မိနေခဲ့၏။
"မင်းက သူ့ကို သတ်လိုက်တာပဲ… "
သူက မုန့်ချီကို လက်ညှိုးထိုးပြလိုက်သည်။ သူက အချိန်မရွေးတိုက်ခိုက်တော့မလို သူ၏ အရှိန်အဝါကလည်း မြင့်တက်လာခဲ့၏။
ကရုဏာမဲ့နတ်ဆိုးနှင့် မူလဖရိုဖရဲနတ်ဆိုး ကျားကျန်းတို့ကလည်း အဆင်သင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြသည်။
"ဘာလို့ ကျုပ်ကို စွပ်စွဲနေရတာလဲ။ ကျုပ်အနေနဲ့ ပြောရရင် ခင်ဗျားလည်း လူသတ်သမား ဖြစ်နိုင်တာပဲ…"
သူက အပြုံးနှင့် ပြောလိုက်သည်။ သူကတော့ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို နားမလည်ချင်ယောင် ဟန်ဆောင်နေခဲ့၏။
သတ်ဖြတ်ရေးယက္ခက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"အစောပိုင်းမှာ မင်းက ရန်ကျန်းချန်ကို ဖိတ်ခေါ်ဖို့ ငါတို့ကို သေချာပြောခဲ့တယ်။ မင်း မဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ…"
"ကျုပ်က သူ့ကို ခေါ်ဖို့ ပြောခဲ့တယ်ဆိုတာ ခင်ဗျားတို့တွေ့ခဲ့တဲ့အကြောင်းကို ကြားထားခဲ့လို့လေ…"
မုန့်ချီကတော့ ပျက်စီးနေသော ချပ်ဝတ်အင်္ကျီကို နောက်တစ်ကြိမ် လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ဒါဆိုရင် အစောပိုင်းတုန်းက ကျုပ်ကို အလစ်ချောင်းတိုက်ခိုက်ခဲ့တာကရော ဘယ်သူလဲ…"
အလစ်ချောင်းတိုက်ခိုက်ရာမှ မုန့်ချီ ရရှိခဲ့သော ဒဏ်ရာက ချပ်ဝတ်အင်္ကျီပေါ်တွင် ရှိနေသည်။ အကယ်၍ သူက အရိုးများကို ပြောင်းလဲပြီး လက်ဝါးနှင့် သူ့ကိုယ်သူ တိုက်ခိုက်နိုင်မည်ဆိုလျှင်ပင် ထိုစွမ်းအားနှင့် လက်ဝါးရာကတော့ ကွဲပြားနိုင်ပါလိမ့်မည်။ ထိုအရာကို အတုလုပ်ထားကြောင်း တစ်ခြားသူများက အလွယ်တကူ ခွဲခြားနိုင်ပါလိမ့်မည်။ သူက သူ့လက်ကို ဖြုတ်ပြီးနံရံပေါ်သို့ ကပ်၍ လက်ဝါးနှင့် မရိုက်လျှင် ထိုကဲ့သို့ မဖြစ်နိုင်ပေ။
အလစ်ချောင်းတိုက်ခိုက်မှုကို ပြန်လည်စဉ်းစားမိသည့်အခါ သတ်ဖြတ်ရေးယက္ခက မုန့်ချီအပေါ် ရန်လိုမှုများ တဖြည်းဖြည်း လျော့ကျသွားသည်။ သူက ကရုဏာမဲ့လူဆိုးနှင့် ကျားကျန်းတို့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
ကျားကျန်းကတော့ အရာအားလုံးကို ချောမွေ့စေရန် ပြောလိုက်သည်။
"ဒါက သစ္စာဖောက်တစ်ယောက်လုပ်တာ မဖြစ်နိုင်ဘူး။ ကြည့်ရတာတော့ ပိုမီတိုင်းပြည်ရဲ့ လမ်းကြောင်းထဲမှာ မမြင်ရတဲ့ မကောင်းဆိုးဝါးတွေ ပုန်းနေတာ ဖြစ်နိုင်တယ်…"
သတ်ဖြတ်ရေးယက္ခကလည်း ခေါင်းညိတ်ပြလိုက်ပြီး ပို၍ သတိထားလာခဲ့၏။
သူက သူတို့၏ သံသယများကို ဖယ်ရှားနိုင်ကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီကတော့ အတော်လေးကို ကျေနပ်သွားခဲ့သည်။
"သစ္စာဖောက်တစ်ယောက်ရှိတာက တော်တော်ကောင်းတာပဲ…"
သူတို့က နောက်ထပ် ခြေလှမ်း (၃) လှမ်းရှေ့ဆက် လျှောက်လိုက်သည့်အချိန်တွင် နောက်တစ်ကြိမ် မြူခိုးများ လွှမ်းခြုံသွားပြန်သည်။ သူကိုယ်တိုင် ရန်ကျန်းချန်ကို အလစ်ချောင်း တိုက်ခိုက်ခဲ့သည့်အတွက် မုန့်ချီက ပို၍သတိထားနေခဲ့ပြီး သူ့နေရာကို ဆက်တိုက်ပြောင်းလဲနေခဲ့သည်။
အချိန်ခဏကြာပြီးနောက် မြူခိုးများက ပျောက်ကွယ်သွားခဲ့ပြီး မုန့်ချီက သတ်ဖြတ်ရေးယက္ခကို မြင်လိုက်ရသည်။ သူက စကားပြောတော့မည့်အချိန်တွင် သူ့မျက်လုံးက မြေပေါ်တွင် လဲကျနေသော အလောင်းတစ်ခုကို မြင်လိုက်ရ၏။ ထိုအလောင်းက (၂) ပိုင်း ပြတ်နေပြီး နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် အဆုတ်က အပြင်ဘက်သို့ ထွက်ကျနေခဲ့သည်။
"အဲဒါ သူပဲ …"
ကြောက်စရာကောင်းသော အလောင်း၏ အခြေအနေကြောင့် သူက ထိတ်လန့်သွားခဲ့ခြင်း မဟုတ်ချေ။ သေဆုံးသွားသည့်သူကတော့ သူ လုံးဝမထင်ထားခဲ့သော လူတစ်ယောက် ဖြစ်နေ၏။
ထိုအရာက ကရုဏာမဲ့နတ်ဆိုးဖြစ်သည်။
Translated by Hein Htet.