အခန်း (၅၁၃)
Vol. 35 Ch. 513
"ကရုဏာမဲ့နတ်ဆိုးက သေဆုံးခြင်းဝင်ပေါက်ထဲမှာ ပုန်းအောင်းနေတဲ့ ငရဲဝိညာဉ်သိမ်းပိုက်တာကို ခံထားရတာ မဟုတ်ဘူးလား ..။ ဘာကြောင့် သူက ရှင်သန်ခြင်းဝင်ပေါက်ထဲမှာ ဒီလောက်ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့ရတာလဲ…"
သူ၏သုံးသပ်ချက် မှားယွင်းနေခြင်းရှိမရှိ မုန့်ချီက စဉ်းစားနေခဲ့သည်။
"အဲဒါက ငရဲဝိညာဉ်များ ဖြစ်နိုင်မလား။ ဒါမှမဟုတ် သေဆုံးခြင်းဝင်ပေါက်က ဆိုးကျိုးတွေက ရှင်သန်ခြင်းဝင်ပေါက်ထဲမှာ ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်နေရတာများလား။ ဒါကြောင့် သူ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်က လွတ်မြောက်သွားခွင့်မပေးတာများလား…"
မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်နေခဲ့သည်။ သူက မဆင်မခြင် မလုပ်ရဲပေ။
သတ်ဖြတ်ရေးယက္ခကလည်း ကရုဏာမဲ့နတ်ဆိုး၏ ပတ်ပတ်လည်တွင် ရှိနေသော မြင်ကွင်းကို ကြည့်ပြီး မျက်နှာပျက်နေခဲ့၏။ သူက ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်သည်။
"သူ့ခန္ဓာကိုယ်က (၂)ပိုင်း ပြတ်နေတဲ့ပုံစံမျိုးတော့ မဟုတ်ဘူး ..။ ဒါက ဓားမောက်နဲ့ အခုတ်ခံထားရသလို ရှင်းရှင်းလင်းလင်း ဖြစ်နေတယ်…"
"ဓားမောက်နဲ့ အခုတ်ခံထားရတာလား…"
မုန့်ချီက အလောင်းရှိရာကို ကြည့်လိုက်ရာ ကရုဏာမဲ့နတ်ဆိုး၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပျက်စီးနေသည့် ခြေရာလက်ရာမျိုး မရှိသည်မှာ အမှန်လည်း ဖြစ်သည်။ ဒဏ်ရာက ခုတ်ပိုင်းလိုက်ခြင်းကြောင့် ဖြစ်နေသည့်ဒဏ်ရာလည်း ဖြစ်၏။
"တကယ်လို့ ငါသာ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမသိဘူးဆိုရင် သူ့ကို သတ်လိုက်တာက ငါကိုယ်တိုင်ဖြစ်မယ်လို့တောင် ထင်မိမှာပဲ ... "
မုန့်ချီက ခဏကြာ သံသယဝင်နေခဲ့ပြီး ကရုဏာမဲ့နတ်ဆိုး၏ အလောင်းပေါ်တွင် ရှိနေသော ဒဏ်ရာက တဟုန်ထိုးဓားသိုင်း၏ရလဒ် ဟုတ်မဟုတ် သံသယဝင်နေမိခဲ့သည်။
သူက ရန်ကျန်းချန်ကို သတ်ပစ်ခဲ့သော နည်းလမ်းနှင့်လည်း တူညီနေခဲ့၏။ သူ့ခေါင်းထဲတွင် ထိုအတွေးမျိုး ပေါ်လာသည့်အချိန်၌ သူလည်း အလွန်ထိတ်လန့်သွားခဲ့ရသည်။ လူသတ်သမားက သူလုပ်သည်ဟူသော ဖြစ်နိုင်ခြေကိုလည်း လုံးဝဖယ်ရှားခဲ့ခြင်း မရှိချေ။
ကျန်းဝူအင်ပါယာ၏ အုတ်ဂူထဲတွင်တော့ မကောင်းဆိုးဝါး ထိန်းချုပ်မည့် လက္ခဏာမျိုး၊ သတိပေးချက်မျိုး မရှိခဲ့ပေ။ ယခုဝိညာဉ်က ကရုဏာမဲ့နတ်ဆိုးကို သိမ်းပိုက်ထားခြင်းမျိုး ဖြစ်နိုင်မည်လော။ သို့မဟုတ် ပုံရိပ်ယောင်ဝင်္ကပါက သူတို့၏အာရုံများကို တားမြစ်ထားသည့် အချိန်တွင် ဝိညာဉ်က သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်သွားခြင်းပေလော။
မုန့်ချီ၏ရင်ထဲတွင်တော့ ဖြစ်နိုင်ချေကို စဉ်းစားမိလေလေ ပို၍ကြောက်ရွံ့လာလေလေ ဖြစ်သည်။ အကယ်၍ ပင်မဝိညာဉ်ကသာ ခန္ဓာကိုယ်ထဲမှ ဝင်နိုင်ထွက်နိုင်ခြင်း မဟုတ်လျှင် သူက ယခုအချိန်တွင် ချွေးပြန်နေရမည်ဖြစ်သည်။
မုန့်ချီကတော့ အတွေ့အကြုံများစွာကြောင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူက စိတ်ဝိညာဉ်စွမ်းအားများကိုသုံးပြီး ကရုဏာမဲ့နတ်ဆိုး၏ အလောင်းကို သေချာစစ်ဆေးကြည့်ခဲ့၏။
ရန်ကျန်းချန်ကဲ့သို့ မဟုတ်ဘဲ ကရုဏာမဲ့နတ်ဆိုး၏ အလောင်းက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ခြင်း မရှိသလို ပုပ်ပွသွားခြင်းလည်း မရှိချေ။ ထိုအရာက ရေဓာတ်ခမ်းခြောက်နေသော အလောင်းတစ်ခုဖြစ်ပြီး သွေးအပါအဝင် မည်သည့်အစိုဓာတ်မျှမရှိချေ။ သူ၏အရေပြားနှင့် ကိုယ်တွင်းအင်္ဂါများကလည်း ခြောက်ကပ်ပြီး ရှုံ့တွနေခဲ့သည်။
သူ့ခန္ဓာကိုယ်က ရှင်းရှင်းလင်းလင်းကို ထက်ပိုင်းပြတ်နေခဲ့သည်။ ထိုအရာကို မြင်သည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိ၏။ ထိုအရာက တဟုန်ထိုးဓားသိုင်းပညာနှင့် တူညီနေသော်လည်း တုပထားခြင်းသာ ဖြစ်နေသည်။
"ဒါဆိုရင်တော့ လုပ်ကြံသူက တဟုန်ထိုးဓားသိုင်းပညာကို တုပထားတာပဲ ...။ ရန်ကျန်းချန်ကို ငါ သတ်လိုက်တာ တစ်ယောက်ယောက်က မြင်သွားတာများလား။ အဲဒီလိုလည်း မဟုတ်နိုင်ဘူး။ ငါက သေဆုံးခြင်းဝင်ပေါက်ထဲကနေ ထွက်ပြေးလာတဲ့ အချိန်မှာလည်း အဲဒီနည်းလမ်းကို သုံးခဲ့သေးတယ် ... "
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
ရုတ်တရက်ဆိုသလို သတ်ဖြတ်ရေးယက္ခက ကရုဏာမဲ့နတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အနက်ရောင်အိတ်လေးကို ယူလိုက်သည်။ တစ်ဖက်လူဝတ်ဆင်ထားသော လက်အိတ်များကပင် ပုပ်သိုးပျက်စီးနေသော်လည်း အိတ်ထဲတွင် ရှိနေသော ပစ္စည်းများကတော့ ထိခိုက်မှုမရှိခဲ့ပေ။
သူတို့၏ ပတ်သက်မှုကြောင့် သတ်ဖြတ်ရေးယက္ခက ကရုဏာမဲ့နတ်ဆိုး၏ အနက်ရောင်အိတ်ကလေးကို ယူလိုက်သည့်အပေါ် မည်သူကမျှကန့်ကွက်နေခြင်း မရှိချေ။
မုန့်ချီက ထိုပစ္စည်းများကို ပေးလိုခြင်း မရှိသော်လည်း သူကတော့ လမ်းကြောင်းကို ဆက်လက်ရှာဖွေရန် တခြား(၂)ယောက်ကို လိုအပ်နေသေးကြောင်း သိနေခဲ့၏။ မဟုတ်လျှင် သူက ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည်။ သူကိုယ်တိုင်ကလည်း တခြားပြဿနာတစ်ခုကို ရင်ဆိုင်နေရ၏။
လက်ရှိအချိန်တွင် သူကိုယ်တိုင်က ငရဲဝိညာဉ် သို့မဟုတ် သေဆုံးခြင်းဝင်ပေါက်၌ ရှိနေသော မကောင်းဆိုးဝါးတစ်ကောင်၏ ပူးကပ်ခြင်းကို ခံထားရခြင်းပေလော။ ကျန်းဝူအင်ပါယာအုတ်ဂူထဲတွင် ဖြစ်ခဲ့သော အဖြစ်အပျက်များက သူ့ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲနေခဲ့သည်။
သူပူးကပ်ခံရသည့် ဖြစ်နိုင်ချေများကို စဉ်းစားမိသည့်အချိန်တွင် ထိုအရာကို ဖယ်ရှားရန် အတွေးမျိုး ပျောက်ကွယ်နေခဲ့၏။ သူ့စိတ်ထဲတွင် တည်ငြိမ်နေပြီး သူ၏ပင်မဝိညာဉ်က လှုပ်ရှားလာ၍ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ သူက တံခါးပေါက်များအားလုံးကို ဖွင့်လိုက်ပြီး မူမမှန်သည့် ဖြစ်နိုင်ချေအားလုံးကို တိတ်တဆိတ် ရှာဖွေကြည့်လိုက်၏။
"ပြဿနာတော့ မရှိဘူး…"
မုန့်ချီ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က အတွင်းထဲတွင် ထွက်ပေါ်လာခဲ့ပြီး အနည်းငယ် မထင်မရှား ဖြစ်နေသည်။ မူလကမ္ဘာကြီးကလည်း ပွင့်လာပြီး ကောင်းကင်ဘုံ၊ စကြဝဠာနှင့် ကမ္ဘာကြီးများ ပေါ်လာခဲ့၏။
ထို့နောက် သူက ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်ကို ထုတ်ဖော်လိုက်ရာ အလွန်ကြီးမားသော ရွှေရောင်လက်ညှိုးကြီးက ကောင်းကင်ကြီးနှင့်ထိ၍ ရွှေရောင်ဗုဒ္ဓတစ်ပါး ပေါ်လာပြီး ခေါင်းထဲတွင် ရှိနေသော သူ့ကို လက်ညှိုးထိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှနေ၍ ထူးဆန်းသည့် အရာတစ်ခုမျှထွက်မလာခဲ့ပေ။
ဗုဒ္ဓလက်ဝါး သုံးလိုက်သည်ကိုပင် မည်သည့်အရာမျှ ဖြစ်ပေါ်ခဲ့ခြင်း မရှိသည့်အတွက် မုန့်ချီက သူ့ကိုယ်သူ ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်သူ သံသယဝင်နေခြင်းကို ရပ်တန့်လိုက်၏။
အကယ်၍ ငရဲဝိညာဉ် ရှိနေဦးမည်ဆိုလျှင် သို့မဟုတ် သူ့ခန္ဓာကိုယ်ကို ပူးကပ်နေသော မကောင်းဆိုးဝါးတစ်ကောင် ရှိနေမည်ဆိုလျှင် ကောင်းကင်ဘိုးဘေး ပုံသဏ္ဍာန်နှင့် ဗုဒ္ဓလက်ဝါး၏ သတိပေးချက်မရှိဘဲ သူ့ကို ဒုက္ခပေး၍ မရနိုင်ပေ။ ထိုအရာက စိုးရိမ်နေရန်လည်း ထိုက်တန်ခြင်း မရှိချေ။
သူ့တာဝန် ပြီးဆုံးသွားသည်နှင့် သူက သံသရာအရှင်သခင်၏ အကူအညီကို ရယူနိုင်သည်။ လက်ရှိအချိန်တွင် သူက ဓမ္မကာရအဆင့် ပစ္စည်းတစ်ခုကို သယ်ဆောင်ထားသေး၏။ ထိုအရာက ဆရာကြီးလု သူ့ကို လက်ဆောင်ပေးခဲ့သော သစ်သားရုပ်ထုလေးဖြစ်သည်။
သူက လက်ထဲတွင် ထိုအရာကို အချိန်တော်တော်ကြာ ဆုပ်ကိုင်ထားခဲ့၏။ သစ်သားရုပ်ထုလေးကတော့ တူညီသောခံစားမှုကိုသာ ရခဲ့ပြီး တူညီသော သစ်သားရုပ်ထုလေးသာ ဖြစ်နေသေးသည်။
"ဆက်ပြီး ရှာကြမယ်…"
သတ်ဖြတ်ရေးယက္ခက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
မုန့်ချီနှင့် မူလဖရိုဖရဲနတ်ဆိုး ကျားကျန်းတို့က စကားတစ်ခွန်းမျှမပြောဘဲ ရှေ့ကို ဆက်လက်ရှာဖွေနေကြသည်။ သူတို့က တတိယမြောက် ခြေလှမ်း လှမ်းလိုက်သည့်အချိန်တွင် နောက်တစ်ကြိမ် မြူခိုးများ လွှမ်းခြုံသွားပြန်သည်။
မုန့်ချီက မူလနေရာတွင် ရပ်နေမည့်အစား သူ၏ဦးတည်ချက်ကို သတိထား၍ ပြောင်းလဲနေခဲ့၏။ မိနစ်အနည်းငယ် ကြာပြီးနောက် မြူခိုးများ ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် မြေကွက်လပ်က ရှင်းလင်းနေပြီး အဝေးတွင် သတ်ဖြတ်ရေးယက္ခတစ်ယောက်သာ ရပ်နေကြောင်း တွေ့လိုက်ရသည်။
"ကျားကျန်းလည်း သေဆုံးသွားခဲ့တာလား…"
မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး အသွေးအသားများကဲ့သို့ အရာတစ်ခုကို ရှာတွေ့လိုက်ရသည်။ မူလဖရိုဖရဲနတ်ဆိုး ကျားကျန်း၏ ခန္ဓာကိုယ်က ကျောက်တုံးကြီး အမြောက်အများကို ဖျက်ဆီးပစ်လိုက်သလို ထင်မှတ်ရ၏။
မုန့်ချီကတော့ ကျောက်တုံးများကြားထဲတွင်ရှိနေသော အဝတ်အစားကိုကြည့်၍ တစ်ဖက်လူ၏ အဆင့်အတန်းကို သတ်မှတ်နိုင်ရုံသာ ရှိသည်။ ကျားကျန်း၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အရာဝတ္ထုအားလုံးက အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။
"ဒါဆိုရင် ရင်းနှီးနေသလို ခံစားရတဲ့ သက်လတ်ပိုင်း စာသင်သားကတောင် သေဆုံးသွားခဲ့တာပဲ…"
မုန့်ချီက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ အမှန်အတိုင်း ပြောရလျှင် ထိုအရာက ပိုမီတိုင်းပြည်တစ်ခုလုံးကို မြှုပ်နှံပစ်ခဲ့သော အပူအပင်မဲ့တောင်ကြား ဖြစ်သည်။ သူနှင့်အတူ ထိုပြဿနာကို ရှင်းလင်းပေးမည့် စစ်ဆေးသူတစ်ယောက် ရှိနေသည်မှာ ကံကောင်းသွား၏။
မုန့်ချီနှင့် သတ်ဖြတ်ရေးယက္ခတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး တစ်ဖက်လူ၏ မျက်လုံးထဲတွင် မယုံကြည်မှုများ မြင်နေရသည်။
"ကျုပ်တို့က ဆက်သွားကြမှာလား ... "
မုန့်ချီက မေးလိုက်၏။
"သွားတာပေါ့.."
သတ်ဖြတ်ရေးယက္ခက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
ဝင်ပေါက်က နောက်ထပ် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။ သူတို့(၂)ယောက်က ပုခုံးချင်းယှဉ်၍ လျှောက်လာပြီး ခြေလှမ်း(၃)လှမ်း ကြာပြီးနောက် မြူခိုးများက နောက်တစ်ကြိမ် လွှမ်းခြုံသွားပြီး သူတို့၏အာရုံကို ဖုံးလွှမ်းလိုက်၏။ သူ၏နားလည်မှုများအပေါ် အခြေခံပြီး မုန့်ချီက သူ၏လက်ရှိနေရာမှ ထွက်သွားရန် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
သူ၏အာရုံခံစွမ်းအားထဲတွင် မြူခိုးများက သူ၏ပတ်ပတ်လည်ရှိ ချီစွမ်းအင်ပင်လယ်ကြီးကို လွှမ်းမိုးထားပြီး အရာအားလုံးကို ဖုံးအုပ်ထားသည်။ ရုတ်တရက်ဆိုသလို အရိပ်တစ်ခုကဲ့သို့ လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြီး အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။
ထိုအရာက ကင်းခြေများကြီး တစ်ကောင်ကဲ့သို့ မုန့်ချီ၏ ပတ်ပတ်လည်တွင် ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်လုံး သတိထားနေသော မုန့်ချီက လေလှိုင်းသဖွယ် ပြောင်းလဲလိုက်ပြီး မကောင်းဆိုးဝါးချီစွမ်းအင်များ ပေါင်းစပ်ထားသည့် ကင်းခြေများကြီး၏ အဝေးသို့ ရုန်းထွက်လိုက်သည်။
ရုတ်တရက်ဆိုသလို မြူခိုးထဲမှနေ၍ မုန့်ချီရှိရာကို လူသားပုံသဏ္ဍာန်အရိပ်တစ်ခု ခုန်ထွက်လာသည်။ သူက လက်သီး၊ လက်သည်း၊ ဓား၊ တူနှင့် ဓားမောက်တစ်ခုကို သုံးလိုက်ခြင်း ဟုတ်မဟုတ်ပင် မသေချာခဲ့ပေ။ သို့သော် ထိုအရာက အနှစ်သာရများနှင့် လုံးဝကို ကွဲထွက်နေသည်။
တိုက်ခိုက်မှုက အလွန်အမင်းကို အစွမ်းထက်လွန်းလှပြီး အရာအားလုံး အဖျက်စွမ်းအားများ ပြည့်နှက်နေသလို ခံစားရ၏။ အရာအားလုံး ပျက်စီးသွားသည့် ခံစားမှုက မုန့်ချီ၏ ရင်ထဲကို စူးစူးဝါးဝါး ထိုးဖောက်လာခဲ့သည်။
မုန့်ချီက ခုခံရန် ကြိုးစားနေခြင်း မရှိဘဲ သူ၏တံခါးပေါက်များအားလုံးကို ဖွင့်နေရင်း ဓားနှင့် လှမ်းထိုးလိုက်သည်။ ခေါင်းပေါ်တွင်လည်း နေလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုဓားက နေလုံးကြီး၏အစွမ်းကို သယ်ဆောင်ထားပြီး တစ်ချိန်တည်းလိုလိုပင် ပုံရိပ်ယောင်အလင်းတန်းတစ်သောင်းခန့် ထွက်ပေါ်လာခဲ့သည်။
ထိုအလင်းတန်းက အရာအားလုံးကို ဝါးမြိုသွားခဲ့သည်။ နေလုံးကြီး၏ အကန့်အသတ်မဲ့ အလင်းတန်းများက နေရာတိုင်းကို ပျံ့နှံ့သွားခဲ့၏။
"ချွမ် … ချွမ် … ချွမ်…"
သူဓားက ပြိုင်ဘက်၏လက်သီး၊ ခြေထောက်များနှင့် ရင်ဆိုင်မိလိုက်ပြီး သံချင်းထိခိုက်သံများ ထွက်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို အရိပ်က ခေါင်းပေါ်တွင် ဦးချိုများ ဖန်တီးလိုက်၏။ မကောင်းဆိုးဝါးချီစွမ်းအင်များကလည်း လေထဲတွင် ပျံ့နှံလာခဲ့သည်။
ထိုအချိန်တွင် အလင်းတန်းများက ချက်ချင်းပျောက်ကွယ်သွားခဲ့၏။ မုန့်ချီကလည်း ရေလှိုင်းမီးတောက်ဓားဆီမှ ရောက်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ရုတ်တရက်ခံစားမိနေခဲ့သည်။ သူ၏အသွေးအသား၊ အရိုး၊ စိတ်ဝိညာဉ်နှင့် ပင်မဝိညာဉ်ကလည်း ပြိုင်ဘက်၏ ဆွဲချခြင်းကို ခံလိုက်ရသည့်အလား လျော့ရဲလာသလို ခံစားနေရ၏။
သူ၏အရေပြားပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ဆွဲငင်အားများကလည်း အသုံးမဝင်နိုင်တော့ပေ။ ထိုအရာက သစ်ပင်ကြီးတစ်ပင်ကို လှုပ်ရှားရန်ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။
မုန့်ချီကို တိုက်ခိုက်နေသော ပြိုင်ဘက်၏ ချီစွမ်းအင်များက ရုတ်တရက် ပြောင်းလဲသွားပြီး အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားနေရသည်။ သူက ချက်ချင်းပင် ရေလှိုင်းမီးတောက်ဓား၏ ကန့်သတ်ချက်များကို ဖျက်ဆီးလိုက်ပြီး အလိုက်သင့် လှုပ်ရှားလိုက်၏။
"ဖျောက်…"
လက်ဝါး(၂)ဖက်ကြားထဲတွင် ညှပ်ထားခံရသော ရေလှိုင်းမီးတောက်ဓားဆီမှ နေမင်းကြီး၏အစွမ်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ဆက်တိုက် ပေါက်ကွဲထွက်လာပြီး ခြစ်ခြစ်တောက် ပူလောင်သော အပူရှိန်များ ပျံ့နှံလာခဲ့၏။
ထိုစွမ်းအားကို အသုံးပြု၍ ဓားက လက်ဝါး(၂)ဖက်ကြားထဲမှ လွတ်ထွက်လာခဲ့ပြီး ပြိုင်ဘက်၏ရင်ဘတ်ကို ထိုးလိုက်မိသည်။ ပြိုင်ဘက်၏ ရင်ဘတ်က ရွှေနှင့်ဖန်တီးထားသည့်အလား ထင်မှတ်ရ၏။ သို့သော် ရေလှိုင်းမီးတောက်ဓားက စက္ကန့်ပိုင်းလေးအတွင်း အဖိုးတန်လက်နက်တစ်ခုကိုပင် ရပ်တန့်သွားစေနိုင်သည်။
"ဖျောက်…"
အလွန်ပြင်းထန်သော အပူရှိန်က ဓားထဲမှ ထွက်ပေါ်လာပြီး နေလုံးကြီးဆီမှ ဆက်တိုက်ပေါက်ကွဲမှုများ ထွက်ပေါ်လာသည်။ အရေပြားများ လောင်ကျွမ်းသည့် ရနံ့တစ်ခုကလည်း မုန့်ချီ၏ နှာခေါင်းထဲသို့ ရောက်လာခဲ့၏။
ပေါက်ကွဲမှုကြောင့် ပတ်ပတ်လည်တွင် ရှိနေသော မြူခိုးများကပင် ပါးလွှာသွားသည်။ ပြိုင်ဘက်က ထိုအခွင့်အရေးကို အရယူပြီး သူ့ဓားနှင့် အဝေးကို ပျံသန်းသွားခဲ့သည်။ သို့သော် ထိုဓားက သူ့ရင်ဘတ်ထဲတွင် အပေါက်ကြီးတစ်ခုအဖြစ် အရည်ပျော်သွားစေခဲ့သည်။
သူ၏ကိုယ်တွင်းအင်္ဂါတစ်ဝက်ခန့်က အရည်ဖြစ်သွားခဲ့ပြီး အခြားတစ်ဝက်က မည်းတူးသွားခဲ့၏။ ထိုအချိန်ကျမှသာ မုန့်ချီ၏ခြေလက်များက ထုံကျင်သွားခြင်းကို ခံစားလိုက်ရသည်။
"သူပဲ ... အဲဒါက ကောင်းကင်နတ်ဆိုးကျင့်စဉ်ပဲ…"
နောက်ဆုံးတွင်တော့မုန့်ချီက အဖြူရောင်မြူခိုးထဲတွင် သူ့ပြိုင်ဘက်ကို မြင်တွေ့လိုက်ရ၏။ ထိုအရာကတော့ ကြိုးစားလျှင်ပင် မသေနိုင်သော လူတစ်ယောက်ဖြစ်သည်။မူလဖရိုဖရဲနတ်ဆိုး ကျားကျန်းဖြစ်၏။
မုန့်ချီက သူအသုံးပြုခဲ့သော သိုင်းပညာကိုကြည့်၍ သူ၏အစစ်အမှန်နာမည်ကို ချက်ချင်း မှတ်မိသွားခဲ့၏။ သူက ဒဏ္ဍာရီအဖွဲ့မှ အဘိုးကြီးကျုံးဖြစ်ပြီး သံသရာခရီးသွား တစ်ယောက် မဟုတ်ချေ။ ထို့ကြောင့်လည်း သူက အစောပိုင်းတွင် မည်သည့်ဒဏ်ရာမျှမရခဲ့ခြင်းဖြစ်သည်။
ကောင်းကင်မကောင်းဆိုးဝါးရွှေခန္ဓာက အသုံးပြုသူကို ဓားလှံများ တိုးမပေါက်စေနိုင်သည့် နတ်ဘုရားစွမ်းရည်တစ်ခု ပိုင်ဆိုင်ထားသည်။ မူလရုပ်ရည် ပြန်ပြောင်းသွားသော အဘိုးကြီးကျုံးက မျက်နှာပေါ်တွင် အဖုအပိန့်အသစ်များ ထွက်ပေါ်လာသည့်အတွက် ပို၍ပင်ရုပ်ဆိုးနေခဲ့သည်။
သူက နောက်သို့ ဆက်တိုက် ထွက်သွားခဲ့ပြီး မီးခိုးရောင်မြေကွက်လပ်ဆီသို့ ရောက်သွားခဲ့သည်။ မုန့်ချီက သူ့နောက်ကို လိုက်သွားရန် စဉ်းစားခဲ့သော်လည်း မြူခိုးများ၏ လွှမ်းခြုံခြင်းကို ခံထားရ၏။
ထိုအချိန်တွင် မြူခိုးများက အကြီးအကျယ် ပျောက်ကွယ်သွားပြီး သတ်ဖြတ်ရေးယက္ခ၏ ခန္ဓာကိုယ်ထဲမှ ဓာတ်ကြီး(၅)ပါးအလင်းရောင်များ တောက်ပနေကြောင်း မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က ကြည်လင်တောက်ပနေသော ငရဲဝိညာဉ်တစ်ခု၏ လွှမ်းမိုးခြင်းကို ခံထားရ၏။
အလွန်ထူးခြားသော ငရဲဝိညာဉ်က အသက်ကြီးသော ပုံသဏ္ဍာန်ရှိနေပြီး အနက်ရောင်ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ သူ၏ခေါင်းတွင်ရှိသော ဆံပင်များက အဖြူရောင်ဖြစ်ပြီး မြွေများကဲ့သို့ဖြစ်နေသည်။ သူတို့က နောက်ကျောကို ကျရောက်နေခဲ့၏။
မြူခိုးများ ပျောက်ကွယ်သွားသည့်အချိန်တွင် သူက မုန့်ချီအား တိုက်ခိုက်ခြင်းကို လက်လျှော့လိုက်သည်။
"မင်း ..."
သတ်ဖြတ်ရေးယက္ခက မြူခိုးများ၏အကာအကွယ်အောက်တွင် ရှိနေသော အဘိုးကြီးကျုံးကို စိုက်ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။ သို့သော် သူကတော့ မဆင်မခြင်မလုပ်ခဲ့ပေ။ သူက တစ်စုံတစ်ခုကို စောင့်နေသလို ထင်မှတ်ရ၏။
အဘိုးကြီးကျုံးက သူတို့ကို ထူးဆန်းစွာပြုံးပြလိုက်သည်။ သူ့အသံက သူတို့ကို ကျီစယ်နေသယောင် ထင်ရ၏။
"ငါ့ကိုဖိတ်ခေါ်လိုက်တာက မင်းရဲ့အမှားပဲ ..."
"မင်းက ဘာလိုချင်တာလဲ ... ငါတို့တွေတစ်ယောက်မှ အခုချိန်ထိ ရှင်သန်ခြင်းဝင်ပေါက်ထဲကို မရောက်သေးဘူး…"
အဘိုးကြီးကျုံးက ဘာကြောင့် မဆင်မခြင် တိုက်ခိုက်နေကြောင်း သတ်ဖြတ်ရေးယက္ခက နားမလည်နိုင်တော့ပေ။
ထိုအချိန်တွင် အဘိုးကြီးကျုံး၏ ရင်ဘတ်၌ ရှိနေသော အသွေးအသားများက လှုပ်ရှားလာပြီး ကိုယ်တွင်းအင်္ဂါများက ပြောင်းလဲသွားသည်။ သူက မုန့်ချီကိုကြည့်ပြီး ပြောလိုက်၏။
"ငါက မင်းကို သတ်ချင်နေတာ…"
သူ့စကားလုံးများကြောင့် မုန့်ချီက တစ်စုံတစ်ခုကို သတိထားမိသွားပြီး သူ့ကို မေးလိုက်သည်။
"ဒဏ္ဍာရီတွေက အပူအပင်မဲ့တောင်ကြားနဲ့ ပတ်သက်ပြီး သဲလွန်စရှာဖို့ ခင်ဗျားကို လွှတ်လိုက်တာလား ... "
"ဒဏ္ဍာရီတွေလား…"
ဒဏ္ဍာရီအဖွဲ့မှကောင်းကင်ဧကရာဇ်က ကျင်းအင်ပါယာ၏ ရှင်ဘုရင်ကို သတ်လိုက်ကြောင်း သတ်ဖြတ်ရေးယက္ခက အစောပိုင်း ကုန်သွယ်မှုတွင် ကြားထားခဲ့သည်။ ယခုတော့ သူက ထိုအဖွဲ့အစည်းမှ လူတစ်ယောက်ကို တွေ့နေရ၏။ သူက အိပ်မက် မက်နေသလ ိုခံစားနေရသည်။
အဘိုးကြီးကျုံးက အချိန်ဆွဲပြီး ပြန်ဖြေလိုက်၏။
"ဟုတ်တယ် ..။ မင်းက အဖွဲ့ဖွဲ့ပြီး ရှင်သန်ခြင်းဝင်ပေါက်ထဲကို မြန်မြန်ဝင်ဖို့ ကြိုးစားလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။ တော်တော်မြန်တဲ့အတွက် ငါက ဒီသတင်းကို ပို့ဖို့တောင် အချိန်မရခဲ့ဘူး။ ဒီတော့ ငါ့မှာ ရွေးချယ်ခွင့်မရှိဘဲ မင်းတို့အားလုံးကိုသတ်ပြီး ဒီကိစ္စကို ဖုံးဖိထားမှပဲ ရတော့မှာပေါ့…"
အရာအားလုံးက ရုတ်တရက်ဖြစ်လာသည့်အတွက် သူက ဒဏ္ဍာရီများကို ပထမဆုံး သတိပေးနိုင်ခြင်း မရှိသလို သူတို့မရောက်ခင် အပူအပင်မဲ့တောင်ကြားထဲရှိ ရတနာများကို တစ်စုံတစ်ယောက် ရရှိသွားမှာလည်း ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့် သူတို့ကို လုပ်ကြံသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီး ထိုရတနာရှာဖွေရေးအဖွဲ့ကို ဖျက်ဆီးလိုခြင်းဖြစ်သည်။
သူ၏ပထမဆုံးကြိုးစားမှုက ကျရှုံးသွားလိမ့်မည်ဟု မည်သူကရော ထင်ထားလိမ့်မည်နည်း။ အခြေအနေပို၍ ဆိုးရွားသွားခဲ့သည်မှာတော့ ပထမဆုံး စသတ်သည်မှာ သူမဟုတ်ဘဲ မုန့်ချီ ဖြစ်နေသည်။
"ဒါဆိုရင် အဲဒီငရဲဝိညာဉ်က ဘယ်သူလဲ ... "
သတ်ဖြတ်ရေးယက္ခက မေးလိုက်၏။
အဘိုးကြီးကျုံးက ခနဲ့သလို ပြောလိုက်သည်။
"ငါသိထားတဲ့ အချက်အလက်တွေအရ ပိုမီရဲ့အရေးပါတဲ့နေရာတွေကို စောင့်ကြပ်နေတဲ့ ဘိုးဘေးဝိညာဉ်ရှိတယ် .။ မင်းကသာ သူတို့တွေကို လှိုက်လှိုက်လှဲလှဲ အရိုအသေပေးတယ်ဆိုရင် သူတို့က မင်းကိုကူညီပေးမှာပဲ ..”
“မင်းက ဝင်ပေါက်ကိုဖွင့်ဖို့ အရိုအသေပေးခဲ့တာ မဟုတ်ဘူးလား…"
သတ်ဖြတ်ရေးယက္ခက ချက်ချင်း နားလည်သွားခဲ့သည်။
ပုံမှန်အားဖြင့် ရာစုနှစ်တစ်ခုကျော် ကိုးကွယ်ယုံကြည်ခြင်းမရှိသော ဘိုးဘေးဝိညာဉ်များက ပျောက်ကွယ်သွားရပါလိမ့်မည်။ သို့သော် ဤနေရာကတော့ အလွန်ထူးခြား၏။ ဤနေရာက စိုစွတ်ပြီး ကြောက်စရာကောင်းသည့်အပြင် ကြောက်မက်ဖွယ်ရာ လေလှိုင်းများ ပြည့်နက်နေသည်။
ထိုအရာကြောင့် ဘိုးဘေးဝိညာဉ်များက နှစ်ပေါင်း(၁၀၀၀)ကျော် တည်ရှိနေရန် လုံလောက်သည်။ သို့သော် ကြည့်ရသည်မှာတော့ ထိုအရာက အသိဉာဏ်ဆုံးရှုံးသွားခဲ့ပြီး မသိစိတ်အတိုင်း လှုပ်ရှားနေခြင်းသာ ဖြစ်ပုံရ၏။ ထို့ပြင် သူက မြူခိုးများကို အားကိုးနေရသည်။
အဘိုးကြီးကျုံး၏ရင်ဘတ်က မူလအတိုင်း ပြန်ဖြစ်သွားခဲ့သော်လည်း သူ၏အငွေ့အသက်က အားနည်းသွားပုံရ၏။ မုန့်ချီနှင့် သတ်ဖြတ်ရေးယက္ခတို့ကိုကြည့်ပြီး သူက ခနဲ့သလို ပြောလိုက်သည်။
"မင်းတို့က မလှုပ်ရှားရဲကြဘူးလေ။ ဘာလို့လဲဆိုတော့ ပုံရိပ်ယောင်ဝင်္ကပါကို အသက်သွင်းမိသလိုဖြစ်မှာစိုးလို့ မဟုတ်လား။ ဘိုးဘေးဝိညာဉ်ကလာပြီး တိုက်ခိုက်မှာကို ကြောက်နေကြတာ မဟုတ်လား။ ကိစ္စမရှိပါဘူး ... ငါက မင်းတို့အတွက် အသက်သွင်းပေးပါ့မယ်…"
သူ့အသံ ပျောက်ကွယ်သွားသည့်အချိန်တွင် သတ်ဖြတ်ရေးယက္ခ၏ရယ်သံကို ကြားလိုက်ရသည်။
"ကျားကျန်း …
ငါက မင်းလို အသိတစ်ယောက်ကို ဘာကြောင့်ဖိတ်ခေါ်ခဲ့တယ်လို့ ထင်လဲ ..."
အံ့ဩမှင်တက်နေသော အဘိုးကြီးကျုံးက တီးတိုးရေရွတ်လိုက်သည်။
“ဘာလို့လဲ…”
သတ်ဖြတ်ရေးယက္ခ၏ အမူအရာက အေးစက်သွားခဲ့၏။
"ငါက မင်းကို ဖိတ်ခေါ်ခဲ့တယ်ဆိုတာ ငါ့ဆီမှာမင်းကို သတ်နိုင်တဲ့အစွမ်းမျိုး ရှိနေလို့ပဲ။ ငါက မင်းနဲ့ရတနာတွေကို ဝေမျှပြီး မယူချင်ဘူး…"
ရုတ်တရက် ဆိုသလို လေထဲတွင် လူတစ်ယောက် ပေါ်လာပြီး လက်(၂)ဖက်က လက်သည်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်သွေးများကလည်း မိုးများကဲ့သို့ ကျဆင်းလာပြီး ဘိုးဘေးဝိညာဉ်ကို ဝင်္ကပါထဲမှ ဆွဲထုတ်လိုက်၏။ ထွက်ပေါ်လာသူအသစ်ကတော့ ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နဖူးပေါ်တွင် အဖြူရောင်နဖူးစည်းတစ်ခုကို ချည်ထားသည်။ သူ့ခေါင်းတွင် မြွေပုံသဏ္ဍာန် ဆံထိုးတစ်ခုကို ထိုးထား၏။ သူ၏မျက်နှာအရေပြားများက တွန့်နေပြီး ဘိုးဘေးဝိညာဉ်၏ ပုံသဏ္ဍာန် ဖြစ်နေသည်။
"ငရဲအင်ပါယာ…"
အဘိုးကြီးကျုံး၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူက ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ဝင်ပေါက်မှ ချက်ချင်း ပြေးထွက်သွားခဲ့သည်။
သတ်ဖြတ်ရေးယက္ခက တည်ငြိမ်နေပုံရသည်။ သူက ထိုအရာကို တစ်ချိန်လုံး စီစဉ်ထားသလို ထင်မှတ်ရ၏။ သူက အဘိုးကြီးကျုံး၏နောက်ကို လိုက်သွားရန် အစီအစဉ်မရှိပေ။ ထိုအစား မုန့်ချီကို လှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"မင်းက တော်တော်လေးကို တည်ငြိမ်နေပါလား ။ မင်းက မကြောက်ဘူးလား.."
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"ကျုပ်က ဘာလို့ကြောက်ရမှာလဲ…."
Translated by Hein Htet.