အခန်း (၅၁၄)
Vol. 35 Ch. 514
"ဘာကိုကြောက်ရမှာလဲ…"
"သိုင်းသခင်အဆင့်ကို ရောက်ခါနီးနေတဲ့ ငရဲအင်ပါယာရဲ့တိုက်ခိုက်မှုက သူ့ဆီကို ရောက်တော့မှာကိုတောင် သူက ဘာကို ကြောက်ရမှာလဲလို့ ဘာလို့မေးနေသေးတာလဲ…"
မုန့်ချီ၏ အဖြေကြောင့် သူ့ဆီကို နီးကပ်လာနေသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည့်အခါ သတ်ဖြတ်ရေးယက္ခက အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူက မုန့်ချီကို လှည့်ကြည့်ပြီး အော်ဟစ်လိုက်၏။
"မင်း ...."
သူက ချည်းကပ်လာနေသော ငရဲအင်ပါယာရှိရာကို ပြန်လှည့်ကြည့်လိုက်သည်။ သတ်ဖြတ်ရေးယက္ခက လက်တုန့်ပြန်တိုက်ခိုက်နေသူများ၏ လက်ထဲမှနေ၍ ထွက်ပြေးပြီး ပိုမီနယ်မြေထဲတွင် အသက်ရှင်ရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ သူက အလွန်တည်ငြိမ်သော မုန့်ချီ၏အမူအရာကို သတိမထားမိလောက်အောင် အရူးတစ်ယောက် မဟုတ်ချေ။
"သူ့ဆီမှာ ဝှက်ဖဲတစ်ချပ် သေချာပေါက် ရှိနေတယ်…"
သူ့ခေါင်းထဲတွင် အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုအချိန်တွင် အလွန်အေးစက်သော ခံစားမှုတစ်ခုကို ခံစားလိုက်မိသည်။ သူ၏ သွေးကြောများထဲတွင် ရှိနေသော သွေးများက အေးခဲသွားခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ခဲလာခဲ့သည်။ ငရဲအင်ပါယာနှင့် ဘိုးဘေးဝိညာဉ်တို့ကလည်း နှေးကွေးသွားခဲ့၏။
အလွန်လျှို့ဝှက်ဆန်းကြယ်သော သွေးနီရောင်အရည်များက အလွန်ကြီးမားသော ရေခဲလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး အခန်းတစ်ခုလုံးကို ရေခဲဓာတ်များ လွှမ်းခြုံလာစေခဲ့၏။ ရေခဲလှိုင်းများ တိုက်ခတ်လာသည့်အချိန်တွင် အခန်းထဲ၌ ရှိနေသော အရာအားလုံးက တလက်လက်တောက်ပလာပြီး ရေခဲငွေ့များနှင့် ပြည့်နှက်နေခဲ့သည်။
ထိုအချိန်တွင် ဆောင်းရာသီ နေမင်းကြီးကဲ့သို့ လှပသော လက်ဝါးလေးတစ်ဖက်က အခန်း၏အမိုးပေါ်မှ ကျဆင်းလာခဲ့၏။ ကျဆင်းလာသည့် လက်ဝါး၏ ပတ်ပတ်လည်တွင် နှင်းပွင့်လေးများ ပြည့်နှက်နေပြီး ဧရာမလက်သီးတစ်ခုပမာ ရေခဲအလင်းတန်းများ ထွက်ပေါ်လာနေခဲ့သည်။
ထိုလက်ဖဝါးက သူ့ကို တိုက်ခိုက်လိုက်မိသည့်အချိန်တွင် ငရဲအင်ပါယာ၏ ခန္ဓာကိုယ်ထဲမှနေ၍ မီးပွားလေးများ ထွက်ပေါ်လာခဲ့၏။ ထိုအရာက ခုခံကာကွယ်လိုက်ခြင်းလား။ သို့မဟုတ် မှော်ရတနာတစ်ခု၏ အကျိုးသက်ရောက်မှုလား သူတို့က သေချာမသိကြပေ။
ဖြူဖပ်ဖြူရော် လက်ကလေးက အမှတ်အသားပေါ်သို့ ကျရောက်လာခဲ့ပြီး ငရဲအင်ပါယာက ထွက်ပြေးရန် လုံးဝမဖြစ်နိုင်တော့ပေ။
"ဗုန်း...."
ငရဲအင်ပါယာနှင့် ဘိုးဘေးဝိညာဉ်တို့က အသွေးအသားများအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဝေးမှနေ၍ ကျဆင်းလာသော သွေးများက အနီရောင်သလင်းကျောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး သွေးနီရောင်အလုံးလေးများ ဖြစ်နေခဲ့၏။ သူတို့၏ရှေ့တွင် ရှိနေသော မှော်ဆန်သည့် ဝင်္ကပါကပင် ထိုတိုက်ခိုက်မှု၏ အစွမ်းနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။
"ဘယ်လိုလုပ်လိုက်တာလဲ…"
သတ်ဖြတ်ရေးယက္ခက မျက်နှာပျက်သွားခဲ့၏။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ အတွေးတစ်ခုပင် ပေါ်မလာခဲ့ပေ။
"ငရဲအင်ပါယာက သိုင်းကွက် တစ်ကွက်တည်းနဲ့ သေဆုံးသွားခဲ့တာလား…"
ရန်သူ၏တိုက်ခိုက်မှုတွင် ပါဝင်နေသော အငွေ့အသက်များကြောင့် မုန့်ချီကိုယ်တိုင်ပင် အတော်လေး ထိတ်လန့်သွားခဲ့ရသည်။
"ဒါက ဘိုးဘေး ဒိုမူရဲ့ စွမ်းအားပဲလား…"
သူက တစ်ယောက်တည်း စဉ်းစားနေမိခဲ့သည်။
"ဒါက ဓမ္မကာရတစ်ဝက်အဆင့်နဲ့ သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားကွာဟမှုလား…"
သူက တစ်ယောက်တည်း စဉ်းစားနေမိခဲ့၏။
"ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကတော့ အခုမှ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ရောက်တဲ့ လူသစ်တစ်ယောက်လို ဖြစ်နေတာလား။ မဟုတ်သေးဘူး ။ ကွာဟမှုက ပိုပြီးတော့တောင် ကြီးသေးတယ်။ ငရဲအင်ပါယာက သူ့ရဲ့ဒေါသကို ဖြေဖျောက်တဲ့ သဘောမျိုးပဲ။ ဒါပေမဲ့ သူကတော့ သိုင်းကွက်တစ်ကွက်အတွင်း အစိတ်အစိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရတယ်…"
ထိုအချိန်တွင် ငိုကြွေးခြင်းအကြီးအကဲက စုဝူမင်၏ ဓားချက်တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားခဲ့သည်ကို မုန့်ချီက ပြန်လည်အမှတ်ရသွားခဲ့၏။ တစ်ဖက်လူကလည်း အလားတူ အခြေအနေမျိုးကို ကြုံခဲ့ရခြင်းဖြစ်ပုံရသသည်။
လော့ရန်တွင် တိုက်ခိုက်နေစဉ် အတောအတွင်း ဘိုးဘေးဒိုမူ၏ အစွမ်းသာ ပြည့်ပြည့်ဝဝ သုံးနိုင်ခဲ့မည်ဆိုလျှင် ကူရှောင်စန်းနှင့် ဝေ့ကျင်းအဆင့် စွမ်းအားများ ပိုင်ဆိုင်ထားသော လော်အဖွဲ့အစည်းမှ နောက်လိုက်များကို ရှင်းပစ်နိုင်စွမ်း ရှိနိုင်သည်။ သူမက အစွမ်းကို ထိန်းချုပ်ထားရပြီး သဘာဝတရားကြီး၏အစွမ်းကို အသုံးပြု၍ မရခဲ့သည်မှာ လော့ရန်ဝင်္ကပါကို ကြောက်လန့်နေခြင်းကြောင့် ဖြစ်သည်။
လေထဲတွင် အေးခဲသွားသည့် ရေခဲလွှာများက အဘိုးကြီးကျုံးကို ချုပ်နှောင်ထားလိုက်၏။ ထိုအချိန်တွင် သူကတော့ မှော်ရတနာကို အသုံးပြုပြီး လွတ်မြောက်ရန် ကြိုစားနေခဲ့သည်။ သူက မြေပြင်ပေါ်သို့ အရှိန်နှင့် ပြုတ်ကျသွားခဲ့၏။ ထိုသို့ဆိုရာတွင် သူ့ကို ထိန်းချုပ်ထားသော ရေခဲများကတော့ အေးအေးဆေးဆေးသာ ဖြစ်နေသေးသည်။
သတ်ဖြတ်ရေးယက္ခက ထိတ်လန့်ကြောက်ရွံ့နေခဲ့၏။ သူက တုန်လှုပ်နေသော အမူအရာနှင့် မုန့်ချီကို စိုက်ကြည့်နေမိပြီး သူ၏မျက်လုံးထဲတွင် သနားညှာတာမှုကို တောင်းဆိုနေသလို ထင်ရသည်။
ရုတ်တရက်ဆိုသလို သူက မမြင်ရသော လက်တစ်ဖက်၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ သူက မသက်မသာ ဖြစ်နေပြီး လှုပ်ရှား၍ မရတော့သည့်အတွက် မည်သည့်အရာကိုမျှ လုပ်နိုင်ခြင်းမရှိတော့ဘဲ သူ့ဆီကို ထိုးဖောက်လာသော အေးစက်သည့် အငွေ့အသက်များကိုသာ ခံစားမိနေခဲ့၏။
ရေခဲအငွေ့အသက်များက သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာခဲ့ပြီး သူ၏ သွေးကြောများကို အေးခဲစေ၍ ပင်မဝိညာဉ်ကိုပင် အားနည်းသွားစေခဲ့သည်။ သူကတော့ တဖြည်းဖြည်း မူးဝေလာခဲ့ပြီး သိစိတ်တစ်ခုက သူနှင့် အဝေးကို ရောက်ရှိသွားခဲ့၏။
သူ့ဆီကို အမှောင်ထုကြီး ကျရောက်လာခဲ့သော်လည်း သူက အံ့သြမှင်တက်နေသည့် မုန့်ချီကို စိုက်ကြည့်နေမိ၏။ ထိုအချိန်တွင် မြေပြင်ပေါ်၌ ရှိနေသော အလောင်း (၂)လောင်းက အသွေးအသားများအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
"ငါ ဘယ်သူလဲ။ ငါ ဘယ်သူလဲ... "
ရုတ်တရက် ဖြစ်ပေါ်လာသော အဖြစ်အပျက်ကြောင့် မုန့်ချီက သူ့ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။ သတ်ဖြတ်ရေးယက္ခက ခန္ဓာကိုယ်တစ်ဝက်ခန့် အေးခဲ့သွားခဲ့ပြီး မလှုပ်ရှားနိုင်တော့ချေ။
"ငါဘယ်သူလဲ… "
သတ်ဖြတ်ရေးယက္ခ၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာပြီး တဖြည်းဖြည်း အဝေးတွင် ပျောက်ကွယ်သွားခဲ့သည်။ မူးဝေနေသော ခံစားမှုတစ်ခုလည်း ရောက်လာပြီး အအေးဓာတ်က သူ၏ပင်မဝိညာဉ်ကိုလည်း ဝါးမြိုနေခဲ့၏။
ထိုအချိန်တွင် နေရောင်ခြည်က သူ့တို့(၂) ယောက်ပေါ်သို့ ကျရောက်လာခဲ့သည်။ အနီရောင်ဓားအလင်းတန်းတစ်ခုက အဖျက်စွမ်းအားများနှင့်အတူ သူတို့ကို တိုက်ခိုက်လိုက်၏။ သူတို့တိုက်ခိုက်လိုက်သည့် စွမ်းအားများကြောင့် သူတို့က နေရောင်ခြည် ရောက်လာသည့် နေရာသို့ ကျသွားခဲ့ကြ၏။
စက္ကန့်ပိုင်းလေးအတွင်း သူတို့က အပူအပင်မဲ့တောင်ကြား၏ ရှင်သန်ခြင်းတံခါးပေါက်ကို ဖြတ်ကျော်သွားနိုင်ခဲ့၏။ ဘိုးဘေးဒိုမူက ဘိုးဘေးဝိညာဉ်ကို သုတ်သင်လိုက်သည့် အချိန်တွင် မှော်ဝင်္ကပါကလည်း ပျက်စီးသွားခဲ့သည်။
မုန့်ချီက တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့်အချိန်ကတည်းက လေထဲသို့ ပျံသန်းနေခဲ့သည်။ သူက လေထဲတွင် ရပ်နေပြီး ဘိုးဘေးဒိုမူကို စောင့်နေခဲ့၏။ အပူအပင်မဲ့တောင်ကြားထဲတွင် မည်ကဲ့သို့သော အန္တရာယ်မျိုးရှိနေကြောင်း မည်သူကမျှ မပြောနိုင်ပေ။ လိုဏ်ဂူထဲတွင် ရှိနေသော အအေးဓာတ်များက ငရဲအင်ပါယာနှင့် သူ၏အဖွဲ့သားများဆီသို့ ပျံ့နှံ့လာခဲ့၏။
မြူခိုးများထဲတွင် ဘိုးဘေးဒိုမူက ပေါ်လာခဲ့သည်။ သူမက မျက်နှာဖုံးအုပ်ထားခြင်းမရှိဘဲ သူမ၏မူလရုပ်ရည်အတိုင်း ရောက်လာခဲ့သည်။ သူမ၏ပုံစံက အလွန်တက်ကြွပြီး မနက်ခင်း နှင်းရည်စက်လေးများကဲ့သို့ လန်းဆန်းတက်ကြွနေခဲ့၏။ သူမက မကောင်းဆိုးဝါးလမ်းစဉ်ကို ကူးပြောင်းသွားခဲ့သော ဂိုဏ်းသားတစ်ယောက်ကို တရားမျှတမှုအတွက် ရှင်းပစ်ရန် အခွင့်အရေး ရှိသည်။ ဘိုးဘေးဒိုမူဟူသော သူမ၏အဆင့်အတန်းကိုတော့ လက်ရှိအချိန်တွင် ဖုံးကွယ်ထား၏။
“ဒါဆိုရင် သူက အစောပိုင်းမှာ ရေခဲနတ်သမီးရဲ့ ကျင့်စဉ်တွေကို သုံးလိုက်တာပဲ..”
ထိုအချိန်ကျမှသာ မုန့်ချီက အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။ ဘိုးဘေးဒိုမူ၏ ကျင့်စဉ်များ၊ နည်းလမ်းများကို အပြင်ဘက်တွင် လူမသိကြပေ။
"ရန်ကျန်းချန်ကို သုတ်သင်ပြီးသွားပါပြီ မိန်းကလေးယဲ့…"
မုန့်ချီက အင်မော်တယ် အသုံးအနှုန်းအစား သူမ၏အစစ်အမှန်နာမည်ကိုသာ ခေါ်လိုက်သည်။
ယဲ့ယုချီက စကားတစ်ခွန်းမျှ ပြန်မပြောဘဲ အသိအမှတ်ပြုလိုက်သည်။ သူမက အဘိုးကြီးကျုံးဆီသို့ ပျံသန်းသွားခဲ့၏။ ထိုအချိန်တွင် အသားစများထဲမှနေ၍ အနက်ရောင်အလင်းတန်းလေးတစ်ခု ထွက်ပေါ်လာပြီး ရှင်သန်ခြင်းတံခါးဆီသို့ ရောက်သွားခဲ့သည်။
"ငရဲအင်ပါယာက မသေသေးတာလား.."
မုန့်ချီက အလွန်ထိတ်လန့်သွားသော အမူအရာနှင့် တစ်ယောက်တည်း တွေ့လိုက်မိသည်။
"မဟုတ်ဘူး ။ သူ့ရဲ့အပေါ်ယံ ခန္ဓာပုံသဏ္ဍာန်က ပျောက်ကွယ်သွားပြီ။ ဒါက သူ့ရဲ့ပင်မဝိညာဉ်ပဲ။ မဖြစ်နိုင်ဘူး။ ဘိုးဘေးရဲ့တိုက်ခိုက်မှုကြောင့်ဆိုရင် သူ့ရဲ့ ပင်မဝိညာဉ်ကတောင် အေးခဲသွားပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားနိုင်ခဲ့တာပဲလေ.."
ယဲ့ယုချီက ထွက်ပြေးသွားသော ဝိညာဉ်ခန္ဓာကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် အဖြူရောင်ဝိညာဉ် ခန္ဓာတစ်ခုက ရှင်သန်ခြင်းတံခါးထဲသို့ ဝင်ရောက်သွားပြီး ထိုတံခါးပေါက်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ယုချီက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
"သူက ဒီနေရာကို တော်တော်လေး ရင်းနှီးတယ်ထင်တယ်…."
ထို့ကြောင့် သူမက သူ့ကို ဖမ်းဆီးရန် မအောင်မြင်ခဲ့ပေ။
"သူနဲ့ဘိုးဘေးဝိညာဉ်က တစ်ပုံစံတည်းပဲ။ သူက ပိုမီရဲ့ မျိုးဆက်တစ်ယောက် ဖြစ်နိုင်တယ်…."
မုန့်ချီက ကျယ်လောင်စွာ ပြောလိုက်၏။
"ဒါပေမဲ့ ဒီတိုင်းပြည်ထဲမှာ နေထိုင်ကြတဲ့သူတွေက ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးကြောင့် သေဆုံးသွားပြီဆိုတာ ကျွန်တော် ယုံတယ်.."
ယဲ့ယုချီက အပူအပင်မဲ့တောင်ကြား၏ မူလဇာစ်မြစ်နဲ့ ပတ်သက်ပြီး မုန့်ချီကို မေးခွန်းထုတ်ရန် မကြိုးစားခဲ့သလို ထွက်ပြေးသွားသော ဝိညာဉ်ခန္ဓာ၏ နောက်ကိုလည်း လိုက်သွားခဲ့ခြင်း မရှိချေ။ သူမက မြေပြင်ပေါ်တွင် အေးခဲနေသော အဘိုးကြီးကျုံးဆီကို လျှောက်သွားခဲ့၏။
"ကပ်ဆိုးကျရောက်နေစဉ် အတောအတွင်း ပိုမီရဲ့အဝေးကို ရောက်နေတဲ့ ကုန်သည်တွေလည်း ရှိသေးတယ်… "
သူမက ပြောလိုက်၏။
"ဘယ်လိုပဲ ဖြစ်ဖြစ်။ မျိုးရိုးစဉ်ဆက် ကြာခဲ့ရင်တောင် သူတို့က တူညီတဲ့ အချက်အလက်တွေကို ဝေမျှနေဦးမှာပဲ…"
"သူက ဘိုးဘေးလူဝင်စားများ ဖြစ်နိုင်မလား…"
မုန့်ချီက တစ်ယောက်တည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။
ယဲ့ယုချီက အဘိုးကြီးကျုံး၏ ရှေ့တွင် ရပ်လိုက်သည်။ သူမ၏ သေးသေးသွယ်သွယ် လက်ကလေးက သူ၏နဖူးပေါ်သို့ ကျရောက်သွားခဲ့၏။ ထိုအချိန်တွင် ရေခဲစွမ်းအင်များက သူ့ဆီကို ရောက်ရှိသွားခဲ့ပြီး သူမ၏အချုပ်အနှောင်က ပို၍ တိုးမြင့်လာခဲ့သည်။
"သူက ဒဏ္ဍာရီအဖွဲ့က တရားဝင်အဖွဲ့သားတစ်ယောက်ပဲ။ သူ့ကို တိုက်ရိုက်စုံစမ်းမေးမြန်းလိုက်မယ်ဆိုရင် ဒါမှမဟုတ် သူ့ရဲ့ ဝိညာဉ်ကို နှိပ်စက်လိုက်မယ်ဆိုရင် ပြောင်းပြန်သက်ရောက်မှုတွေ ဖြစ်သွားနိုင်တယ်။ ငါတို့က သတိထားကြစို့။ အရင်ဆုံး သူ့ရဲ့အစွမ်းနဲ့ သိုင်းကျင့်စဉ်တွေကို လေ့လာကြမယ်.."
ယဲ့ယုချီက မုန့်ချီကို သေချာစိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းရဲ့ အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်ကို သုံးပြီး သူ့ရဲ့ချီစွမ်းအင်တွေထဲကို ထိုးဖောက်ဖို့ ကြိုးစားလိုက်။ ငါက လမ်းကြောင်းတွေကို စုံစမ်းဖို့အတွက် သူ့ရဲ့စွမ်းအားတွေကို လှုံ့ဆော်လိုက်မယ်…"
"သူရဲ့ကျင့်စဉ်ကို ကောင်းကင်နတ်ဆိုး ကျင့်စဉ်လို့ခေါ်တယ်။"
မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
သူက အဘိုးကြီးကျုံး၏ ဘေးကို လျှောက်လာခဲ့၏။ သူ၏နဖူးပေါ်သို့ လက်တစ်ဖက်တင်လိုက်ပြီး ဒန်တျန်ပေါ်သို့ နောက်ထပ် လက်တစ်ဖက် တင်လိုက်သည်။ မုန့်ချီက သူ၏ချီစွမ်းအင်များကို အဘိုးကြီးကျုံး၏ ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်လိုက်၏။
မုန့်ချီက အလွန်တည်ငြိမ်အေးချမ်းသော ရေကန်တစ်ခုအလား သူ၏ပတ်ပတ်လည်တွင် သဘာဝစွမ်းအင်များ လှုပ်ရှားနေပြီး ချုပ်နှောင်ခံထားရသော အဘိုးကြီးကျုံး၏ ခန္ဓာကိုယ် အခြေအနေကို အာရုံခံ စစ်ဆေးကြည့်နိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့် ဘိုးဘေးက သူမ၏စွမ်းအားများကို လှုံ့ဆော်ပြီး အဘိုးကြီး၏ ပင်မဝိညာဉ်ကို လှုံ့ဆော်လိုက်သည်။ ထို့နောက် ကောင်းကင်နတ်ဆိုး ကျင့်စဉ်၏ မသိစိတ်ကို တုန့်ပြန်လိုက်၏။
ထိုအချိန်တွင် မုန့်ချီ၏ စိတ်ဝိညာဉ်အာရုံထဲတွင်တော့ အဘိုးကြီးကျုံး၏ ခန္ဓာကိုယ် တစ်လျှောက်လုံးတွင် ရှိနေသော သွေးကြောမှတ်များနှင့် တံခါးပေါက်များ၏ လမ်းကြောင်းကို မြင်လာရသည်။ အဘိုးကြီးကျုံး၏ ခန္ဓာကိုယ်ထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ကောင်းကင်မကောင်းဆိုးဝါးရွှေခန္ဓာ၏ လျှို့ဝှက်ချက်များက ဖြည်းဖြည်းချင်း ပေါ်လာခဲ့ရသည်။
မုန့်ချီ၏ အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်ကြောင့် သူက တစ်ခြားသူများ၏ ကျင့်စဉ်နှင့် စွမ်းရည်များကို အတုခိုးနိုင်သော စွမ်းရည်ရှိသည်။ ထို့ကြောင့်လျှင် သူက ကောင်းကင်နတ်ဆိုးကျင့်စဉ်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ကြည့်ရှုနိုင်ခြင်းဖြစ်၏။
အချက်အလက်အနည်းငယ် ရရှိရုံနှင့် သူ၏ကျင့်စဉ်များကို ပြည့်ပြည့်ဝဝ အတုခိုးရန် မဖြစ်နိုင်ပေ။ ထိုသို့ဆိုရာတွင် မုန့်ချီကတော့ အချိန်တိုလေးအတွင်း အဘိုးကြီးကျုံးအဖြစ် ဟန်ဆောင်ရန် လုံလောက်သေးသည်။
"ဒါက ကောင်းကင် မကောင်းဆိုးဝါးတိုက်စားခြင်း (၄) သွယ်ပဲ။ အဲဒါတွေက ကောင်းကင်နတ်ဆိုးကျင့်စဉ်ရဲ့ သွေးကြောတွေ တံခါးပေါက်တွေကို ပြောင်းလဲနေတယ်…"
မုန့်ချီက တတ်နိုင်သမျှ လေ့လာနေပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
ခဏကြာပြီးနောက် မုန့်ချီက မက်တပ်ထလိုက်ပြီး သူ၏စစ်ဆေးခြင်းကို အဆုံးသတ်လိုက်သည်။ သူက ဘိုးဘေးကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"မိန်းကလေးယဲ့ …
ကျွန်တော်က သူ့ရဲ့ စွမ်းအားတွေနဲ့ လမ်းကြောင်းလှည့်ပတ်မှုကို အကြမ်းဖျင်း နားလည်သွားပြီ။ ဒါက ကောင်းကင်နတ်ဆိုးကျင့်စဉ်ပါ… "
"ဓမ္မကာရအဆင့် ကောင်းကင်နတ်ဆိုးကျင့်စဉ်လား…"
ယဲ့ယုချီက သံသယဝင်နေခြင်းထက် သေချာသောအသံနှင့် မေးလိုက်၏။
"ဟုတ်တယ်။ ကောင်းကင်မကောင်းဆိုးဝါးရွှေခန္ဓာပါ…"
မုန့်ချီက သူ လေ့လာထားခဲ့သောအရာများကို တိတ်တဆိတ် စဉ်းစားနေရင်း ပြန်ဖြေလိုက်၏။ သူက အဘိုးကြီးကျုံးအဖြစ် ဟန်ဆောင်လိုက်ပြီး ဒဏ္ဍာရီအဖွဲ့ထဲသို့ ခိုးဝင်၍ လျှို့ဝှက်ပညာရှင်တစ်ယောက်အဖြစ် ဟန်ဆောင်၍ ရနိုင်သည်။ ထိုအရာက အလွန်အန္တရာယ်များသော်လည်း အကျိုးအမြတ်က အလွန်များပြားလှ၏။
ယဲ့ယုချီက ကောင်းကင်နတ်ဆိုးကျင့်စဉ်၏ အစွမ်းများကို အနည်းငယ်လေးသာ နားလည်ထားသည်။ သူမက အဘိုးကြီးကျုံးကို လှည့်ကြည့်လိုက်၏။
"ငါတို့က သူ့ဆီကနေ ဒဏ္ဍာရီတွေရဲ့အကြောင်းကို ဘာများသိနိုင်မလဲ ကြည့်ကြတာပေါ့။ ငါတို့က သူနဲ့အပေးအယူလုပ်နိုင်ရင်တော့ ပိုကောင်းမယ်…"
သံသရာအရှင်သခင်၏ တားမြစ်ချက်များက ဒဏ္ဍာရီများ၊ အင်မော်တယ် အဖွဲ့ဝင်များအပေါ် ကန့်သတ်ထားခြင်း မရှိချေ။ တစ်ဖက်လူကသာ အဖွဲ့အစည်း၏ အကျိုးအမြတ်ကို ဂရုမစိုက်လျှင် အဆင်ပြေနိုင်သည်။
ယဲ့ယုချီက ချုပ်နှောင်မှုကို အနည်းငယ် ဖယ်ရှားလိုက်ပြီး အဘိုးကြီးကျုံးကို စကားပြောခွင့်ပေးလိုက်သည်။
"မင်းက လက်ရှိအခြေအနေကို နားလည်သင့်တယ်။ ငါ့ရဲ့မေးခွန်းတွေကို အမှန်အတိုင်း ဖြေမယ်ဆိုရင်တော့ အသက်ရှင်ခွင့်ရမယ်…"
ယဲ့ယုချီက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအချိန်တွင် အဘိုးကြီးကျုံးကတော့ မျက်နှာပျက်ပျက်နှင့် ပြန်ဖြေလိုက်၏။
"ငါက အသက်ရှင်နေတာ ကြာလှနေပြီ ။ အားနည်းတဲ့လူတွေကိုလည်း သတ်ပစ်ခဲ့တယ်။ ပြီးတော့ ပြိုင်ဘက်ကင်းတဲ့လူဆိုတာ ဘယ်သူမှ မရှိဘူး။ ငါ့ရဲ့ ဆန္ဒတွေအားလုံးလည်း ပြည့်စုံသွားပြီ ။ မင်းတို့က ငါ့ကို အသက်ဆက်ရှင်ဖို့ ရည်ရွယ်ချက်တစ်ခုခု ပေးစမ်းပါ။ ငါက ဘယ်လိုပျော်ရွွှင်မှုမျိုး၊ ကျေနပ်ဝမ်းသာမှုမျိုးကို ရနိုင်မှာလဲ။ ငါက သူတို့ရဲ့ပင်မဝိညာဉ်တွေကို နှိပ်စက်ခဲ့တဲ့အချိန်မှာ သူတို့ရဲ့ အသွေးအသားတွေကိုလည်း စားသုံးခဲ့တယ်.."
"ဒါက ဝန်ခံနေတာလား…"
မုန့်ချီကတော့ အံ့သြနေမိခဲ့၏။
“သူ့လို မကောင်းဆိုးဝါး တစ်ကောင်က သေသွားတာမှ ပိုကောင်းဦးမယ်…”
"ဒါပေမဲ့ ငါ လုံးဝမလုပ်ခဲ့တဲ့ အရာတစ်ခု ရှိသေးတယ်…"
အဘိုးကြီးကျုံးက အားရပါးရ ရယ်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။
"ငါက လုံးဝအညံ့မခံတတ်ဘူး…"
သူက အံကြိတ်လိုက်ပြီး ကျယ်လောင်စွာ ဆက်၍ ရယ်မောနေခဲ့သည်။
သူ၏ နောက်ဆုံးတုန့်ပြန်မှုကို သတိထားမိသည့်အတွက် ဘိုးဘေးဒိုမူက သူ့ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမက အလွန်နောက်ကျသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ ငရဲမီးတောက်များ တောက်ပလာပြီး သူ့ကို လျင်မြန်စွာ ဝါးမြိုသွားခဲ့၏။ သူ၏ရယ်သံက ကြောက်စရာကောင်းသော်လည်း အနက်ရောင် မီးတောက်များက သူ့ကို ဆက်တိုက် ဝါးမြိုသွားခဲ့လေသည်။
"ငါက နေထိုင်ခဲ့ရတဲ့ဘဝကို မကျေမနပ် ဖြစ်တာမျိုး လုံးဝမရှိဘူး။ ဒီတော့ ငါက စိတ်အေးအေးနဲ့ သေလို့ရတယ်။ ငါ့လက်ထဲမှာ မကောင်းမှုတွေ၊ သွေးတွေ စွန်းထင်းနေတာကိုတောင် ငါက သနားညှာတာခွင့်ကို တောင်းနေရဦးမှာလား… "
"တကယ့်ကို အဆိုးရွားဆုံး မကောင်းဆိုးဝါး တစ်ကောင်ပဲ…"
မုန့်ချီကတော့ နဖူးပေါ်တွင် ချွေးများ ကျဆင်းလာနေခဲ့သည်။
အနက်ရောင်မီးတောက်များက အဘိုးကြီးကျုံး၏ အသွေးအသားများပေါ်တွင် ထွက်ပေါ်လာနေပြီး သူ၏လေဟာနယ်လက်စွပ်ကိုပင် ဝါးမြိုသွားခဲ့သည့်အတွက် ထိုအရာက ပျက်စီးပြီး အရည်ပျော်သွားခဲ့သည်။
နေရာတွင် ပြာများနှင့် အရိုးတစ်ခုတည်းသာ ကျန်နေခဲ့၏။ ထိုအရာကတော့ လက်ကောက်ဝတ်အရိုး ဖြစ်သည်။ အရိုး၏မျက်နှာပြင်ပေါ်တွင် အနက်ရောင် အညစ်အကြေးများ ပြည့်နေ၏။ သို့သော် ထိုအညစ်အကြေးများ၏ အောက်တွင်တော့ အရိုးက ဆင်စွယ်တစ်ခုအလား တလက်လက်တောက်ပနေခဲ့သည်။
မုန့်ချီက အရိုးကို ကိုင်ကြည့်လိုက်သော်လည်း သာမာန်အရိုးထက် ထူးခြားမှုမရှိချေ။ သို့သော် ထိုအရိုးထဲတွင် ပြောပြ၍ မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေကြောင်း သူ သိနေ၏။ ထိုအရာကတော့ ငရဲမီးတောက်၏ လောင်ကျွမ်းမှုမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
ယဲ့ယုချီက မုန့်ချီဆီမှ လက်ကောက်ဝတ်အရိုးကို ယူကြည့်လိုက်သည်။ သူမက အရိုးကို စစ်ဆေးကြည့်လိုက်သော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ရပေ။
မုန့်ချီက ရုတ်တရက် အမှတ်ရသွားခဲ့၏။
"အဘိုးကြီးကျုံးက အသက်ပြောင်းလဲခြင်းဂိုဏ်းက တပည့်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ သူက စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ရတနာတစ်ခုနဲ့အတူ ထွက်ပြေးသွားတယ်လို့ ကြားဖူးတယ်။ ဒီအရိုးက သူ ထွက်ပြေးနေတဲ့အချိန် ခိုးခဲ့တဲ့ ရတနာ ဖြစ်မယ်ထင်တယ်…"
"ငါ နားလည်ပြီ။ ဒါက အသက်ပြောင်းလဲခြင်းဂိုဏ်း ပိုင်ဆိုင်တဲ့အရာပဲ… "
ယဲ့ယုချီက တီးတိုးရေရွတ်လိုက်၏။
သူမက လက်ကောက်ဝတ်အရိုးကို မုန့်ချီဆီသို့ ပေးလိုက်ပြီး သူ့ကို စိတ်ဝိညာဉ်စွမ်းအားနှင့် ပြောလိုက်သည်။
"တကယ်လို့ ဒီအရာက တာဝန်တစ်ခုခုကို လှုံ့ဆော်နိုင်မယ်ဆိုရင် ငါတို့ကို သတိပေးပါ။ တကယ်လို့ မင်းအတွက် အသုံးဝင်တယ်ဆိုရင်တော့ မင်းဘာသာပဲ သိမ်းထားလိုက်ပါ။ ဒါက ဟွာမေ့တောင်တန်းရဲ့ သစ္စာဖောက်ကို သုတ်သင်ပေးတဲ့အတွက် မင်းရဲ့ ဆုလက်ဆောင်လို့ သတ်မှတ်လိုက်ပါ.."
မုန့်ချီကတော့ သူ၏ ပစ္စည်းများထဲတွင် နောက်ထပ်တိုးလာမည့် အခွင့်အရေးတစ်ခုကို လှိုက်လှိုက်လဲှလှဲ လက်ခံလိုက်သည်။ သူက ပြန်ဖြေလိုက်၏။
"မပူပါနဲ့ မိန်းကလေးယဲ့…”
“ဒီအရိုးက ဘာလဲဆိုတာ ကျွန်တော်လည်း စိတ်ဝင်စားနေတာ…"
သူက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ မုန့်ချီက အရိုးကို သိမ်းလိုက်၏။
ထိုအချိန်တွင် ယဲ့ယုချီက ရှင်သန်ခြင်းတံခါးဆီသို့ လျှောက်သွားကြောင်း သတိထားမိသွားသည့်အတွက် သူလည်း နောက်မှ အပြေးလိုက်သွားခဲ့သည်။ မှော်ဝင်္ကပါ ပျက်စီးသွားသည့်အတွက် တံခါးနားတွင် ရှိနေသော ဆိုကာပန်းပွင့်များက ညှိုးခြောက်ပြီး သေဆုံးသွားခဲ့သည်။
ကြွေကျနေသော ပွင့်ဖတ်များပေါ်သို့ နင်းပြီး သူတို့(၂) ယောက်လုံးက အပူအပင်မဲ့တောင်ကြား၏ ဝင်ပေါက်ကို ဖြတ်ကျော်လာခဲ့၏။ အတွင်းထဲတွင် ရှိနေသော လေလှိုင်းများက အေးစက်ပြီး စိုစွတ်နေသည်။ သေဆုံးခြင်း တံခါးနှင့် မတူသည်မှာ သူတို့ဆီကို ရောက်ရှိလာသော သိစိတ်များ မရှိသလို သူတို့ကို လာရောက်တိုက်ခိုက်သော ဝိညာဉ်များ ၊ လမ်းလျှောက်နေသော ဝိညာဉ် လူသားများလည်း မတွေ့ရပေ။
ဘာကိုမှစိုးရိမ်စရာမလိုသည့်အတွက် သူက အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်၏ အကာအကွယ်ကို သုံးပြီး ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်တစ်ခု ဖန်တီးထားလိုက်သည်။
နက်မှောင်တောက်ပနေသော လိုဏ်ဂူထဲတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးနေပြီး လိုဏ်ဂူတစ်ခုလုံးတွင် ရေစက်ကျသံများသာ ကြားနေရသည်။ သူတို့ လျှောက်လာသည့် လမ်းကြောင်းက တဖြည်းဖြည်း ပို၍ကျယ်လာပြီး မြေအောက်ထဲတွင် ရှိနေသော တောင်ကြားတစ်ခုထဲကို ရောက်သွားသလို ဖြစ်လာ၏။
သူတို့က ရှေ့ကို ဖြည်းညင်းစွာ လျှောက်လာကြသည်။ သူတို့ဖြတ်သန်းလာသော လမ်းကြောင်းက ရုတ်တရက် ကျယ်ပြန့်လာပြီး အတော်လေးကို ကျယ်လာခဲ့၏။ သူတို့၏ရှေ့တွင်တော့ လေဟာနယ်ကြီးတစ်ခု ရှိနေပြီး လုံးဝကို တိတ်ဆိတ်၍ အမှောင်ထုကြီးတစ်ခုသာ လွှမ်းခြုံနေခဲ့သည်။
မုန့်ချီကတော့ အလွန်ကြောက်စရာကောင်းသော မြင်ကွင်းကြောင့် ပင့်သက်ရှိုက်လိုက်မိ၏။ သူ့ရှေ့တွင် ရှိနေသော မြေပြင်ပေါ်တွင်တော့ မရေမတွက်နိုင်သော အလောင်းများ ပြည့်နှက်နေခဲ့သည်။
ခြောက်ကပ်နေသော အလောင်းများက မြေပေါ်တွင် ပြည့်နေပြီး အဖြူရောင်အဝတ်အစားများ၊ အနက်ရောင်ချပ်ဝတ်အင်္ကျီများ အားလုံးက ပျက်စီးနေခဲ့၏။ ထိုအလောင်းများက အပြင်ဘက်တွင် လှည့်ပတ်သွားလာနေသော ငရဲဝိညာဉ်များ၏ အရိပ်များနှင့် တူညီနေသည်။
ခြောက်ကပ်နေသည့် အလောင်းများက ပုံသဏ္ဍန် မျိုးစုံ ရှိနေကြ၏။ သူတို့က မတ်တပ်ရပ်နေသော ဖုတ်ကောင်များကဲ့သို့ ဖြစ်နေပြီး တစ်ချို့ကတော့ မြေပေါ်တွင် ဒူးထောက်၍ တစ်ချို့ကတော့ မြေပေါ်တွင် လဲကျနေသည်။ သေဆုံးခြင်း အငွေ့အသက်များကလည်း လေထဲတွင် လွင့်ပျံနှေခဲ့၏။ထိုသို့ဆိုရာတွင် သူတို့ကတော့ ပုပ်သိုးဆွေးမြေ့မှုများကို တွေ့ကြုံနေရသေးသည်။
ထိုအချိန်တွင် အနက်ရောင်မြူခိုးများက သူတို့ဆီကို ရောက်လာပြီး ငရဲရဲမက်အဖွဲ့တစ်ခု ပေါ်လာခဲ့သည်။
"သူတို့တွေက ကင်းလှည့်နေတဲ့သူတွေလား။ တစ်ချိန်တုန်းက သေဆုံးသွားခဲ့တဲ့ ပိုမီတိုင်းပြည်က လူတွေလား… "
မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်မိသည်။
တိတ်ဆိတ်နေသည့်အချိန်တွင် ငရဲရဲမက်များက ဝင်္ကပါကို ဖြတ်ကျော်သွားကြသည်။ သူတို့က ထိုအလောင်းများ၏ အလယ်မှနေ၍ ထွက်ပေါ်လာပြီး တဖြည်းဖြည်း အဝေးသို့ လွင့်မျောသွားကြ၏။
ယဲ့ယုချီက စဉ်းစားနေရင်း သူမ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူမက ကျောက်တုံးတစ်တုံးကို အားနှင့် ကန်လိုက်၏။ ထိုကျောက်တုံးက မြေပြင်ကို တိုက်ခိုက်မိလိုက်ပြီး တိတ်ဆိတ်နေသည့်အချိန်တွင် အက်ကွဲသွားသည့်အသံက အတော်လေးကို ကျယ်လောင်သွားခဲ့သည်။
အလောင်းများကလည်း ရေလှိုင်းများကဲ့သို့ ရုတ်တရက် လှုပ်ရှားလာကြ၏။ သူတို့က တစ်ယောက်ပြီး တစ်ယောက် မျက်လုံးပွင့်လာပြီး သူတို့၏ မျက်တွင်းက ဟောင်းလောင်းပေါက် ဖြစ်နေခဲ့၏။ သူတို့ကတော့ ရုတ်တရက် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အလား သူတို့၏ အလောင်းပင်လယ်ကြီးထဲတွင် လှုပ်ရှားနေကြသည်။
"ငါ ဘယ်သူလဲ။ ငါ ဘယ်သူလဲ…"
နားထဲတွင် သူတို့၏ အော်ဟစ်သံများကို ကြားလိုက်ရသည့်အတွက် စိတ်ထဲတွင်တော့ အတော်လေးကို ကြောက်စရာကောင်းနေလေသည်။
Translated by Hein Htet