← Chapters

အခန်း (၅၁၆)

Vol. 35 Ch. 516

အခန်း (၅၁၆)

Vol. 35 Ch. 516

သူတို့၏ရှေ့တွင် ရှိနေသော ကျောက်တုံးတံခါးက ပွင့်သွားပြီး ကျောက်တုံးဝင်ပေါက်ကြီးက ပြန်ပိတ်သွားခဲ့၏။ အားနှင့် တွန်းဖွင့်လိုက်သည့်အချိန်တွင် ကျောက်တံခါးကြီးက တုန်ခါသွားပြီး အဟလေးတစ်ခု ပေါ်လာခဲ့သည်။

ထိုအချိန်တွင် အလွန်အေးစက်နေသော ကြောက်မက်ဖွယ်ရာ လေလှိုင်းများက ကျိုးကျသွားသော ဆည်တစ်ခုကဲ့သို့ သူတို့ဆီကို ရောက်လာပြီး သူတို့၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသည့်အချိန်တွင် သူတို့၏ ပင်မဝိညာဉ်ထဲတွင်ပင် အတော်လေး တုန်လှုပ်သွားခဲ့ရသည်။

မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး သူ၏ အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်က သူ့ကို ခုခံကာကွယ်ပေးလိုက်သည်။

မုန့်ချီက တစ်ကိုယ်လုံး တုန်လှုပ်သွားသော်လည်း ယဲ့ယုချီကတော့ တိတ်ဆိတ်ငြိမ်သက်နေသေး၏။ သူမက ငရဲအင်ပါယာကို မျက်တောင်မခပ်တမ်း စိုက်ကြည့်နေသည်။ ယခု သူ့ပုံစံက ဖြူဖပ်ဖြူရော် ဖြစ်နေသော ဝိညာဉ်ခန္ဓာကဲ့သို့ ဖြစ်နေပြီး သူက ထိုအဟလေးထဲမှနေ၍ ဝင်ရောက်ပျောက်ကွယ်ထားခဲ့၏။

သူမက ရှေ့ကို လျှောက်သွားသည့်အချိန်တွင် ကရုဏာမဲ့နတ်ဆိုး နှင့် သတ်ဖြတ်ရေးယက္ခတို့ကလည်း သူတို့၏ရှေ့တွင် ရှိနေသော ပွင့်နေသည့် ကျောက်တုံးတံခါးထဲသို့ ဝင်သွားခဲ့ကြသည်။ ရှေ့တွင်တော့ နောက်ထပ်ကျောက်တုံး တံခါးတစ်ခု ရှိနေခဲ့၏။

"ပတ်ပတ်လည်မှာ မှော်တံဆိပ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုခံစားမှုမျိုးမှ မရှိဘူး။ ပိုမီမှာရှိတဲ့ လူတွေက ဒီနေရာမှာရှိတဲ့ ချုပ်နှောင်မှုတွေကို ဖယ်ရှားလိုက်တာလား.."

မုန့်ချီကတော့ မျက်မှောင်ကြုတ်ပြီး စဉ်းစားနေခဲ့သည်။

"ဓာတ်ကြီး(၅)ပါး နတ်ဘုရား ချုပ်နှောင်ခြင်းဝင်္ကပါရဲ့ မှော်ဆန်သော အကျိုးသက်ရောက်မှုတွေ.."

အပြင်ဘက်တွင် ရှိနေသော အလွန်လျှို့ဝှက်ဆန်းကြယ်သည့် အနီရောင်မြူခိုးများကြောင့် မှော်ဆန်သောတံဆိပ်က ဝင်ပေါက်နယ်မြေကို ပိတ်လှောင်ထားကြောင်း ပြသနေခဲ့သည်။

ထိုသို့ဆိုရာတွင် သူတို့က ရှင်သန်ခြင်းတံခါးကို ဖြတ်လာခဲ့သည့် အချိန်ကတည်းကစပြီး အရာအားလုံးက အပြင်ဘက်နှင့် ကွာခြားနေခဲ့၏။ မည်သည့်အတားအဆီး ၊ ကန့်သတ်ချက်မှ မရှိခဲ့သလို ၊ မည်သည့်တံဆိပ်မျိုးမျှလည်း မတွေ့ခဲ့ချေ။ သူတို့နောက်ကို လိုက်လာသော အေးစက်သည့် အငွေ့အသက်တစ်ခုကလွဲလျှင် မည်သည့်အရာကိုမျှ မကြုံရပေ။

"ပိုမီတိုင်းပြည်မှာရှိတဲ့ လူတွေက ဒုက္ခကပ်ဆိုးကြီး မကျခင် တားဆီးမှုတွေ၊ အကာအကွယ်တွေကို ဖယ်ရှားလိုက်တာလား…."

မုန့်ချီက အံ့သြနေခဲ့သည်။

"အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ပုန်းအောင်းပြီး စောင့်ဆိုင်းနေတဲ့ မကောင်းဆိုးဝါးတွေ၊ မှော်သားရဲတွေ ရှိနေသင့်တာ မဟုတ်လား…."

ယဲ့ယုချီကတော့ မှတ်ချက်မပေးဘဲ ဆက်၍ လျှောက်သွားနေခဲ့သည်။

"မှော်အကာအကွယ်တွေ၊ တံဆိပ်တွေ မရှိမှတော့ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေ ပေါ်လာမယ်ဆိုရင်ရော ဘာများကြောက်နေရဦးမှာလဲ…."

သူမက ပြောလိုက်သည်။

"ငါတို့က အတွင်းထဲမှာရှိတဲ့ အကာအကွယ်တွေ၊ ကန့်သတ်ချက်တွေကို ကြောက်ဖို့ လိုနေသေးတာလား။ လုံးဝမလိုဘူး…"

ယဲ့ယုချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။ သူမက သူမ၏ တိုက်ခိုက်စွမ်းရည်နှင့် များပြားလွန်းလှသည့် အတွေ့အကြုံများကို အလွန်ယုံကြည်ချက် ရှိနေသည်။

သူမ၏ယုံကြည်မှု၊ ရဲတင်းမှုများကို ခံစားမိနေသည့်အခါ မုန့်ချီ၏ ရင်ထဲတွင် နွေးထွေးသွားခဲ့သည်။ သူလည်း စကားတစ်ခွန်းမျှ မပြောတော့ပဲ လက်ထဲတွင် ဓားမောက်နှင့် ဓားရှည်တို့ကိုကိုင်ပြီး ရှေ့သို့ ဆက်လိုက်လာခဲ့သည်။

ကျောက်တုံးတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် သူတို့က ကျောက်ခန်းမ တစ်ခုထဲကို ရောက်လာခဲ့သည်။ ထိုခန်းမ၏အလယ်တွင်တော့ စင်မြင့်တစ်ခု ရှိနေပြီး ထိုစင်မြင့်ပေါ်တွင် ကျောက်စိမ်းခေါင်းတလားတစ်ခု ရှိနေသည်။

ငရဲအင်ပါယာ၏ ကြည်လင်နေသော ဝိညာဉ်ခန္ဓာက ထိုခေါင်းတလား၏ ရှေ့တွင် ရပ်နေသည်။ ကျောက်တုံးအခန်း၏ နံရံပေါ်တွင်လည်း နံရံဆေးရေးပန်းချီများစွာ ရှိနေပြီး သူတို့က ဒဏ္ဍာရီထဲမှ လိပ်မြွေဟူသော ရွှမ်ဝူသင်္ကေတများကို ဖော်ပြထားသည်။

နံရံပေါ်တွင် ရှိနေသော နံရံဆေးရေးပန်းချီများကို မီးခိုးရောင် အငွေ့အသက်များက လွှမ်းခြုံနေပြီး တစ်ချိန်တုန်းကတော့ မေ့ပျောက်၍ မရသော အစွမ်းများကို ပိုင်ဆိုင်ထားပုံရသည်။

"ဒဏ္ဍာရီလိပ်နဲ့ တောင်ပံမြွေတို့ရဲ့ ဆေးရေးပန်းချီပဲ။ ဒါဆိုရင် အစောပိုင်းတုန်းက ငရဲကြီး (၉) ထပ် ချောက်နက်ကြီးရဲ့ နောက်ကွယ်မှာ ရှိနေတာက နတ်ဆိုးသုတ်သင်ရေး ဘိုးဘေးများ ဖြစ်နိုင်မလား…".

ယဲ့ယုချီကတော့ ကျောက်စိမ်းခေါင်းတလားကို သတိမထားမိဘဲ တီးတိုးရေရွတ်လိုက်မိသည်။

သို့သော် မုန့်ချီကတော့ နံရံပေါ်တွင် ရှိနေသော ဒဏ္ဍာရီမှော်သားရဲများ၏ ဆေးရေးပန်းချီကို စိုက်ကြည့်နေမိ၏။ နံရံပေါ်တွင် ရှိနေသည်မှာ ကျောက်တုံးများ၊ သလင်းကျောက်များ မဟုတ်ဘဲ စုတ်တံနှင့် မှင်ကို သုံးပြီး ရေးဆွဲထားခြင်း ဖြစ်သည်။ တံခါးက နံရံပေါ်တွင် ရိုးရှင်းစွာ ဆေးခြယ်ထားသည့် ပုံစံမျိုးသာ ဖြစ်သည်။

ထိုသို့ဆိုရာတွင် မုန့်ချီကို ဆွဲဆောင်နိုင်သော အရာတစ်ခု ရှိနေ၏။ တံခါးပန်းချီ၏ တစ်စိတ်တစ်ပိုင်းက ရွှမ်ဝူလိပ်မြွေ ဦးခေါင်းကျောက်ထွင်းရုပ်ထု ဖြစ်နေပြီး ထိုနေရာတွင် လူတစ်ယောက်၏ လက်ဖဝါးအရွယ်အစားရှိသော အခွက်လေးတစ်ခု ရှိသည်။

"ငါ ဘယ်သူလဲ…"

ငရဲအင်ပါယာ၏အသံက တိတ်ဆိတ်မှုကို ချိုးဖောက်ပြီး သူတို့၏အတွေးများကို နှောင့်ယှက်လိုက်သည်။

"ငါ ဘယ်သူလဲ…"

သူက အမှောင်ထဲတွင် ဆက်၍ ရေရွတ်နေခဲ့၏။

ယဲ့ယုချီနှင့် မုန့်ချီတို့က စင်မြင့်ကို ပြန်လှည့်ကြည့်လိုက်သည်။ သူတို့၏ နောက်သို့ လိုက်ပါလာသော အေးစက်သည့် အငွေ့အသက်များက ကျောက်စိမ်းခေါင်းတလားဆီသို့ ရောက်သွားခဲ့ပြီး ထိုအရာက အတွင်းထဲတွင် ပေါင်းစပ်သွားသလို ထင်မှတ်ရ၏။ ထိုအထဲတွင် လူသားပုံစံတစ်ခု ရှိနေသည်။

ထိုပုံစံတွင် သူတို့က ချောမောခန့်ညားမှု၊ ကောက်ကျစ်စဉ်းလဲမှု၊ ကြီးကျယ်ခမ်းနားမှုများကို ခံစားမိလိုက်ပြီး ထိုအရာက ပိုမီနယ်မြေတစ်ခုလုံးကို ဖျက်စီးပစ်နိုင်သည့် အစွမ်းရှိသော မကောင်းဆိုးဝါး တစ်ကောင်ဖြစ်နိုင်သည်။

"တကယ့်ကို မကောင်းဆိုးဝါး တစ်ကောင်ပဲ။ ဒီအခေါင်းတလားထဲမှာ အစစ်အမှန် ငရဲအင်ပါယာကို ပိတ်လှောင်ထားတာလား။ ငရဲအင်ပါယာက အခုအချိန်ထိ အိပ်စက်နေသေးတာလား…"

မုန့်ချီ၏ ခေါင်းထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့ပြီး မျက်လုံးထဲတွင်လည်း အလွန်ထိတ်လန့်အံ့သြသွားခဲ့သည်။ သူက သူ၏စွမ်းအားများကို စုစည်းလိုက်ပြီး တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားခဲ့၏။ ကိုယ်တွင်းကမ္ဘာကြီးကိုလည်း လှုံ့ဆော်ထားပြီး ဝေ့ကျင်းအဆင့် တိုက်ခိုက်မှုကို အသုံးပြုရန် ပြင်ဆင်ထားခဲ့သည်။

ထိုအရာက သမိုင်းကြောင်း မတိုင်ခင် ဒဏ္ဍာရီ ပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်ချိန်တုန်းက ငရဲပြည်ကို အုပ်စိုးခဲ့သော ထိပ်တန်းအင်မော်တယ်များထဲမှ တစ်ယောက် ဖြစ်သည်။ ယခင်မိုးကြိုးနတ်ဘုရားနှင့်ယှဉ်လိုက်လျှင် သူက နိမ့်ကျနေခြင်းမရှိဘဲ လက်ရှိဓမ္မကာရအဆင့် ပညာရှင်များထက်ပင် အဆပေါင်းများစွာပို၍ အစွမ်းထက်နေသေး၏။ ထိုကဲ့သို့ ကြောက်စရာကောင်းသော ရန်သူမျိုးကို သူတို့က မကြောက်ဘဲ နေရမည်လော။

မုန့်ချီက ကြောက်လန့်နေသော်လည်း တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။

"တကယ်လို့ ဒါက ရှေးဟောင်းဒဏ္ဍာရီ ငရဲအင်ပါယာ ဖြစ်နေမယ်ဆိုရင်တောင် သူရဲ့ စွမ်းအားတွေ၊ အသက်စွမ်းအားတွေလည်း ကုန်သွားလောက်ပြီ။ ဒါက သူ့ရဲ့အလောင်းပဲ ဖြစ်နိုင်တယ်…"

ထိုအချိန်ကျမှသာ သူလည်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ စိတ်သက်သာရာရမှုနှင့် အကြောက်တရားများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး သူ့ကို နှောင့်ယှက်နိုင်ခြင်း မရှိချေ။

မုန့်ချီက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးအကြည့်က ဓားသွားများကဲ့သို့ ထက်မြက်လာသည်။ ရေခဲကန်တစ်ခုကဲ့သို့ လှုပ်ရှားနေသော စွမ်းအင်များ ၊ ကြောက်စရာအငွေ့အသက်များကလည်း အစွမ်းထက်စွာ ပျံ့နှံ့နေသေးသည်။

မုန့်ချီကတော့ တစ်ခြားသော နယ်မြေတစ်ခုထဲကို အလိုလိုရောက်သွားသလို ခံစားလိုက်ရ၏။ သူနှင့် သဘာဝတရားကြီး၏ ဆက်သွယ်မှုက နောက်တစ်ကြိမ် ပြတ်တောက်သွားခဲ့ပြန်သည်။

ယဲ့ယုချီ၏ အသက်ရှူသံကတော့ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။ သူမ၏ နောက်ကွယ်တွင် အလွန်ကြောက်စရာကောင်းသော နှင်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ နှင်းပွင့်လေးများက ကြယ်များကဲ့သို့ တလက်လက် တောက်ပနေပြီး မုန်တိုင်းငယ်လေးထဲတွင် လှည့်ပတ်နေခဲ့၏။

နှင်းမုန်တိုင်း၏ အလယ်တွင် ရှိနေသော အရာကတော့ ဝဲကတော့တစ်ခုသဖွယ် ဖြစ်ပေါ်နေခဲ့သည်။ အရာအားလုံးကို အေးခဲသွားစေနိုင်သော သူမ၏အစွမ်းများက မုန့်ချီကိုပင် ရေခဲအပိုင်းအစများအဖြစ် ပျက်စီးသွားစေနိုင်သည်။ ထို့ကြောင့် ရန်သူမရှိသော်လည်း သူမ၏ အငွေ့အသက်များက အတော်လေးကို လှုပ်ရှားနေခဲ့၏။

"ဒါက သူ့ရဲ့ပုံရိပ်ယောင်ခန္ဓာလား။ ဒါက အရာဝတ္ထုအဖြစ်ကို ပြောင်းလဲနိုင်တဲ့ ပုံရိပ်ယောင်ခန္ဓာလား။ သူ့ရဲ့တံခါးပေါက်တွေ အားလုံးကို ဖွင့်လိုက်မယ်ဆိုရင် ဒီလိုမျိုး လုပ်ဆောင်နိုင်တာလား… "

မုန့်ချီက အံ့အားသင့်စွာ စဉ်းစားနေမိခဲ့သည်။

"ဒါက နှင်းမုန်တိုင်း ကြယ်ခန္ဓာလား။ ဒါမှမဟုတ် ကြယ်လခန္ဓာလား…"

မုန့်ချီက ယဲ့ယုချီ၏ အစစ်အမှန် ပုံရိပ်ယောင် ခန္ဓာကို မသိဘဲ ဘိုးဘေးဒိုမူ လေ့ကျင့်ထားသော ကျင့်စဉ်များအကြောင်းသာ သိနေခဲ့သည်။ ယဲ့ယုချီ ကိုယ်တိုင်ကတော့ ဂိုဏ်းတစ်ဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ် လေ့ကျင့်ခံထားရခြင်း ဖြစ်ပုံရသည်။

သူမ၏စွမ်းရည်များနှင့် ပတ်သက်လာသည့်အချိန်တွင် သူမက လရေခဲလက်ဝါး သိုင်းပညာနှင့်အတူ ကမ္ဘာမြေပေါ် ကြယ်နတ်ဘုရား ရောက်လာခြင်းဟူသော သိုင်းပညာကိုလည်း ပေါင်းစပ်ထားသည်။ ထိုအရာကြောင့် သူမက လမ်းသစ်တစ်ခု ဖောက်ထားခဲ့ပြီး ထိုလမ်းကြောင်းထဲတွင် လျှောက်လှမ်းနေသူ သူမတစ်ယောက်တည်းသာ ရှိသည်။

နှင်းမုန်တိုင်းကြီးက ဆက်တိုက်ဆိုသလို လည်ပတ်နေပြီး ရေခဲနှင့် နှင်းပွင့်လေးများက ကျောက်ခန်းတစ်ခုလုံးတွင် လှပစွာ လှုပ်ရှားနေသည်။ ထိုသို့ဆိုရာတွင် ကျောက်စိမ်းခေါင်းတလားထဲတွင် ရှိနေသော လူသားပုံစံကတော့ ဆက်၍ အိပ်စက်နေသေးပြီး နှစ်ပေါင်းများစွာ အိပ်စက်နေသော်လည်း အသက်မရှိသလို ထင်ရသည်။

ငရဲအင်ပါယာကတော့ မှင်သက်ငေးမောနေသည့်အလား လှုပ်ရှားသွားခဲ့၏။ သူက ခေါင်းတလားကို စိုက်ကြည့်နေပြီး မရပ်မနား ရေရွတ်နေသည်။

"ငါ ဘယ်သူလဲ။ ငါ ဘယ်သူလဲ။ ငါ ဘယ်သူလဲ…"

အလွန်သိပ်သည်းပြီး ကျယ်ပြန့်သည့် အငွေ့အသက်များက ကျောက်ခန်းကို လွှမ်းခြုံသွားခဲ့သည်။ အကြောက်တရားများ၏ လွှမ်းမိုးမှုကြောင့် မုန့်ချီနှင့် ယဲ့ယုချီတို့က ကျောက်စိမ်းခေါင်းတလားထဲတွင် ရှိနေသော လူသားပုံသဏ္ဍာန်၏ရုပ်ရည်ကို အလေးမထားနိုင်တော့ပေ။

သူတို့ (၂) ယောက်လုံးက အချင်းချင်း ကြည့်လိုက်မိကြပြီး ရှေ့ကို ဖြည်းညင်းစွာ လျှောက်သွားလိုက်ကြ၏။ သူတို့က အသက်အောင့်ထားပြီး စင်မြင့်၏ လှေကားပေါ်သို့ တစ်ထစ်ချင်း တက်လာခဲ့ကြသည်။

ထိုခေါင်းတလား၏ အဖုံးက ဘေးသို့အနည်းငယ် ရွေ့သွားကြောင်း သူတို့က သတိထားမိခဲ့၏။ မုန့်ချီက အနားကို ကပ်လာပြီး အတွင်းထဲတွင် ရှိနေသော လျှို့ဝှက်ဆန်းကြယ်မှုများကို ခိုးကြည့်ရန် မျှော်လင့်နေခဲ့သည်။

အခေါင်းထဲတွင် လဲလျောင်းနေသည်မှာ အနက်ရောင် ရှင်ဘုရင်ဝတ်စုံဝတ်ထားသော အကြီးအကဲ တစ်ယောက် ဖြစ်သည်။ သူ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နက်နေပြီး ဆံပင်များက ဖြူနေ၏။ ခေါင်းပေါ်တွင်တော့ မြွေပုံသဏ္ဍာန်ဆံထိုးကို ထိုးထားသည်။

ထိုအကြီးအကဲက အခေါင်းထဲတွင် လဲလျောင်းနေသည်မှာ သေဆုံးနေသလို ထင်ရ၏။ ထိုသို့ဆိုရာတွင် ထိုအကြီးအကဲက သူတို့ကို တိုက်ခိုက်ခဲ့သော ဝိညာဉ်ခန္ဓာ၏ ပုံသဏ္ဍန်နှင့် တစ်ထပ်တည်း တူညီနေခဲ့၏။ ထို့ကြောင့် မုန့်ချီလည်း အလွန်ထိတ်လန့်သွားခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း အတွေးပေါင်းစုံ ပေါ်လာခဲ့၏။

သူက စဉ်းစားနေသည့်အချိန်တွင် အခေါင်းထဲ၌ ရှိနေသော အကြီးအကဲက ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။ သူ၏မျက်လုံးများက နက်မှောင်နေပြီး အနီရောင်သွေးများ ရှိနေသည်။

မုန့်ချီက ကြက်သီးမွေးညင်းထသွားခဲ့ပြီး ရေခဲစွမ်းအင်များက သူ၏ပတ်ပတ်လည်တွင် လွှမ်းခြုံနေသလို ခံစားလိုက်ရသည်။ သေစေနိုင်လောက်သော အအေးဓာတ်က တဖြည်းဖြည်း သိပ်သည်းလာပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ပုံသဏ္ဍာန် ဖြစ်ပေါ်လာသည်။

သူ၏ ပတ်ပတ်လည်တွင် ရှိသော လေလှိုင်းများက လှုပ်ရှားသွားခဲ့ပြီး ခြေထောက်အောက်တွင် ရှိနေသော မြေပြင်ကြီး၏ကပင် တုန်ခါသွားခဲ့သည်။ သူ၏ ပင်မဝိညာဉ်ကသာ နိုးထလာနိုင်ခြင်း မဟုတ်လျှင် သေစေနိုင်လောက်သော အငွေ့အသက်က သူ့ခေါင်းထဲကို ကျူးကျော်လာနိုင်ပြီး သူ၏ ဦးနှောက်သွေးကြောများကို အေးခဲသွားစေနိုင်သည်။

"သူ နိုးလာပြီ။ ဒါဆိုရင် ဒဏ္ဍာရီထဲက ငရဲအင်ပါယာ နိုးလာတာများ ဖြစ်နိုင်မလား.."

စင်မြင့်ပေါ်မှနေ၍ တိတ်ဆိတ်မှုတစ်ခု ပျံ့နှံ့လာပြီး ကျောက်ခန်းမကြီးတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

ထိုအချိန်တွင် အပူအပင်မဲ့တောင်ကြား၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက လှုပ်ရှားလာပြီး ဆူးချွန်များ ထွက်ပေါ်လာသလို ထင်မှတ်ရ၏။ နေရာတိုင်းတွင် ရှိနေသော ဝိညာဉ်ခန္ဓာများကလည်း အသံတိုးတိုးနှင့် စတင်ရေရွတ်နေကြသည်။

"ငါ ဘယ်သူလဲ…"

အခေါင်း၏ရှေ့တွင် ရပ်နေသော ငရဲအင်ပါယာ၏ ဝိညာဉ်ခန္ဓာကိုယ်ကလည်း ကြောက်စရာကောင်းသည့်အပြုံးမျိုး ပြုံးလိုက်သည်။ သူက သတိပေးနေခြင်းမရှိဘဲ အခေါင်းထဲတွင် ရှိနေသော အကြီးအကဲ၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားခဲ့၏။

ထိုအချိန်တွင် ကြောက်စရာကောင်းသော အငွေ့အသက်များက အတွင်းထဲကို တဖြည်းဖြည်း စုစည်းလာနေခဲ့သည်။ မျက်လုံးပွင့်နေသော အကြီးအကဲက ကျောက်ခန်းမ၏ မျက်နှာကျက်ကို စိုက်ကြည့်နေပြီး အက်ရှရှလေသံနှင့် မေးလိုက်သည်။

"ငါဘယ်သူလဲ…"

"ရှင်က ပိုမီတိုင်းပြည်ရဲ့ တော်ဝင်အကြံပေးပဲ.."

ယဲ့ယုချီ၏ အသံက တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး ရုတ်တရက် ထွက်လာခဲ့သည်။

မုန့်ချီကလည်း စာရွက်အပိုင်းအစလေးများကို ပြန်လည်အမှတ်ရသွားခဲ့ပြီး ယဲ့ယုချီပြောသည့်စကားကို နားလည်သွား၏။

"အဲဒါ သူပဲ…"

ထိုအကြီးအကဲက အခေါင်းထဲမှနေ၍ ထလာခဲ့၏။ သူ့ဆီမှ ထွက်ပေါ်လာသော ဖိအားနှင့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုတည်းကပင် မုန့်ချီနှင့် ယဲ့ယုချီတို့ကို နောက်ဆုတ်သွားစေမိခဲ့သည်။ စွမ်းအင်လှိုင်းလုံးကြီးများကြောင့် သူတို့က စင်မြင့်၏လှေကားရှိရာကို နောက်ဆုတ်သွားမိခဲ့၏။

"ဒီလိုအစွမ်းနဲ့ စွမ်းအားမျိုး။ သူက ဓမ္မကာရ အဆင့် ပညာရှင်တစ်ယောက်ဖြစ်နိုင်တယ်။ မဟုတ်သေးဘူး။ သူက လော့ရန်မှာရှိတဲ့ အဖြစ်အပျက်အတွင်း တိုက်ခိုက်ခဲ့တဲ့ ကောင်းကင်ဧကရာဇ်နဲ့ ကွေ့ချင်းဟယ်တို့ကိုတောင် မမှီနိုင်သေးဘူး…"

မုန့်ချီက တွေးလိုက်မိသည်။ သူကတော့ တိုးဝင်လာသော စွမ်းရည်လှိုင်းလုံးများကို သေချာစိုက်ကြည့်နေခဲ့၏။

"ဟုတ်တယ်။ ဟုတ်တယ်။ ငါက ပိုမီတိုင်းပြည်ရဲ့တော်ဝင်အကြံပေးပဲ…"

အကြီးအကဲ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပြည့်နက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူက ရှုပ်ထွေးသွားပုံရပြီး ထပ်မေးလိုက်၏။

"ဒါပေမဲ့ ဘာကြောင့် ငါက ဒီနေရာမှာ လဲလျောင်းနေရတာလဲ…"

သူက ယဲ့ယုချီနှင့် မုန့်ချီတို့ကို လှည့်ကြည့်ပြီး အဖြေတစ်ခုရှာနေပုံရသည်။

မုန့်ချီက ပြောလိုက်၏။

"ခင်ဗျားက အပူအပင်မဲ့တောင်ကြားကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ ငရဲအင်ပါယာနှင့် ရှေးဟောင်းငရဲပြည်ရဲ့ အစစ်အမှန်တည်နေရာကို ရှာတွေ့ခဲ့တယ်…"

အကြီးအကဲက ကျောက်စိမ်းခေါင်းတလားကို လက်နှင့်ပုတ်ပြီး ရေရွတ်လိုက်သည်။

"မဟုတ်ဘူး။ ငါ မတွေ့ခဲ့ဘူး။ ငါက ငရဲအင်ပါယာရဲ့ စွမ်းအားအငွေ့အသက်တွေကိုပဲ တွေ့ခဲ့တာ…"

သူ၏ အနီရောင်မျက်လုံးများကြားထဲတွင် မေးခွန်းများပြည့်နက်နေသေး၏။ သူက ဆက်ပြောလိုက်၏။

"အဲဒီနောက်မှာ ဘာတွေဖြစ်သွားတာလဲ…"

"ခင်ဗျားက ခင်ဗျားကိုယ်တိုင် လုပ်ခဲ့တဲ့အရာတွေကို ကျုပ်တို့ဆီ လာမေးနေသေးတာလား…"

မုန့်ချီက စိတ်ပျက်လက်ပျက်နှင့် တစ်ယောက်တည်း တွေးလိုက်မိ၏။

"အဲဒီနောက်မှာတော့ ခင်ဗျားက ရူးသွပ်သွားခဲ့တယ်…"

သူက ပြောပြလိုက်သည်။

"ရူးသွပ်သွားတာလား။ ငါက ဘယ်လိုရူးသွပ်သွားတာလဲ…"

ထိုအကြီးအကဲက ဒေါသတကြီး ပြန်အော်လိုက်၏။

ထိုအချိန်တွင် မုန့်ချီကတော့ အတော်လေးကို ကြောက်လန့်သွားခဲ့ပြီး သူ၏ ကြွက်သားများကပင် တင်းကြပ်သွားခဲ့သည်။ မုန့်ချီက တည်ငြိမ်သည့်အမူအရာနှင့် ပြန်ဖြေလိုက်၏။

"ရူးသွပ်သွားတဲ့သူတွေက တစ်ခြားအရာတွေကိုပဲ ဝန်ခံကြလိမ့်မယ်။ အထူးသဖြင့် ခင်ဗျားက လုပ်ခဲ့တဲ့အရာတွေကို ဘာမှ မမှတ်မိတော့ဘူးလေ.."

"အဲဒီလိုလား။ ငါက ရူးသွားတာလား…"

အကြီးအကဲက မျက်မှောင်ကြုတ်လိုက်မိပြီး ဤနေရာတွင် လမ်းပျောက်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ယဲ့ယုချီက အံ့သြမှင်တက်နေခဲ့၏။ သူမက တွေဝေနေပုံရသည်။ လက်ရှိဖြစ်ပျက်နေသည့် အရာများက သူမ နားလည်နေသည့် အရာထက် ကျော်လွန်နေခဲ့၏။

သူက အခြေအနေကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခုရှိကြောင်း မုန့်ချီက စတင်ယုံကြည်လာသည့်အချိန်တွင် အကြီးအကဲက ပြန်လှည့်ပြောလိုက်သည်။

"ငါ ဘာတွေလုပ်နေလဲဆိုတာ ငါ ကောင်းကောင်းသိတယ်…"

" ဟုတ်လား။ ဒါဆိုရင် ခင်ဗျားက ဘာတွေလုပ်ခဲ့တာလဲ…"

မုန့်ချီက လျင်မြန်စွာ ပြန်ပြောလိုက်ပြီး သူ့ကို ဟာကွက်မပေးခဲ့ပေ။

အကြီးအကဲက ဂုဏ်ယူစွာ ခေါင်းမော့လိုက်၏။ သူက မာနများ ပြည့်နက်နေသည့် အမူအရာနှင့် ပြောလိုက်သည်။

"ငါက ပိုမီတိုင်းပြည်ရဲ့ တော်ဝင်အကြံပေးတစ်ယောက်ပဲ။ ကံကြမ္မာရဲ့ကူညီပေးမှုနဲ့ ငါက အပူအပင်မဲ့တောင်ကြားကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ ကြီးမြတ်သော ငရဲအင်ပါယာရဲ့အငွေ့အသက်ကို စစ်ဆေးမိခဲ့တယ်။ သူ့ရဲ့ အကူအညီနဲ့ သူ့ရဲ့အငွေ့အသက်တွေကို လေ့ကျင့်ပြီး ထာဝရရှင်သန်နိုင်တဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့ရတယ်။ ပြီးတော့ ဓမ္မကာရအဆင့် စွမ်းအားကို ရရှိခဲ့တာပဲ…"

"ရှင်က ငရဲအင်ပါယာရဲ့ သင်ပြမှုကို ရရှိသလို ဟန်ဆောင်နေခဲ့တာ။ ပြီးတော့ ရှင်က တိုင်းပြည်ထဲမှာ ရှိတဲ့လူတွေကို ဆင့်ခေါ်ပြီး ညွှန်ကြားခဲ့တယ်။ ရှင်က လူအမြောက်အများ ကိုးကွယ်ယုံကြည်တဲ့ အငွေ့အသက်တွေကို သုံးပြီး တံဆိပ်ကို ဖယ်ရှားခဲ့တာ မဟုတ်လား။ အဲဒီနောက်မှာတော့ ရှင်က ငရဲအင်ပါယာကို ရောက်လာဖို့ တိုက်တွန်းခဲ့တယ် မဟုတ်လား…"

ယဲ့ယုချီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်တယ်အမှန်ပဲ။ အဲဒါက အမှန်ပဲ…"

အကြီးအကဲက ပြန်ဖြေလိုက်သည်။

သူက အားရပါးရ ရယ်လိုက်၏။

"ဒါပေမဲ့ ငရဲအင်ပါယာကို ခေါ်ဖို့တော့ မဟုတ်ဘူး။ အဲဒီအစား ငါ့ရဲ့လှည့်ကွက်တွေကတော့ ငရဲအင်ပါယာရဲ့အငွေ့အသက်တွေ ၊စွမ်းအားတွေကို ပြည့်ပြည့်ဝဝ ဆက်ခံဖို့ပဲ။ ဒါဆိုရင် လူတွေရဲ့အသက်က ငါ့ရဲ့တစ်စိတ်တစ်ပိုင်း အဖြစ် ဆက်ပြီး ရှင်သန်သွားနိုင်ကြတယ်။ သူတို့ရဲ့လက်ထဲမှာ စွမ်းအားတွေ အမြောက်အများ ရှိနိုင်ပြီး ငါက သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းနာကျင်မှုတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်လိမ့်မယ်…"

"ဒါကြောင့် ခင်ဗျားက ရူးသွားပြီလို့ လူတွေက ပြောကြတာကိုး…"

မုန့်ချီကတော့ ပြုံးလိုက်မိသည်။

"ဒါဆို အစစ်အမှန် ငရဲအင်ပါယာက ဘာလဲ…"

သူက မေးလိုက်သည်။

အကြီးအကဲက သူ့လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။ သူက နံရံပေါ်တွင် ရေးဆွဲထားသော ကျောက်တုံးတံခါးကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီတံခါးရဲ့နောက်မှာ ရှိတယ်။ ငါက ငရဲအင်ပါယာရဲ့ တီးတိုးစကားသံကို ကြားနေရတယ်။ သူ့ရဲ့ဒေါသတကြီး အော်သံကိုလည်း ကြားရတယ်။ ဒါပေမဲ့ ငါက တံခါးကို ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့ ဘာမှအရာ မထင်ခဲ့ဘူး။ ငါက တံခါးကို နည်းနည်းလေးတောင် မဖွင့်နိုင်ခဲ့တဲ့အတွက် မအောင်မြင်ခဲ့ဘူး။ သဘာဝတရားကြီးနဲ့ ပိတ်လှောင်ထားတဲ့ တံဆိပ်ကို ခွန်အားသက်သက်နဲ့ ဖွင့်လို့မရနိုင်ဘူး…"

"ငါ နားလည်သွားပြီ။ ဒါဆိုရင် ဒီတံခါးရဲ့နောက်မှာ ငရဲပြည်ကို ပိတ်လှောင်ထားတာပေါ့…"

မုန့်ချီက နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။သူ၏ စိတ်ဝိညာဉ်စွမ်းအားက တံခါး၏အစွန်သို့ ရောက်သွားပြီး ထိုလျှို့ဝှက်ချက်များကို ရှာဖွေနေခဲ့သည်။

ယဲ့ယုချီကတော့ ယာယီမှင်တက်နေရာမှ သတိပြန်ဝင်လာခဲ့၏။

"ရှင်က အောင်မြင်မှုဆိုတဲ့အကြောင်းကို ပြောခဲ့တယ်။ ဘယ်လိုအောင်မြင်မှုလဲ။ ရှင်က ပိုမီတိုင်းပြည်မှာ ရှိတဲ့လူအားလုံးကို စတေးဖို့ အောင်မြင်ခဲ့တာလား…"

သူမက မေးလိုက်သည်။

အကြီးအကဲက ခဏကြာတွေဝေသွားခဲ့ပြီး သူ့ခေါင်းထဲတွင် မှန်ကန်သော အဖြေတစ်ခုကို ရှာဖွေနေခဲ့သည်။

"မဟုတ်ဘူး…"

သူက ငြင်းဆန်လိုက်၏။

"ဒါက စတေးတာ မဟုတ်ဘူး။ အခု သူတို့တွေက ငါ့ရဲ့တစ်စိတ်တစ်ပိုင်း အဖြစ် အသက်ရှင်နေကြတယ်။ ငါက သတ္တဝါအားလုံးရဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းထားတာ။ ပြီးတော့ ငါက သူတို့ရဲ့နာကျင်မှုတွေအားလုံးကို ကူညီပေးနိုင်တဲ့ ဇာစ်မြစ်တစ်ခုပဲ…"

အရေးအကြောင်းများပြည့်နေသော သူ၏ မျက်နှာပေါ်တွင် လှုပ်ရှားမှု တစ်ခုပေါ်လာသည်။

"နတ်ဆိုးဗုဒ္ဓရဲ့ကပ်ဆိုးတွေ ရောက်လာတဲ့အချိန် ကမ္ဘာမြေကြီးပေါ်မှာ ပြောင်းလဲမှုတွေ အများကြီး ရှိလာခဲ့တယ်။ ရှောင်လင်ကျောင်းတော်ရဲ့ တည်ထောင်သူ ဘုန်းတော်ကြီးဓမ္မကတော့ ဓမ္မစာပေတွေကို ကောင်းကောင်း ကြီးနားလည်သွားခဲ့ပြီး ဗုဒ္ဓသူတော်စင်တစ်ပါး ဖြစ်သွားခဲ့တယ်။ သူကတောင် သေခြင်းတရားကနေ မလွတ်မြောက်နိုင်ခဲ့ဘူး…"

သူက ဂုဏ်ယူစွာ ဆက်ပြောလိုက်၏။

"တကယ်လို့ သူက မဟာဗောဓိတဗ္ပရဲ့ အစွမ်းမျိုးကို ရသွားမယ်ဆိုရင် ဗုဒ္ဓရဲ့ အဆင့်မျိုးကို ရောက်သွားမယ်ဆိုရင်တောင် အဆုံးမှာတော့ သေဆုံးခြင်းတရားကို ရင်ဆိုင်ရသေးတာပဲ…"

"သူက ဘုန်းတော်ကြီးဓမ္မကို ကိုယ်တိုင်သိနေတဲ့ပုံစံမျိုး ပြောနေတာပါလား.."

မုန့်ချီ၏ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာပြီး ကျောရိုးထဲစိမ့်၍ အေးသွားသလို ခံစားလိုက်ရ၏။

"တကယ့်ကို အထူးဆန်းဆုံးနဲ့ အဟောင်းနွမ်းဆုံးအရာက ခင်ဗျားကိုယ်တိုင်ပဲ.."

"ဒါပေမဲ့ ငါကတော့မတူဘူး။ "

အကြီးအကဲက ဆက်ပြောလိုက်သည်။

"ငါက ငရဲအင်ပါယာ ပိုင်ဆိုင်ထားခဲ့တဲ့ စွမ်းအားတွေကို အမွေဆက်ခံရထားတယ်။ အဲဒီကနေတစ်ဆင့် ငါက သတ္တဝါအားလုံးရဲ့ စိတ်ဝိညာဉ် ယစ်ပူဇော်တဲ့ နည်းလမ်းတွေကို လေ့လာခဲ့တယ်။ ပြီးတော့ ငါ ကိုယ်တိုင် လူသားကမ္ဘာကြီးရဲ့ နှိပ်စက်မှုတွေကနေ လွတ်မြောက်အောင် ရှာဖွေခဲ့တယ်။ ငါက ဘုန်းတော်ကြီးဓမ္ဓ ရောက်ခဲ့တဲ့ လမ်းစဉ်ကိုလည်း ရောက်ခဲ့တယ်။ အဲဒီအစား ငါ့ရဲ့ခရီးလမ်းကတော့ သူလုပ်ခဲ့တဲ့ အရာလို မဟုတ်တော့ဘူး။ ငါ့အတွက်တော့ အဲဒါက အစပဲ ရှိသေးတယ်"

သူကတော့ ထိုစကားများကို ပြောနေရင်း အတော်လေးကို ဂုဏ်ယူနေပုံရသည်။ သူက ချက်ချင်းပင် မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ဒါပေမဲ့ ဒီအရာကြောင့် ငါက အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တာလား.."

အကြီးအကဲက နောက်တစ်ကြိမ် တီးတိုးပြောလိုက်သည်။

သူက ယဲ့ယုချီကို လှည့်ကြည့်လိုက်၏။ သူ့ဆီတွင် မောက်မာမှုများ ရှိနေသေးသော်လည်း သူက အသိအမှတ်ပြုမှုကို လိုချင်နေသည့်အလား မေးလိုက်သည်။

"ကလေးမ..

မင်းဆီမှာ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားကို သယ်ဆောင်ထားတဲ့ ပစ္စည်းတစ်ခုကို ခံစားမိတယ်။ သူ့ကို မေးလိုက်စမ်းပါ။ ငါ့ရဲ့စကားတွေက အမှန်ပဲလားလို့…"

ထိုအချိန်တွင် ယဲ့ယုချီ၏ လက်ထဲ၌ ဓားတစ်ချောင်း ပုံသဏ္ဍာန် တံဆိပ်ပြားလေးတစ်ခု ပေါ်လာခဲ့သည်။ ခဏကြာ တိတ်ဆိတ်နေပြီး သူမက ထိုအရာနှင့် ဆက်သွယ်နေခဲ့၏။

"ရှင်က လမ်းကြောင်းအမှန်ကနေ သွေဖယ်နေတယ်လို့ သူက ပြောတယ်…"

ယဲ့ယုချီက ပြန်ဖြေလိုက်သည်။

"မဖြစ်နိုင်တာ…"

အကြီးအကဲက အော်ဟစ်လိုက်ပြီး ဒေါသတကြီး မျက်လုံး ပြူးလာခဲ့သည်။

ကြောက်စရာကောင်းသော အငွေ့အသက်များကလည်း အထွဋ်အထိပ်ကို ရောက်လာခဲ့သည်။ သူ၏ဒေါသများက လှိုင်းလုံးများကဲ့သို့ အရာအားလုံးကို ပျံ့နှံ့လာခဲ့သည်။

ထိုအချိန်တွင် လေထဲ၌ ရှိနေသော ပုံရိပ်ယောင်ခန္ဓာများကလည်း သူတို့ဆီကို ရောက်လာခဲ့၏။ သူတို့၏ မျက်နှာ ပုံပန်းသဏ္ဍာန်က ဆက်တိုက်ပြောင်းလဲနေပြီး အကြီးအကဲ၏ ရုပ်ရည်မှနေ၍ သူတို့၏မူလရုပ်ရည်သို့ ဆက်တိုက်ပြောင်းလဲနေကြသည်။ တပြိုင်နက်တည်းလိုလိုပင် ဝိညာဉ်ခန္ဓာများအားလုံးက အော်ဟစ်လိုက်ကြ၏။

"မဖြစ်နိုင်ဘူး…"

သူတို့၏ ကျယ်လောင်သော အော်သံများက ကျောက်ခန်းမတစ်ခုလုံးကို လှုပ်ရှားသွားစေခဲ့ပြီး ခန်းမတစ်ခုလုံးတွင် အမုန်းတရားများ၊ မကောင်းဆိုးဝါး ချီစွမ်းအင်များ ပြည့်နှက်လာသည်ကို ခံစားမိနေခဲ့၏။

Translated by Hein Htet

All Chapters