← Chapters

အခန်း (၅၁၈)

Vol. 35 Ch. 518

အခန်း (၅၁၈)

Vol. 35 Ch. 518

"လိပ်နက်ကျောက်စိမ်းပြားလေးက ဒီပန်းချီတံခါးအတွက် သော့တစ်ချောင်းလား.."

မုန့်ချီ၏ခေါင်းထဲတွင် ထိုအတွေးပေါ်လာသည့်အချိန်၌ ငရဲအငွေ့အသက်များ တိုက်စားခံထားရသော ကျောက်စိမ်းပြားလေးကို လက်နှင့် ပွတ်ကြည့်လိုက်မိသည်။

"ငါက ဘိုးဘေးဒိုမူရဲ့ရှေ့မှာ ဒီကျောက်စိမ်းပြားနဲ့ စမ်းသပ်သင့်လား။ ဒါမှမဟုတ် ဒီနေရာက ထွက်သွားပြီးမှ တိတ်တဆိတ် ပြန်လာသင့်လား…"

သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာပြီး ယခုချက်ချင်း စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ဖြစ်စေကာမူ တံခါး၏ နောက်ကွယ်တွင် မည်သည့်အရာများ ရှိနေကြောင်း သူလည်းမသိခဲ့ပေ။ အကယ်၍ သူကသာ ထိုအရာကို ရင်မဆိုင်နိုင်ခဲ့လျှင် ဘိုးဘေးဒိုမူက သူနှင့်အတူ ရှိနေသည့်အတွက် အတော်လေး လုံခြုံသည်ဟု ခံစားရနိုင်သည်။

ထို့ပြင် အဘိုးကြီးကျုံးက ဒဏ္ဍာရီများကို လျှို့ဝှက်ပြီး သတင်းပို့ထားခဲ့သည့်အတွက် ဒဏ္ဍာရီများက ဤနေရာကို အလျင်အမြန် ရောက်လာနေနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့၏ ကြိုးစားအားထုတ်မှုများက အချည်းနှီး ဖြစ်သွားနိုင်၏။

သူက ရှေးဟောင်းကျမ်းစာများနှင့် အပူအပင်မဲ့တောင်ကြား၏ မှတ်တမ်းများကို ရရှိခဲ့သည့်အချိန်တွင် လိပ်နက်ကျောက်စိမ်းပြားလေးက ရှေးအချိန်ကို ပြန်လည်ခြေရာခံ၍ ရနိုင်သည်။

"နတ်သမီးယဲ့…

ကျွန်တော့်ဆီမှာ ဒီသော့ပေါက်နဲ့ ကိုက်တဲ့ ကျောက်စိမ်းပြားလေးတစ်ခုရှိတယ်…"

မုန့်ချီက ပြောလိုက်သည်။ သူက ထိုကျောက်စိမ်းပြား၏ နောက်ကြောင်းကိုတော့ ပြောပြခဲ့ခြင်း မရှိသည့်အတွက် ယဲ့ယုချီက သူမဘာသာ ခန့်မှန်းကြည့်၍သာ ရနိုင်သည်။

သူ့လက်ထဲတွင် ရှိနေသော ကျောက်စိမ်းပြားလေးကို ကြည့်ပြီး ယဲ့ယုချီက စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ထိုကျောက်စိမ်းပြားနှင့် စမ်းသပ်ကြည့်ရန်သာ သူ့ကို ခေါင်းညိတ်အတည်ပြုပေးလိုက်၏။

မုန့်ချီက ကျောက်တုံးနံရံ၏ ရှေ့တွင် ရပ်နေရင်း တစ်ယောက်တည်း စဉ်းစားနေခဲ့၏။ သူက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ရုတ်တရက် ဆိုသလို သူ၏နားထဲ၌ အလွန်ရှေးကျပြီး ကြောက်စရာကောင်းသော အသံများကို ကြားလိုက်ရ၏။ သူက ရယ်သံအနည်းငယ်ကိုသာ ကြားလိုက်ရသော်လည်း သေဆုံးသွားပြီဟု ခံစားနေရသည်။

"ကျွန်တော်က တကယ်ပဲ ငရဲပြည်က အသံတွေကို ကြားနေရတယ်…"

မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

ယဲ့ယုချီက သူ့အနားကို ရောက်လာပြီး ခဏစဉ်းစား၍ ပြောလိုက်သည်။

"ဒီအသံက ပြတ်တောင်းပြတ်တောင်း ပေါ်လာနေတာ…"

"ငါက ဒါကို ဖွင့်လိုက်သင့်လား…"

မုန့်ချီက အနည်းငယ် ရှုပ်ထွေးနေခဲ့၏။

အကယ်၍ ရှေးဟောင်းအင်ပါယာ တစ်ယောက်ဖြစ်သော ငရဲအင်ပါယာကသာ တံခါးကို တစ်စုံတစ်ယောက် ဖွင့်လာသည့် အချိန်ထိ စောင့်နေခဲ့မည်ဆိုလျှင် သူတို့က အလွန်အမင်း အန္တရာယ်များနိုင်သည်။ မည်သို့ဖြစ်စေကာမူ သူတို့ဖြတ်သန်းလာခဲ့သော နေရာများတွင် ကျန်းဝူအင်ပါယာနှင့် ပတ်သက်နေသော အငွေ့အသက်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသလို လမ်းများ၊ လျှို့ဝှက်အခန်းများလည်း မရှိချေ။

အကယ်၍ သူကသာ ကွင်းဆက်တာဝန်ကို ဆက်သွားချင်နေသည်ဆိုလျှင် တံခါးကို ဖွင့်ရမည်ဖြစ်သည်။ နှစ်သန်းပေါင်းများစွာ ကြာခဲ့သည့်အတွက် ငရဲအင်ပါယာက သေဆုံးသွားခြင်းလည်း ဖြစ်နိုင်ပြီး သူ့အတွက် စိုးရိမ်နေရန် မလိုအပ်ပေ။

မုန့်ချီက အံကြိတ်ပြီး ကျောက်စိမ်းပြားကို သော့ပေါက်ထဲသို့ ထည့်လိုက်သည်။ သူက ညာဘက်လက်တွင် ဓားမောက်ကို ကိုင်ထားပြီး ခါးတွင် ရေလှိုင်းမီးတောက်ဓားကို ချိတ်ထားသည်။ သူက နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ရလဒ်ကို စောင့်ကြည့်နေခဲ့သည်။

လိပ်နက်ကျောက်စိမ်းပြားလေးက လိပ်တစ်ကောင်နှင့် မြွေတစ်ကောင်ကို ပေါင်းစပ်ထားသည့် လက္ခဏာမျိုး ရှိသည်။ ဆိုးဆိုးဝါးဝါး ပျက်စီးနေသော ကျောက်စိမ်းပြားလေးက ထိုသော့ပေါက်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေခဲ့၏။

ထိုအချိန်တွင် လိပ်တစ်ကောင်နှင့် မြွေတစ်ကောင် အသက်ရှင်လာသည့်အလား အနက်ရောင်စွမ်းအားများက ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ ထိုအလင်းတန်းများက အဆုံးမဲ့သမုဒ္ဒရာကြီးကဲ့သို့ ဆန်းကြယ်လွန်းလှသည်။

ထိုကျောက်စိမ်းပြားလေးဆီမှ အစိမ်းရောင်အလင်းတန်းများ တောက်ပလာပြီး တဖြည်းဖြည်း ပို၍ တောက်လောင်လာခဲ့သည်။ သူတို့က အက်ကွဲသံတစ်ခုနှင့်အတူ အမှုန့်များအဖြစ် ပျက်စီးသွား၏။ ထို့နောက် ပန်းချီဆွဲထားသော တံခါးကြီးက ထင်ရှားသော မျဉ်းကြောင်းများ ပေါ်လာပြီး အစစ်အမှန် တံခါးတစ်ချပ် ဖြစ်လာခဲ့သည်။

မုန့်ချီက ဘယ်လက်နှင့် တံခါးကို တွန်းကြည့်လိုက်သည့်အချိန်တွင် ကျောက်တုံးတံခါးကြီးက အလွယ်တကူ ပွင့်သွားပြီး အတွင်းထဲကို မြင်လာရ၏။ အနီရင့်ရောင်မြူခိုးများက ရေစက်များကဲ့သို့ စုစည်းလာနေပြီး အရာအားလုံးက သူတို့၏ မြင်ကွင်းကို ဝေဝါးနေစေခဲ့သည်။

လက်ထဲတွင် ဓားမောက်နှင့် ဓားရှည်တို့ကို ကိုင်ထားသော မုန့်ချီက ယဲ့ယုချီနှင့်အတူ အတွင်းထဲကို ဝင်သွားခဲ့၏။ ထိုအချိန်တွင် သူ့နားထဲ၌ အလွန်ရှေးကျသော အသံတစ်ခုကို ကြားလိုက်ရပြီး သူ၏အာရုံခံစွမ်းရည်များကလည်း အသုံးပြု၍ မရနိုင်တော့ပေ။ သူ့ခေါင်းထဲတွင်တော့ ဇဝေဇဝါ ဖြစ်သွားပြီး သူ၏ပင်မဝိညာဉ်က ငရဲပြည်၏ ရှင်းလင်းမှုကို ခံလိုက်ရသည့်အလား မရပ်မနား လှုပ်ရှားနေခဲ့သည်။

သူက ကိုယ်တွင်းပေါက်များ အားလုံးကို ဖွင့်လိုက်ပြီး နေလုံးကြီးနှင့် ကြယ်များကို အတူတကွ ပျံသန်းနေစေခဲ့သည်။ ကောင်းကင်ကြီး၏အမြင့်တွင် စကြဝဠာက လည်ပတ်နေပြီး သူ၏ပင်မဝိညာဉ်နှင့် အင်မော်တယ် ဘိုးဘေးခန္ဓာက ပေါ်လာမှသာ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားနိုင်ခဲ့၏။

နားထဲတွင် တစ္ဆေအော်သံများ ကြားနေသည့်အချိန်၌ သူကတော့ မြူခိုးများထဲတွင် ရှေ့ကို တစ်လှမ်းချင်းဆီ လျှောက်သွားနေခဲ့၏။ သူက လေးလံသောရေများ၏ ဖိနှိပ်မှုကို ခံထားရသလို ထင်ရသည်။

တစ်ဖက်တွင်တော့ ယဲ့ယုချီက အတော်လေးကို စိတ်အေးလက်အေး ဖြစ်နေသည်။ သူ့နောက်တွင် ရှိနေသော ကြယ်များက နှင်းများအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူတို့က ကြယ်စုတန်းတစ်ခုကဲ့သို့ လည်ပတ်နေ၏။ ထိုအရာများက အလွန်တောက်ပပြီး သူမဆီမှ မြူခိုးများကို အဝေးသို့ ပျောက်ကွယ်သွားစေခဲ့သည်။

ခဏကြာပြီးနောက် မြူခိုးများက ရေစီးကြောင်းများအဖြစ် စုစည်းသွားခဲ့ပြီး အနက်ရောင် အခေါင်းတစ်ခုကို လွှမ်းခြုံထားကြောင်း မြင်လိုက်ရသည်။ ထိုအရာက အလွန်လေးလံပြီး ဖိအားများသလို ထင်မှတ်ရ၏။ ကြမ်းပြင်ကြီးကပင် အက်ကွဲနေခဲ့သည်။ အတွင်းထဲတွင် အနက်ရောင်မြူခိုးများ လှုပ်ရှားနေပြီး သူတို့က အနီရောင် လှိုင်းလုံးများကို ထိုးဖောက်နိုင်ခြင်းမရှိချေ။

ပထမတော့ မုန့်ချီက အံသြနေသလို ခံစားနေရ၏။ ထိုအရာက ငရဲပြည်၏ အခြေအနေဟု စဉ်းစားနေမိခြင်းကြောင့်လည်း ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူက အခေါင်းရှေ့တွင် ထွင်းထုထားသော ရှေးဟောင်းစကားလုံးများကို စိုက်ကြည့်လိုက်မိသည်။

"ဒီနေရာမှာ ကျန်းဝူအင်ပါယာက ငရဲအင်ပါယာကို ဖိနှိပ်ထားတာပဲ.. "

"နတ်ဆိုးသုတ်သင်ရေးဘိုးဘေး…

တကယ်သူပါလား "

ယဲ့ယုချီက သိမ်မွေ့စွာ ရေရွတ်လိုက်သည်။ သူမက အလွန်အစွမ်းထက်သော်လည်း ဖိနှိပ်ထားသော ငရဲအင်ပါယာ နိုးထလာမှာ ကြောက်ပုံရသည့်အတွက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

မုန့်ချီက အနည်းငယ် စိတ်သက်သာရာရသွားခဲ့၏။ နောက်ဆုံးတွင်တော့ သူတို့က ကျန်းဝူအင်ပါယာ ကျန်ထားခဲ့သော ခြေရာလက်ရာများကို ရှာတွေ့ခဲ့ပါပြီ။ သူတို့က ရှေ့ကို လျှောက်သွားနေရင်း မျက်မှောင်ကြုတ်မိလိုက်သည်။

အခေါင်း၏ အဖုံးပေါ်တွင် အက်ကွဲကြောင်းလေးတစ်ခု ရှိနေကြောင်း မြင်လိုက်ရ၏။ မုန့်ချီကတော့ နောက်တစ်ကြိမ် ကြက်သီးမွေးညင်းထသွားခဲ့ပြီး ခေါင်းထဲတွင် ကြောက်စရာကောင်းသော အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။

ယဲ့ယုချီ၏ နောက်တွင် ရှိနေသော ပုံရိပ်ယောင်ခန္ဓာကလည်း ဖြည်းညင်းစွာ လှုပ်ရှားလာပြီး သူ၏အရှိန်အဝါက အလွန်အစွမ်းထက်လာသည်။ ကောင်းကင်ကြီးကိုပင် လွှမ်းမိုးနိုင်သလို ထင်ရ၏။ သူမက ခြေလှမ်းကို မြန်လိုက်ပြီး အခေါင်း၏ ရှေ့ကိုရောက်လာခဲ့သည်။

မုန့်ချီကတော့ အံကြိတ်လိုက်ပြီး သူ၏ဓားမောက်နှင့် ဓားရှည်တို့ကို တင်းတင်းဆုပ်ကိုင်၍ အခေါင်းဆီကို လျှောက်လာခဲ့၏။ သူက စိတ်ဝိညာဉ်ကို အသုံးပြုပြီး အက်ကွဲကြောင်းလေးထဲမှနေ၍ အတွင်းထဲရှိ အခြေအနေများကို စစ်ဆေးကြည့်လိုက်သည်။

အတွင်းထဲတွင် လှုပ်ရှားနေသော လှိုင်းလုံးများနှင့် အဝါရောင်မြစ်ကြီးတစ်စင်း တိတ်တဆိတ် စီးဆင်းနေခဲ့၏။ နက်မှောင်နေသော မျက်လုံးများ၊ မေ့ပျောက်၍ မရနိုင်သော မှတ်ဉာဏ်များ၊ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များအားလုံးက အတွင်းထဲတွင် လှုပ်ရှားနေကြသည်။

သူ့ခေါင်းထဲတွင် ထိုကဲ့သို့ မြင်ကွင်းတစ်ခု ပေါ်လာပြီး သူ၏ ပင်မဝိညာဉ်ကို ခြိမ်းခြောက်နိုင်သည့်အတွက် သူလည်း သူ့စိတ်သူ ထိန်းချုပ်ရန် ခက်ခဲနေခဲ့၏။ တဖြည်းဖြည်းနှင့် သူ၏မြင်ကွင်းက ဝေဝါးသွားခဲ့သည်။

မုန့်ချီက သူ၏ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည့်အချိန်တွင် သတိထားနေခဲ့၏။ သူက ဓားမောက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုအက်ကွဲကြောင်းထဲသို့ ထိုးစိုက်၍ အတွင်းထဲကို ကြည့်ရန် လှန်ချလိုက်သည်။ ထို့နောက် အလွန်ကျယ်လောင်သော အသံနှင့်အတူ အခေါင်းအဖုံးကို ဘေးသို့ တွန်းဖယ်လိုက်၏။

ရှေ့သို့ သေချာစိုက်ကြည့်လိုက်သည့်အချိန်တွင် အခေါင်းထဲ၌ လွှမ်းခြုံနေသော အဝါရောင် အငွေ့အသက်တစ်ခုကို မြင်လိုက်ရသည်။ အောက်တွင်တော့ မည်သည့်အရာမျှမရှိချေ။

"ဒါဆိုရင် ငရဲအင်ပါယာက အစောကြီးကတည်းက ထွက်ပြေးသွားခဲ့တာလား…"

မုန့်ချီက ရေရွတ်မိခဲ့၏။

ထိုအချိန်တွင် သူ၏လေဟာနယ်လက်စွပ်ထဲ၌ ရှိနေသော ပစ္စည်းတစ်ခုက ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်ကို ခံစားမိခဲ့သည်။ သူက စိတ်ဝိညာဉ်ကို သုံးပြီး မည်သည့်အရာများ ဖြစ်နေကြောင်း စစ်ဆေးကြည့်လိုက်၏။ ထိုအရာက အဘိုးကြီးကျုံးဆီမှ ရရှိခဲ့သော လျှို့ဝှက်အရိုး ဖြစ်နေသည်။ ထိုအရာက အသက်ပြောင်းလဲခြင်းဂိုဏ်းမှ ခိုးယူလာခဲ့သော အရာဖြစ်ပုံရသည်။

ခဏကြာ စဉ်းစားပြီးနောက် သူက ထိုအရာကို ထုတ်ယူလိုက်၏။ မည်သည့်နေရာကမှန်း မသိသော်လည်း ထိုအငွေ့အသက်များက အရိုးဆီကို ရောက်သွားခဲ့ပြီး အရိုးကတော့ပင်လယ်ရေများကို စုပ်ယူနေသော ဝေလငါးကြီးတစ်ကောင်ကဲ့သို့ ထိုအငွေ့အသက်များအားလုံးကို စုပ်ယူလိုက်သည်။

"သေစမ်း...ဒါက ငရဲအင်ပါယာရဲ့ အရိုးလား။ အသက်ပြောင်းလဲခြင်းဂိုဏ်းက ဒါကို ဘယ်နေရာကနေ ရလာတာလဲ…"

မုန့်ချီ၏ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။

အနီရောင်အငွေ့အသက်များကလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး အရိုးက ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။ သူက ထူးခြားမှုကို အကောင်းဆုံး ကြိုးစားပြီး ဖော်ထုတ်နေသော်လည်း မအောင်မြင်ခဲ့ပေ။

ယဲ့ယုချီက အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

"အသက်ပြောင်းလဲခြင်းဂိုဏ်းက ငရဲအင်ပါယာရဲ့ လျှို့ဝှက်ချက်တွေကို အမွေဆက်ခံထားတာများလား…"

ထိုအရာက ငရဲအင်ပါယာ ပိုင်ဆိုင်ထားသော အရိုးဖြစ်မည်ဟု သူမလည်း တွေးခဲ့မိသည်။ သို့သော် အရိုး၏နောက်ကွယ်တွင် ရှိနေသော ကိစ္စက အသက်ပြောင်းလဲခြင်းဂိုဏ်းနှင့် ကျန်းဝူအင်ပါယာ၏ အုတ်ဂူထဲတွင် တွေ့ခဲ့သော ဖုတ်ကောင်များကဲ့သို့ ရိုးရှင်းမှု မရှိနိုင်ပေ။

သူက အရိုးကို လှုပ်ရှားကြည့်သော်လည်း မည်သည့်အရာမျှ ထူးခြားမှု မရှိပေ။ သူက အခေါင်းကို နောက်တစ်ကြိမ် ကြည့်လိုက်မိ၏။ ထိုနေရာတွင် မည်သည့်အရာမျှ မရှိဘဲ အတွင်းထဲတွင်တော့ ဖုန်မှုန့်များ တက်နေခဲ့သည်။

"ကျန်းဝူအင်ပါယာရဲ့ သဲလွန်စတွေက ဘယ်မှာလဲ…"

မုန့်ချီက အံကြိတ်လိုက်မိပြီး အရိုးကို သိမ်းလိုက်၏။

ထို့နောက် လက်ထဲတွင် ဓားမောက်နှင့်ဓားရှည်ကိုကိုင်ပြီး ရှေ့ကို နောက်တစ်ကြိမ် လျှောက်သွားခဲ့၏။ ခဏကြာ လျှောက်လှမ်းသွားပြီးနောက် သူ့ရှေ့တွင် ကျောက်နံရံများ ပေါ်လာခဲ့သည်။ အစောပိုင်းတွင် တွေ့ခဲ့သော နံရံများကဲ့သို့ ထိုနံရံပေါ်တွင်လည်း ပန်းချီကားတစ်ချပ် ရေးဆွဲထား၏။

ထိုတံခါး၏ မျက်နှာပြင်ပေါ်တွင်လည်း လိပ်တစ်ကောင်နှင့်မြွေတစ်ကောင်က ရောယှက်နေခဲ့သည်။ ထိုတံခါး၏ရှေ့တွင်တော့ အနက်ရောင်အလံလေးတစ်ခု ရှိနေ၏။ လက်ရှိအချိန်တွင် ထိုအလံထဲမှ အနီရောင်မြူခိုးများ ထွက်ပေါ်လာနေပြီး သူ၏ပတ်ပတ်လည်တွင် ရေလှိုင်းများ စီးဆင်းသည့်အသံများ ထွက်ပေါ်နေသည်။ အလံ၏ ဘေးတွင်တော့ စာရေးထားသော လိပ်ခွံတစ်ခု ရှိသည်။

"ပိုမီမှာ ရှိတဲ့ အနီရောင်မြူခိုးတွေက ဒီနေရာကနေ ရောက်လာတာလား…"

မုန့်ချီက လိပ်ခွံကို စိုက်ကြည့်လိုက်ပြီး ထိုစာများကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။

သူ ရှင်းရှင်းလင်းလင်း နားမလည်နိုင်သေးခင် ယဲ့ယုချီက ကျယ်လောင်စွာ ဖတ်ပြလိုက်၏။

"အရာအားလုံးက ပြောင်းလဲသွားပြီ။ ငါကတော့ ထာဝရရှင်သန်ခြင်းလမ်းကြောင်းကို ရှာဖွေခဲ့တယ်။ ငါကတော့ လူသားကမ္ဘာကြီးကို ထိခိုက်အောင် လုပ်နေတဲ့ မကောင်းဆိုးဝါးအတွေးကို ဖြေရှင်းဖို့ အချိန်မရခဲ့ဘူး။ ငါက သိပ်မကြာခင် သေတော့မှာ စိုးရတယ်။ ဒါကြောင့် ငါက ဒီနေရာမှာ မကောင်းဆိုးဝါးသုတ်သင်ရေး အလံကို ထားခဲ့တယ်။ တကယ်လို့ မင်းကသာ ဒီနေရာကိုရောက်လာပြီး ဒီစာကို ဖတ်နေမယ်ဆိုရင် မင်းက ဒီအလံကို သုံးပြီး အဲဒီအတွေးတွေကို ဖယ်ရှားပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ တာအိုသခင်ကျန်းဝူက အရိုအသေပေးပါတယ်…"

ကျန်းဝူအင်ပါယာက အုတ်ဂူ မည်သည့်နေရာတွင် ရှိနေကြောင်း ပြောမပြခဲ့ပေ။ ဤနေရာကို ရောက်လာသူက အုတ်ဂူထဲတွင် တမင်တကာ ချန်ထားခဲ့သော လိပ်နက်ကျောက်စိမ်းပြားလေး သေချာပေါက်ရှိနေမည်ဟု တွက်ဆထားပုံရသည်။

မုန့်ချီက သူမ၏ စကားမျာကို နားထောင်ရင်း အလွန်ဝမ်းသာသွားခဲ့၏။ သူက အလံကို ကြည့်ပြီး အလံ၏တစ်ဖက်ချင်းဆီတိုင်းတွင် နားမလည်နိုင်သော စကားလုံးတစ်လုံးဆီကို မြင်လိုက်ရသည်။ သူက ထိုအရာများကို မဖတ်နိုင်သော်လည်း အဓိပ္ပာယ်ကို ခံစားမိနေခဲ့၏။

"နတ်ဆိုးသုတ်သင်ရေး …"

"ဒါက နတ်ဆိုးသုတ်သင်ရေးအလံဖြစ်မယ် ထင်တယ်။ အဲဒီအရာကို ငရဲပင်လယ်ဓားက ဖျက်စီးပစ်လိုက်တာလို့ ကြားဖူးတယ်…"

ယဲ့ယုချီက ဇဝေဇဝါ ဖြစ်နေသလို ခံစားနေရသည်။

သူက အလံကို သေချာဂရုတစိုက် စိုက်ကြည့်လိုက်ရာ အလံပေါ်တွင် အက်ကွဲကြောင်းများ ပြည့်နေကြောင်း တွေ့လိုက်ရ၏။ ထင်ထားသည့်အတိုင်း ထိုအရာက အကြိမ်အနည်းငယ်သာ အသုံးပြုနိုင်မည့်ပုံပေါ်သည်။

"နတ်ဆိုးသုတ်သင်ရေးဘိုးဘေးက ဒီနေရာမှာ အလံကို မထားခင် ရိုးရိုးရှင်းရှင်းပဲ ပြင်ဆင်ခဲ့တယ် ထင်တယ် ။ အချိန်ကြာလာတာနဲ့အမျှ သူရဲ့အငွေ့အသက်တွေက စိမ့်ထွက်လာပြီး အခုလို အခြေအနေမျိုး ဖြစ်လာတာပဲ…"

ထိုအရာက အသုံးပြု၍ ရနေသေးသည့်အတွက် မုန့်ချီက စိတ်ပျက်နေခဲ့ခြင်းမရှိချေ။

သူက စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားလိုက်ပြီး အလံဆီကို လျှောက်သွား၍ ဦးညွှတ်ပြီး ပြောလိုက်၏။

"လိပ်နက်ကျောက်စိမ်းပြားလေးရဲ့ကျေးဇူးကြောင့် ကျွန်တော်က ဒီနေရာကို ရောက်လာနိုင်ခဲ့တာ ။ ကျွန်တော်က ဘိုးဘေးရဲ့ မကောင်းဆိုးဝါးအတွေးတွေကို အတတ်နိုင်ဆုံး ဖယ်ရှားပေးပါမယ်…"

ထို့နောက် သူက အလံတိုင်ကို ယူလိုက်သည်။ ထိုအလံက အေးစက်ပြီး အလွယ်တကူ ယူဆောင်၍ ရနိုင်၏။ သူက ထိုအလံကို ကိုင်လိုက်သည့်အချိန်တွင် ပတ်ပတ်လည်တွင် ရှိနေသော အနီရောင်မြူခိုးများက ဆူပွက်နေသော ရေလှိုင်းများကဲ့သို့ လှုပ်ရှားလာခဲ့၏။

ပိုမီနယ်မြေထဲတွင် ရှိနေသော မြူခိုးများကလည်း အတူတူသာဖြစ်၏။ ထိုအချိန်တွင် မကောင်းဆိုးဝါးအိုကြီးများကတော့ ကြောက်လန့်သွားကြပြီး မည်သည့်အရာများ ဖြစ်နေကြောင်း သိချင်နေကြသည်။

မုန့်ချီက နတ်ဆိုးသုတ်သင်ရေးအလံကို ကိုင်ထားသည့်အချိန်တွင် တစ်ခြားသူများထက် ပို၍ထူးခြားနေသလို ခံစားနေရ၏။ ထိုအငွေ့အသက်များကို ခံစားမိသည့်အခါ ပန်းချီရေးထားသော တံခါးက တောက်ပလာခဲ့သည်။

"ကျန်းဝူအင်ပါယာ ချန်ထားခဲ့တဲ့ သဲလွန်စတွေကို တွေ့ပြီ။ ဒီကွင်းဆက်တာဝန်ရဲ့ အဆင့်(၄)က ပြီးဆုံးသွားပြီ။

ကျန်းဝူအင်ပါယာ သေဆုံးမှုအဆင့်(၅)…

ကျန်းဝူအင်ပါယာအုတ်ဂူကို ပြန်သွားပြီး သူ့ရဲ့မကောင်းဆိုးဝါး အတွေးကို ဖယ်ရှားရမယ်။ ပြီးတော့ သူ့ဆီကနေ ရနိုင်သမျှ အချက်အလက်တွေကို ရယူရမယ်.."

………….

ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက တံခါးစောင့်နှင့်အတူ လိုဏ်ဂူထဲကို လိုက်လာခဲ့သည်။ အကွေ့ပေါင်းများစွာကို ကျော်လာပြီးနောက် သူက မြေအောက်ထဲသို့ ရောက်လာပြီး ထိုနေရာတွင် အနီရောင်မြူခိုးများက သိပ်သည်းနေခဲ့သည်။

ခဏကြာပြီးနောက် တံခါးစောင့်က အဆုံးသတ်သွားသော လမ်း၏ ရှေ့တွင် ရပ်လိုက်ကြောင်း မြင်လိုက်ရသည်။ လမ်းအဆုံးတွင်တော့ ပန်းချီခြယ်ထားသော တံခါးတစ်ချပ်သာ ရှိနေ၏။ ထိုပန်းချီက လိပ်တစ်ကောင်နှင့် မြွေတစ်ကောင် ပန်းချီဖြစ်ပြီး ထိုအရာကလွဲလျှင် တစ်ခြားမည်သည့်အရာမျှ မရှိချေ။

"ဒီအရာပဲ…"

တံခါးစောင့်က ကြောက်လန့်နေသလို ခံစားနေရ၏။

ကျော်ကြားခြင်း(၇) သွယ် မကောင်းဆိုးဝါးက တံခါးကို သေချာကြည့်နေသော်လည်း ဖွင့်နိုင်ခြင်း မရှိချေ။ အကယ်၍ သူ့အစွမ်းကုန် သုံးလိုက်မယ်ဆိုရင် အနီရောင်လှိုင်းလုံးများက စုပ်ယူသွားခဲ့၏။

"ဒါက အသုံးမဝင်ဘူး…"

တံခါးစောင့်က သက်ပြင်းချလိုက်မိသည်။

"စလာကတည်းက ငါက ခြင်္သေ့ဟိန်းသံတွေ၊ လူသံတွေကို မကြာခဏ ကြားရတယ်။ အချိန်ကြာလာတာနဲ့အမျှ ငါက လူသားတွေရဲ့အသံကိုပဲ ကြားရတော့တယ်…"

သူ၏ခြေကျင်းက ကျောက်တုံးတံခါး၏ နောက်ဖက်ထိ ရောက်နိုင်သည်။

ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက ခေါက်တုန့်ခေါက်ပြန် လျှောက်နေပြီး တစ်ယောက်တည်း စဉ်းစားနေပုံရ၏။ ရုတ်တရက်ဆိုသလို အနီရောင်မြူခိုးများ လှုပ်ရှားသွားခဲ့ပြီး နောက်ထပ်မြင်ကွင်းကောင်းတစ်ခု ပေါ်လာခဲ့သည်။

သူက တစ်စုံတစ်ခု ပြောတော့မည့်အချိန်တွင် မျက်မှောင်ကြုတ်မိလိုက်၏။ ထိုဆေးခြယ်ထားသော တံခါးက ဖြည်းညင်းစွာ ပွင့်လာပြီး အတွင်းထဲမှနေ၍ အလွန်တောက်ပသော အလင်းတန်းတစ်ခု ထွက်လာခဲ့သည်။ ထိုအချိန်တွင် အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုကို ခံစားမိခဲ့ပြီး အရပ်ရှည်ရှည် အရိပ်တစ်ခု ထွက်ပေါ်လာကြောင်း မြင်လိုက်ရသည်။

"တော်တော်အစွမ်းထက်တာပဲ.."

ကျော်ကြားခြင်း(၇)သွယ်မကောင်းဆိုးဝါးက ချက်ချင်း ပြန်လှည့်ပြီး ထွက်ပြေးသွားခဲ့သည်။ တံခါးစောင့်က ကြောက်လန့်သွားသလို ခံစားရပြီး ထွက်ပြေးချင်သော်လည်း သူ၏ခြေကျင်းက ထိန်းချုပ်ထားနေသေးသည်။

"ညီလေး...."

သူက ကျယ်လောင်စွာ အော်ဟစ်အကူအညီတောင်းလိုက်သော်လည်း ကျော်ကြားခြင်း(၇)သွယ် မကောင်းဆိုးဝါးက လေထုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

တံခါးစောင့်က အလွန်ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာနှင့် တဖြည်းဖြည်း ပွင့်လာသောတံခါးထဲမှ ထွက်လာသည့်အရိပ်ကို လှည့်ကြည့်လိုက်သည်။ အစွမ်းထက်သော အငွေ့အသက်များက သူ့ကိုလွှမ်းမိုးသွားခဲ့၏။

"ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ…"

ထိုစကားလုံးများက သူ့နှုတ်ဖျားမှနေ၍ သတိလက်လွတ် ထွက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို သူက စကားဆက်မပြောနိုင်တော့ပေ။

သူ့ရှေ့တွင် ရပ်နေသော အရိပ်ကို မြင်လိုက်ရ၏။ ထိုလူငယ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်ဓားတစ်ချောင်းကို ကိုင်ထားသည်။

"မင်းပါလား....ဘယ်လိုဖြစ်ပြီး…။ မင်းက ဘယ်သူလဲ…."

သူက အလွန်ထိတ်လန့်စွာ မေးလိုက်၏။ အစောပိုင်းတွင် သူ ခံစားရသည်မှာ ဓမ္မကာရ အဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။

အလံကို သိမ်းလိုက်ပြီးနောက် မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ကျုပ်တို့ နောက်တစ်ကြိမ် ထပ်တွေ့ပြန်ပြီ…"

တံခါးစောင့်ကတော့ သူ့ကို မည်သို့ ပြန်ဖြေရမှန်း မသိပေ။ ထို့ကြောင့် သူက တိတ်ဆိတ်နေခဲ့၏။

"ခင်ဗျားက ဘာလို့ ဒီနေရာကို စောင့်ကြပ်နေရတာလဲဆိုတာ ပြောပြနိုင်မလား…"

မုန့်ချီက တိုက်ရိုက်မေးခဲ့သည်။

တံခါးစောင့်က ကျော်ကြားခြင်း(၇)သွယ်မကောင်းဆိုးဝါးကို ပြောပြသည့်အတိုင်း ပြောပြလိုက်၏။

"ထူးဆန်းတဲ့ လူငယ်တာအိုသခင်လား။ သူက ကောင်းကင်ကံကြမ္မာကျင့်ကြံသူလား။ ဒါမှမဟုတ် တစ်ခြားသူတွေလား…"

မုန့်ချီက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"သူက ဘာတွေပြောခဲ့သေးလဲ…"

တံခါးစောင့်က သူပြောခဲ့သည့်အရာများကို ပြန်လည်စဉ်းစားပြီး ပြောလိုက်သည်။

"ထူးခြားတဲ့လူတစ်ယောက်ကို စောင့်နေတယ်လို့ ပြောတယ်။ ပြီးတော့ ငါဘယ်သူလဲ။ ဘယ်သူကငါလဲဆိုတဲ့ အကြောင်းကိုလည်း ပြောခဲ့တယ်…"

"ငါ ဘယ်သူလဲ။ ဘယ်သူက ငါလဲ…"

မုန့်ချီက တုန်းရန်စံအိမ်ထဲတွင် ရရှိခဲ့သော စာရွက်လိပ်လေးကို မှတ်မိသွားခဲ့သည်။

"တုန်းရန်နတ်ဘုရားက အခုအချိန်ထိ အသက်ရှိနေသေးတာလား…"

Translated by Hein Htet

All Chapters