အခန်း (၅၁၉)
Vol. 35 Ch. 519
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။
"နောက်ထပ် ဘာရှိသေးလဲ…"
တံခါးစောင့်က ခေါင်းခါပြလိုက်၏။
"တခြားဘာမှထပ်မပြောခဲ့ဘူး။ သူက ကျွန်တော့်ကို ဒီနေရာမှာ နှစ်ပေါင်း(၆၀)လောက် ချုပ်နှောင်ထားခဲ့တာ ... "
"သူ့ပုံစံက ဘယ်လိုပုံစံမျိုးလဲ…"
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်၏။
"အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ အလယ်ခေတ်တုန်းက နာမည်ကျော် ဝါးသရဖူတစ်ခုကို ဆောင်းထားတယ်။ သူက အပြာရင့်ရောင် တာအိုသခင်ဝတ်စုံကို ဝတ်ထားပြီး နှာခေါင်းနဲ့ပါးစပ်ကတော့ သာမာန်ပဲ ...။ ဒါပေမဲ့ သူ့မျက်လုံးက နည်းနည်းလေးစွေတယ်။ သူ့ဆီမှာ ပြောပြလို့မရနိုင်တဲ့ ဆွဲဆောင်မှုတစ်ခုရှိတယ် ... "
တံခါးစောင့်က ပြန်လည်စဉ်းစားပြီး ပြောလိုက်သည်။
တံခါးစောင့်က တစ်စုံတစ်ခု လွဲချော်သွားခြင်း မရှိစေရန် မုန့်ချီက နောက်ထပ် မေးခွန်းပေါင်းများစွာ ထပ်၍ မေးခဲ့သေး၏။
ထို့နောက် သူက တံခါးပွင့်သံကြောင့် ပျက်စီးသွားသော သံကြိုးကို ကြည့်ပြီး ပြောလိုက်သည်။
"ခင်ဗျားက ရေခဲနတ်သမီးနဲ့ ပတ်သက်နေမှတော့ ကျုပ်က ခင်ဗျားကို အခက်တွေ့အောင် မလုပ်တော့ဘူး ..။ ခင်ဗျား အခုပဲ ထွက်သွားလို့ရပြီ.."
ထိုအရာကို ယဲ့ယုချီက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ တံခါးစောင့်က အလွန်အံ့ဩပြီး ဝမ်းသာသွားကြောင်းမြင်လိုက်ရသည့်အချိန်တွင် မုန့်ချီကထပ်ဖြည့်ပြောလိုက်သည်။
"ခင်ဗျား အရင်တုန်းက ဘာတွေလုပ်ခဲ့တာလဲဆိုတာ ကျုပ် မသိဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ရန်သူတွေက ခင်ဗျားကို ရှာဖွေနေမှတော့ ခင်ဗျားက ကျုပ်ကို ဘာမှစိုးရိမ်နေစရာ မလိုဘူး။ ဒါပေမဲ့ ကျုပ်က ဒီနေ့ခင်ဗျားကို ကယ်တင်ခဲ့ပေမယ့် တကယ်လို့ ခင်ဗျားကသာ နောက်ပိုင်းမှာ ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့မယ်ဆိုရင် ကျုပ်ကိုယ်တိုင် ခင်ဗျားကိုလာပြီး ရှင်းမယ်…"
"အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ ... "
မုန့်ချီ၏အငွေ့အသက်က သာမန်သာ ဖြစ်သော်လည်း သူကတော့ ထိတ်လန့်ကြောက်ရွံ့နေသေး၏။ သူက ဆရာကြီးတစ်ယောက်၊ ထိပ်တန်းသိုင်းပညာရှင်တစ်ယောက်ဖြစ်မည်ဟု တံခါးစောင့်က ယုံကြည်နေသေး၏။
လူတစ်ယောက်၏ အငွေ့အသက်ကို ဖိအားပေးခဲ့ပြီး လေဟာနယ်ကို ချိုးဖျက်နိုင်သည့် ခံစားမှုက မှားယွင်းမှု မရှိနိုင်ပေ။ သံကြိုးများ မရှိတော့သည့်အပြင် စိတ်ထဲတွင်လည်း အေးချမ်းသွားသည့်အတွက် သူက လမ်းဆုံလမ်းခွမှနေ၍ အရှိန်နှင့် ထွက်လာခဲ့ပြီး မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့ပုံစံက အတော်လေး စိတ်မရှည်ဖြစ်နေပုံရ၏။
"မင်းက ဘာတွေအံ့ဩနေတာလဲ ... "
အပြာဖျော့ရောင် ဝတ်ဆင်ထားသော ယဲ့ယုချီက တံခါးထဲမှ ထွက်လာခဲ့သည်။
မုန့်ချီက သူ၏လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားခြင်း မရှိချေ။
"ကျွန်တော်က တုန်းရန်စံအိမ်ထဲမှာ ရတနာတချို့ကို တွေ့ခဲ့တယ်။ အဲဒါက တုန်းရန်နတ်ဘုရား ချန်ထားခဲ့တဲ့ ရတနာပဲ။ အဲဒီစာရွက်လိပ်တစ်ခုပေါ်မှာရှိတဲ့ စကားလုံးတွေက ငါ ဘယ်သူလဲ ..ဘယ်သူကငါလဲ ဆိုတဲ့စာတွေပဲ…"
ရွမ်ယောင်ကွမ်းနှင့် အခြားသူများအားလုံးက ထိုအဖြစ်အပျက်ကို မြင်ထားဖူးသည့်အတွက် မုန့်ချီက ဖုံးကွယ်ထားရန် မလိုအပ်ပေ။
"လူသားဧကရာဇ် အုပ်စိုးနေစဉ် အတောအတွင်း တုန်းရန်နတ်ဘုရားက ထူးချွန်နေတာမျိုးမရှိဘူး ..."
ယဲ့ယုချီကတော့ ဆက်ပြောခဲ့ခြင်း မရှိချေ။ သူမ၏အမြင်အရ အလွန်လျှို့ဝှက်ဆန်းကြယ်သော အင်အားစုကြီးများက ယနေ့အချိန်ထိ အသက်ရှင်နေမည်ဆိုလျှင်ပင် တုန်းရန်နတ်ဘုရား ကိုင်တွယ်နိုင်သော အရာမျိုးမဟုတ်ချေ။
"ဒါကြောင့်လည်း ထူးဆန်းနေတာလေ။ နတ်သမီးယဲ့ ... သူ့လို တာအိုသခင်မျိုးကို မြင်ခဲ့ဖူးလား…"
မုန့်ချီက ခဏကြာစဉ်းစားပြီး မေးလိုက်သည်။
ယဲ့ယုချီက ခေါင်းခါပြောလိုက်၏။
"ငါ သူ့ကို လုံးဝမမြင်ဖူးဘူး ... "
လက်ရှိအချိန်တွင်တော့ ထိုလျှို့ဝှက်ဆန်းကြယ်မှုနှင့် ပတ်သက်သော သဲလွန်စများ မရှိသေးပေ။ မုန့်ချီက ပြန်လှည့်ကြည့်လိုက်ပြီး တံခါးထဲသို့ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် တောင်ကုန်းထဲတွင် ရှိနေသော ဆိုကာပန်းပွင့်များအားလုံးကို ယူဆောင်သွားရန် ဆုံးဖြတ်လိုက်၏။
မူလတုန်းကတော့ သူက ဆိုကာပန်းပွင့်များများ ယူဆောင်ရဲခြင်း မရှိချေ။ သူက မေ့ကျန်နေခဲ့သော တံဆိပ်များကို အသက်သွင်းမိမှာ စိုးခြင်းကြောင့်ဖြစ်သည်။
ယဲ့ယုချီက နတ်ဆိုးသုတ်သင်ရေးအလံနှင့် ပတ်သက်ပြီး မည်သည့်အရာမျှမပြောခဲ့ပေ။ သူမက မုန့်ချီ၏အနားတွင် ရပ်နေပြီး ပြောလိုက်၏။
"တကယ်လို့ ကျန်းဝူအင်ပါယာရဲ့ မကောင်းဆိုးဝါး စိတ်ဆန္ဒတွေကြောင့် သဲလွန်စမရှိဘူးဆိုရင် ငါတို့က မင်းကို အရာအားလုံး ကူညီပေးနိုင်တယ်. "
ထိုအရာက ရှေးဟောင်းအင်ပါယာ(၅)ယောက်၊ တာအိုဘိုးဘေး(၉)ယောက်နှင့် ပတ်သက်နေသည့်အတွက် ယဲ့ယုချီက ထိုအရာကို အလေးအနက်ထားသည်။ မကောင်းဆိုးဝါးစိတ်ဆန္ဒကို သုတ်သင်ရှင်းလင်းလိုက်သည့်အတွက် မည်သည့်အရာမျှမရသည်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် သူတို့လိုချင်နေသည်မှာ ဆက်လက်တိုးတက်ခွင့်ဖြစ်သည်။
"တကယ်လို့ ကျွန်တော်က ဒီကိစ္စကို အောင်အောင်မြင်မြင် မဖြေရှင်းနိုင်ဘူးဆိုရင် သေချာပေါက် အကူအညီတောင်းပါ့မယ် ... "
ထိုကွင်းဆက်တာဝန်က အဆုံးသတ်တွင် အန္တရာယ်များ ပြည့်နှက်နေကြောင်း မုန့်ချီက ယုံကြည်နေခဲ့သည်။ လက်ရှိအချိန်တွင် သူက သူတို့၏သဘောထားကို ကောင်းမွန်စွာ တုံ့ပြန်ရမည်ဖြစ်၏။
မုန့်ချီက အနီရောင်မြူခိုးများ ပြည့်နှက်နေသော ကျောက်တုံးခန်းလေးထဲတွင် နောက်တစ်ကြိမ် ရှာဖွေနေခဲ့သော်လည်း တခြားမည်သည့်အရာမျှမတွေ့ရတော့ပေ။ သူက ယခင်ဖြစ်ခဲ့သည့် အရာအားလုံးကို ပြန်လည်စဉ်းစားပြီး ရုတ်တရက်ပြောလိုက်၏။
"နတ်သမီးယဲ့ ...
ဒီကိစ္စက တော်တော်လေး ထူးဆန်းနေတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ တကယ်လို့ ငရဲအင်ပါယာက ထွက်ပြေးသွားတယ်ဆိုရင်တောင် ဘာလို့နတ်ဆိုးသုတ်သင်ရေးအလံကို ယူမသွားခဲ့ရတာလဲ ။ ပစ္စည်းက ပျက်စီးလုနီးပါးဖြစ်နေပြီး အခု အသုံးမဝင်တော့ပေမယ့် သူ့ရန်သူကျန်းဝူရဲ့အစီအစဉ်ကို နှောင့်ယှက်တဲ့လုပ်ရပ်မျိုးဖြစ်နိုင်တယ်လေ။ ဒါက သူ့အတွက်လည်း အကျိုးရှိတာပဲ.."
ယဲ့ယုချီက ခဏကြာတိတ်ဆိတ်နေခဲ့သည်။
"နတ်ဆိုးသုတ်သင်ရေးအလံဘေးမှာရှိတဲ့ လိပ်ခွံပေါ်က စာက ငရဲအင်ပါယာကို ဖိနှိပ်ထားတဲ့အကြောင်း လုံးဝမပြောခဲ့ဘူး။ ဒီနေရာမှာ အလံထားခဲ့တယ်ဆိုတာက တစ်ယောက်ယောက် လာယူမယ့်အချိန်ကို စောင့်နေတာပဲ ဖြစ်နိုင်တယ်…"
နတ်ဆိုးသုတ်သင်ရေးအလံကို ယူဆောင်သွားပြီးနောက် လိပ်ခွံက အမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဒီကိစ္စက တော်တော်လေးကို လျှို့ဝှက်ဆန်းကြယ်နေတယ်…."
မုန့်ချီဆီတွင် ထင်မြင်ချက် အနည်းငယ်ရှိနေသော်လည်း သက်သေ မရှိသည့်အတွက် သူ့အတွေးကို ဖိနှိပ်ထားလိုက်ရသည်။ သူက ကျောက်တုံးအခန်းဆီသို့ ပြန်လည်လျှောက်သွားခဲ့ပြီး ဖြစ်ခဲ့သည့်အရာများကို စဉ်းစား၍ သူ၏အားနည်းချက်များ အမှားများကို ပြန်လည်သုံးသပ်နေခဲ့သည်။
နောက်တစ်ကြိမ်တွင် ထိုအရာများကို ပြန်လည်ပြင်ဆင်ရမည်သာဖြစ်၏။ အကယ်၍ သူကသာ ရန်ကျန်းချန်ကို သုတ်သင်ရှင်းလင်းရမည့်အရာမျိုး မရှိလျှင် သတ်ဖြတ်ရေးယက္ခနှင့် ကရုဏာမဲ့နတ်ဆိုးကို တွေ့ရမည်မဟုတ်သလို သူတို့၏ရှာဖွေမှုကိုလည်း သတိထားမိလိမ့်မည်မဟုတ်ချေ။
အကယ်၍ သူက သူတို့နှင့် ပူးပေါင်းခဲ့ခြင်း မရှိလျှင်တော့ ရှင်သန်ခြင်းတံခါးကို ရှာဖွေရန် အချိန်ပို၍လိုအပ်နိုင်သည်။ ကျန်းကျိဝေ ရောက်လာသည့် အချိန်တွင် သူတို့က ဝင်္ကပါ၏ အလယ်ဗဟိုကို အလွယ်တကူ တွေ့နိုင်သည်။
ပိုမီတွင် လှုပ်ရှားခဲ့သော မြေငလျင်က အလွန်ထင်ရှားလွန်းလှသည့်အတွက် ရှင်သန်ခြင်းတံခါးကို အလွယ်တကူ ရှာတွေ့နိုင်သည်။ ထိုသို့ဆိုလျှင် အဘိုးကြီးကျုံးနှင့် ငရဲအင်ပါယာတို့ကို ရန်စမိမည် မဟုတ်ဘဲ တော်ဝင်အကြံပေးကလည်း နိုးမလာနိုင်တော့ပေ။
အကယ်၍ သူကသာ အပူအပင်မဲ့တောင်ကြား၏တာဝန်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခဲ့မည်ဆိုလျှင် သူ၏အကြီးမားဆုံး အန္တရာယ်ကတော့ ဝင်္ကဘာဆက်ကြောင်းကို ရှာဖွေနေသော မကောင်းဆိုးဝါးအိုကြီးများ၏ အလစ်ချောင်း တိုက်ခိုက်မှုကိုခံရရုံသာ ရှိသည်။
နောက်ဆုံးတွင် ရှင်သန်ခြင်းတံခါးထဲသို့ ဝင်သွားခဲ့ပြီးနောက် ရှေးဟောင်းဝိညာဉ်၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တော်ဝင်အကြံပေး၏ အေးစက်သော စွမ်းအင်များ လွှမ်းမိုးခြင်းကိုခံရ၍ သူ၏တစ်စိတ်တစ်ပိုင်း ဖြစ်သွားနိုင်သည်။ အကယ်၍ သူတို့က သေချာပြင်ဆင်ပြီး သတိထားလိုက်မယ်ဆိုလျှင် ထိုတာဝန်က မခက်သင့်ပေ။
ဆိုကာပန်းပွင့်များကို ယူဆောင်လိုက်ပြီးနောက် မုန့်ချီနှင့်ယဲ့ယုချီတို့က သဲမြန်မြို့နားတွင် ရှိနေသော အင်မော်တယ်ဝင်ပေါက်ဆီသို့ ပြန်လာခဲ့သည်။ သူတို့က အဝတ်အစားများကို လဲလိုက်ကြပြီး မျက်နှာဖုံးများ တပ်ဆင်လိုက်ကြသည်။
ထို့နောက် ဘိုးဘေးဒိုမူက ဝင်ပေါက်ကို တိုက်ရိုက်ဖွင့်လိုက်၏။ သူမကတော့ အင်မော်တယ်တံဆိပ်ကိုသုံးပြီး အတွင်းထဲတွင် ရှိနေသောသူများကို သတင်းပို့ရန် မလိုအပ်ပေ။
"မင်းရဲ့အသုံးအဆောင်တွေကို ပြောင်းလဲပြီးသွားတဲ့အချိန်ကျရင် မင်းက တရားဝင်အဖွဲ့သားတစ်ယောက် ဖြစ်လာမယ်။ မင်းက ဝင်ပေါက်(၉)ပေါက်လုံးကနေ ဝင်ဖို့အခွင့်အရေးရှိတယ်…"
ဘိုးဘေးဒိုမူအဖြစ် ပြောင်းလဲသွားသော ယဲ့ယုချီက ပြောလိုက်သည်။
"တရားဝင်အဖွဲ့သား…"
မုန့်ချီက အကျိုးအမြတ်များကို အရင်ဆုံး စဉ်းစားနေမိခဲ့၏။
"ဘိုးဘေး ...
ကျွန်တော်က ကောင်းကင်ရွှေကျင့်စဉ်ရဲ့ ဝေ့ကျင်းအဆင့် သိုင်းကျမ်းရယ် ဓမ္မကာရအဆင့် သိုင်းကွက်(၁)ခု၊ (၂)ခုရယ်ကို အခုရနိုင်ပြီလား ... "
သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေပြီး စွမ်းအားများ ပြည့်နှက်နေသည်။ ကောင်းကင်ရွှေကျင့်စဉ်၏ ဝေ့ကျင်းအဆင့် ကျင့်စဉ်များထဲတွင် ဝေ့ကျင်းအဆင့် သိုင်းကွက်များအားလုံး ပါဝင်နေသည်။ ဥပမာအားဖြင့် ကောင်းကင်ပြောင်းပြန်လက်ဝါး(၃)ချက်၊ ဝူကျိလျှို့ဝှက်ချက်(၄)ခု၊ ယင်နှင့်ယန်ပြောင်းလဲမှု၊ စတင်ခြင်းလက်ညှိုးနှင့် နောက်ဆုံးအရေးပါဆုံး ဓမ္မကာရသိုင်းကွက်များ ဖြစ်ကြသည်။
ယဲ့ယုချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"သေချာပေါက် ရမှာပေါ့ .။ မင်းက နောက်ပိုင်းမှာ ဝေ့ကျင်းအဆင့်ကျင့်စဉ်တွေနဲ့ သိုင်းကွက်တွေအားလုံးကို ရယူနိုင်တယ်။ မင်းရဲ့အရည်အချင်းနဲ့ အဖွဲ့အစည်းအပေါ် အကျိုးပြုထားမှုအရ မင်းက တရားဝင်အဖွဲ့သားတစ်ယောက်ဖြစ်လာပြီးရင် ဓမ္မကာရအဆင့် သိုင်းကွက်ကို ရဖို့အတွက် ပထမဆုံး လုပ်ရမယ့်တာဝန်ကို စောင့်နေဖို့ မလိုတော့ဘူး။ မင်းက အခုပဲ (၁)ခု၊(၂)ခုလောက်တော့ရွေးလို့ရမယ် ... "
မုန့်ချီက စိမ်းပြာနန်းတော်၏ရှေ့တွင် ရောက်လာခဲ့ပြီး အတော်လေး ဝမ်းသာနေခဲ့သည်။ ခဏကြာစဉ်းစားပြီးနောက် သူက ဆက်ပြောလိုက်၏။
"ဘိုးဘေး…
ကျွန်တော်က ကောင်းကင်ရွှေကျင့်စဉ်ထဲက ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုကို မရွေးချယ်လို့ရလား ... "
"မင်းက အလိုလိုလက်လျှော့လိုက်ပြီလား…"
ဘိုးဘေးဒိုမူက အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ မည်သို့ဖြစ်စေကာမူ သတ်ဖြတ်ရေးဓားစုမုန့်က ထိုကဲ့သို့ လူတစ်ယောက် မဟုတ်ချေ။
မုန့်ချီက ခေါင်းခါပြလိုက်၏။
"မဟုတ်ဘူး ..။ ကျွန်တော်က အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ရဲ့ ဓမ္မကာရအဆင့် သိုင်းကွက်နဲ့ လဲလှယ်ချင်လို့ပါ…"
ထိုအရာက သူ၏ပင်မလေ့ကျင့်ရေးနည်းလမ်းတစ်ခု ဖြစ်သည်။
ဘိုးဘေးဒိုမူက ခေါင်းခါပြောလိုက်၏။
"အဲဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်။ မင်းက ဓမ္မကာရအဆင့် ပစ္စည်းတွေကို သုံးပြီးတော့ အလဲအလှယ်လုပ်လို့ရမယ်။ ပြီးတော့ မင်းက အထူးတာဝန်တွေကို ပြီးဆုံးသွားတဲ့အချိန်မှ ဆုလာဘ်အဖြစ် ရရှိနိုင်တယ် ... "
"အထူးတာဝန်လား…"
မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်မိသည်။
ဘိုးဘေးဒိုမူက သူ့ကို စိုက်ကြည့်ပြီး မေးလိုက်၏။
"မင်းက သံသရာအရှင်သခင်ဆီမှာ ဓမ္မကာရအဆင့် သိုင်းကွက်တွေ၊ ကျင့်စဉ်နည်းလမ်းတွေနဲ့ နတ်ဘုရားလက်နက်တွေကို လဲခဲ့ဖူးလား…"
သံသရာအရှင်သခင်က နောက်တစ်ကြိမ် အကျိုးအမြတ်ရယူသွားတော့မည်ဟု ဝိုးတဝါး ခံစားမိသည့်အတွက် မုန့်ချီက ပြန်ဖြေလိုက်မိသည်။
"မလဲဖူးဘူး ..."
သူက သူ၏အစစ်အမှန်အခြေအနေကိုသာ နားလည်နေသေးသည်။ ဘိုးဘေးဒိုမူ၏ စကားသံက အလွန်တည်ငြိမ်နေခဲ့၏။
"ဓမ္မကာရအဆင့်ကို ရောက်လာပြီးသွားရင် မင်းက သံသရာအရှင်သခင်ဆီက တစ်ခုခုကို လဲလှယ်ချင်တယ်ဆိုရင်တောင် ကံကြမ္မာအမှတ် လိုအပ်တဲ့အပြင် အထူးတာဝန်တစ်ခုကိုလည်း ပြည့်စုံအောင်လုပ်ဖို့ လိုအပ်တယ်..။ ပစ္စည်းရဲ့တန်ဖိုးက မြင့်မားလေလေ တာဝန်က ပိုပြီးခက်ခဲလေလေပဲ။ အခက်ခဲဆုံး အထူးတာဝန်ရှိနေတဲ့ နတ်ဘုရားလက်နက်တစ်ခု ရှိတယ်။ ငါတို့အင်မော်တယ်တွေထဲမှာတော့ အဲဒါက အထီးကျန်သေဆုံးခြင်းတာဝန်လို့ ခေါ်ကြတယ်…”
“ဘိုးဘေးလင်းပေါင်ကလွဲရင် ဘယ်သူကမှ အဲဒီတာဝန်ကို မပြည့်စုံကြဘူး။ သူတို့အားလုံးက လမ်းတစ်ဝက်မှာ လက်လျှော့သွားကြပြီး သူတို့ရဲ့ ကံကြမ္မာအမှတ်(၂၀)ရာခိုင်နှုန်း ဆုံးရှုံးသွားကြတယ်။ ဓမ္မကာရအဆင့် သိုင်းကွက်တွေအတွက် အထူးတာဝန်တွေကတော့ သိပ်မခက်ဘူး။ သိုင်းကွက်က မပြည့်စုံလေလေ ဆိုးကျိုးက မြင့်မားလေလေ တာဝန်ကပိုပြီးတော့ လွယ်ကူလေလေပဲ…”
“အင်မော်တယ်တွေက သံသရာအရှင်သခင်ရဲ့ ချုပ်နှောင်မှုကို ခံထားရတယ်.။ ဓမ္မကာရအဆင့် ကျင့်စဉ်တွေ၊ လှုပ်ရှားမှုတွေအားလုံးကလည်း အတူတူပဲ။ တာဝန်က မခက်ပေမယ့် လက်ရှိအချိန်မှာ မင်းက ပြီးဆုံးအောင်လုပ်ဖို့ မျှော်လင့်ချက် မရှိသေးဘူး။ မင်းက ပထမကောင်းကင်လှေကားကိုဖြတ်ကျော်ပြီးမှပဲ အဲဒီအရာကို စဉ်းစားသင့်တယ်။ ဒါမှမဟုတ် အကျိုးဆောင်မှုတစ်ခုခု လုပ်ဆောင်ပြီးသွားရင်တော့ ဆုလာဘ်အဖြစ် တောင်းဆိုနိုင်တယ်။ မင်းက ဓမ္မကာရအဆင့် ပစ္စည်းတစ်ခုခုကိုသုံးပြီး အဲဒါနဲ့ အလဲအလှယ်လုပ်နိုင်တယ် ... "
"ဓမ္မကာရအဆင့် ပစ္စည်း…"
ဗုဒ္ဓလက်ဝါးက လွဲလျှင် မုန့်ချီကတော့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်ကိုသာ ပိုင်ဆိုင်ထားသည်။ ထိုအရာကလည်း သံသရာအရှင်သခင်က သူ့ကို ပေးထားခြင်း ဖြစ်သည့်အတွက် လဲလှယ်၍ မရနိုင်ပေ။ အကယ်၍ လဲလှယ်၍ ရမည်ဆိုလျှင်ပင် မုန့်ချီကတော့ လဲလှယ်လိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကွက်က စိတ်ဝိညာဉ်လွှဲပြောင်းမှုမှ အမွေဆက်ခံထားသော သိုင်းကွက်သာဖြစ်၏။ မုန့်ချီက သူ၏ကနဦး အခြေအနေများကိုသာ နားလည်ထားပြီး ပြည့်ပြည့်ဝဝ မကျွမ်းကျင်သေးခင် ပြီးပြည့်စုံသော စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ချန်ထား၍ မရနိုင်ပေ။
"လျှို့ဝှက်ဆန်းကြယ်ပြီး ဖြေရှင်းလို့မရတဲ့ အနတ္တကျိန်စာဖျက်ဓားပညာရဲ့ နောက်ဆုံးသိုင်းကွက်ကပဲ ဖြစ်နိုင်တယ်။ အနတ္တကျိန်စာဖျက် ဓားပညာရဲ့ ကံကြမ္မာကွင်းဆက်ဆိုတဲ့ နောက်ဆုံးသိုင်းကွက်ကတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်.."
ထိုအရာကိုပြည့်စုံသွားပြီဆိုလျှင် ဓမ္မကာရအဆင့်ထိ မြှင့်တင်၍ ရနိုင်သည်။ မုန့်ချီ ကိုယ်တိုင်က အတော်လေး ပြဿနာများကြောင်း တွေ့လိုက်ရ၏။ အဘယ်ကြောင့်ဆိုသော်ထိုကံကြမ္မာကြောင့် သူက ဖြေရှင်း၍မရနိုင်သော သိုင်းကွက်ကို ပြီးဆုံးအောင်လုပ်ရန် အနည်းငယ် အလှမ်းဝေးနေသေးသည်။
မုန့်ချီ၏ စိတ်အခြေအနေက အမြဲလိုလို ကောင်းမွန်နေခဲ့၏။ သူက ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက ဘိုးဘေးဒိုမူနှင့်အတူ စိမ်းပြာနန်းတော်ထဲသို့ လိုက်သွားခဲ့ပြီး သူ၏မူလအဆင်တန်ဆာများကို သူမဆီသို့ပြန်ပေးခဲ့သည်။
ခဏကြာပြီးနောက် ဘိုးဘေးဒိုမူက အနက်ရောင်ခန်းမထဲမှ ထွက်လာခဲ့၏။ အဆင်တန်ဆာများ၏ ပုံသဏ္ဍာန်က ပြောင်းလဲသွားခဲ့သည်။ ယခုတော့ ထိုအရာက လက်မအရွယ် အစိမ်းရောင် ကျောက်စိမ်းပြားလေးဖြစ်ပြီး ရှေးဟောင်းစကားလုံးများ ပြည့်နေသည်။
ထိုကျောက်စိမ်းပြားလေး၏ အတွင်းထဲတွင် ရေစက်တစ်စက် ရှိနေသလို ထင်မှတ်ရ၏။ ထိုကျောက်စိမ်းပြားလေးက ဆန်စေ့တစ်စေ့ထက် အနည်းငယ်ပို၍ကြီးမားပြီး နက်မှောင်တောက်ပနေသလို ထင်ရသည်။
"ဒါကတော့ မင်းရဲ့တံဆိပ်..စတင်ခြင်းမျက်လုံးပဲ။ မင်းက အင်မော်တယ်ဝင်ပေါက်ကို ဖွင့်ဖို့ အသုံးပြုနိုင်တယ်။ ဒီထဲမှာ ဖရိုဖရဲချီစွမ်းအင်အငွေ့အသက်တစ်ခု ရှိနေတယ် ... ဒါက မင်းရဲ့နားလည်မှုတွေကို ကူညီပေးနိုင်လိမ့်မယ်…"
ဘိုးဘေးဒိုမူက အသံတိုးတိုးနှင့် ပြောလိုက်သည်။
မုန့်ချီက ထိုအရာကို လေဟာနယ်လက်စွပ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်ပြီး အင်မော်တယ်များကို ချီးကျူးနေမိခဲ့သည်။ သူတို့က ထိုပစ္စည်းကို ဖန်တီးရန် ရက်ပေါင်းများစွာ အချိန်ကုန်ခဲ့ပုံရ၏။ ကြည့်ရသည်မှာ သူက တရားဝင်အဖွဲ့သား ဖြစ်လာလိမ့်မည်ဟု အင်မော်တယ်များက ပြည့်ပြည့်ဝဝယုံကြည်ထားပုံရသည်။
ဘိုးဘေးဒိုမူ၏ တံဆိပ်ဖြစ်သော ကြယ်မိခင်လက်စွပ်ကိုကြည့်ပြီး မုန့်ချီက သူမ၏နောက်မှလိုက်၍ သူ၏ကျင့်စဉ်နည်းလမ်းများကို လက်ခံလိုက်သည်။
"ဒါနဲ့ ...မင်းက ကောင်းကင်ဘိုးဘေးမျက်နှာဖုံးကို ဝတ်ဆင်ထားတဲ့အချိန်မှာ ငါ့ကိုအကြီးအကဲတစ်ယောက်လို ဆက်ဆံဖို့မလိုဘူး…"
ဘိုးဘေးဒိုမူက အိုးတိုးအမ်းတမ်း အမူအရာနှင့် ပြောလိုက်၏။
"ဒါဆို အရံအဖွဲ့သားတွေ၊ သီးသန့်အဖွဲ့သားတွေက မင်းရဲ့အဆင့်အတန်းကို သိသွားဖို့ လွယ်ကူသွားလိမ့်မယ်…"
အသက်(၂၇)၊(၂၈)အရွယ်သာ ထင်ရသော ဘိုးဘေးဒိုမူကို အကြီးအကဲတစ်ယောက်အဖြစ် သတ်မှတ်နေရသည်မှာ အနည်းငယ် အိုးတိုးအမ်းတမ်းဖြစ်နေသည့်အတွက် မုန့်ချီက အလွယ်တကူ သဘောတူခဲ့သည်။
ကောင်းကင်ပေါ်တွင် အဝါရောင်အလင်းတန်းများ လွှမ်းခြုံနေပြီး ဓားချီစွမ်းအင်များ ထွက်ပေါ်နေသည်။ မုန့်ချီနှင့်ဘိုးဘေးဒိုမူတို့ ခန်းမထဲကို ဝင်လာသည့်အချိန်တွင် သူတို့က ကောင်းကင်ရွှေကျင့်စဉ် သိမ်းဆည်းထားခဲ့သော သေတ္တာရှိရာကို လျှောက်လာခဲ့ကြသည်။
"အင်မော်တယ်တွေဆီမှာ ကမ္ဘာဦးတံဆိပ်(၉)ခုထဲက (၃)ခုပဲရှိတယ် ... ။ တစ်ခုကတော့ ကောင်းကင်ဖျက်လက်ဝါး ၊ ဝူကျိတံဆိပ်နဲ့ ယင်ယန်တံဆိပ် ...။ ပြီးတော့ မူလ (၅)သွယ် ကိုယ်ကျင့်တရား(၅)မျိုး လက်သီးသိုင်းပညာထဲက အဆင့်မြင့် အလှတရားလက်သီးနဲ့ ဆုတောင်း(၃)မျိုးလက်သီးတွေပဲ ရှိတယ်။ မင်းက ဘယ်ကျင့်စဉ်(၂)ခုကို ရွေးချယ်မှာလဲ ... "
ဘိုးဘေးဒိုမိုက ထိုသေတ္တာ၏ရှေ့တွင် ရပ်နေရင်း မေးလိုက်သည်။
မူလတုန်းက မုန့်ချီ သင်ယူထားခဲ့သော ဆုတောင်း(၃)မျိုးလက်သီးသိုင်းက ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုဖြစ်ပြီး ဓမ္မကာရအဆင့် ဆုတောင်း(၃)မျိုးလက်သီးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုကျင့်စဉ်နည်းလမ်းများက တူညီနေမှတော့ ထိုသိုင်းကွက်က အဆင့်မြှင့်တင်၍ရနိုင်သည်။ ထို့ကြောင့်လည်း ဆုတောင်း(၃)မျိုးလက်သီးဟု နာမည်ပေးထားခြင်းဖြစ်နိုင်သည်။
မုန့်ချီက ပထမဆုံး ရွေးချယ်မှုကို တွေဝေနေခဲ့ခြင်းမရှိဘဲ တိုက်ရိုက်ပြောလိုက်သည်။
"ဘိုးဘေး…
ကျွန်တော်က ယင်ယန်တံဆိပ်ကို ရွေးချယ်လိုက်မယ် ... "
သူ၏ဓားသိုင်းကွက်တွင် ယင်နှင့်ယန် ပတ်သက်နေသည်။ တဟုန်ထိုးဓားသိုင်းကွက်တွင်လည်း ယင်နှင့်ယန် ပါဝင်ပတ်သက်နေသည်။ သူကိုယ်တိုင် ဖန်တီးထားခဲ့သော ယင်နှင့် ယန်(၃)မျိုးပေါင်းစပ်ခြင်း သိုင်းပညာတွင်လည်း ယင်နှင့်ယန်ပေါင်းစပ်ထားသည်။ မည်သို့ဖြစ်စေကာမူ သူ့ဆီတွင် တခြားတံဆိပ်(၃)ခုလည်း မရှိချေ။
သူ့ဆီတွင် တခြားတံဆိပ်(၃)ခုဖြစ်သော ပထမတာအိုတံဆိပ်၊ ကောင်းကင်ဖွင့်လှစ်ခြင်းတံဆိပ်နှင့် အကန့်အသတ်မဲ့တံဆိပ်ဟူသော အရာများလည်းမရှိသည့်အတွက် ယင်ယန်တံဆိပ်ကို ရွေးချယ်ခြင်းက သူ၏တိုးတက်မှုအတွက် အကောင်းဆုံးဖြစ်သည်။ ထိုအရာက ကောင်းကင်ပြောင်းပြန် လက်ဝါးထက်ပင် ပို၍အစွမ်းထက်နိုင်သေး၏။
မူလအနှစ်သာရများနှင့် ပေါင်းစပ်ပြီး သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်အတွက် လမ်းကြောင်းအသစ်တစ်ခုကို ဖွင့်လှစ်နိုင်သည်။ ကောင်းကင်ရွှေကျင့်စဉ်၏ ဝေ့ကျင်းအဆင့် ကျင့်စဉ်ကို ရယူခဲ့ပြီးနောက် ယင်ယန်တံဆိပ်က ဝေ့ကျင်းအဆင့်တွင် ပထမဆုံး စတင်လေ့ကျင့်မည့် တံဆိပ်တစ်ခု ဖြစ်နိုင်သည်။ သူက ကျင့်စဉ်အဆင့်နှင့် သိုင်းကွက်များကို တည်ငြိမ်အောင် ကြိုးစားနေရန် မလိုတော့ပေ။
"ဒါဆိုလည်း နောက်ထပ်တစ်ခုကိုတော့ ဆုတောင်း(၃)မျိုး လက်သီးကိုပဲ ရွေးချယ်လိုက်လေ။ မူလ (၅) သွယ် ကိုယ်ကျင့်တရား(၅)မျိုး လက်သီးသိုင်းထဲမှာ အဲဒါက အစွမ်းထက်ဆုံး လက်သီးသိုင်းတစ်ခုပဲ။ မင်းက အဲဒါကို လေ့ကျင့်ဖူးတယ်ဆိုမှတော့ အဲဒါကိုပဲဆက်ပြီး မြှင့်တင်သင့်တယ် ... "
ဘိုးဘေးဒိုမူက အကြံပေးလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ယခုတော့ သူက တခြားအရင်းအမြစ်များဆီမှနေ၍ ကိုယ်ကျင့်တရား(၅)မျိုး ကျင့်စဉ်များကိုသာ လဲလှယ်ရန် စဉ်းစားနေမိတော့သည်။
Translated by Hein Htet.