← Chapters

အခန်း (၅၂၄)

Vol. 35 Ch. 524

အခန်း (၅၂၄)

Vol. 35 Ch. 524

"ငှက်စက်ရုပ်လား…"

ပျံသန်းနေသောငှက်ကို ပထမဦးဆုံး မြင်လိုက်ရသည့်အချိန်တွင် ငှက်၏ပုံသဏ္ဍာန်ကြောင့် မုန့်ချီလည်း အလွန်အံ့ဩမှင်တက်သွားခဲ့သည်။ ထိုငှက်က အနက်ရောင်ဖြစ်နေပြီး တောင်ပံများက သံပြားများနှင့် ဖန်တီးထားသည်။ ငှက်၏မျက်လုံးက အသက်ကင်းမဲ့နေပြီးကြေးနီနှင့် ဖန်တီးထားပုံရသည်။ သူက ထိုအရာကို ငရဲပြည်မှ ဖုတ်ကောင်ငှက်အဖြစ် အထင်မှားနေခဲ့၏။

ကျန်းကျိဝေက ထိုအရာကို နားလည်သွားသည့်အချိန်မှသာ မုန့်ချီကလည်း တွေးလိုက်မိသည်။

"ဒီငှက်ပျံက ယန္တရားပညာများလား…"

သူတို့၏ကမ္ဘာကြီးထဲတွင် စက်ယန္တရားပညာကို ကျွမ်းကျင်နေသော ဂိုဏ်းငယ်လေး အနည်းငယ် ရှိနေသည်။ သူတို့က သစ်သားနွားရုပ်နှင့် တောင်ပံမဲ့ ပျံသန်းရေးငှက်များကဲ့သို့ ယန္တရားပစ္စည်းများ၊ ထောင်ချောက်များကို လုပ်ဆောင်နိုင်ကြသည်။ သို့သော် မုန့်ချီက လေထဲတွင် လွတ်လပ်စွာ ပျံသန်းနိုင်သော ငှက်စက်ရုပ်တစ်ကောင်ကိုတော့ လုံးဝမမြင်ဖူးသေးချေ။

"ဒါက ပေါ်တယ်တစ်ခုလား။ ငါတို့က ဒီလိုယန္တရားပညာ ကျွမ်းကျင်နေတဲ့ ဂိုဏ်းတစ်ဂိုဏ်းထဲကို ပို့ဆောင်ခံခဲ့ရတာလား…"

ငှက်စက်ရုပ်က တောင်တန်းနှင့် တိမ်တိုက်များကြားထဲတွင် လေဟုန်စီး၍ ပျံသန်းနေသည်။ သိပ်မကြာခင် ထိုအရာက သူတို့မြင်ကွင်းကို ကျော်လွန်သွားခဲ့၏။

"လေထဲမှာ ဒီလောက်အံ့သြစရာကောင်းလောက်အောင် ပျံသန်းနိုင်တဲ့ ငှက်စက်ရုပ်တစ်ကောင်က အလယ်ခေတ်မှာပဲ ရှိခဲ့ဖူးတယ်။ အဲဒါက တော်တော်လေးကိုကြာခဲ့ပြီ…"

ကျန်းကျိဝေက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

ထိုစကားကို ကြားသည့်အခါ မုန့်ချီဆီတွင် တခြားထူးဆန်းသော ခံစားမှှုများ ပေါ်လာခဲ့၏။

"ဒါမှမဟုတ် ဒါက အချိန်ခရီးသွားရတဲ့ တံခါးတစ်ခုလား။ ငါတို့က အလယ်ခေတ်ကို ပြန်ပို့ခံလိုက်ရတာများလား…"

"အဲဒီလိုမဟုတ်သေးဘူး။ အရင်တုန်းက ရှိခဲ့တဲ့ နတ်ဆိုးကမ္ဘာကြီးထဲမှာ ကမ္ဘာမြေကြီးရဲ့ချီစွမ်းအင်တွေက ဒီလောက်ထိ မနည်းသေးဘူး…"

သူက တောင်ခြေတွင် ရှိနေသော ရွာကလေးကိုကြည့်ပြီး စိတ်ဝင်တစား ပြောလိုက်သည်။

"ကျိဝေ …

ငါတို့က တောင်ပေါ်ကနေဆင်းပြီး အဲဒီလူတွေကို မေးကြည့်ကြမလား…"

ခရီးသွားလာရသည့် ရည်ရွယ်ချက်က တိုက်ခိုက်မှုနှင့်စိန်ခေါ်မှုများအတွက် ဖြစ်သည့်အပြင် အတွေ့အကြုံများကို ရှာဖွေရန်လည်း ဖြစ်သည်။ မိုင်ထောင်ပေါင်းများစွာ ခရီးသွားလာပြီး မတူညီသော အရာထောင်ပေါင်းများစွာကို မြင်တွေ့ရခြင်းက စာအုပ်(၁၀၀၀)ကျော်ကို ဖတ်ရှုခြင်းထက် ပို၍အရေးပါသည်။

မုန့်ချီ၏စိတ်နေစိတ်ထားက ထိုကဲ့သို့ အကြောင်းအရာအသစ်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အလွန်အသင့်တော်လှသည်။

ကျန်းကျိဝေကလည်း အတော်လေး စိတ်ဝင်စားနေခဲ့၏။သူမက တောင်ခြေမှ တက်လာသော မီးခိုးများကိုကြည့်ပြီး ပြောလိုက်သည်။

"ငါတို့က ဘယ်နေရာကို ရောက်လာတာလဲ မသိဘူး…"

သူတို့က တောင်ပေါ်မှ ချက်ချင်း ဆင်းသွားခဲ့ခြင်းမရှိဘဲ မီးတောင်ဝဆီသို့ ပြန်သွားခဲ့သည်။ သူတို့က ပြည့်စုံခြင်းတံခါးကို ပိတ်ပြီးမှ ထွက်သွားခဲ့၏။ ထို့နောက် တံဆိပ်ပြားကို သိမ်းလိုက်ပြီး သူတို့၏ခြေရာလက်ရာများကို ဖယ်ရှားလိုက်သည်။ အကုန်ပြီးမှသာ သူတို့က တောင်တန်းပေါ်မှ ပျံသန်းလာခဲ့ကြ၏။

ဤနယ်မြေ၏ အခြေအနေများကို မသိသည့်အတွက် သူတို့က တောင်ခြေသို့ ရောက်သည့်အချိန်တွင် လေထဲ၌ ပျံသန်းတော့ခြင်း မရှိဘဲ ရွာဆီသို့ လမ်းလျှောက်သွားခဲ့သည်။

ရွာ၏အပြင်ဘက်တွင်တော့ လယ်ကွက်များစွာ ရှိနေပြီး ထိုအရာများတွင် လယ်စိုက်နေကြပုံ ပေါ်သည်။ ထိုအချိန်တွင် ဝါးဦးထုပ် ဆောင်းထားသော အသက်(၅၀)အရွယ် လူတစ်ယောက်က လယ်ကွင်း၏အစွန်တွင် ရပ်နေ၏။ သူ့ရှေ့တွင်တော့ သစ်သားမကောင်းဆိုးဝါး ပုံသဏ္ဍာန် နွားစက်ရုပ်တစ်ခု ရှိနေပြီး ထွန်းတုံးကိုဆွဲ၍ ဖြည်းဖြည်းချင်း လှုပ်ရှားနေခဲ့သည်။

မကြာခဏဆိုသလို နွားစက်ရုပ် ရပ်တန့်သွားသည့်အချိန်တွင် အဘိုးအိုက ယန္တရားကို လျင်မြန်စွာ လှည့်ပေးရ၏။ ထိုအခါ နွားစက်ရုပ်က နောက်တစ်ကြိမ် လှုပ်ရှားလာပြီး ဆက်လက် ထွန်ယက်နေခဲ့သည်။ တခြားလယ်ကွင်းများတွင်လည်း အလားတူ မြင်ကွင်းများကို အဝေးမှပင် မြင်နေရသည်။

အဘိုးအိုက နဖူးမှ ချွေးများကို သုတ်လိုက်ပြီး တောင်ကုန်းလေးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူက လမ်းမကြီးပေါ်တွင် လျှောက်လာသော လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရ၏။

လူငယ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်တစ်ချောင်းကို သယ်ဆောင်ထားသည်။ သူ့ပုံစံက ချောမောခန့်ညားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည့်အတွက် အတော်လေး စိတ်သဘောထား ကောင်းမွန်ပုံရသည်။

မိန်းမပျိုလေးကတော့ အဝါဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက အလွန်ချောမောလှပပြီး သူမကလည်း ဓားတစ်လက်ကို သယ်ဆောင်ထား၏။ သူတို့က ဘေးချင်းယှဉ်၍ လျှောက်လာကြပြီး သူတို့၏ အဝတ်အစားများ လေထဲတွင် လွင့်မျောနေသည်မှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေသည်။

မုန့်ချီနှင့် ကျန်းကျိဝေတို့က သူ၏လယ်ကွင်းကို ကြည့်နေကြောင်း မြင်သည့်အခါ အဘိုးအိုက နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။

"မင်းတို့က ဒီနေရာကို လာလည်ကြတာလား…"

စကားလုံးများက အနည်းငယ် ကွဲပြားသော်လည်း သူတို့က နားလည်နိုင်ကြသည် ။ ကြည့်ရသည်မှာ သူတို့၏ဘာသာစကားက တူညီနေပုံရ၏။

မုန့်ချီက ပြုံးလိုက်မိသည်။

"မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့က ဒီနေရာကနေ ဖြတ်သွားနေရင်း အဘိုး လယ်ထွန်နေတာကိုတွေ့လို့ စိတ်ဝင်စားသွားတာပါ။ တော်တော်အံ့သြဖို့ကောင်းတာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်သွားကြည့်လို့ရမလား…"

ခေါင်းပေါ်တွင် ဆံပင်ဖြူတစ်ဝက်ခန့် ပေါက်နေသော အဘိုးအိုက ရယ်လိုက်သည်။

"မင်းတို့က ဒီနွားစက်ရုပ်တွေကို စိတ်ဝင်စားနေတာ ထင်တယ်…"

အဘိုးအိုက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။

"ဒီနွားစက်ရုပ်တွေကို ငါတို့ရဲ့စာသင်သားရှဲ့က မြှင့်တင်ပေးထားတာ။ ဒါက ငါတို့ပုံမှန်အသုံးပြုနေကျ လေးလံတဲ့ နွားစက်ရုပ်တွေထက် အများကြီးကောင်းတယ်။ သူက အသက်(၁၆)နှစ်တည်းနှင့် စာသင်သားတစ်ယောက်တောင် ဖြစ်နေပြီ။ သူက တကယ့်ထိပ်သီးပညာရှင် တစ်ယောက် ဖြစ်နိုင်တယ်လို့တောင် သူတော်စင်တွေနဲ့ အမတ်ကြီးတွေကတောင် ပြောကြတယ်။ သူက သေချာပေါက် သူတော်စင် တစ်ယောက် ဖြစ်လာနိုင်ပြီး တကယ့်အစစ်အမှန် ယန္တရားပညာရှင် တစ်ယောက် ဖြစ်လာနိုင်တယ်…"

"ယန္တရားပညာရှင်လား…"

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။

"ဒီမှာရှိနေတဲ့ ရွာသားတွေက တကယ့်အစစ်အမှန် ယန္တရားပညာရှင်တွေပဲ။ စာသင်သားရှဲ့က တော်တော်လေးကို ထူးချွန်တာပဲ…"

အဘိုးအို စကားပြောပြီးသွားသည့်အချိန်တွင် မုန့်ချီက သူ့ကို ချီးကျူးလိုက်သည်။

အဘိုးကတော့ သူ့ကို ချီးကျူးနေသည့်အလား အလွန်ကျေနပ်နေခဲ့၏။ ရုတ်တရက်ဆိုသလို သူက လူတစ်ယောက်ကို မြင်သွားခဲ့ပြီး ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။

"စာသင်သားရှဲ့ … စာသင်သားရှဲ့ …

ဒီမှာဧည့်သည်တွေရောက်နေတယ်…"

ထိုအရာကတော့ အနက်ရောင်ဝတ်စုံနှင့် ဦးထုပ်ဆောင်းထားသော (၁၆)နှစ်(၁၇)နှစ်အရွယ် လူငယ်လေးတစ်ယောက် ဖြစ်သည်။ သူ၏မျက်နှာက လုံးဝိုင်းပြီး သူက လယ်သမားများ၏ နွားစက်ရုပ်တစ်ကောင်ကို ကူညီပြင်ဆင်ပေးရန် အာရုံစိုက်နေပုံရသည်။

အဘိုးအို၏ခေါ်သံကို ကြားသည့်အခါ သူလည်း ပစ္စည်းကိရိယာများကို ချထားလိုက်ပြီး သူတို့ဆီကို လျှောက်လာခဲ့၏။ သူ့နောက်တွင်တော့ အညိုရောင်ခွေးလေး တစ်ကောင် လိုက်လာခဲ့သည်။

ခွေး၏ခြေထောက်တစ်ဖက်က သစ်သားနှင့် ဖန်တီးထားခြင်းဖြစ်၏။ ကြည့်လိုက်လျှင် ထိုအရာက ခြေတုတပ်ထားသလို ထင်မှတ်ရသော်လည်း ခွေးလေး၏ လှုပ်ရှားမှုအပေါ် သက်ရောက်စေနိုင်ခြင်း မရှိချေ။

စာသင်သားရှဲ့က အဘိုးအို၏ဘေးတွင် မတ်တပ်ရပ်လိုက်ပြီး ဧည့်သည်နှစ်ယောက်၏ရှေ့တွင် သူ့ကိုယ်သူ နိမ့်ကျသွားသလို ခံစားနေရသည်။

"မိတ်ဆွေတို့က ကျုပ်ကိုရှာနေတာလား…"

"ဒီအဘိုးက မင်းအကြောင်းပြောနေတာကို ငါတို့က ကြားခဲ့တယ်။ ငါတို့လည်း ယန္တရားပညာကျွမ်းကျင်တဲ့ လူတစ်ယောက်ကို တကယ်ပဲ မြင်ဖူးချင်ပါတယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

စာသင်သားရှဲ့က ခေါင်းမော့လိုက်သည်။

"ဟုတ်တယ်။ ကျွန်တော်က ကံကောင်းသွားခဲ့တာပါ…"

သူ၏ပါး(၂)ဖက်ကတော့ အနည်းငယ် နီရဲနေသည်။ ထိုကဲ့သို့ ချီးကျူးမှုများကြောင့် သူက အလွန်ဝမ်းသာနေပုံရ၏။

"ငါ့နာမည်က ရှဲ့ရွှမ်လို့ခေါ်တယ်။ ဒီက မိတ်ဆွေ(၂)ယောက်ကို ဘယ်လိုခေါ်ရမလဲ.."

သူက တလေးတစား ပြောလိုက်သည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ငါ့နာမည်က စုမုန့်လို့ခေါ်တယ်။ ဒါက ငါ့ရဲ့မိတ်ဆွေ ကျန်းကျိဝေ…"

ရှဲ့ရွှမ်က စကားပြောတော့မည်အချိန်တွင် တာအိုသခင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ရောက်လာခဲ့သည်။ သူကတော့ အသက်(၂၀)အရွယ်ရှိပြီး သူ့လက်ထဲတွင် သစ်သားဓားတစ်ချောင်း ကိုင်ဆောင်ထား၏။ သူက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နိုင်သော အာရုံခံစွမ်းရည်များကို အသုံးပြုထားသည့်အတွက် သူ၏သိုင်းကွက်များ လှုပ်ရှားမှုများအားလုံးက လုံးဝလျှို့ဝှက်ချက်မရှိကြောင်း တွေ့လိုက်ရသည်။ ဥပမာအနေနှင့်ပြောရလျှင်သူနှင့်အတူ အဆောင်တစ်ဒါဇင်ခန့် သယ်ဆောင်ထားသည်။

"မင်းတို့က မီးမြူခိုးတောင်ထိပ်ကနေ ရောက်လာခဲ့တာလား…"

သူက ရင်းနှီးမှုမရှိသော လေသံနှင့် မေးလိုက်သည်။

သို့သော် သူ၏လေသံကို အနည်းငယ် ပြင်ဆင်လိုက်၏။ အဘယ်ကြောင့်ဆိုသော်သူ့ရှေ့တွင် ရှိနေသော လူငယ်က အပြုံးနှင့်ရှိနေပြီး အလွန်သဘောကောင်းပုံရသည်။

"အဲဒီအပေါ်မှာ မကောင်းဆိုးဝါးဝိညာဉ်တွေရှိတယ်။ မင်းတို့က ဖြတ်လမ်းနည်းနဲ့ မကြိုးစားချင်နဲ့…"

"မကောင်းဆိုးဝါးဝိညာဉ်တွေ ဟုတ်လား…"

ကျန်းကျိဝေက အလွန်ရှုပ်ထွေးစွာ ပြန်မေးလိုက်မိသည်။ သူတို့က ထိုအပေါ်တွင် မကောင်းဆိုးဝါးဝိညာဉ်များ ပုန်းအောင်းနေသည်ဟူသော ခြေရာလက်ရာများကို သတိမထားမိခဲ့ပေ။ သူတို့က ကြောက်လန့်ပြီး ပုန်းအောင်းနေကြခြင်းပေလော။

အဘိုးအိုက ရှင်းပြလိုက်သည်။

"မင်းတို့က မသိလို့လေ။ လွန်ခဲ့တဲ့(၂)နှစ်လောက်တုန်းက မီးမြူခိုးတောင်ထိပ်ပေါ်မှာ မကောင်းဆိုးဝါးဝိညာဉ်တွေ ပေါ်လာခဲ့တယ်…"

အဘိုးအိုက အဓိကအချက်ကို သေချာမသိသည့်အတွက် ရှဲ့ရွှမ်က တာအိုသခင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်လေးကိုကြည့်ပြီး ရှင်းပြလိုက်သည်။

"မီးမြူခိုးတောင်ထိပ်က နေကျောက်တုံးတွေကို ထုတ်ပေးတယ်။ နတ်ဘုရားဂိုဏ်းအနည်းငယ်နဲ့ ငါတို့ရဲ့အမှောင်နန်းတော်က အဲဒီနေရာမှာ စောင့်ကြပ်နေကြတယ်။ ပြီးတော့ ရှေးအချိန်ကတည်းကစပြီး အဲဒီနေရာက ပေါက်ကွဲနေခဲ့တာ။ ဒါကြောင့် တဖြည်းဖြည်းနဲ့ နေကျောက်တုံးတွေက နည်းလာပြီ။ လွန်ခဲ့တဲ့(၂)နှစ်လောက်မှာတော့ ငါတို့တူးဖော်နေတဲ့အချိန် အဲဒီနေရာမှာ မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်ကို တွေ့လိုက်ရတယ်။ မကောင်းဆိုးဝါးဝိညာဉ်က အဲဒီမှာရှိတဲ့ လူတိုင်းကို သတ်ပစ်ပြီး ငါတို့ရဲ့ နေကျောက်တုံးတွေအားလုံးကို ယူသွားခဲ့တယ်။ အဲဒီအချိန်ကတည်းကစပြီး သူက ငါတို့ရွာကိုတောင် ဖျက်ဆီးခဲ့ပြီး အမတ်ကြီးတချို့ကိုတောင် သတ်ပစ်ခဲ့တယ်..။ နတ်ဘုရားပညာရှင်တွေ၊ ကျောင်းအုပ်တွေ လာရောက် ကူညီပေးတဲ့အချိန်မှပဲ သူက ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီနေ့တွေ အတောအတွင်း တောင်ပေါ်ကနေ အော်သံတွေကို ညစဉ်ညတိုင်းကြားနေခဲ့ရတယ်.."

မုန့်ချီက နှာခေါင်းပွတ်ချင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မကောင်းဆိုးဝါးဝိညာဉ်ဟူသော သုံးသပ်ချက်အရ ထိုအရာက ကျိလော်ကျူးဖြစ်နိုင်ခြေများသည်။

"သူက တော်တော်လေးကို ပြဿနာရှာခဲ့တာပဲ…"

သို့သော် ဤနေရာက အမှန်တကယ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော်ယန္တရားပညာက သူတို့ကမ္ဘာကြီးထဲတွင် ရှိနေသော ပညာရပ်ထက် အဆပေါင်းများစွာ ပို၍အဆင့်မြင့်မားလှသည်။ ထို့ပြင် ဤနေရာ၌ တာအိုသခင်မျိုးဆက်များ၊ ကျင့်ကြံသူများ၊ နတ်ဘုရားပညာရှင်များနှင့် ရှားပါးတွင်းထွက်ပစ္စည်းများလည်း ရှိနေသေး၏။

"ငါတို့နားလည်ပါပြီ။ ငါတို့က မီးမြူခိုးတောင်တန်းပေါ်ကို လုံးဝမတက်ဖူးသေးဘူး။ ငါတို့က အဲဒီတောင်တန်းဘေးကနေ ဖြတ်လာရုံပါပဲ…"

မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"ကောင်းတယ်။ မီးမြူခိုးတောင်တန်းပေါ်မှာရှိတဲ့ နတ်ဘုရားကျောက်တုံးတွေက လုံးဝကုန်ဆုံးသွားပြီ။ ဒီတော့လူတွေတောင်ပေါ်သွားတာကို ငါက တားလို့မရနိုင်ဘူး။ တကယ်လို့ မင်းတို့က မကောင်းဆိုးဝါးဝိညာဉ်နဲ့တွေ့မယ်ဆိုရင်တော့ ကံပဲပေါ့.."

တာဝန်သခင်ဝတ်စုံဝတ်ထားသော လူငယ်က မကျေမနပ်ဖြစ်နေပုံရသည်။

နတ်ဘုရားဂိုဏ်းများနှင့် အမှောင်နန်းတော်က မီးမြူခိုးတောင်တန်းကို စွန့်ပစ်လိုက်ပြီဖြစ်သည့်အတွက် လူပေါင်းများစွာက တောင်ပေါ်ကိုတက်ရန် ကြိုးစားနေကြသေးသည်။ သူတို့က မကောင်းဆိုးဝါးဝိညာဉ်နှင့် မတွေ့မချင်း လက်လျှော့လိမ့်မည် မဟုတ်ချေ။

မုန့်ချီက စနောက်ပြီး ပြောလိုက်၏။

"ငါတို့က မကောင်းဆိုးဝါးဝိညာဉ်ကို မကြောက်ပါဘူး။ မကောင်းဆိုးဝါးဝိညာဉ်က ငါတို့ကို ကြောက်တာ။ ငါ့ကို မကောင်းဆိုးဝါးဝိညာဉ် သတ်ဖြတ်သူဆိုတဲ့ နာမည်တစ်ခု ပေးခဲ့ဖူးတယ်…"

"မကောင်းဆိုးဝါး ဝိညာဉ်သတ်ဖြတ်သူလား…"

တာအိုသခင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်က လှောင်ပြောင်၍ ပြုံးလိုက်မိပြီး ရင်ဘတ်ပေါ်သို့ လက်တင်၍ နှုတ်ဆက်စကားဆိုလိုက်သည်။

ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် မုန့်ချီက သူ၏တီးတိုးပြောစကားသံကို ကြားလိုက်ရသည်။

"မကောင်းဆိုးဝါးဝိညာဉ် သတ်ဖြတ်သူလား။ သူက အဲဒီစကားကို တကယ် ပြောရဲတာပဲ။ ငါတို့နတ်ဘုရားဂိုဏ်းမှာရှိတဲ့ ကျင့်ကြံသူတွေနဲ့ အမှောင်နန်းတော်မှာရှိတဲ့ ယန္တရားပညာရှင်တွေကတောင် အဲဒီလိုမပြောရဲဘူး။ သာမန်သိုင်းပညာရှင် တစ်ယောက်ကများ အဲဒီလို ပြောနိုင်သေးတာလား…"

ကြည့်ရသည်မှာတော့ ဓားရှည်တစ်ချောင်းကို သယ်ဆောင်ထားသူတိုင်းက သိုင်းပညာရှင် တစ်ယောက်ဖြစ်ပုံရသည်။

"ဘာကြောင့် ငါက မင်းကို လိမ်ရမှာလဲ။ငါက အဲဒီမကောင်းဆိုးဝါးဝိညာဉ်ကို သတ်ပြီးသွားပြီလေ…"

မုန့်ချီကတော့ ထိုလူကို အပြစ်ကင်းစင်စွာ စိုက်ကြည့်နေခဲ့သည်။

ထိုအချိန်တွင် သံနှင့်သစ်သားကို ရောနှောဖန်တီးထားခဲ့သော မြင်း(၄)ကောင်နှင့် မြင်းလှည်းတစ်စီး ရောက်လာခဲ့၏။ မြင်းလှည်းက တာအိုသခင်၏ဘေးတွေ ရပ်သွားခဲ့ပြီး မြင်းလှည်းမောင်းသမားက သူ့ကို တရိုတသေမေးလိုက်သည်။

"တာအိုသခင်အိုးရန် …မြို့ထဲကို သွားတော့မှာလား…"

တာအိုသခင်အိုးရန်က ခေါင်းညိတ်ပြလိုက်ပြီး မြင်းလှည်းပေါ်ကို တက်သွားခဲ့သည်။ မြင်းလှည်းက လမ်းမကြီးအတိုင်း မောင်းနှင်သွားခဲ့ပြီး မြင်းလှည်းမောင်းသမားက ရှဲ့ရွှမ်ကိုအပြုံးနှင့် ပြောလိုက်၏။

"စာသင်သားလေး တက်ခဲ့လေ။ သူတော်စင်စစ်ဆေးမှုကို လက်လွှတ်မခံနဲ့…"

"သူတော်စင် စစ်ဆေးမှုလား…"

မုန့်ချီက အနည်းငယ် အံ့သြသွားခဲ့သည်။

မြင်းလှည်းမောင်းသမားက ရှင်းပြလိုက်၏။

"မင်းတို့က အဲဒါကို သိချင်မှ သိလိမ့်မယ်။ ဒါပေမယ့် သူက အသက်(၁၆)နှစ်အရွယ်မှာ အမှောင်နန်းတော်က ကျင်းပတဲ့ စမ်းသပ်မှုတွေကနေ စာသင်သားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရတယ်။ သူက ငါတို့ပြည်နယ်ထဲမှာ ယန္တရားပညာနဲ့ ပတ်သက်ပြီး ထိပ်တန်းပါရမီရှင်တစ်ယောက်ပဲ။ ပြီးတော့ သူက တစ်နှစ်အတောအတွင်း ပြည်နယ်မြို့တော်မှာ သူတော်စင်စမ်းသပ်မှုကို လုပ်ဆောင်ရလိမ့်မယ်…"

ရှဲ့ရွှမ်က ခေါင်းငုံ့ပြီး ထွက်သွားခဲ့သည်။ မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ပြန်ကြည့်လိုက်မိကြပြီး ဤနေရာက အလွန်စိတ်ဝင်စားစရာကောင်းကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူတို့ကလည်း ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ပြောလိုက်၏။

"ကျွန်တော်တို့လည်း ပြည်နယ်မြို့တော်ကို လိုက်လည်ချင်တယ်။ ကျွန်တော်တို့ကိုရော ခေါ်သွားလို့ရမလား…"

သူတို့၏ရုပ်ရည်နှင့် ယဉ်ကျေးသိမ်မွေ့သော အပြုအမူများက အတော်လေးကို ကျေနပ်ဖွယ်ကောင်းသည်။ ထို့ကြောင့် မြင်းလှည်းမောင်းသမားက စက်ရုပ်မြင်းများ၏ နောက်ကျောကိုပုတ်ပြီး ပြောလိုက်၏။

"ကောင်းပြီလေ…"

ရှဲ့ရွှမ်က သူ့ခွေးလေးကိုကိုင်ပြီး တီးတိုးရေရွတ်လိုက်၏။

"မင်းက အဝေးကြီးကို မသွားနဲ့။ ငါ့ကို အိမ်မှာပဲ စောင့်နေ။ ကောင်းကောင်းနေခဲ့နော်။ ငါက သူတော်စင် တစ်ယောက်ဖြစ်လာပြီး ပိုပြီးကောင်းတဲ့ ယန္တရားပညာတွေ သင်နိုင်ပြီဆိုရင် မင်းအတွက် ခရီးဝေးသွားနိုင်တဲ့ ခြေထောက်ကို ဖန်တီးပေးမယ်…"

ထိုခွေးလေးက တအီအီ အော်ဟစ်နေပြီး ထွက်သွားရန် တွေဝေနေပုံရသည်။ မြင်းလှည်းက မြင်ကွင်းထဲမှ ပျောက်သွားသည့်အချိန်အထိ သူ့အိမ်ကို ပြန်မသွားသေးပေ။ တစ်ရှိန်တည်းတွင် တခြားသော ယန္တရားပညာရှင်များက ပျက်စီးနေသော နွားစက်ရုပ်များကို ပြင်ဆင်ပေးရန် ရောက်လာကြသည်။

မြင်းလှည်းက အတော်လေးကို ကျယ်ဝန်း၏ ။ မုန့်ချီနှင့် ကျန်းကျိဝေတို့က တစ်ဖက်တွင် ထိုင်နေပြီး ရှဲ့ရွှမ်နှင့် တာအိုသခင်အိုးရန်တို့က တစ်ဖက်တွင် ထိုင်နေကြသည်။

မုန့်ချီက အရင်ဆုံး စကားပြောလိုက်၏။ သူကတော့ သူ၏အဆင့်အတန်းကို ပေါ်သွားစေနိုင်ခြင်း မရှိဘဲ သူတို့ကို ပြောနေခဲ့သည်။ သိပ်မကြာခင် မြင်းလှည်းထဲရှိ အခြေအနေက ရင်းနှီးဖွယ်ကောင်းလာပြီး အလွန်မာနကြီးသော တာအိုသခင် အိုးရန်ကပင် ဝင်ရောက်ပြောဆိုလာခဲ့သည်။

မြင်းလှည်းက ဖြည်းညင်းစွာ ရပ်တန့်သွားသည့်အချိန်ထိ သူတို့က စကားပြောနေကြသေးသည်။ မုန့်ချီက သူတို့ဆီမှ နောက်ထပ်အချက်အလက်များ မရနိုင်ခဲ့ပေ။

ထိုအချိန်တွင် သူကတော့ စိတ်ဝိညာဉ်စစ်ဆေးမှုကို အသုံးပြုရန် လွယ်ကူကြောင်း ခံစားမိခဲ့သည်။ သို့သော် အမှောင်နန်းတော်မှ စာသင်သားနှင့် ဘုရားဂိုဏ်းမှ တပည့်တစ်ယောက်၏ရှေ့တွင်တော့ ထိုကဲ့သို့ မလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော်သူတို့က ဤနေရာတွင် လူသစ်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

မြင်းလှည်းထဲမှ အပြင်ကို ထွက်လိုက်သည့်အချိန်တွင် မုန့်ချီက အံ့သြမှင်တက်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူနှင့်မလှမ်းမကမ်းတွင် ရှည်လျားသော အနက်ရောင်လှည်းကြီးတစ်ခုကို မြင်လိုက်ရသည်။ ထိုလှည်း၏ ပုံသဏ္ဍာန်က နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အတော်လေးကို ကျယ်ဝန်းလှသည်။

ရှဲ့ရွှမ်နှင့်အိုးရန်တို့က ကြေးပြားများကို ပေးနေသည့်အချိန်တွင် ကျန်းကျိဝေက ငွေစတစ်ခုကို ထုတ်ပေးလိုက်ရာ မြင်းလှည်းသမားက နွေးထွေးစွာ လက်ခံလိုက်သည်။

သူတို့က ရှဲ့ရွှမ်နှင့် အိုးရန်ကျန်းတို့၏ နောက်မှနေ၍ ထိုလှည်း၏ ရှေ့ကို လျှောက်သွားကြ၏။ ထို့နောက် အစိမ်းဝတ်လူတစ်ယောက်က သူတို့ကို စာရွက်အပိုင်းအစတစ်ခု ဖြဲပေးလိုက်သည်။

"အစိမ်းရောင်လှည်း ..

မီးမြူခိုးတိုင်းပြည် ယုံကျိုးမြို့…

ခန့်မှန်းကြာချိန် (၄)နာရီခွဲ…"

ထိုစာရွက်ပိုင်းလေးကိုကြည့်ပြီး မုန့်ချီက ထိုစကားလုံးများကို သေချာနားလည်နိုင်ခြင်း မရှိချေ။ ထိုယန္တရားလှည်း၏ အတွင်းထဲတွင်တော့ ပြတင်းပေါက်များက တောက်ပနေပြီး စားပွဲခုံများက ရှင်းလင်းနေသည်။ ထိုနေရာတွင် ထိုင်ခုံ(၂)စုံနှင့် အလယ်တွင် စားပွဲခုံတစ်ခုံ ရှိ၏။ မုန့်ချီနှင့် တခြားသူများက ထိုင်လိုက်ကြပြီး ခဏကြာစောင့်နေကြ၏။

ထို့နောက် ယန္တရားလှည်းဆီမှ ကင်းခြေများကဲ့သို့ ခြေထောက်များ ထွက်လာပြီး လမ်းမကြီးပေါ်တွင် အရှိန်နှင့် ပြေးသွားခဲ့သည်။ ထိုအရာက မကြာခဏဆိုသလို တောင်တန်းများထဲတွင် ဝင်လိုက်ထွက်လိုက် သွားနေခဲ့၏။ ထိုခရီးစဉ်က ကြမ်းတမ်းပုံရသော်လည်း လှည်းအတွင်းထဲတွင် ထိုင်နေသောခရီးသည်က မည်သည့်လှုပ်ရှားမှုမျှ မခံစားရပေ။ စားပွဲပေါ်တွင် ရှိသော ရေနွေးခွက်ထဲတွင် အနည်းငယ်လေးသာ လှုပ်ရှားသွားခဲ့၏။

"ဒီလိုယန္တရားပညာတွေက နေ့စဉ်ဘဝကို လွယ်ကူအောင် လုပ်ပေးနိုင်တာ တော်တော်ကောင်းတာပဲ…"

မုန့်ချီက ကျန်းကျိဝေကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့်ပြောလိုက်သည်။

ကျန်းကျိဝေက စဉ်းစဉ်းစားစားနှင့် ပြောလိုက်၏။

"နတ်ဆိုးဗုဒ္ဓက ကမ္ဘာကြီးကို မဖျက်ဆီးသေးခင် ငါတို့တွေမှာလည်း ဒီလိုအရာမျိုးတွေ ပိုင်ဆိုင်ထားခဲ့တယ်။ အလယ်ခေတ်မှာ ချီသူတော်စင်က ယန္တရားပညာကို ကျွမ်းကျင်ခဲ့တယ်။ သူက လေဟာနယ်သင်္ဘောတွေ၊ တခြားထူးဆန်းတဲ့ အရာတွေကိုတောင် ဖန်တီးနိုင်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီကပ်ဆိုးတွေ ကြုံလိုက်ရတဲ့အချိန်မှာ သူတို့အားလုံးကို ဆုံးရှုံးသွားခဲ့ရတယ်…"

ထိုအချိန်တွင် အလွန်သွေးအေးပုံရသော လူတစ်ယောက်က သေတ္တာရှည်တစ်ခုကိုသယ်ပြီး ရှေ့ကို လျှောက်လာခဲ့သည်။ အိုးရန်ကျန်းက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး တီးတိုးပြောလိုက်၏။

"ဓားသေတ္တာ ..”

“ဓားပျံလား…"

ရှဲ့ရွှမ်က စိတ်လှုပ်ရှားသွားခဲ့သော်လည်း တစ်ချိန်တည်းတွင် ကြောက်လန့်သွားခဲ့သည်။

ထိုလူကို မြင်သည့်အခါ မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော်သူ၏ကံကြမ္မာဖတ် မျက်လုံးများကိုသုံးပြီး ထိုလူ၏ကံကြမ္မာထဲတွင် ကံဆိုးမှုများ ပါဝင်နေကြောင်း မြင်နေရသည်။ သူ့ဆီကို တစ်စုံတစ်ခု ဆိုးရွားသည့်အရာများ ကျရောက်လာတော့မည် ဖြစ်၏။

Translated by Hein Htet.

All Chapters