← Chapters

မြို့စားအသစ်

Vol. 012 Ch. 1198

မြို့စားအသစ်

Vol. 012 Ch. 1198

မှော်ဆရာက ဦးညွှတ်သည်။ သူ့မျက်လုံးများက ဆန်းထျန်ကျန့်ဆီ တည်နေပြီး သူ့ကိုယ်သူ မိတ်ဆက်သည်… “အင်ပါယာရှားဘုံက မှော်ဆရာ”

သူတို့နှစ်ယောက်၏ အသံပျောက်ကွယ်သွားချိန်၌ ရဲရဲတောက်ပူပြင်းသည့် ခံစားချက်က အနန္တလောကတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့် မြေကြီးက အနီရောင်သို့ ပြောင်းလဲသွားသည်။

ရီဖူရှင်းက သူ့ခေါင်းကို ငုံ့ကာ အောက်ဘက်သို့ ဖျတ်ခနဲ ကြည့်သည်။ ကမ္ဘာမြေကြီးက အလွန်ပူပြင်းလာပြီး လောင်ကျွမ်းနေသည်ဟု ဝေဝေဝါးဝါး ခံစားရပေသည်။

ပြန်လည်မွေးဖွားခြင်း ရှန့်ထိုအဆင့်တွေက မည်မျှသန်မာလိုက်သနည်း။ အတွေးတစ်ချက်ကပင် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ရန် လုံလောက်နေပြီ။

ဘုန်း…

မီးတောက်များက ကောင်းကင်နှင့် မြေကြီးတွင် ပူပြင်း တောက်လောင်နေပြီး တန်ခိုးရှင်အားလုံးသည် သဏ္ဌာန်မဲ့အင်အားများ၏ ဒဏ်မှ သူတို့ကိုယ်သူတို့ ကာကွယ်ရန် စွမ်းအား အရံအတား အလွှာများကို ထုတ်လွှတ်ထားကြသည်။

ဆန်းထျန်ကျန့်၏ ခန္ဓာကိုယ်က သန့်စင်သော မီးတောက်ရောင်စဉ်များဖြင့် လွှမ်းခြုံထားသည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်က မီးရှူးမီးပန်းများကဲ့သို့ ဖြစ်လာသည်။

ကောင်းကင်ထက်တွင် အဆုံးမဲ့မီးတောက် များနှင့် ကြီးမားသောနဂါးကြီးက သူ၏ အလွန်ကြီးမားသော ပါးစပ်ကို ဖွင့်ဟသည်။ ယင်းက လောင်ကျွမ်းနေသည့် အနီရောင်ကောင်းကင်မှ ပေါ်ထွက်လာခဲ့ပြီး မှော်ဆရာထံသို့ ရွေ့လျားသွားသည်။

မြေပြင်ပေါ်မှ မရေတွက်နိုင်သည့် လူများက ကောင်းကင်ထက်သို့ ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများက အပြင်းအထန် တုန်လှုပ်နေကြသည်။ နဂါးကြီး၏ ရှေ့တွင် သူတို့သည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သည်ဟု ခံစားကြရသည်။ နဂါးကြီးမှ ထွက်ပေါ်လာသည့် စွမ်းအားများက သူတို့ကို ပြာမှုန့်များ အဖြစ်ဖြင့်ပင် မကျန်ခဲ့အောင် လောင်ကျွမ်းသွားနိုင်ပေသည်။

မှော်ဆရာက ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ့ခန္ဓာကိုယ်က အနည်းငယ်မျှ လှုပ်ရှားမှုမရှိပေ။ သူ့ဝတ်ရုံပေါ်မှ တောက်ပသည့် ရွှေရောင်အလင်းလေးများ နိုးထလာခဲ့ပြီး မရေတွက်နိုင်သည့် ရွှေချည်မျှင်လေးများသည် သူ့ခန္ဓာကိုယ်မှ မြန်ဆန်လှသည့် နှုန်းဖြင့် ရွေ့လျားနေသည်။

တစ်ခဏချင်းပင် ထိုအဆုံးမဲ့ရွှေချည်မျှင်များသည် နတ်ဘုရားပိုက်ကွန်သဖွယ် အပေါ်ဘက်သို့ ထိုးတက်သွားပြီး ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးလွှမ်းသွားကာ နဂါးကြီး၏ ခန္ဓာကိုယ်ကို ရစ်ပတ်သည်။

သန့်စင်သော မီးတောက်နဂါးကြီးသည် အောက်သို့ ဆက်လက် ထိုးဆင်းလာသော်လည်း နတ်ပိုက်ကွန်သည် ကြီးမားကျယ်ပြန့်လာကာ ရွှေချည်မျှင်များကလည်း ပို၍ ရှုပ်ထွေးလာသည်။

မှော်ဆရာက နှင်တံကို မြှောက်လိုက်ပြီး အဆုံးမရှိသည့် လေဟာနယ်ကြိုးမျှင်များက လေထုကို ဖြတ်သန်း၍ နဂါးကြီး၏ ခန္ဓာကိုယ်ကို မရေတွက်နိုင်သည့် အပိုင်းအစများအဖြစ်သို့ ဖြတ်တောက်ပစ်သည်။

ထိုအခိုက်၌ ကြီးမားသန့်စင်သည့် နဂါးကြီးသည် အဆုံးမဲ့မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားပြီး မိုးများကဲ့သို့ ကျဆင်းလာလေသည်။

ဘုန်း…

မြေပြင်သည် ပြင်းထန်စွာ ပျက်စီးပေါက်ကွဲသွားကာ အနန္တမီးတောက်များက ကောင်းကင်ထက်မှ ကျဆင်းလာ၍ အတူတကွ စုစည်းသွားပြီး ပြင်းထန်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။

ဆန်းထျန်ကျန့်သည် ကောင်းကင်ထက်တွင် ထည်ဝါစွာ ရပ်နေသည်။ သူ့လက်နှစ်ဖက်လုံးက ချိပ်တံဆိပ်တစ်ခုကို ပုံဖော်နေပြီး များပြားလှသည့် မီးတောက် စစ်နတ်ဘုရားများသည် မီတာထောင်ပေါင်း အနည်းငယ်ထိ ကောင်းကင်ထက်တွင် ပေါ်လာခဲ့ကာ မှော်ဆရာကို ဝန်းရံသည်။

ဆန်းထျန်ကျန့်၏ လက်ဝါးက ချိပ်တံဆိပ်ပုံစံများ ပေါက်ကွဲထွက်လာသည်။ ရုတ်တရက် မီးတောက် စစ်နတ်ဘုရားများက သူ့ပုံစံအတိုင်း လိုက်ပါလှုပ်ရှား၍ ထိတ်လန့်တုန်လှုပ်ဖွယ် မီးတောက် လက်ဝါးရိပ်များက ကောင်းကင်တခွင်ကို ဖုံးလွှမ်းသွားပြီး ဟင်းလင်းပြင်ကို ဖျက်ဆီးနေသည်။

မှော်ဆရာသည် ထိုမီးတောက် စစ်နတ်ဘုရားများ၏ အလယ်တွင် ရပ်နေခဲ့ရာ အလွန်ပင် သေးငယ်သည့် ပိုးကောင်လေးတစ်ကောင် အဖြစ် ထင်မှတ်ရသည်။

ထိုအချိန်တွင် မှော်ဆရာ၏ အထက်၌ ပို၍ တောက်ပသည့် အလင်းများက ဆက်လက်၍ ထွက်ပေါ်လာသည်။ ရွှေရောင်ကြာပန်းတစ်ခုက သူ့ခြေထောက်အောက်တွင် ပေါ်လာပြီး ကြာပန်းပွင့်ချပ်များက အဆုံးမဲ့ တောက်ပမှုများကို ထုတ်လွှတ်နေသည်။

ရွှေရောင်ကြာပန်းကြီးက လှည့်ပတ်နေပြီး အဆက်မပြတ် ကြီးမားလာသည်။ ကြာပွင့်ချပ်များက ပွင့်အာလာ၍ ချက်ချင်းပင် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး ပြန်လည် ဖူးငုံသွားကာ ကြာပန်းအလင်းလွှာများ အဖြစ် ပြောင်းလဲသွား၍ သူ့ကို ကာကွယ်ထားသည်။

ဘန်း.. ဘန်း... ဘန်း…

နတ်ဘုရားသဖွယ် မီးတောက်လက်ဝါးရိပ်များက အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက်နေပြီး အရည်ပျော်ပျက်စီးသွားသည့် ကြာပွင့်ချပ်များသည် အတွင်းသို့ နစ်မြုပ် ပျောက်ကွယ်သွားသည်။

သို့သော်လည်း ရွှေရောင်ကြာပန်းကြီးသည် အရောင်များ တောက်ပလျက် အဆက်မပြတ် ဆက်လက် လည်ပတ်နေသည်။ ပျက်စီးသွားသည့် ပွင့်ချပ်လွှာများသည် အသစ်ပြန်လည် ဖြစ်တည်လာပြီး ပို၍ပင် တောက်ပလာခဲ့သည်။ သူတို့က ကောင်းကင်နှင့် မြေကြီးသို့ မျက်နှာမူ၍ ပွင့်လန်းလာသည်။ ကြာပန်းကြီးသည် တစ်ခုပြီး တစ်ခုထွက်ပေါ်လာပြီး အဆက်မပြတ် ကြီးထွားလာနေသည်။ အနှိုင်းမဲ့ ရွှေရောင် တောက်ပမှုများကို တစ်ချိန်တည်းတွင် ထုတ်လွှတ်သည်။ နေရာတစ်ခုလုံး တောက်ပသည့် အလင်းများနှင့် လွှမ်းမိုးခံရပြီး မီးတောက် စစ်နတ်ဘုရားများ၏ ခန္ဓာကိုယ်က ထိုးဖောက် ဆုတ်ဖြဲခံရပြီး အပိုင်းပိုင်းအစစ ဖျက်ဆီးခံလိုက်ရသည်။

မှော်ဆရာ ရှိနေသည့် နေရာသည် မီးတောက်ကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားကာ ထိုမီးတောက်များက ထူးဆန်းလှစွာ ကောင်းကင်ကို လောင်ကျွမ်း ပစ်နေသကဲ့သို့ ထင်မြင်ရသည်။

မရေတွက်နိုင်သည့် လူများက မြေပြင်မှာရပ်ပြီး ကောင်းကင်သို့ မော့ကြည့်နေကြသည်။ သူတို့ သည်နေရာတွင် ရပ်နေလျှင် အစအနမကျန်သည်အထိ လောင်ကျွမ်းခြင်း ခံရနိုင်ပေသည်။

နေရောင်ခြည်များ ဖြာဆင်းနေပြီး ထိုမီးတောက်ကမ္ဘာကို ရောင်ပြန်ဟပ်ကာ ပြိုးပြိုးပြက်ပြက် တောက်ပနေသည်။ နေရောင်ခြည်သည် မီးတောက်၏ အစိတ်အပိုင်းကဲ့သို့ ပြောင်းလဲသွားသည်။ မဟာလမ်းစဉ်၏ မီးတောက်များမှာ နေဝန်းကြီးနှင့် တသားတည်း ဖြစ်သွားပြီး ယင်းသည် ကောင်းကင်နှင့် ပေါင်းစပ်ခြင်း နည်းလမ်းဖြစ်သည်။

ဘုန်း…

မီးတောက်ကမ္ဘာကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး မှော်ဆရာ ရှိနေသည့် နေရာကို စတင် လောင်ကျွမ်းတော့သည်။ ၎င်းသည် တည်ရှိမှုအားလုံးကို အရည်ကျိုပစ်မည့် အစစ်အမှန် နေစွမ်းအင် မီးပြင်းဖိုအဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော်လည်း ခြုံထည်ကို ဝတ်ဆင်ထားသည့် မှော်ဆရာသည် ထိုနေရာတွင် ရပ်နေမြဲ ရပ်ကာ သူ့မျက်လုံးများသည် မူလကအတိုင်း တည်ငြိမ်နေသည်။ သူက ခြေထောက်ကို ကြွလိုက်ပြီး ရှေ့သို့ တည်ငြိမ်စွာ လျှောက်လာသည်။

ခြေလှမ်းတိုင်းက ဖြေးညင်းလှသော်လည်း အလွန်ပင် ခိုင်မာမြဲမြံလှသည်။ ကြာပန်းပွင့်ချပ်များက သူ့အနီးတွင် ဝန်းရံနေသည်။ ပွင့်ချပ် တစ်ခုချင်းစီတိုင်းသည် ပွင့်အာလာပြီး ပြန်ဖူးငုံသွားတိုင်း အခြားကြာပန်းများကို ထုတ်ပေးသည်။ ထိုကြာပန်းများသည် သူတို့၏ ကိုယ်ပိုင်နေရာများတွင် ရှိနေသကဲ့သို့ ဖြစ်သည်။ ပွင့်ချပ်များ ပွင့်အာလာပြီး ပြန်ဖူးငုံသွားတိုင်း မဟာလမ်းစဉ်၏ မီးတောက်များကို ဝါးမျိုဖျက်ဆီးသွားသည်။

မှော်ဆရာက ဆန်းထျန်ကျန့်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူက ဖျတ်ခနဲ ကြည့်လိုက်ပြီး သူ့မျက်လုံးများက မိစ္ဆာအငွေ့အသက်များ လွှမ်းခြုံလာ၏။ ထိုမျက်လုံးများအား ကြည့်မိသူတိုင်းမှာ ဖမ်းစားညှို့ယူခံရဟန်ရှိသည်။

ဆန်းထျန်ကျန့်သည် ထိုမျက်လုံးများကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။ ကြောက်မက်ဖွယ် စိတ်စွမ်းအားများက သူ့စိတ်ထဲကို ကျူးကျော် ဝင်ရောက်လာပြီး နတ်ဘုရား ပိုက်ကွန်ဝင်္ကပါက ချက်ချင်းပင် သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသလို ထင်ရသည်။ မှော်ဆရာ နောက်တွင် အလင်းရောင် တောက်ပနေသော ဝင်္ကပါတစ်ခု ပေါပေါက်လာပြီး မရေတွက်နိုင်သော ရွှေရောင်ချည်မျှင်များက ဝင်္ကပေါ်တွင် အလွန် တောက်ပသော အလင်းရောင်စဉ်များ အဖြစ် လေထုကို ထိုးဖောက်သွားပြီး ဆန်းထျန်ကျန့်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

ဆန်းထျန်ကျန့်က ပြန်ဆုတ်ခွာ လိုက်သော်လည်း ရွှေချည်မျှင်များက တိုးပွားလာကာ ဝင်္ကပါသည် ကောင်းကင်ဆီသို့ မြင့်တက်လာသည်။ ကောင်းကင်ထက်တွင်တော့ ကောင်းကင် အကာအကွယ်သည် ဝင်္ကပါပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးမဲ့ရောင်စဉ်များက အောက်သို့ ဆင်းသက်လာသည်နှင့်အမျှ ဆန်းထျန်ကျန့်သည် မည်သည့်နေရာကိုမှ သွားခွင့်မရတော့အောင် ပြေးပေါက် ပိတ်သွားတော့သည်။

အောက်ဘက်မှ လူအုပ်ကြီးက ကောင်းကင်ထက်က ပြန်လည်မွေးဖွားခြင်း အဆင့်၏ ကြောက်မက်ဖွယ် စွမ်းအားများကို ကြည့်နေကြသည်။ ပြန်လည်မွေးဖွားခြင်း အဆင့်ချင်း တူလျှင်ပင် မည်သူ၏တိုက်ခိုက်မှုက ပို၍ သန်မာသည်ကို တွေ့နေကြရ၏။

ဆန်းထျန်ကျန့်သည် မှော်ဆရာ၏ တန်ပြန်တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်လား။

မှော်ဆရာ၏ ခန္ဓာကိုယ်သည် လေထဲတွင် မျောလွင့်နေပြီး ကောင်းကင်ထက်မှ နတ်ပိုက်ကွန်ဝင်္ကပါနှင့် ပေါင်းစပ်သည်အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ သူက ဝိဇ္ဇာနှင်တံကို မြှောက်လိုက်ပြီး ဆန်းထျန်ကျန့်ကို ငုံ့ကြည့်ကာ ပြောသည်… “ဒါက အဆုံးအဖြတ် တိုက်ကွက်ပဲ။ ခင်ဗျား ဆက်တိုက်ချင်သေးလား”

ဆန်းထျန်ကျန့်က မှော်ဆရာကို ကြည့်သည်။ သူ့ခန္ဓာကိုယ်က ထူးခြား ဆန်းကြယ်သည့် စွမ်းအားများ ထုတ်လွှတ်နေဆဲ ဖြစ်သော်လည်း သူက တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီဖြစ်ကို သူ့နှလုံးသားထဲမှာ အစောကြီးကတည်းက သိရှိခဲ့ပြီး ဖြစ်သည်။ သူက မှော်ဆရာ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မည်ကိုလည်း မသေချာပေ။

ထိုအခိုက်တွင် ကောင်းကင်မှ မီးတောက်များမှာ လွင့်စဉ်ပပျောက်သွားပြီး အလွန်ဆိုးဝါးစွာ ခံစားရသည့် အပူရှိန်များမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ကောင်းကင်နှင့် မြေကြီး၏ အပူချိန်များသည် မူလက ရှိနေသည့်အတိုင်းသို့ ပြန်လည် ရောက်ရှိသွားသည်။

ထိုမြင်ကွင်းကို ကြည့်၍ သေမင်းသည် သူ့လက်ကို ချလိုက်ကာ ဝိဇ္ဇာနှင်တံကို သိမ်းဆည်းသည်။ နတ်ဘုရား အလင်းရောင်များလည်း ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများကလည်း ကြောက်စရာ မကောင်းတော့ပေ။

အောက်ဘက်မှ လူစုသည် စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်ကြသည်။ တိုက်ပွဲသည် အိပ်မက်ဆန်စွာ ဖြစ်ပွားခဲ့လေသည်။

ချန်ယဲ့မြို့အရှင် ဆန်းထျန်ကျန့်က ရှုံးနိမ့်သွားခဲ့ပြီဟု လူတိုင်းက သူတို့နှလုံးသားထဲမှာ တိတ်တဆိတ် ပြောနေကြသည်။

ချန်ယဲ့မြို့ကို တရားဝင် လက်လွှဲပေး ရတော့မည်။

မှော်ဆရာသည် အင်ပါယာရှားဘုံမှ ထိပ်တန်းပုဂ္ဂိလ်တစ်ဦး ဖြစ်နိုင်ပြီး ထိုသို့သောလူမျိုးအား ပိုင်ဆိုင်ထားသည့် အင်ပါယာသည်လည်း အမှန်တကယ်ကို အံ့အားသင့်ဖွယ် ကောင်းပေလိမ့်မည်။

သွေးနဂါးဘုံရှိ မြို့များအကြားတွင် ထိုသို့သောလူမျိုးများနှင့် တိုက်ခိုက်နိုင်သည့် စွမ်းအားအထွတ်အထိပ် မြို့တော်သခင်များမှာ အနည်းငယ်သာ ရှိလိမ့်မည်။

သူတို့က ပြန်လည် မွေးဖွားခြင်းအဆင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်သည်ဟု ဆိုသော်ငြားလည်း သွေးနဂါးဘုံတွင် အထွတ်အထိပ်တည်ရှိမှု တန်ခိုးရှင်များမှာ အများအပြားရှိသည်။ အချို့သော ပြန်လည်မွေးဖွားခြင်း အဆင့်ရှန့်ထိုများမှာ ရန်ဟောင်အဆင့်ကိုပင် ရင်ဆိုင်နိုင်သည်ဟူသော ကောလာဟလများ ရှိပြီး သူတို့သည် သွေးနဂါးဘုံသို့ ခရီးထွက်လာကာ မြို့တော်သခင်များ ဖြစ်လာသည်ဟု ယူဆနိုင်သည်။  အခြားဘုံများမှ ရန်ဟောင်များသည် သွေးနဂါးဘုံသို့ ရောက်လာသော်လည်း သူတို့သည် နယ်မြေအတွင်း၌ မကောင်းသော အကြံအစည်၊ အပြုအမူများအား လုပ်ဆောင်၍ မရပေ။ သို့သော်လည်း ရှန့်ထိုအဆင့်များ ရောက်လာခြင်းကိုတော့ သွေးနဂါးအင်ပါယာက အများကြီး ဂရုစိုက်မည် မဟုတ်ပေ။

ဆန်းထျန်ကျန့် တည်ထောင်ခဲ့သည့် မြို့စားအိမ်တော်မှာ ရီဖူရှင်း၏ ရှေ့တွင် ပျက်သုဉ်းခဲ့ရသည်။

သူက အပြင်းအထန် ဒဏ်ရာရနေသည့် ဆန်းဇွန်ကို လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးများထဲတွင် စိတ်ပျက်ခြင်းတို့ စွန်းထင်းနေ၏။

သူ့ကြောင့် သူကြိုးစား တည်ဆောက်ခဲ့သော မြို့စားအိမ်တော်ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

ထိုအရာများအားလုံးမှာ ရီဖူရှင်းတို့အား ဆန်းဇွန်က အသုံးချလိုခဲ့သောကြောင့် ဖြစ်၏။

ယခုမှတော့ သူဖိတ်ခေါ်ခဲ့သော ကံကြမ္မာဆိုးအား နှင်ထုတ်ရန် မဖြစ်နိုင်တော့။

ရီဖူရှင်းက ချန်ယဲ့မြို့ကို လိုချင်နေသည်။

ဆန်းထျန်ကျန့်က ဆန်းဇွန်၏ ခန္ဓာကိုယ်ကို ကောက်ယူသည်။ ရီဖူရှင်းက ဘေးမှာ ရပ်နေသော်လည်း မတားဆီးခဲ့ပေ။ မှော်ဆရာက ရှားရှင်းယွန် ဘေးသို့ ဆင်းသက်လာခဲ့သည်။

သူတို့က ချန်ယဲ့မြို့ကို လိုချင်ရုံသာ ဖြစ်ပြီး ဆန်းထျန်ကျန့်က အဆုံးစွန်အထိ ဆန့်ကျင်သွားမည် မဟုတ်ကြောင်း သူတို့သိကြသည်။ သူက ဤအဆင့်အထိ ကျင့်ကြံခဲ့ပြီးရာ သူ့အသက်ကိုတော့ အလဟဿ အဆုံးခံမည် မဟုတ်ပေ။

ဆန်းထျန်ကျန့်က ရီဖူရှင်းတို့ဘက်သို့ လှည့်ကာ ပြောသည်… “ကျုပ် နေခဲ့မယ်”

ထို့နောက် သူက ဆန်းဇွန်ကို သယ်ကာ တစ်ဝက်မျှ ပျက်စီးနေပြီဖြစ်သည့် မြို့စားအိမ်တော် အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

“မှော်ဆရာ ... မြို့စားအိမ်တော်ကို လက်လွှဲယူလိုက်ပါ” ရှားရှင်းယွန်က ပြောသည်တွင် မှော်ဆရာက ခေါင်းညိတ်သည်။

နောက်တစ်ဆင့်မှာ မြို့စားအိမ်တော်ကို ခိုင်မြဲစွာ ထိန်းချုပ်နိုင်ရန် ဖြစ်သည်။ ဆန်းထျန်ကျန့်က နေခဲ့မည်ဟု ဆုံးဖြတ်လိုက်သဖြင့် သူတို့က ဆက်လက် တိုက်ခိုက်နေစရာ မလိုတော့သော်လည်း ဆန်းထျန်ကျန့်က ပြဿနာရှာမည်ကိုတော့ သူက ခွင့်မပြုနိုင်ပေ။

“ဘယ်သူက မြို့စားလုပ်မှာလဲ” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

“မင်းသမီးပဲ လုပ်ရမှာပေါ့” ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်သည်။

“ငါ စိတ်မဝင်စားဘူး” ရှားရှင်းယွန်က ပေါ့ပါးစွာ ပြောသည်… “နင် လုပ်လိုက်”

“...”

ရီဖူရှင်းက ရှားရှင်းယွန်ကို ကြည့်လိုက်သော်လည်း သူမ၏ မျက်လုံးများက အဝေးသို့ ငေးကြည့်နေသည်။ မည်သူကမှ သူမ ဘာတွေးနေသည်ကို မသိကြပေ။

“မင်းသမီး … နောက်ပိုင်းမှာ သွေးနဂါးဘုံက ချန်ယဲ့မြို့ဟာ အင်ပါယာရှားဘုံရဲ့ အုတ်မြစ် ဖြစ်လာနိုင်တယ်။ ဒီလိုတာဝန်မျိုးနဲ့ ကျုပ်က မသင့်တော်ဘူး” ရီဖူရှင်းက ပြောသည်။

“အင်ပါယာရှားဘုံမှာတုန်းက နင် ဘာနေရာမှ မရဘူးဆိုပြီး အတွန့်တက်နေတာ မဟုတ်ဘူးလား။ အခု နင်က ချန်ယဲ့မြို့ရဲ့ မြို့တော်အရှင် ဖြစ်လာလိမ့်မယ်။ အဲဒါကို တရားဝင်လုပ်ပေးဖို့ ခမည်းတော်ကို ငါမေးပေးမယ်။ ခမည်းတော်က ငြင်းဆန်မှာ မဟုတ်ဘူး” ရှားရှင်းယွန်က ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ ယခင်က ရီဖူရှင်းသည် မင်းသမီး၏ ကိုယ်ရံတော်သာ ဖြစ်၏။

ရီဖူရှင်း ဆွံ့အသွားရသည်။ ငါ ဘယ်တုန်းက အတွန့်တက်မိလို့လဲ။

မိန်းမများကား ခန့်မှန်းရန် ခက်လွန်းပေသည်။

သို့သော်လည်း မြို့စားဘွဲ့နာမက မင်းသမီး၏ ကိုယ်ရံတော်ဆိုသည်ထက် များစွာပို၍ နားထောင်ကောင်း လေသည်။

“သခင် ... ဒီနတ်ဆိုးမက ခွန်ရွှမ်ကြောင့် စိတ်ရှုပ်နေတာ ဖြစ်မယ်” သိမ်းငှက်နက်၏ အသံက ရီဖူရှင်း စိတ်ထဲသို့ ရောက်ရှိလာသည်။ မကြာသေးခင်က ခွန်ရွှမ်သည် သူ့ကို သိမ်းသွင်းရန် ကြိုးစားခဲ့သည်။

သို့သော်လည်း သိမ်းငှက်နက်သည် သူ၏ အတွေ့အကြုံများအရ အသံထွက်မပြောရဲဘဲ ရီဖူရှင်းကိုသာ တိတ်တိတ်ကလေး ပြောလိုက်ခြင်း ဖြစ်၏။

“ထပ်အရိုက်ခံချင်တာလား” ရီဖူရှင်းက ချက်ချင်းက ပြုံးလျက် သိမ်းငှက်နက်ကို ပြောသည်။

“ကောင်းပြီ။ ကျုပ် ခဏ တာဝန်ယူပေးမယ်။ ဒါပေမဲ့ ကျုပ်ထွက်သွားရင် ဒီရာထူးကို စွန့်လွှတ်ခဲ့မှာ” ရီဖူရှင်းက ပြောလိုက်သော်လည်း ရှားရှင်းယွန်က သူ့အား လျစ်လျူရှု ထားလေသည်။

နောက်တစ်ဆင့်က ချန်ယဲ့မြို့ တောင့်တင်း ခိုင်မာလာစေရန် ဖြစ်သည်။

ချန်ယဲ့မြို့မှာ ဖြစ်ခဲ့သမျှသည် မကြာခင်မှာ ပျံ့နှံ့သွားတော့သည်။ မြို့တိုင်းက ယူချင်းသည် အင်ပါယာရှားဘုံမှ လာသည်ဟု သိကြပြီး ယခု အင်ပါယာရှားဘုံက သွေးနဂါးဘုံ၏ မြို့တစ်မြို့ကို သိမ်းပိုက်သွားလေပြီ။

သို့သော်လည်း ထိုအကြောင်းအရာက လူအများကို အနှောင့်အယှက် မဖြစ်စေပေ။ ထိုကဲ့သို့ အဖြစ်အပျက်များမှာ သွေးနဂါးဘုံတွင် မကြာခဏ ဖြစ်ပျက်လေ့ရှိပြီး ထိပ်တန်းပုဂ္ဂိုလ်များသည် ထိုအကြောင်းအရာများနှင့် ရင်းနှီးပြီးသားဖြစ်သည်။

ထိုအချိန်တွင် သွေးနဂါးဘုံ၏ မြို့တစ်မြို့တွင်ရှိသော နန်းတော်တစ်ခုတွင် လူတစ်စုရှိနေသည်။

သူတို့ထဲမှ တစ်ယောက်သည် ရီဖူရှင်းကို ကောင်းကောင်းကြီး သိပြီး သူသည် တာလီမှ အိမ်ရှေ့စံ လီယောင် ဖြစ်၏။

သူ့ရှေ့မှ သတင်းပို့သူ တင်ပြသည့် သတင်းကို ကြားပြီးနောက်၌ လီယောင်၏ မျက်လုံးများ အေးစက်နေ၏။ အင်ပါယာရှားဘုံမှ မှော်ဆရာက သူတို့ကို ကိုယ်တိုင်လိုက်ပါ စောင့်ရှောက်ပေး နေသည်လား။

ယခု သူတို့က သွေးနဂါးဘုံမှ မြို့တစ်မြို့ကိုပင် သိမ်းပိုက်သွားခဲ့ပြီ။

“အရှင်မင်းသား ... မှော်ဆရာရဲ့ ခွန်အားက ခန့်မှန်းလို့မရပါဘူး။ သူက ဒီနှစ်တွေမှာ အင်ပါယာရှားနောက်ကို လိုက်ပြီး အင်ပါယာရှားဘုံရဲ့ အထွတ်အထိပ် စွမ်းအားရှင် တစ်ယောက် ဖြစ်နေမှာ သေချာပါတယ်” သူ့နောက်မှ ရွှေရောင်မြွေရေခွံဝတ်စုံ ဝတ်ထားသည့် လူကြီးက ပြောသည်။

လီယောင်က ခေါင်းညိတ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းမှ အေးစက်သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်… “ကြည့်ရတာ ကျုပ်တို့ တာလီ တော်ဝင်အကြံပေးကို လိုအပ်နေပြီ ထင်တယ်”

***

All Chapters