တော်ဝင်အကြံပေး ရောက်ရှိလာခြင်း
Vol. 012 Ch. 1199
ချန်ယဲ့မြို့၏ ပြန်လည် စတင်ထူထောင်ခြင်း လုပ်ငန်းစဉ်တွင် စစ်ထိုကလန်၏ ထောက်ပံ့မှုကို အပြည့်အဝရရှိခဲ့သည်။ ဆန်းထျန်ကျန့်သည် မြို့စားအိမ်တော်တွင် ကျင့်ကြံရင်း နေထိုင်နေဆဲ ဖြစ်သည်။ မြို့စားအိမ်တော်မှ အရင်လူဟောင်းများကို ရာထူးမှ ရပ်စဲလျှော့ချခဲ့သည်။
မှော်ဆရာနှင့် အတူလာခဲ့သည့် ရှန့်ထိုတန်ခိုးရှင်များမှာ မြို့စားအိမ်တော်ကို တဖြည်းဖြည်း ထိန်းချုပ်ပြီး အင်ပါယာရှားဘုံမှ အကူအညီပိုရနိုင်စေရန် ဆက်သွယ်မှုများ ပြုလုပ်ရန်လည်း အစီအစဉ်များ ချထားပြီး ဖြစ်၏။
သူတို့သည် သွေးနဂါးဘုံရှိ မြို့တစ်မြို့ကို သိမ်းပိုက်လိုက်ပြီ ဖြစ်သောကြောင့် ဂရုတစိုက်နှင့် စီမံရန် လိုအပ်ပေသည်။
မြို့စားအိမ်တော်မှ ချန်ယဲ့မြို့၏ အလယ်၌ ကျင့်ကြံရေးကျောင်းတော် တစ်ဆောင် တည်ထောင် ပြီးသည့်နောက်တွင် အနီးဝန်းကျင်မှ မြို့များ ပွက်လောရိုက် သွားတော့သည်။
ကျင့်ကြံရေးကျောင်းတော်သည် သွေးနဂါးဘုံတွင် သွေးနဂါးမြို့မှ လွဲ၍ တခြား မည်သည့်မြို့တွင်မှ တည်ထောင်ရန် မသင့်တော်ပေ။ မြို့များသည် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားလေ့ရှိကြပြီး မကြာခဏဆိုသလို အုပ်ချုပ်သူ ပြောင်းလဲတတ်ပေသည်။ ထို့ကြောင့် ကျောင်းတော် တည်ဆောက်ခြင်းမှာ အချိန်ကုန် လူပန်းသလို အရင်းအမြစ်များကိုလည်း ဖြုန်းတီးရာ ရောက်သည်။ ကျောင်းတော်မှ ထွက်လာသည့် တန်ခိုးရှင်များမှာလည်း အခြားလူများ၏ အသုံးချခံအဖြစ်ဖြင့် အဆုံးသတ် သွားတတ်လေသည်။
သွေးနဂါးအင်ပါယာက တိုက်ရိုက်အုပ်ချုပ်နေသည့် သွေးနဂါးမြို့ တစ်ခုတည်းသာလျှင် ကျောင်းတော် တည်ထောင်ရန် သင့်တော်သော တည်နေရာဖြစ်သည်။
ယခု ချန်ယဲ့မြို့တွင် ကျောင်းတော် တည်ထောင်လိုက်ခြင်းကြောင့် လူတိုင်းက လှောင်ပြောင် ရယ်မောကြပေသည်။
တစ်ချိန်တည်းမှာပင် သွေးနဂါးဘုံရှိ အင်ပါယာလီဘုံတွင် တာလီမြို့တော် အင်ပါယာလီရိပ်သာလမ်းမှ တော်ဝင်အကြံပေးအိမ်တော်၌ တော်ဝင်အကြံပေးသည် သူ့လက်ကို နောက်သို့ ပစ်ကာ ကောင်းကင်ကို မော့ကြည့်နေပေသည်။
ဖေးရွှီက တော်ဝင်အကြံပေး၏ ဘေး၌ ဘာအနှောင့်အယှက်မှ မပေးဘဲ တိတ်ဆိတ်စွာ ရပ်နေသည်။
ထိုအချိန်၌ ခြေသံအချို့ ထွက်ပေါ်လာသည်။ သူတို့မှာ တော်ဝင်အကြံပေး၏ တပည့်အချို့ ဖြစ်သည့် ရန်ယွင်၊ နန်ကျိုင်း၊ မုချွန်းယန်နှင့် အခြားလူများ ရောက်ရှိလာခြင်း ဖြစ်သည်။
“ဆရာ…” ရန်ယွင်နှင့် အခြားလူများက ဦးညွှတ် ဂါရဝပြုသည်။
“မင်းတို့အားလုံး သိပြီးလောက်ပြီမလား” ဆရာဖြစ်သူက ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သူတို့ကို ပြောသည်။
ရန်ယွင်က ခေါင်းညိတ်သည်။ သွေးနဂါးဘုံသို့ တာလီ တော်ဝင်အကြံပေးကို လွှတ်ကာ ကိုယ်ပိုင်နယ်မြေ ထူထောင်ရန် လီယောင်နှင့် မင်းသားကြီးက အင်ပါယာကို တစ်ချိန်တည်းမှာ လျှောက်တင်ခဲ့သည်။ တစ်ချိန်တည်းတွင် သွေးနဂါးဘုံ၌ တာလီမှ သတ္တမဓားအဖြစ် ပုန်းကွယ်နေခဲ့သော အင်ပါယာရှားဘုံမှ ရီဖူရှင်းကို သုတ်သင်ရန်ကိုပါ တောင်းဆိုခဲ့ကြ၏။
လီယောင်နှင့် မင်းသားကြီး၏ အပြုအမူမှာ သံသယဝင်စရာ ကောင်းလှသည်။
ထို့အပြင် နှစ်ယောက်လုံးက တော်ဝင်အကြံပေးကို အပြစ်ပေးရန် အကြံပြုခဲ့သော်လည်း အင်ပါယာလီက ထိုကိစ္စကို ငြင်းပယ်ခဲ့ပြီး တော်ဝင်အကြံပေးကို တာလီကျောင်းတော်မှ နုတ်ထွက်ရန် ဖိအားပေးခဲ့သည်။
ထို့အပြင် တော်ဝင်အကြံပေးနှင့် ရန်ယွင်က ရီဖူရှင်းကို ပို့ဆောင်လိုက်ပြီး ကတည်းက သူတို့သည် တာလီ၏ သစ္စာဖောက်များသဖွယ် ဖြစ်သွားခဲ့သည်။
တာလီမှ သတ္တမဓားသည် အင်ပါယာရှားဘုံသို့ ပြန်ရောက်သည့်အခါမှသာ ရီဖူရှင်း ပြန်ဖြစ်သွားလိမ့်မည်ဟု သူ ပြောခဲ့သည်။
ထိုအချိန်က သူသည် သတ္တမဓား ဖြစ်သောကြောင့် တော်ဝင်အကြံပေး အိမ်တော်က ဆရာနှင့် တပည့် ဆက်ဆံရေး အကြားတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခြေအနေများမှာ မတူညီတော့။
ထိုပြဿနာအတွက် အင်ပါယာလီက တော်ဝင်အကြံပေးကို အပြစ်မတင်ခဲ့သော်လည်း တာလီမှ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီး အင်ပါယာလီ၏ နှလုံးသားထဲတွင် သံသယမျိုးစေ့ချသလို ဖြစ်သွားခဲ့သည်။
ယခု တာလီတော်ဝင် အကြံပေးက သူ့ကိုယ်သူ သက်သေပြရန် အခွင့်အရေးရခဲ့သည်။
သူသာ ရီဖူရှင်းကို သတ်ခဲ့လျှင် သူသည် မူလကအတိုင်း တာလီတွင် မြင့်မားသော အဆင့်အတန်းကို ဆက်လက် ပိုင်ဆိုင်လိမ့်မည်။
“ဆရာ.. အရှင်မင်းကြီးက ဆရာ့ကို စမ်းသပ်ချင်နေတာ” ရန်ယွင်က ပြောလိုက်သည်တွင် ကျန်လူများက တိတ်ဆိတ်နေကြသည်။
သူတို့ကလည်း ထိုအချက်ကို ရှင်းလင်းစွာ သိရှိကြသည်။
တော်ဝင်အကြံပေး၏ နှလုံးသားထဲတွင်လည်း မှန်တစ်ချပ်ကဲသို့ ရှင်းလင်းနေသည်။
သူသည် နန်းတွင်းအကြံပေး အိမ်တော်၌ သီးသန့်နေထိုင်ကာ လေ့ကျင့်ကတည်းက တာလီနန်းတွင်းရေးနှင့် ပတ်သက်၍ သိပ်စိတ်မဝင်စားတော့ပေ။ အင်ပါယာလီက သူ့ကို ပြန်ထွက်လာစေလိုပြီး တာလီအရေးများကို ပြန်လည်ထိန်းချုပ်စေလို၏။ သူက တာလီနန်းတွင်း အကြံပေးကို တန်ဖိုးထားသည်မှာ သေချာသည်။
တစ်ဖက်တွင် ရီဖူရှင်းကား နန်းတွင်းအကြံပေး၏ တပည့်တစ်ဦးသာဖြစ်သည်။ သာမန်တပည့်တစ်ဦးနှင့် နန်းတွင်းအကြံပေးအား အလှဲအလှယ်လုပ်ရသည်မှာ အင်ပါယာတစ်ပါးအတွက် မတန်ပေ။
သည်တစ်ကြိမ်တွင် နန်းတွင်းအကြံပေးက တာလီကို ဆက်လက်သစ္စာခံမည်လား၊ သစ္စာဖောက်လိုသော သဘောရှိသလားကို အင်ပါယာက စမ်းသပ်ရန် အကောင်းဆုံး အခွင့်အရေးလည်းဖြစ်၏။
သို့သော်လည်း နန်းတွင်းအကြံပေး အတွက်မူကား ကွဲပြားခြားနားသော အဓိပ္ပာယ်များရှိသည်။ အချိန်တိုလေးမျှသာ ဖြစ်သော်လည်း သူ့တပည့်များထဲတွင် ရန်ယွင်အပြင် သူသဘောကျ နှစ်သက်မိခဲ့သည်မှာ ထိုကလေး ဖြစ်သည်။
သူတို့မှာ ရန်သူများဖြစ်ကြသော်လည်း သူ့အား သတ်ဖြတ်ရန်မှာ အလွန်ခက်ခဲသော ဆုံးဖြတ်ချက်ဖြစ်၏။
“မင်းဘယ်လိုထင်လဲ” တော်ဝင်အကြံပေးက မေးသည်။
“ဆရာ သွားလိုက်ပါ” ရန်ယွင်က ပြောသည်။ အရှင်မင်းကြီးက သူတို့ကို အမိန့်ပေးခဲ့ပြီးဖြစ်သည်။ သူတို့ မနာခံလျှင် အင်ပါယာက မည်သို့တွေးလိမ့်မည်နည်း။
“သတ္တမဓားက အခွင့်အရေးကို လက်လွှတ်ပြီး အင်ပါယာရှားဘုံကို ပြန်ဖို့ ရွေးချယ်ခဲ့တယ်။ သူ့ရဲ့ သဘောပေါက် နားလည်နိုင်စွမ်းနဲ့ဆိုရင် သတ္တမဓားက ဆရာ့ရဲ့ ရွေးချယ်မှုကို လေးစားပြီး နားလည်ပေးမှာပါ” နန်ကျိုင်းကလည်း အကြံပေးသည်။
အခြားလူများက ဘာမှမပြောပေ။ လုချွန်ကတော့ သက်ပြင်းချသည်။
သည်တစ်ကြိမ် ကိစ္စကို ကြိုးကိုင်ခြယ်လှယ်နေသူမှာ လီယောင် ဖြစ်သည်။
ယခင်က ဖြစ်ပျက်ခဲ့သမျှသည်လည်း လီယောင်အပေါ်၌ ကြီးမားသော သက်ရောက်မှု ရှိခဲ့သည်။
ထို့ကြောင့် သူသည် အင်ပါယာလီကို လျှောက်တင်သည့် အခါတွင် မကောင်းသည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေလေသည်။
သူတို့ မည်သည့်လမ်းကိုပဲ ရွေးချယ်ပါစေ အရာအားလုံးက မှားယွင်းနေပေလိမ့်မည်။
တော်ဝင်အကြံပေးက ရီဖူရှင်းကို သတ်မည့်အရေး၌ တွန့်ဆုတ်နေပြီး အင်ပါယာရှားဘုံမှ ရီဖူရှင်း၏ အရေးပါမှုကို ထောက်ချင့်လျှင် တော်ဝင်အကြံပေး အိမ်တော်၌ ရွေးချယ်စရာ အနည်းငယ်သာ ရှိ၏။
သူ မသွားလျှင် တော်ဝင်အကြံပေး၏သစ္စာရှိမှုကို သံသယဝင်ကြပေလိမ့်မည်။
ယခုအချိန်တွင် တာလီတွင် အင်ပါယာလီမှအစပြု၍ လူတိုင်းသည် တော်ဝင်အကြံပေးအား သွေးနဂါးဘုံသို့ သွားရောက်စေလိုသော စိတ်တစ်ခုတည်း ရှိကြသည်။
တော်ဝင်အကြံပေးကို ထောက်ခံသူတွေများပင်လျှင် တော်ဝင်အကြံပေးက ရီဖူရှင်းကို သတ်၍ သူ့နာမည်ကို ပြန်ဆေးကြောကာ တာလီတွင် ယခင်လို အင်အားမျိုး ပြန်ရစေလိုကြသည်။
ထိုသို့သော အခြေအနေအောက်၌ တခြားရွေးချယ်စရာ မရှိပေ။
လီယောင်က ထိုအကြောင်းကိုလည်း ထည့်တွက်ထားပေသည်။
“အဖေ…” ဖေးရွှီက ခေါ်သည်။ သူမ၏ အသံက တိုးညင်းနေပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်လာသည်ကို တခြားလူများ မမြင်ရရန် ခေါင်းကို အနည်းငယ် ငုံ့ထားသည်။
သူမ၏ အဖေက မည်သို့ ရွေးချယ်ပါစေ၊ အခက်အခဲများ ရင်ဆိုင်ရမည်ဆိုတာကို သူမ သိ၏။
သို့သော်လည်း သူမ၏ အဖေကို သတ္တမဓားနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့မည်ကို သူမ မလိုလားပေ။
တော်ဝင်အကြံပေးက နောက်ကို လှည့်သည်။ သူက ရန်ယွင်နှင့် အခြားလူများကို ပြုံးပြလိုက်ပြီးမှ ဖေးရွှီ၏ ဆံပင်ရှည်များကို ပွတ်သပ်ကာ ခပ်တိုးတိုး ပြောသည်.. “အဖေက တာလီရဲ့ တော်ဝင်အကြံပေးပဲ။ အရှင်မင်းကြီးက အမိန့်ပေးရင် တိုက်ခိုက်ရမှာပေါ့”
“သူ့ကို သတ်မှာလား” ဖေးရွှီက ခေါင်းမော့ကာ တော်ဝင်အကြံပေးကို ကြည့်သည်။
“သူ့ကို အင်ပါယာရှားဘုံရဲ့ မှော်ဆရာက ကာကွယ်ပေးထားတယ်။ သွေးနဂါးဘုံမှာ အင်ပါယာလီဘုံနဲ့ အင်ပါယာရှားဘုံ ထိပ်တိုက်တွေ့ရင် ဘယ်ဘက်က နိုင်မလဲဆိုတာ ဘယ်သူ သိမှာလဲ” တော်ဝင်အကြံပေးက အပြုံးနှင့် ပြောသည်… “သတ္တမဓားက အဖေတို့ကို အံ့သြစရာတွေတောင်မှ ပေးရင် ပေးလိမ့်မယ်”
လူတိုင်းတွင် သူတို့၏ရပ်တည်ချက်ရှိရာ သူက အကောင်းဆုံး လုပ်ရမည် ဖြစ်သည်။
ထိုအရာကပင် တာလီနန်းတွင်း အကြံပေး၏တာဝန်မဟုတ်ပါလား။
“အရင်တုန်းက သူ့ကို အင်ပါယာရှားဘုံကို ပြန်လိုက်ပို့ပေးခဲ့ရင်း ပြောခဲ့တယ်။ နောက်ပိုင်းကျ တိုက်ပွဲမှာ ပြန်တွေ့ဖြစ်ခဲ့ရင် သက်ညှာမှုမပေးဘူးလို့” ရန်ယွင်က ပြောသည်။ အခုတော့ သူတို့ တိုက်ပွဲတွင် တွေ့ဆုံရတော့မည်။
“သူ ဘယ်လိုပြန်ဖြေခဲ့လဲ” တော်ဝင်အကြံပေးက ရန်ယွင်ကို မေးသည်။ ရန်ယွင် အရင်တုန်းက တစ်ခါမှ ထိုအကြောင်းကို မပြောဖူးခဲ့ပေ။
“သူက သက်ညှာမယ်လို့ ပြောတယ်” ရန်ယွင်က ပြန်ဖြေသည်။
တာလီတော်ဝင် အကြံပေးသည် တစ်ခဏမျှ မှင်တက်သွားရသည်။ သူက ဝမ်းမြောက်စွာ ရယ်မောလိုက်ပြီး ရှေ့သို့ လျှောက်လာကာ ပြာ့သည်… “နန်ကျိုင်း ... ဖေးရွှီကို ဂရုစိုက်ထားပေး။ ကျန်တဲ့လူတွေ ငါနဲ့ နန်းတော်ကို လိုက်ခဲ့”
“ဟုတ်ကဲ့” တပည့်တွေက ခေါင်းညိတ်သည်။
“အဖေ ... သမီးလည်း အတူလိုက်မယ်” ဖေးရွှီက အော်သည်။
တော်ဝင်အကြံပေးက သူမကို ပြန်လှည့်ကြည့်ပြီး ညင်သာစွာ ပြောသည်… “နန်ကျိုင်းက သမီးကို ကောင်းကောင်း ဂရုစိုက်လိမ့်မယ်”
သူက ပြောပြီးသည်နှင့် ဆက်လျှောက်သွားသည်။ ရန်ယွင်နှင့် အခြားလူများက သူ့နောက်မှ လိုက်ပါသွား၏။
နန်ကျိုင်းနှင့် ဖေးရွှီသာလျှင် သူတို့ ထွက်သွားတာကို ကြည့်ရင်း ကျန်နေခဲ့သည်။ နန်ကျိုင်းက သက်ပြင်းချသည်။
သည်ခရီးမှာ ကောင်းခြင်း၊ ဆိုးခြင်းများ ရောပြွမ်းနေခြင်း သူ့ဆရာက သိပြီးဖြစ်ပေမည်။
ဖေးရွှီကို ဆရာက မည်သို့ ခေါ်သွားနိုင်မည်နည်း။
ဆရာသာ ထိုသို့လုပ်ခဲ့လျှင် အင်ပါယာလီက သူ့မိသားစုကိုပါ အဝေးသို့ ခေါ်ဆောင်သွားသည့် အပြုအမူအတွက် ကျိန်းသေ မေးခွန်းထုတ်လိမ့်မည်။
“အစ်ကိုနှစ်.. အဖေရော သတ္တမဓားရော နှစ်ယောက်လုံး အဆင်ပြေမှာပါနော်” သူမက တော်ဝင်အကြံပေး ထွက်သွားရာ ဘက်သို့ ကြည့်ရင်း တိုးတိုးမေးသည်။ သူမ၏ နှလုံးသားထဲတွင် အလွန်အမင်း ရှုပ်ထွေးနေ၏။
သည်တစ်ခေါက် တိုက်ပွဲတွင် သူမက မည်သို့ကိုမှ ထိခိုက်စေလိုခြင်း မရှိပေ။
သို့သော် ထိုသို့ ဖြစ်နိုင်ပါ့မလား။
နန်ကျိုင်းက ဖေးရွှီကို ကြည့်ကာ ညင်သာစွာ ပြောသည်… “ဖေးရွှီ... သိပ် စိတ်မပူပါနဲ့”
ဖေးရွှီ ဘာမှမပြောတော့ဘဲ စိတ်ထဲမှသာ ကျိတ်၍ ဆုတောင်းမိတော့သည်။
သည်ခရီးတွင် မည်သည့်ထိခိုက်မှုမှ မရှိခဲ့လျှင် အကောင်းဆုံး ဖြစ်သည်။
သူတို့ တိုက်ခိုက်ကြလျှင်လည်း အေးအေးချမ်းချမ်း ပြီးဆုံးသွားရန် သူမ မျှော်လင့်မိသည်။
တော်ဝင်အကြံပေး ထွက်ခွာရန် တာလီနန်းတော်မှ ခွင့်ပြုချက်ရခဲ့ပြီး ထိုသတင်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
လူတိုင်း သိကြသည်က ဤခရီး၏ ရည်ရွယ်ချက်မှာ ရီဖူရှင်းကို သတ်ရန်သက်သက် ရိုးရှင်းသည် မဟုတ်ပေ။ နောက်ကွယ်တွင် ရည်ရွယ်ချက် များစွာ ရှိနေသေးသည်။
သတ္တမဓားနှင့် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများမှာ တာလီ တော်ဝင်အကြံပေးကိုမျှသာ သက်ရောက်စေသည် မဟုတ်ဘဲ တာလီ၏ ဖွဲ့စည်းပုံ၌ပင် ကြီးကြီးမားမား ရိုက်ခတ်စေခဲ့၏။
မင်းသားကြီး၏ အင်အားပြန်လည် ဦးမော့လာပြီး တာလီ၏ တော်ဝင်မျိုးဆက်များကို အင်အားကို တိုးတက်လာရန် ဦးဆောင်ခဲ့သည်။
တော်ဝင်အကြံပေး၏ ဤခရီးသည် အခြေအနေတချို့ကို ပြောင်းလဲနိုင်သောကြောင့် များစွာသော လူတို့က အနီးကပ် စောင့်ကြည့်နေကြမည် ဖြစ်သည်။
တာလီတော်ဝင်အကြံပေး အတွက်ကတော့ မှန်ကန်သည့် ခြေတစ်လှမ်းချမိလျှင် အရာရာက လမ်းပွင့်သွားမည် ဖြစ်ကာ ခြေတစ်လှမ်းမှားသွားခဲ့လျှင် ထိုအချိန်မှစ၍ တာလီတွင် တော်ဝင်အကြံပေး၏ ဒဏ္ဍာရီက ပျက်သုဉ်း သွားတော့မည် ဖြစ်သည်။
တော်ဝင်အကြံပေး ထွက်ခွာရန် ဆုံးဖြတ်ပြီးသည့်နောက်တွင် မင်းသားသုံးကလည်း တန်ခိုးရှင်အချို့ကို ဦးဆောင်ပြီး တော်ဝင်အကြံပေးနှင့် လိုက်ပါရန် ခွင့်တောင်းခဲ့ရာ အင်ပါယာက သဘောတူခဲ့သည်။
အချိန်ရောက်လာသည့်အခါ စွမ်းအားပြည့်ဝသည့် တန်ခိုးရှင်များ ပါဝင်သော အုပ်စုကြီးသည့် သွေးနဂါးဘုံသို့ ကူးပြောင်းခြင်း ဝင်္ကပါမှတစ်ဆင့် ဖြတ်သန်း ရောက်ရှိလာသည်။
သွေးနဂါးဘုံမှ ချန်ယဲ့မြို့တွင် ရောက်ရှိနေသည့် ရီဖူရှင်းကတော့ အင်ပါယာလီဘုံတွင် ဖြစ်ပျက်သမျှကို ဘာမှ မသိပေ။ သူသည် ချန်ယဲ့မြို့တွင် ကျင့်ကြံနေဆဲ ဖြစ်၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် အချိန်တချို့ ကုန်လွန်သွားခဲ့သည်။
ထိုနေ့တွင် သွေးနဂါးဘုံ၏ မြို့တစ်မြို့အတွင်း လီယောင်သည် လေထဲကို ကြည့်နေစဉ် ကြီးမားသော အဖွဲ့တစ်ဖွဲ့ ရောက်လာသည်ကို မြင်လိုက်ရသည်။
သူတို့၏ ထွက်ပေါ်လာမှုက လီယောင်၏ရင်ထဲမှာ အပျော်တို့ ပြည့်နှက်သွားစေပြီး သူ့မျက်လုံးထဲတွင် အပြုံးတို့ ဖြစ်ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို ယှက်ပြီး ကောင်းကင်မှ ဆင်းသက်လာသည့် လူစုကို နှုတ်ဆက်သည်… “တတိယအစ်ကိုတော်နဲ့ တော်ဝင်အကြံပေးကို နှုတ်ခွန်းဆက်ပါတယ်”
“အရှင်မင်းသား” တော်ဝင်အကြံပေးက ခေါင်းညိတ်ကာ ပြန်နှုတ်ဆက်သည်။
လီယောင်က ယနေ့တွင် ယခင်ကနှင့် အတော်လေး ကွာခြားနေ၏။ သူက ရှန့်ထိုအဆင့်ကို ဝင်ရောက်သွားသည့် နောက်တွင် ပို၍ ခန့်မှန်းရခက်လာသည်။
“အတိတ်မှာတုန်းက တော်ဝင်အကြံပေးက သတ္တမဓားကို လွှတ်ပေးလိုက်ပြီးတော့ သူက သတ္တမဓား ဖြစ်နေတာကြောင့် ဖမ်းဆီးဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ သတ္တမဓားက ကျွန်တော်တို့ တာလီက ကျင့်စဉ်တွေကို ခိုးယူထွက်ပြေးသွားတဲ့ ရီဖူရှင်း ဖြစ်သွားပြီ။ တော်ဝင်အကြံပေးရဲ့ ပညာရှိကျမ်း အပါအဝင် ကျားယဲ့ဓားနဲ့ တာလီကျောင်းတော်က တခြား စာအုပ်တွေကိုရောပဲ”
လီယောင်က ဆက်ပြောသည်… “အခု ရီဖူရှင်းက ရှန့်ထိုအဆင့်ကို ဝင်ရောက်သွားပြီး အင်ပါယာရှားရဲ့ တန်ဖိုးထားရသူ ဖြစ်တယ်။ ရှားရှင်းယွန်တောင်မှ သူ့နောက်ကနေ လိုက်ပါနေတယ်။ အဲဒီလူကို ရှင်းထုတ်ပစ်မှ ရမယ်။ တော်ဝင်အကြံပေးက ဒီကို ရောက်နေပြီဆိုမှတော့ ချန်ယဲ့မြို့ကို သွားပြီး သူ့ကို သုတ်သင်ခဲ့လိုက်ပါ”
“အရှင်မင်းသားက နတ္ထိဘုံတိုက်ပွဲမှာ အတွေ့အကြုံ ရှိခဲ့တာကြောင့် စစ်ပွဲမစခင် စစ်ပွဲမှာပါတဲ့ အဖွဲ့သုံးခုက အလံတွေ စိုက်ထူပြီး ရန်ဟောင်သုံးပါးက စစ်ပွဲကို စတင်ကြတယ်။ ဒီမှာက ရီဖူရှင်းနဲ့ ရှားရှင်းယွန်အပြင် မှော်ဆရာလည်း ရှိနေတာကြောင့် သူတို့တွေက အင်ပါယာရှားဘုံကို ကိုယ်စားပြုနိုင်တယ်။ တကယ်လို့ ကျုပ်တို့က စစ်တိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင် အရင်ဆုံး စစ်ကြေညာရမယ်” တော်ဝင်အကြံပေးက ပြောသည်။
“တော်ဝင်အကြံပေး ဒါက အရေးပေါ် အခြေအနေဖြစ်ပြီးတော့ အဲဒီလူက ကျွန်တော်တို့ တာလီရဲ့ သူလျှို ဖြစ်ခဲ့တယ်။ ကျွန်တော်တို့က ဘယ်လိုဖြစ်လို့ ပုံမှန်အတိုင်း စစ်ကြေညာပြီး သူတို့ကို ထွက်ပြေးခိုင်း လိုက်ရမှာလဲ” လီယောင်က မျက်မှောင်ကြုတ်သည်။ တော်ဝင်အကြံပေးက ရီဖူရှင်းကို ထွက်ပြေးစေလိုနေသည်ဟု သူက ယုံကြည်နေလေသည်။
“အရင်တုန်းက အရှင်မင်းသား ပို့လိုက်တဲ့ သတင်းမှာ ပါတာက အင်ပါယာရှားဘုံက သွေးနဂါးဘုံမှာ မြို့တစ်မြို့ကို သိမ်းပိုက်ပြီး အင်ပါယာရှားဘုံရဲ့ အုတ်မြစ်ကို ဒီမှာ ချထားတယ်။ အဲဒီလိုဆိုရင် ကျုပ်တို့ကလည်း မြို့တစ်မြို့ကို အရင်သိမ်းပြီးမှ အဲဒီမှာ အခြေစိုက်ပြီး ချန်ယဲ့မြို့ကို စစ်ကြေညာလိုက်မယ်။ ရီဖူရှင်းက တာလီကို ဆန့်ကျင်ခဲ့တဲ့ အကြောင်းပြချက်ကိုလည်း အသုံးပြုလို့ရတယ်။ တကယ်လို့ အင်ပါယာရှားဘုံက လူတွေက မတိုက်ခိုက်ဘဲ ထွက်ပြေးချင်တယ်ဆိုရင် အဲဒီကျမှ လိုက်ဖမ်းလည်း နောက်မကျပါဘူး” တော်ဝင်အကြံပေးက ဆက်ပြောသည်။
လီယောင်က တော်ဝင်အကြံပေးကို ကြည့်သည်။ သူက တာလီ၏ မင်းသားတစ်ပါး ဖြစ်နေသော်လည်း တော်ဝင်အကြံပေးကို အမိန့်ပေးနိုင်စွမ်း မရှိပေ။ မဟုတ်လျှင် ဒီနေ့လို အခြေအနေမျိုး ဖြစ်ပေါ်လာမည် မဟုတ်ပေ။
တော်ဝင်အကြံပေးသာ ထိုသို့ ပြုလုပ်ရန် ရည်ရွယ်သည်ဆိုပါက သူ လုပ်နိုင်သည့်အရာ မရှိပေ။
သူက ရီဖူရှင်းကို သတ်လိုလျှင်ပင် သူ၏စွမ်းအားက မှော်ဆရာနှင့် ယှဉ်ပြိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက လှည့်ကွက်အချို့ အသုံးပြုရန် လိုပေသည်။
“တော်ဝင် အကြံပေးပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့” မင်းသားသုံးက ပြောသည်။
“သိပ်ကောင်းတယ်” လီယောင်က ခေါင်းညိတ်၏။ သူ့အသံကတော့ အတော်လေး တင်းမာနေ၏။
***