← Chapters

အခန်း (၅၂၆)

Vol. 36 Ch. 526

အခန်း (၅၂၆)

Vol. 36 Ch. 526

“သူက ဓားပျံတစ်လက်ကို ဒီလိုလက်ညှိုးလေးနဲ့ တောက်ရုံနဲ့ အဝေးကို လွှင့်သွားအောင် လုပ်နိုင်ခဲ့တာလား။ သူ့ကို လူသားတစ်ယောက်လို့ရော သတ်မှတ်နိုင်သေးရဲ့လား..”

လူတိုင်းက သူတို့၏မျက်စိရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။

ဓားပျံ ဟူသည်မှာ ကြောက်စရာကောင်းသော လက်နက်တစ်ခုဟု လူတိုင်းက အသိအမှတ်ပြုထားခဲ့၏။ ထိုဓားစက်လုံးက အမတ်ကြီး ချန်းဟွမ်နှင့် ပျံသန်းမီးပွားဂိုဏ်းမှ တာအိုသခင်တို့ကိုပင် နောက်ဆုတ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏အဆင့်က လူတိုင်းအတွက် မြင်သာထင်သာ ရှိနေခဲ့၏။

"ဒါက တာအိုလမ်းစဉ်နဲ့ မသက်ဆိုင်ဘူး…"

တာအိုသခင်လင်း၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ပင့်သက်ရှိုက်လိုက်မိသည်။

သူ၏ညာလက်ထဲတွင် ထိုကဲ့သို့ စွမ်းအားများ ပြည့်နှက်နေသည့်အတွက် စက်ယန္တရားတစ်ခု မဟုတ်ကြောင်း ပြသနေသည်။ ချန်းဟွမ်ကလည်း ပင့်သက်ရှိုက်လိုက်မိ၏။ သူတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

နှစ်လိုဖွယ်အပြုံးလေး ရှိနေသော အစိမ်းဝတ်လူငယ်လေးက သူ၏ ခွန်အားတစ်ခုထဲကို အသုံးပြုပြီး ကြောက်စရာကောင်းသည့် ဓားပျံကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ သူ၏လက်ချောင်းလေးပေါ်တွင် ဒဏ်ရာရသည့် လက္ခဏာမျိုး မရှိသည့်အတွက် ထိုလက်ချောင်းလေးများက အလွန်လေးလံသော ဓားကိုပင် ပေါ့ပေ့ါပါးပါး ရင်ဆိုင်နိုင်ပုံရသည်။ သူက လေးလံသောဓားများကိုပင် ပေါ့ပေါ့ပါးပါးသာ မြင်ထားပုံရ၏။

"သူ့ကို တကယ်ပဲ လူသားတစ်ယောက်လို့ သတ်မှတ်နိုင်သေးရဲ့လား…"

မူလတုန်းက သာမာန်လူသား(၂)ယောက်၏ မျက်လုံးထဲတွင် အဆင့်မြင့်သည်ဟု ထင်မှတ်ရသော ပညာရှင်က အလွန်အံ့သြမှင်တက်နေပုံရ၏။ သူကတော့ လူသားအရေခြုံထားသော မှော်သာရဲတစ်ကောင်ကို စိုက်ကြည့်နေရသလို ထင်ရသည်။

လူသားမျိုးနွယ်က ပြင်ပပစ္စည်းတွေကို အားကိုးစရာမလိုဘဲ ဓားပျံကို ရင်ဆိုင်နိုင်သည့် အစွမ်းမျိုးကို မည်ကဲ့သို့ ရလာခဲ့သနည်း။

“မဟုတ်သေးဘူး။ သူက အလင်းတန်းကို ဖျက်စီးဖို့ လက်ညှိုးတစ်ချောင်းတည်းပဲ သုံးခဲ့တာ…"

ခရီးသည်များအားလုံးက ပြုံးနေသော မုန့်ချီနှင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေသော ကျန်းကျိဝေတို့ကို စိုက်ကြည့်လိုက် မြေပေါ်တွင် ပြုတ်ကျနေသော အနီရောင် ဓားစက်လုံးကို ကြည့်လိုက်နှင့် တစ်လှည့်ဆီ ကြည့်နေမိကြသည်။ သူတို့က ဒဏ္ဍာရီပုံပြင်တစ်ပုဒ်၏ အလယ်တွင် ရောက်ရှိနေသလို ခံစားနေရ၏။

မုန့်ချီက အင်္ကျီကို ခါလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"သခင်ကြီးချန်း။ ကျေးဇူးပြုပြီး ဓားစက်လုံးကို သိမ်းလိုက်ပါ။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ပစ္စည်းတစ်ခုက သေချာထိန်းသိမ်းထားဖို့လိုတယ်…"

မူလတုန်းကတော့ သူ့အတွက် အကောင်းဆုံးအစီအစဉ်က ရှဲ့ရွှမ်၏ နောက်မှ လိုက်သွားပြီး ယုံကျိုးမြို့ထဲသို့ ဝင်ရောက်သွားရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မြေအောက်အဖွဲ့အစည်း၏ စွမ်းအားကို ရှာဖွေရန် စဉ်းစားထားခဲ့၏။ တစ်ဖန် သူက နာမည်အတုတစ်ခုကို အသုံးပြုပြီး အခြေအနေမှန်ကို စုံစမ်း စစ်ဆေးရန် နယ်မြေခံများနှင့် ပေါင်းစည်းရန် စီစဉ်ထားခဲ့သည်။

သူက ထိုနယ်မြေထဲတွင် ထူးခြားသောပစ္စည်းများကို ရောင်းချနိုင်ပြီး တိုင်းပြည်ထဲတွင် ရှားပါးသော ပစ္စည်းများကို စတင်ယူဆောင်လာနိုင်သည်။ ထိုသို့ဆိုလျှင် သူက ဤနေရာတွင် ဖြည်းညင်းစွာ အခြေချလာနိုင်ပြီး ရှားပါးတွင်းထွက်များကို ဝယ်ယူရန် အကျိုးအမြတ် အလုံအလောက် ရှာနိုင်၏။

သူက စိတ်မရှည်သော ကျိလော်ကျူးကဲ့သို့ ဓားပြတိုက်ရန် မလိုအပ်သလို ဤကမ္ဘာကြီးထဲတွင် ရှိနေသော ထိပ်တန်းပညာရှင်များကို ဒေါသထွက်အောင် လုပ်ရန်လည်း မလိုအပ်ပေ။ ထိုအရာက အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုကို ဖြုန်းတီးလိုက်ခြင်းလည်း ဖြစ်သည်။

ဓားပျံဆီမှနေ၍ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်လာလိမ့်မည်ဟု ဓားသေတ္တာနှင့်အတူ ရှိနေသည့် လူငယ်လေးလည်း မထင်ထားခဲ့ပေ။ အကယ်၍ သူသာ လှုပ်ရှားခဲ့ခြင်း မရှိလျှင် ရှဲ့ရွှမ်က နေရာတွင် သေဆုံးသွားနိုင်၏။ အဆုံးတွင်တော့ သူက ဓားပျံကို ဖယ်ရှားရန် ဆုံးဖြတ်လိုက်ပြီး အခြေအနေကို စမ်းသပ်လိုက်သည်။

"ဒီလိုနေရာကျယ်ကျယ်မှာ ကျိဝေက တစ်ခုခုလုပ်နိုင်ပေမဲ့ ငါက ဘာလို့ဒုက္ခပေးရမှာလဲ။ ငါက သူ့အတွက် တော်တော်လေး စဉ်းစားပေးနေတာပဲ…"

သူ့အပြုံးနှင့် နှစ်လိုသော စကားလုံးများက အေးစက်သော အခြေအနေကို ဖျက်စီးပစ်လိုက်သည်။

ပျံသန်းမီးပွားဂိုဏ်းမှ တာအိုသခင်က အလွန်ရက်စက်ကြမ်းကြုတ်သောဓားစက်လုံးကို ချက်ချင်း သိမ်းလိုက်ပြီး ပြန်လည်ပိတ်လှောင်ထားလိုက်၏။ တစ်ခြားသူများကတော့ အိမ်မက်ထဲမှ နိုးထလာသလို ခံစားနေသည်။ သူတို့က ပို၍လှုပ်ရှားလာနေပြီး သူတို့မြင်လိုက်ရသော မြင်ကွင်းကို မယုံကြည်နိုင်သလိုပင် ဖြစ်နေကြ၏။ သူတို့၏ ရင်ထဲတွင် ဆက်တိုက် အံ့သြနေမိကြသည်။

"သူက တကယ့်ကို လူသားတစ်ယောက်လို့ သတ်မှတ်နိုင်သေးရဲ့လား…"

ချန်းဟွမ်၏အမူအရာက ပျောက်ကွယ်သွားပြီး သူက အရိုအသေပေးသည့်အနေဖြင့် လက်(၂) ဖက်ကို မြှောက်လိုက်သည်။

"ဒီက မိတ်ဆွေကို ဘယ်လိုခေါ်ရမလဲ .။ ငါက ယုံကျိုးက ချန်းဟွမ်ပါ…"

သူ၏ ဘယ်ဘက်လက်က သစ်သားပန်းပုတစ်ခုကဲ့သို့ ဖြစ်နေပြီး အနည်းငယ် တောက်ပနေပုံရသည်။

"ကျွန်တော့်နာမည်က စုမုန့်ပါ။ ဒါကတော့ ကျွန်တော်ရဲ့အစ်မဝမ်းကွဲ ကျန်းကျိဝေပါ။

ကျွန်တော်တို့က တောင်ပိုင်းပင်လယ်ကျွန်းမှာ နေထိုင်ကြတာ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေကတော့ ယုံကျိုးနဲ့ ပတ်သက်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်မှာ ကျွန်တော်က ရှေးဟောင်းချီကျင့်ကြံသူတွေရဲ့ အမွေအနှစ်ကို ရရှိခဲ့ပြီး ဘဝတစ်လျှောက်လုံး လေ့ကျင့်ခဲ့တယ်။ အလယ်ပိုင်းကလူတွေ၊ အမှောင်နန်းတော်နဲ့ လွတ်လပ်ပြီး အနှောင်အဖွဲ့မရှိတဲ့ အင်မော်တယ်ဂိုဏ်းတွေကို လေးစားနေတဲ့အတွက် ကျွန်တော်က ဒီနေရာမှာ ကြွယ်ဝချမ်းသာမှုတွေ၊ အောင်မြင်မှုတွေကို လာပြီး ရှာဖွေတာပါ…"

မုန့်ချီက ပြောလိုက်သည်။

"ရှေးဟောင်းချီကျင့်ကြံသူတွေလား။ ချီကျင့်ကြံသူတွေရဲ့အမွေအနှစ်လား…"

ခရီးသည်များအားလုံးက အလွန်ထိတ်လန့်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် အာမေဋိတ်အသံများ ထွက်လာကြသည်။

အိုးရန်ကျန်း ရှင်းပြခဲ့သည့်အတွက် သူတို့အများစုက ချီကျင့်ကြံသူများအကြောင်းကို နားလည်ထားခဲ့ပြီး ယခုသော ထိုကဲ့သို့ လူတစ်ယောက်ကို ပထမဆုံး တွေ့နေရသည်။ ထိုသို့ဆိုလျှင် သိုင်းပညာရှင်တစ်ယောက်က လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို ရရှိသွားပြီဟူသော သင်္ကေတပေလော။

ထို့ကြောင့်လည်း သူက ခန္ဓာကိုယ် စွမ်းအင်တစ်ခုတည်းနှင့် ဓားပျံကို တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ သူတို့က အံ့သြမှင်တက်နေကြသော်လည်း တစ်ချိန်တည်းတွင် သံသယဝင်နေကြ၏။

အခန်း၏နောက်ဘက်တွင် ထိုင်နေသော ဓားသမားများကတော့ ကြောက်လန့်နေပုံရသည်။ ထိုသို့ဆိုရာတွင် သူတို့၏ဝမ်းသာမှုများ ၊ စိတ်လှုပ်ရှားမှုထဲတွင် တွေဝေမှုများ၊ သံသယများလည်း ရှိနေသေး၏။ ထိုအဖွဲ့တွင် လူငယ်(၃) ယောက်နှင့် မိန်းမပျိုတစ်ယောက် ပါဝင်နေပြီး သူတို့အားလုံးက အသက်(၂၀) အရွယ်သာ ဖြစ်ကြသည်။

သူတို့က ဘဝတစ်လျှောက်လုံး အခက်အခဲများကို ရင်ဆိုင်နေရသည့် သာမာန် လူသားများသာ ဖြစ်ပုံရ၏။

"ချီကျင့်ကြံသူတွေလား။ သူတို့က တကယ်ပဲ ရှေးဟောင်းချီကျင့်ကြံသူတွေလား..”

ကမ္ဘာမြေကြီး ပျက်စီးသွားပြီးနောက် ချီကျင့်ကြံသူများ၏ အမွေဆက်ခံမှုကို ဆုံးရှုံးသွားသည့်အတွက် သူတို့က အတော်လေးကို စိတ်ပျက်နေမိသည်။ ရုတ်တရက် ဆိုသလို အခြေအနေက ပို၍ကောင်းမွန်လာခဲ့၏။

ချန်းဟွမ်နှင့် ပျံသန်းမီးပွားဂိုဏ်းမှ တာအိုသခင်တို့က ရှေးဟောင်းချီကျင့်ကြံသူများနှင့် ပတ်သက်ပြီး တစ်ချို့တဝက်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ သူတို့က အချိန်ကြာမြင့်စွာ ပျောက်ကွယ်နေသော အမွေအနှစ်များကို ဆက်ခံရရှိထားသည်မှာ ထူးဆန်းသည့်အရာတစ်ခုတော့ မဟုတ်ချေ။

သူ့စကားအရ မုန့်ချီက ဤနေရာတွင် ကြီးမြတ်သော စွမ်းအားများကို ရှာဖွေရန် ကြိုးစားနေသော ပါရမီရှင် တစ်ယောက် ဖြစ်ပုံရသည်။ သူတို့က အကျိုးအမြတ် ရရှိရန်အတွက် အမှောင်နန်းတော်နှင့် နတ်ဘုရားဂိုဏ်းတို့ထဲကို ဝင်ရောက်ရန် ကြိုးပမ်းနေသော အရူးများ မဟုတ်ကြပေ။

မည်သည့် မိသားစုကရော ဓားပျံကို လက်ညှိုးနှင့် ဖယ်ရှားနိုင်သည့်အစွမ်းမျိုး ရှိနေသော အစောင့်အရှောက် တစ်ယောက်ကို မလိုချင်ပဲ နေမည်နည်း။ အလွန်အံ့သြနေသော ချန်းဟွမ်၏အမူအရာက ပျောက်ကွယ်သွားခဲ့၏။

"မင်းတို့က ရှေးဟောင်းချီကျင့်ကြံသူတွေရဲ့ အမွေအနှစ်ကို ရထားတာပဲ။ ဒါကြောင့်လည်း မင်းရဲ့ခန္ဓာကိုယ်က ဓားပျံတစ်ချောင်းကို ရင်ဆိုင်ဖို့ လုံလောက်တာ။ ယုံကျိုးက ဒီနေရာနဲ့ သိပ်မဝေးဘူးဆိုမှတော့ ငါက မင်းတို့ကို ဧည့်သည်အဖြစ် ဖိတ်ခေါ်လို့ ရနိုင်မလား… "

"ကျွန်တော်လည်း အဲဒီလို ဆန္ဒရှိပါတယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

ရှဲ့ရွှမ်နှင့် အိုးရန်ကျန်းတို့ကတော့ အလွန်ထိတ်လန့်အံ့သြနေကြပြီး အလွန်ချောမောခန့်ညားကာ ယုံကြည်ချက် ရှိနေသည့် လူငယ်လေးကို စိုက်ကြည့်နေမိခဲ့၏။ သူတို့က ယခုမှသာ သတိပြန်ဝင်လာခဲ့၏။ ထို့ကြောင့်လည်း သူက မကောင်းဆိုးဝါးဝိညာဉ် သတ်ဖြတ်သူဟု သူ့ကိုယ်သူ ခေါ်ရဲခြင်းဖြစ်သည်။ ဓားပျံတစ်ချောင်းကပင် သူ့ဆံပင်ကို ထိနိုင်ခြင်း မရှိချေ။

အိုးရန်ကျန်းကတော့ ရှက်ရွံ့နေသလို ခံစားခဲ့ရ၏။ အလွန်အစွမ်းထက်သော လက်ညှိုးလေးက ဓားပျံကို ဖယ်ရှားလိုက်သည့် မြင်ကွင်းက သူ့ခေါင်းထဲတွင် နက်နက်ရှိုင်းရှိုင်းကို ရောက်ရှိနေခဲ့သည်။ အစစ်အမှန် ပညာရှင်တစ်ယောက်ကသာ သူ့အစွမ်းကို ပြသခွင့်ရှိသည်ဟု သူက ခံစားမိနေခဲ့၏။ ရှေးအချိန်မှ ချီကျင့်ကြံသူများက အမှန်တကယ်ကို ထိုက်တန်လှသည်။ ခဏကြာသည့်တိုင်အောင် သူ့စိတ်ထဲတွင်တော့ အကြောက်တရားများ ရှိနေသေး၏။

မုန့်ချီနှင့် ကျန်းကျိဝေတို့က လူသားနှင့် အင်မော်တယ်များ ကြားထဲတွင် ရောက်နေကြောင်း ရှဲ့ရွှမ်ကလည်း ခံစားမိနေခဲ့သည်။

ချန်းဟွမ်က သူ၏အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်၏။ ထိုပစ္စည်းက လိပ်ပုံသဏ္ဍာန် ယန္တရားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူက လိပ်ခွံပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် မုန့်ချီနှင့် ကျန်းကျိဝေတို့ကို နောက်မှ လိုက်လာရန် ပြောကြားလိုက်၏။

သူက သူတို့နှင့် မကြာခဏ စကားပြောနေပြီး တောင်ပင်လယ်မှ အခြေအနေများ အကြောင်းကို ရည်ရွယ်ချက်ရှိရှိ ပြောနေခဲ့သည်။ သူတို့၏နောက်ဘက်တွင် ရှိနေသော တစ်ခြားသိုင်းပညာရှင်များကတော့ အနားကိုပင် ကပ်မလာရဲကြပေ။ အဘယ်ကြောင့်ဆိုသော် သူနှင့်တာအိုသခင်တို့ကို ကြောက်လန့်နေခြင်းကြောင့် ဖြစ်၏။

သူတို့ကတော့ အဝေးမှနေ၍ စောင့်ကြည့်နားထောင်နေကြပြီး သူတို့၏အမူအရာများက စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ တစ်လှည့်ဆီ ပြောင်းလဲနေကြသည်။

မုန့်ချီကတော့ တောင်ပင်လယ်ထဲတွင် ရှိနေသော ကျွန်းများအကြောင်းကို ထူးဆန်းစွာ ပြောပြနေခဲ့သည်။ သူ့ဆီမှ ထွက်လာသော စကားလုံးများက အမှန်တကယ် ရောက်ဖူးသလို ဖြစ်နေ၏။ သမုဒ္ဒရာမြင်ကွင်းနှင့် ထိုနေရာတွင် ရှိနေသော ထူးဆန်းသည့် အရာအားလုံး ပါဝင်နေသည်။ ကျန်းကျိဝေကပင် သူ၏ စကားလုံးများထဲ၌ မျောပါသွားသလို ခံစားနေရ၏။

"ကိုရင်လေးက ဘယ်အချိန်တုန်းကများ ပင်လယ်ထဲကို သွားခဲ့ဖူးတာလဲ…”

“ဒီလိုအရာတွေ ပြောဖို့ဆိုရင် သိပ္ပံဇာတ်လမ်းတွေနဲ့ မြစ်အရှေ့ပိုင်းမှာ သက်ဆိုင်တဲ့ ဒဏ္ဍာရီပုံပြင်တွေ အကြောင်းကို ကြားဖူးဖို့ပဲလိုတယ်။ ပြီးတော့ စိတ်ကူးစိတ်သန်းကောင်းဖို့လည်း လိုအပ်တာပေါ့…"

မုန့်ချီက သူတို့ကို အပြုံးနှင့် ပြောနေသည့်အချိန်တွင် ချန်းဟွမ်နှင့် တာအိုသခင်တို့၏ သံသယများက ဖြည်းညင်းစွာ ပျောက်ကွယ်လာခဲ့သည်။ တောင်ပင်လယ်ထဲတွင် ရှိနေသော နယ်မြေများ၏နာမည်နှင့် ပတ်သက်လာသည့်အချိန်တွင် မုန့်ချီက ရှဲ့ရွှမ်နှင့်အိုးရန်ကျန်းတို့ဆီမှ သိခဲ့ရသော အချက်အလက်များကိုသာ အားကိုးထားခဲ့သည်။ သူ၏ဖော်ပြချက်များက အမှန်တရားနှင့် အတုအယောင်များကို ရောနှောထားခြင်းဖြစ်သည်။

သူတို့၏စကားက အတော်လေးကို ကျေနပ်စရာကောင်းသည်။ မည်သူမျှ မသိလိုက်ခင် သူတို့က ယုံကျိုးကို ရောက်လာခဲ့၏။ ချန်းဟွမ်က မုန့်ချီနှင့် ကျန်းကျိဝေတို့ကို တည်းခိုဆောင်တွင် နေထိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး သူက ပန်ကျိုး ကျောင်းအုပ်ကို သွားရောက်ဖိတ်ခေါ်မည်ဟု ပြောခဲ့သည်။

အိုးရန်ကျန်းကလည်း နယ်မြေခံပြည့်စုံခြင်းဂိုဏ်း၏ ကျောင်းဆောင်ကို အလျင်အမြန် ထွက်သွားခဲ့၏။ ရှဲ့ရွှမ်ကတော့ ယုံကျိုးမြို့ထဲတွင် ရှိနေသော အမှောင်နန်းတော်၏ ဂိုဏ်းခွဲကို သတင်းပို့ရန် ထွက်သွားခဲ့ပြီးနောက် မုန့်ချီက ကျန်းကျိဝေ၏ လက်ထဲသို့ ပစ္စည်းတစ်ခု ထည့်ပေးလိုက်သည်။

"သံသရာတံဆိပ်လား…"

အလွန်ထက်မြက်သော သူမ၏မျက်လုံးများက အံ့သြနေသည့်အမူအရာနှင့် သူ့ကို စိုက်ကြည့်နေခဲ့သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"ငါတို့က အခြေအနေကိုကြည့်ပြီး စမ်းသပ်ဖို့ပဲ လိုအပ်တယ်။ ပြည့်စုံခြင်းဂိုဏ်းနဲ့ အမှောင်နန်းတော်ထဲမှာရှိတဲ့ အကြီးအကဲတွေက ပြည့်စုံခြင်းတံခါးနဲ့ ပတ်သက်တဲ့အရာတွေကို သိကောင်းသိထားနိုင်တယ်။ သူက ငါတို့ကို ပြဿနာရှာမှာ စိုးရိမ်နေတာကြောင့် ဒါက ငါတို့ရဲ့အကာအကွယ် နည်းလမ်းပဲ။ ငါက ရုပ်ရည်ကို ပြောင်းလဲနိုင်တဲ့အတွက် အလွယ်တကူထွက်ပြေးနိုင်တယ်။ ဒါကြောင့် ငါ့ရဲ့ သံသရာတံဆိပ်ကို နင့်ဆီ ငှားပေးလိုက်မယ်။ နင်က နောက်ပိုင်းကျရင်တော့ ပြန်ပေးဖို့ မမေ့ပါနဲ့…"

သူက နောက်ဆုံးစကားလုံးကို တမင်တကာ ပြောလိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းကျိဝေက အလွန်စိတ်သဘောထား နူးညံ့လှသည့်အတွက် သူ၏တံဆိပ်ကို လက်မခံမှာ စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။

ထင်ထားသည့်အတိုင်း ကျန်းကျိဝေကတော့ တိုးတိုးလေး ရယ်လိုက်၏။

"တော်တော် စိတ်ဝင်စားဖို့ ကောင်းတဲ့ အချေးအငှားတစ်ခုလား…"

လက်ရှိအဖြစ်အပျက်များကို ပြန်လည်စဉ်းစားပြီး သူတို့၏ခံစားချက်များက ပျော့ပြောင်းသွားခဲ့သည်။

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ဒီနေရာမှာရှိတဲ့ ဓားသေတ္တာတွေက အတော်လေးကို မှော်ဆန်တယ်။ ငါတို့ရဲ့ အဆင့်မြင့်အဖိုးတန်လက်နက်တွေက သူတို့ရဲ့ပိုင်ရှင်ကို ကာကွယ်ပေးနိုင်တဲ့ ဝိညာဉ်သဘာဝ ရှိကြတယ်။ အစောပိုင်းမှာ တွေ့ခဲ့တဲ့ ဓားစက်လုံးကတော့ သူ့အနားကို ကပ်လာရုံနဲ့ ရက်စက်ကြမ်းကြုတ်မှုက ပေါ်လာခဲ့တယ်။ ကြည့်ရတာတော့ ဓားသေတ္တာကို လူတစ်ယောက်ရဲ့ သွေးအဆီအနှစ် သုံးပြီး ဖန်းတီးထားတာဖြစ်နိုင်တယ်။ သာမာန်ဓားစက်လုံးတွေက ဒီလိုမျိုး မလုပ်နိုင်ကြဘူး…"

ကျန်းကျိဝေက သေချာစဉ်းစားပြီး ပြောလိုက်၏။

သူမ၏ အမူအရာက လေးနက်သွားပြီး ထပ်ဖြည့်ပြောလိုက်၏။

"ငါက နင့်ထက်ပိုပြီး အသက်ကြီးတယ်။ ဘာလို့ငါက နင့်ရဲ့ညီမဝမ်းကွဲ ဖြစ်ရတာလဲ။ ငါက နင့်ရဲ့ အစ်မဝမ်းကွဲပဲ ဖြစ်သင့်တာလေ…"

မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ငါ့ရဲ့စိတ်က နင့်ထက်ပိုပြီး ရင့်ကျက်တယ်လေ…"

"နင့်ရဲ့စိတ်က ငါထက်ပိုပြီး ရင့်ကျက်တယ်ဆိုတာ ဘာကို ပြောချင်တာလဲ…"

တည်းခိုဆောင်၏ အပြင်ဘက်တွင်တော့ ဓားမောက်များ၊ ဓားရှည်များကိုင်ထားသည့် သိုင်းပညာရှင်များစွာက ဝင်ပေါက်ကို စိုက်ကြည့်နေမိကြ၏။ သူတို့က ဝင်ပေါက်ကို စောင့်ကြပ်နေသည့် ရဲမက်လူသား စက်ရုပ်များကြောင့် တွေဝေနေကြသည်။

သူတို့က လှည်းပေါ်မှဆင်းလာခဲ့ပြီးနောက် မုန့်ချီတို့၏ နောက်ကို လိုက်လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့က အရှက်မရှိ တည်းခိုဆောင်ထဲသို့ ဝင်ပြီး မုန့်ချီဆီကို သွားချင်နေကြသည်။ ထိုသို့ဆိုလျှင် ချီကျင့်ကြံသူများ၏ အမွေဆက်ခံမှုကို ရရှိနိုင်၏။

သို့သော် ယခုတစ်ကြိမ် တည်းခိုဆောင်တွင် အစောင့်အကြပ် ထူထဲလွန်းလှသည်။ သူတို့သာ အလျင်စလို ဝင်သွားလိုက်မည်ဆိုလျှင် ချက်ချင်း အပြင်သို့ မောင်းထုတ်ခံရနိုင်သည်။

"ငါတို့က တိတ်တဆိတ် ပုန်းဝင်သွားသင့်လား…"

အနက်ဝတ် လူတစ်ယောက်က တိတ်တဆိတ် မေးလိုက်၏။ သူ၏ နဖူးပေါ်တွင်တော့ အမာရွတ်တစ်ခုရှိနေ၏။

သူတို့၏ခေါင်းဆောင်က သင့်တင့်သော ရုပ်ရည်မျိုးရှိနေပြီး အနည်းငယ် ရိုင်းစိုင်းပုံရသော မိန်းမပျို တစ်ယောက်ဖြစ်သည်။

"တကယ်လို့ သူတို့က ငါတို့ကို တွေ့သွားမယ်ဆိုရင် ဘာလုပ်ကြမှာလဲ ။ တကယ်လို့ အမှောင်နန်းတော်နဲ့ နတ်ဘုရားဂိုဏ်းကသာ ငါတို့နောက်ကို လိုက်လာမယ်ဆိုရင် တောင်ပင်လယ်ကို ထွက်ပြေးရုံပဲ တတ်နိုင်တယ်…"

"ငါတို့က ဘာကို ကြောက်နေရမှာလဲ။ ငါတို့က ဒီနေ့အခွင့်အရေးကို လွဲချော်သွားမယ်ဆိုရင် သခင်လေးစုနဲ့ တစ်ခြားသူတွေက မြို့တော်ထဲကို ရောက်သွားမလားဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ။ ဒီသတင်းစကားတွေကသာ ပျံ့နှံ့သွားမယ်ဆိုရင် မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေက သူတို့နောက်ကို လိုက်လာကြမှာ။ အဲဒီအချိန် ငါတို့က ဘာလုပ်နိုင်မှာလဲ…"

မေးရိုးလေးထောင့်နှင့်လူငယ်တစ်ယောက်က မေးလိုက်၏။

"ဟုတ်တယ်။ အတိအကျပဲ။ အမှောင်နန်းတော်က ယန္တရားပညာရှင်တွေနဲ့ နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေက ငါတို့ကို အထင်သေးနေကြတာ။ ငါက ဘဝတစ်လျှောက်လုံး ဘာမှပြောင်းလဲမှု မလုပ်နိုင်ခဲ့ဘူး။ ဒီတော့ ငါတို့က အသက်ရှင်ဖို့အတွက် ထွက်ပြေးနေရုံပဲ တတ်နိုင်တော့တယ်…"

အမာရွတ်နှင့်လူငယ်က ပြောလိုက်သည်။

"ဒါပေမဲ့ သခင်လေးစုက ရှေးဟောင်းချီကျင့်ကြံသူတစ်ယောက် ဟုတ်မဟုတ်ဆိုတာ ငါတို့က မသိသေးဘူးလေ…"

ပိန်ပိန်သေးသေးနှင့် မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။

"အမှောင်နန်းတော်နဲ့ နတ်ဘုရားဂိုဏ်းတို့က ဒီကိစ္စကို သေချာပေါက် စစ်ဆေးကြပါလိမ့်မယ်။ ခဏစောင့်ကြည့်ကြစို့။ သူတို့အတည်ပြုပြီးသွားရင် ဘယ်လောက်ပဲ အန္တရာယ်များများ ငါတို့က ကြိုးစားကြမယ်…"

ခေါင်းပေါ်တွင် ဆံပင်ဖြူများရှိနေသော လူငယ်တစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါဆိုလည်း အဲဒီလိုပဲ ဆုံးဖြတ်ကြတာပေါ့…"

ခေါင်းဆောင်ဖြစ်ပုံရသော မိန်းမပျိုက ပင့်သက်ရှိုက်လိုက်ပြီး လှုပ်ရှားနေသော သူမ၏ ခံစားချက်များကို ဖိနှိပ်ထားလိုက်သည်။

…………

ယုံကျိုးတိုင်းပြည်ထဲရှိ အမှောင်နန်းတော်၏အတွင်းထဲတွင် ချန်းဟွမ်က ဆံပင်ဖြူနှင့် အဘိုးအိုတစ်ယောက်၏ ရှေ့တွင် ရပ်နေခဲ့သည်။ ထိုအဖိုးအိုက အမှောင်နန်းတော်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အငွေ့အသက်က လေလှိုင်းထဲတွင် ရှိနေသည့် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ဖြစ်နေ၏။

ထူးထူးခြားခြားကို အသက်စွမ်းအင်များနှင့် တောက်ပနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းဆီထဲမှ အန္တရာယ် အငွေ့အသက်များ ထွက်ပေါ်လာနေသည်။ သူက လက်နောက်ပစ်နေပြီး ချန်းဟွမ်ပြောပြသည့်အရာများကို သေချာနားထောင်နေခဲ့၏။

"ကျောင်းအုပ်…

သူတို့ရဲ့နောက်ကြောင်းက သိပ်ပြီးတော့ မရှင်းဘူး။ သူတို့က ရှေးဟောင်းချီကျင့်ကြံသူတွေရဲ့ အမွေအနှစ်ကို ရထားတယ်ဆိုတာ သေချာပေါက် သံသယဝင်စရာကောင်းတယ်…"

ချန်းဟွမ်က ကောက်ချက်ချ၍ ပြောလိုက်သည်။

ကျောင်းအုပ်က ခဏရပ်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"ဒီနေ့ နတ်ဘုရားဂိုဏ်းသာ မရှိခဲ့ဘူးဆိုရင် ပြည့်စုံခြင်းဂိုဏ်းကလွဲရင် တစ်ခြားကျောင်း အကြီးအသေးတွေက ဂိုဏ်းတစ်ချို့ရဲ့ အမွေအနှစ်ကို ရထားတာပဲ မဟုတ်လား။ တကယ်လို့ သူကသာ အစစ်အမှန် ချီကျင့်ကြံသူတစ်ယောက်ဆိုရင် သူသာ အမွေအနှစ်တွေ ရထားတာ သေချာတာနဲ့ အမှောင်နန်းတော်ကို ပူးပေါင်းလိုက်မယ်ဆိုရင် ဘာကို ဂရုစိုက်ရဦးမှာလဲ…”

“ငါတို့က သူ့ကို ခေါ်ထားလို့ မရနိုင်ဘူးလား။ အခုအချိန်မှာ အရေးကြီးဆုံး အရာကတော့ သူတို့ရဲ့အဆင့်အတန်းကို အတည်ပြုဖို့ပဲ။ သူတို့ရဲ့ အစွမ်းကိုလည်း အတည်ပြုဖို့ လိုအပ်တယ် ။ မဟုတ်ရင် ငါတို့က သတင်းပို့ပြီးကာမှ အရူးလုပ်ခံရနိုင်တယ်…"

"ကျောင်းအုပ်…

ကျွန်တော်က သူတို့ကို စစ်ဆေးနိုင်လောက်အောင် အစွမ်းမထက်မှာ ကြောက်ရတယ်"

ချန်းဟွမ်က အိုးတိုးအမ်းတမ်း ပြောလိုက်သည်။

"ငါ နားလည်ပြီ…"

ကျောင်းအုပ်က ခေါင်းညိတ်၍ ပြောလိုက်ပြီး လက်နောက်ပစ်၍ တံခါးမှ ထွက်လာခဲ့၏။

တံခါးဘေးကို ရောက်လာသည့်အချိန်တွင် အလင်းနှင့်အရိပ်များက ပြောင်းလဲသွားပြီး သူ့ရှေ့တွင် အလွန်ကြီးမားသော မကောင်းဆိုးဝါးကြီးတစ်ကောင် ပေါ်လာခဲ့သည်။ ထိုအရာက နောက်ကျောတွင် ရွှေရောင်ကြေးခွံများ ရှိနေပြီး (၁၀) ပေကျော် ရှိသည်။

မျက်လုံးထဲတွင် နတ်ဘုရားကျောက်တုံးများ ရှိနေပြီး လက်သည်းများထဲတွင် သဘာဝအနှစ်သာရများ ပြည့်နှက်နေသည်။ ထိုအရာက အလွန်ကြောက်စရာ ကောင်းသော နဂါးစက်ရုပ်တစ်ကောင် ဖြစ်၏။ ထိုနဂါးစက်ရုပ်ကို မြင်လိုက်ရသည့် အချိန်တွင် ချန်းဟွမ်က သူ၏အားကျမှုများကို ဖုံးကွယ်ထားရန် ခက်ခဲနေခဲ့သည်။

ထိုအရာက ကျောင်းအုပ်တစ်ယောက် ဖြစ်လာပြီးနောက် အမှောင်နန်းတော်၏ လျှို့ဝှက်ကျင့်စဉ်(၃၆)မျိုးကို ရရှိထားသူများသာ ဖန်တီးနိုင်သည်။ ကျောင်းအုပ်က ရွှေရောင်နဂါးစက်ရုပ်ပေါ်သို့ တက်လိုက်ပြီး သူ၏ နောက်ကျောပေါ်တွင် ထိုင်လိုက်သည်။

ချန်းဟွမ်ကလည်း နောက်မှ အလျင်အမြန် လိုက်လာပြီး နဂါး၏နောက်ကျောပေါ်သို့ တက်လိုက်၏။ နဂါးကြီးက လေထဲကို ပျံသန်းသွားပြီး တိမ်တိုက်များကို ဖြတ်သန်း၍ တည်းခိုခန်းရှိရာသို့ ပျံသန်းလာခဲ့သည်။

တည်းခိုဆောင်တစ်ခု၏ အတွင်းထဲတွင်တော့ မြို့နံရံများကို ကာကွယ်ရန် တာဝန်ရှိသော နတ်ဘုရားပညာရှင်ကောက အိုးရန်ကျန်း၏ တင်ပြမှုကို ခံစားချက်ကင်းမဲ့သော အမူအရာနှင့် နားထောင်နေခဲ့သည်။

"မင်းက သူတို့ကို မီးမြူခိုးတောင်ခြေမှာ ပထမဆုံး တွေ့ခဲ့တယ်လို့ ပြောလိုက်တာလား"

သူက ပြန်မေးလိုက်သည်။

အိုးရန်ကျန်းက နားမလည်နိုင်သော်လည်း ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်၏။

"ဟုတ်ပါတယ်…"

မီးမြူခိုးတောင်တန်းက တောင်ပင်လယ်၏ကမ်းရိုးတန်းအစပ်တွင် အမှန်တကယ် ရှိနေသည်။ နတ်ဘုရားပညာရှင်ကောက ခေါင်းညိတ်ပြလိုက်၏။

"ခေါင်းဆောင်က မီးမြူခိုးတောင်တန်းရဲ့ အနီးတဝိုက်မှာရှိတဲ့ ထူးခြားဖြစ်စဉ်တွေကို သေချာအလေးထားဖို့ ငါတို့ကို အမိန့်ပေးထားတယ်။ ဒါကလည်း အရေးကြီးကိစ္စတစ်ခုလို့ သတ်မှတ်နိုင်တယ်။ ဒါက မင်းရဲ့တစ်ကိုယ်တော် အကျိုးဆောင်မှုပဲ ။ ငါက ဒီကိစ္စကို အကြီးအကဲတွေဆီ သတင်းပို့ပေးမယ်…"

အိုးရန်ကျန်း သယ်ဆောင်လာသော သတင်းကြောင့် ဝမ်းသာမှုကို သံသယများက လွှမ်းမိုးလာခဲ့သည်။

"နတ်ဘုရားပညာရှင်…

သူတို့က အမှောင်နန်းတော်နှင့် နတ်ဘုရားဂိုဏ်းတစ်ခုခုမှာ ခိုလှုံဖို့ စိတ်ဝင်စားမယ်ထင်တယ်။ ကျွန်တော်တို့က သူတို့ကို ခေါ်ကြမလား…"

"သူတို့က ချီကျင့်ကြံသူတွေရဲ့ အမွေအနှစ် ဘယ်လောက်များများ ရထားလဲဆိုတာ ငါသိချင်တယ်…"

အပြာဝတ်ရောင်အင်္ကျီ ဝတ်ဆင်ထားသော နတ်ဘုရားပညာရှင်ကောက တစ်ယောက်တည်း ရေရွတ်လိုက်၏။

"ငါက ဒီကိစ္စကို ခေါင်းဆောင်ဆီ အရင်ဆုံး သတင်းပို့လိုက်မယ်။ ပြီးမှ အဲဒီ (၂)ယောက်ကို စစ်ဆေးကြတာပေါ့။ ငါတို့က အမှောင်နန်းတော်ကို အကျိုးအမြတ်ယူခွင့် မပေးနိုင်ဘူး…"

သူက စကားပြောနေရင်း လက်ချောင်းလေးများကို ထူးခြားစွာ လှုပ်ရှားလိုက်သည်။ ထို့နောက် ခြေထောက်အောက်တွင် တိမ်တိုက်များ စုစည်းလာပြီး သူ့ကို သယ်ဆောင်သွားခဲ့၏။

Translated by Hein Htet.

All Chapters