အခန်း (၅၂၈)
Vol. 36 Ch. 528
မုန့်ချီက ရှေ့ကို တစ်လှမ်း လှမ်းလိုက်သည့်အချိန်တိုင်း မုန့်ချီ၏ ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်က ကျောက်တုံးကျောက်ခဲပမာ ဖြစ်လာသလို ခံစားလာရသည်။
နတ်ဘုရားပညာရှင်ကောကလည်း တောက်ပလာသော လျှပ်စီးကြောင်းများ၊ လေလှိုင်းထဲတွင် လှုပ်ရှားနေသော တိမ်တိုက်များ ၊ အရှေ့ဘက်မှ ထွက်ပေါ်လာသော နေလုံးကြီးနှင့် လေဟာနယ်ထဲတွင် တလက်လက်တောက်ပနေသော ကြယ်များကိုပင် မြင်လာရသလို ခံစားနေရသည်။
အသွေးအသား ၊ အရေပြားနှင့် သွေးကြောမှတ်များက ကမ္ဘာမြေကြီးအပေါ် သက်ရောက်နိုင်ပြီး ထိုကဲ့သို့ ဖန်တီးနိုင်လိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။ ထိုအရာက အတွင်းပိုင်း အခြေအနေများကို ဖော်ပြနေသော ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေခဲ့သည်။
နတ်ဘုရားပညာရှင်က မျက်လုံးမှိတ်လိုက်ပြီး သူ၏အာရုံခံစွမ်းရည်နှင့် စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ သူနှင့်မလှမ်းမကမ်းတွင် ရပ်နေသော မုန့်ချီ၏ချီစွမ်းအင်များက အထွဋ်အထိပ်ကို ရောက်နေကြောင်း ခံစားနေရ၏။
မုန့်ချီ၏ခန္ဓာကိုယ်က သူ၏သွေးနှင့်ချီစွမ်းအင်များကို ဆက်တိုက်လှုံ့ဆော်ပေးနေသော နေလုံးကြီးတစ်ခု ပါဝင်နေသလို ထင်မှတ်ရသည်။ သူတို့က တိမ်တိုက်များထဲကို ထိုးဖောက်လာနေသလို ခံစားနေရ၏။ တစ်ချိန်တည်းတွင် သူ၏ချီစွမ်းအင်များက သူ၏သွေးနှင့်ခန္ဓာကိုယ်ကို ပိတ်လှောင်ထားခဲ့ပြီး သူ၏ပတ်ဝန်းကျင်ကို နှောင့်ယှက်နိုင်ခဲ့သည်။
နတ်ဘုရားပညာရှင်ကောက အဝေးမှနေ၍ မုန့်ချီကို အာရုံခံကြည့်ရုံနှင့် မုန့်ချီ၏ချီစွမ်းအင်များက သူ၏ပင်မဝိညာဉ်ကိုပင် နာကျင်မှုများ ပေးနိုင်ကြောင်း ခံစားနေရသည်။
"တော်တော်ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ်ပဲ…"
မူလသွေးများကို စုစည်းထားသော မကောင်းဆိုးဝါးတစ်ကောင်ကပင် သူ၏ခန္ဓာကိုယ်နှင့်နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။
မုန့်ချီ၏စကားကို ကြားလိုက်ရပြီးနောက် ပထမတွင် ကျူးကွေက မှင်တက်သွားခဲ့သော်လည်း ချက်ချင်းပင် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။
"မင်းက တကယ်ပဲ ငါ့ကို တိုက်ခိုက်စေချင်နေတာလား…"
ကမ္ဘာကြီးထဲရှိ ပြောင်းလဲမှုများက အမှန်တကယ် အံ့သြစရာကောင်းသော်လည်း သေချာစစ်ဆေးကြည့်လိုက်သည့်အချိန်တွင် ပြောင်းလဲမှုအများစုက နည်းစနစ်များနှင့် ယန္တရားများ၏ ရလဒ်ကြောင့် မဟုတ်ကြောင်း နားလည်လာခဲ့သည်။
မုန့်ချီက သူ၏ခန္ဓာကိုယ်နှင့် လှုပ်ရှားမှုတစ်ခုတည်းကို အားကိုးထားခဲ့၏။ ပြောင်းလဲမှုအနှစ်သာရများကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် ထိုအရာက လျှို့ဝှက်လက်နက် မိုးနတ်ဘုရားကို ရရှိထားခဲ့သော ကျောင်းအုပ်ချန်း၊ လျှို့ဝှက်လက်နက် လေနတ်ဘုရားကို ရရှိထားသော ကျောင်းအုပ်ဝူတို့သာ လုပ်ဆောင်နိုင်သော အရာတစ်ခုဖြစ်နေသည်။
သူ၏အနီရောင်နဂါးကတော့ ထိုအရာတွင် အားနည်းနေခဲ့၏။ သို့သော် တိုက်ခိုက်စွမ်းရည် ယှဉ်လိုက်မည်ဆိုလျှင် သူက မုန့်ချီကို ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။
ထိုစကားကို ကြားသည့်အချိန်တွင် တံခါးအပြင်ဘက်မှ ခိုးနားထောင်နေကြသော သိုင်းပညာရှင်များကတော့ အသက်ပင် မရှုနိုင်ကြတော့ပေ။ သူတို့က အနည်းငယ် စိတ်လှုပ်ရှားလာကြ၏။
သခင်လေးစုက ကျူးကွေ၏ အနီရောင်နဂါးကို တိုက်ရိုက်စိန်ခေါ်နိုင်လိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။ မုန့်ချီက အင်မော်တယ်အစွမ်းများကို ပြသခဲ့သည့်အတွက် သူတို့ဆီတွင် စိတ်လှုပ်ရှားမှုများ၊ တက်ကြွမှုနှင့် သူ့အပေါ် လေးစားမှုများ ပေါ်လာကြသည်။
သို့သော် ကျောင်းအုပ်တစ်ယောက်၏ ဂုဏ်သရေက လူတိုင်း၏ ရင်ထဲတွင် နှစ်ပေါင်းသောင်းကျော် အမြစ်တွယ်နေခဲ့သည်။ မည်သူကမျှကျောင်းအုပ်၏ မျက်လုံးကိုပင် တိုက်ရိုက်စိုက်ကြည့်ရဲခြင်း မရှိပေ။ သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန်ကတော့ ဆိုဖွယ်ရာပင် မရှိကြပေ။
သာမန်လူများအတွက်တော့ ကျောင်းအုပ်ဟူသည်မှာ အင်မော်တယ် တစ်ယောက်၏ သင်္ကေတဖြစ်သည်။ နတ်ဘုရားပညာရှင်များ၊ နတ်ဆရာများနှင့် အင်မော်တယ်များကသာ ကျောင်းအုပ်များကို အနိုင်ယူနိုင်စွမ်း ရှိကြသည်။
လူသားနှင့်ကောင်းကင် ဆက်သွယ်မှုအဆင့်ကို ရောက်ရှိထားသော သိုင်းပညာရှင်များကပင် ထိုသို့လုပ်ဆောင်ရန် ခက်ခဲနိုင်သည်။ ထိုအချိန်တွင် သူတို့၏ ရင်ထဲ၌ မသက်မသာ ခံစားမှုများ ပေါ်လာကြ၏။
မုန့်ချီက ရယ်လိုက်ပြီး ညာဘက်ခြေထောက်ကို မြှောက်၍ လေထဲကို လျှောက်လာခဲ့သည်။ သူ့ရှေ့တွင် မမြင်ရသော လှေကားများ ရှိနေသလို ထင်မှတ်ရ၏။
"ကျောင်းအုပ်ကျူး …
ခင်ဗျားက တိုက်ခိုက်ဖို့ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်…."
သူ့စကားကို နားထောင်နေရင်း ကျန်းကျိဝေ၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသည်။ ကိုရင်လေး၏ စနောက်တတ်သော အရည်အချင်းက တဖြည်းဖြည်း ပို၍မြင့်တက်လာပုံရ၏။ ယခင်တုန်းကတော့ သူက မည်သည့်အရာကို ဆိုလိုနေကြောင်း သူမလည်း နားမလည်နိုင်ခဲ့ပေ။ သို့သော် ယခုတော့ သူမက ထိုအရာနှင့်ပတ်သက်ပြီး နားလည်သွားခဲ့၏။
"မင်းရဲ့တောင်းဆိုမှုကို နောင်တမရပါစေနဲ့…"
ကျူးကွေက တည်ငြိမ်စွာ ပြောလိုက်သည်။ အနီရောင်နဂါးက လေထဲကို ပျံသန်းသွားခဲ့ပြီး အမြင့်မှနေ၍ တိုက်ခိုက်မည့် ပုံစံပြင်ဆင်နေခဲ့သည်။
နတ်ဘုရားပညာရှင် ကောဖေးဟူက ရုတ်တရက် ဝင်ပြောလိုက်၏။
"ခဏနေကြပါဦး။ အနီရောင်နဂါးနဲ့ တိုက်ခိုက်လိုက်မယ်ဆိုရင် တည်းခိုဆောင် မပြောနဲ့။ အနီးနားမှာရှိတဲ့ လမ်းမတွေကတောင် သက်ရောက်ခံရလိမ့်မယ်။ အဲဒါက ယုံကျိုးမြို့ကြီးတစ်ခုလုံးကို သက်ရောက်သွားလိမ့်မယ်။ ဒီတော့ ငါက သက်ရောက်မှုတွေကို တားဆီးဖို့အတွက် ဝင်္ကပါတစ်ခု ဖန်တီးပေးလို့ရမလား…"
သူ၏ဝင်ရောက်နှောင့်ယှက်မှုကြောင့် ကျူးကွေနှင့်မုန့်ချီတို့၏အရှိန်အဝါက သက်ရောက်သွားပုံရသော်လည်း ကောဖေးဟူကတော့ ဂရုစိုက်ပုံ မရချေ။
"ကျွန်တော် မစဉ်းစားမိတဲ့အရာကို ဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ်…"
မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။
မုန့်ချီက လေထဲသို့ ဖြည်းညင်းစွာ တက်လှမ်းသွားသည်ကိုကြည့်ပြီး သိုင်းပညာရှင်အဖွဲ့က နောက်တစ်ကြိမ် ထိတ်လန့်သွားကြပြန်သည်။
"သူက လေထဲမှာလည်း ပျံသန်းနိုင်တာပဲ…."
သာမန်အားဖြင့် ပြောရမယ်ဆိုလျှင် သိုင်းပညာရှင်များက သူတို့၏ ကျင့်ကြံမှုအဆုံးသတ်ကို ရောက်ပြီးမှသာ ထိုအစွမ်းမျိုးကို ရရှိနိုင်ကြသည်။ ထိုအရာက ကမ္ဘာမြေကြီးနှင့်ဆက်သွယ်နိုင်သည်ဟူသော သိုင်းပညာရှင်တစ်ယောက်၏ သင်္ကေတလည်းဖြစ်၏။
တစ်စုံတစ်ယောက်က ကျင့်ကြံသူများ၊ ယန္တရားပညာရှင်များနှင့် ယှဉ်နိုင်သည် ဟူသော အချက်အလက်လည်း ဖြစ်သည်။ သူတို့၏မျက်လုံးထဲတွင် မြင်တွေ့နေရသော လုပ်ရပ်များကြောင့် သိုင်းပညာရှင်အဖွဲ့များက အတော်လေးကို တုန်လှုပ်နေကြသည်။
နတ်ဘုရားပညာရှင်ကောက တိမ်တိုက်ပုံစံကွက်များ ရှိနေသော အလံပေါင်းများစွာကို ထုတ်လိုက်ပြီး မြေကွက်လပ်များ၏ ထောင့်နေရာများတွင် စိုက်ထားလိုက်သည်။ မုန့်ချီက ကျူးကွေကို မျက်နှာချင်းဆိုင်နေသော်လည်း သူ၏ပတ်ပတ်လည်တွင် ရှိနေသော ပြောင်းလဲမှုများကို စစ်ဆေးကြည့်နေခဲ့သည်။
အနည်းဆုံးတော့ နတ်ဘုရားပညာရှင်ကောက သတ်ဖြတ်ရေးဝင်္ကပါတစ်ခု ဖန်တီးထားခြင်းရှိမရှိ စစ်ဆေးကြည့်နေခဲ့သည်။ သူက ဝင်္ကပါများနှင့် ရင်းနှီးမှုမရှိသော်လည်း ကမ္ဘာမြေကြီးအပေါ် သူ၏အာရုံခံစွမ်းရည်များနှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အစွမ်းကြောင့် မူမမှန်မှုများအားလုံးကို စစ်ဆေးရန် လုံလောက်သည်။
ချီစွမ်းအင်များက ချောချောမွေ့မွေ့ စီးဆင်းခြင်းရှိမရှိ သေချာပြောနိုင်၏။ မည်သို့ဖြစ်စေကာမူ သေရေးရှင်ရေး အခြေအနေမျိုးတွင် သတ်ဖြတ်ချင်စိတ်များကို ခံစားမိနိုင်ပါလိမ့်မည်။
နတ်ဘုရားပညာရှင်ကောက အချိန်ယူ၍ ဝင်္ကပါဖန်တီးလိုက်ပြီးနောက် အပြင်ဘက်မှ ခိုးကြည့်နေကြသော သိုင်းပညာရှင်များ၏ အမြင်အာရုံက ဝေဝါးသွားခဲ့ပြီး မြေကွက်လပ်နှင့် သူတို့၏မျက်လုံးကြားထဲတွင် ရေမျက်နှာပြင်ကြီးတစ်ခု ရှိနေသလို ခံစားလာရသည်။
"အရမ်းကောင်းတယ်။ အခုတော့ ငါက ဘာမှစိုးရိမ်နေစရာ မလိုတော့ဘူး…"
ကျူးကွေက နဂါး၏နောက်ကျောကိုပုတ်၍ ပြောလိုက်သည်။
မုန့်ချီက အားရပါးရရယ်ပြီး ပြောလိုက်၏။
"ကျုပ်လည်း အဲဒီလိုပဲ တွေးမိပါတယ်…"
သူက ရုတ်တရက် လှုပ်ရှားလိုက်ပြီး မမြင်ရသောလှေကားများပေါ်ကို လျှောက်၍ အနီရောင်နဂါးဆီကို ပျံသန်းသွားခဲ့သည်။
ရွှေရောင်ကြေးခွံများနှင့် အနီရောင်အရေပြားရှိနေသော နဂါးက ခေါင်းငုံ့ပြီး ပါးစပ်ဟလိုက်၏။ ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်များက ရုတ်တရက်ဆိုသလို ခြစ်ခြစ်တောက် ပူလောင်လာပြီး မုန့်ချီ၏ မျက်လုံးများက ဝေဝါးသွားခဲ့သည်။ သူ၏မျက်စိရှေ့တွေ ရှိနေသော အရာအားလုံးက ပုံရိပ်ယောင်တစ်ခုသဖွယ် ခံစားလာရ၏။
"ဂါးးးး"
နဂါးကြီးက ရွှေရောင်မီးတောက်များကို မှုတ်ထုတ်လိုက်ပြီး ပတ်ဝန်းကျင်လေလှိုင်းများက လောင်ကျွမ်းသွားခဲ့သည်။ အလွန် ကြောက်စရာကောင်းသော မီးတောက်များက ပတ်ပတ်လည်ကို လောင်ကျွမ်းသွားခဲ့ပြီး မုန့်ချီဆီကို ရောက်ရှိလာခဲ့၏။
သိုင်းပညာရှင်များကတော့ ဝင်္ကပါ၏အပြင်ဘက်၌ ရပ်နေသည်ကိုပင် မွန်းကြပ်သွားသလို ခံစားလိုက်ရသည်။ သူတို့က မီးတောက်များကို ဝါးမြိုနေရသလို ခံစားနေရပြီး အသက်ရှူလိုက်သည့် အချိန်တိုင်း ပူလောင်လာခဲ့ကြ၏။ သူတို့၏ အဆုတ်ထဲတွင် အပူလှိုင်းများ ရောက်ရှိလာပြီး အတော်လေး မသက်မသာ ခံစားနေရသည်။
"တော်တော်ကြောက်စရာကောင်းတဲ့ မီးတောက်ပဲ…"
"တော်တော်ကြောက်စရာကောင်းတဲ့ အနီရောင်နဂါးပဲ…"
သူတို့က မီးတောက်များ လွှမ်းခြုံနေသော မုန့်ချီကို အံ့ဩမှင်တက်စွာ ကြည့်နေခဲ့သည်။ မီးတောက်များက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုနေပြီး သူကတော့ လေထဲတွင် ရှောင်တိမ်းရန်နေရာလည်း မရှိချေ။
"သူက ဘာလို့ထွက်မပြေးရတာလဲ…"
သူတို့၏ ခေါင်းထဲ၌ ထိုအတွေးမျိုး ပေါ်လာသည့်အချိန်တွင် သူတို့က မျက်မှောင်ကြုတ်လိုက်မိသည်။
မီးတောက်များ ပျောက်ကွယ်သွားသည့်အချိန်တွင် ထိုနေရာ၌ လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အနီရောင်နဂါးဆီကို လျှောက်လှမ်းလာခဲ့၏။ မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး မီးတောက်များကို သူ၏ခန္ဓာကိုယ်နှင့် ဖယ်ရှားပေးခဲ့သည်။
ထိုမီးတောက်များကတော့ သူ့အတွက် အလှဆင်ပစ္စည်းတစ်ခုသဖွယ် ဖြစ်နေခဲ့၏။ သူ၏ပတ်ပတ်လည်တွင် မီးတောက်အလွှာတစ်ခု လွှမ်းခြုံနေသော မုန့်ချီက လေထဲတွင် ဆက်၍ လျှောက်လာခဲ့ပြီး ပတ်ပတ်လည်တွင် ပေါက်ကွဲသံများဆက်၍ ထွက်ပေါ်လာခဲ့သည်။
"ဒုန်း..ဒုန်း .. ဒုန်း .. ဒုန်း .. ဒုန်း .. ဒုန်း…"
ကျူးကွေ၏ပုံစံက အလွန်တည်ငြိမ်အေးချမ်းနေသော်လည်း သူ့ဆီကို လျှောက်လှမ်းလာသော မုန့်ချီကိုကြည့်ပြီး အတော်လေးကို ထိတ်လန့်နေသလို ခံစားနေရသည်။
"သူက လူသားတစ်ယောက်လို့ရော သတ်မှတ်နိုင်သေးရဲ့လား…"
အနီရောင်နဂါးက လက်သည်းများကိုထုတ်ပြီး မုန့်ချီကို တိုက်ခိုက်လိုက်ပြန်သည်။ အဝေးတွင် ရပ်နေသူတစ်ယောက်ကပင် ထိုပုလဲလုံးထဲတွင် ပါဝင်နေသော ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားများကို ခံစားမိနိုင်သည်။
နတ်ဘုရားပညာရှင်ကောက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအစွမ်းက တောင်တန်းကြီးတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သော အစွမ်းမျိုးဖြစ်ကြောင်း နားလည်နေခဲ့၏။
မုန့်ချီက လှုပ်ရှားတော့မည် ရှောင်တိမ်းတော့မည်ဟု တွေးမိနေသည့်အချိန်တွင် သူကတော့ လေဟာနယ်ထဲတွင် တသမတ်တည်းဆက်၍ လျှောက်လာနေခဲ့ပြီး အနီရောင်ပုလဲလုံးရှိရာကို လျှောက်လာနေခဲ့၏။
"ဒုန်းးးး!"
ကြည်လင်နေသော ရေကန့်လန့်ကာက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ပြီး တံခါးတွင် ရှိနေသော သိုင်းပညာရှင်များက နောက်ကိုခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။
"သခင်လေးစုက အဆင်ပြေနေသေးတာလား…"
သူတို့က သူ့အတွက် စတင်စိုးရိမ်လာခဲ့၏။ ဝင်္ကပါက ဖြည်းညင်းစွာ လှုပ်ရှားလာပြီး လေလှိုင်းများက ပျက်စီး၍ မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့သည်။
အရာအားလုံးကို နောက်တစ်ကြိမ် မြင်လာရသည့်အချိန်တွင် မြေကွက်လပ်ထဲ၌ ရှိသော ကျောက်တုံးများအားလုံးက ပျက်စီးသွားပြီး လုံးဝကို ရှုပ်ထွေးနေခဲ့၏။ ရွှေရောင်အလင်းတန်းများ တောက်ပနေသော သခင်လေးစုကတော့ သူ၏ပတ်ပတ်လည်တွင် ပေါက်ကွဲမှုများ ထွက်ပေါ်လာနေပြီး လေထဲတွင်ဆက်၍ လျှောက်သွားနေသေးသည်။ သူ့ပုံစံက ပတ်ပတ်လည်တွင် ကြာပန်းပွင့်များ ပွင့်လန်းလာနေသကဲ့သို့သာ ဖြစ်နေခဲ့၏။
မိန်းကလေးကျန်း၏ အဝတ်အစားများကလည်း လေထဲတွင် လှုပ်ရှားနေခဲ့ပြီး မီးတောက်များက သူမအနားကို ကပ်သွားရန် ကြိုးစားလိုက်သည့်အချိန်တိုင်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
"ဗုန်း… ဗုန်း… ဗုန်း…"
ယခုတော့ မုန့်ချီက အနီရောင်နဂါး၏အနားကို ကပ်သွားပြီဖြစ်သည်။
ကျူးကွေက ထိတ်လန့်တကြား မျက်မှောင်ကြုတ်လိုက်မိ၏။ သူ့ကို ထိုကဲ့သို့ တိုက်ခိုက်နိုင်သော လူတစ်ယောက်မျှမတွေ့ဖူးသေးပေ။ ရွှေချပ်ဝတ်ကျင့်စဉ် အသုံးပြုထားသော နတ်ဘုရားပညာရှင်တစ်ယောက်ကပင် သူ၏တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းမရှိကြပေ။
အနီရောင်နဂါးက နောက်တစ်ကြိမ် လေထဲသို့ ပျံသန်းသွားခဲ့ပြီး မုန့်ချီကို အမြီးနှင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။ ထိုအမြီးပေါ်တွင် ရှိနေသော စွမ်းအားများနှင့် ဓားချီစွမ်းအင်များ လှုပ်ရှားလာပြီး မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းနက်ကြီးပေါင်းမြောက်များစွာ ထွက်ပေါ်လာခဲ့သည်။
မုန့်ချီက လက်မြှောက်ပြီး ရှေ့သို့ဆက်၍ လျှောက်သွားခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများ လှုပ်ရှားလာပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ပြည့်နှက်နေသည်။
"အနီရောင်နဂါးရဲ့ တိုက်ခိုက်ရေးသိုင်းကွက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားနေတာက ရူးသွပ်နေတာပဲ မဟုတ်လား…"
ကျူးကွေ၏ပင်မဝိညာဉ်က နဂါး၏ဗဟိုနှင့် ဆက်သွယ်နေခဲ့သည်။ သူက သူ၏စွမ်းအားများအားလုံးကို နဂါးထဲသို့ ပေါင်းစပ်လိုက်မယ်ဆိုလျှင် နဂါး၏အစစ်အမှန်စွမ်းအားကို မုန့်ချီသိအောင် ပြသနိုင်ပါလိမ့်မည်။
ရုတ်တရက်ဆိုသလို မုန့်ချီ၏ လက်(၂)ဖက်က အလွန်ထက်မြက်ပြီး ပျော့ပျောင်းလာခဲ့၏။ တစ်ချိန်တည်းတွင် သူ့ခေါင်းပေါ်၌ ယင်နှင့်ယန်က ပြောင်းလဲလာခဲ့သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး နဂါးအမြီးကို ရှောင်တိမ်း၍ အလွန်အစွမ်းထက်သော လက်(၂)ဖက်နှင့် ချုပ်ကိုင်လိုက်၏။
ဓားချီစွမ်းအင်များပင် လှုပ်ရှားသွားခဲ့ပြီး နဂါးအမြီးက သူ ချုပ်ကိုင်ထားသည့်နေရာမှ လွတ်မြောက်ရန် ခက်ခဲနေခဲ့သည်။ သူက ချုပ်ကိုင်မှုကို မြဲမြံစေရန် စွမ်းအားသေချာသုံးထားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ထွက်လာစမ်း…"
သူ့အသံက လေထဲတွင် ပျံ့နှံ့သွားသည့်အချိန်တိုင်း သူ၏ခန္ဓာကိုယ်က နောက်ထပ်(၂)ပေခန့် ကြီးထွားလာခဲ့သည်။ သူ၏ပင်မဝိညာဉ်က စုစည်းလာပြီး အနှစ်သာရများနှင့် ပြည့်နှက်နေခဲ့၏။ ဖောင်းကြွလာသော ကြွက်သားများထဲတွင်လည်း ခွန်အားများ ပြည့်နှက်နေခဲ့သည်။
နောက်ဆုံးတွင်တော့ မုန့်ချီက ယခုတစ်ကြိမ် လေ့ကျင့်ခဲ့ပြီးနောက် နိယာမဖြစ်စဉ်၏ ကနဦးနားလည်မှုကို ဖမ်းဆုပ်နိုင်ခဲ့သည်။ ထိုအရာကို စမ်းသပ်ရန် အခွင့်အရေးတစ်ခုလည်းဖြစ်၏။
မုန့်ချီက အနီရောင်နဂါး၏ အမြီးကို ချုပ်ကိုင်လိုက်သည့်အချိန်တွင် လက်မောင်းကြွက်သားများက တင်းမာလာပြီး အားအပြည့်နှင့် လွှဲယမ်းလိုက်သည်။ ရွှေရောင်အလင်းတန်းများက နဂါးကြီးကို လွှမ်းခြုံလာပြီး ကျူးကွေ၏ အပြာရောင်သွေးကြောများက ပေါက်ထွက်သွားခဲ့၏။
သူက အစွမ်းကုန်ကြိုးစားခဲ့သော်လည်း အလွန်ကြောက်စရာကောင်းသော မုန့်ချီ၏ အစွမ်းကို အရှုံးပေးလိုက်ရသည်။
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း နဂါးကြီးကို ဝှေ့ယမ်း၍ မြေပြင်နှင့် ရိုက်ချလိုက်သည်။
"ဘုန်း…”
အလွန်ကြီးမားသော နဂါးကြီးက မြေကွက်လပ်ပေါ်တွင် ပျက်စီးသွားခဲ့ပြီး ကြောက်စရာကောင်းသော လှိုင်းလုံးများ ထွက်ပေါ်လာခဲ့သည်။
ဝင်္ကပါအလံ ဖန်တီးထားခဲ့သော ကြည်လင်နေသည့် ရေမျက်နှာပြင်များပေါ်တွင်လည်း တဖျစ်ဖြစ်မြည်သံများ ထွက်ပေါ်လာပြီး ပျက်စီးသွားခဲ့၏။ သိုင်းပညာရှင်များကို မဆိုထားနှင့်။ နတ်ဘုရားပညာရှင်ကောကပင် အလွန်အံ့ဩနေခဲ့ပြီး နဂါးကြီးကို ချုပ်ကိုင်ထားသော မုန့်ချီကို အလွန်အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိခဲ့သည်။
ကျန်းကျိဝေက (၂)ပေကျော် ပို၍အရပ်ရှည်လာသော မုန့်ချီကိုကြည့်ပြီး သူ့ကို စမ်းသပ်လိုသည် စိတ်ဆန္ဒများ ပြည့်နှက်လာခဲ့သည်။ နဂါးက လိမ့်သွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းငယ်လေးများ ပြည့်နှက်လာသည်။ ဦးချိုတစ်ချောင်းက တစ်ဝက်ပျက်စီးသွားခဲ့ပြီး ခေါင်းပေါ်တွင် တင်ထားသလို ဖြစ်နေ၏။
နဂါးကြီးက နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်တော့မည့်ပုံပေါ်နေပြီး အစစ်အမှန် နေမီးတောက်များက ပြိုင်ဘက်မသေမချင်း တိုက်ခိုက်တော့မည့်ပုံပေါ်သည်။ ရုတ်တရက်ဆိုသလို နတ်ဘုရားပညာရှင်ကော၏ လက်ဖဝါးထဲမှနေ၍ မိုးကြိုးတစ်ခု ထွက်ပေါ်လာပြီး နှောင့်ယှက်လိုက်သည်။
လျှပ်စီးကြောင်းက လေဟာနယ်ကို တိုက်ခိုက်လိုက်ပြီး ကျူးကွေကို ပြန်လည်နိုးထလာစေခဲ့၏။
"ဝင်္ကပါ ပျက်စီးသွားပြီဆိုမှတော့ တိုက်ပွဲကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြမယ်.."
ကောဖေးဟူက အလွန်ကြောက်စရာကကောင်းသော တိုက်ပွဲကြောင့် ကြောက်လန့်နေသေးပုံရသည်။
"ဒါက ချီကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစွမ်းလား…"
ဆံပင်များ ရှုပ်ပွနေသော ကျူးကွေက မုန့်ချီကို စိုက်ကြည့်ပြီး အတော်လေး မျက်နှာပျက်နေခဲ့၏။
မုန့်ချီက နိယာမဖြစ်စဉ်များ၏ အကျိုးသက်ရောက်မှုကို ဖယ်ရှားလိုက်ပြီး အရာအားလုံးကို မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲလိုက်သည်။ သူ၏အစိမ်းရောင်ဝတ်စုံပေါ်တွင် ဖုန်တစ်စက်မှမရှိချေ။
သူက အပြုံးနှင့်ပြောလိုက်၏ ။
"ကျွန်တော့်ကို ညှာတာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကျူး…"
ကျူးကွေက ပင့်သက်ရှိုက်ပြီး ပြောလိုက်၏။
"ငါက အမှောင်နန်းတော်ကို ချက်ချင်းပြန်ပြီး နတ်ဆရာတွေ ဆုံးဖြတ်တာကို စောင့်ရမယ်။ သခင်လေးစုနဲ့ မိန်းကလေးကျန်းတို့က ဒီနေရာမှာ ခဏစောင့်နေပါဦး.."
ကောဖေးဟူကလည်း အပြုံးနှင့် ပြောလိုက်သည်။
"ငါလည်း ဒီကိစ္စကို ငါ့ရဲ့ခေါင်းဆောင် အင်မော်တယ်ဆီ သတင်းပို့ရမယ်။ သခင်လေးစုနဲ့ မိန်းကလေးကျန်း အကြာကြီး မစောင့်ရပါဘူး…"
သူတို့က စကားနည်းငယ်ပြောဆိုပြီး ကျူးကွေနှင့် ကောဖေးဟူတို့က တစ်ယောက်ချင်းဆီ ထွက်ခွာသွားခဲ့ကြသည်။
တံခါးဝတွေ ရှိနေသော သိုင်းပညာရှင်များက အချင်းချင်းကြည့်ပြီး အနည်းငယ် လှုပ်ရှားနေကြ၏။ သူတို့ကသာ သခင်လေးစု၏ စွမ်းရည်တစ်စိတ်တစ်ပိုင်းကို သင်ကြားခွင့်ရလိုက်မည်ဆိုလျှင်ပင် အင်မော်တယ်အဖြစ် သတ်မှတ်နိုင်ပါလိမ့်မည်။
အနီရောင်နဂါးက မည်မျှအစွမ်းထက်သော လျှို့ဝှက်လက်နက်တစ်ခုဖြစ်နေကြောင်း သူတို့က သိနေကြသည်။ ထိုအရာက ကျူးကွေကို နာမည်ကျော်ကြားလာစေခဲ့သော အရာတစ်ခုလည်းဖြစ်၏။ သို့သော် သခင်လေးစု၏ရှေ့တွင်တော့ သူတို့က ကလေးကစားစရာသဖွယ် ဖြစ်နေခဲ့သည်။
"သိုင်းပညာရှင်တွေက ဒီလောက်တောင် အစွမ်းထက်တာလား.."
အစောပိုင်းတွင် တိုက်ခိုက်ခဲ့သော တစ်ဖက်သတ်တိုက်ပွဲက သူတို့၏ ခံစားချက်များကို မြင့်တက်လာစေခဲ့သည်။ သူတို့က ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း မရှိတော့သလို အန္တရာယ်များကိုလည်း စိုးရိမ်နေခြင်း မရှိဘဲ တည်းခိုဆောင်ထဲသို့ ဝင်လာကြပြီး မုန့်ချီနှင့် ကျန်းကျိဝေတို့၏ရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်သည်။
သူတို့က အကူအညီတောင်းတော့မည့်အချိန်တွင် သခင်လေးစုက သူတို့ကို မမြင်ချင်အောင်ဆောင်လိုက်ကြောင်း မြင်လိုက်ရ၏။ သူက လက်နောက်ပစ်ပြီး အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူ လမ်းလျှောက်သွားသည့်အချိန်တွင် သူ၏အစိမ်းရောင်ဝတ်စုံက သိမ်မွေ့စွာ လှုပ်ရှားသွားခဲ့ပြီး အနည်းငယ်လေးပင် တွေဝေနေသော ခံစားမှုရှိပုံမရချေ။ သူတို့က ယာယီမှင်တက်သွားခဲ့ပြီး ပြောချင်နေသောစကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့သွားကြ၏။
ကျန်းကျိဝေက အခန်းထဲသို့ဝင်လာပြီး မုန့်ချီကို အပြုံးနှင့် ပြောလိုက်သည်။
"နင်က သူတို့တွေကို သင်ကြားပေးပြီး ကောင်းမှုကုသိုလ်စုဆောင်းဖို့ အကြာကြီးကြိုးစားနေခဲ့တာ မဟုတ်ဘူးလား ။ ဘာလို့ သူတို့ကို ပြန်လှည့်မကြည့်ဘဲ ချန်ထားခဲ့ရတာလဲ…"
"နိယာမဖြစ်စဉ်က တိုက်ရိုက်သင်ကြားပေးလို့ မရနိုင်ဘူး…"
မုန့်ချီက လက်နောက်ပစ်၍ အပြုံးနှင့်ပြောလိုက်၏။
……………
အမှောင်နန်းတော်၏ အတွင်းပိုင်းထဲတွင် သာမန်ရုပ်ရည်ရှိနေသော လူပေါင်းများစွာက နေရာအသီးသီးတွင် ထိုင်နေကြသည်။
"စုမုန့်လို့ခေါ်တဲ့လူငယ်က တကယ်ချီကျင့်ကြံသူတစ်ယောက်ပဲ။ အစောပိုင်းမှာ သူပြသလိုက်တဲ့အစွမ်းအရ သူက ထိပ်တန်းကျောင်းအုပ်(၁၀)ယောက်အဆင့်တောင် ရှိနိုင်တယ်လို့ ပြောလို့ရတယ်…"
အနက်ရောင်မျက်လုံးနှင့် အဘိုးအိုတစ်ယောက်က ပြောလိုက်သည်။
"သူက ငါတို့ခေါ်သင့်ခေါ်ထိုက်တဲ့ လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူတို့ရဲ့နောက်ကြောင်းကိုမသိရဘူး..”
“တောင်ပင်လယ်က ဆူနာမီရေလှိုင်းကြီးတွေ ၊ ငလျင်တွေ ခဏခဏ လှုပ်နေတာ။ ကျွန်းဟောင်းတွေကို ဝါးမြိုပြီး မကြာခဏဆိုသလို ကျွန်းသစ်တွေပေါ်လာနေတာ။ သူတို့အကြောင်းကို စုံစမ်းဖို့ခက်တယ်…"
တလက်လက် တောက်ပနေသော ဝတ်စုံဝတ်ထားသည့် မိန်းမပျိုတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။ ခံစားချက်ကင်းမဲ့နေသော သူမ၏ အမူအရာက ရုပ်သေးတစ်ရုပ်ကဲ့သို့ ဖြစ်နေ၏။
အနက်ရောင်မျက်လုံးနှင့် အဘိုးအိုက ပြောလိုက်သည်။
"သူတို့ကသာ ငါတို့ကို ထိခိုက်အောင် မလုပ်သ၍ သူတို့ရဲ့နောက်ကြောင်းက ပြဿနာမရှိဘူး။ ငါတို့က အမှောင်နန်းတော်ရဲ့သဘောတူညီမှုကို လက်ခံနိုင်ဖို့ပဲ လိုတယ်."
ရုတ်တရက်ဆိုသလို မျက်နှာလေးထောင့်နှင့် လူတစ်ယောက်က ပြောလိုက်၏။
"သူတို့က မီးမြူခိုးတောင်တန်းရဲ့ အောက်ခြေမှာ ပထမဦးဆုံးပေါ်လာခဲ့တာ မဟုတ်လား။ သူတို့က မကောင်းဆိုးဝါးဝိညာဉ်နဲ့ အတူတူပဲ ။ သူတို့က ပြင်ပကမ္ဘာကြီးထဲက လူတွေများ ဖြစ်နိုင်မလား.."
သူတို့(၅)ယောက်က ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ကြသည်။
"ငါတို့က အသေးစိတ်ကို မရှင်းလင်းမှတော့ ပြည့်စုံခြင်းဂိုဏ်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ အရင်ဆုံး စောင့်ကြည့်ကြမယ်…"
အနက်ရောင်မျက်လုံးနှင့် အဘိုးအိုက ပြောလိုက်သည်။
……….
ထူးခြားဆန်းကြယ်သောငှက်များ ပြည့်နှက်နေသည့် တောင်ကုန်းတစ်ခုပေါ်တွင် ဆံပင်ဖြူနှင့် တာအိုသခင်အိုကြီးတစ်ယောက်ရှိနေပြီး သူ့လက်ထဲတွင် ရောက်နေသော စာကို ရှုပ်ထွေးစွာ စိုက်ကြည့်နေမိခဲ့၏။
ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ခန်းမထဲသို့ ဝင်သွားပြီး အနောက်ဘက်သို့ ပျံသန်းလာခဲ့၏။ ထို့နောက် သူက ဝင်္ကပါကို အသက်သွင်းလိုက်ပြီး ဘယ်ကမှန်းမသိ ပေါ်လာသော လှေကားမှ ဆင်းသွားခဲ့သည်။
ဝင်္ကပါများစွာကို ကျော်ဖြတ်လာပြီး နောက်ဆုံးတွင်တော့ သူက လှေကား၏အဆုံးကို ရောက်လာခဲ့၏။ ထိုနေရာတွင် အသက်စွမ်းအင်များ ပြည့်နှက်နေသော ရှေးဟောင်းတံခါးတစ်ခုရှိနေပြီး အင်းကွက်မျိုးစုံ ထွင်းထုထားသည် ။
တာအိုသခင်က တံခါး၏ရှေ့တွင် ရပ်လိုက်ပြီး တံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သည့်အလား ညာဘက်လက်ကို မြှောက်လိုက်၏။ သို့သော် တံခါး၏အနောက်ဘက်တွင် အလွန်အမင်းကို အန္တရာယ်များသော ခံစားမှုတစ်ခုကို သတိထားမိခဲ့၏။
ထိုအရာက လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းကလည်း အတူတူသာ ဖြစ်သည်။ သူက သက်ပြင်းချလိုက်မိပြီး ခေါင်းခါ၍ ထွက်ခွာသွားခဲ့မိ၏။
Translated by Hein Htet.