← Chapters

အခန်း (၅၂၉)

Vol. 36 Ch. 529

အခန်း (၅၂၉)

Vol. 36 Ch. 529

အခန်းတံခါးက တကျွိကျွိမြည်သံနှင့်အတူ ပိတ်သွားသည့်အချိန်တွင် အစိမ်းဝတ် လူငယ်လေးက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။ တံခါးက လုံးဝပိတ်သွားသည့် အချိန်တွင် သိုင်းပညာရှင်အဖွဲ့က အချင်းချင်း ကြည့်လိုက်မိ၏။ သခင်လေးစုက သူတို့ကို မမြင်ချင်ယောင်ဆောင်နေလိမ့်မည်ဟု သူတို့လည်း မထင်ထားခဲ့ကြပေ။

သူက အခန်းထဲသို့ ရိုးရှင်းစွာ ပြန်လှည့်သွားပြီး သူတို့ ဤနေရာကို ရောက်လာရသည့် အကြောင်းပြချက်ကိုပင် မမေးခဲ့ချေ။ သခင်လေးစု၏ အေးတိအေးစက် အမူအရာနှင့် လက်မခံသော အမူအရာများကြောင့် သူတို့က စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်းနှင့် မသက်မသာ ခံစားမှုများ ပေါ်လာကြသည်။

သူတို့အတွက် တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ သူတို့ကို တည်းခိုဆောင်ထဲမှ မောင်းမထုတ်မချင်း လက်မလျှော့ရန်သာ ဖြစ်သည်။ သူတို့က လက်လျှော့ရန် အကြောင်းပြချက်လည်း မရှိချေ။ သူတို့ကတော့ အောင်မြင်ရန် အခွင့်အရေး မည်မျှနည်းပါစေကာမူ လက်လျှော့ရန် ဆင်ခြေမရှိကြပေ။

အနည်းငယ်ချောသော မိန်းမပျိုက ဒူးထောက်ပြီး အော်ဟစ်လိုက်သည်။

"သခင်လေးစုနဲ့ မိန်းကလေးကျန်း …

ဒီကမ္ဘာကြီးထဲမှာ သိုင်းပညာတွေက နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးနေခဲ့တာ..။ ဒါကြောင့် သိုင်းပညာရှင်တွေက အရှက်ကွဲစော်ကားခံနေရတယ်။ ကျွန်မတို့က နေ့ရောညပါ ကြိုးစားအားထုတ်ပြီး လေ့ကျင့်နေပေမယ့် ကျွန်မတို့ရဲ့ကျင့်ကြံမှုတွေက ယန္တရားပညာရှင်တွေကို လုံးဝမယှဉ်နိုင်ခဲ့ကြဘူး ..."

သူမ၏အသံက ကျယ်လောင်ခြင်းမရှိသလို ပျော့ပျောင်းနူးညံ့ခြင်းလည်း မရှိပေ။

"ဒီလိုရှည်ကြာလွန်းလှတဲ့ အမှောင်ညကြီးမှာ သိုင်းပညာရှင်တွေက ငွေရောင် အလင်းတန်းတစ်ခုတောင် မြင်တွေ့ရဖို့ မဖြစ်နိုင်ခဲ့ဘူး။ ဒီနေ့တော့ ရှေးဟောင်းချီစွမ်းအင်သန့်စင်မှုက ကမ္ဘာမြေကြီးနဲ့ ဆက်သွယ်ဖို့ နည်းလမ်းတစ်ခု ရှိနေပြီး ကမ္ဘာကြီးရဲ့ မှန်ကန်တဲ့လမ်းကြောင်းတစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်မတို့က တွေ့လိုက်ရတယ်.။ အဲဒါက ဘယ်ဂိုဏ်းနဲ့မဆို ယှဉ်နိုင်တယ်။ ဒီတော့ ကျွန်မတို့ရဲ့ ရင်ထဲမှာ ရှိနေတဲ့ စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်မထားနိုင်ဘူး။ ဒါကြောင့်လည်း ကျွန်မတို့က လေးစားမှုနဲ့ သခင်လေးတို့ရဲ့ရှေ့မှာ ဒူးထောက်နေကြတာပါ ... "

သူမက မုန့်ချီနှင့်ကျန်းကျိဝေတို့၏ သနားငဲ့ညှာမှုကို ရရှိရန်အတွက် ကျဆင်းနေသော သိုင်းပညာရှင်များ၏ အခြေအနေကို ပြောပြနေခဲ့သည်။ ထိုအရာက သူတို့အတွက်တော့ အလွန်ရှည်ကြာလွန်းလှသော အမှောင်ညတစ်ခုဖြစ်၏။ သူမက သိုင်းပညာများ ကျယ်ပြန့်တိုးတက်လာအောင် လုပ်ပေးနိုင်သော ခေါင်းဆောင်များ ဖြစ်လာအောင် တောင်းဆိုခဲ့ခြင်း မရှိချေ။

အကယ်၍ သူတို့ကသာ သခင်လေးစုတို့ကို ထိန်းချုပ်ထားရန် ကြိုးစားလိုက်မည်ဆိုလျှင် သူတို့သာ ပျက်စီးသွားနိုင်သည်။ သခင်လေးစုက သူတို့ကို သင်ကြားပေးမည်ဟု သဘောမတူမခြင်း သူမကတော့ စကားတစ်ခွန်းမျှမပြောဘဲ ဒူးထောက်နေမည်သာ ဖြစ်သည်။

တစ်စုံတစ်ယောက်၏ အကူအညီကို တောင်းဆိုနေသည့်အချိန်တွင် ခြိမ်းခြောက်ခြင်းက အဆိုးရွားဆုံး ပြစ်မှုတစ်ခု ဖြစ်သည်။ အကယ်၍ သူမကသာ ထိုကဲ့သို့ ခြိမ်းခြောက်မှုတစ်ခုကို အမှန်တကယ် လုပ်ဆောင်လိုက်မည်ဆိုလျှင် အစောပိုင်းတွင် သခင်လေးစု၏ အပြုအမူအရ သေချာပေါက် ထွက်သွားပါလိမ့်မည်။

သိုင်းပညာရှင်(၅)ယောက်၏ ခေါင်းဆောင်ဖြစ်သော သူမက စကားတစ်ခွန်းသာ ပြောခဲ့၏။ တခြား(၄)ယောက်ကလည်း နားလည်မှုရှိစွာ ဒူးထောက်နေကြပြီး တစ်ချိန်တည်းတွင် အရိုအသေ ပေးနေကြသည်။

"သိုင်းပညာရှင်တွေက အလင်းရောင်မရှိတဲ့ အမှောင်ညတွေကို ဖြတ်သန်းနေရတာ တော်တော်လေးကို ကြာပါပြီ ... "

တံခါး၏နောက်ဘက်တွင်တော့ အရာအားလုံးက တိတ်ဆိတ်နေခဲ့ပြီး တုံ့ပြန်သံ ထွက်မလာခဲ့ပေ။ သိုင်းပညာရှင်အားလုံးကတော့ လှေကားထစ်တွင် ဒူးထောက်ပြီး လှုပ်ပင်မလှုပ်ရဲကြပေ။

ပြည့်စုံခြင်းဂိုဏ်း၏အတွင်းထဲတွင် ........

ဆံပင်ဖြူနှင့် တာအိုသခင်က ခန်းမကြီးထဲကို ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်ပြီး ရှေးဟောင်းပညာရှင် ပန်းချီကား၏ရှေ့တွင် အရိုအသေ ပေးလိုက်သည်။

"တပည့်ယွင်ဟယ်က ကမ္ဘာဦးသန့်စင်ရေးအဆောင်တစ်ခု တောင်းဆိုပါတယ်။ တပည့် ယွင်ဟယ်က ကမ္ဘာဦးသန့်စင်ရေးအဆောင်တစ်ခု တောင်းဆိုပါတယ် ... "

သူက ထိုစကားလုံးကို (၃)ကြိမ်တိတိ ပြောဆိုလိုက်ပြီးနောက် ပြည့်စုံခြင်း အင်မော်တယ်၏ ခြေထောက်ရှေ့တွင် ကျောက်စိမ်းသေတ္တာလေးတစ်ခုကို မြင်လိုက်ရသည်။ မည်သည့်အချိန်တွင် ထိုသေတ္တာပေါ်လာခဲ့ကြောင်း သူလည်းမသိချေ။

အင်မော်တယ်ယွင်ဟယ်က မတ်တပ်ရပ်လိုက်ပြီး ကျောက်စိမ်းသေတ္တာလေးကို မြှောက်၍ ဂရုတစိုက် ဖွင့်ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို အလင်းတန်းများစွာက ကောင်းကင်ပေါ်သို့ ပျံ့နှံ့လာခဲ့ပြီး အလွန်ထူးခြားဆန်းကြယ်သော သင်္ကေတများ၊ တောက်ပသော အရောင်များ ထွက်ပေါ်လာခဲ့သည်။

ပြည့်စုံခြင်းဂိုဏ်းထဲတွင် ရှိနေသော တာအိုသခင်များစွာက တောင်ထိပ်ပေါ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြသည်။ ဖြစ်နေသည့် အရာအားလုံးက သူတို့အတွက်တော့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုလို ဖြစ်နေခဲ့၏။

နတ်ဘုရားပညာရှင်က တိမ်တိုက် စီးနင်းပြီး တောင်ထိပ်ပေါ်တွင် ရှိနေသော ပြည့်စုံခြင်းခန်းမဆီသို့ ပျံသန်းလာခဲ့၏။ သူတို့က ခန်းမထဲကို ရောက်လာသည့် အချိန်တွင် သူတို့၏ခေါင်းဆောင် အင်မော်တယ်ယွင်ဟယ်က မြူခိုးများ လွှမ်းခြုံနေသော မူလဖရိုဖရဲအရောင်ရှိနေသည့် အဆောင်တစ်ခုကို လက်ခံရရှိခဲ့သည်။

အဆောင်ထဲတွင် ရှိနေသော ရှေးဟောင်းစကားလုံးများက မြုပ်လိုက် ပေါ်လိုက်ဖြစ်နေပြီး ထိုအထဲတွင် တာအိုဝါဒနှင့် ပတ်သက်နေသောအရာများ၊ ကမ္ဘာမြေကြီး၏ နိယာမများ ပါဝင်နေသလို ထင်မှတ်ရ၏။

တာအိုလမ်းစဉ် အဖွဲ့အစည်းတစ်ခုမှ ပညာရှင်များ၊ အဖွဲ့သားများ ဖြစ်ကြသည့်အတွက် အဆောင်များနှင့် ရင်ဆိုင်ရာတွင် သူတို့၏အတွေးများ၊ ဆန္ဒများနှင့် ပင်မဝိညာဉ်များကို အလေးထားကြသည်။ သူတို့က တာအိုလမ်းစဉ် လျှို့ဝှက်ချက်များ ပါဝင်နေသော မွေးရာပါအဆောင်ပုံစံကွက်နှင့် ကျမ်းစာများကို ယုံကြည်နေကြ၏။ ထိုအဆောင်ကတော့ သူတို့၏အမြင်ကို ပြောင်းလဲပေးနိုင်ပုံရသည်။

"ခေါင်းဆောင် ...

ဘာလို့ ကမ္ဘာဦးသန့်စင်ရေးအဆောင်ကို ဆင့်ခေါ်လိုက်ရတာလဲ ... "

နတ်ဘုရားပညာရှင် တစ်ယောက်က သံသယဝင်စွာ မေးခွန်းထုတ်လိုက်သည်။

အင်မော်တယ်ယွင်ဟယ်က ထိုအဆောင်ကို သိမ်းလိုက်ပြီး အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်၏။

"ငါက ဒီအဆောင်ရဲ့စွမ်းအားကို ငှားယူဖို့လိုတဲ့ အရေးကြီးကိစ္စတစ်ခု ရှိနေတယ်... "

သူက တခြားသော နတ်ဘုရားပညာရှင်များ မေးခွန်းထုတ်သည်ကို စောင့်မနေတော့ဘဲ ခန်းမထဲမှ ထွက်လာခဲ့၏။ ရုတ်တရက်ဆိုသလို ကောင်းကင်(၉)သွယ်မှ အော်ဟစ်သံတစ်ခု ထိုးဖောက်လာခဲ့၏။ ထိုအချိန်တွင် တိမ်တိုက်များထဲမှ ကြိုးကြာတစ်ကောင် ပျံသန်းလာပြီး အင်မော်တယ်ယွင်ဟယ်၏ရှေ့တွင် ရပ်တန့်သွားခဲ့၏။

"ဂိုဏ်းကို စောင့်ကြပ်နေကြပါ။ ငါက တူလေးကောနဲ့ သွားရမယ် ..."

အင်မော်တယ်ယွင်ဟယ်က အမိန့်ပေးပြီးသွားသည့်အချိန်တွင် ကြိုးကြာ၏ နောက်ကျောပေါ်သို့ ပျံသန်းသွားခဲ့ပြီး တင်ပျဉ်ခွေထိုင်နေခဲ့သည်။

အဖြူရောင်ကြိုးကြာက အတောင်ပံများကိုခတ်ပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့၏။ သူက အင်မော်တယ်ယွင်ဟယ်ကို ခရီးသည်အဖြစ် သယ်ဆောင်သွားခဲ့သည်။

ရှဲ့ရွှမ်က မုန့်ချီ၊ ကျန်းကျိဝေတို့နှင့် စကားလာပြောသည့်အချိန်တွင်တော့ ညအချိန် ရောက်နေပြီ ဖြစ်သည်။ မည်သူကမျှ သိုင်းပညာရှင်အဖွဲ့ကို အလေးထားနေခြင်း မရှိချေ။

ညက တဖြည်းဖြည်း ညဉ့်နက်လာသည့်အချိန်တွင် သူတို့(၂)ယောက်က အနားယူရန် သူတို့၏အခန်းဆီသို့ ပြန်သွားကြသည်။ မုန့်ချီနှင့် ကျန်းကျိဝေတို့က သူတို့ကိုမရှိသလို လျစ်လျူရှုထားသည့် အချိန်တွင်ပင် သိုင်းပညာရှင်များကတော့ လှေကားတွင် မလှုပ်မယှက် ဆက်၍ ဒူးထောက်နေကြသေးသည်။

ကောင်းကင်ပေါ်တွင် ရှိနေသော လရောင်က မလှုပ်မယှက် ဒူးထောက်နေသော လူများပေါ်သို့ ကျရောက်လာနေသည်။ မည်သို့ဖြစ်သည့်ကာမူ သူတို့ကတော့ တွန်းအားပေးခြင်းမရှိဘဲ လုပ်ရပ်များနှင့် သက်သေပြနေခဲ့၏။

မုန့်ချီနှင့် ကျန်းကျိဝေတို့က အခန်းထဲတွင် သိုင်းပညာရှင်များအကြောင်း ဆွေးနွေးနေခြင်းမရှိဘဲ သိုင်းကွက်များအကြောင်း ဆွေးနွေး၍ စကားလုံးနှင့် တိုက်ခိုက်ကြည့်နေကြသည်။

မုန့်ချီက ဆွေးနွေးမှုတွင် အတော်လေး စိတ်ဝင်စားနေရင်း ရုတ်တရက် အန္တရာယ်တစ်ခုကို ခံစားလိုက်မိသည်။ ထိုအန္တရာယ်က အစွမ်းမထက်သော်လည်း သူ့ရင်ထဲကို ဖိနှိပ်ထားနိုင်ပုံရ၏။ သူကတော့ စိတ်ဓာတ်ကျမှုအနည်းငယ်ကိုပင် ခံစားမိခဲ့သည်။

တပြိုင်နက်တည်းဆိုသလို ကျန်းကျိဝေ၏ ဒူးပေါ်တွင်တင်ထားသော ဓားကလည်း အသံတိုးတိုး ထွက်ပေါ်လာပြီး အနည်းငယ် လှုပ်ရှားလာခဲ့သည်။ သူတို့(၂)ယောက်လုံးက သတိထားနေကြပြီး တံခါးရှိရာကို သတိလက်လွတ် လှည့်ကြည့်လိုက်မိကြ၏။

"ဒေါက် ဒေါက် ... ဒေါက် ဒေါက် ... ဒေါက် ဒေါက် "

တံခါးကို စည်းချက်ကျကျ ခေါက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုလူက သူတို့၏တံခါးကို ရောက်လာသည့်အချိန်မှသာ သူနှင့်ကျန်းကျိဝေတို့က သတိထားမိသည့်အတွက် မုန့်ချီက ဇဝေဇဝါဖြစ်သွားခဲ့သည်။

"ဘယ်သူလဲ…"

သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ညာလက်တွင် ကိုင်ထားရင်း မေးလိုက်သည်။ ဘယ်ဘက်လက်တွင်တော့ ရေလှိုင်းမီးတောက်ဓားကို ကိုင်ထားခဲ့၏။

"ငါ့နာမည်က ယွင်ဟယ်လို့ခေါ်တယ် ..။ ငါက ပြည့်စုံခြင်းဂိုဏ်းရဲ့ခေါင်းဆောင်ပဲ ...။ ကျေးဇူးပြုပြီး ညနက်တဲ့အချိန်မှ လာလည်ရတာ ခွင့်လွှတ်ပေးပါ မိတ်ဆွေတို့ ... "

တံခါး၏နောက်ဖက်မှနေ၍ အလွန်နှစ်လိုဖွယ်ရှိသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုအသံကြောင့် လှေကားတွင် ဒူးထောက်နေသော သိုင်းပညာရှင်များက အလွန်ကြောက်လန့်သွားကြပြီး တချိန်တည်းလိုလို မော့ကြည့်လိုက်မိသည်။ လူ(၂)ယောက်က သူတို့၏ရှေ့တွင် မည်သည့်အချိန်က ပေါ်လာကြောင်း သူတို့လည်း မသိခဲ့ကြပေ။

သူတို့ထဲမှ တစ်ယောက်ကတော့ နတ်ဘုရားပညာရှင် ကောဖေးဟူဖြစ်ပြီး နေ့ခင်းပိုင်းတွင် တွေ့ခဲ့ဖူးသည်။ တခြားတစ်ယောက်က ဆံပင်ဖြူနှင့် တာအိုသခင်အိုကြီး တစ်ယောက်ဖြစ်ပြီး မျက်နှာက ရှုပ်ထွေးနေ၏။ တာအိုသခင်က တိမ်တိုက်ပုံစံ ချည်ထိုးဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားပြီး ခေါင်းထဲတွင် ကျောက်စိမ်းဆံထိုးတစ်ခုရှိခဲ့သည်။

"ပြည့်စုံခြင်းဂိုဏ်းရဲ့ ခေါင်းဆောင်လား ... အင်မော်တယ်ယွင်ဟယ်…"

သူတို့ကတော့ အလွန်အံ့သြသွားသည့်အတွက် ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းချုပ်နေကြရသည်။

အင်မော်တယ်ယွင်ဟယ် ဟူသည်မှာ နှစ်ပေါင်း(၃၀၀)၊(၄၀၀)ခန့် အသက်ရှင်နေထိုင်ခဲ့သော ရှေးဟောင်းအင်မော်တယ်အိုကြီး တစ်ယောက်ဖြစ်သည်။ အလွန်ဒဏ္ဍာရီဆန်သော သူ၏လှည့်ကွက်များ၊ စက်ယန္တရားပညာများကို မဆိုထားနှင့် နှစ်ပေါင်း(၄၀၀)ခန့် အသက်ရှင်နေခဲ့သည့် အချက်တစ်ခုတည်းကပင် လူတိုင်း၏ရင်ထဲ၌ လေးစားမှုများ ပေါ်လာစေနိုင်သည်။ သူအုပ်စိုးနေစဉ် အတောအတွင်း ကျောင်းအုပ်များစွာနှင့် နတ်ဘုရားပညာရှင်များစွာ သေဆုံးသွားခဲ့သည်ကို မည်မျှမြင်ထားဖူးကြောင်း နတ်ဘုရားမှသာ သိနိုင်ပါလိမ့်မည်။

မုန့်ချီက ကျန်းကျိဝေနှင့် အချင်းချင်း ကြည့်လိုက်မိ၏။ အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုအရာက ကောင်းမွန်သောအရာတစ်ခုဟု သူတို့က ပြောရန် အလွန်စောနေသေးသည်။

"အချိန်မရွေး အသုံးပြုဖို့ သံသရာတံဆိပ်ကို ပြင်ဆင်ထား ..."

မုန့်ချီက ကျန်းကျိဝေကို အဓိပ္ပါယ်ရှိရှိ လှမ်းကြည့်လိုက်သည်။ သူကလည်း ပင့်သက်ရှိုက်လိုက်ပြီး အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကို အမြင့်ဆုံးသုံး၍ တချိန်တည်းတွင် သူ့ကိုယ်သူ သတိပေးနေခဲ့သည်။

သူက တံခါးဆီသို့ လျှောက်သွားပြီး တံခါးဖွင့်ပေးလိုက်၏။ တံခါး၏အပြင်ဘက်တွင် ရှိနေသည်မှာ ဤနေရာ၏ အစစ်အမှန် အရှင်သခင်တစ်ယောက်ဖြစ်သော အင်မော်တယ်ယွင်ဟယ်ဖြစ်သည်။ သူ၏မျက်နှာက အနည်းငယ်နီရဲနေပြီး ဆံပင်များက ဖြူဖွေးနေသည်။ ပါးရိုး(၂)ဖက်ကလည်းမြင့်၏။

သူ့လက်ထဲတွင် မြင်းမြီးကြာပွတ်တစ်ချောင်းရှိနေပြီး အခြားလက်တစ်ဖက်ကတော့ သူ၏လက်ပေါ်သို့ တင်ထားခဲ့သည်။ သူ၏အငွေ့အသက်များက တိမ်တိုက်တစ်ခု လွင့်မျောလာသလို ဖြစ်နေခဲ့၏။ မုန့်ချီက သူ့ကို စိုက်ကြည့်လိုက်မိသည့်အချိန်တွင် ပြောပြ၍မရသော ဖိအားတစ်ခုကို ခံစားမိခဲ့သည်။ သူ့ရှေ့တွင် ရှိနေသူက သူ့ကို အချိန်မရွေးသတ်ပစ်နိုင်ကြောင်း ခံစားနေရသည်။

မုန့်ချီက အပူအပင်မဲ့တောင်ကြားတွင် ရှိနေသော တော်ဝင်အကြံပေးကို ရင်ဆိုင်ရသည့်အချိန်တွင် ထိုကဲ့သို့ ခံစားမှုမျိုးကို တစ်ကြိမ်ခံစားခဲ့ဖူးသည်။

"တော်ဝင်အကြံပေးကလည်း တန်ပြန်သက်ရောက်မှုကို ခံခဲ့ရပြီး ဆရာကြီးလုက လျှို့ဝှက်ကျင့်စဉ်နဲ့ ဖျက်ဆီးပစ်ခဲ့တာ။ အင်မော်တယ် ဓမ္မကာရလား ... သူက အင်မော်တယ် ဓမ္မကာရထက်တောင် ပိုပြီးတော့ ကြောက်စရာကောင်းနေသေးတာလား"

မုန့်ချီက ရင်ထဲတွင် ထွက်ပေါ်လာသော ခံစားချက်များအားလုံးကို ဖိနှိပ်လိုက်ပြီး တာအိုသခင်အိုကြီးကို အရိုအသေပေးလိုက်သည်။

"တာအိုသခင်…

ညဉ့်နက်မှ ရောက်လာတဲ့အချိန်မှာတောင် တံခါးမှာ မကြိုဆိုနိုင်တဲ့အတွက် တောင်းပန်ပါတယ် ... "

အင်မော်တယ်ယွင်ဟယ်က ပြုံးပြလိုက်၏။

"ငါက စိတ်မြန်လက်မြန်လုပ်တတ်တဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာပါ ... "

မုန့်ချီက ဘေးသို့ ဖယ်ပေးလိုက်ပြီး သူတို့ကို အခန်းထဲသို့ဝင်ရန် လမ်းဖွင့်ပေးလိုက်သည်။ အင်မော်တယ်ယွင်ဟယ်က အတွင်းထဲကို ဖြည်းညင်းစွာ ဝင်ရောက်လာပြီး အတွင်းထဲတွင် ထိုင်လိုက်သည်။

နတ်ဘုရားပညာရှင် ကောဖေးဟူကတော့ နောက်မှ လိုက်ထိုင်ခဲ့ခြင်းမရှိဘဲ အင်မော်တယ်၏ဘေးတွင်သာ ရပ်နေခဲ့သည်။ သိုင်းပညာရှင်များ၏ မျက်စိရှေ့တွင် တံခါးကပိတ်သွားခဲ့၏။ လေတစ်ချက် တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ ပိတ်သွားခဲ့ခြင်းဖြစ်သည်။ အတွင်းထဲတွင် ရှိနေသော လှုပ်ရှားမှုများကိုလည်း မကြားရတော့ဘဲ ထိုအခန်းက အေးခဲသွားသလို ထင်မှတ်ရ၏။

ကျန်းကျိဝေက အရိုအသေ ပေးလိုက်ပြီးနောက် သူမနှင့် မုန့်ချီတို့က အင်မော်တယ်ယွင်ဟယ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြသည်။ သူမ၏မျက်လုံးထဲတွင် အကြောက်တရားများ မရှိသလို နောက်ဆုတ်လိုခြင်းလည်း မရှိချေ။

"အင်မော်တယ်က ဒီလောက်နောက်ကျတဲ့အချိန်မှ ရောက်လာရတဲ့ အကြောင်းရင်းကို ပြောပြပါဦး ... "

မုန့်ချီက သိမ်မွေ့စွာ ပြောလိုက်သည်။ ကျန်းကျိဝေသာ လွတ်မြောက်နိုင်မည်ဆိုလျှင် သူ၏ပုံစံပြောင်းလဲမှုက ကျရှုံးမည်ဆိုလျှင်လည်း ကိစ္စမရှိချေ။ သူ့ကို လာကယ်နိုင်ရန် တစ်စုံတစ်ယောက် ရှိနေနိုင်၏။

အင်မော်တယ်ယွင်ဟယ်က ပြုံးလိုက်သည်။

"မိတ်ဆွေလေးစုနဲ့ မိန်းကလေးကျန်း ...

မင်းတို့(၂)ယောက်က မီးမြူခိုတောင်တန်းရဲ့အောက်ခြေမှာ ပထမဆုံးပေါ်လာခဲ့ကြတာ။ အဲဒါက လွန်ခဲ့တဲ့(၂)နှစ်လောက်မှာ နတ်ဆိုးပေါ်လာတာနဲ့ တော်တော်လေးကို တိုက်ဆိုင်နေတယ်။ ဒီတော့ ငါစဉ်းစားမိတာက ..."

သူက ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်ကရော အပြင်ဘက်ကမ္ဘာကြီးထဲကနေ ပြည့်စုံခြင်းတံခါးကိုဖြတ်ပြီး ဒီနေရာကို ရောက်လာကြတာလား ... "

ထိုစကားကြောင့် မုန့်ချီက နွေခေါင်ခေါင် မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရပြီး စုစည်းထားခဲ့သည့် အရာများအားလုံး ယာယီပျက်စီးသွားခဲ့သည်။ သူနှင့် ကျန်းကျိဝေတို့၏ အလိမ်အညာများက နတ်ဘုရားဂိုဏ်းနှင့် အမှောင်နန်းတော်မှ အကြီးအကဲများကို လှည့်စားနိုင်မည် မဟုတ်ကြောင်း သူသိနေသည်။ မည်သို့ဖြစ်သည့်ကာမူ သူတို့က မီးမြူခိုးတောင်တန်းကို အလေးထားနေကြခြင်းဖြစ်၏။

သို့သော် အင်မော်တယ်ယွင်ဟယ်ကတော့ ထိုကိစ္စကို တိုက်ရိုက်ပြောလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။ သူတို့က ပြည့်စုံခြင်းတံခါးမှ ဖြတ်လာသော တခြားကမ္ဘာမှ ပညာရှင်များ ဟုတ်၊မဟုတ် တန်းမေးနေခဲ့၏။ တစ်ဖက်လူက ရှုပ်ထွေးနေသည့် အခြေအနေကို အခွင့်ကောင်းယူပြီး သူနှင့် ကျန်းကျိဝေတို့၏ နောက်ကြောင်းကို စုံစမ်းလိုက်မည်ဆိုလျှင် သူတို့က တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ထွက်ပြေးရပါလိမ့်မည်။

မုန့်ချီ၏မျက်နှာပေါ်တွင် အံ့ဩမှင်တက်သွားသည်ကို ကြည့်ပြီး အင်မော်တယ်ယွင်ဟယ်က သက်ပြင်းချလိုက်မိ၏။ ခံစားချက်ကင်းမဲ့နေသော ကျန်းကျိဝေ၏ မျက်နှာပေါ်တွင်လည်း တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာနေသည်ကိုပင် မြင်လိုက်ရသည်။

ကောဖေးဟူကပင် ပြည့်စုံခြင်းတံခါးဟူသော အခေါ်အဝေါ်ကြောင့် ရှုပ်ထွေးသွားခဲ့၏။

သူက ဆက်ပြောလိုက်သည်။

"တခြားသူတွေကတော့ သိချင်မှသိလိမ့်မယ်။ ဒါပေမယ့် ငါက အဲဒီအရာကို ရှင်းရှင်းလင်းလင်းသိတယ်။ ဒီနေရာမှာ ချီကျင့်စဉ် အမွေဆက်ခံထားတဲ့သူတွေ ပေါ်လာဖို့ လုံးဝမဖြစ်နိုင်ဘူး။ တကယ်လို့ လူတစ်ယောက်က ရှာတွေ့နိုင်တယ် ဆိုရင်တောင် ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်မျိုးအထိ တိုးတက်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ... "

အင်မော်တယ်ယွင်ဟယ်ဆီမှ ထွက်ပေါ်လာသော ဖိအားက အခန်းထဲတွင် ပြည့်နှက်နေသေး၏။ သူသာ အနည်းငယ် မှားယွင်းလိုက်သည်နှင့် ချက်ချင်း မိုးကြိုးပစ်ခံရမည်ဖြစ်ကြောင်း မုန့်ချီက သံသယဝင်နေခဲ့၏။

ထို့နောက် သူက မေးခွန်းတစ်ခုနှင့် ပြန်ဖြေလိုက်သည်။

"အင်မော်တယ်က ဘာလို့ဒီလောက်တောင် သေချာနေရတာလဲ ..."

အင်မော်တယ်ယွင်ဟယ်က အပြုံးနှင့် ခေါင်းခါပြလိုက်သည်။

"မိတ်ဆွေလေးတို့ ...

ငါက မင်းတို့ကို ခက်ခက်ခဲခဲ မေးခွန်းတွေမေးဖို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး။ ငါက အပြင်ဘက်ကမ္ဘာကြီးအကြောင်း စုံစမ်းချင်လို့ပဲ ရောက်လာခဲ့တာ ..။ ဒါပေမယ့် မင်းတို့က သတိထားနေတယ်ဆိုမှတော့ ငါ့ရဲ့သဘောထားကို အရင်ဆုံးပြပါရစေ ..”

“ဒီနေရာက တာအိုလမ်းစဉ်လိုဏ်ဂူတစ်ခုပဲ။ ဒီနေရာကို ပြည့်စုံခြင်းလိုဏ်ဂူလို့ ခေါ်တယ်။ ဒါက ပြည့်စုံခြင်းအင်မော်တယ်ကိုယ်တိုင် ထွင်းထုထားတဲ့ လိုဏ်ဂူတစ်ခုပဲ။ ကမ္ဘာကြီးက ပဋိပက္ခတွေဖြစ်နေတဲ့အချိန် အင်မော်တယ်ဘိုးဘေးက ဂိုဏ်းထဲမှာရှိနေတဲ့ လူတိုင်းကို ဒီနေရာကိုပို့ခဲ့တယ်။ အဲဒါက လွန်ခဲ့တဲ့နှစ်ပေါင်း(၂)သိန်းလောက်မှာ ဖြစ်ခဲ့တာ ...။ အခုတော့ အမှောင်နန်းတော်ရဲ့ကိစ္စတွေအပြင် ငါက အပြင်ဘက်ကမ္ဘာကြီး အကြောင်း နည်းနည်းလေးပဲ သိတော့တယ်….”

“ငါတို့က ဒီနေရာကို ပထမဆုံးရောက်လာတဲ့အချိန်မှာတော့ အင်မော်တယ်ဘိုးဘေးရဲ့ နည်းလမ်းတွေကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီအရာတွေအားလုံးကလည်း အဆောင်တွေနဲ့ပဲ ပတ်သက်နေတယ်။ ဓားပျံ အသုံးပြုတဲ့နည်းလမ်းကတော့ ဒီနေရာကနေ ထွက်ပေါ်လာကြတာ ။ အဲဒါကြောင့် အစစ်အမှန် အဆောင်ကျင့်ကြံသူတွေနဲ့ ဓားပျံပညာရှင်တွေရဲ့ကြားထဲမှာ ကွဲပြားမှုမရှိဘူး ။ ဒါကြောင့်လည်း ပါရမီရှိတဲ့ လူတစ်ယောက်က ကိုယ်ပိုင်လမ်းကြောင်းတစ်ခုရှိနိုင်ပြီး ချီကျင့်ကြံသူတွေရဲ့ အမွေဆက်ခံမှုကို မရဘူးဆိုတာ သေချာနေတာပဲ။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင်တောင် ဒီလိုပါရမီရှင်တစ်ယောက်က လူမသိသူမသိ ဖြစ်နိုင်မှာလား ... "

"ထင်ထားတဲ့အတိုင်းပဲ။ တကယ့်ကို ပြည့်စုံခြင်းအင်မော်တယ်နဲ့ပတ်သက်နေတာပဲ ... ဒါဆိုရင် ဒါက ဒဏ္ဍာရီထဲက လိုဏ်ဂူကြီးပေါ့.."

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်းကြည့်လိုက်မိကြပြီး အခြေအနေကို နားလည်သွားခဲ့ကြသည်။

သူ၏အကြမ်းဖျင်းမိတ်ဆက်ပေးမှုကြောင့် အင်မော်တယ်ယွင်ဟယ်က အခြေအနေတစ်ရပ်လုံးနှင့် သူတို့၏တုံ့ပြန်မှုကို လုံးဝလွှမ်းမိုးထားနိုင်ခဲ့သည်။ စွမ်းအားကို ဘေးဖယ်လိုက်မည်ဆိုလျှင် သူတို့က မရင့်ကျက်သေးသလို ဖြစ်နေကြ၏။ အသက်ပိုကြီးလာလေ အမှန်တကယ်ကို ပို၍ဉာဏ်များလာလေလေဖြစ်သည်။

"သူက အပြင်ဘက်ကမ္ဘာကြီးအကြောင်းကို ရိုးရိုးရှင်းရှင်းပဲ သိချင်နေတာလား ... "

သံသယဝင်နေသေးသော မုန့်ချီက မျက်နှာပေါ်တွင် သံသယများပေါ်လာခြင်းမရှိဘဲ မေးလိုက်သည်။

"အင်မော်တယ်ဘိုးဘေးက ဂိုဏ်းထဲက လူတွေကို လိုဏ်ဂူထဲဝင်ဖို့ စီစဉ်ထားတယ်ဆိုမှတော့ သူက ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ် ဖြတ်တောက်ရမယ့်အစား ဆက်သွယ်မှုကို ထိန်းသိမ်းထားသင့်တာ မဟုတ်ဘူးလား ..."

သူတို့က ပြည့်စုံခြင်းတံခါးမှ ရောက်လာကြောင်း အင်မော်တယ်ယွင်ဟယ်၏ သံသယကို တစ်ဖက်လှည့်နှင့် အတည်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။

အင်မော်တယ်ယွင်ဟယ်၏ အမူအရာက ရုတ်တရက်တည်ငြိမ်သွားခဲ့သည်။

"ဘိုးဘေးက ပြည့်စုံခြင်းတံခါးထဲကနေ ထွက်သွားခွင့်ပေးခဲ့တယ်။ သူကလည်း လိုဏ်ဂူထဲကနေထွက်ဖို့ တံခါးကိုလည်း အသုံးပြုခဲ့တယ်။ အဲဒီအချိန်တည်းကစပြီး သူက လုံးဝပြန်မလာတော့တာပဲ။ ဒီတံခါးကို ဖွင့်ဖို့ကြိုးစားခဲ့တဲ့ အင်မော်တယ်တွေ ရှိခဲ့တယ် ။ ဒါပေမယ့် သူတို့က အပြင်ဘက်ကို ရောက်သွားရင် သူတို့ရဲ့စိတ်ဝိညာဉ်မီးအိမ်တွေက ချက်ချင်း ပျောက်ကွယ်သွားရတာပဲ။ ဒါကြောင့် ဘယ်သူကမှ တံခါးထဲကနေ ထွက်မသွားရဲတော့ဘူး... "

"ပြည့်စုံခြင်းအင်မော်တယ်ဘိုးဘေးက ထွက်သွားပြီး လုံးဝပြန်မလာတော့တာလား ... "

မုန့်ချီနှင့်ကျန်းကျိဝေတို့က တချိန်တည်းလိုလိုပင် မျက်မှောက်ကြုတ်လိုက်မိကြပြီး နှင်းတောင်ထဲတွင်ရှိနေသော အင်မော်တယ်ဘိုးဘေးအုတ်ဂူ(၉)ခုကို ပြန်လည်စဉ်းစားမိနေကြသည်။

သူတို့က မျက်မှောင်ကြုတ်လိုက်မိသည်ကို မြင်သည့်အခါ အင်မော်တယ်ယွင်ဟယ်က ဇဝေဇဝါဖြစ်သွားပြီး ရှင်းပြလိုက်၏။

"ပြည့်စုံခြင်းတံခါးက ဝင်လို့ထွက်လို့ရတဲ့ တံခါးတစ်ခုပါ .။ မင်းတို့က အတွင်းထဲမှာ ပစ္စည်းတွေကို သိမ်းဆည်းထားလို့ ရနိုင်တယ်။ ဒါပေမယ့် သူတို့ကို ပျောက်ကွယ်သွားအောင်တော့ မလုပ်နိုင်ဘူး။ မင်းတို့ဝင်လာခဲ့တဲ့ နေရာကနေပဲ ထွက်သွားနိုင်တယ်။ ပြောရမယ်ဆိုရင် မင်းတို့က တံခါးထဲမှာ လှည့်ပတ်သွားလာနေမယ်ဆိုရင်တောင် တူညီတဲ့နေရာတစ်ခုကနေ ထွက်သွားတာနဲ့ အတူတူပဲ။ အဲဒီတံခါးက ဘယ်ကိုဦးတည်နေလဲဆိုတာ ငါတို့ပြည့်စုံခြင်းဂိုဏ်းက မသိကြဘူး .။ ဒါကြောင့်လည်း တော်တော်လေးအန္တရာယ်များနေခဲ့တာ ...”

“အရင်တုန်းကတော့ အမှောင်နန်းတော်က နတ်ဆိုးဗုဒ္ဓရဲ့ဒေါသကို ရှောင်တိမ်းဖို့အတွက် တခြားပြည့်စုံခြင်းတံခါးကနေ ဝင်လာခဲ့ကြတယ်။ အဲဒါကတော့ အလယ်ခေတ်ဖြစ်မယ်ထင်တယ်။ အတိတ်တုန်းက အင်မော်တယ်တွေ၊ နတ်ဆရာတွေအားလုံးက ကြောက်စရာကောင်းတဲ့ စွမ်းရည် ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးဗုဒ္ဓကို စိုးရိမ်နေကြတယ်။ သူက သူတို့ရဲ့အငွေ့အသက်ကို ရှာတွေ့ပြီး တံခါးကိုဖွင့်လိုက်မှာပဲ စိုးရိမ်နေခဲ့တယ်။ ဒါကြောင့် သူတို့တွေပူးပေါင်းပြီး ပြည့်စုံခြင်းတံခါးကို ဖျက်ဆီးခဲ့တယ်။ အဲဒီအချိန်ကတည်းကစပြီး ပြင်ပကမ္ဘာကြီးရဲ့ သတင်းတွေကို လုံးဝမကြားရတော့ဘူး ... "

မုန့်ချီနှင့်ကျန်းကျိဝေတို့သာ ထိတ်လန့်အံ့ဩနေကြခြင်း မဟုတ်ချေ။ နတ်ဘုရားပညာရှင် ကောဖေးဟူကလည်း အတူတူသာဖြစ်၏။ ထိုသို့ဆိုလျှင် ဤနေရာကြီးက လိုဏ်ဂူတစ်ခုဖြစ်ပြီး အမှောင်နန်းတော်ကလည်း ပင်လယ်ကို ဖြတ်လာခဲ့ခြင်း မဟုတ်ချေ။ ထိုကဲ့သို့လျှို့ဝှက်ချက်များက ထိပ်ဆုံးပညာရှင်များသာ သိထားကြသည်။

အင်မော်တယ်ယွင်ဟယ်က ရှင်းပြပြီးသွားသည့်အချိန်တွင် မုန့်ချီနှင့်ကျန်းကျိဝေတို့ကို စိုက်ကြည့်လိုက်သည်။

"အခုမိတ်ဆွေလေး(၂)ယောက် ...

နတ်ဆိုးဗုဒ္ဓ ဖျက်ဆီးခဲ့တဲ့ ပဋိပက္ခတွေက အဆုံးသတ်သွားခဲ့ပြီလား.."

Translated by Hein Htet.

All Chapters