← Chapters

အခန်း (၅၃၀)

Vol. 36 Ch. 530

အခန်း (၅၃၀)

Vol. 36 Ch. 530

သူက ဟန်အင်ပါယာအကြောင်း မသိသလို ဝေ့အင်ပါယာနဲ့ လက်ရှိကျင်းအင်ပါယာတို့ အကြောင်းကိုပင် သေချာမသိခဲ့ပေ။ မုန့်ချီက အင်မော်တယ်ယွင်ဟယ်၏ မေးခွန်းကို ရုတ်တရက် စဉ်းစားနေမိပြီး တချိန်တည်းလိုလိုပင် မသက်မသာ ခံစားမှုများကို ခံစားနေခဲ့ရ၏။ ထိုအရာက နွေဦးရာသီပွဲတော်တစ်ခု ကျင်းပနေသလို ခံစားခဲ့ရသည်။

အင်မော်တယ်၏ မျက်နှာပေါ်တွင် ရှိနေသော အမူအရာက ကျန်းကျိဝေ၏ စစ်ဆေးမှုမှ လွတ်မြောက်ခဲ့ခြင်း မရှိချေ။

"ဒါဆိုရင်တော့ အင်မော်တယ်ဆရာကြီးက သတင်းတွေ မသိရသေးဘူး ထင်တယ်…" သူမကပြောပြလိုက်သည်။

"အဲဒီနောက်မှာတော့ မဟာဗုဒ္ဓပေါ်လာခဲ့တယ် သူ့ရဲ့အစွမ်းနဲ့ နတ်ဆိုးဗုဒ္ဓ ဖျက်ဆီးခဲ့တဲ့အရာတွေအားလုံးကို ဖယ်ရှားပေးခဲ့တယ်…."

"မဟာဗုဒ္ဓလား…."

အင်မော်တယ်က ပင့်သက်ရှိုက်လိုက်မိ၏။ သူ၏ညာဘက်လက်တွင် ရှိနေသော မြင်းမြီးကြာပွတ်ကပင် ရုတ်တရက် လွတ်ကျသွားခဲ့သည်။

ထိုမြင်းမြီးက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့်အချိန်တွင် သူ၏ပိုးသားမျှင်များက တိမ်တိုက်များကဲ့သို့ ထင်မှတ်ရ၏။ အင်မော်တယ်၏ မျက်နှာပေါ်တွင် ထိတ်လန့်အံ့ဩမှုများ ပြည့်နှက်လာပြီး သူ၏မျက်လုံးထဲတွင်လည်း အံ့ဩနေမှုများ ပေါ်လာခဲ့သည်။

"ရှေးဟောင်းဒဏ္ဍာရီတွေထဲမှာပဲ ရှိခဲ့တဲ့ မဟာဗုဒ္ဓက အရာအားလုံးကို ဖယ်ရှားဖို့ ပေါ်ပေါက်လာခဲ့တယ်…"

အင်မော်တယ်က တွေးလိုက်မိ၏။

"သူက အသက်ရှင်သေးလား။ အဲဒီနေရာမှာ သက်တမ်းကိုတိုးစေပြီး ထာဝရရှင်သန်ခြင်းကို ရနိုင်တဲ့နည်းလမ်းတွေရော ရှိနေပြီလား…"

မုန့်ချီ၏ ထိတ်လန့်ကြောက်ရွံ့မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။

"သူ့ရဲ့အဆင့်အတန်းနဲ့ အခြေအနေအရ လက်ရှိစကားဝိုင်းကို ဦးဆောင်နေတဲ့ မြေခွေးအိုကြီးကတောင် ဒီလိုသတင်းမျိုးကြောင့် ထိတ်လန့်တုန်လှုပ်သွားရတာပဲ…"

မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်သည်။

အပြင်ဘက်ကမ္ဘာကြီးထဲတွင် သူ သိထားသော ဗဟုသုတများက သူ့အတွက်တော့ မာနတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက ညင်သာစွာ ချောင်းဟန့်လိုက်၏။

"သူပြောတာ အမှန်ပဲ။ နတ်ဆိုးဗုဒ္ဓက ဗုဒ္ဓလမ်းစဉ် ယုံကြည်သက်ဝင်တဲ့လူတွေကို ရှင်းပစ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီအချိန်မှာပဲ မဟာဗုဒ္ဓ ထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့အစီအစဉ်တွေ အားလုံးကို မှေးမှိန်သွားစေခဲ့တယ်။ ဗုဒ္ဓပေါ်လာတဲ့အတွက် ထာဝရရှင်သန်ခြင်းနဲ့ ပတ်သက်တဲ့ သံသယတွေအားလုံးက ပျောက်ကွယ်သွားခဲ့ပေမယ့် အဲဒီအရာတွေက တော်တော်လေးကို အလှမ်းကွာနေသေးပြီး ပုံရိပ်ယောင်တွေလို ဖြစ်နေသေးတယ်..ဒါကြောင့် အစစ်အမှန်ရှင်သန်ခြင်းဆိုတာက ရှိနေတယ်ဆိုတာကို ပြသလိုက်တာပဲ…”

“ဒါဆိုရင် ဗုဒ္ဓက အသက်ရှင်နေနိုင်သေးတာပေါ့…"

အင်မော်တယ်က တီးတိုးရေရွတ်လိုက်မိသည်။ သူက တွေဝေငေးမောသွားသည့်အလား အဝေးကိုကြည့်ပြီး အတွေးထဲတွင် နစ်မျောသွားခဲ့၏။ သူ့ပုံစံက အိုမင်းလာသည့်အချိန်တွင် သူငယ်ပြန်နေသော အဘိုးအိုတစ်ယောက်နှင့် တူညီနေခဲ့သည်။

ကောဖေးဟူကတော့ သူ့ဆရာကို စိုက်ကြည့်ရင်း မယုံကြည်နိုင်သလို မျက်လုံးပြူးနေခဲ့သည်။ သူက အသက်(၁၀)နှစ်အရွယ်တွင် အင်မော်တယ်၏ တပည့်ဖြစ်လာခဲ့၏။ နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီးနောက် သူက သာမန်အဆင့််မှနေ၍ ဂိုဏ်း၏ နတ်ဘုရားပညာရှင်တစ်ယောက်အဖြစ် တဖြည်းဖြည်း တိုးတက်လာခဲ့သည်မှာ သူ၏ လမ်းညွှန်မှုကြောင့်ဖြစ်သည်။

ထိုသို့ဆိုရာတွင် သူတို့ကျောင်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သော အင်မော်တယ်ယွင်ဟယ်ကပင် ဤကဲ့သို့သော အမူအရာမျိုး ရှိလာလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။ ထိုကဲ့သို့ အမူအရာမျိုး ပေါ်လာခြင်းကို သူလည်း လုံးဝမမြင်ခဲ့ဖူးချေ။

လိုဏ်ဂူကမ္ဘာကြီးထဲတွင်တော့ ဗုဒ္ဓလမ်းစဉ်နှင့်ပတ်သက်သော လမ်းစဉ်များ ဓမ္မစာပေများ လုံးဝမရှိချေ။ အတိတ်တုန်းက ရှိခဲ့သော ရှေးဟောင်းကျမ်းစာများထဲတွင်လည်း ပြည့်စုံခြင်းဂိုဏ်းခေါင်းဆောင် နှင့် ဓမ္မကာရအဆင့်ကို ရောက်ရှိခဲ့သော ပညာရှင်များအကြောင်းသာ ရေးသားထားခဲ့သည်။

ဘုန်းတော်ကြီးတစ်ပါးက မည်ကဲ့သို့ပုံစံရှိကြောင်း ကောဖေးဟူက လုံးဝမသိခဲ့ပေ။ ဗုဒ္ဓဟူသည်မှာတော့ အလွန်ထူးခြားကြောင်းသာ သိနေခဲ့၏။

အင်မော်တယ်က သက်ပြင်းရှည်ကြီးချလိုက်မိသည်။

"မင်းပြောတာတွေက အမှန်ပဲဆိုတာ ငါသိပါတယ်။ ငါတို့ရဲ့ဘိုးဘေးတွေက ပြည့်စုံခြင်းတံခါးကို ဖျက်ဆီးပစ်လိုက်တာဆိုတော့ ငါတို့တွေက မင်းတို့တွေရဲ့ အောင်မြင်ကျော်ကြားမှုတွေကို ကြည့်ခွင့်တောင် မရသလို လက်ရှိကျင့်ကြံမှုအတွက် အဖြေလည်း မရှိခဲ့ဘူး။ တကယ့်ကို နောင်တရစရာပဲ…"

သာမာန်သိုင်းပညာရှင်များကတော့ လေ့ကျင့်မှုခရီးရှည်ကြီး၏ အဆုံးသတ်တွင် အလွန်ကြီးကျယ်ခမ်းနားသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု စောင့်ဆိုင်းနေကြ၏။ ထိုအရာကတော့ သေဆုံးခြင်းနှင့် ရှင်သန်ခြင်း၏ အနှစ်သာရများဖြစ်သည်။

ထိုအရာက လူတိုင်း ရှာဖွေနေကြသော မေးခွန်းတစ်ခုလည်း ဖြစ်ပြီး နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးနောက် နာကျင်မှုနှင့်အခက်အခဲများကို ရှောင်ရှား၍ မရနိုင်ပေ။ လူပေါင်းများစွာက ခရီးလမ်း၏ အဆုံးသတ်အနားကိုပင် လုံးဝမရောက်ခဲ့ဘဲ သံသယများ ရှိကောင်းရှိလာနိုင်ကြ၏။ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် အဆုံးသတ်မရှိခြင်း ဟူသည်မှာ မတူညီသော ဦးတည်ချက်များ ဖြစ်နေသည်။

မုန့်ချီက ခဏရပ်လိုက်ပြီး အင်မော်တယ် တည်ငြိမ်သွားသည့်အချိန်ထိ ခဏစောင့်လိုက်၏။

"ဒါပေမဲ့ နတ်ဆိုးဗုဒ္ဓရဲ့ အဖြစ်အပျက်တွေ ပြီးဆုံးသွားခဲ့တဲ့အချိန်ကစပြီး ကမ္ဘာမြေကြီးမှာ ပြောင်းလဲမှုတွေ အများကြီးရှိလာခဲ့တယ်။ ဘာဝတရားကြီးရဲ့ အစီအစဉ်တွေ နိယာမတွေကလည်း ပြောင်းလဲလာခဲ့ပြီး လေထုထဲမှာရှိတဲ့ ချီစွမ်းအင်တွေအားလုံးက တဖြည်းဖြည်းနဲ့ လျော့ကျလာခဲ့တယ်…"

မုန့်ချီက ပြောပြလိုက်သည်။

"သိုင်းပညာကျင့်စဉ်တွေ ချီစွမ်းအင်ကျင့်ကြံမှုတွေအားလုံးက အချိန်ကြာလာတာနဲ့အမျှ ကုန်ဆုံးသွားကြတာပဲ…။ ငါ နားလည်ပြီ ထင်ထားတဲ့အတိုင်းပါပဲလား…"

အင်မော်တယ်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

"အခုလက်ရှိမင်းတို့ကမ္ဘာကြီးထဲမှာ ဓမ္မကာရအဆင့် ပညာရှင် ဘယ်နှစ်ယောက်ရှိလဲ.."

"ဒါက သူ့ရဲ့လက်ရှိအစွမ်းနှင့် အခြေအနေကို တိုင်းတာချင်တာလား…"

အင်မော်တယ်၏ မေးခွန်းကိုတော့ မုန့်ချီက အသံတိုးတိုးနှင့် ပြန်ဖြေလိုက်၏။

"စုစုပေါင်း(၁၀)ယောက်လောက် ရှိတယ်။ ဒါပေမယ့် သီးခြားလေ့ကျင့်နေတဲ့ သူတွေကိုတော့ သေချာမသိတဲ့အတွက် ထည့်တွက်လို့မရနိုင်ဘူး…"

မကောင်းဆိုးဝါးသခင်ဟန်ကွမ်းက ပေါ်မလာခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ မကောင်းဆိုးဝါးသခင်က သေသွားခြင်းလော သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းလော မည်သူမျှမပြောနိုင်ကြပေ။

သူ၏သွေးသောက် အစ်ကိုကောင်းလန်က ဓမ္မကာရအဆင့်ကိုရောက်ရှိရန် တိတ်တဆိတ် လေ့ကျင့်ထားသည့်အတွက် ပြင်ပကမ္ဘာကြီးမှ ပညာရှင်များကပင် သတိမထားမိခဲ့ပေ။ လက်ရှိအချိန်တွင်တော့ သူက ထိုအရာများကို ပြောပြရန် ခက်ခဲနေခဲ့၏။

"(၁၀)ယောက်လား…"

အင်မော်တယ်က အံ့ဩမှင်တက်စွာ ပြန်ပြောလိုက်မိသည်။

"ကျင့်စဉ်တွေ၊ လေ့ကျင့်နေရတဲ့ ချီစွမ်းအင်တွေက အသုံးပြုနေရတဲ့အတွက် တဖြည်းဖြည်း လျော့ကျသွားမှာပဲ…"

သူက တွေဝေမိန်းမောစွာ သက်ပြင်းချလိုက်မိသည်။

"ဒါပေမဲ့ သူတို့က ငါတို့ရဲ့လိုဏ်ဂူကမ္ဘာကြီးထက်တော့ အဆပေါင်းများစွာ ပိုသာနေပါသေးတယ်…"

သူက အားနည်းစွာ ဝန်ခံလိုက်မိသည်။

"ပိုသာနေတာလား။ ဒါဆိုရင် ဒီနေရာမှာ ဓမ္မကာရအဆင့် စွမ်းအားရှိတဲ့သူ (၃)ယောက်တောင် မရှိတာများလား…"

"အဲဒီ(၁၀)ယောက်ရဲ့နာမည်နဲ့ သူတို့ပိုင်ဆိုင်တဲ့စွမ်းအားတွေကို ပြောပြပေးနိုင်မလား.."

အင်မော်တယ်က ဆက်မေးလိုက်သည်။

မုန့်ချီက ယခုအချိန်ထိ မကြုံဖူးသေးသော ကောင်းကင်မှတ်တမ်းအကြောင်းကို ပြန်လည်စဉ်းစားလိုက်ပြီး ပြောင်းလဲမှု အနည်းငယ်ကို ပြန်လည်သုံးသပ်ခဲ့သည်။

"စာရင်းရဲ့ထိပ်ဆုံးမှာ ရှိနေတာက ကူအာဒိုလို့ ခေါ်တယ်…"

မုန့်ချီက ပြောလိုက်၏။

"သူက မြောက်ပိုင်းမှာရှိတဲ့ မြက်ခင်းလွင်ပြင်ထဲက ရှင်ဘုရင် တစ်ယောက်ပဲ။ သူက ကောင်းကင်သတ်ဖြတ်ရေးပုဆိန်ကို ကိုင်ထားတယ်…"

"ကောင်းကင်သတ်ဖြတ်ရေးပုဆိန်လား…"

"အဲဒီပုဆိန်ရဲ့နာမည်အရ နတ်ဆိုးဗုဒ္ဓက ဒေါသတကြီး ဖျက်ဆီးပြီးသွားတဲ့အချိန် လူသားကမ္ဘာကြီးထဲမှာ ကြားနေရသေးတယ်.."

အင်မော်တယ်က အံ့ဩမှုများကို ပြောပြနေခဲ့သည်။

ကြည့်ရသည်မှာ သူက ရှေးအချိန်ကတည်းက ရှိနေသော ပြိုင်ဘက်ကင်းနတ်ဘုရား လက်နက်များအကြောင်းကို သိနေကြောင်း ပြသနေခဲ့၏။ သူတို့ပြောင်းလဲသော စကားလမ်းကြောင်းကို ကြားသည့်အခါ ကောဖေးဟူကတော့ သူမသိသော ဗုဒ္ဓအကြောင်းကို ဆွေးနွေးနေခြင်းထက် ပို၍သဘောကျနေသည်။

သူက ရှေးဟောင်းကျမ်းစာများကို လေ့လာနေစဉ် အတောအတွင်း ကောင်းကင်သတ်ဖြတ်ရေးပုဆိန်အကြောင်းကို လေ့လာခဲ့ဖူးသည်။

"အဲဒါက တကယ့်ကို ပြိုင်ဖက်ကင်း ကောင်းကင်သတ်ဖြတ်ရေးပုဆိန်ပဲ…."

ကျန်းကျိဝေကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

အင်မော်တယ်ယွင်ဟယ်က မြောက်ပိုင်းမြက်ခင်းလွင်ပြင်နှင့် ပတ်သက်ပြီး မေးခွန်းအနည်းငယ် ထပ်မေးလိုက်သည်။ တစ်ချိန်တည်းတွင် သူ လေ့လာထားသော ရှေးဟောင်းနေရာများ၏ တည်နေရာများနှင့် နှိုင်းယှဉ်ကြည့်နေခဲ့၏။

သူကတော့ တိတ်တဆိတ် နားထောင်နေပြီး မုန့်ချီကို ဆက်ပြောရန် အချက်ပြလိုက်သည်။

"ဒုတိယနေရာကတော့ သန့်စင်နေမင်းဂိုဏ်းက အင်မော်တယ်ချုံဟယ်လို့ခေါ်တယ်။ သူ့နောက်မှာ ရှိတာကတော့ ရှောင်လင်ကျောင်းတော်က ကျောင်းထိုင်ကိုယ်တော်ကုံဝမ်ပါ…"

"ကုံဝမ်လား..။ သူက ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးလား…"

ဗုဒ္ဓနှင့် ပတ်သက်သော အရာများကြောင့် အင်မော်တယ်က ဗုဒ္ဓလမ်းစဉ် ဓမ္မကာရအဆင့် ပညာရှင်များ၏ အစွမ်းကို စိတ်ဝင်စားနေပုံရသည်။

"ဟုတ်ပါတယ်။ သူက နဂါးဖမ်းလော်ဟန့် ရွှေခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်.."

မုန့်ချီက အမှန်အတိုင်း ပြန်ဖြေလိုက်၏။

ထိုသတင်းကြောင့် အင်မော်တယ်က အပြုံးနှင့် ထပ်မေးလိုက်သည်။

"နတ်ဆိုးဗုဒ္ဓရဲ့ အဖြစ်အပျက် မတိုင်ခင် ရှောင်လင်ကျောင်းတော်နဲ့ ပတ်သက်ပြီး ဘာမှမကြားခဲ့ရဘူး။ ကြည့်ရတာတော့ ရှောင်လင်ကျောင်းတော်ကို နောက်ပိုင်းမှပဲ တည်ထောင်ခဲ့တာ ဖြစ်မယ်ထင်တယ်။ ဗုဒ္ဓ ဒါမှမဟုတ် ဗောဓိတဗ္ဗတွေရဲ့ သင်ကြားမှုတွေ ကျင့်စဉ်တွေက ဘယ်အရာကို အခြေခံထားတာလဲ…"

"အဲဒါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)လောက်မှာ ဘုန်းတော်ကြီးဓမ္မက ဗုဒ္ဓလက်ဝါးသိုင်းကွက်တစ်ခုကို နားလည်လာခဲ့တယ်။ အဲဒီအရာကနေ သူက ဗုဒ္ဓလမ်းစဉ်ကျင့်စဉ် သိုင်းကျမ်းတွေ အများကြီးကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါကြောင့် သူက လျန်တိုင်တောင်ထိပ်မှာ ရှောင်လင်ကျောင်းတော်ကို တည်ထောင်ခဲ့တာ…"

မုန့်ချီက အကြမ်းဖျင်း ရှင်းပြလိုက်သည်။

အင်မော်တယ်က အပြင်ဘက်ကမ္ဘာကြီးထဲမှ အရေးကိစ္စများကို အတော်လေး စိတ်ဝင်စားနေခဲ့သည့်အတွက် မုန့်ချီက သူတို့၏အပေးအယူကို စဉ်းစားနေမိခဲ့သည်။ သူကတော့ ထိုလူများကို သုတ်သင်ရှင်းလင်းပြီး အပြင်ဘက်ကမ္ဘာကြီး၏ လျှို့ဝှက်ချက်များကို လိုဏ်ဂူကမ္ဘာကြီးထဲတွင် ထိန်းသိမ်းထားမည့် အလုပ်မျိုးလုပ်မည်မဟုတ်ဟု ယုံကြည်ချက် ရှိနေခဲ့၏။

ထိုအချိန်တွင် ဇဝေဇဝါ ဖြစ်နေသော အင်မော်တယ်က နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်၏။

"ဘုန်းတော်ကြီးဓမ္မလား။ ဒီကောင်လေးက ရှောင်လင်ကျောင်းတော်နဲ့ ဆက်စပ်နေတာလား…"

အင်မော်တယ်က အံ့ဩနေမိသည်။

မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်၏။

"ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော်ကလည်း ရှောင်လင်ကျောင်းတော်ကနေ ရောက်လာခဲ့တာပါ။ ကျွန်တော်က ရှောင်လင်ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိခဲ့တဲ့အတွက် ထုတ်ပယ်ခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဆရာကတော့ ရှောင်လင်ကျောင်းတော်ထဲမှာ ဆက်ပြီးတော့ ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်က ဘုန်းတော်ကြီးဓမ္မတစ်ယောက်တည်းကိုပဲ လေးစားတယ်.."

ထိုသတင်းကြောင့် ကောဖေးဟူက အလွန်ထိတ်လန့်သွားခဲ့ပြီး သူ့ဧည့်သည်ကို ကြောက်လန့်နေခဲ့သည်။ သူ့ဆရာက လက်ရှိရှိနေသေး၏။ သူက ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ လက်အောက်တွင်လည်း နေခဲ့ဖူးသည်။ ထို့ကြောင့်လည်း အသက်ငယ်ငယ်လေးနှင့် ပြိုင်ဖက်ကင်းနေရခြင်းဖြစ်သည်။

အင်မော်တယ်ယွင်ဟယ်က ရယ်ကာမောကာဖြင့် ပြန်ဖြေလိုက်၏။

"အုပ်ထိန်းသူကောင်းတစ်ယောက်က ထူးချွန်တဲ့ကျောင်းသားတွေကို တကယ်မွေးထုတ်ပေးနိုင်တာပဲ…"

သူက မုန့်ချီနှင့် ကျန်းကျိဝေတို့ကို သေချာစိုက်ကြည့်နေပြီး မုန့်ချီက အချစ်ကြောင့် စည်းမျဉ်းများ ချိုးဖောက်ခဲ့ခြင်း ဟုတ်မဟုတ် စဉ်းစားနေမိခဲ့သည်။ သူ့အကြည့်ကြောင့် မုန့်ချီနှင့်ကျန်းကျိဝေတို့က ရှက်ရွံ့သွားခဲ့ပြီး ကျန်းကျိဝေ၏ ပါး(၂)ဖက်က နီရဲလာသည်။

"လျန်တိုင်တောင်ထိပ်က ဘယ်နေရာမှာလဲဆိုတာ ငါ့ကို ပြောပြပါဦး…"

အင်မော်တယ်ကထိုလူငယ်စုံတွဲကို ဆက်မကြည့်တော့ဘဲ ချက်ချင်း မေးလိုက်၏။

သူက အပြင်ဘက်ကမ္ဘာကြီး၏ မြေမျက်နှာသွင်ပြင် အနေအထားကို သိချင်နေခဲ့သည်။ ထိုအရာများကို သူ လေ့လာထားခဲ့သော ရှေးဟောင်းကျမ်းစာများနှင့် တိုက်ဆိုင်စစ်ဆေးပြီး သူ့စိတ်ထဲတွင် အပြင်ဘက်ကမ္ဘာကြီးကို လေ့လာ၍ ရ၏။

နတ်ဆိုးဗုဒ္ဓ ဖျက်စီးခဲ့သည့် မတိုင်ခင် အခြေအနေများကို မသိသည့်အတွက် မုန့်ချီနှင့် ကျန်းကျိဝေတို့က လျန်တိုင်တောင်ထိပ်၏ တည်နေရာကို သူတို့သိထားသော ပတ်ဝန်းကျင် အခြေအနေများနှင့် အကောင်းဆုံး ရှင်းပြလိုက်သည်။

အင်မော်တယ်က သူ၏မုတ်ဆိတ်ဖြူကို သပ်နေရင်း သူတို့ရှင်းပြသည့်အရာကို စဉ်းစား၍ ပြန်မေးလိုက်၏။

"ဒါဆိုရင် ရှောင်လင်ကျောင်းတော်ရဲ့ နတ်ဘုရားလက်နက်က အနတ္တဓားလား…''

"ဟမ်…"

မုန့်ချီက အံ့ဩမှင်တက်သွားခဲ့၏။ သူက ထိုအရာကို မည်သို့တွက်ချက်လိုက်သနည်း။

အင်မော်တယ် ရုတ်တရက် ပြောဆိုလိုက်သောစကားကြောင့် ကျန်းကျိဝေကပင် မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။ အင်မော်တယ်၏မှတ်ချက်က အံ့သြစရာ မကောင်းကြောင်း သိသာနေ၏။ သူတို့က အနတ္တနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှပြောပြခဲ့ခြင်း မရှိချေ။

သူတို့က မယုံကြည်နိုင်သလို ဖြစ်နေကြောင်း သတိထားမိသည့်အခါ အင်မော်တယ်က အပြုံးနှင့် ရယ်လိုက်၏။

"နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေ စိတ်ကြိုက်သွားလာနေတဲ့အချိန် လျံတိုင်တောင်ထိပ်ကိုတော့ ရှို့ဟွာတောင်ထိပ်လို့ လူသိများတယ်လေ။ ရသေ့ကြီးအနတ္တက အဲဒီနေရာမှာ မကောင်းဆိုးဝါးသူတော်စင်ရဲ့ဒေါသကို ရင်ဆိုင်ခဲ့ရတယ်။ သူ့ရဲ့နောက်လိုက်တွေကလည်း သူ့နောက်ကို နေရာတိုင်း လိုက်လာခဲ့တယ်။ သူတို့က သူ့ကို နေရာတိုင်းမှာ ရှာဖွေနေကြတာပေါ့။ တစ်နေ့မှာတော့ သူ့ကို ရှို့ဟွာတောင်ထိပ်မှာ မကောင်းဆိုးဝါးသူတော်စင်က သတ်လိုက်ပြီဆိုတဲ့သတင်းစကားကို ကြားလိုက်ရတယ်။ အဲဒီအချိန်ကတည်းကစပြီး မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေက ထကြွလာကြတာပဲ။ သူတို့က နေရာတိုင်းမှာ ဖျက်ဆီးပစ်နေကြတယ်…”

“အဲဒီအရာကို မြင်ပြီး အဆိုးဆုံးအခြေအနေကို ကြောက်လန့်သွားတဲ့အတွက် ငါတို့ရဲ့အင်မော်တယ်ဘိုးဘေးက ငါတို့ကို ရွှေ့ပြောင်းလိုက်ပြီး ပြည့်စုံခြင်းဂိုဏ်းရဲ့ လက်ကျန်အဖွဲ့သားတွေက ငါတို့ရဲ့ရှင်သန်ရေးအတွက် လိုဏ်ဂူကမ္ဘာကြီးထဲကို ရွှေ့ပြောင်းလာခဲ့ကြတယ်။ ငါက လျန်တိုင်တောင်ထိပ်နဲ့ ရှို့ဟွာတောင်ထိပ်ရဲ့ ဆက်စပ်မှုကို စဉ်းစားမိခဲ့တဲ့အချိန်မှာ ဘုန်းတော်ကြီးဓမ္မက အနတ္တရဲ့အမွေခံပစ္စည်းကို ရှာတွေ့ခဲ့တယ်ဆိုတာ ကောက်ချက်ချမိတယ်…"

အင်မော်တယ်က ပြောလိုက်၏။

"လျန်တိုင်တောင်ထိပ် ၊ ရှို့ဟွာတောင်ထိပ်၊ မကောင်းဆိုးဝါးသူတော်စင်က အနတ္တကိုသတ်ဖြတ်ခြင်း၊ သနားကြင်နာတတ်ပြီး ကရုဏာရှိသူမဝင်ရဟူသော စကားလုံး…"

ထိုအရာများက မုန့်ချီ၏ခေါင်းထဲတွင် ရှုပ်ထွေးလာခဲ့သည်။

ထိုအချိန်တွင် မုန့်ချီက အမှတ်ရသွားခဲ့၏။ သံသရာကမ္ဘာကြီးထဲတွင် ရှောင်လင်ကျောင်းတော်ရှိနေပြီး သူ ကိုယ်တိုင် အနတ္တကျိန်စာဖျက် ဓားပညာ၏ အမွေအနှစ်ကို လက်ခံရရှိခဲ့သော နေရာက ရှို့ဟွာတောင်ထိပ်ဖြစ်သည်။

"ဒါတွေအားလုံးက ဘယ်လိုပတ်သက်နေတာလဲ။ ဘာလို့အရာအားလုံးက ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေရတာလဲ။ သံသရာကမ္ဘာကြီးထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေတာလဲ…"

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့၏။

အင်မော်တယ်ယွင်ဟယ်က အတော်လေး သိထားပုံရသည်။ သူက ဇဝေဇဝါဖြစ်နေသော ခံစားမှုကို ဖိနှိပ်ပြီး ကောင်းကင်မှတ်တမ်းအကြောင်း ထင်ရှားသော ဂိုဏ်းများနှင့် အဆင့်မြင့်မိသားစုများ အပြင်ဘက်ကမ္ဘာကြီးထဲတွင် ရှိနေသော အဖွဲ့အစည်းအသီးသီးနှင့် လက်ရှိအခြေအနေများအကြောင်းကို ရှင်းပြလိုက်သည် ။

နောက်ဆုံးတွင်တော့ အင်မော်တယ်ယွင်ဟယ်က သက်ပြင်းချလိုက်ပြီး သူတို့၏လက်ရှိအခြေအနေကို သုံးသပ်လိုက်သည်။

"ငါက မင်းပြောခဲ့တဲ့ ဂိုဏ်းတွေ၊ အထက်တန်းလွှာမိသားစုတွေအကြောင်းကို သိတယ်။ သူတို့ရဲ့အမွေအနှစ်တွေ၊ သူတို့ရဲ့ကျင့်စဉ်တွေက ငါ့အတွက် ရင်းနှီးနေသလိုပဲ..”

“အကုန်လုံးတော့ မဟုတ်ပေမယ့် ကျန်းတုံ ဝမ်ကလန်ကတော့ အခုထိရှိနေသေးတယ်.."

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"ဝမ်ကလန်က အခုထိ ရှိနေသေးတာလား…"

အင်မော်တယ်က အံ့ဩခြင်းတစ်ဝက် ဝမ်းသာခြင်းတစ်ဝက်နှင့် ပြန်မေးလိုက်သည်။

မုန့်ချီနှင့်ကျန်းကျိဝေတို့ ငြိမ်သက်နေသည်ကိုကြည့်ပြီး သူက အတည်ပြုလိုက်ပြီးနောက် အင်မော်တယ်က သက်ပြင်းရှည်ကြီးချလိုက်မိ၏။

"ရှေးတုန်းက သက်တမ်းအရ ငါတို့ဂိုဏ်းနဲ့ ဝမ်ကလန်က အကြီးအကဲတွေရဲ့ ကြားထဲမှာ ရင်းနှီးမှုရှိခဲ့ကြတယ်။ ငါတို့က ပြန်လည်ပေါင်းစည်းဖို့ အခွင့်အရေးရှိဦးမယ်လို့ လုံးဝမတွေးမိခဲ့ဘူး…"

အပြင်ဘက်ကမ္ဘာကြီးနှင့် ပတ်သက်သော အရာများကို သိရှိလာပြီးနောက် အင်မော်တယ်က ကျသွားသော သူ၏ မြင်းမြီးကြာပွတ်ကို ကောက်လိုက်သည်။ ထိုအရာကို ဘယ်ဘက်ပုခုံးပေါ် တင်လိုက်ပြီး လူငယ်နဲ့စုံတွဲကို ကျေးဇူးတင်စကားပြော၍ ရယ်လိုက်၏။

"မင်းတို့တွေက ဒီအဘိုးကြီးရဲ့သံသယကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

ထို့နောက် သူက ရပ်လိုက်၏။ အခြေအနေက အမြင့်ဆုံးကိုရောက်နေပြီဖြစ်သည်။

မုန့်ချီကတော့ ဘာမှမဖြစ်သယောင် အကောင်းဆုံး ကြိုးစား၍ နေခဲ့သည်။

"ငါတို့တွေက လိုဏ်ဂူကမ္ဘာကြီးထဲမှာဖြစ်ကြောင်း အတည်ပြုနိုင်တာ အတော်လေးကို ကြာခဲ့ပြီ။ ငါတို့တွေမှာ ထူးခြားတဲ့ခွန်အားတွေ ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ငါတို့ရဲ့တပည့်တွေဆီမှာတော့ မောက်မာဝံ့ကြွားမှုတွေ ပြည့်နေခဲ့တဲ့အတွက် ငါက တော်တော်လေးကို စိုးရိမ်နေခဲ့တာ။ သူတို့က သဘာဝတွင်းထွက်တွေကို ဆက်တိုက်တူးဖော်နေတဲ့အတွက် နေ့စဉ်နှင့်အမျှ ဒီကမ္ဘာကြီးထဲမှာ သဘာဝအရင်းအမြစ်တွေ ကုန်ဆုံးလာနေတယ်။ ဒါကြောင့် ငါက ငါတို့ရဲ့အနာဂတ် လိုအပ်ချက်ကို စဉ်းစားပြီး ကြောက်လန့်နေခဲ့တာ…"

အင်မော်တယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါက အပြင်ဘက်ကမ္ဘာကြီးနဲ့ ပြန်လည်ဆက်သွယ်ဖို့ ဆန္ဒရှိတယ်။ မင်းတို့က ငါ့ရဲ့ရည်ရွယ်ချက်ကို ဘယ်လိုသဘောရလဲ..မိတ်ဆွေလေးတို့…"

“ဒါကလည်း ငါတို့ဒီကိုရောက်လာရတဲ့ဆန္ဒပဲ မဟုတ်လား…"

မုန့်ချီက အံ့သြဝမ်းသာစွာ ပြန်ဖြေလိုက်သည်။

"အင်မော်တယ်ဆရာကြီးရဲ့စိတ်ထဲမှာ ဘယ်လိုရှိလို့လဲ…"

"ရုတ်တရက် အပြင်ဘက်ကမ္ဘာကြီးအကြောင်းကို ပြောလိုက်မယ်ဆိုရင် လူတိုင်းက သံသယဝင်လာနိုင်တယ်။ ဒီတော့ မင်းတို့နှစ်ယောက်က ငါတို့ရဲ့တပည့်အနည်းငယ်ကို အပြင်ဘက်ကမ္ဘာကြီးဆီခေါ်သွားပြီး ငါတို့ရဲ့သတင်းသမားကို ကျန်းတုံဆီ ခေါ်သွားပေးပါ။ ပြီးတော့ ငါတို့နဲ့အရင်တုန်းက ဆက်သွယ်ဖူးခဲ့တဲ့ လူတွေကို ဆက်သွယ်ချင်တယ်။ မင်းတို့အပြင်ဘက်ကမ္ဘာကြီးမှာ မရှိတဲ့ တွင်းထွက်ပစ္စည်းတွေ၊ ဆေးရည်တွေနဲ့ ငါတို့ဂိုဏ်းက ဖန်တီးထားတဲ့ အဆောင်တွေကို ငါတို့လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ အလဲအလှယ်လုပ်ချင်တယ်…"

အင်မော်တယ်က ဖြည်းညင်းစွာ ပြောလိုက်၏။

"အမှောင်နန်းတော်ရဲ့ယန္တရားပညာက အပြင်ဘက်ကမ္ဘာကြီးထဲမှာ တော်တော်လေးကို သိသာထင်ရှားနိုင်သေးတယ်။ အခုချိန်မှာတော့ ငါတို့က အဲဒီအရာတွေကို ထည့်တွက်မထားသေးဘူး.."

ထိုစကားကို နားထောင်ပြီး မုန့်ချီနှင့်ကျန်းကျိဝေတို့က တွေဝေနေကြသည်။

"မင်းတို့(၂)ယောက်လုံးအတွက်လည်း သေချာပေါက် ဆုလာဘ်တွေရမှာပါ…" အင်မော်တယ်က ထပ်ဖြည့်ပြောလိုက်၏။

"ဆန်းကြယ်တွင်းထွက်ပစ္စည်းတွေကို ရောင်းချလိုက်မယ်ဆိုရင် ငါတို့က အကျိုးအမြတ်တွေ အများကြီးရနိုင်တဲ့အပြင် သီးသန့်ဆုလာဘ်တွေလည်း ရနိုင်သေးတယ်…"

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်းကြည့်လိုက်မိကြသည်။

မုန့်ချီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

"ကျွန်တော်လည်း အဲဒီအရာကို မျှော်လင့်နေခဲ့တာ။ ကျွန်တော်က အင်မော်တယ်ဆရာကြီးကို ကျေးဇူးတင်စကားပြောရုံနဲ့တင် မလုံလောက်တော့ဘူး.."

"ဒါဆိုရင်တော့ အရမ်းကောင်းသွားပြီ။ ငါက ဂိုဏ်းကိုပြန်ပြီး အပေးအယူအတွက် ပစ္စည်းတွေ ပြင်ဆင်လိုက်မယ်။ မင်းတို့က အမှောင်နန်းတော်ကို သွားလည်ဖို့လည်း အကြံပေးချင်တယ်။ သူတို့ရဲ့အကြီးအကဲတွေက ငါ့လိုပဲ အပြင်ဘက်ကမ္ဘာကြီးရဲ့ အကြောင်းတွေကို စိတ်ဝင်စားနိုင်ပေမယ့် သူတို့မှာလည်း စိုးရိမ်မှုအနည်းငယ် ရှိနေနိုင်တယ်။ မင်းတို့က သူတို့နဲ့ဆက်ဆံပြီး အကျိုးအမြတ်တချို့ကို ရနိုင်တာပေါ့.."

အင်မော်တယ်ယွင်ဟယ်၏ တိုက်တွန်းမှုကြောင့် မုန့်ချီက အမှောင်နန်းတော်ကို သွားလည်ရန် ဆုံးဖြတ်လိုက်သည်။ သူက မတ်တပ်ရပ်လိုက်သည့်အချိန်တွင် သူတို့၏ဧည့်သည်များဖြစ်သော အင်မော်တယ်များနှင့် နတ်ဘုရားပညာရှင်တို့က ထွက်သွားတော့မည်ကို မြင်လိုက်ရသည်။

ထိုအချိန်တွင် သူက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။

"အင်မော်တယ်ဆရာကြီး …

ပြန်သွားတဲ့အချိန်ကျရင် ကျွန်တော်က သိုင်းပညာရှင်တွေဆီမှာ ကျွန်တော်ရဲ့ သိုင်းပညာအမွေအနှစ်တွေ၊ ချီစွမ်းအင်ကျင့်စဉ်တွေကို လက်ဆင့်ကမ်းပေးခဲ့ချင်တယ်.."

အင်မော်တယ်က သူ့ကိုကြည့်ပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဘာလို့မရ ရမှာလဲ…."

ညကောင်းကင်ကြီးပေါ်တွင် ကြယ်များ တလက်လက် တောက်ပနေသည်။ ပြည့်စုံခြင်းဂိုဏ်း၏ နတ်ဘုရားပညာရှင်တစ်ယောက်ဖြစ်သော ကောဖေးဟူက သံသယများဖြင့် တိတ်ဆိတ်နေပြီး အင်မော်တယ်ယွင်ဟယ်၏ နောက်မှ စကားမပြောဘဲ လိုက်လာခဲ့သည်။

"မင်းမှာ ပြောစရာရှိနေတယ် မဟုတ်လား ဖေးဟူ…"

အင်မော်တယ်က နောက်ပြန်လှည့်မကြည့်ဘဲ မေးလိုက်သည်။

ကောဖေးဟူက လေအေးများကို ရှုရှိုက်လိုက်၏။

"အင်မော်တယ်ဆရာ…

သူက ဂိုဏ်းခေါင်းဆောင်နှင့် သူ့ဆရာကို ခေါ်ဝေါ်သည့်အခေါ်အဝေါ်အတိုင်း ခေါ်လိုက်၏။

"ကျွန်တော်တို့က အပြင်ဘက်ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုပ်ဖို့အတွက် အခက်အခဲတွေ ရှိနေသေးတယ်ဆိုတာ ယုံကြည်နေသေးတယ်.။ ကျွန်တော်တို့ဂိုဏ်းက နှစ်ပေါင်း(၁)သောင်းကျော် ခံနိုင်ရည်ရှိခဲ့တယ်။ ကျွန်တော်တို့မှာ အရင်းအမြစ်တွေ လိုအပ်ချက်တွေရှိတာ နည်းပါတယ်…"

"ဟုတ်တယ်။ ငါတို့ရှိနေတဲ့ အဆုံးမဲ့နယ်မြေကြီးထဲမှာ ပြိုင်ဆိုင်မှုတွေက တော်တော်လေးကို ခက်ခဲတယ်။ ဒါပေမဲ့ အဲဒါက အားနည်းချက်တစ်ခုဖြစ်သလို ကောင်းကျိုးတစ်ခုလည်း ဖြစ်နေတယ်။ ငါတို့မှာ သွေးဆာမှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေ မရှိကြဘူး ။ ငါတို့တွေက ဒီနေရာမှာ စိတ်အေးအေးနဲ့ နေထိုင်နိုင်ကြတယ်။ မှော်ဝင်္ကပါတွေ ၊ အကာအကွယ်တွေက ငါတို့ကို ကာကွယ်ပေးနေပြီး ဒီနေရာမှာရှိတဲ့ ရှားပါးတွင်းထွက်ပစ္စည်းတွေက ငါတို့ကို တိုးတက်စေနိုင်တယ်။ ငါတို့တွေက နှစ်ပေါင်း(၁)သောင်းလောက် ထပ်ကြာမယ်ဆိုရင်တောင် အရင်းအမြစ်တွေ ပြတ်လပ်သွားမှာ မဟုတ်ဘူး..”

“ဒါပေမဲ့ ငါတို့တွေက အပြင်ဘက်ကမ္ဘာကြီးနဲ့ စွန့်စားပြီး ဆက်သွယ်ရလိမ့်မယ်။ အနည်းဆုံးတော့ မင်းက ဓမ္မကာရအဆင့်ကို ရောက်တဲ့အထိ စောင့်နေဖို့ လိုအပ်သေးတယ်.."

ပြည့်စုံခြင်းဂိုဏ်း ဖန်တီးထားခဲ့သော မှော်ဝင်္ကပါများက မိုင်းတွင်းပေါင်းများစွာတွင် အသုံးပြုထားပြီး ရှားပါးတွင်းထွက်ပစ္စည်းများ တူးဖော်နိုင်သည့်အပြင် ကြီးထွားလာအောင်လည်း ကူညီပေးနိုင်သည်။ ဥပမာအနေနှင့်ပြောရရင် ကုန်ဆုံးသွားသော အရင်းအမြစ်များကို ပြန်ဖြည့်ရန် နေကျောက်တုံးကဲ့သို့ သဘာဝပစ္စည်းများကို အသုံးပြုခြင်းဖြစ်၏။

နှစ်ပေါင်း(၁၈၀)မှ (၂၄၀)ထိ ရှင်သန်နိုင်သော သိုင်းသခင်တစ်ယောက် ဖြစ်သည့် ကောဖေးဟူကတော့ နောက်နှစ်ထောင်ပေါင်းများစွာကြာမှ သူတို့ဆီကို ရောက်လာနိုင်သော အခက်အခဲများအတွက် စိုးရိမ်နေခြင်းမရှိချေ။ ထို့ပြင် နှစ်ပေါင်း(၁)သောင်းအတွင်း သူတို့ဆီကို မည်သည့်ရန်သူမျှလည်း ကျရောက်ခဲ့ခြင်းမရှိချေ။

သူ့ဆရာက သက်ပြင်းချပြီးပြန်ဖြေလိုက်၏။

"ငါက ရာစုနှစ်(၄)ခုလောက် ရှင်သန်နေခဲ့ရတယ်။ ပြီးတော့ ဓမ္မကာရအဆင့်ကို ရောက်နေတယ်ဆိုတဲ့ ငါ့ရဲ့စွမ်းရည်ကိုလည်း ယုံကြည်ချက်ရှိတယ်။ အဲဒီ အကြောင်းပြချက်ကြောင့်ပဲ ငါက အပြင်ဘက်ကမ္ဘာကြီးနဲ့ပြန်ပြီး အဆက်အသွယ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ ဒါကြောင့် ငါနဲ့အတူ အဆောင်ကို ယူလာပြီး ကမ္ဘာကြီးထက် ကျော်လွန်တဲ့အရာတွေ ရှိသေးပါလားဆိုတာကို သူတို့ကိုပြချင်တာ။ ငါတို့ရဲ့စွမ်းအားတွေ စွမ်းရည်တွေက သူတို့အပေါ် မကောင်းကြံလိုစိတ် လုံးဝမရှိဘူး "

အင်မော်တယ် ဟူသောဂုဏ်ပုဒ်က ရှေးအချိန်ကတည်းက ဓမ္မကာရအဆင့်ကို ရောက်ရှိသည့်သူများသာ ပိုင်ဆိုင်ထားသော ဂုဏ်ပုဒ်ဖြစ်သည်။ ထိုအရာက ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် အဖွဲ့စည်းတစ်ခု၏ ခေါင်းဆောင်နေရာကို သတ်မှတ်ထားခြင်း မဟုတ်ချေ။

"တော်တော်ကိုဆန္ဒစောနေတာဘဲ"

ကောဖေးဟူက အနည်းငယ် သက်ပြင်းချလိုက်မိသော်လည်း ဇဝေဇဝါဖြစ်နေသေး၏။

"ဒါပေမယ့် ကျွန်တော်က အပြင်ဘက်ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သဘာဝတရားကြီးကွဲပြားမှုကို သတိမထားမိသေးဘူး.."

"မဟုတ်ဘူး…."

အင်မော်တယ်က လက်မခံခဲ့ပေ။ သူက အပေါ်ဘက် ကောင်းကင်ကြီးကို မော့ကြည့်ပြီး ပြောလိုက်၏။

"ကမ္ဘာကြီး(၂)ခုရဲ့ ပင်ကိုသဘာဝထဲမှာကို ကွဲပြားမှုတွေ အများကြီးရှိတယ်။ ပြီးတော့ အင်မော်တယ်ဘိုးဘေး ပျောက်ကွယ်သွားတဲ့အရာက ငါတို့အတွက် ဖြေရှင်းရမယ့်ပုစ္ဆာတစ်ခုပဲ…"

အင်မော်တယ်က ကောဖေးဟူ တုံ့ပြန်မည့်စကားကို စောင့်မနေဘဲ ဆက်ပြောလိုက်သည်။

"ငါတို့ရဲ့မိတ်ဆွေလေး(၂)ယောက် ပြောပြလို့ သူ့ရဲ့အုတ်ဂူက နှင်းတောင်တန်းတွေထဲမှာ ရှိနေတယ်ဆိုတာကို သိလိုက်ရတယ်။ အဲဒီနေရာမှာ တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ထိန်းသိမ်းထားတာတောင် ဖြစ်နိုင်တယ်။ ငါတို့က အင်မော်တယ်ဘိုးဘေးရဲ့ တပည့်တွေဆိုမှတော့ ကိုယ်တိုင်စုံစမ်းစစ်ဆေးသင့်တယ် မဟုတ်လား…"

အပြင်ဘက်တွင် ဒူးထောက်နေသော သိုင်းပညာရှင်များက အခန်းတွင်းသို့ ပြန်ဝင်သွားသော မုန့်ချီနှင့်ကျန်းကျိဝေတို့ကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။

ညအချိန်ကတော့ နောက်တစ်ကြိမ်ပြန်ပြီး တိတ်ဆိတ်သွားခဲ့ပြန်၏။ သူတို့က အချိန်ပင် သေချာမသိတော့ဘဲ တံခါးဖွင့်သံကြားသည့်အချိန်မှသာ အသိပြန်ဝင်လာခဲ့ကြသည်။ သူတို့က အတော်လေးကိုဝမ်းသာသွားခဲ့၏။

သခင်လေးစုက သူတို့ကိုလာရောက်မေးမြန်းတော့မည်ဟု တွေးလိုက်မိသည့်အချိန်တွင် စက်ရုပ်မြင်းလှည်းတစ်စီးက ရှေ့တွင် ရပ်လိုက်သည့်အသံကို ကြားလိုက်ရသည်။ ထို့နောက် သခင်လေးစုနှင့် မိန်းကလေးကျန်းတို့က မြင်းလှည်းပေါ်သို့ တက်သွားခဲ့ပြီး အာရုံတက်သည်နှင့် ထွက်ခွာသွားခဲ့၏။

သိုင်းပညာရှင်များက ချက်ချင်းပင် ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်လိုက်ကြသည်။ သူတို့က နာရီပေါင်းများစွာ ဒူးထောက်နေခဲ့ပြီးနောက် မတ်တပ်ရပ်ရန်ပင် ခက်ခဲနေခဲ့၏။ သူတို့က ထွက်ခွာသွားသော မြင်းလှည်း၏နောက်မှ ထပ်ကြပ်မခွာ လိုက်သွားကြသည်။

မြင်းလှည်းက မြို့အပြင်ဘက်ကို မောင်းနှင်နေခြင်းဖြစ်ပြီး တောင်တန်းများပေါ်သို့ဦးတည်နေခဲ့သည်။ နေ့လည်ခင်း ရောက်သည့်အချိန်တွင် ချန်းဟွမ်က တည်းခိုဆောင်သို့ ရောက်လာခဲ့သည်။

သူက မုန့်ချီနှင့်ကျန်းကျိဝေတို့ကို ဖိတ်ခေါ်ရန် စာတစ်စောင် လာပေးခြင်းဖြစ်သည်။ သို့သော် သူ ရောက်လာသည့်အချိန်တွင် သူတို့(၂)ယောက်လုံး ထွက်သွားကြောင်းသာ တွေ့လိုက်ရ၏။ နံရံပေါ်တွင်တော့ သူတို့ရေးသားထားသော မှတ်စုလေး ရှိနေသည်။

"အချိန်ကျလာရင် ကျွန်တော်တို့က အမှောင်နန်းတော်ကို လာလည်ပါ့မယ်…"

Translated by Hein Htet.

All Chapters