← Chapters

အခန်း (၅၃၁)

Vol. 36 Ch. 531

အခန်း (၅၃၁)

Vol. 36 Ch. 531

အညိုရောင်မြင်းလှည်း၏ရှေ့တွင် အနက်ရောင် ကန့်လန့်ကာ တစ်ခုကို တွဲလောင်းချထားခဲ့သည်။ ထိုအရာက အပြင်ဘက်မှနေ၍ မြင်းလှည်းအတွင်းထဲကို စစ်ဆေးကြည့်ရန် ကာကွယ်ထားခြင်းလည်း ဖြစ်သည်။ ကန့်လန့်ကာပေါ်တွင် နတ်သမီးများ လှုပ်ရှားကခုန်နေသည့် ပုံရိပ်များလည်း ရှိနေပြီး ထိုအရာက လေထဲတွင် အထီးကျန်ဆန်မှုနှင့် မြင့်မြတ်သော ခံစားမှုတစ်ခုတို့ကို ပေးစွမ်းနိုင်သည်။

အနက်ရောင်မြင်းစက်ရုပ်များက မြင်းလှည်းကို ဆွဲသွားပြီး တောင်ကုန်းပေါ်မှ တစ်ဟုန်ထိုးဆင်းလာခဲ့၏။ သူတို့က မြေပြင်ပေါ်တွင် သွားလာနေသည့်အလား ထင်မှတ်ရသည်။

သိုင်းပညာရှင်များကတော့ မြင်းလှည်း၏အရှိန်ကို အမှီလိုက်နိုင်ရန် အတော်လေးကို ကြိုးစားအားထုတ်နေကြရသည်။ သူတို့က ခက်ခက်ခဲခဲ ကြိုးစားနေကြသော်လည်း အတွင်းထဲတွင် ရှိနေသော မုန့်ချီနှင့် ကျန်းကျိဝေတို့ကို လုံးဝလှမ်းကြည့်နိုင်ခြင်း မရှိကြပေ။

မြင်းလှည်းက တောင်ပေါ်တွင် ရှိနေသော တွင်းချိုင့်ကြီးများကို ဖြတ်ကျော်သွားခဲ့ပြီး နောက်တွင် လိုက်လာသူများကို မမြင်ရသည့်အလား တစ်လိမ့်လိမ့်ဆက်၍ သွားနေခဲ့သည်။

ထိုခရီးလမ်းက ရက်ပေါင်းများစွာ မရပ်မနား သွားလာနေခဲ့ပြီး မြင်းလှည်းက အလွန်ဆိုးသွမ်းသော ဖုန်းဆိုးမြေကြီးတစ်ခုကို ရောက်လာခဲ့သည်။ အဝေးတွင် မှော်သားရဲများ၏ အော်ဟစ်သံများကို ကြားနေရပြီး တစ်ခါတစ်ရံ လူတိုင်း၏ရင်ထဲတွင် ကြောက်လန့်သွားစေနိုင်သော အသံများ ထွက်ပေါ်လာခဲ့သည်။

"သခင်လေးစုနဲ့ မိန်းကလေးကျန်းတို့က ဘယ်နေရာကိုသွားဖို့ စီစဉ်နေကြတာလဲ ... "

သိုင်းပညာရှင်များကတော့ သူတို့၏ခြေထောက်တွင် နာကျင်မှုများကို ခံစားနေရပြီး တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေကြသည်။ သူတို့၏ရင်ထဲတွင်လည်း သံသယများ စတင်ဝင်ရောက်လာခဲ့၏။

"ပြည့်စုံခြင်းဂိုဏ်းက အင်မော်တယ်ယွင်ဟယ် လာလည်ပြီးသွားတဲ့အချိန်မှာ သူတို့က ရုတ်တရက် ထွက်သွားခဲ့တယ် ... "

နဖူးပေါ်တွင် အမာရွတ် ရှိနေသော လူငယ်က အသက်ကို မနည်းရှုနေရသည်။

"သူတို့က ဒီလောက်ခြောက်ကပ်နေတဲ့ ဖုန်းဆိုးမြေထဲမှာ သွားလာနေတယ်။ သူတို့က ခြောက်သွေ့ပြီး ခက်ခဲတဲ့ အခြေအနေတွေမှာပဲ သွားနေကြတယ် ။ သူတို့က ထွက်ပြေးနေကြတာများလား။ သူတို့နဲ့ ပြည့်စုံခြင်းဂိုဏ်းရဲ့ ဆွေးနွေးမှုက အဆင်မပြေဘူးလား ..."

သူတို့က ထိုအရာကို စဉ်းစားကြည့်မိလေလေ သူတို့၏ထင်မြင်ချက်က အမှန်တရားနှင့် မဝေးတော့ကြောင်း ခံစားမိလာလေလေ ဖြစ်နေခဲ့သည်။

"အစောပိုင်းမှာလည်း သခင်လေးစုက ကျောင်းအုပ်ကျူးကို ရန်စမိခဲ့တယ်..။ အမှောင်နန်းတော်က သူတို့ကို ခေါ်ယူဖို့ ကြိုးစားပါ့မလား။ အခုကြည့်ရတာတော့ ..."

အနည်းငယ်ချောမောသော မိန်းမပျိုက ပြောလိုက်သည်။

သူမ၏အသံကြောင့် လူတိုင်းက တိတ်ဆိတ်သွားခဲ့ပြီး သူ့အဖော်များက အချင်းချင်း လှည့်ကြည့်လိုက်မိကြသည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ လူစိမ်း(၂)ယောက်က ဒီကုန်းမြေကြီးထဲမှာ အစွမ်းထက်ဆုံး အဖွဲ့အစည်း(၂)ခုရဲ့ ဒေါသကို ရှောင်စရာနေရာမှ မရှိတာ...။ အမှောင်နန်းတော်ကလည်း သူတို့နဲ့ ညှိနှိုင်းမှာ မဟုတ်သလို ပြည့်စုံခြင်းဂိုဏ်းနဲ့ ဆွေးနွေးမှုကလည်း အဆင်မပြေတော့ဘူး.."

သခင်လေးစုနှင့် မိန်းကလေးကျန်းတို့က သာမန်ကျောင်းအုပ်တစ်ယောက်ထက် ပို၍အစွမ်းထက်နိုင်သည်။ ထိုသို့ဆိုရာတွင် သူတို့က ကျောင်းအုပ်အကြီးအကဲများနှင့် အင်မော်တယ်များ၏ အစွမ်းကိုတော့ ဆန့်ကျင်နိုင်ခြင်း မရှိနိုင်ပေ။ အင်မော်တယ်များကတော့ သာမန်ကျောင်းအုပ်များကို အေးအေးဆေးဆေး အနိုင်ရနိုင်သည်ဟုပင် ကြားဖူးခဲ့သည်။

"ဒါဆိုရင် ငါတို့က သူတို့နောက်ကို ဆက်ပြီး လိုက်သင့်သေးလား ... "

မေးရိုးလေးထောင့်နှင့် လူငယ်က တွေဝေစွာ မေးလိုက်သည်။

"ငါတို့က အစွမ်းထက်တဲ့ သိုင်းပညာတွေကို ရခဲ့မယ်ဆိုရင်တောင် ဒီကမ္ဘာမြေကြီးထဲမှာ အစွမ်းထက်ဆုံး အဖွဲ့ကြီး(၂)ခုရဲ့ ဒေါသတကြီး တုံ့ပြန်မှုတွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ စက္ကန့်တိုင်းမှာ သူတို့ရဲ့အသက်တွေက ပုပ်ပွနေတဲ့ အရာတွေလို ဖြစ်သွားနိုင်တယ်…"

"ဒါတွေအားလုံးက ငါတို့ရဲ့အခြေအမြစ်မရှိတဲ့ ထင်မြင်ချက်တွေ သက်သက်ပဲ ... "

ခေါင်းဆောင်မိန်းမပျိုက ဝင်ပြောလိုက်သည်။

"သခင်လေးစုနဲ့ မိန်းကလေးကျန်းတို့က မြင်းလှည်းစီးပြီး ထွက်ပြေးဖို့ လိုအပ်လို့လား ..။ သူတို့သာ ထွက်ပြေးချင်တယ်ဆိုရင် ကောင်းကင်ပေါ်ကို ပျံသန်းသွားရုံပဲလေ.."

"ကြည့်ရတာတော့ မြင်းလှည်းထဲမှာ လူတစ်ယောက်မှ မရှိနိုင်ဘူး ..။ နောက်ကနေ လိုက်လာတဲ့သူတွေကို အာရုံလွှဲလိုက်တာပဲ ဖြစ်နိုင်တယ်…"

အမာရွတ်နှင့် လူက ရှင်းပြလိုက်ပြီး သူက ဆက်သွားနေသော မြင်းလှည်းကို စိုက်ကြည့်နေမိခဲ့သည်။

ရုတ်တရက်ဆိုသလို သူက မြင်းလှည်း၏အနားကို ကပ်သွားချင်နေပြီး အတွင်းထဲကို ခိုးကြည့်ချင်နေခဲ့၏။ သို့သော် သူက အတွင်းထဲတွင် ရှိနေသူ၏ ကြောက်စရာကောင်းသော တုံ့ပြန်မှုကိုလည်း ကြောက်လန့်နေသေးသည်။

"ဟုတ်တယ် .။ သူတို့က ငါတို့ရဲ့ တောင်းပန်မှုကိုတောင် တုံ့ပြန်ခဲ့တာ မဟုတ်ဘူး ..။ ငါတို့တောင်းပန်တဲ့အရာတွေကို သူတို့က မကြားချင်ယောင်ဆောင်နေတာ။ ကြည့်ရတာတော့ သူတို့ရဲ့သိုင်းပညာတွေကို ငါတို့ဆီ သင်ကြားပေးဖို့ ဆန္ဒမရှိဘူးထင်တယ်။ ငါတို့က နောက်ကနေ ဆက်ပြီးလိုက်သွားမယ်ဆိုရင်တောင် အရူးလုပ်ခံရမှာပဲ…"

မိန်းမလှလေးတစ်ယောက်က သူမ၏အရှိန်ကို လျော့လိုက်ပြီး သံသယဝင်စွာ ပြောလိုက်သည်။

ခေါင်းဆောင်မိန်းမပျိုကတော့ သူမ၏အဖော်များကို လှည့်ကြည့်လိုက်၏။ သူမက မျက်နှာပျက်သွားပြီး တိတ်တဆိတ် ပြောလိုက်သည်။

"ငါက ယန္တရားပညာတွေ သင်ကြားတဲ့နေရာမှာ မအောင်မြင်ခဲ့ဘူး ...။ အဆောင်တွေ၊ တံဆိပ်တွေ ဖန်တီးဖို့ သင်ယူတဲ့နေရာမှာလည်း ပါရမီမပါဘူး ။ ဒါကြောင့် ငါက သိုင်းပညာကို လေ့လာခဲ့ပြီး ဓားသိုင်းပညာကို အလေးထားခဲ့တယ်။ အဲဒါကသာ သူရဲကောင်းတစ်ယောက်ရဲ့ လမ်းစဉ်ပဲ။ ဒါပေမယ့် အဲဒီလမ်းက ခက်ခဲကြမ်းတမ်းနိုင်တယ်..”

“လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ငါတို့ဆီမှာ မျှော်လင့်ချက်အားလုံး ဆုံးရှုံးနေခဲ့တာ။ ငါတို့က ပတ်ပတ်လည်မှာ ရှိနေတဲ့ လူတွေလိုပဲ။ သိုင်းလောကကို ရည်မှန်းချက်နဲ့ ဖြတ်သန်းလာတဲ့လူတိုင်းက စိတ်ဓာတ်ကျမှုနဲ့ ဝမ်းနည်းမှုတွေကို ခံစားကြရတယ်။ နောက်ဆုံးမှာတော့ သူတို့က နေအိမ်တွေကို စောင့်ကြပ်ဖို့ သာမန်အစောင့် တစ်ယောက်အဖြစ်ပဲ လုပ်ဆောင်နိုင်ကြတယ်။ ဒါမှမဟုတ် ငါတို့က ငါတို့ရဲ့ကံကြမ္မာကို မြှင့်တင်ပေးနိုင်တဲ့ ယောင်္ကျားတစ်ယောက်ကို စောင့်ရမှာလား။ ငါတို့ရဲ့ ငယ်ရွယ်နုပျိုခြင်းတွေကို သူတို့ရဲ့လက်ထဲ ပေးအပ်လိုက်ဖို့ပဲ မျှော်လင့်နေရမှာလား…”

“ဒါပေမဲ့ သခင်လေးစုက သူ့လက်ညှိုးနဲ့ ဓားစက်လုံးကို ဖယ်ရှားလိုက်တဲ့အချိန်မှာ သူက ငါတို့အတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်ပေးခဲ့တယ်။ အဲဒါက ငါတို့ကိုယ်တိုင် သဘာဝတရားကြီးနဲ့ ပေါင်းစပ်နိုင်တဲ့ ကမ္ဘာကြီးတစ်ခု။ ငါတို့ရဲ့ခေါင်းဆောင်တွေက ယန္တရားပညာရှင်တွေ၊ အဆောင်တွေ၊ တံဆိပ်တွေထက် နိမ့်ကျနေတာမျိုး မရှိဘူး ...။ သူက နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ နတ်ဘုရားတွေ၊ အင်မော်တယ်တွေလို ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေကို ထုတ်ပြနိုင်တယ်…”

“ငါ ဖန်းဟွာရင်က (၂၃)နှစ်တိတိ ခံနိုင်ရည်ရှိခဲ့တယ်။ (၂၃)နှစ်တိတိ ခိုကိုးရာမဲ့ခဲ့တယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ ငါက စိတ်ဓာတ်ကျမှုတွေနဲ့ ဆက်ပြီး ရှင်သန်နေစရာ မလိုတော့ဘူး။ ရှေ့မှာရှိတဲ့ လမ်းကြောင်းက ဘယ်လောက်ပဲ ခက်ခဲနေပါစေ။ မျှော်လင့်ချက်တွေ ဘယ်လောက်ပဲနည်းနေပါစေ။ ငါ့ရှေ့မှာ ပန်းတိုင်တစ်ခု စောင့်နေတယ်။ ငါတို့ရဲ့အနာဂတ်က ဘယ်လောက်ပဲ မှေးမှိန်နေပါစေ ... ငါက လက်လျှော့မှာမဟုတ်ဘူး။ ငါက ဒီအရာကို ငါ့ရဲ့သိုင်းပညာလေ့ကျင့်မှုမှာ မျှော်လင့်ချက် တစ်ခုအဖြစ် သတ်မှတ်ထားတယ် ။ ကောင်းကင်ဘုံက ငါ့ကိုစောင့်နေတဲ့ သေခြင်းတရားကိုတောင် တားမြစ်နိုင်တယ်…"

သူမက အလွန်တက်ကြွသောအမူအရာနှင့် သူမ၏အဖော်များကို ပြောလိုက်သည့်အချိန်တွင် သူတို့အားလုံးက တိတ်ဆိတ်သွားခဲ့သည်။

"ဝမ်တုံ ၊ မိုရန် ၊ လုဖန်းမင် ၊ ဝမ်ယု…"

ဖန်းဟွာရင်က သူမ၏အဖော်များကို ခေါ်လိုက်သည်။

"တကယ်လို့ နင်တို့က ငါ ဦးဆောင်တဲ့နောက်ကို ဆက်လိုက်ဖို့ တွေဝေနေတယ်ဆိုရင် ငါက နင်တို့ကို အတင်းဆွဲမထားဘူး ။ ဒါပေမယ့် ငါကတော့ သခင်လေးစုနဲ့ မိန်းကလေးကျန်းတို့ လက်ခံလာတဲ့အချိန်အထိ လိုက်သွားနေဦးမှာပဲ…"

မိန်းမလှလေးတစ်ယောက်ဖြစ်သော မိုရန်က ခဏကြာ တိတ်တဆိတ် စဉ်းစားနေခဲ့သည်။ သူမက ပထမဆုံးပြောလိုက်၏။

"ငါတို့က တစ်ညလုံး ဒူးထောက်ခဲ့တယ် .။ ဒါပေမဲ့ သခင်လေးစုက ငါတို့ကို တုံ့ပြန်မှုတောင် မပေးခဲ့ဘူး။ ငါကတော့ ဒီလိုအကျိုးမရှိတဲ့ တောင်းဆိုမှုမျိုးကို ဆက်ပြီးတော့ မကြိုးစားချင်တော့ဘူး။ သူတို့ခရီးသွားနေတာ ရက်ပေါင်းများစွာ ကြာနေပြီ။ သူတို့က တစ်နေရာရာကနေ ထွက်ပြေးနေသလိုမျိုးပဲ ...”

“သူတို့က ထွက်ပြေးနေတာ သေချာတယ်။ ငါတို့က သူတို့ရဲ့နောက်ကို ဆက်လိုက်မယ်ဆိုရင် အန္တရာယ်တွေကလွဲရင် ဘာမှရမှာမဟုတ်ဘူး ။ မျှော်လင့်ချက်ရှိနေတယ်ဆိုရင်တော့ ငါတို့က ဘာလို့အန္တရာယ်တွေကို ကြောက်နေရမှာလဲ…"

နဖူးပေါ်တွင် အမာရွတ်ရှိနေသော ဝမ်တုံက ဝင်ပြောလိုက်သည်။

မေးရိုးလေးထောင့်နှင့် လုဖန်းမင်ကလည်း သံသယဝင်နေသော အမူအရာနှင့် ပြောလိုက်၏။

"ငါ ... ငါ့ဆီမှာလည်း အဲဒီလိုအတွေးမျိုးပဲ ရှိတယ်…"

"ဒါဆိုရင် နင်ကရော…"

ဖန်းဟွာရင်က ဝမ်ယုကို လှည့်ကြည့်လိုက်သည်။ သူမ၏ရင်ထဲတွင်လည်း ကြောက်လန့်သည့် ခံစားမှုတစ်ရပ် ပေါ်ပေါက်လာခဲ့၏။ သူမ ရွေးချယ်လိုက်သော လမ်းကြောင်းက အထီးကျန်မှု၊ ငြင်းဆန်မှုနှင့် အရှက်တရားများ ပြည့်နှက်နေမှာကို ကြောက်လန့်နေခဲ့၏။အထီးကျန်မှု၊ တွေဝေမှုနှင့် မသက်မသာ ခံစားမှုများက သူမ၏ရင်ထဲသို့ ဖြည်းညင်းစွာ စိမ့်ဝင်လာနေခဲ့သည်။

သူတို့ဆွေးနွေးနေသည့် အချိန်ကတည်းကစပြီး ဆံပင်ဖြူနှင့် လူငယ်လေး ဝမ်ယုက တိတ်ဆိတ်နေခဲ့၏။ သူက မြင်ကွင်းထဲမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားသော အညိုရောင်မြင်းလှည်းကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

"သခင်လေးစုက ကြောက်စရာကောင်းတဲ့ အစွမ်းတွေကို ပြသလိုက်တဲ့ အချိန်ကတည်းကစပြီး ငါက ထွက်သွားဖို့ လုံးဝစဉ်းစားမထားဘူး။ ဒါက တစ်ဘဝမှာ တစ်ကြိမ်သာရမယ့် အခွင့်အရေးတစ်ခုပဲ။ ငါက အသက်ပေးရမယ်ဆိုရင်တောင် ဆက်ပြီးလိုက်မှာပဲ ..။ ငါက ဒီနေ့ဆုံးဖြတ်ချက်ကို တစ်ဘဝလုံး နောင်တမရချင်ဘူး.."

ဝမ်တုံနှင့် တခြားအဖော်(၂)ယောက်တို့က ဖန်းဟွာရင်နှင့် ဝမ်ယုတို့ကို ဖျောင်းဖျနေကြသည်။ နောက်ဆုံးတွင်တော့ သူတို့က လက်(၂)ဖက်ကိုဆုပ်၍ တလေးတစား ဦးညွတ်လိုက်၏။

"မင်းတို့ရဲ့ဆန္ဒတွေ အမှန်တကယ်ဖြစ်လာဖို့ ငါတို့လည်း မျှော်လင့်ပါတယ် ... "

သူတို့က စကားတစ်ခွန်းမျှမပြောဘဲ ပြန်လှည့်ပြီး ထွက်သွားကြသည်။ သူတို့က စိမ်းလန်းနေသော ခြုံပုတ်များ၊သစ်တောကြီးထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

ဖန်းဟွာရင်က ဝမ်ယုကို လှည့်ကြည့်လိုက်သည်။

"ငါတို့က မြင်းလှည်းကို ခြေရာမပျောက်ရအောင် မြန်မြန်လိုက်ကြစို့ ... "

သူမက တိတ်တဆိတ် ပြောလိုက်သည်။

အဖွဲ့ငယ်လေးထဲတွင် သူတို့(၂)ယောက်သာ ရှိတော့သည့်အတွက် မြင်းလှည်း၏ နောက်ကိုလိုက်ရန် ပို၍လွယ်ကူလှ၏။ သူတို့က အနက်ရောင်ကန့်လန့်ကာချထားသော မြင်းလှည်း၏နောက်မှ ကပ်လိုက်လာကြသည်။

ထိုအချိန်တွင် မြင်းလှည်းက အရှိန်အနည်းငယ် နှေးသွားပုံရသည်မှာ အနည်းငယ် ထူးဆန်းသွားသည်။ ရက်အနည်းငယ်ခန့် တိတ်တဆိတ် ကုန်ဆုံးသွားပြန်သည်။ မြင်းလှည်းကတော့ တောင်ကုန်း၊ တောင်တန်းများပေါ်တွင် ဆက်၍ သွားနေခဲ့၏။

ဒုက္ခများ၊ ပင်ပန်းဆင်းရဲမှုနှင့် နာကျင်မှုများက ဖန်းဟွာရင်နှင့်ဝမ်ယုတို့ကို ဆက်တိုက်ထုဆစ်ပေးနေသလို ခံစားနေရသည်။ ထိုအချိန်တွင် မြင်းလှည်းက ဖြည်းညင်းစွာ ရပ်တန့်သွားခဲ့၏။

သူတို့၏အခွင့်အရေးကို မြင်လိုက်ရသည့်အခါ ဖန်းဟွာရင်နှင့်ဝမ်ယုတို့က အစာခြောက်များကို စားသုံးပြီး ရေကို အလျင်စလို သောက်လိုက်သည်။ ရုတ်တရက်ဆိုသလို သစ်တောထဲမှနေ၍ မြင်းစီးသမားများ ထွက်လာခဲ့၏။

သူတို့က မျက်နှာဖုံးအုပ်ထားပြီး လက်ထဲတွင် ဓားများ၊ ဓားရှည်များ၊ ဓားမောက်များ ကိုင်ဆောင်ထားကြသည်။ ထိုမြင်းစီးသမားများက မြင်းကို တစ်ရှိန်ထိုး စီးလာပြီး မြင်းလှည်းဆီကို ဦးတည်နေကြသည်။

ဓားပြခေါင်းဆောင်က အညိုရောင်မြင်းလှည်းကို စိတ်ဝင်စားနေခဲ့၏။ မြင်းလှည်းကို မြင်သည့်အချိန်တွင် သူက တံတွေးကိုသာ မြိုချနေရသည်။ အလွန်ထူးခြားသော စက်ရုပ်မြင်းက မြင်းလှည်းကို ဆွဲနေပြီး မြင်းလှည်း၏ရှေ့ဘက်တွင် ကာထားသော အနက်ရောင်ကန့်လန့်ကာကလည်း အင်မော်တယ်များ၊ နတ်ဘုရားများ၏ ပုံရိပ်ယောင်များကို ပန်းထိုးထားသည်။ သူတို့၏ ကြွယ်ဝချမ်းသာမှုများက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

"ဒီကန့်လန့်ကာရဲ့ နောက်ကနေ ဘာလှုပ်ရှားမှုမှမရှိဘူး ... ကြည့်ရတာတော့ လူမရှိသလိုပဲ…"

ဓားပြခေါင်းဆောင်က တွေးလိုက်မိသည်။

"ငါတို့က မြင်းလှည်းကို စောင့်ရှောက်လာတဲ့ လူ(၂)ယောက်ကို သတ်လိုက်ဖို့ပဲ လိုအပ်တယ် ..။ ဒါဆိုရင် ငါတို့က အမှောင်နန်းတော်က ပြိုင်ဘက်ကင်း ယန္တရားပညာရှင်တွေရဲ့ ဒေါသကို ရင်ဆိုင်ဖို့မလိုတော့ဘူး…”

“တိုက်ခိုက်ကြစို့ ... ညီအစ်ကိုတို့…"

ခေါင်းဆောင်က သူ၏ဓားမောက်ကို ဝှေ့ယမ်းပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ခလွပ် .. ကလုတ် .. ကလုတ် ... ကလုတ် ကလုတ်…"

မြင်းများကို အရှိန်အဟုန်ပြင်းစွာ စီးနင်းလာကြသည်။ မြင်းစီးသမားများက ဖန်းဟွာရင်နှင့်ဝမ်ယုတို့ကို ဝိုင်းရံထားလိုက်ကြ၏။ ဖန်းဟွာရင်နှင့် ဝမ်ယုတို့ကတော့ ထိုအရာကို ရယ်စရာကောင်းသည်ဟု တွေးလိုက်မိကြသည်။

"နင်တို့တွေအားလုံးက သေချင်နေကြတာလား.."

မြင်းစီးသမားများက ဖန်းဟွာရင်နှင့် ဝမ်ယုတို့ကို အနိုင်တိုက်ခိုက်ရန် လုံလောက်သော အစွမ်းများ ရှိနေကြသည်။ ထိုသို့ဆိုရာတွင် သူတို့က သခင်လေးစုနှင့် မိန်းကလေးကျန်းတို့ကို ပြဿနာရှာရဲခြင်းပေလော။

တစ်ဟုန်ထိုးစီးနင်းလာသော မြင်းများက အနားကို ကပ်လာပြီး သူတို့က ဆာလောင်မှုနှင့် လောဘ၏ လွှမ်းမိုးခြင်း ခံနေရသည်။ ကန့်လန့်ကာ၏ တခြားတစ်ဖက်မှ လှုပ်ရှားမှုများမရှိခဲ့ချေ။ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

ထိုအချိန်တွင် မြင်းလှည်း‌၏နောက်မှ လိုက်လာသော ဖန်းဟွာရင်နှင့် ဝမ်ယုတို့က စတင်ကြောက်လန့်လာကြသည်။

"မြင်းလှည်းထဲမှာ ဘာမှမရှိဘူးလား ... "

"ဟုတ်တယ် ... မြင်းလှည်းက ရပ်သွားပြီ။ တကယ်လို့ သခင်လေးစုက မြင်းလှည်းထဲမှာ ရှိတယ်ဆိုရင် သူ့လို ပညာရှင်တစ်ယောက်က မြင်းလှည်းကို ရပ်ဖို့ခက်တယ် ..။ ဒီမြင်းလှည်းထဲမှာ ဘာမှမရှိတာဘဲ ဖြစ်နိုင်တယ်။ ငါတို့က မြင်းလှည်းကိုထားခဲ့ပြီး ဓားပြတွေရဲ့လက်ထဲကနေ ထွက်သွားသင့်လား ... "

သူတို့(၂)ယောက်က ပင်ပန်းချိနဲ့နေသော ခန္ဓာကိုယ်အခြေအနေနှင့် ဓားပြအရေအတွက်ကို စဉ်းစားပြီး တွေးနေမိကြသည်။ထိုအချိန်တွင် နောက်ပြန်ဆုတ်လိုသောအတွေးကသာ သူတို့၏ခေါင်းထဲတွင် စတင်ထွက်ပေါ်လာခဲ့၏။

သူမ၏အတွေးများကလည်း တဖြည်းဖြည်း ပြင်းထန်လာပြီး သူမကို ထွက်ပြေးရန် တိုက်တွန်းနေခဲ့သည်။ ထိုအစား သူမက အံကြိတ်လိုက်၏။ သူမက အားနည်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ကျိန်ဆဲမိပါတော့သည်။

"ငါက ဘယ်လိုအခက်အခဲမျိုးပဲကြုံကြုံ ဆက်ပြီးတော့ လိုက်နေမယ်လို့ ငါ့ကိုယ်ငါ ကတိပေးထားတယ်။ တကယ်လို့ ငါက မြင်းလှည်းတစ်စီးကိုတောင် ကာကွယ်ဖို့ မအောင်မြင်ဘူးဆိုရင် သခင်လေးစုနဲ့ မိန်းကလေးကျန်းတို့ကို ဘယ်လိုရင်ဆိုင်ရမှာလဲ.."

လေထဲတွင် ဖုန်မှုန့်များ ထွက်ပေါ်လာပြီး သူမက ခက်ခက်ခဲခဲ မတ်တပ်ရပ်၍ တိုက်ခိုက်လာသော မြင်းစီးသမားများ၏ အပြင်ဘက်တွင် ရပ်လိုက်သည်။ ထို့နောက်သူမက ဝိုင်းရံလာသော ဓားပြများ၏ လက်ထဲမှ လွတ်မြောက်စေရန် ရှောင်တိမ်းလိုက်၏။

သူမက မြေကြီးက ိုအားယူပြီး လေထဲသို့ ခုန်လိုက်၏။ ထို့နောက် မြင်းစီးသမားများကို မတိုက်ခိုက်ခင် မြင်းများကို ဓားနှင့် ခုတ်ချလိုက်သည်။ ဝမ်ယုကလည်း သူ့နောက်မှ လိုက်လာပြီး သူမ၏တိုက်ခိုက်မှုကို ယှဉ်နိုင်အောင် အကောင်းဆုံးကြိုးစားနေခဲ့သည်။

ထိုသို့ဆိုရာတွင် သူတို့က ပင်ပန်းနွမ်းနယ်နေကြသည့်အတွက် သူတို့၏လှုပ်ရှားမှုများက နှေးကွေးနေသည်။ အကယ်၍ ဖန်းဟွာရင်နှင့်ဝမ်ယုတို့ကသာ အကောင်းဆုံး အခြေအနေရှိနေလျှင် ဓားပြများက သူတို့အတွက် စိန်ခေါ်မှုပင်မဖြစ်နိုင်ပေ။

သူတို့၏ တိုက်ခိုက်မှုကို မြင်လိုက်ရသည့်အခါ ဓားပြများကလည်း ပြန်လည်တုံ့ပြန်နေကြ၏။ ဖန်းဟွာရင်က ဘေးသို့ရှောင်ထွက်လိုက်ပြီး သူမကို ခုတ်ရန် ကြိုးစားနေသော ဓား၏လက်ထဲမှ သီသီလေးသာ ရှောင်နိုင်ခဲ့သည်။

ထိုအချိန်တွင် ခရီးစဉ်တစ်ခုလုံး တောင့်ခံထားခဲ့သော စွမ်းအားကုန်ဆုံးမှုက သူမကို လွှမ်းမိုးသွားခဲ့၏။ ထိုအချိန်တွင် သူမ၏ခြေထောက်က နာကျင်သွားခဲ့ပြီး ဖန်းဟွာရင်က ဒူးထောက်လဲကျသွားခဲ့သည်။ သူမက အလွန်အေးစက်သော ဓားကို ဆုပ်ကိုင်လိုက်၏။

"ငါက ဒီနေရာမှာ သေဆုံးသွားရတော့မှာလား ... ဒါဆိုရင် ငါ့လမ်းစဉ်အဆုံးသတ်က ဒါပဲလား။ မဟုတ်ဘူး ... ငါက ကံကြမ္မာကို လက်မခံနိုင်ဘူး…"

သူမက စွမ်းအားများ၊ သတ္တိများကို စုစည်းလိုက်ပြီး ခံစားချက်များကို ဖယ်ရှားလိုက်သည်။ သူမက မြေပြင်ပေါ်တွင် အားတင်း၍ လှိမ့်လိုက်၏။ သူမ၏အသက်က သူမ၏လက်ထဲတွင်သာ မှီခိုနေသည်။

သူမက တိုက်ခိုက်လိုက်သော ရန်သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်ခဲ့၏။ ရုတ်တရက်ဆိုသလို သူမ၏စိတ်ထဲတွင် လူတစ်ယောက်၏ နွေးထွေးပျော့ပြောင်းသောအသံကို ကြားလိုက်ရသည်။

"ဓားကို မြှောက်ပြီး အပေါ်တည့်တည့်ကို ထိုးလိုက်…"

ထိုအသံက ပြောလိုက်သည်။

"သခင်လေးစုလား…"

သူမကို စိတ်ထဲမှ မည်သူပြောလိုက်ကြောင်း သိသွားသည့်အတွက် ဖန်းဟွာရင်က တုန်လှုပ်သွားခဲ့သည်။ သူမကတော့ အကြွင်းမဲ့ယုံကြည်မှုမျိုးနှင့် သူမ၏ဓားကို အပေါ်တည့်တည့်သို့ ထိုးလိုက်၏။ သူမ၏ယုံကြည်မှုများက ဆုလာဘ်အဖြစ် ယူဆောင်လာခဲ့သည်။

သူမ၏ဓားက ဓားမောက်၏ဘေးဘက်ကို အမှန်တကယ် တိုက်ခိုက်မိခဲ့သည်။ ဓားမောက်က သူမ၏ တိုက်ခိုက်မှုကြောင့် လွဲချော်သွားခဲ့ပြီး သူမကို ပစ်မှတ်ထားနေသော တခြားဓား(၂)လက်ကလည်း နောက်ပြန်လွင့်သွားခဲ့၏။

ထိုအရာများအားလုံးက သိုင်းကွက်တစ်ကွက်တည်းသာဖြစ်ပြီး ဆုံးဖြတ်ချက် ပြတ်သားမှုက အခြေအနေကို ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဖန်းဟွာရင်၏ရင်ထဲ၌ အံ့ဩမှင်တက်နေသော ခံစားချက်များ ပေါ်လာခဲ့သည်။

သူမ၏စွမ်းအားနှင့် စိတ်ဆန္ဒများကလည်း အသစ်ပြန်လည်ရှင်သန်လာခဲ့ပြီး သူမက တိုက်ပွဲကို ဆက်လက်တိုက်ခိုက်ရန် ဓားကို ဝှေ့ယမ်းလိုက်သည်။ သူတို့၏ပုံစံက အေးအေးဆေးဆေး ဖြစ်သွားပုံရ၏။

ဓားပြများက သူတို့၏အရေအတွက် များပြားသည်ဟု တွေးမိခဲ့သည့်အချိန်တွင် ယုံကြည်ချက်များ ရှိလာသည်။ ထိုလူငယ်နှင့် မိန်းမပျိုတို့က သူတို့ကို တောင့်ခံနေနိုင်ပြီး သူတို့၏တိုက်ခိုက်မှုများကို ရှောင်တိမ်း၍ ပြန်လည်တိုက်ခိုက်နိုင်လိမ့်မည်ဟု သူတို့လည်း လုံးဝမထင်ထားခဲ့ကြပေ။ သူတို့၏ တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းက အမှန်တကယ်ကို နက်ရှိုင်းလွန်းလှပြီး တစ်ကြိမ်လျှင် သူတို့၏အသက်ကို ယူဆောင်သွားနိုင်နေ၏။

သိပ်မကြာခင် ဖန်းဟွာရင်နှင့်ဝမ်ယုတို့က မြင်းဓားပြများကို ဖယ်ရှားနိုင်ခဲ့သည်။ မြင်းများကသာ သစ်တော၏အစွန်တွင် ကျန်နေခဲ့၏။ သိပ်မကြာခင် မြင်းလှည်းက အဆုံးမဲ့ခရီးလမ်းကို ဆက်၍ သွားနေခဲ့၏။

နိုးလာသည့် ဓားပြတစ်ယောက်ကတော့ ဖြည်းညင်းစွာ ထွက်သွားနေသော မြင်းလှည်းကို လှမ်းကြည့်လိုက်မိသည်။ သူ၏မျက်လုံးများက ဝေဝါးသွားခဲ့ပြီးနောက် မြင်းလှည်းက သူ့ကိုဖြတ်ကျော်သွားကြောင်း မြင်လိုက်ရ၏။ အနက်ရောင် ကန့်လန့်ကာကတော့ ငြိမ်သက်နေပြီး လှုပ်ရှားမှုအနည်းငယ်လေးပင် မရှိချေ။

ထိုအချိန်တွင် မြင်းလှည်း၏ ပတ်ပတ်လည်၌ အလွန်လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်တစ်ခု ပျံ့နှံ့နေခဲ့၏။ သူတို့ကို အနိုင်ယူခဲ့သော လူငယ်နှင့် မိန်းမပျိုတို့ကတော့ ယခု မြင်းလှည်းမောင်းသူ နေရာတွင် ထိုင်နေကြပြီး စက်ရုပ်မြင်းလှည်းကို ရှေ့သို့ မောင်းနှင်နေကြ၏။ မြင်းလှည်းက ဖြည်းညင်းစွာ သွားလာနေရင်း သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

……….

သိုင်းလောက သူရဲကောင်းများအားလုံးက တည်းခိုဆောင်တစ်ခု၏ အခန်းထဲတွင် စကားပြောနေကြသည်။

"မင်းတို့ကြားပြီးသွားပြီလား။ ထူးဆန်းတဲ့ မြင်းလှည်းတစ်စီးက လှည့်ပတ်သွားလာနေပြီး သူ့ရဲ့ရှေ့မှာလည်း အနက်ရောင် ကန့်လန့်ကာတစ်ခု ချထားတယ်တဲ့။ လူတွေပြောကြတာတော့ ဒီမြင်းလှည်းက အမှောင်နန်းတော်ဆီကို သွားနေတယ်လို့ ပြောကြတာပဲ..”

“မြင်းလှည်းရဲ့ရှေ့မှာတော့ သူရဲကောင်း(၂)ယောက်ရှိနေတယ် ..။ သူတို့နှစ်ယောက်လုံးက ကျင်းမြစ်ကမ်း တစ္ဆေ(၅)ဖော်နဲ့ တန်းရှန် (၇)ဖော်တို့ကိုတောင် အနိုင်ရခဲ့တယ်လို့ ပြောတယ်။ အဆောင်နဲ့ တံဆိပ်ပြားကျင့်ကြံသူတွေ၊ ယန္တရားပညာရှင်တွေကတောင် ဒီလိုအရာမျိုးကို မလုပ်နိုင်ဘူး မဟုတ်လား ... "

အလွန်စိတ်ဝင်စားနေသူများကြားထဲတွင် ထိုသတင်းက ကောလာဟလတစ်ခုကဲ့သို့ ပျံ့နှံနေခဲ့၏။

"ဒီလိုပြိုင်ဘက်ကင်းစွမ်းရည်မျိုး ပိုင်ဆိုင်ထားတဲ့ သူရဲကောင်း ရှိသေးလို့လား ...။ မြင်းလှည်းထဲမှာ စီးလာတာက ဘယ်သူလဲ ... ဒါက ပြည့်စုံခြင်းဂိုဏ်းက ကျင့်ကြံသူတစ်ယောက်လား ဒါမှမဟုတ် အမှောင်နန်းတော်က ယန္တရားပညာရှင်တစ်ယောက်လား…"

ထိုသတင်းကို ကြားရသူတိုင်းက မယုံကြည်နိုင်ဖွယ်ရာ ဒဏ္ဍာရီတစ်ခုကို ကြားလိုက်ရသည့်အလား အံ့ဩမှင်တက်နေသလို ခံစားနေရသည်။

"မဖြစ်နိုင်ဘူး ... ပြည့်စုံခြင်းဂိုဏ်းနဲ့ အမှောင်နန်းတော်က တပည့်တွေသာ မြင်းလှည်းထဲမှာ ရှိနေမယ်ဆိုရင် ကျင်းမြစ်ကမ်း တစ္ဆေ(၅)ဖော်က လုံးဝတိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ ဒီမြင်းလှည်းထဲမှာ ဘာမှမရှိဘူးလို့ ပြောကြတာပဲ ။ အဲဒီအထဲမှာ လျို့ဝှက်ချက်တစ်ခုတော့ ရှိနိုင်တယ်။ အရမ်းကိုကြီးကြယ်ခမ်းနားပြီး အစွမ်းထက်တဲ့ လျှို့ဝှက်ချက်တစ်ခု ... "

"မဟုတ်သေးဘူး ... မြင်းလှည်းထဲမှာ တစ်ယောက်ယောက် သေချာပေါက် ရှိနေတယ်။ ဒါပေမယ့် အဲဒါက ပြည့်စုံခြင်းဂိုဏ်းက ကျင့်ကြံသူတစ်ယောက် မဟုတ်သလို ယန္တရားပညာရှင်တစ်ယောက်လည်း မဟုတ်ဘူး ... "

ကွဲပြားခြားနားသော သတင်းများက လမ်းကြိုလမ်းကြားများပါမကျန် ပျံ့နှံ့နေခဲ့သည်။ သိုင်းလောကသားများစွာက သစ်ပင်များ၊ ကျောက်တုံးကြီးများ၊ လူမရှိသော လမ်းသွယ်ထဲရှိ ဧရာမကျောက်တုံးကြီးများ၏ နောက်ကွယ်တွင် ပုန်းကွယ်နေပြီး လျှို့ဝှက်ဆန်းကြယ်သည့် မြင်းလှည်းကို ခိုးကြည့်ရန် ကြိုးစားနေကြသည်။

အချိန်မည်မျှကြာသွားကြောင်း မည်သူကမျှ မသိကြပေ။ ထိုအချိန်တွင် သူတို့က အဝေးမှနေ၍ မြင်းခွာသံတချို့ကို ကြားလိုက်ရ၏။ သူတို့ပုန်းနေသော နေရာမှနေ၍ မြင်းလှည်းတစ်စီး အနားကို ကပ်လာကြောင်း မြင်လိုက်ရသည်။

မြင်းလှည်း၏ရှေ့တွင်တော့ အတွင်းထဲသို့ ခိုးကြည့်ခြင်းကို ကာကွယ်ထားသော အနက်ရောင်ကန့်လန့်ကာတစ်ခု ရှိနေသည်။ အတွင်းထဲတွင် ရှိနေသော လှုပ်ရှားမှုများကို လုံးဝမမြင်ရပေ။ အနားကို ကပ်လာသောမြင်းလှည်းက အလွန်လျှို့ဝှက်ပြီး ထူးခြားဆန်းကြယ်လွန်းလှသည်။

မြင်းလှည်း၏ရှေ့တွင်တော့ လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ထိုင်နေကြ၏။ သူတို့ကတော့ လေ့ကျင့်နေသည့်အလား မျက်လုံး(၂)ဖက် မှိတ်ထားကြသည်။

ရုတ်တရက်ဆိုသလို အရိပ်(၂)ခုက မြင်းလှည်း၏ရှေ့တွင် ရပ်တန့်လိုက်သည်။ ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး အစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုဓားက လေထဲကို ဖြတ်သန်းသွားခဲ့ပြီး မြင်းလှည်း၏ရှေ့တွင် ရှိနေသော မိန်းမပျိုကို ထိုးနှက်လိုက်သည်။

အနက်ရောင် စက်ရုပ်လူသားက လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားပြီး မြင်းလှည်းကို ကြောက်စရာကောင်းစွာ ဖျက်ဆီးလိုက်၏။

"လူတစ်ယောက်က မြင်းလှည်းကိုတိုက်ခိုက်နေတယ်။ အံ့ဩစရာကောင်းလိုက်တာ ... အမှောင်နန်းတော်နဲ့ ပြည့်စုံခြင်းဂိုဏ်းက တပည့်တွေက တော်တော်လေးကို စွမ်းအားကွာခြားတာပဲ။ နောက်ဆုံးတော့ မြင်းလှည်းရဲ့လျှို့ဝှက်ချက်တွေ ပေါ်လာတော့မယ် ... "

ရောက်လာသော မြင်းလှည်းကိုကြည့်နေသည့် လူတိုင်း၏စိတ်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာကြသည်။ ရုတ်တရက်ဆိုသလို သူတို့အံ့သြသွားကြသည်မှာ မြင်းလှည်းမောင်းသမား လူငယ်က ထိုင်ရာမှထလိုက်၏။

တခဏအတွင်း သူက အနက်ရောင်စက်ရုပ်ဆီသို့ ရောက်လာခဲ့သည်။ သူက စက်ရုပ်၏ ဓားရှည်ကို ပွတ်ကာသီကာ ရှောင်တိမ်းနိုင်လိုက်၏။ ထို့နောက် ထိုလူငယ်က စက်ရုပ်၏နောက်သို့ လှိမ့်သွားပြီး အေးစက်စွာ တိုက်ခိုက်လိုက်၏။

စက်ရုပ်က တစ်ဖက်သို့ လျှောကျသွားခဲ့ပြီး အမှန်တကယ် ရပ်တန့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ပြီး မြေပြင်ပေါ်တွင် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့၏။

မြင်းလှည်းမောင်းသမားလူငယ်၏ အေးစက်သော ဓားချက်က နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင်တော့ ယန္တရားပညာရှင်တစ်ယောက်က ဒူးထောက်ကျသွားပြီး သူ၏လည်ပင်းမှနေ၍ သွေးများ စီးကျလာနေခဲ့သည်။

အစိမ်းရင့်ရောင် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည့်အချိန်တွင် မြင်းလှည်းမောင်းသမား မိန်းမပျိုက လေထဲသို့ ခုန်လိုက်ပြီး ရောက်လာသော ဓားပျံတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

"ချွမ်…"

လေထဲတွင် သံချင်းထိခိုက်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အစိမ်းရင့်ရောင်ဓားပျံ၏ အရှင်သခင်က သူ၏တိုက်ခိုက်မှုကို စစ်ဆေးရန်ပင် မအောင်မြင်ခဲ့ပေ။

"ချွမ် ချွမ် ချွမ်…"

သူတို့က ဒေါသတကြီး တိုက်ခိုက်နေသည့်အချိန်တွင် သံချင်းထိခိုက်သံများ ထွက်ပေါ်လာခဲ့သည်။ တိုက်ခိုက်မှုများစွာနှင့်အတူ အဝေးမှနေ၍ နာနာကျင်ကျင် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

မြေပေါ်သို့ နောက်ထပ် အနက်ဝတ် လူတစ်ယောက် သြူ၏နှာခေါင်းထဲမှနေ၍ သွေးများ စီးကျလာနေပြီး သူ၏မျက်လုံး၊ နားနှင့်ပါးစပ်များထဲမှ သွေးများစီးကျ၍ မြေပေါ်တွင် အသက်ကင်းမဲ့စွာ လဲကျနေခဲ့သည်။

သူမ၏ တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းက ဓားပျံနှင့် သခင်၏ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ခြင်းပေလော။ ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းက အံ့ဩမှင်တက်နေကြပြီး ကိုယ့်မျက်လုံး ကိုယ်မယုံကြည်နိုင်သလို ခံစားနေကြရသည်။

လူငယ်က မြင်းလှည်း၏ရှေ့တွင် ရှိနေသော ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ မြင်းလှည်းကတော့ ဆက်၍ ခရီးနှင်သွားပြီး အလောင်း(၂)ခုကို ဖြတ်ကျော်သွားခဲ့သည်။ အနက်ရောင်ကန့်လန့်ကာ၏ နောက်တွင်တော့ မည်သည့်အရာမျှ ထွက်ပေါ်လာခြင်းမရှိချေ။

ထိုမြင်ကွင်းကို မြင်နေရသော သိုင်းလောကသားများအားလုံးက နေရာတွင် ရပ်ကြည့်နေမိကြသည်။ မြင်းလှည်းက တဖြည်းဖြည်း အဝေးသို့ ရွေ့လျားသွားသည့် ပုံရိပ်ကသာ သူတို့၏မျက်လုံးထဲတွင် ပေါ်နေခဲ့၏။ သူတို့က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသော မြင်းလှည်းကို အဝေးမှ ကြည့်နေမိကြသည်။

ထိုအချိန်တွင် မြင်းလှည်း၏ပတ်ပတ်လည်၌ ရွှေရောင်၊အနက်ရောင်နှင့် အဖြူရောင်မီးပွားလေးများ လွှမ်းခြုံနေသလို ထင်မှတ်ရပြီး ကောင်းကင်ဘုံရထားတစ်စီးက သာမန်လူသားကမ္ဘာကြီးကို ရောက်လာသလို ထင်မှတ်ရသည်။

………..

သိုင်းလောကမှ အလွန်ကြွယ်ဝချမ်းသာသော ပညာရှင်တစ်ယောက် ပိုင်ဆိုင်သည့် တောင်တန်းစံအိမ်တစ်ခုထဲတွင် ......

သူရဲကောင်းများစွာက ရည်ရွယ်ချက်တစ်ခုတည်းကြောင့် စုစည်းနေခဲ့၏။

"မြင်းလှည်းထဲမှာ နတ်ဘုရားတစ်ပါး စီးနင်းနေတယ် ... "

"မဟုတ်ဘူး ... အတွင်းထဲမှာ ရှားပါးရတနာတွေ ရှိနိုင်တယ်။ လူတစ်ယောက်ရဲ့ အစွမ်းကို မြှင့်တင်ပေးနိုင်ပြီး နတ်ဘုရားတွေရဲ့အစွမ်းမျိုး ပိုင်ဆိုင်နိုင်တဲ့ ရတနာမျိုးဖြစ်နိုင်တယ်.."

"ငါက အင်မော်တယ်တွေ၊ရတနာတွေကို ဘာမှမလိုအပ်ဘူး ။ တကယ်လို့ ငါ့ဆီမှာသာ မြင်းလှည်းမောင်းသူရဲ့ စွမ်းရည်မျိုး ရှိမယ်ဆိုရင် ငါက ပြည့်စုံခြင်းဂိုဏ်းက ကျင့်ကြံသူတွေထက် နိမ့်ကျမှာ မဟုတ်သလို အမှောင်နန်းတော်က ယန္တရားပညာရှင်တွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင်လည်း နိမ့်ကျမှာ မဟုတ်တော့ဘူး…"

ဝမ်တုံနှင့် သူ့အဖော်(၂)ယောက်ကတော့ အတော်လေးကို မကျေမနပ်ဖြစ်နေပြီး တိတ်ဆိတ်နေကြသည်။

"အခုအချိန်မှာ ငါတို့ အသိချင်ဆုံးအရာကတော့ မြင်းလှည်းက ဘယ်နေရာမှာလဲ ... "

ထိုအချိန်တွင် စံအိမ်သခင်၏ (၁၀)နှစ်သား အရွယ် သားလေးက မြင်းလှည်းအကြောင်း အကြီးအကဲများ၊ ဆရာကြီးများ ဆွေးနွေးနေသည်ကို စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သည်။ ထိုအရာက အထူးခြားဆုံးနှင့် အထူးဆန်းဆုံး မြင်ကွင်းတစ်ခုလည်းဖြစ်၏။

သူက သူတို့ကို စိတ်ဝင်တစား ငေးကြည့်နေပြီး အလွန်အံ့သြစရာကောင်းသည့် ကမ္ဘာကြီး၏အကြောင်းကို နားထောင်နေခဲ့၏။ ထိုအချိန်တွင် သူက လက်(၂)ဖက်ကို မြှောက်လိုက်ပြီး သူ့ရှေ့တွင် လွင့်မျောနေသော အနက်ရောင်နှင့်အဖြူရောင် အလင်းတန်းလေးများကို ထိကြည့်ရန် ကြိုးစားလိုက်သည်။

"ဒါတွေက ဘာတွေလဲ…"

သူက အလွန်စိတ်ဝင်စားနေသော မျက်လုံးများနှင့် မေးလိုက်၏။

သူ့အသံက တိုးတိုးလေးသာဖြစ်သော်လည်း ဆွေးနွေးနေသူများ၏ စကားဝိုင်းကို ထိုးဖောက်လာခဲ့သည်။ လူတိုင်းက သူ့ကိုလှည့်ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် လွင့်မျောနေသော အဖြူရောင်နှင့်အနက်ရောင်အလင်းတန်းလေးများကို သတိထားမိခဲ့၏။

"မြင်းလှည်း ...

လျှို့ဝှက်ဆန်းကြယ်တဲ့ မြင်းလှည်းက ဒီနေရာကို ရောက်လာပြီ…"

ဤနေရာတွင် ရှိနေသော လူတိုင်း၏ခေါင်းထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာခဲ့သည်။

ခန်းမနှင့် စံအိမ်ကြီးထဲတွင် ခြေသံများ ထွက်ပေါ်လာခဲ့ပြီး လူတိုင်းက ဝင်ပေါက်ဆီကို ပြေးသွားခဲ့ကြ၏။ ဝင်ပေါက်၏တံခါးက ပွင့်သွားခဲ့သည်။ ထိုအခါ သူတို့က ညအမှောင်အောက်တွင် ကပ်လာနေသော မြင်းလှည်းတစ်စီးကို မြင်လိုက်ရ၏။

အညိုရောင်မြင်းလှည်း၏ရှေ့တွင်တော့ အနက်ရောင်ကန့်လန့်ကာ တစ်ခုရှိနေသည်။ ကန့်လန့်ကာ၏ရှေ့တွင်တော့ လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့ ထိုင်နေကြသည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော ရွှေ၊ အဖြူရောင်နှင့် အနက်ရောင် အလင်းတန်းများက မြင်းလှည်း၏ပတ်ပတ်လည်တွင် တလက်လက်တောက်ပနေသည်။

အနက်ရောင် ကန့်လန့်ကာပေါ်တွင်လည်း အင်မော်တယ်များ၊နတ်ဘုရားများ၏ ပုံရိပ်ကို ရေးထိုးထားခဲ့၏။ ထိုအရာကတော့ ဒဏ္ဍာရီဆန်သော မြင်းလှည်းဖြစ်ပေသည်။

Translated by Hein Htet.

All Chapters