အခန်း (၅၃၂)
Vol. 36 Ch. 532
လူအုပ်ကြီးက စောင့်ကြည့်နေကြသည့်အချိန်တွင် လှည်းက တောင်ထိပ်စံအိမ်ရှိရာ လမ်းဆီသို့ ဖြည်းညင်းစွာ တက်လာခဲ့သည်။ ထိုလှည်းက တံခါးဝကို ရောက်တော့မည့် အချိန်တွင် ရုတ်တရက် ဘယ်ဘက်ကို လှည့်ပြီး သစ်တောထဲသို့ ဆက်လက်ထွက်ခွာသွားခဲ့၏။
ဖြစ်စဉ်တစ်ခုလုံးတွင် သူ၏အရှိန်က လုံးဝပြောင်းလဲသွားခြင်း မရှိဘဲ ထိုနေရာတွင် လူတစ်ယောက်မျှ မရှိသည့်အလား ဖြည်းညင်းစွာ သွားလာနေခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် မြင်းလှည်းကို မောင်းနှင်နေသော လူ(၂) ယောက်က မျက်လုံး တစ်ဖက်ဖွင့်ပြီး တိတ်တဆိတ် ဆင်းလာကြသည်။
သူတို့က လမ်းတစ်လျှောက်တွင် တစ်လှမ်းချင်းဆီ လိုက်ပါလျှောက်လှမ်းနေခဲ့၏။ သူတို့၏ တိတ်ဆိတ်မှုက မြင်းလှည်း၏ နှေးကွေးလေးလံမှုနှင့် လိုက်ဖက်နေခဲ့သည်။
တောင်ထိပ်စံအိမ် အပြင်ဘက်တွင် စုစည်းနေကြသော သိုင်းလောက သူရဲကောင်းများအားလုံးက တောင်တက်လမ်းအတိုင်း ဆင်းသွားသည့် မြင်းလှည်းကို မျက်လုံးပြူး၍ ကြည့်နေမိကြ၏။ ခဏကြာသည့်တိုင်အောင် သူတို့က မည်သည့်အရာကို ကြည့်နေကြကြောင်း သေချာမသိတော့ပေ။
ထိုအချိန်တွင် နဖူးပေါ်၌ အမာရွတ်ရှိနေသော လူတစ်ယောက်က လူအုပ်ကြီးထဲမှ တိုးထွက်ပြီး မြင်းလှည်း၏ နောက်မှ လိုက်သွားခဲ့သည်။
"မြန်မြန်လိုက်ကြမယ်…"
တစ်ခြားသူများ၏ အော်သံများကိုလည်း ကြားလိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် မြင်းလှည်းနောက်ကို လိုက်သွားကြ၏။
မြင်းလှည်းက ဤနေရာတွင် အကြောင်းပြချက်မရှိ ပေါ်လာရန် လုံးဝမဖြစ်နိုင်ပေ။ မြင်းလှည်းတွင် တပ်ဆင်ထားသော အနက်ရောင် ကန့်လန်ကာကလည်း လှုပ်ရှားသွားခဲ့ခြင်း မရှိချေ။ ထိုမြင်းလှည်းက သစ်တောများ၊ တောင်ကြားများကို ဖြတ်ကျော်သွားခဲ့ပြီး လူအုပ်ကြီးကတော့ မျက်ခြေမပျက်လိုသည့်အတွက် အနားမှကပ်၍ လိုက်သွားခဲ့ကြသည်။
ထိုအချိန်တွင် သူတို့၏နားထဲ၌ လူတစ်ယောက်၏အသံကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
"တည်ငြိမ်အေးချမ်းမှုရှိမယ်ဆိုရင် သမာဓိ ရနိုင်တယ်။ အဲဒီအချိန်မှပဲ ချီစွမ်းအင်တွေ ထွက်ပေါ်လာနိုင်ပြီး အစစ်အမှန် နားလည်လာနိုင်တယ်။ အဲဒီအရာတွေအားလုံးက သွေးကြောမှတ်တွေ အားလုံးမှာ ပြည့်နှက်လာလိမ့်မယ်။ မင်းတို့ရဲ့သွေးကြောတွေကို ကိုယ်ပိုင်နည်းလမ်းနဲ့ ရက်ပေါင်း(၁၀၀) အတောအတွင်း ဖွင့်လှစ်ရလိမ့်မယ်…"
မြင်းလှည်း၏ ပတ်ပတ်လည်တွင် ရှိနေသော ရွှေရောင်နှင့် အဖြူရောင် အလင်းစက်များက လေထဲတွင် ပျံဝဲနေသည်မှာ အထွဋ်အမြတ်ပစ္စည်း တစ်ခုကဲ့သို့ ထင်မှတ်ရသည်။ ကမ္ဘာမြေကြီးပေါ်သို့ အင်မော်တယ်တစ်ပါး ကျဆင်းလာသလို ဖြစ်နေပြီး အလွန်တည်ငြိမ်အေးချမ်းသော အသံကိုသာ ကြားနေရ၏။
သိုင်းလောကသားများအားလုံးကတော့ အနည်းငယ် ပို၍စိတ်လှုပ်ရှားလာကြသည်။
"မြင်းလှည်းထဲတွင် ရှိနေသော အင်မော်တယ်က သူတို့ကို ကျင့်စဉ်များ သင်ကြားပေးနေခြင်းပေလော…"
သူတို့က အတော်လေးကို အံ့သြသွားသလို ခံစားလိုက်ရပြီး အရှိန်လျော့၍ သေချာနားထောင်နေခဲ့ကြသည်။ သူတို့က ထိုစကားလုံးများကို အလွန်ရင်းနှီးနေခဲ့၏။ ကျင့်ကြံသူများ၏ ပထမဆုံးနေ့ရက်များက သူတို့၏ခန္ဓာကိုယ်ကို လေ့ကျင့်ရခြင်းဖြစ်ပြီး ထိုအရာကို ရက်(၁၀၀) အခြေခံလို့ လူသိများသည်။
"စွမ်းအားတွေကို ချီစွမ်းအားအဖြစ် သန့်စင်ပြီးသွားပြီဆိုရင်တော့ စွမ်းအင်နယ်ပယ်ထဲမှာ စတင်စုစည်းနိုင်ပြီ။ ပြီးတော့ ကလေးတစ်ယောက်ကို ဂရုစိုက်သလိုပဲ။ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်းဆီ အဆင့်မြှင့်ရမယ်…”
နောက်မှ လိုက်လာနေသော သိုင်းလောကသားများအားလုံးက သေချာအာရုံစိုက်၍ နားထောင်နေကြပြီး စကားတစ်လုံးကိုပင် လွဲချော်သွားလိုခြင်း မရှိကြပေ။
ထိုအချိန်တွင် ပြောပြနေသော အရာအားလုံးက သူတို့လေ့ကျင့်နေစဉ် အတောအတွင်း ရင်းနှီးနေခဲ့သည့် အရာများ ဖြစ်နေခဲ့သည်။ သူတို့က အင်မော်တယ်က ပြောပြနေသော အရာများနှင့် သူတို့ ကြားဖူးသောအရာများကို နှိုင်းယှဉ်ပြီး မှားယွင်းနေသည့် နေရာများကို ပြန်လည်စစ်ဆေးနေကြ၏။
မြင်းလှည်းက တောင်တက်လမ်းပေါ်သို့ ပြန်လှည့်သွားခဲ့ပြီး ပို၍ မြင့်မားသည့် နေရာကိုပင် တက်လှမ်းသွားခဲ့သည်။ ထိုမြင်းလှည်းက တောင်ထိပ်ပေါ်ကို ဦးတည်နေပြီး ကောင်းကင်ပေါ်ကို ပျံသန်းသွားတော့မလို ထင်မှတ်ရ၏။
အလွန်သိမ်မွေ့နူးညံ့သောလေသံက သူတို့၏ခန္ဓာကိုယ် အတွင်းပိုင်းထဲရှိ အရာများနှင့် ချီစွမ်းအင် လေ့ကျင့်မှုများအကြောင်း ပြောပြခဲ့ပြီးနောက် မြင်းလှည်းက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့သည်။ သိုင်းလောကသားများအားလုံးက ခေါင်းထောင်ပြီး နောက်ထပ်စကားလုံးများကို နားစွင့်နေကြ၏။
သူတို့က တစ်စုံတစ်ခု ပြောချင်နေကြသော်လည်း တစ်ချိန်တည်းလိုလိုပင် မြင်းလှည်းထဲ၌ ရှိနေသောအရာကို အလွန်စိတ်ဝင်စားနေကြ၏။ မြင်းလှည်းထဲတွင် အင်မော်တယ်မရှိလျှင်ပင် ထိုမြင်းလှည်းမောင်းသမား (၂) ယောက်တည်းနှင့် သူတို့ကို သင်ကြားပေးရန် လုံလောက်သည်ထက် ပိုနေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်အရည်အသွေးက သူတို့အသုံးပြုနေသောအရာများ၊ သူတို့၏ ဝိညာဉ်များအပေါ် မှီခိုနေခြင်းများ ဖြစ်နိုင်မည်လော။
သူတို့က ထိုအရာကို မသက်မသာ စဉ်းစားမိလိုက်သည့် အချိန်တွင် လေထဲ၌ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအရာက ရွှေရောင်နှင့် အဖြူရောင်အလင်းတန်းများ ဝန်းရံနေသော မြင်းလှည်းထဲမှနေ၍ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး သီချင်းတစ်ပုဒ် သီဆိုနေသလို ထင်မှတ်ရသည်။
"ကောင်းကင်နဲ့ မြေကြီးကြားထဲမှာ သက်ရှိတွေ တည်ရှိတယ်။ ကောင်းကင်ကြီးပေါ်မှာရှိတဲ့ ကြယ်တွေကို အတုယူပြီး အောက်ဘက်မှာရှိတဲ့ မြေပြင်နဲ့ ဆက်သွယ်ရမယ်။ အပေါ်ဘက်မှာ ကောင်းကင်(၉) သွယ်ရှိသလို ခန္ဓာကိုယ်ထဲမှာလည်း တံခါး (၉) ပေါက်ရှိတယ်။ ကြယ်တွေမှာ အစီအစဉ်ရှိသလို ခန္ဓာကိုယ်ရဲ့သွေးကြောမှတ်တွေထဲမှာလည်း အဲဒီအရာကို ရှာဖွေနိုင်ကြတယ်။ စကြဝဠာကြီးက သဘာဝအတိုင်း အစီအစဉ်တကျ ဖြစ်ပေါ်လာနေပြီး ခန္ဓာကိုယ်ကလည်း အတူတူပဲ ။ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကနေ အတွင်းပိုင်းထဲကို စစ်ဆေးကြည့်လိုက်မယ်ဆိုရင် အရာအားလုံးက အစီအစဉ်တကျဖြစ်နေတယ်…"
ထိုအရာများကတော့ မည်သူမှ မကြားဖူးသေးသော အရာများဖြစ်သည်။ ထိုစကားလုံးများက အသွေးအသားများ၏ လျှို့ဝှက်ချက်များ ဖြစ်နေသည့်အတွက် သူတို့က မျက်လုံးပြူးနေကြ၏။
ထိုစကားလုံးများအရ သူတို့၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်မှုများစွာ ရှိနေခဲ့သည်။ ခန္ဓာကိုယ်ကလည်း သဘာဝတရားကြီးနှင့် တူညီစွာ အဖိုးတန်နေခဲ့၏။ ထိုသို့ဆိုလျှင် ထိုအရာက တာအိုလမ်းစဉ်နှင့် ကမ္ဘာမြေကြီး၏ အနှစ်သာရများကို ဗဟိုပြုထားခြင်း ဖြစ်သည်။
"ငါတို့တွေက ငါတို့ရဲ့အာရုံခံစွမ်းရည်တွေကို မြှင့်တင်ပြီး ဓားပျံတစ်လက် ဒါမှမဟုတ် နတ်ဘုရားအဆောင်တစ်ခုကို လေ့ကျင့်နိုင်ကြတယ်။ အဲဒီလို ထူးခြားတဲ့ ရတနာတွေကို လုံးဝလျစ်လျူရှုလို့ ရနိုင်တာပဲ။ ငါတို့က အပေါ်ယံမှာ ကြွယ်ဝချမ်းသာမှုတွေကို လိုချင်နေပြီး ဆာလောင်မွတ်သိပ်မှုကို မခံစားချင်ကြဘူး.."
သူတို့ကတော့ တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားလာသလို ခံစားနေရပြီး သူတို့၏ ခံစားချက်များက အလွန်ပြင်းထန်လာခဲ့သည်။
ထို့နောက် ကြည်လင်နေသောအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့၏။
"မျက်လုံးဆိုတာ အသည်းရဲ့တံခါးပေါက်ပဲ။ အဲဒီနေရာက သစ်သားအမျိုးအစား ချီစွမ်းအင်တွေရဲ့ ပင်မနေရာပဲ ။ ပြီးတော့ အဆုတ်အတွက် တံခါးပေါက်ကိုတော့ ငါတို့က နှာခေါင်းမှာ ရှာဖွေနိုင်တယ်။ အဲဒီနေရာမှာ သတ္တုချီစွမ်းအင်တွေ ရှိနိုင်တယ် ။ သဘာဝတံခါးကြီး (၉)ပေါက်က ကိုယ်တွင်းအင်္ဂါတွေထဲမှာ ရှိနိုင်ပြီး တံခါး(၉)ပေါက်ကို ဓာတ်ကြီး (၅)ပါးနှင့် လေ့ကျင့်နိုင်ကြတယ်။ အဲဒီနေရာကနေ ကိုယ်တွင်းကမ္ဘာကြီးဆိုတာ ဖြစ်ပေါ်လာနိုင်တယ်…."
သူတို့၏ ခေါင်းထဲတွင် စကားလုံးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာနေပြီး စကားလုံး တစ်ခုချင်းဆီတိုင်းတွင် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်နိုင်သော နည်းလမ်းများ ပါဝင်နေခဲ့သည်။ သူတို့က ထိုအရာများအားလုံးကို သေချာစွာ မှတ်သားနေကြ၏။ ထိုသို့ဆိုလျှင် လူတစ်ယောက်က ထိုနည်းလမ်းအတိုင်း ထိုကဲ့သို့ လေ့ကျင့်ရမည်ဖြစ်၏။
သူတို့၏ ခေါင်းထဲတွင် အလွန်ကြီးမားသော တံခါးကြီးတစ်ချပ် ပွင့်သွားသလို ခံစားလိုက်ရပြီး ကမ္ဘာသစ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သူတို့က အတော်လေးကို ဝမ်းသာနေကြ၏။
စဉ်းစားကြည့်လိုက်မည်ဆိုလျှင် အသွေးအသားများ၏ လျှို့ဝှက်ချက်က သိုင်းပညာဖြစ်သည်။ ရွှေရောင်နှင့်အဖြူရောင် အလင်းစက်များက ပတ်ပတ်လည်တွင် ကျဆင်းသွားခဲ့ပြီး ယခုတော့ မြင်းလှည်းပေါ်တွင် လှုပ်ရှားနေကြ၏ ။ ကြည့်နေသူများ၏ မျက်လုံးထဲတွင် မြင်းလှည်းက လေထဲကို မြှောက်သွားပြီး ကောင်းကင်ပေါ်သို့ တက်လှမ်းသွားတော့မလို ဖြစ်နေ၏။
"အင်မော်တယ်…
သူတို့က တကယ်ကို အင်မော်တယ်တစ်ယောက်ပဲ…"
မြည်းလှည်းက တောင်တက်လမ်းပေါ်သို့ ဆက်၍ တက်သွားပြီး တောင်ထိပ်ပေါ်သို့ ဦးတည်နေခဲ့သည်။ ရှေ့တွင် ရှိနေသည်မှာ တိမ်ပင်လယ်ကြီးဖြစ်ပြီး နောက်ဘက်တွင်တော့ လိုက်လာသော လူအုပ်ကြီးရှိသည်။ သူတို့၏အမူအရာများက အနည်းငယ် ပြောင်းလဲနေသော်လည်း သူတို့က ယနေ့မြင်တွေ့ရသော မြင်ကွင်းကို လုံးဝမေ့နိုင်တော့မည် မဟုတ်ချေ။
မြင်းလှည်းက တောင်ထိပ်ပေါ်တွင် ရပ်တန့်နေခဲ့ခြင်း မရှိသလို အလွန်တည်ငြိမ်အေးချမ်းသော အသံကလည်း ဆက်လက်ထွက်ပေါ်လာနေသေး၏။
"လျှို့ဝှက်တံခါးအတွက် တံခါးပေါက်နှင့် ပင်မဝိညာဉ်အတွက် နေအိမ်။ အဲဒီတံခါးပေါက်ကတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေထဲမှာပဲ ရှိတယ်။ လူတစ်ယောက်ရဲ့ ပင်မတံခါးပေါက်ကို သေချာအာရုံစိုက်ပြီး စုစည်းလိုက်မယ်ဆိုရင် သေခြင်းနဲ့ ရှင်ခြင်း ကြားထဲမှာ ရှိတဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ပြီး ကောင်းကင်နဲ့ မြေကြီးကြားထဲမှာ တံတားတစ်စင်းကို ဖန်တီးနိုင်လိမ့်မယ်။ ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အပြင်ပိုင်းကလည်း စုစည်းလာနိုင်တယ်။ အဲဒီနေရာမှာ သိုင်းပညာ စတင်တာပဲ…"
တောင်ထိပ်ပေါ်တွင် မြက်ပင်များ ပေါက်ရောက်နေပြီး တောင်အောက်ထဲတွင်တော့ စမ်းချောင်းလေးများ ရှိနေခဲ့သည်။ ရွှေရောင်အလင်းစက်များက စုစည်းလာပြီး လူတိုင်း၏ မျက်စိရှေ့တွင် အလွန်လှပသော ရွှေရောင်ကြာပန်းပွင့်တစ်ခု ပေါ်လာခဲ့၏။ ထိုအဖြူရောင်အလင်းစက်များက တဖြည်းဖြည်း စုစည်းလာပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သိုင်းပညာရှင်ပေါင်းများစွာက ထိုကဲ့သို့ အံ့သြစရာကောင်းသော မြင်ကွင်းမျိုးကို မြင်တွေ့ဖူးရန် ခက်ခဲကြ၏။ ကြားပင် မကြားဖူးကြသည့်အတွက် သူတို့၏ မျက်လုံးများက စိုစွတ်လာပြီး မျက်ရည်ပူများက ပါးပြင်ပေါ်ကို စီးဆင်းလာနေကြသည်။
ထိုအင်မော်တယ်ကြောင့် သူတို့၏ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာများက အတော်လေးကို ပြောင်းလဲသွားခဲ့ရသည်။ တစ်ချို့သော သိုင်းပညာရှင်များကတော့ ဝမ်းသာမှုကြောင့် ငိုကြွေးနေမိခဲ့သည်။ သူတို့ ငယ်ရွယ်စဉ် အတောအတွင်း ဤနေရာ၌ မရှိခဲ့သလို ဤကဲ့သို့ ပညာရှင်တစ်ယောက် မရှိခဲ့ကြောင်း စဉ်းစားမိသည့်အခါ အလွန် ဝမ်းနည်းနေခဲ့ကြသည်။
ယခု သူတို့က အိုမင်းသွားပြီဖြစ်သည့်အတွက် ထိုကဲ့သို့ ကြီးမြတ်သော တာအိုလမ်းစဉ်ကို သူတို့၏ သားသမီး၊ မြေး၊ မြစ်များဆီသာ လက်ဆင့်ကမ်းပေးရန် မျှော်လင့်ရပါတော့သည်။ သူတို့အတွက်တော့ ယခု အလွန်နောက်ကျသွားပြီ ဖြစ်၏။
မြင်းလှည်းကို မောင်းနှင်နေသော ဖန်းဟွာရင်နှင့် ဝမ်ယုတို့က မြင်းကို သတိလက်လွှတ် ရပ်လိုက်မိသည်။ သူတို့၏ရှေ့တွင် ရှိနေသည်မှာ ချောက်ကမ်းပါးအစွန်သာ ဖြစ်သည်။
သခင်လေးစု၏ စကားလုံးများကြောင့် ရင်ထဲတွင် လှုပ်ရှားသွားသော သိုင်းလောကသားများနှင့် နှိုင်းလိုက်မည်ဆိုလျှင် သခင်လေးစုအပေါ် သူတို့၏ ခံစားချက်များက ပို၍ နက်ရှိုင်းနေသည်။ ဤအချိန်အတောအတွင်း သူ၏ လမ်းညွှန်ပေးမှုကြောင့် သူတို့၏ မျက်လုံးထဲတွင် သိုင်းပညာလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်လာရ၏။
"ဒီလမ်းကြောင်းက မင်းတို့ကို ကြွယ်ဝချမ်းသာမှုတွေ၊ အောင်မြင်မှုတွေကနေ အဝေးကို ခေါ်သွားပေးလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့က အေးစက်ပြီး အထီးကျန်ရနိုင်တယ်။ မင်းတို့က ဆက်လိုက်ဖို့ ဆန္ဒရှိသေးရဲ့လား…"
ထိုအချိန်တွင် သူတို့က မမြင်ရသော စွမ်းအား၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး တောင်ထိပ်အတိုင်း ဘေးနှစ်ဖက်ကို ရွေ့သွားခဲ့သည်။ သူတို့၏ စိတ်ထဲတွင်တော့ မုန့်ချီ၏အသံ ထွက်ပေါ်လာခဲ့၏။
သူတို့က အံ့သြမှင်တက်နေကြသည့်အချိန်တွင် မြင်းလှည်းက နောက်တစ်ကြိမ် လှုပ်ရှားသွားခဲ့ပြီး တောင်ထိပ်၏အစွန်မှ လေထဲကို တက်ရောက်သွားခဲ့သည်။ ထိုအချိန်တွင် မြင်းခွာများ၏ အောက်ဘက်၌ ရွှေရောင် ကြာပန်းများ ပွင့်လန်းလာခဲ့၏။
လူအုပ်ကြီးက ထိုမြင်ကွင်းကို ကြည့်နေသည့်အချိန်တွင် မြင်းများနှင့် မြင်းလှည်းကတော့ တိမ်တိုက်ပေါ်ကို ရောက်သွားခဲ့ပြီး သူတို့၏ အောက်ဘက်တွင် ရွှေရောင်ကြာပန်းပွင့်များ လိုက်ပါလာခဲ့သည်။ အဖြူရောင်အလင်းတန်းများလည်း တောက်ပလာပြီး သူတို့က တောင်ထိပ်ပေါ်မှ ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့၏။
"ငါတို့ တွေးထားတဲ့အတိုင်း တကယ့်ကို အင်မော်တယ် တစ်ယောက်ပဲ.."
သူတို့က ရှေ့ဆက်လိုက်လာခြင်းမရှိတော့ဘဲ အင်မော်တယ်ကို နှုတ်ဆက်သည့် အနေနှင့် ဒူးထောက်လိုက်ရသည်။
ဖန်းဟွာရင်နှင့် ဝမ်ဟုတို့၏ ရင်ထဲတွင် နောက်တစ်ကြိမ် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"မင်းတို့က အတွင်းအပြင် ကမ္ဘာကြီးတွေကို စုစည်းဖို့အတွက် အခြေခံလိုအပ်ချက်တွေကို သိပြီးသွားပြီ။ နောက်ထပ် (၁၀)နှစ်ကနေ နှစ် (၂၀)အတွင်း မင်းတို့က တံခါး(၉)ပေါက် ပွင့်လာပြီး သိုင်းလောကမှာ အမိန့်ပေးနိုင်လိမ့်မယ်။ မင်းတို့က သာမန်အမတ်ကြီးတစ်ယောက် ဒါမှမဟုတ် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်လိုက်မယ်ဆိုရင် အဆင့်အတန်း ၊ အာဏာ၊ ကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်သိက္ခာအရ နိမ့်ကျနေမှာ မဟုတ်ဘူး။ မင်းတို့အတွက် ဘာလိုအပ်ချက်မှလည်း ရှိမှာမဟုတ်ဘူး။ မင်းတို့က အဲဒီအရာတွေကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား။ မင်းတို့က သိုင်းပညာကိုပဲ ပြည့်ပြည့်ဝဝ လေ့ကျင့်နေပြီး လူတိုင်းထက် ခေါင်းတစ်လုံး ပိုသာချင်လား…"
ဖန်းဟွာရင်နှင့် ဝမ်ယုတို့ (၂) ယောက်လုံးက သူတို့၏ နောက်တွင် ရှိနေသော သိုင်းလောကသားများကို ပြန်လှည့်ကြည့်လိုက်ကြသည်။ သူတို့ကတော့ ထိုလူများထက်ပို၍ အဆင့်အတန်း မြင့်သည်ဟူသော ခံစားချက်များကြောင့် အလွန်ဝမ်းသာနေခဲ့၏။
သူတို့က သခင်လေးစု၏ နောက်လိုက်များဖြစ်ကြသည့်အတွက် ကမ္ဘာမြေကြီး၏ အနှစ်သာရများကို လေ့ကျင့်ရာတွင် နောက်ဘက်တွင် ရှိနေသော လူများထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်မည်ဟု ပြောရန်ခက်ခဲ့သည်။ သူတို့ကသာ သူတို့သိထားသော အရာများကို သင်ကြားပေးလိုက်မည်ဆိုလျှင် လူအနည်းငယ်က သူတို့ကို အရိုအသေပေးလာနိုင်သည်။ ကြွယ်ဝချမ်းသာမှုများ ၊ အောင်မြင်ကျော်ကြားမှုများက သူတို့လိုချင်နေသော အရာတစ်ခု မဟုတ်ချေ။ သိုင်းပညာများကို လေ့ကျင့်ခြင်းက ထိုကဲ့သို့ ထူးခြားသော အဆင့်အတန်းနှင့် အကျိုးအမြတ်များ ရယူလိုခြင်းပေလော။
သူတို့က တိမ်တိုက်များပေါ်တွင် ရွေ့လျားသွားသော မြင်းလှည်းကို ပြန်လှည့်ကြည့်လိုက်ကြသည်။ မြူခိုးများထဲတွင် အဖြုရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တိမ်တိုက်များက ပျောက်ကွယ်သွား၏။
တိမ်ပင်လယ်ကြီးကတော့ မီးခိုးငွေ့များ ဖြစ်နေပြီး တစ်ချိန်တည်းလိုလိုပင် သူတို့က သန့်စင်ပြီး အေးစက်နေခဲ့သည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ဝေဝါးနေပြီး မည်သူကမျှ အဝေးကို မမြင်ရတော့ပေ။ ထိုတောင်တန်းထဲတွင် မည်သည့်အရာများရှိနေကြောင်း မည်သူကမှ မပြောနိုင်တော့ပေ။
ထိုသို့ဆိုလျှင် ဘာကြောင့် သိုင်းပညာလေ့ကျင့်သင့်သနည်း။ သူတို့က မရေမတွက်နိုင်သော ကြွယ်ဝချမ်းသာမှုများ သို့မဟုတ် တခြားသူများ၏ ရိုသေလေးစားမှုကို လိုချင်၍ လေ့ကျင့်ရမည်လော။ လူတစ်ယောက်က အကြောက်အလန့်မရှိဘဲ လမ်းကြောင်းတွင် တားဆီးနေသူမရှိလျှင် စိတ်ကြိုက်သွားလာ၍လည်း ရနိုင်သည် မဟုတ်ပင်လော။
သာမာန်လူသားများအတွက်တော့ အကြောက်တရားများကလွဲလျှင် မည်သည့်အရာမျှမရှိချေ။ သို့မဟုတ် အာဏာနှင့် လွှမ်းမိုးမှုများက သူတို့မိတ်ဆွေများ ချစ်မြတ်နိုးရသူများ၏ စိတ်ဝင်စားမှုများကို ယူဆောင်သွားနိုင်မည်လော။
ဝမ်ယုက ဤကမ္ဘာမြေကြီးထဲတွင် သူလိုချင်သည့်အရာကို နားလည်သွားပုံရပြီး သက်ပြင်းချလိုက်မိသည်။
ဖန်းဟွာရင်ကလည်း ဆုံးဖြတ်ချက်ချလိုက်ပုံရ၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရှေ့ကို တစ်လှမ်းလှမ်းလိုက်သည်။
"ဟုတ်တယ်။ ငါက အဲဒီအရာတွေ အားလုံးကို လိုချင်တယ် …"
သူမက တစ်ယောက်တည်း တွေးလိုက်မိ၏။ သို့သော် သူမကတော့ ခန္ဓာကိုယ်၏ လျှို့ဝှက်ချက်များကို ရယူရန် ပို၍ စိတ်ဝင်စားသည်။
"ငါက ပိုပြီး အဆင့်မြင့်တဲ့ ဘဝမျိုးကို တက်လှမ်းချင်တယ်။ ငါက သိုင်းပညာခရီးလမ်းမှာ အံ့သြစရာကောင်းတဲ့ အရာအားလုံးကို မြင်တွေ့ချင်တယ်…"
ထိုအရာများအားလုံးက ခွဲခြား၍ မရနိုင်ဘဲ အရာအားလုံးက ပေါင်းစပ်နေခဲ့သည်။ တစ်ချို့က ပျော်ရွှင်စရာကောင်းပြီး တစ်ချို့ကတော့ တည်ငြိမ်အေးချမ်းမှုမရှိနိုင်ပေ။ ဒုတိယတစ်မျိုးကတော့ အရာအားလုံး၏ အခြေခံသာဖြစ်၏။
သူမက ရှေ့ကို နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေလှမ်းကို လှမ်းလိုက်သည့် အချိန်တွင် သူတို့၏ ပတ်ပတ်လည်၌ မည်သည့်အရာမျှ မရှိတော့ချေ။ သူမက တိမ်တိုက်များပေါ်ကို နင်းလျှောက်လိုက်ခြင်းလည်း ဖြစ်၏။ သူမ၏ မျက်စိရှေ့တွင်တော့ အလွန်နက်ရှိုင်းလွန်းလှသော ခြောက်ကမ်းပါးကြီးတစ်ခု ရှိနေပြီး လေလှိုင်းများ အားလုံးက သူမ၏မျက်နှာကို ရိုက်ခတ်နေခဲ့သည်။
အကယ်၍ သူမကသာ ဤနေရာမှ ပြုတ်ကျသွားမည်ဆိုလျှင် အပိုင်းပိုင်းအစစ ပျက်စီးသွားနိုင်၏။ ဖန်းဟွာရင်က မျက်စိမှိတ်လိုက်ပြီး သူမ၏ အကြောက်တရားများကို မေ့ပျောက်ပစ်ရန် ကြိုးစားလိုက်သည်။ သူမက လေထဲကို တက်လိုက်၏။
ထိုအချိန်တွင် သူမ၏ခြေထောက်အောက်၌ ဗလာအခြေအနေကို ခံစားရမည့်အစား သူမက ပျော့ပြောင်းသည့်အရာတစ်ခုကို နင်းမိသွားသလို ခံစားလိုက်ရ၏။ သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမ၏ခြေထောက်အောက်တွင် ရှိနေသော တိမ်တိုက်(၂)ခုက တည်ငြိမ်နေကြောင်း တွေ့လိုက်ရ၏။
သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကလည်း အေးချမ်းသွားခဲ့ပြီး သူမက အရှိန်မြန်လာခဲ့သည်။ သူမ ခြေချလိုက်သည့်နေရာတိုင်း တိမ်တိုက်လေးများက လှုပ်ရှားလာခဲ့၏။
တောင်ထိပ်ပေါ်တွင် ရှိနေသော လူအုပ်ကြီးက အံ့သြမှင်တက်နေကြသော်လည်း ယခုတော့ သူတို့က နားလည်သွားခဲ့သည်။ တစ်ချို့ကတော့ နောက်မှလိုက်ရန် ဆန္ဒရှိနေကြ၏။
ထိုအချိန်တွင် လူတစ်ယောက်က အလင်းတန်းတစ်ခုနှင့် အဖြူရောင် အလင်းစက် တစ်ခုကို မြင်လိုက်ရပြီး တိမ်တိုက်များက မြင်းလှည်းနှင့် ဖန်းဟွာရင်တို့ကို လုံးဝဝါးမြိုသွားခဲ့သည်။
ထို့နောက် တိမ်ပင်လယ်ကြီး၏ နောက်ဘက်တွင် ကောင်းကင် (၉)ခုကဲ့သို့ ရွှေရောင်ကြာပန်းများ ပေါ်လာခဲ့သည်။ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းကြောင့် သူတို့က အံ့သြမှင်တက်သွားမိကြသလို တစ်ချိန်တည်းတွင် စိတ်ပျက်နေမိကြသည်။ သူတို့က တိတ်ဆိတ်ငြိမ်သက်နေကြပြီး ဒူးထောက်၍ အရိုအသေပေးနေကြ၏။
လူတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်သည်။
"ဒါက အင်မော်တယ်ရဲ့သနားကြင်နာမှုပဲ။ ငါတို့ကမ္ဘာကြီးထဲမှာ သိုင်းပညာမျိုးစေ့ ချပေးခဲ့တာ။ ငါက အင်မော်တယ်ကို ငါ့ရဲ့ဘိုးဘေးအဖြစ် ယုံကြည်ကိုးကွယ်ပြီး အနာဂတ်မှာ အောင်မြင်မှုကို ရှာဖွေသင့်တယ်…"
သူက ထိုကဲ့သို့ ပြောလိုက်သည်မှာ တရားနည်းလမ်း ကျနေသည်။ ထိုစကားကို ကြားသည့်အခါ ဤနေရာတွင် ရှိနေသူများအားလုံးက အလွယ်တကူ ထောက်ခံသွားကြပြီး သူတို့၏ ကျင့်ကြံမှုလမ်းကြောင်းကို စတင်လိုက်ကြသည်။
ဘေးတွင် လျှောက်လာသော ဖန်းဟွာရင်က မြင်းလှည်းရပ်တန့်သွားသည်ကို မြင်လိုက်ရ၏။ နောက်ဆုံးတွင်တော့ အနက်ရောင်ကန့်လန့်ကာက ပွင့်သွားပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော သခင်လေးစုနှင့် မိန်းကလေးကျန်းတို့က မြင်းလှည်းပေါ်မှ ဆင်းသက်လာခဲ့၏။
“သူတို့က သာမာန်လူသားတွေနဲ့ ဝေးကွာတဲ့ တောင်တန်းတွေထဲကို သွားတော့မှာလား…”
မုန့်ချီက ဖန်းဟွာရင်ကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ဘာလဲ ။ ဒူးမထောက်သေးဘူးလား…"
ဖန်းဟွာရင်က သူမ၏ကံကြမ္မာများ ပြောင်းလဲလာမှုကို ခံစားနေမိပြီး မုန့်ချီ၏ အရိုအသေပေးလိုက်သည်။
"တပည့်က ဆရာ့ကို အရိုအသေပေးပါတယ်…"
မုန့်ချီက သူမကို လက်ကာပြပြီး ပြောလိုက်၏။
"စိတ်ဓာတ်ကျမှုနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မင်းက စိတ်ပျက်မသွားခဲ့ဘူး။ ကြွယ်ဝချမ်းသာမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှုတွေ ရှိနေတာက အစပဲ ရှိသေးတယ်။ ဒါပေမဲ့ မင်းကတော့ တပည့်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ ဒီစာအုပ်က လွန်ခဲ့တဲ့(၂)လလုံးလုံး မင်းရဲ့ဆရာနဲ့ ဆရာမတို့ မင်းအတွက် ပြင်ဆင်ပေးထားတဲ့အရာတစ်ခုပဲ။ ဒီထဲမှာ အတွင်းအပြင် ကမ္ဘာကြီးပေါင်းစည်းမှုတွေနဲ့ သိုင်းကွက်တွေ၊ ကိုယ်ဖော့ပညာတွေ ပါဝင်နေတယ်။ ဒါကို ယူထားပြီး ကောင်းကောင်းလေ့ကျင့်ပါ။ မကြာခဏဆိုသလို ငါတို့က ဒီမှာပေါ်လာပြီး မင်းရဲ့အောင်မြင်မှုတွေကို လာကြည့်မယ်။ တကယ်လို့ မင်းရဲ့ ကြိုးစားမှုက မလုံလောက်ဘူးဆိုရင်တော့ ဘဝတစ်လျောက်လုံး နာမည်ခံ တပည့်တစ်ယောက်ပဲ ဖြစ်သွားလိမ့်မယ်…"
ဖန်းဟွာရင်က အတော်လေးကို အံ့သြသွားခဲ့ပြီ ဦးညွှတ်၍ စာအုပ်ကို တလေးတစား ယူလိုက်သည်။
"ဒီလိုလက်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ…"
ထိုစာအုပ်က ဤအချိန်အတောအတွင်း မုန့်ချီနှင့် ကျန်းကျိဝေတို့ ထုတ်နုတ်ထားသော မှတ်စုများ ဖြစ်သည်။ ထိုစာအုပ်ဆီတွင် ခေါင်းစဉ်ပင် မရှိသေးပေ။ ထိုအရာက အနာဂတ်တွင် ဝေ့ကျင်းအဆင့် သိုင်းကျမ်းတစ်ခုဖြစ်လာနိုင်သည့်အတွက် နာမည်တစ်ခုပေးထားခြင်းက သင့်တော်နိုင်၏။
ကျန်းကျိဝေက မုန့်ချီ၏ လိုအပ်ချက်များကို သိနေခဲ့သည်။ ထို့ကြောင့် သူမက ဘေးတွင် တိတ်တဆိတ်သာ ရပ်နေခဲ့၏။ ထို့ပြင် သူမက ပစ္စည်းများကို သန့်စင်ရန် အတွက်လည်း အကူအညီတစ်ချို့ ပေးခဲ့သေးသည်။
ဖန်းဟွာရင်က အရိုအသေပေးနေသည့် အချိန်တွင် မုန့်ချီနှင့် ကျန်းကျိဝေတို့က လက်ချင်းတွဲပြီး အဝေးသို့ ထွက်ခွာသွားခဲ့၏။ သိပ်မကြာခင် သူတို့နှစ်ယောက်က မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ဖန်းဟွာရင်က သူတို့ကို မမြင်ရတော့သည့်အချိန်မှသာ သူမက ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် ပြောလိုက်၏။
"ဒီလောက်အချိန်ထိ ဇွဲရှိတာ တော်တော်လေးကို အံ့သြစရာကောင်းတာပဲ။ အခုတော့ နင်က လူတစ်ယောက်ရဲ့ဆရာဖြစ်သွားပြီ…”
ကိုရင်လေးက တဖြည်းဖြည်းနှင့် ရှောင်လင်ကျောင်းတော်၏ နည်းလမ်းများအတိုင်း လုပ်ဆောင်နေသည်ဟု သူမက တွေးမိလာခဲ့သည်။ သိပ်မကြာခင် သူမ၏အတွေးများကို ဖယ်ရှားပြီး စနောက်လိုက်၏။
“နင်က တပည့်ဘယ်နှစ်ယောက် လိုအပ်မယ်လို့ထင်လဲ… "
"(၁၂)ယောက်လောက်ဆိုရင်တော့ အဆင်ပြေပါတယ်။ နောက်ပိုင်း ဖန်းဟွာရင်က သူ့ရဲ့ကျင့်စဉ်တွေကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်မယ်ဆိုရင် ငါတို့က သူ့ကို စီဟန်းဆိုတဲ့ တာအိုသခင်နာမည်ကို ပေးရမယ်…"
မုန့်ချီက ပြောလိုက်ပြီး ထိုအရာက နာမည်ကောင်းတစ်ခုဖြစ်မည်ဟု တွေးမိခဲ့သည်။
သူက စကားပြောနေရင်း သွေးကြောမှတ် တစ်ဝက်ခန့်ကို ဖွင့်ထား၏ ။ ထိုအရာက ပုံရိပ်ယောင် နေလုံးကြီးများ၊ ကြယ်များ၊ လှုပ်ရှားနေသော ရွှေကျီးကန်းတစ်ကောင်နှင့် ကုန်းမြေတစ်ခုက သူရှေ့တွင် ပေါ်လာခဲ့သည်။
ထိုအရာကို မြင်သည့်အခါ ကျန်းကျိဝေက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"နင်က ဒုတိယ ကောင်းကင်ဝေ့ကျင်းအဆင့်ကို ရောက်သွားလို့ ဂုဏ်ပြုပါတယ်…"
သိပ်မကြာခင် အတောအတွင်း မုန့်ချီက ဆန်းကြယ်တွင်းထွက်ပစ္စည်းများကို အသုံးပြုခဲ့သည်။ သူ အလေးထားနေခဲ့သော သူ၏သိုင်းပညာလေ့ကျင့်မှုနှင့် စုစည်းထားသော သွေးကြောမှတ်များ၏ ပုံရိပ်ယောင် တစ်ဝက်ခန့် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဒုတိယ ကောင်းကင်ဝေ့ကျင်းအဆင့် လမ်းကြောင်းကို ရောက်ရှိသွားခဲ့ပြီး သူ့ဆီတွင် ရှိနေသော ဆန်းကြယ်တွင်းထွက်ပစ္စည်းများအားလုံး ကုန်ဆုံးသွားပြီဟု ဆိုလိုနေသည်။
“အခုချိန်မှာ ခေါင်းကိုက်စရာကတော့ သွေးကြောမှတ် တစ်ဝက်ကျော် ကျန်နေသေးတာပဲ။ သူတို့တွေက တဖြည်းဖြည်းပိုပြီး ရှားလာပြီ။ ရဖို့လဲ ခက်ခဲလာပြီ ။ အဲဒီအရာတွေကို ရှာဖွေရတာက တော်တော်ခက်ခဲတဲ့ ပြဿနာတစ်ရပ်ပဲ…”
မုန့်ချီက အနည်းငယ်စိုးရိမ်လာသလို တစ်ချိန်တည်းတွင် ဝမ်းသာနေခဲ့သည်။
မည်သို့ဖြစ်စေကာမူ သံသရာအရှင်သခင် ရှိနေသည့်အတွက် သူက လိုအပ်သော ရှားပါးတွင်းထွက်ပစ္စည်းများကို ရယူနိုင်သည်။ သူက သံသရာအရှင်သခင်နှင့် အဆက်အသွယ်ဖြတ်တောက်မှု မလုပ်သည်မှာ ပို၍ကောင်းနိုင်၏။ ထို့ပြင် အင်မော်တယ်များ၏ဈေး သို့မဟုတ် ပြည့်စုံခြင်းဂိုဏ်းနှင့် အမှောင်နန်းတော်ကလည်း ကြိုးစားကြည့်ရန် သင့်တော်လာသည်။
………..
အမှောင်နန်းတော်၏ ဌာနချုပ်တွင် ရှိနေသော အမှောင်မြို့ထဲတွင် မုန့်ချီနှင့် ကျန်းကျိဝေတို့က အနီရောင်ဝတ်စုံဝတ်ထားသော နတ်ဆရာမ တစ်ယောက်နှင့် တွေ့ဆုံနေခဲ့သည်။
သူမ၏မျက်နှာက ချောမွတ်နေသည့်အတွက် သူတို့အတွက်တော့ အတော်လေး ထူးဆန်းနေပုံရ၏။ သူမ၏ပုံစံက ရုပ်သေးတစ်ရုပ်နှင့် တူညီနေပြီး အငွေ့အသက်တစ်ခုမျှ ခံစားမိခဲ့ခြင်း မရှိချေ။
"အမှောင်နန်းတော်ရဲ့ ယန္တရားတွေကိုတော့ ပြင်ပကမ္ဘာကြီးထဲမှာ အခု ပြသဖို့ မဖြစ်နိုင်သေးဘူး။ ငါတို့တွေအပေါ် သူတို့တွေက သံသယဝင်လာမှာလည်း အဆင်မပြေဘူး…"
နတ်ဆရာမက ခံစားချက်ကင်းမဲ့စွာ ပြောပြလိုက်သည်။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ဒါပေမဲ့ လိုဏ်ဂူကမ္ဘာကြီးက လိုဏ်ဂူကမ္ဘာကြီးပဲလေ။ ဒီနေရာမှာ ရှားပါးတွင်းထွက်ပစ္စည်းမျိုးစုံ လိုအပ်နေသေးတယ်။ နန်းတော်ကလည်း အဲဒီပစ္စည်းတွေမရှိဘဲ လျှို့ဝှက်ယန္တရားတွေကို ထုတ်လုပ်လို့မရဘူးမဟုတ်လား…"
နတ်ဆရာမက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"အင်မော်တယ် ယွင်ဟယ်က ငါတို့ကို ဦးဆောင်နေတဲ့အတွက် ငါတို့လည်း တော်တော်လေးကို စိတ်အေးသွားပါပြီ။ ဒီလိုဆိုရင် လိုဏ်ဂူကမ္ဘာကြီးရဲ့ ရှားပါးတွင်းထွက်တွေကို ပြင်ပကမ္ဘာကြီးထဲမှာရှိတဲ့ ရှားပါးတွင်းထွက်ပစ္စည်းတွေနဲ့ အလဲအလှယ်လုပ်နိုင်တယ်…"
သူမက ခဏရပ်ပြီး ပြောလိုက်သည်။
"ပြီးတော့ အမှောင်နန်းတော်က မင်းတို့ကို အကူအညီ တောင်းရမဲ့ အရာတစ်ခုရှိတယ်။ တကယ်လို့ မင်းတို့ကသာ ငါတို့အတွက် နှစ်(၁)သောင်း သက်တမ်းရှိ ချင်းဟွာ ဝိညာဉ် သစ်သားတစ်ပိုင်းကို ရှာပေးနိုင်မယ်ဆိုရင် မင်းတို့က နန်းတော်မှာရှိတဲ့ လျှို့ဝှက်ယန္တရား (၃၆) မျိုးထဲက (၂) မျိုးကို ရွေးချယ်နိုင်တယ်…"
Translated by Hein Htet