← Chapters

အခန်း (၅၃၃)

Vol. 36 Ch. 533

အခန်း (၅၃၃)

Vol. 36 Ch. 533

“နှစ်မျိုးလား…”

မုန့်ချီက သူတို့၏ ကမ်းလှမ်းမှုကို စိတ်ဝင်စားနေသည့်အချိန်တွင် ထိုမိန်းကလေး၏ စကားလုံးအသုံးပြုမှုက မူမမှန်ဘဲ ထူးဆန်းနေကြောင်း တွေ့လိုက်ရသည်။ သူမက မည်သို့ စကားပြောရမည်ဖြစ်ကြောင်း သင်ယူထားပြီး အမှားများ လုပ်ဆောင်နေသည့် အရုပ်မ တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။

သူက ကျန်းကျိဝေ၏မျက်လုံးကို စိုက်ကြည့်ပြီး ပြောလိုက်၏။

“နတ်ဆရာမ….

ဒီမှော်ရတနာတွေက အစွမ်းထက်ပေမဲ့ သူတို့ရဲ့နည်းလမ်းက တစ်မျိုးတည်းပဲ သုံးလို့ရတယ်။ အသုံးဝင်မှုက ကန့်သတ်ချက် ရှိတယ်။ ဒီလိုအားနည်းချက်တွေ ရှိနေမှတော့ ဒါက ကျုပ်တို့အတွက် ဘာမှအဖိုးမတန်နိုင်ဘူးလေ….”

အရုပ်မကဲ့သို့ ဖြစ်နေသော နတ်ဆရာမက မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ ပေါ်မလာဘဲ ယန္တရားဆန်ဆန် ဆက်ပြောလိုက်သည်။

“မှော်ရတနာ(၃၆)မျိုးထဲမှာ အနီရောင်နဂါးက တိုက်ခိုက်မှုကို အဓိက အသားပေးတယ်။ မိုးနတ်ဘုရားက သဘာဝစွမ်းအားတွေကို လှုံ့ဆော်နိုင်ပြီး ထူးခြားဆန်းကြယ်တဲ့ အရာတွေ၊ တွက်ချက်မှုတွေကို ကျွမ်းကျင်တဲ့ မြင်းနဂါးလို အရာမျိုးတွေလည်း ရှိနေသေးတယ်။ သူတို့အားလုံးကို အမျိုးအစား အများကြီး ခွဲခြားထားနိုင်တဲ့အတွက် မင်းတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ်…”

“ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တာလား။ တွက်ချက်မှုမှာ ကျွမ်းကျင်တာလား။ သူတို့တွေက ကျိန်စာတွေကိုရော သုံးနိုင်သေးတာလား….”

မုန့်ချီက သူ၏စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ ထိုအချက်ကို မုန့်ချီက ယခုမှ သိလာခဲ့ခြင်းဖြစ်ပြီး ကူရှောင်စန်းကဲ့သို့ သူ၏ ပြိုင်ဘက်များထက် အဆပေါင်းများစွာ နောက်ကျနေခဲ့သည်။

ကောင်းကင်ရွှေကျင့်စဉ်၏ ကျောက်စိမ်းပုံရိပ်ယောင် တွက်ချက်မှုက သူ့ကို အလွန်ကြီးမားသော အင်အားတစ်ခု ပေးမည်ဆိုလျှင်ပင် သူကတော့ အချိန်အတော်ကြာ ကြိုးစားခဲ့သူများနှင့် ယှဉ်လိုက်လျှင် အားနည်းသော အုတ်မြစ်တစ်ခုသာ ရှိနေသေးသည်။

အကယ်၍ သူကသာ သင့်တော်သော ယန္တရားတစ်ခု၏ အကူအညီကို ရခဲ့မည်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း။ အကယ်၍ ထိုအရာက အနာဂတ်တွင် အသုံးမဝင်လျှင် ရောင်းချ၍ ရနိုင်သေးသလို ကံကြမ္မာအမှတ်များနှင့်လည်း လဲလှယ်နိုင်သေးသည်။

မုန့်ချီက ပါးစပ်ဟ၍ မပြောနိုင်ခင်မှာပင် ကျန်းကျိဝေက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“တန်ဖိုးတစ်ခုတည်းကို ကြည့်မယ်ဆိုရင် နှစ်(၁)သောင်းသက်တမ်းရှိ ချင်းဟွာဝိညာဉ်သစ်သားက အလယ်အလတ် အဖိုးတန်လက်နက်အဆင့်တောင် မရှိဘူး။ ဒါပေမဲ့ နတ်ဆိုးဗုဒ္ဓ ဖျက်ဆီးလိုက်တဲ့အချိန်မှာ အဲဒီသစ်သားတွေက ဈေးကွက်ထဲမှာ တော်တော်လေး ရှားသွားတယ်။ ကျွန်မရဲ့ဂိုဏ်းမှာရှိတဲ့ အကြီးအကဲ တစ်ယောက်က အရှေ့ပင်လယ်ထဲမှာ (၁၀)နှစ်လောက် နေခဲ့တာ။ သူ့ရဲ့ သစ်သားဘိုးဘေးဓားကို ဖန်တီးဖို့အတွက် အဲဒီသစ်သားကို လိုက်ရှာနေခဲ့တာ။ ဒါက တော်တော်လေး ရှားပါးနေမှတော့ အကောင်းဆုံး ကြိုးစားမယ် ဆိုတာကလွဲရင် ဘာကိုမှ ကတိမပေးနိုင်ဘူး…”

သူ့စကားကို ကြားသည့်အခါ အရုပ်မကဲ့သို့ နတ်ဆရာမက ထပ်ဖြည့်ပြောလိုက်သည်။ “တကယ်လို့ နှစ်(၁)ထောင်သက်တမ်းရှိ ချင်းဟွာဝိညာဉ်သစ်သားတစ်ပိုင်းကို ရှာဖွေနိုင်မယ်ဆိုရင်တောင် အဲဒီယန္တရားရတနာနှစ်ခုကလွဲရင် ငါတို့က ကျန်တဲ့ ရတနာပမာဏကို ဖြည့်ဆည်းပေးနိုင်တယ်….”

“ကျိဝေက အပေးအယူလုပ်တဲ့နေရာမှာ ဒီလောက် တော်လိမ့်မယ်လို့ ငါလည်း မထင်ထားဘူး…”

ထိုမိန်းကလေးအပေါ် မုန့်ချီ၏အမြင်များ ပြောင်းလဲလာခဲ့ရသည်။

တခြားသူများအတွက်တော့ ချင်းဟွာဝိညာဉ်သစ်သားက လွယ်ကူသော တာဝန်တစ်ခု မဟုတ်နိုင်ပေ။ သို့သော် မုန့်ချီနှင့် ကျန်းကျိဝေတို့ဆီတွင် သံသရာအရှင်သခင် ရှိနေခဲ့၏။ သူတို့က အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အလွယ်တကူ လဲလှယ်၍ ရနိုင်ပေသည်။

မည်သို့ဖြစ်စေကာမူ နတ်ဆရာမက သူတို့၏ ကမ်းလှမ်းမှုတွင် ဆုံးရှုံးမှုမရှိစေရန် ကတိပေးထားခဲ့၏။ တစ်ချိန်တည်းတွင် သူက ယပ်‌တောင်(၆)လက်ကျောင်း၊ ကျိကျန်းဓားစံအိမ်နှင့် တခြားအရင်းအမြစ်များမှတဆင့် စုံစမ်းစစ်ဆေးနိုင်ပြီး သံသရာအရှင်သခင်ဆီမှ မရယူခင် အင်မော်တယ်များတွင်လည်း ရှာဖွေနိုင်သည်။

ပူးပေါင်းမှုနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ပြီးနောက် သူတို့နှစ်ယောက်က အမှောင်နန်းတော်ထဲမှ ထွက်လာပြီး ပြည့်စုံခြင်းဂိုဏ်းရှိရာကို ထွက်လာခဲ့သည်။

တောင်ထိပ်ပေါ်တွင် အဖြူရောင်တိမ်တိုက်များ လွှမ်းခြုံနေပြီး ကြိုးကြာငှက်များ ပျံသန်းနေကြ၏။ အန္တရာယ်ကြီးမားသော မှော်သားရဲကြီးများက လှည့်ပတ်သွားလာနေကြပြီး နေရာတိုင်းတွင် ထူးဆန်းသော ပန်းပွင့်များ ပွင့်လန်းနေသည်။ ထို့ကြောင့် အလွန်လျို့ဝှက်ဆန်းကြယ်သော ပုံပြင် ဒဏ္ဍာရီတစ်ခုထဲကို ရောက်ရှိသွားသလို ခံစားမှုမျိုး ခံစားနေရ၏။

စိမ်းပြာကောင်းကင်ကလွဲလျှင် ဤနေရာက နတ်သမီးများ နေထိုင်ရန် အသင့်တော်ဆုံးနေရာတစ်ခုဟု မုန့်ချီက သတ်မှတ်မိခဲ့သည်။ သူတို့ ခန်းမထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် အင်မော်တယ်ယွင်ဟယ်ကို တွေ့လိုက်ရသည်။

သူ့ဆီတွင် ဆံပင်ဖြူများ ရှိနေသော်လည်း ကလေးဆန်သော မျက်နှာတစ်ခု ရှိသည်။ သူက နောက်ကျောကို မတ်မတ်ရပ်လိုက်လျှင် အသက်ကြီးနေသလို ထင်ရသည်။ သူ့ဘေးတွင်တော့ အသက် (၂၀)အရွယ် လူငယ် တာအိုသခင်နှစ်ယောက် ရှိနေကြသည်။

လူငယ်တာအိုသခင်လေးက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် မျက်နှာက ထူးခြားပြီး မျက်ခုံးထူသည်။ သူက ခန္ဓာကိုယ်တစ်ခုလုံး ဖုံးအုပ်ထားသော ပါးလွှာသည့် ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထား၏။ မိန်းမပျို တာအိုသခင်ကတော့ အလွန်ချောမောခန့်ညားပြီး သူမ၏အရေပြားက ချောမွတ်နေခဲ့သည်။

“မိတ်ဆွေတို့…

ငါ စောင့်နေတာ တော်တော်လေး ကြာပြီ…”

အင်မော်တယ်ယွင်ဟယ်က အပြုံးနှင့် ပြောလိုက်၏။ သူ့ဆီတွင်တော့ အကြီးအကဲ တစ်ယောက်လို ခံစားမှုမျိုးမရှိဘဲ သူတို့ ယခင်တစ်ခေါက် တွေ့ခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ပို၍ရင်းနှီးနေပုံရသည်။

“သူက အရင်တစ်ခေါက်က ငါတို့ကို တမင်တကာ ခြောက်လှန့်ဖို့ ရည်ရွယ်ထားတာလား…”

မုန့်ချီနှင့် ကျန်းကျိဝေတို့က ဦးညွှတ်ပြီး တွေးနေမိကြသည်။

အင်မော်တယ်ယွင်ဟယ်က တာအိုသခင်နှစ်ယောက်ကို လက်ညှိုးထိုးပြီး ရှင်းပြလိုက်သည်။

“သူတို့ကတော့ လက်ရှိမျိုးဆက်မှာ ငါ့ရဲ့ အထူးချွန်ဆုံးတပည့်နှစ်ယောက်ပဲ။ သူတို့က ကမ္ဘာမြေကြီးရဲ့အစွမ်းတွေကို အသုံးပြုနိုင်ပြီး အသက်(၂၀) အရွယ်မှာ အစစ်အမှန်အဆောင်တွေကို ဖန်တီးနိုင်တယ်။ သူတို့က မင်းတို့အားလုံးနဲ့ နှိုင်းယှဉ်ဖို့တော့ ခက်တာပေါ့။ ငါတို့ရဲ့ကျင့်ကြံမှုလမ်းကြောင်းက မတူညီကြဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ဝေ့ကျင်းအဆင့် ပညာရှင်တွေလောက်တော့ အစွမ်းမထက်ဘူး။ သူ့ရဲ့နာမည်က မင်းရှုလို့ ခေါ်တယ်။ ဒီမိန်းကလေးရဲ့ နာမည်က မင်းကွမ်လို့ ခေါ်တယ်။ သူတို့က ဒီတစ်ကြိမ် အပြင်ဘက်ကမ္ဘာကြီးကို မင်းတို့နဲ့အတူ လိုက်လာလိမ့်မယ်။ ပြီးတော့ မြစ်အရှေ့ပိုင်းကို စာတစ်ချို့ သွားပို့ကြလိမ့်မယ်…”

မင်းရှုနှင့် မင်းကွမ်တို့က လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်လည်း စိတ်ဝင်စားမှုများ ပြည့်နှက်နေခဲ့၏။ လိုဏ်ဂူကမ္ဘာကြီး၏ အပြင်ဘက်တွင် ရှိနေသော ကမ္ဘာကြီးကို သူတို့လည်း လုံးဝ မကြုံဖူးပေ။ ထိုအရာက အမှန်တကယ်ကို လျို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှု ရှိလွန်းနိုင်သည်။

ထိုအရာက ရှေးဟောင်းချီကျင့်ကြံသူများအတွက်လည်း အတူတူသာ ဖြစ်၏။ သူတို့က စကားပြောနေစဉ် အင်မော်တယ်ယွင်ဟယ်က ပစ္စည်းအမြောက်အမြား ထုတ်ပေးလိုက်သည်။ သူက စာရင်းတစ်ခုကို ကိုင်ပြီး ပြောလိုက်၏။

“ဒီစာရင်းထဲမှာ ငါတို့ဂိုဏ်းက ပေးထားတဲ့ ရှားပါးတွင်းထွက်ပစ္စည်းတွေ၊ ကိုယ်တိုင်ဖန်တီးထားတဲ့ အဆောင်တွေ၊ ဆေးရည်တွေနဲ့ တခြားပစ္စည်းတွေ ရှိတယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ…”

ထိုအရာများက သူတို့၏ ပထမဆုံး ပူးပေါင်းမှု ဖြစ်သည့်အတွက် များများစားစား မရှိခဲ့ပေ။ အင်မော်တယ်ယွင်ဟယ်က နတ်ဘုရားအဆောင်ကိုသုံးပြီး မုန့်ချီနှင့် ကျန်းကျိဝေတို့ကို ထိတ်လန့်အောင် လုပ်နိုင်ခဲ့သော်လည်း အပြင်ဘက်တွင် အစွမ်းထက်အကြီးအကဲများ ရှိနေမည်ကို စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် သူကတော့ ပထမဆုံး ပူးပေါင်းလုပ်ဆောင်မှုမှတစ်ဆင့် ခိုင်မာသော ဆက်ဆံ‌ရေးတစ်ခုကို တဖြည်းဖြည်း တည်ဆောက်ချင်ခဲ့သည်။ ထိုပစ္စည်းများထဲတွင် အဓိကက အဆောင်နှင့် ဆေးရည်များ ဖြစ်ကြပြီး ဝေ့ကျင်းအဆင့် ပညာရှင်များ ရှာဖွေနေကြသော သက်တမ်းတိုးမြှင့်ပေးနိုင်သည့် ပစ္စည်းများစွာလည်း ပါဝင်နေ၏။

မုန့်ချီနှင့် ကျန်းကျိဝေတို့က စာရင်းကို အသေအချာ အတည်ပြု စစ်ဆေးကြည့်လိုက်ကြပြီး သူတို့၏လေဟာနယ်လက်စွပ်ထဲသို့ ပစ္စည်းများကို ဂရုတစိုက် ထည့်လိုက်၏။

ထို့နောက် အင်မော်တယ်ယွင်ဟယ်က နောက်ထပ် ကျောက်စိမ်းသေတ္တာနှစ်လုံးကို ထုတ်ပေးလိုက်သည်။

“ဒါကတော့ မိတ်ဆွေတို့နှစ်ယောက်အတွက် ငါတို့ဂိုဏ်းရဲ့ လက်ဆောင်ပါ…”

မုန့်ချီနှင့် ကျန်းကျိဝေတို့က သေတ္တာကိုယူပြီး ဖွင့်ကြည့်လိုက်ကြသည်။ ထိုအထဲတွင် အဝါရောင် စကားလုံးများနှင့် ရေးသားထားသော အဆောင်နှစ်ခုဆီ ရှိနေ၏။ ထိုအဆောင်များဆီမှ မည်သည့်အငွေ့အသက်မျှ ထွက်ပေါ်လာခြင်း မရှိဘဲ အလွန် လျို့ဝှက်ဆန်းကြယ်နေခဲ့သည်။

“ဒါတွေက အကာအကွယ် အဆောင်တွေပဲ။ အဲဒီအရာတွေက တိုက်ခိုက်မှုကို တစ်ကြိမ် ကာကွယ်ပေးနိုင်တယ်။ သူ့ရဲ့အစွမ်းကလည်း ပဉ္စမကောင်းကင်၊ ဆဋ္ဌမကောင်းကင် ဝေ့ကျင်းအဆင့်နဲ့ ညီမျှတယ်…”

အင်မော်တယ်ယွင်ဟယ်က ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

ထို့နောက် သူက သူတို့နှစ်ယောက်ကို အပြုံးနှင့် ဆက်ပြောလိုက်၏။

“တကယ်လို့ ငါတို့ရဲ့ပူးပေါင်းမှုကသာ အောင်မြင်သွားတယ်ဆိုရင် ငါကိုယ်တိုင် မင်းတို့နှစ်ယောက်အတွက် အဆောင်တွေ ရေးပေးဦးမယ်…”

“ဒီလိုလာဘ်ထိုးမျိုးမှုကိုတော့ ငါလည်း မငြင်းနိုင်တော့ဘူး..”

မုန့်ချီက ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဘာမှစိုးရိမ်မနေပါနဲ့။ ကျွန်တော်က မီးတောင်ကိုကျော်ပြီး ဓားပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် ဒီတာဝန်ကို ပြည့်စုံအောင် လုပ်ပေးပါ့မယ်…”

အင်မော်တယ်ယွင်ဟယ်က သူ၏သက်တန့်အလင်းတန်းကို အသုံးပြုပြီး မုန့်ချီ၊ ကျန်းကျိဝေနှင့် သူ့တပည့် နှစ်ယောက်ကို မီးမြူခိုးတောင်တန်းရှိရာသို့ ပို့ပေးခဲ့သည်။

ထိုအချိန်တွင် မုန့်ချီက ပြည့်စုံခြင်းတံခါး ဖုံးကွယ်ထားသည့် တံဆိပ်ကို ဖယ်ရှားလိုက်သည်။

“ရင်းနှီးတဲ့တံခါးပဲ။ ဒါပေမဲ့ မရင်းနှီးတဲ့ အငွေ့အသက်တွေ ရှိနေတယ်…”

အင်မော်တယ်ယွင်ဟယ်က သက်ပြင်းချလိုက်ပြီး တစ်ယောက်တည်း တွေးတောနေမိခဲ့၏။

အမှန်တကယ် အန္တရာယ်များသည်မှာ ပြင်ပကမ္ဘာကြီး မဟုတ်ပေ။ တံခါး၏နောက်တွင် ရှိနေသော အန္တရာယ်များသာ ဖြစ်သည်။ ထိုအရာက ပိတ်ဆို့ထားသော အခန်းထဲ၌သာ ရှိနေသေး၏။

…………

ပြည့်စုံခြင်းတံခါး၏ အပြင်ဘက်တွင် မည်သည့်အရာမျှ မရှိချေ။ မင်းရှုနှင့် မင်းကွမ်တို့က တံခါးမှ ထွက်လာကြပြီး ပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ သူတို့က ကမ္ဘာကြီးထဲသို့ ပထမဆုံးအကြိမ် ရောက်လာသော ငှက်ကလေး နှစ်ကောင်ကဲ့သို့ ဖြစ်လာသည်။

မုန့်ချီက တံခါးကို ပိတ်လိုက်ပြီး ထိုအရာကို သူ၏ လေဟာနယ်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။ ထို့နောက် သူက တာအိုသခင်နှစ်ယောက်ကို ပိတ်ထားသော အခန်းထဲမှ ထွက်လာရန် ခေါ်လိုက်ပြီး ကျန်းကျိဝေနှင့်အတူ တိတ်တဆိတ် ထွက်လာခဲ့သည်။

လမ်းပေါ်တွင် လူပေါင်းများစွာ ပြည့်နှက်နေပြီး အတော်များများကတော့ ကန္တာရတေလေများကဲ့သို့ ဝတ်ဆင်ထားသည်။ သူတို့က သေမင်းပင်လယ်ထဲတွင် ထူးခြားသော ပစ္စည်းမျိုးစုံကို ရောင်းချနေကြပြီး အရောင်မျိုးစုံ ရှိနေသော အဖိုးတန် ကျောက်တုံးများလည်း ပါဝင်နေသည်။

ထိုပစ္စည်းအသစ်များကို မြင်သည့်အခါ မင်းရှုနှင့် မင်းကွမ်တို့က စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာကြ၏။ သို့သော် မုန့်ချီနှင့် ကျန်းကျိဝေတို့ကလည်း အနည်းငယ် သံသယ ဝင်နေမိသည်။ ငါးပင်လယ်၏ အခြေအနေက တစ်စုံတစ်ခု လွဲမှားနေ၏။

ငါးပင်လယ်တစ်ခုလုံးက မိုးကြိုးမုန်တိုင်းတစ်ခု ပေါ်လာတော့မည့် ပင်လယ်မျက်နှာပြင် တစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုအရာက တည်ငြိမ်နေသလို ထင်မှတ်ရသော်လည်း သူ၏ ဒေါသများကို ဖိနှိပ်ထားပုံရ၏။

ဝေ့ကျင်းအဆင့် ပညာရှင်ပေါင်းများစွာက မြို့ပေါ်မှ မကြာခဏ ဖြတ်သန်းသွားကြသည်။ တချို့ကတော့ ခါးပတ်တွင် ဓားပျံများ ချိတ်ထားပြီး တချို့ကတော့ သူတို့၏လက်ထဲတွင် ရေခဲသလင်းကျောက်များ၊ နှင်းပွင့်လေးများ ရှိနေကြသည်။ တချို့ကတော့ အလယ်ကုန်းမြေမှ မတူညီသော အဝတ်အစားများစွာကို ဝတ်ဆင်ထားကြ၏။

“ဒီနေရာမှာ နတ်ဘုရားပညာရှင်တွေ အများကြီးပါလား…”

မင်းရှုနှင့် မင်းကွမ်တို့က ကောင်းကင်ကြီးပေါ်ကို မော့ကြည့်ပြီး ထိတ်လန့်နေကြ၏။

“ဘာတွေဖြစ်နေတာလဲ…”

မုန့်ချီနှင့် ကျန်းကျိဝေတို့က သတိထားနေကြပြီး ချက်ချင်း ထွက်သွားရန် ရွေးချယ်ခဲ့ခြင်းမရှိဘဲ အနီးအနားတွင် ရှိနေသော အဘိုးကြီးချောင်၏ စားသောက်ဆိုင်ဆီသို့ ‌ရွှေ့သွားခဲ့သည်။

ထိုနေရာတွင် သူက ဆံပင်များ ရှုတ်ပွနေသော အရက်သမားရှဲ့ကို တွေ့လိုက်ရ၏။ အရက်သမားရှဲ့က မူးယစ်ရီဝေနေပုံရသော်လည်း သူက အင်မော်တယ်အဖွဲ့မှ သာမန်အဖွဲ့သား တစ်ယောက်ဖြစ်ကြောင်း မုန့်ချီက သိနေသည်။ ထို့ကြောင့် သူက အဖိုးတန် ကျောက်တုံးတစ်တုံး ထုတ်ပေးလိုက်ပြီး တိုက်ရိုက်မေးလိုက်၏။

“အခု ဘယ်လကို ရောက်ပြီလဲ။ ငါးပင်လယ်မှာ ဘာတွေ ဖြစ်နေပြီလဲ..”

အရက်သမားရှဲ့က သူ၏မျက်နှာနှင့် စားပွဲခုံကို အပ်ထားခဲ့သည်။ ထို့ကြောင့် အလွန်ခန့်ညားသော သူ၏ရုပ်ရည်က ပေါ်လွင်ခဲ့ခြင်း မရှိပေ‌။ သူက မတ်တပ်ရပ်ပြီး ပြန်ဖြေလိုက်သည်။

“ကျင်းအင်ပါယာမှာ ရှိတဲ့ ဘုရင်အသစ် အုပ်ချုပ်တာ တစ်နှစ် ကျော်သွားပြီ…”

ထိုသို့ဆိုလျှင် လိုဏ်ဂူ၏အတွင်းဘက်နှင့် အပြင်ဘက်တွင် ရှိနေသော အချိန်ကာလက တူညီနေပုံရသည်။ မုန့်ချီက ထိုအချက်ကို ပထမဆုံး အတည်ပြုနိုင်ခဲ့၏။ ထို့နောက် အရက်သမားရှဲ့က ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး နောက်ထပ် အရပ်တစ်ခွက် သောက်လိုက်သည်။

“ငါးပင်လယ်ထဲက အခြေအနေတွေကတော့ လမ်းပေါ်မှာရှိတဲ့လူတိုင်းက မင်းကို ပြောပြနိုင်တယ်…”

ထို့နောက် သူက ဖြည်းညင်းစွာ ရှင်းပြလိုက်၏။

“လွန်ခဲ့တဲ့ (၂)လလောက်က မြစ်အရှေ့ပိုင်း ဝမ်မိသားစုမှာရှိတဲ့ လော်စာအုပ်က အလင်းရောင်တွေ တောက်ပလာတာကို မိုင်ပေါင်းတစ်ရာလောက် အကွာကတောင် တွေ့နိုင်တယ်။ ပြီးတော့ ငါးပင်လယ်ကနေ တန်ဟန်အထိ ဗုဒ္ဓအလင်းတန်းကြီးတစ်ခု ပေါ်လာခဲ့တယ်။ လဝက်လောက် တွက်ချက်ပြီးသွားတဲ့အချိန်မှာ ဝမ်မိသားစုရဲ့ အကြီးအကဲ ၊ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်နဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေက အကြောင်းပြချက်ကို အတည်ပြုနိုင်ခဲ့တယ်။ နှစ်ဝက်အတွင်း ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်က ငါးပင်လယ်နဲ့ တန်ဟန်နယ်မြေထဲမှာ ပေါ်လာလိမ့်မယ်…”

“ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်လား..”

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့ ကြားလိုက်ရသောအရာကို ယုံကြည်ရန် ခက်ခဲနေကြသည်။

ထိုအရာက ထိတ်လန့်မှုကြောင့် မဟုတ်ချေ။ မုန့်ချီက ပထမသိုင်းကွက်ကို ရရှိထားပြီးသား ဖြစ်သည်။ ရုတ်တရက် သိလိုက်ရသော သတင်းကြောင့် သူတို့လည်း အလွန် အံ့သြသွားခဲ့ကြ၏။

“ဘာလို့ လူတိုင်းက အဲဒီအကြောင်းကို သိနေကြတာလဲ….”

မုန့်ချီက ပင်မလမ်းညွှန်ချက်အပေါ် လောဘကြီးနေခြင်းမရှိဟုပြောလျှင် တိကျမှု မရှိနိုင်ပေ။ သို့သော် ထိုသတင်းက လူအများ သိနေသည့်အတွက် သူက ပို၍စိတ်ဝင်စားနေခဲ့၏။

အရက်သမားရှဲ့က ရှင်းပြလိုက်သည်။

“ဝမ်မိသားစုက ဘာတွေစဉ်းစားနေလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ သူတို့က သူတို့ ရှာတွေ့တဲ့အရာကို ချက်ချင်းသိအောင် ကြေညာလိုက်တယ်။ ဝေ့ကျင်းအဆင့် ပညာရှင်တွေ ရောက်လာပြီးတဲ့နောက် ဒီသတင်း ပျံ့နှံ့သွားတဲ့အရှိန်က တဖြည်းဖြည်း မြန်လာခဲ့တယ်…”

အရက်သမားရှဲ့ရှင်းပြမှုကို ကြားသည့်အခါ မုန့်ချီနှင့် ကျန်းကျိဝေတို့၏ ခေါင်းထဲတွင် စကားလုံးများ ပေါ်လာခဲ့သည်။

“ဓမ္မကာရအဆင့် တိုက်ပွဲ…”

အရက်သမားရှဲ့က သူတို့နှစ်ယောက် စဉ်းစားနေသည့်အရာကို ခန့်မှန်းမိသည့်အလား ပြောလိုက်၏။

“ဓမ္မကာရအဆင့် ပညာရှင်တွေတော့ အခုထိ မရောက်လာသေးဘူး။ ဝမ်မိသားစုက ဘာတွေပြောခဲ့လဲဆိုတာ မင်းတို့ ယုံနိုင်မှာတောင် မဟုတ်ဘူး။ ထိပ်သီးအင်အားစုမှာရှိတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေက အမှန်တရားကို စစ်ဆေးဖို့ ရောက်လာကြတယ်။ ပြောရမယ်ဆိုရင်တော့ နှင်းတောင်ဓားဂိုဏ်း၊ ကျင်းကန်းကျောင်းဆောင်၊ ပျော်ရွှင်ခြင်းကျောင်းဆောင်နဲ့ အသူရာကျောင်းဆောင်တွေက ပညာရှင်တွေလည်း ရောက်နေကြတယ်…”

“ဗုဒ္ဓလက်ဝါးသာ ပေါ်လာမည်ဆိုရင် …”

မင်းကွမ်နှင့် မင်းရှုတို့ကတော့ အခြေအနေကို နားမလည်နိုင်သည့်အတွက် မုန့်ချီနှင့် ကျန်းကျိဝေတို့ နောက်မှသာ လိုက်လာကြသည်။

“ငါကတော့ ပင်မလမ်းညွှန်ချက်ရဲ့နောက်ကို မလိုက်တော့ဘူး…”

မုန့်ချီက ရင်ဘတ်ထဲတွင် ရှိနေသော လောဘများအားလုံးကို ဖယ်ရှားပြီး ပြောလိုက်သည်။

“ဒီကိစ္စက လူတိုင်း သိနေမှတော့ ဓမ္မကာရ ပညာရှင်တွေရဲ့ကြားထဲမှာ သေချာပေါက် တိုက်ပွဲတစ်ပွဲ ဖြစ်လာမှာပဲ။ ငါက သူတို့နဲ့ တိုက်ခိုက်မယ်ဆိုရင် ဘာကို အားကိုးနိုင်မှာလဲ။ ငါ့ရဲ့ကံတရားလား။ ဒါမှမဟုတ် ငါ့ရဲ့ စွမ်းရည်လား…”

လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် သေချာပေါက်သိရန် လိုအပ်သည်။

“ငါလည်း အတူတူပဲ…”

ကျန်းကျိဝေလည်း တွေဝေနေခဲ့ခြင်း မရှိပေ။

မုန့်ချီက ဆက်ပြောလိုက်၏။

“ငါက ဒီတာအိုသခင်နှစ်ယောက်ကို ကျောက်စိမ်းတံခါးဝင်ပေါက်ဆီ အရင်ဆုံး ပို့ပေးဖို့ ဆုံးဖြတ်ထားတယ်။ ပြီးမှ မျက်နှာအသစ်နဲ့ ပြန်လာခဲ့မယ်။ ဒဏ္ဍာရီတွေကလည်း ဒီကိစ္စမှာ သေချာပေါက် ပတ်သက်နေနိုင်တယ်။ ဒါဆိုရင်တော့ ငါက မိုးကြိုးနတ်ဘုရားနဲ့ အငြိုးအတေးတွေကို ရှင်းပစ်ရတာပေ့ါ။ အင်မော်တယ်တွေလည်း ဒီနေရာကို သေချာပေါက် ရောက်လာနိုင်တယ်။ တကယ်လို့ ငါသာ ပင်မလမ်းညွှန်ချက်ရဖို့ သူတို့ရဲ့အကူအညီ ရနိုင်မယ်ဆိုရင်တော့ အခြေအနေကို ပိုပြီးနားလည်နိုင်လိမ့်မယ်။ ဒီနေရာမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ အများကြီးရှိတယ်။ ငါတို့က ဘယ်လို ထွက်သွားကြမှာလဲ…”

ကျန်းကျိဝေက ဝေ့ကျင်းအဆင့်ကို ရောက်လာခဲ့ပြီးနောက် သူမက တစ်ကိုယ်တော် တာဝန်ကလွဲလျှင် အစစ်အမှန်တိုက်ပွဲ တိုက်ခိုက်ဖူးခြင်း မရှိချေ။ သူမ၏ မျက်လုံးထဲတွင် မီးဝင်းဝင်း တောက်နေခဲ့၏။

စကားပြောနေရင်း သူတို့(၄)‌ယောက်က လူသူရှုပ်ထွေးနေသော လမ်းမတစ်ခုထဲသို့ ဝင်လာခဲ့သည်။ ထိုနေရာတွင် အလယ်ကုန်းမြေက လူအမြောက်အမြား ရှိနေကြ၏။ သူတို့၏ ရှေ့တွင်တော့ ထိုင်ခုံငယ်လေး(၄)ခု ရှိနေသည်။

သူက ထိုင်ခုံငယ်လေးကို ဖြတ်ကျော်လာသည့်အချိန်တွင် မုန့်ချီက ရုတ်တရက် လှုပ်ရှားသွားခဲ့၏။ သူ၏ပတ်ဝန်းကျင်က လေဟာနယ်တစ်ခုအဖြစ် ပျက်စီးသွားခဲ့ပြီး မမြင်ရသော ကံကြမ္မာမျဉ်း‌ကြောင်းတစ်ခုက ထိုင်ခုံပေါ်တွင် ရှိနေသူနှင့် သူ့ကို ဆက်သွယ်လိုက်ကြောင်း မုန့်ချီကို ခံစားလိုက်ရသည်။

“ဆိုးရွားတဲ့ ကံကြမ္မာလား…”

သူကသာ ကံကြမ္မာစွမ်းအားကို လေ့ကျင့်ထားခြင်း မရှိလျှင် မုန့်ချီက ထိုအရာကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် အစွမ်းထက်သော အငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ကြောင်းသာ ခံစားမိခဲ့သည်။ သူ၏လှုပ်ရှားမှုများကို ပစ်မှတ်ထားလိုက်သည့်အတွက် သူက ပုံစံပြောင်းလဲရန်လည်း လုံးဝ မဖြစ်နိုင်တော့ပေ။

ထိုအချိန်တွင် ထိုင်ခုံက ရပ်တန့်သွားခဲ့ပြီး ကန့်လန့်ကာက ပွင့်သွားခဲ့၏။ အလွန်သေးသွယ်ပြီး နူးညံ့သိမ်မွေ့သော ခြေထောက်လေးတစ်ဖက် ထွက်လာပြီး အလွန်လှပသော အဖြူရောင် ဝတ်စုံတစ်စုံ ထွက်ပေါ်လာ၏။

“တော်တော်လှတာပဲ…”

အလွန်လှပသော ကျန်းကျိဝေကို မြင်ဖူးထားသည်ပင် မင်းရှုနှင့် မင်းကွမ်တို့က ထိုမိန်းမပျိုကိုကြည့်ပြီး အံ့သြမှင်တက်နေကြသေး၏။ သူတို့က ကောင်းကင်ပေါ်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကို မြင်လိုက်ရသလို ခံစားနေရသည်။

ထိုမိန်းမပျိုက နတ်သမီးသဖွယ် လှပလွန်းလှပြီး သူမ၏ခန္ဓာကိုယ်ပေါ်တွင် အစက်အပြောက် မရှိသည့်အတွက် သူတို့က အာခေါင်များ ခြောက်လာသလိုပင် ခံစားနေရသည်။

“ငါကတော့ မင်းကို နေရာတိုင်း လိုက်ရှာနေခဲ့တာ။ မင်းက အနားမှာ ရှိနေခဲ့တာပဲ။ ကံကြမ္မာက ငါတို့ကို ငါးပင်လယ်မှာ ဆုံတွေ့ပေးခဲ့တယ်။ ဒီလိုကံတရားမျိုးကြောင့် ငါတို့က ရေစက်ရှိတယ်လို့ ပြောရမှာပဲ…”

မိန်းမပျိုက ပတ်ပတ်လည်ကို စိုက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။ ဖုန်မှုန့်များကတော့ သူမ၏အဝေးကို လွင့်စင်သွားနေခဲ့၏။

မုန့်ချီက ဓားကို ကိုင်ထားပြီး နောက်ကျောကို မတ်မတ်ပြင်ထား၏။ သူက ထိုမိန်းမပျို၏ အဆင့်အတန်းကို ခန့်မှန်းမိခဲ့သည်။ ထိုအရာက လက်ရှိမျိုးဆက် ဆန်းကြယ်နတ်သမီး ဖြစ်နိုင်၏။ သို့သော် သူမက အစစ်အမှန် ဆန်းကြယ် နတ်သမီးလော။ သူမ၏ နီမဏကာရလော ဟူသည်ကို မည်သူကမျှ မသိနိုင်ပေ။

Translated by Hein Htet.

All Chapters