← Chapters

အခန်း (၅၃၄)

Vol. 36 Ch. 534

အခန်း (၅၃၄)

Vol. 36 Ch. 534

လက်ရှိမျိုးဆက် ဆန်းကြယ်နတ်သမီးက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတွက် ဘိုးဘေးဒိုမူကဲ့သို့ အစွမ်းမထက်လျှင်ပင် သူမ၏အစွမ်းက အလွန်အမင်း နိမ့်ကျနေလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သူမဆီ၌ နတ်ဘုရားလက်နက်များကိုပင် သယ်ဆောင်ထားနိုင်သေး၏။

ထိုကဲ့သို့ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရသည်မှာ တံခါး(၇)ပေါက်၊ တံခါး(၈)ပေါက်အဆင့်တွင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရခြင်းထက် ပို၍အန္တရာယ်များနိုင်သည်။

ဘိုးဘေးဒိုမူက ငရဲအင်ပါယာကို အလွယ်တကူ အနိုင်ရခဲ့သည့် အခြေအနေကဲ့သို့ သူကလည်း ခုခံရန် အခွင့်အရေး လုံးဝမရှိခဲ့ပေ။ မုန့်ချီ၏ ကိုယ်တွင်းပေါက်များ အားလုံးပွင့်နေပြီး ကမ္ဘာမြေကြီး၏ ချီစွမ်းအင်များကို စုပ်ယူနေခဲ့သည်။ သူက အင်မော်တယ်ဘိုးဘေးပုံစံကို ပြောင်းလဲထားပြီး အလွန်ကြောက်စရာကောင်းသော ခံစားချက်များက သူ၏ဆုံးဖြတ်ချက်ကို လွှမ်းမိုးသွားခြင်းမရှိစေရန် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်၏။

ဆန်းကြယ်နတ်သမီးက ထိုင်ခုံဆီမှ ဆင်းလာပြီးနောက် ပတ်ပတ်လည်တွင် ရှိနေသော မြူခိုးများက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ လမ်းသွားလမ်းလာများကတော့ တခြားကမ္ဘာကြီးတစ်ခုထဲတွင် ရှိနေသလို ထင်မှတ်ရ၏။ သူတို့က အင်မော်တယ်နယ်မြေထဲသို့ ခြေလှမ်းနိုင်ခြင်း မရှိသလို သူတို့၏အသံကိုပင် မကြားရချေ။

လူသူလှုပ်ရှားနေသော လမ်းမကြီးက တိတ်ဆိတ်နေပြီး သူမ၏ခြေလှမ်းသံကိုသာ တိုးတိုးလေး ကြားနေရ၏။ သူတို့(၄)ယောက်က ပင်မကမ္ဘာကြီးနှင့် လုံးဝကွဲထွက်နေသလို ထင်မှတ်ရပြီး ကမ္ဘာမြေကြီးနှင့် ဆက်သွယ်မှုရရှိရန် အဆပေါင်းများစွာ ပို၍ခက်ခဲနေသည်။

"ဒါက သူ့ရဲ့အတွင်းစွမ်းအားတွေလား…."

မုန့်ချီက သူ၏ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ လေဟာနယ်ထဲတွင် ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခု ဖန်တီးနိုင်ခြင်းက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် လုပ်ဆောင်နိုင်သော အရာတစ်ခုမဟုတ်ချေ။

"ဒီစွမ်းရည်အရ သူက အနည်းဆုံး သိုင်းသခင်အဆင့်တော့ ရောက်နေပြီ.။ သူ့ရဲ့လေသံကို ကြည့်ရတာတော့ သူက နီမဏကာရပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ရဲ့စွမ်းရည်တွေက လျှို့ဝှက်ဆန်းကြယ်ပြီး ကောက်ကျစ်လွန်းတယ်။ ငါတို့က အစွမ်းကုန်သုံးမယ်ဆိုရင်တောင် သူ့ရဲ့ကမ္ဘာကြီးကို ချိုးဖောက်နိုင်မလားဆိုတာ မသေချာဘူး။ ငါတို့က လူကောင်းတွေ၊ လူဆိုးတွေ ရောနှောနေတဲ့ သေမင်းပင်လယ်ကြီးထဲမှာ ရောက်နေတယ် ။ တကယ်လို့ မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်က သူတို့ရဲ့အဆင့်အတန်း ပေါ်သွားမယ်ဆိုရင်တောင် သူတို့က ဖမ်းဆီးသတ်ဖြတ်မှာ မဟုတ်ဘူး။ ငါတို့က ထွက်ပြေးနိုင်မယ်၊ ထွက်မပြေးနိုင်ဘူးဆိုတာကတော့ တခြားပညာရှင်တွေ အကူအညီပေးမပေး ဆိုတဲ့အပေါ် မှီခိုနေတယ် ... "

"အရက်သမားရှဲ့ကလည်း ဆန်းကြယ်နတ်သမီးထက် ပိုပြီး အားနည်းတယ်…"

နောက်ဆုံးစကားလုံးကလွဲလျှင် မုန့်ချီနှင့် ကျန်းကျိဝေတို့၏ စိတ်ထဲ၌ တူညီသော အတွေးများသာ ရှိနေကြသည်။ သူတို့က စိုးရိမ်ထိတ်လန့်နေကြသည့်အတွက် အစွမ်းကုန် တိုက်ခိုက်ကြပြီး အနီးအနားတွင် ရှိနေသော အစွမ်းထက်ပညာရှင်များကို ဆွဲဆောင်ရန် ဆုံးဖြတ်ထားကြသည်။

ဆန်းကြယ်နတ်သမီးက အလွန်နူးညံ့သိမ်မွေ့ပြီး လှပ၏။ သူမ၏ဝတ်စုံလေးက လေထဲတွင် လှုပ်ရှားနေပြီး သူမ၏ပုံစံက နတ်သမီးတစ်ပါးနှင့် ပို၍တူညီနေခဲ့သည်။

"မင်းက မိုးကြိုးနတ်ဘုရားရဲ့ အမွေဆက်ခံမှုကို ရထားပြီး ငါတို့က ဒီနေရာမှာ မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။ ဒါကလည်း ငါတို့ဆီမှာ ရေစက်ရှိနေတာကြောင့်ပဲ။ ဒီလိုရေစက်မျိုးက ငါတို့ကို ပေါင်းစည်းပေးနေမှတော့ မင်းက ဘာလို့ ရန်သူတစ်ယောက်ကို တွေ့သလို လုပ်နေရတာလဲ ... "

အလွန်နူးညံ့သိမ်မွေ့သော သူမ၏စကားသံလေးက ရေလှိုင်းသံလေးကဲ့သို့ ဖြစ်နေသည့်အတွက် မင်းရှုနှင့် မင်းကွမ်တို့က အစစ်အမှန် နတ်သမီးတစ်ပါး၏ ခေါ်သံကဲ့သို့ ခံစားနေကြရသည်။

ထိုကဲ့သို့ ကြည်လင်နေသော အသံလေးတစ်ခုက သူတို့၏နားထဲသို့ ဝင်ရောက်လာပြီး မျက်လုံးထဲတွင် အလွန်လှပသော နတ်သမီးပုံစံကို မြင်လိုက်ရသည့်အချိန်တွင် ဆန်းကြယ်နတ်သမီးက ကောင်းကင်ဘုံမှ ထွက်ပေါ်လာသော သူတော်စင်ကဲ့သို့ ဖြစ်နေသလို ခံစားခဲ့ရသည်။

သူမကို တိုက်ခိုက်ခြင်းကပင် အတော်လေး သနားစရာကောင်းလှ၏။ ကမ္ဘာကြီးထဲတွင် ထိုကဲ့သို့ မိန်းမလှလေးတစ်ယောက် ရှိနေသည်။ ဓားသိုင်းလှုပ်ရှားမှုတိုင်းက ထိုမိန်းမလှလေးကို ဖျက်ဆီးပစ်လိုက်ပြီး အရာအားလုံးကို မပြည့်မစုံဖြစ်သွားနိုင်၏။ ထို့ကြောင့် မုန့်ချီ ကိုယ်တိုင်က သူ့ဓားကိုကိုင်ပြီး တိုက်ခိုက်ရန် မဖြစ်နိုင်သလို ခံစားလိုက်ရသည်။

ဓားလက်ကိုင်ကို ကိုင်ထားသော ကျန်းကျိဝေ၏ လက်ကလည်း အနည်းငယ်တုန်ရီ နေခဲ့၏။ သူမကိုယ်တိုင်ကလည်း ဓားကို ဆွဲထုတ်နိုင်ခဲ့ခြင်း မရှိချေ။ သူမ၏စိတ်ထဲတွင် ပေါ်လာနေသော သနားညှာတာမှုနှင့် တွေဝေမှုများက သူမ၏တိုက်ခိုက်ချင်စိတ်များ၊ သတိထားမှုများနှင့် ရင်ဆိုင်နေခဲ့ရသည်။

ဆန်းကြယ်နတ်သမီးက အနည်းငယ်သနားစရာ ကောင်းအောင် ပြောနေပြီး ‌ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသော လ(၄)ယောက်ဆီကို လှပစွာ လျှောက်လှမ်းလာခဲ့၏။

"တကယ်လို့ မင်းကသာ ငါ့ရဲ့နောက်လိုက် ဖြစ်လာမယ်ဆိုရင် မင်းက လောကသခင်ပျက်သုဉ်းခြင်းဓားကို နားလည်နိုင်ပြီး လောကသခင်ရဲ့ကျင့်စဉ်တွေကို ရနိုင်လိမ့်မယ်။ ငါတို့က အဖိုးတန်လက်နက်ကို နှိုးဆွနိုင်ပြီး ငါတို့ရဲ့ဂိုဏ်းကို အတူတူ ကာကွယ်နိုင်လိမ့်မယ်..။ ဒါက နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ အရာတစ်ခုပဲလေ။ မင်းက ဘာကြောင့် မလိုချင်ရတာလဲ…”

“မင်းရဲ့ရှေ့မှာ ငါ့ဂိုဏ်းက လူတွေ လူသတ်နေတာကို မြင်ဖူးလို့လား။ ငါ့ဂိုဏ်းက ပျော်ရွှင်ခြင်းဗောဓိတဗ္ပနဲ့ လုံးဝကို ကွဲပြားတယ်။ ငါတို့က မင်းရဲ့အာဟာရတွေကို စုပ်ယူမှာ မဟုတ်ဘူး။ အရင်မျိုးဆက် အစောင့်အရှောက်တွေအားလုံးကလည်း သူတို့ရဲ့ဆန္ဒအတိုင်းပဲ လုပ်ဆောင်ခဲ့ကြတာ…"

အလွန်ကြည်လင်ပြီး လှပသည့် အသံလေးနှင့်အတူ လှိုက်လှဲပြီး စစ်မှန်သည့် ခံစားချက်တစ်ခုက တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ မင်းရှုနှင့်မင်းကွမ် တို့ကတော့ ထိုနတ်သမီး ဝမ်းနည်းမှာကို စိုးရိမ်နေသည့်အတွက် သဘောတူညီချင်နေခဲ့၏။ မုန်ချီ ကိုယ်တိုင်ကပင် အပြစ်ရှိနေသလို ခံစားနေရပြီး ဓားလက်ကိုင်ကို ဆုပ်ထားမှုက လျော့ရဲလာခဲ့သည်။

"တော်တော်လေး ထူးခြားတဲ့အစွမ်းမျိုးပဲ .။ တကယ်ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်မျိုးပဲ…"

"ချွင်…"

မုန့်ချီက အသံထဲ၌ မျောနေသည့်အချိန်တွင် သူ့နားထဲ၌ ဓားတစ်လက် ဆွဲထုတ်လိုက်သည့် အသံကို ကြားလိုက်ရသည့်အတွက် သူလည်း ယာယီလွတ်မြောက်သွားခဲ့သည်။

ကျန်းကျိဝေ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ပြည့်နှက်နေပြီး နောက်ဆုံးတွင်တော့ သူမက နေဖောက်သက်တန့်ဓားကို ဆွဲထုတ်နိုင်ခဲ့သည်။ သူမက အစွမ်းကုန် သုံးထားရသည့်အတွက် သူမ၏လက်ခုံပေါ်တွင် သွေးကြောစိမ်းများပင် ပေါ်နေခဲ့သည်။ သို့သော် သူမက ဓားကိုဆွဲထုတ်လိုက်သည်ကိုပင် ထိုမိန်းမလှလေး၏ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိချေ။

သူမ၏ဓားထိပ်ဖျားက တုန်ယင်နေခဲ့သော်လည်း သူမ၏ ဓားချီစွမ်းအင်များက ထွက်ပေါ်လာခဲ့ခြင်း မရှိဘဲ သူမ၏ပတ်ပတ်လည်တွင် မိုးရေစက်များကဲ့သို့ ကျဆင်းလာခဲ့သည်။

ဆန်းကြယ်နတ်သမီးက ချစ်စရာကောင်းစွာ ပြုံးလိုက်ပြီး နောက်တစ်ကြိမ် စကားပြောတော့မည့်အချိန်တွင် မုန့်ချီက သူ၏မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏အငွေ့အသက်များက ထူးခြားဆန်းကြယ်လွန်းလှပြီး သူ၏တည်ရှိမှုကို ဖမ်းဆုပ်မိခြင်း မရှိတော့ချေ။ သ ူမျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ့ရှေ့၌ ရောင်စုံကြိုးမျှင်များကဲ့သို့ ဖြစ်နေသော ပိုက်ကွန်ကြီးတစ်ခု ပေါ်လာခဲ့သည်။

"နတ်သမီး ...

မင်းမှာ ကံကြမ္မာတွေ အများကြီးရှိနေပါလား…"

မုန့်ချီက အလွန်တည်ငြိမ်သောအမူအယာနှင့် ပြောလိုက်သည်။

"အဲဒီတော့ ဘာဖြစ်လဲ…"

ဆန်းကြယ်နတ်သမီးက သူမ၏ညာဘက်လက်ကို မြှောက်ပြီး ပြောလိုက်သည်။ သူမ၏ လက်(၅)ချောင်းက ဖြူဖွေးနေပြီး ကြက်သွန်ဖြူ၏ အတွင်းသားနှင့် သိုးတစ်ကောင်၏ အဆီအနှစ်များကဲ့သို့ ဖြစ်နေသည်။

အလွန်ကြောက်စရာကောင်းသော ခံစားချက်တစ်ခုမျှမရှိဘဲ သူမက မုန့်ချီကို လက်ညှိုးထိုးလိုက်မိသည်။ ထိုအရာက လူတစ်ယောက်၏ ကျင့်စဉ်ကို လုံးဝသက်ရောက်နိုင်ခြင်း မရှိချေ။

ထိုကဲ့သို့ အလွန်လှပသော နတ်သမီးနယ်မြေ တစ်ခုထဲတွင် သူမ၏ လှုပ်ရှားမှုများက ကန့်သတ်ချက်ရှိနေပုံရပြီး သူမက နူးညံ့သိမ်မွေ့သော နတ်သမီး၏ပုံရိပ်ကို ထိန်းသိမ်းထားချင်ပုံရသည်။

မုန့်ချီက သူ၏ညာလက်ကို ဓားလက်ကိုင်ပေါ်သို့ တင်လိုက်ပြီး အလွန်နက်ရှိုင်းသောမျက်လုံးများနှင့် ဆန်းကြယ်နတ်သမီးကို စိုက်ကြည့်လိုက်၏။

"မင်းဆီမှာ သာမန်လူတွေထက် အဆ(၁၀၀)၊ အဆ(၁၀၀၀)လောက်ပိုများတဲ့ ကံကြမ္မာကြိုးမျှင်တွေ ရှိနေတယ်။ အဲဒီအရာက ငါ့ဘဝမှာ လုံးဝမမြင်ဖူးတဲ့ ဖြစ်စဉ်တစ်ခုပဲ…"

သူမက တခြားသူတစ်ယောက်ကို ထိန်းချုပ်နိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာ ဖန်တီးနိုင်သည်။ ထိုအရာမျိုးကို သူမက ရေစက်ဟုလည်းခေါ်ခဲ့၏။ ကံကြမ္မာများ ပျောက်ကွယ်သွားသည့်အချိန်တွင် သူမက ထွက်ခွာသွားရမည်ဖြစ်ပြီး နီမဏကာရ ဖြစ်လာခဲ့သည်။

ထိုစက်ဝိုင်းက အစနှင့်အဆုံး ဆက်သွယ်နေပုံရပြီး ထိုဖြစ်စဉ်တစ်ခုလုံးကို ကံကြမ္မာနှင့် ဆက်သွယ်ထားသည်။ သို့သော် တခြားသူများ၏ ချစ်ခြင်းမေတ္တာကို သူမ၏ကျင့်ကြံခြင်းအတွက် အသုံးချနေသော နည်းလမ်းက တခြားသူများကို ထိခိုက်စေနိုင်သည်။ ထိုသို့ဆိုလျှင် သူမက ကံကြမ္မာ၏သက်ရောက်မှုကို မခံရဘဲနေမည်လော။

ဆန်းကြယ်နတ်သမီးက တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

"တကယ်လို့ တခြားသူတွေဆီမှာသာ ဒီလိုအစွမ်းမျိုးနဲ့ သာမန်ကံကြမ္မာပမာဏ ရှိနေမယ်ဆိုရင် ငါက ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ... "

မုန့်ချီက ရှေ့ကိုလျှောက်လာပြီး ဆက်ပြောလိုက်သည်။

"ဒါပေမယ့် နတ်သမီး မင်းကတော့ မတူတော့ဘူး။ မင်းဆီမှာ အရမ်းများလွန်းတဲ့ ကံကြမ္မာကြိုးတွေက ငါ့အတွက်တော့ သစ်ကိုင်းခြောက်တွေလိုပဲ။ ငါက အဲဒီအရာတွေကို မီးရှို့ပစ်ဖို့ မီးပွားလေးတစ်ခုပဲ လိုအပ်တယ်…"

ဆန်းကြယ်နတ်သမီးက ရပ်တန့်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမ၏ခံစားချက်များက သက်ရောက်ခံလိုက်ရပုံ ပေါ်၏။

"မင်းက ကံကြမ္မာကွင်းဆက်ကို လေ့ကျင့်ထားတာလား…"

ထိုအရာက အဖြေမရှိသော ကျင့်စဉ်တစ်ခုဖြစ်သည်။ ထိုကျင့်စဉ်က ကံကြမ္မာအရေအတွက်ကိုသာ အဓိကဦးတည်နေပြီး အစစ်အမှန်စွမ်းအားက အဓိက မဟုတ်ချေ။

မုန့်ချီက ရှေ့ကို နောက်တစ်လှမ်း လျှောက်လိုက်ရာ ပတ်ဝန်းကျင်က မည်းမှောင်သွားခဲ့ပြီး တောက်ပသောကြိုးမျှင်များကလည်း ပျောက်ကွယ်သွားခဲ့သည်။

"မင်းက မရေမတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ ချစ်ခြင်းမေတ္တာတရားကို ပျက်စီးစေခဲ့တယ်။ ဒါကြောင့် အရမ်းနက်ရှိုင်းတဲ့ ကံကြမ္မာတွေ အများကြီး ရှိနေတယ်။ တကယ်လို့ အဲဒီကံကြမ္မာတွေသာ လောင်ကျွမ်းသွားမယ်ဆိုရင် မင်းရဲ့ မူလခန္ဓာကိုယ်ဆီကိုတောင် သေချာပေါက် ပျံ့နှံ့သွားနိုင်လိမ့်မယ်။ မင်းက အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ငါက ဒီနည်းလမ်းကို သုံးလိုက်မယ်ဆိုရင် ငါ့ကိုလည်း ကံကြမ္မာတွေက ဝါးမြိုသွားမှာပဲ ... ငါက အသက်ရှင်နိုင်မှာ မဟုတ်ဘူး.."

"ဟား ဟား ဟား ဟား … ငါတို့နှစ်ယောက်လုံး အတူသေရတာလည်း အတော်လေး ကောင်းပါတယ်…"

ဆန်းကြယ်နတ်သမီး၏ မျက်နှာအမူအယာက ပြောင်းလဲသွားခဲ့သည်။ သူမက တစ်ခါတစ်ရံ သိမ်မွေ့လှပပြီး တစ်ခါတရံ အလွန်အေးစက်နေခဲ့သည်။ သူမ၏ အလှကမ္ဘာကြီးက ပျက်စီးသွားခဲ့၏။

နောက်ဆုံးတွင်တော့ မုန့်ချီ၏ညာဘက်လက်က သူ၏ဓားလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နိုင်ခဲ့သည်။ သူက ရှေ့ကို နောက်တစ်ကြိမ် လျှောက်လာခဲ့ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

"တကယ်လို့ သေမှာမကြောက်ဘူးဆိုရင် တခြားသူတွေကို သေခြင်းတရားနဲ့ ဘယ်လိုခြောက်လှန့်နိုင်မှာလဲ .။ မင်းက သေမှာမကြောက်ဘူးလား…"

ထိုစကားများကို ပြောလိုက်ပြီးနောက် သူက အလွန်နက်ရှိုင်းသော အငွေ့အသက်များနှင့်အတူ ဆန်းကြယ်နတ်သမီးဆီကို လျှောက်သွားခဲ့သည်။

ဆန်းကြယ်နတ်သမီး၏လက်က အနည်းငယ် တုန်ယင်လာပြီး နောက်ဆုံးတွင်တော့ သူမ၏ခန္ဓာကိုယ် ဘေးဘက်ကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ မုန့်ချီက ရှေ့တည့်တည့်ကို စိုက်ကြည့်နေပြီး သူ့ဘေးတွင် အလွန်လှပသော နတ်သမီးတစ်ပါး ရှိနေသည်ဟု ခံစားရမည့်အစား ဘေးတွင် နွားတစ်ကောင်သာ ရှိနေသည်ဟု ခံစားမိခဲ့သည်။

လမ်းသွားလမ်းလာများ၏ ဆူညံသံများနှင့် သာမန်လူများ၏ အငွေ့အသက်များလည်း ပြန်ပေါ်လာခဲ့သည်။ သူတို့က မူလကမ္ဘာကြီးဆီကို ပြန်ရောက်လာပြီး အသက်ရှင်ခွင့်ရလိုက်သလို ခံစားနေရသည်။မုန့်ချီက ကျန်းကျိဝေ၊ မင်းရှု၊မင်းကွမ်တို့နှင့်အတူ လမ်းအဆုံးထိ တည်ငြိမ်စွာ လျှောက်သွားခဲ့၏။

ဆန်းကြယ်နတ်သမီးကတော့ ခဏကြာမှင်တက်နေခဲ့ပြီး သူမ၏ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။

သူတို့က လမ်းထောင့်ချိုးကို ရောက်သည့်အချိန်ကျမှသာ မုန့်ချီက ခြေမခိုင်တော့ဘဲ လဲကျလုမတတ် ဖြစ်သွားခဲ့၏။ သူ၏ အင်္ကျီလက်တစ်ခုလုံးတွင်လည်း ချွေးများ စိုရွှဲနေခဲ့သည်။

"မြန်မြန်…"

မုန့်ချီက သူ၏အငွေ့အသက်များကို ပြောင်းလဲလိုက်ပြီး မင်းကွမ်နှင့်မင်းရှုကို သူနှင့်အတူဆွဲခေါ်၍ လူအုပ်ကြီးထဲကို ဝင်သွားခဲ့သည်။ သူက မပြည့်စုံသော ကံကြမ္မာကွင်းဆက် နည်းလမ်းကိုသုံးပြီး ဆန်းကြယ်နတ်သမီးကို ခြိမ်းခြောက်နိုင်ခဲ့သည်။ သို့သော် ထိုနေရာတွင် ပျော်ရွှင်ခြင်းဗောဓိတဗ္ပသာဆိုလျှင် လုံးဝကွဲပြားသွားနိုင်၏။

ကျန်းကျိဝေက မင်းကွမ်၏ လက်ကို ဆွဲပြီး နောက်မှ ကပ်လိုက်လာခဲ့သည်။ သူတို့၏ အငွေ့အသက်များကို ဆက်တိုက် ပြောင်းလဲလိုက်ပြီးနောက် မုန့်ချီနှင့်ကျန်းကျိဝေတို့က ပန်းခြံတစ်ခုထဲတွင် ပုန်းအောင်းနေခဲ့၏။

"ငါတို့က ဆန်းကြယ်နတ်သမီးနဲ့ တိုက်ရိုက်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး ... "

မုန့်ချီက လေပူများကို မှုတ်ထုတ်လိုက်ပြီး သူ၏စိုးရိမ်စိတ်နှင့် အကြောက်တရားများကို ဖိနှိပ်လိုက်သည်။

ဆန်းကြယ်နတ်သမီးကလည်း ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကြောင့် ဤနေရာကို ရောက်လာခဲ့သည်မှာ သေချာသည်။ မဟုတ်လျှင် အလွန်ကျယ်ပြန့်သော ကမ္ဘာကြီးထဲတွင် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က အငွေ့အသက်များကို ဖုံးလွှမ်းနိုင်ပြီး တွက်ချက်မှုများကို ရှောင်တိမ်းနိုင်သည့်အတွက် သူတို့ဆုံတွေ့နိုင်သည့် အခွင့်အရေးကို သေချာပေါက် ကာကွယ်နိုင်သည်။

ကံဆိုးသွားသည်မှာ သူ၏ကျောက်စိမ်းပုံရိပ်ယောင်တွက်ချက်ခြင်းက မလုံလောက်သေးပေ။ သို့မဟုတ် သူက ပြည့်စုံခြင်းတံခါးထဲမှ ထွက်လာပြီးနောက် အန္တရာယ်များကို ခံစားမိမည်ဆိုလျှင်တော့ ထိုအရာများကို တွက်ချက်ပြီး အန္တရာယ်ကို ကြိုတင်ရှောင်တိမ်းနိုင်ပါလိမ့်မည်။

ကျန်းကျိဝေက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်က ဒီကမ္ဘာကြီးထဲမှာ အဖိုးတန်ဆုံးအရာတွေထဲက တစ်ခုပဲ။ ဒါကြောင့် ဆန်းကြယ်နတ်သမီး ကိုယ်တိုင်တောင် အနားမှာ ရှိနေခဲ့တယ်။ နင်က တစ်ခုခုအဖြစ် ပြောင်းလဲပြီး အရင်ဆုံး ပုန်းနေလိုက်။ ငါက ဂိုဏ်းက လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်မယ်။ ငါ့ဆရာလည်း ဒီနေရာမှာ ရှိနေနိုင်တယ်.. "

အကယ်၍ စုဝူမင်ကသာ ဝင်ရောက်ပါဝင်လာမည်ဆိုလျှင် ဓမ္မကာရအဆင့် ပညာရှင်များမှလွဲလျှင် မည်သူကမျှ သူ့ကိုမတားနိုင်ပေ။ ဆန်းကြယ်နတ်သမီးလည်း အတူတူသာ ဖြစ်၏။ အကယ်၍ သူမက အဖိုးတန်လက်နက်ကို ယူလာမည်ဆိုလျှင်ပင် သူတို့၏အစွမ်းက တူညီနေရုံသာ ရှိနိုင်သည်။

"ကြည့်ရတာ ငါ့ဆရာလည်း ဒီမှာရှိမယ်ထင်တယ်…"

ခဏကြာတည်ငြိမ်သွားပြီးနောက် မုန့်ချီက ပြောလိုက်၏။

ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်က ကျိကျန်းဓားစံအိမ်အတွက် အသုံးမဝင်နိုင်သည့်အတွက် စုဝူမင်က ဤနေရာတွင် မရှိနိုင်ပေ။ သို့သော် ရှောင်လင်ကျောင်းတော်က သေချာပေါက် လိုချင်နိုင်၏။ နဂါးဖမ်းလော်ဟန့်ကဲ့သို့ ကောင်းကင်မှတ်တမ်းတွင် နံပါတ်(၃)ဖြစ်သော ပညာရှင်ကလည်း သိုင်းလောကထဲသို့ ပြန်လည်ခြေချလာနိုင်သည်။

ထို့ပြင် ဘိုးဘေးလင်းပေါင်က ဗုဒ္ဓလက်ဝါးကို အလွန်တန်ဖိုးထား၏။ ဤနေရာကို သူကိုယ်တိုင်ရောက်လာနိုင်သည်။ သို့သော် ဓမ္မကာရအဆင့် ပညာရှင်များက အဆုံးတွင်သာ ပေါ်လာနိုင်ပြီး ယခုတော့ သူတို့ကိုအားကိုး၍ မရနိုင်သေးပေ။

"ကောင်းပြီလေ ... ဒါဆိုလည်း ငါတို့က လူခွဲပြီး လှုပ်ရှားကြတာပေါ့ ... "

ကျန်းကျိဝေက မင်းကွမ်နှင့် မင်းရှုတို့ကိုကြည့်ပြီး ရှင်းပြလိုက်သည်။

"ဒီနေရာမှာ အရမ်းအန္တရာယ်များတယ်။ နင်က ပုံစံပြောင်းပြီး သခင်မစုကို ရှောင်တိမ်းပြီးသွားရင် သူတို့ကို အရှေ့ဘက်ဆီ လိုက်ပို့လိုက်ပါ…"

မုန့်ချီက သူမ၏မျက်လုံးကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် အတွေးတစ်ခုရခဲ့၏။ သူကအပြုံးနှင့် တာအိုသခင်(၂)ယောက်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။

"ကျေးဇူးပြုပြီး ငါ့မှာ တောင်းဆိုမှုတစ်ခုရှိတယ်…"

"ဘယ်လိုတောင်းဆိုမှုမျိုးလဲ…"

သူ၏အကြည့်အောက်တွင် မင်းရှုနှင့် မင်းကွမ်တို့က မသက်မသာ ခံစားနေရ၏။

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"ကျေးဇူးပြု၍ လိုဏ်ဂူကမ္ဘာကြီးထဲကို ပြန်သွားပြီး အင်မော်တယ်က ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို စိတ်ဝင်စားလား သွားမေးပေးပါလား။ တကယ်လို့ သူက စိတ်ဝင်စားတယ်ဆိုရင်တော့ တံခါးဝမှာ စောင့်နေခိုင်းပေးပါ။ ငါ တံခါးဖွင့်လိုက်တာနဲ့ သူ့ကိုတွေ့မယ်ဆိုရင် ငါက သူ့ကို အရေးပေါ်အကူအညီ တောင်းလို့ရနိုင်တယ် ... "

"ကောင်းပြီလေ…"

မင်းရှုနှင့် မင်းကွမ်တို့က ဗုဒ္ဓလက်ဝါး၏ အရေးပါမှုကို နားမလည်နိုင်ကြပေ။ သို့သော် သူတို့က သူတို့၏ခေါင်းဆောင်ကိုသာ ရှာဖွေရန် လိုအပ်ကြောင်း နားလည်နေပြီး အန္တရာယ်မရှိသည့်အတွက် ချက်ချင်း သဘောတူလိုက်သည်။

သူတို့(၂)ယောက်ကို ပြန်ပို့လိုက်ပြီးနောက် မုန့်ချီက ပြည့်စုံခြင်းတံခါးကို နောက်တစ်ကြိမ် သိမ်းလိုက်ပြီး ကျန်းကျိဝေနှင့်အတူ ဝတ်စုံလဲ၍ ပန်းခြံထဲမှ ထွက်လာခဲ့သည်။

သူတို့ထွက်လာသည့်အချိန်တွင် မြင်လိုက်ရသောအရာများကြောင့် သူတို့လည်း အံ့ဩနေခဲ့ကြ၏။ လမ်းမပေါ်တွင် မိသားစုများစွာက သူတို့၏ ကုလားအုတ်များ၊ အထုတ်အပိုးများနှင့်အတူ သွားလာနေကြသည်။

ငါးပင်လယ်၏အစောင့်များက အစီအစဉ်တကျဖြစ်ရန် အလုပ်များနေကြပြီး အလယ်တွင်တော့ လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်က လွင့်မျောနေကြ၏။

မိန်းမပျိုက‌တော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏လက်ထဲတွင် သာမာန်ဓားရှည်များထက် အနည်းငယ် ပိုတိုသော ဓားတစ်လက်ကို ကိုင်ထားသည်။ သူမ၏ဓားလက်ကိုင်တွင် အပြာရင့်ရောင် ရေခဲသလင်း‌ကျောက်တစ်ခု ကပ်ထားပြီး ထိုအရာက အရောင်အဆင်းမရှိသော အရာတစ်ခုဖြစ်သည်။

သူမဆီတွင် ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုရှိနေပြီး အလွန်လှပသော မျက်နှာလေးတစ်ခုလည်း ရှိသည်။ သို့သော် သူမ၏ပုံစံက အေးစက်ပြီး ဂရုဏာကင်းမဲ့သလို ထင်ရ၏။

လူငယ်ကတော့ ရုပ်ဆိုးပြီး အရပ် (၈)ပေ နီးပါးခန့် ရှိသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြွက်သားများ ပြည့်နေပြီး သူက အစင်းကြောင်းများ ရှိ‌နေသော အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေပြီး သူက ကြောက်စရာကောင်းသော အကြည့်နှင့် စိုက်ကြည့်နေခဲ့၏။

"နှင်းတောင်ဓားဂိုဏ်းနဲ့ အသူရာကျောင်းဆောင်က ဝေ့ကျင်းအဆင့် ပညာရှင်တွေလား.."

မုန့်ချီနှင့် ကျန်းကျိဝေတို့က သူတို့ကို ချက်ချင်းမှတ်မိသွားကြသည်။

ထိုအချိန်တွင် အစောင့်တစ်ယောက် ဖြတ်လာသည့်အတွက် မုန့်ချီက သူ့ကိုတားပြီး ဖြစ်နေသည့်အရာများကို မေးလိုက်သည်။

"ဒီနယ်မြေထဲမှာ ဝေ့ကျင်းအဆင့် ပညာ‌‌ရှင်တွေက သေချာပေါက် တိုက်ခိုက်ကြလိမ့်မယ်...။ ဒါကြောင့် အသူရာကျောင်းဆောင်၊နှင်းတောင်ဓားဂိုဏ်းနဲ့ ကျင်းကန်းကျောင်းဆောင်က နယ်ခံတွေနဲ့ သာမာန်လူတွေကို တခြားနေရာဆီ ရွှေ့ပြောင်းဖို့ အကြံပေးထားတယ်…"

အစောင့်က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

သူတို့၏စကားကို ကြားသည့်အခါ အသူရာကျောင်းဆောင်မှ လူက လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက သူတို့ဆီကို ပျံသန်းလာပြီး ကောင်းကင်ပေါ်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"အလယ်ကုန်းမြေက လူတွေအားလုံး ငါးပင်လယ်ထဲကနေ ထွက်သွားကြစမ်း…"

Translated by Hein Htet.

All Chapters