အခန်း (၅၃၅)
Vol. 36 Ch. 535
အသူရာကျောင်းဆောင်မှလူက လက်ထဲတွင် အဖြူရောင်ဓားမောက်တစ်စုံကို ကိုင်ထားသည်။ သူတို့က ဆင်စွယ်နှင့် ဖန်တီးထားသလို ထင်မှတ်ရ၏။ ဒေါသများ ပြည့်နှက်နေသော သူ၏သွေးနီရောင် မျက်လုံးများက မုန့်ချီနှင့် ကျန်းကျိဝေတို့ကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့၏။
အလွန်လှပသော်လည်း အေးစက်သည့် မျက်နှာထားရှိနေသော ဝေ့ကျင်းအဆင့် မိန်းမပျိုက သူ့ကိုပြန်ပြောလိုက်သည်။
"လော်ကျား ….
ဘာမှပြဿနာမရှာနဲ့ဦး။ ငါးပင်လယ်ထဲက နယ်မြေခံတွေ ထွက်သွားတဲ့အချိန်ထိ စောင့်လိုက်ဦး။ ပြီးမှ နင့်စိတ်ကြိုက် တိုက်ခိုက်လို့ရတယ်…"
လော်ကျားက ပင့်သက်ရှိုက်လိုက်ပြီးနောက် ရင်ထဲတွင် ရှိနေသော ဒေါသများက အနည်းငယ် လျော့ကျသွားခဲ့သည်။ သူက သူတို့ကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"မင်းတို့ (၂)ယောက်လုံး ဒီနေရာကနေ ထွက်သွားစမ်း.။ အခုအချိန်ကြောင့်သာ မဟုတ်ရင် မင်းတို့က အခုချက်ချင်း နာကျင်မှုတွေကို ခံစားရလိမ့်မယ်…"
ထိုကဲ့သို့ လူမျိုးက အလွန်သွေးဆူလွယ်ကြသည်။ မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီး သူ၏ညာဘက်လက်က သူ အယုံကြည်ရဆုံးဓားဖြစ်သည့် ရေလှိုင်းမီးတောက်ဓားကို ကိုင်ထားခဲ့သည်။ သူက ဆန်းကြယ်နတ်သမီးနှင့် ပျော်ရွှင်ခြင်းဗောဓိတဗ္ဗတို့ကို ရှောင်တိမ်းရန်အတွက် ဓားသမားတစ်ယောက်ပုံစံ ဟန်ဆောင်ထားခဲ့သည်။
ကျန်းကျိဝေက သူ့ကို တိတ်တဆိတ် ပြောလိုက်၏။
"သူနဲ့ပြဿနာဖြစ်မနေနဲ့တော့။ သူက အသူရာ(၆)သွယ်ထဲက ဒေါသအသူရာကျင့်စဉ်ကို လေ့ကျင့်ထားတာ။ ဒါကြောင့် သူက ဒေါသထွက်နေပြီး ပြဿနာတွေပဲ တောက်လျှောက်ဖန်တီးနေတာ။ သူက ပိုပြီးဒေါသထွက်လာလေလေ ပိုပြီးတော့ အစွမ်းထက်လာလေလေပဲ ။ ဒါက သူ့ရဲ့ဒေါသတိုးလာရာကနေ သူ့ရဲ့တိုက်ခိုက်စွမ်းရည်တွေ ပိုမြင့်လာအောင် ဖန်တီးနေတာ ... နင်က အဲဒီထောင်ချောက်ထဲကို ဝင်မသွားစေနဲ့…"
ထိုစကားကို ကြားသည့်အခါ မုန့်ချီက အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူက သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်၏။ သို့သော် ရုတ်တရက်ဆိုသလို ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။
လော်ကျားက သူတို့ကို လှည့်ကြည့်ပြီး အော်ဟစ်လိုက်၏။
"မင်းက ဘာကြည့်တာလဲ .။ ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း…"
သူက အလွန်ဒေါသထွက်နေသော မှော်သားရဲတစ်ကောင်ကဲ့သို့ သူတို့ကို ဖျက်ဆီးပစ်ချင်နေခဲ့၏။
နှင်းတောင်ဓားဂိုဏ်းမှ ဝေ့ကျင်းအဆင့် ပညာရှင်က သူ့အနားကို လွင့်မျောလာပြီး သူ့ကို အေးစက်စွာ ပြောလိုက်သည်။
"လော်ကျား …
အခုချက်ချင်းရပ်မှာလား...မဟုတ်ရင် နင်က ဒီမှာရပ်ကြည့်နေတဲ့သူတွေကို ထိခိုက်အောင် လုပ်မိတော့မယ်…"
သူမ၏နှုတ်ဖျားမှ ထိုစကားများ ထွက်ပေါ်လာသည့်အချိန်တွင် မုန့်ချီက လော်ကျားကို မော့ကြည့်ပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဟုတ်လား…။ သူ့ကို ရှင်းလိုက်မယ်ဆိုရင်လည်း ဘယ်သူမှထိခိုက်မှာ မဟုတ်ပါဘူး .."
ယခု သူ စကားပြောလိုက်သည့်လူကတော့ မိန်းမပျိုဖြစ်သည်။
"ဘာပြောတယ်…"
လော်ကျား၏ မျက်လုံးထဲတွင် ဒေါသများ ချက်ချင်း တောက်လောင်လာခဲ့သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်ချိန်တွင် ဓားအလင်းတန်းတစ်ခု ပေါ်လာခဲ့၏။ အနီရောင်နေလုံးကြီးတစ်ခုကလည်း မြေပြင်ပေါ်တွင် ထွက်ပေါ်လာသလို ထင်မှတ်ရ၏။ သူ၏အလင်းရောင်များက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး နေရာတိုင်းတွင် လင်းလက်တောက်ပသွားခဲ့သည်။
ထိုအရာက ပြောပြရန် ခက်ခဲသော နည်းလမ်းနှင့် ပေါင်းစပ်သွားခဲ့ပြီး ဓားအလင်းရောင်နှင့် နေအလင်းရောင်တို့က ပေါင်းစည်းသွားခဲ့သည်။ လော်ကျားက သူ့ဆီကို ရောက်လာသော ဓားအလင်းတန်း၊ ပူလောင်မှုနှင့် လောင်ကျွမ်းနေသော ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်။
သူက ထိုအရာကို စစ်ဆေးကြည့်လိုက်ပြီး အစစ်အမှန်အန္တရာယ်ရှိသော တိုက်ခိုက်မှုက မည်သည့်နေရာမျှရောက်လာမှန်း တိတိကျကျ မပြောနိုင်ပေ။
"သေစမ်း…"
သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ဓား(၂)လက်ကို ထိန်းချုပ်၍ ရူးသွပ်စွာ တိုက်ခိုက်လိုက်၏။ သူ့ပုံစံက အရိုးဖြူရောင် စက်လုံးကြီးတစ်ခုကဲ့သို့ ထင်မှတ်လိုက်ရသည်။
ထိုစက်လုံးကြီးက သွေးပင်လယ်ကြီးကဲ့သို့ ဖြစ်နေသော အနီရောင်အလင်းတန်းကို ဝါးမြိုသွားခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသော ဓားချက်များအားလုံးကို တားဆီးလိုက်သည်။ သူက နေလုံးကြီးဆီမှ အကာအကွယ်ယူနေသလို ထင်မှတ်ရ၏။
"ဘုန်း ဘုန်း ... ချွမ် ချွင်…."
တချွင်ချွင် မြည်သံများ ထွက်ပေါ်လာနေပြီးနောက် နေလုံးကြီး ပျောက်ကွယ်သွားပြီး မီးတောက်များ မရှိတော့ကြောင်း ကြည့်နေသူအားလုံး တွေ့လိုက်ရသည်။ အတွင်းထဲတွင်တော့ သွေးပင်လယ်ကြီးတစ်ခုနှင့် တိမ်တိုက်များပေါ်သို့ ရောက်သွားသော အဖြူရောင်အလင်းတန်းများကို တွေ့နေရ၏။
လမ်းပေါ်တွင် ရှိနေသောလူများက သူတို့၏အထုပ်များကို သယ်ဆောင်ပြီး သွားလာနေကြသော်လည်း ထိုတိုက်ပွဲ၏ သက်ရောက်မှုကို မခံရပေ။ သူတို့က အပူရှိန် အနည်းငယ် မြင့်တက်လာသည်ကိုသာ ခံစားမိခဲ့၏။
"ဘုန်း…"
ထို့နောက် နေလုံးကြီးက လေထဲတွင် ပေါက်ကွဲသွားခဲ့ပြီး သွေးပင်လယ်ကြီးတစ်ခု ထွက်လာခဲ့သည်။
လော်ကျားက ကောင်းကင်ပေါ်တွင် ပြန်ပေါ်လာခဲ့၏။
"သေစမ်း…"
သူက ဒေါသတကြီး အကြိမ်ကြိမ် အော်ဟစ်နေခဲ့သည်။
ယခုတော့ သူ၏ခန္ဓာကိုယ်က ကြီးထွားလာပြီး အနက်ရောင်ဆံပင်များပေါ်တွင်လည်း သွေးရောင်ပြောင်းလဲနေသည့်အတွက် သူ့ပုံစံက မှော်သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်က ကြွက်သားများ ပြည့်နှက်လာပြီး တစ်လက်မချင်းဆီတိုင်းတွင် ကြောက်စရာကောင်းသည့် အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။ အစောပိုင်းအခြေအနေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူ၏အငွေ့အသက်က (၃)ဆခန့် မြင့်တက်သွားခဲ့၏။
ထိုအချိန်တွင် မုန့်ချီက အဖြူရောင်ဝတ်စုံနှင့် သူ့ရှေ့တွင် လွင့်မျောနေပြီး သူ၏အနီရောင်ဓားရှည်ကတော့ သူ့နောက်တွင် လွင့်မျောနေခဲ့သည်။ ယခု သူတို့၏ တိုက်ပွဲကို ငါးပင်လယ်ထဲတွင် ရှိနေသော နယ်မြေခံ ဝေ့ကျင်းအဆင့် ပညာရှင်များကလည်း သတိထားမိကြ၏။
လော်ကျားက အစွမ်းကုန်ကြိုးစားပြီး တိုက်ခိုက်တော့မည့်အချိန်တွင် နှင်းတောင်ဓားဂိုဏ်းမှ မိန်းမပျိုက သူတို့၏ကြားထဲကို ဝင်လာပြီး တားဆီးလိုက်သည်။
"ချက်ချင်းရပ်လိုက်ကြစမ်း…"
သူမ၏အဝတ်အစားများက လေထဲတွင် လှုပ်ရှားနေခဲ့သည်။ သူတို့က အဖြူရောင်နှင့် အပြာရောင် ရောစပ်ထားခြင်းဖြစ်ပြီး နှင်းပွင့်လေးများနှင့် တူညီနေသည်။
သူမက မျက်နှာအမူအရာနှင့် လိုက်ဖက်ညီသော ပုံစံနှင့် ပြောလိုက်၏။
"တကယ်လို့ နင်သာ ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် နှင်းတောင်ဓားဂိုဏ်းက လူတစ်ယောက်အနေနဲ့ နင်တို့(၂)ယောက်လုံးက ငါ့ရဲ့ရန်သူပဲ ..။ ဒါပေမဲ့ နင်တို့က ဒီမှာရှိတဲ့လူတိုင်း ထွက်သွားမယ့်အချိန်ထိ စောင့်နေမယ်ဆိုရင်တော့ နင်တို့ရဲ့ပြဿနာတွေကို ငါလည်း စိတ်မဝင်စားဘူး…"
"ငါက အဆင်ပြေတယ်…"
ရန်စနေသော မုန့်ချီက သူမ၏သဘောတူညီချက်ကို ရိုးရှင်းစွာ သဘောတူလိမ့်မည်ဟု လော်ကျားလည်း မထင်ထားခဲ့ပေ။ လော်ကျားက သူမကိုကြည့်လိုက်၊ သူ့ကိုကြည့်လိုက်နှင့် တဖြည်းဖြည်း ဒေါသများက ပျောက်ကွယ်သွားပြီး ပုံမှန်အရွယ်အစားကို ပြန်ရောက်လာခဲ့၏။
"ရွှယ်လျန်ကျိုး...
အသူရာအင်ပါယာရဲ့ အမိန့်ကြောင့်သာ မဟုတ်ရင် နင်က ဒီနေ့သေရလိမ့်မယ်... "
သူက ဒေါသတကြီး ပြောဆိုပြီး လှည့်ထွက်သွားခဲ့၏။
ရွှယ်လျန်ကျိုးက မုန့်ချီကို လှည့်ပြောလိုက်သည်။
"အသူရာကျောင်းဆောင်က လူတွေ အမှားလုပ်မိတယ်ဆိုရင်တောင် ဒီက မိတ်ဆွေကလည်း သေမင်းပင်လယ်ထဲကနေ တတ်နိုင်သမျှ မြန်မြန်ထွက်သွားတာ ပိုကောင်းမယ်... "
သူမက အောက်ဖက်သို့ ပျံသန်းသွားခဲ့ပြီး မြို့ထဲမှ သာမန်လူများ ဆုတ်ခွာသွားခြင်းကို စောင့်ကြပ်ပေးနေခဲ့သည်။
မုန့်ချီက ရေလှိုင်းမီးတောက်ဓားကို နောက်တစ်ကြိမ် ပြန်သိမ်းလိုက်ပြီး မြေပေါ်သို့ ဆင်းသက်လိုက်သည်။ ကျန်းကျိဝေက သူ့ကို တိတ်တဆိတ် ပြောလိုက်သည်။
"နင်က ဒါတွေအားလုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်လား…"
"ဒီလိုလုပ်ရပ်မျိုးကို ဆန်းကြယ်နတ်သမီးနဲ့ ပျော်ရွှင်ခြင်းဗောဓိတပ္ပတို့က ကျိန်းသေလျစ်လျူရှုထားမယ်လို့ ခံစားမိတယ် ... "
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြောလိုက်သည်။
သူက ငါးပင်လယ်ထဲတွင် အသူရာကျောင်းဆောင်မှ ပညာရှင်များကို ပြဿနာရှာနေလိမ့်မည်ဟု သူတို့လည်း လုံးဝထင်ထားမည် မဟုတ်ချေ။ သူက ဆန်းကြယ်နတ်သမီးနှင့် မီတာအနည်းငယ်အကွာအဝေးအတွင်း မရှိသရွေ့ ထူးဆန်းသော ကံကြမ္မာဆက်သွယ်မှုမျိုး မရှိသည့်အတွက် သူ၏တည်ရှိမှုကို သတိထားမိလိမ့်မည် မဟုတ်ချေ။
မုန့်ချီက ခဏရပ်ပြီး ပြောလိုက်၏။
"လော်ကျားနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုကို ငါ စဉ်းစားမိခဲ့တယ်။ သူ့ပုံစံကို ကြည့်ရတာ ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေသလိုမျိုးပဲ။ သူက အရမ်းကို တိုက်ခိုက်ချင်နေတယ် ထင်တယ်။ ဒါမှမဟုတ် သူက ဒေါသထွက်ဖို့အတွက် လိုအပ်ချက်တစ်ခု ရှိနေမယ်ထင်တယ်…"
ကျန်းကျိဝေကတော့ ထိုရှင်းလင်းချက်ကို သဘောမတူခဲ့ပေ။ သူမက ထပ်ပြောလိုက်သည်။
"လော်ကျားနဲ့ ရွှယ်လျန်ကျိုးတို့ (၂)ယောက်လုံးက သူတို့ရဲ့ဂိုဏ်းထဲမှာ တော်တော်လေးကို ထူးချွန်ထက်မြက်တဲ့သူတွေပဲ...။ သူတို့က ဝေ့ကျင်းအဆင့်ကို ရောက်နေတာ ဆယ်စုနှစ် တစ်ခုစာလောက်ရှိပြီ.။ အခုသူတို့က ပထမကောင်းကင်လှေကားကို တက်လှမ်းဖို့တောင် နီးကပ်နေပြီ…"
သူက ညာလက်သီးကိုဆုပ်ပြီး တီးတိုးပြောလိုက်၏။
"ဒါဆိုရင်တော့ သိပ်မဆိုးတဲ့ ပြိုင်ဘက်တွေပေါ့ ... "
"ဟုတ်တယ် မဆိုးတဲ့ ပြိုင်ဘက်တွေပဲ…"
သူတို့က အချင်းချင်းကြည့်ပြီး ရယ်လိုက်မိကြသည်။
သူတို့နှင့် အဆင့်တူ ပြိုင်ဘက်မျိုးကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့က တူညီသော အတွေးမျိုးသာ ရှိနေကြ၏။ သို့သော် မုန့်ချီကတော့ အားနည်းသော ပြိုင်ဘက်ကိုလည်း ပျော်ပျော်ရွှင်ရွှင် တိုက်ခိုက်တတ်သည်။
ကျန်းကျိဝေက အနည်းငယ် ခေါင်းမော့ကြည့်လိုက်ပြီး ကောင်းကင်ပေါ်တွင် ကျန်ရှိနေသော အလင်းရောင်များကို စစ်ဆေးကြည့်လိုက်သည်။
"ညနေစောင်းရင် ကွမ်လင်း လမ်းကြားထဲမှာရှိတဲ့ ခြံဝန်းရဲ့ရှေ့မှာ ငါတို့ပြန်တွေ့ကြမယ်။ ငါက ဂိုဏ်းအဖွဲ့သားတချို့ကို သွားရှာလိုက်ဦးမယ် ... အဲဒီအချိန်ကျမှ တွေ့ကြတာပေါ့…"
မုန့်ချီက သူ၏ရုပ်ရည်ကို ပြောင်းလဲထားပြီး အသွင်ပြောင်းလဲထားခြင်းဖြစ်သည်။ ကျိကျန်းဓားစံအိမ်နှင့် ပတ်သက်နေမည်ဆိုလျှင် သူ၏အစစ်အမှန် နောက်ကြောင်းက ပေါ်သွားနိုင်၏။
"ကောင်းပြီလေ…"
မုန့်ချီက သူမနှင့် လူချင်းခွဲသွားခဲ့၏။ ယခုတစ်ကြိမ် သူက သတင်းအချက်အလက်များ ရှာဖွေရန်အတွက် မြို့ထဲတွင် လှည့်ပတ်သွားလာရန် စီစဉ်ထားခဲ့သည်။
သူက ခြံဝန်းတစ်ခုကို ဖြတ်ကျော်လာပြီးနောက် သူ့နောက်ကို လူတစ်ယောက် ပြေးလိုက်လာခဲ့သည်။ ထိုလူက အပြုံးနှင့်ပြောလိုက်၏။
"မိတ်ဆွေ ခဏနေပါဦး…"
မုန့်ချီက အလွန်ရင်းနှီးသော အငွေ့အသက်နှင့် ရင်းနှီးသောအသံကြောင့် ပြန်လှည့်ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသည်မှာ သက်လတ်ပိုင်းလူကြီး တစ်ယောက်ဖြစ်ပြီး အင်္ကျီလက်ပွနှင့် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာပေါ်တွင်တော့ ချောမောခန့်ညားသော မုတ်ဆိတ်မွှေးတစ်ခု ရှိနေပြီး သူ၏မျက်လုံးက အနည်းငယ်စွေနေပုံရသည်။
"သူက ငွေတံဆိပ်လူဆိုးထိန်း ချမ်းကိုင်လား ... "
ရင်မြို့ထဲတွင် သူတို့က ဒဏ္ဍာရီများကို အတူတကွ စုံစမ်းရှာဖွေခဲ့သည်။ နောက်ပိုင်းတွင် အိမ်ရှေ့မင်းသားကို ကယ်တင်ခဲ့ပြီးနောက် သူက လော့ရန်သို့ ရောက်ခဲ့ပြီး ယခုကံကြမ္မာက နောက်တစ်ကြိမ် ပြန်လည်ဆုံဆည်းစေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ချမ်းကိုင်က သူ့ကို စားသောက်ပွဲသို့ ဖိတ်ခေါ်ခဲ့သော်လည်း ထိုအချိန်တွင် မုန့်ချီက မတက်ရောက်နိုင်ခဲ့ပေ။
"သူက ငါ့ကိုမှတ်မိနေတာလား ... ဒါမှမဟုတ် တစ်ခုခုရှိနေတာလား…"
ချမ်းကိုင်ကိုကြည့်ပြီး သူက ရှောင်ပြေးရန် အတွေးမျိုး မစဉ်းစားမိခဲ့ပေ။
"မိတ်ဆွေ ဘာကိစ္စများရှိလို့လဲ…"
သူက ယပ်တောင်(၆)လက်ကျောင်းမှ လူတစ်ယောက်ဖြစ်ကြောင်း ချမ်းကိုင်က ပြောပြခဲ့ခြင်း မရှိချေ။
မုန့်ချီက ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူက အပြုံးနှင့် ပြောလိုက်၏။
"စောနတုန်းက မင်းရဲ့လုပ်ရပ်တွေက တော်တော်လေးစားဖို့ကောင်းတယ် ... မင်းက သိုင်းကွက်တစ်ကွက်တည်းနဲ့ ဒေါသအသူရာကို နောက်ဆုတ်သွားအောင် တွန်းပို့ခဲ့တာ။ ငါက လော့ရန်က ချမ်းကိုင်ပါ။ မင်းကို ဒီလိုမျိုး လာပြောရတဲ့အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ... "
"အစ်ကိုချမ်း ဒီလောက်ထိ တလေးတစား ပြောနေဖို့ မလိုပါဘူး ..."
မုန့်ချီက သူ့ကို အပြုံးနှင့် ပြောလိုက်သည်။
"သူတို့အားလုံးက အဲဒီတိုက်ပွဲကို မြင်ခဲ့ကြရတာလား "
ချမ်းကိုင်၏ခေါင်းထဲတွင်တော့ အတွေးပေါင်းစုံ ရှိနေပုံရသည်။ သူက ခံစားချက် ပြည့်နှက်စွာ ပြောလိုက်၏။
"သိပ်မကြာခင် အတောအတွင်း နှင်းတောင်ဓားဂိုဏ်း၊ အသူရာကျောင်းဆောင်နဲ့ ကျင်းကန်းကျောင်းဆောင်တို့က ပူးပေါင်းထားတယ်ဆိုတဲ့ လက္ခဏာတွေ ပေါ်လာခဲ့တယ်။ မင်းလည်း သတိထားမိမှာပဲ။ အသူရာကျောင်းဆောင်က ဝေ့ကျင်းအဆင့် ပညာရှင်တွေက ဒေါသကျင့်စဉ်၊ သတ်ဖြတ်ရေးကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အတွက် သူတို့ရဲ့ဒေါသကို ထိန်းသိမ်းဖို့ တော်တော်လေးခက်တယ် ။ သူတို့က အမြဲတမ်း တိုက်ခိုက်ချင်နေကြတာ။ တကယ်လို့ သူတို့တွေကသာ မင်းကို ငါးပင်လယ်ထဲကနေ ထွက်သွားအောင် တိုက်ခိုက်လိုက်မယ်ဆိုရင် မင်းက ဘော်တာရှမ်တောင်တန်းထဲကနေ ထွက်သွားရလိမ့်မယ်။ တကယ်လို့ မင်းက အနိုင်ရမယ်ဆိုရင်တော့ အခြေအနေက ပိုဆိုးသွားပြီ။ သူတို့က ပိုပြီးအစွမ်းထက်တဲ့ အကြီးအကဲတွေကို ခေါ်လာပြီး လက်တုံ့ပြန်ကြမှာပဲ။ ပြောရမယ်ဆိုရင် မင်းက ဘယ်လိုရလဒ်မျိုးပဲရှိရှိ ရှုံးရမှာပဲ .။ မင်းက မြို့ထဲကနေ ထွက်သွားရလိမ့်မယ်…"
"ကျွန်တော် နားလည်ပါပြီ…"
"မင်းက သူနဲ့ သရေပဲ ကျခဲ့တာ ကံကောင်းသွားတယ်။ အသူရာကျောင်းဆောင်က ကမ္ဘာဦးအသူရာတွေအားလုံးက မုန့်နန်ကနေစတယ်။ သူတို့အားလုံးက သူတို့ရဲ့ အကျိုးစီးပွားကိုပဲ စိတ်ဝင်စားကြတာ…"
မုန့်ချီက သူ၏မျက်ခုံးပေါ်မှ ချွေးသီးချွေးပေါက်များကို သုတ်လိုက်သည်။ သူက ထိုလေသံနှင့် အတော်လေးကို ရင်းနှီးနေခဲ့၏။ အကယ်၍ သူကသာ သူတို့နှင့် ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် သူတို့က ပို၍အစွမ်းထက်သော လူတစ်ယောက်ကို တဖြည်းဖြည်းပို၍ စေလွှတ်လာနိုင်သည်။
"ဒါဆိုရင် အသူရာကျောင်းဆောင်က လူတွေကို တမင်တကာရန်စနေတယ်လို့ ပြောချင်တာလား…"
"အဲဒီလိုဖြစ်ဖို့များတယ်။ ဒါပေမယ့် အဲဒါဘာအတွက်လဲဆိုတာတော့ ငါလည်း သေချာမပြောနိုင်ဘူး။ တခြားဂိုဏ်းတွေ၊ မိသားစုတွေက ပညာရှင်တွေ ဒီနေရာကို မလွှတ်ခင် သူတို့တွေက တစ်ခုခုကို ထိန်းချုပ်ဖို့ ကြိုးစားနေသလိုပဲ။ ဒါဆိုရင် သူတို့က ဗုဒ္ဓလက်ဝါး ရှိနိုင်တဲ့နေရာကို အရင်ဆုံး ခြေရာခံနိုင်မယ်လေ…"
သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် အနားပတ်လည်တွင် သူတို့ကို စောင့်ကြည့်နေသော လူမရှိကြောင်း စစ်ဆေးမိခဲ့သည်။
"ငါကတော့ ကိုယ်ပိုင်အကျိုးစီးပွားကြောင့် ဒီကို ရောက်လာခဲ့တာ။ ပြီးတော့ ငါက ဒီအရာတွေရဲ့ကြားထဲမှာ အက်ကွဲကြောင်းတစ်ခုကို တွေ့လိုက်ရတယ်။ ဒါကြောင့် အနောက်ပိုင်းနယ်မြေမှာရှိတဲ့ ဂိုဏ်းကြီးတွေ ရောက်မလာခင် ငါ့ရဲ့ကံတရားကို စစ်ဆေးကြည့်ချင်နေတာ။ ငါက ရှာဖွေနေရင်း တချို့အရာတွေက ဖြည်းဖြည်းချင်း လှုပ်ရှားနေတယ်ဆိုတာကို တွေ့လိုက်ရတယ်။ မင်းက ဘယ်အဖွဲ့အစည်းနဲ့မှ ပူးပေါင်းမထားတဲ့အပြင် ကိုယ်ပိုင်အစွမ်းကလည်း မြင့်မားတယ်။ ဒီတော့ ငါက မင်းကို ပူးပေါင်းဖို့အတွက် ဖိတ်ခေါ်ချင်တာ။ မင်းက ငါနဲ့ပူးပေါင်းဖို့ ဘယ်လိုသဘောရလဲ…"
မုန့်ချီက သူ့ကိုကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါဆိုရင် အစ်ကိုချမ်းဆီမှာ အဖွဲ့သားတွေ ရှိနေပြီလား…"
လမ်းပေါ်တွင် ရှိနေသောသူများကို ဆွဲဆောင်ရခြင်းက အရေအတွက် များပြားခြင်းသာရှိပြီး အရာအားလုံးက လုံခြုံမှု မရှိနိုင်ပေ။
ချမ်းကိုင်က ခေါင်းညိတ်ပြောလိုက်၏။
"ငါက သာမန်လူတွေ မသိတဲ့နေရာတစ်ခုကို သိထားတယ်။ အဲဒီနေရာမှာ ဗုဒ္ဓရဲ့ အလင်းတန်းတစ်ခုရှိတယ်။ ငါက အဲဒီနေရာကို တစ်ယောက်တည်း သွားဖို့ သတ္တိမရှိဘူး…"
မုန့်ချီက သံသယဝင်နေသည်ကို မြင်သည့်အခါ သူက တီးတိုးပြောလိုက်သည်။
"ပြောရမယ်ဆိုရင်တော့ ငါက နောက်ထပ်မိတ်ဆွေတစ်ယောက်ကိုလည်း ဖိတ်ခေါ်ထားတယ်။ သူကတော့ ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ငါတို့က ငါးပင်လယ်မှာ ပြန်လာတွေ့တာဆိုတော့ သူကလည်း ငါ ယုံကြည်ဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ပါပဲ…"
မုန့်ချီက သတိထားနေသေးပုံရသည်။
"ဒါဆိုရင် ဘာလို့ ကျွန်တော့်ကို ဖိတ်ခေါ်ရတာလဲ…"
ကိုယ်နှင့်မသိသော လူတစ်ယောက်က ထိုကဲ့သို့ ယုံကြည်ပေးနေသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ သူတို့က ဓားစာခံတစ်ယောက် ရှာဖွေနေခြင်း မရှိသရွေ့ ထိုသို့မလုပ်နိုင်ပေ။
"ပြောရမယ်ဆိုရင်တော့ ငါးပင်လယ်နဲ့ ဘော်တာရှမ်တောင်တန်းနယ်မြေရဲ့ အတွင်းထဲမှာ ဝေ့ကျင်းအဆင့် ပညာရှင် ဘယ်လောက်များများရှိနေလဲဆိုတာ ပြောဖို့ ခက်တယ်။ ငါတို့(၂)ယောက်တည်းနဲ့ သွားမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ အဖွဲ့တစ်ဖွဲ့ကိုလည်းတွေ့နိုင်တယ်လေ…"
ချမ်းကိုင်က ရယ်လိုက်သည်။
"ပြီးတော့ မင်းကလွဲရင် ငါက တခြားလူတွေရဲ့တိုက်ခိုက်စွမ်းရည်ကို သေချာမသိတဲ့အတွက် စိုးရိမ်နေရတယ်။ ပြီးတော့ ငါတို့နဲ့ပူးပေါင်းတဲ့အချိန်မှာလည်း အရင်အညှိုးအတေးတွေ ရှိနေနိုင်သေးတယ်။ မင်းက ဒေါသအသူရာကို တိုက်ခိုက်ခဲ့တာ ငါ မြင်ခဲ့ရတယ်။ မင်းက မတော်တဆ လုပ်ခဲ့ပေမယ့် ဝေ့ကျင်းအဆင့် ပညာရှင်တွေကတောင် မင်းရဲ့သိုင်းကွက်ကို မမြင်နိုင်ကြဘူး။ ဒါကြောင့် ငါက မင်းကို စိတ်ဝင်စားသွားတာ…"
ထို့ကြောင့် သူက တစ်စုံတစ်ခုကို ပို၍စဉ်းစားမိသွားပြီး သူ၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"ပြီးတော့ ငါက သိုင်းလောကမှာ လှုပ်ရှားနေတာ တော်တော်လေး ကြာနေပြီ..။ ငါက ဝေ့ကျင်းအဆင့် ပညာရှင်အများစုကိုလည်း တွေ့ဖူးတယ်။ ဒီတော့ ငါက မင်းကို မသိဘူးဆိုရင် မင်းရဲ့နောက်ကြောင်းကို စုံစမ်းလို့ မရနိုင်ဘူးလား ... "
မုန့်ချီက အားရပါးရ ရယ်လိုက်၏။
"ကောင်းပြီလေ။ ကျွန်တော်က ပိုမီမှာ ပုန်းနေတာ တော်တော်လေးကို ကြာခဲ့ပြီ။ ဒါကြောင့် အစ်ကိုချမ်းက ကျွန်တော့်အကြောင်းကို မကြားဖူးရင်တောင် အံ့ဩစရာတော့ မရှိပါဘူး .။ အဲဒီမှာ ရန်သူတွေ သေဆုံးသွားပြီး အနီရောင်မြူခိုးတွေကလည်း ပျောက်ကွယ်သွားပြီဆိုတော့ ကျွန်တော်လည်း ကျွန်တော့်ရဲ့ကံကြမ္မာကို စမ်းသပ်ဖို့ ငါးပင်လယ်ကို ရောက်လာခဲ့တာ။ တကယ်လို့ ကျွန်တော်ကသာ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို ရခဲ့မယ်ဆိုရင် ရန်သူတွေကို အလွယ်တကူဖယ်ရှားနိုင်တဲ့ အစွမ်းမျိုးရှိပြီလေ…"
ချမ်းကိုင်က ဤနေရာကို ရောက်မလာခင် မုန့်ချီ၏အငွေ့အသက်များကို အသေးစိတ် စစ်ဆေးကြည့်ခဲ့သည်။ ထို့ကြောင့် မုန့်ချီက အသက်ကြီးနေခြင်း မရှိသေးကြောင်း သေချာအတည်ပြုနိုင်ခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ဒါဆိုရင် မိတ်ဆွေရဲ့နာမည်ကို ပြောပြလို့ရမလား…"
"ရှန်းပေါင်…."
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
"ဒါဆိုလည်း ညီလေးရှန်းပေါင် ...
ငါတို့တွေအားလုံးက အခြေအနေကိုလည်း ကောင်းကောင်းသိနေပြီပဲ။ ဒီတော့ မင်းဆီမှာ သံသယတွေရှိပြီး ငါ့ကို သတိထားနေမယ်ဆိုတာကလည်း ဖြစ်သင့်ပါတယ်။ ဒါဆိုရင် ငါတို့က စားသောက်ဆိုင်ကို သွားကြမယ်လေ။ ပြီးရင်တော့ ငါ့မိတ်ဆွေ ရောက်လာတဲ့အချိန်ကိုစောင့်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ငါတို့စကားပြောနေရင်း သူက မင်းကို သက်သေပြပါလိမ့်မယ်။ ပြီးမှ မင်းက ဘာလုပ်ချင်လဲဆိုတာ ရွေးချယ်ကြည့်ပေါ့…"
သူက လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။
မည်သို့ဖြစ်သည့်ကာမူ မုန့်ချီကလည်း မြို့ထဲသို့သွား၍ သတင်းအချက်အလက်များ စုံစမ်းရန် စဉ်းစားထားခဲ့သည်။ ထို့ကြောင့် သူလည်း သူနှင့်အတူ လိုက်သွားခဲ့၏။ ထို့ပြင် သူက သိပ်မကြာခင် အတောအတွင်း အလယ်ပိုင်းနယ်မြေမှ ရောက်လာသော ဝေ့ကျင်းအဆင့် ပညာရှင်များ အကြောင်းကိုလည်း သိလာနိုင်သည်။ သူက ငါးပင်လယ်ထဲတွင် နောက်ဆုံးသတင်းများအားလုံးကိုပင် ကြားရနိုင်သည်။
သူတို့က ဆိုင်ထဲတွင် ခဏကြာထိုင်နေပြီးနောက် လှေကားမှခြေသံကို ကြားလိုက်ရသည့်အတွက် ချမ်းကိုင်က ဝမ်းသာအားရ ပြောလိုက်သည်။
"မင်း ရောက်လာပြီလား…"
သူက ထိုလူကိုကြိုဆိုလိုက်ပြီး ရှန်းပေါင်နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါကတော့ မြစ်အရှေ့ပိုင်းက ကျိုးချိုးရှန်လို့ ခေါ်တယ် ... "
သူက အသက်(၃၀)အရွယ်ဖြစ်ပြီး မှူးမတ်တစ်ယောက်၏ အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူ၏ရုပ်ရည်က သာမန်သာဖြစ်ပြီး အရပ်ပုပုနှင့် မျက်နှာပြားပြားဖြစ်သည်။ သူ၏ညာဘက်မျက်ခုံးအောက်တွင်တော့ မှဲ့တစ်လုံးရှိနေပြီး တချို့မိန်းမလှလေးများ၏ အမှတ်အသားတစ်ခုကဲ့သို့ ဖြစ်နေ၏။
"ဒီက မိတ်ဆွေကတော့ ပိုမီက ရှန်းပေါင်လို့ခေါ်တယ် ... ဒါမှမဟုတ် ညီလေးရှန်းလို့လည်း ခေါ်လို့ရတယ်…"
မုန့်ချီက ကျိုးချိုးရှန်ကို လက်(၂)ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။
သူက ပြန်ထိုင်တော့မည့်အချိန်တွင် မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာခဲ့၏။
"အသက်(၃၀)အရွယ် လူတစ်ယောက်၊ သာမန်ပုံစံပဲ ဝတ်ဆင်တတ်တယ် ...။ အရပ်ပုပု၊မျက်နှာပြားပြား ... ညာဘက်မျက်ခုံးအောက်မှာ မှဲ့တစ်လုံးရှိတယ်…"
ထိုအရာက ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား၏ ရုပ်ရည်ကို အစ်ကိုချီ ပြောပြခဲ့သော အချက်အလက်များဖြစ်သည်။ လော့ရန်တွင် ချီကျန်းရန်က ထိုလူနှင့် တစ်ကြိမ်တွေ့ခဲ့ဖူးသည်။ ထိုအချိန်တွင် သူက နောက်မှ လိုက်သွားနိုင်ခြင်း မရှိသည်မှာ ကံဆိုးသွားခဲ့၏။ သို့သော် သူပြောပြခဲ့သော အချက်အလက်များအရ သူ့ရှေ့တွင် ရှိနေသော လူနှင့် တစ်ထပ်တည်း ဖြစ်နေခဲ့သည်။
"ကျိုးချိုးရှန်နဲ့ ဒဏ္ဍာရီအဖွဲ့က ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားတို့က တစ်ယောက်တည်းပဲလား .။ ဒါကိုချမ်းကိုင်က သိနေတာလား…"
ထိုအရာက ထောင်ချောက်တစ်ခုများ ဖြစ်နေမည်လော သို့မဟုတ် သူက ရတနာရှာဖွေရေးအဖွဲ့တွင် လမ်းပေါ်၌ ရှိနေသောသူများကို ရှာဖွေရုံသက်သက်ပေလော။
မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံပေါ်လာခဲ့သော်လည်း သူက ထိုအတွေးများကို ဆက်မတွေးတော့ပေ။ သူက အလွန်အေးစက်သော အမူအယာနှင့် ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါဆိုရင် အစ်ကိုကျိုး ...ဘာတွေသိထားပြီလဲ…"
ကျိုးချိုးရှန်က ပစ္စည်းတစ်ခု ထုတ်လိုက်ပြီး သူ့ပုံစံက တည်ငြိမ်နေခဲ့သည်။
"ဒါကတော့ ဗုဒ္ဓရဲ့အငွေ့အသက်တွေ ထွက်ပေါ်လာတဲ့အချိန် အနီးအနားမှာ တွေ့ခဲ့တဲ့အရာပဲ ... "
ထိုအရာက အနက်ရောင်ပုတီးစေ့လေးတစ်ခုဖြစ်နေပြီး စွမ်းအားများ ကင်းမဲ့နေခဲ့သည်။ သို့သော် ထိုအရာက အလွန်ထူးဆန်းသော အငွေ့အသက်များ သယ်ဆောင်ထားကြောင်း ပြောနိုင်သည်။
"ငါက အကူအညီ တစ်ယောက်လည်း ရခဲ့သေးတယ်။ သူက ပြိုင်ဘက်ကင်း ပညာရှင် တစ်ယောက်ထက်တော့ အဆင့်နိမ့်မှာ မဟုတ်ဘူး…"
ထို့နောက် သူက မုန့်ချီကိုကြည့်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
"သူကလည်း ပိုမီက လူတစ်ယောက်ပဲ…"
Translated by Hein Htet.