← Chapters

အခန်း (၅၃၉)

Vol. 36 Ch. 539

အခန်း (၅၃၉)

Vol. 36 Ch. 539

မုန့်ချီ ပြောသောစကားကို ရွှယ်လျန်ကျိုး ကြားလိုက်ရသည့်အချိန်တွင် သူမ၏ခေါင်းထဲ၌ ပေါက်ကွဲမှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာက သူမ၏ယခင် အိမ်မက်ဆိုးများအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ မည်သည့်အရာ ဖြစ်သွားမှန်း မသိရသေးခင် သူမ၏ မျက်နှာတစ်ခုလုံး မျက်ရည်များ စီးကျလာခဲ့၏။

သူမ ကျော်လွှားနိုင်ခြင်း မရှိခဲ့သော မကောင်းဆိုးဝါးဝိညာဉ်က တခြားလူတစ်ယောက်၏ လက်ထဲတွင် အလွယ်တကူ သေဆုံးသွားခဲ့ရသည်။ သူ့ကို သတ်လိုက်သူက သူ့နာမည်ကိုပင် မသိခဲ့ပေ။ ထိုခဏတွင် အချစ်ဘုန်းတော်ကြီးက ဤကမ္ဘာတွင် လုံးဝမရှိတော့ချေ။

ထိုအခိုက်အတန့်မှစ၍ သူမ၏အတိတ်က ပြည်ဖုံးကား ကျသွားပြီဖြစ်သည်။ အကယ်၍ ယခု အချစ်ဘုန်းတော်ကြီး မသေလျှင်ပင် သူက သူမကို ထိန်းချုပ်နိုင်သော လူတစ်ယောက် မဟုတ်တော့ပေ။ သူက သူမ၏ခံစားချက်များ၊ စိတ်ဆန္ဒများကို လွှမ်းခြုံနိုင်စွမ်း မရှိတော့ချေ။ တစ်ခါတစ်ရံ လူတစ်ယောက်က ကိုယ်တွင်းနတ်ဆိုးများကို ကျော်ဖြတ်ရန် အခွင့်ကောင်းတစ်ခုသာ လိုအပ်သည်။

"ဒါက ပျော်ရွှင်ခြင်းကျောင်းဆောင်က အချစ်ဘုန်းတော်ကြီးလေ.."

ကျန်းကျိဝေက မြေပေါ်တွင် လဲကျသေဆုံးနေသောလူကိုကြည့်ပြီး ဖြစ်ခဲ့သည့်အရာများကို မုန့်ချီသိအောင် ပြောပြလိုက်သည်။

မုန့်ချီကနားထောင်နေရင်း ခေါင်းထဲတွင် ဒေါသများပြည့်နှက်လာခဲ့၏။

"တော်တော်တဏှာရူးတဲ့ ခွေးကောင်ပဲ…"

သူက ထိုလူကို (၂)ပိုင်း ဖျက်ပစ်လိုက်သည်မှာ ကံကောင်းသွားသည်။ ထိုသို့ဆိုရာတွင် ထိုကဲ့သို့ လူဆိုးမျိုးကို အလွယ်တကူ သေခွင့်ပေးလိုက်ရသည့်အတွက် နောင်တရနေသေး၏။

သူက ဒေါသများကို သိမ်းဆည်းလိုက်သည်။ သူက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ထားပြီးသော ပညာရှင်တစ်ယောက်ကို နိုင်ကွက်တစ်ကွက်တည်းနှင့် သတ်ပစ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင် အချစ်ဘုန်းတော်ကြီး၏ အဆင့်အတန်းက သူ့ပုံစံကို အထူးတလည် ပြသနေပြီး အထူးသဖြင့် နှင်းတောင်ဓားဂိုဏ်းမှ ဝေ့ကျင်းအဆင့်ပညာရှင်၏ အရှေ့တွင်ဖြစ်သည်။ အရေးကြီးဆုံးအရာမှာ အချစ်ဘုန်းတော်ကြီးက ပစ္စည်းပေါင်းမြောက်များစွာကို စုဆောင်းထားပြီး အလွန်ကြွယ်ဝချမ်းသာသည့် လူတစ်ယောက်ဖြစ်နိုင်ကြောင်း သိနေခဲ့၏။

ရုတ်တရက်ဆိုသလို မုန့်ချီ၏နားထဲ၌ အလွန်သိမ်မွေ့သော အသံတစ်ခုကို ကြားလိုက်ရသည်။

"ငါက အကျိုးအမြတ် (၇၀)ရာခိုင်နှုန်းယူမယ်။ မင်းက ကျန်တာကိုယူ…"

မုန့်ချီက အံ့သြသွားခဲ့သော်လည်း ပြောစရာစကားလုံး မရှိခဲ့ချေ။ သူက ထိုအရာအတွက် ပြင်ဆင်ထားခဲ့သော်လည်း အမှန်တရားကို ရင်ဆိုင်လိုက်ရသည့်အချိန်တွင်တော့ ဝမ်းနည်းသွားသလို ခံစားလိုက်ရသေး၏။ သူ့ဆီမှ ရတနာများက အတောင်ပံပေါက်ပြီး ထွက်ပြေးသွားသလို ခံစားနေရ၏။

ထိုသို့ဆိုရာတွင် ထိုပြင်ဆင်မှုက မျှတကြောင်း သူလည်း သိနေသည်။ အင်မော်တယ်ယွင်ဟယ်ကသာ ပျော်ရွှင်ခြင်းဗုဒ္ဓ၏ မူလညည်းသံ စွမ်းအားအကျိုးသက်ရောက်မှုကို ဖယ်ရှားပေးခဲ့ခြင်း မရှိလျှင် သူက စတုတ္ထကောင်းကင် ဝေ့ကျင်းအဆင့် ရှိနေသော ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ယောက်ကို သိုင်းကွက်တစ်ကွက်တည်းနှင့် သတ်ပစ်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

သူက အများဆုံး အချစ်ဘုန်းတော်ကြီးကို အံ့သြသွားအောင်လုပ်နိုင်ပြီး သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ သူက ကျန်းကျိဝေနှင့် ပူးပေါင်းတိုက်ခိုက်လိုက်မည်ဆိုလျှင်တော့ အနိုင်ရရန် အခွင့်အရေး (၅၀)ရာခိုင်နှုန်းခန့် ရှိနေသေး၏။ အခွင့်အရေး (၅၀)ရာခိုင်နှုန်းက အချစ်ဘုန်းတော်ကြီးကို သတ်ပစ်ခြင်းနှင့် လုံးဝကို ကွဲပြားသည်။

သူက အချစ်ဘုန်းတော်ကြီးကို တစ်ဟုန်ထိုးဓားသိုင်းပညာနှင့် တိုက်ခိုက်လိုက်သည့် အချိန်တွင် လျှို့ဝှက်ရတနာတစ်ခု၏ ခုခံမှုကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ အချစ်ဘုန်းတော်ကြီး၏ အဖြူရောင်ဝတ်စုံက ပိုးသားကဲ့သို့ ပျော့ပျောင်းသော်လည်း ခံနိုင်ရည်ရှိနေသည်။ ထိုအခိုက်အတန့်တွင် မုန့်ချီက သူ၏ဝတ်ရုံကို ဖျက်ဆီးနိုင်ခြင်းမရှိဟုပင် တွေးမိခဲ့၏။

အကယ်၍ အင်မော်တယ်ယွင်ဟယ်ကသာ အချစ်ဘုန်းတော်ကြီး လှုပ်မရအောင် လုပ်ဆောင်ခဲ့ခြင်းမရှိလျှင် တစ်ဖက်လူက သူ၏လျှို့ဝှက်ရတနာကို အားကိုးပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းရန် အခွင့်အရေး ရှိနိုင်သေးသည်။

"အင်မော်တယ် …တကယ့်ကို တရားမျှတပါတယ်…"

မုန့်ချီက အင်မော်တယ်ယွင်ဟယ်ကို စိတ်ထဲတွင် ပြန်ပြောလိုက်သည်။

သူက ရွှယ်လျန်ကျိုးကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး အချစ်ဘုန်းတော်ကြီး၏ အလောင်းကို ရှာဖွေရန် မြေပေါ်သို့ ဆင်းသက်လိုက်သည်။ ကျန်းကျိဝေက မိတ်ဆွေကောင်းတစ်ယောက်အနေနှင့် ရွှယ်လျန်ကျိုး သတိမထားမိခင် ပြည့်စုံခြင်းတံခါးကို သိမ်းလိုက်သည်။

တစ်ဖက်လူက အတွင်းနတ်ဆိုးများကို ဖယ်ရှားရန် ကြိုးစားနေကြောင်း သူမက သတိထားခဲ့မိပြီး မုန့်ချီ ထွက်ပေါ်လာသည့်နေရာကို သတိမထားမိခဲ့ပေ။ ကျန်းကျိဝေ ထုတ်လိုက်သောတံခါးက ခုခံကာကွယ်ရေး လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည်ဟုသာ ရွှယ်လျန်ကျိုးက တွေးထားပုံရသည်။

ထိုအရာက အချစ်ဘုန်းတော်ကြီး၏ တိုက်ခိုက်မှုကို တားဆီးပြီး အနားတွင် ပုန်းနေသော မုန့်ချီက အလစ်ချောင်းတိုက်ခိုက်ရန် အောင်မြင်ခြင်းဖြစ်သည်။ အစောပိုင်းတွင် မုန့်ချီ၏ တိုက်ခိုက်မှုက အချစ်ဘုန်းတော်ကြီး၏ အလောင်းပေါ်တွင် ရှိနေသော အကာအကွယ်ဝတ်ရုံနှင့် ကာကွယ်ရေးလျှို့ဝှက်ရတနာကို ဖျက်ဆီးပစ်ခဲ့သည်။

သူ့လက်ထဲတွင် ရှိနေသော ပုတီးစေ့နှင့် ခါးတွင် ချိတ်ထားသည့် အဝါရောင်အိတ်ကလေးကတော့ ယခုတိုင်ကျန်ရှိနေသေး၏။ ထိုနေရာတွင် စုစုပေါင်းပုတီးစေ့(၉)လုံးရှိနေပြီး ပုတီးစေ့တစ်ခုချင်းဆီတိုင်းတွင် ထူးဆန်းသော မျက်လုံးပုံစံတစ်ခုကို ထွင်းထုထားသည်။

ထိုပုတီးစေ့များက ငြိမ်သက်နေပုံရသော်လည်း သူတို့မြင်တွေ့လိုက်ရုံနှင့်ပင် မုန့်ချီက တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ထူးဆန်းသောမျက်လုံး(၉)လုံးက သူ့ကိုစိုက်ကြည့်နေပြီး ပျော်ရွှင်ခြင်းငရဲကို ဆွဲခေါ်သွားသလို ခံစားလိုက်ရ၏။

"အချစ်ဘုန်းတော်ကြီးက နင့်ကို သူ့ရဲ့အဆင့်နဲ့ပဲ ဖိနှိပ်ဖို့ ကြိုးစားခဲ့တာ ကံကောင်းသွားတယ်။ သူက တိုက်ခိုက်ဖို့အတွက် နည်းလမ်းတွေကိုပဲ အသုံးပြုခဲ့တာ။ တကယ်လို့ သူသာ သူ့ရဲ့လျှို့ဝှက်ရတနာကို သုံးလိုက်မယ်ဆိုရင် အခြေအနေက တော်တော်လေး ဆိုးသွားနိုင်တယ်…"

မုန့်ချီက ထိုအရာအတွက် ကျေးဇူးတင်လိုက်မိသည်။

သူ ကျေးဇူးတင်ရသည်မှာ ကျန်းကျိဝေ ဖမ်းချုပ်ခံရခြင်းမှ မည်သို့လွတ်မြောက်ခဲ့ခြင်းကြောင့် မဟုတ်ချေ။ မည်သို့ဖြစ်သည့်ကာမူ သူမက ကျိကျန်းဓားစံအိမ်တွင် အစွမ်းထက်ဆုံး ပညာရှင်တစ်ယောက်၏ တပည့်ဖြစ်သည်။ သူ့ဂိုဏ်းက သူမကို အသက်ကာကွယ်ရေး လျှို့ဝှက်ရတနာတစ်ခု ပေးထားမည်ဖြစ်ကြောင်း သူက သေချာနေခဲ့၏။

သူ ကျေးဇူးတင်သွားသည်မှာ အချစ်ဘုန်းတော်ကြီးက သူ၏လျှို့ဝှက်ရတနာကို မသုံးနိုင်ခဲ့သည့်အတွက် သူ့ကို သွယ်ဝိုက်ပြီး အကျိုးရှိစေခဲ့သည်။

"မဟုတ်သေးဘူး။ အချစ်ဘုန်းတော်ကြီးက အဲဒီ အင်မော်တယ်အဘိုးကြီးယွင်ဟယ်ကို အကျိုးရှိစေခဲ့တာ…"

"မျက်လုံး(၉)လုံး သံသရာပုတီး…"

မုန့်ချီ၏လက်ထဲတွင် ကိုင်ထားသောပုတီးကို မှတ်မိသွားသည့်အခါ ကျန်းကျိဝေက မှတ်ချက်ပေးလိုက်သည်။

"မျက်လုံး(၉)လုံး သံသရာပုတီးလား…"

ထိုအရာက မည်သည့်အရာဖြစ်ကြောင်း မုန့်ချီက ပြန်လည်စဉ်းစားနေခဲ့သည်။

အနောက်ပိုင်းနယ်မြေတွင် ရှိနေသော ဗုဒ္ဓလမ်းစဉ်က မန္တန်လမ်းစဉ်ဖြစ်ပြီး ရှောင်လင်ကျောင်းတော်နှင့် သန့်စင်နေမင်းဂိုဏ်းကဲ့သို့ သမာဓိကို အလေးထားနေခြင်း မဟုတ်ချေ။ သူတို့က ကျင်းကန်းကျောင်းတော်ကဲ့သို့ အနောက်ပိုင်းနယ်မြေတစ်ဝှမ်းလုံးတွင် ယုံကြည်ကိုးကွယ်သူများ ပျံ့နှံ့နေသည်။ မြက်ခင်းစိမ်းလွင်ပြင်ထဲကိုပင် ကိုးကွယ်ယုံကြည်မှုက ထိုးဖောက်နိုင်ခဲ့သည်။

ထိုအရာကိုတော့ လျှို့ဝှက်ဗုဒ္ဓလမ်းစဉ်ဟု ခေါ်ကြပြီး ပျော်ရွှင်ခြင်းကျောင်းဆောင်က သူတို့ထဲမှ တစ်ခုဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်တော့ ပျော်ရွှင်ခြင်းကျောင်းဆောင်က မကောင်းဆိုးဝါးလမ်းစဉ်သို့ ကူးပြောင်းသွားခဲ့ပြီး ဓမ္မနှင့် သွေဖယ်၍ ဗုဒ္ဓ မနှစ်မြို့သောအရာများ လုပ်လာခဲ့သည်။

မျက်လုံး(၉)လုံး သံသရာပုတီးက ဗုဒ္ဓ၏လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည်။ ပုတီးစေ့တစ်ခုဆီတိုင်းတွင် ထူးခြားသော စွမ်းအင်များ ပိုင်ဆိုင်ထား၏။ သို့သော် အဆီအနှစ်က ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ပုံရိပ်ယောင်ကမ္ဘာကြီးထဲသို့ ဆွဲခေါ်လိုက်ခြင်းနှင့် တူညီနေခဲ့သည်။

ထို့ကြောင့် ပြိုင်ဘက်က တဖြည်းဖြည်းကြီးထွားလာသော ဒေါသများကို ခံစားရနိုင်ပြီး အဆုံးမဲ့နာကျင်မှုများနှင့် စိတ်ဓာတ်ကျမှုများကို ကြုံရနိုင်သည်။ အကယ်၍ စိတ်ပိုင်းဆိုင်ရာ အစွမ်းထက်သူ တစ်ယောက် မဟုတ်ဘဲ အားနည်းချက်များ ရှိနေလျှင် ထိုသံသယများကို ရင်ဆိုင်ရပြီးနောက် စိတ်ဝိညာဉ်အခြေအနေက ပျက်စီးသွားနိုင်သည်။

ထိုအရာက မုန့်ချီ၏ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို ကြုံလိုက်ရသော ဓားသွားအမာရွတ်၏ အတွေ့အကြုံကဲ့သို့ဖြစ်သည်။

"ဒါက ကောင်းကင်(၅)သွယ် ဝေ့ကျင်းအဆင့် ရတနာတစ်ခုဖြစ်နိုင်တယ်။ တကယ်လို့ ဒါကိုသာ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်နဲ့ သုံးလိုက်မယ်ဆိုရင် အကျိုးသက်ရောက်မှုက တော်တော်လေး များနိုင်တယ်…"

သူ ဝေ့ကျင်းအဆင့်ကို ရောက်သည့် အချိန်ကတည်းကစပြီး ရင်ဆိုင်နေရသော ပြိုင်ဘက်များက အလွန်အစွမ်းထက်သော ပင်မဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအားများ ပိုင်ဆိုင်ထားကြသည်။ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်တွင် ထူးခြားအံ့ဩဖွယ်ရာ စွမ်းရည်များစွာ ရှိနေပြီး ဤကမ္ဘာကြီးထဲတွင် ရှိနေသော လူတစ်ယောက်၏မှတ်ဉာဏ်များကို ပြန်လည်နှိုးဆွနိုင်သည်။

သို့သော် သူ့အဆင့်က အလွန်နိမ့်ကျလွန်းလှသည့်အတွက် အရိုးကြွက်သားအားဖြည့် ကျင့်စဉ်ပထမတွဲ၏ အဆင့်မျိုးသာရှိသည်။ သူက အနတ္တကျိန်စာဖျက်ဓားပညာကို ကြားခံအနေနှင့် မသုံးဘဲ ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို ချိုးဖောက်၍ သိစိတ်ပင်လယ်ကြီးထဲသို့ ဝင်ရောက်ရန် အလွန်ခက်ခဲလှသည်။

မည်သို့ဖြစ်သည့်ကာမူ ထိုအရာက မုန့်ချီ၏ ဆန္ဒတစ်ခု မဟုတ်ချေ။ ထို့ကြောင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်က သူ့အတွက် တဖြည်းဖြည်း တန်ဖိုးလျော့ကျသွားရခြင်း ဖြစ်သည်။ မျက်လုံး(၉)လုံး သံသရာပုတီး ပေါ်လာခဲ့သည့်အတွက် သူက ထိုအရာကို နောက်တစ်ကြိမ်သုံးရန် အခွင့်အရေးရလာခဲ့သည်။

"ငါက ဒီအရာ အပါအဝင် တခြားအကျိုးအမြတ်တွေကို လိုချင်တယ်…"

မုန့်ချီက တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူက အိတ်ကို အတင်းအကြပ် ဆွဲဖွင့်လိုက်၏။

ထိုအိတ်ကို ဖွင့်လိုက်သည့်အချိန်တွင် လေဟာနယ်လက်စွပ်နှင့် တူညီနေသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုလေဟာနယ်ထဲတွင် ပစ္စည်းမျိုးစုံ ပြည့်နှက်နေသည်မှာ အိတ်တစ်အိတ်ထဲတွင် ခြံဝန်းတစ်ခု ထည့်ထားသလို ထင်ရသည်။

မုန့်ချီက အံ့ဩနေခဲ့ခြင်းမရှိချေ။ ထိုအစား သူက ရှုံ့မဲ့သွား၏။ အဘယ်ကြောင့်ဆိုသော် အများစုကတော့ သွေးစွန်းနေသော မိန်းမပျိုများ၏ ဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများ ဖြစ်နေသည်။

"တော်တော်ယုတ်မာတာပဲ…"

မုန့်ချီက ကျိန်ဆဲလိုက်မိ၏။

သူက ထိုပစ္စည်းများကို ဘေးဖယ်ထားလိုက်ပြီး အနီရောင်နှင့်အဖြူရောင် ပုတီးစေ့များ ရှိနေသော ကြိုးတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ သူက ထိုပုတီးစေ့ကို ကြည့်လိုက်မိသည့် အချိန်တွင် သူ့ခေါင်းထဲ၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာခဲ့သည်။

ထိုအရာကတော့ စွတ်စွတ်ဖြူနေသော အဝတ်ဗလာနှင့် မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူမ၏မျက်နှာပေါ်တွင် ရီဝေဝေ အမူအယာတစ်ခု ရှိနေပြီး အလွန်ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနိုင်သည်။

ထိုပုတီးကို ထုတ်လိုက်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သော ရွှယ်လျန်ကျိုး၏ မျက်နှာလေးက ချက်ချင်းနီရဲသွားခဲ့သည်။ သူမက စိုးရိမ်တကြီး အော်ပြောလိုက်မိ၏။

"ဒါကတော့ ဖြူနီမာယာပုတီးပဲ။ ဒါက ပျော်ရွှင်ခြင်းကျောင်းဆောင်ကလူတွေ လေ့ကျင့်ဖို့ အသုံးပြုကြတာ…."

"ဖြူနီမာယာပုတီးလား။ ဒီပုတီးက ယောင်္ကျားလေးနဲ့မိန်းကလေး ခန္ဓာကိုယ်နှီးနှောဖလှယ်မှုနဲ့ တဏှာရမ္မက်တွေရဲ့အဆီအနှစ်ပဲ။ ဒါကြောင့်လည်း ဒီပုတီးထဲမှာ မိန်းမပျိုတွေရဲ့ ဆန္ဒပုံရိပ်ယောင်တွေကို တွေ့နေရတာကိုး။ သူတို့တွေက အချစ်ဘုန်းတော်ကြီး ဖျက်ဆီးထားခဲ့တဲ့မိန်းကလေးတွေပဲ…"

မုန့်ချီက ထိုပုတီးကို အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီး ထိုအရာကို အင်မော်တယ်ယွင်ဟယ်ဆီသို့ပေးရန် ဆုံးဖြတ်လိုက်သည်။ အိတ်ထဲတွင် ရှိနေသော ကျန်ရှိနေသည့် ပစ္စည်းများမှာတော့ ရွှေရောင်ဘီးပုံသဏ္ဍာန် အဖိုးတန်လက်နက်တစ်ခု အပါအဝင် ပျော်ရွှင်ခြင်းဗုဒ္ဓပုံစံရုပ်ထုတစ်ခုနှင့် ရှားပါးတွင်းထွက် ပစ္စည်းမျိုးစုံဖြစ်သည်။

ထိုအရာများက ကျိလော်ကျူး၏ ပိုင်ဆိုင်မှုကို မယှဉ်နိုင်သော်လည်း ကျောက်တုံးများထဲတွင် တစ်ခုကတော့ သူ လိုအပ်နေသော တွင်းနက်ကျောက်တုံး ဖြစ်သည်။

ထိုအနက်ရောင် ကျောက်တုံးလေးကိုတော့ မုန့်ချီက ကောက်ယူ၍ပင် မရနိုင်ပေ။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်က ထိုကျောက်တုံးလေးဆီကို ပျက်စီးသွားမည့် လက္ခဏာများ ပြနေခဲ့၏။ ထိုအရာက လေဟာနယ်တွင်းပေါက်ကို စုစည်းရန် ကြိုးစားရာတွင် မရှိမဖြစ် လိုအပ်သောပစ္စည်းတစ်ခု ဖြစ်သည်။

မုန့်ချီက အကျိုးအမြတ်၏ တန်ဖိုးကို တွက်ချက်ပြီး မျက်လုံး(၉)လုံး သံသရာပုတီးနှင့် တွင်းနက်ကျောက်တုံးကို သိမ်းထားလိုက်သည်။ ဖြူနီမာယာပုတီး အပါအဝင် တခြားအရာများ၊ ရွှေရောင်ဘီးပုံသဏ္ဍာန် အဖိုးတန်လက်နက်များ၊ အရာအားလုံးကို အင်မော်တယ်ယွင်ဟယ်ဆီသို့ ပေးလိုက်သည်။

ရုတ်တရက်ဆိုသလို တွင်းထွက်ပစ္စည်းများ၏ အောက်ဘက်တွင် သားရေပြားတစ်ခုနဲ့ အနက်ရောင်ပုတီးတစ်ခုကို တွေ့လိုက်ရသည်။ သူက ထိုအရာကိုထုတ်ပြီး သေချာဂရုတစိုက် ကြည့်လိုက်သည်။ ထိုအရာက ကျိုးချိုးရှန်နှင့် ချမ်းကိုင်တို့၏လက်ထဲတွင် ရှိနေသောအရာနှင့် တူညီနေသော်လည်း အစွမ်းမရှိချေ။

သားရေပြားပေါ်တွင် မှတ်သားထားသည်မှာ ငါးပင်လယ်မှ ဘော်တာရှမ်တောင်တန်း၏ လမ်းကြောင်းမြေပုံတစ်ခုဖြစ်ပြီး နယ်မြေအမှတ်အသား တစ်ခုချင်းဆီတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်သားထားသည်။

မြေပုံပေါ်တွင် နယ်မြေ(၇)ခုကိုတော့ အနီရောင်အမှတ်များဖြင့် ရေးမှတ်ထားပြီး တစ်နေရာကိုတော့ အနီရောင်ဝိုင်းထားခဲ့၏။ ကျန်းကျိဝေက လေထဲမှ ပျံသန်းလာခဲ့ပြီး အချစ်ဘုန်းတော်ကြီး၏ ပစ္စည်းများ ရှာဖွေနေသော မုန့်ချီကို စောင့်ကြည့်နေခဲ့ပြီး ရွှယ်လျန်ကျိုး၏ မျက်လုံးနဲ့ အာရုံကိုလည်း တားဆီးထားခဲ့သည်။

"အဲဒီနေရာ(၇)နေရာက ဗုဒ္ဓအလင်းတန်းတွေ ထွက်ပေါ်လာတဲ့ နေရာတွေပဲ…"

မုန့်ချီက ထိုအမှတ်အသားများကို နားလည်သွားပြီးနောက် ကျန်းကျိဝေကို ပြောလိုက်သည်။

ကျန်းကျိဝေ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ သူမက အနီရောင်ဝိုင်းထားသောနေရာကို ကြည့်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

"အနီရောင်ဝိုင်းထားတဲ့နေရာက စောနတုန်းက ဗုဒ္ဓအလင်းတန်း ထွက်ပေါ်လာခဲ့တဲ့နေရာပဲ…"

မုန်ချီက ထိုစကားကို နားထောင်နေရင်း ရင်ထဲတွင် လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။ အချစ်ဘုန်းတော်ကြီးက ဗုဒ္ဓအလင်းတန်း ထွက်ပေါ်မလာခင် မူမမှန်မှုများကို သတိထားမိခဲ့ပြီး အနီရောင်အလင်းတန်းကို မှတ်သားထားခဲ့ခြင်းပေလော။ ထို့ကြောင့်လည်း သူက တခြားသူများနှင့် လိုက်မသွားခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် သူ၏သုံးသပ်မှုက မည်သည့်အရာကို အခြေခံထားသနည်း။ သူက ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက် နောက်ဆုံး ထွက်ပေါ်လာမည့်နေရာကို ရှာတွေ့ထားခြင်းပေလော။

မည်သို့ဖြစ်သည့်ကာမူ ပျော်ရွှင်ခြင်းကျောင်းဆောင်က ဗုဒ္ဓလမ်းညွှန်ချက်များနှင့် သွေဖယ်နေသော်လည်း ဗုဒ္ဓဂိုဏ်းတစ်ခုသာဖြစ်သည်။ ဗုဒ္ဓအဆုံးအမများကို သူတို့၏နားလည်မှုများက မုန့်ချီကဲ့သို့ အမည်ခံဘုန်းတော်ကြီး တစ်ယောက်ဖြစ်ခဲ့သူထက် အဆပေါင်းများစွာ သာလွန်နိုင်သည်။

သူတို့က နောက်ဆုံးတည်နေရာကို ဆုံးဖြတ်နေသည့်အချိန်တွင် သူကတော့ သားရေပြားမြေပုံပေါ်ကိုသာ ရှုပ်ထွေးစွာ စိုက်ကြည့်နေမိခဲ့၏။ သူက ကျန်းကျိဝေနှင့် တိတ်တဆိတ် ဆွေးနွေးနေသည့်အချိန်တွင် ရွှယ်လျန်ကျိုးက အဝေးမှ ပျံသန်းလာသော အလင်းတန်းများကို စိုက်ကြည့်လိုက်သည်။

သူမက ရုတ်တရက် အသံတိုးတိုးနှင့် ပြောလိုက်၏။

"မင်းတို့(၂)ယောက်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မင်းတို့ ငါးပင်လယ်ကနေ မြန်မြန်ထွက်သွားကြပါ။ တကယ်လို့ နောက်ကျသွားမယ်ဆိုရင် အခြေအနေတွေက ပိုပြီးတော့ ဆိုးရွားလာနိုင်တယ်…"

ထို့နောက် သူမက ဂိုဏ်းမှအကြီးအကဲများကိုနှုတ်ဆက်ရန် ငါးပင်လယ်၏အစွန်သို့ ပျံသန်းသွားခဲ့သည်။

"အခြေအနေက ပိုပြီးဆိုးရွားလာနိုင်တာလား…"

မုန့်ချီနှင့် ကျန်းကျိဝေတို့က အချင်းချင်း နားမလည်နိုင်စွာ စိုက်ကြည့်နေခဲ့သည်။ ရွှယ်လျန်ကျိုးက မည်သည့်အရာကို ဆိုလိုချင်သနည်း။

နှင်းတောင်ဓားဂိုဏ်း၊ ကျင်းကန်းကျောင်းဆောင်နှင့် အသူရာကျောင်းဆောင်တို့က တစ်စုံတစ်ခု လုပ်ဆောင်တော့မည်လော။

"ငါက ရွှယ်လျန်ကျိုးရဲ့သတိပေးချက်ကို အကြီးအကဲတွေဆီ အရင်ဆုံး ပြန်ပြောလိုက်မယ်။ ပြီးမှခေါင်းဆောင်ရဲ့ လမ်းညွှန်မှုကို စောင့်နေမယ်။ ငါက ဂိုဏ်းနဲ့အတူပဲ အသွားအလာလုပ်တော့မယ်…"

ကျန်းကျိဝေက သူမ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။

ဤအရာက တိုက်ခိုက် လက်ရည်စမ်းခြင်း သက်သက်ပင် မဟုတ်တော့ပေ။ ကျိကျန်းဓားစံအိမ်မှ အဖွဲ့သားတစ်ယောက်ဖြစ်သည့်အတွက် သူမက ထိုကဲ့သို့ အဖြစ်အပျက်မျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အမိန့်မရှိဘဲ ထွက်သွား၍ မရနိုင်ပေ။

မုန့်ချီက ခေါင်းညိတ်ပြလိုက်ကာ အဘိုးကြီးချောင်၏ အရက်ဆိုင်ရှိရာကို လှည့်ကြည့်လိုက်ပြီး အရက်သမားရှဲ့ မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း ခန့်မှန်းကြည့်နေခဲ့သည်။ သူကလည်း အင်မော်တယ်များနှင့် ဆက်သွယ်ပြီး မည်သို့ဆက်လုပ်ရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့၏။

အရက်သမားရှဲ့က တစ်ချိန်လုံးသောက်နေသော သူတစ်ယောက်ဖြစ်ပြီး ဗုဒ္ဓလက်ဝါးကို စမ်းသပ်လိုသော လူမျိုးမဟုတ်ချေ။ ငါးပင်လယ်တွင် မည်သည့်ပညာရှင်ကမျှ သူ့ကို ပစ်မှတ်ထားလိမ့်မည် မဟုတ်ချေ။ ယခုဖြစ်နိုင်ခြေ(၂)ခုတည်းသာရှိ၏။

ပထမဆုံးတစ်ခုကတော့ သူက အင်မော်တယ်အဖွဲ့သားတစ်ယောက်ဖြစ်ကြောင်း ပေါ်သွားသည့်အတွက် အသတ်ခံရခြင်း ဖြစ်နိုင်သည်။ ဒုတိယတစ်ချက်ကတော့ အတိတ်မှ ရန်သူများ ရှာတွေ့သွားခြင်း ဖြစ်နိုင်၏။ မုန့်ချီကတော့ လုံခြုံမှုကို အဓိကထားနေသော်လည်း အင်မော်တယ်များနှင့် ဆက်သွယ်သည့်လူက ပေါ်သွားခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူက ငါးပင်လယ်တွင် အမှတ်အသားတစ်ခု ချန်ထားရန် စဉ်းစားမနေခဲ့ပေ။

ဤနေရာက သဲမြန်မြို့ထဲတွင် ရှိနေသော သေမင်းပင်လယ်၏ စိမ်းပြာကောင်းကင်ဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် ရှိနေသည်။ သူက ထိုနေရာကိုသာ သွားရန် ဆန္ဒရှိနေခဲ့၏။ သူက အင်မော်တယ်များ၏အစီအစဉ်နှင့် လူခွဲတမ်းချထားမှုကို ရှင်းရှင်းလင်းလင်း သိမှသာ မည်သည့်အရာကို လုပ်ရမည်ဖြစ်ကြောင်း သိနိုင်သည်။

ယခုသူလည်း ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်သည့်အတွက် ကျန်းကျိဝေကို ပြောလိုက်သည်။

"နင်က ဂိုဏ်းက အမိန့်ကို စောင့်ဖို့ စီစဉ်ထားတယ်ဆိုမှတော့ ဒီမှာ အချိန်အတိုင်းအတာတစ်ခုထိ နေရဦးမယ်။ ဒီတော့ ပြည့်စုံခြင်းတံခါးကို ယူထားလိုက်ပါ။ ပြီးတော့ အင်မော်တယ်ယွင်ဟယ်ကို ထွက်လာခိုင်းလို့ရတယ်။ ငါက သဲမြန်မြို့ထဲမှာ လုပ်စရာတစ်ခုရှိတယ်…"

ထိုအရာက အင်မော်တယ်ယွင်ဟယ်နှင့် သူသဘောတူထားသော အရာတစ်ခုဖြစ်သည်။ သူက တစ်ဖက်လူ၏ ကတိကို မဖြတ်ချင်ပေ။ သူက စိမ်းပြာကောင်းကင်ကို သွားရမည်ဖြစ်သည့်အတွက် သူ့ကိုယ်စား ကျန်းကျိဝေကိုသာ လုပ်ဆောင်ခိုင်းလိုက်ရ၏။

သူမက သူ့ကို မေးခွန်းထုတ်မနေဘဲ သံသရာတံဆိပ်ကို ပြန်ပေးလိုက်သည်။ ပြည့်စုံခြင်းတံခါးမရှိလျှင် သူ့ဆီ၌ အနည်းဆုံးတော့ အသက်ကယ်နည်းလမ်းတစ်ခုရှိရန် လိုအပ်သည်။ သူက အဝါရောင်အိတ်ကလေးကို ပေးလိုက်ပြီး ထိုအရာကို အင်မော်တယ်ယွင်ဟယ်ဆီသို့ ပေးရန်ပြောလိုက်သည်။

ထို့နောက် သူ့ကိုယ်သူ နေမင်းကျင့်ကြံသူ ရှန်းပေါင်အဖြစ် ရုပ်ဖျက်လိုက်ပြီး မျက်လုံး(၉)လုံး သံသရာပုတီး၊ တွင်းနက်ကျောက်တုံး၊ မြေပုံနှင့် ထူးဆန်းသော ပုတီးတို့ကိုယူပြီး ငါးပင်လယ်ထဲမှ ထွက်လာခဲ့သည်။

သဲမြန်မြို့ကို သူ ရောက်လာသည့်အချိန်တွင် ကောင်းကင်ကြီးက တောက်ပနေသေး၏။ မုန့်ချီက အောက်ကိုပင် မဆင်းရသေးခင် ပြောမပြနိုင်လောက်အောင် အေးစက်နေသော ခံစားမှုတစ်ခုကို ခံစားခဲ့ရသည်။

တစ်မြို့လုံးက တိတ်ဆိတ်နေပြီး လေတိုက်ခတ်မှုကိုသာ ခံစားနေမိသည်။ ထိုနေရာတွင် အသက်စွမ်းအင် လုံးဝမရှိချေ။ သူက စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။

ထိုအချိန်တွင် သေမင်းပင်လယ်တည်းခိုဆောင်၏ ပင်မတံခါးက ပွင့်နေ၏။ တည်းခိုဆောင်ထဲတွင် ရှင်းလင်းနေပြီး အလွန်တိတ်ဆိတ်နေသည်မှာ ကြောက်စရာ ကောင်းလွန်းလှသည်။

"ချမ်းနင်လည်း ပြဿနာတက်နေတာများလား…"

Translated by Hein Htet.

All Chapters