အခန်း (၅၄၀)
Vol. 36 Ch. 540
သူ၏ပတ်ဝန်းကျင်ကို ပို၍စူးစိုက်စွာ စစ်ဆေးခဲ့လိုက်ပြီးနောက် မုန့်ချီက သေမင်းပင်လယ် တည်းခိုဆောင်ထဲတွင် အပျက်အစီးများကို ခြေရာခံမိခဲ့ခြင်း မရှိချေ။ အတွင်းထဲတွင် ရှိနေသော လူအားလုံးက မျက်စိတစ်မှိတ်အတွင်း အဖမ်းခံလိုက်ရခြင်း သို့မဟုတ် ကိုယ့်သဘောနှင့်ကိုယ် ထွက်သွားခဲ့သလိုပုံစံမျိုး ဖြစ်နေခဲ့သည်။
ချူချမ်းနင်က မည်သည့်လျို့ဝှက်အမှတ်အသားမှ မချန်ထားခဲ့သည့်အတွက် ဤကိစ္စက တစ်စုံတစ်ခု ထူးခြားနေသည်ဟု ဆိုလိုနေသည်။ သူတို့၏ရန်သူများက အင်မော်တယ် အဖွဲ့သားများ တည်းခိုဆောင်ကို လာရောက်ရှာဖွေသည့်အချိန်အထိ စောင့်နေမှာကို စိုးရိမ်နေသည့်အတွက် သူလည်း ထိုနေရာကို နောက်တစ်ကြိမ် မကြည့်ရဲပေ။
သူက ချက်ချင်းပင် ပျံသန်းသွားခဲ့ပြီး အစွမ်းထက်အကူအညီများကို ရှာဖွေရန် စိမ်းပြာကောင်းကင်ဆီသို့ ထွက်ခွာသွားခဲ့၏။
ရုတ်တရက်ဆိုသလို သူ့နားထဲ၌ အသံတစ်ခုကို ကြားလိုက်ရသည်။
“ဒကာလေး…
မင်းက ဖြတ်သွားပြီးမှတော့ ဘာကြောင့် ဝင်မလာရတာလဲ…”
အလွန်တိတ်ဆိတ် ငြိမ်သက်နေသော သဲမြန်မြို့ထဲမှနေ၍ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နှင့် ကိုယ်တော်တစ်ပါး ထွက်လာခဲ့သည်။ သူ၏ ရုပ်ရည်ပုံစံက ကြမ်းတမ်းခက်ထန်ပြီး လားမားဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူက တည်းခိုဆောင်၏ရှေ့၌ ပေါ်လာခဲ့သည့်အချိန်တွင် အပြစ်ပေးဓားမောက်တစ်ချောင်းကို ကိုင်ထားသည်။ သူက မုန့်ချီကို သူ၏ချီစွမ်းအင်များနှင့် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
“ဒီနေရာက အတော်လေးကို ထူးဆန်းနေတယ်။ အတွင်းထဲမှာလည်း သက်ရှိလက္ခဏာတွေ မခံစားမိဘူး။ ဒီတော့ သာမန်လူတွေက အနားကို သွားရဲမှာတောင် မဟုတ်ဘူးလေ…”
မုန့်ချီက ဓားလက်ကိုင်ကို ပုတ်နေရင်း ပြန်ဖြေလိုက်သည်။
ထိုကိုယ်တော်က သူ၏အငွေ့အသက်ကို ဖုံးကွယ်ရာတွင် အလွန် ထူးခြားသော စွမ်းရည်တစ်ခု ရှိနေနိုင်သည်။ မုန့်ချီ၏ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့်ပင် သူက ယခုအချိန်မှသာ ထိုကိုယ်တော်၏ တည်ရှိမှုကို ခံစားမိခဲ့ခြင်းဖြစ်သည်။ ထိုအရာကလည်း ထိုကိုယ်တော်က သူ့အပေါ် သတ်ဖြတ်ချင်စိတ်များ မရှိခြင်းကြောင့် ဖြစ်နိုင်သည်။
“အတွင်းအပြင်ကမ္ဘာကြီးကို ပေါင်းစပ်နိုင်တဲ့ ပညာရှင်တစ်ယောက်က သာမန်လူတစ်ယောက်လို့ သတ်မှတ်နိုင်မှာလား…”
သာမန် ရွက်ကြမ်းရေကျို ရုပ်ရည်သာရှိသော ကိုယ်တော်က လေထဲသို့ ခုန်လိုက်ပြီး မုန့်ချီဆီကို လျှောက်လာခဲ့သည်။
မုန့်ချီက သူ့ကို အပြုံးနှင့် ပြောလိုက်၏။
“ဝေ့ကျင်းအဆင့် ပညာရှင်တွေကတောင် မလိုအပ်တဲ့ ပြဿနာတွေကနေ အဝေးမှာပဲ နေသင့်တယ်…”
ထိုကိုယ်တော်က မုန့်ချီကို စိုက်ကြည့်လိုက်သည်။
“မင်းက မလိုအပ်တဲ့ ပြဿနာတွေကနေ ဝေးဝေးနေချင်တယ်ဆိုရင်လည်း ဘာလို့ တည်းခိုဆောင်ကို ကြည့်နေရသေးတာလဲ…”
“စပ်စုတယ် ဆိုတာကတော့ လူသားတိုင်းမှာရှိတဲ့ အကျင့်စရိုက်တစ်ခုပဲလေ…”
မုန့်ချီက ထိုကိုယ်တော်၏လက်ထဲတွင် ရှိနေသော အပြစ်ပေးဓားမောက်ကြီးကို ကြည့်လိုက်ရာ ထိုအရာက သာမန်ဓားမောက်များထက် အနည်းငယ်ပိုပါးပြီး နှစ်လက်မခန့် ပိုရှည်ကြောင်း သတိထားမိခဲ့သည်။ ထိုအရာက အတော်လေးကို ထူးဆန်းပြီး ကျင်းကန်းကျောင်းဆောင်၏ ထူးခြားသော ဓားတစ်မျိုး ဖြစ်နိုင်၏။
“ကျင်းကန်းကျောင်းဆောင်က ဝေ့ကျင်းအဆင့် ပညာရှင်လား….”
ထိုကိုယ်တော်နှင့် မုန့်ချီတို့က မျက်နှာချင်းဆိုင် ရပ်နေသည့်အချိန်တွင် သူတို့၏မျက်လုံးများက တစ်တန်းတည်း ဖြစ်နေကြသည်။ တစ်ဖက်လူ၏ အာရုံခံ ချီစွမ်းအင်များက သူ့ကို ပစ်မှတ်ထားနေခဲ့၏။
“သေမင်းပင်လယ်ရဲ့အစွန်မှာတော့ အရာအားလုံးက ပုံမှန်မဟုတ်ဘူး။ ငါက ဓမ္မဘုရင်ရဲ့အမိန့်နဲ့ ဒီနေရာကို စစ်ဆေးဖို့ ရောက်လာတာ။ မင်းရဲ့ လှုပ်ရှားမှုတွေက သာမန်ပဲ ဆိုပေမဲ့ ငါက သံသယ ဝင်နေခတယ်။ ဒီတော့ ကျေးဇူးပြုပြီး ဓမ္မဘုရင်နဲ့တွေ့ဖို့ ငါနဲ့လိုက်ခဲ့ပါ။ ပြီးမှ ဗုဒ္ဓမျက်လုံးရှေ့မှာ မင်းရဲ့ အပြစ်ကင်းစင်မှုကို အတည်ပြုရမယ်…”
မုန့်ချီက မည်သို့တုံ့ပြန်စေကာမူ သူ့ပုံစံက စိတ်ဝင်စားပုံ မရချေ။ ထိုအရာက ဖိတ်ခေါ်မှုတစ်ခု မဟုတ်ဘဲ အမိန့်တစ်ခုသာ ဖြစ်သည်။ ကျင်းကန်းကျောင်းဆောင်က အနောက်ပိုင်း နယ်မြေတစ်ခုလုံးကို အုပ်စိုးရန် အသုံးပြုခဲ့ဖူးသော ကြောက်မက်ဖွယ် အစွမ်းများကို ပြသနေခဲ့ခြင်း ဖြစ်သည်။
မုန့်ချီ၏ ရင်ထဲတွင် ထိန်းချုပ်ထားသော ဒေါသများ ထွက်ပေါ်လာခဲ့၏။ သဲမြန်မြို့ထဲတွင် ရှိနေသော အခြေအနေက ထူးဆန်းနေခြင်း မဟုတ်ဘဲ သေမင်းပင်လယ်၏အစွန်တွင် ဖြစ်ပျက်နေသော အရာများကသာ ထူးဆန်းနေသည်ဟု ထိုကိုယ်တော်၏စကားက ထောက်ပြနေခဲ့သည်။
ပြောရမည်ဆိုလျှင် ထိုအရာကို လုပ်ဆောင်ခဲ့သည့်သူက သေမင်းပင်လယ် တည်းခိုဆောင်၊ ချူချမ်းနင်နှင့် အင်မော်တယ်များကို အဓိကပစ်မှတ်ထားနေခြင်း မဟုတ်နိုင်ပေ။ ကြည့်ရသည်မှာ ချူချမ်းနင်က အပြစ်မရှိဘဲ အဖမ်းခံလိုက်ရခြင်း ဖြစ်ပုံရသည်။
သူမက သံသရာ ခရီးသွားတစ်ယောက် ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သော လျို့ဝှက်ရတနာတစ်ခု ပိုင်ဆိုင်ထားနိုင်သည်။ သူမကို ပစ်မှတ်ထားခြင်း မဟုတ်သရွေ့ သူမ ထွက်ပြေးရန် အခွင့်အရေးတစ်ခုလည်း ရှိနေသေး၏။ ထိုအရာက အရက်သမားရှဲ့ကို အလစ်ချောင်းတိုက်ခိုက်မှုနှင့် မတူညီသော အဖြစ်အပျက် ဖြစ်သွားနိုင်သည်။
ထိုအရာက အတော်လေးကို တိုက်ဆိုင်နေပြီး သူကတော့ အဖြစ်အပျက်နှစ်ခုကို ရောထွေး၍ မရနိုင်ပေ။ သို့သော် သူကတော့ ထိုကိုယ်တော် တောင်းဆိုသည့်အတိုင်း လိုက်လျောရန် လုံးဝမဖြစ်နိုင်ပေ။
ဖြစ်ခဲ့သည့်အရာများက သူနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ၊ သူ ဖုံးကွယ်ထားသည့် နည်းလမ်းများက ဓမ္မဘုရင်၏အောက်တွင် အလွယ်တကူ ပေါ်သွားနိုင်၏။ သူကတော့ အတင်းအကြပ် ဖိအားမရှိသရွေ့ လုံးဝ သဘောမတူနိုင်ပေ။
ထို့ပြင် ထိုကိုယ်တော်၏ အမိန့်ဆန်သော လေသံကြောင့် သူက အတော်လေးကို မကျေမနပ် ဖြစ်နေခဲ့၏။ အဆိုးဆုံး အခြေအနေကို ရောက်လာလျှင် သူက ထိုကိုယ်တော်ကို တိုက်ခိုက်ရုံသာ ရှိသည်။ သူက ဤနေရာမှ ထွက်ပြေးပြီးသွားလျှင် ကျင်းကန်းကျောင်းဆောင်က လိုက်လံရှာဖွေမှာကို ကြောက်လန့်နေစရာ လိုဦးမည်လော။ သူ၏ အငွေ့အသက်ကို ပြောင်းလဲပြီး ရုပ်ရှည်အသစ်နှင့် နာမည်အသစ်ကို အသုံးပြု၍ ရနိုင်သည် မဟုတ်ပေလော။
“မင်း စကားတွေက တော်တော်လေးကို မောက်မာတာပဲ။ သဲမြန်မြို့မှာ ဒီလိုအရာမျိုး ဖြစ်ခဲ့တဲ့ အချိန် ဘယ်ဝေ့ကျင်းအဆင့် ပညာရှင်က သွားမကြည့်ဘဲ နေလို့လဲ။ ပြောစမ်းပါဦး။ သူတို့တွေအားလုံးကို မင်းနဲ့အတူ ခေါ်သွားမှာလား…”
မုန့်ချီက မျက်မှောင်ကြုတ်နေလိုက်မိပြီး သူ့ရင်ထဲတွင်တော့ မှန်တစ်ချပ်ကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုအရာက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်ပြီး အတွင်းအပြင် ကမ္ဘာကြီးများကို ပေါင်းစပ်နေခဲ့၏။ ကမ္ဘာကြီး၏ ချီစွမ်းအင် လှုပ်ရှားမှုများကလည်း သူ့အပိုင် ဖြစ်လာခဲ့သည်။ ယခု သူ၏အာရုံခံနိုင်စွမ်းက အမြင့်ဆုံးကို မြင့်တက်လာခဲ့၏။ သူက ချက်ချင်းပင် မြို့ထဲ၌ ရှိနေသော မူမမှန်မှုများကို အာရုံခံမိခဲ့သည်။
သူက အနီးအနားတွင် လှုပ်ရှားနေသော ယင်ချီစွမ်းအင်များ၏ အရင်းအမြစ်ကို ရှာဖွေနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထိုအရာက မြို့ထဲတွင် အမြဲလိုလို လွှမ်းခြုံနေခဲ့သော ချီစွမ်းအင်များနှင့် တူညီနေခဲ့၏။ မြို့ထဲတွင် တခြားထူးဆန်းသော ချီစွမ်းအင်များ မရှိခဲ့ပေ။ အရာအားလုံးက သာမန်အတိုင်းသာ ဖြစ်၏။
ထိုကိုယ်တော်က စကားပြောတော့မည့် အချိန်တွင် ကျောက်စိမ်းတံခါး ဝင်ပေါက်မှနေ၍ လူနှစ်ယောက် ပျံသန်းလာခဲ့သည်။ ဦးဆောင်လာသူ တစ်ယောက်ကတော့ အရပ်မြင့်မြင့်နှင့် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ပုံစံက အေးဆေးဆေးဆေးသာ ဖြစ်သည်။
သူ၏ဘယ်ဖက် လက်ကောက်ဝတ်တွင်တော့ ပုတီးတစ်ကုံး ရှိနေသည်။ သူ့နောက်တွင်တော့ မိန်းမချောချောသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ရှိနေပြီး သူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်၍ ဦးထုပ် ဆောင်းထားသည်။
“အိမ်ရှေ့မင်းသားလား…”
ရောက်လာသူက အသိအကျွမ်း ဖြစ်နေသည့်အတွက် မုန့်ချီ၏ မျက်လုံးများက လှုပ်ရှားသွားခဲ့သည်။
ထိုအရာက ကျင်းအင်ပါယာ၏ ယခင်အိမ်ရှေ့မင်းသား ဖြစ်ခဲ့ပြီး ယခုတော့ ဗုဒ္ဓလမ်းစဉ် ပြောင်းလဲသွားခဲ့သော ကျိုးချန် ဖြစ်သည်။
“သူက ဗုဒ္ဓလမ်းစဉ်နဲ့ တော်တော်လေးကို နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ ပညာရှင်တစ်ယောက်ပဲ။ စကားလုံးမဲ့ ကျောက်တိုင်ပေါ်မှာတောင် ဗုဒ္ဓအင်ပါယာဆိုတဲ့ စကားလုံး ပေါ်ထွက်လာခဲ့တယ်…”
သူ့ခေါင်းထဲတွင် ထိုအချက်အလက်များ ပေါ်လာခဲ့သည့်အချိန်တွင်တော့ အိမ်ရှေ့မင်းသားက သေမင်းပင်လယ်ထဲ၌ ပေါ်လာသည်မှာ ထူးဆန်းမှု မရှိကြောင်း တွေ့လိုက်ရသည်။ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက် ပေါ်လာသည့်အချိန်တွင် သူရောက်မလာလျှင်သာ ထူးဆန်းနေပါလိမ့်မည်။
သို့သော်လည်း အိမ်ရှေ့မင်းသားက မိန်းမဆိုး ဝေ့ကောင်းကို သူနှင့်အတူ ခေါ်လာခဲ့သည့်အတွက် စိတ်ဝင်စားနေခြင်းသာ ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက သာမန် ဝေ့ကျင်းအဆင့်ပညာရှင်များ ဖြစ်ကြ၏။ သန့်စင်နေမင်းဂိုဏ်းမှ ပြိုင်ဘက်ကင်း သိုင်းပညာရှင်များနှင့် တခြားဗုဒ္ဓဂိုဏ်းမှ သိုင်းသခင်များ မည်သည့်နေရာတွင် ရှိနေသနည်း။ သူက ဗုဒ္ဓနှင့် သူ၏ကံကြမ္မာကို အားကိုးပြီး ပင်မလမ်းညွှန်ချက်ကို ရယူလိုခြင်းပေလော။
မုန့်ချီ၏ခေါင်းထဲတွင် ထိုအတွေးမျိုး ပေါ်လာသည့်အချိန်တွင်ပင် သူ့ပါးစပ်က ငြိမ်ငြိမ် မနေခဲ့ပေ။
“ကိုယ်တော်။ ဟိုမှာ ကြည့်လိုက်ဦး။ တခြားသူတွေလည်း ရောက်လာတာကို မတွေ့ဘူးလား။ သူတို့က ဒီနေရာကို စစ်ဆေးဖို့တောင် ရပ်သွားကြပြီ…”
သဲမြန်မြို့တွင် ရှိနေသော ထူးဆန်းမှုနှင့် လေထဲတွင် မျက်နှာချင်းဆိုင်နေသော ဝေ့ကျင်းအဆင့် ပညာရှင်နှစ်ယောက်ကို မြင်လိုက်ရသည့်အခါ ကျိုးချန်နှင့် ဝေ့ကောင်းတို့က ရပ်လိုက်ကြသည်။ သူတို့က အဝေးတွင် ရပ်နေပြီး မြို့ကို စစ်ဆေးကြည့်နေခဲ့၏။ ခဏကြာပြီးနောက် သူတို့က ကွေ့သွားရန် ပြင်ဆင်နေခဲ့သည်။
ထိုကိုယ်တော်က လက်ဝါးကိုမြှောက်ပြီး သူ၏ဗုဒ္ဓနာမည်ကို ရွတ်ဆိုလိုက်သည်။ “မင်းက သံသယဝင်စရာကောင်းတဲ့ အချက်တွေ ရှိတယ်။ လူအများစုက ငါးပင်လယ်ကနေ တန်ဟန်ကို သွားနေကြတာ။ ဘာလို့လဲဆိုတော့ ဗုဒ္ဓလက်ဝါးကြောင့်ပဲ။ မင်းကတော့ ဆန့်ကျင်ဘက်ကို သွားနေတယ်။ ဒီတော့ မင်းက ဓမ္မဘုရင်ရဲ့ရှေ့မှာပဲ ဖြေရှင်းပြလိုက်တော့…”
သူ၏ စကားလုံးများက ဆုံးဖြတ်ချက် ပြတ်သားပြီး မုန့်ချီကိုသာ စိုက်ကြည့်နေခဲ့၏။
“သူက ငါ့ကို ဖိတ်ခေါ်ဖို့ တော်တော် ခေါင်းမာနေတာပဲ…”
မုန့်ချီက ဒေါသထွက်ရမည့်အစား ရယ်ကာမောကာနှင့် ပြောလိုက်သည်။
“ကျုပ်က ငြင်းမယ်ဆိုရင်ကော…”
ထိုကိုယ်တော်က သေမင်းပင်လယ်၏ အစွန်တွင် ဖြစ်ပျက်နေသော မူမမှန်မှုများကို စစ်ဆေးမည်ဟူသော ဆင်ခြေက ထိုအခြေအနေကို လေ့လာရန် ဖြစ်နိုင်သည်။ မုန့်ချီကတော့ ငါးပင်လယ်နှင့် တန်ဟန်တွင် အကျိုးအမြတ် ရရှိခဲ့ပြီးနောက် အလျင်အမြန် ထွက်သွားသည်ဟု သူတို့က သံသယဝင်နေခြင်း ဖြစ်သည်။
ကျင်းကန်းကျောင်းဆောင်က ဗုဒ္ဓလက်ဝါးကို ရယူရန် ဆုံးဖြတ်ထားခဲ့ပြီး ထိုအရာက သူတို့၏လုပ်ရပ်တစ်ခုလည်း ဖြစ်လာခဲ့၏။ သူတို့က လွတ်မြောက်ရန် အခွင့်အရေး ပေးမည့်အစား အပြစ်ကင်းစင်သူ တစ်ယောက်ကိုလည်း သတ်ပစ်ကြပါလိမ့်မည်။
“ဒါဆိုလည်း ငါက ချိုချိုသာသာ မပြောဘူးလို့ အပြစ်မတင်ပါနဲ့…”
ထိုကိုယ်တော်က မျက်နှာပျက်ပျက်နှင့် သူ၏ဓားမောက်ကို ရင်ဘတ်ရှေ့တွင် ကိုင်ထားလိုက်သည်။ သူက ကျမ်းစာများကို စတင်ရွတ်ဆိုလိုက်စဉ် ဓားမောက်ပေါ်၌ ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။
“ကိုယ်တော့်ကို ကြည့်ရတာ ယုံကြည်ချက် ရှိနေသလိုပဲ…”
မုန့်ချီက သူ့ကို အပြုံးနှင့် ပြောလိုက်၏။
မုန့်ချီ၏ တုံ့ပြန်မှုကြောင့် အနီဝတ် ကိုယ်တော်က အံ့သြနေခဲ့ခြင်း မရှိသလို ခံစားချက်လည်း တစ်ခုမျှ မရှိချေ။ သူက ဗုဒ္ဓစာပေများကို နောက်တစ်ကြိမ် ရေရွတ်လိုက်ပြန်သည်။
“ဗုဒ္ဓရဲ့သင်ကြားပေးမှုတွေက ကိုယ်ကျင့်တရားနဲ့ ကျိုးကြောင်းဆင်ခြင်နိုင်မှုကို အခြေခံထားတယ်။ ဘဝရဲ့ လောကဓံတွေ အားလုံးကို နတ္ထိသဘောတရားအဖြစ် ပြောင်းလဲပစ်နိုင်တယ်..”
သူတို့နှစ်ယောက်လုံး၏ အငွေ့အသက်များက ပထမကောင်းကင်လှေကားအောက်တွင် တူညီနေကြောင်း သူလည်း သိနေခဲ့သည်။ သူက မုန့်ချီကို အနိုင်ရရန် ယုံကြည်ချက် အပြည့် ရှိနေခဲ့၏။ သူက အောင်မြင်မှုရရှိရန် အခက်အခဲကို ကြိုမမြင်ခဲ့သည့်အတွက် ထိုအရာကလည်း ဘာပြဿနာမှ မရှိနိုင်ပေ။
“ဒီက ကိုယ်တော်ရဲ့နာမည်ကို ပြောပြလို့ ရမလား…”
မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။
“ငါ့နာမည် ကျိရှန်လို့ခေါ်တယ်…”
ထိုကိုယ်တော်က မျက်ခုံးပင့်လိုက်မိသည်။ သူ၏ဓားမောက်က နေရောင်အောက်တွင် လှုပ်ရှားသွားခဲ့ပြီး အလွန်အေးစက်သော ရေခဲစွမ်းအင်များကို သယ်ဆောင်ထားခဲ့၏။
“ကျိရှန်လား…”
မုန့်ချီက ယပ်တောင်(၆)လက်ကျောင်းဆီမှ ရခဲ့သော အချက်အလက်များကို စဉ်းစားရင်း သူ့ရှေ့တွင် ရှိနေသော ကိုယ်တော်၏နာမည်ကို ပြန်လည်စဉ်းစားနေခဲ့သည်။
ကျိရှန်ဟူသည်မှာ ကျင်းကန်းကျောင်းတော်တွင် အထူးချွန်ဆုံး တပည့်တစ်ယောက် ဖြစ်ခဲ့ပြီး ပြင်ပခေါင်းဖြတ်မကောင်းဆိုးဝါး ပညာရှင်တစ်ယောက် ဖြစ်သည်။ ထိုအရာက ကျင်းကန်းကျောင်းဆောင်၏ ပင်မအဓိကဓားသိုင်းပညာ(၃)ခုထဲမှ တစ်ခုလည်း ဖြစ်သည်။
သူက အနောက်ပိုင်း နယ်မြေထဲတွင် ဉာဏ်အလင်းပွင့်မှုအဆင့်၌ ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ သူက ပြီးပြည့်စုံသော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ခဲ့ပြီး ယနေ့အဆင့်သို့ မြင့်တက်လာခဲ့သည်။ သူက သိုင်းလောကတွင် ရွှယ်လျန်ကျိုးနှင့် အချစ်ဘုန်းတော်ကြီးတို့၏ နောက်ပိုင်းမှသာ ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း တတိယကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်နေသူဖြစ်ပြီး ပထမကောင်းကင်လှေကားကို ကျော်ဖြတ်ရန် နီးကပ်နေပါပြီ။ ထို့ကြောင့်ပင် သူက ပထမကောင်းကင်လှေကားအောက်တွင် ရှိနေသော ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရန် အလွန်ယုံကြည်ချက် ရှိနေခြင်းဖြစ်သည်။
မုန့်ချီက စိတ်အေးနေကြောင်း မြင်လိုက်ရသည့်အခါ ကျိရှန်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“အခု မင်းက ငါ့နာမည်ကို သိသွားပြီဆိုတော့ မင်းရဲ့ သံသယတွေကိုဖယ်ရှားပြီး ငါနဲ့အတူ ဓမ္မဘုရင်ကို လိုက်တွေ့ပါ…”
ပြောရမည်ဆိုလျှင် မုန့်ချီက သူ့ကို သိနေသည့်အတွက် ကံတရားကို အားကိုးပြီး ဤပြဿနာမှ ရှောင်ထွက်ရန် စဉ်းစားတော့မည်မဟုတ်ဟု တွေးနေမိသည်။
မုန့်ချီက အားရပါးရ ရယ်လိုက်သည်။
“ကျုပ်က ခင်ဗျားရဲ့ နာမည်ကိုပဲ မေးတာ။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ဓားက နာမည်မရှိတဲ့သူတွေကို အပြစ်မပေးဘူး…”
“မင်း....”
ကျိရှန်က မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
သူ့ခေါင်းထဲ၌ ထိုအရှက်တရားကြောင့် ဒေါသထွက်နေသည့်အချိန်တွင် သူ့ပြိုင်ဘက်က ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသော နေလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကြောင်း ခံစားမိခဲ့သည်။
မုန့်ချီ၏ အသွေးအသားနှင့် အရေပြား တစ်ခုချင်းဆီတိုင်းမှ အလွန် ကြောက်စရာကောင်းသော စွမ်းအားများ ထွက်ပေါ်လာခဲ့၏။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများကလည်း လောင်ကျွမ်းနေပြီး လေဟာနယ်က လှုပ်ရှားနေသလို ထင်ရသည်။
အပူလမ်းကြောင်းကလည်း သူ့မျက်နှာဆီသို့ ရောက်လာပြီး သူ့ခြေထောက်အောက်တွင် ရှိနေသော ကျောက်တုံးများ ရွှံ့များက အရည်ပျော်ကျနေသော လက္ခဏာမျိုး ပေါ်လာခဲ့၏။ သူ အသက်ရှူလိုက်သည့် အချိန်တိုင်း အဆုတ်နှစ်ဖက်က လောင်ကျွမ်းသွားသလို ခံစားနေရသည်။
သူ ရှူထုတ်လိုက်သည့် အချိန်တိုင်း သူ၏သွေးကြောမှတ်များဆီမှ လောင်ကျွမ်းနေသော အငွေ့များ ထွက်လာလေ၏။ ပင်မချီစွမ်းအင် ကမ္ဘာကြီးကပင် ဆူပွက်နေသလို ခံစားနေရသည်။
သူက ဝေ့ကျင်းအဆင့်ကို ရောက်လာပြီးနောက် အဆင့်မြင့် ပညာရှင်များကို သတ်ဖြတ်ထားခဲ့ပြီး ကျိလော်ကျူးနှင့် အချစ်ဘုန်းတော်ကြီးတို့ကို သတ်ဖြတ်ရန် အလစ်ချောင်း တိုက်ခိုက်ခဲ့ရသည်။ အနီရောင်နဂါးနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခဲ့ရခြင်းက လွဲလျှင် အဆင့်တူ ပညာရှင်ချင်း ရင်ဆိုင်ခဲ့ရသော အတွေ့အကြုံမျိုး မရှိသေးပေ။
ယခု သူက အလွန်မောက်မာသော ကျိရှန်နှင့် တွေ့လိုက်ရသည့်အခါတွင် သူ၏ တိုက်ခိုက်ချင်စိတ်များက မြင့်တက်လာခဲ့၏။ သူက နေကျောက်တုံးနှင့် သန့်စင်ပြီး ဓားသိုင်းပညာကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ပြီးနောက် ယခုအချိန်အထိ သူ့ဓား၏ အစစ်အမှန်အစွမ်းကို စစ်ဆေးရခြင်း မရှိသေးပေ။
ကျိရှန်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး အနီရောင် လားမား ဘုန်းတော်ကြီးဝတ်ရုံကလည်း အလွန် မြင့်မားသော အပူချိန်ကို ခုခံပေးနေသည်။
ကျိရှန်က ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ အပြစ်ပေးဓားမောက်ကြီးက အတားအဆီးများ၊ မကောင်းဆိုးဝါးများကို ဖျက်ဆီးပစ်နိုင်သလို ထင်မှတ်ရသည်။ ထိုအရာက ခက်ခဲပုံရသော်လည်း အမှန်အတိုင်း ပြောရရင်တော့ ဓားအတွက် ချောမွေ့သော ခရီးလမ်းတစ်ခု ဖြစ်သည်။
လေထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကမ္ဘာမြေကြီးထဲတွင်လည်း သန့်စင်ပြီး သဘာဝဆန်သော အငွေ့အသက်များ ပေါ်လာခဲ့သည်။ ထိုအရာက အလွန်ထက်မြက်သော အလင်းတန်းတစ်ခုဖြစ်ပြီး တဖြည်းဖြည်းချင်း ဆူပွက်နေသော ပင်မချီစွမ်းအင် ပင်လယ်ကြီးကို ဖယ်ရှားပစ်လိုက်သည်။
ကျိရှန်က ရင်ဘတ်ရှေ့တွင် ဓားကို ကိုင်ထားသေးသော်လည်း တစ်ဖက်လူက သူ၏ အရေပြား၊ ကြွက်သား၊ အသွေးနှင့် အရိုးများအားလုံးကို ထိုးဖောက်နိုင်သလို ခံစားနေရသည်။
ကျင်းကန်းဓားကို အသုံးပြုလိုက်ပြီး ကျိရှန်က စိုးရိမ်မှုအားလုံးကို ဖြတ်တောက်၍ ပြင်ပမကောင်းဆိုးဝါးမျိုးစုံကို ရှင်းပစ်လိုက်သည်။ သူ့ဓားက ဤကမ္ဘာကြီးထဲတွင် သီးသန့်ဖြစ်တည်လာပြီး မီးတောက်များကို ဆွဲယူလိုက်သည်။
မီးတောက်များက တဖြည်းဖြည်း မြင့်တက်လာပြီး သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများက ပေါက်ကွဲလာခဲ့သည်။ တဖြည်းဖြည်းနှင့် မီးတောက်ပင်လယ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။
အဝေးတွင် ရှိနေသော ကျိုးချန်နှင့် ဝေ့ကောင်းတို့က ထိုတိုက်ပွဲကို ကြည့်ပြီး မှင်တက်နေကြသည်။
“ကြွယ်ဝချမ်းသာမှုက နှလုံးသားကို လှုပ်ရှားစေတယ်။ အဖိုးတန်ရတနာတွေကလည်း အတူတူပဲ။ ဗုဒ္ဓလက်ဝါးက ဒီကမ္ဘာကြီးထဲမှာ အခုထိ ပေါ်မလာသေးပေမဲ့ တိုက်ပွဲတွေတော့ သေမင်းပင်လယ်ကန္တာရရဲ့ နေရာတိုင်းမှာ ဖြစ်နေတယ်…”
ကျိုးချန်က ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်သည်။
“သခင်လေးက ဗုဒ္ဓလမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာနေခဲ့တာ။ ဗုဒ္ဓလက်ဝါးကလည်း သခင်လေးရဲ့ လက်ထဲကိုပဲ အလိုလို ရောက်လာမှာပါ..”
ဝေ့ကောင်းက သူ့သခင် ကျေနပ်စေရန် ပြန်ဖြေလိုက်သည်။
“သန့်စင်နေမင်းဂိုဏ်းနှင့် ကျန်တဲ့ဗုဒ္ဓဂိုဏ်းတွေ ရောက်လာမယ်ဆိုရင် ပိုပြီးတော့ လွယ်ကူသွားနိုင်တယ်။ ဓမ္မကာရအဆင့် ပညာရှင်တွေကိုလည်း မမေ့နဲ့ဦးလေ…” ကျိုးချန်၏ မျက်နှာပေါ်တွင် ဝမ်းသာနေသော အမူအရာမျိုး မရှိခဲ့ပေ။
“ဒါပေမဲ့ ကျောင်းထိုင်ကိုယ်တော် ကုံဝမ်ကလည်း ဒီနေရာကို ရောက်လာလိမ့်မယ်..” ဝေ့ကောင်းက ကျိုးချန်၏ ယုံကြည်ချက်ကို တမင်တကာ ဖော်ထုတ်ပြသနေခဲ့သည်။
ကျိုးချန်က အဝေးကို စိုက်ကြည့်နေပြီး လောင်ကျွမ်းနေသော မီးတောက်များကို စိုက်ကြည့်နေမိခဲ့သည်။ သူက ခေါင်းစဉ်ပြောင်းပြီး ပြောလိုက်၏။
“ကျင်းကန်းကျောင်းဆောင်က ကျိရှန်နဲ့ တိုက်ခိုက်နေတဲ့သူက ဘယ်သူလဲ သိလား..”
ထိုအချိန် မီးပင်လယ်ကြီးထဲတွင် နေလုံးကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူ့အသံက မှေးမှိန်သွားခဲ့သည်။
“မဟုတ်ဘူး။ အဲဒါက အစစ်အမှန် နေလုံးတစ်ခု မဟုတ်ဘူး။ ကမ္ဘာကြီးထဲမှာရှိတဲ့ ချီစွမ်းအင် ပြောင်းလဲမှုတွေကနေ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ အဲဒါက အဆုံးမရှိတဲ့ ဓားအလင်းတန်းတစ်ခုသက်သက်ပဲ။ အဆုံးမရှိတဲ့ ဓားအလင်းတန်းက ပတ်ပတ်လည်ကို ပျံ့နှံ့သွားတယ်။ ဒီအလင်းတန်းက ကမ္ဘာကြီးကိုတောင် လင်းထိန်သွားစေနိုင်တယ်…”
Translated by Hein Htet.