အခန်း (၅၄၁)
Vol. 37 Ch. 541
တိုက်ခိုက်မှု၏ ပြိုင်ဘက်ကင်းအငွေ့အသက်များက နေလုံးကြီး၏ အလင်းရောင်နှင့်အတူ ကျရောက်လာခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓအလင်းရောင်များက ကမ္ဘာကြီးထဲရှိ အမှောင်ထုကြီးများကို ဖယ်ရှားပစ်လိုက်၏။
ကျိရှန်က ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံလာသော အလင်းတန်းများကို ခံစားမိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်က နတ်ဘုရားအလင်းတန်းတစ်ခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသလို ဖြစ်နေ၏။ သူ၏အရေပြားပေါ်နှင့် သူ၏ခန္ဓာကိုယ်အတွင်းထဲထိ ပင်မဝိညာဉ်ထဲအထိပင် တိုက်ခိုက်မှုက ထိုးဖောက်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့လာခဲ့သည်။
သူ၏မျက်စိရှေ့တွင် လျှို့ဝှက်ချက်တစ်ခုမျှ မရှိတော့သလို ဖြစ်လာပြီး သူ၏ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးက ပြိုင်ဘက်၏ အတွေးထဲတွင် ပေါ်လာခဲ့သည်။ ပြိုင်ဘက်၏ တိုက်ခိုက်မှုက အလွန်ခြစ်ခြစ်တောက် ပူလောင်သော ခံစားမှုနှင့်အတူ ထိုးဖောက်လာခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ရှိသော လေလှိုင်းများကပင် လောင်ကျွမ်းသွားစေခဲ့သည်။
ထိုအရာက ပတ်ပတ်လည်မှ သူ့ကို ကာကွယ်ထားသော ချီစွမ်းအင်များကို အရည်ပျော်ကျသွားစေခဲ့ပြီး ဓားချက်၏ အစစ်အမှန် တိုက်ခိုက်မှုကပင် မှေးမှိန်သွားစေခဲ့သည်။
“ဘာမင်ဓားသိုင်းပညာ…”
ထိုဓားသိုင်းပညာက အမြင့်ဆုံးအဆင့်ကို သုံးလိုက်မည်ဆိုလျှင် လူအများစုကို သတ်ပစ်နိုင်မည်ဖြစ်ကြောင်း ကျိရှန်က သံသယမရှိဘဲ ယုံကြည်သွားခဲ့သည်။ ထိုသို့ဆိုရာတွင် ဘာမင်ဓားသိုင်းပညာ၏ ရှေ့တွင်ရပ်နေရင်း သူကတော့ အသတ်ခံရတော့မည့် သားကောင်တစ်ကောင်ကဲ့သို့ အားနည်းသွားသလို ခံစားနေရသည်။
သူက ပြိုင်ဘက်၏ရှေ့တွင် အလွန်သေးငယ်သော ပစ်မှတ်တစ်ခု မဟုတ်တော့သလို ခံစားနေရသည်။ ထိုအတွေးမျိုး ပေါ်လာသည့်အချိန်တွင် သူ့ရင်ထဲ၌ တင်းကြပ်သွားခဲ့ပြီး သေချာသတိထားနေခဲ့၏။ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရှိနေသော တံခါးပေါက်များကလည်း ပွင့်လာခဲ့သည်။
သူ့စိတ်ထဲတွင်တော့ ပုံရိပ်ယောင်မိုးကြိုးများ၏ ပုံရိပ်များ ပေါ်လာပြီး ပုံရိပ်ယောင်ခန္ဓာများစွာထဲမှ တစ်ခုဖြစ်သော မိုးကြိုးဗုဒ္ဓ၏ ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ ထိုအရာက ကျင်းကန်းကျောင်းဆောင်မှ တပည့်များ လေ့ကျင့်ထားသော ပုံရိပ်ယောင်ခန္ဓာတစ်ခုလည်း ဖြစ်သည်။
ရွှေရောင်ခန္ဓာကိုယ်က အဖြူရောင်အသွေးအသားများ၏ အောက်တွင် ပေါ်လာပြီး ဗုဒ္ဓ၏အကျင့်စရိုက်(၃၂)မျိုးကို ပြသနေသည်။ ထိုခန္ဓာကိုယ် ပေါ်လာခဲ့သည့်အချိန်တွင် ကျိရှန်၏ စိတ်ဝိညာဉ်က ရုတ်တရက် ကြည်လင်တောက်ပလာခဲ့၏။
ထိုအရာတွင်သာမက ဓားသွားဆီမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုသာမက ဘာမင်ဓားသိုင်းပညာကလည်း ခန့်မှန်း၍မရနိုင်သေ ာတိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်ပြီး လောင်ကျွမ်းနေသော အပူလှိုင်းများနှင့် ထိခိုက်စေနိုင်သည်။ ထိုအရာက မိုးကြိုးဗုဒ္ဓကိုယ်တိုင် တိုက်ခိုက်လိုက်သလို ဖြစ်နေခဲ့၏။
"တော်တော်ကြောက်စရာကောင်းတဲ့ ဓားသိုင်းပညာပဲ…"
ကျိရှန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိပြီး သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အပြစ်ပေးဓားမောက်ကြီးပင် ပေါင်းစပ်လိုက်သည်။
"တကယ်လို့ မင်းက ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ပင်မဝိညာဉ်တုန့်ပြန်မှုတွေကို သိနေတော့ရော ဘာလုပ်ရမှာလဲ။ ငါက မင်းနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မယ်…"
ကျိရှန်က သူ၏ဓားမောက်ကို မြှောက်လိုက်သည့် အချိန်တွင် ဗုဒ္ဓအလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ သူ၏ဓားမောက်ထဲတွင် ပြောင်းလဲမှုများစွာ မရှိဘဲ ပတ်ပတ်လည်မှနေ၍ မုန့်ချီကို အလစ်ချောင်း တိုက်ခိုက်နေသည်။ သူ၏ဓားချက်က ရဲစွမ်းသတ္တိရှိပြီး ရန်လိုတတ်သည်။ သူက မုန့်ချီကို အကြောက်အလန့်မရှိ ခုတ်ချနေခဲ့၏။
ထိုဓားမောက်က နတ်ဘုရားမများ၏ ဆွဲဆောင်မှုကို ဖြတ်တောက်ပစ်နိုင်သလို ယောင်္ကျားနှင့် မိန်းမကြားထဲတွင် ရှိနေသော ဆန္ဒများအားလုံးကိုလည်း ဖြတ်တောက်ပစ်နိုင်သည်။ ထိုဓားသွားက သူ့လမ်းကြောင်းကို တားဆီးထားသော မကောင်းဆိုးဝါးဝိညာဉ်များအားလုံးကို ဖယ်ရှားနိုင်ပြီး သူ့ကို အထွဋ်အထိပ်သို့ ပို့ဆောင်ပေးနိုင်သည်။ ထိုဓားမောက်က ပြင်ပကမ္ဘာကြီးထဲတွင် ရှိနေသော ဆိုးသွမ်းမှုများကို ဖျက်ဆီးပစ်နိုင်ပြီး ဗုဒ္ဓ၏အစစ်အမှန် သင်ကြားမှုများကိုသာ ပြသပေးနိုင်သည်။
သူတို့၏ ပတ်ပတ်လည်တွင် လင်းလက်နေသော နေလုံးကြီး၏ အလင်းရောင်က အက်ကွဲသွားခဲ့၏။ ထိုအလင်းရောင်များက သူ့ဆီကို ရောက်လာရန်ပင် ခက်ခဲနေခဲ့သည်။
မီးတောက်ပင်လယ်ကြီးက (၂)ပိုင်း ပြတ်သွားခဲ့ပြီး လှိုင်းလုံးများကလည်း ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့၏။ အသိဉာဏ်ကလည်း အရာအားလုံးကို ဖျက်ဆီးနိုင်ခဲ့သည်။
အစွမ်းထက်သော အနှစ်သာရများကိုသုံးပြီး ကျိရှန်က အသုံးမဝင်သော ပိုက်ကွန်သိုင်းကွက်နှင့် မုန့်ချီ၏တိုက်ခိုက်မှုကို တားဆီးခဲ့သည်။ ထို့နောက် လေထဲတွင် တစ်ပတ်ကျွမ်းထိုးလိုက်၏။ မုန့်ချီကတော့ ရှောင်လင်၏ သစ္စာဖောက်ဖြစ်သော ကျန်းရုံ၏လက်ထဲတွင် ထိုကဲ့သို့ ထူးခြားသော ဓားသိုင်းပညာကို တစ်ကြိမ်မြင်ခဲ့ဖူးသည်။ ထိုအရာက စိုးရိမ်မှု(၃)ထောင်ကို ဖြတ်တောက်နိုင်ခဲ့သော ဓားသိုင်းပညာတစ်ခုဖြစ်သည်။
သို့သော် ထိုအရာက ကျိရှန်၏ ဓားသိုင်းပညာနှင့် လုံးဝကို ကွဲပြားနေခဲ့၏။ ကျိရှန်၏ ဓားသိုင်းပညာက အစွမ်းထက်သည်။ ခိုင်မာတိကျပြီး ကြောက်စရာ ကောင်းလွန်းလှ၏။ သူ၏ဓားမောက်က အလွန်တောက်ပနေပြီး စက်ဝိုင်းခြမ်းတစ်ခုကဲ့သို့ လှုပ်ရှားနေခဲ့သည်။
ခေါင်းထဲ၌ တဖြည်းဖြည်း ရှင်းလင်းလာသည့်အချိန်တွင် သူ့ဆီသို့ တိုက်ခိုက်လိုက်သော ဓား၏အငွေ့အသက်များကို ဖြတ်တောက်ပစ်လိုက်၏။
"ပြင်ပမကောင်းဆိုးဝါးတွေကို သုတ်သင်မယ်။ ဓမ္မလမ်းစဉ်ကို ကာကွယ်မယ်…"
ကျိရှန်က သူ၏ဓားမောက်နှင့် ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်ပြီး ပြင်ပမကောင်းဆိုးဝါးများကို နောက်တစ်ကြိမ် ဖယ်ရှားလိုက်သည်။ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၊ ဆန္ဒ၊ နှလုံးသား၊ ချီစွမ်းအင်နှင့် အပြစ်ပေးဓားမောက်ကြီးက ဗုဒ္ဓကိုယ်တိုင် စိတ်ကူးပုံဖော်ထားသလို ထင်မှတ်ရသည်။
ထိုဓားမောက်က မုန့်ချီကို ခုတ်ချလိုက်သည့်အချိန်တွင် သူကတော့ ကိုယ့်ကိုယ်ကိုယ် ခုခံရန် နည်းလမ်းတစ်ခုသာ အသုံးပြုနိုင်တော့သည်။ ကျိရှန်က လေပူများကို မှုတ်ထုတ်လိုက်ပြီး ပြင်ပမကောင်းဆိုးဝါး သုတ်သင်ရေးဓားသိုင်းပညာ၏ မန္တန်များကို ရေရွတ်နေခဲ့သည်။
ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဓားမောက်အလင်းတန်းက ဓားပညာကို ဖျက်ဆီးပစ်ခဲ့သည်။
"စိတ်ထဲမှာ အစီအစဉ်မကျ ဖြစ်စေနိုင်တဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖြတ်တောက်ပစ်မယ်…"
ကျိရှန်က သူ၏ဓားမောက်ကို သေချာကိုင်ဆောင်ထားပြီး ကောင်းကင်ကြီးကို ခုတ်ပိုင်းတော့မလို ထင်မှတ်ရ၏။
မုန့်ချီ၏ ရေလှိုင်းမီးတောက်ဓားကတော့ ဘယ်မှ ညာသို့လှုပ်ရှားပြီး တိုက်ခိုက်မှုများကို တစ်လှည့်ဆီ တားဆီးနေရသည်။ မီးတောက်မီးပွားလေးများကလည်း နေကျချိန်ကဲ့သို့ ပတ်ပတ်လည်တွင် ပျံ့နှံ့နေခဲ့၏။
"အပြင်ဘက်ကမ္ဘာကြီးရဲ့ မူမမှန်တဲ့ သင်ကြားမှုတွေကို ဖြတ်တောက်ပစ်မယ်…"
ကျိရှန်က သူ၏ဓားမောက်နှင့် နောက်တစ်ကြိမ် ခုတ်ချလိုက်ပြီး သူ၏နည်းလမ်းပေါင်းစုံကို အကြောက်အလန့်မရှိ အသုံးပြုနေခဲ့သည်။
ဓားအလင်းရောင်များက ထောက်ပံ့ပေးနေသည့်အတွက် မုန့်ချီက သူ့ဓားကို စက်ဝိုင်းတစ်ခုပုံသဏ္ဍာန် ကိုင်ဆောင်ထားခဲ့သည်။ ခြစ်ခြစ်တောက် ပူလောင်လွန်းလှသော နေလုံးကြီးကလည်း သူတို့ဆီကို ကျရောက်လာခဲ့၏။ အဆုံးမဲ့ပေါက်ကွဲသံများလည်း ထွက်ပေါ်နေခဲ့သည်။
တိုက်ခိုက်မှုမှနေ၍ ထွက်ပေါ်လာသော စွမ်းအားများကလည်း ပတ်ပတ်လည်ကို ပျံ့နှံ့လာခဲ့၏။ မုန့်ချီက ကျိရှန်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ရုံသာ ရှိသည်။
"ဗုဒ္ဓကိုဖြတ်တောက်ပြီး ငါ့ကို ရှုပ်ထွေးအောင်လုပ်ဖို့ ကြိုးစားနေတယ်…"
ကျိရှန်၏အသံက မုန့်ချီ၏ပင်မဝိညာဉ်ထဲတွင် ထိတ်လန့်သွားစေခဲ့သည်။
အပြစ်ပေးဓားမောက်ကြီးက ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဗုဒ္ဓအငွေ့အသက်တစ်ခုကဲ့သို့ မီးပင်လယ်ကြီးကို ချုပ်ငြိမ်းသွားစေခဲ့ပြီး ဓားအလင်းတန်းကို ပျောက်ကွယ်သွားစေခဲ့သည်။ ကျန်ရှိနေသည်မှာ အနီရောင်ကျောက်စိမ်းများသာဖြစ်၏။
"ချွမ်…"
မုန့်ချီက ရင်ဘတ်ရှေ့တွင် ဓားကို ကန့်လန့်ဖြတ်ခံပြီး တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ မီးတောက်များက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး ကျိရှန်၏ဓားကို ခက်ခက်ခဲခဲ တားဆီးလိုက်ရသည်။
ကျိရှန်ကတော့ လျင်မြန်စွာ အသာစီးရလာခဲ့ချိန်တွင် မုန့်ချီကို အသက်ရှူရန် အခွင့်အရေးပင် မပေးခဲ့ပေ။ တစ်ဖက်လူက ဆက်တိုက်နောက်ဆုတ်သွားနေရပြီး ခုခံရေးသိုင်းကွက်များသာ အသုံးပြုနေရကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူက သတ်ဖြတ်ရေးသိုင်းကွက်ဖြစ်သော ပြင်ပမကောင်းဆိုးဝါးသုတ်သင်ရေး ဓားသိုင်းကိုသာ ဆက်တိုက် အသုံးချနေခဲ့၏။ သူက တစ်ကြိမ်တည်းနှင့် အနိုင်ရချင်ခဲ့သည်။
ထိုအချိန်တွင် ရုတ်တရက်ဆိုသလို သူ၏ချီစွမ်းအင်များက မူမမှန်တော့ကြောင်း နားလည်သွားခဲ့၏။ သူ၏ခန္ဓာကိုယ် ၊ ပင်မဝိညာဉ်၊ စိတ်ဝိညာဉ်ဓားသွားနှင့် ကိုယ်တွင်းကမ္ဘာကြီးက ဆက်နွယ်နေပြီး အကြောက်တရား ကင်းမဲ့နေခဲ့၏။ သူတို့က ပြင်ပမကောင်းဆိုးဝါး သုတ်သင်ရေးဓားသိုင်း၏ အုတ်မြစ်လည်းဖြစ်ပြီး အပြင်ဘက်နှင့် အတွင်းဘက်ကို ပေါင်းစပ်ရသည်။
သို့သော် လက်ရှိအချိန်တွင်တော့ သူက ဓားနှင့် ခန္ဓာကိုယ်၏ ဆက်သွယ်မှုကို ခံစားမိခြင်း မရှိတော့ချေ။ သူ၏ခိုင်မာမှု၊ ကြောက်စရာကောင်းမှုနှင့် အကြောက်တရား မရှိသည့် ခံစားမှုများထဲတွင် အားနည်းချက်များ ပေါ်လာခဲ့၏။
"ဘာတွေဖြစ်နေတာလဲ…"
ချီစွမ်းအင် လှုပ်ရှားမှုများနှင့်အတူ သူက ရှေ့ကို လျှောက်လာခဲ့သည်။ ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကျိရှန်က ချက်ချင်း နားလည်သွားခဲ့၏။
သူ၏ဓားသွားအစုံတွင် ဆန်စေ့အရွယ် အက်ရာလေးတစ်ခု ရှိနေကြောင်း သူ မသိခဲ့ပေ။ အဖိုးတန်လက်နက်အဆင့် အပြစ်ပေးဓားမောက်တစ်ချောင်းပေါ်တွင် အပဲ့တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက သစ်ကိုင်းတစ်ခုလုံးကို ပျက်စီးသွားစေနိုင်သော အကြောင်းအရင်းတစ်ခုဖြစ်ပြီး မှင်ရည်တစ်စက်က အစက်အပြောက်မရှိသော စာရွက်တစ်ခုလုံးကို စွန်းထင်းသွားနိုင်စေသလိုမျိုးဖြစ်သည်။ ထိုအရာက တစ်သားတည်း ဖြစ်နေသော အရာအားလုံးကို ဆုံးရှုံးသွားစေနိုင်၏။
"ဒါ ..."
ကျိရှန်၏စိတ်ထဲတွင် မြင်ကွင်းပေါင်းများစွာ ပေါ်လာခဲ့ပြီး သူနှင့်မုန့်ချီတိုက်ခိုက်သော တိုက်ပွဲကို ပြန်လည်သုံးသပ်မိနေခဲ့သည်။
သူ၏ဓားချက်ကြောင့် ပြိုင်ဘက်၏ စိတ်ဝိညာဉ်က လှုပ်ရှားသွားသလို ထင်မှတ်ရပြီး အကြိမ်ကြိမ် နောက်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့၏လက်နက်များ တိုက်ခိုက်လိုက်သည့်အချိန်တိုင်း မုန့်ချီက သူ့ဓား၏ တူညီသောနေရာကိုသာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူက ထိုအရာကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပြီး ဓားသွားပေါ်တွင် အပဲ့လေးတစ်ခု ဖန်တီးခဲ့သည်။
"သူက ဒါကို တမင်တကာ လုပ်လိုက်တာပဲ…"
ကျိရှန်ကတော့ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရ၏။
အကြောက်တရားကင်းမဲ့ခြင်းတွင် အားနည်းချက်တစ်ခု ရှိလာသည့်အချိန်၌ ဓားသွားကို ကိုင်ထားရခြင်းကလည်း အနည်းငယ် ပြတ်တောင်းပြတ်တောင်း ဖြစ်လာခဲ့သည်။
မုန့်ချီကတော့ ကျေနပ်စွာ ရယ်လိုက်၏။ နောက်ဆုံးတွင်တော့ သူ ဖိနှိပ်ထားခဲ့ရသော ဓားသိုင်းပညာက ပေါက်ကွဲထွက်လာခဲ့သည်။
"ဗုန်း…"
လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး မီးတောက်များက မြေပြင်အလွှာကြီးကိုပင် အရည်ပျော်ကျစေနိုင်သော အပူလှိုင်းများ ထွက်လာခဲ့သည်။
မုန့်ချီ၏ဓားက နေလုံးကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျိရှန်၏ ရင်ဘတ်ဆီကို တည့်တည့်ရောက်လာခဲ့၏။ ကျိရှန်က သူ၏ဓားနှင့် ခက်ခက်ခဲခဲ ကာကွယ်လိုက်သော်လည်း သူကတော့ ယခင်တုန်းကကဲ့သို့ ခိုင်မာမှုနှင့် အကြောက်တရား မရှိသည့် ခံစားမှုများကို ဆုံးရှုံးသွားခဲ့ရသည်။
ထိုခံစားမှုများက မှန်ချပ်တစ်ချပ်ကဲ့သို့ ဖြစ်နေသည်။ အားနည်းချက်တစ်ခု ရှိသွားပြီဆိုလျှင် ပြန်လည်ပြင်ဆင်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
"ဖုန်းး..…"
ကျိရှန်၏ ဓားမောက်က မုန့်ချီ၏ဓားနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် သံချင်းထိခိုက်မိသံမျိုး ထွက်မလာတော့ပေ။ ထိုအစား အနီရောင်နေလုံးကြီးကျိရှန်ကို ဝါးမျိုသွားသလို ပေါက်ကွဲသံတစ်ခုသာ ထွက်လာခဲ့၏။
ကျိရှန်က မီးပင်လယ်ကြီး၏ အောက်ခြေသို့ ပြုတ်ကျသွားခဲ့သည်။ ထိုအခွင့်အရေးကို အရယူပြီး မုန့်ချီက အပေါ်ဘက်မှနေ၍ တိုက်ခိုက်လိုက်၏။ သူက ဘယ်ဘက်လက်ကို ဓားတစ်ချောင်းအဖြစ် ပြောင်းလဲပြီး ညာဘက်လက်တွင် ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။
ဓားမောက် အရှိန်အဝါက အလွန်လေးလံလွန်းလှသည့်အတွက် လေဟာနယ်ထဲတွင် လှုပ်ရှားမှုများပင် ပေါ်လာခဲ့၏။ သူ၏ဓားအလင်းတန်းက လောင်ကျွမ်းနေသည်မှာ အရာအားလုံး လင်းထိန်နေခဲ့သည်။
အန္တရာယ်အငွေ့အသက်ကို ခံစားမိသည့်အတွက် ကျိရှန်က သူ၏လှုပ်ရှားမှုများကို အသုံးချပြီး ဓားမောက်ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ဓားသွားကတော့ ဆက်တိုက်ကို လှုပ်ရှားနေပြီး အကြိမ်တိုင်း အကြိမ်တိုင်း စိုးရိမ်မှုများအားလုံးကို ဖြတ်တောက်ပစ်သလို ဖြစ်နေသည်။
သူက ဘယ်ဘက်လက်တွင် ရှိနေသော လက်ချောင်းလေးများကို ရေတွက်ကြည့်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက သူ့ရှေ့တွင် ရှိနေသော အရာအားလုံးကို ဖယ်ရှားရန် လက်ညှိုးနှင့် ထိုးလိုက်သည်။ ရွှေရောင်အလင်းတန်းက အကာအကွယ်နယ်မြေတစ်ခုထဲတွင် ရောက်နေသည့်အလား သူ့ကို လွှမ်းခြုံသွားခဲ့သည်။ ထိုအရာက အမှန်တကယ်ကို ခိုင်ခန့်လွန်းလှ၏။
အကာအကွယ်နယ်မြေ၏ရှေ့တွင် မုန့်ချီ၏လက်ဝါးဓားနှင့် ရေလှိုင်းမီးတောက်ဓားတို့က အချင်းချင်း တိုက်ခိုက်မိလိုက်သည်။
"ချွမ် … ဘုန်း ... ဘုန်း…"
အလွန်ကြောက်စရာကောင်းသော ပေါက်ကွဲသံများကို အဝေးတွင် ရှိနေသော ကျိုးချန်နှင့် ဝေ့ကောင်းတို့ကပင် ကြားလိုက်ရသည်။ ထိုအရာက သူတို့၏ ပင်မချီစွမ်းအင်များကိုပင် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားစေခဲ့၏။ သူတို့၏ခေါင်းထဲတွင် မူးဝေသွားခဲ့ပြီး သူတို့က အလင်းရောင်များကြောင့် ဝေဝါးသွားသည့်အလား မျက်လုံးထဲတွင် အဖြူရောင်အလင်းတန်းများကိုသာ မြင်နေကြသည်။
သူတို့က တိုက်ပွဲနှင့် အဝေးတွင် ရှိနေသော်လည်း မျက်နှာပေါ်သို့ အပူရှိန်ဟပ်သလို ခံစားနေရပြီး ဆံပင်များက ပူလောင်သွားသလို ခံစားနေရသည်။ နေလုံးကြီး ကျဆင်းလာမှုက ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့၏။
သိပ်မကြာခင် ကျိုးချန်၏ အမြင်အာရုံက ပြန်ကောင်းလာပြီး သဲမြန်မြို့ကြီးတစ်မြို့လုံးက လုံးဝပျက်စီးသွားကြောင်း တွေ့လိုက်ရသည်။ မြေပြင်ပေါ်တွင်တော့ အလွန်ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ရှိနေခဲ့၏။
သူက တွင်းထဲကို ကြည့်လိုက်သည့်အချိန်တွင် တွင်းက နက်လာလေလေ ပို၍အံ့ဩစရာကောင်းလာလေလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သဲများက အရည်ပျော်ကျသွားပြီး ဖန်ကွဲစများအဖြစ် ပြောင်းလဲ၍ နေရောင်အောက်တွင် တလက်လက် တောက်ပနေခြင်းကြောင့်ဖြစ်သည်။
တွင်း၏အောက်ခြေတွင်တော့ ပြတ်နေပြီး (၅) ပေ (၆)ပေခန့် အနက်ရှိသည်။ ကျိရှန်က ထိုနေရာတွင် လဲကျနေပြီး သူ၏အနီရောင်ဝတ်စုံက စုတ်ပြတ်နေခဲ့၏။ သူ၏ပါးစပ်နှင့် နှာခေါင်းမှနေ၍ သွေးများ စီးကျလာနေခဲ့သည်။ သူ့ဒဏ်ရာက ပြင်းထန်ပုံ မရသော်လည်း သူက အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်က သူ့အသက်ကို ယူခဲ့ပုံမရချေ။
သူက လေထဲသို့ ပျံသန်းလိုက်ပြီး အဝေးတွင် လွင့်မျောသွားသော မုန့်ချီကို စိုက်ကြည့်လိုက်သည်။ သူက အမုန်းတရား၊ ဒေါသနှင့် ဝမ်းနည်းမှုများကိုဖိနှိပ်ပြီး အော်ဟစ်လိုက်၏။
"မင်းက ငါ့ထက်ပိုပြီးထက်မြက်တဲ့ ဓားကြောင့်သာ အနိုင်ရခဲ့တာ…"
အကယ်၍ မုန့်ချီကသာ တစ်နေရာတည်းကို ကြိမ်ဖန်များစွာ တိုက်ခိုက်၍ သူ့ဓားပေါ်တွင် အပဲ့တစ်ခု ဖန်တီးထားခဲ့ခြင်း မရှိလျှင် မုန့်ချီက သူ့ကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။ သူက ထိုကဲ့သို့ အားနည်းချက်ကြီးတစ်ခုကို ဘာကြောင့်ပြသလိုက်ရမည်နည်း။ ထိုသို့ဆိုလျှင် မုန့်ချီက အသာစီးယူ၍ ရနိုင်ဦးမည်လော။
မုန့်ချီကတော့ သူ့ကို အလေးထားမနေတော့ဘဲ တွင်းကြီး၏ အောက်ခြေကို ကြည့်နေခဲ့၏။ သူက နောက်ထပ် မတိုက်ခိုက်ခဲ့သည်မှာ အကြောင်းပြချက်တစ်ခုရှိ၏။ ထိုတွင်းနက်၏ အောက်ခြေတွင် မြေအောက်မြောင်းကြီးတစ်ခု ရှိနေသည်။ သို့သော် ထိုအရာက အစောပိုင်းတွင် ကျဆင်းခဲ့သော နေလုံးကြီးကြောင့် အငွေ့ပျံသွားခဲ့ပြီး ရေတစ်စက်မျှ မရှိတော့ချေ။
ထိုတွင်းနက်ကြီး၏ အလယ်တွင် ရှိနေသည်မှာ အရိုးလက်တစ်ချောင်းဖြစ်သည်။ ထိုအရိုးလက်ကို အတော်လေး ရင်းနှီးနေကြောင်း မုန့်ချီက တွေ့ခဲ့ရ၏။ နက်မှောင် တောက်ပနေသည့်အထဲတွင် အဖြူရောင်အငွေ့အသက်များ။ ထိုလက်ထဲတွင် အင်မော်တယ်အငွေ့အသက်များ လွှမ်းခြုံနေသည်။
ထိုအရာက ငရဲအင်ပါယာ၏ တခြားသော လက်တစ်ဖက်ဖြစ်၏။ သို့သော် သူ ပိုင်ဆိုင်ထားသည့်လက်နှင့် လုံးဝကွဲပြားနေသည်မှာ ထိုလက်အရိုးကတော့ ဘာမျှမဟုတ်ဘဲ သာမန်သာဖြစ်သည်။
ပတ်ပတ်လည်တွင် ရှိနေသော အလင်းရောင်များက တဖြည်းဖြည်း မှေးမှိန်သွားခဲ့၏။ သူက လေဟာနယ်ထဲမှ စီးဆင်းလာနေသော သွေးနီရောင် မြစ်တစ်စင်းကို မြင်လိုက်ရသည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော စမ်းချောင်းတစ်ခုကဲ့သို့ ဖြစ်နေပြီး ရှုပ်ထွေးနေသော ခံစားချက်များကို တစ်ခုတည်း ပေါင်းစည်းပေးနိုင်ခဲ့၏။ ထိုလက်အရိုး၏ စွမ်းအားများကို ယခုအချိန်ထိ ပိတ်လှောင်ထားသေးသည်။
မုန့်ချီ၏ ခေါင်းထဲ၌ မည်သည့်အတွေးမျှ ပေါ်မလာသေးခင် လက်အရိုး၏ ပတ်ပတ်လည်၌ အရိပ်များ လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။ သူတို့က လူသားပုံသဏ္ဍာန်တစ်ခုကို ဖန်တီးတော့မည့်အလား မြေပေါ်တွင် လှုပ်ရှားလာကြသည်။
"ဒါ အသက်ပြောင်းလဲခြင်းဂိုဏ်းက ပညာရှင် တစ်ယောက်လား။ ပြီးတော့ ငရဲအင်ပါယာရဲ့ လက်အရိုးကို အသုံးပြုနိုင်တဲ့ ပညာရှင်တစ်ယောက်လား…"
ကျိရှန်ကို လျစ်လျူရှုလိုက်ပြီး မုန့်ချီက အဝေးကို ပျံပြေးသွားခဲ့သည်။
"အစစ်အမှန်ပညာရှင် တစ်ယောက်က အစွမ်းထက်တဲ့အင်အားကို ကောင်းကောင်း ဘယ်လိုအသုံးပြုရမလဲဆိုတာ သိတယ်…"
သူ့စကားကြောင့် ကျိရှန်က အံ့သြမှင်တက်သွားခဲ့၏။ သူ ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် အောက်ဘက်၌ ရှိနေသော ကြောက်မက်ဖွယ်ရာ အရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထို့ကြောင့် သူလည်း အလျင်အမြန် ထွက်ပြေးသွားခဲ့၏။
အလွန်ထူးဆန်းသောအရာတစ်ခု သူ့ဆီသို့ ရောက်လာသည့်အချိန်တွင် ညဏ်ကောင်းသော လူတစ်ယောက်က မည်သို့လုပ်ရမည်မှန်း သိနေသည်။ အလားတူပင် ထိုကိုယ်တော်ကလည်း မဆင်မခြင် လုပ်ရပ်များကို မလုပ်ခဲ့ပေ။ သို့သော် သူကတော့ ဒဏ်ရာရအောင်လုပ်ခဲ့သောဓားသမားကို လက်တုံ့ပြန်မည်ဟု သစ္စာဆိုခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ သူက အဆင့်တူ ပညာရှင် တစ်ယောက်၏ လက်ထဲတွင် ပထမဆုံး ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်သည်။
ဖြစ်ခဲ့သည့်အရာများကို မြင်လိုက်ရပြီးနောက် ကျိုးချန်နှင့်ဝေ့ကောင်းတို့ကလည်း အနားကို ကပ်မသွားရဲကြပေ။ သူတို့က ရှောင်ကွင်းပြီး မုန့်ချီတို့ကဲ့သို့ အဝေးကို ပြေးသွားခဲ့ကြသည်။
မုန့်ချီက မိုင်(၁၀၀)ကျော် ပျံသန်းလာပြီးမှသာ အသက်ရှုနိုင်ခဲ့၏။ သူက နောက်ကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သဲမြန်မြို့ထဲ၌ လွှမ်းခြုံနေသော အရိပ်များကို မြင်လိုက်ရပြီး သိပ်မကြာခင် သူတို့က ပြောင်းလဲသွားသည်။
"ဒါဆိုရင် အသက်ပြောင်းလဲခြင်းဂိုဏ်းကလည်း ဗုဒ္ဓလက်ဝါးအတွက် တိုက်ခိုက်ကြတော့မှာလား။ ပြီးတော့ သူတို့က ငရဲအင်ပါယာရဲ့ အရိုးရှိနေတဲ့ လူတစ်ယောက်ကိုတောင် လွှတ်လိုက်တယ်။ သူတို့က အရိုးဘယ်လောက်များများ ယူလာလဲ မသိဘူး။ သူတို့က ဘာတွေစဉ်းစားနေတာလဲ။ မြေအောက်ထဲမှာ ဘာလို့ငရဲအင်ပါယာရဲ့အရိုး ရှိနေရတာလဲ…”
“သူတို့ပုန်းနေတဲ့ နည်းလမ်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ သူတို့က အချိန်တော်တော်ကြာ လှုပ်ရှားမှုမရှိပေမယ့် သေချာပုန်းအောင်းနေနိုင်တယ်။ ချီစွမ်းအင်လှုပ်ရှားမှုတွေ၊ ကမ္ဘာကြီးရဲ့လှုပ်ရှားမှုတွေနဲ့တောင် သူတို့ကို အာရုံမခံနိုင်ဘူး။ ဒါက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ ခံစားမှုမျိုးပဲ။ ချမ်းနင်က သူတို့ရဲ့လက်ထဲကို ရောက်သွားတာလား…"
သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာခဲ့သည်။ သို့သော် သူကတော့ နှောင့်နှေးနေခြင်း မရှိဘဲ လျင်မြန်စွာ ကွေ့ပတ်၍ သေမင်းပင်လယ်ထဲတွင် ရှိနေသော အင်မော်တယ်များ၏ ဝင်ပေါက်ဆီကို ဦးတည်သွားခဲ့သည်။
အစောပိုင်း လက်အရိုးကို မြင်လိုက်ရသည့်အချိန်တွင် အသက်ပြောင်းလဲခြင်းဂိုဏ်းက သူပိုင်ဆိုင်ထားသော လက်အရိုးကို အလေးမထားကြောင်း သူလည်း နားလည်သွားခဲ့၏။ သူတို့က ထိုအရာများကို ကွဲပြားစွာ ရရှိထားခြင်း ဖြစ်နိုင်ပြီး အစစ်အမှန်စွမ်းအားများ မရှိသလို ခန့်မှန်းရသည်။
သူပိုင်ဆိုင်ထားသော လက်အရိုးက အစစ်အမှန် လက်အရိုး ဟုတ်၊မဟုတ် သံသယ ဝင်နေခြင်း ဖြစ်နိုင်သလို၊ အတည်ပြုရန် နည်းလမ်း မရှိခြင်းလည်း ဖြစ်နိုင်သည်။ ထိုကြောင့် သူတို့က ထူးဆန်းစွာ လှုပ်ရှားနေခြင်း ဖြစ်နိုင်၏။
သူက မလှမ်းမကမ်းကို ရောက်လာသည့်အချိန်တွင် သွေးရနံ့တစ်ခုကို ရလိုက်သည်။ သူ့ရင်ထဲတွင် တင်းကြပ်သွားခဲ့ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်ရာ ကျောက်တုံးများနှင့် အုပ်ထားသော အသွေးအသားများစွာကို တွေ့လိုက်ရသည်။ သူတို့က အသက်စွမ်းအင်များ ပြည့်နက်နေသေးပြီး ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်၏ ကိုယ်တွင်းအင်္ဂါများဖြစ်ကြောင်း သိလိုက်ရသည်။
"ဒါက နှလုံးရဲ့တစ်စိတ်တစ်ပိုင်းပဲ။ ဒါက ကျောရိုးမကြီး တစ်စိတ်တစ်ပိုင်း ..။ ကျန်တာတွေကတော့ မရှိတော့ဘူး…"
အကြွင်းအကျန်များကိုကြည့်ပြီး ထိုခန္ဓာကိုယ်ပိုင်ရှင်က သေဆုံးသွားပြီဖြစ်ကြောင်း မုန့်ချီက အကြမ်းဖျင်း တွက်ချက်နိုင်ခဲ့သည်။ ထိုအရာက သူသိထားသော လူတစ်ယောက် မဟုတ်သည်မှာ ကံကောင်းသွား၏။
"ကြည့်ရတာ ဒီတစ်ကြိမ် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် သေဆုံးသွားတာဖြစ်မယ်…"
မုန့်ချီက အတော်လေးကို မျက်နှာပျက်သွားခဲ့သည်။
သူ့ခေါင်းထဲတွင်လည်း ရွှယ်လျန်ကျိုး၏ သတိပေးချက်များ ပေါ်လာခဲ့၏။
"တကယ်လို့ နောက်ကျသွားမယ်ဆိုရင် အကြောင်းအရာတွေက ပိုပြီးတော့ ဆိုးရွားလာနိုင်တယ်…"
“သူက ဒါကို ဆိုလိုချင်တာလား။ နှင်းတောင်ဓားဂိုဏ်း၊ ကျင်းကန်းကျောင်းဆောင်နဲ့ အသူရာကျောင်းဆောင်တို့က ပူးပေါင်းပြီး ဘာတွေလုပ်နေကြတာလဲ…”
မုန့်ချီက ပတ်ပတ်လည်တွင် ရှာဖွေကြည့်ခဲ့သော်လည်း သဲလွန်စ မတွေ့ခဲ့ရပေ။ သူက သူ၏စိတ်ဝိညာဉ်ကို ပြင်ဆင်လိုက်ပြီး အင်မော်တယ်များ၏ ဝင်ပေါက်ဆီသို့ ဝင်သွားခဲ့သည်။
သူက မျက်နှာဖုံးကို ဝတ်ဆင်ပြီး သူ၏ကမ္ဘာဦးမျက်လုံးကိုထုတ်၍ စိမ်းပြာကောင်းကင်၏ တံခါးကို ဖွင့်လိုက်သည်။ သူက စိမ်းပြာနန်းတော်ထဲသို့ ခြေချလိုက်သည့်အချိန်တွင် အလွန်လေးနက်သော အခြေအနေတစ်ရပ်ကို ခံစားမိလိုက်သည်။
ဘိုးဘေးလင်းပေါင်က မျက်နှာဖုံးတစ်ခုနှင့် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက တံခါးဝတွင်စောင့်နေပြီး သူ၏ဘဲစိမ်းဓားကို သယ်ဆောင်ထားသည်။
"နောက်က လိုက်ခဲ့…"
သူက ပြန်လှည့်သွားပြီး အတွင်းထဲကို ဝင်လာခဲ့သည်။
စိမ်းပြာနန်းတော်၏ လက်ရှိအရှင်သခင်တစ်ယောက်ဖြစ်သောသူက တစ်စုံတစ်ယောက် ရောက်လာသည်နှင့် ချက်ချင်း စစ်ဆေးမိနိုင်သည်။ ထို့ကြောင့် သူက မုန့်ချီကို တံခါးဝတွင် စောင့်နေခြင်းဖြစ်၏။
မုန့်ချီက ဘိုးဘေးလင်းပေါင်၏နောက်သို့လိုက်သွားပြီး ခန်းမတစ်ခုထဲကို ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကြမ်းပြင်ပေါ်၌ အဝါရောင်ထိုင်ဖုံတစ်ခု ရှိနေကြောင်း မြင်လိုက်ရပြီး အင်မော်တယ်အဖွဲ့သား(၄)ယောက်က တင်ပျဉ်ခွေထိုင်နေကြ၏။ သူတို့ကတော့ သက်တော်ရှည်အင်မော်တယ်ဘိုးဘေး၊ ဘိုးဘေးနန်းဟွာ၊ လီရှန်သခင်မနှင့် မုန့်ချီမဆုံဖူးသောသူများ ဖြစ်ကြသည်။
"ထိုက်ရီ …၊ အင်မော်တယ် ထိုက်ရီ…"
ဘိုးဘေးလင်းပေါင်က မိတ်ဆက်ပေးလိုက်သည်။ အင်မော်တယ်ထိုက်ရီက ဘိုးဘေးထိုက်ရီ မဟုတ်ပေ။
အဖွဲ့သား(၄)ယောက်က ကောင်းကင်ဘိုးဘေးကို စိုက်ကြည့်လိုက်ကြပြီး ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သို့သော် သူတို့က အစွမ်းထက်ပညာရှင်များ ဖြစ်သည့်အတွက် ထိုခံစားမှုကို ချက်ချင်း ဖယ်ရှားလိုက်၏။
မုန့်ချီ ထိုင်လိုက်သည့် အချိန်တွင် ဘိုးဘေးလင်းပေါင်က ပြောလိုက်သည်။
"မင်းတို့အားလုံးက ဗုဒ္ဓလက်ဝါးအတွက် တိုက်ပွဲမှာ ပါဝင်ချင်ကြတာလား…"
"ပါဝင်ချင်ပါတယ်…"
မုန့်ချီက ကောင်းကင်ဘိုးဘေး၏ အဆင့်အတန်းကို ထိန်းသိမ်းပြီး ပြန်ဖြေလိုက်သည်။ တခြား(၄)ယောက်ကလည်း ခေါင်းညိတ်သဘောတူလိုက်ကြ၏။
ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြောလိုက်သည်။
"ငါးပင်လယ်နဲ့ တန်ဟန်မှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေပဲရှိတယ်။ ဖုံးကွယ်ထားဖို့ကလည်း လုံးဝမဖြစ်နိုင်ဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း မတိုက်ခိုက်မိအောင် မင်းတို့ရဲ့အစစ်အမှန်နာမည်နဲ့ နောက်ကြောင်းကို ပြသပေးပါ။ ငါကပဲ အရင်ဆုံး ဦးဆောင်လိုက်မယ်…"
ထိုအရာက မုန့်ချီအတွက် အထူးမိတ်ဆက်ပွဲတစ်ခုလည်း ဖြစ်နေခဲ့သည်။
Translated by Hein Htet.