အခန်း (၅၄၂)
Vol. 37 Ch. 542
ထိုစကားကို ကြားသည့်အချိန်တွင် မုန့်ချီက နောက်ကျောကို မတ်မတ် ထိုင်လိုက်မိသည်။ စိမ်းပြာနန်းတော်ထဲတွင် တရားဝင်အဖွဲ့သားများ နှစ်စဉ် တွေ့ဆုံပွဲ ကျင်းပတတ်၏။ ထိုတွေ့ဆုံပွဲကတော့ အဖွဲ့သားများ ရင်းနှီးလာစေရန်ဖြစ်ပြီး သူတို့က အင်မော်တယ်အဖွဲ့မှ လူများဖြစ်ကြောင်း ခံစားချက်များ ပို၍နက်ရှိုင်းစေလိုခြင်းကြောင့် ဖြစ်သည်။
ထိုကဲ့သို့ တွေ့ဆုံပွဲမျိုးတွင် အဖွဲ့သားများ၏ အဆင့်အတန်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ သိပ်မကြာသေးခင်ကမှ တရားဝင် အဖွဲ့သားတစ်ယောက် ဖြစ်လာသော မုန့်ချီအတွက်တော့ ထိုအရာက ပထမဆုံး တွေ့ဆုံပွဲ ဖြစ်ခဲ့သည်။
သူက ဘိုးဘေးဒိုမူ ယဲ့ယုချီ၊ တိမ်တိုက်ပြာဘိုးဘေး ချူချမ်းနင် နှင့် ဘိုးဘေးကွမ်ချန်း ယွမ်လိဟောင်တို့ကလွဲလျှင် တခြားအဖွဲ့သားများ၏ အစစ်အမှန်နာမည်ကို မသိသေးပေ။ သူက သူတို့၏ အစစ်အမှန်နာမည်ကို သိနေနိုင်သော်လည်း အရက်သမားရှဲ့နှင့် ရမ်ပင်ရှဲ့တို့၏ သိုင်းလောက နာမည်များကိုတော့ မသိနိုင်ပေ။
ထို့ကြောင့် သူက ဘိုးလေးလင်းပေါင်၏ အစစ်အမှန်နာမည်ကိုပင် တွက်ချက်ခန့်မှန်းကြည့်နေပြီး အတော်လေး စိတ်လှုပ်ရှားနေခဲ့၏။
“ကောင်းကင်မှတ်တမ်းမှာ အစွမ်းထက်တဲ့ပညာရှင် နည်းနည်းလေးပဲ ရှိတယ်။ ဒါဆိုရင် သူက ဘယ်သူများ ဖြစ်နိုင်မလဲ…”
ဘိုးဘေးက သံသရာခရီးသွားများထဲတွင် အစောဆုံး အဖွဲ့သားများထဲမှ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက ရှေ့ဆုံးကို ရောက်နေပြီး ကြောက်စရာကောင်းသောအစွမ်းကို ပိုင်ဆိုင်ထားခြင်းလည်း ဖြစ်သည်။
ဘိုးဘေးက မျက်နှာဖုံးကို ချွတ်လိုက်ချိန်တွင် မုန့်ချီ၏ အတွေးများကတော့ လှုပ်ရှားသွားခဲ့၏။ ထိုအချိန်တွင် မျက်ခုံးဖြူနှင့် ကလေးမျက်နှာကဲ့သို့ ချောမွတ်နေသော အသားအရည်ကို တွေ့လိုက်ရသည်။ သာမန်တာအိုသခင် တစ်ယောက်ကဲ့သို့ သူ၏ရုပ်ရည်နှင့် အကြည့်က လျို့ဝှက်စွမ်းအားများကို ဖုံးကွယ်ထားသည်။ သူက လုံးဝကို အံ့သြမှင်တက်နေခဲ့၏။
“ငါ့နာမည်က ချုံဟယ်လို့ ခေါ်တယ်…”
ဘိုးဘေးလင်းပေါင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ သူ့နာမည်ထဲတွင် သတိထားမိစရာ ဂုဏ်သတင်းမရှိသလို ထင်မှတ်ရ၏။
“တကယ် သူပါပဲလား…”
မုန့်ချီက ဘိုးဘေးလင်းပေါင်၏ အဆင့်အတန်းကို သံသယ ဝင်နေသည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်သော်လည်း တည်ငြိမ်နေနိုင်ခြင်း မရှိပေ။ သက်တမ်းအရှည်ဆုံး ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ဖြစ်သော ချုံဟယ်က ဤကမ္ဘာကြီးထဲတွင် လူတိုင်း လျစ်လျူမရှုနိုင်သော နာမည်တစ်ခု ဖြစ်သည်။
ကမ္ဘာကြီးထဲတွင် ပဍိပက္ခများ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည့်အချိန်၌ သူက ထိုအရာများကို ဖြေရှင်းပေးခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် သူက ဆရာကြီးလုနှင့် ပူးပေါင်းပြီး မြက်ခင်းစိမ်းမှ ကျူးကျော်သူများကို ခုခံကာကွယ်ခဲ့သည်။ သူက မိစ္ဆာဘုရင်များကိုလည်း အကြိမ်ပေါင်းများစွာ နောက်ဆုတ်သွားအောင် တွန်းအား ပေးနိုင်ခဲ့၏။
သူ၏အကြီးမားဆုံး အောင်မြင်မှုကတော့ တိမ်ကောင်းကင်တောင်တန်းကို ခုခံကာကွယ်ရန် ဒေါင်းနတ်ဆိုးဘုရင်နှင့် တခြားသော မိစ္ဆာဘုရင်နှစ်ယောက်ကို ဆရာကြီးလု၏ အကူအညီ ရောက်လာသည့်အချိန်ထိ တားဆီးနိုင်ခဲ့သည်။
ထို့ကြောင့် သူက ကမ္ဘာကြီးတစ်ခုလုံး လေးစားမှုရခဲ့သော ပညာရှင်တစ်ယောက်လည်း ဖြစ်၏။ အရေးကြီးဆုံးကတော့ သူက အစစ်အမှန် ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဒဏ္ဍာရီအဖွဲ့မှ ကောင်းကင်ဧကရာဇ်၏ အစွမ်းကို မြင်လိုက်ရသည့်အချိန်မှစပြီး မသက်မသာ ခံစားနေခဲ့ရသော မုန့်ချီက စိတ်အေးသွားခဲ့ရသည်။
ဘိုးဘေးလင်းပေါင်၏ အငွေ့အသက်ထဲတွင် ပြောင်းလဲမှု အနည်းငယ်လေးသာ ရှိ၏။ သူ့ပုံစံက သိမ်မွေ့ညင်သာပြီး မကောင်းသည့်စွမ်းအင်များ လုံးဝ မရှိပေ။ သူ့ဆီမှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ခံစားချက်များလည်း မရပေ။ သို့သော် ပတ်ပတ်လည်တွင် ဖုံးကွယ်ထားခဲ့သော ပြောင်းလဲမှုများကြောင့် သူ၏ဓမ္မကာရအစွမ်းက အလွန် သိသာထင်ရှားလာခဲ့သည်။
မုန့်ချီက သူ့ကို မှတ်မိသွားကြောင်း ခေါင်းညိတ်ပြသည့်အချိန်တွင် ဘိုးဘေးလင်းပေါင်က မျက်နှာဖုံးကို နောက်တစ်ကြိမ် ပြန်တပ်လိုက်သည်။ ထို့နောက် သူက အင်မော်တယ်ထိုက်ယီကို မိတ်ဆက်ရန် ညွှန်ကြားလိုက်၏။
ဘာကြောင့်မှန်း မသိသော်လည်း မုန့်ချီက သူ၏သွေးသောက် အစ်ကိုကြီးဖြစ်သော ကောင်းလန်၏ စကားလုံးများကို မှတ်မိသွားခဲ့သည်။
“ချုံဟယ်က အခုထိ အဆင့်မတက်သေးတဲ့အတွက် အသုံးမဝင်တဲ့ အဘိုးကြီး တစ်ယောက် ဖြစ်နေပြီ။ သူက သက်တမ်းကုန်ခါနီးအချိန်ကို ရောက်နေပြီး အုတ်ဂူထဲသွားဖို့ စောင့်နေရတာ…”
“အင်မော်တယ်ချုံဟယ်ဆီမှာ သံသရာ အရှင်သခင်ရှိနေပြီး စိမ်းပြာနန်းတော်ရဲ့ အထောက်အပံ့လည်း ရှိနေတယ်။ သူက ဗုဒ္ဓလက်ဝါးကိုလည်း စုစည်းထားနိုင်တယ်။ ကြည့်ရတာ အစ်ကိုကြီးရဲ့ခန့်မှန်းမှုက မှားသွားပြီထင်တယ်…”
အဓိကအချက်ကတော့ သံသရာကမ္ဘာကြီးထဲတွင် လဲလှယ်ရန် ဆေးရည် ရှားပါးမှု မရှိချေ။ ကမ္ဘာကြီးတစ်ခုလုံးတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ဆေးရည်များ၏ အကျိုးသက်ရောက်မှုက သိသိသာသာ လျော့ကျသွားခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို အသုံးပြုသူ တစ်ယောက်က ယခင်တုန်းကကဲ့သို့ နှစ်ပေါင်းတစ်ထောင်အစား သူ၏သက်တမ်းကို နှစ်ပေါင်း(၆၀)သာ တိုးနိုင်တော့သည်။
ထို့ပြင် လူတစ်ယောက်က ဓမ္မကာရအဆင့် ဆေးရည်များကို ရရှိရန် အထူးတာဝန်များကို လုပ်ဆောင်ရန်လည်း လိုအပ်သည်။ သို့သော် အကျိုးသက်ရောက်မှုကတော့ တူညီသော ဆေးရည်များစွာ ရှိနေ၏။ အကယ်၍ တူညီသော ဆေးရည်များကို မလဲလှယ်လျှင် ဒုတိယတစ်ကြိမ် သောက်လိုက်သည့်အချိန်၌ အကျိုးသက်ရောက်မှုကို ဆုံးရှုံးသွားနိုင်သည်။
ထိုအရာကို မတူညီသော သံသရာကမ္ဘာကြီးထဲတွင်တော့ အကြိမ်များစွာ သောက်သုံးနိုင်၏။ ထိုကဲ့သို့ စုစည်းမှုများကြောင့် နှစ်ရာပေါင်းများစွာ တိုးရန်အတွက်လည်း ပြဿနာတစ်ခု မဖြစ်နိုင်ပေ။ ထိုအရာက အဆင့်တက်ခြင်းကို ဆွဲဆန့်နိုင်သော အရာတစ်ခု မဟုတ်ပေလော။
အင်မော်တယ်ထိုက်ယီက သူ၏မျက်နှာဖုံးကို ဖယ်ရှားလိုက်သည့်အချိန်တွင် ရွှေရောင် အသားအရည်ပေါ်၌ ခံစားချက်ကင်းမဲ့သော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ သူ၏မေးစေ့တွင် မုတ်ဆိတ်မွေး မရှိချေ။
သူ၏အရေပြားက အနီရောင်အောက်တွင် အနည်းငယ် မီးခိုးရောင် ပေါက်နေသည်။ သူ၏ မျက်လုံးများကတော့ သာမန်လူများထက် အနည်းငယ်ရှည်၏။ သူ၏ မျက်နှာပေါ်တွင် အမှတ်အသားတစ်ခု ရှိနေသည့်အတွက် သူ၏ခေါင်းထဲတွင်နာမည်တစ်ခု ပေါ်လာခဲ့သည်။
“ရန်ဝူဝို...”
အင်မော်တယ်ထိုက်ယီ၏ မိတ်ဆက်မှုက ခံစားချက်များ ကင်းမဲ့နေသည်။
“ရန်ဝူဝို ။ ဒါဆိုရင် ယက္ခပျံ ရန်ဝူဝို ပေါ့။ ရန်းကျိမြစ် တောင်ပိုင်းမှာရှိတဲ့ ဖုတ်ကောင်လက်သီးဂိုဏ်းရဲ့ ခေါင်းဆောင် ရန်ဝူဝို။ မြေပြင်မှတ်တမ်းရဲ့ အဆင့်(၃၀)မှာ ရှိနေတဲ့ နာမည်ကျော် ပညာရှင်တစ်ယောက်။ သူက ဓမ္မကာရတစ်ဝက် အဆင့်ကို မရောက်သေးပေမဲ့ ဝေ့ကျင်းအဆင့် အထွဋ်အထိပ် ပညာရှင်တွေ ကြားထဲမှာ ထိပ်ဆုံးအယောက်(၃၀)ထဲကို ရောက်နိုင်တာက တော်တော်လေးကို အံ့သြဖို့ ကောင်းလွန်းတယ်…”
သို့သော် မုန့်ချီ၏ ခေါင်းထဲတွင် ထိုအရာကို တွေးတောနေခဲ့ခြင်း မဟုတ်ပေ။
“အကြီးအကဲ…
အကြီးအကဲက ဘိုးဘေးဒိုမူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ် မဟုတ်လား…”
သူက အလွန်ရှုပ်ထွေးစွာ မေးလိုက်မိသည်။
“ဒါကတော့ တခြားသူတွေ အမြင်ပြောင်းလဲအောင် ပြသလိုက်တဲ့ ပြဇာတ်တစ်ပုဒ်ပါပဲ။ ငါတို့က ပူးပေါင်းဖို့အတွက် အထူးတာဝန်တစ်ခု လုပ်ဆောင်ခဲ့ရတယ်။ ပြီးတော့ သဲလွန်စတွေ ကျန်နေမှာ စိုးတဲ့အတွက် လူခွဲပြီး တိုက်ခိုက်ခဲ့ကြတာ။ မဟုတ်ရင် ဓမ္မကာရအဆင့် ပညာရှင်တွေ ပေါ်မလာဘဲ နေမလား…”
သူပြောလိုက်သောပုံစံက သူ့အစွမ်းအပေါ် အကြွင်းမဲ့ ယုံကြည်ချက်များ ရှိနေသည်။ ထို့ကြောင့် သူက အမှားများကို ဖုံးကွယ်တတ်သော မာနာကြီးသည့် လူတစ်ယောက် ဖြစ်ကြောင်း မုန့်ချီ နားလည်သွားခဲ့၏။
“ဒါဆိုရင် သူ့ရဲ့ ပုံရိပ်ယောင်ခန္ဓာက မိုးခေါင်နတ်ဆိုးနဂါး ဒါမှမဟုတ် နဂါး(၉)ကောင် နတ်ဘုရားမီးတောက်များလား။ ဒါမှမဟုတ် သူကလည်း ဘိုးဘေးဒိုမူလို တခြားအရာတွေနဲ့ ကိုက်ညီတဲ့ အုတ်မြစ်ပုံစံတစ်ခုကို အသုံးပြုနေတာလား…”
မုန့်ချီ၏ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။
ရန်ဝူဝိုက အင်မော်တယ်ထိုက်ယီ မျက်နှာဖုံးကို နောက်တစ်ကြိမ် ပြန်တပ်လိုက်သည်။ ဘိုးဘေးလင်းပေါင်နှင့် ဘိုးဘေးဒိုမူတို့ကို ဖယ်လိုက်မည်ဆိုလျှင် အင်မော်တယ်အဖွဲ့တွင် သူက အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်မည်ဟု မုန့်ချီက သံသယဝင်နေခဲ့၏။
သခင်မ လီရှန်းကလည်း သူမ၏မျက်နှာဖုံးကို ချွတ်လိုက်ရာ အလွန်သိမ်မွေ့နူးညံ့သော မျက်နှာလေးတစ်ခုနှင့် ဆံပင်မရှိသောဦးခေါင်းကို မြင်လိုက်ရသည်။
“သီလရှင်လား…”
မုန့်ချီက ပထမတွင် အံ့သြသွားခဲ့သော်လည်း သူ့စကားက အနည်းငယ် ရယ်စရာ ကောင်းနေကြောင်း တွေ့လိုက်ရသည်။ သူ့လို ရှောင်လင်ကိုယ်တော်တစ်ပါးကပင် အင်မော်တယ်အဖွဲ့နှင့် ပူးပေါင်းခဲ့သည် မဟုတ်ပေလော။
“လောကီသံပါရ၊ ငါကတော့ ဆွေယွဲ့ သီလရှင်ကျောင်းက မင်းဖာလို့ ခေါ်တယ်…” သခင်မလီရှန်းက လက်အုပ်ချီ၍ ပြောလိုက်သည်။
“သီလရှင် မင်းဖာလား…”
သူက မြောက်ပိုင်း ကျိုးအင်ပါယာထဲတွင် ရှိနေသော ပညာရှင်များနှင့် မရင်းနှီးသော်လည်း သူ့ရှေ့တွင် ရှိနေသော သီလရှင်၏နာမည်ကို စိမ်းသက်နေခြင်း မရှိပေ။ သူမက ဆွေယွဲ့သီလရှင်ကျောင်း လက်ရှိကျောင်းထိုင်၏ ဆရာဒေါ်လေးဖြစ်ပြီး ယခင်ကျောင်းထိုင်၏ ဆရာတူညီမလည်း ဖြစ်သည်။ ယခင်ကျောင်းထိုင်ကတော့ ဓမ္မကာရအဆင့်ကို အောင်မြင်ခဲ့ခြင်း မရှိဘဲ သေဆုံးသွားခဲ့ခြင်း ဖြစ်၏။
သူမက အဋ္ဌမကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်ရှိနေပြီး လက်တစ်ထောင် ဗောဓိတဗ္ပ နာမည်ဖြင့် မြေပြင်မှတ်တမ်း၏ အဆင့်(၈၉)တွင် ရှိနေသည်။
ဘိုးဘေးနန်းဟွာကလည်း သူ၏မျက်နှာဖူးကို ချွတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် ချောမောခန့်ညားမှုများ ပေါ်နေခဲ့၏။ သူ့အပြုံးက ကလေးဆန်ပြီး သူက အသက် (၄၀)အရွယ်သာ ရှိနေသေးသည်။ သူ့ပုံစံကြောင့် တခြားသူများက စိတ်အေးသွားသလို ခံစားနေရ၏။
“ကွေမိသားစုက ကွေချင်းလျှူ…”
သူက အပြုံးနှင့် ပြောလိုက်သည်။ သူက တခြားသူများနှင့် မတူသော နောက်ထပ် သိုင်းသခင်တစ်ယောက် ဖြစ်သည်။
ကွေချင်းလျှူက မျိုးဆက်တူများထဲတွင် နာမည်ကျော် တစ်ယောက်ဖြစ်ပြီး ကွေချင်းဟယ်နှင့် ကွေချင်းယုတို့ပြီးလျှင် ဒုတိယ အစွမ်းထက်ဆုံး ဖြစ်သည်။ သူ့ကို မြစ်အရှေ့ပိုင်းမှ အရူးဟု နာမည်ပြောင်ပေးထားပြီး သူက သတ္တမကောင်းကင် ဝေ့ကျင်းအဆင့်တွင် မြေပြင်မှတ်တမ်း၏ အဆင့် (၁၂၀)အထိ ရောက်ခဲ့သည်။ သူက အဋ္ဌမကောင်းကင် ဝေ့ကျင်းအဆင့်၌ ရှိနေသော ပညာရှင်ပေါင်းများစွာထက်ပင် သာလွန်နေခဲ့၏။
ကျန်ရှိနေသော လူများထဲရှိ သက်တော်ရှည်အင်မော်တယ် ဘိုးဘေးက သူ၏မျက်နှာဖုံးကို ချွတ်လိုက်သည့်အချိန်တွင် အလွန်အေးစက်ပြီး ချောမောခန့်ညားသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ သေချာစိုက်ကြည့်လိုက်သည့် အချိန်တွင် သူ့ဆီ၌ ဓားသွားကဲ့သို့ မျက်ခုံးနှင့် နှာတံချွန်ချွန်တစ်ခု ရှိနေကြောင်း သတိထားမိခဲ့၏။ သူ့ပုံစံက ချောမောခြင်းမရှိသလို ရုပ်ဆိုးခြင်းလည်း မရှိပေ။ အသက်အရ ပြောရမည်ဆိုလျှင်တော့ လူတိုင်း ခန့်မှန်းထားကြသည့်အတိုင်း ဖြစ်သည်။
“အရှေ့ပင်လယ် ဓားကျေးရွာက ဟယ်ရှို…”
သက်တော်ရှည် အင်မော်တယ်ဘိုးဘေးက သူ့ကိုယ်သူ မိတ်ဆက်ပြီး ပြောလိုက်သည်။
“စိတ်ဝိညာဉ်စားသုံးသူ အကြီးအကဲ။ သတ္တမကောင်းကင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်။ မြေပြင်မှတ်တမ်းရဲ့ အဆင့် (၁၄၈)မှာ ရှိတယ်…”
သက်ဆိုင်သော အချက်အလက်များက မုန့်ချီ၏ ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
သူက ဟယ်ရှို၊ ကွေချင်းလျှူ၊ မင်းဖာ၊ ရန်ဝူဝိုနှင့် တာအိုသခင် ချုံဟယ် တို့ကို ကြည့်နေချိန်တွင် ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။
“ငါရဲ့အပေါင်းအဖော်တွေက လောကတစ်ခွင်လုံးမှာ ပျံ့နှံ့နေတာပဲ..”
သူတို့က မျက်နှာဖုံး ပြန်တပ်လိုက်ကြပြီး မူလအင်မော်တယ် ပုံစံအတိုင်း ပြောင်းလဲသွားသည်ကို မြင်သည့်အခါ သူက မျက်နှာဖုံး ချွတ်လိုက်သည်။
“စုမုန့်...”
သူက သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။ သူ၏အစစ်အမှန် နောက်ကြောင်းကတော့ အင်မော်တယ်များထဲတွင် လျို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ ထို့ကြောင့် လူတိုင်းက ခေါင်းညိတ်ပြလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းကို ကျော်လိုက်ရန် အချက်ပြလိုက်သည်။
မုန့်ချီက သူ၏မျက်နှာကို မျက်နှာဖုံး ပြန်တပ်လိုက်ပြီး ထူးဆန်းစွာ ပြောလိုက်၏။
“ဘိုးဘေး….
အရက်သမားရှဲ့နဲ့ ချူချမ်းနင်တို့ ပြဿနာ တက်နေပြီ…”
ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြသည်။
“ငါလည်း သိတယ်။ ဒဏ္ဍာရီအဖွဲ့ကကျိ အလစ်ချောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ချွန်ရန်းကျိက လွတ်မြောက်ရုံလေး လွတ်မြောက်ခဲ့တယ်။ သူက သေမင်းပင်လယ်ထဲမှာရှိတဲ့ လျို့ဝှက်နေရာမှာ ပုန်းအောင်းနေတယ်။ အခုချိန်ထိတော့ နှင်းတောင်ဓားဂိုဏ်း၊ ကျင်းကန်းကျောင်းဆောင်နဲ့ အသူရာကျောင်းဆောင်တွေ ပိတ်ဆို့ထားတဲ့အတွက် သူလည်း မပြန်နိုင်သေးဘူး။ သူက ငါ့ဆီကို သတင်းပို့ရုံပဲ တတ်နိုင်တယ်။ ကြည့်ရတာ ဒဏ္ဍာရီတွေက သူ့ရဲ့အဆင့်အတန်းကို သံသယဝင်နေတာ ကြာပြီထင်တယ်။ သူတို့က အေးအေးဆေးဆေး ထိုင်စောင့်နေကြတာပဲ…”
မုန့်ချီက သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ပြောပြရန် ကြိုးစားနေခြင်း မရှိဘဲ ငါးပင်လယ်ထဲတွင် အရက်သမားရှဲ့နှင့် ဆက်သွယ်၍ အဘိုးကြီးချောင်၏ စားသောက်ဆိုင်ကို စုံစမ်းစစ်ဆေးသည့်အကြောင်း မပြောခဲ့ပေ။ မဟုတ်လျှင် သူကိုယ်တိုင်ကလည်း ဒဏ္ဍာရီအဖွဲ့အတွက် သံသယဝင်စရာ ပစ်မှတ်တစ်ခု ဖြစ်သွားပေမည်။
သို့သော် အမြဲလိုလို အရက်သောက်နေသော အရက်သမားရှဲ့က ချွန်ရန်းကျိ ဖြစ်နေပြီး သူ၏နာမည်ကို ဖြုန်းတီးနေခဲ့သည်။ သူကတော့ ပထမဦးဆုံး ဝေ့ကျင်းအဆင့်ကို ရောက်သည့်အချိန်တွင် ကောင်းကင်ဘိုးဘေး အဆင့်အတန်းကိုသုံး၍ မကောင်းဆိုးဝါး တစ်ကောင်၏နောက်သို့ လိုက်ခဲ့ရသည်။
“အစစ်အမှန် နောက်ကြောင်းတွေအကြောင်း ပြောရမယ်ဆိုရင် ကျွန်တော်က တစ်ခု ရှာတွေ့ခဲ့တယ်။ မြစ်အရှေ့ပိုင်း ကျိုးမိသားစုက ကျိုးချိုးရှန်က ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား ဖြစ်နေတာကို တွေ့လိုက်ရတယ်။ သူက ငွေတံဆိပ် လူဆိုးထိန်း ချမ်းကိုင်နဲ့လည်း ရင်းနှီးတယ်။ ပြီးတော့ သူက ယုရှန်ရသေ့ကြီး လုကျန်းကိုလည်း ပူးပေါင်းဖို့ ခေါ်ထားတယ်…”
မုန့်ချီက ထိုကိစ္စကို ဖုံးကွယ်နေခြင်းမရှိဘဲ ပြောလိုက်သည်။
ရန်ဝူဝိုနှင့် တခြားသူများက ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကိုကြည့်ပြီး တပြိုင်နက်တည်း ပြောလိုက်ကြ၏။
“မင်းက ကိုယ့်ကိုယ်ကိုယ် အငယ်တစ်ယောက်လို့ မသတ်မှတ်ပါနဲ့…”
ဘိုးဘေးလင်းပေါင်ကလည်း အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။
“ဒီအခြေအနေက ငါတို့အတွက် အတော်လေး အသုံးဝင်တယ်။”
ခဏရပ်လိုက်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“လက်ရှိအချိန်မှာ တိမ်တိုက်ပြာဘိုးဘေးက ပျောက်ဆုံးနေတယ်။ ဒါပေမဲ့ သူ့ကို တိုက်ခိုက်တဲ့သူတွေကတော့ ဒဏ္ဍာရီအဖွဲ့က မဟုတ်ဖို့များတယ်။ စိတ်ဝိညာဉ်မီးအိမ်ကို သုံးပြီး သူ့ရဲ့တည်နေရာကို စစ်ဆေးဖို့ ကြိုးစားလိုက်တဲ့အချိန်မှာ သူ့ရဲ့ စိတ်ဝိညာဉ်မီးအိမ်က လောင်ကျွမ်းနေသေးတာကို သတိထားမိခဲ့တယ်။ ဒါကြောင့် သူက အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာပဲ…”
မုန့်ချီက သဲမြန်မြို့၏ အောက်ဘက်တွင် ပုန်းအောင်းနေသော အသက်ပြောင်းလဲခြင်းဂိုဏ်း အကြောင်းကိုလည်း ချက်ချင်း သတိပေးလိုက်သည်။
“မင်းက ငါတို့ထက်တောင် ပိုပြီးတော့ သတင်းစုံသေးတာပဲ…”
ဘိုးဘေးနန်းဟွာ ကွေချင်းလျှူက မှတ်ချက် ပေးလိုက်သည်။ သူကတော့ မနေနိုင်ဘဲ ပြုံးလိုက်မိ၏။
“ဒါက ငါဖြစ်ချင်တဲ့ပုံစံ မဟုတ်ဘူးလေ။ ဒါတွေအားလုံးက မထင်မှတ်ဘဲ ကြုံလိုက်ရတာ။ ဒါက ကွင်းဆက်ကံကြမ္မာတွေကို လက်ခံနေရတဲ့ ပုံစံလား…”
မုန့်ချီ၏ ခေါင်းထဲတွင် ရှုပ်ထွေးသော အတွေးများ ပေါ်လာခဲ့သည်။
“တိုက်ခိုက်သူက အသက်ပြောင်းလဲခြင်းဂိုဏ်းကလည်း ဟုတ်ပုံမရဘူး…” ဘိုးဘေးလင်းပေါင်က သဲလွန်စများကို သေချာသိနေသည့်အလား ပြောလိုက်သည်။
ထို့နောက် သူက သံသယဝင်စွာ ထပ်ဖြည့်ပြောလိုက်၏။ “အသက်ပြောင်းလဲခြင်းဂိုဏ်းက ဘာတွေလုပ်ဖို့ စဉ်းစားနေတာလဲ။ သူတို့က ငရဲအင်ပါယာရဲ့ အရိုးကိုတောင် ထုတ်လာခဲ့တယ်…”
သူက ထိုကိစ္စကို အချိန်ကြာမြင့်စွာ စဉ်းစားနေခြင်း မရှိဘဲ အင်မော်တယ် ထိုက်ယီနှင့် အခြားသူများကိုကြည့်၍ ပြောလိုက်သည်။
“မင်းတို့မှာရော ဘာသတင်းတွေ ရှိလဲ…”
အင်မော်တယ် ထိုက်ယီ ရန်ဝူဝိုက ပြန်ဖြေလိုက်သည်။
“ကျွန်တော်က သေမင်းပင်လယ်ထဲကို ဝင်မလာဘဲ တိုက်ရိုက်လာခဲ့တာ။ ဒါပေမဲ့ ဝမ်မိသားစုရဲ့ လုပ်ရပ်က တော်တော်လေး ထူးဆန်းနေတာတော့ အမှန်ပဲ။ သူတို့က အနောက်ပိုင်းနယ်မြေထဲကို ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်မှ မလွှတ်ခဲ့ဘူး။ သူတို့က ဒီကိစ္စကိုလည်း ဖုံးကွယ်မထားတဲ့အတွက် တော်တော်လေး ထူးဆန်းနေတယ်။ အရာအားလုံးက သာမန်လိုပဲ…”
သူတို့က မြစ်အရှေ့ပိုင်းမှ ဖြစ်သည့်အတွက် ဝမ်မိသားစု၏အခြေအနေကို သေချာ နားလည်ထားသည်။
ဘိုးဘေးနန်းဟွာ ကွေချင်းလျှူက ရယ်လိုက်၏။
“ငါ့ရဲ့အစ်ကိုကတော့ ကျောက်စိမ်းတံခါး တောင်ကြားနားကို ရောက်လာပြီ။ ဒါကြောင့်လည်း ငါက သေခြင်းပင်လယ်ထဲကို ဝင်လာနိုင်ခဲ့တာ…”
“အဆင့်မြင့်ခရမ်းဝိညာဉ် ကွေချင်းဟယ်၊ မြေပြင်မှတ်တမ်းမှာ နံပါတ်(၅) ပညာရှင်ကလည်း ရောက်လာပြီလား။ ဒါက တော်တော်အရေးကြီးတဲ့ သတင်းတစ်ခုပဲ..”
ထိုအချိန်တွင် မုန့်ချီကတော့ သတင်းများ၏ အကျိုးအမြတ်ကို သိလာရသည်။
“ဦးလေးက မကောင်းဆိုးဝါးတောင်ကြားမှာ ရေနွေးသောက်နေတယ်..”
သက်တော်ရှည် အင်မော်တယ်ဘိုးဘေး ဟယ်ရှိုက မှတ်ချက်ပေးလိုက်သည်။ သူ့ဦးလေးက ဓားအရူးဟုခေါ်ပြီး သဏ္ဌာန်မဲ့ ဓားချီစွမ်းအင်များဖြင့် ဓမ္မကာရအဆင့်ကို ရောက်ရှိသွားသော ပညာရှင် ဖြစ်သည်။ သူ့နာမည်က ဟယ်ချီဖြစ်ပြီး သူက ကောင်းကင်မှတ်တမ်းတွင် အဆင့်(၈) ဖြစ်၏။
ချုံဟယ်၊ မုန့်နန်၊ ကုံဝမ်နှင့် တခြားလျို့ဝှက်ဆန်းကြယ်သော ကောင်းကင်ဧကရာဇ်တို့ ပေါင်းလိုက်မည်ဆိုလျှင် သူ ရောက်လာသည့်အတွက် ဤနေရာ၌ ဓမ္မကာရအဆင့် ပညာရှင်များ များပြားနေခဲ့သည်။
မုန့်ချီက စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။
သခင်မလီရှန်းဖြစ်သော သီလရှင်မင်းဖာက တိတ်တဆိတ် ပြောလိုက်၏။
“ငါကတော့ တိမ်ကောင်းကင်တောင်တန်းတဝိုက်မှာ အစ်ကိုတော် ရှိုကျင်းကို တွေ့လိုက်ရတယ်။ သူကတော့ ဒဏ္ဍာရီအဖွဲ့က ကောင်းကင်ဧကရာဇ်ကို စိတ်ဝင်စားနေတယ် ထင်တယ်…”
“ရှိုကျင်း၊ မြေပြင်မှတ်တမ်းရဲ့အဆင့်(၂)။ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်။ ဂိုဏ်းရဲ့ခေါင်းဆောင်…”
ဘိုးဘေးလင်းပေါင်က တည်ငြိမ်နေခဲ့သည်။
“တာအိုသခင် ရှိုကျင်းလား။ တကယ်လို့ သူသာ ကောင်းကင်ဧကရာဇ်ကို စိတ်ဝင်စားနေမယ်ဆိုရင် သူ့ရဲ့အချိန်အရိပ်ဓားကိုလည်း သေချာပေါက် သယ်ဆောင်လာလိမ့်မယ်။ ဒါက သူ့ကို ဖမ်းဖို့ ဒဏ္ဍာရီတွေရဲ့ ထောင်ခြောက် တစ်ခုလည်း ဖြစ်နိုင်တယ်…”
“ကောင်းကင်ဧကရာဇ်အတွက်တော့ အချိန်အရိပ်ဓားက ဘယ်လိုလုပ်ပြီး ဗုဒ္ဓလက်ဝါးကို ယှဉ်နိုင်မှာလဲ…”
အချိန်အရိပ်ဓားဟူသည်မှာ ပြိုင်ဘက်ကင်းလက်နက်တစ်ခု ဖြစ်သည်။ တခြားသော နတ်ဘုရားလက်နက်များကပင် ထိုအရာကို နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဘိုးဘေးလင်းပေါင်က ပြောလိုက်သည်။
“ငါက ရှိုကျင်းနဲ့တွေ့ပြီး သူ့ကို မဆင်မခြင် မလုပ်ဖို့ ဖျောင်းဖျရမယ်။ ပြီးတော့ ငါတို့နဲ့ တိတ်တဆိတ် ပူးပေါင်းပြီး ဒဏ္ဍာရီတွေ အသာစီးမရအောင် ကြိုးစားရမယ်..”
ထိုအရာကိုတော့ အကြီးအကဲချုံဟယ်ဟူသည့် လူတကာ လေးစားရသော အဆင့်အတန်းနှင့် လိုက်လျောညီထွေ လုပ်ဆောင်ရမည် ဖြစ်သည်။
“ဒါဆိုရင် ကျွန်မက လမ်းပြပါ့မယ်…”
သီလရှင်မင်းဖာက လက်အုပ်ချီ၍ ပြောလိုက်သည်။
ဘိုးဘေးလင်းပေါင်က ဘိုးဘေးနန်းဟွာ ကွေချင်းလျှူနှင့် သက်တော်ရှည် အင်မော်တယ်ဘိုးဘေး ဟယ်ရှိုတို့ကို လှည့်ကြည့်လိုက်သည်။
“ချုံဟယ်က ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကိုရဖို့ သူတို့နဲ့ ပူးပေါင်းချင်တယ်လို့ သတင်းပို့လိုက်ပါ။ အဲဒီအရာ လုပ်ပြီးသွားရင်တော့ ငါနဲ့ အင်မော်တယ် အဖွဲ့သားတွေက လုပ်ရမယ့်တာဝန်ကို နားလည်လာကြလိမ့်မယ်။ ဗုဒ္ဓရတနာကို ဘယ်သူက ယူသင့်လဲ ဆိုတာကိုတော့ သူတို့နှစ်ယောက်ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ။ တကယ်လို့ ဗုဒ္ဓလက်ဝါးကို နားလည်နိုင်မယ်ဆိုရင် ငါက ဒီတာဝန်ကို ပူးပေါင်းဖို့အတွက် သူတို့ကိုလည်း လျော်ကြေး ပေးနိုင်တယ်…”
သူက အသေးစိတ် ပြောပြလိုက်ပြီး တခြားအရာများကတော့ နောက်ထပ် ဆွေးနွေးရန် လိုအပ်နေသည်။
မုန့်ချီက အံ့သြမှင်တက်သွားခဲ့၏။ ဘိုးဘေးလင်းပေါင်က ဓားအရူးနှင့် အဆင့်မြင့် ခရမ်းဝိညာဉ်တို့ကို ပေါင်းစည်းရန် ကြိုးစားနေခြင်းပေလော။
“တကယ်လို့ ဓမ္မကာရအဆင့် ပညာရှင် (၃)ယောက်သာ ပူးပေါင်းလိုက်မယ်ဆိုရင် ဗုဒ္ဓလက်ဝါးက သူတို့လက်ထဲကို ရောက်သွားနိုင်တယ်။ ဒီလိုအဖွဲ့သားတွေ ရှိနေတာ တော်တော်ကောင်းတာပဲ…”
မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ထို့နောက် ကွေချင်းလျှူက အပြုံးနှင့် ပြောသည်ကို ကြားလိုက်ရ၏။
“စိတ်မပူပါနဲ့ ဘိုးဘေး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော်ကလည်း ဒါကို စဉ်းစားနေခဲ့တာ။ တကယ်လို့ အင်မော်တယ်နဲ့ ကွေမိသားစုကသာ အချင်းချင်း ပဋိပက္ခတွေ ဖြစ်နေမယ်ဆိုရင် ကျွန်တော်က မိသားစုအရေးကို ပိုပြီးတော့ အလေးထားရလိမ့်မယ်…”
အင်မော်တယ်များက သူတို့၏ အဖွဲ့သားများကို ကန့်သတ်ချက် အနည်းငယ်သာ ရှိသည်။ ထို့အပြင် သိုင်းသခင် ဖြစ်လာသော အဖွဲ့သားများကတော့ သူတို့မိသားစုနှင့် ဂိုဏ်းများကိုသာ ပို၍ အလေးထားကြသည်။ သူတို့က သစ္စာဖောက်များ မဖြစ်လိုကြပေ။
ဟယ်ရှိုက ခေါင်းညိတ်ပြလိုက်ပြီး တာဝန်ကို လက်ခံလိုက်၏။
ဘိုးဘေးလင်းပေါင်က ရန်ဝူဝိုနှင့် မုန့်ချီကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ဒီတာဝန်ကတော့ အန္တရာယ်အများဆုံးပဲ။ မိသားစုတွေ၊ ဂိုဏ်းတွေက ဝေ့ကျင်းအဆင့် ပညာရှင်တွေအပေါ်မှာ ကန့်သတ်ချက်တွေ ရှိနေတယ်။ ပြီးတော့ ငါးပင်လယ်ထဲမှာရှိတဲ့ ပြဿနာတွေအရ မင်းတို့က သာမန်မြို့သားတွေအဖြစ် ရုပ်ဖျက်လို့လည်း မရနိုင်ဘူး။ မင်းတို့က အစစ်အမှန် နာမည်တွေကို သုံးပြီး ငါတို့ရဲ့ မိတ်ဆွေတွေကို ဖော်ပြရလိမ့်မယ်။ ငါတို့က အဲဒီအရာတွေကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်တယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်က ငါတို့ရဲ့ကိုယ်စား နည်းနည်းလေး ပိုပြီးတော့ ကြိုးစားပေးဖို့ တောင်းဆိုချင်တယ်…”
ဘိုးဘေးဒိုမူဖြစ်သော ယဲ့ယုချီက မလာနိုင်သည်မှာ ဥပမာတစ်ခု ဖြစ်သည်။ မုန့်ချီနှင့် ရန်ဝူဝိုတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး သူတို့ကို တာဝန်ပေးရန် ဘိုးဘေးလင်းပေါင်ကို ပြောလိုက်ကြသည်။
Translated by Hein Htet