← Chapters

အခန်း (၅၄၃)

Vol. 37 Ch. 543

အခန်း (၅၄၃)

Vol. 37 Ch. 543

ထို့နောက် ဘိုးဘေးလင်းပေါင်က အလွန်တည်ငြိမ်သောလေသံနှင့် ပြောလိုက်သည်။

"အင်မော်တယ် အဖွဲ့သားတစ်ယောက် ဖြစ်တဲ့အတွက် ငါတို့က တိမ်တိုက်ပြာဘိုးဘေး ရုတ်တရက် ပျောက်သွားတာကို စိုးရိမ်သင့်တယ်။ တကယ်လို့ မင်းတို့(၂)ယောက်ကသာ စိတ်ဝိညာဉ်မီးအိမ်ကိုသုံးပြီး သူ့ကို ရှာပေးမယ်ဆိုရင်တော့ ငါက တော်တော်လေး ကျေးဇူးတင်နေရမှာပါ…"

ထို့နောက် သူက တောင်းဆိုမှုကို အရင်ဆုံးပြောလိုက်ပြီး နောက်ထပ်ရှင်းပြလိုက်သည်။

"တိမ်တိုက်ပြာဘိုးဘေး ပျောက်ကွယ်သွားတာက တော်တော်လေးကို ထူးဆန်းနေတယ်။ သေမင်းပင်လယ် တည်းခိုဆောင်ထဲမှာ လှုပ်ရှားရုန်းကန်တဲ့ အငွေ့အသက်တွေလည်း မတွေ့ဘူး။ ပြီးတော့ ပြိုင်ဘက်က စိတ်ဝိညာဉ်မီးအိမ်ကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့လက္ခဏာလည်း မတွေ့ခဲ့သေးဘူး။ ချူချမ်းနင်က အင်မော်တယ်အဖွဲ့သားဆိုတာကို သူတို့ မသိသေးတာလည်း ဖြစ်နိုင်တယ်…"

စိတ်ဝိညာဉ်မီးအိမ်ထဲတွင် ပိုင်ရှင်၏သွေးအဆီအနှစ်၊ ပင်မဝိညာဉ်နှင့် အငွေ့အသက် ထည့်သွင်းထားသော လျှို့ဝှက်အရာတစ်ခု ပါဝင်နေသည်။ လူတစ်ယောက်၏ သက်တမ်းကုန်ဆုံးသွားသည့်အချိန်တွင် ထိုမီးအိမ်က ပျောက်ကွယ်သွားတတ်၏။

ထိုမီးအိမ်မျိုးကို ဖန်တီးရန် ခက်ခဲသော်လည်း အထက်တန်းလွှာ မိသားစုအများစုက သူတို့၏ ဝေ့ကျင်းအဆင့် မျိုးဆက်များအတွက် တစ်ခုဆီ ဖန်တီးထားကြသည်။ အကယ်၍ သူတို့အန္တရာယ်ကျနေသည့် အခြေအနေမျိုးတွင် သူတို့၏မိသားစုက ချက်ချင်း သိနိုင်၏။ ထို့ကြောင့် သူတို့က ပိုင်ရှင်၏ အငွေ့အသက်ကို ရှာဖွေရန် စိတ်ဝိညာဉ်မီးအိမ်ကို အသုံးပြု၍ ရနိုင်သည်။ အချက်ပြမှုထဲတွင် ဆူညံမှုအနည်းငယ်လေးတော့ ရှိနေသေး၏။

ကမ္ဘာဦးမျက်လုံးကိုရရှိခဲ့ပြီးနောက် မုန့်ချီက တရားဝင်အဖွဲ့သား တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့်လည်း သူက အင်မော်တယ်များနှင့်အတူ စိတ်ဝိညာဉ်မီးအိမ်တစ်ခု ချန်ထားခဲ့ရသည်။ ဘိုးဘေးဒိုမူနှင့် ဘိုးဘေးလင်းပေါင်တို့က သူတို့မိသားစုများထဲတွင် စိတ်ဝိဉာာဉ်မီးအိမ်တစ်ခု ချန်ထားခဲ့ရသည့်အတွက် သူတို့က အင်မော်တယ်များကြားထဲတွင် ချန်ထားနိုင်ခြင်း မရှိချေ။

"ဒါမှမဟုတ် သူတို့က ဘာကိုမှ မသိချင်ယောင်ဆောင်နေပြီး ကျွန်တော်တို့ အကူအညီပေးမယ့်အချိန်ကိုစောင့်ပြီး ထောင်ချောက်ဆင်ထားတာလား…"

ရန်ဝူဝိုက အလွန်မောက်မာသော်လည်း ဂရုစိုက်တတ်သော လူတစ်ယောက် ဖြစ်သည်။

ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်အတည်ပြုလိုက်သည်။

"ငါလည်း အဲဒီလိုပဲတွေးမိတယ်။ ဒါကြောင့်လည်း သူတို့ကို ငါကိုယ်တိုင် သွားမရှာခဲ့တာ။ ပြီးတော့ ငါက တာအိုသခင် ရှိူကျင်းဆီကိုလည်း သွားရဦးမယ်။ ဒီတော့ မင်းကို အကူအညီပေးဖို့အတွက် စုမုန့်ကို ခိုင်းလိုက်မယ်။ သူက ပုံစံအလွယ်တကူ ပြောင်းလဲနိုင်တယ်ဆိုတော့ သူ့ကိုယ်သူ ဖုံးကွယ်ဖို့အတွက် အဆင်ပြေတယ်။ ဒါက ထောင်ချောက်တွေကို ရှောင်တိမ်းဖို့အတွက် မင်းကိုတော်တော်လေး အကူအညီပေးနိုင်တယ်…."

"ကောင်းပါပြီ…"

ရန်ဝူဝိုက သဘောတူလိုက်သည်။

ဘိုးဘေးလင်းပေါင်က မုန့်ချီကို လှည့်ကြည့်လိုက်၏။

"ဒါက အန္တရာယ်အများဆုံး တာဝန်တစ်ခုပဲ။ ဒါပေမယ့် ငါက မင်းကို နတ်ဘုရားလက်နက်တစ်ခုတော့ မပေးနိုင်ဘူး။ ငါ မင်းကို ပေးနိုင်တာကတော့ ဒီထူးဆန်းတဲ့မြေပုံပဲ။ ဒါက ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ တိုက်ခိုက်မှုတိုင်းကို ရင်ဆိုင်ဖို့တော့ လုံလောက်တယ်။ ပြီးတော့ ဒီမှာ သံသရာတံဆိပ် ။ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ကို မတွေ့သ၍ မင်းက အန္တရာယ်မရှိနိုင်ပါဘူး…"

သူက သံသရာတံဆိပ်တစ်ခုနှင့် မြေပုံတစ်ခုကို ဆွဲထုတ်ပေးလိုက်သည်။ ထိုမြေပုံပေါ်တွင်တော့ စိမ်းပြာရောင်၊ အဖြူရောင်၊ အနီရောင်နှင့် အနက်ရောင် အရောင်(၄)မျိုး မှတ်တမ်းတင်ထားသည်။ ထိုအရောင်တစ်ခုချင်းဆီက မတူညီသော အရပ်မျက်နှာတစ်ခုဆီကို ကိုယ်စားပြုနေ၏။

အကယ်၍ အာရုံစိုက်ကြည့်လိုက်မည်ဆိုလျှင် ပင်မဝိညာဉ်ကို ဓားပေါင်း(၁၀၀၀) ထိုးစိုက်ခံရသလို အန္တရာယ်မျိုးကို ခံစားမိနိုင်သည်။ ခန္ဓာကိုယ်တစ်ခုလုံးက ပျက်စီးသွားနိုင်၏။

"ဒါက ကျောက်စိမ်းအင်ပါယာ ပရိယာယ်ကျမ်းအတုများ ဖြစ်နိုင်မလား…"

မုန့်ချီက ထိုပရိယာယ်ကျမ်းကို ယူလိုက်သော်လည်း အတွင်းထဲတွင် ရှိနေသော ဓားချီစွမ်းအင်များကို ပြည့်ပြည့်ဝဝ သတိမထားမိနိုင်သေးပေ။ သူ့စိတ်ထဲတွင်သာ ခန့်မှန်းကြည့်နေရ၏။

သူက မြေပုံ၏အစွမ်းကို ခန့်မှန်းကြည့်နေရင်း ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခု ပေါ်လာခဲ့သည်။ ထိုပရိယာယ်ကျမ်းက ငှားထားခြင်းဖြစ်သည့်အတွက် တာဝန်ပြီးသွားလျှင် ပြန်ပေးရမည်ဖြစ်သည်။ သို့မဟုတ် အန္တရာယ်ကျသည့်အချိန်တွင် အသုံးပြုရမည်ဖြစ်၏။ သူ့အတွက် သိမ်းဆည်းထား၍ မရနိုင်ပေ။

သူ့လို ကပ်စေးနည်းသော လူတစ်ယောက်အတွက် ထိုကဲ့သို့ ရတနာတစ်မျိုးကို ဆုံးရှုံးလိုက်ရခြင်းက နာကျင်မှုမရှိဘဲ နေနိုင်မည်လော။ ပရိယာယ်ကျမ်းနှင့် သံသရာတံဆိပ်တစ်ခုကို ယူလိုက်ပြီးနောက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။

သူက အချစ်ဘုန်းတော်ကြီးဆီမှ ရခဲ့သော လျို့ဝှက်ဆန်းကြယ်သည့် သားရေပြားနှင့် ပုတီးများကို ထုတ်လိုက်ပြီး သူ၏ယူဆချက်ကို ပြောပြလိုက်သည်။ ထိုအချိန်တွင် လူတိုင်းက သခင်မလီရှန်းကို စိုက်ကြည့်လိုက်ကြ၏။ သူမက ဓမ္မကျမ်းစာများကို သေချာနားလည်ထားပြီး မုန့်ချီထက် အဆပေါင်းများစွာ သာလွန်နေသည်။ ထို့ကြောင့် သူမကသာ သဲလွန်စများကို မြင်နိုင်၏။

"ဒီတစ်ခုကလွဲရင် စွမ်းအားမရှိတဲ့ နောက်ထပ်ပုတီးတစ်ခု ရှိသေးတာလား…"

သီလရှင်မင်းဖာက သိုးသားရေပြားကို စိုက်ကြည့်ပြီး မေးလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပါတယ် ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား ကျိုးချိုးရှန်ဆီမှာ နောက်တစ်ခုရှိတယ်…"

ထို့နောက် သီလရှင်မင်းဖာက စဉ်းစားပြီး ပြောလိုက်သည်။

"ကြည့်ရတာတော့ ဆက်နွယ်မှု(၁၂)မျိုး ဖြစ်ပုံရတယ်။ ဒီပုတီးစေ့က ဥပက္ခာကို ကိုယ်စားပြုပြီး အမှန်တကယ် မမြင်ရဘူး။ ဒါက ပြဿနာတွေရဲ့အစပဲ။ တခြားတစ်ခုကတော့ သေဆုံးခြင်း သင်္ကေတပဲ ဖြစ်နိုင်တယ်…”

“ဆက်နွယ်မှု(၁၂)မျိုး ပုတီးရဲ့ အကြောင်းကို လေ့လာလိုက်မယ်ဆိုရင် ဗုဒ္ဓအငွေ့အသက်နဲ့ ဆက်နွယ်တဲ့နေရာတစ်ခု ရှိလာနိုင်မှာလား။ သူတို့တွေက ဗုဒ္ဓလမ်းစဉ်ရဲ့ စိတ်ဝိညာဉ် အတားအဆီးတစ်ခု ဖြစ်လာနိုင်ပြီး ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်က ဝင်္ကပါရဲ့သော့ပဲ…”

“ပျော်ရွှင်ခြင်းကျောင်းဆောင်မှာရှိတဲ့ အချစ်ဘုန်းတော်ကြီးက စိတ်ဝိညာဉ် အတားအဆီးကို ထုတ်ဖော်ပြီး ဗုဒ္ဓအငွေ့အသက် နောက်တစ်ကြိမ် ပေါ်လာမယ့်နေရာကို ခန့်မှန်းနိုင်ကြတာ။ သူသေသွားခဲ့တာတော့ ကံဆိုးသွားတယ်။ မဟုတ်ရင် ဒီအရာတွေက လျှို့ဝှက်ချက်တစ်ခု မဖြစ်နိုင်တော့ဘူး…"

ကြည့်ရသည်မှာ သီလရှင်မင်းဖာက တခြားသော သဲလွန်စများကို နားလည်သွားသည့်အလား တစ်ယောက်တည်း ရေရွတ်လိုက်သည်။

မုန့်ချီကလည်း ခန့်မှန်း၍ ပြောလိုက်၏။

"ဒါဆိုရင် အဲဒီစိတ်ဝိညာဉ်အတားအဆီးက ဘာလဲဆိုတာ သီလရှင်ဆရာကြီးက ဖော်ထုတ်နိုင်လား…"

သီလရှင်မင်းဖာက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဗုဒ္ဓလမ်းစဉ်မှာ စိတ်ဝိညာဉ်အတားအဆီးတွေ အများကြီးရှိတယ်။ တော်တော်များများကတော့ နတ်ဆိုးတွေ၊ မကောင်းဆိုးဝါးတွေ ဖျက်ဆီးပစ်ခဲ့လို့ ပျက်စီးသွားပြီ။ ငါက အဓိကလမ်းညွှန်နိုင်တဲ့အရာ တစ်ခုမှ မရှိသေးဘူး.."

ရုတ်တရက်ဆိုသလို သူမက မတ်တပ်ရပ်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

"သံသရာအရှင်သခင်က ကူညီပေးနိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ်…"

သူမက မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ မုန့်ချီကတော့ ရလဒ်ကြောင့် အံ့သြနေခဲ့ခြင်း မရှိချေ။ သံသရာအရှင်သခင်၏ အကျင့်စရိုက်မျိုးအရ သံသရာအမှတ်(၁၀၀၀)ခန့် မပေးဘဲ ဗုဒ္ဓလက်ဝါးပင်မ လမ်းညွှန်ချက်ကို ကြည့်ခွင့်ပင် ပေးလိမ့်မည် မဟုတ်ချေ။

"အချစ်ဘုန်းတော်ကြီးက စိတ်ဝိညာဉ်အတားအဆီးကို ဖော်ထုတ်နိုင်တယ်ဆိုတော့ ပျော်ရွှင်ခြင်းကျောင်းဆောင်မှာရှိတဲ့ တခြားကိုယ်တော်တွေကလည်း ဖော်ထုတ်နိုင်လိမ့်မယ်။ ကျွန်တော်တို့က သူတို့ထဲက တစ်ယောက်ကို ဖမ်းဖို့ပဲလိုတယ်…"

မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်သည်။

သူကတော့ ထိုကဲ့သို့ လုပ်ရပ်မျိုးကို ကျယ်လောင်စွာ မပြောချင်ခဲ့ပေ။ အကယ်၍ သူတို့ကသာ ဤကမ္ဘာကြီးထဲ၌ ဆက်ရှိနေမည်ဆိုလျှင် မိန်းကလေးများအပေါ် မရိုမသေ ဖြစ်သွားနိုင်သည်။

"ကောင်းပြီလေ ငါလည်းလက်ခံတယ်…"

ဘိုးဘေးလင်းပေါင်က စဉ်းစားမနေဘဲ သဘောတူလိုက်သည်။

……………..

ကြမ်းတမ်းခက်ထန်သော လေလှိုင်းများ တိုက်ခတ်နေသည့် သေမင်းပင်လယ်က လုံးဝကို ခြောက်ကပ်နေခဲ့သည်။ ထိုအချိန်တွင် တစ်ဝက်ခန့် ဖုန်များ လွှမ်းခြုံနေသော ကျောင်းဆောင်တစ်ခုထဲ၌ ကိုယ်တော်(၂)ပါးက ကန္တာရကျောက်တုံးများနှင့် နံရံများ တည်ဆောက်နေခဲ့သည်။

တစ်ယောက်က မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အခြားတစ်ယောက်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်၏ မျက်နှာဆီသို့ အလွန်အစွမ်းထက်သော လေလှိုင်းများ တိုက်ခတ်နေသော်လည်း သူတို့၏ပုံစံက ပုံမှန်အတိုင်းသာ ဖြစ်သည်။ အထူးသဖြင့် အဖြူဝတ်ကိုယ်တော်၏ ခံစားချက်များက လှုပ်ရှားသွားခဲ့ခြင်းမရှိပေ။

"အစ်ကိုတော်ဟုန်နန် … ဒါက နောက်ဆုံးကျောင်းဆောင် မဟုတ်လား…"

အဖြူဝတ်ကိုယ်တော်က လက်ကို လှုပ်ရှားလိုက်ပြီး ကျောက်တုံးများကိုခြစ်ချ၍ အုတ်ခဲများအဖြစ် ပြောင်းလဲလိုက်သည်။ သူက အသက်(၂၀)ပင် မရှိသေးသော ချောမောခန့်ညားသည့် ကိုယ်တော်တစ်ပါး ဖြစ်၏။ သူ့ပုံစံက ရှုပ်ပွနေသော်လည်း မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ရှိနေသည့်အတွက် သဘောကောင်းပုံရသည်။

လန်ကီကျောင်းဆောင်မှ ဟုန်နန်က ရယ်ပြီးပြန်ဖြေလိုက်၏။

"ကျောင်းဆောင်က ရင်ထဲမှာ ရှိတယ်လေ။ ပြုပြင်ခြင်းဆိုတာက လုံးဝ ပြီးဆုံးနိုင်မှာ မဟုတ်ဘူး။ ငါက ပြန်သွားပြီးရင် ဗုဒ္ဓရဲ့ရှေ့မှာ အရိုအသေပေးဖို့ လိုအပ်တယ်…"

ဟုန်နန်က အပြစ်ကင်းစင်သော ကိုယ်တော်လေးကိုကြည့်ပြီး ခေါင်းစဉ်ပြောင်းလိုက်သည်။

"ညီလေးကျန်းဟွေ …

မင်းက သေမင်းပင်လယ်ထဲကို ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ။ ဒီနေရာက အန္တရာယ်များတယ်…"

ကျန်းဟွေက ရယ်ကာမောကာနှင့် ပြန်ဖြေလိုက်သည်။

"ဆရာတူအစ်ကိုက သူ့ကိုလာရှာပြီး ဘဝကို ကောင်းကောင်းဖြတ်သန်းဖို့ ကျွန်တော့်ကို ပြောခဲ့တယ်။ ဒါပေမယ့် သူက အမြဲတမ်း သွားလာလှုပ်ရှားနေတာ။ အခု သူက သေမင်းပင်လယ်ထဲကို ရောက်နေတဲ့အတွက် ကျွန်တော်လည်း သူ့နောက်ကို လိုက်လာခဲ့တာ…"

သူကတော့ သူကိုယ်သူဘုန်းတော်ကြီးတစ်ပါးအဖြစ် လုံးဝသတ်မှတ်ထားခြင်းမရှိချေ။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာခဲ့ခြင်းမရှိချေ။ ထိုစကားကို ပြောနေရင်း ကျန်းဟွေက ခေါင်းကုတ်၍ ပြောလိုက်သည်။

"ငါးပင်လယ်နဲ့ တန်ဟန်က အန္တရာယ်များတယ်ဆိုတာ ကျွန်တော်လည်း ကြားတယ်။ ဒါကြောင့် ကျွန်တော်က ဒီအရာတွေ ပြီးဆုံးသွားတဲ့အချိန်ထိ အစ်ကိုတော်ဟုန်နန်နဲ့ အတူတူနေပြီးမှပဲ ဆရာတူအစ်ကိုရှာဖို့ စဉ်းစားထားတယ်…"

သူက လေထဲတွင် လွင့်မျောနေသော သဲများ၊ ကျောက်တုံးများကိုကြည့်ပြီး တစ်ယောက်တည်း တိတ်တဆိတ်‌ တွေးနေမိခဲ့သည်။

"ဆရာတူအစ်ကို ပြောခဲ့တဲ့ပုံပြင်တွေက အမှန်များ ဖြစ်လာတော့မှာလား။ ဗုဒ္ဓလက်ဝါးက ကောင်းကင်ပေါ်ကနေ ကျဆင်းလာပြီး ငါ့လက်ထဲကိုသာရောက်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ…"

ကျန်းဟွေက ခဏသာတွေးလိုက်ပြီး ထိုအရာကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူက ကျောင်းဆောင်တည်ဆောက်ရန် ဟုန်နန်ကို ဆက်လက်ကူညီပေးနေခဲ့၏။

……….

သဲမုန်တိုင်းများက အကာအကွယ် ပေးထားသည့်အတွက် မုန့်ချီနှင့် ရန်ဝူဝိုတို့က မည်သူမျှသတိမထားမိဘဲ အတွင်းထဲတွင် သွားလာနိုင်ခဲ့သည်။ ယက္ခပျံ ရန်ဝူဝိုက မျက်နှာဖုံး ဝတ်ဆင်ထားခြင်း မရှိသည့်အတွက် ကြောက်စရာမျက်နှာက ပေါ်နေခဲ့သည်။

သူ့လက်ထဲတွင်တော့ ဖန်မီးအိမ်ငယ်လေးတစ်ခု ကိုင်ဆောင်ထားပြီး ထိုအထဲတွင် ချူချမ်းနင်၏ အငွေ့အသက်များ ထွက်ပေါ်လာနေသည့် မီးတောက်လေးတစ်ခု ရှိနေသည်။ ထိုက်ရီနံပါတ်များကို တိတ်တဆိတ် တွက်ချက်လိုက်ပြီးနောက် ရန်ဝူဝိုက ဦးတည်ချက်ပြောင်းလဲပြီး ဘော်တာရှမ်တောင်တန်းမှ ငါးပင်လယ်ကို ဦးတည်သွားနေခဲ့သည်။

မုန့်ချီက စကားမပြောဘဲ နောက်မှလိုက်လာခဲ့၏။ တစ်နာရီကျော် ပျံသန်းလာပြီးနောက် ရန်ဝူဝိုက တန်ဟန်နှင့် ငါးပင်လယ်ကြားထဲတွင် ရှိနေသည့် တိတ်ဆိတ်ခြောက်ကပ်နေသော သဲကန္တာရထဲတွင် ရပ်လိုက်သည်။

ထို့နောက် သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

"အကြမ်းဖျင်းကတော့ ဒီနေရာမှာပဲရှိတယ်။ ဒါပေမယ့် ငါက နေရာတိတိကျကျကို မပြောနိုင်ဘူး။ ငါတို့က လူခွဲပြီး ထူးခြားတဲ့အရာတွေကို စစ်ဆေးကြည့်ကြမယ်။ တကယ်လို့ ထူးဆန်းတာ တစ်ခုခုတွေ့ရမယ်ဆိုရင် မင်းကိုယ်တိုင် ရှာမနေနဲ့။ နောက်ထပ်(၂)နာရီနေရင် ငါတို့က ဒီနေရာမှာ ပြန်တွေ့ပြီး ဘာတွေရှာတွေ့လဲဆိုတာ အချင်းချင်းပြောကြမယ်…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းပင် အဝတ်အစားနှင့် ရုပ်ရည်ကို ပြောင်းလဲပစ်လိုက်သည်။ ယခု သူက ဝေ့ကျင်းအဆင့် လူစိမ်းတစ်ယောက်ဖြစ်ပြီး ဓားများအားလုံးကိုသိမ်း၍ လေထဲတွင် ပျံသန်းလာခဲ့၏။

သူက ဗုဒ္ဓလက်ဝါးကို ရှာဖွေနေသော အစွမ်းထက်လူစိမ်းများနှင့် မကြာခဏ တွေ့ဆုံတတ်သည်။ သို့သော် သူက ထူးဆန်းသည့်အရာတစ်ခုမျှ မတွေ့ရပေ။ (၂)နာရီကြာပြီးနောက် မုန့်ချီနှင့် ရန်ဝူဝိုတို့က သူတို့သတ်မှတ်ထားသောနေရာတွင် ပြန်တွေ့ခဲ့ကြသည်။

"ဒီနယ်မြေထဲမှာ တစ်ခုခုတော့ ထူးဆန်းနေတယ်။ ဒီနေရာမှာ ချူချမ်းနင်ရဲ့ အငွေ့အသက်က အများဆုံးပဲ…"

မုန့်ချီ ဘာမျှမပြောနိုင်သေးခင် ရန်ဝူဝိုက တိုက်ရိုက်ပြောလိုက်သည်။

"အဲဒါက ဘာကိုဆိုလိုတာလဲ…"

မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။

ရန်ဝူဝိုက တစ်နေရာကို လက်ညှိုးထိုးပြပြီး တိတ်တဆိတ် ပြောလိုက်သည်။

"အဲဒီ‌နေရာရဲ့ အောက်ဘက်လျှိုမြောင်ထဲမှာ မှော်ဝင်္ကပါတစ်ခုကို တွေ့ခဲ့ရတယ်။ တကယ်လို့ ငါ့ရဲ့စွမ်းရည်ကသာ အစိုဓာတ်ကို အာရုံခံနိုင်တာ မဟုတ်ရင် ငါက အဲဒီအရာကို စစ်ဆေးနိုင်မှာ မဟုတ်ဘူး…"

သေမင်းပင်လယ်တစ်ခုလုံးက မြေအောက်မြစ်များနှင့် ဆက်သွယ်ထားပြီး မုန့်ချီက အန်ကုံရှဲ့၏လက်ထဲမှ ရှောင်တိမ်းရန် အသုံးပြုခဲ့ဖူးသည်။

"အခု ဒီနေရာမှာ ဝေ့ကျင်းအဆင့် ပညာရှင်တွေ ပြည့်နေတယ်။ ဒီတော့ မြေအောက်မြစ်ထဲမှာ မှော်ဝင်္ကပါဖန်တီးပြီး ရှာဖွေနေတဲ့ လူတွေ ရှိနေတာ သာမန်ပါပဲ…"

မုန့်ချီက အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။

ရန်ဝူဝိုက ပြောလိုက်၏။

"ဒါက ဗုဒ္ဓအငွေ့အသက်ရှိတဲ့ နေရာတစ်ခု မဟုတ်ဘူး။ ဒီနေရာမှာ ပျော်ရွှင်ခြင်း ကျောင်းဆောင်က ကိုယ်တော်တွေမရှိတာ ထူးဆန်းတယ်…"

မုန့်ချီက သူ၏မျက်နှာအမူအရာကို ဖုံးကွယ်ထားလိုက်ပြီး ရန်ဝူဝိုနှင့်အတူ မှော်ဝင်္ကပါ၏ အစွန်သို့ ပျံသန်းသွားခဲ့သည်။ ထိုနေရာတွင် သဲကြမ်းများသာ ရှိနေပြီး လျှိုမြောင်များ လုံးဝမရှိခဲ့ပေ။

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး သူ၏အာရုံခံစွမ်းရည်များ အားလုံးကို ဖွင့်လိုက်သည်။ ထိုအရာကြောင့် ကမ္ဘာမြေကြီးနှင့် တဖြည်းဖြည်း ပေါင်းစပ်လာခဲ့၏။ သူ၏ကိုယ်တွင်းကမ္ဘာကြီးကလည်း ပြင်ပကမ္ဘာကြီးကို တုံ့ပြန်လာခဲ့သည်။ ထို့ကြောင့် ပြင်ပကမ္ဘာကြီးက တဖြည်းဖြည်းပြောင်းလဲလာသော်လည်း အမှန်တကယ် ပြောင်းလဲမှုမရှိသော နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။

"တကယ့်ကို မှော်ဝင်္ကပါတစ်ခု ရှိနေတာပဲ…"

မုန့်ချီနှင့် ရန်ဝူဝိုတို့က အချင်းချင်း စကားအနည်းငယ် ပြောလိုက်ကြသည်။ သူတို့က မဆင်မခြင် လှုပ်ရှားခဲ့ခြင်း မရှိဘဲ ထောင်ချောက်ထဲသို့ ကျသွားမှာ စိုးသည့်အတွက် သူကိုယ်တိုင် ရှာဖွေရန် စီစဉ်လိုက်သည်။

ကမ္ဘာမြေကြီး၏ အနှစ်သာရများလှုပ်ရှားလာသည့်အချိန်တွင် မုန့်ချီက ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် မုန့်ချီ ပျောက်ကွယ်သွားသည့် နေရာတွင် ကန္တာရကြွက်တစ်ကောင် ပေါ်လာခဲ့သည်။

ထိုကန္တာရကြွက်က မြေအောက်ထဲတွင် (၃)မီတာခန့် နက်ရှိုင်းသော တွင်းတစ်တွင်း တူးလိုက်ပြီး လျှိုမြောင်ထဲသို့ ဦးတည်သွားခဲ့၏။ သူက အတွင်းပိုင်းထဲကို တူးလာလေလေ အစိုဓာတ်က ပို၍များလာလေလေ ဖြစ်သည်။

(၁၅)မိနစ်ခန့် ကြာပြီးနောက် မုန့်ချီက စိတ်အေးသွားခဲ့သည်။ သူက မြေပြင်အလွှာကြီးကို ထိုးဖောက်သွားခဲ့ပြီး ဤနေရာတွင် ရေစီးသံများကို ကြားနေရခြင်းကြောင့်ဖြစ်သည်။ သူက အလွန်မာကျောသော ကျောက်ခဲများကို ထိလိုက်မိပြီး အငွေ့အသက်များကို ရှုရှိုက်၍ ခြေရာလက်ရာများကို ရှာဖွေနေခဲ့သည်။

ခဏကြာပြီးနောက် အငွေ့အသက် ကျန်နေသောနေရာများစွာ ရှိနေကြောင်း တွေ့လိုက်ရ၏။ မုန့်ချီက ထိုနေရာကို တိတ်တဆိတ် ခုန်သွားလိုက်သည်။ ပြိုင်ဘက်များက ကြွက်တစ်ကောင်ကိုပင် အလွတ်မပေးမှာကို စိုးရိမ်နေခဲ့သည်။ သို့မဟုတ် သိုင်းသခင်များက သတိထားမိသွားနိုင်၏။

မုန့်ချီက အောက်ခြေတွင် ရှိနေသော ကျောက်တုံးပေါင်းများစွာကို ဖြတ်ကျော်ပြီး ရုတ်တရက် ရပ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူက ချူချမ်းနင်၏ အငွေ့အသက်ကို ခံစားမိခဲ့၏။ မုန့်ချီက အနားကို ကပ်သွားရဲခြင်းမရှိဘဲ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက ကျောက်တုံးများအတိုင်း ရုတ်တရက် လျောက်သွားခဲ့သည်။

ထိုအချိန်တွင် သူက မြေအောက်မြစ်၏အစွန်တွင် လူ (၂)ယောက်နှင့် မိန်းမပျိုတစ်ယောက် ထိုင်နေကြောင်း တွေ့လိုက်ရ၏။ မိန်းမပျိုက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏စိတ်ဝိညာဉ်က အတော်လေးကို အားနည်းနေသည်။ သူမက ချူချမ်းနင်ဖြစ်၏။

လူ(၂)ယောက်တွင် တစ်ယောက်က အနီရောင်မျက်နှာနှင့် တစ်ယောက်က အနက်ရောင်မျက်နှာရှိနေပြီး သူတို့အားလုံးက မုန့်ချီအတွက် ထူးဆန်းနေသည်။ သို့သော် သူတို့ဆီမှ ဝေ့ကျင်းအဆင့် အငွေ့အသက်များ ထွက်ပေါ်လာနေပြီး သူတို့က ပတ်ဝန်းကျင်ပြောင်းလဲမှုကို စစ်ဆေးနေပုံရသည်။

"အဲဒီဝေ့ကျင်းအဆင့်ပညာရှင်တွေက ဘယ်သူများဖြစ်နိုင်မလဲ။ ငါက သူတို့ကိုဘာလို့ လုံးဝမတွေ့ဖူးရတာလဲ။ သူတို့က ချူချမ်းနင်ဆီက ဘာလိုချင်တာလဲ…"

သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာပြီး မုန့်ချီက ကျောက်တုံးကိုကိုင်၍ ခဏကြာ စောင့်ကြည့်နေခဲ့သည်။

အနီရောင်မျက်နှာနှင့်လူက ထိုင်နေနိုင်ခြင်း မရှိဘဲ တစ်စုံတစ်ယောက်ကို စောင့်နေသည့်အလား လှည့်ပတ်သွားနေခဲ့သည်။ မုန့်ချီက ချူချမ်းနင်ကို စိုက်ကြည့်လိုက်သည့် အချိန်တွင် အနည်းငယ်အံ့သြသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အစောပိုင်းတွင် သူက အရေးပါသောအချက်အလက်တစ်ခုကို လွဲချော်သွားခဲ့၏။ ထိုအရာကတော့ ချူချမ်းနင်၏ စိတ်ဝိညာဉ်က လုံးဝထိခိုက်ထားခြင်း မရှိကြောင်း တွေ့လိုက်ရသည်။ ရုန်းကန်နေသည့် လက္ခဏာလည်း မရှိသည့်အတွက် သူက အန္တရာယ်များနေပြီ ဖြစ်ကြောင်း မုန့်ချီက ချက်ချင်းခံစားမိလိုက်သည်။

အကယ်၍ ထိုလူ (၂)ယောက်ကသာ ကောင်းကင်(၄)သွယ် ဝေ့ကျင်းအဆင့် ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်ကို အလွယ်တကူ ဖမ်းဆီးနိုင်မည်ဆိုလျှင် မည်မျှအစွမ်းထက်နိုင်မည်နည်း။

Translated by Hein Htet.

All Chapters