အခန်း (၅၄၄)
Vol. 37 Ch. 544
ချူချမ်းနင်၏ အငွေ့အသက်က အမှန်တကယ်ကို အားနည်းနေခဲ့သည်။ သို့သော် ထိုအရာက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် အသုံးပြုထားသော ပိတ်ဆို့ခြင်းစွမ်းရည်များ၏ ကန့်သတ်ချက်ကြောင့် ရရှိထားသော ဒဏ်ရာများ မဟုတ်ချေ။ သူမကို တခဏအတွင်း ပြန်ပေးဆွဲသွားခြင်းဖြစ်သည့်အတွက် သူမက လျှို့ဝှက်ရတနာများကို အသုံးပြုခွင့်မရှိနိုင်ပေ။
ငရဲအင်ပါယာနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမ၏ စွမ်းအားက သိသိသာသာ အားနည်းသော်လည်း သူမဆီတွင် အဆပေါင်းများစွာ အစွမ်းထက်သော လျှို့ဝှက်ရတနာများစွာ ရှိနေသည်။ သူမကို ဖမ်းဆီးထားသူက အနိမ့်ဆုံး ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ပညာရှင် တစ်ယောက် ဖြစ်နိုင်ပြီး ဘိုးဘေးဒိုမူထက် အနည်းငယ်လေးသာ အားနည်းနိုင်သည်။ သူက ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ပင် ဖြစ်နိုင်ပြီး ထို့ထက်ပို၍ အစွမ်းထက်နိုင်သေး၏။
မုန့်ချီက သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများ အေးခဲသွားသည်ကို ခံစားလိုက်ရပြီး ကြည့်နေသော သူ၏မျက်လုံးတစ်စုံထဲတွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်မိသည်။ ပုံရိပ်ယောင်က သူ၏ခံစားချက်များကို ပြောင်းလဲသွားစေကြောင်း သူလည်း နားလည်သွားခဲ့သည်။
ထိုမျက်လုံးက အမှန်တကယ်မရှိခဲ့ပေ။ ထိုသို့ဆိုရာတွင် ချူချမ်းနင်ကို အလွယ်တကူ ဖမ်းဆီးသွားသောလူက ဘာကြောင့် တည်နေရာကို ဖော်ပြထားကြောင်း သူလည်း စဉ်းစားနေခဲ့၏။ သို့မဟုတ် အနီရောင်နှင့် အနက်ရောင် မျက်နှာရှိနေသော လူများက သေချာပေါက် ချူချမ်းနင်ကို စောင့်ကြပ်နေခြင်း မဖြစ်နိုင်တော့ပေ။ ဤနေရာတွင် ရှိနေသော လူ(၂)ယောက်က ပထမကောင်းကင်လှေကားထက် အနည်းငယ်လေးသာ ပို၍အစွမ်းထက်ကြောင်း မဖြစ်နိုင်ပေ။
“ချူချမ်းနင်က တန်ဖိုးမရှိဘူးလို့ တွေးနေလို့လား။ ဒါကြောင့် သူတို့က သူ့ကို အလေးမထားတာလား။ ဒါမှမဟုတ် သူတို့က အမှောင်ထဲကနေ အလစ်ချောင်း တိုက်ခိုက်ဖို့ ပြင်ဆင်ပြီး လာကယ်တဲ့သူကို စောင့်နေတာလား…”
မုန့်ချီ၏ခေါင်းထဲတွင် မေးခွန်းများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ သူ ပြောင်းလဲထားသော ကန္တာရကြွက်ကြီးက ချူချမ်းနင်အား ဖမ်းဆီးထားသောနေရာကို သေချာလှည့်ပတ်သွားလာနေခဲ့သည်။ သူကတော့ ထောင်ချောက်များ၊ အလစ်ချောင်း တိုက်ခိုက်သည့် အခြေအနေနှင့် ဝေးဝေးတွင် နေခဲ့သည်။ သို့သော် မည်သည့်အရာကိုမျှမတွေ့ခဲ့သည်မှာ ကံဆိုးသွားသည်။
သူက မဆင်မခြင် မလုပ်ရဲသည့်အတွက် အနားကို ကပ်သွားရမည့်အစား ပြန်လာခဲ့သည်။ ကြွက်တွင်းပေါက်ထဲမှ ထွက်လာပြီးနောက် သူက လူပုံစံပြန်ပြောင်းလိုက်ပြီး ယက္ခပျံ ရန်ဝူဝိုကို လက်ရှိအခြေအနေနှင့် သူ၏သုံးသပ်ချက်များကို ရှင်းပြလိုက်သည်။
"မင်းရဲ့သုံးသပ်ချက်က အဓိပ္ပါယ်ရှိတယ်။ ငါတို့က သူ့ကိုကယ်ဖို့ စီစဉ်နေမှတော့ အလစ်ချောင်း တိုက်ခိုက်ဖို့လည်း ပြင်ဆင်ထားရမယ်…"
သေမင်းပင်လယ်ကြီးထဲတွင် ရှိနေသော ရန်ဝူဝို၏ မျက်နှာက သတ္တုရောင် ပြောင်းလဲနေသည်။ ဖုတ်ကောင်လက်သီးသိုင်းကို လေ့ကျင့်ထားပြီး ယက္ခပျံအဖြစ် အသွင်ပြောင်းထားသော သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် လေ့ကျင့်ထားသော ဘုန်းတော်ကြီးများကဲ့သို့ အစွမ်းထက်ပြီး ခံနိုင်ရည်ရှိသည်။
"ဘယ်လိုအစီအစဉ်ရှိလဲ…"
မုန့်ချီက မေးလိုက်သည်။
အကယ်၍ မုန့်ချီသာဆိုလျှင် အလစ်ချောင်းတိုက်ခိုက်ရာတွင် ပါဝင်သောလူများ၏ အရေအတွက်၊ သူတို့ချမှတ်ထားသော ဝင်္ကပါများကို အရင်ဆုံး ဖော်ထုတ်မည်ဖြစ်သည်။ သူက မဆင်မခြင် လှုပ်ရှားလိမ့်မည် မဟုတ်ချေ။ ရန်ဝူဝို၏ပုံစံက အစစ်အမှန်ဖုတ်ကောင်တစ်ကောင်ကဲ့သို့ တောင့်တင်းနေပုံရ၏။
"ပထမဆုံး ငါတို့က ပညာရှင်တွေနဲ့ အနီးအနားမှာရှိတဲ့ဝင်္ကပါကို ဖော်ထုတ်ရမယ်…"
သူပြောလိုက်ပြီးနောက် သူ့နောက်တွင် အနီရောင် မီးတောက်တိုင်လုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သေချာစစ်ဆေးကြည့်လိုက်လျှင် ထိုအရာက မီးတောက်များကို စားသုံးနေသော မီးခိုးရောင်ဧရာမလူသန်ကြီးတစ်ဦးဖြစ်ကြောင်း နားလည်သွားခဲ့၏။
သူ့ဆီတွင် လက်သည်း(၂)ခု၊ မျက်တွင်းပေါက်(၂)ခုရှိနေပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မီးတောက်များက အနီးအနားတွင် ရှိနေသော ရေများအားလုံးကို ချက်ချင်း အငွေ့ပျံသွားစေခဲ့သည်။
“မိုးခေါင်နတ်ဆိုး ပုံစံလား။ မိုးခေါင်နတ်ဆိုးက ဘယ်နေရာကိုပဲသွားသွား မိုးခေါင်ခြင်းကို ဖြစ်စေတာလား…”
မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး မိုးခေါင်နတ်ဆိုးဆီမှ ထွက်ပေါ်လာခဲ့သော အပူချိန်ကို သတိလက်လွတ် ရှောင်ရှားလိုက်မိသည်။
ထိုမီးခိုးရောင် မိုးခေါင်နတ်ဆိုးက မီးတောက်များကို အသက်ရှူနေသော နဂါးတစ်ကောင်၏ ပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ထဲတွင် အနှစ်သာရများကို ဖုံးကွယ်ထား၏။
“နဂါး(၉)ကောင် နတ်ဘုရားမီးတောက်ခန္ဓာလား…”
မုန့်ချီက ဗုဒ္ဓလက်ဝါးနှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်တို့ကို လေ့ကျင့်ထားသည့်အတွက် အာရုံခံစွမ်းရည် အလွန်မြင့်မားသည်။ သူက ဘိုးဘေးဒိုမူ၏ ပုံရိပ်ယောင်ခန္ဓာကို မြင်ဖူးထားသည့်အတွက် ရန်ဝူဝိူ၏ ပုံရိပ်ယောင်ခန္ဓာကိုလည်း ခန့်မှန်းကြည့်နိုင်ခဲ့သည်။
ရန်ဝူဝိုက နဂါး(၉)ကောင် နတ်ဘုရားမီးတောက်ပုံစံ ရှိနေသော အနီရောင်နဂါးအစား မိုးခေါင်နတ်ဆိုးကို အစားထိုးအသုံးပြုထားခဲ့သည်။ ထို့ကြောင့် နဂါး(၉)ကောင် နတ်ဘုရားမီးတောက်ခန္ဓာက ဖုတ်ကောင်လက်သီးနှင့် ပေါင်းစပ်နိုင်ပြီး သူ၏အဓိကကျင့်ကြံမှုနည်းလမ်း ဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် သူကတော့ ပုံရိပ်ယောင်ခန္ဓာ တစ်စိတ်တစ်ပိုင်းကို ပြသထားခဲ့သည်။ လောင်ကျွမ်းနေသော မိုးခေါင်နတ်ဆိုး၏ ခြေထောက်က မြေပြင်နှင့် ထိနေပြီး သေမင်းပင်လယ်နှင့် ဆက်သွယ်ထား၏။ ရန်ဝူဝိုကလည်း ထိုနတ်ဆိုးကဲ့သို့ တစ်ထပ်တည်းရပ်နေပြီး အလွန်ကြီးမားသော မြေပြင်ကြီးအဖြစ် ပြောင်းလဲထားသလို ထင်မှတ်ရသည်။
ဖုတ်ကောင်များကို မြေကြီးမှ ဖန်တီးထားခြင်းဖြစ်ပြီး မိုးခေါင်နတ်ဆိုးကတော့ မီးတောက်ထဲမှ မြေကြီးများကို လေ့ကျင့်ထားခြင်း ဖြစ်သည့်အတွက် ဖုတ်ကောင်များ၏ ဖန်ဆင်းရှင်လည်း ဖြစ်သည်။
မျက်လုံးဖွင့်ထားသော မုန့်ချီက သူ၏ပတ်ပတ်လည်တွင် လောင်ကျွမ်းနေပုံ ရသော မီးတောက်များကို ခံစားနေရ၏။ ထိုအရာများအားလုံးက ပြာအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မီးတောက်တွေက ကမ္ဘာကြီးကို ဒီလိုဖန်တီးထားခဲ့တာလား…”
မုန့်ချီက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။
ထိုအချိန်တွင် သူက မီးတောက်များကို မြင်တွေ့ရခြင်း မရှိဘဲ ရန်ဝူဝိုနှင့် သူ့နောက်တွင် ရှိနေသော လောင်ကျွမ်းနေသည့် ပုံရိပ်ယောင်ခန္ဓာက သဲအဖြစ် ပြောင်းလဲပြီး မြေကြီးထဲသို့ နစ်ဝင်သွားသည်ကို မြင်လိုက်ရသည်။ သူတို့ကို ခွဲခြား၍ မရနိုင်ပေ။
“မြေပြင်ကို အသုံးချပြီး ထွက်ပြေးတဲ့နေရာမှာတော့ ရန်ဝူဝိုထက် ပိုသာတဲ့သူ နည်းနည်းလေးပဲ ရှိနိုင်တယ်…”
မုန့်ချီက ထိုအရာကို တွေးလိုက်မိခဲ့သည်။
သူက ထိုအရာကို စဉ်းစားနေသည့် အချိန်တွင် ကျောက်တုံးများ၊ သဲများ ဖုံးလွှမ်းနေသော သေမင်းပင်လယ်၏ မြေပြင်ကြီးက ပြင်းပြင်းထန်ထန် စတင်လှုပ်ရှားလာခဲ့သည်။ အဝေးတွင် ရှိနေသော ကျောက်တုံးများကလည်း စတင်ပြိုကျလာပြီး အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့၏။
"ငလျင်လှုပ်တာလား…"
ပထမတွင် မုန့်ချီက ထိတ်လန့်သွားခဲ့ပြီး သူ၏တုံ့ပြန်မှုအတွက် ရယ်လိုက်မိသည်။ သေမင်းပင်လယ်ထဲရှိ လက်ရှိတည်နေရာအရ မြေငလျင်ကိုလည်း စိုးရိမ်နေစရာ မလိုအပ်ပေ။ သူတို့က တောင်ကုန်း၊ တောင်တန်းနယ်မြေထဲကို ရောက်နေခြင်း မဟုတ်သည့်အတွက် အနီးအနားတွင် မည်သည့်အရာမျှမရှိချေ။
သူက လေထဲသို့ ပျံသန်းသွားလိုက်ရာ မိုင်ပေါင်း(၁၀၀)ခန့်အကွာရှိ မြေအောက်ထဲတွင် ဗဟိုချက်ကို မြင်လိုက်ရသည်။ ထိုအရာ၏ လွှမ်းမိုးမှုက မိုင်ပေါင်း(၁၀၀)ကျော်အထိ ပြန့်နှံ့သွားခဲ့သည်။ အလွန်ပြင်းထန်စွာ လှုပ်ရှားမှုကြောင့် မြေပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့သည်။
လှုပ်ရှားမှု ရပ်တန့်သွားသည့်အချိန်တွင် အက်ကွဲကြောင်းတစ်ခုထဲမှနေ၍ ကျောက်စလေးများ ဖြစ်ပေါ်လာပြီး အလွန်ရင်းနှီးသော ရန်ဝူဝိုအဖြစ် ပြောင်းလဲသွားခဲ့သည်။ လောင်ကျွမ်းနေသော မိုးခေါင်နတ်ဆိုးကတော့ ပျောက်ကွယ်သွားခဲ့၏။
“သူက ငလျင်ဖန်တီးခဲ့တာလား။ ဒါပေမယ့် ဘာလို့ ငလျင်ဗဟိုချက်က မိုင်(၁၀၀)လောက် အကွာမှာ ရှိနေရတာလဲ…”
အခြေအနေကို နားလည်သွားပြီးနောက် မုန့်ချီက မေးခွန်းထုတ်လိုက်မိသည်။
အကယ်၍ ထိပ်တန်းဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က အစွမ်းကုန် သုံးလိုက်မည်ဆိုလျှင် သူ၏သက်ရောက်မှုက မိုင်ရာပေါင်းများစွာအထိ ပျံ့နှံ့သွားနိုင်သည်။ မြေငလျင်များကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်၏။ ထို့ကြောင့် သူက မိုင်ရာပေါင်းများစွာအတွင်း ရှိနေသော နယ်မြေများကို သက်ရောက်စေနိုင်သည်မှာ ထူးဆန်းနေခြင်းတော့ မရှိချေ။
အမှန်တကယ် ထူးဆန်းနေသည်မှာတော့ ငလျင်ဗဟိုချက်၏ တည်နေရာ ဖြစ်သည်။ ထိုအရာက ရန်ဝူဝို၏လှည့်ကွက်တစ်ခုလည်း ဖြစ်သည်။ သူက အလစ်ချောင်း တိုက်ခိုက်ရန် စဉ်းစားပြီး အစစ်အမှန် ငလျင်တစ်ခုကဲ့သို့ ဖန်တီးခဲ့ခြင်းဖြစ်၏။ ထိုသို့ဆိုလျှင် သူတို့၏တည်နေရာနှင့် အစွမ်းကို ကန့်သတ်ရန် သူ့အတွက်ပို၍ လွယ်ကူသွားနိုင်သည်။
တိတ်ဆိတ်နေသော ရန်ဝူဝိုက မုန့်ချီဆီသို့ သတင်းစကားတစ်ခု ပို့လိုက်သည်။
"ဒီနေရာကနေ မိုင်(၅၀)အတောအတွင်း ထိပ်တန်းဝေ့ကျင်းအဆင့် သိုင်းသခင်(၃)ယောက်နဲ့ တခြားသာမန်သိုင်းသခင်(၅)ယောက်ရှိတယ်။ ငါက သူတို့ရဲ့အခြေအနေကို အကြမ်းဖျင်းပဲ စစ်ဆေးကြည့်နိုင်တယ်။ သူတို့ဘယ်သူလဲဆိုတာတော့ မသိဘူး…"
"ဒါက တော်တော်ထူးဆန်းတယ်…"
မုန့်ချီက စဉ်းစားနေခဲ့၏။
ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက် ပေါ်လာသည့်အတွက်ကြောင့် ငါးပင်လယ်နှင့် တန်ဟန်နယ်မြေထဲတွင် သိုင်းသခင်များစွာ ရှိနေသည်။ သူတို့နှင့် မိုင်(၅၀)အတောအတွင်း ထိုကဲ့သို့ သိုင်းသခင် (၈)ယောက် ရှိနေသည်မှာ ရယ်စရာကောင်းနေ၏။ ထို့ကြောင့် အလစ်ချောင်း တိုက်ခိုက်မှုက ရှိနေကြောင်း သူတို့က အတည်ပြုနိုင်သည်။
"ဟုတ်တယ်…."
ရန်ဝူဝိုက စကားများများမပြောခဲ့ဘဲ မုန့်ချီ၏သုံးသပ်မှုကို အတည်ပြုပေးလိုက်သည်။
ထို့နောက် မုန့်ချီက ပြောလိုက်၏။
"သိုင်းသခင် ဘယ်နှစ်ယောက်က အလစ်ချောင်းတိုက်ခိုက်မလဲဆိုတာ ကျွန်တော်လည်း သေချာမသိဘူး။ ပြီးတော့ လူဘယ်နှစ်ယောက်က စုံစမ်းစစ်ဆေးနေလဲဆိုတာလည်း သေချာမသိဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သိုင်းသခင်(၈)ယောက်ရဲ့ တိုက်ခိုက်မှုကိုတော့ ကာကွယ်ဖို့ အရင်ဆုံး စဉ်းစားထားသင့်တယ်…."
ရန်ဝူဝိုက လက်နောက်ပစ်ပြီး လေထဲသို့ ပျံသန်းသွားခဲ့၏။
"ငါတို့က ဘိုးဘေးကို ကူညီပေးဖို့ တောင်းဆိုလိုက်မယ်…"
သူက မာနကြီးပြီး မောက်မာသူတစ်ယောက်ဖြစ်သော်လည်း ဒီနေရာတွင် သူနှင့် အဆင့်တူ ထိပ်တန်းဝေ့ကျင်းအဆင့်ပညာရှင် (၃) ယောက် ရှိနေသလို ကောင်းကင်(၇)သွယ်မှ ကောင်းကင်(၈)သွယ်အထိ ရောက်နိုင်သော သိုင်းသခင်(၅)ယောက်လည်း ရှိနေသေးသည့်အတွက် သူတစ်ယောက်တည်း ရင်ဆိုင်ရန် အလွန်ခက်ခဲလှသည်။
မုန့်ချီကလည်း ထိုသို့တွေးလိုက်မိပြီး ရန်ဝူဝိုနှင့်အတူ နောက်သို့ပျံသန်းသွားခဲ့၏။ မြေငလျင်ကြောင့် လေထဲတွင် ပျံသန်းနေသည့် ဝေ့ကျင်းအဆင့်ပညာရှင်များစွာ ရှိနေသည့်အတွက် သူတို့၏လှုပ်ရှားမှုက သာမန်သာဖြစ်သည်။
သူတို့က ပျံသန်းနေကြရင်း မုန့်ချီက ဖြစ်ခဲ့သည့်အရာများကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေခဲ့ပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း သဘောပေါက်သွားခဲ့၏။
"ခေါင်းဆောင်ရန် ….
ချူချမ်းနင်က အင်မော်တယ်အဖွဲ့သား တစ်ယောက်ဆိုတာကို ဖမ်းသွားတဲ့လူတွေက သိနေမယ်လို့ထင်လား…"
မုန့်ချီက ရုတ်တရက် အရှိန်မြန်လိုက်ပြီးနောက် ရန်ဝူဝို၏ရှေ့သို့ ပျံသန်းလာပြီး မေးခွန်းထုတ်လိုက်သည်။
ရန်ဝူဝိုက သူ့ကိုစိုက်ကြည့်နေပြီး သူဆက်ပြောမည့်စကားကို စောင့်နေခဲ့၏။ မုန့်ချီက စဉ်းစားပြီး ပြန်ပြောလိုက်သည်။
"တကယ်လို့ သူတို့ကသာ မသိဘူးဆိုရင် စိတ်ဝိညာဉ်ရှာဖွေခြင်းနည်းလမ်းလို လျှို့ဝှက်ကျင့်စဉ်တွေ သုံးလိုက်ရုံနဲ့ ချူချမ်းနင်က အလိုလို ပျက်စီးသွားလိမ့်မယ်။ တကယ်လို့ ဒါသာအမှန်ဆိုရင် သူတို့က ဘယ်သူ့ကို ပစ်မှတ်ထားနေတာလဲ…”
"လူတွေအများကြီးထဲမှာ ချူချမ်းနင်က နာမည်မရှိသလို လျှို့ဝှက်ဆန်းကြယ်တဲ့ ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်ပဲ။ သူ့ကို ဖမ်းလိုက်တာက ဘာအကျိုးအမြတ်မှ မရှိဘူး။ သူ့ရဲ့နောက်မှာရှိတဲ့ အင်အားစုအကြောင်း နားမလည်ဘဲ သူ့ကို ဖမ်းလိုက်တာက ရူးသွပ်တဲ့လုပ်ရပ်မျိုးပဲ ဖြစ်လိမ့်မယ်လေ။ ဒါက အကျိုးမရှိဘဲ ရန်စသလိုမျိုးပဲ…"
"သူတို့က ချူချမ်းနင်ရဲ့ အဆင့်အတန်းကို သိနေတယ်ဆိုတာ ငါလည်း လက်ခံတယ်။ ဒီအလစ်ချောင်း တိုက်ခိုက်မှုရဲ့ပစ်မှတ်က အင်မော်တယ်တွေပဲ ဖြစ်နိုင်တယ်…"
ရန်ဝူဝိုက ထိုကိစ္စကို များများမပြောခဲ့ဘဲ ခေါင်းထဲတွင် ရှုပ်ထွေးနေပုံရသည်။ အမှန်အတိုင်း ပြောရလျှင် သူ့ဆီတွင်လည်း သုံးသပ်ချက်များရှိနေ၏။
မုန့်ချီက ဆက်ပြောလိုက်သည်။
"တကယ်လို့ ပစ်မှတ်ကသာ ကျွန်တော်တို့ အင်မော်တယ်တွေဆိုရင် သူတို့က ဘိုးဘေးနဲ့ ဓမ္မကာရအဆင့် ပညာရှင်တွေ ရှိတာကို မစဉ်းစားမိဘဲ နေပါ့မလား…"
ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကြောင့် ဘိုးဘေးလင်းပေါင်က အနီးအနားတွင် ရှိနေနိုင်ခြေ အလွန်များသည်။ ထိုသို့ဆိုလျှင် သိုင်းသခင်အနည်းငယ်က ဘာများအသုံးဝင်နိုင်မည်နည်း။
"အင်မော်တယ်တွေနဲ့ ချမ်းနင်အကြောင်း သိနေတဲ့သူတွေက ဘိုးဘေးအကြောင်း မသိတာလည်း ဖြစ်နိုင်တာပဲလေ…"
ရန်ဝူဝိုက ပြောလိုက်၏။ အင်မော်တယ်များက လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့၏တရားဝင် အဖွဲ့သားများနှင့် အင်အားက ပြင်ပကမ္ဘာကြီးထဲတွင် လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။
"တကယ်လို့ သူတို့က သိနေရင်ရော..။ ပြီးတော့ ဒီအလစ်ချောင်းတိုက်ခိုက်မှုက ဘိုးဘေးကို အထူးပစ်မှတ်ထားနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်…"
မုန့်ချီက လျင်မြန်စွာ ကောက်ချက်ချမိလိုက်သည်။ ထိုသို့ဆိုလျှင် ထိပ်တန်းဝေ့ကျင်းအဆင့် ပညာရှင်များနှင့် သိုင်းသခင်များက သူတို့(၂) ယောက်ကို လှည့်စားရန် အယောင်ပြထားခြင်းသာ ဖြစ်နိုင်သည်။
"တကယ်လို့ ဒါသာဆိုရင် အလစ်ချောင်းတိုက်ခိုက်မှုရဲ့အန္တရာယ်က ဒီနေရာမှာ ဆုံးသွားပြီ…"
ရန်ဝူဝို၏ အမူအယာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။
"ငါက ဒါကိုတော့ မစဉ်းစားမိဘူး။ ဒါပေမဲ့ ဘိုးဘေးက သူ့ရဲ့အစစ်အမှန်နာမည်သုံးပြီး ကွေချင်းဟယ်နဲ့ ဟယ်ချီတို့ဆီ ပြောပြလို့ ရကောင်းရနိုင်တယ်။ ဒီလိုဆိုရင် ငါတို့မှာ ဓမ္မကာရအဆင့် ပညာရှင်(၃) ယောက်ရှိနေတဲ့အတွက် အလစ်ချောင်း တိုက်ခိုက်မှုကိုလည်း အလွယ်တကူ ရင်ဆိုင်နိုင်လိမ့်မယ်…"
ထိုအရာက အလုံခြုံဆုံးနည်းလမ်းတစ်ခု ဖြစ်သော်လည်း သူတို့၏ နောက်ဆုံးရွေးချယ်မှု ဖြစ်သည်။ မည်သို့ဖြစ်သည့်ကာမူ သူတို့က ကွေချင်းဟယ်နှင့်ဟယ်ချီတို့ကိုလျှို့ဝှက်ချက်များ ပြောပြရပါလိမ့်မည်။ ဓမ္မကာရအဆင့် (၃)ယောက် လျှို့ဝှက်မဟာမိတ်အဖွဲ့က ပင်မလမ်းညွှန်ချက်ကို ရယူရန် အစီအစဉ်ကလည်း ပို၍ပင်ခက်ခဲသွားနိုင်၏။
မုန့်ချီက စဉ်းစားနေခဲ့သည်။
"ဒီဆရာကြီးတွေကို မလိုအပ်ဘူးထင်တယ်…"
"မင်းမှာ တခြားနည်းလမ်း ရှိတာလား…"
နောက်ဆုံးတွင်တော့ ရန်ဝူဝိုဆီတွင် ခံစားချက် အနည်းငယ်ပေါ်လာခဲ့သည်။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ဒဏ္ဍာရီအဖွဲ့က ကောင်းကင်ဧကရာဇ်က ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ဖြစ်ပေမယ့် အင်မော်တယ်အဖွဲ့က ခေါင်းဆောင်တွေက ပိုပြီးတော့ အဆင့်မြင့်တယ်။ အခု သူတို့ဆီမှာ ဓမ္မကာရအဆင့် ပညာရှင်နည်းနည်းပဲ ရှိတယ်။ ဒီတော့ တခြားဓမ္မကာရအဆင့် ပညာရှင်တွေရဲ့ အကူအညီရဖို့ အခွင့်အရေးကလည်း အရမ်းနည်းတယ်။ သူတို့က အများဆုံး ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် တိုက်ခိုက်မှာကိုပဲ တားဆီးထားပြီး ထွက်ပြေးဖို့ အစီအစဉ်တွေ လုပ်ထားနိုင်တယ်..”
“သူတို့က ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် အလစ်ချောင်းတိုက်ခိုက်တာကို ခုခံဖို့ စဉ်းစားထားပေမယ့် အင်မော်တယ်တွေထဲမှာ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် မရှိသေးတာလည်း ဖြစ်နိုင်တာပဲလေ။ ဒီတော့ ကျွန်တော်တို့ရဲ့ရန်သူ ဒဏ္ဍာရီအဖွဲ့ကပဲ ခြွင်းချက် ဖြစ်နေတယ်။ သူတို့က ဘိုးဘေးအကြောင်းကို သေချာပေါက် သိနေပြီး ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ဆိုတာကိုလည်း သိနေတယ်။ တကယ်လို့ ဒီကိစ္စကိုသာ သူတို့က စိုးရိမ်နေတယ်ဆိုရင် သူတို့ရဲ့ထောင်ချောက်က ဘိုးဘေးကို ပစ်မှတ်ထားနေတာလည်း သေချာတယ်…”
“ကျွန်တော် ခိုးကြည့်တာကိုလည်း သူတို့က သိသွားလောက်တယ်။ ဒါပေမယ့် သူတို့က ထောင်ချောက်ကို ပြည့်စုံအောင်လို့ ကျွန်တော့်ကို တမင်လျစ်လျူရှုထားတာလည်း ဖြစ်နိုင်တယ်။ ဒီကိစ္စမှာ ဒဏ္ဍာရီတွေ ပတ်သက်နေတာ ဟုတ်မဟုတ် ဖော်ထုတ်နိုင်မယ်ဆိုရင် ဒီကိစ္စက ပိုပြီးတော့ လွယ်ကူသွားနိုင်တယ်။ တကယ်လို့ သူတို့ကသာ တခြားအဖွဲ့အစည်းကို ကျွန်တော်တို့ရဲ့ အချက်အလက်တွေ ရောင်းစားလိုက်မယ်ဆိုရင်တော့ ပိုပြီးတော့ ရိုးရှင်းနိုင်တယ်…"
ရန်ဝူဝိုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ငါတို့က ဘယ်လိုစတင်ကြမလဲ…"
"ခေါင်းဆောင်ရန်က ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား ကျိုးချိုးရှန်ကို မေ့နေတာလား…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
ဤနေရာတွင် ဒဏ္ဍာရီအဖွဲ့မှ အဖွဲ့ဝင်တစ်ယောက် ပေါ်လာသည့်အတွက် သူက မည်သည့်အရာများ ဖြစ်နေကြောင်း သိနေနိုင်သည်။ သူတို့ကသာ ဒဏ္ဍာရီအဖွဲ့၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ခြင်း မရှိသရွေ့ တိမ်တိုက်ပြာဘိုးဘေးအကြောင်းကို မေးလိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရန် မဖြစ်နိုင်ပေ။
ရန်ဝူဝိုက ဆုံးဖြတ်ချက်ပြတ်သားသော လူတစ်ယောက်ဖြစ်သည့်အတွက် မုန့်ချီ၏ တောင်းဆိုမှုကို ချက်ချင်း လက်ခံလိုက်သည်။ သူက ဒဏ္ဍာရီအဖွဲ့မှ တခြားအဖွဲ့သားများကို မျှားခေါ်ရန် ကျိုးချိုးရှန်ကို ထိန်းသိမ်းထားရန်ပင် စဉ်းစားနေခဲ့ခြင်း မရှိချေ။
ထိုအရာကို ဆွေးနွေးလိုက်ပြီးနောက် ရန်ဝူဝိုက မြေအောက်ထဲသို့ နောက်တစ်ကြိမ် ဝင်သွားခဲ့ပြီး မုန့်ချီကတော့ တခြားသော ဝေ့ကျင်းအဆင့်ပညာရှင် တစ်ယောက်အဖြစ် ပြောင်းလဲ၍ ကျိုးချိုးရှန်နှင့် ချမ်းကိုင်တို့၏ တည်နေရာကို ရှာဖွေနေခဲ့သည်။
နေ့ဝက်ခန့် ရှာဖွေခဲ့ပြီးနောက် မုန့်ချီက ချမ်းကိုင်၊ ကျိုးချိုးရှန်နှင့် တံခါးစောင့် လုကျန်းတို့က ဗုဒ္ဓအငွေ့အသက်များ ထွက်ပေါ်လာနေသော တောင်ကြားကြီးထဲတွင် တစ်စုံတစ်ခုကို ရှာဖွေနေကြောင်း တွေ့လိုက်ရသည်။
"ငါက တိုက်ခိုက်သင့်လား…"
ရန်ဝူဝိုက ရုတ်တရက် ပေါ်လာပြီး မေးလိုက်သည်။
မုန့်ချီက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
"ကျိုးချိုးရှန်ရဲ့အနားမှာ ဒဏ္ဍာရီအဖွဲ့က အဆင့်မြင့်ပညာရှင်တွေ ရှိနေနိုင်တဲ့ အခြေအနေကိုလည်း ကျွန်တော်တို့က ပြင်ဆင်ထားဖို့ လိုတယ်။ ကျေးဇူးပြုပြီး အရင်ဆုံး ပုန်းနေလိုက်ပါ။ တကယ်လို့ အခြေအနေက ချောချောမွေ့မွေ့မဖြစ်ဘူးဆိုရင် ကျွန်တော်တို့က ပြသာနာကနေ ရှောင်လို့ရတယ်.."
ရန်ဝူဝိုက မုန့်ချီကို စိုက်ကြည့်လိုက်၏။
"မင်းက သူ့ကိုဖမ်းဖို့ ယုံကြည်ချက်ရှိလား…"
"သေချာပေါက် ရှိတာပေါ့.."
မုန့်ချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ရန်ဝူဝိုက မြေအောက်ထဲတွင် နောက်တစ်ကြိမ် ပုန်းနေပြီး မုန့်ချီကတော့ တိုက်ခိုက်ရန် အခွင့်အရေးကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။
ကျိုးချိုးရှန်၊ချမ်းကိုင်နှင့် တံခါးစောင့်လုကျန်းတို့က လူစုခွဲသွားကြ၏။ သူတို့၏ ကြားထဲတွင် ရှိနေသော အကွာအဝေးက တဖြည်းဖြည်းပိုပြီး ကြီးမားလာသည်။
ထိုအချိန်တွင် မုန့်ချီက နေမင်းကျင့်ကြံသူ ရှန်းပေါင်အဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ဘယ်လက်ထဲတွင် ဓားကို ကိုင်ထားခဲ့သည်။ ထို့နောက် သူက ကျိုးချိုးရှန်၏အနားသို့ လျင်မြန်စွာ ကပ်သွားခဲ့၏။
ပထမတွင် ကျိုးချိုးရှန်က အံ့ဩသွားခဲ့သော်လည်း မုန့်ချီ၏အငွေ့အသက်ကို ခံစားမိသည့်အတွက် စိတ်အေးသွားခဲ့သည်။
"အစ်ကိုရှန်း ...အစ်ကိုရှန်းက ဘာလို့ ဒီမှာ ပေါ်လာရတာလဲ…"
သူ၏မျက်လုံးများက အနည်းငယ်လှုပ်ရှားနေသည့်အတွက် အနက်ရောင်မှဲ့ကြီးက ပို၍ထင်ရှား နေခဲ့သည်။
"ငါက သေချာစဉ်းစားပြီး မင်းတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ငါက မင်းတို့ရဲ့နောက်ကနေ လိုက်လာခဲ့တာ…"
မုန့်ချီက ကျိုးချိုးရှန်ဆီကို လျှောက်လာရင်း ပြောလိုက်သည်။ သူတို့က စကားပြောနေရင်း မုန့်ချီက လုံခြုံသော အကွာအဝေးကို ရောက်လာခဲ့သည်။
ကျိုးချိုးရှန်က သက်ပြင်းချလိုက်မိသည်။
"ဒါဆိုရင်တော့ အရမ်းကောင်းတယ်။ အစ်ကိုရှန်းရဲ့ အကူအညီနဲ့ဆိုရင် အဲဒီနေရာကို ကျွန်တော်တို့က ဝင်နိုင်လိမ့်မယ်…"
သူ့စကားမဆုံးသေးခင် မုန့်ချီက ရှေ့ကို လျှင်မြန်စွာ လျှောက်လာခဲ့သည်။ ထို့ကြောင့် သူတို့၏အကွာအဝေးက ပေ(၁၀၀)ခန့်မှနေ၍ (၁၀)ပေခန့်သာ ကွာဝေးတော့၏။ ထို့နောက် သူက တင်းတင်းဆုပ်ထားသော ညာဘက်လက်သီးနှင့် ထိုးလိုက်သည်။
ထိုလက်သီးက ရွှေရောင်ဖြစ်ပြီး အနက်ရောင်နှင့် အဖြူရောင်အစက်များ လွှမ်းခြုံနေခဲ့သည်။ အလွန်တည်ငြိမ်အေးချမ်းသော အငွေ့အသက်များက လေထဲတွင် ပြည့်နှက်နေခဲ့ပြီး တာအိုနှင့် ကောင်းမှုအငွေ့အသက်များက လေထဲတွင် ရောနှောနေခဲ့သည်။ ထိုအရာကတော့ အရိုးအဆစ်များကိုပင် မြင်တွေ့ရနိုင်သည့် လက်သီးချက်တစ်ခုဖြစ်သည်။
ကျိုးချိုးရှန်က တုံ့ပြန်ရန် အချိန်မရခဲ့ဘဲ သူ၏ခန္ဓာကိုယ်ပေါ်တွင် သလင်းကျောက် အကာအကွယ်တစ်ခု ပေါ်လာခဲ့သည်။ လျှို့ဝှက်ရတနာက အလိုလို အသက်ဝင်လာခြင်းဖြစ်၏။
ကျောက်စိမ်းပုံသဏ္ဍာန်လက်သီးက အလွန်အဆင့်အတန်းမြင့်မားပုံရပြီး လက်သီးထဲမှနေ၍ ရှေးဟောင်းနိယာမများ ထွက်ပေါ်လာခဲ့သည်။ ထိုအဖြူရောင်လက်သီးက ရောင်စုံအကာအကွယ်ကို အလွယ်တကူ ထိုးဖောက်သွားခဲ့သည်။
ကျိုးချိုးရှန်က အလွန်ထိတ်လန့်အံ့ဩသွားခဲ့၏။ သူ၏ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်ချီစွမ်းအင်များ ထွက်ပေါ်လာပြီး သူတော်ကောင်းတရားများစွာ ထွက်ပေါ်လာခဲ့သည်။ သူလည်း ထိုကပ်ဘေးမှ လွတ်မြောက်ရန် ကြိုးပမ်းနေပုံရ၏။
ထိုအချိန်တွင် ရွှေရောင်အလင်းစက်များက တဖြည်းဖြည်းများပြားလာပြီး အဖြူရောင်နှင့် အနက်ရောင်အလင်းတန်းလေးများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။ ထိုလက်သီးပေါ်တွင် ရွှေရောင်ကြာပန်းတစ်ခု ပေါ်လာသလို ထင်မှတ်ရ၏။ ခုခံနေသည့် ခရမ်းရောင်ချီစွမ်းအင်များက အသုံးမဝင်ေတော့ပေ။
ထိုလက်သီးက ကျိုးချိုးရှန်၏ နဖူးအလယ်တည့်တည့်သို့ ကျရောက်လာခဲ့သည်။ မာကျောရာမှ ပျော့ပျောင်းမှု၊ ယင်မှယန်သို့ ပြောင်းလဲသွားခဲ့ပြီး လက်သီးက ချက်ချင်းပွင့်လာ၍ ကျိုးချိုးရှန်၏နဖူးကို ချုပ်ကိုင်ထားလိုက်သည်။ ချီစွမ်းအင်များကလည်း ကျိုးချိုးရှန်၏ နဖူးထဲသို့ စိမ့်ဝင်သွားခဲ့ပြီး သူ၏ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ချုပ်နှောင်ထားလိုက်သည်။
တစ်ချိန်တည်းတွင် အနီရောင်မီးတိုင်လုံးတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီနှင့်ကျိုးချိုးရှန်တို့ကို လွှမ်းခြုံ၍ မြေအောက်ထဲတွင် ပျောက်ကွယ်သွားခဲ့၏။
တံခါးစောင့်လုကျန်းနှင့် ချမ်းကိုင်တို့က တိုက်ပွဲကို ခံစားမိသည့်အတွက် ချက်ချင်း ပြန်ရောက်လာခဲ့သည်။ သူတို့ပြန်ရောက်လာသည့်အချိန်တွင်တော့ သဲများ၊ကျောက်များကိုသာ တွေ့လိုက်ရပြီး လူတစ်ယောက်မျှမတွေ့ရပေ။ ကျိုးချိုးရှန်က ပျောက်ကွယ်သွားခဲ့၏။
ချမ်းကိုင်၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ပေါ်လာခဲ့သည်။ သူက ကျိုးချိုးရှန်နှင့် လူချင်းကွဲသွားသည်မှာ ခဏလေးသာ ရှိသေးသော်လည်း ကျိုးချိုးရှန်က ဤနေရာတွင် လုံးဝမရှိခဲ့ပေ။ သူက အိမ်မက်မက်နေသလားဟုပင် သံသယဝင်နေမိခဲ့၏။
"ကျိုးချိုးရှန်က (၂)မိနစ်အတွင်း အဖမ်းခံလိုက်ရတာလား။ တော်တော်ကြောက်စရာကောင်းတဲ့ ရန်သူပဲ…"
Translated by Hein Htet.