အခန်း (၅၄၅)
Vol. 37 Ch. 545
ကျောက်တုံးနှင့် သဲစလေးများက ပတ်ပတ်လည်တွင် ပြည့်နှက်နေပြီး အစိမ်းရောင် မြက်ခင်းပြင်များကို တစွန်းတစပင် တွေ့နေရခြင်း မရှိချေ။ လေလှိုင်းများက မကြာခဏ တိုက်ခတ်နေပြီး ပို၍များပြားသောသဲများကို ယူဆောင်လာပေးသည်။
ကျောက်တုံးကျောက်ခဲ အနည်းငယ်၏ အလယ်တွင်တော့ သဲနှင့်ကျောက်တုံးများက ရေတံခွန်တစ်ခုကဲ့သို့ အပေါ်ကို ထောင်တက်လာပြီး လူသားပုံသဏ္ဍာန် စုစည်းသွားခဲ့သည်။ မုန့်ချီ၊ ကျိုးချိုးရှန်နှင့် ယက္ခပျံတို့က ထိုနေရာတွင် ပေါ်လာခဲ့၏။
"ခေါင်းဆောင်ရန် …
ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို ယာယီဖျက်ဆီးနိုင်တဲ့ နည်းလမ်းများရှိလား…"
မုန့်ချီက စဉ်းစားမနေဘဲ တည့်တည့်သာ မေးလိုက်သည်။
အကယ်၍ သူက ထိုအရာကို ကိုယ်တိုင်လုပ်ရမည်ဆိုလျှင်တော့ မျက်လုံး(၉)လုံး သံသရာပုတီးကို အသုံးပြုရန် လိုအပ်၏။ သို့သော် အကူအညီတစ်ယောက် ရှိနေသည့်အတွက် ထိုအရာကို အသုံးပြုရန် အကြောင်းပြချက် မရှိချေ။
ရန်ဝူဝိုက အတွေ့အကြုံရှိသော သံသရာခရီးသွားတစ်ယောက်ဖြစ်ပြီး မြေပြင်မှတ်တမ်း၏ ထိပ်ဆုံး(၃၀)တွင် ရှိသော သိုင်းသခင်တစ်ယောက် ဖြစ်သည့်အပြင် မြစ်အရှေ့ပိုင်းတွင် နာမည်ကျော်ကြားသော ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်လည်းဖြစ်သည်။ သူက အလားတူရတနာများကို မရင်းနှီးဘဲ နေမည်လော။
ရန်ဝူဝိုက တိုက်ရိုက်ပြန်ဖြေခဲ့ခြင်းမရှိဘဲ ကျိုးချိုးရှန်ဆီကိုသာ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် သူ၏ပါးစပ်ထဲ၌ ချွန်ထက်သော အဖြူရောင်အစွယ်(၂)ချောင်းပေါ်လာပြီး ကျိုးချိုးရှန်၏ လည်ပင်းကို ကိုက်လိုက်သည်။
ထိုအရာကြောင့် မုန့်ချီက မျက်လုံးပင့်လိုက်မိသည်။ ဖုတ်ကောင်လက်သီးသိုင်းပညာကို လေ့ကျင့်ထားသူတစ်ယောက်က ကိုယ်တိုင်ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားနိုင်ခြင်းပေလော။
ကျိုးချိုးရှန်က အံ့ဩမှင်တက်စွာ သတိဝင်လာပြီး သူ၏အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားသည်။ တဖြည်းဖြည်းနှင့် သူက အလွန်ရင့်ကျက်တည်ငြိမ်သော ပုံစံနှင့်ကွဲပြားစွာ အကြောက်တရားများကို ခံစားနေရသည့် အမူအယာများ ပြသလာခဲ့သည်။
ထို့ကြောင့် မုန့်ချီကပင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားခဲ့၏။ သူ၏မျက်နှာက လှုပ်ရှားလာပြီး သူက မလွတ်မြောက်နိုင်သော အိမ်မက်ဆိုးကြီးတစ်ခုထဲတွင် ပိတ်မိနေသလို ခံစားနေရသည်။ ရန်ဝူဝိုက သူ၏အစွယ်(၂)ခုကို ဆွဲထုတ်လိုက်သည့်အချိန်တွင် သွေးစသွေးနများမရှိဘဲ ဖြူဖွေးပြီး ရှင်းလင်းနေသည်ကို တွေ့နေရသေး၏။
"နာရီဝက် အချိန်ရမယ်…"
ရန်ဝူဝိုက ပြောလိုက်သည်။
မုန့်ချီက ကျိုးချိုးရှန်၏ လေဟာနယ်လက်စွပ်ကို သေချာချွတ်လိုက်ပြီး ရန်ဝူဝိုကို ပိတ်ဆို့ထားစေခဲ့သည်။ သူက အဘိုးကြီးကျုံး၏ အဖြစ်အပျက်မှ သင်ခန်းစာများကို သင်ယူထားခဲ့ခြင်း ဖြစ်၏။
ထို့နောက် သူ၏မျက်လုံးက ပွင့်လာပြီး အလွန်နက်ရှိုင်းသော အနက်ရောင် မျက်လုံးကြီးတစ်လုံး ပေါ်လာခဲ့သည်။ ထိုအရာက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်နှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ စိတ်ဝိညာဉ် တိုက်ခိုက်မှုပုံစံတစ်မျိုး ဖြစ်သည်။
ပတ်ပတ်လည်တွင် ရှိနေသော ကျောက်တုံးများ ကျောက်ခဲများက ပျောက်ကွယ်သွားခဲ့ပြီး အရာအားလုံးက အမှောင်ထုကြီးထဲတွင် နစ်မြုပ်သွားခဲ့၏။ အမှောင်ထုကြီးထဲတွင်တော့ ရွှေရောင်အလင်းစက်များစွာက လှိုင်းမရှိသော သမုဒ္ဒရာထဲတွင် ရှိနေသည်။
ရွှေရောင်အလင်းစက်များစွာက လှုပ်ရှားလာသည့် အချိန်တွင် ကျိုးချိုးရှန်က တိမ်တိုက်ပြာဘိုးဘေး ချူချမ်းနင်နှင့် ပတ်သက်သောအရာအားလုံးကို ပြန်လည်မှတ်မိလာခဲ့သည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ လှပသော ချူချမ်းနင်က အပေါက်ဆိုးသည့်အပြင် အလွန်အေးစက်ပြီး နှစ်လိုဖွယ် မရှိချေ။ သူမက စားသောက်သူများကို အလွန်အေးစက်စွာ ဆက်ဆံတတ်ပြီး အစားအသောက်များကလည်း အလွန်တရာမှ ဈေးကြီးလှသည်။
တန်ဟန်သို့ ရောက်လာပြီးနောက် သူက သာမန်အိမ်တစ်လုံးထဲသို့ ဝင်သွားခဲ့သည်။ သူ တံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် အိပ်ရာပေါ်၌ တင်ပျဉ်ခွေထိုင်နေသော ချူချမ်းနင်ကို တွေ့လိုက်ရ၏။ သူက အဝါရောင်နံရံကို မှီထားသည်။
သူမ၏ မျက်နှာချင်းဆိုင်တွင်တော့ နောက်ထပ် လူတစ်ယောက် ထိုင်နေပြီး သူ၏မျက်နှာပေါ်တွင် မျက်နှာဖုံးအုပ်ထား၍ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုအရာကတော့ ဆူးချုံမည်းကြယ်ဖြစ်၏။
တံခါးက နောက်တစ်ကြိမ် ပွင့်သွားသည့်အချိန်တွင် မျက်နှာဖုံးမရှိသော နောက်ထပ် လူတစ်ယောက် ဝင်လာခဲ့သည်။ သို့သော် မုန့်ချီ၏ရှေ့တွင် မြင်နေရသော မြင်ကွင်းများက အပိုင်းပိုင်းအစစ ပျောက်ကွယ်သွားခဲ့ပြီး အလင်းစက်များအဖြစ် ပြောင်းလဲသွား၏။
အနက်ရောင်မီးတောက်များကလည်း ကျိုးချိုးရှန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ့ကို ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။ ကျိုးချိုးရှန်၏ သေဆုံးမှုကြောင့် မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။
“ချမ်းနင်က တန်ဟန်မှာ ရှိနေတာပဲ။ သူက ငါးပင်လယ်နဲ့ တန်ဟန်ကြားထဲမှာရှိတဲ့ မြေအောက်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား။ အစစ်အမှန် ချူချမ်းနင်က ဘယ်သူလဲ..”
“သူတို့က တန်ဟန်မှာရှိတဲ့ မြေအောက်ထဲကနေ သူ့ကို နေရာပြောင်းလိုက်တာများလား…”
ရန်ဝူဝိုကတော့ ထိုကဲ့သို့ ဖြစ်နိုင်ခြေကို စဉ်းစားမိခြင်း မရှိဘဲ အချိန်တော်တော်ကြာ တွေဝေနေပြီးနောက် ပြောလိုက်သည်။
"လုံးဝမဖြစ်နိုင်ဘူး…"
မုန့်ချီက တိတ်တဆိတ် ပြောလိုက်သည်။
"ကျိုးချိုးရှန်က တန်ဟန်ကို ဒီမနက်ကမှ သွားထားတာ။ ပြီးတဲ့အချိန်မှပဲ ဗုဒ္ဓအလင်းတန်း ထွက်လာတဲ့နေရာကို ရောက်လာတာ။ ကျွန်တော်တို့က အဲဒီအချိန်ပြီးမှပဲ မြေအောက်ထဲမှာ ရှာဖွေနေခဲ့တာလေ…"
သူတို့က ကျိုးချိုးရှန်ကို ရှာဖွေရန် နေ့ဝက်ခန့် အချိန်ပေးခဲ့ရသည့်အတွက် ညနေစောင်း ဖြစ်နေခဲ့သည်။ နေကျချိန် ဖြစ်သည့်အတွက် ကျောက်တုံးများကလည်း အနီရောင် ပြောင်းနေခဲ့ပြီး ကန္တာရကြီးကလည်း နေဝင်ဆည်းဆာ အလင်းတန်းများအောက်တွင် အလွန်လှပနေခဲ့၏။
“တကယ်လို့ ချူချမ်းနင်ကသာ တန်ဟန်မှာဆိုရင် အဲဒီမြေအောက်ထဲမှာ ရှိနေတာက ဘယ်သူလဲ…”
မုန့်ချီ၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ပေါ်လာပြီး သူကတော့ ကံဆိုးမှုမှ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။
သူက ခဏရပ်ပြီး ဆက်ပြောလိုက်၏။
"ဒီကိစ္စက ဒဏ္ဍာရီတွေနဲ့ သေချာပေါက် ပတ်သက်နေတယ်။ မြေအောက်ထဲမှာရှိတဲ့ ထောင်ချောက်က ကျွန်တော်တို့ ထင်ထားတာထက်တောင် ပိုပြီးတော့ အန္တရာယ်များလိမ့်မယ်။ တကယ်လို့ ကျိုးချိုးရှန်ကသာ ချူချမ်းနင်ကို မနေ့က မြင်ခဲ့တာဆိုရင် သူတို့တွေက သူ့ကို မြေအောက်ထဲကနေ နေရာပြောင်းလိုက်တဲ့ ဖြစ်နိုင်ခြေကို ဖယ်ရှားလိုက်လို့တော့ မရဘူး။ ကျွန်တော်ကတော့ တန်ဟန်ကိုပဲ အရင်ဆုံး စစ်ဆေးဖို့ပဲ အကြံပေးချင်တယ်။ ဆူးချုံမည်းကြယ်က အဲဒီနေရာမှာ ရှိနေလိမ့်မယ်။ ဒဏ္ဍာရီအဖွဲ့က တခြားပညာရှင်တွေလည်း အနားမှာ ရှိနေနိုင်တယ်.."
ထိုစကားကို ကြားသည့်အခါ ရန်ဝူဝို၏ အမူအယာက ပြောင်းလဲသွားခဲ့သည်။
"အခု ကျိုးချိုးရှန်က ပျောက်သွားတာကို ဒဏ္ဍာရီအဖွဲ့က သိသွားနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့အစီအစဉ်က ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ငါတို့က တန်ဟန်ကို ချက်ချင်းအမြန်သွားဖို့လိုတယ်…"
သူက ဒဏ္ဍာရီအဖွဲ့တွင် တတိယအစွမ်းထက်ဆုံးဖြစ်သော ဆူးချုံမည်းကြယ်ကို ရှင်းပစ်ရန် ဘိုးဘေးလင်းပေါင်ကို တိုက်ခိုက်စေချင်ခဲ့သည်။ သို့သော် သူက အလွန်သတိထားနေသည့်အတွက် ချမ်းကိုင်နှင့် တံခါးစောင့်လုကျန်းတို့ကို မသတ်ခဲ့ပေ။ သူတို့က ထိုသတင်းကို တန်ဟန်တွင် ပျံ့သွားအောင် လုပ်ဆောင်နိုင်၏။
အကယ်၍ သူတို့သာ အလွန်နောက်ကျသွားမည်ဆိုလျှင် သူတို့၏ စုံစမ်းမှုက အရာမထင်နိုင်တော့ပေ။ မုန့်ချီကလည်း ထိုအရာကို ချက်ချင်းနားလည်ပြီး တွေဝေမနေခဲ့ပေ။ သူက ကျိုးချိုးရှန်၏ လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော ပစ္စည်းများကို စစ်ဆေးမနေတော့ဘဲ ထိုအရာကိုသိမ်း၍ ရန်ဝူဝိုနှင့်အတူ မြေအောက်ထဲသို့ နောက်တစ်ကြိမ် ဝင်သွားခဲ့သည်။
သေမင်းပင်လယ် ကန္တာရကြီးက မြေပြင်ထွက်ပြေးခြင်းအစွမ်းကို အသုံးပြုရန် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်သည်။ ခဏကြာပြီးနောက် တန်ဟန်တွင် ကျောက်တုံးကျောက်ခဲတချို့ လှုပ်ရှားလာပြီး သူတို့ရောက်လာကြောင်း အချက်ပြလိုက်သည်။
ငါးပင်လယ်ကဲ့သို့ သာမန်ပညာရှင်များနှင့် ဉာဏ်အလင်းပွင့်မှု ပညာရှင်များက တခြားသော အိုအေစစ်နယ်မြေများဆီသို့ ဆုတ်ခွာသွားကြသည်။ လမ်းပေါ်တွင် ရတနာရှာဖွေသော ဝေ့ကျင်းအဆင့် ပညာရှင် အနည်းငယ်သာ ရှိနေသည့်အတွက် ဤနေရာကြီးက တိတ်ဆိတ်ခြောက်ကပ်နေသည်။
သူတို့က ကျိုးချိုးရှန်၏ မှတ်ဉာဏ်ထဲတွင် ရှိနေသော အိမ်၏မျက်နှာချင်းဆိုင်တွင် ရှိနေကြသည်။ မုန့်ချီနှင့် ရန်ဝူဝိုတို့က ထိုနေရာကို ဖြတ်သွားရန် ဟန်ဆောင်ကြသည့် အချိန်တွင် ထိုနေရာ၌ အစောင့်အကြပ် အလွန်တင်းကြပ်ကြောင်း နားလည်သွားကြသည်။
သူတို့က လူပေါင်းများစွာ၏ အငွေ့အသက်ကို ဖုံးကွယ်ရန် ချီစွမ်းအင်များကို အသုံးပြုထားခဲ့သည်။ ထို့ကြောင့်လည်း စိတ်ဝိညာဉ်မီးအိမ်က ဤနေရာကို ညွှန်ပြမှု မရှိခြင်းဖြစ်၏။
ထိုအိမ်ကို ဖြတ်ကျော်လာပြီးနောက် မုန့်ချီက ပြောလိုက်သည်။
"ခေါင်းဆောင်ရန် …
ကျွန်တော်က သူ ရှိ၊မရှိ အရင်ဆုံးသွားပြီးစစ်ဆေးကြည့်လိုက်မယ်…"
"ကောင်းပြီလေ…”
ရန်ဝူဝိုက ခေါင်းညိတ်ပြလိုက်သည်။
မုန့်ချီက နောက်တစ်ကြိမ် ကန္တာရကြွက်တစ်ကောင်အဖြစ် ပြောင်းလဲပြီး အိမ်ထဲတွင် စားစရာခိုးရန် ဝင်လာသည့်ပုံစံမျိုး ဟန်ဆောင်လိုက်သည်။ သူက မူလကြွက်တွင်းပေါက်တစ်ခုကို တွေ့လိုက်ရပြီးနောက် သူ၏နှာခေါင်းထဲတွင်လည်း ညှိစို့စို့ရနံ့တစ်ခုကို ရလိုက်သည်။
သူက သတိလစ်မတတ်ခံစားလိုက်ရသော်လည်း အံကြိတ်ပြီး ပစ်မှတ်ခြံဝင်းထဲဆီသို့ ဆက်တိုက်ချဉ်းကပ်သွားခဲ့သည်။ ကြွက်တွင်းထဲတွင် အချိန်တော်တော်ကြာ သွားလာပြီးနောက် မုန့်ချီက လေထဲတွင် အန္တရာယ်များသော အငွေ့အသက်တစ်ခုကို ခံစားမိလိုက်သည်။
ကြည့်ရသည်မှာ ဤနေရာတွင် ဒဏ္ဍာရီအဖွဲ့မှ ခေါင်းဆောင်တစ်ယောက် ရှိနေပုံရ၏။ သာမန်ကန္တာရကြွက်တစ်ကောင် ဆိုလျှင်တော့ ထိုအငွေ့အသက်ကို ခံစားမိရုံနှင့် ချက်ချင်းပြန်လှည့်ပြီး ထွက်ပြေးသွားနိုင်သည်။ ထို့ကြောင့် မုန့်ချီလည်း တူညီစွာ လုပ်ဆောင်ခဲ့၏။
မုန့်ချီက အိမ်ထဲမှ ထွက်ပြေးလာ၍ လူသားပုံသဏ္ဌာန်ပြောင်းလဲပြီး ရန်ဝူဝိုဆီသို့ ပြန်ရောက်လာသည်။ သူက ပြောလိုက်၏။
"အတွင်းထဲမှာ တကယ်ပဲ ဆူးချုံမည်းကြယ် ရှိတယ်။ ဒါပေမဲ့ သူက တော်တော်လေး သတိထားနေပြီး သူ ပေါ်သွားမှာကိုလည်း ကြောက်နေတယ်။ ဒါကြောင့် သူက သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို တန်ဟန်တစ်ခုလုံး လွှမ်းခြုံမထားခဲ့ဘူး။ ဒါပေမယ့် ခြံဝင်းထဲမှာတော့ သူ့ရဲ့အငွေ့အသက်တွေ ရှိနေတယ်။ အပြင်ဘက်က သက်ရှိမှန်သမျှ အတွင်းထဲကို ဝင်မလာအောင် သူက တားဆီးထားတယ်။ ဆူးချုံမည်းကြယ်က ဒီလောက်တောင် သတိထားနေမှတော့ ချူချမ်းနင်ကို အတွင်းထဲမှာ ချုပ်နှောင်ထားဖို့ ဖြစ်နိုင်ခြေများတယ်"
ရန်ဝူဝိုက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါတို့က သူ့ကို အလစ်ချောင်းတိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ရှာသင့်တယ်။ တကယ်လို့ ချူချမ်းနင်က အတွင်းထဲမှာ မရှိဘူးဆိုရင်တောင် ငါတို့က ဒဏ္ဍာရီအဖွဲ့က အဆင့်မြင့်အဖွဲ့သားတစ်ယောက်ကို ဖမ်းနိုင်မယ်ဆိုရင် ချမ်းနင်နဲ့ အလယ်အလှယ် လုပ်လို့ရနိုင်သေးတယ်…"
"တကယ်လို့ သူက အတွင်းထဲမှာ ရှိနေရင်ရော။ အလစ်ချောင်း တိုက်ခိုက်လိုက်မယ်ဆိုရင် ဆူးချုံမည်းကြယ်က သူ့ကိုသတ်ပစ်နိုင်တယ်…"
အတွင်းထဲတွင် ရှိနေသော အခြေအနေကို မသေချာသည့်အတွက် မုန့်ချီက အနည်းငယ် တွေဝေနေခဲ့သည်။
နောက်ဆုံးတွင်တော့ ရန်ဝူဝို၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ဒါကတော့ မင်းအပေါ်မှာပဲ မူတည်မှာပေါ့…"
"ကျွန်တော့်အပေါ် မူတည်တာလား"
မုန့်ချီက ရှုပ်ထွေးသွားခဲ့သည်။ သို့သော် ထိုအရာက မေးသည့်အရာကို ဆိုလိုနေကြောင်း သူလည်း ချက်ချင်း နားလည်သွားခဲ့၏။
"ခေါင်းဆောင်ရန် ….
ကျွန်တော်က ကျိုးချိုးရှန်အဖြစ် ပြောင်းလဲပြီး ရှေ့တံခါးကနေ ဖြတ်သွားရမယ်လို့ ဆိုလိုတာလား။ ဆူးချုံမည်းကြယ်ကသာ မသိသရွေ့ ကျွန်တော်က ခေါင်းဆောင်ရန်နဲ့ ပူးပေါင်းပြီး ချူချမ်းနင်ကို ကယ်လို့ရမယ်။ တကယ်လို့ ချူချမ်းနင်က အထဲမှာ မရှိဘူးဆိုရင် ဆူးချုံမည်းကြယ်နဲ့ ဒဏ္ဍာရီအဖွဲ့က တခြားအဖွဲ့သားတွေကို တိုက်ခိုက်ဖို့ စွမ်းရည်တွေကို အမြင့်ဆုံး သုံးရလိမ့်မယ်။ တကယ်လို့ ချူချမ်းနင်က အထဲမှာ ရှိနေတယ်ဆိုရင်တော့ ကျွန်တော်က ဒါကိုသုံးပြီး သူ့ကို ကာကွယ်ရမှာလား.."
အကယ်၍ ထိုနေရာတွင် သိုင်းသခင် တစ်ယောက်ရှိနေပြီး သတိထားနေမည်ဆိုလျှင် မုန့်ချီ၏ ပြောင်းလဲမှုစွမ်းရည်က သူတို့ကို အရူးလုပ်နိုင်ခြင်း မရှိချေ။ သို့သော် ကျိုးချိုးရှန်က ဒဏ္ဍာရီအဖွဲ့မှ အဖွဲ့သားတစ်ယောက်ဖြစ်ပြီး ဤနေရာကို သူရောက်လာသည်မှာ ဖြစ်နိုင်ခြေရှိသော အရာတစ်ခုဖြစ်သည်။ သူသာ အမှားမလုပ်သရွေ့ ဆူးချုံမည်းကြယ်က သူ့ကို သံသယဝင်လိမ့်မည် မဟုတ်ချေ။
"ဟုတ်တယ်…"
ရန်ဝူဝိုက မုန့်ချီကို စိုက်ကြည့်ပြီး ဆက်ပြောလိုက်၏။
"အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်က လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းလို့ မရနိုင်ဘူး။ ဒါကြောင့်လည်း ဒီတာဝန်မှာ ကူညီပေးဖို့ ဘိုးဘေးက မင်းကို အကူအညီတောင်းလိုက်တာပဲ…."
အချိန်က အလွန်အဖိုးတန်သည်။ အကယ်၍ ကျိုးချိုးရှန်၏ သတင်းသာ ရောက်လာမည်ဆိုလျှင် ဆူးချုံမည်းကြယ်က ကျိုးချိုးရှန်နှင့် ချူချမ်းနင်တို့ကို ချက်ချင်း သတ်ပစ်နိုင်သည်။ ထို့ကြောင့် မုန့်ချီက စဉ်းစားမနေတော့ဘဲ ကျိုးချိုးရှန်အဖြစ်သို့ ပြောင်းလဲလိုက်၏။
သူက ကျိုးချိုးရှန်၏ဝတ်စုံကို ဝတ်ပြီး ညာဘက်မျက်ခုံးအောက်တွင် အနက်ရောင် မှဲ့တစ်လုံး ပေါ်လာခဲ့သည်။ သူ၏အငွေ့အသက်၊ ကိုယ်ကျင့်တရားနှင့် ခံစားမှုများကလည်း ကျိုးချိုးရှန်နှင့် တစ်ထပ်တည်းနီးပါး တူညီနေခဲ့၏။ ထို့ပြင် သူ၏လက်ချောင်းပေါ်၌ ကျိုးချိုးရှန်၏ လေဟာနယ်လက်စွပ် ဝတ်ထားခဲ့သည်။
တစ်ခုတည်းသော ပြဿနာကတော့ မုန့်ချီက ကျိုးချိုးရှန်၏ စွမ်းရည်များကို မသိသည့်အတွက် သူ၏ချီစွမ်းအင်များကို ဖုံးကွယ်ထားပြီး အလျင်စလို ရောက်လာချင်ယောင်ဆောင်ရမည်ဖြစ်သည်။
သူက ဘိုးဘေးလင်းပေါင် ငှားပေးလိုက်သော မြေပုံကို ကိုင်ကြည့်လိုက်ပြီး ခေါင်းကိုက်နေသလို ခံစားနေရ၏။ ကြည့်ရသည်မှာ သူက ထိုအရာကို အသုံးပြုရမည့်ပုံပေါ်သည်။
“ဘိုးဘေးက ဒီကိစ္စအတွက် ဒါကို သုံးခိုင်းခဲ့တာပဲလေ…”
သူက ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
ရန်ဝူဝိုက အစစ်အမှန်ဖုတ်ကောင် တစ်ကောင်ကဲ့သို့ ရှင်းပြလိုက်၏။
"ငါတို့အဖွဲ့သားတွေ အသုံးပြုနေတဲ့ ရတနာတွေ၊ ကံကြမ္မာအမှတ်တွေကို အဖွဲ့အစည်းကပိုင်တာ။ အဲဒါတွေက ဘိုးဘေး ပိုင်ဆိုင်ထားတဲ့အရာတွေ မဟုတ်ဘူး။ ဒါကြောင့် ကယ်ဆယ်ရေးတာဝန်တွေမှာ အသုံးပြုတဲ့ပစ္စည်းတွေအားလုံးကို ကံကြမ္မာအမှတ် လျော်ကြေးပေးရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တချို့အဖွဲ့သားတွေက ရင်းနှီးတဲ့ ဆက်ဆံမှုရှိနေပြီး တချို့ကတော့ သိကျွမ်းရုံလောက်ပဲ ရှိတယ်လေ။ တကယ်လို့ မင်းရဲ့ရတနာတွေ အားလုံးကိုသုံးပြီး ငါ့ကို ကယ်တင်ပေးဖို့ အကူအညီတောင်းမယ်ဆိုရင် မင်းက တွေဝေနေမှာပဲ မဟုတ်လား…"
“အဲဒီလိုလည်း မဟုတ်ပါဘူး။ ဆရာကြီးလို ပညာရှင်တစ်ယောက်ကတော့ ကျွန်တော် ရနိုင်တဲ့ရတနာတွေထက် ပိုပြီးတော့ များများရနိုင်တာပဲလေ…”
မုန့်ချီက စိတ်ထဲတွင် တစ်ယောက်တည်း တွေးလိုက်မိသည်။
သို့သော် သူက အင်မော်တယ်များ၏စည်းမျဉ်းကို ထောက်ခံလိုက်၏။ ထိုအရာက အဖွဲ့သားများ၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ထားခြင်းလည်း ဖြစ်သည်။ မဟုတ်လျှင် အကြိမ်အနည်းငယ် လုပ်ဆောင်ပြီးနောက် မည်သူကမျှကူညီချင်တော့မည် မဟုတ်ချေ။ လူတိုင်းတွင် အတ္တရှိသည်။ မဟုတ်လျှင် အဖွဲ့အစည်းကပျက်စီးသွားနိုင်၏။
မုန့်ချီက ပင့်သက်ရှိုက်လိုက်ပြီးနောက် တန်ဟန်၏ ဝင်ပေါက်သို့ ဝင်သွားခဲ့ပြီး မြို့ထဲသို့ ပျံသန်းလာခဲ့၏။ ထို့နောက် သူက ဆူးချုံမည်းကြယ် ရှိနေသော ခြံဝင်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့သည်။ ကျိုးချိုးရှန်၏ မှတ်ဉာဏ်များကို အသုံးချပြီး မုန့်ချီက တံခါးကို ရှည်ရှည်(၃)ချက်နှင့် အတို(၄)ချက် ခေါက်လိုက်သည်။
တံခါးက ချက်ချင်း ပွင့်သွားပြီး အဟလေးတစ်ခု ပေါ်လာခဲ့၏။ မုန့်ချီက အလျင်အမြန် ဝင်လိုက်ပြီး တံခါးကိုပိတ်၍ ဆူးချုံမည်းကြယ်၏ အခန်းဆီသို့ ပြေးသွားခဲ့သည်။ သူက အခန်းတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ဆူးချုံမည်းကြယ်က အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြောင်း မြင်လိုက်ရ၏။
သူက မျက်နှာဖုံးဝတ်ဆင်ထားပြီး အင်ပါယာဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ၏အငွေ့အသက်များကိုလည်း ဖုံးကွယ်ထား၏။ သူ၏ မျက်နှာချင်းဆိုင်တွင်တော့ အိပ်စက်ရန် စင်မြင့်တစ်ခုရှိနေပြီး ထိုနေရာတွင် အလွန်အားနည်းသည့် ချူချမ်းနင် ထိုင်နေခဲ့သည်။ သူမက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေပုံပေါ်၏။
“ချူချမ်းနင်က တကယ်ပဲ ဒီနေရာမှာ ရှိနေတယ်။ ဒါဆိုရင် မြေအောက်ထဲမှာရှိနေတဲ့ ချူချမ်းနင်က အတုလား။ ဒါမှမဟုတ် ဒါက အတုလား…”
မုန့်ချီက မြေပုံနှင့် သံသရာတံဆိပ်တို့ကို လက်ထဲတွင် ကိုင်ထားပြီး အနည်းငယ် စိုးရိမ်နေသောလေသံနှင့် ပြောလိုက်၏။
"ဆရာ ….
ချမ်းကိုင်ပျောက်သွားပြီ။ တစ်ယောက်ယောက်က သူ့ကို ဖမ်းသွားတာဖြစ်နိုင်တယ်…"
ကျိုးချိုးရှန်က ဘာကြောင့် ရောက်လာကြောင်း ဆူးချုံမည်းကြယ်က မေးတော့မည့် အချိန်တွင် ထိုစကားကို ကြားသည့်အတွက် မေးခွန်းပြောင်းသွားခဲ့သည်။
"သူက ဘယ်နေရာမှာ ပျောက်သွားခဲ့တာလဲ…"
သူပြောလိုက်ပြီးနောက် ကျိုးချိုးရှန်က ချူချမ်းနင်ဆီသို့ ခုန်ဝင်သွားခဲ့ပြီး သူ့ဆီကို မြေပုံတစ်ခုနှင့် လှမ်းပစ်လိုက်ကြောင်း မြင်လိုက်ရသည်။ ထိုအချိန်တွင် အစိမ်းရောင်၊ အဖြူရောင်၊ အနီရောင်၊ အနက်ရောင် ဓားအလင်းတန်းများက ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့ပြီး လေဟာနယ်က ပျက်စီးသွားခဲ့သည်။
အလင်းရောင်များ အပါအဝင် အရာအားလုံးက ဖျက်ဆီးခံလိုက်ရပြီး အနက်ရောင်နှင့် အဖြူရောင်ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းများကပင် အတွင်းထဲသို့ ကျုံ့ဝင်လာပြီး ဖရိုဖရဲအခြေအနေများသာ ရှိနေခဲ့သည်။ ထိုအရာက လေဟာနယ်အေးခဲခြင်းပစ္စည်းတစ်ခုဖြစ်၏။
ကြောက်စရာကောင်းသော ဓားချီစွမ်းအင်များက မုန့်ချီကို ဆူးချုံမည်းကြယ် တိုက်ခိုက်ခြင်းမှ တားဆီးထားခဲ့ပြီး သူ အသုံးပြုနိုင်သော စွမ်းရည်များကိုလည်း တားဆီးထားခဲ့သည်။
ထိုအချိန်တွင် သူ၏လက်ညှိုးပေါ်၌ ကြယ်များ စုစည်းလာပြီး ကြောက်စရာကောင်းသည့် စွမ်းရည်များလည်း စုစည်းလာခဲ့သည်။ တိတ်တဆိတ် ဆိုသလိုပင် ထိုမြေပုံက ပျက်စီးသွားခဲ့ပြီး ဆူးချုံမည်းကြယ်၏ လက်ညှိုးပေါ်တွင် ဒဏ်ရာအ နည်းငယ်ပေါ်လာခဲ့သည်။
လှုပ်ရှားမှုကို ခံစားမိသည့်အချိန်တွင် အမိုးတစ်ဝက်က ပျက်စီးသွားခဲ့ပြီး လက်သီးတစ်ဖက်က အောက်ဘက်ကို ကျဆင်းလာခဲ့၏။ ထိုအရာက အလွန်အစွမ်းထက်လွန်းလှပြီး ကြီးကျယ်ခမ်းနားသော အနီရောင်မီးနဂါး၏ အစွမ်းများကို သယ်ဆောင်ထားသည်။
သူတို့၏အပူရှိန်က အတွင်းထဲတွင် လောင်ကျွမ်းစေနိုင်ပြီး စွမ်းအားများက ကြောက်စရာကောင်းသည်။ တစ်မိုင်အတွင်း ရှိနေသော အရာအားလုံးက လောင်ကျွမ်းပြာကျသွားခဲ့၏။
ဆူးချုံမည်းကြယ်က နှာခေါင်းရှုံ့လိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ် (၃၆၅)ခုကို ဖွင့်လှစ်လိုက်သည်။ ထိုသွေးကြောမှတ်များထဲမှနေ၍ ရာသီခွင်များ ထွက်ပေါ်လာပြီး လေဟာနယ်ကို လှုပ်ရှား၍ အပူလှိုင်းများကို ဖယ်ရှားလိုက်သည်။ အဆုံးမဲ့ကြယ်အလင်းတန်းများနှင့် မီးတောက်လှိုင်းလုံးများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့ပြီး မြေပုံကို လုံးဝဖျက်ဆီးပစ်ခဲ့သည်။
မုန့်ချီကတော့ ချူချမ်းနင်ကိုခေါ်ပြီး ရေလှိုင်းမီးတောက်ဓား၏ အကူအညီနှင့် ထွက်ပြေးသွားသည်မှာ ကြာခဲ့ပါပြီ။ သူက ရန်ဝူဝိုချန်ထားခဲ့သော မီးတောက်တချို့၏ အကူအညီကိုလည်း ယူခဲ့ရ၏။
တစ်မိနစ်အတွင်း မုန့်ချီက မီးတောက်များ၏ အပြင်ဘက်သို့ ရောက်လာခဲ့ပြီး တန်ဟန်မှ လွတ်မြောက်သွားခဲ့သည်။ ခဏကြာပြီးနောက် ရန်ဝူဝိုက သူတို့ကို မှီလာပြီး သူတို့နှင့် တွေ့ဆုံခဲ့၏။ ထို့နောက် သူက ချူချမ်းနင်၏ သွေးကြောကိုပြန်ဖွင့်ပေးလိုက်သည်။
တစ်ချိန်တည်းတွင် မုန့်ချီကတော့ လှည့်ကွက်များကို သတိထားနေခဲ့သည်။
သွေးကြောပြန်ပွင့်လာသည့်အချိန်တွင် ချူချမ်းနင်က မြေပေါ်ကို စိုက်ကြည့်နေပြီး သူမ၏နှလုံးသားက သေသွားသလို ခံစားလိုက်ရ၏။ သူမက တိတ်တဆိတ် ပြောလိုက်သည်။
"ငါ့ရဲ့ လေဟာနယ်လက်စွပ်…”
“ဒါက အစစ်ပဲ"
မုန့်ချီက ချွေးသီးချွေးပေါက်များကို သုတ်လိုက်မိသည်။
…………..
မြေအောက်ထဲတွင် အနီရောင်မျက်နှာနှင့်လူက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့အနားတွင် ရှိနေသော ချူချမ်းနင်က အလိုလို မတ်တပ်ရပ်လိုက်၏။ သူမ၏အငွေ့အသက်နှင့် ခန္ဓာကိုယ်ပုံသဏ္ဍာန်ကလည်း ပြောင်းလဲသွားပြီး အရပ်ရှည်ရှည် လူတစ်ယောက်ဖြစ်လာခဲ့သည်။
သူက နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် မျက်နှာဖုံးတစ်ခု တပ်ဆင်ထားကာ သရဖူတစ်ခု ဆောင်းထား၏။
“ကောင်းကင်ဧကရာဇ်မျက်နှာဖုံး…”
"လင်းပေါင် ရောက်မလာနိုင်တော့ဘူး…"
သူက ရှေ့တွင် ရှိနေသော လေဟာနယ်ထဲကို တီးတိုးပြောလိုက်သည်"
ထိုနေရာတွင်တော့ လူတစ်ယောက်မျှမရှိခဲ့ပေ။
Translated by Hein Htet.