← Chapters

အခန်း (၅၄၆)

Vol. 37 Ch. 546

အခန်း (၅၄၆)

Vol. 37 Ch. 546

လေထဲတွင် အဝါရောင်ဖုန်မှုန့်လေးများ ပျံ့လွင့်နေပြီး သူတို့ မတ်တပ်ရပ်လိုက်သည့် အချိန်တွင် ကျောက်တုံးများ၏ ပတ်ပတ်လည်တွင် လည်ပတ်နေကြသည်။

ရန်ဝူဝိုက ဒေါသထွက်နေသော သူမ၏အခြေအနေကိုကြည့်၍ သူ၏သံသယများကို ဖယ်ရှားလိုက်မိသည်။ သူ၏စွမ်းအားများကို ဆင့်ခေါ်လိုက်ပြီး သူ၏သွေးရောင်မျက်လုံးများနှင့် ချူချမ်းနင်ကို သေချာစိုက်ကြည့်၍ သူမကို လေ့လာရန် စွမ်းရည်တချို့ကို သိမ်းထားခဲ့သည်။ သူတို့ရှေ့တွင် ရှိနေသော ချူချမ်းနင်က အတုတစ်ယောက် ဖြစ်နေမှာကို သူလည်း စိုးရိမ်နေခဲ့၏။

တစ်ဖက်လူကတော့ သူမအဖော်များ၏ ကယ်တင်ပေးခြင်းကို ခံခဲ့ရသော်လည်း ဝမ်းနည်းပူဆွေးနေပုံရသည်။ သူမက ရန်ဝူဝို၏ စစ်ဆေးမှုကို တိတ်တဆိတ် ငြိမ်ခံနေခဲ့၏။

အမှန်အတိုင်း ပြောရလျှင်တော့ သူ့ရှေ့တွင် ရှိနေသော ချူချမ်းနင်က အစစ်အမှန်ဖြစ်ကြောင်း မုန့်ချီက အတော်လေး သေချာနေခဲ့သည်။ ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား ဖုံးကွယ်ထားသော နောက်ကွယ်တွင် ရှိနေသည့် အမှန်တရားများက မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုအရာက လွန်ခဲ့သော တစ်နှစ်တွင် လော့ရန်၌ ချီကျန်းရန်နှင့်သာ တွေ့ခဲ့ခြင်း မရှိလျှင် သူလည်း သေချာမသိနိုင်ပေ။

မည်သို့ဖြစ်သည့်ကာမူ သူကတော့ သူ့အဖော်များဆီက သင်ယူခဲ့ရပြီး လှည့်စားထားသူများကို မည်သို့ရှာဖွေရမည်ဖြစ်ကြောင်း သိနေခဲ့သည်။ ထို့ကြောင့် ဒဏ္ဍာရီအဖွဲ့သားများက ထိုအရာကို မသိခြင်း လုံးဝမဖြစ်နိုင်ကြပေ။ ပြောရမည်ဆိုလျှင် ထိုအဖြစ်အပျက်ကို ဒဏ္ဍာရီအဖွဲ့သားများကလည်း ကြိုမြင်ထားသည့်အတွက် လှည့်ကွက်ဆင်ထားခြင်းလည်း ဖြစ်နိုင်သေး၏။

ခဏကြာ စစ်ဆေးနေပြီးနောက် ရန်ဝူဝို၏ မျက်လုံးများက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ သူက တိတ်တဆိတ် မေးလိုက်၏။

"ချမ်းနင် …

နင်က ဘယ်လိုဖြစ်ပြီး ဒဏ္ဍာရီအဖွဲ့ရဲ့ လက်ထဲကို ရောက်သွားရတာလဲ…"

ချူချမ်းနင်က သတိပြန်ဝင်လာခဲ့၏။ သူမ၏မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေသည်။ သူမ၏ဒေါသများက ယခုမှ ပို၍ပြင်းထန်လာပုံရ၏။

"အဲဒါက ဒဏ္ဍာရီတွေ မဟုတ်ဘူး…"

သူမက ကျယ်လောင်စွာ ပြောလိုက်၏။

"ငါက သူတို့ရဲ့အဖွဲ့သားတွေထဲမှာ ဒီလိုကျင့်စဉ်၊ နည်းလမ်းတွေသုံးတဲ့ လူမျိုးကို လုံးဝမမြင်ဖူးဘူး။ မဟုတ်ဘူး။ ရှိကို မရှိတာ။ ဒါက သူတို့ရဲ့အစစ်အမှန် တိုက်ခိုက်စွမ်းရည်တွေ ဖြစ်နိုင်တယ်။ အဲဒါကို ငါ မသိတာလည်း ဖြစ်နိုင်တာပဲ။ အနည်းဆုံးတော့ ငါ့ကို ဖမ်းသွားတဲ့အချိန်မှာ ငါက သေချာမသိခဲ့ဘူး။ ဖြစ်ပျက်ခဲ့တဲ့ အရာတွေက အရမ်းကိုမြန်လွန်းတယ်လေ။ ငါ နိုးလာတဲ့အချိန်မှာ ငါ့ဆီက လေဟာနယ်လက်စွပ် အခိုးခံလိုက်ရတာကို တွေ့လိုက်ရတယ်။ အဲဒီခွေးကောင်စုတ်တွေ အဲဒီခွေးမျိုးတွေ…"

သူမ၏ရင်ထဲတွင် ဒေါသများပြည့်နှက်နေပြီး ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲနေခဲ့သည်။ သူမ၏ကျိန်ဆဲသံများက သူမ၏အတွေ့အကြုံများကြောင့်လည်း ဖြစ်နိုင်၏။

မုန့်ချီကတော့ သူမကို တိတ်တဆိတ် စောင့်ကြည့်နေပြီး ဒေါသထွက်နေသော မိန်းမပျိုကို နောက်ထပ်ရန်မစသင့်ကြောင်း နားလည်သွားခဲ့သည်။

ရန်ဝူဝိုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်မိသည်။

"သူတို့က ဘယ်လိုလုပ်ခဲ့တာလဲ။ နင်က သူတို့ရဲ့ရုပ်ရည်တွေနဲ့ ပတ်သက်ပြီး တစ်ခုခု မှတ်မိသေးလား။ သူတို့ရဲ့ အငွေ့အသက်တွေကိုရော သတိထားမိလား…"

ချူချမ်းနင်က ခဏရပ်လိုက်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှုလိုက်သည်။ သူမ၏ရင်ဘတ်ကတော့ ဒေါသများကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့သည်။

"သတိမထားမိခဲ့ဘူး…"

သူမက ပြောလိုက်၏။

"ငါက ဆိုင်ပိတ်ပြီး အနားယူတော့မဲ့အချိန်မှာ ရွှေရောင်အလင်းတန်းတွေ လွှမ်းခြုံထားတဲ့ လက်တစ်ဖက်က ငါ့ဆီကို ရုတ်တရက် ရောက်လာခဲ့တာပဲ။ တိုက်ခိုက်မှုက တော်တော်လေးကိုမြန်တယ်။ အရမ်းမြန်လွန်းတဲ့အတွက် ငါကိုယ်တိုင်တောင် တုံ့ပြန်ချိန်မရခဲ့ဘူး။ ငါက မထင်မှတ်ဘဲ အဖမ်းခံလိုက်ရတဲ့အချိန် ငါ့ရဲ့လျှို့ဝှက်ရတနာတွေကလည်း အသက်ဝင်မလာခဲ့ဘူး…”

“ငါက ဘာမှကို မလုပ်နိုင်တဲ့ အခြေအနေကို ရောက်သွားတဲ့အချိန်မှပဲ သတိပြန်ဝင်လာတယ်။ အဲဒီနောက်မှာတော့ ငါက ဆူးချုံမည်းကြယ်ကို တွေ့လိုက်ရပြီး ငါ့ရဲ့လေဟာနယ်လက်စွပ် အခိုးခံလိုက်ရတာကို နားလည်သွားတယ်။ ကြည်ရတာတော့ အဲဒီသူခိုးတွေပဲ ဖြစ်မှာပေါ့…"

သူမက လေဟာနယ်လက်စွပ် အခိုးခံလိုက်ရသည့် အခြေအနေကိုသာ ပြန်လည်ရောက်ရှိလာပြန်သည်။

ထိုအရာက သူမအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ဒေါသက တဖြည်းဖြည်းပို၍ ကြီးမားလာခဲ့၏။ ချူချမ်းနင်၏ လေဟာနယ်လက်စွပ်ထဲတွင် သူမ ပိုင်ဆိုင်ထားသော အရာအားလုံး ပါဝင်ထားခြင်း မရှိနိုင်ပေ။

သံသရာခရီးသွား တစ်ယောက်ဖြစ်သည့်အတွက် သူမ၏လျှို့ဝှက်ရတနာများ၊ အဆောင်များ၊ ဆေးရည်များနှင့် ရှားပါးတွင်းထွက်ပစ္စည်းများကိုသာ ထည့်ထားခြင်း ဖြစ်နိုင်သည်။ သူမ၏ လေဟာနယ်လက်စွပ်က သူမချမ်းသာသမျှ ပိုင်ဆိုင်သမျှ အများဆုံးတော့ ဖြစ်နိုင်၏။

"သူ့ကို သိုင်းကွက် တစ်ကွက်တည်းနဲ့ တိုက်ခိုက်လိုက်ပြီး လျှို့ဝှက်ရတနာတွေကိုတောင် အသုံးမဝင်အောင် လုပ်နိုင်တယ်။ ဒါက တော်တော်လေးကို ထူးခြားတဲ့ကျင့်စဉ်တစ်ခု ဖြစ်နိုင်သလို တိုက်ခိုက်လိုက်တဲ့သူက နင့်ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်နေတာလည်း ဖြစ်နိုင်တယ်…"

ရန်ဝူဝိုက သုံးသပ်ကြည့်လိုက်သည်။

သူ့ခေါင်းထဲတွင်လည်း အတွေးများ ဆက်လက် ပေါ်ပေါက်လာနေသေး၏။

"ဖြစ်နိုင်တဲ့သူတွေကတော့ ကောင်းကင်ဧကရာဇ်၊ ဘုရားမဟိုတူ၊ အရှေ့ဝင်ရိုး နတ်ဘုရားမ သူတော်စင် ဒါမှမဟုတ် ဆူးချုံမည်းကြယ်တို့ပဲ ဖြစ်နိုင်တယ်။ သူတို့(၄)ယောက်ကပဲ အစွမ်းကိုသုံးပြီး နင့်ကို ဖမ်းဆီးနိုင်ကြမှာ။ ဒါမှမဟုတ် အဲဒီအရာက အတော်လေးကို ထူးခြားတဲ့စွမ်းရည် ဟုတ်မဟုတ် ငါလည်း မပြောနိုင်ဘူး…"

မုန့်ချီ၏ ဆုတောင်း(၃)မျိုးလက်သီးကလည်း ထိုကဲ့သို့ ထူးဆန်းသည့် ကျင့်စဉ်များထဲတွင် တစ်ခုအပါအဝင် ဖြစ်နိုင်သည်။ သူတော်ကောင်းတရား(၅)မျိုး၏ အငွေ့အသက်များကို စုဆောင်းစုပ်ယူပြီး တိုက်ခိုက်လိုက်ရသော တိုက်ခိုက်မှုက မည်သည့်အရာမျှ တားဆီး၍ မရနိုင်ပေ။

လျှို့ဝှက်ရတနာများ၊ အကာအကွယ်ရတနာများကပင် သူ၏ဆန်းကြယ်မှုကို တားဆီးနိုင်ခြင်း မရှိချေ။ ဆုတောင်း(၃)မျိုး လက်သီးကျင့်စဉ်က အလွန်ကြောက်စရာကောင်းသော အကျိုးသက်ရောက်မှုကို ပိုင်ဆိုင်ထားပြီး သူ၏အစွမ်းက ဓမ္မကာရအဆင့်ကိုပင် ရောက်နိုင်၏။

ထို့ပြင် နတ်ဘုရားကမ္ဘာကြီးထဲတွင် ကြယ်(၃)ပွင့် မိန်းမပျိုကို သတ်ပစ်ခဲ့သော ကောင်းကင်ဘိုးဘေးကလည်း တူညီသောစွမ်းရည်ကို အသုံးပြုခဲ့မည်ဟု မုန့်ချီက သံသယဝင်နေခဲ့သည်။

ဆုတောင်း(၃)မျိုး လက်သီးသိုင်းကသာ တူညီသောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ပုံမှန်အခြေအနေမျိုးတွင်တော့ ရန်ဝူဝိုက ဒဏ္ဍာရီအဖွဲ့မှ အဖွဲ့သားများကို ခန့်မှန်းကြည့်ရန် ခက်ခဲနိုင်၏။ သူပြောလိုက်သော လူ(၄)ယောက်က ချူချမ်းနင်ကို ပြန်ပေးဆွဲနိုင်သည့် အရည်အချင်းများရှိကြောင်း သေချာနေလေသည်။

ပထမကောင်းကင်လှေကားကိုပင် မကျော်နိုင်သေးသော မုန့်ချီကပင် ဒဏ္ဍာရီအဖွဲ့မှ ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သား ဖြစ်သည့် ကျိုးချိုးရှန်ကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့သည်။

ရန်ဝူဝိုက ချူချမ်းနင်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်၏။

သူက မေးလိုက်သည်။

"ဒါဆိုရင် တိုက်ခိုက်တဲ့လက်ရဲ့ ထူးခြားမှုတွေကိုရော မှတ်မိလား။ အဲဒီသိုင်းပညာနဲ့ ပတ်သက်ပြီး တစ်ခုခုကိုရောပေါ့…"

ချူချမ်းနင်၏ အမုန်းတရားများက သူမကို တိုက်ခိုက်လိုက်သည့် လူ အပေါ်တွင် ရှိနေသည်။ သို့သော် သူမ၏ လေဟာနယ်လက်စွပ်ကတော့ ပို၍ထင်ရှား၏။ သူမက ပြန်ပေးဆွဲသူ၏ နာမည်နှင့် ပတ်သက်သော အချက်အလက်များကို ညွှန်ပြနေသည့် မှတ်ဉာဏ်များကို ရှာဖွေကြည့်ရန် ကြိုးစားနေသည်။

"အဲဒါက သာမာန်လက်တစ်ချောင်းပဲ။ အသားဖြူဖြူနဲ့ ပုံမှန်လက်တစ်ဖက်လို့ ပြောလို့ရတယ်။ လက်ဆစ်တွေကတော့ တော်တော်လေးကို ထင်ရှားတယ်။ လက်(၅)ချောင်းလုံးက သာမာန်ပဲ။ ပိန်တာ ကြီးတာမျိုးလည်း မရှိဘူး…"

သူမက ပြောလိုက်၏။

သူမကတော့ ထိုအဖြစ်အပျက်ကို တွေးမိလိုက်သည့်အချိန်တိုင်း ရင်ထဲတွင် ဝမ်းနည်းမှုများ ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ သူမက ပြန်ပေးသမားများ ချန်ထားခဲ့သော ခြေရာလက်ရာကိုပင် ကောက်ချက်ချရန် မဖြစ်နိုင်တော့ပေ။

"ဘိုးဘေးဆိုရင်တော့ အဲဒီနည်းလမ်းကို သိမယ်ထင်တယ်…"

ရန်ဝူဝိုက ပြောလိုက်၏။

သူက ဆက်ပြောလိုက်သည်။

"နင့်ရဲ့လေဟာနယ်လက်စွပ်ထဲမှာ ဘာတွေသိမ်းထားတာလဲ။ အဲဒီအရာတွေက အင်မော်တယ်တွေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေလား။ နင့်ရဲ့တာဝန်နဲ့ ပတ်သက်တဲ့ ပစ္စည်းတစ်ခုခုရောရှိလား…"

"တစ်ခုတော့ ရှိတယ်။ ငါက တာဝန်ကနေ ပတ်သက်နေတဲ့ လူတိုင်းကို နှုတ်ထွက်ဖို့ သတင်းပို့ထားတယ်။ ဒဏ္ဍာရီတွေက သူတို့ကို အလစ်ချောင်း တိုက်ခိုက်နေနိုင်တယ်…"

လေဟာနယ် လက်စွပ် အခိုးခံလိုက်ရသည့်အချိန်တွင် ချူချမ်းနင်က ထိုအရာကို ကြိုတင်တွေးထားပြီးသားဖြစ်သည်။

သိုင်းလောကတွင် အတွေ့အကြုံရှိသူ တစ်ယောက်ဖြစ်ပြီး လူသေအလောင်းတစ်ခုကဲ့သို့ ဖြစ်နေသည့် ရန်ဝူဝို၏ မျက်နှာကတော့ မသက်မသာ ခံစားရခြင်း မရှိချေ။ သူကတော့ နောက်ထပ်ဖြစ်လာနိုင်သော ပြဿနာများကို ရှောင်တိမ်းရန်အတွက် ခေါင်းစဉ်ပြောင်းလိုက်သည်။

"အခု နင်က ဘယ်လိုအစီအစဉ်ရှိလဲ။ ငါကတော့ ပိုစတန်ရေကန်ကို အရင်ဆုံးသွားဖို့ စဉ်းစားထားတယ်။ ပြီးမှ ကန္တာရထဲမှာ လှည့်ပတ်သွားလာနေပြီး ချွန်ရန်းကျိကို လွှတ်ပေးဖို့ ကြိုးစားရမယ်…"

"အစီအစဉ်လား…"

ချူချမ်းနင်က ဝမ်းနည်းစွာ ပြောလိုက်၏။

“ငါ့ရဲ့လေဟာနယ်လက်စွပ်၊ ငါ့ရဲ့လျှို့ဝှက်ရတနာတွေ၊ ဆေးရည်တွေ၊ ရှားပါးတွင်းထွက်ပစ္စည်းတွေနဲ့ ငါ့ရဲ့ကြွယ်ဝချမ်းသာမှုတွေအားလုံး ဆုံးရှုံးသွားပြီ။ ငါ့ရဲ့စားသောက်ဆိုင်ကလည်း ဆက်ပြီးတော့ ဖွင့်လို့မရနိုင်တော့ဘူး။ ငါ့မှာ ဘာအစီအစဉ်တွေရှိရဦးမှာလဲ…"

သူမက ခေါင်းငိုက်စိုက်ကျနေပြီး အတော်လေး ဝမ်းနည်းပူဆွေးနေပုံရ၏။

ရန်ဝူဝိုနှင့် မုန့်ချီတို့က အချင်းချင်း ကြည့်လိုက်မိကြသည်။ မုန့်ချီက အလျင်အမြန် ပြောလိုက်သည်။

"ခေါင်းဆောင်ရန် …

ကျွန်တော်က ပျော်ရွှင်ခြင်းကျောင်းဆောင်က လမ်းမှားဘုန်းတော်ကြီးတွေကို လိုက်ဖမ်းဖို့ စဉ်းစားထားတယ်။ ကျွန်တော်တို့က သူတို့တွေထဲက တစ်ယောက်ကိုဖမ်းပြီး ဆက်နွယ်ရေး(၁၂)သွယ် ပုတီးရဲ့ လျှို့ဝှက်ချက်တွေကို မေးရလိမ့်မယ်…"

“ပျော်ရွှင်ခြင်းကျောင်းဆောင် ဟုတ်လား။ အဲဒီလမ်းမှားဘုန်းတော်ကြီးတွေလား…"

ချူချမ်းနင်က ခေါင်းထောင်ကြည့်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်လာခဲ့သည်။ သူမကတော့ အလွန်ဒေါသထွက်နေသလို ထင်ရ၏။

"အဲဒီလမ်းမှားဘုန်းတော်ကြီးတွေဆီကို ကောင်းကင်အပြစ်ပေးမှုက ကျလာသင့်တာ။ ငါလည်း နင့်ကိုကူညီပေးဖို့ လိုက်ခဲ့မယ် စုမုန့်…"

သူမက လျင်မြန်စွာ ဝင်ပြောလိုက်သည်။

သူမက အလွန်လျင်မြန်စွာ ပြောင်းလဲသွားပြီး မုန့်ချီ၏အနားကို ကပ်လာ၍ ပြောလိုက်၏။

"အဲဒီကိုယ်တော်တွေက ချမ်းသာကြွယ်ဝပြီး အဖိုးတန်ပစ္စည်းတွေ ရှိနေနိုင်တယ်။ ငါတို့က အကျိုးအမြတ်တွေကို ဘယ်လိုခွဲကြမလဲ။ (၆)ဆ (၄)ဆလား။ ငါက( ၆)ဆယူမယ် နင်က (၄)ဆယူ။ ဘယ်လိုသဘောရလဲ…"

“သူက နောက်တစ်ကြိမ် ရည်မှန်းချက်ကို တွေ့သွားပြန်ပြီ..”

မုန့်ချီက တစ်ယောက်တည်း ထူးဆန်းစွာ တွေးလိုက်မိ၏။

ချူချမ်းနင်က လောဘ၏ လွှမ်းမိုးမှုကို နောက်တစ်ကြိမ် ခံလိုက်ရကြောင်း မုန့်ချီက မြင်လိုက်ရသည်။ သူကတော့ သူမ၏အချိုးချမှုကို လက်ခံနိုင်ဖွယ်ရှိသည့်အတွက် သဘောတူလိုက်သည်။

"ကောင်းပြီလေ…"

ချူချမ်းနင်က ပြုံးလိုက်ပြီး ဝမ်းသာအားရပြောလိုက်သည်။

"ဒါဆိုလည်း စိမ်းပြာကောင်းကင်ကို အရင်ဆုံး ပြန်ကြမယ်။ ငါက ဒီအဖြစ်အပျက်ကို ဘိုးဘေးဆီ အရင်ဆုံးတင်ပြရမယ်။ ပြီးတော့ ကံကြမ္မာအမှတ်တချို့လည်း ငှားဦးမှ ရမယ်။ ငါ့မှာ လက်ရှိ ရှိနေတဲ့အရာတွေနဲ့ ပေါင်းလိုက်ပြီး မှော်ရတနာတချို့ကို လဲမှဖြစ်မယ်။ အဲဒီအရာတွေမရှိဘဲ တိုက်ခိုက်လို့မရနိုင်ဘူး…"

"အဲဒါလို လုပ်လို့ရတာလား…"

မုန့်ချီက အံ့အားသင့်စွာ မေးလိုက်မိသည်။

"ဘာလို့ မရနိုင်ရမှာလဲ။ ဒါပေမဲ့ ကတိကို တန်ဖိုးထားပြီး အချိန်ပြည့်ရင် ပြန်ပေးရမယ်။ အကြာဆုံး ခွင့်ပြုချိန်ကတော့ တစ်နှစ်ပဲ။ တစ်နှစ်မပြည့်ခင်မှာ အကြွေးတွေအားလုံးကို သဘောတူထားတဲ့အတိုင်းပြန်ပေးရတယ်။ တစ်နှစ်ကျော်သွားပြီဆိုရင်တော့ သုတ်သင်ခံရလိမ့်မယ်…"

ချူချမ်းနင်က ပြောလိုက်သည်။ ယခင် ကြွယ်ဝချမ်းသာမှုအကြောင်း ပြန်လည်စဉ်းစားမိသည့်အခါ သူမကတော့ ဝမ်းနည်းသွားမိပြန်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

“ဒါဆိုရင်တော့ နောက်ပိုင်းမှာ အရေးပေါ်အခြေအနေ အသုံးပြုလို့ရနိုင်တာပဲ…”

မုန့်ချီက တွေဝေနေခဲ့၏။ သူက သူမကို ပြောလိုက်သည်။

"ဒါဆိုရင်လည်းဘ ိုးဘေးက စိမ်းပြာကောင်းကင်ကို အရင်ဆုံးပြန်လိုက်လေ။ ကျွန်တော်က ပိုစတန်ရေကန်ကို အရင်ဆုံးသွားရဦးမယ်။ မနက်ဖြန်ကျရင် ဒီမှာပဲပြန်တွေ့ကြတာပေါ့…"

မုန့်ချီက ကျန်းကျိဝေကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။ သူက သံသရာအဆောင်တစ်ခုကို ကျန်းကျိဝေဆီတွင် ပေးပြီး ပြည့်စုံခြင်းတံခါးကို ပြန်ယူချင်ခဲ့သည်။ သူက ပျော်ရွှင်ခြင်းကျောင်းဆောင်မှ ကိုယ်တော်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အင်မော်တယ်ယွင်ဟယ်၏အကူအညီကို ဝှက်ဖဲတစ်ချပ်အဖြစ် အသုံးပြုချင်နေခဲ့သည်။ လူတစ်ယောက်က မပြင်ဆင်ဘဲ တိုက်ခိုက်၍မရနိုင်ပေ။

ချူချမ်းနင်ကတော့ ကန့်ကွက်မည့်လက္ခဏာမျိုးမရှိချေ။ သူမက လှည့်ထွက်သွားသည့်အချိန်တွင် မုန့်ချီက သူမကို လှမ်းခေါ်လိုက်သည်။ သူက ပစ္စည်းများကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်၏။

"နင်က ဘယ်လိုဖြစ်ပြီး ဒီလောက်အများကြီးရခဲ့တာလဲ…"

ချူချမ်းနင်က မုန့်ချီ၏ရှေ့တွင် လွင့်မျောနေသော နေကျောက်တုံးများကိုစိုက်ကြည့်ပြီး ပြောလိုက်၏။

"ကံကောင်းသွားတာပါ…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"ဒီပစ္စည်းတွေကို စိမ်းပြာနန်းတော်ဆီ ယူသွားပေးဖို့ တောင်းဆိုချင်တယ်။ ဒါတွေကို အင်မော်တယ်လမ်းကြားထဲမှာရှိတဲ့ စာရင်းထဲမှာ ရောင်းဖို့ ပြထားလိုက်ပါ။ ဒီပစ္စည်းတွေကို သံသရာအရှင်သခင်ထက် ဈေးလျော့ပြီး ရောင်းမယ်…"

မုန့်ချီက သူ၏အင်္ကျီထဲမှ စာရွက်တစ်ခုကို ထုတ်လိုက်သည်။ ထိုအရာက ပြည့်စုံခြင်းဂိုဏ်းနှင့် အမှောင်နန်းတော်မှ ပေးလိုက်သော ပစ္စည်းများကို ရေးမှတ်ထားသောစာရင်းဖြစ်၏။ သူနှင့်ကျန်းကျိဝေက ထိုပစ္စည်းများကို ညီအမျှခွဲဝေထားကြပြီး ရောင်းချရန် တာဝန်ယူထားသည်။

မုန့်ချီက ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားဆီမှ လုယူထားသော လေဟာနယ်လက်စွပ်ကို တိတ်တဆိတ် ကြည့်လိုက်၏။ သူတို့ကတော့ ရှားပါးတွင်းထွက်ပစ္စည်းများဖြစ်နေပြီး သူ့အတွက် အသုံးဝင်သောအရာမရှိချေ။ လက်စွပ်ထဲတွင်တော့ သူက ခရမ်းရောင်ပုလဲတစ်လုံးနှင့် ခရမ်းရောင်ဓားတစ်ချောင်းကို တွေ့လိုက်ရသည်။

ထိုပစ္စည်းများအကြောင်းကို သေချာမသိသည့်အတွက် သူက သိမ်းထားလိုက်၏။ သူက နောက်မှသာ တွင်းထုတ်ပစ္စည်းများအကြောင်းကို ရှာဖွေရန် လိုအပ်သည်။ သို့မဟုတ် သူက အင်မော်တယ်များ ပုန်းအောင်းနေသည့်နေရာကို ပြန်သွားပြီးမှသာ ထိုအရာများကို စစ်ဆေးကြည့်ရမည်ဖြစ်သည်။

ရန်ဝူဝိုက သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်၏။

"မင်းမှာရှိတဲ့ပစ္စည်းတွေကို လိုအပ်နေတဲ့ ငါ့အဖွဲ့သားတွေရှိတယ်။ ငါက သံသရာအရှင်သခင်ဆီကနေ မင်းလဲဖို့ လိုအပ်တဲ့ အရာတချို့ကို လဲပေးမယ်…”

“ဒီလိုဆိုရင် အပေးအယူက ညီမျှတယ်လို့ သတ်မှတ်နိုင်တာပေါ့။ အရမ်းကောင်းပါတယ်…"

မုန့်ချီက ဝမ်းသာသွားခဲ့သည်။

သူ၏ပထမဆုံး အပေးအယူ အောင်မြင်သွားမှုက သူ့အပေါ် သဘောထားကောင်းများ ရှိလာနိုင်ပြီး အနာဂတ် အပေးအယူများတွင် ပို၍အကျိုးအမြတ် ရှိလာနိုင်သည်။

ရန်ဝူဝိုက အနက်ရောင်အိတ်တစ်ခု ထုတ်လိုက်ပြီး ချူချမ်းနင်ကို ငှားပေးလိုက်သည်။ ချူချမ်းနင်က ထိုပစ္စည်းများကိုအိတ်ထဲသို့ ထည့်၍ စိမ်းပြာကောင်းကင်ဆီသို့ ယူဆောင်သွား၍ ရသည်။ အလွန်သိမ်မွေ့သော သူမ၏မျက်လုံးများက အိတ်ထဲတွင် ရှိနေသော ပစ္စည်းများကို အလွန်သဘောကျနေပုံရသည်။

"ကျွန်တော်က ဘိုးဘေးကို ယုံပါတယ်…"

မုန့်ချီက ထပ်ဖြည့်ပြောလိုက်သည်။

ချူချမ်းနင်က အံကြိတ်လိုက်ပြီး မုန့်ချီကို ခေါင်းညိတ်ပြလိုက်၏။

“သူက ဒီပစ္စည်းတွေ ယူသွားမှာကို ကြောက်စရာမလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့စိတ်ဝိညာဉ်မီးအိမ်က ရန်ဝူဝိုရဲ့ လက်ထဲမှာ ရှိနေသေးတယ်လေ…”

မုန့်ချီက ပြုံးလိုက်မိသည်။

မုန့်ချီက နေမင်းကျင့်ကြံသူ ရှန်းပေါင်အနေဖြင့် ဆက်လက်ရုပ်ဖျက်ခဲ့သည်။ ညအချိန်တွင် သူက ပိုစတန်ရေကန်ဆီသို့ ပျံသန်းလာခဲ့၏။ ကောင်းကင်ပေါ်တွင်တော့ တစ်လက်လက် တောက်ပနေသောကြယ်များ လင်းလက်တောက်ပနေခဲ့သည်။

သူပျံသန်းလာချိန်တွင် သူ၏အာရုံခံစွမ်းရည်များက အနည်းငယ် နာကျင်လာသည့်အတွက် တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားလိုက်ရ၏။ ကြိုတင်သိမြင်နိုင်ခြင်း မရှိသော အန္တရာယ်အငွေ့အသက်တစ်ခုက အမှောင်ထဲတွင် ပုန်းအောင်းနေခဲ့သည်။

သူက ထိုကဲ့သို့သော သိစိတ်ကို လေ့ကျင့်ထားခြင်း မရှိသေးသော်လည်း ကောင်းမွန်စွာ အသုံးချ၍ရနိုင်သည်။ မနက်မိုးလင်းရန် နာရီအနည်းငယ် လိုနေသေးသည့်အတွက် သူက ပိုစတန်ရေကန်မြို့ထဲသို့ ရောက်သွားခဲ့သည်။

ထိုအချိန်တွင် ရွှယ်လျန်ကျိုးကတော့ ခြောက်ကပ်နေသော လမ်းမများ၊ လမ်းကြားများထဲတွင် ကင်းလှည့်နေခဲ့သည်။ အမှောင်ထဲတွင် ရှိနေသော မုန့်ချီက မြို့ထဲတွင် ရှိနေသော အခြေအနေအရပ်ရပ်၊ နှင်းတောင်ဓားဂိုဏ်း၊ အသူရာကျောင်းဆောင်နှင့် ကျင်းကန်းကျောင်းဆောင်မှ ဝေ့ကျင်းစစ်သည်တော်များ၏ အခြေအနေကို လေ့လာသုံးသပ်နေခဲ့သည်။ သူတို့က ထိုအရာကို အထွတ်အမြတ် ရုပ်ထုသဖွယ် စောင့်ကြပ်နေခဲ့၏။

ရုတ်တရက်ဆိုသလို မုန့်ချီ၏စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာပြီး မူလရုပ်ရည်ကို ပြန်ပြောင်း၍ ရေလှိုင်းမီးတောက်ဓားနှင့်အတူ အပြင်ဘက်သို့ ထွက်လာခဲ့သည်။ လက်ထဲတွင်တော့ ကောင်းကင်ပြစ်ဒဏ်ဓားကိုကိုင်ထားပြီး ရွှယ်လျန်ကျိုးဆီသို့ ပျံသန်းလာခဲ့သည်။

"သ .. သခင်လေးစု…"

ရွှယ်လျန်ကျိုးက အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။

သူက ဖြူနီ ဗုဒ္ဓပုလဲလုံးကို ကိုင်ခဲ့ဖူးကြောင်း အမှတ်ရသွားခြင်းကြောင့် သူမ၏မျက်နှာက နီရဲသွားခဲ့၏။ ထိုပုလဲလုံးထဲတွင် ရှိနေသော ယင်နှင့်ယန်စွမ်းအင်များက အချစ်ဘုန်းတော်ကြီး၏ စွမ်းအင်များဖြစ်ပြီး မိန်းမပျိုများစွာက သူတို့၏အပျိုစင်ဘဝကို ပေးဆပ်ခဲ့ရသော အရာများလည်း ဖြစ်သည်။

ထိုစွမ်းအင်များက သူလေ့ကျင့်ရန်အတွက် အသုံးပြုနိုင်၏။ ထိုသို့ဆိုရာတွင် ပုလဲလုံးထဲမှ စိမ့်ထွက်လာသော စွမ်းအင်များကြောင့် ထိုပုလဲလုံးဆီတွင် ကာမတဏှာ သဘာဝရှိနေပြီး အတော်လေး ရှက်စရာကောင်းသည်။

ရွှယ်လျန်ကျိုးက နာကျင်ရသော အိမ်မက်ဆိုးကြီးထဲမှ နိုးထလာပြီး သူမက စုမုန့်၏ရှေ့တွင်ရှိနေကြောင်း သတိပေးလိုက်မိသည်။

စုမုန့် ၊ သတ်ဖြတ်ရေးဓားစုမုန့်က သိပ်မကြာခင် အတောအတွင်း တိုးတက်လာခဲ့သော လူငယ်များထဲတွင် အထူးချွန်ဆုံး လူငယ်တစ်ယောက် ဖြစ်သည်။

မုန့်ချီက ဦးညွတ်၍ ပြောလိုက်၏။

"မိန်းကလေးရွှယ် …

ကျွန်တော်က မေးခွန်းတစ်ခုလောက်မေးချင်လို့ပါ…"

"ကျေးဇူးပြုပြီး မေးလို့ရပါတယ် သခင်လေးစု။ ကျွန်မ တတ်နိုင်သမျှ အကောင်းဆုံး ကူညီပေးပါမယ်။ သခင်လေးကသာ ကျွန်မရဲ့လျှို့ဝှက်ချက်တွေကို ဘယ်သူ့မှ မပြောပါနဲ့…"

ရွှယ်လျန်ကျိုးက အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူမကတော့ သူ၏သဘောထားကို အမှတ်ရသွားသည့်အတွက် သက်ပြင်းချလိုက်မိ၏။

"မိန်းကလေးရွှယ် …

ကျွန်တော်တို့ကို ဒီနေရာကနေ အမြန်ထွက်သွားဖို့ အကြံပေးခဲ့ဖူးတယ်။ ဒီနေရာမှာ ပြဿနာကြီးတွေ ဖြစ်တော့မယ်လို့တောင် ပြောခဲ့သေးတယ်။ ဒါပေမဲ့ အခုချိန်အထိ အဲဒီသတင်းနဲ့ ပတ်သက်ပြီး ဘာမှသေချာမသိခဲ့ရဘူး။ ဒီမှာဘာတွေဖြစ်လာမှာလဲ.."

မု့န်ချီက တည်ငြိမ်စွာမေးလိုက်သည်။

ထိုမေးခွန်းက တည့်တည့်မေးလိုက်ခြင်းလည်းဖြစ်သည်။ သူက ရွှယ်လျန်ကျိုး၏ တုံ့ပြန်မှုမှတစ်ဆင့် တစ်စုံတစ်ခုကို နားလည်နိုင်မည်ဟု မုန့်ချီက ယုံကြည်ချက် ရှိနေခဲ့၏။ သူမက အမှန်အတိုင်းပြန်ဖြေမည်ဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။

ရွှယ်လျန်ကျိုးက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တွေဝေနေခဲ့သည်။ သူမက ဝန်ခံလိုက်၏။

"အဲဒါကို ကျွန်မကိုယ်တိုင်တောင် မသိဘူး။ ဒါက အကြီးအကဲတွေ အမိန့်ပေးထားခဲ့တာ။ ကျွန်မက နောက်ထပ်(၃)ရက်နေရင် နှင်းတောင်ပေါ်က စခန်းကို ပြန်ရလိမ့်မယ်။ ဒီပိုစတန်ရေကန်နားမှာ ဆက်ပြီးကင်းလှည့်ဖို့ မလိုတော့ဘူး။ သူတို့ရဲ့ပုံစံကို ကြည့်ရတာတော့ ဒီနေရာမှာ ပြဿနာတွေ အကြီးအကျယ်ဖြစ်မယ်လို့ ခန့်မှန်းရတယ်…"

“အကြီးအကဲတွေနဲ့ ခေါင်းဆောင်တွေကပဲ ပိုပြီးတော့ သိနိုင်မှာလား။ ဒီကိစ္စက တိတ်တဆိတ် လျှို့ဝှက်ဆန်းကြယ်စွာ အသတ်ခံလိုက်ရတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေနဲ့များ ပတ်သက်နေတာလား…”

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။ သူက ထိုကိစ္စနှင့် ပတ်သက်ပြီး ရွှယ်လျန်ကျိုးကို ကျေးဇူးတင်စကားပြောလိုက်သည်။

ထို့နောက် သူက ပျော်ရွှင်ခြင်းကျောင်းဆောင်နှင့် ပတ်သက်သော မေးခွန်းများကို ဆက်မေးခဲ့သည်။ နှင်းတောင်ဓားဂိုဏ်းက အနောက်ပိုင်းနယ်မြေထဲတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံများ ရှိသည်။ ထို့ကြောင့် ပျော်ရွှင်ခြင်းကျောင်းဆောင် အကြောင်းကို နားလည်နေခဲ့၏။ သူတို့၏ အချက်အလက်များက သူ့အတွက် အတော်လေးကို အကျိုးအမြတ်ရှိ၏။

မုန့်ချီက ရွှယ်လျန်ကျိုးဆီမှ သိချင်သည့်အရာကို သိခွင့်ရပြီးနောက် ပြန်ထွက်လာခဲ့၏။ သူက ရှန်းပေါင်အဖြစ် ဆက်လက်ဟန်ဆောင်နေပြီး ကျိကျန်းဓားစံအိမ်မှ အဖွဲ့သားများရှိရာကို တိတ်တဆိတ် လျှောက်လာခဲ့သည်။

အကယ်၍ ကျန်းကျိဝေ တစ်ယောက်တည်းရှိနေလျှင်တော့ သူက သူမကို စကားသွားပြောပါလိမ့်မည်။ အခြားဝေ့ကျင်းအဆင့် အကြီးအကဲများ ရှိနေလျှင်တော့ သူက အမှတ်အသားတစ်ခုသာ ချန်ထားခဲ့မည်ဖြစ်သည်။ ထိုအမှတ်အသားက ကွမ်လင်းလမ်းထဲတွင် ရှိနေသော ခြံထဲတွင် တွေ့ဆုံရန် ကျန်းကျိဝေကို အချက်ပြထားခြင်းဖြစ်၏။

မုန့်ချီကတော့ ကျိကျန်းဓားစံအိမ်မှ တပည့်များ ရှိနေသော ခြံဝင်းအနားသို့ ကပ်လာသည့် အချိန်တွင် အကြီးအကဲတစ်ယောက်နှင့် ကျန်းကျိဝေတို့ ရှိနေခြင်းကို ခံစားမိခဲ့သည်။ ထို့နောက် သူက သဘောတူထားသည့်နေရာတွင် အမှတ်အသား တစ်ခုကို ချန်ထားခဲ့သည်။

တစ်ဖန် သူ အနားယူပြီး လေ့ကျင့်ရန်အတွက် အိမ်ဟောင်းတစ်ခုကိုရှာဖွေပြီး လေဟာနယ်ကျောက်တုံးများနှင့် သူ၏အစွမ်းကို လေ့ကျင့်နေခဲ့သည်။

ညအချိန်က တဖြည်းဖြည်း ကုန်ဆုံးလာပြီဖြစ်ပြီး အရုဏ်တက်ချိန်က နီးကပ်လာပြီဖြစ်သည်။ မုန့်ချီ၏ လက်ထဲတွင် ကိုင်ထားသော လေဟာနယ်ကျောက်တုံးများက တဖြည်းဖြည်း လေးလံလာသလို ခံစားလိုက်ရသည်။ ကျောက်တုံးဆီမှ အနက်ရောင်အငွေ့များ ထွက်ပေါ်လာခဲ့ပြီး ထိုအရာများက လောင်ကျွမ်းလာခဲ့သည်။

ထိုအငွေ့များက ဖြည်းညင်းစွာ လွင့်မျောလာပြီး သူ၏လက်ဖဝါးထဲတွင် ရှိနေသော သွေးကြောမှတ်များသို့ ဝင်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူ၏ခန္ဓာကိုယ်ထဲမှနေ၍ အန္တရာယ်တစ်ခု ရောက်လာနေပြီဖြစ်ကြောင်း မုန့်ချီကို သတိပေးနေခဲ့သည်။ သူက ရေလှိုင်းမီးတောက်ဓားကို ဆွဲထုတ်လိုက်၏။

သူက တိုက်ခိုက်မှုကို တုံ့ပြန်ရန် အစွမ်းကုန် ပြင်ဆင်ထားခဲ့သည်။ ရေလှိုင်းမီးတောက်ဓားက သူ့လက်ထဲတွင် ကြောက်စရာကောင်းစွာ လောင်ကျွမ်းနေခဲ့သည်။

ထိုအချိန်တွင် ခရမ်းရောင်လျှပ်စီးကြောင်းများ ပြည့်နှက်နေသော ဓားမောက်တစ်ချောင်း ပေါ်လာပြီး မုန့်ချီကို ခုတ်ချလိုက်သည်။ သူက ဓားရှည်နှင့် ကာကွယ်လိုက်၏။ သူ့လက်ထဲတွင် ထုံကျင်သွားခဲ့ပြီး အလွန်လေးလံသော တိုက်ခိုက်မှုကြောင့် နာကျင်သွားခဲ့ရသည်။

ရေလှိုင်းမီးတောက်ဓားထဲမှနေ၍ မီးတောက်များလည်း ထွက်ပေါ်လာပြီး ဓားမောက်ဆီမှ ကြောက်မက်ဖွယ်ရာ လျှပ်စီးကြောင်းများကို ရင်ဆိုင်လိုက်ရသည်။ တစ်ချိန်တည်းတွင် သူ၏ပတ်ပတ်လည်၌ ရှိနေသော အရာအားလုံးက ရုတ်တရက် မည်းမှောင်သွားခဲ့၏။

သူက အလွန်ကြီးမားသော လှောင်အိမ်ကြီးတစ်ခုထဲကို ရောက်သွားသလို ဖြစ်သွားသည်။ သူနှင့်ပြင်ပကမ္ဘာကြီးက လုံးဝကို ကွဲကွာသွားခဲ့ပြီး သူ၏သိစိတ်များက တဖြည်းဖြည်း ဝေးကွာသွားခဲ့၏။

“သီးသန့်နယ်မြေလား ဓားမောက်။ ရင်းနှီးတဲ့ဓားသိုင်းကွက် ပြီးတော့ ငါခံစားမိခဲ့တဲ့ အငွေ့အသက်တွေ…”

သူက တိုက်ခိုက်သူ၏ အဆင့်အတန်းကို ချက်ချင်းမှတ်မိသွားသည်။

“ကောင်းကင်(၉)သွယ်က မိုးကြိုးနတ်ဘုရား …”

လေထဲတွင် ရပ်နေသည်မှာ ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားမျက်နှာဖုံးကို ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်သည်။ သူက အလွန်အေးစက်သော မျက်လုံးများနှင့် မုန့်ချီကို စိုက်ကြည့်နေခဲ့၏။

"တကယ် မင်းပါလား စုမုန့် …သတ်ဖြတ်ရေးဓား။ မင်းက သေမင်းပင်လယ်ထဲမှာ ရှိနေတဲ့အကြောင်း ဆန်းကြယ်နတ်သမီးဆီကနေ သိခဲ့တဲ့ အချိန်ကတည်းကစပြီး ငါက မင်းကိုလိုက်ရှာနေတာ။ မင်းက ရုပ်ဖျက်တဲ့နေရာမှာ အရမ်းကျွမ်းကျင်ပြီး ခြေရာလက်ရာ ဖုံးကွယ်တဲ့နေရာမှာလည်း ဆရာတစ်ဆူဆိုတာ ငါသိတယ်။ ဒါကြောင့် ငါက ကျန်းကျိဝေကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ့အနားကို ကပ်လာတဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တိုင်းကို စစ်ဆေးကြည့်နေတာ…”

“အတော်များများကတော့ ငါ့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဒေါသထွက်သွားကြတယ်။ ဒါပေမယ့် ဒါက ကိစ္စမရှိပါဘူး။ ငါ့ရဲ့အဖွဲ့သား ဟောင်လင်းလ အမဲလိုက်ခွေးက ငါ့ကိုကူညီပေးနေတာ ကံကောင်းသွားတယ်။ ဒီတော့ ငါ့ရဲ့အစီအစဉ်တွေက အောင်မြင်သွားပြီပေါ့။ သူ့ရဲ့တိကျတဲ့ အနံ့ခံအာရုံသာမရှိရင် ငါက လူတွေအများကြီးကို တစ်ကြိမ်တည်းနဲ့ စစ်ဆေးနိုင်မှာ မဟုတ်ဘူး…"

မုန့်ချီက အဝေးကို လျင်မြန်စွာ နောက်ဆုတ်သွားခဲ့သည်။ သူက အယုံကြည်ရဆုံး ဓားတစ်လက်ဖြစ်သည့် ကောင်းကင်ပြစ်ဒဏ်ဓားကို ဘယ်လက်ထဲတွင် ကိုင်ထားပြီး ညာဘက်လက်တွင် ရေလှိုင်းမီးတောက်ဓားကို ကိုင်ထားသည်။

ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရား၏ ဘေးတွင်တော့ အမှောင်ထဲမှ အရိပ်တစ်ခု ပေါ်လာခဲ့၏။ ထိုအရာကတော့ ခွေးတစ်ကောင်၏ဦးခေါင်းနှင့် လူသားတစ်ယောက်၏ ခန္ဓာကိုယ် ရှိနေသော လူတစ်ယောက်ဖြစ်သည်။ သူက အနက်ရောင်ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ထဲတွင် တုတ်ရှည်တစ်ချောင်းကို ကိုင်ထားသည်။

သူက လေထဲတွင် လွင့်မျောနေရင်း အလွန်ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ၏မျက်နှာဖုံးအစွန်မှနေ၍ မိုးကြိုးနတ်ဘုရားက ပြုံးလိုက်ကြောင်း မြင်လိုက်ရသည်။

"လွန်ခဲ့တဲ့(၂)လလောက်မှာ ငါက ပထမကောင်းကင်လှေကားကို ဖြတ်ကျော်နိုင်ခဲ့ပြီ။ ငါ့ရဲ့အဖော် ဟောင်လင်းလ အမဲလိုက်ခွေးက ပဉ္စမကောင်းကင် ဝေ့ကျင်းအဆင့်ကို ရောက်နေပြီ။ ပြီးတော့ သူ့မှာ လေဟာနယ်တွေကို ပိုင်းခြားနိုင်တဲ့ လျှို့ဝှက်ရတနာတစ်ခုလည်း ရှိတယ်။ ဒီတော့ မင်းက အဆုံးသတ်ကို ရောက်သွားပြီ စုမုန့်။ အစစ်အမှန်မိုးကြိုးနတ်ဘုရားနဲ့ လောကသခင်ရဲ့အမွေအနှစ်တွေက ငါ့အတွက်ပဲ ဖြစ်ရမယ်။ ငါ တစ်ယောက်တည်းအတွက်ပဲ ဖြစ်ရမယ်…"

Translated by Hein Htet.

All Chapters