← Chapters

အခန်း (၅၄၇)

Vol. 37 Ch. 547

အခန်း (၅၄၇)

Vol. 37 Ch. 547

ပိုစတန်ရေကန်တစ်ခုလုံးကို လွှမ်းခြုံနေသော ညကောင်းကင်ကြီးပေါ်တွင် လမင်းကြီးက ထိန်ထိန်သာနေခဲ့သည်။ တိတ်ဆိတ်နေသော မြို့က အရိပ်များနှင့်သာ ပြည့်နှက်နေပုံရ၏။ ထိုနေရာတွင် လှုပ်ရှားနေသော အရိပ်များ၊ ကန္တာရတေလေးများ မကြာခဏ ပေါ်လာခြင်းကလွဲလျှင် ခြောက်ကပ်နေသော လမ်းမများသာ ရှိနေ၏။

“ကြည့်ရတာတော့ သံသယဝင်စရာကောင်းတဲ့ လူနှစ်ယောက်က သခင်လေးစုကို တကယ်စောင့်နေတာပဲ….”

အင်မော်တယ်ယွင်ဟယ်က ပြောလိုက်သည်။

တာအိုသခင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မြင်းမြီးကြာပွတ်ကို ကိုင်ထားသော သူက ဖုန်းရွှေပညာကို အတော်လေး ကျွမ်းကျင်သည်။ ကျန်းကျိဝေက သူ့ဘေးတွင် ရှိနေပြီး သူတို့က ညကောင်းကင်အောက်တွင် တိတ်တဆိတ် ပျံသန်းလာနေကြ၏။

အစောပိုင်းတွင် သူတို့နှစ်ယောက် ရှိနေခြင်းကို သတိမထားမိခဲ့သည့်အတွက် ကျန်းကျိဝေက အံ့သြမှင်တက်သွားခဲ့သည်။ သူမက အနည်းငယ် စိုးရိမ်စွာ ပြောလိုက်၏။

“အင်မော်တယ်…

ဘာလို့ ဒီကိစ္စကို စောစော မပြောရတာလဲ။ ကျွန်မက သူတို့ကို စစ်ဆေးကြည့်ဖို့ ကြိုးစားလို့ရတာကို…”

“ငါက နေ့တိုင်း မင်းရဲ့စခန်းထဲကနေ ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့သူတိုင်းကို စောင့်ကြည့်နေတာ။ ဒီတော့ သူတို့ရဲ့အဆင့်အတန်းကို သေချာသိမယ်လို့ ဘယ်လိုလုပ်ပြီးတော့ ပြောနိုင်မှာလဲ။ ပြီးတော့ အဲဒီလူစိမ်းတွေက မတူညီတဲ့ ဝတ်ရုံတွေနဲ့ အမြဲတမ်း ဖုံးကွယ်ထားတာ။ တကယ်လို့ ငါက ဖြတ်သွားနေတဲ့ လူစိမ်းတိုင်းရဲ့ အငွေ့အသက်တွေကို သိမ်းဆည်းထားတာ မဟုတ်ရင် သတိထားမိမှာတောင် မဟုတ်ဘူး…”

အင်မော်တယ်က သူ၏မုတ်ဆိတ်ဖြူကို လက်နှင့်သပ်ပြီး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

သူက ပြည့်စုံခြင်းတံခါးထဲမှ ထွက်လာပြီး သွားလာနေခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူက လူစိမ်းနှစ်ယောက်၏ အငွေ့အသက်ကို ကျန်းကျိဝေဆီ ကြိုတင်သတိပေးနိုင်ခြင်း မရှိချေ။ အနီးအနားတွင် သူတို့ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ပြီး မုန့်ချီ ချန်ထားခဲ့သော အမှတ်အသားနှင့် ပေါင်းစည်းလိုက်မှသာ သတိထားမိခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စကို ဆက်ပြီး‌ မပြောတော့ဘဲ ကျန်းကျိဝေက အဝေးကို စိုက်ကြည့်လိုက်၏။

“သူတို့က ဘယ်နေရာကို ရောက်သွားတာလဲ အင်မော်တယ် …”

“သူတို့က ဒီနေရာကနေ ပျောက်သွားတယ်။ ဒီနယ်မြေထဲမှာ လေဟာနယ်ကို ခွဲခြားနိုင်တဲ့ အရာတစ်ခု ဒါမှမဟုတ် အကာအကွယ် ဝင်္ကပါတစ်ခု ရှိနိုင်တယ်…

သူက ပြောလိုက်၏။

သူ့မျက်လုံးထဲတွင် ပါးကွ(၈)ကွက် သင်္ကေတရှိသော ဝင်္ကပါတစ်ခု ပေါ်လာပြီး ထိုအရာများက ဖြည်းညင်းစွာ လည်ပတ်နေခဲ့သည်။ အကယ်၍ သူတို့က မျက်လုံးထဲသို့ စိုက်ကြည့်လိုက်မည်ဆိုလျှင် ချက်ချင်းပင် ဖျားနာသွားနိုင်၏။

အင်မော်တယ်က သူ့အစွမ်းများကိုသုံးပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်၏ ပြောင်းလဲမှုကို သတိထားမိခဲ့၏။

လေထဲတွင် အဖြူရောင်တိမ်တိုက်များ ထွက်ပေါ်လာပြီး မြေပြန့်လွင်ပြင်တစ်ခု ပေါ်လာခဲ့သည်။ နေရောင်ခြည်ကလည်း ထိုမြူခိုးများကို ထိုးဖောက်လာပြီး လေထဲတွင် တလက်လက် တောက်ပနေသော စိန်ပွင့်လေးများကို ဖော်ပြနေခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ကောင်းကင် နတ်ဘုံနတ်နန်းပမာ ဖြစ်နေခဲ့သည်။

“သခင်မစုရဲ့နတ်သမီးနယ်မြေ…”

အင်မော်တယ်က ကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။ ရှေးအချိန်ကပင် သခင်မစု၏ နတ်သမီးနယ်မြေက လူတိုင်း ကြောက်လန့်ရသော နာမည်တစ်ခု ဖြစ်သည်။

သူမ၏ပတ်ဝန်းကျင်က သဘာဝအခြေအနေမှ သွေဖယ်သွားကြောင်း ကျန်းကျိဝေကလည်း ခံစားမိခဲ့သည်။ သူမ၏အာရုံထဲတွင် ရှုပ်ထွေးနေသည့်အရာများ ဖုံးလွှမ်းလာပြီး သဘာဝစွမ်းအင်များအပေါ် သူမ၏အာရုံခံစွမ်းအားများကို သက်ရောက်စေခဲ့၏။

သူမ၏ပတ်ပတ်လည်တွင် နွေးထွေးသော နေရောင်ခြည်များ ထွက်ပေါ်လာနေပြီး နားထဲတွင် သီချင်းသံတိုးတိုးကို ကြားနေရသည်။ အဖြူရောင်မြူခိုးများ၏ အပြင်ဘက်တွင်တော့ မိန်းမပျိုတစ်ယောက်က သူတို့အနားကို ချဉ်းကပ်လာနေခဲ့၏။ သူမ၏ခေါင်းပေါ်တွင်တော့ ခေါင်းဆောင်းတစ်ခု ရှိနေပြီး သူမ၏ လက်ကလေးများနှင့် လှပသော မျက်နှာလေးသာ ပေါ်နေခဲ့သည်။

ငယ်ရွယ်နုပျိုနေသော သူမ၏ရုပ်ရည်ကြောင့် ကျန်းကျိဝေက ကောင်းကင်ဘုံမှ အစစ်အမှန် နတ်သမီးတစ်ပါး၏ အလှတရားမျိုးကို သတိထားမိခဲ့သည်။ ထို့ကြောင့် ကျန်းကျိဝေ ကိုယ်တိုင်ပင် ဘာမျှမတတ်နိုင်ဘဲ သူမက အရာအားလုံး ပျောက်ဆုံးသွားသလို ခံစားလိုက်ရ၏။

သူမ၏ ဓားကို ဆွဲထုတ်ရန်ပင် စိတ်ကူးမရှိခဲ့ပေ။ သူမ၏အလှတရားက သဘာဝတရားကြီးကိုပင် ယှဉ်ပြိုင်နိုင်ပြီး သူ၏အနှစ်သာရများက အလွန်နူးညံ့သော ခြေလှမ်းများထဲတွင် ပေါင်းစပ်သွားနေခဲ့၏။

“ဒီခံစားမှု … ဆန်းကြယ်နတ်သမီး။ အစစ်အမှန် ဆန်းကြယ်နတ်သမီး ကိုယ်တိုင်ပဲ..”

ဆန်းကြယ်နတ်သမီးက နီမဏကာရများမှတစ်ဆင့် သူမ၏ ပြင်ပခန္ဓာကိုယ်ကို လေ့ကျင့်ထားကြသည်။ သက်တမ်းကြာသွားသည့်အချိန်တွင် သူမ၏ ကိုယ်ပွားများက သူမကိုယ်စား သိုင်းလောကတွင်ပင် လျှောက်လှမ်းတတ်ကြပြီး အချိန်ကျလာလျှင်တော့ ဆန်းကြယ်နတ်သမီးနှင့် ပေါင်းစပ်တတ်ကြသည်။

အတော်များများကတော့ ဆန်းကြယ်နတ်သမီး၏ ကျင့်ကြံမှု လျို့ဝှက်ချက်ကို မသိကြပေ။ ထို့ကြောင့် အလွန်လျို့ဝှက်ဆန်းကြယ်သော သူမ၏စွမ်းအားများကို သက်သေပြနိုင်သူ မရှိခဲ့ပေ။ သူမ၏လျို့ဝှက်ချက်များကြောင့် ဆန်းကြယ်နတ်သမီးနှင့် သူမ၏ကိုယ်ပွားများက မြေပြင်မှတ်တမ်းတွင် ရှိနေသော ပညာရှင်များ အဆင့်ကို မရောက်ပေ။

သို့သော် ကျန်းကျိဝေ၏ရှေ့တွင် ရှိနေသော ဆန်းကြယ်နတ်သမီးကတော့ ဓမ္မကာရတစ်ဝက်အဆင့် အငွေ့အသက်များ ရှိနေ၏။ သူမက သဘာဝနိယာမများကို ထိန်းချုပ်ထားပြီး သခင်မစု နတ်သမီးနယ်မြေတစ်ခုလုံးက သူမ၏ အမိန့်အတိုင်း လှုပ်ရှားနေသလို ထင်ရသည်။

“ငါက ဒါကို မမျှော်လင့်ထားဘူး…”

ဆန်းကြယ်နတ်သမီးဆီမှ ချစ်စရာကောင်းသော အသံတစ်ခု ထွက်လာခဲ့သည်။

“စုမုန့်ကို ကူညီပေးနေတဲ့ ပညာရှင်က မှော်တံဆိပ်တွေ၊ အဆောင်တွေကို ကျင့်ကြံထားပြီး ဓမ္မကာရအဆင့်ကို ရောက်ဖို့တောင် အရမ်းနီးကပ်နေတဲ့ သူတစ်ယောက် ဖြစ်မယ်လို့ မထင်ထားဘူး။ ငါက မဆင်မခြင် မလုပ်မိတာ ကံကောင်းသွားတယ်..”

သူမ ပြောလိုက်သည့်အချိန်တွင် လေဟာနယ်က တုန်ခါသွားခဲ့ပြီး အလင်းရောင်က လှုပ်ရှားသွားခဲ့သည်။

အင်မော်တယ်ယွင်ဟယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ကောင်းကင်(၉)သွယ်က ဆန်းကြယ်နတ်သမီးရဲ့ အမွေအနှစ်တွေက အခုထိ ရှိနေဦးမယ်လို့ ငါလည်း မထင်ထားဘူး။ ဒီနေရာမှာရှိတဲ့ လူစိမ်းနှစ်ယောက်က မင်းရဲ့ လက်အောက်ငယ်သားတွေပဲလား…”

“မဟုတ်ဘူး။ သူတို့က ကျွန်မရဲ့ လက်အောက်ငယ်သားတွေ မဟုတ်ကြဘူး…” ဆန်းကြယ်နတ်သမီးက ပြောလိုက်သည်။

“ဒါက သိပ်တော့ ထူးခြားမနေပါဘူး။ မိုးကြိုးနတ်ဘုရားကတောင် ဒီနေရာကို သိနေမှတော့ စုမုန့်က ပိုစတန်ရေကန်ထဲမှာ ပေါ်လာတဲ့အချိန် ကျွန်မလည်း မသိဘဲ နေမလား။ တကယ်လို့ ကျွန်မကသာ သူ့ရဲ့ထောင်ချောက်ထဲမှာ ရောက်သွားသလို ဟန်မဆောင်ခဲ့ဘူးဆိုရင် သူက ယင်ယန်ခွဲခွာခြင်း လေဟာနယ်ထဲကို ကျရောက်သွားမှာလား။ သူ မရှိရင်တောင် ကျွန်မက ဟောင်လင်းလ အမဲလိုက်ခွေးကို သွားခေါ်ပြီး စုမုန့်ရဲ့ခြေရာလက်ရာကို ရှာတွေ့နိုင်တာပဲလေ…”

ဆန်းကြယ်နတ်သမီးက အလွန်လှပသိမ်မွေ့သော အသံဖြင့် ပြောနေပြီး ကျန်းကျိဝေကတော့ ပင့်သက်ရှိုက်လိုက်မိသည်။ သူမက ဓားကို လှပစွာ ဆွဲထုတ်လိုက်၏။ သူမက ဆန်းကြယ်နတ်သမီးကို ပစ်မှတ်ထားနေခြင်း မဟုတ်ဘဲ သူမနှင့် သခင်မစု နတ်သမီးနယ်မြေ၏ ဆက်သွယ်မှုကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်သည်။

နောက်တွင် အင်မော်တယ်ယွင်ဟယ် ရှိနေသည့်အတွက် သူမက နတ်သမီးနယ်မြေ၏ အချုပ်အနှောင်ကို ဖျက်ဆီးလိုက်မှသာ မုန့်ချီကို ကယ်တင်ပေးနိုင်ပါလိမ့်မည်။

“အခု ငါတို့တွေက ယင်ယန်ခွဲခွာခြင်း လေဟာနယ်ထဲမှာ ရောက်နေတယ်ဆိုတာ သိနေပြီ ဆိုမှတော့ ဒီလေဟာနယ်ကို ဖျက်ဆီးပစ်ဖို့ ခြေရာလက်ရာလည်း ရှာဖွေနိုင်မှာပဲ။ ငါက ဒီနယ်ပယ်နဲ့ အလှမ်းကွာနေတာ တော်တော်လေးကို ကြာနေပြီ။ ဒါကြောင့်လည်း သတိမထားမိခဲ့တာပဲ…”

အင်မော်တယ်ယွင်ဟယ်က သက်ပြင်းချလိုက်မိသည်။

သူ့စကားမဆုံးသေးခင် လေထဲတွင် ခရမ်းပြာရောင် မီးတောက်များ စတင် ထွက်ပေါ်လာခဲ့သည်။ ထိုမီးတောက်များထဲမှနေ၍ ဇာမဏီငှက်တစ်ကောင် ထွက်ပေါ်လာခဲ့၏။

ထိုအရာက ဆန်းကြယ်နတ်သမီးကို ထိခိုက်စေနိုင်သည့်အပြင် မီးတောက်များက အဖြူရောင်တိမ်တိုက်များကို ဝါးမျိုပြီး ပတ်ပတ်လည်တွင် မီးပင်လယ်ကြီး ဖြစ်သွားစေနိုင်သည်။ ငရဲပြည်တွင် လောင်ကျွမ်းနေသော မီးတောက်များကဲ့သို့ လေဟာနယ်ထဲရှိ တစ်ဦးတစ်ယောက်မျှ လွတ်မြောက်ခဲ့ခြင်း မရှိခဲ့ချေ။

တစ်ချိန်တည်းလိုလိုပင် မြေကြီးထဲမှနေ၍ အလွန်သိပ်သည်းသော ရေခဲစီးကြောင်းများ ထွက်ပေါ်လာခဲ့သည်။ ကျန်းကျိဝေ၏ ဓားချီစွမ်းအင်များကလည်း လေထဲကို ထိုးဖောက်လာခဲ့၏။

အမှောင်အရိပ်များ၊ သလင်းကျောက် အလင်းရောင်များက ဆန်းကြယ်နတ်သမီး၏ ပတ်ပတ်လည်တွင် ထွက်ပေါ်လာပြီး သူမကို ကမ္ဘာမြေကြီး၏ စွမ်းအားများမှ ကန့်သတ်ပေးလိုက်သည်။

အလွန်ဉာဏ်များသော အင်မော်တယ်က သူ၏ဝှက်ဖဲကို အချိန်ကိုက် သုံးလိုက်ခြင်း ဖြစ်၏။ သူကိုယ်တိုင်က ရေစွမ်းအားများဖြင့် တုံ့ပြန်နေပြီး သူက မှော်ဝင်္ကပါ၏ ဓာတ်ကြီး(၅)ပါးကို လှုံ့‌‌ဆော်ပေးလိုက်ခြင်းဖြစ်သည်။

ဆန်းကြယ်နတ်သမီးက ဝါးတုတ်တံတစ်ချောင်းကို ယူလိုက်၏။ ထိုဝါးတုတ်တံ၏ ထိပ်ဖျားတွင်တော့ အစိမ်းရောင် သစ်ရွက်(၉)ရွက် ရှိနေပြီး ထိုသစ်ရွက်(၉)ရွက်က နတ်ဘုရားအငွေ့အသက်များ လွှမ်းခြုံနေ၏။ သူမက ထိုဝါးတုတ်တံကို မှော်တုတ်တံ တစ်ချောင်းကဲ့သို့ ချိန်လိုက်ပြီး အင်မော်တယ်၏ လှည့်ကွက်များကို ဖယ်ရှားလိုက်သည်။

လောင်ကျွမ်းနေသော ဇာမဏီငှက်က တခဏအတွင်းရေထဲသို့ ပြုတ်ကျသွားခဲ့ပြီး သိပ်သည်းသော ‌ရေခဲစီးကြောင်းများကလည်း ပျောက်ကွယ်သွားခဲ့သည်။ သူမကို ချုပ်နှောင်ထားခဲ့သော အရာများကလည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ပြီး သခင်မစု၏ နတ်သမီးနယ်မြေက စွမ်းအားများ မြင့်တက်လာခဲ့သည်။

“နတ်ဘုရား လက်နက်ပါလား…”

အင်မော်တယ်က ထိတ်လန့်သွားခဲ့သည်။

ထိုအချိန်တွင် သူ့လက်ထဲမှ အဆောင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအဆောင်က မည်းညစ်ညစ် အ‌ရောင်တောက်ပနေသည်။ အဆောင်ပေါ်တွင် ရှေးဟောင်း အင်းကွက်များ ရှိနေပြီး သူတို့က တလက်လက် တောက်ပနေသော ကြယ်များကဲ့သို့ ဖြစ်နေ၏။

နတ်သမီးနယ်မြေ၏ အကျိုးသက်ရောက်မှုက သဘာဝတရားကြီး၏ အကျိုးသက်ရောက်မှုကို ထိန်းချုပ်ခြင်း ဖြစ်သည်။ အမှောင်ထုကြီးက သူတို့၏ ပတ်ပတ်လည်တွင် ကျရောက်လာပြီး အန္တရာယ်များ ဒုက္ခများအားလုံးကို ဖယ်ရှားပေးလိုက်၏။

“ကမ္ဘာဦး သန့်စင်ရေးအဆောင်…”

ဆန်းကြယ်နတ်သမီးကို အော်လိုက်မိသည်။

“ပြည့်စုံခြင်းအင်မော်တယ်ရဲ့အမွေအနှစ်…”

ဆန်းကြယ်နတ်သမီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကျန်းကျိဝေက စိုးရိမ်မှုများကို ဖိနှိပ်ထားခဲ့သည်။ သူမ၏စိတ်ကို လှုံ့ဆော်လိုက်ပြီး တိုက်ခိုက်မှုကို အလေးထားလိုက်၏။

သူမက ကျိကျန်းဓားစံအိမ်မှ သင်ထားခဲ့သော သိုင်းကွက်များထဲတွင် ပြိုင်ဘက်အကင်းဆုံး သိုင်းကွက်ကို အသုံးပြုလိုက်သည်။ သူမက နတ်သမီးနယ်မြေ၏ အားနည်းစေသော အကျိုးသက်ရောက်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ ထက်မြက်ပြီး အဖျက်စွမ်းအားကြီးမားသော အလင်းတန်းက နတ်သမီးနယ်မြေ၏ အစွန်ကို တိုက်ခိုက်လိုက်သည်။

အပြင်ဘက်တွင်တော့ ညအချိန်က တိတ်ဆိတ်ငြိမ်သက်နေသည်။ တစ်ခါတစ်ရံ ကန္တာရကြွက်ကြီးများ၏ လှုပ်ရှားမှုသာ ရှိနေခဲ့၏။ အရိပ်ထဲတွင်တော့ လူတစ်ယောက် ရပ်နေပြီး ထိုအရာကတော့ ဆန်းကြယ်နတ်သမီး ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ ထိုအရာက အစောပိုင်းတွင်‌ ကျန်းကျိဝေ၊ မုန့်ချီတို့နှင့် တွေ့ခဲ့သော နီမဏကာရလည်း ဖြစ်၏။

အမှောင်ထဲတွင် လွင့်မျောနေရင်း သူမကတော့ မုန့်ချီ ရှိနေသော ခြံဝင်းထဲကို တိတ်တဆိတ် စောင့်ကြည့်နေပြီး သူ့ကို တိုက်ခိုက်ရန် အခွင့်အရေးအား စိတ်ရှည်လက်ရှည်နှင့် စောင့်နေခဲ့သည်။ အကယ်၍ သူမကသာ အင်မော်တယ် ယွင်ဟယ် တည်ရှိမှုကို မသိလျှင် သူမ၏ လှည့်ကွက်များအားလုံးက အချည်းနှီး ဖြစ်သွားရပါလိမ့်မည်။

ယင်ယန်ခွဲခွာခြင်းနယ်မြေထဲတွင် …

မျက်နှာဖုံးတပ်ထားသော မိုးကြိုးနတ်ဘုရားက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော တံခါးပေါက်များအားလုံးကို ဖွင့်လိုက်၏။ အနက်ရောင်ဝတ်စုံဝတ်ထားသော သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အလွန်တောက်ပသော အလင်းရောင်များ လွှမ်းခြုံလာခဲ့သည်။

ခရမ်းရောင် လျှပ်စီးကြောင်းများကလည်း သူ၏ပတ်ပတ်လည်တွင် လှုပ်ရှားနေပြီး သူ၏ နောက်ဘက်တွင် ဧရာမလူရိပ်ကြီးတစ်ခု ပေါ်လာခဲ့၏။ ကြေးနီရောင် အသားအရေရှိနေသော လူရိပ်ကြီး၏ခန္ဓာကိုယ်က ရှေးဟောင်း မိုးကြိုးနတ်ဘုရား၏ တံဆိပ်များကို ပိုင်ဆိုင်ထားသည်။ သူ့ခြေထောက်အောက်တွင်တော့ ခရမ်းရောင် လျှပ်စီးကြောင်းများနှင့် ဖန်တီးထား‌သော နဂါးနှစ်ကောင်ကို စီးနင်းထားသည်။ သူတို့၏မျက်လုံးများက လျှပ်စီးကြောင်းများ တလက်လက် တောက်ပနေ၏။

လူသန်ကြီး၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များက သူ့လက်ထဲတွင် ကိုင်ထားသော ဓားမောက်နှင့် လိုက်ဖက်နေခဲ့သည်။ မိုးကြိုးတံဆိပ်ပေါင်းများစွာကလည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အရေပြားပေါ်တွင် ပြည့်နှက်နေခဲ့၏။

သူတို့က သစ်ပင်ကြီးတစ်ပင်၏ အကိုင်းအခက်များ၊ သစ်ရွက်များကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့နေပြီး လျှပ်စီးနှင့် မိုးကြိုးခန္ဓာတစ်ခုကဲ့သို့ ဖြစ်သည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသော သဘာဝစွမ်းအင်များက မုန့်ချီ၏ ပတ်ပတ်လည်တွင် စတင်လှုပ်ရှားလာခဲ့၏။

မိုးကြိုးနတ်ဘုရား၏ ပုံရိပ်ယောင်ခန္ဓာကလည်း ပုံပေါ်လာခဲ့သည်။ စွမ်းအင်များကို သူကိုယ်တိုင် ဆင့်ခေါ်စရာ မလိုတော့ဘဲ သူတို့ကတော့ မိုးကြိုးနတ်ဘုရား ပုံရိပ်ကြီးကို အားဖြည့်ပေးနေပုံရ၏။ ထိုပုံရိပ်က လျှပ်စီးကြောင်းများနှင့် ပို၍ ကြောက်စရာ ကောင်းလာခဲ့သည်။ ပုံရိပ်ယောင်ခန္ဓာ၏အစွမ်းများက သဘာဝတရားကြီး၏ အငွေ့အသက်နှင့်ပင် ပေါင်းစပ်နေခဲ့၏။

ခရမ်းမိုးကြိုးဓား(၇)ချက်က မိုးကြိုးနတ်ဘုရား၏ အမွေအနှစ်များထဲမှ တစ်ခု ဖြစ်သည်။ ထိုသိုင်းကွက်ကို အသုံးပြုသူက ကောင်းကင်အပြစ်ပေးမှုကဲ့သို့ တူညီသော မိုးကြိုးတိုက်ခိုက်မှုနှင့် ရန်သူကို တိုက်ခိုက်၍ ရသည်။

မုန့်ချီက ခရမ်းမိုးကြိုးစွမ်းအားများကို ဆင့်ခေါ်ပြီး ထိုမိုးကြိုးစွမ်းအားများကို သူ၏ ဓားမောက်ထဲသို့ ပေါင်းထည့်ရန် ကြိုးစားလိုက်သည်။ သူက ထိုအရာကို ခက်ခက်ခဲခဲ ပြုလုပ်နေရ၏။ လက်ရှိအချိန်တွင် လျှပ်စီးကြောင်းများ အားလုံးက သူ့အမိန့်ကို ဆန့်ကျင်နေသလို ခံစားနေရသည်။ ရုတ်တရက် ဆိုသလို သူ၏လက်ခုံပေါ်တွင် ရှိနေသော မိုးကြိုးတံဆိပ်က တောက်ပလာခဲ့၏။

သူ၏ ခရမ်းရောင်အလင်းတန်းများက ညအချိန်တွင် အလွန် ကြီးကျယ်ခမ်းနားနေခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော သဘာဝစွမ်းအင်များကလည်း အလွန်ဝမ်းသာပျော်ရွှင်နေသည့် ခံစားမှုမျိုး ပေါ်လာခဲ့သည်။

အစောပိုင်းတွင် သူ ခံစားနေရသော ကန့်သတ်ချက်များ အားလုံးကလည်း ပျောက်ကွယ်သွားခဲ့၏။ ယခု သူက မိုးကြိုးစွမ်းအားများကို ဆင့်ခေါ်နိုင်ပြီး သူ့ဓားကို အသုံးချ၍ ရသွားသည်။ သူ့ရှေ့တွင် ရှိနေသော မိုးကြိုးနတ်ဘုရားကတော့ ကောက်ကျစ်စဉ်းလဲမှုများ၊ လောဘများ ပြည့်နှက်နေသည်။ မုန့်ချီ၏ လက်ခုံပေါ်တွင် တောက်ပနေသော မိုးကြိုးတံဆိပ်ကို မြင်သည့်အချိန်တွင် သူ့ဆီ၌လောဘများ ပြည့်နှက်လာခဲ့၏။

သူ့ဘေးရှိ ခွေးခေါင်းနှင့်လူကလည်း ကျယ်လောင်စွာ အူလိုက်သည်။ သူ့ခန္ဓာကိုယ်က ကြီးမားလာပြီး (၃၃) ပေခန့်ရှိသော ဧရာမခွေးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။ သူ၏ခြေလက်များ ၊ သွေးကြောများထဲတွင် ကြောက်စရာကောင်းသော စွမ်းအားများ စီးဆင်းနေသည်။

အလွန်ကြီးမားသော အမဲလိုက်ခွေးကြီးက သူ၏အဖြူရောင်အစွယ်များကိုထုတ်ပြီး မုန့်ချီကို လှမ်းဟပ်လိုက်သည်။ ထိုမေးရိုးများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုပစ်နိုင်သော အဆုံးမဲ့တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုအရာက လမင်းကြီးနှင့်ကြယ်များကိုပင် ဝါးမျိုနိုင်သော အရာမျိုး ဖြစ်သည်။

“တော်တော်ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးပဲ…”

ဧရာမခွေးကြီးဆီမှ ကြောက်စရာကောင်းသော အော်သံတစ်ခုကို ကြားလိုက်သည်။

ထိုအချိန်တွင် သူ၏အာရုံခံစွမ်းအားများက လှုပ်ရှားသွားခဲ့ပြီး သူ၏ပင်မဝိညာဉ်က ထိခိုက်သွားခဲ့ရသည်။ အကယ်၍ သူကသာ ကမ္ဘာဦးပုံရိပ်ယောင် ခန္ဓာကို သုံးထားခဲ့ခြင်း မရှိလျှင် သေဆုံးသွားလောက်ပါပြီ။

မုန့်ချီကတော့ သူ့ကို ဝိုင်းနေသော အန္တရာယ်များကို သေချာသိနေပြီး သူ၏ လက်ရှိအခြေအနေကို ကောင်းကောင်းကြီး နားလည်နေသည်။ သူက ထိုကဲ့သို့ အခြေအနေမျိုးကို တစ်ကြိမ်ထက်မက ကြုံခဲ့ဖူး၏။ သူက အရိပ်ရေခဲလက်ဝါး၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနှင့် ဝိညာဉ်ဖျောက်ပုလွေတို့ကို ရင်ဆိုင်ရသည့်အချိန်တွင်လည်း သူသေကိုယ်သေ တိုက်ခိုက်ခဲ့ရသည်။

ယခုတစ်ကြိမ်တော့ ကွဲပြား၏။ သူ့ရန်သူများက အဆပေါင်းများစွာ ပို၍ အစွမ်းထက်သည်။ ယခင်တုန်းက အစိမ်းရောင်ကျင့်ကြံသူက သူ့ထက်ပို၍ အစွမ်းထက်သော်လည်း အတွင်းဒဏ်ရာ ပြဿနာရှိနေသည့်အတွက် သူ၏အစွမ်းကို အချိန်ကြာကြာ ခံနိုင်ရည် မရှိချေ။

လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါလူသားနှင့် ဝိညာဉ်ဖျောက်ပုလွေတို့ကတော့ သူ့ထက်ပို၍ အားနည်းကြ၏။ အဓိကအချက်ကတော့ သူ့ရန်သူများက သူ့ကို တိုက်ခိုက်ရာတွင် စုစည်းနေခြင်း မရှိဘဲ သူတို့၏ အားနည်းချက်များကို ဖော်ထုတ်၍ သူ့ကို တိုက်ခိုက်ခဲ့ခြင်း မရှိပေ။

ယခုတစ်ကြိမ်တော့ မိုးကြိုးနတ်ဘုရားနှင့် ဟောင်လင်းလ အမဲလိုက်ခွေးတို့က ပထမကောင်းကင်လှေကားကို ဖြတ်ကျော်ထားသော ပညာရှင်များ ဖြစ်ကြသည်။ သူတို့၏အဆင့်နှင့် စွမ်းအားက သူ့ထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့၏။ သူတို့ဆီတွင် ရောဂါမရှိသလို အကောင်းဆုံးအခြေအနေ ဖြစ်နေသည်။ သူတို့က သိုင်းလောကတွင် နာမည်ကျော် ပညာရှင်များဖြစ်ပြီး သေခြင်းတရားနှင့် တိုက်ပွဲတွင် ကျွမ်းကျင်သော လူများ ဖြစ်ကြ၏။

သူ့ရန်သူများက သူ၏အားနည်းချက်တိုင်းကို တိုက်ခိုက်မည်ဖြစ်ကြောင်း မုန့်ချီက ခံစားမိနေခဲ့သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည့်အချိန်တွင် မုန့်ချီဆီ၌ အတွေးတစ်ခုတည်းသာ ရှိသည်။ သူက အတတ်နိုင်ဆုံး တစ်ယောက်ကို သတ်ပစ်ရမည်ဖြစ်ပြီး မည်သည့်အရာကို ပေးဆပ်ရစေကာမူ ကိစ္စမရှိပေ။

ခဏတာ တွေဝေမှုများကြောင့် သူက ရှေ့ဘက်မှ ရန်သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရပြီး သူ့ကို လျင်မြန်စွာ လွှမ်းခြုံသွားခဲ့သည်။ သူ့ရန်သူများက သူ့ကို သံသရာတံဆိပ်သုံးရန် သေချာပေါက် အခွင့်အရေးပေးမည် မဟုတ်ပေ။ မုန့်ချီက အသက်ရှင်နိုင်ရန် သူ၏အခွင့်အရေးကို ကောင်းမွန်စွာ နားလည်ထားခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ အသက်ရှင်ရန် အခွင့်အ‌ရေး နည်းပါးနိုင်ကြောင်း သိနေခဲ့သည်။

မုန့်ချီကတော့ အကူအညီတောင်းရန် မျှော်လင့်ထားခြင်း မရှိချေ။ သူက အသက်ရှင်ရန် ကိုယ့်ကိုယ်ကိုယ် စဉ်းစားထားပြီး မိုးကြိုးနတ်ဘုရား၏ ကံကြမ္မာပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်သွားစေချင်ခဲ့သည်။

ရေလှိုင်းမီးတောက်ဓားဆီမှ လောင်ကျွမ်းနေသော မီးတောက်များ တောက်လောင်နေပြီး သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော လေဟာနယ်ကပင် လောင်ကျွမ်းနေခဲ့သည်။ ထို့ကြောင့် သူတို့က ငရဲမီးတောက်များထဲသို့ ပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး အဝေးတွင် ရှိနေသော မီးတောက်များ အားလုံးက ဝါးမျိုသွားခဲ့၏။

မီးတောက်များ၏အလယ်တွင် မုန့်ချီကတော့ လောင်ကျွမ်းနေသော နေမင်းကြီး ပိုင်ဆိုင်ထားသည့် ပုံရိပ်ယောင်ခန္ဓာကိုယ်ကို ပြသလိုက်သည်။ အလွန်တောက်ပနေသော နေလုံးကြီးနှင့် မုန့်ချီ၏ အငွေ့အသက်များက သူတို့ပိတ်လှောင်ထားသော လေဟာနယ်၏ နေရာတိုင်းကို ပျံ့နှံ့သွားသည်။ ထိုအရာများက အမှောင်ထုများအားလုံးကို ဖယ်ရှားလိုက်ပြီး မိုးကြိုးနတ်ဘုရားက ဖုံးကွယ်နိုင်ခြင်း မရှိပေ။

မိုးကြိုးနတ်ဘုရားနှင့် ဟောင်လင်းလ အမဲလိုက်ခွေးတို့က မုန့်ချီကို ပစ်မှတ်ထားနေပြီး ဘေးနှစ်ဖက်မှနေ၍ သူ့ကို ရှင်းပစ်ရန် ကြိုးစားနေကြသည်။ သူတို့ ထုတ်ဖော်ပြသထားသော ပုံရိပ်ယောင်ခန္ဓာများက သူတို့၏နောက်တွင် ပုံသဏ္ဌာန်ပေါ်လာပြီး သဘာဝတရားကြီးနှင့် ‌ပေါင်းစပ်နေခဲ့၏။

မျက်လုံးထဲတွင် ရှိနေသော အလင်းရောင်များကလည်း သိသိသာသာ မှေးမှိန်သွားခဲ့ပြီး တည်ငြိမ်နေသည်မှာ မုန်တိုင်းမလာခင် လေပြေလာသကဲ့သို့ ဖြစ်သည်။ ဟောင်လင်းလ အမဲလိုက်ခွေးက သူ၏သွားနှစ်ဖက်ကို ဟလိုက်ပြီး မုန့်ချီကို နောက်ဘက်မှ ဝါးမျိုရန် ပြင်ဆင်နေခဲ့၏။

ထိုအချိန် မိုးကြိုးနတ်ဘုရားကလည်း လေထဲသို့ ခုန်လိုက်ပြီး သူ၏ ဓားမောက်ကြီးနှင့် မုန့်ချီကို တိုက်ခိုက်လိုက်သည်။ မိုးကြိုးနတ်ဘုရား၏ ပုံရိပ်ယောင်ခန္ဓာကလည်း လှုပ်ရှားသွားပြီး သူ၏ဓားမောက်နှင့် မုန့်ချီကို ခုတ်လိုက်၏။ မိုးကြိုးနှင့် လျှပ်စီးကြောင်းများ ပြည့်နေသော ဓားသွားနှစ်ခုက မုန့်ချီဆီကို ဒုက္ခကပ်ဆိုးတစ်ခုကဲ့သို့ ကျရောက်လာခဲ့၏။ သူတို့က အဆတစ်ထောင်ခန့် စွမ်းအားများ ပိုင်ဆိုင်ထားသလို ဖြစ်နေခဲ့သည်။

“ဂျိမ်း.....”

ခရမ်းရောင်လျှပ်စီးကြောင်းများက မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် အချိန်တွင် နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရသည်။ ထိုစွမ်းအားများအားလုံးက သူ ရပ်နေသော နေရာသို့ ပေါင်းစုလာခဲ့၏။

ကြောက်စရာကောင်းသည့် ပေါက်ကွဲမှုကြောင့် သဘာဝတရားကြီးကပင် လှုပ်ရှားသွားခဲ့ပြီး သူ၏အစီအစဉ်များက လွဲချော်သွားခဲ့သည်။ မီးတောက်တိမ်တိုက်များကလည်း‌ လေထဲသို့ မြောက်တက်လာပြီး မိုးကြိုးနတ်ဘုရား၏ရှေ့တွင် မှိုပွင့်ပုံသဏ္ဌာန် ဖြစ်လာခဲ့သည်။

“ဗုန်း.....”

ခရမ်းရောင်လျှပ်စီးကြောင်းများ၏အစွမ်းကို မီးတောက်များက ဖျက်ဆီးပစ်လိုက်ပြီး အနီရောင်‌နေလုံးကြီးကိုလည်း အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်ခဲ့သည်။ ထိုမီးတောက်နှင့် လောင်ကျွမ်းနေသော ပုံရိပ်က လုံးဝပျောက်ကွယ်သွားခဲ့၏။

ထိုအခြေအနေကြောင့် မိုးကြိုးနတ်ဘုရားနှင့် ‌ဟောင်လင်းလ အမဲလိုက်ခွေးတို့က မှင်တက်သွားခဲ့ကြသည်။

“လုံးဝမဖြစ်နိုင်ဘူး။ လှည့်စားထားတာ ဖြစ်မယ်….”

ထိုအရာကတော့ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုသုံးပြီး မုန့်ချီ ဖန်တီးထားခဲ့သော ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ အစောပိုင်းတွင် မုန့်ချီက မိုးကြိုးနတ်ဘုရားနှင့် ဟောင်လင်းလ အမဲလိုက်ခွေးတို့၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းခဲ့သည်။

လေထဲတွင် ပျံသန်းနေရင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့၏။ သူက ခေါင်းပေါ်မှနေ၍ ကောင်းကင်ပြစ်ဒဏ်ဓားကို ခုတ်ချလိုက်သည်။ သူ့လက်ထဲတွင်လည်း မျက်လုံးပုံစံ ပုတီးတစ်ကုံးကို ကိုင်ထား၏။

ပုတီးစေ့(၉)စေ့က အလင်းရောင်များ တောက်ပလာပြီး ပုတီးထဲတွင် ရှိနေသော မျက်လုံး(၉)လုံးဆီမှ အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။ ထိုအရာများအားလုံးက သူတို့ကို မသက်မသာ ခံစားရစေ၏။

ဟောင်လင်းလ အမဲလိုက်ခွေးနှင့် မုန့်ချီတို့ကြားထဲတွင် အမှောင်ထုကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအမဲလိုက်ခွေး၏ရှေ့တွင် မြင်ကွင်းများ ပုံရိပ်များစွာ‌ ပေါ်လာပြီး သူ၏ယခင်အခြေအနေကို ပြန်လည် ပြသနေခဲ့၏။ ဧရာမခွေးကြီးက ရပ်တန့်လိုက်ပြီး တွေဝေမိန်းမောသွားပုံရသည်။

ထိုအချိန်တွင် မုန့်ချီ၏ နဖူးပေါ်၌ တတိယမျက်လုံးတစ်ခု ပေါ်လာခဲ့၏။

“မျက်လုံး(၉)လုံး သံသရာပုတီးနဲ့ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်..”

မုန့်ချီက ဟောင်လင်းလ အမဲလိုက်ခွေးကို အရင်ဆုံး ရှင်းလင်းပစ်ရန် ‌ရွေးချယ်ထားသည်။ သူ၏ကြောက်စရာ အကောင်းဆုံးစွမ်းအားနှင့် တိကျသော အနံ့ခံစွမ်းရည်များကြောင့် သူက မုန့်ချီကို ပို၍အန္တရာယ်ပေးနိုင်၏။

ထို့ပြင် အတိတ်ဖြစ်ရပ်များကြောင့် မိုးကြိုးနတ်ဘုရားက မုန့်ချီကို မဆင်မခြင် တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ပေ။ သူကတော့ သူ၏ပထမဆုံးမှော်ရတနာများ ကုန်ဆုံးသွားသည့် အချိန်အထိ စောင့်နေပြီးမှသာ သူသေကိုယ်သေ တိုက်ခိုက်ပါလိမ့်မည်။

မုန့်ချီ၏ အစီအစဉ်ကို မြင်တွေ့လိုက်ရသော မိုးကြိုးနတ်ဘုရားက ထိုင်ကြည့်မနေနိုင်တော့ပေ။ သူ၏ဘယ်ဖက်လက်ထဲတွင် ရှိနေသော လျို့ဝှက်ရတနာတစ်ခုကို ဖျက်ဆီးလိုက်၏။

ထိုအချိန်တွင် လေဟာနယ်က သူတို့၏ ပတ်ပတ်လည်တွင် လှုပ်ရှားသွားခဲ့သည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အလွန်အစွမ်းထက်သော လေလှိုင်းတစ်ခုက မုန့်ချီဆီကို ရောက်လာခဲ့၏။ တိုက်ခိုက်မှုဆက်တိုက် ပေါ်လာခဲ့သည့်အချိန်တွင် ပြဇာတ်က အစသာ ရှိနေသေး၏။

Translated by Hein Htet.

All Chapters