← Chapters

အခန်း (၅၄၈)

Vol. 37 Ch. 548

အခန်း (၅၄၈)

Vol. 37 Ch. 548

မုန့်ချီက တဖြည်းဖြည်း တိုးမြင့်လာသော မိုးကြိုးနတ်ဘုရား၏ အန္တရာယ်ကို လျစ်လျူရှုထားခဲ့သည်။ သူ၏နဖူးပေါ်တွင် ရှိနေသော တတိယမျက်လုံးက အလင်းရောင်များ တလက်လက်တောက်ပနေပြီး ဟောင်လင်းလ အမဲလိုက်ခွေးကိုသာ ဆက်လက်အာရုံစိုက်ထားနေခဲ့၏။

အမဲလိုက်ခွေးက သူ၏ငယ်စဉ် ကလေးဘဝမြင်ကွင်းများထဲကို ပြန်ရောက်သွားခဲ့ပြီး သူတို့က အထွဋ်အထိပ်ကို ရောက်လာခဲ့သည်။ သူ့အိမ်မက်ထဲတွင်တော့ သူက မြေခွေးနတ်ဆိုးတစ်ကောင်နှင့် ချစ်ကျွမ်းဝင်မိခဲ့၏။ သူမ၏အသားအရေက နှင်းပွင့်လေးကဲ့သို့ စွတ်စွတ်ဖြူနေပြီး ပိုးသားလေးကဲ့သို့ နူးညံ့လှသည်။

အိပ်ယာထဲတွင်လည်း သူမ၏စွမ်းဆောင်ရည်က သူ့အကြိုက်ကို လိုက်နိုင်ပြီး အဆုံးစွန်‌သော အခြေအနေကို ပို့ဆောင်ပေးနိုင်သည်။ ရုတ်တရက်ဆိုသလို မြေခွေးနတ်ဆိုး၏ ချောမွေ့နေသော အသားအရေက ဖောင်းကားပြီး ကြီးထွားလာခဲ့၏။ သူမ၏ခန္ဓာကိုယ်ကလည်း စတင်ပုပ်ပွလာပြီး အရိအရွဲများ ထွက်လာခဲ့၏။

သူမ၏ခန္ဓာကိုယ် အတွင်းကလီစာများနှင့် အရိုးများကိုလည်း မြင်နေရပြီး သူမက သေဆုံးသွားသည်မှာ အချိန်အတော်လေးကြာနေခဲ့သည့်အလား သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းများက လုံးဝကို ပျက်စီးသွားခဲ့၏။

ပျက်စီးနေသော အသွေးအသားများနှင့် အလောင်းပုပ်ရနံ့များကို မြင်နေရသည့် အချိန်တွင် အမဲလိုက်ခွေးက အန်မိတော့မတတ် ဖြစ်သွားခဲ့၏။ သူ့ခန္ဓာကိုယ်က ထိန်းချုပ်၍ မရနိုင်စွာ လှုပ်ရှားလာခဲ့ပြီး သူက သတိလစ်သွားချင်သည့်စိတ်ကို မနည်းတိုက်ခိုက်နေရသည်။

အတိတ်တွင် ဖြစ်ခဲ့သော မှတ်ဉာဏ်များ၊ ပုံရိပ်များအားလုံးက သူ့ခေါင်းထဲတွင် ပေါ်လာပြီး မနေ့တနေ့တွင် ဖြစ်နေသကဲ့သို့ သူ့ရှေ့တွင် တစ်ခုပြီးတစ်ခု ရောက်လာနေခဲ့သည်။

သူ့ရှေ့တွင် မြင်နေရသော မြင်ကွင်းများက အစစ်အမှန်နှင့်အမှန်တရားကို ပေါင်းစပ်ထားသလို ဖြစ်နေခဲ့သည်။ သို့သော် သူက သူ၏အိမ်မက်များထဲတွင် ကောင်းမွန်စွာ အဆုံးသတ်နိုင်ခြင်း မရှိချေ။ သူ၏အဖော်တချို့က ပုပ်သိုးသွားသော အလောင်းများအဖြစ် ပျက်စီးသွားခဲ့သည့်အချိန်တွင် သူက လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

သူ့အဖော်တချို့ကတော့ နတ်ဆိုးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ၏စွမ်းအင်များကို ကုန်ဆုံးသွားစေရန် ကြိုးစားနေခဲ့သည်။ တစ်ချို့ကတော့ သူ့ကို ချုပ်နှောင်ထားပြီး သူတို့က သူ့ဘဝတလျှောက်လုံးတွင် နာနာကျင်ကျင်နှင့် နှိပ်စက်မှုများကို ခံနိုင်ရည်ရှိနေပုံပေါ်၏။

သူတို့က မတူညီသော အခြေအနေများကို ပြသနေခဲ့သည်။ သူ့အစွမ်းအရ ထိုပုံရိပ်ယောင်များကို အလွယ်တကူ ဖယ်ရှားနိုင်၏။ ထိုသို့ဆိုရာတွင် သူ၏မှတ်ဉာဏ်များမှ ဖန်တီးထားသော အိမ်မက်ဆိုးအပိုင်းအစများက သူ့ကို နှိပ်စက်နေခဲ့သည်။

ဘဝ၏အစစ်အမှန် အတွေ့အကြုံများထဲတွင် မုန့်ချီ၏ လှည့်စားမှုများ ထပ်ပေါင်းထားလိုက်သည့် အချိန်တွင် သူက မုန့်ချီ၏စိတ်ဝိညာဉ် တိုက်ခိုက်မှုကို ခုခံရန် မည်သည့်နည်းလမ်းမျှမရှိတော့ချေ။ သူကတော့ ဘဝမှတ်ဉာဏ်များ နှိပ်စက်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။

သူ၏စိတ်ဝိညာဉ်နှင့်သိစိတ်က တစ်စစီပျက်စီးလာပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်လာသည်။ အလွန်ကြီးမားသော သူ၏ဧရာမ ခန္ဓာကိုယ်ကြီးကတော့ ဆက်၍ရှိနေပြီး သူ၏အတွင်းပိုင်းထဲတွင် တုန်လှုပ်နေသည့်အတွက် ဒယိမ်းဒယိုင်ဖြစ်နေခဲ့သည်။

မုန့်ချီက သူ့ကို တိုက်ခိုက်လာသော အညိုရောင်သဲများကို လျစ်လျူရှုထားပြီး လက်သီးကို တင်းတင်းဆုပ်ထား၍ ဧရာမခွေးကြီး၏ ဦးခေါင်းကို ကရုဏာမဲ့စွာ တိုက်ခိုက်လိုက်သည်။

မုန့်ချီ၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းစက်လေးများ လွှမ်းခြုံနေပြီး လွင်မျောနေသော မီးပွားလေးများ၏ အရိပ်အယောင်ကလည်း ရွှေရောင်ကံကြမ္မာမီးတောက်များ ပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။

အမှောင်နှင့် အလင်းတန်းများကလည်း အချင်းချင်း ရောယှက်လာပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာသော ပုံရိပ်တစ်ခုကဲ့သို့ သူ့ဆီတွင် လင်းလက်နေခဲ့သည်။ သူက ဗုဒ္ဓ၏အစွမ်းများကို ပေါင်းစပ်ထားသော အထွဋ်အမြတ် သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်နေသည်။

မုန့်ချီ၏လက်သီးက ရန်သူ၏ခေါင်းပေါ်ကို ကျရောက်သွားခဲ့၏။ ထိုအချိန်တွင် ဟောင်လင်းလ အမဲလိုက်ခွေးဆီတွင် အိပ်စက်နေသော စွမ်းရည်များက တုံ့ပြန်လိုက်ပြီး ထိုအမဲလိုက်ခွေး၏ ပတ်ပတ်လည်တွင် ခရမ်းရင့်ရောင် အလင်းတန်း အကာအကွယ်တစ်ခု လွှမ်းခြုံသွားခဲ့သည်။

ထိုအလင်းတန်းထဲတွင် ကြယ်များ တလက်လက် တောက်ပနေခဲ့၏။ ထိုအကာအကွယ်က မုန့်ချီ၏လက်သီးကို ခဏလေးသာ ကာကွယ်နိုင်ခဲ့ပြီး ထိုတိုက်ခိုက်မှုက သူ၏နောက်ဆုံးခုခံမှုကို ထိုးဖောက်သွားခဲ့သည်။

"ဗုန်း ..."

သူ့ခေါင်းကို ထိုးလိုက်မိသည့်အချိန်တွင် ဆုတောင်း(၃)မျိုးလက်သီးက အလွန်ကြောက်စရာကောင်းသော အဖျက်စွမ်းအားများနှင့် တိုက်ခိုက်လိုက်မိ၏။ ထိုတိုက်ခိုက်မှုက အမဲလိုက်ခွေး၏ ဦးခေါင်းကို ပျက်စီးသွားစေခဲ့ပြီး သူ၏ဦးခေါင်းဒဏ်ရာမှနေ၍ အရည်များ စီးကျလာနေခဲ့သည်။

ထိုသို့ဆိုရာတွင် ဟောင်လင်းလ အမဲလိုက်ခွေးက မသေသေးပေ။ ထိုအစား သူက အလွန်နာကျင်စွာ နှိပ်စက်နေသော ပုံရိပ်ယောင်များထဲမှ လွတ်မြောက်လာခဲ့ရ၏။ ထိုအချိန်တွင် သဲပွင့်များကလည်း မုန့်ချီဆီကို တိတိကျကျ ကျရောက်လာပြီး သူ့ကို တိုက်ခိုက်လိုက်သည်။

အလွန်တောက်ပသော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အညိုရောင် သဲပွင့်မြူခိုးများထဲကို ထိုးဖောက်သွားခဲ့၏။ မုန့်ချီ၏အင်္ကျီထဲရှိအဆောင်တစ်ခု တောက်ပလာပြီး မုန့်ချီက လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

သူက ဟောင်းလင်းလ အမဲလိုက်ခွေး၏ ခေါင်းပေါ်တွင် ပြန်ပေါ်လာပြီး သူ့လက်ထဲတွင် ကိုင်ထားသော ရေလှိုင်းမီးတောက်ဓားနှင့် ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်၏။ တစ်ဖက်တွင်တော့ မှော်ရတနာကို အသုံးပြုလိုက်ပြီးနောက် မိုးကြိုးနတ်ဘုရားက ရပ်တန့်နေခဲ့ခြင်း မရှိချေ။

မိုးကြိုးနတ်ဘုရားက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူသံုံးနိုင်သော မိုးကြိုးစွမ်းအင်များအားလုံးကို ဆင့်ခေါ်လိုက်သည်။ သူက လျှပ်စီးပင်လယ်ကြီး တစ်ခုထဲတွင် ရပ်နေရသလို ခံစားနေရ၏။ သူ့ဆီသို့ ရောက်လာသော စွမ်းအားများက အလွန်ကြီးကျယ်လှသည့်အတွက် သူ့မြင်ကွင်းထဲတွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးနိုင်သလို ထင်မှတ်ရသည်။

"သေလိုက်စမ်း…"

ပုံရိပ်ယောင်ခန္ဓာအောက်တွင် ရှိနေသော မိုးကြိုးနတ်ဘုရားက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ဓားမောက်ကြီးနှင့် ကြောက်စရာကောင်းစွာ ခုတ်ချလိုက်သည်။

သူတို့၏ ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ထုကြီး ကျရောက်လာပြီး အမှောင်ထဲတွင် လျှပ်စီးကြောင်းများ လင်းလက်နေခဲ့သည်။ သူတို့က ကမ္ဘာမြေကြီးပုံသဏ္ဍာန်ပင် မရှိသေးသော အမှောင်လေဟာနယ်တစ်ခုထဲကို ရောက်သွားသလို ဖြစ်သွားခဲ့၏။

“ခရမ်းမိုးကြိုးဓား(၇)ချက်၏ (၈)ကွက်မြောက် သိုင်းကွက်

အထီးကျန်မှုကို ခုတ်ပိုင်းသော မိုးကြိုး…”

ထိုအရာက ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခု ဖြစ်သည်။ ခရမ်းရောင် လျှပ်စီးကြောင်းများက မိုးကြိုးနတ်ဘုရား၏ဓားမှ ထွက်ပေါ်လာသော အမှောင်ထုကြီးကို ဖြတ်ကျော်သွားခဲ့ပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်၍ မုန့်ချီဆီကို အရှိန်မြှင့်လာခဲ့ကြသည်။

လေထဲတွင် စိုစွတ်နေသော အရာများကလည်း ခြောက်ကပ်လာခဲ့ပြီး သဘာဝတရားကြီးကပင် လျှပ်စီးကြောင်းများ၏ တိုက်ခိုက်မှုကြောင့် လှုပ်ရှားလာခဲ့သည်။

မုန့်ချီကတော့ အရာအားလုံးကို လျစ်လျူရှုထားခဲ့၏။ ရေလှိုင်းမီးတောက်ဓားက သတိပြန်ဝင်လာသော ဟောင်လင်းလ အမဲလိုက်ခွေးဆီသို့သာ ပြတ်သားစွာ ထိုးစိုက်သွားခဲ့သည်။ မုန့်ချီက ဘေးကို ခိုးကြည့်လိုက်ရာ သူ့ရန်သူ၏ မိုးကြိုးတိုက်ခိုက်မှုက သူ့ဆီကို ရောက်လာနေကြောင်း သတိထားမိခဲ့၏။

ထိုအချိန်တွင် သူ၏နောက်ကျော၌ အလွန်ကြီးမားသော အဖုကြီးတစ်ခု ပေါ်လာပြီး နောက်ကျောမှနေ၍ နောက်ထပ်လက်(၂)ချောင်း ထွက်လာခဲ့၏။ လက်တစ်ချောင်းက လေထဲကိုမြှောက်၍ အစောပိုင်းက မုန့်ချီ လေထဲကို ပစ်လွှတ်လိုက်သော ကောင်းကင်ပြစ်ဒဏ်ဓားကို ဖမ်းလိုက်သည်။ တခြားလက်တစ်ဖက်ကတော့ မျက်လုံး(၉)လုံး သံသရာပုတီးကို ကိုင်ထားခဲ့၏။

ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ဒုတိယ ခေါင်းတစ်လုံး ပေါက်လာပြီး ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားကို မျက်လုံးချင်းဆုံကြည့်လိုက်သည်။ သူက သဘာဝတရားကြီးနှင့် ပေါင်းစပ်ပြီး သူ၏ပုံရိပ်ယောင်ခန္ဓာကိုလည်း အသုံးပြုလိုက်၏။ ထိုအချိန်တွင် သူ၏ပတ်ပတ်လည်၌ မှောင်မည်းနေသည့်အမှောင်ထုကြီးက ပို၍ထင်ရှားလာပုံရသည်။

"သေလိုက်စမ်း…"

မုန့်ချီက ပြန်အော်လိုက်သည်။ သူက ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ဒေါသတကြီး ခုတ်ချလိုက်၏။ ရေလှိုင်းမီးတောက်ဓားကလည်း အမဲလိုက်ခွေးကို ကြောက်စရာကောင်းစွာ ထိုးနှက်နေပြီး မုန့်ချီက နောက်ဆုံးကျန်ရှိနေသည့် စွမ်းအားများကိုသုံး၍ သတ်ဖြတ်ရေးသိုင်းကွက်ကို အသုံးပြုခဲ့သည်။

"ဗုန်း…"

မုန့်ချီ၏ ရူးသွပ်ဖွယ်တုံ့ပြန်မှုကြောင့် ခရမ်းရောင် လျှပ်စီးကြောင်းအားလုံးက အက်ကွဲသွားခဲ့ပြီး မီးပွားလေးများအဖြစ် ပေါက်ကွဲသွားခဲ့သည်။

ပေါက်ကွဲသွားသည့်ရလဒ်က အလွန်ကြီးမားလွန်းလှသည့်အတွက် ပိတ်လှောင်ထားသည့် နယ်မြေတစ်ခုလုံးကပင် လှုပ်ရှားသွားခဲ့ပြီး ယင်ယန်ခွဲခွာခြင်းလေဟာနယ်ကပင် ပြိုကျလုမတတ် ဖြစ်သွားခဲ့သည်။ အရာအားလုံးက ရှုပ်ထွေးသွားခဲ့၏။

ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြောင့် မုန့်ချီက နောက်ကိုလွင့်သွားခဲ့ပြီး ကျန်ရှိနေသော လျှပ်စီးလှိုင်းများက သူ့ကို တိုက်ခိုက်နေသေးသည့်အတွက် လဲကျသွားခဲ့သည်။ သူ၏ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေသေးသော်လည်း အကျိုးသက်ရောက်မှုက ပျက်စီးသွား၏။

ရွှေရောင်အလင်းတန်းများက အက်ကွဲပြီး ပျက်စီးသွားခဲ့သည်။ သူ၏မျက်လုံး၊ နှာခေါင်းပါးစပ်မှနေ၍ သွေးများ စီးကျလာနေခဲ့၏။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အကာအကွယ်က အတော်လေးကို မှေးမှိန်လာပြီး သူ၏အလင်းရောင်က တောက်ပမှု မရှိတော့ချေ။

အကာအကွယ်အလင်းတန်း ရှိနေသေးသည့်အချိန်တွင် သူ၏တဟုန်ထိုးဓားသိုင်းပညာနှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ ခုခံရေးစွမ်းအားတို့ကို သုံးနိုင်မည်ဆိုလျှင် မုန့်ချီက ဒဏ်ရာအနည်းငယ်ရနေသော မိုးကြိုးနတ်ဘုရားကို သတ်ပစ်ရန် လုံလောက်သည်။

မိုးကြိုးနတ်ဘုရားက သူ့အဖော် ဟောင်လင်းလ အမဲလိုက်ခွေးကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏နဖူးပေါ်တွင် မီးတောက်တစ်ခုနှင့် နဂါးတစ်ကောင်၏ အငွေ့အသက်က လောဘတကြီး စတင်လောင်ကျွမ်းလာခဲ့၏။ သူ့ခြေထောက်အောက်မှ ထွက်လာသော ငရဲမီးတောက်များက အမဲလိုက်ခွေးကို အောက်ဘက်မှ လုံးဝဝါးမြိုသွားခဲ့၏။

မုန့်ချီ၏ရေလှိုင်းမီးတောက်ဓားကြောင့် ရရှိထားသောဒဏ်ရာမှ နောက်ထပ်မီးတောက်များ ထွက်ပေါ်လာပြီး လူသားဆန်သော အငွေ့အသက်များအားလုံး ပေါ်လာခဲ့သည်။ မီးတောက်(၃)မျိုးကတော့ အမဲလိုက်ခွေး၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားသည့်အတွက် သူလည်းပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီး မီးတောက်(၃)ခုက ပေါင်းဆုံသွားခဲ့သည်။

ထိုအချိန်တွင် အနက်ရောင်လေဟာနယ်လက်စွပ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသော လျှပ်စီးကြောင်းများကလည်း လက်စွပ်၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေခဲ့၏။

မုန့်ချီ၏ လက်ထဲတွင် ရှိနေသော ရေလှိုင်းမီးတောက်ဓားကတော့ နီရဲလောင်ကျွမ်းနေခဲ့သည်။ သွေးတစ်စက်က ဓားပေါ်သို့ ကျသွားသည့်အချိန်တွင်တော့ ဓားက စုပ်ယူသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ဟောင်လင်းလ အမဲလိုက်ခွေးကို သတ်နိုင်ခဲ့ပြီဖြစ်ပြီး သူ့ဆီတွင် လှည့်ကွက်များ၊မှော်ရတနာများ မရှိတော့ချေ။

မိုးကြိုးနတ်ဘုရားကတော့ အလွန်ဒေါသထွက်သွားသည့်အတွက် မျက်လုံးထဲတွင် သွေးဆာမှုများ ပြည့်နှက်လာသည်။ သူက ထိတ်လန့်ပြီး ဒေါသထွက်နေသည့် အမူအယာနှင့် စိုက်ကြည့်နေခဲ့၏။ မုန့်ချီနှင့် သေဆုံးသွားသော သူ့အဖော်ကိုကြည့်ပြီး သူ့နားထဲတွင်စကားသံတစ်ခုကို ကြားလိုက်ရသလို ခံစားလိုက်ရသည်။

"အမဲလိုက်ခွေးက အသတ်ခံလိုက်ရပြီ။ ခင်ဗျားက သူ့နောက်ကို လိုက်သွားရမယ်."

မိုးကြိုးနတ်ဘုရားက အလွန်ဒေါသထွက်နေခဲ့၏။ သူကတော့ တိုက်ခိုက်မှု၏ ဟာကွက်ကို နားလည်သွားခဲ့သည်။ သူက မုန့်ချီကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပြီး မုန့်ချီကတော့ သူနှင့်ဟောင်လင်းလ အမဲလိုက်ခွေးတို့ကို အဝေးသို့ တွန်းထုတ်နိုင်ရန် သူ၏မှော်ရတနာကို အသုံးပြုထားခဲ့သည်။ ထို့ကြောင့် သူက သူ့အဖော်ကို လျှပ်စီးကြောင်းများနှင့် လုံခြုံအောင် လုပ်ပေးနိုင်ခြင်း မရှိခဲ့ပေ။

နဂါးပုံသဏ္ဍာန်လျှပ်စီးကြောင်းများက သူ့အဖော်ကို အဝေးသို့ ထွက်သွားစေခဲ့ပြီး ပုံရိပ်ယောင်များ၏ နှိပ်စက်ခြင်းမှ လွတ်မြောက်လာရန် ကူညီမပေးနိုင်တော့ချေ။ ထိုသို့ဆိုလျှင် သေစေနိုင်လောက်သည့် တိုက်ခိုက်မှုကို ခံရလိမ့်မည် မဟုတ်ချေ။ သူက စဉ်းစားမိလေလေ အမဲလိုက်ခွေး၏ သေဆုံးမှုကြောင့် သူကိုယ်သူ အပြစ်တင်မိလေလေ ဖြစ်သည်။

သို့သော် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော မိုးကြိုးသိုင်းကွက် မရှိလျှင်ပင် အသစ်ထွက်လာသော စုမုန့်၏လက်(၂)ဖက်က သူ၏တိုက်ခိုက်မှုကို ခုခံနိုင်ပြီး ဟောင်လင်းလ အမဲလိုက်ခွေးကို ဆက်လက်သတ်ပစ်နိုင်သေးသည်။

သူ့အဖော်က မုန့်ချီ၏လက်ထဲမှ ဘေးကင်းစွာ လွတ်မြောက်နိုင်လိမ့်မည်ဟု သူလည်း သေချာနေခြင်းမရှိချေ။ သူက စုမုန့်ကို ဒဏ်ရာရအောင်လုပ်ရန် အခွင့်အရေးတစ်ခုသာ ရှာဖွေနိုင်ပြီး သူ၏ဝှက်ဖဲများ ထွက်ပေါ်လာရန်သာ တွန်းအားပေးနိုင်သည်။

“စုမုန့်မှာ ဒီလိုကြောက်စရာကောင်းတဲ့ မှော်ရတနာတွေ အများကြီးရှိမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ…”

သူကတော့ ဘဝတစ်လျှောက်လုံး စုဆောင်းထားခဲ့သော ကံကြမ္မာများ ကုန်ဆုံးသွားသည့် အချိန်တွင်ပင် မှော်ရတနာ(၂)ခုသာ လဲလှယ်ထားနိုင်ခဲ့သည်။ သူက သူ့အဖော်၏အကူအညီနှင့် ယင်ယန်ခွဲခွာခြင်းနယ်မြေတို့ကို ငှားရမ်းအသုံးချမည်ဆိုလျှင် သူ၏လှည့်ကွက်က အဆင်ပြေမည်ဟု သေချာနေခဲ့၏။

ဟောင်လင်းလ အမဲလိုက်ခွေးက သူ့ကို ကူညီပြီး တိုက်ခိုက်ပေးချင်သော်လည်း သူ၏မှော်ရတနာများကိုတော့ အသုံးမပြုချင်ခဲ့ပေ။ သူ့အဖော်၏ လှည့်ကွက်ကြောင့် သူတို့က တစ်သားတည်း မရှိတော့ပေ။

စုမုန့်ကို ပထမဆုံး သုတ်သင်ရန် ကြိုးစားခဲ့သောအဆောင်ကို သုံးလိုက်မည် ဆိုလျှင်လည်း ကွဲပြားသောရလဒ်ကို ထွက်ပေါ်လာစေလိမ့်မည် မဟုတ်ချေ။ သူက အများဆုံး စုမုန့်ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားစေနိုင်ရုံသာ ရှိနိုင်သည်။

သူက မုန့်ချီကို မုန်းတီးနေသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့၏။

"မင်းမှာ နောက်ထပ်သုံးစရာ ဘာရှိသေးလဲ ကြည့်ကြသေးတာပေါ့။ ငါ့ရဲ့လက်ရှိအစွမ်းနဲ့ မင်းကိုသတ်ဖို့ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ငါ့မှာသုံးဖို့ နောက်ထပ်ဝှက်ဖဲတစ်ခု ရှိနေသေးတယ်…"

သူ၏ပုံရိပ်ယောင်ခန္ဓာပေါ်တွင် ရှိနေသော ရှေးဟောင်းနတ်ဘုရား မိုးကြိုးတံဆိပ်များက စတင်တောက်ပလာခဲ့သည်။ ထိုအချိန်တွင် သဘာဝစွမ်းအင်များက မိုးကြိုးနတ်ဘုရား၏ ဆင့်ခေါ်မှုကို ကြားရသည့်အလား တဖြည်းဖြည်း ရောက်လာကြပြီး ပတ်ပတ်လည်တွင် မိုးကြိုးစွမ်းအင်များသာ ရှိလာခဲ့သည်။

မုန့်ချီကတော့ ခရမ်းမိုးကြိုးစွမ်းအားများကို ဖယ်ရှားနိုင်ခြင်း မရှိသေးသလို ပြန်လည်ကုသနိုင်ခြင်းလည်း မရှိသေးပေ။ သူ၏ပတ်ပတ်လည်ရှိ သဘာဝစွမ်းအင်များ ပြောင်းလဲနေခြင်းကို ခံစားမိခဲ့ပြီး ခရမ်းမိုးကြိုးဓားသိုင်းပညာကလွဲလျှင် တခြားသိုင်းပညာများက သိသိသာသာ အားနည်းသွားခဲ့သည်။

"သေလိုက်စမ်း…"

မိုးကြိုးနတ်ဘုရားက နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြီး မုန့်ချီဆီကိုပြေးဝင်လာခဲ့၏။

လျှပ်စီးကြောင်းများ တောက်ပနေသော သူ၏ဓားမောက်ကို ခရမ်းမိုးကြိုးဓားသိုင်းပညာ အသုံးပြု၍ နဂါးများအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏တိုက်ခိုက်မှုက ပို၍အစွမ်းထက်ပြီး ပို၍လေးလံလှ၏။ မုန်တိုင်းတစ်ခုကဲ့သို့သော အရှိန်အဝါကို သယ်ဆောင်ထားသည်။

လျှပ်စီးကြောင်းများက သူ၏တိုက်ခိုက်မှုနှင့်အတူ ရောပါလာခဲ့ပြီး အလွန်ကြောက်စရာကောင်းစွာ လှုပ်ရှားနေခဲ့သည်။ အလွန်ကျယ်လောင်သော မိုးခြိမ်းသံများ၊ ခရမ်းရောင် အဖျက်စွမ်းအားများက ဒေါသတကြီး ရောက်ရှိလာခဲ့သည်မှာ သဘာဝတရားကြီးကိုပင် အညှာအတာကင်းမဲ့စွာ ဖျက်ဆီးတော့မလို ဖြစ်နေခဲ့၏။

မုန့်ချီကတော့ သူ၏တိုက်ခိုက်မှုတွင် အားနည်းချက်ကို ရှာမတွေ့ခဲ့ပေ။ သွေးဆာနေသော သူ၏တိုက်ခိုက်မှုက တုံ့ပြန်၍ မရနိုင်ပေ။ သူက တတ်နိုင်သမျှ ရှောင်တိမ်းလိုက်ပြီး ထိုသိုင်းကွက်ကို ကာကွယ်လိုက်သည်။

ထိုအချိန်တွင် လျှပ်စီးကြောင်းများအပေါ် သူ၏နားလည်မှုက မပြည့်စုံသေးသလို သူ့ရန်သူ၏ ပုံရိပ်ယောင်ခန္ဓာကြောင့်လည်း သူ့ဆီတွင် ရွေးချယ်မှုမရှိတော့ဘဲ အသည်းအသန်ခုခံခြင်းသာ လုပ်ဆောင်နိုင်တော့သည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော မြေပြင်ကြီးက မည်းတူးနေပြီး ခရမ်းရောင်လျှပ်စီးကြောင်းများက ဖျက်ဆီးပစ်လိုက်သည့်အတွက် တွင်းပေါက်ကြီးများ ဖြစ်လာခဲ့သည်။

သို့သော် မိုးကြိုးနတ်ဘုရားက မုန့်ချီ၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာလေးတစ်ခုသာ ထင်လာစေခဲ့သည်။ မုန့်ချီ၏တိုက်ခိုက်မှုနှင့် ခုခံမှုက အန္တရာယ်တစ်ခုကို ကျော်လွှားနိုင်ခဲ့သည်။

ထိုအချိန်တွင် သူ၏ဓားမောက်ဆီမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့လက်ထဲတွင် ရှိနေသော ကောင်းကင်ပြစ်ဒဏ်ဓားက တောင်တန်းကြီး တစ်ခုကဲ့သို့သော အလေးချိန်ရှိလာသည်။ သူ့ဓားကို လွှဲယမ်းလိုက်သည့်အချိန်တွင် အလွန်ကြောက်စရာကောင်းလွန်းလှပြီး သေစေနိုင်သောအစွမ်းများ ပါလာနေသည်။ ထိုအရာက ရန်သူများကို အပိုင်းပိုင်းအစစ ဖြစ်သွားစေနိုင်၏။

ထိုအရာကတော့ ခရမ်းမိုးကြိုးဓားသိုင်းပညာပင် မနည်းရင်ဆိုင်ရသော ခွန်အားသက်သက်နှင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ထိုအရာက မုန့်ချီ၏ ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာဖြစ်ပြီး မြေပြင်ဇောက်ထိုး ပင်လယ်ပြောင်းပြန် သိုင်းကွက်လည်း ဖြစ်သည်။

သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုလည်း လှုံ့ဆော်ထားခဲ့၏။ ကောင်းကင်ပြစ်ဒဏ်ဓားကသာ ပို၍လေးလံလာမည်ဆိုလျှင် အခြားသော ထိခိုက်မှုများကိုလည်း ပေးနိုင်သည်။ ဗာရိုဓားသိုင်းပညာနှင့် မလှုပ်ရှားနိုင်သော ရွှေကြာပန်းများ ပေါင်းစပ်လိုက်မည်ဆိုလျှင် မုန့်ချီက မိုးကြိုးနတ်ဘုရား၏တိုက်ခိုက်မှုကို အကျိုးသက်ရောက်မှုရှိရှိ ခုခံနိုင်သည်။

မည်သို့ဖြစ်သည့်ကာမူ မိုးကြိုးနတ်ဘုရားက သံသရာကမ္ဘာကြီးထဲတွင် အတွေ့အကြုံရှိသော ပညာရှင်တစ်ယောက် ဖြစ်သည်။ သိုင်းပညာတွင် အလွန်များပြားလွန်းလှသော သူ၏အတွေ့အကြုံများကြောင့် သူက မုန့်ချီ၏ ခြေလက်အသစ်များ ပျောက်ကွယ်သွားသည့်အချိန်ကို စိတ်ရှည်လက်ရှည်နှင့် စောင့်ပြီး အချိန်ဆွဲနေခဲ့သည်။

မုန့်ချီ၏ လက်ရှိစွမ်းအားများက ထိုအကျိုးသက်ရောက်မှုများကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်း သူလည်း နားလည်နေခဲ့၏။ မုန့်ချီ၏ ခေါင်းထဲတွင် စိတ်ဓာတ်ကျမှုတစ်ခု ပေါ်လာခဲ့သည်။

မိုးကြိုးနတ်ဘုရားက တိုက်ခိုက်မှုကိုသာ အဓိကလေ့ကျင့်ထားသော်လည်း အလျင်စလို တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူက မည်သည့်အားနည်းချက်မျှမရှိစေဘဲ ပြိုင်ဘက်ကို တည်ငြိမ်စွာ တိုက်ခိုက်နေခဲ့သည်။ ထို့ကြောင့် သူက မည်သည့်အရာကိုမျှ အသုံးပြု၍လည်း မရနိုင်ပေ။

ပထမတော့ ဟောင်လင်းလ အမဲလိုက်ခွေးသေဆုံးမှုကြောင့် မိုးကြိုးနတ်ဘုရားက မဆင်မခြင် တိုက်ခိုက်လိမ့်မည်ဟု သူလည်း တွေးထားမိခဲ့သည်။ သို့သော် အကြောင်းအရာများက သူ ထင်ထားသလို ဖြစ်မလာခဲ့ပေ။ သူက တံခါးဝတွင် ရပ်နေသော သေခြင်းတရားကို စောင့်နေသည့် လူတစ်ယောက် မဟုတ်ချေ။

သူက မိုးကြိုးနတ်ဘုရား၏ တိုက်ခိုက်မှုများကို ဆက်လက်ခုခံနေပြီး သူ၏ခြေလက်အသစ်များက ဒဏ်ရာရ၍ ခံနိုင်ရည်မရှိ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူက လျှပ်စီးကြောင်းများ ပြည့်နှက်နေသော အသံတစ်ခုနှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"သေလိုက်စမ်း…"

မုန့်ချီ၏ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး အလွန်ကြီးမားသော ဧရာမလူသန်ကြီး တစ်ယောက်ကဲ့သို့ ဖြစ်လာသည်။ သွေးကြောများထဲတွင် ရှိနေသော စွမ်းအားများနှင့် ပတ်ပတ်လည်တွင် ရှိနေသော လေလှိုင်းများကပင် ကြောက်လန့်တကြား လှုပ်ရှားသွားခဲ့ရ၏။

အလွန်ကြောက်စရာကောင်းသော စွမ်းအားများက ပတ်ပတ်လည်တွင် ရှိနေသော သဘာဝစွမ်းအင်များကို မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့ပြီး သဘာဝတရားကြီးထဲရှိ အစီအစဉ်များကို ပြန်လည်ပြင်ဆင်လိုက်သည်။

လူသန်ကြီးက ကောင်းကင်ပြစ်ဒဏ်ဓားကို ခေါင်းပေါ်သို့မြှောက်လိုက်ပြီး အလွန်ကြောက်စရာကောင်းသောအစွမ်းနှင့် တိုက်ခိုက်လိုက်သည်။ သူ့ခေါင်းပေါ်တွင် အနက်ရောင်တိမ်တိုက်များ စုစည်းလာပြီး လျှပ်စီးကြောင်းများကလည်း ဒေါသတကြီး ထွက်ပေါ်လာခဲ့၏။

ကောင်းကင်ကြီးတစ်ခုလုံးလွှမ်းခြုံနေသော အနက်ရောင်တိမ်တိုက်များထဲတွင် လျှပ်စီးကြောင်း(၅)ခုက ကောင်းကင်အပြစ်ပေးမှုကဲ့သို့ ကျဆင်းလာခဲ့သည်။

"ဘုန်း ..."

ဧရာမဓားမောက်ကြီး ကျဆင်းလာသည့်လမ်းတစ်လျှောက် မိုးကြိုးများ ကျရောက်လာပြီး ရန်သူကို ခုတ်ချလိုက်သည်။ သူက နိယာမဖြစ်စဉ်နှင့် ကောင်းကင်မိုးကြိုး(၅)ချက်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

လျှပ်စီးကြောင်းများ၏ အလင်းရောင်က နယ်မြေတစ်ခုလုံးကို လင်းလက်သွားစေခဲ့ပြီး လေဟာနယ်တစ်ခုလုံးတွင်လည်း အက်ကွဲသံများ ပြည့်နှက်လာသည်။ ယင်ယန်ခွဲခွာခြင်းနယ်မြေက ပျက်စီးတော့မည့် အခြေအနေကို ရောက်နေခဲ့၏။

သူ့ရှေ့တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားက မသက်မသာ ခံစားလိုက်ရပြီး သူ့ဆီကို ကျရောက်လာသော မိုးကြိုးများကို ကာကွယ်လိုက်ရသည်။

“ဒါကိုတောင် သူက လျှပ်စီးစွမ်းအားတွေကို အသုံးပြုနိုင်သေးတာလား…”

သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိပြီး ထိုအရာနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားလိုက်သည်။

မိုးကြိုးနတ်ဘုရား၏ ပုံရိပ်ယောင်ခန္ဓာက အရွယ်အစားကြီးမားလာပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မိုးကြိုးတံဆိပ် အမှတ်အသားကလည်း အလွန်တောက်ပလာခဲ့သည်။ သူက ပတ်ပတ်လည်တွင်ရှိနေသော လျှပ်စီးစွမ်းအင်အားလုံးကို စုပ်ယူလိုက်ပြီး သူ့ဆီကို ကျရောက်လာသော ခရမ်းရောင်လျှပ်စီးကြောင်းများကို ဖယ်ရှားလိုက်သည်။ မိုးကြိုးနတ်ဘုရားက သူ၏ဓားနှင့် ခုတ်ချလိုက်၏။

"ဘုန်း ..."

အလွန်ကြီးမားသော ခရမ်းရောင်အလင်းတန်းကြီး ပေါက်ကွဲမှုကြောင့် မုန့်ချီကပင် မျက်လုံးစူးသွားခဲ့သည်။ ထို့နောက် ခရမ်းရောင်လျှပ်စီးကြောင်းများနှင့် မီးတောက်များက သူ့ဆီကို လှိုင်းလုံးများကဲ့သို့ ပျံ့နှံလာပြီး သူမြင်နေရသော အရာအားလုံးကို အမှုန်အမွှားလေးများအဖြစ် ပျက်စီးသွားစေခဲ့သည်။

သုတ်သင်ရေးလှိုင်းလုံးများက သူ၏ပတ်ပတ်လည်တွင် ရှိနေသော မြေပြင်ကြီးကိုပင် ဖျက်ဆီးပစ်လိုက်ပြီး သူ့ဆီကို ဆက်လက်ရောက်ရှိလာခဲ့၏။ မိုးကြိုးနတ်ဘုရားက သူ၏သက်တမ်းကို ကုန်ဆုံးစေနိုင်သော ဓမ္မကာရအဆင့်သိုင်းကွက်ကို သုံးလိုက်ခြင်းဖြစ်သည်။

ထိုအရာက ခရမ်းမိုးကြိုးဓား(၇)ချက်၏ (၉)ကွက်မြောက် သိုင်းကွက်ဖြစ်ပြီး ဓမ္မကာရအဆင့် သိုင်းကွက်လည်းဖြစ်သော နတ်ဘုရားဆုံးဖြတ်ချက် ဟူသော သိုင်းကွက်ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် လျှပ်စီးကြောင်း(၅)ခုနှင့် စိမ်းပြာရောင်ကောင်းကင်မိုးကြိုးက ကောင်းကင်ကြီးပေါ်မှ ကျဆင်းလာခဲ့သည်။ သဘာဝတရားကြီး၏ အရိပ်များကလည်း တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။ သူ့ရှေ့တွင် အရာအားလုံးက ဖြူဖွေးနေပြီး ထိုအလင်းတန်းများက သူ၏မြင်ကွင်းကို တားဆီးထားခဲ့သည်။

ခဏကြာပြီးမှသာ မုန့်ချီက သတိပြန်ဝင်လာခဲ့သည်။ အလွန်ကြောက်စရာကောင်းသော ပေါက်ကွဲမှုကြောင့် မုန့်ချီ၏နားထဲတွင် လှုပ်ရှားသွားခဲ့ပြီး ပင်မဝိညာဉ်ကလည်း တုန်လှုပ်သွားခဲ့သည်။ ကြောက်စရာကောင်းသော ခရမ်းရောင်မိုးကြိုးကြီးများကလည်း သူ့ဆီကို ကျရောက်လာခဲ့၏။

သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်များ လင်းလက်တောက်ပနေပြီး အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်၏ အကာအကွယ်က သူ့ကို ကာကွယ်ပေးရန် ကြိုးစားနေခဲ့သည်။ လျှပ်စီးကြောင်းများက သူ၏နောက်ကျောပေါ်သို့ ကျရောက်လာခဲ့၏။

မုန့်ချီက သူ့ဆီကို ကျရောက်လာသော သုတ်သင်ရှင်းလင်းရေးစွမ်းအင်နှင့် သေခြင်းတရားများကို ခုခံရန် အသည်းအသန် ကြိုးစားနေခဲ့သည်။ သို့သော် မုန့်ချီ၏ ပါးစပ်ထဲတွင်တော့ သွေးများပြည့်နှက်လာခဲ့၏။ နိယာမဖြစ်စဉ်၏ အကျိုးသက်ရောက်မှုကလည်း ပျောက်ကွယ်သွားပြီး သူ၏လက်(၂)ဖက်နှင့် ခေါင်းအပိုက ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် မိုးကြိုးနတ်ဘုရား၏ ညာဘက်လက်မှနေ၍ သွေးများစီးကျလာပြီး သူကိုင်ထားသော ဓားမောက်၏ လက်ကိုင်ထဲသို့ ဝင်ရောက်သွားသည်။ ထိုအရာများက ဓားကို လျှပ်စီးစွမ်းအားများ ပေးနေခဲ့၏။ သူက နောက်ကို ခြေလှမ်းအနည်းငယ် ဒယိမ်းဒယိုင် ပြန်ဆုတ်သွားခဲ့ရသော်လည်း မုန့်ချီထက် ထိခိုက်မှုနည်းပါးသည်။

သူက သူ၏သက်တမ်းအနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်၏။ ထိုသို့ဆိုရာတွင် သူက မုန့်ချီကို ပြန်လည်ကုစားခွင့် ပေးလိုခြင်း မရှိချေ။ သူက ချက်ချင်းပင် ရှေ့သို့ ပြေးထွက်လာပြီး မုန့်ချီကို တိုက်ခိုက်လိုက်သည်။ သူက မုန့်ချီကို ဆန္ဒရှိသည့်အတိုင်း ထွက်ပြေးရန်လည်း လုံးဝအခွင့်အရေးမပေးခဲ့ပေ။

မုန့်ချီကတော့ အသက်ကို ခက်ခက်ခဲခဲရှုနေရပြီး နောက်ထပ် ခရမ်းရောင်လျှပ်စီးကြောင်းတစ်ခု ရောက်လာသည်ကို ကြည့်နေခဲ့ရသည်။ သူက ရှုံးနိမ့်လိုခြင်းမရှိသည့်အတွက် အစောပိုင်းတွင် ပြင်ဆင်ထားခဲ့သော သံသရာတံဆိပ်ကို ဖျက်ဆီးလိုက်သည်။

ထိုအချိန်တွင် အစိမ်းရောင်အလင်းတန်းတစ်ခုက မုန့်ချီကို ဝါးမြိုသွားခဲ့၏။

မုန့်ချီ ထွက်ပြေးသွားသည်ကို ခံစားမိသည့်အတွက် မိုးကြိုးနတ်ဘုရားက အလွန်ဝမ်းသာသွားခဲ့သည်။ သူက အဆောင်တစ်ခုကို ပစ်ထုတ်လိုက်သည်။ ထိုအဆောင်က အလွန်ထူးဆန်းပြီး ထူးခြားသောမျက်နှာကြီးတစ်ခု ရှိနေ၏။

“မင်းက သံသရာခရီးသွားတစ်ယောက်ဖြစ်ကြောင်း သိနေတဲ့အချိန်မှာ သံသရာတံဆိပ်သုံးတာကို ကာကွယ်ဖို့အတွက် ငါ့ဆီမှာအစီအစဉ် မရှိဘူးလို့ ထင်နေတာလား…”

သူပစ်လွှတ်လိုက်သောတံဆိပ်က မုန့်ချီနှင့်အတူ အစိမ်းရောင်အလင်းတန်းများထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

မိုးကြိုးနတ်ဘုရားက ပင့်သက်ရှိုက်လိုက်မိ၏။ ထို့နောက် သူက သေဆုံးသွားခဲ့သော အဖော်ဖြစ်သည့် အမဲလိုက်ခွေး၏ လေဟာနယ်လက်စွပ်ကို ယူလိုက်သည်။ သူကတော့ မုန့်ချီ ပျောက်ကွယ်သွားမှုကို ကြိုတင်တွက်ဆထားပုံရ၏။ သံသရာအရှင်သခင်၏ စိတ်ဆန္ဒကို မည်သူကမျှဆန့်ကျင်နိုင်ခြင်း မရှိချေ။

သံသရာအဆောင်၏ အကျိုးသက်ရောက်မှုကို ခြိမ်းခြောက်နိုင်သော နည်းလမ်းလည်းမရှိချေ။ သို့သော် သူ အသစ်ရရှိထားသော မှော်ရတနာက လူတစ်ယောက်ကို သံသရာမြေကွက်လပ် အသုံးပြုခွင့်မရနိုင်အောင် တားဆီးထားနိုင်သည်။

ထို့ကြောင့် မုန့်ချီက သူ၏တိုက်ပွဲထဲတွင် အကူအညီဖြစ်စေနိုင်သော မှော်ရတနာများ၊ ပစ္စည်းများကို လဲလှယ်နိုင်မည် မဟုတ်တော့ပေ။ သူ့ရတနာ၏ အကျိုးသက်ရောက်မှုက (၂)လကြာချိန်အထိ ရပ်တန့်နေမည် မဟုတ်ချေ။ သံသရာမြေကွက်လပ်ထဲတွင် သံသရာတံဆိပ်တစ်ခုကြာချိန်က အသုံးပြုမှုအပေါ် မူတည်သည်။ မည်သို့ဖြစ်သည့်ကာမူ မိုးကြိုးနတ်ဘုရားက ကိစ္စမရှိချေ။

စုမုန့်က သံသရာမြေကွက်လပ်ထဲတွင် (၂)လ လေ့ကျင့်နေစဉ် အတောအတွင်း ပထမကောင်းကင်လှေကားကို ခုန်ကျော်သွားနိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ချက်ရှိနေခဲ့၏။ အခြေအနေကို အဆိုးဆုံး မဖြစ်စေရန် မိုးကြိုးနတ်ဘုရားက စုမုန့်ကို ထောင်ချောက်ဆင်ထားစဉ် အတောအတွင်း ဒဏ္ဍာရီအဖွဲ့မှ သူ၏မိတ်ဆွေ(၂)ယောက်ကို သတင်းပို့ထားနိုင်သည်။

ထိုအချိန်တွင် သူ၏တခြားသော အပေါင်းအဖော်များလည်း ရောက်လာနိုင်၏။ စုမုန့်က သံသရာကမ္ဘာကြီးထဲတွင် ကြာကြာနေလေလေ သူ့အဖော်များက သူ့ဘေးသို့ ရောက်လာရန် ပို၍အချိန်များလာလေလေဖြစ်သည်။ ထိုအချိန်အတောအတွင်း စုမုန့်က ပျံသန်းသွား၍ပင် မရနိုင်ဘဲ သူ့လက်ခုပ်ထဲသို့ ကျရောက်လာမည်ဖြစ်၏။

“စုမုန့်က ဒဏ်ရာတွေကို ကုသပြီး အချိန်မကုန်ခင်ပြန်လာမယ်ဆိုရင်တော့ ဉာဏ်ကောင်းတယ်လို့ ပြောရလိမ့်မယ်…”

မိုးကြိုးနတ်ဘုရားက တွေးလိုက်မိ၏။

သူက သူ၏အင်္ကျီထဲမှ ဆေးရည်တစ်ပုလင်းကိုထုတ်ပြီး သောက်ချလိုက်သည်။ ထို့နောက် သူက ဟောင်လင်းလ အမဲလိုက်ခွေး၏ လေဟာနယ်လက်စွပ်ထဲတွင် ရှိနေသော ပစ္စည်းများကိုကြည့်လိုက်ပြီး အသုံးဝင်နိုင်သော ပစ္စည်းများ၊ လျှို့ဝှက်ရတနာများရှိမရှိ ရှာဖွေကြည့်လိုက်သည်။

“ငါက မင်းအတွက် လက်တုံ့ပြန်ပေးပါမယ်…”

………………..

“သတိပေးချက် - သံသရာတံဆိပ်ရဲ့ အကျိုးသက်ရောက်မှုက သံသရာမျက်နှာရဲ့တားဆီးမှုကို ခံလိုက်ရတယ်။ နှောင့်ယှက်မှုက အကျိုးသက်ရောက်မှုဖြစ်တယ်။ သံသရာတံဆိပ်ရဲ့ အကျိုးသက်ရောက်မှု ကုန်ဆုံးသွားတဲ့အချိန်အထိ သံသရာမြေကွက်လပ်ကို အသုံးပြုလို့မရဘူး။ မင်းသွားချင်တဲ့ကမ္ဘာကြီးကို ရွေးချယ်ပြီး သွားပါတော့။ အကြာဆုံး နေလို့ရတဲ့အချိန်က (၂)လပဲ။ (၂)လ အတောအတွင်း ကန့်သတ်မှုက ရှိနေသေးတယ်…”

ထိုအချိန်တွင် သူ၏မြင်ကွင်းထဲ၌ အမှောင်ထုကြီးတစ်ခု ပေါ်လာပြီး သူသွားခဲ့ဖူးသော သံသရာကမ္ဘာကြီးများ၏ပုံရိပ် ပေါ်လာခဲ့သည်။ ရာသီခွင်နတ်ဘုရား(၁၂)ယောက် ရှိနေသောကမ္ဘာကြီး၊ ဒိုအာချာ၏ ကမ္ဘာကြီး၊ အနောက်သို့ခရီးသွားခြင်း ကမ္ဘာကြီးနှင့် ဓားအင်ပါယာ၏ကမ္ဘာကြီး၊ ရွာ(၉)ရွာ ကမ္ဘာကြီးများက သူ့ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

သူကတော့ ကန့်သတ်ချက်ကို သတိမထားမိခဲ့ပေ။ သို့သော် မိုးကြိုးနတ်ဘုရားက ထိုကဲ့သို့ အရာမျိုးကိုပြင်ဆင်ထားသည့်အတွက် အံ့ဩနေခဲ့ခြင်းမရှိချေ။ မည်သို့ဖြစ်သည့်ကာမူ သူက အတွေ့အကြုံရှိသော သံသရာခရီးသွား တစ်ယောက်ဖြစ်သည်။

သူ၏ပထမဆုံးအလုပ်ကတော့ သူ့ကိုယ်သူ ကုသရန်ဖြစ်ပြီး တိုက်ပွဲကို ဖြေရှင်းရန်အတွက် အဖြေတစ်ခု စဉ်းစားရန်ဖြစ်သည်။ မဟုတ်လျှင် သူက မပြည့်စုံသေးသော ကံကြမ္မာကွင်းဆက်နည်းလမ်းကိုသုံးပြီး ရန်သူကို ရင်ဆိုင်လိုက်မည်ဆိုလျှင် အလွန်ကြီးမားသော ဆိုးကျိုးတစ်ခုကိုခံရနိုင်၏။ အနည်းဆုံးတော့ မထင်မှတ်ထားသောအလှည့်အပြောင်းများ ဖြစ်သွားနိုင်သည်။

သို့သော် သူ့အတွက် တိုးတက်မှုများ ရှိနိုင်သေး၏။ ထိုအရာကတော့ သူ၏ကံကြမ္မာအပေါ်သာ မူတည်ပါတော့မည်။ မုန့်ချီက တည်ငြိမ်ခြင်း အမှောင်ဆေးလုံးကို သောက်လိုက်ပြီး သူသွားချင်သော ကမ္ဘာကြီးကို စဉ်းစားကြည့်လိုက်သည်။

မည်သည့်ကမ္ဘာကြီးက အချိန်တိုလေးအတွင်း သူ့အစွမ်းကို တိုးတက်စေနိုင်မည်နည်း။ မုန့်ချီက လျှင်မြန်စွာလေ့လာလိုက်ပြီး မတူညီသော ကမ္ဘာကြီးများကိုလည်း သုံးသပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲတွင် ပုံရိပ်တစ်ခုပေါ်လာခဲ့၏။

ဒိုအာချာ၏ ကမ္ဘာကြီး။ ထိုအရာက အနတ္တ၏အမွေအနှစ်ကို ရရှိခဲ့သော လမ်းကြောင်းဖြစ်ပြီး အနတ္တကျိန်စာဖျက်ဓားပညာကို ရရှိခဲ့သည်။ ထိုလမ်းကြောင်းထဲတွင် ‘သနားကြင်နာတတ်ပြီး ကရုဏာရှိသူ မဝင်ရ’ ဟူသော တံခါးတစ်ချပ်ရှိသည်။

“အနတ္တကျိန်စာဖျက်ဓားပညာ ကံကြမ္မာကွင်းဆက်..”

မုန့်ချီက တိတ်တဆိတ် တွေးလိုက်မိ၏။

“အဲဒီနေရာမှာ အရာအားလုံးက စတင်ခဲ့တယ်။ ကံကြမ္မာကွင်းဆက်ကလည်း အဲဒီနေရာမှာပဲ ရှိနေသင့်တယ်…”

သူ့ခေါင်းထဲတွင် လျင်မြန်စွာ စဉ်းစားနေခဲ့သည်။ သူက ကံကြမ္မာကွင်းဆက် နည်းလမ်းများကို ကျွမ်းကျင်လာနေသည်နှင့်အမျှ လူတစ်ယောက်၏ ကံကြမ္မာက သူ့ဆီတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့ရ၏။

“ဒါဆိုရင်တော့ ဘာမှစဉ်းစားနေစရာမလိုတော့ဘူး…”

သူက ဒိုအာချာ၏ကမ္ဘာကြီးကို ရွေးချယ်ရန် စဉ်းစားလိုက်သည်။

“ငါက မပြည့်စုံတဲ့ ကံကြမ္မာကွင်းဆက် သိုင်းကွက်ကိုသုံးပြီး တိုက်ခိုက်လိုက်မယ်ဆိုရင် ငါ့ဘဝတစ်လျှောက်လုံး ကျင့်ကြံမှုက အဆုံးသတ်သွားရလိမ့်မယ်..”

Translated by Hein Htet.

All Chapters