← Chapters

အခန်း (၅၄၉)

Vol. 37 Ch. 549

အခန်း (၅၄၉)

Vol. 37 Ch. 549

ရှို့ဟွာတောင်ထိပ်ပေါ်တွင် ရှိနေသော မြက်ခင်းစိမ်းများပေါ်တွင် မိုးရေစက်လေးများ ကျဆင်းလာနေခဲ့သည်။ ထိုနေရာတွင် ပျက်စီးနေသော နံရံကြီးတစ်ခုက မလှုပ်မယှက် ရပ်နေကြောင်း လူတိုင်းက သတိထားမိနိုင်၏။ ရှောင်လင်ကျောင်းတော် ပျက်စီးသွားသည့် အရေးအခင်းနှင့် ကြုံတွေ့ရသည့်အချိန်တွင်ပင် ထိုအရာကတော့ ကျန်ရှိနေသေးသည်။

ရွှံ့များပေါ်တွင် လျှောက်လှမ်းလာသော ခြေသံများနှင့် ရံဖန်ရံခါ တဖျပ်ဖျပ်အသံများကို ကြားနေရသည်။ ဝါးဦးထုပ် ဆောင်းထားသော အဘိုးအိုနှစ်ယောက်က ရှောင်လင်ကျောင်းတော်မှ တခြားကိုယ်တော် အနည်းငယ်နှင့်အတူ တောင်အနောက်ဘက်တွင် သွားလာနေကြသည်။

သူတို့ထဲတွင် သိုင်းလောကသား အနည်းငယ်လည်း ပါဝင်နေခဲ့သည်။ သူတို့က သစ်တောကြီးကို ဖြတ်သန်းလာပြီး အလွန်ကြီးမားသော အနီရောင်ကျောက်တုံးကြီး၏ရှေ့တွင် ရပ်လိုက်ကြသည်။

အသက်(၅၀)ခန့် အရွယ်ရှိသော အကြီးအကဲကိုယ်တော်တစ်ပါးကတော့ အတွင်းဒဏ်ရာများ ရရှိထားသလို အမူအရာနှင့် လက်အုပ်ချီလိုက်၏။ သူက အသံတိုးတိုးနှင့် ဓမ္မကျမ်းစာများကို ရေရွတ်လိုက်သည်။

“ဒီနေရာက ဒိုအာချာ အဆုံးသတ်သွားတဲ့ နေရာပဲ။ သူက မသေခင် ထူးဆန်းတဲ့ အပြုအမူနဲ့ သေဆုံးသွားခဲ့ရတယ်…”

ထိုအဖွဲ့၏ခေါင်းဆောင်ကတော့ မျက်ခုံးထူထူနှင့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏မျက်လုံးများက အလွန်စူးရှပြီး သူက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင်လည်း ပူပင်ဝမ်းနည်းနေသော ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။

“ဒီနေ့ထိ သူက ဘယ်လိုအသတ်ခံလိုက်ရလဲဆိုတာ ငါတို့က မသိသေးဘူး။ ဒါပေမဲ့ ဆရာတော်ရှင်းကျိရဲ့ အလောင်းပေါ်မှာရှိတဲ့ ဒဏ်ရာတွေအရ သူက မသန်မစွမ်း ဖြစ်သွားတာကို ညွှန်ပြနေတယ်။ ဆရာတော်ရဲ့ကြိုးစားအားထုတ်မှုကြောင့် ကျုပ်တို့ရဲ့ အခြေအနေက ပြောင်းလဲသွားနိုင်ပြီး အလယ်ကုန်းမြေကြီးက အေးချမ်းသွားခဲ့တာ…”

တခြားသော အကြီးအကဲကိုယ်တော်များက အတော်လေး မသက်မသာ ခံစားနေကြရသည်။ တစ်ချိန်တုန်းက ကျောင်းတော် ဖျက်ဆီးခံလိုက်ရသည့် မှတ်ဉာဏ်များက သူတို့အတွက်တော့ မနေ့တစ်နေ့က ဖြစ်ခဲ့သလို ခံစားနေကြရသည်။

သူတို့၏ ဂိုဏ်းသားများ သေဆုံးသွားပြီး သိုင်းလောကသားများက ကျောင်းတော်ထဲတွင် သတ်ပစ်ခံနေရသည်ကို သူတို့က နာနာကျင်ကျင် မှတ်မိနေကြသေးသည်။ သူတို့က ဆရာတော်ရှင်းကျိ၏ ကြိုးစားအားထုတ်မှုကို လုံးဝမမေ့နိုင်တော့ပေ။

ဆရာတော်ရှင်းကျိက ဒိုအာချာကို အသက်အသေခံပြီး အချိန်ဆွဲထား၍ ဒဏ်ရာ ရစေခဲ့သည့်အတွက် ရှောင်လင်ကျောင်းတော်၏ အမွေအနှစ်များကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လူရိုင်းများကို ဆန့်ကျင်မှုက အလုပ်ဖြစ်ခဲ့ပြီး အလယ်ကုန်းမြေကြီးက သူတို့ကို ဖယ်ရှားနိုင်ခဲ့ခြင်းဖြစ်၏။ သူက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

“မကောင်းဆိုးရွားတွေကို ဆန့်ကျင်တဲ့အချိန်မှပဲ သူရဲကောင်းတွေ ထွက်ပေါ်လာတတ်တယ်။ ငါ့ဆရာအပြင် သခင်လေးကျန်း၊ ကိုရင်လေးကျန်းတင်၊ ကံကြမ္မာဖျက်ဆီးခြင်းဓားနဲ့ တခြားအမှန်တရားဘက်တော်သားတွေလည်း တိတ်တဆိတ် ပေါ်လာခဲ့ကြတယ်။ ဒိုအာချာကို သူတို့က သတ်ပစ်လိုက်တာ ဖြစ်နိုင်တယ်…”

အကြီးအကဲကိုယ်တော်က ပြန်ဖြေလိုက်သည်။

“အခု သူတို့တွေ ဘယ်မှာ ရှိနေလဲဆိုတာတော့ ကောင်းကင်ဘုံကပဲ သိလိမ့်မယ်။ ကောင်းကင်ဘုံက ဒိုအာချာကို အပြစ်ပေးခဲ့တာ ကြာလောက်ပြီပေါ့…”

ကလေးမလေးတစ်ယောက်က အနီရောင်ကျောက်တုံးကြီးကို စိုက်ကြည့်နေရင်း တစ်ချိန်တုန်းက သူရဲကောင်းများ အကြောင်းကို စဉ်းစားနေခဲ့သည်။

“သူတို့သာ မစတေးခဲ့ဘူးဆိုရင် ကျွန်မတို့က အလယ်ပိုင်းနယ်မြေထဲမှာ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မှာ မဟုတ်ဘူး…”

အကြီးအကဲခေါင်းဆောင်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ဟုတ်တယ်။ လူရိုင်းတွေရဲ့ တော်ဝင်အကြံပေး ခေါင်းဆောင်ထဲမှာ မကျေနပ်မှုတွေ ရှိကြတယ်။ လက်ရှိ သိုင်းလောကသားတွေရဲ့ ပူးပေါင်းမှုနဲ့ဆိုရင် သိပ်မကြာခင် လူရိုင်းတွေကို ငါတို့ရဲ့နယ်မြေထဲကနေ လုံးဝ မောင်းထုတ်နိုင်တော့မှာပါ။ ဒါကြောင့် ဒီနေ့ ငါက ဒီအဖြစ်အပျက်မှာ သူတို့ရဲ့အသက်ကို စွန့်လွှတ်သွားခဲ့တဲ့ သူရဲကောင်းတွေကို အရိုအသေလာပေးတာ…”

သူ့ရဲ့ ပတ်ပတ်လည်တွင်‌တော့ အထုတ်များ၊ ပန်းစည်းများကို ယူဆောင်လာသော သိုင်းလောကသားများ ရှိနေကြသည်။ သူတို့က သေဆုံးသွားသူများကို အရိုအသေပေးရန် ပစ္စည်းပေါင်းစုံကို ထုတ်လိုက်ကြသည်။ သူတို့က ထိုအရာများကို သေချာ စုစည်းထားလိုက်ကြ၏။

အကြီးအကဲခေါင်းဆောင်ကတော့ မီးရှုးမီးပန်း (၃)ခုကို မီးညှိပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။ ထို့နောက် သူနှင့်အတူ နောက်တွင် လိုက်လာသော သိုင်းလောကသားများအားလုံးက အရိုအသေ ပေးလိုက်ကြ၏။ ဘုန်းတော်ကြီးများက လက်အုပ်ချီပြီး ပြန်လည်ဝင်စားခြင်း ကျမ်းစာကို ရွတ်ဆိုနေကြသည်။

သူတို့ မသိလိုက်သည်မှာ မုန့်ချီကတော့ သူတို့၏နောက်တွင် ရှိနေသော ကျောက်တုံးကြားထဲမှ သူတို့၏စကားများကို နားထောင်နေခဲ့သည်။ လေတိုက်ခတ်ခြင်း မရှိသော်လည်း သူ၏အစိမ်းရောင်ဝတ်ရုံက လူးလွန့်လှုပ်ရှားသွားခဲ့၏။

နှစ်အနည်းငယ်သာ ရှိသေးသော်လည်း သခင်လေးကျန်းနှင့် ကံကြမ္မာဖျက် ဗုဒ္ဓဓားတို့၏ နာမည်က သူတို့၏ အတိတ်မှတ်ဉာဏ်များကဲ့သို့ ဖြစ်သွားပုံရသည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သော အတိတ်မှတ်ဉာဏ်များနှင့် ယခင်တုန်းက အသုံးပြုခဲ့ကြသော နာမည်များကို ပြန်ကြားလိုက်ရသည့်အချိန်တွင်ပင် သူက အံ့သြသလို ခံစားနေခဲ့ရသည်။

အချိန်က အရာအားလုံးကို ဖယ်ရှားပစ်နိုင်၏။ သူကိုယ်တိုင် ထာဝရမှတ်မိနေနိုင်သည်ဟု ယုံကြည်ချက် ရှိနေသော မှတ်ဉာဏ်များကပင် တဖြည်းဖြည်း ပျောက်ကွယ်သွားရနိုင်သည်။

သူ၏ပတ်ပတ်လည်တွင်တော့ ရေညှိများနှင့် စိုစွတ်နေသော ကျောက်တုံးများ ရှိနေ၏။ နံရံကြီးက ကိုင်ကြည့်လိုက်လျှင် အတော်လေး ထူးထူးခြားခြားကို အေးစက်နေ၏။ မုန့်ချီက ပတ်ပတ်လည်ကို စိုက်ကြည့်နေရင်း သူနှင့် သူ့အဖော်များ၏ မှတ်ဉာဏ်များက မနေ့တစ်နေ့ကဲ့သို့ ပေါ်လာခဲ့သည်။

အထူးသဖြင့် သူ ဒဏ်ရာရသွားခဲ့ပြီးနောက် အစ်ကိုချီက စကားများလာခဲ့သည်။ အစ်ကိုကျန်းကလည်း သူတို့အားလုံးကို အစ်ကိုရင်း တစ်ယောက်ကဲ့သို့ စောင့်ရှောက်ပေးခဲ့၏။ ဒဏ်ရာရနေသည်ကိုပင် ကျန်းကျိဝေက လုံးဝ လက်မလျှော့ခဲ့ပေ။ အလွန်လျို့ဝှက်ဆန်းကြယ်သော ကူရှောင်ရှန်းကိုလည်း ဤနေရာတွင် ပထမဆုံး ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဒိုအာချာကတော့ သူတို့အတွက် ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက် ဖြစ်ခဲ့ပုံပေါ်၏။ မုန့်ချီက ပင့်သက်ရှည်ကြီး ရှိုက်လိုက်မိသည်။ သူက စိတ်အားငယ်သွားသလို ခံစားလိုက်ရပြီး သူ့နောက်ကျောဘက်တွင် ရှိနေသော လမ်းကြောင်းဆီသို့ လျှောက်ဝင်သွားခဲ့သည်။

အပြင်ဘက်တွင် ရှိနေသော သိုင်းလောကသားများကတော့ သေဆုံးသူများအတွက် စက္ကူများကို မီးရှို့ပေးနေကြသည်။

သူက အတွင်းထဲကို သွားရောက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။ သူက တတ်နိုင်သမျှ မြန်မြန် ပြန်ရမည် ဖြစ်၏။ မထင်မှတ်ထားသော အခြေအနေ အပြောင်းအလဲ ရှိလာနိုင်သည့်အတွက် သူက နှစ်လအထိ စောင့်နေ၍ မရနိုင်ပေ။ အကယ်၍ သူသာ ဆုံးဖြတ်ချက် မှားယွင်းသွားလျှင် ဒဏ္ဍာရီအဖွဲ့မှ စစ်ကူများ ရောက်လာနိုင်၏။

ရလဒ်အနေဖြင့် မုန့်ချီက အများဆုံး (၇)ရက်သာ နေမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ သူက မည်သည့်အရာကို ရစေကာမူ (၇)ရက်ပြည့်လျှင် ပြန်ရမည် ဖြစ်သည်။ သူပြန်သွားစဉ် အတောအတွင်း နောက်ထပ် အသုံးပြုနိုင်သော နည်းလမ်းတစ်ခု ရှိသေးသည်။

မုန့်ချီက ပြန်ရောက်သည့်အချိန်တွင် နောက်ထပ် သံသရာတံဆိပ်တစ်ခုကို အသုံးပြုနိုင်သေး၏။ သူက ဒုတိယမြောက် သံသရာတံဆိပ်ကို သုံးလိုက်သည့် အချိန်တွင် မိုးကြိုးနတ်ဘုရားက သူ၏ လျို့ဝှက်ရတနာများ ကုန်ဆုံးသွားပြီဟု ယုံကြည်ချက် ရှိနေသည်။

ထိုသို့ဆိုလျှင် သူက သံသရာ အရှင်သခင်ဆီက သူ့ကို အကူအညီပေးနိုင်သော ပစ္စည်းများ၊ လက်နက်များကို လဲလှယ်၍ ရနိုင်သေးသည်။ မိုးကြိုးနတ်ဘုရားက သူ၏လှည့်ကွက်များကို တားဆီးနိုင်သော အရာတစ်ခု ရှိဦးမည်ဟူသော ဖြစ်နိုင်ချေကိုလည်း ထည့်တွက်ထားရသေးသည်။ သူက မပြည့်စုံသော ကံကြမ္မာကွင်းဆက်နည်းလမ်းကို အသုံးပြုပြီး ရန်သူ၏ ကံကြမ္မာကို လက်ခံ၍လည်းရသည်။

ကျောက်တုံးလမ်းကြောင်းထဲတွင် အလင်းရောင်များ မရှိသည့်အတွက် အမှောင်ထုကြီးသာ ပြည့်နှက်နေသည်။ သူ၏ပတ်ပတ်လည်တွင် တိတ်ဆိတ်ငြိမ်သက်နေပြီး အလင်းရောင် မရှိသည့်အတွက် နတ်ဆိုးများ ရှိနေသလို ခံစားနေရ၏။

မုန့်ချီက သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော တံခါးပေါက်များကို ဖွင့်လိုက်ပြီး နေမင်းပုံရိပ်ယောင်ခန္ဓာ၏ အစွမ်းကို သုံးလိုက်သည်။ သူ၏မျက်လုံးနှစ်လုံးထဲတွင် အလင်းရောင်များ တောက်ပလာပြီး သူ့ရှေ့တွင် ရှိနေသော အမှောင်ထုကြီးကို ဖယ်ရှားလိုက်၏။

မုန့်ချီက ထိုလမ်းကြောင်း၏ အဆုံးထိအောင် လျှောက်သွားခဲ့သည်။ လမ်းကြောင်းက ကျောက်အခန်းတစ်ခုသို့ ရောက်သွားခဲ့ပြီး ထိုနေရာတွင် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန် ရှိနေခဲ့၏။ မြေကြီးပေါ်တွင် ကျောက်တုံးအိပ်ယာနှင့် ကျောက်စားပွဲ၊ အိုမင်းစုတ်ပြတ်နေသော ထိုင်ခုံတစ်ခု ရှိနေပြီး သူက ထိုအရာများကို ရင်းနှီးနေခဲ့သည်။

လမ်းကြောင်း၏ရှေ့တွင် ရှိနေသော ကျောက်တုံး နံရံပေါ်တွင်တော့ အနတ္တ ရေးသားထားခဲ့သော ကျမ်းစာများ ရှိနေ၏။ သို့သော် ထိုကျမ်းစာများထဲတွင် ကျန်ရှိနေသော စိတ်ဝိညာဉ်လွှဲပြောင်းမှုကတော့ ကုန်ဆုံးသွားခဲ့ပါပြီ။

ထိုကျမ်းစာ၏ ဘယ်ဖက်တွင် ရှိနေသော နံရံပေါ်တွင်တော့ အပေါက်တစ်ခု ရှိနေပြီး တံခါးတစ်ခု ပုံသဏ္ဌာန် ဖြစ်နေခဲ့သည်။ ထိုကျောက်တုံးတံခါးပေါ်တွင် သူဖတ်ခဲ့ဖူးသော နောက်ထပ် စာတစ်ကြောင်း ရှိသည်။

“ကရုဏာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ…”

မုန့်ချီက ထိုတံခါးကို စစ်ဆေးကြည့်နေခဲ့သည်။ အောက်ခြေ ဘယ်ဖက်ထောင့်တွင်တော့ ကျောက်တုံးထဲသို့ နစ်ဝင်နေသော အပေါက်ငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။

သူက ထိုအပေါက်ထဲကို လှမ်းကြည့်လိုက်သောအချိန်တွင် မီးတောက်များ လောင်ကျွမ်းနေသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ထိုအပေါက်၏ ကျောက်တုံးထဲတွင် စကားလုံးများ ရေးထိုးထားပြန်သည်။ တချို့သော စကားလုံးများကတော့ သေးငယ်ပြီး အမှုန်အမွှားများကဲ့သို့ ဖြစ်နေ၏။ ထိုစာ၏ အဓိပ္ပာယ်က သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

“သစ္စာမရှိတဲ့သူက အသတ်ခံရမယ်…”

ဤနေရာတွင် မည်သည့်အရာမျှ ပြောင်းလဲမှု မရှိပေ။ အရာအားလုံးက မုန့်ချီ ပထမဆုံး တွေ့ခဲ့သည့်အချိန်ကကဲ့သို့ ဖြစ်နေသည်။ ဤနေရာတွင် သူ၏ ကံကြမ္မာကို တွေ့လိုက်ရသော်လည်း သူက အကျိုးအမြတ် အမြောက်အမြား ရရှိခဲ့သည်။ အလွန်ထူးခြားသော အရာများက သူ့ဆီကို ရောက်ရှိလာခဲ့ပြီး ယခုတော့ ထိုအရာများက သူ့အတွက် အဓိပ္ပာယ် ရှိလာခဲ့သည်။

အနတ္တကို ရှို့ဟွာတောင်ထိပ်ပေါ်တွင် မကောင်းဆိုးဝါးသူတော်စင်က သတ်ပစ်လိုက်သည် ဟူသော ဒဏ္ဍာရီတစ်ခု ရှိခဲ့သည်။ ထိုရှေးဟောင်းဘာသာစကားနှင့် ရေးထိုးထားသော စာများကလည်း ပြောထား၏။

“သစ္စာမရှိတဲ့သူက အသတ်ခံရမယ်…”

ထိုအရာက သက်သေပြချက်တစ်ခု ဖြစ်နိုင်သည်။ သို့သော် မကောင်းဆိုးဝါးသူတော်စင်က အနတ္တ၏စာများကို မူလအတိုင်း ထားပေးခဲ့သည်မှာ ဇဝေဇဝါ ဖြစ်နေသည်။ သူက အနတ္တကျိန်စာဖျက်ဓားပညာ၏ အမွေအနှစ်ကို ဆက်ခံခွင့်ပေးလိုက်ခြင်းနှင့် တူနေ၏။

အနတ္တ၏ စကားလုံးများက နားလည်ရန် ခက်ခဲလှသည်။ အကယ်၍ လူတစ်ယောက်ကသာ မကောင်းဆိုးဝါးသူတော်စင်၏ အမုန်းတရားများနှင့် နတ်ဆိုးများဆီတွင် သူမပေးခဲ့သော အမိန့်ကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် သူတို့က အနတ္တကျိန်စာဖျက် ဓားပညာ တတ်မြောက်ထားသော လူတိုင်းကို သတ်ပစ်ရမည် ဖြစ်၏။

သူက လူသားဧကရာဇ်တို့ ရှေးဟောင်းလမ်းကြောင်းထဲတွင် အနတ္တနှင့် လောကသခင်တို့ ချန်ထားခဲ့သော အငွေ့အသက်များကိုလည်း ပြန်စဉ်းစားနေမိခဲ့သည်။

“ဒါဆိုရင် သူက အနတ္တကို အမှန်တကယ်သတ်ဖို့ မအောင်မြင်ခဲ့ဘူးလို့ ဆိုလိုချင်တာလား။ လူသားဧကရာဇ်က အထွတ်အထိပ်ကို ရောက်နေသေးတဲ့ အချိန်မှာ ဘယ်သူက ရှေးဟောင်းလမ်းကြောင်းထဲကို ဝင်သွားခဲ့တာလဲ။ မကောင်းဆိုးဝါးသူတော်စင် သေဆုံးသွားပြီးမှပဲ လူသားဧကရာဇ်က သေဆုံးသွားခဲ့တာလေ…”

အနတ္တက ပြန်လည်ဝင်စားပြီးနောက် ဤနေရာကို ပြန်လာခဲ့ခြင်းများ ဖြစ်နိုင်မည်လော။ ထိုသို့ဆိုလျှင် ထိုစာကို ရေးခဲ့ပြီး ဤနေရာတွင် အမွေအနှစ် ချန်ထားခဲ့သော အနတ္တက ယခင် အနတ္တ မဟုတ်ခြင်းပေလော။ သူက မှတ်ဉာဏ်များအတိုင်း ပြန်ရောက်လာပြီး သူ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရရှိ၍ လေဟာနယ်ကို ပြောင်းလဲရန် နည်းလမ်းတစ်ခု ရှိခဲ့ခြင်းပေလော။

မုန့်ချီ၏ခေါင်းထဲ၌ အနတ္တနှင့် ပတ်သက်သော အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သူက အနတ္တ၏ ကံကြမ္မာကို စဉ်းစားမိလေလေ၊ မျက်လုံးထဲတွင် ပို၍ရှုပ်ထွေးလာလေလေ ဖြစ်သည်။

မုန့်ချီက စာရေးထားသော ကျောက်တုံးတံခါးကို ပြန်လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် စာကြောင်းတစ်ခု ရှိနေသေး၏။ ထိုအရာကို‌တော့ အစောပိုင်းတွင် သူလည်း မဖတ်ဖူးပေ။ ထိုစာကြောင်းကတော့ ရှေးဟောင်းစာလုံးများကို အသုံးပြုရမည့်အစား လက်ရှိခေတ်ဘာသာစကားကိုသာ အသုံးပြုထားခဲ့သည်။

ထိုသို့ဆိုလျှင် ဤစကားလုံးများက နတ်ဆိုးဗုဒ္ဓဖျက်ဆီးပြီး နောက်ပိုင်းအချိန်တွင် ‌ရေးသားထားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် တံခါးပေါ်၌ စာရေးခဲ့သူမှာ သိပ်မကြာခင် အတောအတွင်း သူတော်စင်အဆင့်ကို ရောက်ခဲ့ခြင်းပေလော။ မကောင်းဆိုးဝါးသူတော်စင်နှင့် အနတ္တတို့၏တိုက်ပွဲ ပြီးဆုံးသွားပြီးမှ ရောက်လာသော လူတစ်ယောက်ပေလော။ ဘာကြောင့် ထိုစကားလုံးများကို ရေးသားထားရသနည်း။

မုန့်ချီကတော့ သူ မသိသော အမှန်တရားများကြောင့် ပြဿနာတက်နေပြီး ခေါင်းထဲတွင် မေးခွန်းများစွာ ပေါ်လာခဲ့သည်။ သူက ကျောက်တုံးတံခါး၏ရှေ့တွင် ရပ်လိုက်၏။

“ကံကြမ္မာကွင်းဆက်၏ နောက်ဆုံးသိုင်းကွက်က အခုထိ ပေါ်မလာသေးဘူး။ ဒါဆိုရင်တော့ ဒီတံခါးရဲ့ နောက်မှာပဲ ရှိနိုင်တယ်…”

သို့သော် ယခုအကြိမ်တော့ မုန့်ချီက ကျောက်တုံး၏မျက်နှာပြင်ကို ထိစရာမလိုဘဲ ကျောက်တုံး၏ တခြားတစ်ဖက်မှ လွင့်မျောလာသော အေးစက်သည့် အငွေ့အသက်များကို ခံစားနေခဲ့မိသည်။ ထိုအချိန်တွင် သူ့ခေါင်းထဲ၌ ပုပ်ပွနေသော အလောင်းများ၊ တစ်စစီဖြစ်နေသော ခြေလက်များနှင့် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဝါးမျိုနိုင်သောအရာများ မြင်လိုက်ရ၏။

မုန့်ချီက ခေါင်းထဲသို့ နှောင့်ယှက်လာသော အတွေးများအားလုံးကို ရှင်းလင်းလိုက်သည်။ သူက သံသယဝင်နေခြင်းမရှိဘဲ သူ၏ လက်ရှိအစွမ်းကို သတိပေးလိုက်၏။

“ဒီနေ့မုန့်ချီက အရင်တုန်းက မုန့်ချီ မဟုတ်တော့ဘူး။ ငါက အကြောက်အလန့်မရှိဘဲ ဒီနေရာမှာ ရပ်နေနိုင်တယ်…”

သူက ကျောက်တုံးတံခါး၏ မျက်နှာပြင်ကို လက်နှင့်ကိုင်လိုက်ပြီး ကျောက်တုံးတံခါးကို တွန်းဖွင့်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ကျောက်ကြားထဲမှနေ၍ အသံများ ထွက်ပေါ်လာသော်လည်း တံခါးက တစ်လက်မလေးပင် လှုပ်ရှားသွားခဲ့ခြင်း မရှိပေ။ မုန့်ချီက တံခါးပေါ်သို့ လက်နှစ်ဖက်ကိုတင်လိုက်ပြီး အနည်းငယ် အားစိုက်လိုက်သည်။

“ပွင့်လိုက်စမ်း…”

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော ကြွက်သားများက ကြီးထွားလာပြီး စွမ်းအား စိုက်ထုတ်လာသည့်အတွက် အဝတ်အစားများက ဖောင်းကားလာသည်။ သို့သော် တံခါးကတော့ လှုပ်ရှားမှုမရှိဘဲ အသံသာ ထွက်လာခဲ့၏။

မုန့်ချီက နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်မိပြီး သူ၏လက်နက်များကို ဆွဲထုတ်၍ စွမ်းအားများကို စုစည်းလိုက်သည်။ သူ၏ပတ်ပတ်လည်တွင် အနက်ရောင် တိမ်တိုက်များ စုစည်းလာပြီး မိုးကြိုးများ လျှပ်စီးများကလည်း နဂါးကြီးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာခဲ့၏။ နေလုံးကြီးပုံသဏ္ဌာန်နှင့် လျှပ်စီး‌ကြောင်းများက တံခါးဆီကို ရောက်သွားခဲ့သည်။

ဓားမောက်၏ တိုက်ခိုက်မှုက အလွန်လေးလံပြီး ဓားရှည်၏ ထိုးနှက်မှုက ကြောက်စရာကောင်းသည်။ လက်နက်နှစ်ခု၏ တိုက်ခိုက်မှုက ကျောက်တုံးတံခါး တစ်ခုတည်းဆီကို ပေါင်းစည်းသွားခဲ့ပြီး တစ်နေရာတည်းကို စုစည်းသွားခဲ့၏။

နေလုံးကြီးက အလွန်ကြီးမားသော ပေါက်ပွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့သည့်အချိန်တွင် တံခါးကြီးက လှုပ်ရှားသွားခဲ့သည်။ ကျောက်တုံးတံခါးဆီမှ လှိုင်းလုံးများလည်း ထွက်ပေါ်လာပြီး သူ၏တိုက်ခိုက်မှုများက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။

“စိတ်ဝင်စားစရာပဲ…”

သူက လက်နက်များကို ရုတ်သိမ်းလိုက်သည်။

ထိုအချိန်တွင် မုန့်ချီ၏ခန္ဓာကိုယ်က စတင်၍ ကြီးမားလာပြီး သူ၏ခေါင်းက ကျောက်တုံးအခန်း၏ မျက်နှာကြက်နှင့် ထိလာခဲ့သည်။ သူက ကျောက်တုံးကို အားယူလိုက်ပြီး ရှေးဟောင်းလူသန်ကြီး တစ်ယောက်ကဲ့သို့ ကြောက်စရာကောင်းသော အဖျက်စွမ်းအားများနှင့် တိုက်ခိုက်လိုက်သည်။

အလွန် ကြောက်စရာကောင်းစွာ လှုပ်ရှားလိုက်သည့်အချိန်တွင် သူ၏တိုက်ခိုက်မှုက ကျောက်တုံးတံခါးပေါ်သို့ ကျရောက်သွားခဲ့၏။ အမှောင်စွမ်းအားများကလည်း သူ၏ လက်ဝါးပေါ်တွင် လွှမ်းခြုံနေခဲ့သည်။ မုန့်ချီက အစွမ်းကုန် ထုတ်သုံးလိုက်မည်ဆိုလျှင် ထိုတံခါးကို ဖျက်ဆီးပစ်နိုင်ပါလိမ့်မည်။

မုန့်ချီက ကျောက်တုံးတံခါးကို တိုက်ခိုက်လိုက်သည့်အချိန်တွင် အခန်းတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့ပြီး လေထဲတွင် အပျက်အစီးများ ဖုန်မှုန့်များ လွင့်ပျံလာခဲ့၏။ ကြားထဲတွင် ရှိသော အဟလေးကလည်း အနည်းငယ် ပို၍ ကြီးလာသော်လည်း ကျောက်တုံးတံခါးကတော့ ခေါင်းမာစွာ ဆက်၍ ရှိနေသေးသည်။

မုန့်ချီက လမ်းကြောင်း၏ အတွင်းထဲကို စိတ်ဝိညာဉ် စွမ်းအားနှင့် ပို့လွှတ်လိုက်ရာ နောက်ဆုံးတွင်တော့ လှုပ်ရှားမှုများက ငြိမ်သက်သွားခဲ့သည်။ အပြင်ဘက်တွင် ရှိနေသော လူစိမ်းများကလည်း သူ ဖန်တီးလိုက်သော လှုပ်ရှားမှုများကို သတိမထားမိကြပေ။

မုန့်ချီက သက်ပြင်းချလိုက်ပြီး သူ၏ နိယာမဖြစ်စဉ်ကို ထိန်းသိမ်းထားလိုက်သည်။ သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပြီး မျက်လုံးတစ်ဖက်မှိတ်၍ သူ၏ စွမ်းအားများကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်၏။

ထိုအချိန်တွင် သူ၏ပတ်ပတ်လည်၌ အမှောင်စွမ်းအားများ ပြည့်နှက်လာပြီး ကမ္ဘာဦးစတင်ခြင်း ကံကြမ္မာမျိုးစေ့ကဲ့သို့ ဖြစ်လာခဲ့၏။ သူက တခဏအတွင်း မျက်လုံးဖွင့်လိုက်ရာ အမှောင်စွမ်းအင်များက လှိုင်းလုံးကြီးများကဲ့သို့ ထွက်သွားခဲ့သည်။

ကောင်းကင်ပြစ်ဒဏ်ဓားက အေးစက်စွာ တောက်ပနေပြီး အမှောင်ထုကြီးကို ထိုးဖောက်သွားခဲ့သည်။ ထိုအရာက တံခါးကို ကြောက်စရာကောင်းစွာ တိုက်ခိုက် လိုက်မိ၏။ ကျောက်တုံးတံခါး၏ မျက်နှာပြင်ပေါ်တွင် ခြစ်ရာများပေါ်လာပြီး တံခါးကြီးက ပျက်စီးလုနီးနီး ဖြစ်သွားခဲ့သည်။

သို့သော် မုန့်ချီက နောက်တစ်ကြိမ် မတိုက်ခိုက်ရသေးခင် ထိုတံခါးက အလိုလို ပြန်ကောင်းသွားခဲ့သည်။ တံခါးက မုန့်ချီကြောင့် ထိခိုက်ခဲ့သော ပျက်စီးမှုကို အလိုလို ပြုပြင်နိုင်စွမ်း ရှိနေ၏။

“ဘာမှ မရဘူးလား…”

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူ့ဆီ၌ ပထမကောင်းကင်လှေကား အစွမ်းမျိုး ရှိနေလျှင်တော့ ထိုတံခါးကို ချိုးဖောက်၍ ရနိုင်လောက်သည်။

မုန့်ချီက တံခါး၏ဘေးတွင်ရှိနေသော ကျောက်တုံးနံရံကို ဖျက်ဆီးရန် စဉ်းစားလိုက်မိသည်။ သို့သော် ထိုနည်းလမ်းကလည်း မအောင်မြင်ကြောင်း သေချာနေခဲ့၏။ ထို့ကြောင့် သူက ပြင်းပြင်းထန်ထန် စဉ်းစားနေပြီး တံခါးဖွင့်ရန် နည်းလမ်းကို ရှာဖွေနေရသည်။

ထိုအချိန်တွင် အနတ္တ ချန်ထားခဲ့သော စာကြောင်းဆီသို့ မျက်လုံးက ရောက်သွားပြီး ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

“ဘာလို့ အနတ္တက ဒီနေရာမှာ သူ့ရဲ့စွမ်းအားတွေကို လေ့ကျင့်ဖို့ ရွေးချယ်ခဲ့ရတာလဲ။ အနတ္တက ဒီနေရာမှာ သူ့ရဲ့အမွေအနှစ်တွေ ချန်ထားခဲ့တာက ကျောက်တုံးတံခါးနဲ့များ ပတ်သက်နေတာလား။ ကြိုးစားကြည့်လို့ ဘာမှဆုံးရှုံးစရာ မရှိပါဘူး…”

မုန့်ချီက တွေးလိုက်မိပြီး သူ၏လက်ထဲတွင် ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားလိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီး အနတ္တကျိန်စာဖျက်ဓားပညာကို အသုံးပြုလိုက်၏။ သူ၏ စိတ်ဝိညာဉ် စွမ်းအားကလည်း ရှေ့တွင် ရှိနေသော ကျောက်တုံးတံခါးကြီးကို စိုက်ကြည့်လိုက်ရာ ကံကြမ္မာ ဆက်သွယ်မှု မရှိကြောင်း တွေ့လိုက်ရသည်။

“ထူးဆန်းတယ်…”

မုန့်ချီက သူ၏ဓားကို ဝှေ့ယမ်းနေရင်း တွေးလိုက်မိသည်။ အကယ်၍ ဤနေရာတွင် ပစ်မှတ်ထားစရာ ကံကြမ္မာမရှိလျှင် ဘာများ ဖြစ်နိုင်မည်နည်း။ ထိုအရာက ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုသာ ဖြစ်နိုင်၏။ သူ၏စွမ်းအားများကို ထိန်းချုပ်ထားနိုင်သော စွမ်းအားတစ်ခု ဖြစ်နိုင်သလို အလွန်နူးညံ့သော တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်သည်။ ထိုအရာများက ရေကန်ထဲကို ရောက်သွားသော ငါးတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားနိုင်၏။

ထိုဓားအလင်းတန်းက တံခါးမျက်နှာပြင်ပေါ်ရှိသော ကျောက်တုံးမျက်နှာပြင်ကို ရင်ဆိုင်လိုက်ရသည်။ ထိုအချိန်တွင် သူ့ရှေ့၌ရှိ‌သော လေဟာနယ်ကြီးက ဝေဝါးသွားခဲ့၏။ ဝေဝါးနေသောအရာများက သူ့ကို လွှမ်းခြုံသွားခဲ့ပြီး သူနှင့် ပတ်ပတ်လည်တွင် ရှိနေသော နယ်မြေကြီးက စတင်ပြောင်းလဲလာခဲ့သည်။

အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည့်အချိန်တွင် သူ့ရှေ့တွင် ရှိနေသော တံခါးက သူ့နောက်သို့ ရောက်လာခဲ့သည်။ သူက တံခါးကို ဖြတ်ကျော်လာနိုင်ခဲ့၏။ သူက တံခါးကို ပြန်လှည့်ကြည့်လိုက်ရာ သူ့နောက်ကျောတွင် အမှောင်ထုကြီးတစ်ခုသာ ရှိကြောင်း တွေ့လိုက်ရသည်။

မုန့်ချီက သူ့နောက်ကို လှည့်ပတ်စစ်ဆေးကြည့်လိုက်သည်။ သူက ဧရာမနယ်မြေကြီးတစ်ခုထဲကို ရောက်နေပြီး ထိုအရာက သွေးနီရောင်အရိပ်များ လွှမ်းခြုံနေသော လေဟာနယ်ကြီးတစ်ခု ဖြစ်သည်။ ဤနေရာတွင် ပုပ်သိုးနေသော အလောင်းများ၊ ခြေပြတ်လက်ပြတ်များက နေရာတိုင်း ပြည့်နှက်နေ၏။

“နတ်ဆိုးကမ္ဘာကြီးလိုပဲ။ ဒါက ကျိန်စာသင့်နေတဲ့ ငရဲကြီး(၉)ထပ်လိုပဲ…”

မုန့်ချီက စဉ်းစားနေခဲ့သည်။ သူက လက်ထဲတွင် ဓားလက်ကိုင်ကို သေသေချာချာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိပြီး အမှောင်ထဲမှ လျို့ဝှက်ချက်များကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။

………………..

နေ့လယ်ခင်းရောက်သည့်အချိန်တွင် လျှံတိုင်တောင်ထိပ်၏ တောင်အနောက်ဘက်ပေါ်တွင် နေလုံးကြီးက တောက်ပလာခဲ့သည်။ ရှောင်လင်ကိုယ်တော်များက ထိုနယ်မြေတစ်ဝိုက်တွင် ကင်းလှည့်နေကြ၏။

ရံဖန်ရံခါ အဝါရောင် ဝတ်စုံဝတ်ထားသော ဘုန်းတော်ကြီးများ၊ အကြီးအကဲများ ရောက်လာကြသည်။ လျို့ဝှက်လမ်းကြောင်း၏ ပတ်ပတ်လည်တွင် သဘာဝစွမ်းအင်များ စီးဆင်းနေခဲ့၏။ ထိုစွမ်းအင်များက ဝဲကတော့တစ်ခုကဲ့သို့ ထိုတောင်စောင်း၏ မျက်နှာစာတွင် ရှိနေသော အက်ကြောင်းထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး လျို့ဝှက်လမ်းကြောင်းထဲသို့ စီးဝင်သွားခဲ့သည်။

ထိုအရာကတော့ စေတီ‌လေး၏ အောက်ဘက်ကို ဦးတည်နေသော လျို့ဝှက်လမ်းကြောင်း ဖြစ်သည်။ လမ်းကြောင်း၏ အလယ်တွင်တော့ ဝေ့ကျင်းအဆင့် ရှောင်လင်ကိုယ်တော်တစ်ပါး ပုံမှန် စောင့်ကြပ်နေတတ်သည်။

ရှောင်လင်ကျောင်းတော်မှ အကြီးအကဲက လျို့ဝှက်လမ်းကြောင်း၏ လမ်းခွတွင် ထိုင်နေပြီး သူက အသက်မရှိသည့်အလား တရားထိုင်နေခဲ့၏။ သူမသိသည်မှာ ကျူးကျော်သူ (၄)ယောက်က သူ့နောက်တွင် ပေါ်လာခဲ့သည်။

သူတို့၏ခေါင်းပေါ်တွင်တော့ လိပ်နက်အခွံတစ်ခု ရှိနေပြီး ယင်နှင့်ယန် တွက်ချက်ရေး အင်းကွက်များ၊ ဓာတ်ကြီးငါးပါး မှော်အင်းကွက်များက လိပ်ခုံလေးပေါ်တွင် စာအုပ်တစ်အုပ်ကဲ့သို့ ဖော်ပြထားခဲ့သည်။ ထိုလိပ်အခွံက စစ်ဆေးမှုကို နေရာငယ်လေးတစ်ခုအတွင်း ကာကွယ်ပေးနိုင်သော စွမ်းရည်ရှိသည်။

ထိုအကာအကွယ်အတွင်း ရှိနေသူများက အနီးအနားတွင် တခြားသူများ ရှိနေလျှင်ပင် မတူညီသောနယ်မြေကို ရောက်နေသည့်အလား သတိမထားမိနိုင်ချေ။ ရှောင်လင်ကျောင်းတော်မှ ဝေ့ကျင်းအဆင့်ကို‌‌ ရောက်နေသော အကြီးအကဲများကပင် ထိုအရာကို သတိမထားမိကြချေ။

အဖြူရောင်ဝတ်စုံဝတ်ထား‌သော လူ(၄)ယောက်ထဲမှ တစ်ယောက်က နာမကျန်း ဖြစ်နေသူ တစ်‌ယောက်ကဲ့သို့ဖြစ်နေပြီး သူ့ပုံစံက မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ထိုအရာကတော့ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ် ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူတို့(၄)ယောက်က လမ်းနှစ်ခွ၏အဆုံးသို့ ရောက်လာခဲ့၏။

ဝမ်စစ်ယွမ်က သူတို့၏ လမ်းကြောင်းတွင် ပိတ်ဆို့ထားသော ကျောက်တုံးတံခါးကို ကြည့်၍ တိုးတိုးလေး ချောင်းဆိုးလိုက်မိသည်။

“ဆရာတော်ကုံဟွေက သူ့ရဲ့ဒဏ်ရာဟောင်းကြောင့် မွန်းတည့်ချိန်ကို ရောက်တဲ့အချိန်တိုင်း ဒဏ်ရာ ပြန်ပေါ်လာတတ်တယ်။ အဲဒီနာကျင်မှုကြောင့် သူက ကျောင်းဆောင်ရဲ့ နတ်ဘုရားလက်နက်ကို အသုံးပြုဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ကသာ အနတ္တဓားနဲ့ ဝေးဝေးနေမယ်ဆိုရင် ကျွန်တော်တို့ကို သတိထားမိမှာ မဟုတ်ဘူး…”

သူက တခြားအဖွဲ့သားများကို ရှင်းပြနေသလို ထင်ရသည်။ သူတို့၏ ရှေ့တွင် ရှိနေသော တံခါးပေါ်တွင်တော့ တူညီသော စကားလုံးများကို ရေးသားထား၏။

“ကရုဏာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ…”

ထိုစကားလုံးများက အလွန်တည်ငြိမ်အေးချမ်းသော မှော်တံဆိပ်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

Translated by Hein Htet.

All Chapters