← Chapters

အခန်း (၅၅၀)

Vol. 37 Ch. 550

အခန်း (၅၅၀)

Vol. 37 Ch. 550

ထိုနေရာတွင် အနီရောင်သွေးစွန်းနေသော အနက်ရောင်မြေသားများကလွဲလျှင် မည်သည့်အရာမျှ မရှိချေ။ ထိုအရာက အလွန်ထူးဆန်းသော အရောင်အဆင်း တစ်ခုကိုသာ ပြသနေသည်။

ထိုနေရာတွင် တောင်တန်း၊ ရေ၊ နေ၊ လနှင့် တိမ်တိုက်များလည်း မရှိချေ။ မှိန်ဖျော့ဖျော့ တောက်ပနေသော အလင်းတန်းများကသာ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ ပုတ်ပွနေသော အလောင်းများဆီမှ ထွက်ပေါ်လာနေပြီး သူတို့ကလည်း အနီရင့်ရောင် အလင်းတန်းများ တောက်ပနေခဲ့သည်။

ထိုကွင်းပြင်ကြီးက အဆုံးမဲ့ဖြစ်နေပြီး တစ်ခုတည်းသော ထွက်ပေါ်လာသည့် အရာကတော့ အနက်ရောင်အငွေ့များဖြစ်သည်။ အဝေးမှနေ၍ ပတ်ပတ်လည်တွင် ရှိနေသော အရာများကို မြင်တွေ့ရရန် ခက်ခဲသလို တစ်စုံတစ်ခုကို လွှမ်းခြုံထားခြင်း ရှိမရှိကိုလည်း ပြောပြရန် ခက်ခဲသည်။

ခဏကြာ စောင့်ကြည့်နေပြီးနောက် မုန့်ချီက လေလှိုင်းများပေါ်သို့ နင်းလျှောက်ရန် လေဟာနယ်ခြေလှမ်းသိုင်းကို အသုံးချလိုက်သည်။ သူက တိမ်တိုက်များကို ဖန်တီးပြီး ထိုအနက်ရောင်အငွေ့များဆီသို့ ပျံသန်းသွားခဲ့၏။ ထိုနေရာက အလွန်ထူးဆန်းလွန်းသည့်အတွက် သူလည်း မြန်မြန်ပျံသန်းရဲခြင်း မရှိချေ။ လေထဲတွင် အလွန်ကြောက်စရာကောင်းသောအရာတစ်ခု ရှိနေမှာကို ကြောက်လန့်နေခဲ့သည်။

မုန့်ချီ ပျံသန်းနေသည့်အချိန်တွင် သူ၏နှာခေါင်းထဲ၌ သွေးရနံ့များ ညှီစို့စို့ အနံ့များ ရနေသည့်အတွက် သူက အလောင်းများပြည့်နှက်နေသော ရှေးဟောင်းတိုက်ပွဲကွင်းပြင်ထဲကို ရောက်သွားသလို ခံစားနေမိသည်။

အလောင်းအတော်များများက အကောင်းတိုင်း ရှိနေသေးကြောင်း မျက်လုံးထဲတွင် မြင်လာရသည်။ သူတို့ထဲတွင်တော့ ရွှေရောင်ကြက်တစ်ကောင်ကဲ့သို့ ထူးဆန်းသော အလောင်းတစ်ခုလည်း ရှိနေခဲ့သည်။

သူက ခေါင်းပေါ်တွင် ဆံပင်မရှိဘဲ ဘုန်းတော်ကြီး တစ်ပါး၏ဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်နှာနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများစွာမှနေ၍ အဝါရောင်ပြည်ပုတ်များ ကျဆင်းလာနေသည်မှာ တော်တော်လေး ရွံရှာစရာ ကောင်းလှသည်။

သူ့လက်ထဲတွင်တော့ သူ၏ဘယ်ဘက်ခြေထောက် ရှိနေပြီး အုတ်မြစ်က ဆိုးဆိုးဝါးဝါး ပျက်စီးနေသည်။ ကြည့်ရသည်မှာ သူ့ခြေထောက်က ပျက်စီးသွားပြီး ပါးစပ်နားသို့ ပို့လိုက်သည့်အတွက် အလောင်းက ကိုယ့်ခြေထောက်ကို ပြန်ကိုက်နေသော ပုံသဏ္ဍာန်မျိုး ဖြစ်နေသည်။

“သူက ဘာလို့ ကိုယ့်ခြေထောက် ကိုယ်ဖြုတ်ပစ်နေရတာလဲ…”

မုန့်ချီက ရှောင်ကွင်းသွားရန်အတွက် လေထဲသို့ ခပ်မြင့်မြင့် ပျံသန်းသွားလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏စိတ်ဝိညာဉ်ကို ဖြန့်ကျက်လိုက်ပြီး အလွန်တည်ငြိမ်သော အရာတစ်ခုကို စစ်ဆေးကြည့်ရန် ကြိုးစားနေ၏။

ထိုအချိန်တွင် အလောင်းက ရုတ်တရက် လေထဲသို့ ခုန်လိုက်ပြီး ပုတ်ပွနေသော ဘယ်ခြေထောက်နှင့် မုန့်ချီကို အဝေးမှ လှမ်းပစ်လိုက်သည်။ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ပြီနောက်း ထိုအလောင်းက တခဏအတွင်း ကြီးမားလာခဲ့၏။ ထိုအရာက မုန့်ချီကို မထိရသေးသော်လည်း သူ့အရေပြားက ပုတ်ပွလာသလို စတင်ခံစားလာရသည်။

မုန့်ချီ၏ အရေပြားဆီမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာနေသည်။ သူက ရောက်လာသော ခြေထောက်ကို ညာလက်တွင် ကိုင်ထားသော ကောင်းကင်ပြစ်ဒဏ်ဓားနှင့် လှပစွာ ဖယ်ရှားလိုက်သည်။

ထိုအချိန် မြင်ကွင်းတစ်ခုလုံးက ပြောင်းလဲသွားခဲ့ပြီး အဖြူရောင်တိမ်တိုက်များအဖြစ် ပြောင်းလဲသွားသလို ဖြစ်သွားခဲ့သည်။ ထိုအရာကတော့ ပုံရိပ်ယောင်သန့်စင် ဓါးမောက်သိုင်းပညာ၏ သိုင်းကွက်တစ်ခုဖြစ်သည်။

“ဖျောက်…..ဖျောက်…..ဖျောက်”

ဓားမောက်အလင်းတန်းများက အဖြူရောင်တိမ်တိုက်များကို ဖြတ်သန်းသွားသည့်အတွက် တစ်စစီဖြစ်သွားခဲ့သည်။

ထိုအလောင်းက ခေါင်းမှ ခြေထောက်ထိအောင် အပိုင်းပိုင်းအစစ ဖြစ်သွားသော အသံများကိုသာ ဆက်လက်ကြားနေရသည်။ အရိုးများက အက်ကွဲသွားခဲ့ပြီး သိပ်မကြာခင် သွေးသားအပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းတွင် တဖျတ်ဖျတ် မြည်သံများကို ကြားလာရပြီး မလှမ်းမကမ်း၌ ရှိနေသော အလောင်းများက ဒယိမ်းဒယိုင်နှင့် ထလာခဲ့၏။

သူတို့ဆီတွင် လက်၊ ကိုယ်တွင်းကလီစာနှင့် ဦးခေါင်းပင် မရှိတော့ချေ။ အချုပ်အားဖြင့် ပြောရလျှင် သူတို့၏ခန္ဓာကိုယ်များက ပြည့်စုံမှုမရှိကြချေ။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏သွေးကြောမှတ်များ အားလုံးကို ဖွင့်လှစ်လိုက်သည်။ ထိုအချိန်တွင် နေမင်းကြီးကဲ့သို့ အဆုံးမဲ့အလင်းရောင်များ တောက်ပလာပြီး အဝေးထိအောင် ပျံ့နှံ့သွားခဲ့၏။

ဓားရှည်က နေလုံး၏ အလင်းရောင်များကို စုစည်းလိုက်သလို ထင်ရပြီး အလင်းတန်းများက ရေလှိုင်းများသဖွယ် ပျံ့နှံ့သွားခဲ့သည်။ ခြစ်ခြစ်တောက် ပူလောင်နေသော အပူရှိန်များနှင့် နယ်မြေကြီးတစ်ခုလုံး လင်းထိန်သွားခဲ့၏။ ထိုအရာ အားလုံးက အမှောင်ထုကြီးကို ဖယ်ရှားပစ်လိုက်သည်။

နေအလင်းရောင်၏ ဝါးမြိုခြင်းကို ခံလိုက်ရသော အလောင်းများက လျင်မြန်စွာ အငွေ့ပျံသွားပြီး မည်သည့်အရာမျှ မရှိတော့ချေ။ ကျန်ရှိနေသည်မှာ ကောင်းကင်ကြီးကို ဖြတ်သန်းသွားသော အနီရောင်အလင်းတန်းကြီးနှင့် ထိုနယ်မြေ တစ်ခုလုံးတွင် ပြည့်နှက်နေ‌သော အနက်ရောင်အငွေ့များသာ ဖြစ်သည်။

……………

ကျောက်တုံးနံရံပေါ်တွင် “ကရုဏာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ” ဟူသော စကားလုံးကို ရေးထားသည်။ သူတို့ကတော့ ဓမ္မအနှစ်သာရများကို စဉ်းစားနေပြီး ထိုစကားလုံးများ၏ သန့်စင်မှုကို ခံစားမိနေကြ၏။

"အဲဒီစကားလုံးတွေကို ဘယ်သူရေးခဲ့လဲဆိုတာသိလား…"

ဝမ်စစ်ယွမ်က သူ့ဘေးတွင် ရှိနေသောလူကို မေးလိုက်သည်။

သူက ရှောင်လင်ကျောင်းတော်၏ လျှို့ဝှက်နယ်မြေထဲတွင် ရောက်ရှိနေသည့်အတွက် စိုးရိမ်ထိတ်လန့်နေရမည့်အစား အတော်လေး စိတ်အေးလက်အေး ရှိနေပုံရသည်။

သူ့ဘေးတွင်တော့ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက် ရှိနေပြီး သူ့အသံက မရင့်ကျက်သေးသော်လည်း အလွန်တိုးသည်။ လမ်းဆုံတွင် စောင့်နေသော ဘုန်းတော်ကြီးက သူ့စကားသံ ကြားသွားမှာကို သူလည်း ကြောက်လန့်နေပုံရ၏။

“ကျွန်တော် မသိဘူး…”

ဝမ်စစ်ယွမ်နှင့် အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်တို့အပြင် နောက်ထပ်လူနှစ်ယောက်လည်း ရှိနေသေးသည်။ တစ်ယောက်ကတော့ ဆံပင်ဖြူနှင့် မျက်နှာပေါ်တွင် အရေးအကြောင်းများ ရှိနေခဲ့ပြီး နှာခေါင်းချွန်ချွန် ဖြစ်သည်။ သူ၏အငွေ့အသက်များက နှစ်ပေါင်းများစွာ စုစည်းထားသလိုဖြစ်နေသည်။ သူ့မျက်လုံးများက မှိတ်နေပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဝမ်စစ်ယွမ်ကပင် စိတ်အေးနေနိုင်ပုံ မရချေ။

တခြားတစ်ယောက်ကတော့ အနက်ရောင်ဆံပင်များ ရှိနေပြီး ကျောရိုးတန်းတန်းနှင့် အင်္ကျီလက်ပွကို ဝတ်ဆင်ထားသည်။ သူ့ပုံစံက အလယ်ခေတ်မှ ပညာရှင်တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ မျက်နှာက ထောင့်ကျပြီး ရင့်ကျက်တည်ငြိမ်သည့်အပြင် ကြွက်သားများ သန်စွမ်းကြံ့ခိုင်ခြင်းကလွဲလျှင် သူ့ပုံစံက ဝမ်စစ်ယွမ်နှင့် အနည်းငယ် တူညီနေခဲ့သည်။

ထိုအနက်ဝတ်လူ၏ အဖြေကို ကြားသည့်အခါ ဝမ်စစ်ယွမ်က ရယ်လိုက်၏။

“ဒါက ရှောင်လင်ကျောင်းတော်ရဲ့ တောင်အနောက်ဘက်မှာရှိတဲ့ လျှို့ဝှက်လမ်းကြောင်းပဲ၊ ဒီစကားလုံးတွေကတော့ ဗောဓိတဗ္ပရဲ့ သနားညှာတာမှုကို ဆိုလိုနေတာ ။ ပြီးတော့ နှစ်ထောင်ပေါင်းများစွာ ကြာတာကိုတောင် သူတို့က အင်မော်တယ်အဖြစ် ရှိနေသေးတယ်ဆိုမှတော့ သူတို့ကို ရှောင်လင်ကျောင်းတော်ရဲ့တည်ထောင်သူ ဘုန်းတော်ကြီးဓမ္မက ရေးသားထားခဲ့တာ သေချာတယ်လေ…”

“ဘုန်းတော်ကြီးဓမ္မလား…”

အနက်ဝတ်လူက အံ့ဩသွားခဲ့သည်။ ထိုစကားလုံးကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာခန့်တွင် သေဆုံးသွားခဲ့သော ဒဏ္ဍာရီပညာရှင်တစ်ယောက်က ရေးသားထားလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ၊ သူ့အသံက ယောကျ်ားဆန်သော်လည်း အနည်းငယ်လေးလံနေခဲ့သည်။

ဝမ်စစ်ယွမ်က ညာဘက်လက်ကို ထုတ်လိုက်သည်။ သူက နံရံပေါ်တွင်ရှိနေသော စကားလုံးများကို ညှင်သာစွာ ပုတ်ပြီး ပြောလိုက်၏။

“ဘုန်းတော်ကြီးဓမ္မက ကစ္စပဓမ္မကာရအဆင့်ကို ရောက်ရှိခဲ့ပြီး ဗုဒ္ဓဖြစ်ဖို့ မျှော်လင့်ခဲ့တယ်၊ သူက မအောင်မြင်ခဲ့ပေမဲ့ အသက်ရှင်နေစဉ် ဗောဓိတပ္ပနယ်မြေကို ရောက်ရှိခဲ့တယ်။ သူက နတ်ဆိုးဗုဒ္ဓပြဿနာရှာနေတဲ့အချိန်မှာ အစွမ်းထက်ဆုံး လူတွေထဲက တစ်ယောက်ပဲ၊ တကယ်လို့ သူချန်ထားတဲ့ စကားလုံးတွေက အချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားမယ်ဆိုရင်တောင် ခိုင်မာမြဲမြံနေပြီး ဒီတံခါးကို နှစ်ထောင်ပေါင်းများစွာ ပိတ်လှောင်ထားနိုင်သေးတယ်၊ ထူးခြားတဲ့နည်းလမ်းကိုသာ မသုံးဘူးဆိုရင် ဓမ္မကာရပညာရှင်တွေကတောင် အဲဒါကိုဖွင့်နိုင်မှာ မဟုတ်ဘူး…”

ကျောက်တုံးပေါ်တွင် ရှိနေသော စကားလုံးများက ဓမ္မအနှစ်သာရနှင့်ပြည့်နှက်နေပြီး ရောင်စုံအလင်းတန်းများ တလက်လက် တောက်ပနေသည်။ ထိုအရာက ဝမ်စစ်ယွမ် ပြောလိုက်သောစကားကို ထောက်ခံနေသလို ထင်ရ၏။

အကယ်၍ ဤနေရာ၌ မုန့်ချီသာ ရှိနေမည်ဆိုလျှင် အတော်လေး အံ့ဩသွားမိပါလိမ့်မည်။ ဤနေရာတွင် သူ မြင်ရနိုင်သော စကားလုံးများက တူညီနေသော်လည်း အချိန်ကာလ၏ တိုက်စားမှုကြောင့် အစွမ်းမရှိတော့သလို ဖြစ်သွားနေသည်။

အနက်ရောင်ဝတ်ရုံနှင့် လူက စိတ်ဝင်တစား ပြောလိုက်သည်။

“ဒီတံခါးရဲ့နောက်မှာ ဘယ်လိုအရာတွေရှိနေတာလဲ…”

ဝမ်စစ်ယွမ်က မည်သည့်စကားမျှမပြောပဲ အပြုံးနှင့် ပြန်လှည့်လာခဲ့သည်။ သူက အနီးအနားတွင် ရှိသော နေရာကို လှမ်းကြည့်လိုက်ပြီး ထိုနေရာတွင်ရှိနေသည့် စကားလုံးများကို ကျယ်လောင်စွာ ဖတ်ပြလိုက်၏။

“လူတစ်ယောက်က ကမ္ဘာကြီးထဲကို ဝင်မလာဘူးဆိုရင် ဒုက္ခပင်လယ်ကြီးကိုလည်း တွေ့ကြုံရမှာ မဟုတ်ဘူး၊ စည်းကမ်းတွေကို မသင်ကြားခဲ့ဘူးဆိုရင် အစစ်အမှန်ဗုဒ္ဓနဲ့ ဓမ္မရဲ့အနှစ်သာရတွေကို ဘယ်လိုများ နားလည်နိုင်မှာလဲ၊ ပုံရိပ်ယောင် အဖြစ်အပျက်တွေကို ဘယ်လိုများ ဖြတ်ကျော်နိုင်ပြီး ကိုယ်ပိုင်အကောင်းမြင်ဝါဒကို ဘယ်လိုများ လှုံ့ဆော်နိုင်မှာလဲ၊ ဒါဆိုရင် နတ္တိသဘောတရားကနေ တည်ရှိမှုအနှစ်သာရတွေကို ပြသဖို့ ဖြစ်နိုင်ဦးမှာလား…”

“အနတ္တက မတူညီတဲ့လမ်းကြောင်းကို ရှာတွေ့ခဲ့တဲ့အတွက် တကယ့်ကိုနာမည်နဲ့ ထိုက်တန်တယ်၊ သူက အရမ်းထူးခြားတဲ့ ဓမ္မအနှစ်သာရတွေ ပိုင်ဆိုင်ထားတယ်….

သူက တီးတိုးရေရွတ်လိုက်မိ၏။

“ဒါပေမဲ့ ဒီလမ်းက အရမ်းကို ခက်ခဲကြမ်းတမ်းပြီး နည်းနည်းလောက် ရှုပ်ထွေးသွားတာနဲ့ ဆန္ဒတွေရဲ့တိုက်စားမှုကို ခံရနိုင်တယ်၊ ပြီးတော့ အရာအားလုံး ပျက်စီးသွားနိုင်ပြီး သံသရာမှာ ဒုက္ခခံရနိုင်တယ်…”

သူက တစ်စုံတစ်ယောက်ကို ပြန်ဖြေနေသလို ထင်မှတ်ရသော်လည်း အနက်ဝတ်လူကတော့ အဓိပ္ပယ်ကို နားမလည်ခဲ့ပေ။ ထိုအစား သူက စကားလုံးများ၏ဘေးတွင် ရှိနေသော ပုံစံကွက်များကို ကြည့်နေခဲ့၏။

ထိုအရာကတော့ ဘုန်းတော်ကြီးဓမ္မက အပြစ်ပေးဓားမောက်တစ်ချောင်းကို ကိုင်ပြီး မတူညီသော သိုင်းကွက်များကို လှုပ်ရှားနေသလို ထင်ရသည်။ မတူညီသော သိုင်းကွက်များအပေါ် နှလုံးကျင့်စဉ်နှင့် ညွှန်ကြားမှုများက သီးခြားဖြစ်နေပြီး အောက်ဘက်တွင် စကားလုံးတစ်ခုသာ ကျန်နေသည်။

“ရသေ့ကြီးအနတ္တနဲ့ ငါ့ရဲ့လမ်းကြောင်းက ကွဲပြားတယ်၊ ဒါကြောင့် ငါက သူရဲ့ဓားမောက်သိုင်းပညာအနှစ်သာရတွေကို နားမလည်နိုင်ခဲ့ဘူး၊ စိတ်ဝိညာဉ်လွှဲပြောင်းမှုက တစ်ကြိမ်သာ အသုံးပြုရတဲ့ ပစ္စည်းတစ်ခုပဲ၊ ဒါပေမဲ့ အဲဒါမရှိမှ ငါက အရမ်းကို နောင်တရသလို ခံစားလိုက်ရတယ်၊ ဒါကြောင့် ဒီနေရာမှာ သိုင်းကျမ်းတစ်ခု ချန်ထားခဲ့တယ်၊ တကယ်လို့ ရှောင်လင်ကျောင်းတော်ကြီးက မရှိတော့ဘူးဆိုရင် ရေစက်ရှိတဲ့သူက စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရှာတွေ့ပြီး မူလကျောင်းတော်ဆီကို ယူဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်….ဘုန်းတော်ကြီးဓမ္မ..”

“အနတ္တကျိန်စာဖျက်ဓားပညာ…”

အနက်ဝတ်လူ၏ မျက်လုံးများက လောင်ကျွမ်းလာသလို ထင်မှတ်ရသည်။

“သူက ဒီဓားမောက်သိုင်းပညာကို လေ့ကျင့်ထားခဲ့တာလား…”

“မင်းက သူနဲ့မတူဘူး၊ တကယ်လို့ မင်းသာ ဒီဓားမောက်သိုင်းပညာမျိုးကို လေ့ကျင့်လိုက်မယ်ဆိုရင် ချက်ချင်း ရူးသွပ်သွားနိုင်ပြီး သန့်စင်နေနိုင်မှာ မဟုတ်တော့ဘူး…”

ဝမ်စစ်ယွမ်က ချောင်းဟန့်လိုက်သည်။

“ဘုန်းတော်ကြီးဓမ္မက အသက်ရှင်သန်နေတဲ့အချိန်မှာ ဒီနေရာက လျှို့ဝှက်ချက် မဟုတ်ဘူး၊ ဒါပေမဲ့ သူ သန့်စင်နယ်မြေကို ရောက်သွားပြီးတဲ့နောက် ရှောင်လင်ကျောင်းတော်ကြီးတစ်ခုလုံးက ဒီနေရာကိုမေ့လျော့နေတယ် ထင်တယ်..”

အနက်ဝတ်လူက ပြောလိုက်သည်။

“မင်းက ဘာလုပ်ဖို့ စဉ်းစားနေတာလဲ၊ ငါကရော မင်းအတွက် ဘာလုပ်ပေးရမှာလဲ…”

ထိုအချိန်တွင် တစ်ချိန်လုံး မျက်လုံးမှိတ်နေသော အဘိုးအိုက ရှေ့ကိုတက်၍ ဆောင့်ကြောင့်ထိုင်လိုက်ပြီး အပေါက်ငယ်လေးကို လက်နှင့် ပွတ်လိုက်ရာ မမြင်ရသော်လည်း လောင်ကျွမ်းနေသည့် မီးတောက်များကို ခံစားမိခဲ့သည်။

“နှစ်ပေါင်းများစွာ ကြာတာကိုတောင် မကောင်းဆိုးဝါး သူတော်စင်ရဲ့ စွမ်းအားက ဆက်ပြီးတော့ ရှိနေတုန်းပဲ…”

သူ၏မျက်လုံးများက အနည်းငယ်ပွင့်လာပြီး သက်ပြင်းချလိုက်သည်။ ထိုမျက်လုံးတစ်စုံက လူတစ်ယောက်ကို ကြက်သီးမွှေးညှင်းထသွားစေနိုင်သည်။ သူ၏မျက်လုံးထဲတွင် မျက်ဆံမရှိဘဲ အဖြူရောင်သာ ဖြစ်နေ၏။

အနက်ဝတ်လူက ထိုမျက်လုံးတစ်စုံကို ကြောက်လန့်သွားပုံရပြီး နောက်သို့ ပြန်ဆုတ်သွားမိခဲ့၏။

အဘိုးအိုက ပြုံးလိုက်သည်။

“ငါက အတိတ်နဲ့ အနာဂတ်ကိုမြင်နိုင်တယ်၊ ဒါကြောင့် ငါက လက်ရှိကို မမြင်နိုင်ဘူး…”

ထိုစကားလုံးများထဲတွင် အဓိပ္ပာယ်အချို့ပါဝင်နေသည်။ သို့သော် အနက်ဝတ်လူက နားလည်နိုင်ခြင်းမရှိသည့်အတွက် ဝမ်စစ်ယွမ်ကို လှည့်ကြည့်လိုက်၏။

ဝမ်စစ်ယွမ်က လက်သီးကို ဆုပ်လိုက်ပြီး သူ၏အငွေ့အသက်များကို စုစည်းလိုက်သည်။

“မင်းက တခြားအရာတွေကို ဂရုစိုက်နေစရာမလိုဘူး၊ အဲဒီကျင့်စဉ်တွေကိုပဲ သုံးပြီး တံခါးကိုဖွင့်ဖို့ ကြိုးစားလိုက်…”

“ငါလား…”

အနက်ဝတ်လူက ပထမတွင် အံ့ဩသွားခဲ့သော်လည်း ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။

“ဒါပြီးရင်တော့ မင်းက ကတိတည်ဖို့ မျှော်လင့်ပါတယ်…”

သူက ဝတ်ရုံကို ဘေးသို့ပို့လိုက်ရာ သူ၏အစစ်အမှန်ရုပ်ရည်က ပေါ်လာခဲ့သည်။

သူ၏ရုပ်ရည်က သာမန်သာ ဖြစ်သော်လည်း အစွမ်းထက်ပြီး ရိုးသားသည့် ပုံစံမျိုးရှိသည်။ သူကတော့ မုန့်ချီ ခက်ခက်ခဲခဲ ရှာဖွေရန် ကြိုးစားနေသည့် လူငယ်လေး သွမ့်လွေ ဖြစ်သည်။ သူက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို မှားယွင်းစွာ လေ့ကျင့် ခဲ့ပြီးတဲ့နောက် စိတ်နှစ်ခွရောဂါ ဖြစ်လာသော လူငယ်လေးတစ်ယောက်ဖြစ်သည်။

ရလဒ်အနေနှင့် သူက တခါတရံ လူသားတစ်ယောက်ကဲ့သို့ ပြုမူနေပြီး တခါတရံ နတ်ဆိုးတစ်ကောင်လို ပြုမူနေသည်။ ရုတ်တရက်ဆိုသလို သူ၏မျက်လုံးများက နက်မှောင်လာပြီး သူ၏အမူအရာက ပြောင်းလဲသွားသည်။ ထိုလူငယ်လေး၏ အငွေ့အသက်များက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အလွန်အမင်းကို မကောင်းဆိုးဝါးဆန်၍ ထူးဆန်းလှသည်။

တချိန်တည်းတွင် ထူးဆန်းသော အနက်ရောင်အငွေ့များက သူ၏လက်ဖဝါးပေါ်တွင် စတင် လှုပ်ရှားလာခဲ့သည်။ ထို့နောက် သူက လက်ဖဝါးကို ကျောက်တုံးတံခါးပေါ်သို့ တင်လိုက်ရာ အနက်ရောင်အငွေ့များက တိတ်တဆိတ် စိမ့်ဝင်သွားခဲ့သည်။

ထိုအချိန်တွင် လိပ်ခွံလေးက တောက်ပလာပြီး အဖြူရောင်နှင့် အနက်ရောင် အလင်းစက်လေးများက ဆက်တိုက်လည်ပတ်လာ၏။ ထို့နောက် အနက်ရောင်အငွေ့များထဲတွင် ဆဌဂံပုံအကွက်များ စုစည်းပေါ်ပေါက်လာခဲ့သည်။

သို့သော် ‘ကရုဏာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ’ ဟူသော စကားလုံးများက ပြောင်းလဲမှုမရှိခဲ့ပေ။ ထိုအရာများက တလက်လက် တောက်ပနေသေးသော်လည်း တံခါးက ဖြည်းညင်းစွာ ပွင့်သွားခဲ့သည်။

……………

ကောင်းကင်ပေါ်တွင် အနီရောင် နေလုံးကြီးတောက်ပနေပြီး မုန့်ချီကတော့ အနက်ရောင်ကွင်းပြင်ပေါ်ရှိ အလောင်းများ၏လက်ထဲမှ လွတ်မြောက်လာခဲ့သည်။ သူက အနက်ရောင်အငွေ့များဆီကို ချဉ်းကပ်လာခဲ့သည်။

အနက်ရောင်အငွေ့များက ဝိုးတဝါး မြင်နေရသော ဗုဒ္ဓကျောင်းဆောင်ကြီး၊ ကံကြမ္မာရေကန်နှင့် ရွှေ၊ ငွေ၊ ဖန်နှင့် ကျောက်မျက်ရတနာကဲ့သို့ ရတနာ(၇)မျိုးကို လွှမ်းခြုံထားပြီး ဗောဓိပင်နှင့် တောင်ထိပ်ကိုလည်း ဝိုးတဝါးသာ မြင်နေရသည်။ သို့သော် သူတို့အားလုံးက ပျက်စီး၊ ညှိုးခြောက်၊ ပုပ်သိုးနေကြပြီး ရေလှိုင်းများကသာ အနည်းငယ်လှုပ်ရှားနေသည်။

ထိုနေရာတွင်တော့ သွေးနီရောင်ပေါက်နေပြီး အသံတိုးတိုးသာ ကျန်နေခဲ့၏။ ထိုအချိန်တွင် ပတ်ဝန်းကျင်က ကမ္ဘာမြေကြီး၏အနှစ်သာရများနှင့် အနည်းငယ် ကွဲပြားသွားကြောင်း မုန့်ချီက ခံစားလိုက်မိသည်။ သူက အပူအပင်မဲ့တောင်ကြားထဲတွင် ရှိနေသော ငရဲ(၉)ထပ်၏ဗဟိုတွင်လည်း တူညီသောအရာတစ်ခုကို ခံစားမိခဲ့သည်။

ဤနေရာတွင် ကမ္မာမြေကြီး၏ ချီစွမ်းအင်များက တိတ်ဆိတ်ငြိမ်သက်နေပြီး အောက်ဘက်တွင် အရောင်(၇)ရောင် အလင်းတန်းများရှိ၍ အပေါ်ဘက်တွင် အနက်ရောင်အငွေ့များ ရှိနေသည်။

ကမ္ဘာမြေကြီး၏ အနှစ်သာရများက နားလည်ရန် ခက်ခဲလာသည်။ ထို့ပြင် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် အစစ်အမှန်နေမီးတောက်များကလည်း တခါတရံ ဖိနှိပ်ခံထားရပြီး တခါတရံ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ခရမ်းရောင် လျှပ်စီးကြောင်းများနှင့် ရွှေရောင်ကိုယ်ကျင့်တရား စွမ်းအင်များကလည်း အတူတူသာဖြစ်သည်။

တခြားအရာများကတော့ လုံးဝကိုအားနည်းနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူက အနှစ်သာရများနှင့် တစ်သားတည်း ဖြစ်စေရန် တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ သို့သော် ယခုအချိန်တွင်တော့ သက်ရောက်မှုကို လျစ်လျှူရှုနိုင်ရန် မည်သည့်ပုံစံ ပြောင်းလဲရမည် ဖြစ်ကြောင်း မသိနိုင်ခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူက ပြောင်းလဲမှု (၉)သွယ်ကိုပင် လေ့လာ၍မပြီးသေးပေ။

ရွှေရောင်အလင်းတန်းများက အနက်ရောင်အငွေ့များကို ဆန့်ကျင်နေသည့် အချိန်တွင် မုန့်ချီက ပျက်ဆီးနေသော ဗုဒ္ဓကျောင်းဆောင်ကြီးဆီကို သတိထား၍ လျှောက်သွားခဲ့သည်။

ရုတ်တရက် ဆိုသလို ညှိုးခြောက်နေသော ဗောဓိပင်၏အောက်တွင် တဝက်တပျက် တိုက်စားခံထားရသော သလင်းကျောက်တစ်ခု ရှိနေသည်။ ထိုသလင်းကျောက်ထဲတွင် လူတစ်ယောက်၏ပုံစံပေါ်နေပြီး ထိုပုံရိပ်က နှင်းပွင့်လေးပမာဖြူဖွေး၍ အလွန်နူးညံ့လှပသော အပြုံးတစ်ခု ရှိနေ၏။

“ကူရှောင်စန်း…”

မုန့်ချီက အံ့ဩမှင်တက်သွားခဲ့ပြီး သတိထားနေခဲ့သည်။ သို့သော် သူ့အနားတွင် ရန်သူ တစ်ယောက်မျှ မရှိချေ။

ထိုအချိန်တွင် သူ့နားထဲ၌ အက်ရှရှလေသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“သူ့ကို အနိုင်မယူချင်ဘူးလား၊ သူ့ကို သိမ်းပိုက်ပြီး ခန္ဓာကိုယ်ကို မလိုချင်ဘူးလား၊ မင်းကို လှည့်စားနေတဲ့ ရလဒ်ကို ပြန်ပြီးတော့ မပြချင်ဘူးလား…”

“ဘယ်သူလဲ…”

မုန့်ချီက အံဩသွားခဲ့သည်။ သူက ကူရှောင်စန်းကို သတိထားနေသည့်အပြင် ထိုကဲ့သို့ မကောင်းသောအတွေးများ ပေါ်မလာခဲ့ဟု ပြောလျှင် လိမ်ရာကျပါလိမ့်မည်။ သို့သော် ထိုအတွေးများက ပျောက်ကွယ်သွားပြီး သူ့အပေါ် လွှမ်းမိုးနိုင်ခြင်း မရှိချေ။ မုန့်ချီက အတော်လေးကို ထိတ်လန့်သွားခဲ့ပြီး သူ့ရင်ထဲမှ မကောင်းသော အတွေးမှ ပြောပြနေသည့် အချိန်တွင်ပို၍ သတိထားလာခဲ့သည်။

နယ်မြေကို စစ်ဆေးကြည့်လိုက်ပြီးနောက် အနားတွင် မည်သူမျှမရှိကြောင်း မုန့်ချီက သေချာသွားခဲ့သည်။ ထို့နောက် ဗောဓိညောင်ပင်၏သစ်ရွက်တစ်ရွက် ကျလာခဲ့သည့် အတွက် မုန့်ချီက စိတ်ဝင်စားသွားခဲ့၏။ ထိုအရာပေါ်တွင် ကျန်းကျိဝေ၏ မျက်နှာပုံသဏ္ဍာန် ပေါ်လာခဲ့သည်။

ထိုအချိန်တွင် အက်ရှရှလေသံက နောက်တစ်ကြိမ် ပေါ်လာခဲ့၏။

“မင်းက သူ့ကိုမမုန်းဘူးလား..။ ငါက ငါကိုယ်တိုင် မဟုတ်တော့ဘူး၊ ငါက ဘဝတစ်လျှောက်လုံး (၇)လက်မဓားကိုသာ ချစ်မြတ်နိုးတော့မယ်လို့ ပြောခဲ့တာက ဘာကိုဆိုလိုချင်တာလဲ…”

“ငါက မမုန်းပါဘူး…”

မုန့်ချီက တီးတိုးရေရွတ်လိုက်မိသည်။

လူသားများ၏ နှလုံးသားက တခါတရံ မကောင်းသော အတွေးများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ သို့သော် ထိုအရာများက နေရောင်အောက်တွင် ရှိနေသော နှင်းပွင့်များကဲ့သို့ လျင်မြန်စွာ ချက်ချင်းအရည်ပျော်ကျသွားတတ်သည်။ ယခုတော့ ထိုမကောင်းသောအတွေးများက ပေါ်လာနေပြီး လျှို့ဝှက်ချက်များလည်း ပေါ်လာနေသည့်အတွက် မုန့်ချီက ကျန်းကျိဝေနှင့် ရင်ဆိုင်နေရသည့်အချိန်တွင်ပင် တည်ငြိမ်နေရန် ခက်ခဲသလို ခံစားရသည်။

ဗောဓိညောင်ပင်သစ်ရွက်က မြတ်ခင်းပေါ်သို့ ကျဆင်းသွားခဲ့သည့် အချိန်တွင် ရွှေရောင်ကြာပန်းလေးတစ်ဝက်က ဖြည်းညင်းစွာ ပွင့်လန်းလာခဲ့သည်။ အတွင်းထဲတွင်တော့ ရွမ်ယုရှု၊ ချီကျန်းရန် နှင့် ကျိုးဟမ်တို့၏ပုံရိပ်များ ပေါ်လာခဲ့သည်။

“သူတို့တွေက မင်းကို တိုးတက်မှုမရှိအောင် ဆွဲထားတယ်လို့မထင်ဘူးလား၊ မင်းက သူတို့တွေကို ရှင်းပစ်ချင်တဲ့ စိတ်မရှိဘူးလား…”

အက်ရှရှလေသံက နောက်တစ်ကြိမ် ပေါ်လာပြန်သည်။

မုန့်ချီက ပင့်သက်ရှိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

“မရှိဘူး၊ မင်းက ဘယ်သူလဲ…”

“ပြန်လှည့်ကြည့်လိုက်ရင် ငါ ဘယ်သူလဲဆိုတာ သိရလိမ့်မယ်….”

အက်ရှရှလေသံက ပတ်ပတ်လည်မှ ရောက်လာနေခြင်းဖြစ်သည်။

မုန့်ချီက ချက်ချင်းပြန်လှည့်ကြည့်လိုက်ရာ မည်သည့်အရာကိုမျှမတွေ့ရပေ၊ ထိုအစား ရေမျက်နှာပြင်ပေါ်တွင် ပေါ်နေသော သူ့မျက်နှာကိုသာ တွေ့နေရသည်။ သို့သော် ထိုမျက်နှာကတော့ ရူးသွပ်နေပြီး နက်မှောင်နေသော မျက်လုံးများရှိသည့် မျက်နှာတစ်ခုဖြစ်၏။ မုန့်ချီက အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီး ရင်ထဲတွင်လည်း ထိတ်လန့်သွားခဲ့သည်။

“ငါလား…။ ရယ်စရာကောင်းလိုက်တာ ဘယ်လိုဖြစ်ပြီး ငါကိုယ်တိုင် ဖြစ်နေရတာလဲ။ ငါ့ရဲ့ခန္ဓာကိုယ်ထဲကို မကောင်းဆိုးဝါးဝိညာဉ် ကျူးကျော်လာတာလား..”

“ငါက မင်းပဲ မင်းက ငါပဲ၊ ဒီတော့ ငါပြောတဲ့အရာတွေက အမှန်ပဲ…”

အက်ရှရှလေသံက ရယ်လိုက်သည့်အချိန်တွင် သူ့နှုတ်ခမ်းက လှုပ်ရှားသွားကြောင်း မြင်လိုက်ရသည်။

“မင်းက လူကောင်းတစ်ယောက်လို့ ထင်နေသေးတာလား…”

သူက အသံတိုးတိုးနှင့် ရေရွတ်သလို ပြောလိုက်၏။

“လူသားတွေရဲ့ နှလုံးသားက နက်မှောင်တယ်၊ လူသားတွေရဲ့ သဘာဝက မကောင်းဆိုးဝါးဆန်တယ်။ မင်းက ဒီတံခါးထဲကို ဝင်လာတဲ့အတွက် မင်းရဲ့အစစ်အမှန်သဘာဝကို ပြန်မြင်နေရတာပဲ၊ ဒါကြောင့် အမှန်တရားဆိုတာ ပျောက်ကွယ်သွားသလို သနားကြင်နာမှု ဆိုတာလည်း မရှိနိုင်တော့ဘူး…”

Translated by Hein Htet.

All Chapters