အခန်း (၅၅၂)
Vol. 37 Ch. 552
အဖြူရောင်မြူခိုးများက လူတစ်ယောက်၏ အာရုံထဲတွင် ပြည့်နှက်နေစေပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသော လူရိပ်များကိုသာ မြင်နေရသည်။ ရုတ်တရက်ဆိုသလို သွမ့်လွေက မြစ်အရှေ့ပိုင်းကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
လန်းဆန်းတက်ကြွနေသော အငွေ့အသက်များနှင့် လှုပ်ရှားနေသော ရေလှိုင်းများက အလွန်ထူးခြားသော ခံစားချက်တစ်ခုကို ဖန်တီးပေးနေခဲ့သည်။ လူတစ်ယောက်က မြူခိုးထဲတွင် သူ့ဆီကို လျှောက်လာခဲ့၏။
အနီရောင်နှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမက အတော်လေးကို နူးညံ့သိမ်မွေ့လှပါသည်။ သူမဆီတွင် ကျန်းတုံမှ သိမ်မွေ့နူးညံ့သော အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။ သူမက လှေတစ်စီးနှင့် ကြာပန်းများကို ခူးယူရန် အိမ်မှ ထွက်လာသော မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမကတော့ မိန်းမလှလေး တစ်ယောက် ဖြစ်၏။
“အစ်မယွမ်ကျင်း..”
သွမ့်လွေက အလွန်ဝမ်းသာပြီး အံ့သြသွားခဲ့သည်။ ယနေ့ သူက ဖန်းယွမ်ကျင်းနှင့် ရေကန်ထဲတွင် ချိန်းတွေ့နေခဲ့ရသည်။ သို့သော် သူမက အလွန်သိပ်သည်းသော မြူခိုးများကြောင့် ရောက်မလာနိုင်မှာကို စိုးရိမ်နေခဲ့၏။ သူမက ကတိကို မဖျက်ခဲ့သည့်အတွက် သူလည်း စိတ်အေးသွားခဲ့သည်။
သူက ရှေ့ကို တက်ပြီး သူမကို တွေ့လိုက်သည့်အချိန်တွင် လူတစ်ယောက်က သူ့ပုခုံးကို လှမ်းဆွဲလိုက်သည်။ သွမ့်လွေက ဒေါသတကြီး ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် ကြောက်စရာကောင်းသော အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။ ထို့နောက် သူက အလွန်ချောမောခန့်ညားသော ဝမ်စစ်ယွမ်၏မျက်နှာကို မြင်လိုက်ရသည်။
“သူတို့ကိုကြည့်လိုက်…”
သူက ပြောလိုက်သည်။
ထိုအချိန်တွင် သူက မည်သည့်နေရာကို ရောက်နေခဲ့ခြင်းဖြစ်ကြောင်း သွမ့်လွေက နားမလည်နိုင်ခဲ့ပေ။ သူက ပတ်ပတ်လည်ကို သတိထား၍ ကြည့်လိုက်၏။ သူ၏ ပတ်ပတ်လည်တွင် ယောကျ်ားများနှင့် မီးတောက်များ ပြည့်နှက်နေသည်။ တချို့ကတော့ ဘုန်းတော်ကြီးများဖြစ်ပြီး တချို့ကတော့ တာအိုသခင်များ ဖြစ်သည်။ သူတို့အားလုံး၏ မျက်လုံးထဲတွင် မည်းမှောင်နေပြီး သူတို့က နေ့အချိန် အိပ်မက်မက်နေသည့်အလား ပတ်ပတ်လည်တွင် လျှောက်သွားနေကြခြင်း ဖြစ်သည်။
သူတို့၏ အသားအရေက ပုပ်သိုးဆွေးမြေ့ပြီး အရိုးများကိုပင် မြင်တွေ့ရ၏။ သူတို့က ပြာဖြစ်သွားသည့် အချိန်အထိ အမြဲလိုလို လျှောက်လှမ်းနေကြပုံပေါ်သည်။ ထိုကဲ့သို့ ကြောက်စရာကောင်းသော မြင်ကွင်းကြောင့် သွမ့်လွေက ချက်ချင်း သတိဝင်လာခဲ့သည်။
သူက မြစ်အရှေ့ပိုင်းတွင် မဟုတ်တော့ဘဲ မကောင်းဆိုးဝါးမြေကြီးကို နင်းနေရခြင်း ဖြစ်သည်။ မြူခိုးများ လွှမ်းခြုံနေသော ရှေ့ဘက်ကို ဆက်ကြည့်လိုက်ရာ ဖန်းယွမ်းကျင်းကိုတော့ မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။
ဝမ်စစ်ယွမ်၏ ခေါင်းပေါ်တွင် ရှိနေသော လိပ်နက်ခွံလေးက အဖြူရောင် နှင့် အနက်ရောင် အလင်းစက်များ ပေါ်လာပြီး တဖြည်းဖြည်းနှင့် အလွှာတစ်ခုကဲ့သို့ ပြောင်းလဲလာခဲ့၏။ မြင်လည်းမမြင်ရ၊ အရောင်အဆင်းလည်း မရှိသော အလင်းတန်းက ကျရောက်လာပြီး ဝမ်စစ်ယွမ်၊ ဆံဖြူအကြီးအကဲ၊ မျက်လုံးမပါသည့် အကြီးအကဲနှင့် အင်္ကျီပါးပါး ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူကြီးနှင့် သူတို့ကို လွှမ်းခြုံပေးလိုက်သည်။
ယခုတစ်ကြိမ်တော့ သွမ့်လွေက သတိလွတ်သွားခြင်း မရှိပေ။ ထိုအရာက ပုံရိပ်ယောင်တစ်ခုဖြစ်ကြောင်း သူလည်း နားလည်သွားခဲ့သည်။ သူက ရှေ့သို့ လျှောက်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ မြူခိုးများမှ ထွက်လာနိုင်ခဲ့သည်။
ထိုနေရာတွင်တော့ မြူခိုးများ၏အတွင်းထဲတွင် ပုတီးတစ်ကုံး လွင့်မျောနေခဲ့၏။ သူတို့က အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်နှင့် ခရမ်းရောင်များ ဖြစ်ကြပြီး ထိုအရောင်များထဲတွင် မသန့်စင်သော အရာများ လုံးဝ မရှိချေ။
“ဗုဒ္ဓရတနာ...”
သွမ့်လွေ၏ မျက်လုံးထဲတွင် လောဘများ ပြည့်နှက်လာခဲ့သည်။ သွမ့်လွေက မြူခိုးများကို ခံနိုင်ရည် မရှိသည့်အလား ကျယ်လောင်စွာ ချောင်းဆိုးလိုက်မိသည်။
ထိုအချိန်တွင် ဝမ်စစ်ယွမ်က ပြောလိုက်၏။
“ငါတို့က လော်စာအုပ်ကို အသုံးချပြီး ဝင်္ကပါကို လှည့်စားနိုင်ခဲ့တယ်။ ဝင်္ကပါကနေ ဘယ်ကိုမှ လှုပ်ရှားသွားလို့ မရနိုင်ဘူး။ မဟုတ်ရင် ပြောင်းလဲမှုတွေက ငါတို့ကို အန္တရာယ်ပေးနိုင်လိမ့်မယ်။ လွတ်မြောက်ချင်တယ်ဆိုရင် ဒီအခန်းထဲကနေ ထွက်သွားမှပဲ ရမယ်…”
သွမ့်လွေက သက်ပြင်းချလိုက်ပြီး အနည်းငယ် နောင်တရစွာ သူတို့၏နောက်မှ လိုက်လာခဲ့လေသည်။
……………….
တောင်တန်း၏ ပထမအလွှာကို တက်လာပြီးနောက် မုန့်ချီက ခဏနားလိုက်ပြီး ဒုတိယအလွှာသို့ မတက်ခင် လမ်းအလယ်သို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။ ထိုနယ်မြေထဲတွင် အနီရောင်မြူခိုးများ လွှမ်းခြုံနေခဲ့သော်လည်း အများစုက ပျက်စီးနေခဲ့၏။
လေဝင်ပေါက် နေရာများ၏ နောက်ဘက်တွင်သာ ခြေရာလက်ရာ အနည်းငယ် ကျန်နေသည်။ ချင်းယွမ်တာအိုသခင် ဝတ်ရုံနှင့် ကိုက်ညီသော ဖိနပ်များကို စီးထားသည့် မုန့်ချီက ရှေ့ကို တည်ငြိမ်စွာ လျှောက်လာခဲ့သည်။
ထိုအချိန်တွင် သူက ဓားကျောက်ဂူဟုထွင်းထုထားသော ကျောက်တုံးပေါ်ရှိ စကားလုံးများကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက ကံကြမ္မာကွင်းဆက်ကို လေ့ကျင့်နိုင်ပြီ ဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။ သူ့ကမ္ဘာကြီးထဲသို့ ပြန်လာပြီးနောက် သူက လက်ဝါးတစ်ချက်တည်းနှင့် မိုးကြိုးနတ်ဘုရားကို သတ်ပစ်ခဲ့ပြီး အင်မော်တယ်ယွင်ဟယ်နှင့် အင်မော်တယ်အဖွဲ့၏ အကူအညီဖြင့် ဗုဒ္ဓလက်ဝါးပင်မ လမ်းညွှန်ချက်ကို ရရှိခဲ့သည်။
နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး နောက်ဆုံးတွင်တော့ သူက အလယ်ခေတ်ကတည်းက မည်သူမျှ နားမလည်ထားသေးသော ဗုဒ္ဓလက်ဝါးသိုင်းကျမ်းကို နောက်ဆုံးတွင် နားလည်လာခဲ့ရသည်။ လက်ဝါးတစ်ချက်က ကောင်းကင်ကြီးကို လွှမ်းခြုံနိုင်၏။ သူက အရာအားလုံးတွင် အစွမ်းထက်ဆုံး ဖြစ်လာခဲ့သည်။
သူ့ရင်ထဲတွင် ပျော်ရွှင်ခြင်းနှင့် ဝမ်းသာခြင်း ခံစားချက်များ ပြည့်နှက်လာသည့် အချိန်တွင် မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ ထိုအရာက သေမျိုးဖုန်မှုန့် ကျဆင်းခြင်း သိုင်းကွက်ကို ရရှိခဲ့စဉ် အတောအတွင်း ကြုံတွေ့ရသည့် တူညီသော ပုံရိပ်ယောင်တစ်ခုဖြစ်ကြောင်း နားလည်သွားခဲ့၏။
ထိုနေရာတွင် မိန်းကလေးကျိက သူ့ကို ဆွဲဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ကူရှောင်စန်းက သူ့ကို လှည့်စားခဲ့ခြင်းပေလော။ ထိုခန့်မှန်းမှုများ အားလုံးက အစောပိုင်းတွင် ပေါ်လာခဲ့ခြင်း မရှိသည့်အတွက် မုန့်ချီက ပုံရိပ်ယောင်များနှင့် ဝေးကွာနေသလို ခံစားနေရသည်။ ထို့ကြောင့် သူက ပုံရိပ်ယောင်ထဲတွင် နစ်မြုပ်သွားသလို မခံစားရပေ။
ထိုပုံရိပ်ယောင်များက ယခင်တစ်ခေါက် ကြုံတွေ့ခဲ့သောအချိန်ကထက်ပင် အားနည်းနေ၏။ သူက ဝေ့ကျင်းအဆင့်ပုံစံနှင့် ရင်ဆိုင်ရန်ပင် မလိုပေ။ မုန့်ချီက ကိုယ်တိုင်ပင် မသိလိုက်ဘဲ ဒုတိယအလွှာသို့ တက်လှမ်းနိုင်ခဲ့ပြီး ပျက်စီးနေသော ဖန်မီးအိမ်လေးတစ်လုံးကို သတိထားမိခဲ့သည်။
“ဝင်္ကပါမျက်လုံးမှာရှိတဲ့ ပစ္စည်းတစ်ခုက နောက်တစ်ကြိမ် ပျက်စီးနေပြန်တာလား..”
မုန့်ချီက ထိတ်လန့်သွားခဲ့သည်။
သို့သော် အလွန်လျို့ဝှက်ဆန်းကြယ်သော ဤနေရာက နှစ်ပေါင်းများစွာ တည်ရှိနေခြင်း ဖြစ်သည်။ ပျက်စီးနေသောအရာတစ်ခုကပင် သာမန် မဟုတ်နိုင်ပေ။ သူကတော့ ပထမအလွှာတွင် ကြုံတွေ့ရသော အတွေ့အကြုံများကို ပြန်လည်စဉ်းစားပြီး ရပ်တန့်လိုက်သည်။
“ဒုတိယအလွှာက သေမျိုးဖုန်မှုန့်ကျဆင်းခြင်းကို အသုံးပြုနိုင်တယ်။ ဒါဆိုရင် ပထမအလွှာက တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်ကို အသုံးပြုနိုင်တာလား။ ငါ့ရဲ့ အကြီးမားဆုံး စွဲလမ်းမှုကတော့ အနတ္တက ရှေးဟောင်းပညာရှင်များစွာနဲ့ ပတ်သက်နေမှာကိုပဲ။ ဒါက အဆိပ်ကို အဆိပ်နဲ့ တိုက်သလို ဖြစ်နေတယ်..”
သူက ထိုနေရာတွင် တွေးတောနေခြင်းကို ရပ်တန့်လိုက်ပြီး ပဉ္စမအလွှာသို့ သတိလက်လွှတ် လှမ်းကြည့်လိုက်မိသည်။ ထိုနေရာတွင် အမှောင်ထုကြီးသာ ကြီးစိုးနေပြီး မကြာခဏဆိုသလို ကြယ်အလင်းတန်းများကို မြင်နေရသည်။
“ဝင်္ကပါကရော ကံကြမ္မာကွင်းဆက် သက်ရောက်မှုကို ခံရမှာလား။ ဒါက င့ါအတွက် အခွင့်အရေးများ ဖြစ်နိုင်မလား..”
သူက နောက်တစ်ကြိမ် ရှေ့ကို လှမ်းကြည့်လိုက်ပြီး သူ့ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
သူက အလွှာ(၃)လွှာကို အာရုံစိုက်ရမည့်အစား ရည်မှန်းချက်မကြီးရန်လည်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေရ၏။ တတိယအလွှာတွင် အနက်ရောင်အငွေ့များ ပြည့်နှက်နေပြီး စတုတ္ထအလွှာတွင်တော့ အနီရောင် ကြာပန်းပွင့်တစ်ခု ရှိနေသည်။
“ပြင်ပမကောင်းဆိုးဝါးဆွဲဆောင်ရေး ဝင်္ကပါလား။ ကံကြမ္မာစုစည်းခြင်း ဝင်္ကပါလား.” မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။ အကယ်၍ သူကသာ အတွင်းနတ်ဆိုးကို အနိုင်ရခြင်း မရှိဘဲ ဆက်လက်ကြီးထွားလာခွင့် ပေးလိုက်မည်ဆိုလျှင် ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ရှိနေသော အလွှာများက သူ တိုးတက်လာစေရန်အတွက် အာဟာရများ ပေးပါလိမ့်မည်။ ထို့နောက် ဝင်္ကပါမှ ဖန်တီးထားခဲ့သော ပြင်ပမကောင်းဆိုးဝါးက သူကိုယ်တိုင် ဖြစ်လာနိုင်ပြီး သူ၏တိုက်ပွဲက သူ့ကိုယ်သူ ပြန်လည်တိုက်ခိုက်ရမည် ဖြစ်သည့်အတွက် အနိုင်ရရန် ခက်ခဲနိုင်သည်။
သူက အချိန်ကြာကြာ တိုက်ခိုက်လာလေလေ၊ ပို၍ကွဲပြားလာလေလေ ဖြစ်နိုင်ပြီး သေဆုံးသွားနိုင်၏။ ထို့ကြောင့်လည်း တတိယအဆင့်တွင် ရှိနေသော ကံကြမ္မာစုစည်းခြင်းဝင်္ကပါ၏ ရှေ့တွင် ပြင်ပမကောင်းဆိုးဝါးဆွဲဆောင်ခြင်း ဝင်္ကပါ ရှိနေခြင်း ဖြစ်သည်။
သူက ထိန်းချုပ်လိုက်ပြီးနောက် သက်တောင့်သက်သာ ပြင်ဆင်လိုက်သည်။ ထို့နောက် မုန့်ချီက လက်ထဲတွင် ဓားနှစ်ချောင်းကိုကိုင်ပြီး အနက်ရောင်အငွေ့များထဲသို့ ဝင်သွားခဲ့၏။
………………
သွမ့်လွေက အပြာရောင်မီးတောက် တောက်လောင်နေသော မီးအိမ်လေးကို ကြည့်နေခဲ့သည်။ သူ့ရင်ထဲတွင် တောက်လောင်နေသော မီးတောက်များကိုလည်း မနည်းဖိနှိပ်နေရသည်။ ရုတ်တရက် ဆိုသလို လိပ်ခွံစာအုပ်လေး၏ လည်ပတ်မှုက ရပ်တန့်သွားပြီး မမြင်ရသော အလင်းအကာအကွယ်က ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ…”
သွမ့်လွေက မေးလိုက်၏။ မူလသွမ့်လွေနှင့် မကောင်းဆိုးဝါးသွမ့်လွေက မည်သို့ ဖြစ်စေကာမူ သူတို့အားလုံးက ငယ်ရွယ်ပြီး မရင့်ကျက်သေးသော ခံစားမှုများ ရှိနေသေးသည်။ တချိန်လုံး တိတ်ဆိတ်နေသော အကြီးအကဲများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူက ဆန့်ကျင်ဘက် ဖြစ်နေ၏။
ဝမ်စစ်ယွမ်က လက်ညှိုး၊ လက်ခလယ်နှင့် လက်သန်းကြွယ်တို့ကို လှုပ်ရှားတွက်ချက်နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းက ရှေ့မှာရှိနေတဲ့ မကောင်းဆိုးဝါးဝိညာဉ်ကို ရင်ဆိုင်ဖို့အတွက် ဖုံးကွယ်လို့ မရဘူး..”
“မကောင်းဆိုးဝါးဝိညာဉ်လား။ ဒီနေရာမှာ တကယ်ပဲ မကောင်းဆိုးဝါးဝိညာဉ်တွေ ရှိနေတာလား…”
သွမ့်လွေက အလွန် ထိတ်လန့်သွားခဲ့သည်။
ဝမ်စစ်ယွမ်က အပြုံးနှင့် ဆက်ပြောလိုက်၏။
“အလယ်ခေတ်နောက်ပိုင်း အနာဂတ် ဗုဒ္ဓမျိုးစေ့ကို ပထမဆုံး ထိတွေ့ခဲ့ရတာက ဓမ္မဗောဓိတဗ္ပ မျိုးစေ့ပဲ။ ဒါပေမဲ့ သူက အသက်ကြီးလာပြီး သန့်စင်နယ်မြေနဲ့ ပေါင်းစပ်သွားတဲ့အချိန်မှာ အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင် ပေါ်လာခဲ့တယ်။ နောက်ဆုံးမှာတော့ အဲဒီမကောင်းဆိုးဝါးက ဖျက်ဆီးခံလိုက်ရတယ်။ ဒီမကောင်းဆိုးဝါးက ဘယ်နေရာကနေ ရောက်လာတယ်လို့ ထင်လို့လဲ…”
သွမ့်လွေက စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ရှေ့တွင် ရှိနေသော အနက်ရောင် အငွေ့များထဲတွင် အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်မိသည်။
………..
ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင် အငွေ့အသက်များနှင့်အတူ မုန့်ချီက ငရဲကြီး(၉)ထပ်ကို ရောက်နေသလို ခံစားနေရသည်။ သူက ခြေလှမ်း(၇)လှမ်း လျှောက်လာခဲ့သည့် အချိန်တွင် အမှောင်ထဲမှနေ၍ လူတစ်ယောက် ပေါ်လာ၏။ သူ၏လက်ဝါးနှစ်ဖက်က မီးခိုးရောင်ဖြစ်နေ၏။
သူ့ပုံစံက အလွန်တည်ငြိမ်နေပြီး မျက်နှာပေါ်တွင် ခံစားချက်များ မရှိချေ။ ထိုဘုန်းတော်ကြီးက ပျက်စီးသွားခြင်း မရှိဘဲ သူ၏ မျက်နှာအမူအရာက လှုပ်ရှားနေသည်။ သူ့ဆီတွင် နက်မှောင်နေသော မျက်လုံးတစ်စုံ ရှိ၏။
မုန့်ချီကို မြင်သည့်အခါ သူက လက်ဝါးနှင့် ချက်ချင်း တိုက်ခိုက်လိုက်သည်။ ထိုလက်ဖဝါးက နှေးကွေးသော်လည်း တောင်တန်းကြီးများကို တုန်လှုပ်စေနိုင်ပြီး မြစ်ကြီးကို ပြောင်းပြန် စီးဆင်းစေနိုင်သော အစွမ်းများ ပါဝင်နေခဲ့၏။ လေဟာနယ်ကပင် အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး မုန့်ချီကို လွှမ်းခြုံလိုက်သည်။ ထိုအရာကတော့ အလွန်ထူးခြားသော ခွန်အားကို ပြသလိုက်ခြင်း ဖြစ်၏။
“အစွမ်းထက်မိုးကြိုးလက်ဝါး...”
မုန့်ချီက အံ့သြသွားခဲ့သော်လည်း သံသယ ဝင်နေသေးသည်။
ထိုအရာက အစစ်အမှန် အစွမ်းထက် မိုးကြိုးလက်ဝါးဆိုလျှင် ထိုနေရာတွင် ဗုဒ္ဓအနှစ်သာရများ ရှိနိုင်ပြီး ထိုဝေ့ကျင်းအဆင့် ဘုန်းတော်ကြီး၏နောက်တွင် မိုးကြိုးခန္ဓာလည်း ရှိနေသေးသည်။ မုန့်ချီက အလေးမဲ့ မနေရဲပေ။ သူက ပြိုင်ဘက်၏ရှေ့မှ ရှောင်တွက်လိုက်ပြီး သူ့ဓားပေါ်တွင် ခရမ်းရောင် လျှပ်စီးကြောင်းများ စုစည်းနိုင်ခဲ့သည်။
“ဗုန်း...”
မိုးကြိုးများက မြေပြင်ပေါ်ကို တိုက်ခိုက်လိုက်ပြီး လျှပ်စီးကြောင်းများက ကောင်းကင်ပေါ်တွင် လင်းထိန် တောက်ပနေခဲ့သည်။ ထိုအရာက ဓားရှည်၏ စွမ်းအားများကို တုံ့ပြန်လိုက်ပြီး အနက်ရောင်မြူခိုးများထဲကို ခုတ်ချလိုက်သည့်အတွက် အဆုံးမဲ့ဖျက်ဆီးခြင်းများ ဖြစ်စေခဲ့သည်။ မိုးခြိမ်းသံနှင့်အတူ ခရမ်းရောင်လျှပ်စီးဓားက ရွှေရောင်လက်ဖဝါးကို တိုက်ခိုက်လိုက်၏။
“ချွမ်....”
သာမန်မျက်လုံးဖြင့်ပင် တွေ့မြင်နိုင်သော လှိုင်းလုံးများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး သူ၏လမ်းကြောင်းများအားလုံးကို ဖယ်ရှားလိုက်သည်။
မုန့်ချီ၏ ညာဘက်လက်က အနည်းငယ် တုန်ခါသွားခဲ့ပြီး ပြင်ပမကောင်းဆိုးဝါး ဘုန်းတော်ကြီးက နောက်ကို တစ်လှမ်းဆုတ်ခွာသွားခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအခွင့်အရေးကို အခွင့်ကောင်းယူပြီး မုန့်ချီက အညှာတာကင်းမဲ့စွာ တိုက်ခိုက်လိုက်သည်။ မကြာခဏဆိုသလို မြေပြင်ကြီးက မိုးကြိုးများကြောင့် လှုပ်ရှားသွားခဲ့ပြီး နေလုံးကြီးများကလည်း လင်းလက်တောက်ပလာခဲ့၏။
သူတို့၏ တိုက်ခိုက်မှုက အဆုံးမရှိသလို ထင်မှတ်ရပြီး သူတို့ သုံးနေသော တိုက်ခိုက်စွမ်းရည်များ၊ အရှိန်များကလည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မြန်လာနေခဲ့၏။ ပတ်ပတ်လည်တွင်လည်း ကျယ်လောင်သော ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။
နယ်မြေအတောအတွင်း ရှိနေသော ခရမ်းရောင်မိုးကြိုးများက ကောင်းကင်ကြီးတစ်ခုလုံး ပျံ့နှံ့သွားပြီး အစစ်အမှန် နဂါးတစ်ကောင်က ပါးစပ်ဟပြီး တိုက်ခိုက်သကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်ပေါ်တွင် တောက်ပနေသော နေလုံးကြီးက ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ပျံ့နှံ့နေသည်။ သို့သော် ပြင်ပမကောင်းဆိုးဝါး ဘုန်းတော်ကြီး၏ ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေပြီး သူ၏တံခါးပေါက်များအားလုံး ပွင့်နေသည့်အတွက် သူ၏ သိုင်းကွက်တိုင်းက ဆူညံသံများ ဖန်တီးပေးနိုင်သည်။
သို့သော် သူက သိုင်းကွက်တစ်ကွက်ကို ရင်ဆိုင်လိုက်ရပြီးနောက် သူ၏ ပတ်ပတ်လည်တွင် အလင်းတန်းများ၊ ပြောင်းလဲမှုများကို ဖန်တီးနိုင်ခြင်း မရှိတော့ပေ။ တိုက်ပွဲကြာလာသည့်အချိန်တွင် မကောင်းဆိုးဝါးဘုန်းတော်ကြီးက တောင်ထိပ်အစွန်သို့ တွန်းပို့ခံလိုက်ရသည်။
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လေထဲတွင် (၈)ကြိမ်တိတိ တိုက်ခိုက်လိုက်သည်။ ထိုအခါ ခရမ်းရောင် နဂါးတစ်ကောင် ဖြစ်ပေါ်လာပြီး သူ၏ နောက်ဆုံးတိုက်ခိုက်မှုနှင့် ဆက်သွယ်သွားခဲ့၏။
“ကြမ်းတမ်းမိုးကြိုး ဖျက်ဆီးကောင်းကင်…”
“ဂျိမ်းး.....”
ဆူညံသံများထဲတွင် ခရမ်းရောင် လျှပ်စီးကြောင်းများ တောက်ပလာပြီး မကောင်းဆိုးဝါး ဘုန်းတော်ကြီးကို မှင်သက်သွားစေခဲ့သည်။ ထို့နောက် ခရမ်းရောင်လျှပ်စီးကြောင်းများက သူ၏ဒဏ်ရာမှနေ၍ ထက်ပိုင်းပြတ်သွားစေခဲ့သည်။ သူက အနက်ရောင်အငွေ့များအဖြစ် လျင်မြန်စွာ ပျက်စီးသွားခဲ့ပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
……………
အနက်ရောင်အငွေ့များ ပျောက်ကွယ်သွားသည့်အချိန်တွင် ဘုန်းတော်ကြီး၏ ခေါင်းပေါ်၌ လှုပ်ရှားနေသော တိမ်တိုက်များ စုစည်းလာသည်။ သူကတော့ ထိုအနက်ရောင် တိမ်တိုက်ဗဟိုဘက်တွင် ရပ်နေခဲ့၏။
ထိုဘုန်းတော်ကြီး၏မျက်နှာက တောင်ပိုင်း ဖုန်းဆိုးမြေမှ လူတစ်ယောက်၏မျက်နှာမျိုး ဖြစ်ပြီး သူ၏ပုတီးကလည်း အနက်ရောင် ဖြစ်သည်။ သူက မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားကဲ့သို့ချွန်သော ဖိနပ်တစ်စုံကို စီးထားသည်။ သူ၏ မျက်လုံးများက မှိတ်နေပြီး မျက်နှာက အလွန်ကြောက်စရာကောင်း၏။
ဝမ်စစ်ယွမ်၊ ဝမ်တီကျုံးနှင့် ဝမ်ပင်နင်တို့က တိုက်ပွဲအတွက် စိုးရိမ်နေကြသည်ကို မြင်သည့်အခါ သွမ့်လွေက အနက်ရောင်အငွေ့များထဲမှ ထွက်လာသော မကောင်းဆိုးဝါး ဘုန်းတော်ကြီးကို ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။ သူက ထိုဘုန်းတော်ကြီးကို ဂရုတစိုက် ကြည့်လိုက်ရာ ထိုဘုန်းတော်ကြီး၏ ရုပ်ရည်က သူ့မိသားစု မကြာခဏ ကိုးကွယ်နေသော လော်ဟန့်ခန္ဓာနှင့် အတော်လေး တူညီနေကြောင်း တွေ့လိုက်ရသည်။
“ဓမ္မ....”
သူက ဝင်ပြောလိုက်၏။
အလွန်ကြောက်စရာကောင်းသော ဘုန်းတော်ကြီး၏ မျက်နှာကို ကြည့်ပြီး သူ၏လေသံက ပြောင်းလဲသွားသည်။
“မကောင်းဆိုးဝါးဓမ္မ...”
မီးခိုးရောင်ဘုန်းတော်ကြီးက ကြောက်စရာကောင်းစွာ ပြုံးလိုက်ပြီး သူ၏ညာဘက်လက်တွင် ကိုင်ထားသော ပန်းပွင့်ကို ညင်သာစွာ လှုပ်ရှားလိုက်သည်။
………………
ပုံရိပ်ယောင်ကို ဖျက်ဆီးလိုက်ပြီးနောက် မုန့်ချီက ထွက်သွားချင်ခဲ့၏။ အကယ်၍ ပျံသန်းခြင်းကိုသာ တားမြစ်မထားလျှင် သူက ပဉ္စမအလွှာသို့ တိုက်ရိုက် ပျံသန်းသွားပါလိမ့်မည်။
ထိုအချိန်တွင် သူ၏လမ်းကြောင်း၌ ပိတ်ရပ်ထားသူ တစ်ယောက် ပေါ်လာခဲ့သည်။ သူက နောက်ထပ်တစ်ယောက်ကို မြင်လိုက်ရ၏။ ထိုအရာကတော့ အနက်ရောင်ဆံပင်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး သူ့ဆီတွင် ချောမောခန့်ညားသော မျက်နှာတစ်ခု ရှိနေသည်။ သူ၏အင်္ကျီက ရှည်ရှည်ပွပွနှင့် ဖြစ်နေပြီး ခေါင်းတွင် သစ်သားဆံတိုးတစ်ခု ထိုး၍ လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့သည်။ သူ့ပုံစံက သဘာဝဆန်ပြီး အလွန်တည်ငြိမ်နေခဲ့၏။ သူက ဘဝအဓိပ္ပာယ်နှင့် တာအို အနှစ်သာရများကို စဉ်းစားနေသည့်အလား ကောင်းကင်ပေါ်ကို မော့ကြည့်နေခဲ့သည်။
မုန့်ချီက ထိုလူကြောင့် အံ့အားသွားခဲ့ခြင်း မဟုတ်ပေ။ မကောင်းဆိုးဝါး ဝိညာဉ်မျိုးစုံက ဤနေရာတွင် ပေါ်လာသော်လည်း ထိုလူအပေါ် စိတ်ဝင်စားမှုက ခြေထောက်အောက်တွင် ရှိနေသော ဖန်မီးအိမ်လေးသာ ဖြစ်သည်။ သူက အနည်းငယ် စွမ်းအားသုံးလိုက်ရာ ဖန်မီးအိမ်လေးက ပျက်စီးသွားခဲ့သည်။ ထို့သို့ဆိုလျှင် ထိုမီးအိမ်လေးက ဒုတိယ ဝင်္ကပါမျက်လုံး၏ ရတနာတစ်ခု ဖြစ်နိုင်သည်။
“သူက ဒီနေရာကို မရောက်ခင် ပထမအလွှာနှစ်ခုမှာရှိတဲ့ ဝင်္ကပါတွေကို ဖြေရှင်းနိုင်ခဲ့တာလား။ ဒီဝင်္ကပါကြောင့် သူ့ရဲ့ အငွေ့အသက်တွေ ပြန်ရလာပြီး ပြင်ပမကောင်းဆိုးဝါး ဖြစ်လာတာလား။ ဒါပေမဲ့ လူတစ်ယောက် ဝင်လာပြီ ဆိုမှတော့ ဝင်ပေါက် အပြင်ဘက်မှာရှိတဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုက ဘာလို့ ပျောက်မသွားခဲ့ရတာလဲ..”
မုန့်ချီက ဓားလက်ကိုင်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး သူ၏ အတွေးများကို ဖိနှိပ်လိုက်သည်။ သူက ထိုလူကို ပေါ့ပေါ့ပါးပါး သဘောထားနေခြင်း မရှိပေ။
Translated by Hein Htet.