အခန်း (၅၅၅)
Vol. 37 Ch. 555
“အရောင်က မီးတောက်တွေလို အနီရင့်ရောင် ဖြစ်နေတယ်။ တခြားကံကြမ္မာကြိုးတွေနဲ့ လုံးဝကို ကွဲပြားနေတယ်…”
မုန့်ချီက ထိုအရာကိုကြည့်ပြီး မျက်မှောင်ကြုတ်၍ စဉ်းစားနေခဲ့သည်။
အနတ္တ၏ လျို့ဝှက်ကျင့်စဉ်အကြောင်း အတော်လေး သိထားပြီးသော လူတစ်ယောက် ဖြစ်သည့်အတွက် သူ့ခေါင်းထဲတွင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာခဲ့သည်။
“ဒီကံကြမ္မာကြိုးထဲမှာ အနတ္တနဲ့ မကောင်းဆိုးဝါးသူတော်စင်ရဲ့ တိုက်ပွဲအကြောင်း ပါနေတာများလား…”
ရှေးဟောင်းအင်ပါယာ (၅)ယောက်ထဲမှ တစ်ယောက်ဖြစ်သော မီးတောက်အင်ပါယာ ဖန်းကျိနှင့် ကမ္ဘာကြီးကို ဖျက်ဆီးခဲ့သော မကောင်းဆိုးဝါးသူတော်စင်တို့၏ အဆင့်မြင့်စွမ်းရည်အရ ပြောရမည်ဆိုလျှင် ထိုကဲ့သို့ လျို့ဝှက်ဆန်းကြယ်သော ကံကြမ္မာကြိုးကို ချန်ထားခဲ့နိုင်သော အရည်အချင်း ရှိနိုင်သည်ထက် ပိုနေခဲ့သည်။
“ငါက မကောင်းဆိုးဝါးသူတော်စင်ရဲ့ကံကြမ္မာကို လက်ခံပြီးမှပဲ ဒီဝင်္ကပါဗဟိုမှာရှိတဲ့ ပစ္စည်းကို ရနိုင်မှာလား…”
မုန့်ချီက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့၏။
သို့သော် သူက သေချာ စစ်ဆေးကြည့်နေပြီးနောက် တည်ငြိမ်သွားခဲ့သည်။ သူက အကူအညီမဲ့နေသော လူတစ်ယောက် မဟုတ်ကြောင်း နားလည်နေ၏။ အကယ်၍ သူကသာ ဝင်္ကပါဗဟိုသို့ ရောက်လာသည်နှင့် ထိုကဲ့သို့ ကံကြမ္မာကြိုးမျှင်ကို မြင်လိုက်ရမည် ဆိုလျှင် ထိပ်တိုက်ရင်ဆိုင်ရဲလိမ့်မည် မဟုတ်ချေ။
သို့သော် နှိုင်းယှဉ်စရာမရှိသော အခြေအနေမျိုးတွင်တော့ သူက ထိုကံကြမ္မာများ၏ အန္တရာယ်ကို စစ်ဆေးကြည့်လိုက်ပြီး အန္တရာယ်အဆင့်ကို သိနိုင်သည်။ သူက မကောင်းဆိုးဝါးသခင် ဟန်ကွမ်းနှင့် ကျောင်းထိုင်ကုံဝမ်တို့ တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို မြင်တွေ့ခဲ့ရသလို အနတ္တက တွက်ချက်ရေး သူတော်စင်ကို သတ်ပစ်လိုက်သည့် မြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ရသည်။ ယခုတော့ မုန့်ချီက ထိုအရာများကို ခန့်မှန်းတွက်ချက်နိုင်ပြီ ဖြစ်သည်။
“ဒါက တွက်ချက်ရေး သူတော်စင်ကို အနတ္တ သတ်ပစ်လိုက်တဲ့ ကံကြမ္မာကြိုးထက် ပိုပြီးတော့ စွန့်စားရတယ်။ ဒါက မကောင်းဆိုးဝါးသူတော်စင်ကို ကျောင်းထိုင် ကုံဝမ် သတ်ပစ်လိုက်တဲ့ ကံကြမ္မာထက် နည်နည်းလေးပိုပြီး အန္တရာယ်များတယ်။ တခြားအရာတွေလောက်တော့ ကြောက်စရာမကောင်းဘူး။ ဒါက ငါ ခံနိုင်တဲ့ အခြေအနေအတွင်း ရှိမရှိ စဉ်းစားဖို့ လိုနေသေးတယ်…”
မုန့်ချီက တွက်ချက်ကြည့်နေပြီး အလေးမဲ့ ဆက်သွားရဲခြင်း မရှိချေ။
အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးသူတော်စင် ချန်ထားခဲ့သည့် ကံကြမ္မာကြိုးက ဘာကြောင့် အန္တရာယ်ကင်းနေကြောင်း မသိသော်လည်း သူ၏ ယခင်အတွေ့အကြုံများကြောင့် သူ၏ ဆုံးဖြတ်ချက်အပေါ် ယုံကြည်ချက်ရှိသည်။
မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ၏စိတ်ထဲတွင် ရှိနေသော ကြောက်လန့်မှု၊ စိုးရိမ်ထိတ်လန့်မှုနှင့် မသက်မသာ ခံစားရမှုများကို တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူက နောက်တစ်ကြိမ် အစမှအဆုံးထိအောင် ပြန်လည်သုံးသပ်ကြည့်လိုက်သည်။ အမှားမရှိကြောင်း သေချာသွားပြီးနောက် သူ့ရင်ထဲတွင် ရှိနေသော ခံစားချက်မျိုးစုံကို ဖယ်ရှားလိုက်ပြီး သံသရာကမ္ဘာကြီးထဲမှ အချိန်မရွေး ထွက်လာနိုင်ရန် ပြင်ဆင်ထားခဲ့သည်။
ကောင်းကင်ပြစ်ဒဏ်ဓားကို ကိုင်ထားရင်း သူက အနီရောင် ကံကြမ္မာကြိုးကို ထိလိုက်သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးက အသံမထွက်ဘဲ ပြောင်းလဲသွားခဲ့၏။ အရာအားလုံးက အရည်ပျော်ကျသွားသလို ဖြစ်သွားခဲ့သည်။
ကမ္ဘာမြေကြီး၏ အနှစ်သာရက မီးတောက်လေးတစ်ခုကို ထောက်ပံ့ပေးနေသည်။ အလွန်ကြီးကျယ်ခမ်းနားသော မီးတောက်အလင်းရောင်၏ အတွင်းထဲတွင်တော့ ဘုရင်မဝတ်စုံ ဝတ်ဆင်ထားသော ပိန်ပိန်သွယ်သွယ် မိန်းမပျိုတစ်ယောက် ရှိနေသည်။
သူမ၏ရုပ်ရည်က မုန့်ချီ၏ဘဝတွင် မြင်ဖူးခဲ့သောလူများထက် ပြီးပြည့်စုံမှု အရှိဆုံးဖြစ်ပြီး သူမ၏အလှတရားကို စကားလုံးနှင့် ပြောပြရန်ပင် ခက်ခဲပေသည်။ မည်သို့ဖြစ်စေကာမူ သူမက လူတစ်ယောက်၏ အိပ်မက်ကို သေချာပေါက် ဖြည့်ဆည်းပေးနိုင်မည့် လူတစ်ယောက် ဖြစ်သည်။
ထိုမိန်းမပျိုက မဟာဆန်ပြီး မျက်လုံးများက အေးစက်သည်။ သူမဆီတွင် ကြောက်စရာကောင်းသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့၏။ သူမ၏လက်ထဲတွင်တော့ လှံရှည်တစ်ချောင်း ကိုင်ထားသည်။
“ဒါက မကောင်းဆိုးဝါး သူတော်စင်ရဲ့ ဆွဲဆောင်မှုပဲ…”
သူက နောက်တစ်ကြိမ် အဖြူရောင်ဝတ်စုံ ဝတ်ထားသော ဘုန်းတော်ကြီးအဖြစ် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။ သူ၏ဘယ်ဖက်လက်ထဲတွင် ပုတီးတစ်ကုံးကို ကိုင်ထားပြီး ညာဘက်လက်တွင် အပြစ်ပေးဓားမောက်တစ်ချောင်းကို ကိုင်ထားသည်။
မကောင်းဆိုးဝါးသူတော်စင်က ရှေ့ကိုတစ်လှမ်းတိုးလာပြီး သူမ၏ လှံရှည်နှင့် မုန့်ချီကို ချိန်ထားလိုက်၏။ သူမက အေးစက်စွာ ပြောလိုက်သည်။
“နင်က ဘာလို့ ဓားနဲ့ မတိုက်ခိုက်ရတာလဲ…”
“ငါက အဲဒီအရာအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မပြုနိုင်ဘူး…”
အဖြူရောင်ဝတ်စုံ ဝတ်ထားသော အနတ္တက ဘယ်လက်ကိုမြှောက်ပြီး ပြန်ဖြေလိုက်သည်။
ထိုအရာများကတော့ ကံကြမ္မာကြိုးမျှင်ထဲရှိ ကမ္ဘာကြီးတစ်ခုဖြစ်ပြီး မုန့်ချီ ပြန်ဖြေနေခြင်း မဟုတ်ပေ။ ထိုအချိန်တွင် မုန့်ချီကတော့ အနတ္တ၏ ခံစားချက်ကို သတိထားမိခဲ့ခြင်း မရှိပေ။
မကောင်းဆိုးဝါးသူတော်စင်က ရှေ့ကို နောက်ထပ် တစ်လှမ်းတိုးလာပြီး မုန်းတီးစွာ ပြောလိုက်သည့် စကားကို သူလည်း ကြားလိုက်ရသည်။
“ဒါဆိုရင် နင် နောက်ဆုံးတစ်ကြိမ်တုန်းက ဘယ်လိုတိုက်ခိုက်နိုင်ခဲ့တာလဲ..”
အနတ္တက ပြန်မဖြေခဲ့ပေ။ သူက ကျမ်းစာများကို စတင်ရွတ်ဆိုလိုက်ရာ သူ၏ ပတ်ပတ်လည်တွင် ရွှေရောင်ကြာပန်းများ ပွင့်လန်းလာသည်။ ကောင်းကင်ပန်းပွင့်များ အားလုံးကလည်း ဖန်သလင်းကျောက်များကဲ့သို့ ဖြစ်လာခဲ့၏။
မကောင်းဆိုးဝါးသူတော်စင်က နောက်ထပ် စကားပြောရန် ကြိုးစားခဲ့ခြင်း မရှိပေ။ သူမက လက်ကို လှုပ်ရှားလိုက်ရာ သူမ၏လှံရှည်က ပင်လယ်ထဲမှ ထွက်လာသော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းသွားခဲ့သည်။ ထိုအရာက မုန့်ချီ၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့၏။
အနီရောင်မီးတောက်များက စုစည်းလာပြီး ကမ္ဘာကြီးတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သော ဇာမဏီတစ်ကောင်သဖွယ် ပြောင်းလဲသွားသည်။ အနှစ်သာရများ အားလုံးကလည်း အရည်ပျော်ကျသွားပြီး အရာအားလုံး ချုပ်ငြိမ်းသွားခဲ့သည်။
အနတ္တက ခုခံရန် အတွေးအားလုံးကို လက်လျှော့ထားပုံရပြီး သူ့နဖူးကို ထိုးဖောက်သွားသော လှံရှည်ကို ခွင့်ပြုလိုက်သည်။ မုန့်ချီ၏ ရင်ထဲတွင် နာကျင်မှုများ ပေါ်လာခဲ့၏။ သူ၏ အသွေးအသား တစ်ခုဆီတိုင်းက အရည်ပျော်ကျသွားပြီး ပင်မဝိညာဉ်ကလည်း မီးတောက်များ၏လောင်ကျွမ်းမှုကို ခံရကြောင်း တွေ့လိုက်ရသည်။ ထိုကဲ့သို့ ခံစားမှုမှ ပေါ်လာသော နာကျင်မှုက ဖော်ပြ၍ပင် မရနိုင်ပေ။
အပူချောင်းတစ်ခုက သူ့အရေပြားကို ထိုးဖောက်သွားသလို နာကျင်မှုမျိုးကို ယခု မုန့်ချီက အဆတစ်ရာ အဆတစ်ထောင်ခန့် ပို၍ဆိုးဝါးစွာ ခံစားနေရလေသည်။ ထိုအရာက သူ့ကို သတိလစ် မသွားစေရန် ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့၏။ သူ၏ ကိုယ့်ကိုယ်ကိုယ် မသိစိတ်မှ ကာကွယ်မှုကလည်း သူ၏ကန့်သတ်ချက်ထက် ကျော်လွန်နိုင်ခြင်း မရှိချေ။
အသက်ရှူထုတ်လိုက်သည့်အချိန်တိုင်း မီးတောက်များ ထွက်ပေါ်လာနေခဲ့သည်။ မုန့်ချီက သူ၏အရေပြားနှင့် အသွေးအသားများ ပျော်ကျသွားသည်ကို ကြည့်နေရပြီး အရာအားလုံးက အရည်များအဖြစ် ပြောင်းလဲသွားသည်။ သူ့မြင်ကွင်းများကိုလည်း ချော်ရည်များက လွှမ်းခြုံသွားခဲ့၏။
သူ၏ခန္ဓာကိုယ်အတွင်းပိုင်းက ပျော်ကျသွားခဲ့ပြီး သူနှင့် ဆက်သွယ်ထားသော အနှစ်သာရများ အားလုံးကလည်း အရည်ပျော်ကျသွားသည်။ သို့သော် မီးတောက်များကတော့ အလယ်တွင် ထိန်းချုပ်ထားသော ကမ္ဘာဦး စကြဝဠာကို ဖျက်ဆီးနိုင်ခြင်း မရှိချေ။
အရာအားလုံးက တဖြည်းဖြည်း ဝေဝါးလာပြီး မုန့်ချီကသာ ထိုအရာကို မခံနိုင်တော့လျှင် သူ၏ပင်မဝိညာဉ်ကလည်း သေဆုံးသွားရပါလိမ့်မည်။
ထိုအချိန်တွင် မုန့်ချီက မကောင်းဆိုးဝါးသူတော်စင်၏ အသံကို ကြားလိုက်ရသည်။ သူ့ပုံစံက အတော်လေးကို အံ့သြနေပုံရ၏။
“ဟမ်။ သီးခြားသံသရာနည်းလမ်းလား…”
သူ၏ပင်မဝိညာဉ်က လုံးဝမကျန်တော့သည်အထိ လောင်ကျွမ်းသွားသော လက္ခဏာမျိုး ပေါ်လာပြီး မုန့်ချီက ထိန်းမထားနိုင်တော့သလို ခံစားနေရသည်။ သူက လက်လျှော့ပြီး ပြန်လာရန် စီစဉ်နေသည့်အချိန်တွင် မကောင်းဆိုးဝါးသူတော်စင်က နဖူးထဲမှလှံကို ဆွဲထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။
သူမက အေးစက်စွာ ပြောလိုက်၏။
“နင့်ရဲ့ရင်ထဲမှာ တွေဝေနေဦးမယ်ဆိုရင်တောင် နင်က စွဲလမ်းမှုကိုပဲ ဆုတောင်းရတော့မယ်။ တကယ်လို့ နင်က နည်းလမ်းကို နားလည်နိုင်မယ် ဆိုရင်တောင် သူတို့ရဲ့ အစစ်အမှန် အနှစ်သာရတွေကို ရှာတွေ့ဖို့က ခက်တယ်။ နင်က ပြန်ဝင်စားလာတဲ့အချိန်တိုင်း ငါက နင့်ကို သတ်ပစ်မယ်။ နင့်ရဲ့ အကြွင်းအကျန်တွေ လုံးဝပျောက်ကွယ်သွားတဲ့အချိန်အထိ ငါက သတ်နေဦးမှာပဲ…”
အနီရောင်ပုံရိပ်က အလွန်မာနကြီးပြီး အဝေးသို့ ရောက်သွားသည့်အချိန်တွင် မီးတောက်များက စတင်ပျောက်ကွယ်လာပြီး အေးစက်လာခဲ့သည်။ မုန့်ချီက နောက်ဆုံးအချိန်အထိ ခံနိုင်ရည် ရှိနေခဲ့၏။
မကောင်းဆိုးဝါးသူတော်စင်၏ မီးတောက်အစွမ်းက သူထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍ အားနည်းနေသည်။ ထိုအရာက သူမ၏ သေဆုံးမှုနှင့် နှစ်ပေါင်းများစွာကြာအောင် အချိန်ယန္တရား၏ တိုက်စားမှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့်လည်း ဤကံကြမ္မာကြိုးမျှင်၏ အန္တရာယ်အဆင့်က နိမ့်ကျနေသည်ဟု သတ်မှတ်နိုင်ခြင်း ဖြစ်၏။
သူ့မြင်ကွင်းများက ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ထူးဆန်းသော အနီရောင် ကံကြမ္မာကြိုးလေးက စတင်ပျောက်ကွယ်သွားခဲ့ပြီး ဝင်္ကပါဗဟိုတွင် လူတစ်ယောက် ပေါ်လာခဲ့သည်။ မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး အနည်းငယ် စိုးရိမ်စွာ စောင့်နေခဲ့၏။ သူ့စိတ်ထဲတွင်တော့ မကောင်းဆိုးဝါးသူတော်စင်၏ စကားလုံးများကိုသာ စဉ်းစားနေမိသည်။
“တံဆိပ်တွေလား…”
အနီရောင်အလင်းတန်းကြီးက တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး အတွင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသော လူက ပေါ်လာခဲ့သည်။ မုန့်ချီက လျင်မြန်စွာ လျှောက်သွားလိုက်၏။ ထိုနေရာတွင် မည်သည့်အရာစောင့်နေကြောင်း သူလည်း သေချာ မသိချေ။ သူက ကံကြမ္မာကွင်းဆက်ကို အမှန်တကယ် သင်ယူနိုင်တော့မည်လော။
……………
“ဒါက ကံကြမ္မာကွင်းဆက် ဝင်္ကပါပဲ။ သူ့ရဲ့အန္တရာယ်တွေကိုတော့ အရင်ဝင်္ကပါ(၄)ခုအပေါ် အခြေခံလို့ မရနိုင်ဘူး…”
ဝမ်စစ်ယွမ်က သွမ့်လွေကို သတိပေးရင်း ပြောလိုက်သည်။
“ဒီကြယ်ကြိုးတွေကို တစ်ခုမှ မထိပါနဲ့။ သူတို့တွေက ထိပ်တန်းအင်အားကြီး ပညာရှင်တွေရဲ့ စိတ်ဆန္ဒကို သယ်ဆောင်ထားတယ်။ သူတို့က မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကံကြမ္မာနည်းနည်းလေး ရောက်လာတာနဲ့ မင်းက တစ်ဘဝလုံး ပျက်စီးသွားရလိမ့်မယ်..”
သွမ့်လွေက အမှောင်ထဲတွင် တလက်လက် တောက်ပနေသော ကံကြမ္မာကြိုးမျှင်လေးများကို မျက်လုံးပြူး၍ ကြည့်နေမိ၏။ သူက သတိလက်လွတ် မေးလိုက်မိသည်။
“ဒီကမ္ဘာကြီးထဲမှာ ဘယ်လိုလူတွေက ထိပ်သီးပညာရှင်တွေလို့ သတ်မှတ်နိုင်တာလဲ…”
“ရှေးခေတ်နဲ့ အလယ်ခေတ်မှာ အဲဒီကံကြမ္မာကြိုးမျှင်တွေက အနတ္တရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်။ ဒီကမ္ဘာထဲကို မျိုးရိုးစဉ်ဆက် လူတွေအများကြီး ရောက်လာကြတယ်။ ဒါပေမဲ့ အဲဒီကြိုးတွေအားလုံးက မင်း သယ်ဆောင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး…”
ဝမ်စစ်ယွမ်က ပြောလိုက်၏။
“မျိုးရိုးစဉ်ဆက် ဝင်္ကပါထဲကို ဝင်လာခဲ့တဲ့သူတွေလား…”
အံ့သြနေသော သွမ့်လွေက ပြောလိုက်သည်။ ထိုအရာကတော့ သူမရောက်ဖူးသော လျို့ဝှက်နေရာတစ်ခုဟုပင် တွေးမိခဲ့၏။
ဝမ်စစ်ယွမ်က ချောင်းဟန့်ပြီး ပြောလိုက်သည်။
“နတ်ဆိုးဗုဒ္ဓက ကမ္ဘာကြီးတစ်ခုလုံးကို မဖျက်ဆီးခင် ဒီနေရာက အဆင့်မြင့် ပညာရှင်တွေရဲ့ ကြားထဲမှာ လျို့ဝှက်နေရာတစ်ခု မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ ဘယ်သူကမှ တောင်ထိပ်ပေါ်ကို မရောက်ခဲ့ဘူး။ ငါ့မိသားစု ဘိုးဘေးတစ်ယောက်ကတော့ ဒီနေရာကို လာခဲ့ဖူးတယ်။ နတ်ဆိုးဗုဒ္ဓ ဖန်တီးလိုက်တဲ့ ပြဿနာကြောင့် ဒီနေရာက လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားတယ်။ ဒါပေမဲ့ အမှန်တကယ် ပျောက်ကွယ်သွားခဲ့တာတော့ မဟုတ်ဘူး။ သူ့ရဲ့ အနှစ်သာရတွေက တောင်ထိပ်(၉)ခုပေါ်ကို ရောက်ရှိသွားပြီး ဗုဒ္ဓလက်ဝါးရဲ့ သိုင်းကွက်တစ်ခုကို ရရှိခဲ့တယ်..”
“ရှေးခေတ်နဲ့ အလယ်ခေတ်က ထိပ်သီးအင်အားစုတွေ သေသွားခဲ့တာ နှစ်အရမ်းကြာနေပြီ။ သူတို့က ဘာတတ်နိုင်မှာလဲ…”
ထိုအရာကြောင့် သွမ့်လွေက ရှုပ်ထွေးနေခဲ့သည်။
ဝမ်စစ်ယွမ်က သူ့ကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ထိပ်သီးအင်အားစုတွေက အမှန်တရားနဲ့ ကိုယ်ကျင့်တရားကို ရှာတွေ့ခဲ့တဲ့အချိန်မှာ သူတို့က နည်းလမ်းတွေ၊ အကြောင်းပြချက်တွေကိုလည်း ရှာဖွေခဲ့ကြတယ်။ သူတို့က ကမ္ဘာမြေကြီးတွေရဲ့ ကြားထဲမှာ တံဆိပ်တစ်ခုဆီ ချန်ထားနိုင်ခဲ့ကြတယ်။ တကယ်လို့ သူတို့ သေသွားရင်တောင် သူတို့ချန်ထားခဲ့တဲ့ တံဆိပ်တွေက အချိန်တစ်ခု ကြာမှပဲ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ မင်းကသာ အဲဒီကံကြမ္မာကြိုးရဲ့ သက်ရောက်မှုကို ခံလိုက်ရမယ်ဆိုရင် အဲဒီတံဆိပ်ထဲက စွမ်းအားတွေကိုလည်း သယ်ဆောင်ရလိမ့်မယ်..”
သွမ့်လွေက မျက်လုံးပြူးသွားခဲ့ပြီး ဝမ်စစ်ယွမ်း ရှင်းပြခဲ့သည့် စကားလုံးများထဲမှ အကြောင်းအရာ များစွာကို တွက်ချက်ကြည့်နေခဲ့သည်။
“ဒါဆိုရင် တံဆိပ်က ပိုပြီးတော့ ရှေးကျလေလေ၊ တန်ပြန်အင်အားက ပိုပြီးတော့ အားနည်းလာလေလေပဲလား။ အလယ်ခေတ်က ကံကြမ္မာကြိုးတွေက ရှေးခေတ်က ကံကြမ္မာကြိုးတွေထက် ပိုပြီးတော့ အန္တရာယ်များတာလား..”
“အဲဒီအရာကလည်း အကြွင်းမဲ့ မမှန်နိုင်ဘူး။ တာအိုလမ်းစဉ် ဘိုးဘေး(၉)ယောက်နဲ့ ရှေးဟောင်းအင်ပါယာ(၅)ယောက်ရဲ့ အဆင့်မျိုးကို ရောက်သွားတဲ့ အချိန်ကျရင်တော့ ချန်ထားတဲ့ တံဆိပ်က ထာဝရ ရှိနေနိုင်တယ်။ ကိုယ်တိုင် မစွန့်ပစ်သရွေ့၊ ဒါမှမဟုတ် တစ်ခုခုက အဲဒီအရာကို မသန့်စင်သရွေ့ ပျောက်ကွယ်မသွားနိုင်ဘူး…”
ဝမ်စစ်ယွမ်က အကြမ်းဖျင်း ရှင်းပြလိုက်သည်။ သူက လိပ်ခွံကြီးကို စိုက်ကြည့်လိုက်ပြီး သူတို့ကို ကံကြမ္မာကွင်းဆက် ဝင်္ကပါထဲသို့ ခေါ်ဆောင်သွားခဲ့၏။
……………….
လျို့ဝှက်နယ်မြေတစ်ခုထဲတွင် အနက်ရောင်နှင့် ရွှေရောင် ပေါင်းစပ်ထားသော ဇာမဏီလှံဆီမှ အသံတိုးတိုး ထွက်ပေါ်လာသည်။ ဤကမ္ဘာကြီးထဲတွင် ရှိနေသော ငှက်များကလည်း တပြိုင်နက်တည်း တုံ့ပြန်လိုက်ကြ၏။
“မကောင်းဆိုးဝါးသူတော်စင်ရဲ့လှံက နိုးထလာတော့မယ့် အရိပ်အယောင် ပေါ်နေတယ်…”
အလွန်အံ့သြနေသော အသံတစ်ခု ထွက်လာခဲ့သည်။
…………………
ယခု မုန့်ချီက ဝင်္ကပါ၏ ဗဟိုရှေ့တွင် ရပ်နေခဲ့သည်။ အနီရောင် ကံကြမ္မာကြိုးလေးက အလင်းတန်းလေးတစ်ခုအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားနေသည်ကို သူက စိုက်ကြည့်နေခဲ့၏။ ထိုအလင်းတန်းလေးက တဖြည်းဖြည်း ပွင့်လာနေသည့် တံခါးကြီးတစ်ချပ်ကဲ့သို့ ဖြစ်နေသည်။
သူအခြေအနေက အန္တရာယ် များလာလေလေ မုန့်ချီကတော့ ပို၍ တည်ငြိမ်လာလေလေ ခံစားနေရသည်။ သူက တင်ပျဉ်ခွေထိုင်နေသောလူကို စိုက်ကြည့်နေသည်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေသည့် ခံစားချက်များ၊ မသက်မသာ ခံစားချက်များ အားလုံးက ထူးခြားစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာက မည်သည့်အရာ ဖြစ်မည်နည်း။ မည်သည့်အရာက သူ့ဆီကို ရောက်လာမည်နည်း။
တစ်ခုတည်းသော ပြဿနာကတော့ ထိုအရာကို ရှောင်နေရုံဖြင့် ဖြေရှင်း၍ မရနိုင်ပေ။ ရင်ဆိုင်လိုက်မှသာ အနိုင်ရရန် မျှော်လင့်ချက်တစ်ခု ရှိနိုင်၏။
“ဖျတ်...”
အနီရောင် ကံကြမ္မာကြိုးလေးက လုံးဝကို ပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံးတွင်တော့ ဝင်္ကပါဗဟိုထဲတွင် တင်ပျဉ်ခွေထိုင်နေသော လူက မုန့်ချီ၏ရှေ့တွင် ပေါ်လာခဲ့၏။ ထိုလူက အဖြူရောင်ဘုန်းတော်ကြီးပုံစံ ထွင်းထုထားသော သစ်သား ပန်းပုတစ်ခု ဖြစ်သည်။ ထိုဘုန်းတော်ကြီးဆီတွင် ချောမောခန့်ညားသော ရုပ်ရည်ရှိနေပြီး သူက ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရပုံပေါ်၏။
“ဒါက အနတ္တပဲ…”
မုန့်ချီက အနတ္တ၏ အစစ်အမှန်မျက်နှာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ မြူခိုးများထဲတွင် လွှမ်းခြုံနေသော အနတ္တက နောက်ဆုံးတွင်တော့ ပေါ်လာခဲ့၏။ သို့သော် သူ၏ ရုပ်ရည်ကြောင့် မုန့်ချီက အံ့သြသွားခဲ့ခြင်း မရှိချေ။
ထိုအစား မုန့်ချီ၏ခေါင်းထဲတွင် ရှုပ်ထွေးနေပြီး ခံစားချက်ပေါင်းများစွာက သူ့ဆီကို ရောက်လာခဲ့သည်။ အနတ္တ၏ ရုပ်ရည်များက သူ၏ကိုယ်ပိုင်ရုပ်ရည်နှင့် လုံးဝကို ကွဲပြားသည်။ သို့သော် မုန့်ချီက အနတ္တကို ကြည့်လိုက်မိသည့်အချိန်တွင် သူ့ကိုယ်သူ ပြန်ကြည့်နေရသလို ခံစားနေရသည်။
“သူက ငါလား။ ငါက သူလား…”
မုန့်ချီ၏ အကြီးမားဆုံး အကြောက်တရားနှင့် စိုးရိမ်မှုများက အမှန်တကယ် ဖြစ်လာခဲ့သည်။
ရှေးဟောင်းမကောင်းဆိုးဝါးတစ္ဆေက သူ့ကို အမှန်တကယ် ထိန်းချုပ်နေခြင်းပေလော။ မတူညီသော ကံကြမ္မာများက လူတစ်ယောက်၏ ကံကြမ္မာနှင့် အသက်ကို လွှမ်းမိုးနိုင်သည်။ ထိုအရာများက မုန့်ချီ၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားရန် ကြိုးစားနေသလို ဖြစ်နေခဲ့၏။
ထိုသို့ဆိုရာတွင် အကြောင်းပြချက်တစ်ခုကြောင့် သူတို့က သစ်သားပန်းပု ထွင်းထုမှုကို ရပ်တန့်ထားခဲ့သည်။ ထိုအရာများက မည်သည့်အချိန်တွင် စတင်ဖြစ်ပေါ်နေကြောင်း သူလည်း သေချာ မသိမိခဲ့ပေ။ သို့သော် သစ်သားပန်းပုတွင် ပြောင်းလဲမှုများ ရှိနေခဲ့သည်။
ခန္ဓာကိုယ်၏ ဘယ်ဖက်ခြမ်းမှ အသက်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်လာနေပြီး ထိုအရာများက အလွန်ထူးခြားသော်လည်း ပြောင်းလဲနိုင်စွမ်း မရှိချေ။ တစ်ဖက်တွင်တာ့ ညာဘက်ခြမ်းက ဝေဝါးပြီး မထင်မရှား ဖြစ်နေ၏။ ထိုအရာက ကြယ်ပေါင်းများစွာနှင့် ဖန်တီးထားသလို ဖြစ်နေသည်။ ထိုအရာ၏ မဆုံးနိုင်သော ပြောင်းလဲမှုကို ဖမ်းဆုပ်ကြည့်ရန် ခက်ခဲနိုင်၏။
ထိုအချိန်တွင် မုန့်ချီ၏ ခေါင်းထဲ၌ စကားလုံးတစ်ခု ပေါ်လာခဲ့သည်။
“အတိတ်က မပြောင်းလဲနိုင်ဘူး။ အနာဂတ်ကတော့ အဆုံးမဲ့ ရှိနေတယ်…”
မုန့်ချီ၏ ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ ထိုအချိန်တွင် သူကတော့ ကံကြမ္မာကွင်းဆက်နှင့် ပတ်သက်သော မေးခွးန်ပေါင်းများစွာ၏ အဖြေများကို သိလိုက်ရသလို ခံစားလိုက်ရသည်။ ထိုမတိုင်ခင်ကတော့ သူ့ရန်သူများ သေဆုံးသွားပြီးနောက် သူတို့၏ကံကြမ္မာက ဘာကြောင့် သူ့ဆီကို ရောက်လာကြောင်း သူလည်း လုံးဝ နားမလည်နိုင်ခဲ့ပေ။
သူတို့က မွေးဖွားလာရသည့် အကြောင်းပြချက်ကို ဆုံးရှုံးသွားသလို ထင်မှတ်ရသည်။ ထို့ကြောင့် သူတို့တည်ရှိနေရသည့် ကွင်းဆက်ကို ဆုံးရှုံးလိုက်ရ၏။ သို့သော် ထိုအတွက်ကြောင့် မုန့်ချီက အတိတ်ကို ပြောင်းလဲနိုင်သည်ဟု ဆိုလိုနေခြင်း မဟုတ်ချေ။ အမှန်တရားက မည်သို့ ပျောက်ကွယ်သွားနိုင်မည်နည်း။ ထိုအရာက အမှန်တကယ် မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
သစ်သားပန်းပုထဲရှိ ပြောင်းလဲမှုများကို မြင်လိုက်ရပြီးနောက် သူက ချက်ချင်း နားလည်သွားခဲ့သည်။ အတိတ်ကို ပြောင်းလဲ၍ မရနိုင်သော်လည်း အနာဂတ်တွင်တော့ ဖြစ်နိုင်ချေများစွာ ရှိနေသည်။ အနာဂတ်ကို လွှမ်းမိုးနိုင်သော အချက်အလက် မြောက်မြားစွာ ရှိနေ၏။
အနာဂတ်က သူ့ရှေ့ကို ရောက်မလာမချင်း သူက ထိုအရာကို တိတိကျကျ ဖမ်းဆုပ်မိရန် နည်းလမ်း မရှိချေ။ ကံကြမ္မာကွင်းဆက်ဟူသည်မှာ လူတစ်ယောက်၏ ကံကြမ္မာကို ယာယီယူဆောင်လိုက်ပြီး ကံကြမ္မာမရှိသော ပုံရိပ်ယောင်တစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ရလာဒ်အနေဖြင့် ထိုအရာက အနာဂတ်ကို သက်ရောက်သွားစေနိုင်ပြီး ရလဒ်ကလည်း ထူးခြားနိုင်သည်။ ပြောရမည်ဆိုလျှင် ထိုအရာက ပြည့်စုံစွာ သေဆုံးခြင်းကို ဖြစ်စေနိုင်သည်။ ထိုအရာက ကံကြမ္မာကွင်းဆက်ဖြစ်ပြီး အစစ်အမှန် ကံကြမ္မာကွင်းဆက် ဖြစ်၏။
မုန့်ချီက မျက်နှာပျက်နေပြီး တလက်လက် တောက်ပနေသော ကြိုးလေးများကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လက်သီးကို ဖြေလျှော့လိုက်မိပြီး သူ့ဓားကို ဆုပ်ကိုင်ထားလိုက်၏။ သူက ဓားနှင့် တိုက်ခိုက်ရာကို အခက်အခဲ မရှိတော့ချေ။
နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ လေ့ကျင့်လာခဲ့ပြီးနောက် သူက အစစ်အမှန် ကံကြမ္မာကွင်းဆက်၏ ပထမအပိုင်းကို နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။
ချွင်.....
သူ့ဓားဆီမှ အသံတစ်ခု ထွက်လာခဲ့ပြီး အလွန်ဆန်းပြားသော လမ်းကြောင်းတစ်ခု ဖန်တီး၍ ကံကြမ္မာကို ဖော်ထုတ်လိုက်သည်။ သစ်သားပန်းပုက ရုတ်တရက် အပိုင်းပိုင်းအစစ ပျက်စီးသွားပြီး ကြိုးမျှင်များအားလုံးက ထိန်းချုပ်မရ ဖြစ်သွားခဲ့သည်။ သူတို့က တစ်ခုနှင့်တစ်ခု ရောယှက်လာပြီး အသံမထွက်ဘဲ ပေါက်ကွဲသွားကြ၏။
ပဉ္စမအလွှာက တည်ငြိမ်သွားခဲ့ပြီး တောင်ထိပ်ကြီး ပြန်ပေါ်လာခဲ့သည်။ မုန့်ချီက နေရာတွင် ရပ်နေပြီး သူ့ကိုယ်သူ တစ်ယောက်တည်း ပြောနေမိ၏။ “ဘယ်လိုအရာမျိုးတွေပဲဖြစ်ဖြစ် ငါက ငါပဲ။ တခြားဘယ်သူမှ မဟုတ်ဘူး။ ခင်ဗျားက သေသွားပြီ ဆိုမှတော့ ကိုယ့်လမ်းကိုယ်ပဲ ဆက်လျှောက်ပါ..”
……………
ဝမ်စစ်ယွမ်၊ သွမ့်လွေနှင့် တခြားသူများက ရှေ့ကို ဂရုတစိုက် သွားလာနေသည့် အချိန်တွင် ကံကြမ္မာကြိုးမျှင်များက ထူးထူးခြားခြားကို ပြောင်းလဲသွားခဲ့သည်။ ကံကြမ္မာကြိုးမျှင်များက အတော်လေးကို လှုပ်ရှားလာသည်။ ထို့နောက် သူတို့က အလယ်သို့ ပျံသန်းသွားခဲ့ကြပြီး အလင်းတန်းတစ်ခုအဖြစ် စုစည်းလိုက်၏။ ထိုအလင်းတန်းများက ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး ဝင်္ကပါဗဟိုတွင် ရှိနေသော ပစ္စည်းက ပေါက်ကွဲသွားခဲ့သည်။
အရာအားလုံးက တည်ငြိမ်သွားခဲ့ပြီးနောက် ထိုအရာက သာမန်တောင်ထိပ်တစ်ခု ဖြစ်သွားခဲ့၏။ ဝမ်စစ်ယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး သူက ဘယ်ဖက်လက်ချောင်းလေးများကို လှုပ်ရှားနေခဲ့သည်။ ဤခရီးစဉ်တွင် သူ၏ရည်မှန်းချက်တစ်ဝက်က အလိုလို ကျရှုံးသွားခဲ့ရပြီ ဖြစ်သည်။
………….
မုန့်ချီက ခံစားချက်များကို ဘေးဖယ်လိုက်ပြီး ဆဋ္ဌမအလွှာကို စတင်လေ့လာခဲ့လိုက်၏။ သူက အပေါ်ကို ဆက်တက်သင့်မသင့် စဉ်းစားနေမိသည်။ ယခု သူက ကံကြမ္မာကွင်းဆက်၏ ပထမအပိုင်းကို အောင်အောင်မြင်မြင် နားလည်သွားပြီ ဖြစ်သည့်အတွက် စွန့်စားလိုစိတ် မရှိတော့ပေ။
“ငါက ပြန်ရောက်တဲ့ အချိန်ကျရင် ကောင်းကင်ရွှေကျင့်စဉ်ထဲမှာရှိတဲ့ ကံကြမ္မာတွေရဲ့ အကြောင်းကို အသေးစိတ်လေ့လာဖို့ လိုအပ်တယ်။ ငါက ဓမ္မကာရအဆင့်ကို မရောက်ခင် ကံကြမ္မာမျိုးစေ့နဲ့ ပတ်သက်တဲ့ အရာတွေကို ရနိုင်ရင်တော့ အကောင်းဆုံးပဲ။ အဲဒီအရာတွေကို ပေါင်းစည်းပြီး ငါတစ်ယောက်တည်းပဲ ပိုင်ဆိုင်တဲ့ ကံကြမ္မာဓားသိုင်းပညာတစ်ခုကို ဖန်တီးရမယ်။ ဒါက အနတ္တ ဖန်တီးထားတာနဲ့ လုံးဝကို ကွဲပြားနေလိမ့်မယ်…”
မုန့်ချီက သူ၏ အနာဂတ်ရည်မှန်းချက်ကို တိတ်တဆိတ် စဉ်းစားနေမိသည်။ အကယ်၍ သူကသာ ကံကြမ္မာကွင်းဆက်အပေါ် အလေးထားနေမည် ဆိုလျှင် သူက အနတ္တ၏ ထောင်ခြောက်ထဲသို့ ကျရောက်သွားပါလိမ့်မည်။
ကံကြမ္မာကွင်းဆက် ကျင့်ကြံမှုက ဓမ္မကာရအဆင့် ဖြစ်သည့်အတွက် မုန့်ချီက ထိုအရာကို ချက်ချင်း နားလည်ရန် မစဉ်းစားထားခဲ့ပေ။ ထို့ကြောင့် သူက ထိုအရာကို လေ့လာထားရန် ဆုံးဖြတ်ခဲ့ပြီး သူ ပိုင်ဆိုင်သော ဓားမောက်သိုင်းပညာတစ်ခု ဖန်တီးရန် စဉ်းစားထားသည်။
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် သူကိုယ်တိုင်က အနတ္တဖြစ်နေနိုင်သည်ဟု မုန့်ချီက သံသယ ဝင်နေသေး၏။ သူက လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးခြင်း ကျင့်စဉ်ကို သုံး၍ အတိတ်ကို ပြန်ကြည့်လိုက်သည့်အချိန်တိုင်း အနတ္တ၏ အရိပ်တစ်ခုကိုပင် လုံးဝ မမြင်ဖူးချေ။
ထို့ပြင် သူက အချိန်ခရီးသွားသူတစ်ယောက်ဖြစ်ပြီး သိပ္ပံကမ္ဘာကြီးထဲတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူနှင့် အနတ္တက ဆက်နွှယ်မှု အနည်းငယ်လေးပင် မရှိခဲ့ပေ။
“စုကျိယွမ်က အနတ္တရဲ့ လူဝင်စားများ ဖြစ်နိုင်မလား။ သူ့ရဲ့ခန္ဓာကိုယ်ကို ငါက ယူလိုက်လို့များလား…”
မုန့်ချီက တစ်ယောက်တည်း ရှုပ်ထွေးစွာ ရေရွတ်နေမိသည်။
ဆဋ္ဌမအလွှာတွင် ရှိနေသော ဝင်္ကပါကတော့ ပထမအလွှာ(၅)ခုထက် အနည်းငယ် ပိုဆိုးနေသည်။ ထို့ပြင် ဝင်္ကပါဗဟိုကလည်း ပျက်စီးနေခြင်း မရှိသည့်အတွက် အတော်လေးကို အန္တရာယ်များ၏။
သူက ထွက်သွားတော့မည့် အချိန်တွင် ဆဋ္ဌမအလွှာ၏အစွန်တွင် ရှိနေသော အနက်ရောင် အငွေ့များကို မြင်လိုက်ရသည်။ ထိုအနက်ရောင်အငွေ့များက ဝင်္ကပါနှင့် ဆက်သွယ်သွားပြီး လူတစ်ယောက်ကို ချုပ်နှောင်ထား၏။
“ဘယ်သူများပါလိမ့်….”
မုန့်ချီက ထိတ်လန့်သွားခဲ့သည်။ ထိုနေရာတွင် တစ်စုံတစ်ယောက်ကို ချုပ်နှောင်ထားခြင်း ဖြစ်သည်။
“ဒါက အစောပိုင်းမှာ ကျူးကျော်လာခဲ့တဲ့ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းများလား…”
…………….
သေမင်းပင်လယ်ကန္တာရကြီးကို စိုက်ကြည့်ပြီး ကုံဝမ်က တီးတိုး သက်ပြင်းချလိုက်မိသည်။ သူက ပြောလိုက်၏။
“ညီလေး ကုံကျန်း၊ တူလေး ဝူကျင်း…
ဗုဒ္ဓအလင်းတန်းနဲ့ ဆက်နွယ်ရေး (၁၂)သွယ်က ဆက်စပ်နေမယ် ထင်တယ်။ မင်းတို့က လူခွဲပြီး ဒီကိစ္စကို အတည်ပြုလိုက်ကြပါ…”
သူက လက်ရေးစာများကို သူတို့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ကုံကျန်းနှင့် ဝူကျင်းတို့က ချက်ချင်း ထွက်သွားခဲ့ကြ၏။
ခြေထောက်အောက်တွင် ရွှေရောင်ကြာပန်းတစ်ခု ရှိနေသော ကုံဝမ်ကလည်း တစ်ဖက်ကို ထွက်သွားခဲ့သည်။ သူက အချိန်အတော်ကြာ ပျံသန်းနေရင်း ရုတ်တရက် ရာသီဥတုက ပြောင်းလဲသွားခဲ့၏။
ကောင်းကင်ကြီးက အနီရောင်ပြောင်းလဲလာပြီး ကြောက်စရာကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းလာခဲ့သည်။ အောက်ဖက်တွင်တော့ မြွေလိမ်မြွေကောက် စီးဆင်းနေသော မြစ်ကြီးတစ်ခု ရှိနေပြီး အလွန်ကြောက်စရာကောင်းသော နေရာပေါင်းများစွာ ရှိနေသည်။
ထိုနေရာက မီးတောက် အကျဉ်းထောင်တစ်ခုဖြစ်ပြီး မကောင်းဆိုးဝါးများ အစာတောင်းနေကြ၏။ သူတို့ကတော့ သားကောင်များ ဖြစ်ကြသည်။ အကယ်၍ လူတစ်ယောက်ကသာ ထိုအဝါရောင်မြစ်ရေတစ်စက်နှင့် ထိတွေ့လိုက်ရမည် ဆိုလျှင်ပင် ချက်ချင်း စွမ်းအင်များကို ဆုံးရှုံးသွားနိုင်သည်။
ကမ္ဘာမြေကြီးနှင့် လူသားများ၏ ကြားထဲတွင် လူတစ်ယောက် ရပ်နေသည်။ ထိုလူက အရိပ်တစ်ခုကဲသို့ ဖြစ်နေပြီး သူကတော့ တောင်တန်းပုံသဏ္ဌာန် ပြောင်းထားသော အဖြူရောင် အရိုးပန်းပွင့်တစ်ခုကဲ့သို့ ဖြစ်နေသည်။
“ကုံဝမ်။ မင်းရဲ့သက်တမ်းက ဒီနေ့ပဲ အဆုံးသတ်ရတော့မယ်…”
အလွန်ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကုံဝမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ “အသက်ပြောင်းလဲခြင်းဂိုဏ်းလား။ လမ်းစဉ်(၃)သွယ် ဝင်္ကပါလား…”
…………….
ဆဋ္ဌမအလွှာတွင် လျို့ဝှက်ဆန်းကြယ်မှုများစွာ ပြည့်နှက်နေသည်။ သူက ထိုအရာကို ဆက်လက် စုံစမ်းရန် လိုအပ်ကြောင်း မုန့်ချီက သိနေခဲ့၏။ ထို့ကြောင့် သူက ဝင်္ကပါဆီသို့ ဖြည်းညင်းစွာ လျှောက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဆရာကြီးရဲ့ နာမည်ကို ပြောပြလို့ ရမလား။ ဆရာကြီးက ဘာလို့ ဒီမှာ အဖမ်းခံထားရတာလဲ…”
ဆဋ္ဌမအလွှာ၏ ဝင်္ကပါထဲတွင် ပိတ်မိနေသောသူက သက်ပြင်းချလိုက်မိသည်။ “အော်မီတော်ဖော်။ ငါက ကုံဝမ်ပါ…”
……………….
အလွန်ကြောက်စရာကောင်းသော အုတ်ဂူထဲတွင် ကလန်ခေါင်းဆောင်နှင့် အဝါရောင်မြူခိုးများ လွှမ်းခြုံနေသော လူတစ်ယောက် လှဲလျောင်းနေသည်။ သူက ရလဒ်ကို စောင့်နေခဲ့၏။
ထိုအချိန်တွင် သူတို့၏ရှေ့၌ ရှိနေသော ခုံပေါ်တွင် စိတ်ဝိညာဉ်မီးအိမ်များက အတန်းလိုက် ရှိနေပြီး အတွင်းထဲတွင် မီးတောက်များ လောင်ကျွမ်းနေသည်။
“ကလန်ခေါင်းဆောင်။ စိတ်အေးအေးထားပါ…”
မြူခိုးထဲတွင် ရှိနေသောသူက တီးတိုး ပြောလိုက်သည်။ သူ့စကား မဆုံးသေးခင် လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး ထိုစိတ်ဝိညာဉ်မီးအိမ် (၃)ခုလုံးက တပြိုင်နက်တည်း ငြိမ်းသွားခဲ့လေ၏။
Translated by Hein Htet.