အခန်း (၅၅၄)
Vol. 37 Ch. 554
အမှောင်ထုကြီးထဲတွင် တလက်လက် တောက်ပနေသော ကြယ်အလင်းတန်းလေးများ ထွက်ပေါ်လာနေပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သော အခြေအနေကြောင့် မည်သူကမျှ အနားကို ကပ်သွားရဲခြင်း မရှိချေ။ သူက ဤနေရာကို ရောက်လာခဲ့ပြီ ဖြစ်သည့်အတွက် လက်ဗလာနှင့် ပြန်လှည့်သွားရန် မစဉ်းစားထားပေ။
ထို့ပြင် သူက ကံကြမ္မာကွင်းဆက်ဝင်္ကပါကို ဖျက်ဆီးခဲ့သော သက်လတ်ပိုင်းအရွယ် မကောင်းဆိုးဝါးလူသားနှင့် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုလည်း ရှိနေသေးသည်။ ထို့ပြင် ထိုလူက ပြည့်စုံသော ကံကြမ္မာကွင်းဆက်ကျင့်စဉ်နှင့် ကံကြမ္မာလျှို့ဝှက်ချက် ကျင့်စဉ်တစ်ခုကို တတ်မြောက်ထားသည်။
သူကတော့ ကောင်းကင်ရွှေကျင့်စဉ်ထဲရှိ ကံကြမ္မာမျိုးစေ့နှင့် ပတ်သက်သော အကြောင်းအရာများ အားလုံးကို စဉ်းစားကြည့်နေခဲ့သည်။ သူ အဓိက လေ့ကျင့်ထားသော အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က အန္တရာယ်များကို ရှောင်တိမ်းရာတွင် အလေးပေးထားသည်။
ဝေ့ကျင်းအဆင့် အတွင်း ရှိနေသော ကံကြမ္မာနည်းလမ်းများနှင့် ပတ်သက်လာလျှင် သူက ပညာရှင်တစ်ယောက်ဟု သေချာပေါက် သတ်မှတ်နိုင်၏။ ထို့ကြောင့် အကယ်၍ ကံကြမ္မာကွင်းဆက်နည်းလမ်းက အကောင်းအတိုင်း ရှိနေဦးမည်ဆိုလျှင်ပင် သူကတော့ ဖြတ်ကျော်ရန် ယုံကြည်ချက် ရှိနေသည်။
အရေးကြီးဆုံး အရာကတော့ သူ့ဆီတွင် အချိန်မရွေး ပြန်သွားနိုင်သော အကြီးမားဆုံး ဝှက်ဖဲကြီးတစ်ခုလည်း ပိုင်ဆိုင်ထားသေး၏။ အကယ်၍ သူကသာ တိုက်ပွဲတစ်ခုထဲတွင် တိုက်ခိုက်နေရခြင်း မဟုတ်လျှင် သူက ဝင်္ကပါထဲ၌ ပိတ်မိနေလျှင်ပင် သံသရာအရှင်သခင်က သူ့ကို ပြန်ခေါ်နိုင်စွမ်း ရှိသည်။
မုန့်ချီက ဘယ်ဘက်လက်ထဲတွင် ဓားရှည်ကိုကိုင်ပြီး ညာဘက်လက်ထဲတွင် ဓားမောက်ကို ပုံမှန်အတိုင်း ကိုင်ထားခဲ့၏။ သူ၏ခြေလှမ်းက နှေးကွေးခြင်း မရှိသလို လျင်မြန်ခြင်းလည်းမရှိဘဲ ပဉ္ဓမအလွှာတွင် ရှိနေသော တောင်တက်လမ်းဆီသို့ ဆက်လျှောက်လာခဲ့သည်။
သူ၏ပတ်ပတ်လည်တွင် အရာအားလုံးက မှေးမှိန်နေပြီး အမှောင်ထုကြီးကိုလည်း မျက်စိတဆုံး မြင်နေရ၏။ မုန့်ချီက အဆုံးမဲ့ စကြဝဠာကြီးတစ်ခု၏အလယ်ကို ကျရောက်သွားသလို ခံစားလိုက်ရသည်။ သူက ကံကြမ္မာကွင်းဆက်၏ နှလုံးကျင့်စဉ်ကို ရွတ်ဆိုလိုက်ပြီး စစ်ခုံထူ၏ ကံကြမ္မာလျှို့ဝှက်နည်းလမ်းကို တိတ်တဆိတ် အသုံးပြုလိုက်သည်။
သူ၏မျက်လုံးများက မည်းမှောင်သွားပြီး ကြည့်လိုက်ရုံနှင့် အောက်ခြေကိုရှာတွေ့ရန် ခက်ခဲနေ၏။ အမှောင်ထုကြီးထဲတွင် အလွန်တောက်ပသော အလင်းတန်းကြီးများက အချင်းချင်း ရောယှက်နေသည်ကိုသာ တွေ့လိုက်ရသည်။
သူ၏ သိစိတ်မြင်ကွင်းထဲတွင် လွင့်မျောနေသော ကံကြမ္မာကြိုးမျှင်လေး တစ်ချောင်းချင်းဆီက သူ့ခေါင်းထဲတွင် ပေါ်လာပြီး ပြောပြ၍ မရနိုင်သော အန္တရာယ် အငွေ့အသက်များကို သယ်ဆောင်ထားကြသည်။ ကြည့်ရသည်မှာတော့ အကယ်၍ သူကသာ ထိုကံကြမ္မာကြိုးများကို သူ့အနားသို့ ကပ်လာခွင့်ပေးလိုက်မည်ဆိုလျှင် အကျိုးဆက်က ပြောပြ၍ပင် မရနိုင်ပေ။
ရုတ်တရက်ဆိုသလို ဝင်္ကပါ၏အတွင်းထဲမှနေ၍ အလွန်ထူးခြားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိခဲ့သည်။ ထိုအရာက ကံကြမ္မာကွင်းဆက်၏ နှလုံးကျင့်စဉ်နှင့် တစ်သားတည်း ဖြစ်သွားခဲ့၏။ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြစရာကောင်းသော ခံစားမှုတစ်ခုကလည်း သူ့ဆီတွင် ပေါ်လာခဲ့၏။
ထိုအရာက သူရှာဖွေနေခဲ့သော အခွင့်အရေးတစ်ခု ဖြစ်သည်။ ဝင်္ကပါဗဟိုကို ဖိနှိပ်ထားသောပစ္စည်းက သူ၏ကံကြမ္မာကွင်းဆက် ကျင့်ကြံမှုကို ပြည့်စုံအောင် လုပ်ပေးနိုင်သော အခွင့်အရေးတစ်ခုရှိကြောင်း မုန့်ချီက သံသယ ဝင်မနေဘဲ ယုံကြည်သွားခဲ့သည်။
သူက လေပူများကို မှုတ်ထုတ်လိုက်ပြီး ပျော်ရွှင်မှု ဝမ်းသာမှုများအားလုံးကို ဖယ်ရှားထားလိုက်သည်။ သူ့ပုံစံက လုံးဝကို တည်ငြိမ်သွားခဲ့၏။
"ဝင်္ကပါဗဟိုရဲ့ရတနာက ရှိနေသေးတယ်။ ကြည့်ရတာ အစောပိုင်းတုန်းက တိုက်ခိုက်ခဲ့တဲ့ သက်လတ်ပိုင်းလူကြီးက ဝင်္ကပါထဲကို ဖြတ်မသွားနိုင်ခဲ့တာ ဒါမှမဟုတ် ဝင်္ကပါက သူဖျက်ဆီးနိုင်တဲ့အစွမ်းထက် ကျော်လွန်နိုင်နေတာဖြစ်နိုင်တယ်.."
မုန့်ချီက တိတ်တဆိတ် စစ်ဆေးကြည့်နေခဲ့သည်။
သူ၏နှလုံးကျင့်စဉ်ကို အသုံးပြုပြီး သူက ပတ်ပတ်လည်တွင် လွင့်မျောနေသော ကံကြမ္မာကြိုးမျှင်လေးများကိုကြည့်၍ ရှေ့ကို ဆက်သွားရန် စီစဉ်နေခဲ့သည်။ သူက လေထဲတွင် ပျံသန်းသွားရမည့်အစား ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူ၏ခြေထောက်အောက်တွင် နဂါးတစ်ကောင် ရှိနေသလို သွားလာနေခြင်း ဖြစ်၏။ ထိုစွမ်းအားက သူ့ကို သယ်ဆောင်သွားခဲ့ပြီး ကံကြမ္မာကြိုးမျှင်များထဲမှ ဖြတ်ကျော်သွားခဲ့၏။ သူကတော့ ဤနေရာကို သူ၏ကိုယ်ပိုင်နေရာတစ်ခုကဲ့သို့ သတ်မှတ်ထားခဲ့သည်။
အစတွင် ကံကြမ္မာကြိုးမျှင်များက ကျိုးတို့ကျဲတဲသာ ရှိနေပြီး တစ်ခုနှင့်တစ်ခု ကွာဟမှုများ ရှိနေသည်။ သူတို့လှုပ်ရှားနေသည့် အရှိန်ကလည်း နှေးကွေး၏။ မုန့်ချီကတော့ အေးအေးချမ်းချမ်း ဖြစ်နေသလို ခံစားနေရပြီး အကယ်၍ သူက ဖြည်းဖြည်းချင်း လမ်းလျှောက်သွားနေသလို ခံစားနေရသည်။
ကံကြမ္မာကြိုးမျှင်များက ပို၍များပြားလာလေလေ သူတို့က ပို၍လျင်မြန်စွာ လှုပ်ရှားလာလေလေဖြစ်ပြီး ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ဥက္ကာခဲကြီးများကဲ့သို့ ဖြစ်နေ၏။ မုန့်ချီ၏ ကံကြမ္မာကွင်းဆက် နှလုံးကျင့်စဉ်ကလည်း ပြည့်ပြည့်ဝဝ အသက်သွင်းထားခဲ့သည်။
သူက သူ၏လျှို့ဝှက်ကျင့်စဉ်ကို အနည်းငယ်လေးပင် ထိန်းချုပ်နေခြင်းမရှိဘဲ ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲ၍ ရှေ့ကိုဆက်၍ သွားနေခဲ့သည်။ သူက ကံကြမ္မာကြိုးမျှင်များ၏ အဟထဲမှာနေ၍ လှုပ်ရှားသွားလာနိုင်သည်။
အကယ်၍ ယခုအချိန် သူ့ကို ဘေးမှ ရပ်ကြည့်နေသူတစ်ယောက်သာ ရှိမည်ဆိုလျှင် တစ္ဆေသရဲတစ်ကောင်ဟု ထင်မှတ်မိပါလိမ့်မည်။ သူက ဝင်္ကပါဗဟိုအနားသို့ နီးကပ်လာသည့်အချိန်တွင် ကံကြမ္မာကြိုးများက အလင်းတန်းများအဖြစ် ပြောင်းလဲပြီး တောက်ပလာခဲ့သည်။
သူတို့က အိပ်မက်ဆန်ပြီး ကြောက်စရာကောင်း၏။ အကယ်၍ သူသာ ဂရုမစိုက်လျှင် ထိုမိုးရေစက်တစ်စက်က သူ့ခန္ဓာကိုယ်ပေါ်သို့ မတော်တဆ ကျရောက်လာနိုင်သည်။ မုန့်ချီက အပေါ်အောက် လှုပ်ရှားနေသည့်အချိန်တွင် အတော်လေးကို သတိထားနေရပြီး လှုပ်ရှားရှောင်တိမ်းနေရ၏။
တစ်ချိန်တည်းလိုလိုပင် သူက အစွမ်းကုန်သုံးပြီး ကံကြမ္မာကြိုးတိုင်းကို စစ်ဆေးကြည့်၍ အန္တရာယ်အဆင့်ကို သတ်မှတ်ကြည့်နေခဲ့သည်။ အဆုံးသတ်တွင်တော့ သူက အန္တရာယ်အနည်းဆုံး အရာတစ်ခုကို အကောင်းဆုံး ရွေးချယ်ရန် ကြိုးစားချင်ခဲ့၏။
အကယ်၍ သူသာ ကြိုးမျှင်များကို ရှောင်တိမ်းနိုင်ခြင်းမရှိလျှင် သူတို့နှင့်ရင်ဆိုင်ရန် ကြိုးစားကြည့်ရမည် ဖြစ်သည်။ ခေါင်းထဲတွင် ထိုအတွေး ပေါ်လာသည့် အချိန်တိုင်း အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။ ထိုအချိန်တွင် သူက ကံကြမ္မာကြိုးကွင်းတစ်ခုကို မြင်လိုက်ရပြီး ဘာကြောင့်မှန်း မသိသော်လည်း ထိုအရာများက သာမန်ပုံစံအတိုင်း လှုပ်ရှားနေခြင်းမရှိပဲ အဝိုင်းထဲမှနေ၍ သွေဖယ်နေခဲ့သည်။
သူတို့က သူ့ရှေ့တွင် ရပ်ပြီး သူ၏လမ်းကြောင်းကို တားဆီးထား၏။ ထိုကံကြမ္မာကြိုးမျှင်များက သူ၏ပတ်ပတ်လည်ကို လွှမ်းခြုံထားခဲ့ပြီး အရှေ့၊ နောက်၊ အထက်၊ အောက် အကုန်လုံးကို ပိတ်ဆို့ထားသည်။ သူတို့က သူ့ဆီကို လွင့်မျောလာနေပြီး သူ့ကို ရှောင်တိမ်းရန် အခွင့်အရေး မပေးတော့ပေ။
အကယ်၍ သူက ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲထားလျှင်ပင် အလွန်ကျဉ်းမြောင်းသောနေရာမှ ဖြတ်ကျော်သွားရန် လုံးဝမဖြစ်နိုင်လုနီးနီး ဖြစ်လာခဲ့၏။
သေခြင်းရှင်ခြင်းကို ရင်ဆိုင်နေရသော အခိုက်အတန့်တွင် မုန့်ချီကတော့ လက်လျှော့ရန်အကြံကို မစဉ်းစားသေးပေ။ သူကတော့ နှလုံးကျင့်စဉ်နှင့် လျှို့ဝှက်ကျင့်စဉ်ကိုသာ အားကိုးနေပြီး သူ၏မျက်နှာဆီသို့ ပျံသန်းလာနေသော ကံကြမ္မာကြိုးမျှင်တစ်ခုချင်းဆီ၏ အန္တရာယ်အဆင့်ကို စစ်ဆေးကြည့်နေခဲ့သည်။
"ဒီကြိုးမျှင်က အန္တရာယ်အနည်းဆုံးပဲ…"
သူက စဉ်းစားနေရန် အချိန်မရှိတော့ဘဲ ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲပြီး သူ၏ဘယ်ဘက်တွင် ရှိနေသော ကံကြမ္မာကြိုးမျှင်ရှိရာကို လှည့်သွားခဲ့သည်။
ထိုကြိုးမျှင်က သူ၏အရေပြားနှင့် ထိသွားခဲ့သည့်အချိန်တွင် သူ့ခေါင်းထဲ၌ ချာချာလည်သွားခဲ့သည်။ သူ့မျက်လုံးထဲတွင် မြင်နေရသော မြင်ကွင်းများကလည်း ပြောင်းလဲသွားခဲ့ပြီး အမှောင်ထုကြီးက ပျောက်ကွယ်သွားခဲ့၏။ အဝေးတွင်တော့ တောင်မြင့်ကြီးတစ်လုံး ပေါ်လာခဲ့သည်။
မုန့်ချီ ကိုယ်တိုင်ကတော့ မကောင်းဆိုးဝါးဆန်သော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ သူက တောင်ထိပ်ပေါ်တွင် တည်ငြိမ်စွာ ရပ်နေပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက လက်နောက်ပစ်၍ ရပ်နေခဲ့၏။
သူ ထွက်သွားတော့မည့်အချိန်တွင် အဝါရောင်နှင့် အနီရောင်သင်္ကန်း ဝတ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါး ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်ခုံးများက အတော်လေးအောက်သို့ ကျဆင်းနေသည့်အတွက် ပါး (၂) ဖက်ကို ဆန့်ကျင်နေသည်။ သူ၏ညာဘက်လက်ထဲတွင် ကွင်း (၉) ကွင်း နဂါးတုတ်ကို ကိုင်ထားပြီး ဘယ်ဘက်လက်တွင်တော့ ရွှေရောင်အလင်းတန်းများ တောက်ပနေသော ဗုဒ္ဓအမွေအနှစ်တစ်ခုကို ကိုင်ထားသည်။
"ကျောင်းထိုင်ကုံဝမ်လား..."
ထိုဘုန်းတော်ကြီး၏ ရုပ်ရည်က မုန့်ချီ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ သူက မုန့်ချီ ပထမဦးဆုံး တွေ့ခဲ့ဖူးသည့် ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်ဖြစ်သော ရှောင်လင်ကျောင်းတော်မှ နဂါးဖမ်းလော်ဟန့် ကုံဝမ် ဖြစ်သည်။
ကုံဝမ်၏မျက်နှာက အလွန်တည်ငြိမ် အေးချမ်းနေ၏။ သူက ဗုဒ္ဓရတနာကို လက်သီးထဲတွင် ဆုပ်လိုက်ပြီး မုန့်ချီကို လှမ်းထိုးလိုက်သည်။ ထိုလက်သီးထဲတွင် ဓမ္မအနှစ်သာရများ ပြည့်နှက်နေပြီး ကိုယ့်ကိုယ်ကိုယ် လုံလောက်သွားသလို ခံစားမှုတစ်ခု ပေးနိုင်သည်။ ထိုအရာက ခန့်မှန်း၍မရနိုင်ပဲ အလွန်ကြောက်စရာကောင်း၏။
နဂါးဖမ်းနတ်ဘုရား လက်သီးသိုင်းက ပန်းခူးလက်ညှိုးသိုင်း (၁၈) ကွက်ထဲမှ တစ်ခုကို ကိုယ်ပိုင်နဂါးပုံသဏ္ဍာန် အသွင်ပြောင်းပြီး ဝေ့ကျင်းအဆင့် အစစ်အမှန် နဂါးတစ်ကောင်နှင့် ပေါင်းစပ်ထားသော ရလဒ်ဖြစ်သည်။ ထိုအရာက နဂါးဖမ်းလော်ဟန့် ရွှေခန္ဓာကိုယ် ပြသနိုင်ပြီး ကစ္စပဓမ္မကာရ ဖြစ်လာစေရန် ကူညီပေးနိုင်သည်။
ရှောင်လင်ကျောင်းတော်၏ (၆) ယောက်မြောက် မျိုးဆက်ဖြစ်သော ယွမ်ကုံက အနာဂတ်မျိုးဆက်များအတွက် ပန်းခူးလက်ညှိုးသိုင်းကို လေ့ကျင့်ရန် ဖြတ်လမ်းအနေနှင့် ထိုကျင့်စဉ်ကို ဖန်တီးထားခဲ့သည်။ ထိုအရာက သင်ယူရန် ခက်ခဲသော်လည်း ပန်းခူလက်ညှိုးသိုင်းကို တိုက်ရိုက်လေ့ကျင့်ရန် ကြိုးစားခြင်းထက် ပို၍ကောင်းမွန်နေသေး၏။
ရွှေရောင်တောက်ပနေသော ဗုဒ္ဓအလင်းတန်းများက လေလှိုင်းများထဲတွင် လှုပ်ရှားလာခဲ့သည်။ ကုံဝမ်က သူ၏နှလုံးသားအောက်ဘက်ကို လက်သီးနှင့် ထိုးလိုက်သလို ထင်မှတ်ရသည်။ မုန့်ချီက ထိုအရာကို ရှောင်တိမ်း၍ မရနိုင်ပေ။ လက်သီးက သူ့ဆီကို ရောက်လာသည်ကိုသာ ကြည့်နေခဲ့ရ၏။
ကောင်းကင်ကြီးက လည်ပတ်သွားပြီး ကမ္ဘာမြေကြီးက ပျောက်ကွယ်သွားသည်။ တီးတိုးရွတ်ဆိုနေသည့် အသံများကလည်း နေရာတိုင်းတွင် ရုတ်တရက် ပေါ်လာခဲ့၏။ မုန့်ချီ၏ ပင်မဝိညာဉ်ကတော့ ပျောက်ကွယ်လုနီးနီးဖြစ်နေပြီး သူ၏သိစိတ်က ဝေဝါးလာခဲ့သည်။ သို့သော် အရေးကြီးပြီး အန္တရာယ်များသော အချိန်တွင် လက်သီးချက်က ပျောက်ကွယ်သွားခဲ့၏။ ထိုအရာက ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။
မုန့်ချီ၏မြင်ကွင်းများ ပြန်ပေါ်လာပြီးနောက် ထိုကံကြမ္မာကြိုးမျှင်က အလိုလို ပျောက်ကွယ်သွားကြောင်း နားလည်သွားခဲ့၏။ သူ၏ဘယ်ဘက်တွင်တော့ ရှေ့ဆက်သွားရန် လမ်းကြောင်းအလွတ်တစ်ခု ရှိနေခဲ့သည်။ သူက ထိုအခွင့်အရေးကို အရယူပြီး ကံကြမ္မာကြိုးမျှင်များ ပြည့်မလာခင် ထိုနေရာမှ ဖောက်ထွက်လိုက်၏။
"ဒီကံကြမ္မာတွေမှာ သီးခြားသက်ရောက်နိုင်တဲ့အစွမ်းတွေ တစ်ခုမှ မရှိဘူး။ ဒါကြောင့်လည်း ငါက ဘာအန္တရာယ်မှ မခံစားမိတာပဲ။ သူတို့အားလုံးက ငါ ခံနိုင်ရည်ရှိတဲ့ သတ်မှတ်ချက်အတွင်းမှာ ရှိနေသေးတယ်။ ဒါပေမဲ့ ဘာကြောင့် သူတို့မှာ အဲဒီလို အစွမ်းမျိုးတွေ မရှိရတာလဲ။ ကျောင်းထိုင်ကုံဝမ်..."
မုန့်ချီက အစောပိုင်းတွင် မြင်လိုက်ရသော မြင်ကွင်းကို ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။ သူ့ရင်ထဲတွင်လည်း အတော်လေး ဝမ်းသာသွားခဲ့ပြီး ရင်ထဲတွင် လှုပ်ရှားနေသော ခံစားချက်များ ပေါ်လာခဲ့၏။
"ဒါဆိုရင် အဲဒီမကောင်းဆိုးဝါးဆန်တဲ့ သက်လတ်ပိုင်းလူကြီးက မကောင်းဆိုးဝါးသခင်ဟန်ကွမ်းများ ဖြစ်နိုင်မလား။ ဒါဆိုရင် ဝင်္ကပါကို ဖျက်ဆီးခဲ့တဲ့သူက မကောင်းဆိုးဝါးသခင်ဟန်ကွမ်းပေါ့…"
မကောင်းဆိုးသခင် ဟန်ကွမ်းနှင့်ပတ်သက်ပြီး မုန့်ချီ ရင်းနှီးနေခဲ့သော ဂုဏ်သတင်းတစ်ခု ရှိသည်။ သူက ယခင်မျိုးဆက်တွင် အလွန်တောက်ပသော ကြယ်(၂) ပွင့်ထဲမှ တစ်ပွင့်ဖြစ်ပြီး တခြားတစ်ယောက်ကတော့ မုန့်ချီ၏မိတ်ဆွေ အစ်ကိုကောင်းနှင့် အတူတူ ဖြစ်သည်။ သူကတော့ နောက်ပိုင်းတွင်မှ ဓမ္မကာရအဆင့်ကို ရောက်ရှိခဲ့သည့်အတွက် ဟန်ကွမ်း၏စွမ်းရည်များက အလွန်ထူးခြားကြောင်း ပြသနိုင်ခဲ့၏။ သူ၏နည်းလမ်းများက ရက်စက်ကြမ်းကြုတ်ပြီး လှုပ်ရှားမှုက ဖမ်းရခက်သော်လည်း ကျောင်းထိုင်ကုံဝမ်ကို ရှုံးနိမ့်သွားခဲ့ရသည်။
ထိုအချိန်ကတည်းကစပြီး သူက ပျောက်ကွယ်နေခဲ့၏။ သူက အသတ်ခံလိုက်ရခြင်းလော အဖမ်းခံထားရခြင်းလော မည်သူကမျှ မသိကြပေ။
"သူက ဒီနေရာမှာရှိတဲ့ တံခါးကို ဝင်လာပြီး ရှောင်လင်ကျောင်းတို့ရဲ့ တောင်အနောက်ဘက်မှာ တစ်ခုခုကို ရခဲ့တာလား။ သူနဲ့ကျောင်းထိုင်ကုံဝမ်ရဲ့ တိုက်ခိုက်မှုက ဒါနဲ့ဆက်စပ်နေတာလား…"
သူကတော့ ဝင်္ကပါဗဟိုနှင့် နီးကပ်လာနေသည်နှင့်အမျှ တဖြည်းဖြည်း ပြင်းထန်လာသော အန္တရာယ်များကို စဉ်းစားမိသည့်အခါ ထိုမေးခွန်းများကို အာရုံစိုက်၍ မရတော့ပေ။
သူက ရှုပ်ထွေးနေသော ခံစားချက်များကို ဖိနှိပ်လိုက်ပြီး နောက်တစ်ကြိမ် အန္တရာယ်ထဲသို့ တိုးဝင်သွားပြန်၏။ သူက ကြယ် (၂) ပွင့်ရှိနေသော ကံကြမ္မာကြိုးကို သတိထား၍ ဖြတ်လာခဲ့သည်။ သိပ်မကြာခင် ဝင်္ကပါဗဟိုတွင် ရှိနေသော ပစ္စည်းကို ဝိုးတဝါး မြင်လာရသည်။ ထိုအရာကတော့ တင်ပြင်ခွေထိုင်နေသော မထင်မရှား လူရိပ်တစ်ခု ဖြစ်ပုံရ၏။ သို့သော် သူ့ဆီမှ သက်ရှိဆန်သော အငွေ့အသက်များ ထွက်လာခြင်း မရှိချေ။
မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ သူ့မျက်စိရှေ့တွင် ရှိနေသော ကံကြမ္မာကြိုးမျှင်များက အလွန်သိပ်သည်းလွန်းလှသည့်အတွက် နံရံတစ်ခုပမာ ဖြစ်နေခဲ့၏။ သူကသာ ခြင်တစ်ကောင်အဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသရွေ့ ဖြတ်သွားရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သို့သော် သူကတော့ စိုးရိမ်နေရမည့်အစား တည်ငြိမ်နေခဲ့၏။ ထိုအရာကလည်း အစောပိုင်း အတွေ့အကြုံကြောင့် ဖြစ်သည်။ သေချာဂရုတစိုက် စစ်ဆေးကြည့်လိုက်ပြီးနောက် သူက ကြွက်ပုံသဏ္ဍာန်နှင့် ကြယ်များကဲ့သို့ လင်းလက်နေသော ကံကြမ္မာကြိုးဆီကို ဝင်သွားခဲ့သည်။
ထိုအရာက အန္တရာယ်အနည်းဆုံး ကံကြမ္မာကြိုးဖြစ်ပြီး အစောပိုင်းတစ်ခုထက်ပင် နည်းနေသေးသည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာကြိုးများက သူ၏ပတ်ပတ်လည်တွင် ပြည့်နှက်နေခဲ့၏။ သူကတော့ တခဏအတွင်း ကံကြမ္မာနည်းလမ်းများအပေါ် ပို၍လေးလေးနက်နက် နားလည်လာခဲ့သည်။
သူက တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရသည်ကိုပင် အံ့ဩနေခြင်း မရှိတော့ပေ။ သူ့ရှေ့တွင်တော့ ရှေးဟောင်းဝတ်စုံဝတ်ပြီး ဦးထုတ်ရှည်တစ်ခု ဆောင်းထားသော အဘိုးကိုတစ်ယောက် ရှိနေသည်။
သူ၏ငွေရောင်ဆံပင်များက ဖြူဖွေးနေပြီး မျက်လုံးများထဲတွင် ဉာဏ်ပညာများ ပြည့်နှက်နေ၏။ သူ၏အငွေ့အသက်က ပြင်ပကမ္ဘာကြီးထဲတွင် တောက်ပနေပြီး စစ်ဆေးကြည့်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။ အကယ်၍ မုန့်ချီက မျက်လုံးမှိတ်လိုက်မယ်ဆိုလျှင် မည်သူမျှမရှိသလို ထင်မှတ်ရ၏။
"ဒီခံစားမှု..."
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး ထိုအရာကို ထူးထူးခြားခြား ရင်းနှီးနေကြောင်း တွေ့လိုက်ရသည်။ သူက ချက်ချင်းပင် အမှတ်ရသွားခဲ့၏။
"ဒါက လူသားအင်ပါယာရဲ့ ရှေးဟောင်းလမ်းကြောင်းထဲမှာ ငါခံစားမိခဲ့တဲ့ တွက်ချက်ရေးသူတော်စင်ရဲ့ အငွေ့အသက်မဟုတ်လား။ သူက မြစ်အရှေ့ပိုင်း ဝမ်မိသားစုရဲ့ဘိုးဘေး ၊ အလယ်ခေတ်မှာရှိတဲ့ သူတော်စင်တွေထဲကတစ်ပါး..."
သူကိုယ်တိုင်က မီးခိုးရောင်ဝတ်စုံနှင့် အပြစ်ပေးဓားမောက်တစ်ချောင်း ကိုင်ဆောင်ထားကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ ယခု သူက ကိုယ်တော်တစ်ပါး၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခြင်းပေလော။
ဝမ်မိသားစုမှဘိုးဘေးက ရုတ်တရက် သက်ပြင်းချလိုက်မိသည်။
"အရာအားလုံး ပေါ်လာပြီး ဒီလိုကိစ္စတွေ ဖြစ်လာနေမှတော့ ဒီလိုနေ့ရောက်လာမယ်ဆိုတာလည်း ငါသိနေတယ်…”
“အများကြီးသိတာက ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူး…"
မုန့်ချီက ပြောလိုက်သည်။ သို့သော် ထိုစကားလုံးများက အစစ်အမှန် သူပြောလိုက်ခြင်း မဟုတ်ချေ။ ထိုမီးခိုးရောင်ကိုယ်တော်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဘိုးဘေးက ခါးသီးစွာ ပြုံးလိုက်သည်။
"ဟုတ်တယ်။ ငါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ငါ့မိသားစုကို ချန်ထားခဲ့တယ်။ တွက်ချက်ရေးကြေးပြားတွေက သူတို့ရဲ့ကန့်သတ်ချက်တွေ တူညီမှုတွေကို တွက်ချက်လို့မရနိုင်ဘူး။ သူတို့က အလွန်အကျွံလုပ်လို့လည်း မရနိုင်ဘူး။ ဒါကမှ အသက်ရှင်ဖို့ စစ်မှန်တဲ့နည်းလမ်းပဲ…"
သူက အဆုံးသတ်နှင့် ရင်ဆိုင်ရသည့် အချိန်တွင်ပင် အတော်လေး တည်ငြိမ်နေသေးသည်။ သူက စနောက်၍ပင် ပြောလိုက်၏။
"ငါက မင်းကို ဘယ်လိုခေါ်ရမလဲ…"
သူ့စကားမဆုံးသေးခင် ဓားမောက်အလင်းတန်းတစ်ခု တောက်ပလာခဲ့သည်။ ပတ်ဝန်းကျင်ကလည်း နောက်တစ်ကြိမ် မည်းမှောင်သွားခဲ့ပြီး မုန့်ချီ၏ မျက်လုံးရှေ့တွင် ရှိနေသော ကံကြမ္မာကြိုးက ဝေဝါးသွားခဲ့၏။
ဝမ်မိသားစုမှဘိုးဘေးက ဤကမ္ဘာကြီးထဲတွင် တစ်ယောက်တည်းသာ ဖြစ်နေတော့သည်။ ထိုကဲ့သို့ အကျိုးသက်ရောက်မှုတစ်ခု ရှိနေသည့်နေရာတိုင်း အကြောင်းတရားတစ်ခုလည်း ရှိရမည်ဖြစ်သည်။ ဤကမ္ဘာကြီးထဲတွင် အသက်ရှင် နေထိုင်သောသူများက သူတို့မိဘများ၏ ကံကြမ္မာကို ဆက်ခံလာရသည်။
အစွမ်းထက်လာခြင်း နှင့် သိုင်းပညာများ လေ့ကျင့်နိုင်ခြင်းကလည်း သူတို့အမွေဆက်ခံထားသော ကံကြမ္မာကို ခံယူရခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ရခြင်း ဖြစ်သည်။
အပြစ်ပေးဓားမောက်ကြီးက ထိုကံကြမ္မာများအားလုံးကို ဖယ်ရှားလိုက်သည့်အချိန်တွင် သူ၏ကွင်းဆက်များ အားလုံးက ပျောက်ကွယ်သွားခဲ့သည်။ ဘိုးဘေး၏ခန္ဓာကိုယ်က တဖြည်းဖြည်း လဲကျသွားခဲ့ပြီး ဤကမ္ဘာကြီးထဲတွင် လုံးဝမရှိခဲ့သလို ထင်မှတ်ရ၏။ ထိုဓားက အချိန်ကာလဆွဲဆန့်ထားသော ကံကြမ္မာကြိုးမျှင်များကို ဖြတ်တောက်ပစ်ခဲ့သည်။
သိပ်မကြာခင် သူတို့က နောက်တကြိမ် လွင့်မျောလာခဲ့၏။ ဝမ်မိသားစုမှ ဘိုးဘေးအသက်ကတော့ ပျောက်ကွယ်သွားခဲ့သည်။ ရလဒ်က ပြောင်းလဲမှု မရှိနိုင်ပေ။ ထိုအချိန်တွင် ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကြောင့် ကြယ်များ တစ်ခုနှင့်တစ်ခု တိုက်မိလာကြသည်။ မီးခိုးရောင် ဘုန်းတော်ကြီးကြောင့် အကြီးမားဆုံး ကံကြမ္မာတစ်ခု မွေးဖွားလာပြီး မုန့်ချီဆီတွင် ဖြစ်လာခဲ့သည်။
"ဝမ်မိသားစုဝင် တစ်ယောက်ဖြစ်တဲ့အတွက် သူက နတ်ဆိုးတွေ ဖျက်ဆီးပြီးသွားတဲ့အချိန်မှာ ကပ်ဆိုးကြီးကနေ ရှင်သန်ဖို့အတွက် သူ့မိသားစုကို ကူညီပေးဖို့ တွက်ချက်ရေးကျင့်စဉ်ကို လေ့ကျင့်ခဲ့တယ်…"
ထပ်တိုးရှိနေသော ကံကြမ္မာကြိုးမျှင်များကိုကြည့်ပြီး မုန့်ချီက သက်ပြင်းချလိုက်မိ၏။
နတ်ဆိုးများ ဖျက်ဆီးနေသည့်ကပ်ဘေးက နတ်ဆိုးဗုဒ္ဓ၏ ပဋိပက္ခအတွင်း ရှိနေခြင်း ဖြစ်သည်။ ဝမ်မိသားစုကတော့ ထိုအချိန်မှ ယနေ့ထိအောင် ဆက်လက် တိုးတက်လာနေခဲ့၏။ ထို့ကြောင့်လည်း အန္တရာယ်အနည်းဆုံး ကံကြမ္မာကြိုးမျှင် ဖြစ်နေရခြင်း ဖြစ်သည်။ ထိုကံကြမ္မာ ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီက မျက်လုံးဖွင့်ကြည့်လိုက်၏။
သူ၏ခံစားချက်များက ရှုပ်ထွေးနေခဲ့သည်။ သူက အလွန်ဝမ်းသာနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူက ကံကြမ္မာကွင်းဆက် ဓားသိုင်းပညာကို အစမှ အဆုံးထိအောင် ကြုံတွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ သူ၏ပင်မဝိညာဉ်ကလည်း အတော်လေးကို လှုပ်ရှားနေခဲ့၏။
သူ့လက်ထဲတွင် ကိုင်ထားသော ဓားမောက်ကြီးကလည်း လှုပ်ရှားရန် ဆန္ဒပြင်းပြနေပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သော သဘောတရားများကို အတော်လေး နားလည်လာခဲ့သည်။ သူ ထိတ်လန့်သွားခဲ့သည်မှာ သူ ရောက်သွားသော ကိုယ်တော်က အနတ္တကိုယ်တိုင်ဖြစ်ပြီး မကောင်းဆိုးဝါးသူတော်စင် အသတ်ခံလိုက်ရသော အနတ္တနှင့် တူညီနေပုံရသည်။
သေချာစဉ်းစားကြည့်လိုက်မည်ဆိုလျှင် ဝမ်မိသားစုမှ တွက်ချက်ရေးသူတော်စင်က လောကသခင်ကိုပင် သူ့လက်ထဲ၌ သေဆုံးသွားအောင် လှည့်ကွက်ဆင်နိုင်ခဲ့သည်။ ခေါင်းထဲ၌ တွေးနေသည့်အချိန်တွင် မုန့်ချီက ကံကြမ္မာကြိုးမျှင်များ ပြည့်နေသော ကန့်လန့်ကာထဲမှ ထွက်လာနိုင်ပြီး ဝင်္ကပါဗဟိုကို ရောက်လာခဲ့၏။
ဝင်္ကပါဗဟိုတွင်တော့ ရှုပ်ထွေးနေသော မီးတောက်များ လွှမ်းခြုံနေသော အရိပ်တစ်ခု ရှိသည်။ ထိုမီးတောက်များကို ထူးဆန်းသော ကံကြမ္မာကြိုးမျှင်များနှင့် ဖန်တီးထား၏။ တခြားအရာများနှင့် မတူသည်မှာ ထိုအရာက အနီရောင် ဖြစ်နေသည်။
Translated by Hein Htet.