အခန်း (၅၅၆)
Vol. 38 Ch. 556
"ဒါ ..."
အဝါရောင် သေဆုံးခြင်းမြူခိုးများ လွှမ်းခြုံနေသောလူက ငြိမ်းသွားသော စိတ်ဝိညာဉ်မီးအိမ်(၃)ခုကို စိုက်ကြည့်ပြီး အတော်လေး တုန်လှုပ်သွားခဲ့သည်။
“တိုင်ရှန်အကြီးအကဲ(၃)ယောက်က ဘယ်လိုဖြစ်ပြီး တစ်ပြိုင်တည်း သေဆုံးသွားရတာလဲ….”
မည်သည့်အချိန်တွင် တိုက်ပွဲစတင်ကြောင်း သူ မသိသော်လည်း အကြီးအကဲ(၃)ယောက် တစ်ပြိုင်နက်တည်း အသတ်ခံလိုက်ရသည်ဟူသောအချက်က အလွန်ထိတ်လန့်အံ့သြစရာကောင်းပြီး မယုံကြည်နိုင်ဖွယ်ရာ ကောင်းလွန်းလှသည်။
တိုင်ရှန်အကြီးအကဲ(၃)ယောက်ဆီတွင် ထူးခြားသော စွမ်းရည်များ ရှိနေပြီး သူတို့မျိုးဆက်များထက် ပို၍ရှည်လျားသော သက်တမ်းရှိနေသည်။ ထို့ကြောင့် သူတို့က မျိုးရိုးစဉ်ဆက် ပညာရှင်များ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ သိုင်းလောကတွင် ရှိနေသော လူအနည်းငယ်ကလွဲလျှင် သူတို့နှင့် မျိုးဆက်တူပညာရှင်များက သေဆုံးသွားခဲ့သည်မှာ အတော်လေးကြာခဲ့ပါပြီ။ ထိုအရာကြောင့်လည်း သူတို့ကို အားကိုးနိုင်ခြင်းဖြစ်သည်။
သူတို့ဆီတွင် ဝေ့ကျင်းအဆင့် အထွဋ်အထိပ်စွမ်းအားများ ရှိနေပြီး ယခုတစ်ကြိမ်တော့ ငရဲအင်ပါယာ၏ အရိုး(၃)ခုနှင့် ဆယ်စုနှစ်ပေါင်းများစွာ သူတို့လေ့ကျင့်ထားခဲ့သော လမ်းစဉ်(၃)သွယ်ဝင်္ကပါကို အသုံးပြုထားကြသည်။ သူတို့က ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရန် မတတ်နိုင်သော်လည်း မကောင်းဆိုးဝါးသခင်နှင့် တိုက်ခိုက်ခဲ့ပြီးနောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသော ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်က သူတို့၏ပြိုင်ဘက်ဖြစ်နိုင်မည်လော။ သူက အကြီးအကဲ(၃)ယောက်ကို တစ်ပြိုင်နက်တည်း မည်သို့သတ်ပစ်နိုင်ခဲ့သနည်း။
"ဖျောက် ..."
အပြာရောင်မီးအိမ်လေး(၂)ခုက လွင့်မျောလာပြီး အနက်ရောင် အခေါင်းအဖုံးက ရုတ်တရက်ဘေးသို့ ပြုတ်ကျသွားခဲ့သည်။
ထိုအချိန်တွင် အဝါရောင်သေဆုံးခြင်းမြူခိုးများထဲမှ အပေါက်တစ်ပေါက် ထွက်လာပြီး အတွင်းထဲတွင် တစ်စုံတစ်ခု ရှိနေသလို ထင်မှတ်ရသည်။ အပြာရောင်အလင်းများထဲတွင် အခေါင်းထဲ၌ ထိုင်နေသော လူတစ်ယောက် ရှိနေ၏။
သူ၏အငွေ့အသက်များက အတိတ်နှင့် ပစ္စုပ္ပန်ကို ရောနှောနေသလို ထင်မှတ်ရပြီး ကြောက်စရာကောင်းသည့် သေဆုံးခြင်းစွမ်းအားများ ပြည့်နှက်နေသည်။ မြူခိုးများက အရည်များကဲ့သို့ ဖြစ်နေသော်လည်း သူ့ကို အဖြူရောင်အရိုးများနှင့် ဖန်တီးထားခြင်းဖြစ်ကြောင်း မြင်နေရသည်။ သူ၏ လက်(၄)ချောင်းက ပျောက်ဆုံးနေပြီး ထိုအထဲတွင် သူ၏အရိုးလည်း အပါအဝင်ဖြစ်သည်။
ကျန်ရှိနေသော သူ့အရိုးများပေါ်တွင် အသွေးအသား အနည်းငယ်လေးသာ ကျန်နေတော့ပြီး ထိုအရာက လုံးဝပုပ်သိုးဆွေးမြေ့သွားခြင်း မရှိပေ။
"သေကြစမ်း…."
သူက ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ၏ဒေါသက ငရဲကြီး(၉)ထပ်တွင် ရှိနေသော အုတ်ဂူအိုကြီးတစ်ခုလုံးကိုပင် နစ်မြုပ်သွားစေနိုင်သည်။
ကြည့်ရသည်မှာတော့ ကုံဝမ်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီးနောက်တွင် နိမ့်ကျသွားခြင်း ရှိပုံမရချေ။ သူကတော့ မထင်ထားသော သဲလွန်စများကို ချန်ထားခဲ့ပြီး နှစ်ပေါင်းများစွာ သတင်းအစအန ဖျောက်နေခြင်း ဖြစ်နိုင်သည်။ သူက ဘာကြောင့် ထိုသို့လုပ်ဆောင်နေရသနည်း။
သူ အပါအဝင် တိုင်ရှန်အကြီးအကဲ(၃)ယောက်က အသက်ပြောင်းလဲခြင်းဂိုဏ်း၏ အင်အားတစ်ဝက်နီးပါးကို ကိုယ်စားပြုသည်။ ထို့ပြင် သူတို့က ငရဲအင်ပါယာ၏ လက်အရိုးကို သယ်ဆောင်ထားပြီး သူတို့ကို ဆုံးရှုံးလိုက်ရခြင်းက အသေးအဖွဲ့ကိစ္စတစ်ခုဟု မသတ်မှတ်နိုင်တော့ပေ။ မည်သို့ဖြစ်စေကာမူ သူတို့က ထိုအရာကို ရရှိရန် အုတ်ဂူဟောင်းများစွာကို တူးဖော်ထားခဲ့ရခြင်းဖြစ်သည်။
…………….
"ငါက ကုံဝမ်ပဲ…"
သူ့စကားလုံးက ဗုဒ္ဓလက်ဝါး၏ ရိုက်ချက်ကဲ့သို့ နှလုံးသားထဲကို ရောက်လာခဲ့သည်။ မုန့်ချီ၏ ခေါင်းထဲတွင် ရှုပ်ထွေးသွားခဲ့ပြီး သူ့ရင်ထဲတွင်လည်း ထိန်းချုပ်မှု ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာခဲ့၏။
ဤနေရာတွင် ဖမ်းထားခံရသူက ရှောင်လင်ကျောင်းတော်၏ ကျောင်းထိုင်ဖြစ်ပြီး ကောင်းကင်မှတ်တမ်းတွင် နံပါတ်(၃)ဖြစ်သည့် နဂါးဖမ်းလော်ဟန့် ကုံဝမ်ဖြစ်နေခြင်းပေလော။ အကယ်၍ ထိုအရာကသာ အမှန်ဆိုလျှင် ရှောင်လင်ကျောင်းတော်၌ ရှိနေသူမှာ မည်သူဖြစ်နေသနည်း။
သူကတော့ နောက်ပိုင်းတွင် ပြဿနာရှာသည့် ဘုန်းတော်ကြီးများနှင့် ပတ်သက်သည့်သတင်းကို လုံးဝမကြားဖူးသေးပေ။ ထို့ပြင် ကျောင်းထိုင်ကုံဝမ်က ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်အတွက် ရောက်လာပြီး တိုက်ခိုက်လိမ့်မည်ဟု ဘိုးဘေးလင်းပေါင်က ပြောပြထားခဲ့သည်။
ကုံဝမ်နှင့် မကောင်းဆိုးဝါးသခင်၏ ကံကြမ္မာကြိုးမျှင်များကလည်း ကံကြမ္မာကွင်းဆက်ဝင်္ကပါထဲတွင် ရှိနေခဲ့သည်။ မကောင်းဆိုးဝါးသခင်က ပြင်ပမကောင်းဆိုးဝါး စိတ်ဝိညာဉ်အကာအကွယ်ထဲတွင် ရှိနေသော ဝင်္ကပါကို ဖျက်ဆီးပစ်ခဲ့သည်။
ကျောင်းထိုင်ကုံဝမ်က တကျန်းအဖွဲ့အစည်းမှ ချီရှကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ခြင်း မရှိခဲ့သလို ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်၏ အရည်အချင်းကို ထိန်းသိမ်းနိုင်ခြင်းလည်း မရှိချေ။ ရှောင်လင်ကျောင်းတော်ထဲတွင် ရွှမ်တျန်းဂိုဏ်းမှ ချင်ကျင်း၏ ဆိုးရွားသော သေဆုံးမှုနှင့် ပတ်သက်နေသည့်အတွက်ကြောင့် ကျောင်းထိုင်ကုံဝမ်က သံသယဝင်ခံရသော်လည်း သူ၏အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ခဲ့သည်။
အင်မော်တယ်အဖွဲ့မှ ဘိုးဘေးထိုက်ရီကို သတ်ပစ်ခဲ့သော ကျောင်းထိုင်ကုံဝမ်က သူ၏နာမည်အမှန်ကို အတည်ပြုနိုင်ခဲ့သည်။ သွမ့်လွေနှင့် သူ့ဘိုးဘေးကို ထိန်းချုပ်ပြီး အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ကို ပြောင်းပြန်လေ့ကျင့်စေခဲ့သော ရှောင်လင်ကျောင်းတော်မှပညာရှင်၊ သွမ့်လွေကို စောင့်ရှောက်နေခဲ့သောသူက ဆိုးဆိုးဝါးဝါးသေဆုံးသွားခဲ့ပြီး သူ၏ပတ်ပတ်လည်တွင် ခြေရာလက်ရာ လုံးဝမကျန်ခဲ့ပေ။
ကျမ်းစာများ ခိုးယူခဲ့သည့် ကျန်းချန်၏ အဖြစ်အပျက်ကလည်း ယခုချိန်အထိ လျှို့ဝှက်ချက်တစ်ခုအနေနှင့်သာ ရှိနေသေးသည်။ ရှောင်လင်ကျောင်းတော်က အိမ်ရှေ့မင်းသားကို ရုတ်တရက် ထောက်ပံ့လာပြီး သန့်စင်နေမင်းဂိုဏ်းနှင့် ပူးပေါင်းလာသည်။
မုန့်ချီ၏ ကိုယ်ပိုင်ယူဆချက်အရ ပြောရမည်ဆိုလျှင် ရှောင်လင်ကျောင်းတော်၏ စည်းကမ်းနှင့် အတွေးအခေါ်များက အလွန်တင်းကြပ်၏။ အငြင်းအခုံလုပ်၍ မရနိုင်ပေ။ သူနှင့် သူ့ဆရာရွှမ်ပိုင်တို့ကပင် ထိုအရာကို အဖြေရှာ၍ မရခဲ့ပေ။ သို့သော် သူ့ပြဿနာတွင် တိုက်အုပ်ကိုယ်တော် ဝူကျင်းက အနည်းငယ် အလျင်လိုနေခြင်း မဟုတ်ပေလော။
သူက မုန့်ချီကို ရှောင်လင်ကျောင်းတော်သို့ ပြန်ခေါ်လာပြီး ရှောင်လင်ကိုယ်တော်များ အားလုံးရှေ့တွင် သူ့ကို အပြစ်ပေးသင့်သည်။ အခြားသူများကို ခြောက်လှန့်ရန်အတွက် သူ့ကို ဥပမာပေးလိုက်လျှင် အဆင်မပြေနိုင်ခြင်းပေလော။ သူ၏လုပ်ရပ်များက အတော်လေးကို စိတ်မရှည်ရာ ကျနေခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတောအတွင်း ရှောင်လင်ကျောင်းတော်ထဲတွင် ပြဿနာရှာနေသော အဖြစ်အပျက်များစွာ ရှိနေခဲ့သည်။ မုန့်ချီ၏ ခေါင်းထဲတွင် အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး ထိုအရာများကို ဆက်စပ်၍ စဉ်းစားလာမိခဲ့၏။
မကောင်းဆိုးဝါးဟန်ကွမ်းက ကျောင်းထိုင်ကုံဝမ်ကို ချုပ်နှောင်ထားပြီး ရှောင်လင်ကျောင်းတော်ထဲတွင် လက်ရှိနေထိုင်နေခြင်းပေလော။ မုန့်ချီက ထိုအတွေးကို တွေးလိုက်မိသည့်အချိန်တွင် အတော်လေး ထိတ်လန့်သွားခဲ့၏။ သူက ထိုအရာကို အတော်လေး မယုံကြည်နိုင်ခဲ့ပေ။
နံပါတ်(၁)ဂိုဏ်းဟု သတ်မှတ်နိုင်သော ရှောင်လင်ကျောင်းတော်က မကောင်းဆိုးဝါးလမ်းစဉ်၏ တိတ်တဆိတ် လွှမ်းမိုးခြင်းကို ခံနေရလိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။ သူက သေချာစဉ်းစားကြည့်လိုက်မည်ဆိုလျှင် ဖြစ်နိုင်ခြေရှိသော အခြေအနေများစွာကို တွေ့ရှိနေသေးသည်။
ဥပမာအနေနှင့် ပြောရလျှင် ကျောင်းထိုင်ကုံဝမ်၏ ခန္ဓာကိုယ်က (၂)ပိုင်းကွဲနေပြီး လူကောင်းနှင့် လူဆိုးသဘာဝ ရှိနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့ပြင် ဤကမ္ဘာကြီးထဲတွင် အချိန်ကန့်သတ်ချက်က တစ်သားတည်း မရှိခြင်းလည်း ဖြစ်နိုင်သေးသည်။ အလွန်ထူးဆန်းသော ဖြစ်စဉ်များကြောင့် ဤအရာက မတူညီသော ကမ္ဘာကြီး၏ ကံကြမ္မာများကို ယူဆောင်လာခြင်းဖြစ်နိုင်သည်။
သို့သော် သူက ချက်ချင်းပင် ဖယ်ရှားလိုက်၏။ ထိုအဖြစ်အပျက်က အခြားသော အဖြစ်အပျက်များကို ရှင်းလင်းပြနေကြောင်း မုန့်ချီက နားလည်နေခဲ့သည်။ သစ်သီးပွဲတော်အတောအတွင်း သတ်ဖြတ်ရေး(၆)သွယ် မကောင်းဆိုးဝါးလူသားက သူ့ကို တိုက်ခိုက်ခဲ့ပြီး အကူအညီစောင့်နေသလို ထင်ခဲ့ရသည်။
တစ်ဖက်တွင်တော့ မိုးကြိုးနတ်ဘုရား ရောက်လာခဲ့၏။ ကြည့်ရသည်မှာ ဖျက်ဆီးရေးဂိုဏ်းနှင့် ဒဏ္ဍာရီများက အဖွဲ့တစ်ခု ဖြစ်နေပုံရသည်။ ကောင်းကင်ဧကရာဇ်က ကြိုတင်သတိပေးထားခြင်း မရှိဘဲ ပေါ်လာခဲ့ပြီး လော့ရန် ကျိုးမိသားစုမှ ပညာရှင်၏ ဓမ္မကာရအဆင့်တက်လမ်းမှုကို ပျက်စီးသွားစေခဲ့သည်။
ထိုအချိန်တွင် ဒဏ္ဍာရီအဖွဲ့မှအဖွဲ့သားများများ ရောက်လာခဲ့ခြင်းမရှိချေ။သူတို့ဆီတွင် သီးသန့်တာဝန်များ ရှိနေပုံရ၏။ သတ်ဖြတ်ရေး(၆)သွယ် မကောင်းဆိုးဝါး လူသားဆီတွင် ကမ္ဘာကြီးတစ်ခုလုံးကို ဆွဲဆောင်ထားနိုင်သော လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိသည်။ သူကတော့ သူ၏စွမ်းအားကို ပြည့်ပြည့်ဝဝ ပြသနိုင်ခြင်း မရှိသော အခြေအနေမျိုးတွင် သူ၏အဆင့်ကို ဖုံးကွယ်ထားနိုင်ပြီး အစစ်အမှန် သိုင်းပညာကိုလည်း ဖုံးကွယ်ထားနိုင်သည်။
ထိုအရာက ချူချမ်းနင် အတုကဲ့သို့ဖြစ်၏။ ကျောင်းထိုင်ကုံဝမ်က သိုင်းလောကတွင် ကျင်လည်ခဲ့ခြင်း မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သူက မကောင်းဆိုးဝါးသခင်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲပြီးနောက် သိုင်းလောကတွင် ကျင်လည်ခဲ့ခြင်း မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သူက ဓမ္မကာရအဆင့် ဘုန်းတော်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ခြင်းမရှိချေ။
အနတ္တဓားဖြစ်သော နတ်ဘုရားလက်နက်ကို စောင့်ကြပ်ရသည့်တာဝန်ကိုပင် စေတီကို စောင့်ကြပ်ရသည့် တိုက်အုပ်ကိုယ်တော်နှင့် အကြီးအကဲများ၏ လက်ထဲသို့ လွှဲထားခဲ့သည်။ သူတို့ကသာ ထိုတာဝန်ကို တစ်လှည့်ဆီ ယူနေကြရသည်။ သဲလွန်စများအားလုံးက တဖြည်းဖြည်း ဆက်စပ်လာနေခဲ့သည်။
မုန့်ချီကတော့ သူ သိထားသောအရာများထက် ကျော်လွန်နေသည့်အတွက် အတော်လေးကို ကြောက်လန့်လာခဲ့၏။ အပြင်ဘက်ကမ္ဘာကြီးထဲတွင် ရှိနေသော ကျောင်းထိုင်ကုံဝမ်က မကောင်းဆိုးဝါးသခင် ဟန်ကွမ်း ဖြစ်နိုင်သည်။ မကောင်းဆိုးဝါးသခင် ဟန်ကွမ်းက ဒဏ္ဍာရီအဖွဲ့မှ ကောင်းကင်ဧကရာဇ်လည်း ဖြစ်နိုင်၏။
ထိုအတွေးကြောင့် မုန့်ချီ၏ခေါင်းထဲတွင် တခြားမှတ်ဉာဏ်များ ပေါ်လာခဲ့သည်။ အစစ်အမှန်အင်ပါယာတံဆိပ်အပေါ် ကူရှောင်စန်း၏ သဘောထားက အတော်လေးကို လေးနက်သည်။ နောက်ပိုင်းတွင်တော့ ထိုအရာကိုသုံးပြီး နှစ်ပေါင်းများစွာ ပျောက်ကွယ်နေသည့် မကောင်းဆိုးဝါးသခင် ဟန်ကွမ်းကို မျှားခေါ်ခြင်းဟု ပြောခဲ့၏။
သူမက ယခင်မျိုးဆက်မှ မကောင်းဆိုးဝါးလက်ကျန်များကို ခေါ်ချင်နေခဲ့သည်။ သူကတော့ အင်ပါယာ၏ အငွေ့အသက်များ ပိုင်ဆိုင်ထားသော ရတနာတစ်ခုအပေါ် မတူညီသော ခံစားမှုများ ရှိနေသေးသည်။ သူက ထိုအရာကို တိတ်တဆိတ် ခိုးယူနိုင်သည်ဟုပင် ကောက်ချက်ချခဲ့၏။
သို့သော် ပေါ်လာခဲ့သည်မှာ ဖျက်ဆီးရေးဂိုဏ်းမှ အဖွဲ့သားများ မဟုတ်ဘဲ ဒဏ္ဍာရီအဖွဲ့သာ ဖြစ်၏။ အကယ်၍ သူ၏မူလတွက်ချက်မှုကသာ မှန်ကန်နေမည်ဆိုလျှင် ထိုအရာက အရာအားလုံးကို ရှင်းပြနိုင်သည်။
ကျောင်းထိုင်ကိုယ်တော်ကုံဝမ်အဖြစ် ဟန်ဆောင်နေသော မကောင်းဆိုးဝါးဟန်ကွမ်းက သူ၏လှုပ်ရှားမှုတိုင်းကို အလွန်သတိထားရန် လိုအပ်သည်။ သူက ကျောင်းဆောင်ထဲမှ ထွက်သွားခွင့်မရှိသလို စိတ်ရှိတိုင်း လှုပ်ရှား၍လည်း မရနိုင်ပေ။ သူ၏ပစ်မှတ်က အားနည်းသော ပညာရှင်တစ်ယောက် မဟုတ်လျှင် အဝေးမှ တိုက်ခိုက်၍ မရနိုင်သေးသရွေ့ သူက ဖျက်ဆီးရေးဂိုဏ်းမှ အဖွဲ့သားများကိုသာ စေလွှတ်နိုင်သည်။
သူ့ကိုယ်စား လုပ်ဆောင်ရန် ဒဏ္ဍာရီအဖွဲ့မှ အဖွဲ့သားများကို အမိန့်ပေးခြင်းက ပို၍သင့်တော်လှ၏။ သူက သဲလွန်စများကို ရှာတွေ့လိုက်ပြီးနောက် ထိုယူဆချက်များကို ရှင်းပြနိုင်သော အချက်အလက်များ ပေါ်လာခဲ့သည်။ ထိုသို့ဆိုလျှင် လက်မဲကြီးက သူ့ကို အစွမ်းကုန်တိုက်ခိုက်၍ နှောင့်ယှက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။
သူက ထိုအရာကို လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသည်မှာ တခြားအရာများနှင့် အလုပ်ရှုပ်နေခြင်းကြောင့်ဖြစ်၏။ ထို့ပြင် သူက တခြားအဖွဲ့သားများ တွေ့သွားမှာကို စိုးရိမ်နေသည့်အတွက် သူ၏အစစ်အမှန် လက်အောက်ငယ်သားများကိုလည်း စေလွှတ်နိုင်ခဲ့ခြင်း မရှိချေ။
မုန့်ချီကတော့ စဉ်းစားနေရင်း ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ ဖျက်ဆီးရေးဂိုဏ်းနှင့် လော်အဖွဲ့အစည်းတို့က အချင်းချင်း အချိန်ကြာမြင့်စွာ ပူးပေါင်းနေကြသည်။ ကူရှောင်စန်းက လှုပ်ရှားခဲ့သည့်အချိန်တွင် သူမက ပူးပေါင်းမှုခေါင်းဆောင်၏ အခြေအနေကို အတည်ပြုရန်သက်သက်မဟုတ်ဘဲ မကောင်းဆိုးဝါးသခင်က ကောင်းကင်ဧကရာဇ်ဖြစ်ကြောင်း သံသယဝင်နေခြင်းလည်း ဖြစ်သည်။
“ဒီမကောင်းဆိုးဝါးမကတော့ ...
သူ့ရဲ့စကားတစ်ဝက်လောက်က ယုံလို့မရဘူး။ သူက တစ်ချိန်လုံး လိမ်နေတာနဲ့ အမှန်တရားကို ဖုံးကွယ်တာနဲ့ပဲရှိတယ်…”
လော်အဖွဲ့အစည်းကို သူမ လိုချင်နေသည့်အရာ ရရှိရန် အသုံးချရာတွင် သူမ၏စွမ်းရည်က အမှန်တကယ်ကို လက်ဖျားခါလောက်သည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။ အကယ်၍ မကောင်းဆိုးဝါးသခင်ကသာ ကောင်းကင်ဧကရာဇ်ဆိုလျှင် ကျောင်းထိုင်ကုံဝမ်က ခြေလှမ်းမှားသွားသည်နှင့် ဤနေရာတွင် ချုပ်နှောင်ခံရနိုင်သည်။ ကူရှောင်စန်းက ဆန်းကြယ်နတ်သမီး ဆက်ခံသူကို ချုပ်နှောင်လိုက်သည်မှာ အဓိက ဥပမာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ နည်းလမ်းများကို ကာကွယ်ထားခြင်းမရှိသော ကျောင်းထိုင်ကုံဝမ်က ထိုထောင်ချောက်ထဲသို့ အလွယ်တကူ ကျရောက်သွားနိုင်သည်။
မကောင်းဆိုးဝါးသခင်ဆီတွင် နတ်ဘုရားအဆင့် လျှို့ဝှက်ရတနာတစ်ခု ရှိနိုင်ပြီး ဒဏ္ဍာရီများက သူ့ကို ကူညီပေးနိုင်၏။ ထိုသို့စဉ်းစားကြည့်လိုက်လျှင် မကောင်းဆိုးဝါးသခင်ကသာ သူ့မျိုးဆက်တွင် အတော်ဆုံး လူတစ်ယောက် ဖြစ်နေသည်။
သူက ထူးထူးခြားခြားကို ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်နေပြီး သာမန်ပါရမီတစ်ခု ပိုင်ဆိုင်သည်ဟု သတ်မှတ်နိုင်ခြင်း မရှိပေ။ မုန့်ချီအနေနှင့် ပြောရမည်ဆိုလျှင်တော့ မကောင်းဆိုးဝါးသခင်က ယခင်မျိုးဆက်၏ စံပြတစ်ယောက် ဖြစ်နိုင်၏။
သူ၏အစ်ကိုကောင်းလန်နှင့် မကောင်းဆိုးဝါးသခင်တို့ကို တက်ကြယ်(၂)ပွင့်ဟု စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ထိုအရာက သိုင်းလောကမှ ယုံတမ်းစကားများသာ ဖြစ်နိုင်သည်။ သို့သော် သူက ကောင်းလန်၏ မူလအကျင့်စရိုက်ကို လုံးဝမတွေ့ဖူးသေးပေ။ ကောင်းလန်က မကောင်းဆိုးဝါးသခင်ကို အမှန်တကယ် ယှဉ်ပြိုင်နိုင်ခြင်းရှိ၊မရှိလည်း မသိသေးပေ။
ယခင်မျိုးဆက်၏ စံပြဟူသော ဂုဏ်ပုဒ်ကို ကြားလိုက်ရသည့်အချိန်တွင် ထိုအထဲ၌ ကျန်းကျိဝေ၏ဆရာဖြစ်သော အပြင်ကောင်းကင်နတ်ဘုရားဓား စုဝူမင်လည်း ပါဝင်နေကြောင်း သိနေခဲ့သည်။
သူက သက်ပြင်းချလိုက်မိပြီး ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်၏။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူတွေးထားသည့် အရာများအရ ဆဋ္ဌမအလွှာတွင် အမှန်တကယ် ပိတ်မိနေသည်မှာ ကျောင်းထိုင်ကုံဝမ် ဖြစ်နိုင်သည်။ သူက ကုံဝမ်ဟုပြောသည့်အတွက် ကုံဝမ်အစစ်ဟုလည်း ယူဆ၍ မရနိုင်သေးပေ။ အကယ်၍ မကောင်းဆိုးဝါးသခင်က တခြားသူများ လမ်းလွဲအောင်လုပ်ရန် ကြိုးစားလျှင် မည်သို့ဖြစ်လာမည်နည်း။
မုန့်ချီက ထိတ်လန့်နေသည့်အတွက်ကြောင့် တစ်ဖက်လူ၏ အဆင့်အတန်းကို အတည်ပြုနိုင်ခြင်း မရှိသော်လည်း သူ့ခေါင်းထဲတွင် သံသယများ၊ သဲလွန်စများစွာ ပေါ်လာခဲ့သည်။ သူတို့က သူ့ကို နက်နက်ရှိုင်းရှိုင်း ဖိအားပေးနေပြီး သူ့ကို အတော်လေး စိတ်ရှုပ်ထွေးသွားစေခဲ့၏။ သူက သဲလွန်စများအားလုံးကို စုစည်းပြီး လျှို့ဝှက်ချက်ကို ရှာဖွေနိုင်ခြင်း မရှိချေ။ ‘ငါက ကုံဝမ်’ ဟူသော စကားလုံးကြောင့်သာ သူက နားလည်သွားခဲ့ရခြင်းဖြစ်သည်။
သတိပြန်ဝင်လာသည့်အချိန်တွင် မုန့်ချီက ကျယ်လောင်စွာ ပြောလိုက်၏။
"ဒါဆိုရင် ဆရာကြီးက ရှောင်လင်ကျောင်းတော်က နဂါးဖမ်းလော်ဟန့် ကျောင်းထိုင်ကုံဝမ်လား…"
သူက မျက်မှောင်ကြုတ်လိုက်ပြီး ဝင်္ကပါ၏အတွင်းထဲကို ခိုးကြည့်လိုက်ရာ ထိုအရာက အမှန်တကယ် ဘုန်းတော်ကြီးတစ်ပါး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"အဲဒါ ငါပါပဲ…"
ကုံဝမ်၏ အသံထဲတွင် စိုးရိမ်ပူပန်မှုများ မရှိချေ။
သူက ခဏရပ်လိုက်ပြီး ခေါင်းစဉ်ပြောင်းချင်နေပုံရ၏။
"မင်းက ဘယ်သူလဲ ဒကာလေး။ မင်းက ရှောင်လင်ကျောင်းတော်ရဲ့ တောင်အနောက်ဘက်ကို ဘယ်လိုရောက်လာနိုင်တာလဲ…"
“ဒါက ရှောင်လင်ကျောင်းတော်ရဲ့ တောင်အနောက်ဘက်ဆိုတာကို ကျောင်းထိုင်ကုံဝမ်က သိနေတာလား။ ဟုတ်သားပဲ သူက ကျောင်းထိုင်ပဲလေ။ သူက ဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေကို သိနေမှာပေါ့…”
မုန့်ချီက စိတ်သက်သာရာရသွားပြီး ယုံကြည်မှုရစေရန် ကျောင်းထိုင်ကုံဝမ်နှင့် ရိုးရိုးသားသား ပြောရန် ဆုံးဖြတ်လိုက်သည်။
"ကျွန်တော့်နာမည်က စုမုန့်ပါ။ ကျွန်တော်က ရှောင်လင်ကျောင်းတော်ရဲ့ စွန့်ပစ်ခံတပည့် တစ်ယောက်ပါ။ ကျွန်တော်က ဆရာရွှမ်ပိုင်ရဲ့လက်အောက်က တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်…"
သူက သူ၏အစစ်အမှန် နောက်ကြောင်းကို ပြောပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဖမ်းချုပ်ခံထားရသည့် ကုံဝမ် ပြောပြသောစကားများကို နားထောင်လိုခြင်းကြောင့် ဖြစ်သည်။ ထိုအရာက အမှန်တရားဟုတ်၊မဟုတ် သူက ဆုံးဖြတ်နိုင်ပြီး သူ့ဆီမှ လျှို့ဝှက်ချက်များကို ပို၍နားလည်နိုင်သည်။
မည်သို့ဖြစ်စေကာမူ လျို့ဝှက်နယ်မြေများကို မတော်တဆ ဖောက်ဝင်လာသော လူပေါင်းများစွာ ရှိနေသည်။ သူကသာ သံသရာကမ္ဘာကြီး၏ လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း မရှိလျှင် အဆင်ပြေ၏။
သို့သော် မုန့်ချီက ကုံဝမ်ကို ကိုယ်တိုင်ကယ်တင်ရန် ပြင်ဆင်ထားခြင်း မရှိချေ။ အကယ်၍ အတွင်းထဲတွင် ရှိနေသော လူက မကောင်းဆိုးဝါးသခင် ဟန်ကွမ်း ဟုတ်၊မဟုတ် မည်သူက သိနိုင်မည်နည်း။
ထို့ပြင် ထိုအရာက သူ့အစွမ်းထက် ကျော်လွန်နေခဲ့၏။ ကုံဝမ်က သူ၏ကယ်တင်ရှင်ကို ကိုယ်တိုင်ဆုံးဖြတ်၍ ရနိုင်မည်။ သူကတော့ ကြားထဲမှ ကူညီပေး၍ ရနိုင်သည်။
ထိုစကားပြောနေစဉ် မုန့်ချီက သူ၏ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး သူ၏ပုံစံက လော်ဟန့်ကိုယ်တော် တစ်ပါးကဲ့သို့ ဖြစ်လာ၏။
"ရွှမ်ပိုင်ရဲ့တပည့်လား…"
ကုံဝမ်၏လေသံထဲတွင် ခံစားချက်များ ပြည့်နှက်နေသည်။
"ငါက ဆရာဆိုတဲ့ ငါ့ရဲ့နာမည်ကို ပျက်စီးသွားစေခဲ့ပြီ။ ငါက သူ့ကို ကျောင်းတော်ဆီ ခေါ်လာပြီး သိပ်မကြာခင် ဒီနေရာမှာ ဖမ်းချုပ်ခံထားရတာ။ အခု သူက ဘယ်လိုဖြစ်နေပြီလဲ…."
ရွှမ်ပိုင်ကို ရှောင်လင်ကျောင်းတော်ထဲသို့ ခေါ်လာခဲ့သည်မှာ ကုံဝမ်ကျောင်းထိုင်က မကောင်းဆိုးဝါးသခင်နှင့် မတိုက်ခိုက်ခင် (၂)နှစ် (၃)နှစ်ခန့်တွင် ဖြစ်သည်။ ထိုအချိန် အတောအတွင်း ကုံဝမ်က ရွှမ်ပိုင်ကို ဂရုတစိုက် လမ်းညွှန်ခဲ့၏။ ထိုစကားလုံးများက အတွင်းရေးများ ပါဝင်နေကြောင်း သေချာနေသည့်အတွက် ကုံဝမ်၏ အဆင့်အတန်းကို ပို၍သေချာစေရန် ကူညီပေးနိုင်သည်။
ထို့ကြောင့် သူက ရိုးရိုးသားသား ပြောလိုက်၏။
"ဆရာက ဗုဒ္ဓသင်ကြားမှုတွေနဲ့ တော်တော်လေးကို ပါရမီရှိပါတယ်။ သူက လျှို့ဝှက်တံခါးကြောင့် နောင်တတွေ ရှိနေရင်တောင် သူက မဟာလမ်းစဉ်ကျင့်ကြံမှုမှာ တော်တော်လေးကို လျင်မြန်ပြီး မကောင်းဆိုးဝါးကို ကျော်ဖြတ်နိုင်တယ်။ အခုသူက ဝေ့ကျင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေပါပြီ။ သူက ကျောင်းတော်ထဲမှာရှိတဲ့ ကုံဝမ်ရဲ့လမ်းညွှန်မှုနဲ့ လေ့ကျင့်နေတယ်…"
"ဟန်ကွမ်း…"
ကုံဝမ်က ခနဲ့သလို ပြုံးလိုက်မိသည်။
ထို့နောက် သက်ပြင်းချပြီး ပြောလိုက်၏။
"သူတို့က ငါ့ကိုမသတ်ခဲ့ဘူးဆိုတာ သူတို့အတွက် ပြဿနာများလို့ဆိုတာ ငါသိတယ်။ သူတို့က ဒီလိုမျိုးလုပ်နေတယ်ဆိုတာ ငါ့ရဲ့စိတ်ဝိညာဉ်မီးအိမ်သာ ငြိမ်းမသွားဘူးဆိုရင် သူတို့ရဲ့လှည့်ကွက်က ပေါ်သွားမှာ မဟုတ်ဘူးလေ…"
"သူတို့လား…"
မုန့်ချီက သံသယဝင်စွာ မေးလိုက်မိသည်။ ဒဏ္ဍာရီအဖွဲ့မှ အဖွဲ့သားများက နှောင့်ယှက်ရန် ဝင်္ကပါဖန်တီးထားခြင်းပေလော။
ကုံဝမ်ကတော့ တွေဝေနေသည့်အရာများကို ဖယ်ရှားလိုက်ပုံရပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
"အတိတ်တုန်းက ဒကာကြီးဟန်ရဲ့လှုပ်ရှားမှုတွေ ပေါ်လာခဲ့တယ်။ အနီးအနားမှာ အလစ်ချောင်း တိုက်ခိုက်မှုတွေ မရှိဘူးဆိုတာ အတည်ပြုပြီးသွားတဲ့အချိန်မှာ ငါက အနတ္တဓားကို ချန်ထားခဲ့ပြီး သူ ရှိတဲ့နေရာကို မပြည့်စုံတဲ့ ကျင့်စဉ်တွေနဲ့ သွားခဲ့တယ်။ ငါက သူ့ကို တောင်အနောက်ဘက်မှာရှိတဲ့ စေတီဆီ မျှားခေါ်ပြီး သူ့ရဲ့ မကောင်းဆိုးဝါး သဘာဝကို ဆေးကြောပစ်ချင်ခဲ့တာ။ အစမှာတော့ ငါက အသားစီးရပြီး အောင်မြင်တော့မယ့်အချိန်မှာ ဒကာကြီးဟန်က ငါ့ကို ဒီနေရာဆီ ဆွဲခေါ်လာဖို့ ပစ္စည်းတစ်ခု အသုံးပြုခဲ့တယ်။ ငါ့ကို ဒီနေရာမှာ ချုပ်နှောင်ဖို့ ဝင်္ကပါတစ်ခုအပြင် ဒကာကြီးဟန်ကို ကူညီပေးနေတဲ့ ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်လည်း ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ငါလည်း ဒီနေရာမှာပဲ အပိတ်ခံလိုက်ရတော့တာပေါ့…"
မုန့်ချီ၏မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။
"နောက်ထပ် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက်လား…"
Translated by Hein Htet.