အခန်း (၅၅၇)
Vol. 38 Ch. 557
ဤနေရာက သံသရာကမ္ဘာကြီးများထဲမှတစ်ခုတွင် ရှိနေသာ ရှောင်လင်ကျောင်းတော် ဖြစ်သည်။ အကယ်၍ ဟန်ကွမ်းကသာ ကောင်းကင်ဧကရာဇ်ဆိုလျှင် သူက ကူရှောင်စန်း လုပ်ဆောင်သကဲ့သို့ ထူးခြားသော ပစ္စည်းတစ်ခုကို အသုံးပြုပြီး လူတစ်ယောက်ကို ဝင်္ကပါတစ်ခုထဲသို့ ပို့ဆောင်လိုက်သည်မှာ ထူးဆန်းနေခြင်း မရှိချေ။
သို့သော် ဘာကြောင့် ထိုနေရာတွင် ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက် ရှိနေရသနည်း။ သူက သံသရာအရှင်သခင်၏ လျှို့ဝှက်ချက်များကို မဖော်ထုတ်ဘဲ ရနိုင်မည်လော၊ ထိုဓမ္မကာရပညာရှင်က သံသရာခရီးသွားတစ်ယောက် ဖြစ်နိုင်မည်လော။ သို့မဟုတ် ဟန်ကွမ်းက ဓမ္မကာရအဆင့် ပညာရှင်ကို တောင်အနောက်ဘက်သို့ ကြိုခေါ်ထားခဲ့ခြင်းပေလော သို့မဟုတ် တစ်ဖက်လူက မကောင်းဆိုးဝါးမြေကြီးမှ လုံးဝထွက်မလာခဲ့ခြင်း ဖြစ်နိုင်သည်။
“ဒီဓမ္မကာရအဆင့် ပညာရှင်က ကောင်းကင်မှတ်တမ်းက လူတစ်ယောက်များ ဖြစ်နိုင်မလား ဒါမှမဟုတ် အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီး၊ ကြောက်စရာကောင်းတဲ့ နတ်ဘုရားကမ္ဘာကြီးက တစ်ယောက်ယောက် ဖြစ်နိုင်မလား..”
မုန့်ချီ၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာပြီး သူက အတွေးများကို နောက်တစ်ကြိမ် ရှင်းလင်းပစ်လိုက်သည်။
“ကျောင်းထိုင် …
အဲဒီဓမ္မကာရအဆင့် ပညာရှင်ရဲ့ နာမည်ကိုသိလား…”
မုန့်ချီက မေးလိုက်သည်။
သူ့အတွက်အသုံးဝင်သည့် အဖြေမရသည့်အချိန်တွင် သူ့နှုတ်ဖျားမှ ထိုစကားလုံးများသာ ထွက်သွားခဲ့၏။ အကယ်၍ ကုံဝမ်က ထိုဓမ္မကာရအဆင့် ပညာရှင်ကို သိနေပြီး သူ၏နာမည်ကို ပြောချင်နေလျှင် အစောပိုင်းကတည်းကရှင်းပြပြီးဖြစ်ပါလိမ့်မည်။ သို့သော် သူက ထိုဓမ္မကာရအဆင့် ပညာရှင်ကို ဖေါ်ပြခဲ့ခြင်း မရှိချေ။
ကုံဝမ်က ဗုဒ္ဓနာမည်ကိုသာ ရေရွတ်လိုက်သည်။
“အော်မီတော်ဖော်….
အဲဒီဓမ္မကာရအဆင့် ပညာရှင်က တချိန်လုံး အမှောင်ထဲမှာပဲ ရှိနေပြီး ဝင်္ကပါကို ထိန်းချုပ်နေတာ၊ တိုက်ပွဲအတောအတွင်း ငါက သူရှိနေတာကို ခံစားမိပေမဲ့ သူနဲ့မျက်နှာချင်းဆိုင် မဆုံခဲ့ရဘူး….”
“ထင်ထားတဲ့အတိုင်းပဲ…”
မုန့်ချီက တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ဤကမ္ဘာကြီးထဲတွင် ဓမ္မကာရအဆင့် ပညာရှင်များ၏ အရေအတွက်က ကန့်သတ်ချက် ရှိနေသည့်အတွက် သံသယဝင်စရာနယ်မြေက နည်းပါးသော်လည်း ထိုအဖြစ်အပျက်တွင် သံသရာခရီးသွားများ ပါဝင်နေသည်။ ထို့ပြင် နတ်ဘုရားကမ္ဘာကြီးကလည်း ဆက်၍ ရှိနေသေး၏။ အကယ်၍ ဟန်ကွမ်းကသာ ပြင်ပကမ္ဘာကြီးဆီမှ အကူအညီယူထားလျှင် မည်သူကသိနိုင်မည်နည်း။ ထို ဓမ္မကာရအဆင့် ပညာရှင်နှင့် ပတ်သက်ပြီး မုန့်ချီလည်း သဲလွန်စမရှိချေ။
မုန့်ချီက တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ ကုံဝမ်က ရှောင်လင်ကျောင်းတော်အကြောင်းကို စိုးရိမ်နေခဲ့သည်။
“ဒကာလေးစု…
ရှောင်လင်ကျောင်းတော်ရဲ့ လက်ရှိအခြေအနေက ဘယ်လိုဖြစ်သွားပြီလဲ…”
မုန့်ချီက အဓိကကိစ္စရပ်များကို အကြမ်းဖျင်း ရှင်းပြလိုက်သည့်အချိန်တွင် သူက ချက်ချင်း နားလည်သွားခဲ့သည်။ သူက မေးလိုက်၏။
“ကျောင်းထိုင်…
ဟန်ကွမ်းက ကျောင်းထိုင်အဖြစ် ဟန်ဆောင်ပြီး ရှောင်လင်ကျောင်းတော်ထဲကို ဝင်နေတာက ဘာရည်ရွယ်ချက်များ ရှိနေလို့လဲ။ သူ့ရဲ့အစွမ်းနဲ့ စွမ်းရည်အရ အချိန်ဒီလောက်ကြာသွားပြီဆိုရင် သူရဲ့အစီအစဉ်တွေက အောင်မြင်သွားသင့်ပြီ။ သူက အဆုံးထိအောင် ဟန်ဆောင်ဖို့ စီစဉ်ထားခဲ့ပြီး ရှောင်လင်ကျောင်းတော်က သူ့ရဲ့အထောက်အပံ့ ဆုံးရှုံးသွားအောင် လုပ်ချင်နေတာလား…”
“သူက သူ့ရဲ့လော်ဟန့် ဓမ္မကာရကို ထုတ်ပြလို့ မရတဲ့အတွက် သူက ဒီကမ္ဘာကြီးထဲမှာ တခြား ဓမ္မကာရပညာရှင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ လုံးဝမဖြစ်နိုင်ဘူး၊ သူက ဘယ်လိုလုံခြုံအောင် ပုန်းအောင်းနိုင်မှာလဲ…”
သူ၏စကားလုံးများကြောင့် ကုံဝမ်က ယာယီရှုပ်ထွေးသွားခဲ့ပြီး တိတ်တဆိတ် ပြောလိုက်သည်။
“ဒကာကြီးဟန်က ဒီလျှို့ဝှက်နေရာကို သိနေသလို စိတ်ကြိုက်သွားလာနိုင်တယ်၊ ပြီးတော့ အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ရဲ့ အဓိကမှတ်တမ်းတွေကိုလည်း အနတ္တဓား ကာကွယ်ထားတဲ့ နယ်မြေရဲ့အောက်ဘက်မှာ ထိန်းသိမ်းထားတယ်။ ဒကာကြီးဟန်ကသာ သူ့ရဲ့အဆင့်အတန်း ပေါ်သွားမှာ မစိုးရိမ်ရင် အဲဒီအရာတွေကို သေချာပေါက် ရယူမှာပဲ၊ ဒါပေမဲ့ အနတ္တဓားက သူ့ကို တားဆီးဖို့အတွက် ခက်ခက်ခဲခဲ ဖိနှိပ်ခံနေရမှာ စိုးရတယ်….”
“သူက အနတ္တဓားကို ခြေတစ်လှမ်းချင်းဆီ သိမ်းသွင်းဖို့ ကြိုးစားနေတာလား၊ သူ့ရဲ့ ဟန်ဆောင်မှုက နတ်ဘုရားလက်နက်တစ်ခုကို အရူးလုပ်ဖို့တော့ မဖြစ်နိုင်ဘူး၊ အနားကို သူရောက်သွားပြီဆိုတာနဲ့ အဲဒီအရာက လှုပ်ရှားလာမှာပဲ။ သူက ချက်ချင်း ပေါ်သွားလိမ့်မယ်၊ သူက အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ် လေ့ကျင့်ထားတာလား…”
ကုံဝမ်၏မေးခွန်းများ ၊ သုံးသပ်မှုများကို နားထောင်နေရင်း မုန့်ချီက တစ်စုံတစ်ခု လွှဲမှားနေကြောင်း သတိထားလိုက်မိသည်။ သူက ဖြတ်ပြောလိုက်၏။
“ကျောင်းထိုင်….
ကျွန်တော်တို့အခုရှိနေတဲ့ လျှို့ဝှက်နေရာက တောင်အနောက်ဘက်မှာရှိနေတဲ့ လျှို့ဝှက်နေရာမဟုတ်ဘူး…”
ကုံဝမ်က အံ့ဩမှင်တက်သွားပုံရသည်။
“ဒါပေမဲ့ ဒီနေရာမှာ ရှိနေတဲ့ အရာအားလုံးက ငါ့ဂိုဏ်းမှာရှိတဲ့ လျှို့ဝှက်နေရာနဲ့ တစ်ထပ်တည်းပဲလေ…”
မုန့်ချီက သူ၏ စကားလုံးများကို သေချာရွေးချယ်ပြီး ပြောလိုက်သည်။
“ပြောရမယ်ဆိုရင် ဒီလျှို့ဝှက်နေရာက ရှောင်လင်ကျောင်းတော်ရဲ့ တောင်အနောက်ဘက်မှာ တကယ်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒီရှောင်လင်ကျောင်းတော်က ကျောင်းထိုင်သိထားတဲ့ ရှောင်လင်ကျောင်းတော် မဟုတ်ဘူး…။ ကျွန်တော်က ခရီးသွားနေရင်း ဒီကမ္ဘာကြီးကို မတော်တဆ တွေ့ခဲ့ရတာ၊ ပြီးတော့ ဒီမှာရှိတဲ့ ရှောင်လင်ကျောင်းတော်က ကျွန်တော်တို့ကမ္ဘာကြီးထဲမှာ ရှိနေတဲ့ ရှောင်လင်ကျောင်းတော်နဲ့ တစ်ထပ်တည်းနီးပါး တူညီနေတယ်ဆိုတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူတို့က လျှံတိုင်တောင်ထိပ်ဆိုတဲ့ နာမည်အစား ရှေးဟောင်းနာမည် ရှို့ဟွာတောင်ထိပ်ဆိုတဲ့ နာမည်ကိုပဲ အသုံးပြုခဲ့တယ်….”
ကုံဝမ်က သူပြောနေသည့်စကားကို နားထောင်ရင်း အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက သက်ပြင်းချလိုက်မိသည်။
“အော်မီတော်ဖော်……
ဒါဆိုရင်တော့ အခု ငါက ဒကာကြီးဟန်ရဲ့ ရည်ရွယ်ချက်ကို သိသွားပြီ…”
“ကျေးဇူးပြုပြီး ပြောပြပါဦး ကျောင်းထိုင်…”
မုန့်ချီက သတိထားနေခဲ့သည်။
သူက အလယ်ခေတ်တွင် တွက်ချက်ရေးသူတော်စင် ဆိုးဆိုးဝါးဝါး သေဆုံးသွားခဲ့မှုနှင့် ပတ်သက်ပြီး အနည်းငယ်လေးသာ သိထားသော်လည်း ထိုအဖြစ်အပျက်တွင် သူ့ဆရာနှင့် ဆရာတူညီလေး ပါဝင်ပတ်သက်နေသလို သူ့အသက်လည်း ပါဝင်ပတ်သက်နေသည်။
သူက ထိုကိစ္စကို အဆုံးစွန်ထိ ရှာဖွေဖော်ထုတ်ရမည်ဖြစ်၏။ ဓမ္မကာရအဆင့် ပညာရှင် တစ်ယောက်ဖြစ်သော ကုံဝမ်က ဤဝင်္ကပါထဲတွင် ပိတ်မိနေသော်လည်း သူ၏လျှို့ဝှက်ချက်များကို မျှဝေပေးရန် လိုအပ်သည်။
သူက မုန့်ချီ၏အသံထဲတွင် ထူးဆန်းမှုကို ခံစားမိသည့်အတွက် ခဏကြာစဉ်းစားပြီး ပြောလိုက်၏။
“ဒကာလေး စု…
မင်းက လေဟာနယ်အလင်းတန်း အပိုင်းအစဆိုတာကို ကြားခဲ့ဖူးလား…”
“မကြားဖူးပါဘူး…”
မုန့်ချီက အံ့အားသင့်စွာ ပြောလိုက်သည်။
ဤဝင်္ကပါထဲမှ လွတ်မြောက်ရန် အခွင့်အရေးက သူ့ရှေ့တွင် ရှိနေသော လူငယ်လေး၏ လက်ထဲတွင် ရှိနေကြောင်း နားလည်နေသည့်အတွက် ကုံဝမ်က ရှင်းပြလိုက်သည်။
“ထိပ်သီးအင်အားကြီးပညာရှင်တွေရဲ့ တိုက်ပွဲကြောင့်ပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ပြောင်းလဲမှုတွေကြောင့်ပဲဖြစ်ဖြစ် တခြားအခွင့်အရေးတွေကြောင့်ပဲဖြစ်ဖြစ် တခါတရံ ငါတို့ရဲ့ကမ္ဘာကြီးတွေက ပျက်စီးသွားတက်တယ်။ အဲဒီလို ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေက ငါတို့ရဲ့ကမ္ဘာကြီးထဲမှာ အပိုင်းပိုင်းအစစ ပျက်စီးနေပြီး တခါတရံ အချိန်ကတောင် ပျက်စီးသွားတတ်တယ်…”
“ပြောရမယ်ဆိုရင် အနာဂတ်က မသေချာမှုတွေ အများကြီးပဲ၊ အဲဒီအပိုင်းအစတွေက မသေချာမှုတွေ ဖြစ်လာခဲ့တယ်၊ အဲဒီလေဟာနယ်အလင်းတန်းအပိုင်းအစတွေက မတည်ငြိမ်သလို ပြည့်စုံမှုလည်း မရှိဘူး…။ နည်းနည်းလောက်ကပဲ အချိန်ကြာမြင့်စွာ တည်ရှိနိုင်ကြပြီး အချိန်မြစ်ထဲမှာ လွင့်မျောနေကြတယ်။ ဓမ္မကာရအဆင့်ကို ရောက်သွားပြီး အဲဒီအပိုင်းအစတွေကို ရှာတွေ့သွားရင်တော့ သန့်စင်နယ်မြေထဲကို စိတ်ဝိညာဉ်နဲ့ ခရီးသွားလို့ရနိုင်တယ်၊ ဒါပေမဲ့ သူတို့တွေက အရမ်းကို လျှို့ဝှက်လွန်းတဲ့အတွက် အခွင့်အရေးကလည်း အရမ်းရှားတယ်…”
သိပ္ပံပညာကို လေ့လာခဲ့ဖူးသော ကျောင်းသားတစ်ယောက် ဖြစ်သည့်အတွက် မုန့်ချီက ကုံဝမ် ရှင်းပြသည့် အကြောင်းအရာများစွာကို သုံးသပ်နိုင်သည်။
“ဒါဆိုရင် ဒီနေရာက အတိတ်တုန်းက ရှောင်လင်ကျောင်းတော်လား…”
ထို့ကြောင့်လည်း အနတ္တကျိန်စာဖျက်ဓားပညာ၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုနှင့် ရှောင်လင်ကျောင်းတော်၏ လျှို့ဝှက်ချက်များက ဤနေရာတွင် ရှိနေရခြင်းဖြစ်နိုင်သည်။
“ဟုတ်တယ်။ ပြောရရင် အဲဒီထက်တောင် ရှေးကျနိုင်သေးတယ်။ ဒကာလေး ပြောတဲ့စကားတွေအရ ပြင်ပမကောင်းဆိုးဝါးဝင်္ကပါထဲမှာရှိတဲ့ ဘုန်းတော်ကြီးက ဘုန်းတော်ကြီး ဗောဓိဓမ္မ မဟုတ်ဘူး…”
ထိုအရာက ဘုန်းတော်ကြီးဓမ္မ၏ ပုံရိပ်ယောင်မဟုတ်ကြောင်း ကုံဝမ်က သေချာနေပုံရသည်။
မုန့်ချီက ရှုပ်ထွေးသွားခဲ့၏။
“ဒါပေမဲ့ ရှို့ဟွာတောင်ထိပ်မှာလည်း ရှောင်လင်ကျောင်းတော်ရှိနေတယ်လေ။ ပုံစံတွေကလည်း ရှောင်လင်ကျောင်းတော်နဲ့ အတူတူပဲ..”
“ဒကာလေးစု…..
ကျေးဇူပြုပြီး ဒီအဘိုးကြီးပြောတဲ့စကားကိုပဲ သေချာနားထောင်ပေးပါ…”
ကုံဝမ်က ဤနေရာတွင် နှစ်ပေါင်းများစွာ ပိတ်မိနေသော်လည်း သူက အနည်းငယ်လေးပင် စိုးရိမ်နေခဲ့ခြင်း မရှိချေ။ သူ၏ကျင့်စဉ်နှင့် နှလုံးသားကတော့ ထူးထူးခြားခြားကို တည်ငြိမ်နေခဲ့၏။
သူက ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
“လေဟာနယ်အလင်းတန်း အပိုင်းအစတွေက ငါတို့ရဲ့ကမ္ဘာကြီးနဲ့ ထူးခြားစွာ ဆက်သွယ်နေကြတယ်၊ နယ်မြေတစ်ခုရဲ့ အစိတ်အပိုင်း၊ နယ်မြေတွေရဲ့နာမည်က တစ်ထပ်တည်းတောင် တူညီနိုင်တယ်၊ အပိုင်းအစတွေရဲ့အစမှာ လူတွေကတောင် အတူတူပဲ…”
မုန့်ချီက အတော်လေးကို ကြောက်လန့်သွားခဲ့သည်။ အကယ်၍ သူကသာ ထိုကဲ့သို့ အပိုင်းအစတစ်ခုထဲကို ဝင်ရောက်မိမည်ဆိုလျှင် ကိုယ်ပွားတစ်ခု ဖြစ်သွားမည် မဟုတ်ပေလော၊ ထိုသို့ဖြစ်သွားသည့်အချိန်တွင် သူက သူ့ကိုယ်သူ သေချာနိုင်ဦးမယ်လော၊ သို့မဟုတ် သူကိုယ်တိုင်က တခြားတစ်ယောက် ဖြစ်သွားမည်လော….။
“မင်းက အဆင့်တစ်ခုကို ရောက်သွားပြီဆိုရင်တော့ အပိုင်းအစတစ်ခုထဲမှာ မင်းရဲ့ကိုယ်ပွားတစ်ခုကို သိမ်းဆည်းထားလို့ ရနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ အခုလေဟာနယ်အလင်းတန်း အပိုင်းအစတွေထဲမှာ ရှေးဟောင်းဒဏ္ဍာရီပညာရှင် တွေက သူတို့ရဲ့ကိုယ်ပွားတွေကို ချန်ထားခဲ့ကြတယ်၊ တူညီတဲ့ပစ္စည်းတွေ၊ စိတ်ဝိညာဉ်လွှဲပြောင်းမှုတွေကလည်း တူညီတဲ့ကံကြမ္မာကို ဆက်ခံရတာပဲ၊ ကံကြမ္မာတွေကလည်း အတူတူပဲ…”
ကုံဝမ်က မုန့်ချီ၏အကြောက်တရားကို ခန့်မှန်းမိပုံရသည်။ ရုတ်တရက်ဆိုသလို မုန့်ချီက ကောင်းကင်ဧကရာဇ်နှင့် မကောင်းဆိုးဝါးသခင်တို့ သံသရာကမ္ဘာကြီးများစွာထဲတွင် ပေါ်ပေါက်လာရသည့် လျှို့ဝှက်ဆန်းကြယ်မှုကို စတင်နားလည်လာခဲ့၏။ သို့သော် သံသာကမ္ဘာကြီးများက သူ၏ကမ္ဘာကြီးနှင့် တစ်ထပ်တည်း တူညီနေခြင်း မရှိချေ။ အမှန်အတိုင်းပြောရလျှင်တော့ သူတို့က ကွဲပြား၏။
ဤနေရာတွင် ရှိနေသော ရှောင်လင်ကျောင်းတော်က သူ့ကမ္ဘာထဲတွင် ရှိနေသော ကျောင်းတော်နှင့် တထပ်တည်း တူညီနေခြင်း မဟုတ်ချေ။ ထိုအရာက လေဟာနယ်အလင်းတန်း အပိုင်းအစထဲတွင် ရှိနေသလို မထင်ရပေ။ မုန့်ချီကတော့ အမှန်တရားကိုသိရန် ခြေတစ်လှမ်း နီးကပ်လာပြီဖြစ်ကြောင်း ခံစားမိနေခဲ့၏။ သို့သော် သူက ယခင်တုန်းကထက်ပင် ပို၍ရှုပ်ထွေးသွားခဲ့သည်။
“လေဟာနယ်အလင်းတန်း အပိုင်းအစတွေ အသွင်ပြောင်းလာတာနဲ့အမျှ သူတို့က ပုံမှန်နဲ့ တူညီလာပြီး အစွမ်းထက်တဲ့သူတွေကပဲ ဒဏ္ဍာရီတွေ ချန်ထားနိုင်တော့တယ်။ လူအနည်းစုကပဲ အဲဒီအပိုင်းအစထဲကနေ လွတ်မြောက်နိုင်ကြတယ်…”
ကုံဝမ်က ရှင်းလင်းချက်ကို အဆုံးသတ်လိုက်ပြီး နောက်ထပ်စကားစတစ်ခု ဆွဲခေါ်သွားခဲ့သည်။
“ဒီနေရာကြီးကတော့ အနတ္တရဲ့ လျှို့ဝှက်နေရာအဖြစ် အသုံးချခဲ့တဲ့ အပိုင်းအစတစ်ခု ဖြစ်နိုင်တယ်။ ဒါကြောင့်လည်း သူက လျှံတိုင်တောင်ထိပ်ကို အဓိကကိုယ်စားပြုနေတာ…”
“သေချာသွားပြီ။ ဒါဆိုရင် ဒီနေရာက အနတ္တရဲ့ သန့်စင်နယ်မြေကနေ အသွင်ပြောင်းလာတဲ့ လျှို့ဝှက်နေရာတစ်ခု ဖြစ်နေတာပဲ…”
မုန့်ချီက သက်ပြင်းချလိုက်မိပြီး လေပူများကို မှုတ်ထုတ်လိုက်သည်။
“နဂိုတုန်းကတော့ အပိုင်းအစတွေက သီးခြားဆီ ရှိနေတာပဲ။ တဖြည်းဖြည်းနဲ့ အပိုင်းအစတွေက ကြာသွားရင် ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူတို့တွေက ငါတို့ကမ္ဘာကြီးရဲ့သက်ရောက်မှုကို မခံရတော့ဘူး။ ဒါပေမဲ့ ကမ္ဘာကြီးတွေက မတူညီတဲ့ နည်းလမ်းတွေနဲ့ ဆက်သွယ်ထားကြတယ်။ တကယ်လို့ ဓမ္မကာရအဆင့် အစွမ်းမျိုးရှိတယ်ဆိုရင် အပိုင်းအစတွေထဲမှာ တံဆိပ်တွေ ချန်ထားခဲ့ပြီး အဲဒီအရာတွေနဲ့ ဆက်သွယ်လို့ရတယ်။ ဒါပေမဲ့ ရှေးဟောင်းအင်အားကြီးပညာရှင်လို အဆင့်မျိုးမရှိဘဲ အဲဒီလိုတံဆိပ်တွေ ချန်ထားဖို့ အစွမ်းမရှိနိုင်ဘူး…”
ကုံဝမ်က အပြုံးနှင့် ပြောလိုက်သည်။
“မင်းက ဒီနေရာကို ဝင်လာခဲ့တဲ့အချိန် ‘ကရုဏာရှိပြီး သနားကြင်နာတတ်သူ မဝင်ရ’ ဆိုတဲ့ စကားလုံးတွေ ရေးထားတဲ့ တံခါးကိုမြင်ခဲ့ရလား၊ ဒီနေရာက ဗုဒ္ဓရဲ့အငွေ့အသက်တွေ ဓမ္မအနှစ်သာရတွေ မရှိဘူး။ ဒါက သတိပေးချက်တစ်ခုလိုပဲ..”
“ဟုတ်တယ်…”
မုန့်ချီက ချက်ချင်း တုန့်ပြန်လိုက်မိသည်။
“ငါတို့ရဲ့ တောင်အနောက်ဘက်မှာရှိတဲ့ တံခါးပေါ်က စကားလုံးတွေကတော့ ပိတ်လှောင်ထားတဲ့အစွမ်းကိုပဲ အလေးထားတာ…”
“ဒါဆိုရင် ကျွန်တော်တို့ တောင်အနောက်ဘက်မှာရှိတဲ့ တံခါးပေါ်က စကားလုံးတွေက ပိတ်လှောင်တဲ့အစွမ်းတွေပဲ ရှိနေတာလား…”
“ရှောင်လင်ကျောင်းတော်က ဓမ္မကာရအဆင့် ပညာရှင်တွေ ပိုင်ဆိုင်ထားခဲ့တဲ့ ဂိုဏ်းတစ်ခုပဲ။ ပြီးတော့ ဓမ္မကာရအဆင့် သိုင်းကွက်တွေလည်း အများကြီးရှိတယ်။ ငါတို့ရဲ့တည်ဆောက်ပုံတွေ အပြင်အဆင်တွေအားလုံးက ဓမ္မကာရအဆင့် ဝင်္ကပါနဲ့ ဖန်တီးထားတယ်။ အဲဒီအရာတွေအားလုံးက ဒီနေရာမှာရှိတဲ့ ဘုန်းတော်ကြီးအားလုံးရဲ့ ရွေးချယ်မှုနဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတယ်…”
“ဒါဆိုရင် ပါးကွ(၈)ကွက်ဝင်္ကပါရဲ့ အရိပ်အယောင်တွေ ရုတ်တရက် ပေါ်လာတာက ဘာဖြစ်တာများလဲ၊ ဒါက တော်တော်လေး ဆိုးသွားပြီ။ တစ်ယောက်ယောက်က တောင်အနောက်ဘက်မှာရှိတဲ့ လျှို့ဝှက်နေရာကို ရောက်နေပြီပေါ့…”
အကယ်၍ ကျူးကျော်သူကသာ ဓမ္မကာရအဆင့် ဖြစ်နေမည်ဆိုလျှင် အခြေအနေက ပိုပြီးဆိုးရွားသွားနိုင်သည်။
ကုံဝမ်က တည်ငြိမ်သွားခဲ့၏။
“ဒီလောက်လည်း စိုးရိမ်မနေပါနဲ့။ ဘုန်းတော်ကြီး ဗောဓိဓမ္မကတောင် ဆဌမအလွှာထိပဲ တက်နိုင်ပြီး ဗုဒ္ဓလက်ဝါး တတိယသိုင်းကွက်ကို ရနိုင်ခဲ့တယ်။ သူက တောင်ထိပ်ပေါ်ကို မရောက်နိုင်ခဲ့ဘူး။ အခုချိန်တက်ဖို့ကတော့ ပိုပြီးတော့တောင် ခက်ခဲနိုင်သေးတယ်။ ဒကာကြီးဟန်က ရှောင်လင်ကျောင်းတော်ထဲမှာ ဒီလောက်ထိ အားကြိုးမာန်တက် ပုန်းအောင်းနေခဲ့တာဆိုတော့ သူက ဘုန်းတော်ကြီးဗောဓိဓမ္မရဲ့တံဆိပ်ကိုဖွင့်ဖို့ နည်းလမ်းကို သိပ်မကြာခင် အတောအတွင်း ရှာတွေ့သွားတာလည်းဖြစ်နိုင်တယ်..”
“ဘုန်းတော်ကြီး ဗောဓိဓမ္မရဲ့ တံဆိပ်လား”
မုန့်ချီက ပြန်မေးလိုက်မိသည်။ သို့သော် ဤကဲ့သို့ ထူးဆန်းသည့် နေရာတစ်ခုက ပိတ်လှောင်ထားသည့်အတွက် သူလည်း စိတ်အေးသွားခဲ့၏။
မုန့်ချီက နားလည်မှုလွဲသွားသည်ကို မြင်သည့်အခါ ကုံဝမ်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ဒီနေရာက ဗုဒ္ဓလက်ဝါးကို ဖုံးကွယ်ထားပေမဲ့ လူတစ်ယောက်ရဲ့ မကောင်းဆိုးဝါး သဘာဝကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ဘုန်းတော်ကြီး ဗောဓိဓမ္မက ဒီနေရာကို ပထမဆုံးဝင်လာခဲ့တဲ့အချိန် သူ့ရဲ့မကောင်းဆိုးဝါး သဘာဝပေါ်ပေါက်လာတာကို သတိမထားမိခဲ့ဘူး။ အဲဒီအချိန်မှာ သူက ဓမ္မကာရအဆင့်ကို မရောက်သေးတဲ့အတွက် သူ့ရဲ့ခန္ဓာကိုယ်က မကောင်းဆိုးဝါးသဘာဝကို ဖယ်ရှားဖို့ မတတ်နိုင်ဘူးဆိုတာ နားလည်သွား ခဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးသဘာဝက တဖြည်းဖြည်းပိုပြီးတော့ ကြီးထွားလာခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ရှာတွေ့သွားခဲ့ပြီး သူ ယုံကြည်တဲ့ ပစ္စည်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲဒီနောက်တော့ သူ့ဆီကနေ မကောင်းဆိုးဝါးသဘာဝကို အတင်းအကြပ် ဖယ်ရှားနိုင်ခဲ့တယ်…”
“အဲဒီမကောင်းဆိုးဝါးရဲ့အစွမ်းကလည်း သူနဲ့အတူတူပဲ။ အဲဒီမကောင်းဆိုးဝါး သဘာဝက ဓမ္မအဖြစ် ပြောင်းလဲသွားပြီး သူတို့နှစ်ယောက်က သူသေကိုယ်သေ တိုက်ခိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ကစ္စပသန့်စင်နယ်မြေက ပျက်စီးသွားခဲ့ပြီး မကောင်းဆိုးဝါးဝိညာဉ်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ အသက်ကြီးနေတဲ့ ဘုန်းတော်ကြီးဓမ္မကလည်း သက်တမ်းကုန်ဆုံးသွားတဲ့အချိန်မှာ သေဆုံးသွားခဲ့ရတယ်။ သူမသေခင် အဲဒီကျောက်တုံးတံခါးကို ပိတ်ဆို့ထားခဲ့ပြီး အနတ္တရဲ့ သန့်စင်နယ်မြေကိုတော့ အဆုံးမဲ့ လေဟာနယ်ထဲမှာ ဖယ်ရှားပစ်ခဲ့တယ်။ ဒါကြောင့် ကျောင်းထိုင်အစဉ်အဆက်က လျှို့ဝှက်မှတ်တမ်းတွေထဲကနေသာ ဒီနေရာကို ရှာတွေ့နိုင်တယ်။ တခြားသူတွေကတော့ ဒီနေရာကို ဝင်လာနိုင်တဲ့ လျှို့ဝှက်တံခါးကို ရှာနိုင်မှာ မဟုတ်ဘူး။ အခု ကျောက်တုံးတံခါးက နောက်တစ်ကြိမ်ပေါ်လာပြီဆိုတော့ အဲဒါက ဒကာကြီးဟန်ရဲ့ လုပ်ရပ်ပဲဖြစ်နိုင်တယ်…”
“ဒါဆိုရင် အမှန်တရားက ဘုန်းတော်ကြီး ဗောဓိဓမ္မနဲ့ မကောင်းဆိုးဝါးရဲ့တိုက်ပွဲကြောင့် ဖြစ်လာတာပေါ့၊ ဒါကြောင့်လည်း ရှောင်လင်ကျောင်းတော်ထဲမှာ မဖော်ထုတ်ရသေးတဲ့ လျှို့ဝှက်လမ်းကြောင်းတွေ ရှိနေသေးတာပဲ…”
မုန့်ချီကတော့ အတိတ်တွင် ရှိခဲ့သော သံသယများစွာအတွက် အဖြေများ ရရှိလာခဲ့သည်။
ကုံဝမ်က ဆက်ပြောလိုက်သည်။
“ဘုန်းတော်ကြီးဗောဓိဓမ္မရဲ့ စကားအရ တောင်ထိပ်မှာ ဗုဒ္ဓလက်ဝါး တတိယသိုင်းကွက်ထက်တောင် ပိုသာနိုင်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေနိုင်တယ်။ ဒကာကြီးဟန်က ဒီလေဟာနယ်အလင်းတန်း အပိုင်းအစကနေ တောင်ထိပ်ပေါ်ကို ရောက်သွားပြီး သဲလွန်စ တွေ့သွားမှာကို ကြောက်နေရတယ်။ ဒါကြောင့်လည်း သူက သန့်စင်နယ်မြေထဲကို ဝင်ရောက်ဖို့ လှည့်ကွက်တွေ လုပ်နေပြီး ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို ဖေါ်ထုတ်ချင်နေတာပဲ…”
“ဒီကမ္ဘာကြီးထဲမှာ ဓမ္မကာရအဆင့် ပညာရှင်တွေ အများကြီးရှိတယ်။ သူက ဒကာကြီးလုရဲ့ ပြိုင်ဘက်မဟုတ်တာကို သိနေတဲ့အတွက် ဒကာကြီးဟန်က အယောင်ဆောင်ပြီး သူ့ရဲ့ရည်မှန်းချက်ပြည့်အောင် အချိန်အကြာကြီး လုပ်ဆောင်နေခဲ့တာ…”
လေဟာနယ်အလင်းတန်းအပိုင်းအစ၏ အတွင်းထဲတွင် ရှိနေသာ ဝင်္ကပါ၏အစွမ်းက အနတ္တ၏သန့်စင်နယ်မြေထက် အဆပေါင်းများစွာ ပို၍နည်းပါးသည်။ ထိုအချိန်တွင် မုန့်ချီက ရုတ်တရက်နားလည်သွားပြီး ပြောလိုက်၏။
“ဒါကြောင့်လည်း သူက အနတ္တဓားကို မထိရဲတာပဲ…။ အဲဒီနတ်ဘုရားလက်နက်က သူ့ရဲ့အစစ်အမှန်ကို ဖေါ်ထုတ်ပြီး သူ့ရဲ့အစီအစဉ်ကို ဖျက်ဆီးလိုက်မှာ ကြောက်နေခဲ့တာ၊ ဒါကြောင့်လည်း သူက အရိုးကြွက်သားအားဖြည့်ကျင့်စဉ်ရဲ့ အစစ်အမှန်စွမ်းရည်ကို စိတ်မဝင်စားဘဲ တခြားနည်းလမ်းတွေကိုပဲ ရှာဖွေနေခဲ့တာ၊ ဒါကြောင့်လည်း သူက ရှောင်လင်ကျောင်းတော်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာလို့ မရနိုင်တာပဲ။ သူ့ဆီမှာ အကြောင်းပြချက်တွေ ဟန်ဆောင်မှုတွေရှိနေတာပဲ..”
ကုံဝမ်က သက်ပြင်းချပြီး ပြောလိုက်၏။
“ဒါပေမဲ့ သူက တခြားဘုန်းတော်ကြီးတွေကို လွှမ်းမိုးနိုင်တယ်၊ ဒကာကြီးဟန်က မကောင်းဆိုးဝါးကျင့်စဉ်မှာ တကယ့်ကို ပါရမီရှိတဲ့ ပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် တခြားကိုယ်တော်တွေကို လွှမ်းမိုးနိုင်ပြီး သူတို့တွေကို အကျင့်စာရိတ္တပျက်ပြားအောင် လုပ်ဆောင်နိုင်တယ်…။ ဝူကျင်းရဲ့အကျင့်စရိုက်က တည်တံ့ပေမဲ့ သူက ကြာကြာခံနိုင်မှာ မဟုတ်ဘူး။ သူက မကောင်းဆိုးဝါးလမ်းစဉ်ကိုတောင် ရောက်သွားလောက်ပြီ။ အပြစ်ပေးမှုတွေမှာ သူကိုင်တွယ်တဲ့ နည်းလမ်းတွေက ငါတို့ရဲ့စည်းမျဉ်းတွေအတိုင်းပဲ ဖြစ်ပေမဲ့ သူ့မှာ ဗုဒ္ဓလို သနားညှာတာမှုတွေ မရှိဘူး။ သူက မင်းကို စေတီထဲ လွှတ်ပြီး မင်းရဲ့လုပ်ရပ်အမှားတွေအတွက် ဆယ်နှစ်လောက်ပဲ တရားထိုင်ခိုင်းသင့်တယ်…”
“ဒါကြောင့်လည်း ကျွန်တော့်ကို ဂိုဏ်းထဲကနေ မောင်းထုတ်လိုက်ကြတာပေါ့…”
မုန့်ချီက ရှုံ့မဲ့သွားခဲ့သည်။
…………..
အနတ္တ၏ အစစ်အမှန်သန့်စင်နယ်မြေထဲတွင် ဝမ်စစ်ယွမ်က ပျက်စီးနေသော အနတ္တ၏ ပန်းပုရုပ်ကို စိုက်ကြည့်နေပြီး ရှားရှားပါးပါးအမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူ၏မျက်နှာအမူအရာက အနည်းငယ် ရူးသွပ်နေသလို ထင်မှတ်ရ၏။
သူက အံကြိတ်ပြီး ပြောလိုက်သည်။
“တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတာပဲ…”
သူက ဆဌမတံခါးကို လှည့်ကြည့်လိုက်ပြီး ဝင်္ကပါက ပြည့်စုံနေကြောင်း သတိထားမိလိုက်သည်။ ထိုနေရာတွင် မူမမှန်သော လက္ခဏာမျိုးမရှိချေ။ ထို့နောက် သူက ပြန်လှည့်ပြီး ထွက်သွားခဲ့သည်။
“မင်းက အပေါ်ကို ဆက်မတက်တော့ဘူးလား…”
သွမ့်လေက ရှုပ်ထွေးစွာ မေးလိုက်သည်။
ဝမ်စစ်ယွမ်က အားရပါးရရယ်လိုက်၏။
“ပဉ္စမအလွှာမှာရှိတဲ့ အနတ္တရဲ့ပန်းပုရုပ်က ကံကြမ္မာသက်ရောက်မှုကြောင့် ပျက်စီးသွားပြီ၊ သူ့ရဲ့အကူအညီမရှိဘဲ ငါတို့က လက်ရှိအဆင့်နဲ့ ဆဌမအလွှာကို တက်ဖို့ လုံးဝမဖြစ်နိုင်ဘူး…။ တကယ်လို့ ငါတို့မှာ လော်စာအုပ်ရှိနေတယ်ဆိုရင်တောင် အသုံးမဝင်နိုင်ဘူး…”
ဝမ်မိသာစုက ဝမ်စစ်ယွမ်ကို ကူညီရန် သိုင်းသခင်(၂)ယောက် စေလွှတ်ခဲ့သည်။ သူတို့က လော်စာအုပ်နှင့် အနတ္တပန်းပုရုပ်ကို ရရှိလိမ့်မည်ဟု သံသယဝင်နေခြင်း မရှိချေ။ သို့သော် ယခုလို အပြောင်းအလဲကို သူတို့လည်း ကြိုတင်ခန့်မှန်းနိုင်ခဲ့ခြင်း မရှိချေ။
“ဒါဆိုရင် ကျရှုံးသွားပြီလား…။ ဘာလို့ မင်းက ရယ်နေရတာလဲ..”
သွမ့်လေက ဝမ်စစ်ယွမ်ကို တိတ်တဆိတ် အပြစ်တင်လိုက်သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ…”
ဝမ်ပင်နင်က မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ဝမ်စစ်ယွမ်က အပြုံးနှင့် ပြောလိုက်သည်။
“ထိပ်သီးအင်အားကြီးပညာရှင်တွေရဲ့ ကံကြမ္မာက ထူးခြားတယ်။ လေဟာနယ်အလင်းတန်း အပိုင်းအစတစ်ခုထဲမှာရှိတဲ့ လူတစ်ယောက်က ကျွန်တော်တို့ထက် ခြေတစ်လှမ်းသာသွားပြီ…”
Translated by Hein Htet.