အခန်း (၅၅၉)
Vol. 38 Ch. 559
မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ပေါ်၌ ဖိနှိပ်ထားသော ကံကြမ္မာကြိုးမျှင်များက လွတ်မြောက်သွားခဲ့ပြီး ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားဆီသို့ ပြန်ရောက်သွားကြောင်း ခံစားလိုက်မိ၏။
သူတို့က ဖယ်ရှားခံလိုက်ရသည်။ သို့သော် ကြိုးမျှင်တစ်ခုတော့ ကျန်နေသေး၏။ အလွန်ခေါင်းမာလွန်းလှပြီး အလင်းလက်ဆုံး ကံကြမ္မာကြိုးမျှင်က သူ့ဆီတွင် ခိုင်မြဲစွာ ကပ်ငြိကျန်ခဲ့သည်။ သူ့ဆီမှ ဖြတ်တောက်ပစ်၍ မရနိုင်သည့်အတွက် ထိုအရာက သူ၏ ကံကြမ္မာတစ်စိတ်တစ်ပိုင်း ဖြစ်လာပုံရသည်။
သူ့ရှေ့တွင် မြင်နေရသော မြင်ကွင်းက တခဏအတွင်း ပြောင်းလဲသွားခဲ့၏။ သူက တစ်ကိုယ်လုံး ညစ်ပတ်စုတ်ပြတ်ပြီး အညစ်အကြေးများ ပြည့်နေသော သူတောင်းစားငယ်လေး တစ်ယောက်ကို တွေ့လိုက်ရသည်။ နေ့စဉ်နေ့တိုင်း ထိုသူတောင်းစားငယ်လေးက သူတောင်းစားများ၏ အနိုင်ကျင့်ခြင်းကို ခံနေရပြီး သူ့ရင်ထဲတွင် ဆာလောင်မွတ်သိပ်စွာဖြင့် လှည့်ပတ်သွားလာနေရ၏။
သနားစရာကောင်းသော ထိုသူတောင်းစားငယ်လေး၏ ဘဝတစ်လျှောက်လုံးတွင် နာကျင်မှုနှင့် နှိပ်စက်ခံရခြင်းကလွဲလျှင် မည်သည့်အရာမှ မရှိခဲ့ပေ။ တစ်နေ့တွင်တော့ လမ်းမပေါ်သို့ မြင်းလှည်းတစ်စီး ရောက်လာခဲ့သည်။ ထိုမြင်းလှည်းဆီမှ ညစ်ပတ်နေသော မုန့်တစ်ခုကို ပစ်ပေးလိုက်ပြီး ထိုမြင်းလှည်းကြောင့် သူက တစ်ကိုယ်လုံး ရွှံရည်များဖြင့် ညစ်ပတ်သွားခဲ့သည်။
သူက မျက်နှာပျက်သွားသည့်အချိန်တွင် မြင်းလှည်းက ရပ်တန့်သွားကြောင်း တွေ့လိုက်ရ၏။ မြင်းလှည်းထဲမှနေ၍ ဆံပင်ကို စည်းနှောင်ထားသော ချစ်စရာမိန်းမပျိုတစ်ယောက် ထွက်လာခဲ့သည်။
ထိုမိန်းမပျိုက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်သိမ်မွေ့ နူးညံ့လှ၏။ သူမက သူတောင်းစားငယ်လေးဆီသို့ လှပစွာ လျှောက်လာပြီး သူ့ရှေ့တွင် ရပ်လိုက်သည်။ ဆူပူကြိမ်းမောင်းရမည့်အစား သူမက သနားကြင်နာနေပုံရ၏။ သူမက သူ့ဒဏ်ရာများကို ကိုင်ကြည့်နေပြီး ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အမာရွတ်များကိုလည်း စိုးရိမ်နေပုံရသည်။
ထိုမိန်းမပျိုက အထင်သေးသည့်ပုံစံမျိုး မရှိဘဲ ညစ်ပတ်နေသော သူတောင်းစားလေး၏ လက်ကိုဆွဲ၍ မြင်းလှည်းထဲသို့ ဝင်စေခဲ့သည်။ ထို့နောက် သူတောင်းစားငယ်လေးကို ညှင်းပန်းနှိပ်စက် ခံနေရသည့်ဘဝမှ ကယ်တင်ပေးမည်ဟု ပြောခဲ့၏။
သူတောင်းစားငယ်လေး၏ မျက်လုံးထဲတွင်တော့ ထိုမိန်းမပျိုက အစစ်အမှန် နတ်သမီးတစ်ပါး ဖြစ်သည်။ သူ့ကို ခက်ခဲကြမ်းတမ်းသော အခြေအနေမှ ကယ်တင်ရန် ရောက်လာသော ဗောဓိတဗ္ပကဲ့သို့ ခံစားရ၏။
သူမအတွက် သူက လေ့ကျင့်မှုကို အလွန်အာရုံစိုက်ခဲ့ပြီး သိုင်းပညာများကိုလည်း လေ့ကျင့်ခဲ့သည်။ သူမအတွက် သူက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အာဟာရပြည့်ဝအောင် လုပ်ဆောင်ခဲ့၏။
တစ်ညတွင်တော့ ….
မှိတ်တုတ် မှိတ်တုတ်လင်းလက်နေသော အနီရောင်ဖယောင်းတိုင်အောက်တွင် သူမ၏ အဖြူရောင်ဝတ်စုံကို ဖယ်ရှားလိုက်သည့်အတွက် ပြိုင်ဘက်ကင်း လှပသော သူမ၏ခန္ဓာကိုယ်လေး ပေါ်လာခဲ့သည်။ ထိုညတွင်တော့ မိန်းမပျိုက သူတောင်းစားငယ်လေး၏ မှတ်ဉာဏ်ထဲတွင် အလှပဆုံး မေ့ပျောက်ပစ်၍မရသော ခံစားမှုတစ်ခုကို ပေးခဲ့သည်။ ထိုမှတ်ဉာဏ်များက သူ့ရင်ထဲတွင် ချိုသာနေသလို ခံစားရပြီး သူ့စိတ်ထဲတွင်ပင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်။
ပျော်ရွှင်စရာကောင်းသော ဘဝက သက်တမ်းတိုကြောင်း တွေ့လိုက်ရသည့်အခါ သူတောင်းစားငယ်လေးက စိတ်ပျက်သွားခဲ့၏။ သူတောင်းစားငယ်လေးက သူမ၏ တခြားသော ယောကျ်ားလေး အဖော်ပေါင်းများစွာ အကြောင်းကို သိခွင့်ရခဲ့သည်။
သူတို့အားလုံးက သူမ၏ယင်နှင့် ယန် စွမ်းအားကို ဖြည့်ဆည်းရန် အသုံးချနေသော ပစ္စည်းများသာ ဖြစ်သည်။ တစ်ခါတစ်ရံ တဏှာရမ္မက်များ ပြည့်နှက်နေသော သူမ၏ ညည်းညူသံက တခြားယောကျ်ားသားများကို အလွန်ဆွဲဆောင်နိုင်၏။ ညအချိန် သူမ၏ညည်းသံများ ထွက်ပေါ်လာသည့်အချိန်တိုင်း သူ့ရင်ထဲတွင် ပြောပြ၍ မရနိုင်သော နာကျင်မှုကို ခံစားခဲ့ရသည်။
ထိုကဲ့သို့ မနာလိုသည့် စိတ်ဆန္ဒများက သူ၏စိတ်ဝိညာဉ်ကို အညှာအတာကင်းမဲ့စွာ ဖျက်ဆီးနေခဲ့သည်။ အကယ်၍ သူကသာ လေ့ကျင့်မှုကို အလေးထားလိုက်မည်ဆိုလျှင် ထိုမိန်းမပျို၏ အလေးပေးမှုကို ရနိုင်ကြောင်း နားလည်လာခဲ့၏။ ထို့ကြောင့် သူက အောင်မြင်ကျော်ကြားသော လူတစ်ယောက် ဖြစ်လာချင်နေပြီး သူမကိုယ်တိုင် အလေးထားရသော လူတစ်ယောက် ဖြစ်လာချင်ခဲ့သည်။
တစ်နေ့တွင်တော့ အခွင့်အရေးတစ်ခုက သူတောင်းစားငယ်လေး၏ရှေ့သို့ အလိုလို ရောက်လာခဲ့၏။ သူက ဒဏ္ဍာရီထဲမှ လောကသခင်ပျက်သုဉ်းရေးဓားကို ကြည့်ရှုလေ့လာရန် အခွင့်အရေး ရခဲ့သည်။ သခင်မစု၏စကားအရ စွမ်းရည်ပြသနိုင်သူများက ထိုအငွေ့အသက်ကို ကြည့်ပြီး လွတ်လပ်စွာ လေ့ကျင့်နိုင်သည့်အပြင် ဓားသွားထဲ၌ ရှိနေသော လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သွားလျှင် ဓား၏အစွမ်းက ပြန်လည်နိုးထလာနိုင်ပေသည်။
သူတောင်းစားငယ်လေးဆီတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသော်လည်း လက်ဗလာနှင့် ပြန်လာခဲ့ရ၏။ သူလည်း တခြားသူများကဲ့သို့ ဓားကို နိုးထစေနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် မျှော်လင့်ချက်များ အားလုံးတော့ ပျက်စီးသွားခြင်း မရှိသေးပေ။
သူတောင်းစားငယ်လေးက အလွန်စိတ်ပျက်နေသည့်အချိန်တွင် အလွန်ထူးဆန်းသော နယ်မြေတစ်ခုသို့ ရောက်ရှိသွားပြီး ထိုနေရာတွင် ခရမ်းမိုးကြိုးစွမ်းအားများ၏ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့သည်။ ထို့ကြောင့် သူက သိုင်းပညာလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းနိုင်ခဲ့ပြီး ဆန်းကြယ်ခြင်းနတ်သမီးနှင့် ပျော်ရွှင်ခြင်း ဗောဓိတဗ္ပတို့၏ စိတ်ဝင်စားမှုကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
သူ၏ အောင်မြင်မှုများက သူကိုယ်တိုင် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်ဟု သူတို့က နားလည်မှု လွဲနေကြသည့်အတွက် သူ့အပေါ် တဖြည်းဖြည်း အရေးပေးလာကြသည်။ သူက အရင်းအမြစ်များနှင့် အထောက်အပံ့များရခဲ့ပြီး ပျော်ရွှင်ခြင်း ဗောဓိတဗ္ပ ပေးစွမ်းသော အရာများကိုလည်း ရရှိခဲ့၏။
“စွမ်းအား၊ အဆင့်အတန်း၊ ရိုသေလေးစားမှုနှင့် မိန်းမပျိုများ…”
ယောကျ်ားတိုင်း တောင့်တနေကြသည့် ပိုင်ဆိုင်မှုများ အားလုံးက သူတောင်းစားငယ်လေးဆီကို ရောက်လာခဲ့သည်။ သူကတော့ ကြည်နူးနှစ်သိမ့်သည့် ခံစားချက်များ၊ အစစ်အမှန် အကျိုးအမြတ်များအားလုံးကိုလည်း ပြည့်ပြည့်ဝဝ နားလည်လာခဲ့၏။
သူက ခံစားမှုများ အားလုံးအပေါ် အရူးအမူး စွဲလမ်းနေသည့်အတွက် ထိုသူတောင်းစားငယ်လေးက သူ့ကို တွန်းအားပေးခဲ့သော ရည်ရွယ်ချက်ကိုပင် စတင်မေ့လျော့လာခဲ့၏။ တစ်ချိန်တုန်းက ဆန်းကြယ်နတ်သမီးအပေါ် ထားရှိခဲ့သော သစ္စာရှိမှုနှင့် စွဲလမ်းမှု၏ နေရာတွင် သူမကို ပိုင်ဆိုင်လိုသည့် စိတ်ဆန္ဒတစ်ခုသာ အစားထိုး ဝင်ရောက်လာခဲ့၏။
သူတောင်းစားငယ်လေးက လောကသခင်ပျက်သုန်းခြင်းဓားမှ ရရှိလာခဲ့သော ခံစားခွင့်များ ၊ အကျိုးအမြတ်များ အားလုံးကို သိနေသည်။ သူက မိုးကြိုးနတ်ဘုရားနှင့် လောကသခင်တို့၏ ဆက်ခံသူ ဖြစ်မည်ဟု မှားယွင်းယူဆနေခြင်းကြောင့်လည်း ဖြစ်၏။ အကယ်၍ သူ၏စွမ်းရည်များသာ ပေါ်သွားပြီး အမှန်တရားကို သိသွားခဲ့လျှင် သူ့နေရာ၌ တခြားစွမ်းရည်ရှိသော သူများကို အစားထိုးမည်ဖြစ်ကြောင်း သူလည်း နားလည်နေခဲ့သည်။
ထိုသို့ဆိုလျှင် သူရောက်လာခဲ့တဲ့ တွင်းနက်ကြီးထဲကိုပင် ပြန်ရောက်သွားနိုင်သည်။ သူက မိန်းကလေးတပည့်များ စွမ်းရည်ပြန်ဖြည့်ရန်အတွက် အသုံးအဆောင်ပစ္စည်း သက်သက်သာ ဖြစ်သွားရပါလိမ့်မည်။ နူးညံ့ချိုသာသော အရသာများကို ခံစားလိုက်ရပြီးနောက် ထိုအရာများကို ဆုံးရှုံးရန် ကြောက်လန့်နေခဲ့သည်။
သူတောင်းစားငယ်လေး၏ ရင်ထဲတွင် သံသယများ ၊ အကြောက်တရားမျိုးစုံကတည်း တဖြည်းဖြည်း နက်ရှိုင်းလာခဲ့၏။ မသက်မသာ ခံစားရမှုနှင့် အကြောက်တရားများက သူ့ကို တောက်လျှောက် ဖိအားပေးနေခဲ့သည့်အတွက် သူက မိုးကြိုးစွမ်းရည်များကို ပြည့်ပြည့်ဝဝ အသုံးချနိုင်ရန် ခရမ်းမိုးကြိုးဓားသိုင်းပညာကို လေ့ကျင့်ခဲ့သည်။
သူက လောကသခင်ပျက်သုန်းခြင်းဓား၏ လက်ခံမှုနှင့် အသိအမှတ်ပြုမှုကို အမှန်တကယ် ရရှိပြီး သူ၏အစစ်အမှန် ဆက်ခံသူတစ်ယောက် ဖြစ်လာရန်အတွက် ခရမ်းမိုးကြိုးဓားသိုင်းပညာကို အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့သည်။ ခရမ်းမိုးကြိုးဓားသိုင်းပညာ၏ (၈)ကွက်မြောက် ၊ (၉)ကွက်မြောက် သိုင်းကွက်များက သူ၏ သက်တမ်းကို လျော့ကျစေသော်လည်း ထိုသူတောင်းစားငယ်လေးကတော့ ဂရုမစိုက်ခဲ့ပေ။ သူက ထိုစွမ်းရည် နှစ်ခုလုံးကို ရရှိရန်အတွက် ဓားသွားပေါ်တွင်လည်း လမ်းလျှောက်ရဲသည်။
သူက ထိုသိုင်းကွက်နှစ်ကွက်ကို ပြည့်ပြည့်ဝဝ နားလည်သွားသည့် အချိန်တွင် လောကသခင်ပျက်သုန်းခြင်းဓားဆီမှ အလင်းရောင်အနည်းငယ် ထွက်ပေါ်လာပြီး သူနှင့် တိကျသော ဆက်သွယ်မှုတစ်ခု ရှိလာသည့်အတွက် အနည်းငယ် ဝမ်းသာသွားခဲ့၏။ သူကတော့ ထိုအကျိုးအမြတ်များကြောင့် ဝမ်းသာနေသည့်အချိန်တွင် သူ့တံခါးကို တစ်စုံတစ်ယောက်က နောက်တစ်ကြိမ် လာခေါက်ခဲ့သည်။
မိုးကြိုးနတ်ဘုရား၏ အစစ်အမှန် ဆက်ခံသူက ပေါ်ထွက်လာခဲ့၏။ ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရားဟူသော နာမည်ကို ယူထားသည့်အတွက် လောကသခင်ပျက်သုဉ်းခြင်းဓားနှင့် အမွေအနှစ်များကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ရမည်ဟု စဉ်းစားထားခဲ့သည်မှာ ကြာခဲ့ပါပြီ။
သူကတော့ အမုန်းတရားများ၊ မနာလိုမှုများ၊ ထွက်ပေါ်လာသည့်အတွက် မုန့်ချီ အပါအဝင် ထိုလူများကို ရှင်းပစ်ရန် သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့သည်။ ထို့ကြောင့်လည်း ယခုလို အဖြစ်အပျက်များ ပေါ်လာခဲ့ရခြင်း ဖြစ်သည်။
မုန့်ချီ၏ ခေါင်းထဲတွင် ပေါ်လာခဲ့သော ကံကြမ္မာဝန်ထုတ်ဝန်ပိုးများက ယခုတော့ သူကိုယ်တိုင် ခံစားလိုက်ရပြီ ဖြစ်သည်။
“လောကသခင်ပျက်သုဉ်းခြင်းဓားကို နောက်တစ်ကြိမ် လေ့လာပြီး သူ့ရဲ့ အမွေအနှစ်တွေကို နားလည်အောင် ကြိုးစားရမယ်..”
ကံကြမ္မာဝန်ထုတ်ဝန်ပိုးများ၏ သဘောတရားက တစ်ဖက်လူ၏ ဆန္ဒမပြည့်မချင်း ပျောက်ကွယ်သွားခြင်း မရှိနိုင်ပေ။ မုန့်ချီက လောကသခင်ပျက်သုန်းခြင်းဓားကို နောက်တစ်ကြိမ် ပြန်ကြည့်ခွင့်ရလျှင်ပင် လုံလောက်သည်။ သူ၏ အမွေအနှစ်များကို အောင်အောင်မြင်မြင် ရရှိနိုင်ခြင်းကတော့ နောက်မှ လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်၏။
ထိုအရာက ဝမ်ကလန်မှ မျိုးနွယ်ခေါင်းဆောင်ကဲ့သို့ ကံကြမ္မာစွဲလမ်းမှုများလည်း ဖြစ်သည်။ သူကတော့ သူ့ကလန် ဆက်လက်တိုးတက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ရရန် သူ့ကိုယ်သူ စတေးခဲ့၏။ ကံကြမ္မာနှင့် ပတ်သက်သောအရာများက ရှုပ်ထွေးလွန်းလှပြီး စကားလုံးနှင့် ပြောပြရန်ပင် ခက်ခဲလှသည်။
“သခင်မစုရဲ့ နတ်သမီးနယ်မြေထဲမှာရှိတဲ့ လောကသခင်ပျက်သုဉ်းခြင်းဓားကို လေ့လာရမယ်…”
မုန့်ချီက သက်ပြင်းချလိုက်မိသည်။
ထိုအရာက ကံကြမ္မာကွင်းဆက်နည်းလမ်းကို အသုံးပြုသည့်အတွက် ပေးဆပ်ရသော အရာတစ်ခုလည်း ဖြစ်၏။ မီးပင်လယ်ကြီးကို ဖြတ်သွားရမည်ဆိုလျှင်ပင် မုန့်ချီက သူထမ်းပိုးထားရသော ကံကြမ္မာဝန်ထုတ်ဝန်ပိုး၏ စွဲလမ်းမှုကို ပြည့်စုံအောင် လုပ်ဆောင်ရမည် ဖြစ်သည်။ မဟုတ်လျှင် သူကိုယ်တိုင် သုတ်သင်ရှင်းလင်းခံရနိုင်ပြီး ဘဝပျက်သွားနိုင်၏။
ထိုအရာက ကံကြမ္မာနှင့်သာ ဖြတ်တောက်နိုင်သော ဖျက်ဆီးရေး ဓားသိုင်းတစ်ခု ဖြစ်သည်။ ရန်သူ၏အစွမ်းက မည်မျှဖြစ်စေကာမူ ကိစ္စမရှိပေ။ ထိုကျင့်စဉ်ကြောင့် သူ့ထက် အဆပေါင်းများစွာ သာလွန်သော ရန်သူများကို ရင်ဆိုင်နိုင်သည်။ သူတို့၏အဆင့်က သူ့ထက် မည်မျှကျော်နေစေကာမူ ကိစ္စမရှိပေ။ သူတို့ကို လုံးဝလွှမ်းမိုးနိုင်သော အစွမ်းမျိုး မရှိလျှင်ပင် ထိုနည်းလမ်းနှင့် ရင်ဆိုင်ရသည့် အချိန်တိုင်း အရာအားလုံး ပျောက်ကွယ်သွားနိုင်သည်။
သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ဒဏ်ရာမရှိသော ကောင်းကင်(၉)သွယ်မှ မိုးကြိုးနတ်ဘုရား၏ အလောင်းကို စိုက်ကြည့်နေခဲ့၏။ သူတို့က ပိတ်လှောင်ထားသော နယ်မြေထဲမှ ထွက်လာတော့မည့် အချိန်တွင် သူ့အလောင်းက အကောင်းတိုင်း ပြန်ဖြစ်သွားသည်။ မုန့်ချီက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
“ငါက မင်းရဲ့အသက်ကို သက်လိုက်တယ်ဆိုမှတော့ မင်းရဲ့ ကံကြမ္မာကိုလည်း လက်ခံရတော့မှာပေါ့…”
……………
ဆန်းကြယ်နတ်သမီး နီမဏကာရက ကျန်းကျိဝေနှင့် မျက်လုံးချင်း ဆုံကြည့်နေခဲ့သည်။ ထိုအချိန်တွင် သူမ၏ရှေ့၌ ရှိနေသော လေဟာနယ်က အနည်းငယ် လှုပ်ရှားသွားပြီး အနက်ရောင် လက်ကိုင်ပုဝါ အစလေးတစ်ထည် ပျံသန်းလာသည့်အတွက် မျက်မှောင်ကြုတ်လိုက်မိသည်။
ခြံဝင်းထဲတွင် ရှိနေသော လေဟာနယ်ထဲတွင် အလောင်းတစ်ခု၏အရိပ်နှင့် လူတစ်ယောက် ပေါ်လာခဲ့၏။
“ဟောင်လင်းလ အမဲလိုက်ခွေးက သေသွားပြီလား။ ဘယ်လိုဖြစ်တာပဲ။ စုမုန့်တစ်ယောက်တည်းပဲ အသက်ရှင်ကျန်နေတော့တာလား…”
ပထမကောင်းကင်လှေကားအဆင့်ထက် ကျော်လွန်နေသော ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စစ်သည်တော်နှစ်ယောက်က အတွေ့အကြုံ မရှိသော ဝေ့ကျင်းအဆင့် ပညာရှင် တစ်ယောက်၏ လက်ထဲတွင် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
မုန့်ချီက မော့ကြည့်လိုက်ရာ ဆန်းကြယ်နတ်သမီး နီမဏကာရနှင့် ကျန်းကျိဝေတို့ နှစ်ယောက်လုံးကို တွေ့လိုက်ရသည်။ သူက ချက်ချင်းပင် သူ့ဓားကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် စွမ်းအားများကို စုစည်းလိုက်သည်။ ပတ်ပတ်လည်တွင် မှောင်နေသော်လည်း သူ၏မျက်လုံးထဲ၌ ကြယ်များ လင်းလက်တောက်ပလာခဲ့၏။
“အရင်တုန်းက ပြောခဲ့သလိုပဲ မိန်းကလေး။ မင်းက ပြဿနာအများဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး ကံကြမ္မာကို သယ်ဆောင်ထားတယ်…”
မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်သည်။
အကောင်းအတိုင်း ရှိနေသော မိုးကြိုးနတ်ဘုရား၏ အလောင်းကို မြင်လိုက်သည့်အခါ ဆန်းကြယ်နတ်သမီးက နီမဏကာရက အတော်လေးကို ထိတ်လန့်ကြောက်ရွံ့သွားခဲ့၏။ အကယ်၍ ထိုဓားကသာ သူမဆီကို ရောက်လာခဲ့လျှင်...
ထိုအချိန်တွင် စွမ်းအင်များက မြူခိုးများသဏ္ဌာန် စုစည်းလာပြီး သူမကို လွှမ်းခြုံ၍ လေဟာနယ်ထဲတွင် ထွက်ပြေးသွားခဲ့သည်။ သူမက အလွန်လျင်မြန်လှသည့်အတွက် ကျန်းကျိဝေက တိုက်ခိုက်ရန်ပင် အချိန်မရခဲ့ပေ။
ယင်ယန် ခွဲခြားခြင်း လေဟာနယ်က ဖြည်းညင်းစွာ လွင့်မျောနေပြီး ကျဆင်းသွားခဲ့၏။ မည်သူကမျှ ထိုအရာကို မယူခဲ့ပေ။ အလွန်ရူးသွပ်နေသော ဆန်းကြယ်နတ်သမီးက ထိုကဲ့သို့ ထူးခြားပြီး ရှားပါးသည့် စွမ်းရည် ရှိနေသော မှော်ရတနာတစ်ခုကိုပင် စွန့်ပစ်သွားခဲ့သည်။ သူမက အတော်လေးကို ကြောက်လန့်သွားခဲ့ပုံပေါ်၏။
သူမဆီတွင် အလွန်လေးလံပြီး ကြောက်မက်ဖွယ်ကောင်းသော ဝန်ထုတ်ဝန်ပိုးများ ရှိနေသည့်အတွက် မုန့်ချီက ထိုအရာများကို ဖြတ်တောက်ပစ်လိုက်ရန်သာ လိုအပ်သည်။ သို့သော် အန္တရာယ်ရှိသော အရာအနည်းငယ်ကတော့ သူမကို ထိခိုက်စေရန်အတွက် ကံကြမ္မာစွဲလမ်းမှုများကို ပြင်းပြင်းထန်ထန် လှုံ့ဆော်လိုက်နိုင်သည်။
အကယ်၍ ဆန်းကြယ်နတ်သမီးက ရှောင်တိမ်းနိုင်မည်ဆိုလျှင်ပင် ထိုဖျက်ဆီးမှုက နီမဏကာရများ အားလုံးကို သေဆုံးသွားစေနိုင်၏။ အရေးကြီးဆုံးအရာကတော့ ကံကြမ္မာနှင့် ပတ်သက်နေသော အားနည်းချက်များအားလုံးက ဆန်းကြယ်နတ်သမီးကိုယ်တိုင်ဆီကိုလည်း သေချာပေါက် ရောက်သွားနိုင်သည်။
မည်သို့ဖြစ်စေကာမူ သူတို့က ကံကြမ္မာဝန်ထုတ်ဝန်ပိုးအားလုံးကို တူညီစွာ လက်ခံထားခြင်းကြောင့် ဖြစ်သည်။ လက်ရှိ ရှိနေသော ဆန်းကြယ်နတ်သမီး နီမဏကာရက အသက်ရှင်နိုင်မည်ဆိုလျှင်ပင် သူမက ဆိုးဆိုးဝါးဝါး ထိခိုက်သွားနိုင်သည်။
ထို့ကြောင့် သူမ၏ နီမဏကာရ ထွက်ပြေးသွားသည့်အချိန်တွင် ဆန်းကြယ်နတ်သမီးကလည်း သူမ၏နတ်ဘုရားလက်နက်ကို အကောင်းဆုံး အသုံးချလိုက်ပြီး ရွှေကျီးကန်းများနှင့် ကျန်းကျိဝေ၏ တိုက်ခိုက်မှု အငွေ့အသက်များကို ဖယ်ရှားလိုက်သည်။ သူမက အင်မော်တယ်ယွင်ဟယ်ကို နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့၏။ ဆန်းကြယ်နတ်သမီး၏ နတ်သမီးစုနယ်မြေကလည်း လျင်မြန်စွာ ကျုံ့လာပြီး သူမက လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ အင်မော်တယ်ယွင်ဟယ်က သူမ၏နောက်ကို လိုက်မသွားခဲ့ပေ။
“နင်က ရန်သူကို နောက်ဆုတ်သွားအောင် နောက်တစ်ကြိမ် ခြောက်လှန့်နိုင်ခဲ့ပြန်ပြီ…”
ကျန်းကျိဝေက မုန့်ချီနှင့် မြေပြင်ပေါ်တွင် လဲကျနေသော မိုးကြိုးနတ်ဘုရားတို့၏ အလောင်းကို ကြည့်လိုက်မိ၏။ မုန့်ချီ အကြောင်းကို သေချာသိနေသည့်အတွက် သူက ဆန်းကြယ်နတ်သမီးကို မောင်းထုတ်ရန် လှည့်စားခဲ့သည်ကိုသာ တွေးထားခဲ့သည်။ သူမက ဆန်းကြယ်နတ်သမီးရှိရာကိုကြည့်ပြီး ပြုံးလိုက်မိ၏။
မုန့်ချီက ရယ်လိုက်သည်။
“တကယ်လို့ လူတစ်ယောက်က မကောင်းတာ မလုပ်ဘူးဆိုရင် ကံကြမ္မာဓားသွားကို ကြောက်မှာ မဟုတ်ဘူး…”
သူ၏လက်ရှိ အင်အားနှင့်အစွမ်းအရ မုန့်ချီက ကံကြမ္မာတစ်ခု၏ ဝန်ထုတ်ဝန်ပိုးကိုသာ ခံနိုင်ရည် ရှိသည်။ လောကသခင်ပျက်သုဉ်းခြင်းဓားကို လေ့လာရန် အခွင့်အရေး မရှိလျှင် ကံကြမ္မာကွင်းဆက် ဓားသိုင်းပညာကိုသုံးပြီး ရန်သူများ၏ ကံကြမ္မာ ဝန်ထုတ်ဝန်ပိုးများကို ဖယ်ရှား၍ မရနိုင်တော့ပေ။ ထိုအရာက သူကိုယ်တိုင် ပျက်စီးသွားနိုင်၏။
မုန့်ချီ လေ့ကျင့်နေသော ကောင်းကင်ရွှေကျင့်စဉ်နှင့် အင်မော်တယ်ဘိုးဘေး ခန္ဓာများကြောင့် မုန့်ချီက ကံကြမ္မာမျိုးစေ့များအားလုံးကို ဖယ်ရှားနိုင်သည့် အစွမ်းမျိုး ရှိသည်။ ထို့ကြောင့် မုန့်ချီက အသက်အန္တရာယ် မရှိဘဲ ကံကြမ္မာဝန်ထုတ်ဝန်ပိုး နှစ်ခုကို ခံနိုင်ရည် ရှိသည်။
အကယ်၍ သူမကသာ အမှန်တကယ် ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်း မရှိလျှင် သူက ဆန်းကြယ်နတ်သမီးဆီကို ကံကြမ္မာကွင်းဆက် ကျင့်စဉ်နှင့် တိုက်ခိုက်မိမည် ဖြစ်သည်။ အင်မော်တယ်ယွင်ဟယ် ရှိနေသည့်အတွက် မုန့်ချီက ဖြစ်ခဲ့သည်အရာများကို အကြမ်းဖျင်းရှင်းပြလိုက်ပြီး အသေးစိတ် ပြောပြခဲ့ခြင်း မရှိချေ။
ကျန်းကျိဝေကလည်း ရပ်လိုက်ပြီး မိုးကြိုးနတ်ဘုရား၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
“တကယ်လို့ ငါသာ ရန်သူနှစ်ယောက် တိုက်ခိုက်တာကို ခံရမယ်ဆိုရင် တစ်ယောက်ကိုပဲ သတ်ပစ်နိုင်ပြီး နောက်တစ်ယောက်ကိုတော့ ဒုက္ခိတဖြစ်သွားအောင် လုပ်နိုင်မယ်ထင်တယ်။ ငါ့ရဲ့စွမ်းအားတွေ၊ မှော်ရတနာတွေ ကုန်သွားရင်တော့ ငါကိုယ်တိုင်လည်း သေခြင်းတရားကနေ လွတ်မြောက်ဖို့ မသေချာဘူး…”
ကျန်းကျိဝေကို ဝေ့ကျင်းအဆင့်သို့ ရောက်လာပြီးနောက် ကျိကျန်းဓားစံအိမ်က ဆုလာဘ်များ ချီးမြှင့်ထားခဲ့သည်။ သူတို့က သူမ၏စွမ်းရည်များ တိုးတက်လာစေရန်အတွက် ကျင့်စဉ်မျိုးစုံကိုလည်း ပေးထားခဲ့၏။ ထို့ကြောင့် မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် ကျန်းကျိဝေ၏ စွမ်းရည်များကပင် အားနည်းနေကြောင်း သူမကိုယ်တိုင် ဝန်ခံလိုက်သည်။
“တကယ်လို့ ငါကသာ ကံကောင်းမှုတွေ မရှိရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး…”
မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။
သူက ယင်ယန်ခွဲခွာခြင်းနယ်မြေ၊ ဟောင်လင်းလ အမဲလိုက်ခွေးနှင့် မိုးကြိုးနတ်ဘုရားတို့၏ လေဟာနယ်လက်စွပ်များကို ယူလိုက်၏။ ထို့နောက် သူက မိုးကြိုးနတ်ဘုရား၏ မျက်နှာမှ မျက်နှာဖုံးကို ချွတ်လိုက်သည်။
သူ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ့ပုံစံက အနည်းငယ် သိမ်မွေ့ပုံရသည်။ သူ၏ရုပ်ရည် ပေါ်လာသည့်အချိန်တွင် သူတို့၏တားမြစ်ချက်များက အသက်ဝင်လာခဲ့၏။ မီးတောက်များ ထွက်ပေါ်လာပြီး သူ့အလောင်းကို ဝါးမြိုသွားသည့်အတွက် သူလည်း လောင်ကျွမ်းပြာကျသွားခဲ့သည်။
အင်မော်တယ်ယွင်ဟယ်က သူ၏မုတ်ဆိတ်မွှေးကိုသပ်ပြီး ပြောလိုက်သည်။ “တကယ့်ကို ကြောက်စရာကောင်းတဲ့ ကမ္ဘာကြီးပဲ။ ငါက ပြည့်စုံခြင်းတံခါးကို ကျော်လာတာနဲ့ ပထမဆုံးတွေ့ရတာက ဆန်းကြယ်နတ်သမီး ဖြစ်နေတယ်…”
ထို့နောက် သူက မုန့်ချီကို ပြုံးပြလိုက်သည်။
မုန့်ချီကတော့ မျက်မှောင်ကြုတ်လိုက်၏။ အင်မော်တယ်ယွင်ဟယ်က တိုက်ပွဲထဲတွင် အားထုတ်မှု အများဆုံးဖြစ်ကြောင်း ညွှန်ပြနေပြီး မဟုတ်လျှင် ရလာဒ်က တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။
“သူက တစ်ခုခု တောင်းဆိုနေတာလား…”
မုန့်ချီက ရင်ထဲတွင် နာကျင်သွားသလို ခံစားလိုက်ရသည်။
အင်မော်တယ်ယွင်ဟယ်က သက်ပြင်းချလိုက်မိ၏။
“ကမ္ဘာဦးသန့်စင်ရေးအဆောင်က နတ်ဘုရားလက်နက် မဟုတ်ဘူး။ တစ်ကြိမ် သုံးလိုက်ပြီးတဲ့အချိန်တိုင်း သူ့ရဲ့အသုံးဝင်မှုက လျော့ကျသွားတယ်…”
မုန့်ချီက ကျန်းကျိဝေကို လှည့်ကြည့်လိုက်ရာ သူမက ခေါင်းညိတ်ပြလိုက်သည်။ အင်မော်တယ်၏စကားကို သူမလည်း ထောက်ခံနေခဲ့၏။
မုန့်ချီက တွေဝေစွာ ပြောလိုက်သည်။
“အင်မော်တယ်ရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုလည်း ကျွန်တော်တို့က သဘောတူထားတဲ့အတိုင်း အကျိုးအမြတ် ခွဲကြတာပေါ့…”
“ဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါက ပစ္စည်းတစ်ခုပဲ ယူမယ်။ မင်းက ကျန်တာ ယူလိုက်ပေါ့..”
အင်မော်တယ်ယွင်ဟယ်က အပြုံးနှင့် ပြောလိုက်သည်။
“အငယ်တစ်ယောက်ရဲ့အကျိုးအမြတ်ကို လုယူတာတောင် သူတော်ကောင်း လုပ်ချင်သေးတာလား…”
မုန့်ချီက ရင်ထဲတွင် ကျိန်ဆဲရင်း မေးလိုက်သည်။
“ဒါဆိုရင် အင်မော်တယ်က ဘယ်ပစ္စည်းကို လိုချင်တာလဲ…”
အင်မော်တယ်ယွင်ဟယ်က အနက်ရောင် လက်ကိုင်ပုဝါလေးကို လက်ညှိုးထိုးပြလိုက်သည်။
“ယင်ယန်ခွဲခွာခြင်း လေဟာနယ်က ငါ လိုအပ်နေတာနဲ့ ကိုက်ညီတယ်…”
လျှို့ဝှက်ရတနာများက အကူအညီစွမ်းရည်များ ရှိနေသော်လည်း မုန့်ချီက ထိုအရာကို ချက်ချင်း မလိုအပ်ပေ။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး အင်မော်တယ်ယွင်ဟယ်ကို လက်ကိုင်ပုဝါလေး ပေးလိုက်သည်။ ထို့နောက် သူက မေးလိုက်၏။
“အင်မော်တယ်ဆရာကြီးရဲ့ ကမ္ဘာဦးသန့်စင်ရေးအဆောင်က ဘယ်နှစ်ကြိမ် သုံးလို့ရလဲ…”
ထိုအချက်က သူ၏ အစီအစဉ်များကို ပြောင်းလဲနိုင်သည်။ အင်မော်တယ်ယွင်ဟယ်က လက်ကိုင်ပုဝါလေးကို သိမ်းပြီး ပြုံးလိုက်၏။
“အကြိမ်ရာပေါင်းများစွာတော့ သုံးလို့ရမယ်ထင်တယ်…”
“အကြိမ်ရာပေါင်းများစွာလား…”
မုန့်ချီက ကျန်းကျိဝေကို လှည့်ကြည့်လိုက်မိပြီး သူမလည်း မှင်သက်နေပုံရသည်။ သူတို့၏မျက်လုံးထဲတွင် စကားတစ်ခွန်း ပေါ်နေခဲ့၏။
“ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးအိုကြီးပဲ…”
မုန့်ချီက ခံစားချက်များကို ဘေးဖယ်ထားလိုက်ပြီး ကျန်းကျိဝေဆီမှ ပြည့်စုံခြင်းတံခါးကိုယူ၍ အင်မော်တယ်ယွင်ဟယ်ကို အထဲသို့ ပို့ပေးခဲ့သည်။ ထို့နောက်တွင်မှ သူက ရရှိထားခဲ့သော ရန်သူများ၏ လေဟာနယ်လက်စွပ်ကို ဖွင့်ကြည့်လိုက်၏။
မိုးကြိုးနတ်ဘုရား၏ လေဟာနယ်လက်စွပ်ထဲတွင်တော့ မည်သည့်အရာမျှ မရှိခဲ့ပေ။ ကုသပေးရန် အစိမ်းရောင်ဆေးရည်တစ်ခုသာ ရှိသည်။ သူ သုံးခဲ့သော လျှပ်စီးဓားကလည်း အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး ကျန်ရှိနေသည့် မိုးကြိုးနတ်ဘုရားပိုင်ဆိုင်မှုကတော့ အနက်ရောင်မိုးကြိုးရေများ ဖြစ်သည်။
“မိုးကြိုးနတ်ဘုရားနှင့် ယှဉ်လိုက်မယ်ဆိုရင် ဟောင်လင်းလ အမဲလိုက်ခွေးရဲ့ လေဟာနယ်လက်စွပ်ကမှ ရတနာတွေ အများကြီး ရှိသေးတယ်…”
မုန့်ချီက ကျန်းကျိဝေကိုကြည့်ရင်း ပစ္စည်းများကို ရွေးထုတ်နေသည်။
“နင် အရင်ဆုံး ယူလိုက်…”
သူက နှစ်ယောက်လုံးကို သတ်ပစ်လိုက်သော်လည်း ကျန်းကျိဝေက ရန်သူ၏ စစ်ကူများကို ထိန်းသိမ်းထားခဲ့သည်။ ထိုအရာက သူတို့ ပူးပေါင်းသည့် ရလာဒ်လည်း ဖြစ်၏။
ကျန်းကျိဝေက ခေါင်းခါပြလိုက်သည်။ “ငါ အဆင်ပြေပါတယ်။ နင်က ပစ္စည်းတွေ အများကြီး ကုန်သွားပေမဲ့ ငါရဲ့ရတနာတွေကတော့ အကောင်းအတိုင်း ရှိနေသေးတယ်။ ပြီးတော့ ငါတို့ရဲ့ဆရာက ငါတို့ကို စခန်းဆီ ပြန်လာဖို့ ခေါ်နေတယ်။ ကျိကျန်းဓားစံအိမ်က ဒီပြဿနာကို ဆက်ပြီးတော့ ဝင်မပါတော့ဘူးလို့ သူက ဆုံးဖြတ်ချက် ချလိုက်တယ်။ ဒါကြောင့် ငါက နင့်ကို ထပ်ပြီး ကူညီမပေးနိုင်တော့ဘူး။ ဒီတော့ နင့်ဆီမှာ ရတနာတွေ၊ ပစ္စည်းတွေ အများကြီး ရှိနေသင့်တယ်….”
“ဒါဆိုလည်း ကောင်းပြီလေ…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး ထိုပစ္စည်းများ အားလုံးကို ယူလိုက်သည်။ သူက သူ့အဖော်၏သနားကြင်နာမှုကြောင့် ရင်ထဲတွင် လှုပ်ရှားသွားခဲ့ရ၏။
“ဒါကမှ အစစ်အမှန် မိတ်ဆွေလို့ ခေါ်လို့ရတာ။ အင်မော်တယ်ယွင်ဟယ်လို ကောက်ကျစ်စဉ်းလဲတဲ့ အဘိုးကြီးလို မဟုတ်ဘူး…”
Translated by Hein Htet.