← Chapters

အခန်း (၅၆၁)

Vol. 38 Ch. 561

အခန်း (၅၆၁)

Vol. 38 Ch. 561

စိမ်းပြာနန်းတော်ထဲရှိ အခန်းလေးတစ်ခုထဲတွင် ဘိုးဘေးလင်းပေါင်က မတ်တပ်ရပ်လိုက်ပြီး လက်နောက်ပစ်၍ ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့သည်။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့၏။

“ငါးရောင်ခြယ်လက်ဝါးရဲ့ လက္ခဏာတွေက မှားစရာမရှိဘူး၊ ငါတို့အင်မော်တယ်တွေက သံသရာကမ္ဘာကြီးထဲမှာ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတယ်။ သတင်းလည်းစုံတယ် ဗဟုသုတလည်းပြည့်စုံတယ်။ ဘိုးဘေးလင်းပေါင်မျက်နှာဖုံး နောက်ကွယ်မှာရှိနေတဲ့ မျက်နှာက ငါ ဆိုတာ ဒေါင်းနတ်ဆိုးဘုရင် ထိုက်လီကတောင် ထင်ထားမှာမဟုတ်ဘူး။ ချူချမ်းနင် လွတ်သွားပြီဆိုတော့ သူတို့က သေချာပေါက် အစီအစဉ်တွေ ပြောင်းမှာပဲ။ သူတို့မှာ တခြားနည်းလမ်းတွေလည်း ရှိနေနိုင်တယ်။ ဒီပြဿနာမှာ မိစ္ဆာဘုရင် ဘယ်နှစ်ယောက် ပတ်သက်နေလဲဆိုတဲ့ သတင်းကို ငါတို့က မသိရဘူး…”

သူက ထိုအရာများကို စဉ်းစားနေခြင်းလား မုန့်ချီဆီမှ အဖြေရှာနေခြင်းလား သူကိုယ်တိုင်ပင် မသိတော့ပေ။ သူက ဆက်လက်ရေရွတ်နေရင်း အချိန်တော်တော်ကြာ စဉ်းစားနေခဲ့သည်။

သူက ရုတ်တရက် ရပ်လိုက်ပြီး မုန့်ချီကို လှည့်ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မင်းက အကျဉ်းချခံထားရတဲ့ ကုံဝမ်ကို တွေ့လိမ့်မယ်လို့ ဟန်ကွမ်းက လုံးဝမျှော်လင့်ထားမှာ မဟုတ်ဘူး။ သူ့ရဲ့လှည့်ကွက်တွေ ပေါ်သွားတယ်လို့လည်း ထင်ထားမှာမဟုတ်ဘူး။ ငါတို့က အဲဒါကို အသာစီးယူလို့ရတယ်။ ပြီးတော့ သူ့ရဲ့လှည့်ကွက်တွေကို ဖယ်ရှားပြီး သူ့ကိုပြန်ပေးဆပ်လိုက်လို့ ရတယ်…”

ထိုစကားကို ပြောလိုက်ပြီးနောက် ဘိုးဘေးက သိမ်မွေ့စွာ ရယ်လိုက်မိသည်။

“မဟုတ်ရင် ငါက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနိုင်သလို ငါ့ရဲ့အဆင့်အတန်းက ပေါ်သွားနိုင်တယ်…”

သူက သေချာသုံးသပ်နေရင်း ပြောလိုက်သည်။

“တကယ်လို့ မင်းကသာ ဒီလိုရှာမတွေ့ခဲ့ဘူးဆိုရင် အင်မော်တယ်တွေက ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးနိုင်ပြီး ဒဏ္ဍာရီတွေ နတ်ဆိုးတွေရဲ့ လှည့်ကွက်ကို ခုခံနိုင်မှာတောင် မဟုတ်ဘူး။ မင်းက ငါတို့အဖွဲ့အတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့တယ်။ဒါကြောင့် ဒီကိစ္စတွေပြီးသွားခဲ့ရင် မင်းကိုအသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ရဲ့ ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခု ရွေးချယ်ခွင့်ပေးမယ်…”

“ဘာလို့ အခုမပေးရတာလဲ ဘိုးဘေး။ ကျွန်တော်က မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကို ရှောင်တိမ်းနိုင်တာပေါ့…”

မုန့်ချီက ဝမ်းသာနေသော်လည်း စိတ်ထဲတွင် တစ်ယောက်တည်း တွေးလိုက်မိသည်။

သို့သော် ဘိုးဘေးက ဆက်ပြောလိုက်သည်။

“ဒီကိစ္စမှာ အရင်ဆုံး အရေးကြီးတာကတော့ ကုံဝမ်နဲ့ ပတ်သက်ပြီး သေချာဖို့ပဲ…”

“ဟုတ်တယ်။အမှန်တရားက သေချာမှပဲ ငါ့ကိုဆုလာဘ်ပေးမှာပေါ့..”

မုန့်ချီက တွေဝေစွာ ပြောလိုက်သည်။

“ဒါပေမဲ့ လက်ရှိပိတ်မိနေတဲ့ ကျောင်းထိုင်ကုံဝမ်က ဘိုးဘေးဆရာကြီးကို တော်တော်လေး သတိထားနေတယ် ထင်တယ်။ သူက လန်ကီကျောင်းဆောင်က ဆရာတော် ဒါမှမဟုတ် ဆရာကြီးလုကိုပဲ အကူအညီတောင်းဖို့ ပြောခဲ့တယ်..”

မုန့်ချီ၏စကားကြောင့် ဘိုးဘေးလင်းပေါင်က ရယ်လိုက်တော့သည်။

“ငါတို့က သိတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ငါက အင်မော်တယ်တွေနဲ့ ပတ်သက်နေတယ် ဆိုတာကို သူက သံသယဝင်နေတယ်လေ။ ဒါကြောင့် သူ့ရဲ့ အခြေအနေကို နားလည်ပေးလို့ ရပါတယ်။ အထူးသဖြင့် ဟန်ကွမ်းနဲ့ ပတ်သက်တဲ့ကိစ္စမှာပေါ့…..”

“ကိစ္စမရှိပါဘူး …. မင်းက ဆရာကြီးလုရဲ့အကူအညီကို သွားတောင်းလိုက်။ သူရှိနေတယ်ဆိုရင် ပိတ်မိနေတဲ့ ကုံဝမ်က လှည့်စားထားတာဆိုရင်တောင် အလွယ်တကူ ရှင်းပစ်ဖို့ မခက်ဘူး….”

“ကြည့်ရတာတော့ ကျောင်းထိုင်ကုံဝမ်နှင့် ဆရာကြီး ချုံဟယ်တို့ နှစ်ယောက်လုံးက ဆရာကြီးလုရဲ့အစွမ်းကို တော်တော်လေး အလေးထားကြတာပဲ…”

မုန့်ချီက တစ်ယောက်တည်းတွေးနေခဲ့သည်။

“ဒါပေမဲ့ ဘိုးဘေးဆရာကြီးဆရာကြီးလုက သံသရာခရီးသွားတစ်ယောက် မဟုတ်ဘူးလေ။ ကျွန်တော်က ကျောင်းထိုင်ကုံဝမ်ဆီကို ခေါ်သွားနိုင်တဲ့ လေဟာနယ်အလင်းတန်း အပိုင်းအစကို ဘယ်လိုရှာတွေ့နိုင်မှာလဲ…”

မုန့်ချီက သံသယဝင်စွာ မေးလိုက်မိသည်။

ဓမ္မကာရအဆင့် ပညာရှင်များက သန့်စင်နယ်မြေများ အပိုင်းအစများကို အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ကြသည်။ အချိန်လမ်းကြောင်းထဲတွင် ရှိနေသော လေဟာနယ် အလင်းတန်း အပိုင်းအစတစ်ခုကို ခြေရာခံရသည်မှာ ကောက်ရိုးပုံထဲတွင် အပ်တစ်ချောင်း ရှာရခြင်းကဲ့သို့ မဟုတ်ချေ။ သံသရာခရီးသွားများကသာ အဖွဲ့များဖွဲ့ပြီး သံသရာတံဆိပ်၏ အကူအညီနှင့် ထိုအပိုင်းအစများကို ခြေရာခံနိုင်ခြင်းဖြစ်သည်။

ထိုစကားကိုကြားသည့်အခါ ဘိုးဘေးက ရယ်ကာမောကာနှင့် ပြန်ဖြေလိုက်၏။

“ဘာမှစိတ်မပူပါနဲ့…။ ဆရာကြီးလုမှာ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်…”

သူက တံခါးကိုဖွင့်ပြီး အပြင်ဘက်ကို ထွက်လိုက်သည်။ အပြင်ဘက်တွင် စောင့်နေသော တိမ်တိုက်ပြာ ဘိုးဘေး ချူချမ်းနင်ကို မြင်သည့်အခါ သူ့ကို ပြောလိုက်သည်။

“ပြောင်းလဲမှုတွေရှိတယ်…။ ပျော်ရွှင်ခြင်းကျောင်းတော်က လမ်းမှားဘုန်းတော်ကြီးတွေကို ကိုယ်တိုင်ပဲ ရှာလိုက်တော့။ ငါက နင့်နောက်မှာ စောင့်ကြည့်နေမယ်။ အဲဒီမှာ နတ်ဆိုးတွေ စောင့်နေနိုင်တယ်…”

“နတ်ဆိုးတွေ …. ဟုတ်လား”

ချူချမ်းနင်က မျက်နှာပျက်သွားခဲ့သည်။ သူမက ဒေါသတကြီး အော်လိုက်မိ၏။

နတ်ဆိုးမျိုးနွယ်စုက တခြားသူများ သတိမထားမိစေရန် နှစ်ပေါင်းများစွာကြာအောင် ရှောင်ပုန်းနေခဲ့ပြီး ယခုလိုပြန်ပေါ်လာလိမ့်မည်ဟု ချူချမ်းနင်လည်း မထင်ထားခဲ့ပေ။ ဘိုးဘေးလင်းပေါင်၏ သဲလွန်စနှင့် ငါးရောင်ခြယ်လက်ဝါးတို့၏ လက္ခဏာများကြောင့် သူမကလည်း ပြန်ပေးဆွဲမှု၏ နောက်ကွယ်တွင် ရှိနေသောသူကို ချက်ချင်း ခန့်မှန်းမိခဲ့သည်။

သူမက ဒေါသထွက်နေသော်လည်း ကြွယ်ဝချမ်းသာမှုများအတွက် ပို၍ဆာလောင်လာခဲ့၏။ ဘိုးဘေးဆရာကြီး၏ အကာကွယ်ရှိနေလျှင် လမ်းမှားဘုန်းတော်ကြီးများ ပိုင်ဆိုင်ထားသည့်အရာများကို ရယူရန်ပို၍ အဆင်ပြေနိုင်သည်။

“နေဦး…… ငါက တရားမျှတမှုအတွက် လုပ်နေတာပါ။ ကြွယ်ဝချမ်းသာမှုအတွက် မဟုတ်ဘူး….”

ချူချမ်းနင်က ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

“မဆင်မခြင်လုပ်တတ်တဲ့လူတွေလို မဟုတ်ဘဲ ဘိုးဘေးက အကျိုးအမြတ်ကို ဘယ်လိုခွဲမယ်ဆိုတဲ့အကြောင်း မပြောထားဘူး…”

သူမက ကြွယ်ဝချမ်းသာချင်နေသော လူငယ်လေးတစ်ယောက်ကဲ့သို့ တွေးနေမိသည်။

သူမ၏ မျက်နှာပေါ်တွင် မျက်နှာဖုံးအုပ်ထားသော်လည်း အလွန်တက်ကြွနေသော ချူချမ်းနင်၏ ရုပ်ရည်ကို မုန့်ချီက မြင်နေရသည်။ သူကတော့ စိတ်ပျက်နေခဲ့၏။

“ဆရာကြီးယွင်ဟယ်…..

ခင်ဗျားက ဘိုးဘေးလင်းပေါင်ဆီကနေ အတုယူရမှာ ။ အကြီးအကဲတစ်ယောက် ဖြစ်နေမှတော့ လူငယ်တွေကို ရက်ရက်ရောရော ကူညီပေးရမှာပေါ့…”

သူက ချူချမ်းနင်နှင့် ဘိုးဘေးလင်းပေါင်တို့ နန်းတော်ထဲမှ ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူလည်း အင်မော်တယ်လမ်းကြားထဲသို့ ဝင်သွားပြီး ကောင်းမှုမြတ်နိုး ကောင်းကင်အဖွဲ့သားနှင့် ဟောင်လင်းလ အမဲလိုက်ခွေးဆီမှ ရထားသော ပစ္စည်းမျာကို ပြန်လည်ထုတ်ယူပြသလိုက်သည်။

ထိုပစ္စည်းများကို ကျောက်စိမ်းတိုင်လုံးပေါ်သို့ တင်လိုက်ပြီး သူ လဲလှယ်ရန် လိုအပ်သည့် ပစ္စည်းများအတွက် စာရင်းတစ်ခုလည်း ထုတ်လိုက်သည်။ သေသေချာချာ စဉ်းစားလိုက်ပြီးနောက် သူက ရွှေတုတ်တံ၊ ကံကြမ္မာကောင်းကင်ဓားနှင့် လေဟာနယ် လက်စွပ်နှစ်ခုကို သံသရာအရှင်သခင်နှင့် လဲလိုက်သည့်အတွက် ကံကြမ္မာအမှတ် (၆၂၀၀) ရခဲ့သည်။

သူက ခရမ်းမိုးကြိုးဓားကိုတော့ ကောင်းကင်ပြစ်ဒဏ်ဓားနှင့် အစားထိုးရန် သိမ်းထားခဲ့သည်။ လက်ရှိအခြေအနေတွင် သူ့ဆီ၌ ခြေလက်အပိုများ ထွက်လာနိုင်သည့် နည်းလမ်းကြောင့် သူက လက်ဝါးသိုင်းပညာ၊ လက်သီးသိုင်းပညာနှင့် ကောင်းကင်ရွှေကျင့်စဉ်ထဲမှ လက်ညှိုးသိုင်းပညာများကို တစ်ပြိုင်တည်း အသုံးပြုနိုင်သည်။

သို့သော် သူ အဓိက သင်ယူထားခဲ့သည်မှာ ဓားမောက်သိုင်းပညာဖြစ်၏။ ထို့ကြောင့် လက်(၆)ဖက်က ဓားမောက်(၃) ချောင်းနှင့် ဓားရှည်(၃)ချောင်း ကိုင်ဆောင်ရမည့် နေ့ရက်မျိုး သေချာပေါက် ရောက်လာပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူတစ်ကြိမ် မြင်ထားခဲ့ဖူးသော ဓားမောက်(၃)လက် ဓားရှည်(၃)လက် စိတ်ဝိညာဉ်(၃)ခု ဓားသိုင်းပညာကို အသုံးချ၍ ရနိုင်သည်။

မုန့်ချီကတော့ ပေါ့ပါးသွက်လက်သော ဓားသမားတစ်ယောက်၏ပုံစံကို လက်လျှော့လိုက်ပြီးနောက် သူ့ကိုယ်သူ ကြီးကျယ်ခမ်းနားသော လူတစ်ယောက်အဖြစ် ပုံဖော်လာခဲ့သည်။ မဟူရာရေမိုးကြိုးနှင့် ပွင့်ဖတ်(၇)ခု ကြာပန်းဖြူတို့ကတော့ တနေ့နေ့တွင် အသုံးဝင်လာနိုင်သော မှော်ရတနာများ ဖြစ်သည်။

ဂုရုသက်သာရေးဆေးလုံးက အလွန်ထူးခြားသော ကုသရေးဆေးတစ်လုံးဖြစ်ပြီး၊ ခရမ်းရောင် ကံကြမ္မာပုလဲလုံးက ကံကြမ္မာစွမ်းအင်များ လေ့ကျင့်ရာတွင် သူ့ကို အကူအညီပေးနိုင်ပြီး သူ့၏ကံတရားကို တိုးတက်လာစေနိုင်သည်။ ရလာဘ်အနေနှင့် မုန့်ချီက ထိုပစ္စည်းများကို ထိန်းသိမ်းထားရန်သာ ဆုံးဖြတ်လိုက်၏။

သူက လေဟာနယ်လက်စွပ်တစ်ကွင်းကိုတော့ တမင်တကာ ချန်ထားခဲ့ပြီး သူ၏လက်အောက်ခံအဖွဲ့များ လိုအပ်လာလျှင် သူတို့ကို ဈေးနည်းနည်းနှင့် ရောင်းချပေးမည်ဟု စဉ်းစားထားသည်။

သူ့အဖွဲ့သားများကတော့ ချက်ချင်း လိုအပ်နေခြင်း မရှိသေးပေ။ ရွမ်ယုရှုနှင့် ကျိုးဟန်တို့ဆီတွင်တော့ သူတို့၏ ကိုယ်ပိုင်လေဟာနယ်လက်စွပ်များ ရှိနေကြသည်။ ကျန်းကျိဝေက ဝေ့ကျင်းအဆင့်ကို တက်လှမ်းသွားသည့်အတွက် အကြီးအကဲများက သူ့ကို တစ်ခု လက်ဆောင်ပေးထားခဲ့သည်။ ချီကျန်းရန်ကလည်း ဟွမ်ဟွာဓားဂိုဏ်မှ အဖိုးတန်တပည့် တစ်ယောက်ဖြစ်နေသည့်အတွက် လေဟာနယ်လက်စွပ်တစ်ကွင်း ရထားခဲ့၏။

မုန့်ချီက ရွေးချယ်မှုများကို စဉ်းစားနေပြီး ချင်းဟွာသစ်သီးနှင့် ရရှိထားသော ဆေးအမယ်များ အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်၏ဆေးအညွှန်းတို့ကို ထုတ်ပြီး အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။

သူက အင်မော်တယ်အဖွဲ့ထဲမှ ပေါင်ပုကျူးကို ဆေးရည်ဖန်တီးဖို့ အကူအညီတောင်းရန် စဉ်းစားထားသည်။ ထိုသို့ဆိုရာတွင် ဆေးရည်ဖန်တီးမှုက မှော်ရတနာများ၊ ပစ္စည်းများအပေါ် မူတည်၍ သိသိသာသာ ပြောင်းလဲသွားနိုင်သည်။ ဆေးအမယ်များ သို့မဟုတ် အကြွင်းအကျန်များကလည်း ပြန်လည်အသုံးပြုနိုင်သေး၏။ တစ်ဖက်တွင်တော့ ဖန်တီးနေသည့် ဆေးရည်ကသာ ကျရှုံးသွားမည်ဆိုလျှင် ထိုဆေးအမယ်များ အားလုံးက လုံးဝပျက်စီးသွားနိုင်သည်။

ထို့ကြောင့် မုန့်ချီက ပြီးပြည့်စုံသော အောင်မြင်မှုကို ရရှိစေရန်အတွက် သံသရာအရှင်သခင်ကိုသာ လုပ်ဆောင်ခွင့်ပေးလိုက်သည်။ သူက လိုအပ်နေသော ဆေးအမယ်များအတွက် ကံကြမ္မာအမှတ် (၅၀၀) သုံးရပြီး ဆေးလုံးဖန်တီးရန်အတွက် ကံကြမ္မာအမှတ် (၂၀၀၀) ပေးရသည်။

မုန့်ချီက အလယ်တွင် ရှိနေသော တိုင်လုံးကြီးထဲတွင် မြင့်တက်လာသော မီးတောက်များကို စိုက်ကြည့်နေသည်။ ထိုအတွင်းထဲမှနေ၍ အလွန်သင်းပျံ့သောရနံ့တစ်ခု ထွက်လာနေ၏။ တိုင်လုံးဆီမှ တောက်ပသော အလင်းရောင်များ ပျောက်ကွယ်သွားသည့်အချိန်တွင် ဆေးလုံးဖန်တီးမှုက အဆုံးသတ်ကို ရောက်သွားပြီဖြစ်ကြောင်း ပြသနေသည်။

တိုင်လုံးထဲတွင်တော့ အစိမ်းရောင်ဆေးရည်လေး (၃)ခုရှိသည်။ ထိုဆေးရည်များက အလင်းရောင်များ တောက်ပနေပြီး အစိမ်းရောင်စွမ်းအင်များ ပြည့်နှက်နေသည်။ ရနံ့ကို ရှုရှိုက်လိုက်ရုံနှင့် မုန့်ချီ၏ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး စွမ်းအားပြန်ပြည့်လာသလို ခံစားနေရသည်။

“တကယ့်ကို နတ်ဘုရားဆေးနဲ့ ညီမျှနေတာပဲ..”

မုန့်ချီက အံအားသင့်စွာ ရေရွတ်လိုက်မိသည်။

သူက ထိုဆေးရည်များကို သိမ်းဆည်းထားရန် ကံကြမ္မာအမှတ် (၁၂၀၀) သုံးပြီး ကျောက်စိမ်းပုလင်းလေးကို လဲလိုက်သည်။ ထိုသို့ဆိုလျှင် သူတို့၏ ဆေးအာနိသင်များ ဆုံးရှုံးသွားနိုင်ခြင်းမရှိတော့ပေ။ သူက အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည် ဖန်တီးရန်အတွက် ကံကြမ္မာအမှတ် (၄၀၀၀) နီးပါးကုန်ဆုံးခဲ့သည်။ အကယ်၍ သူ့ဆီတွင် အဓိကပါဝင်ပစ္စည်းအများစုသာ မရှိလျှင် ပို၍အကုန်အကျ များနိုင်၏။

သာမာန်လူသားများ၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သော ဆေးရည်များက အလွယ်တကူ လဲလှယ်၍ မရနိုင်ပေ။ ဖန်တီးသည့် ဖြစ်စဉ်ကပင် အတော်လေး ကုန်ဆုံးရသည်။ ထို့ကြောင့် ထိုကဲ့သို့ သဘာဝရှိသော ဆေးရည်များ၏ တန်ဖိုးက အလွန်ထူးခြားပြီး သိုင်းလောကတွင် ထိုကဲ့သို့ ဆေးရည်နည်းပါးသည့်အတွက် ကန့်သတ်ချက်ရှိနေခြင်း ဖြစ်သည်။

အကယ်၍ သူ့ဆီ၌ ဆေးအညွှန်းတစ်ခု ရှိနေလျှင်တော့ ဆေးရည်ပေါင်းများစွာကို ဖန်တီးရန် အကြိမ်ကြိမ်အသုံးပြု၍ ရနိုင်သည်။ ဆေးလုံး(၃)လုံးအတွက် ပေးဆပ်ရသော ပမာဏက အလွန်ကြီးမားလွန်းလှသော်လည်း သူကတော့ နှမြောသလို မခံစားခဲ့ရပေ။ အရင်းအနှီးမရှိဘဲ အကျိုးအမြတ်ရရှိရန် လုံးဝမဖြစ်နိုင်ချေ။

အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်က သက်တမ်းကို နှစ် (၆၀) တိုးမြှင့်ပေးနိုင်ပြီး သေဆုံးခါနီးလူတစ်ယောက်ကိုပင် ချက်ချင်း ကျန်းမာသွားစေနိုင်သည်။ ထိုအရာက အလွန်အဆင့်မြင့်သော ပစ္စည်းတစ်ခုဖြစ်ပြီး သေခါနီး ဝေ့ကျင်းအဆင့် ပညာရှင်များနှင့် ဓမ္မကာရပညာရှင်များအတွက်ပင် အဖိုးမဖြတ်နိုင်ချေ။

အင်မော်တယ်များနှင့် ဒဏ္ဍာရီများကသာ အရောင်းအဝယ်ပြုလုပ်ရာတွင် ထိုကဲ့သို့ ဆေးရည်များ၊ ဆေးလုံးများ လဲလှယ်ရန် ကန့်သတ်ချက်သာမရှိလျှင် သူတို့က အတော်လေး ကြွယ်ဝချမ်းသာနိုင်သည်။

မုန့်ချီက လက်ထဲတွင် ကိုင်ထားသော ကျောက်စိမ်းပုလင်းလေးကို ကြည့်လိုက်သည်။သူက အံကြိတ်ပြီး တစ်ယောက်တည်း စဉ်စားနေခဲ့၏။

“နဂိုတုန်းကတော့ ငါက (၁)လုံး၊ (၂)လုံးပဲ ရမယ်လို့ထင်ထားတာ။ အခုတော့ ငါ့ဆီမှာ (၃)လုံးရှိပြီ။ တကယ်လို့ ငါက တစ်လုံးကို နောက်ပိုင်း အသုံးပြုဖို့ချန်ထားမယ် ဆိုရင်တောင် နောက်ထပ် (၂)လုံးကျန်နေသေးတယ်။ ငါ့အတွက် ချမ်းသာဖို့ အခွင့်ကောင်းတစ်ခု ရောက်လာပြီ…”

အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်က အလွန်ထူးခြားသော ကုသရေး အကျိုးသက်ရောက်မှု ရှိသည်။ မုန့်ချီက နောက်ထပ်ကျရောက်လာမည့် သေမင်းတမန် တိုက်ပွဲအတောအတွင်း တစ်လုံးကို အသုံးပြုရန် ဖယ်ထားနိုင်၏။ ကျန်ရှိနေသော နှစ်လုံးကိုတော့ ရောင်းချနိုင်သည်။

သူ၏ မူလအစီအစဉ်ကတော့ သူ လေ့ကျင့်ရန်အတွက် ရှားပါးတွင်းထွက်ပစ္စည်းများ အလုံအလောက်ရရှိရန် စီစဉ်ထားသည်။ ထို့ပြင် ဆေးရည်အပိုတစ်ခုရှိနေခြင်းက သူအတွက် ပို၍ပင်အကျိုးအမြတ်များနိုင်၏။

“အင်မော်တယ်အဖွဲ့က လူတွေကလည်း သူတို့ရဲ့သက်တမ်းကို တိုးမြှင့်နိုင်တဲ့ ဆေးရည်တွေ အလုံအလောက်ရနိုင်တယ်။ လူငယ်တွေကတော့ အဲဒီလိုအစွမ်းရှိတဲ့ ဆေးရည်တွေကို သိပ်ပြီး မလိုကြသေးဘူး။ သူတို့က ဒီလိုဆေးရည်တွေကို ဈေးကြီးကြီးနဲ့ ရောင်းဖို့ပဲ စဉ်းစားထားနိုင်တယ်။ အဲဒီအစား သံသရာခရီးသွားမဟုတ်တဲ့ ဝေ့ကျင်းအဆင့် အကြီးအကဲတွေဆိုရင်တော့ သူတို့ရဲ့အသက်က သေခါနီးလေလေ အဲဒီလိုအရာတစ်ခုအတွက် သူတို့ရဲ့ပိုင်ဆိုင်ထားတဲ့အရာတွေကို ပေးချင်လေလေပဲ။ သေခြင်းတရားက အနားရောက်လာတဲ့အချိန်မှာ သူတို့ပိုင်ဆိုင်ထားတဲ့အရာတွေက ဘာမှမဟုတ်ဘူး…”

မုန့်ချီက တစ်ယောက်တည်းတွေး၍ ဝမ်းသာနေပြီး အားရပါးရ ရယ်လိုက်မိသည။

သို့သော် ထိုပစ္စည်းမျိုး၏ ရှားပါးမှုအရ အရေအတွက်များများ မရောင်းသင့်ပေ။ မဟုတ်လျှင် တန်ဖိုးက လျော့ကျသွားနိုင်သည်။ ကုန်သွယ်မှု၏ အကျိုးအမြတ်ကလည်း လျော့ကျသွားနိုင်ပြီး သူ၏အချိန်နှင့် ကြိုးစားအားထုတ်မှုက အချည်းနှီးဖြစ်သွားနိုင်သည်။

မုန့်ချီက သူ၏ထုတ်လုပ်မှုနှင့် ဆေးရည်ရောင်းချမှုကို ကန့်သတ်ပြီး ထိန်းချုပ်ထားရန် လိုအပ်သည်။

“ငါက ဂိုဏ်အသီးသီးမှာရှိနေတဲ့ အကြီးအကဲတွေ၊ အထက်တန်းလွှာ မိသားစုက ပညာရှင်တွေကို ဖိတ်ခေါ်ပြီး လျှို့ဝှက်လေလံပွဲလုပ်လိုက်ရင် ဘယ်လိုနေမလဲ။ငါက ဒီအရာတွေကို ချောချောမွေ့မွေ့ လုပ်ဆောင်ဖို့အတွက် ဘိုးဘေးဆရာကြီးကို အကူအညီတောင်းသင့်တယ်။ ပုံမှန်အားဖြင့် တခြားသူတွေက သူများလေလံပွဲမှာ ရောင်းခိုင်းကြပေမဲ့ ငါကတော့ ကိုယ်ပိုင်လေလံပွဲတစ်ခုကို ဖန်တီးရမယ်….”

သူ့ခေါင်းထဲတွင် စဉ်းစားနေရင်း စိမ်းပြာနန်းတော်ထဲမှ ထွက်လာပြီး လုလုံ လရေကန်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ ထိုနေရာမှနေ၍ မုန့်ချီက ဟွာမေ့တောင်တန်းရှိရာကို ဆက်လက်ထွက်ခွာလာခဲ့၏။

ဟွာမေ့တောင်တန်းဂိုဏ်းက ထိုနယ်မြေတွင် အထင်ရှားဆုံးဂိုဏ်းတစ်ခုဖြစ်သည်။ ဆရာကြီးလုကိုယ်တိုင် တည်ထောင်ထားသော ထိုဂိုဏ်းက ထိပ်တန်းတပည့် အနည်းငယ်လေးသာ ရှိသော်လည်း သူတို့၏ သင်ကြားမှု ၊ အဖိုးတန်လက်နက်နှင့် မှော်ရတနာများအားလုံးက တခြားဂိုဏ်းများထဲတွင် နာမည်ကျော်ကြားသည်။ ထို့ပြင် ဟွာမေ့တောင်တန်းက လာရှုပ်၍မရကြောင်း ဆရာကြီးလု၏နာမည်က လူတိုင်းကို မကြာခဏ သတိပေးနေခဲ့သည်။

ဟွာမေ့တောင်တန်းဂိုဏ်း၏ဌာနချုပ်က သူ့နာမည်အတိုင်း ဟွာမေ့တောင်ပေါ်တွင် တည်ရှိနေသည်။ ဟွာမေ့ ဟူသည်မှာ ပျော်ရွှင်ခြင်းဟူသော ဂိုဏ်းနာမည်ကို ရည်ညွှန်းနေသည်။ ထိုအရာက ဟွာမေ့တောင်တန်းဂိုဏ်၏ တံဆိပ်ပြားပုံစံကို ရှင်းလင်းပြနေ၏။

မုန့်ချီက တောင်ခြေကို ရောက်လာပြီးနောက် သူ့ရှေ့တွင် မျက်စိတဆုံး မြင်နေရသည့် မြင်ကွင်းများကိုကြည့်၍ အသက်ကို တဝကြီးရှုလိုက်မိသည်။ တောင်ကုန်း၊ တောင်တန်း ၊ ရှုခင်းများနှင့် မြစ်ရေစီးဆင်းမှုက အလွန်အေးမြသော သဘာဝကို ပေးစွမ်းနိုင်ပြီး ကျန်းတုံတွင် ရှိနေသော နတ်ဘုံနတ်နန်းပမာ ဖြစ်နေသည်။

စံအိမ်ဝင်ပေါက်တွင်တော့ အဝါရောင်ဝတ်စုံဝတ်ထားသော တပည့်ပေါင်းများစွာ စောင့်ကြပ်နေကြသည်။ သူတို့က အဝေးမှနေ၍ မုန့်ချီ လျှောက်လာသည်ကို မြင်နေသည်။ သူ၏ပုံစံကြောင့် သူတို့က ရှေ့ကို ထွက်လာပြီး တလေးတစား ခရီးဦးကြိုပြုလိုက်သည်။

“ငါ့နာမည်က… စုမုန့်ပါ…။ ငါက ရေခဲနတ်သမီးနဲ့ ပြောစရာရှိလို့ပါ။ ကျေးဇူးပြုပြီး ငါ ရောက်လာတဲ့ အကြောင်းကို သတင်းပို့ပေးပါဦး…”

မုန့်ချီက ရင်းနှီးစွာ ပြောလိုက်သည်။

ဆရာကြီးလုက တံခါးပိတ် လေ့ကျင့်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး ဧည့်သည်လက်ခံခြင်း မရှိပေ။ မုန့်ချီက နားလည်မှုလွဲမှာစိုးသည့်အတွက် ထိုကဲ့သို့သာ ပြောလိုက်ရသည်။ ထို့ကြောင့် သူက ယဲ့ယုချီနှင့် တွေ့ဆုံရန်သာ တောင်းဆိုလိုက်ခြင်းဖြစ်၏။

မုန့်ချီက သူ လာရောက်လည်ပတ်ရသည့် အကြောင်းအရင်းကို ပြောပြခဲ့ခြင်း မရှိသော်လည်း တံခါးပေါက်တွင် စောင့်နေသော တပည့်များက ယဲ့ယုချီကို တိုက်ရိုက်သတင်းပို့လိုက်သည်။

“စုမုန့်လား…သတ်ဖြတ်ရေးဓား စုမုန့်လား….”

စောင့်ကြည့်နေသူများက အလွန်အံ့ဩနေကြသည်။ သူတို့ကတော့ ဟွာမေ့တောင်တန်းတံဆိပ် ထွင်းထုထားသော တံခါးထဲမှ ချောင်းကြည့်နေကြ၏။

“သူက လူငယ်မှတ်တမ်းရဲ့ ထိပ်ဆုံးနေရာကို ရောက်ခဲ့တဲ့ တစ်ယောက်လား…။ ကောင်းကင်အပြစ်ပေးမှု (၄)ကြိမ်ကြုံခဲ့ရတဲ့ သတ်ဖြတ်ရေးဓားလား…”

“ဝေ့ကျင်းအဆင့်ကို ရောက်သွားပြီး သိပ်မကြာခင် သေမင်းပင်လယ်ထဲမှာရှိတဲ့ ပိုင်ကယ်ရေကန်ထဲမှာ သူ့ရဲ့ရန်သူဝေ့ကျင်းအဆင့်ပညာရှင်တစ်ယောက်ကို သွားသတ်လိုက်တဲ့ တစ်ယောက်လား……”

သူတို့အားလုံးက ထိတ်လန့်အံ့ဩပြီး နားမလည်နိုင် ဖြစ်နေကြသည်။ ထိုလူငယ်လေးက သူတို့နှင့် အသက်တူပြီး တံခါးပေါက်ပွင့်သည်မှာပင် မကြာသေးသော လူငယ်လေး တစ်ယောက်ဖြစ်ကြောင်း ယုံကြည်ပေးရန် ခက်ခဲနေသည်။ ယခုတော့ သူက သူတို့၏ရှေ့တွင် ရပ်နေခဲ့၏။ သူတို့ရှေ့တွင် ဝေ့ကျင်းအဆင့်ကို တိုက်ရိုက်ရောက်သွားခဲ့သော ပညာရှင်တစ်ယောက်ဖြစ်သည်။

တံခါးတွင် ကြည့်နေသော တပည့်ခေါင်းဆောင်များက တလေးတစားပြောလိုက်သည်။

“ခဏစောင့်ပါဦး သခင်လေးစု။ ကျွန်တော်က ချက်ချင်း သတင်းပို့လိုက်ပါ့မယ်….”

မုန့်ချီကတော့ သူ့ရှေ့တွင် ရှိနေသော တပည့်များ၏ အကြည့်ကို ခံစားမိနေသည်။ သူ့နာမည်ကို ပြောလိုက်ရုံနှင့် သူတို့က အတွင်းထဲကို အလျင်အမြန် သတင်းသွားပို့ကြသည်။

မုန့်ချီက အချိန်ကြာသည်ဟု ခံစားမိနေချိန်တွင် ယဲ့ယုချီက လေထဲမှ ပျံသန်းလာခဲ့သည်။ သူမက မုန့်ချီ၏ရှေ့တွင် ဆင်းသက်လိုက်ပြီး သူတို့က တောင်ထိပ်ပေါ်သို့ အတူတူ ပျံသန်းသွားခဲ့သည်။ ထို့ကြောင့် တံခါးတွင် ရှိနေသောသူများကပင် အံ့ဩမှင်တက်နေခဲ့ကြ၏။

“ဘာတွေဖြစ်နေလို့လဲ….”

ယဲ့ယုချီက မေးလိုက်သည်။ မုန့်ချီက တံခါးဝတွင် ရုတ်တရက်ပေါ်လာသည့်အတွက် အင်မော်တယ်ဂိုဏ်း ပြဿနာဖြစ်နေသည်ဟု တွေးမိပြီး သူမက နားလည်မှု လွဲသွားခြင်းဖြစ်သည်။

ထို့ကြောင့် မုန့်ချီက သူ၏အတွေ့အကြုံများကို ပြောပြလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာများစွာ ပေါ်လာခဲ့သည်။ သို့သော် ထိုအရာက သူမ၏အေးစက်စက်မျက်နှာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။

ထို့နောက် သူတို့က တောင် အနောက်ဘက်ကို ပျံသန်းသွားခဲ့သည်။ တောင်အနောက်ဘက်တွင်တော့ မြတ်ခင်းစိမ်းများ ၊ လှပသော ပန်းပွင့်လေးများနှင့် အိမ်ငယ်လေး တစ်လုံးရှိသည်။

ထိုနေရာတွင် သေချာခြယ်သထားသော အုတ်ဂူလေးတစ်ခုလည်း ရှိပြီး ထိုအုတ်ဂူလေးဘေးတွင်တော့ မြက်အိမ်လေးတစ်ခုရှိသည်။ ထိုနေရာတွင်တော့ ဆရာကြီးလု ရှိ၏။ သူက ရိုးရှင်းသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အုတ်ဂူ၏ ပတ်ပတ်လည်တွင်ရှိသော ပေါင်းပင်များကို ဖယ်ရှားနေသည်။

သူက သူ့အလုပ်ကို အလွန်အာရုံစိုက်နေသည့်အတွက် သူတို့ရောက်လာသည်ကိုပင် သတိမထားမိခဲ့ချေ။ သူ၏အပြုအမူကြောင့် တည်ငြိမ်အေးချမ်းမှုကိုပင် ခံစားနေရသည်။

ယဲ့ယုချီက သူကို ညင်သာစွာ ပုတ်လိုက်ပြီး မုန့်ချီ၏ အတွေ့အကြုံများကို ပြောပြလိုက်သည်။ သူတို့က သူ့ဆီကို လျှောက်လာသည့်အချိန်တွင် ဆရာကြီးလုက ခဏရပ်လိုက်၏။ သူက ယဲ့ယုချီ၏ စကားကို သေချာအာရုံစိုက်၍ နားထောင် နေသည်။ ထို့နောက် သူက ခါးကိုပွတ်လိုက်ရာ သူ့လက်ထဲတွင် ဓားငယ်လေးတစ်ချောင်း ပေါ်လာပြီး သက်ပြင်းချလိုက်မိ၏။

“ဒါဆိုလည်း ရှောင်လင်ကျောင်းတော်ကို သွားကြစို့ သခင်လေးစု….”

“သူက သက်ဆိုင်တဲ့ လေဟာနယ်အလင်းတန်းအပိုင်းအစကို သွားဖို့ ဆန္ဒရှိနေတာလား…”

မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။

……………..

အနောက်ပိုင်းနယ်မြေ၏ ဖုန်းဆိုးမြေအဝေးတွင် ဘုန်းတော်ကြီးတစ်ပါးက မြေပြင်ပေါ်တွင် လဲကျနေခဲ့သည်။ သူ့ရှေ့တွင် ရှိနေသော မိန်းမပျိုက ဆွဲဆောင်မှု ရှိနေသော်လည်း ကြောက်စရာကောင်းသော သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေလိမ့်မည်ဟု ပျော်ရွှင်ခြင်းကျောင်းဆောင်မှ ဘုန်းတော်ကြီးများကလည်း ယုံကြည်ပေးရန် ခက်ခဲနေသည်။

“မင်း….မင်းက ငါတို့ကို အထင်သေးရဲတာပဲ… မိန်းကလေး…”

“အယုတ်တမာတွေ……. နင်တို့တွေက ဒါနဲ့ပဲတန်တယ်….”

နောက်ဆုံးတွင်တော့ သူမ၏ဒေါသများက ပျောက်ကွယ်သွားပြီး သူမက အလောင်းများထဲတွင် ရှာဖွေနေခဲ့သည်။ ထို့နောက် သူမက သေဆုံးသွားသော ဘုန်းတော်ကြီးများ၏ စိတ်ဝိညာဉ် ပျောက်ကွယ်မသွားခင် သိလိုသည့်အရာများကို မေးမြန်းနေခဲ့သည်။

သူမက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး တီးတိုးပြောလိုက်၏။

“ဆက်နွယ်ရေး (၁၂) ခု မှော်အတားအဆီးရဲ့အလယ်က ငါးပင်လယ်မှာရှိတဲ့ ပိုစတန်ရေကန်ပဲ…”

“ငါးပင်လယ်လား…”

ဘိုးဘေးလင်းပေါင်က အဝေးကို နောက်ပြန်လှည့်ကြည့်လိုက်မိသည်။

……………

ငါးပင်လယ် ပိုစတန်ရေကန်ထဲတွင် ရှိနေသော ရေများထဲတွင် အနက်ရောင်မြူခိုးများ ထွက်ပေါ်လာသည်။ ထိုနယ်မြေ၏အပေါ်ဘက်တွင်တော့ ဘုန်းတော်ကြီးများစွာက လေထဲတွင် ရပ်နေပြီး သူတို့က တိဘက်လားမား ဘုန်းတော်ကြီးများ ပုံစံ ဝတ်ဆင်ထားကြသည်။

သူတို့က အချင်းချင်း ခေါင်းညိတ်ပြလိုက်ကြပြီး ခေါင်းဆောင်ဖြစ်သူက လေးလေးနက်နက် ပြောလိုက်သည်။

“ငါတို့က စလိုက်ကြစို့ …….”

Translated by Hein Htet.

All Chapters