အခန်း (၅၆၂)
Vol. 38 Ch. 562
ထိုဘုန်းတော်ကြီး(၉)ပါးထဲတွင် အထူးခြားဆုံးပုံစံ ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီး(၃)ပါး ရှိနေ၏။ သူတို့က အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ရသေ့များ ဆောင်းသည့် ခေါင်းပေါင်းကြီးများ ရှိနေကြသည်။ သူတို့၏ဝတ်စုံများက ကျင်းကန်းကျောင်းတော်မှ ဓမ္မဘုရင်များ၏ အဆင့်အတန်းကို ဖော်ပြနေသည်။
သူတို့က ပိုစတန်ရေကန်နှင့် ငါးပင်လယ်ပေါ်တွင် လွင့်မျောနေကြသည်။ သူတို့ရပ်နေသည့် နေရာများကိုကြည့်၍ မှော်ဝင်္ကပါတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ခြေများသည်။ ကျန်ရှိနေသော ဘုန်းကြီး(၆)ပါးက သူတို့ကို ဝန်းရံနေပြီး ဝင်္ကပါကို အားဖြည့်ပေးနေကြ၏။
ဓမ္မဘုရင်(၃)ပါးက လက်အုပ်ချီ၍ တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။
"ဗုဒ္ဓရဲ့ဓမ္မအသံကို ငါတို့က ကြားနေရတယ်…"
သူတို့ရွတ်ဆိုသည့်အသံက အလွန်လျင်မြန်ပြီး သိပ်မကြာခင် အလွန်ရှည်လျားသော ကျမ်းစာတစ်ခုကို ရွတ်ဖတ်ပြီးသွားခဲ့သည်။ သူတို့က တပြိုင်နက်တည်း ရွတ်ဆိုလိုက်ပြန်၏။
"အရာအားလုံးမှာ နိယာမတွေ၊ စည်းမျဉ်းတွေ ရှိတယ်။ အရာအားလုံးက ပုံရိပ်ယောင်တွေ၊ အိပ်မက်တွေလိုပဲ။ ငြိမ်းချမ်းမှုဆိုတာက မနက်ခင်းရောင်ခြည်လို၊ လျှပ်စီးကြောင်းတစ်ခုလို လျင်မြန်လှတယ်။ ဒါကြောင့် နတ္ထိဆိုတာက ဘာမှမရှိခြင်းကို ပြသနေတယ်…"
ပတ်ပတ်လည်တွင် ရှိနေသော ဘုန်းတော်ကြီး(၆)ပါးက သူတို့၏နောက်မှ ကျယ်လောင်စွာ ရွတ်ဆိုနေကြ၏။ ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး ငါးပင်လယ်၏ အပေါ်ဘက်မှနေ၍ ရွှေရောင်ကြာပန်းများ စတင်ပွင့်လန်းလာခဲ့သည်။
မည်သည့်နေရာကမှန်း မသိသော ဗုဒ္ဓ၏အမွေအနှစ်များက ဓမ္မဘုရင်(၃)ယောက်၏ ကြားထဲတွင် ပေါ်လာပြီး ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။ ထိုအလင်းတန်းများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားခဲ့ပြီး မကောင်းသော စိတ်ဝိညာဉ်များအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် အငွေ့အသက်များ ရှိနေသည်။ ထိုအရာက လူသားများကို စမ်းသပ်မှုနှင့် ကပ်ဘေးများ ပို့ဆောင်ပေးလိုက်သလို ဖြစ်နေ၏။
"အရာအားလုံးမှာ နိယာမတွေ၊ စည်းမျဉ်းတွေ ရှိတယ်။ အရာအားလုံးက ပုံရိပ်ယောင်တွေ၊ အိပ်မက်တွေလိုပဲ။ ငြိမ်းချမ်းမှုဆိုတာက မနက်ခင်းရောင်ခြည်လို၊ လျှပ်စီးကြောင်းတစ်ခုလို လျင်မြန်လှတယ်။ ဒါကြောင့် နတ္ထိဆိုတာက ဘာမှမရှိခြင်းကို ပြသနေတယ်…"
ထိုရွတ်ဖတ်သံကသာ ငါးပင်လယ်၏ ကောင်းကင်ယံပေါ်တွင် ဆက်လက် ထွက်ပေါ်လာနေပြီး မြို့နေရာတိုင်းတွင် ရှိနေသော အက်ကွဲကြောင်းများက နေရာတိုင်းကို ထိုးဖောက်သွားခဲ့သည်။
ဘော်တာရှမ်တောင်တန်းနှင့် ငါးပင်လယ် ပိုစတန်ရေကန်၏ ပတ်ပတ်လည်တွင် အထွဋ်အမြတ် ဗုဒ္ဓအလင်းတန်းတစ်ခုသာ တောက်ပနေသည်မှာ ဆက်နွယ်ခြင်းသင်္ကေတ (၁၂)မျိုးကဲ့သို့ ဖြစ်နေသည်။ လင်းလက်တောက်ပနေသော အငွေ့အသက်များက လီပေါင်း (၁,၀၀၀)ကျော် ရှိနေသော နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ဗုဒ္ဓအငွေ့အသက်များ ပိတ်လှောင်နေစဉ် အတောအတွင်း ကမ္ဘာဦးအသူရာ မုန့်နန် ရောက်လာသည်အထိ ထိုနယ်မြေထဲမှ မထွက်ရသေးသူများ ရှိနေသေးသည်။ သူတို့၏ လောဘနှင့် တပ်မက်မှုများကြောင့် သူတို့က ပိုးကောင်များကဲ့သို့ မလှုပ်နိုင် ဖြစ်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှနေ၍ စွမ်းအင်များ ဖြည်းညင်းစွာ ထွက်ပေါ်လာနေပြီး ဗုဒ္ဓအငွေ့အသက်နှင့် ပေါင်းစပ်သွားကာ ငါးပင်လယ်ထဲရှိ ရွှေရောင်ဗုဒ္ဓအမွေအနှစ်ဆီကို ရောက်ရှိသွားခဲ့သည်။
ချုပ်နှောင်ခံရသော ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်မျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။ သိုင်းသခင်များနှင့် အကာအကွယ်စွမ်းရည် ရှိနေသူများသာ လွတ်မြောက်နိုင်ကြ၏။ တခြားသူများကတော့ သူတို့၏စွမ်းအင်များ ကုန်ဆုံးသွားခဲ့သည်ကိုသာ ထိတ်လန့်တကြား ကြည့်နေကြရသည်။
ဆက်နွယ်ရေးသင်္ကေတ (၁၂) မျိုးနှင့် အလွန်လျှို့ဝှက်ဆန်းကြယ်စွာ ပတ်သက်နေသော ဓမ္မကျင့်စဉ်က ထိုကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ဆက်နွယ်မှုမျိုး ရှိနေလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။ အသူရာကျောင်းဆောင်က လူအများ၏ အာရုံစိုက်မှုကို ခံနေရသည့်အချိန်တွင် ဓမ္မဘုရင်များက ထိုကဲ့သို့ ကြောက်စရာကောင်းသည့် မှော်ဝင်္ကပါတစ်ခုကို ဖန်တီးထားခဲ့သည်။
တလက်လက်တောက်ပနေသော ဗုဒ္ဓအငွေ့အသက်များက ဗုဒ္ဓအမွေအနှစ်၏ ပတ်ပတ်လည်တွင် စတင်စုစည်းလာပြီး အလွန်ကြီးမားလွန်းလှသော ပုံရိပ်ယောင် ခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။ သူ၏ခါးနှင့် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။ သူ၏ရုပ်ရည်ကို မြင်လိုက်ရသူတိုင်းက သူ့ကိုကြောက်လန့်သွားစေနိုင်သည်။
အလွန်ကြောက်စရာကောင်းပြီး ရန်လိုတတ်သော ပုံစံက သူ့ကို ဆန့်ကျင်သူတိုင်းကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်နေသလို ဖြစ်နေသည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော ကောင်းကင်ပေါ်မှ ရွှေရောင်အလင်းစက်များ ကျဆင်းလာခဲ့သည်။
သူကတော့ အလွန်ကြီးကျယ်ခမ်းနားသော အမူအရာနှင့် ရွှေရောင်ကြာပန်းတစ်ခုပေါ်တွင် ရပ်နေခဲ့သည်။ သူ၏ခါးတွင် ရှိနေသော မိုးကြိုးများက တလက်လက် တောက်ပနေပြီး သူ၏လက်နက်ဖြစ်သည့် ရွှေရောင်ဓားမောက်ကြီးကို ဆင့်ခေါ်လိုက်သည့်အချိန်တွင် သူ့လက်ထဲသို့ ပျံသန်းသွားခဲ့၏။
ထိုပုံရိပ်ယောင်မိုးကြိုးခန္ဓာကြီးက ရှေ့ကို တစ်လှမ်းလျှောက်လာသည့်အချိန်တွင် ကမ္ဘာမြေကြီးက လှုပ်ရှားသွားခဲ့သည်။
"အရာအားလုံးမှာ နိယာမတွေ၊ စည်းမျဉ်းတွေ ရှိတယ်။ အရာအားလုံးက ပုံရိပ်ယောင်တွေ၊ အိပ်မက်တွေလိုပဲ။ ငြိမ်းချမ်းမှုဆိုတာက …"
ထိုအချိန်တွင် ငါးပင်လယ် ပိုစတန်ရေကန်၏မျက်နှာပြင်က နံရံ(၂)ခုအဖြစ် ကွဲသွားပြီး အတွင်းထဲတွင် နက်မှောင်နေသော လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ရေကန်အောက်ခြေကို မြင်လာရ၏။
…………….
နှင်းကျနေသော နှင်းတောင်တန်းထဲတွင် ........
နှင်းတောင်ဓားဂိုဏ်းမှ သိုင်းသမား(၂)ယောက်က အုတ်ဂူကြီး(၉)ခု၏ရှေ့တွင် ရပ်နေကြသည်။ သူတို့က အလွန်သိပ်သည်းသော နှင်းများကြားတွင် လမ်းလျှောက်နေရင်း သူတို့၏လက်ခုံပေါ်၌ နှင်းပွင့်လေးများ ကပ်နေခဲ့၏။
သူတို့က အုတ်ဂူများ၏ရှေ့တွင် တလေးတစား ဦးညွတ်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်ကတော့ ရှေးဟောင်းအဆောင်တစ်ခုကို ကိုင်ထားပြီး တခြားတစ်ယောက်ကတော့ အလံတစ်ခုနှင့် တုတ်တစ်ချောင်း ပုံစံရှိနေသော ရတနာတစ်ခုကို ကိုင်ထားသည်။ ထိုအဆောင်က အလင်းရောင်များ တောက်ပလာပြီး ကောင်းကင်ပေါ်သို့ အလင်းတိုင်လုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော အလံပုံစံ ရတနာဆီမှ လေပြေလေညင်းလေးများ တိုက်ခတ်လာပြီး အလွန်ဆိုးသွမ်းလွန်းလှသော အလင်းရောင်တစ်ခု ထုတ်ပေးလိုက်သည်။
သိုင်းသခင်(၂)ယောက်က နောက်တကြိမ် ဦးညွတ်လိုက်ပြီး ရှေ့သို့ ငုံ့လိုက်၏။ ထိုခဏတွင် အုတ်ဂူတစ်ခု၏ အဖြူရောင်စကျင်ကျောက် တံခါးကြီးက ပွင့်သွားခဲ့သည်။ ပွင့်လာသော အုတ်ဂူအပေါက်မှနေ၍ အလွန်ကြောက်စရာကောင်းပြီး အစွမ်းထက်သော အငွေ့အသက်တစ်ခုလည်း မြစ်ရေလှိုင်းကြီးတစ်ခုပမာ ထွက်ပေါ်လာခဲ့ပြီး လေထဲသို့ မြောက်တက်သွားခဲ့သည်။
အုတ်ဂူ၏ အတွင်းပိုင်းထဲမှနေ၍ အဖြူရောင်အမွှေးအမျှင်များ လွှမ်းခြုံနေသော လူတစ်ယောက် ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် သက်ရှိအငွေ့အသက်များ မရှိချေ။ တောင်တန်းတစ်ခုလုံးကို လွှမ်းခြုံနေသော သေဆုံးခြင်းအငွေ့အသက်များသာ ပြည့်နှက်နေခဲ့၏။
သူက တစ်ချက်ခုန်လိုက်ပြီး သိုင်းသခင်(၂)ယောက်ကို သူနှင့်အတူ ဆွဲခေါ်သွားခဲ့သည်။ သူက လေဟာနယ်ကို ထိုးဖောက်သွားခဲ့ပြီး တခဏအတွင်း မိုင်ထောင်ပေါင်းများစွာကို ဖြတ်ကျော်၍ ငါးပင်လယ်၏ မြို့ထဲသို့ ရောက်လာခဲ့၏။ သူက ရွှေရောင်ဗုဒ္ဓကြီးကို နောက်ကျောပေးထားပြီး သူတို့က အချင်းချင်း တိုက်ခိုက်တော့မည့်ပုံစံမျိုး ထင်မှတ်ရသည်။
"တော်တော်ကြောက်စရာကောင်းတာပဲ…"
အမိန့်အရ စခန်းဆီသို့ ပြန်ရောက်လာသည့်အချိန်တွင် ရွှယ်လျန်ကျိုးက တီးတိုးရေရွတ်လိုက်မိသည်။
"အဲဒီရွှေရောင်ဗုဒ္ဓကြီး …
ဒါကြောင့်လည်း ဆရာက အခြေအနေ အပြောင်းအလဲကို သတိပေးခဲ့တာပဲ…"
ငါးပင်လယ် ပတ်ပတ်လည်တွင် ရှိနေသော မြင်ကွင်းများက သူတို့၏ မျက်လုံးထဲတွင် ခဏတာ ပေါ်လာခဲ့ပြီး ပျောက်ကွယ်သွားကြသည်။
……………..
နှင်းတောင်ဓားဂိုဏ်း အုပ်ချုပ်ရသော အနောက်ဘက်ဆုံးနယ်မြေထဲတွင်......
မြေအောက်တွင်းနက်ကြီးထဲမှနေ၍ အနက်ရောင်အငွေ့အသက်များ ထွက်ပေါ်လာနေသည်။ ကြောက်စရာကောင်းပြီး အစွမ်းထက်သော အငွေ့အသက်များကလည်း အဆုံးမဲ့အမှောင်ထုကြီး၏ အတွင်းထဲမှနေ၍ ဖြာထွက်လာနေခဲ့၏။
ထိုတွင်းနက်ကြီး၏ အရှေ့တောင်ပိုင်းတွင်တော့ နယ်မြေကြီးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သော ကျောင်းဆောင်ကြီးတစ်ခု တည်ရှိနေသည်။ တခြားသော ဗုဒ္ဓကျောင်းဆောင်များနှင့် မတူသည်မှာ ထိုကျောင်းဆောင်က အနက်ရောင်နှင့် သွေးနီရောင် ခြယ်သထားခြင်းဖြစ်ပြီး လူသားအရိုးနှင့် လူသားအပိုင်းအစများကို ကျောင်းဆောင်၏ နေရာအနှံ့တွင် အလှဆင်ထားခြင်းဖြစ်သည်။
ကျောင်းဆောင်ကို ကြည့်လိုက်ရုံနှင့် ကြောက်စရာကောင်းသော ခံစားမှုကို ခံစားရစေပြီး တံခါးဝတွင်တော့ စကားလုံးများကို ရေးသားထားသည်။ ထိုစကားလုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှု၊ ဒေါသနှင့် အမုန်းတရားများ ပြည့်နှက်နေ၏။
“အသူရာကျောင်းဆောင်…”
အသူရာအင်ပါယာလော်ဟိုက ဧရာမလက်ကြီးထဲတွင် ရှိနေသော အနက်ရောင် ကျောက်စိမ်းသေတ္တာထဲမှ ထွက်လာခဲ့သည်။ အဆိုးရွားဆုံး၊ ကြောက်စရာ အကောင်းဆုံး ရည်မှန်းချက်များ ပြည့်နှက်နေသည့် ကျမ်းစာကို ရွတ်ဆိုနေရင်း သူက ထိုသေတ္တာကို အမှောင်တွင်းနက်ကြီးထဲသို့ ပစ်ချလိုက်သည်။
အနက်ရောင်အငွေ့များက လှုပ်ရှားနေပြီး ရေနွေးအိုးတစ်လုံး ဆူပွက်လာသကဲ့သို့ ဒေါသတကြီး လှုပ်ရှားနေခဲ့၏။ ရုတ်တရက်ဆိုသလို မီးခိုးငွေ့များအားလုံး ပျက်စီးသွားခဲ့သည်။
ထိုစမ်းချောင်းထဲမှနေ၍ ဧရာမ မကောင်းဆိုးဝါးကြီးတစ်ကောင် လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာတစ်ဝက်က မျောက်ဝံကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး အခြားတစ်ဝက်ကတော့ ခြောက်ကပ်နေသော အရိုးခေါင်းတစ်ခုဖြစ်သည်။ သူ၏နောက်ကျောတွင် အတောင်ပံများ ရှိနေသော်လည်း အတောင်ပံ(၂)ဖက်စလုံးက ပျက်စီးပြီး ဆိုးဆိုးဝါးဝါး ပုံပျက်နေခဲ့၏။
လက်(၃)ဖက်၊ ခြေထောက်(၄)ဖက် ရှိနေသော မကောင်းဆိုးဝါးတစ်ကောင်၏ အငွေ့အသက်များ၊ မိစ္ဆာတစ်ကောင်၏ ခံစားမှုများကြောင့် အသူရာအင်ပါယာ လော်ဟိုကပင် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ သူက အနောက်ကို ခြေလှမ်းအနည်းငယ် ဒယိမ်းဒယိုင် ပြန်ဆုတ်သွားခဲ့မိပြီး သူ ဆင့်ခေါ်လိုက်သည့် မကောင်းဆိုးဝါး၏ အငွေ့အသက်များကြောင့် ထိတ်လန့်နေခဲ့သည်။
သူ၏ပတ်ပတ်လည်တွင် ရှိနေသောအရာအားလုံးကတော့ အမှောင်ပင်လယ်ကြီးထဲကို ကျရောက်သွားသည့်အလား အကြောက်တရားများသာ ပြည့်နှက်နေခဲ့သည်။ ထိုမိစ္ဆာကြီးက လော်ဟိုကို အေးစက်စွာ ကြည့်နေပြီး သူ၏သွေးနီရောင်မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့၏။
ထို့နောက် သူက လေထဲသို့ကြည့်လိုက်ပြီး ဦးတည်ချက်စဉ်းစား၍ ခြေထောက်(၂)ဖက်ကို ကွေးလိုက်သည်။ မျက်စိတမှိတ်အတွင်း သူက ပျောက်ကွယ်သွားခဲ့၏။ သူက တခဏအတွင်း မိုင်ထောင်ပေါင်းများစွာ ရောက်သွားခဲ့ပြီး ကမ္ဘာဦးအသူရာမုန့်နန်၏ အနားသို့ ရောက်သွားခဲ့သည်။
ထိုအချိန်တွင် မုန့်နန်ကတော့ သူ၏ပုံရိပ်ယောင်ခန္ဓာကို သုံးထားပြီးသားဖြစ်သည်။ ထိုအရာက ခေါင်း(၃)လုံး၊ လက်(၆)ဖက် ရှိနေသော အသူရာတစ်ကောင်၏ ပုံသဏ္ဍာန်ဖြစ်သည်။ သူ့မျက်လုံးထဲတွင် ဒေါသများကြောင့် နီရဲနေပြီး သူ၏ပါးစပ်ထဲမှနေ၍ အနက်ရောင်အငွေ့များ ထွက်ပေါ်လာနေခဲ့၏။
သူ့ဆီမှ ဒေါသတစ်ခုကိုသာ ခံစားနေမိသည်။ ဓားရှည်၊ ဓားမောက်နှင့် မည်းနက်နေသော အနက်ရောင်ကြာပန်းတစ်ခု၊ အနက်ရောင်မီးတောက်များ တောက်လောင်နေသော ပုလဲလုံး(၁)လုံးနှင့် သွေးနီရောင် လှံရှည်တစ်ချောင်းကို သူ၏အသူရာလက်(၆)ဖက်တွင် ကိုင်ဆောင်ထားသည်။ ထိုအရာတစ်ခုတည်းကပင် ပိုင်ကယ်ရေကန်ထဲရှိ သဲများနှင့် ကန္တာရကြီးကို နီရဲသွားစေနိုင်၏။
သေမင်းပင်လယ်ကန္တာရနှင့် ပိုင်ကယ်ရေကန်၏ အတွင်းပိုင်းထဲတွင် အရှေ့ပင်လယ်မှ ပညာရှင် တစ်ယောက်ရှိနေခဲ့သည်။ သူကတော့ လောဘ၏ လွှမ်းမိုးမှုကြောင့် ရောက်နေခဲ့ခြင်း ဖြစ်၏။ မတူညီသော အရောင်(၅)ရောင် ပြည့်နေသည့်လက်ဝါးတစ်ဖက်က အလွန်ကြောက်စရာကောင်းသော အရှိန်အဝါနှင့် သူ့ဆီကို ရောက်လာခဲ့သည်။
အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင်များက သူ နောက်ဆုံးမြင်ရသော အရာများဖြစ်ပြီး သူ့ဆီတွင် ရှိနေသော မှော်ရတနာများ၏ အစွမ်းများ ကုန်ဆုံးသွားသည်ကို မြင်လိုက်ရသည်။ အမှောင်ထုကြီးသာ ကျရောက်လာခဲ့ပြီး သူက ချက်ချင်း သေဆုံးသွားခဲ့သည်။
ထိုက်လီက သူ၏သားကောင်ကို ကိုင်ပြီး သူ့နောက်မှ လိုက်လာသော နတ်ဆိုးများဆီကို ပစ်ပေးလိုက်သည်။ သူက လက်အောက်ငယ်သားများကို အေးစက်စွာ ပြောလိုက်၏။
"နောက်ထပ်အများကြီး ရောက်လာဦးမယ်။ ဒါကိုတော့ မင်းတို့အဆာပြေ စားထားလိုက်…"
ထိုစကားပြောပြီးသွားသည့်အချိန်တွင် သူက အဝေးတွင် ရှိနေသော ငါးပင်လယ်၊ ပိုစတန်ရေကန်ရှိရာကို လှည့်ကြည့်လိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်၏။
"ငါထင်ထားတာထက် ပိုပြီးတော့စောနေတာပဲ…"
သူ၏ခန္ဓာကိုယ်က ချက်ချင်း ကြီးထွားလာခဲ့သည်။ တခဏအတွင်း သူက အရောင်အသွေး စုံလင်လှသော ဧရာမဒေါင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဒေါင်း၏အရောင်(၅)ရောင်က သူ၏အမြီးတွင် ရှိနေပြီး သက်တန့်ရောင်များကဲ့သို့ ဖြစ်နေ၏။
"ကောင်းကင်ပင်လယ် အရင်းအမြစ်ကို သွားတော့။ ဒီပြသာနာတွေကနေ ဝေးဝေးနေကြ.."
နတ်ဆိုးဘုရင်က နောက်လှည့်ကြည့်လိုက်ပြီး လေထဲသို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ခေါ်သံကိုစောင့်နေသော တခြားမိစ္ဆာဘုရင်များကို ဆင့်ခေါ်လိုက်၏။ သူကတော့ အတောင်ပံကြီးများကိုခတ်ပြီး ငါးပင်လယ်ရှိရာကို ထွက်ခွာသွားခဲ့သည်။
အနားတွင် ရှိနေသော အဖြူရောင်ကျားကြီးတစ်ကောင်က လေထဲသို့ ခုန်ထွက်လာခဲ့သည်။ သူကတော့ ဒေါင်းနတ်ဆိုးဘုရင်ထက်ပင် ပို၍လျင်မြန်နေခဲ့၏။ လေလှိုင်းများနှင့် ရွှေရောင်အငွေ့အသက်များကြောင့် သူက နိုးလာပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့သည်။
ငါးပင်လယ် ပိုစတန်ရေကန်၏ အရှေ့တောင်ဘက်အစွန်တွင်တော့ အနက်ရောင်တိမ်တိုက်များ စုစည်းလာပြီး လေလှိုင်းများလည်း စတင်ထွက်ပေါ်လာသည်။ လျှပ်စီးကြောင်းများက တလက်လက်တောက်ပနေပြီး မိုးခြိမ်းသံများလည်း ကြားနေရ၏။
မုန်တိုင်းများ၏အလယ်မှနေ၍ ရာသီခွင် ကျွဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သူကတော့ လျှပ်စီးကြောင်းများပေါ်တွင် စီးနင်းလိုက်ပါလာခဲ့၏။ နတ်ဆိုးမျိုးနွယ်စုမှ ကြီးမြတ်သော မိစ္ဆာဘုရင်(၃)ယောက်က အရာအားလုံးကို ဖျက်ဆီးပစ်ရန် ပေါ်ထွက်လာခဲ့ကြပါပြီ။
တာအိုသခင်ချုံဟယ်က ချူချမ်းနင်နှင့် ရန်ဝူဝိုတို့ကို ဗုဒ္ဓအငွေ့အသက်များ ထွက်ပေါ်လာသည့် နယ်မြေထဲမှ အဝေးကို ပို့ဆောင်ပေးလိုက်သည်။ ထို့နောက် သူလည်း တိမ်တိုက်များကို စီးနင်းပြီး ငါးပင်လယ်ဆီသို့ ပျံသန်းလာခဲ့၏။
အဝေးကောင်းကင်ပေါ်တွင်တော့ အလွန်မာနကြီးပုံရသော လူတစ်ယောက် ရပ်နေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် မုတ်ဆိတ်ရှည်တစ်ခုရှိနေပြီး သူ၏ပတ်ပတ်လည်တွင်တော့ ခရမ်းရောင်အငွေ့အသက်များ ဝန်းရံနေသည်။
ထိုအရာကတော့ အဆင့်မြင့်ခရမ်းဝိညာဉ် ကွေချင်းဟယ်ဖြစ်သည်။ သူက လေထဲတွင် တိတ်တဆိတ် လွင့်မျောနေပြီး သူ၏ပုံရိပ်ယောင်ခန္ဓာကို ထုတ်သုံးခဲ့ခြင်း မရှိပေ။
သူနှင့်မလှမ်းမကမ်းတွင်တော့ အဘိုးအိုတစ်ယောက် ထိုင်နေခဲ့သည်။ သူ့ပုံစံကတော့ မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမရချေ။ သူကတော့ ဓားအရူး ဟယ်ချီဖြစ်သည်။ သူကလည်း သူ့မြေး ဟယ်ကျူးကဲ့သို့ တူညီသောရုပ်ရည်၊ တူညီသောပုံစံများ ရှိနေပြီး အလွန်မာနကြီးသော သူ၏အရှိန်အဝါကို ဖုံးကွယ်ထားခဲ့သည်။ သူက အသက်ကြီးရင့်နေသော်လည်း မျက်နှာပေါ်တွင် အရေးအကြောင်းများကို မတွေ့ရပေ။
ထိုလူ(၂) ယောက်က လူတစ်ယောက်ကို စောင့်နေသည့်အလား ထင်မှတ်ရပြီး တာအိုသခင်ချုံဟယ်က သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မှော်အကာအကွယ်ကို ဖျက်ဆီးရန် ကြိုးစားနေသော မိုးကြိုးဗုဒ္ဓနှင့် သေဆုံးခြင်း အငွေ့အသက်များ ထွက်ပေါ်လာနေသည့် ဆံဖြူအဘိုးအိုတို့ကို စိုက်ကြည့်နေခဲ့သည်။
ကမ္ဘာဦးအသူရာနှင့် သူ့ဘေးတွင် ရှိနေသော ခြေ (၄)ချောင်း လက်(၃)ဖက် မကောင်းဆိုးဝါးကို တာအိုသခင်က သတိထားမိသော်လည်း ကြိုတင်မျှော်လင့်ထားသည့်အလား အံ့ဩနေခြင်း မရှိခဲ့ပေ။
ထိုအချိန်တွင် မိစ္ဆာဘုရင်(၃) ယောက် ရောက်လာပြီး သူတို့က ပိုစတန်ရေကန်၏ အခြားအစွန်တစ်ဖက်မှနေ၍ သူ့ကို စိုက်ကြည့်နေကြ၏။
"အော်မီတော်ဖော် …
ဒကာကြီးချုံဟယ် ငါတို့တွေ အချင်းချင်းပူးပေါင်းပြီး ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်အတွက် မိစ္ဆာဘုရင်တွေကို ဖယ်ရှားသင့်တယ်။ ပြီးမှပဲ ပင်မလမ်းညွှန်ချက်နဲ့ ပက်သက်တဲ့ကိစ္စကို ဆွေးနွေးသင့်တယ်…"
သူတို့၏နားထဲတွင် အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအရာက ကျောင်းထိုင်ကုံဝမ်၏ အသံဖြစ်၏။
ရှောင်လင်ကျောင်းထိုင်က အဝေးမှနေ၍ သူတို့ဆီကို ပျံသန်းလာခဲ့သည်။ သူ့လက်ထဲတွင်တော့ ကွင်း(၉)ကွင်း နဂါးတုတ်တစ်ချောင်း ကိုင်ထား၏။ သူ၏ မုတ်ဆိတ်နှင့် မျက်ခုံးများက အဖြူရောင်ဖြစ်နေပြီး အလွန်တည်ငြိမ်အေးချမ်းမှုကို ပြသနေသည်။
တာအိုသခင်ချုံဟယ်က ပြုံးလိုက်၏။
"ကရုဏာတရားရှိပြီး သနားကြင်နာတတ်တဲ့ ကျောင်းထိုင်ကုံဝမ်ကလည်း သာမန်အရေးကိစ္စတွေကို စိတ်ဝင်စားနေတာပါလား…"
သေခြင်းတရားနှင့် လောဘကစားပွဲတွင် သူတို့ကတော့ နောက်ပိုင်းမှ ဝင်ပါရန် စဉ်းစားထားခဲ့သည်။ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို ယခုအချိန်ထိ မမြင်ရသေးသော်လည်း အခြေအနေက တည်းတည်းလေးသာ ကျန်နေတော့၏။ ထိုအရာက တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာရန် အစလည်းဖြစ်သည်။
ဓမ္မကာရအဆင့် ပညာရှင်များ၏ ကြီးမြတ်သောတိုက်ပွဲက ရောက်ရှိလာတော့မည်ဖြစ်၏။
……………
မုန့်ချီကို ခေါ်ဆောင်သွားပြီးနောက် ဆရာကြီးလုက လေဟာနယ်များကို ထိုးဖောက်သွားခဲ့သည်။ သူတို့က လျန်တိုင်တောင်ထိပ်၏ရှေ့ကို ရောက်လာခဲ့၏။
"ငါက ဘုန်းတော်ကြီးကုံဟွေနဲ့ တော်တော်လေး ရင်းနှီးတယ်။ ပိတ်မိနေတဲ့ ကုံဝမ်ကို ကယ်တင်ဖို့အတွက် သူ့ကိုတောင် အကူအညီတောင်းလို့ ရနိုင်တယ်…"
ဆရာကြီးလုက ရှောင်လင်ကျောင်းတော်၏ အမိုးနှင့်မျက်နှာကျက်များကို ကြည့်ပြီး ပြောလိုက်သည်။
မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ဆရာကြီး …
ဖြစ်နိုင်မယ်ဆိုရင်တော့ မလုပ်ပါနဲ့။ ဒီကိစ္စက တော်တော်လေးကို အရေးကြီးတယ်။ ကျွန်တော်တို့က ဘယ်သူ့ကိုမှ သတိမပေးဘဲ သွားပြီး ကယ်တင်ဖို့လိုတယ်။ ဘုန်းတော်ကြီးကုံဟွေက နေ့စဉ်နေ့တိုင်း မွန်းတည့်ချိန်မှာ ကုသလို့မရနိုင်တဲ့ နာကျင်မှုတွေကို ခံစားနေရတယ်ဆိုတာ ကျွန်တော်သိတယ်။ ဒီတော့ အဲဒီအရာက ဟာကွက်တစ်ခုဖြစ်နိုင်တယ်…"
ဆရာကြီးလုက မုန့်ချီ၏အကြံပေးချက်ကိုနားထောင်ပြီး သိမ်မွေ့စွာ ခေါင်းညိတ်ပြောလိုက်သည်။
"ကောင်းပြီလေ ။ ဒါဆိုလည်း ထားလိုက်ပါတော့…"
သူတို့(၂) ယောက်က မွန်းတည့်ချိန်ထိ စောင့်နေခဲ့၏။ ထို့နောက် ဆရာကြီးလု၏ ဓားမှနေ၍ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားချီစွမ်းအင်များက ကျောင်းဆောင်၏ မြေအောက်ထဲကို ဖောက်ဝင်သွားခဲ့သည်။ မုန့်ချီနှင့်အတူ ဆရာကြီးလုက တောင်အနောက်ဘက်တွင် ရှိနေသော ဧရာမအနီရောင် ကျောက်တုံးကြီးဆီကို ရောက်လာခဲ့သည်။
မုန့်ချီက ကျောင်းဆောင်ထဲရှိ လမ်းကြောင်းများကို ရင်းနှီးနေသည့်အတွက် ရှေ့မှ လမ်းပြနေသည်။ ခက်ရင်းခွပုံစံလမ်းမတွင် ဆရာကြီးလုက ပင့်သက်ရှိုက်လိုက်ပြီး ရှေ့ကို လက်ညှိုးထိုးလိုက်၏။ ထိုနေရာကို စောင့်ကြပ်ရပြီး အနီရောင်ခြုံလွှာ ဝတ်ဆင်ထားသော ဘုန်းတော်ကြီးက ကျူးကျော်လာသူကို သတိမထားမိခင်အချိန်မှာပင် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားခဲ့သည်။
“တကယ့်ကို တော်တော်လေး အစွမ်းထက်တာပဲ…”
မုန့်ချီက တစ်ယောက်တည်း တွေးမိခဲ့သည်။ အမှန်တရားဆန်ခြင်းနှင့် စိတ်ကောင်းရှိခြင်းဟူသောအရာက ပြောင်းလဲ၍မရနိုင်ပေ။ သူတို့၏ရှေ့တွင် ရှိနေသော တံခါးကိုတော့ ဝင်ရောက်၍ မရစေရန် တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားခဲ့၏။
ဆရာကြီးလုက ကျောက်တုံးတံခါး၏ ရှေ့တွင် ရပ်လိုက်၏။ ထိုအချိန်တွင် သူ၏ အငွေ့အသက်များက အလွန်ထူးဆန်းလာပြီး သူ့မျက်လုံးတစ်ဖက်က မှိတ်သွားခဲ့၏။ သူ့ခန္ဓာကိုယ်က အသံမထွက်ဘဲ လှုပ်ရှားလာခဲ့သည်။ ခဏကြာပြီးနောက် သူက တိတ်တဆိတ် မျက်လုံးပြန်ဖွင့်လိုက်၏။
"ငါတွေ့ပြီ…"
သူက တိတ်တဆိတ် ပြောလိုက်သည်။
မုန့်ချီက သူ့ဓားကိုဆွဲထုတ်လိုက်၏။ ထို့နောက် သူ့မျက်လုံးထဲတွင် အဖြူရောင်လေဟာနယ်ကြီးတစ်ခု ပေါ်လာပြီး အလင်းရောင်များက သူ့မျက်လုံးကို လွှမ်းခြုံသွားခဲ့သည်။ သူက လေဟာနယ်တစ်ခုထဲကို ထိုးဖောက်မိသွားသလို ခံစားမိလိုက်ပြီး တလက်လက်တောက်ပနေသော ကြယ်များကို တွေ့နေရ၏။
ခဏကြာပြီးနောက် သူက ပြန်မြင်လာရပြီး ကျောက်တုံးတံခါး၏ရှေ့တွင် နောက်တစ်ကြိမ် ပြန်ရောက်လာကြောင်း တွေ့လိုက်ရသည်။ “ကရုဏာရှိပြီး သနားကြင်နာတတ်သူမဝင်ရ” ဟူသော စကားလုံးက ယခင်တုန်းကကဲ့သို့ နတ်ဆိုးအငွေ့အသက်မျိုး မရှိတော့ချေ။
ဆရာကြီးလုက စကားတစ်ခွန်းမျှမပြောဘဲ မုန့်ချီနှင့်အတူ သန့်စင်နယ်မြေထဲကို ဝင်ရောက်သွားခဲ့သည်။ သူတို့က အတားအဆီးမျိုးစုံကို ဖြတ်ကျော်သွားခဲ့ပြီး ဆဋ္ဌမအလွှာကို ရောက်လာခဲ့၏။ ထိုနေရာတွင် မုန့်ချီ ဖြတ်သန်းလာခဲ့ဖူးသော အကာအကွယ်များကိုတော့ အလွယ်တကူ ဖြတ်ကျော်လာနိုင်ခဲ့သည်။
"ဒါက တော်တော်လေးကို လွယ်လွန်းတယ်…"
မုန့်ချီက တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သည်။ သူ့ရင်ထဲတွင်တော့ ချွေးသီချွေးပေါက်များ ကျဆင်းနေ၏။
"အော်မီတော်ဖော် ….
ဒုက္ခပေးရတဲ့အတွက် တောင်းပန်ပါတယ် ဒကာကြီးလု…"
ကုံဝမ်က အကာအကွယ်ထဲမှနေ၍ ပြောလိုက်သည်။
"ငါတို့က အချင်းချင်း ကူညီပေးဖို့ တာဝန်ရှိပါတယ် မိတ်ဆွေ…"
ဆရာကြီးလုက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့လက်ထဲတွင် ကိုင်ထားသောဓားဆီမှ အလင်းရောင်များ တောက်ပလာခဲ့သည်။ သူက ရိုးရှင်းသော ခုတ်ချက်တစ်ခုတည်းနှင့် အကာအကွယ်ကို တိုက်ခိုက်လိုက်သည်။
"ခလွပ် ... ခလွပ်"
မုန့်ချီကတော့ ဓားချက်၏ အလင်းရောင်များကိုပင် မတွေ့ခဲ့ရပေ။ အမှောင်ထဲတွင် ကျယ်လောင်သော အက်ကွဲသံတစ်ခုကိုသာ ကြားလိုက်ရ၏။ ထိုအချိန်တွင် မမြင်ရဘဲ ပုန်းအောင်းနေသော စွမ်းအင်များစွာက ဆရာကြီးလု၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ကြောင်း ခံစားမိလိုက်သည်။
ကံကြမ္မာကွင်းဆက်နှင့် သေမျိုးဖုန်မှုန့် အကာအကွယ်များ၊ မျက်လုံးအမြင်ကို တားဆီးထားနိုင်သော အကာအကွယ်မှော်ရတနာများနှင့် ကျောင်းထိုင်ကုံဝမ်ကို ချုပ်နှောင်ထားရန် ဟန်ကွမ်း ချန်ထားခဲ့သော အဆောင်(၃)ခုလုံးက ပျက်စီးသွားခဲ့သည်။ ထိုအရာများအားလုံးက တိတ်တဆိတ် ပျက်စီးသွားခဲ့၏။
“ရိုးရှင်းတယ်။ တည့်တိုးဆန်တယ်။ ကြောက်စရာကောင်းတယ်..”
မုန့်ချီ၏ခေါင်းထဲတွင် ထိုစကားလုံးများသာ ပေါ်လာခဲ့သည်။
ဆရာကြီးလု၏ ရိုးရှင်းသော ကြိုးစားအားထုတ်မှုက အကာအကွယ်၏ အချုပ်အနှောင်များကို ဖျက်ဆီးလိုက်သည့်အတွက် သူ့အစွမ်းက ကျောင်းထိုင်ကုံဝမ်ထက် ပိုသာနေသည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ အတွင်းထဲမှနေ၍ မှော်ဝင်္ကပါကို ဖျက်ဆီးရခြင်းနှင့် အပြင်ဘက်မှနေ၍ ဖျက်ဆီးရခြင်းက မတူညီသော အရာများဖြစ်သည်။
အမှန်အတိုင်းပြောရလျှင်တော့ ကျောင်းထိုင်ကုံဝမ်က နှစ်ပေါင်းများစွာ ပိတ်မိနေသည့်အတွက် စွမ်းအားများ လျော့နည်းနေခြင်းကြောင့်သာ ဖြစ်သည်။ ထိုအချိန်တွင် ဆရာကြီးလုကတော့ အကာအကွယ်ကို ဖျက်ဆီးရန် စွမ်းအားအကုန်သုံးရန်ပင် မလိုအပ်ခဲ့ပေ။ ထိုအရာကို မုန့်ချီလည်း နားလည်နေခဲ့သည်။
"အော်မီတော်ဖော် ကျေးဇူးအများကြီးတင်ပါတယ် ဒကာတို့…"
ကျောင်းထိုင်ကုံဝမ်က ဦးညွတ်ပြီး ပြောလိုက်သည်။
"သူက ကုံဝမ်အစစ်ပဲ…"
ဆရာကြီးလုက မုန့်ချီကို စိတ်ဝိညာဉ်ပို့ဆောင်မှုနှင့် ပြောလိုက်သည်။
Translated by Hein Htet.