← Chapters

အခန်း (၅၆၃)

Vol. 38 Ch. 563

အခန်း (၅၆၃)

Vol. 38 Ch. 563

ကုံဝမ်အတုဖြစ်သော ဟန်ကွမ်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် အစစ်အမှန်က ပို၍အသက်ကြီးပြီး ပိန်ပုံရသည်။ သူ၏မျက်နှာပေါ်တွင် ရှိနေသော မျက်ခုံးမွှေးဖြူနှစ်ခုက အနည်းငယ်အောက်သို့ ကျနေပြီး ရွှေရောင်မျက်နှာပေါ်မှ ထွက်လာသော ရွှေရောင်များကတော့ အတူတူသာဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် လေဟာနယ်အလင်းတန်း အပိုင်းအစထဲမှာရှိတဲ့ အချိန်စီဆင်းမှုရဲ့ကြားထဲမှာ ကွာဟမှုတွေ ရှိနေတာပဲ။ အပြင်ဘက်ကမ္ဘာကြီးထဲမှာ (၁)နှစ်က ဒီနေရာမှာ (၃)နှစ်နဲ့ ညီမျှတယ်။ ကျောင်းထိုင်ကုံဝမ်က ဒီနေရာမှာ (၁၀)နှစ်ကျော် ပိတ်မိနေခဲ့တာ။ ဒါကြောင့် သူရဲ့သက်တမ်း နှစ်(၄၀)၊ (၅၀)လောက် ကုန်ဆုံးသွားပြီလို့ ဆိုလိုနေတယ်။ သူ့ဆီမှာ သိုင်းလောကကို နှစ်ပေါင်း(၁၀၀)ကျော် ဖိနှိပ်နိုင်ခဲ့တဲ့ ဓမ္မခန္ဓာကိုယ်တစ်ခု ရှိခဲ့ဖူးတယ်။ အခုတော့ သူ့ရဲ့အစစ်အမှန် သက်တမ်းက အသက် (၂၀၀) တောင် ကျော်သွားလောက်ပြီ…”

မုန့်ချီက တစ်ယောက်တည်းတွေးနေမိခဲ့သည်။

သို့သော် ထိုအရာက ပုံရိပ်ယောင်ခန္ဓာ၏ အစွမ်းအပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ချေ။ မသေမချင်း ခန္ဓာကိုယ်က ပျက်စီးသွားလိမ့်မည် မဟုတ်ချေ။ ထို့ပြင် ရှောင်လင်ကျောင်းတော်က ပင်မသိုင်းဂိုဏ်ကြီးတစ်ခု ဖြစ်သည့်အတွက် အသက်ကို ဆွဲဆန့်နိုင်သော ဆေးလုံးများ ရှိနေသင့်သည်။ မဟုတ်လျှင် သူ၏ကိုယ်ပိုင် အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို ဓမ္မကာရအဆင့် ပညာရှင်များဆီသို့ ရောင်းချလိုက်မည်ဆိုလျှင် ပို၍ အကျိုးအမြတ်များနိုင်၏။

ဆဌမအလွှာတွင် ရှိနေသော ဝင်္ကပါက ဆရာကြီးလု၏ ဓားချက်ကြောင့် ပျက်စီးသွားခဲ့ပြီး မူလတောင်ထိပ် ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။ ထို့ကြောင့် မုန့်ချီက သတ္တမအလွှာတွင် ရှိနေသော အခြေအနေကို ဝိုးတဝါးမြင်လာရသည်။

သတ္တမအလွှာတွင် ဝင်္ကပါအရိပ်အယောင်များ မရှိချေ။ နေရာတိုင်းတွင် အပျက်အစီးများသာ ရှိနေခဲ့သည်။ အကယ်၍ ဖျက်ဆီး၍ မရနိုင်သော သန့်စင်နယ်မြေနှင့် တောင်တန်းကြောင့်သာ မဟုတ်လျှင် ထိုနေရာက ဧရာမတွင်းနက်ကြီးများ အက်ကွဲကြောင်းများ ရှိလာပြီး ပျက်စီးသွားသည်မှာ ကြာလောက်ပါပြီ။

“ဟန်ကွမ်းက ဝင်္ကပါရဲ့သတ္တမအလွှာကို ကျော်ဖြတ်ဖို့ အချိန်အတော်လေး ယူခဲ့ရတယ်ထင်တယ်…”

မုန့်ချီက ထိုကဲ့သို့ ကောက်ချက်ချလိုက်မိသည်။

“အော်မီတော်ဖော်……

ဝင်္ကပါက ပျက်စီးသွားပြီ ဆိုမှတော့ တောင်ထိပ်ပေါ်မှာ သဲလွန်စရှိမရှိ ငါတို့က သွားကြည့်ကြမယ်..”

ကုံဝမ်ကလည်း သတ္တမအလွှာတွင် ရှိနေသော မူမမှန်မှုများကို သတိထားမိခဲ့သည်။

ဆရာကြီးလုက ခေါင်းညိတ်ပြလိုက်၏။ သူက ရှေ့ကိုကြည့်လိုက်ပြီး တစ်လှမ်း လှမ်းလိုက်ရာ တောင်ထိပ်ပေါ်တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။ ဓားချီစွမ်းအင်များက သူ့ကို ဖြတ်သန်းသွားသည့်အချိန်တွင် မုန့်ချီလည်း ချက်ချင်း ရောက်လာခဲ့၏။ သို့သော် ကုံဝမ်ကတော့ အနည်းငယ် နှေးကွေးနေခဲ့သည်။

“အော်မီတော်ဖော်….

ငါက နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာ။ ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ချို့ယွင်းနေပြီ…”

ကုံဝမ်၏လေသံက တည်ငြိမ်နေသော်လည်း မကျေနပ်မှု ၊ စိတ်ဓာတ်ကျမှုများ မရှိချေ။ သူက တခြားတစ်ယောက်ကို ပြောနေသလို ထင်မှတ်ရ၏။

တောင်ထိပ်ပေါ်က ကျယ်ဝန်းခြင်း မရှိဘဲ မီတာ (၄၀)ခန့် သာ ရှိသည်။ ထိုနေရာတွင် ရှိနေသော စမ်းချောင်းများက ခြောက်ကပ်နေပြီး ရွှေရောင်ကြာပန်းများနှင့် တခြား တန်ဖိုးရှိဆေးပင်များ အားလုံးကလည်း ညှိုးခြောက်သွားခဲ့ပါပြီ။ ထိလိုက်ရုံနှင့်ပင် ပျက်စီးသွားစေနိုင်သည်။ ထူးခြားသည့်အရာ တစ်ခုမျှ မရှိတော့ချေ။

သို့သော် အလယ်ဗဟိုတွင်တော့ လူသားများ ဖန်တီးထားသလို ထင်ရသော ရတနာ(၈)သွယ် ကောင်းမှုရေကန် ရှိနေသည်။ လူတချို့က ထိုအရာ၏ ခြေရာလက်ရာများကို တမင်တကာ ဖျက်ဆီးပစ်သလို ထင်ရ၏။

“အော်မီတော်ဖော်….

ဒကာကြီးဟန်က တော်တော်လေးကို သတိထားတယ်။ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး…”

ကုံဝမ်က ခံစားချက် ပြည့်နှက်စွာ သက်ပြင်းချလိုက်မိသည်။

ထိုအရာက ဝင်ပေါက်ကို လျှို့ဝှက်ထားသော နေရာတစ်ခု ဖြစ်နေသော်လည်း ဟန်ကွမ်းကတော့ တောင်ထိပ်ပေါ်တွင် ရှိနေသော သူ၏ခြေရာလက်ရာများကို ဂရုတစိုက် ဖျက်ဆီးပစ်နိုင်ခဲ့သေးသည်။ ထို့ကြောင့် တခြားသူများက ရှောင်လင်၏ တောင်အနောက်ဘက်တွင် ရှိနေသော လျှို့ဝှက်ချက်များကို စစ်ဆေးကြည့်ရန် လုံးဝ မဖြစ်နိုင်ပေ။

ဆရာကြီးလုက လက်ထဲတွင် ဓားကို ကိုင်ပြီး ပတ်ပတ်လည်သို့ စိုက်ကြည့်နေခဲ့သည်။ သဲလွန်စများ ဖျက်ပစ်လိုက်သည့်အတွက် သူက မကျေမနပ် ဖြစ်နေခြင်း မရှိချေ။ အရွယ်အစားကြီးမားသော သူ၏အပြာရောင်အင်္ကျီကလည်း လေထဲတွင် လွင့်နေခဲ့သည်။

ရုတ်တရက်ဆိုသလို သူက ရှေ့ကို လျှောက်သွားပြီး တောင်ကမ်းပါးယံဆီသို့ ရောက်လာခဲ့၏။ သူက အစွန်တွင် ရပ်နေပြီး တစ်စုံတစ်ခုကို ခံစားနေသည့်အလား မျက်လုံးကို မှိတ်လိုက်သည်။

ဆရာကြီးလု၏ မူမမှန်မှုကို သတိထားမိသည့်အချိန်တွင် ကုံဝမ်က အနည်းငယ် အံ့ဩသွားခဲ့၏။ မုန့်ချီကတော့ မည်သည့်အရာကိုမျှ မတွေ့ရပေ။ သံသယများ ပြည့်နှက်နေသည့်အတွက် သူလည်း ဆရာကြီးလုရဲ့အနားကို ရောက်လာပြီး မျက်လုံးမှိတ်၍ ပတ်ပတ်လည်ကို အာရုံခံစားကြည့်နေမိသည်။

ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကမ္ဘာကြီး နှစ်ခုလုံးက အချင်းချင်း ပေါင်းစပ်သွားသည်။ ပင်မချီစွမ်းအင် ပင်လယ်ကြီးကလည်း အဆုံးမဲ့ပြန့်နှံ့သွားခဲ့၏။ မုန့်ချီ၏ သိစိတ်ကတော့ အနီးနားတွင် ရှိနေသော အရာအားလုံးကို မှန်တချပ်ကဲ့သို့ ပေါ်လာခဲ့သည်။ သူက နည်းနည်းချင်းဆီ လေထဲသို့ ထွက်ပေါ်လာသော အငွေ့အသက်များကို ရှာတွေ့သွားပြီး သူ့ခေါင်းထဲတွင် အရပ်ရှည်ရှည် လူရိပ်တစ်ခု ပေါ်လာခဲ့သည်။

သူက အနက်ရောင် ချပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အလွန်ရှည်လျားပြီး နက်မှောင်သည့် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူ၏ဆံပင်ရှည်များက လေထဲတွင် လွင့်နေပြီး ပတ်ပတ်လည်တွင်တော့ ခရမ်းရောင် လျှပ်စီးကြောင်းများ လွှမ်းခြုံနေသည်။

သူ့အနားကို ကပ်လာသူတိုင်းက အလွန်အန္တရာယ်ရှိနိုင်သည်။ ထိုနေရာတွင် ရပ်နေသော သူ့ပုံစံက အလွန်အစွမ်းထက်ပြီး အချုပ်အနှောင် မရှိသည့်အပြင် ကြောက်စရာကောင်းပြီး မာနကြီးသော အငွေ့အသက်များကို ပေးစွမ်းနိုင်သည်။ မုန့်ချီက သူနှင့် တစ်ကြိမ်ကြုံဖူးသည့်အတွက် သူ့အပေါ် လေးစားနေမိ၏။

“လောကသခင်…

အလယ်ခေတ်မှာ အသတ်ခံလိုက်ရတဲ့ လောကသခင်…”

ဆရာကြီးလုက မျက်လုံးပြန်ဖွင့်လိုက်ပြီး ရှေ့တွင် ရှိနေသော တိမ်ပင်လယ်ကြီးကို စူးစူးနစ်နစ် စိုက်ကြည့်လိုက်၏။

“ဒီနေရာကို လောကသခင်လည်း ရောက်ခဲ့ဖူးတယ်…”

သူက တည်ငြိမ်စွာ ပြောလိုက်သည်။

အတည်ပြုချက်ကို ရရှိပြီးနောက် မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။

“လောကသခင်က ဒီနေရာကို ဘာလို့ရောက်လာခဲ့ရတာလဲ။ တောင်ထိပ်ပေါ်က ရတနာတွေကြောင့်လား..။ ဟန်ကွမ်းက ခြေရာလက်ရာတွေကို ဖုံးကွယ်လိုက်တဲ့အတွက် တောင်ထိပ်ပေါ်မှာ တခုခုရှိနေသေးတယ်လို့ ညွှန်ပြနေတယ်..”

“အော်မီတော်ဖော်….

လောကသခင် ဒကာကြီးက ဒီနယ်မြေကို တကယ်ပဲရောက်လာခဲ့ဖူးတယ်…”

ကုံဝမ်က တီးတိုးပြောပြလိုက်သည်။

ထိုအချိန်တွင် အလင်းအပိုင်းအစများ အားလုံးက စုစည်းသွားခဲ့ပြီး ဒဏ္ဍာရီများ၊ အုတ်ဂူများ၊ သန့်စင်နယ်မြေနှင့် ပတ်သက်သောအရာများသာ ကျန်နေတော့သည်။ ကုံဝမ်က ထိုကိစ္စကို ရှင်းပြကြောင်း ကြားသည့်အချိန်တွင် သူလည်းအလွန် စိတ်ဝင်စားသွားခဲ့သည်။

“ဗုဒ္ဓနယ်မြေက ဘာလို့ ဒဏ္ဍာရီတစ်ခုလို့ သတ်မှတ်နိုင်ရတာလဲ…”

ကုံဝမ်က ဗုဒ္ဓလော်ဟန့် တစ်ပါးဖြစ်သည်။ ထို့ကြောင့်လည်း မုန့်ချီက သူ့ကို ဗုဒ္ဓနယ်မြေအကြောင်း မေးလိုက်ခြင်း ဖြစ်၏။

ကုံဝမ်က ချက်ချင်းပြန်ဖြေလိုက်သည်။

“အနည်းဆုံးတော့ ရသေ့ကြီးတွေ၊ မဟာဗောဓိတဗ္ပတွေက ဗုဒ္ဓအဆင့်နဲ့ အရမ်းကို နီးကပ်ခဲ့တယ်လေ။ ဒါကြောင့် ဒီနေရာက ဗုဒ္ဓရဲ့နေရာတစ်ခုလို့ သတ်မှတ်နိုင်သေးတယ်..”

အစစ်အမှန် အဓိပ္ပာယ်ကိုတော့ မုန့်ချီလည်း နားမလည်နိုင်သေးပေ။ သူတို့(၃)ယောက်က လောကသခင်၏ ခြေရာလက်ရာများအပြင် တခြားမည်သည့်အရာကိုမျှ မတွေ့ရပေ။

ဆရာကြီးလုက ကုံဝမ်နှင့် မုန့်ချီတို့ကို ပြန်လှည့်ကြည့်လိုက်သည်။

“ဝင်္ကပါ ပျက်စီးသွားတာကို ဟန်ကွမ်းက ခံစားမိမှာပဲ။ ဒီတော့ သူက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်အတွက် တိုက်ပွဲကို ခက်ခဲအောင် လုပ်လိမ့်မယ်။ ငါတို့က အရမ်းနောက်မကျသေးခင် ချက်ချင်းပြန်ကြစို့…”

……….

ငါးပင်လယ်၏ အပေါ်ဘက်တွင်တော့ ဗုဒ္ဓအမွေအနှစ်မှ ပြောင်းလဲလာသော ဗုဒ္ဓပုံရိပ်ယောင်ခန္ဓာကိုယ်က မျက်လုံးဖွင့်လိုက်သည်။ ကမ္ဘာဦးအသူရာမုန့်နန်ဆီတွင် အဖျက်စွမ်းအားများ ပြသခြင်း မရှိဘဲ သူ၏မျက်နှာပေါ်တွင် အဖြူရောင်ဆံနွယ်များ ဖုံးလွှမ်းနေခဲ့သည်။ ခြေ(၃)ချောင်း လက်(၄)ဖက် မကောင်းဆိုးဝါးက အနီးအနားတွင် စောင့်ကြပ်နေပြီး တခြားသူများ၏ တိုက်ခိုက်မှုကို စောင့်ကြည့်နေခဲ့၏။

မိစ္ဆာဘုရင်(၃)ယောက်နှင့် ထိပ်တန်းပညာရှင်(၄)ယောက်ဖြစ်သော ချုံဟယ်၊ ကွေ့ချင်းဟယ်၊ ဟယ်ချီနှင့် ကုံဝမ်တို့က ငါးပင်လယ်ကိုဖြတ်၍ မုန့်နန်တို့ကို စိုက်ကြည့်နေလိုက်သည်။

ချုံဟယ်က မိစ္ဆာဘုရင်များကို အတူတကွ ဖယ်ရှားရန် ကတိပေးလိုက်ကြောင်း ကြားသည့်အခါ သူက ဟယ်ချီ၊ ကွေ့ချင်းဟယ်တို့နှင့် စတင်ဆက်သွယ်နေခဲ့၏။ ရုတ်တရက်ဆိုသလို သူ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။

သူက အတော်လေး မျက်နှာပျက်သွားခဲ့ပြီး ကွင်း(၉)ကွင်း နဂါးတုတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။

“မှော်အစွမ်းက ပျက်စီးသွားပြီ ။ ကုံဝမ် လွတ်သွားပြီပေါ့။ တယောက်ယောက်က သူ့ကို ကယ်ခဲ့တာလား။ ဒါမှမဟုတ် ကုံဝမ်က အဆင့်တက်သွားခဲ့တာများလား…”

သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာသော်လည်း သူ၏ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု မရှိခဲ့ချေ။

“ဒီလိုဆိုမှတော့ ဖုံးကွယ်နေလို့လည်း ဘာမှအကျိုးမရှိတော့ဘူး။ ငါတို့က ရှောင်လင်ကျောင်းတော်ထဲမှာ ဆက်ပြီးနေလို့မရတော့ဘူး။ ချုံဟယ်နဲ့ တခြားဓမ္မကာရအဆင့် ပညာရှင်တွေ ရှာမတွေ့သေးခင် သူတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြတာပေါ့။ အထူးသဖြင့် ကောင်းကင်မှတ်တမ်းမှာ ဒုတိယအစွမ်းထက်ဆုံးက ချုံဟယ်ပဲ။ သူက အနာဂတ်မှာ အန္တရာယ်ကြီးတစ်ခု ဖြစ်လာနိုင်တယ်။ သူ့ကို တတ်နိုင်သမျှ မြန်မြန်ရှင်းပစ်ရမယ်။ ပြီးတော့ သူက ဘိုးဘေးလင်းပေါင် ဖြစ်နိုင်ခြေ (၃၀)ရာခိုင်နှုန်းလည်း ရှိနေသေးတယ်…”

ထိုအချိန်တွင် ဓမ္မရွတ်ဆိုသံတစ်ခု ထွက်ပေါ်လာပြီး မြေအောက်ထဲမှနေ၍ ကြည်လင်နေသော စမ်းချောင်းရေများ ပန်းထွက်လာခဲ့သည်။ ရွှေရောင်ကြာပန်းပွင့်လည်း ပွင့်လန်းလာခဲ့၏။ လေထဲတွင် ဗုဒ္ဓခန္ဓာ၏ ရွှေရောင်ပုံရိပ်ပေါင်းများစွာ ပေါ်လာခဲ့ပြီး ငါးပင်လယ်၏ အလယ်တွင် ဖြည်းညင်းစွာ မြင့်တက်လာခဲ့သည်။ ထိုဗုဒ္ဓပုံရိပ်တစ်ခုချင်းဆီက မူလဆန္ဒကို ရွတ်ဆိုနေကြ၏။

“ဗုဒ္ဓကို ဂါရဝပြုခြင်း….”

ထွက်ပေါ်လာသောအရာကတော့ ဗောဓိပင်တစ်ခုဖြစ်သည်။ ထိုဗောဓိပင်၏ တစ်ဝက်က ညှိုးခြောက်နေပြီး တစ်ဝက်က ရှင်သန်နေသည်။ တစ်ဝက်က ရှင်သန်နေပြီး တဝက်က သေဆုံးနေသည်။ သူ၏ပင်စည်က ကျုံ့ဝင်နေပြီး ဘုန်းတော်ကြီးတစ်ပါး တင်ပျဉ်ခွေထိုင်နေသလို အရာတစ်ခုကို ထွင်းထုထားသည်။ ထိုအရာက အမှန်တကယ် တည်ရှိနေသလို ထင်မှတ်ရပြီး အမှန်တကယ် တည်ရှိမနေသလိုလည်း ထင်မှတ်ရသည်။ ဂေါတမဗုဒ္ဓက ဗောဓိပင်၏အောက်တွင် ဉာဏ်အလင်းပွင့်မှုကို ရရှိခဲ့၏။

ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက် ပေါ်လာသည့်အချိန်တွင် အခြေအနေက ချက်ချင်း တင်းမာသွားခဲ့သည်။ ကျားဖြူ မိစ္ဆာဘုရင်က အလျင်မြန်ဆုံးဖြစ်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည့်အတွက် ကမ္ဘာမြေကြီးက တုန်ဟီးသွားခဲ့၏။

ထိုလှုပ်ရှားမှုက လူအုပ်ကြီးကို နှေးကွေးသွားစေပုံရသည်။ ထိုအချိန်တွင် သူ့ပုံစံက အမွှေးဖြူများ ရှိနေသော လူသားပုံစံ ကျားတစ်ကောင်နှင့် တူညီနေသည်။ သူ့လက်က ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး အလွန်ကြီးကျယ်ခမ်းနားသည့် ဗောဓိပင်ရှိရာကို ရောက်သွားခဲ့သည်။

သူ့လက်များ ဆန့်ထုတ်လိုက်သည့် အချိန်တွင် ငါးပင်လယ်ထဲတွင် ရွှေရောင်အငွေ့များ ရောက်လာပြီး ထက်မြက်သော ဓားတစ်လက်အဖြစ် စုစည်းသွားခဲ့သည်။ ထိုအရာက ပတ်ပတ်လည်သို့ စီးဆင်းသွားပြီး ကောင်းကင်ကြီးကို လွှမ်းခြုံသွားခဲ့၏။ သူက ဓားချီစွမ်းအင်များ အားလုံးစုစည်းပြီး ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။

အလွန်ကြောက်စရာကောင်းပြီး အသက်စွမ်းအင် မရှိသော ဆံဖြူအဖိုးအိုက ရှေ့ကို တလှမ်းတိုးလိုက်ပြီး ဓားချီစွမ်းအင်များ အားလုံးကို ရင်ဆိုင်လိုက်သည်။ သူက ညာဘက်လက်ကို လက်သီးဆုပ်လိုက်ပြီး လေထဲကို လှမ်းထိုးလိုက်သည်။

“ဗုန်း…..”

လေဟာနယ်က အက်ကွဲသွားခဲ့ပြီး ဆံဖြူအဖိုးအိုက လေဟာနယ်တွင်းပေါက်တစ်ခု ဖန်တီးနိုင်ခဲ့သည်။ ထိုတွင်းပေါက်ထဲမှနေ၍ ဆွဲငင်အားများ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာမြေကြီးနှင့် ငါးပင်လယ်ကို ဖျက်ဆီးနေခဲ့၏။ နေရာတိုင်းမှ ရောက်လာသော ဓားချီစွမ်းအင်များကလည်း အတွင်းထဲကို စုပ်ယူခံလိုက်ရသည်။ ထိုကမ္ဘာကြီးကတော့ ကမ္ဘာပျက်ချိန်ကို ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ဒေါင်းနတ်ဆိုးဘုရင်ထိုက်လီကလည်း သူ၏အတောင်ပံများကို ခတ်ပြီး ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို မယူနိုင်စေရန် တားဆီးထားသည်။ သို့သော် သူ့ရှေ့တွင် ခြေ(၄)ချောင်း လက်(၃)ဖက် မကောင်းဆိုးဝါးက ရပ်နေခဲ့၏။ ထိုက်လီက နောက်တစ်ကြိမ် လူသားပုံစံပြောင်းလဲလိုက်သည်။ သို့သော် သူ၏အစစ်အမှန် ဒေါင်းခန္ဓာကိုယ်ကတော့ ကျန်ရှိနေသေးသည်။

သူက ညာလက်ကို မြှောက်လိုက်သည်။ သူ့အမြီးတွင် ရှိနေသော အမွှေးများက အနီ၊အဝါ၊အစိမ်း၊အဖြူနှင့် အနက်ရောင်များ ဆက်တိုက်ပြောင်းလဲနေပြီး ဓါတ်ကြီး(၅)ပါးစွမ်းအင် ပြောင်းလဲမှုကို ဖော်ပြနေခဲ့သည်။ ထိုအရာက သူတို့၏ ပတ်ဝန်းကျင်တွင် ရှိနေသော အနှစ်သာရများကိုပင် ပြောင်းလဲသွားစေခဲ့သည်။

သူက ညာဘက်လက်နှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် အနက်ရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး ခြေ(၄)ချောင်း လက်(၃)ဖက် မကောင်းဆိုးဝါးက သူ၏ ငါးရောင်ခြယ်အလင်းတန်းထဲသို့ ရောက်ရှိလာခဲ့သည်။

ထိုအရာကို မြင်သည့်အခါ ကမ္ဘာဦးအသူရာမုန့်နန်က သူ၏လက်(၆)ဖက်ကို ဆန့်ထုတ်ပြီး ဓား၊ ဓားမောက်၊ လှံ၊ ပုတီးစေ့များနှင့် ထိုက်လီကို ပတ်ပတ်လည်မှ တိုက်ခိုက်လိုက်သည်။ ထိုအရာက အပေါ်ယံ ဟန်ရေးပြနေခြင်း မဟုတ်ဘဲ ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် သွေးဆာခြင်းဟူသော ခံစားချက်များသာ ရှိသည်။

တစ်ချိန်တည်းတွင် သူ၏ မျက်လုံး(၆)လုံးထဲမှ အနက်ရောင် မီးတောက်များ ထွက်ပေါ်လာပြီး ထိုက်လီကို မီးရှို့ပစ်ရန် ကြိုးစားလိုက်၏။ ထိုမီးတောက်နှင့် ထိမိလိုက်သူတိုင်းက တိတ်တဆိတ် ပျောက်ကွယ်သွားနိုင်သည်။

ထိုက်လီက ငါးရောင်ခြယ်လက်ဖဝါးကို သုံး၍ မီးတောက်များကို ဖယ်ရှားနေရသည်။ တခါတရံ ဆူးချွန်များ၏ အဝေးသို့ ရှောင်တိမ်းနေရ၏။ ခြေ(၄)ချောင်း လက်(၃)ဖက် မကောင်းဆိုးဝါးကို ဖိနှိပ်နေသည့်အချိန်တွင် သူက ကမ္ဘာဦးအသူရာမုန့်နန်ကို ရင်ဆိုင်တိုက်ခိုက်နေရသေးသည်။ ထို့ကြောင့်လည်း သူက မိစ္ဆာဘုရင်များထဲတွင် နံပါတ်(၁)ဖြစ်နေရခြင်း ဖြစ်၏။

ကွေချင်းဟယ်ကလည်း အလွန်အဆင့်မြင့်ပြီး တည်ငြိမ်အေးချမ်းသည့် သူ၏ပုံရိပ်ယောင်ခန္ဓာကို ပြသလိုက်သည်။ ထိုအချိန်တွင် လေထုထဲ၌ ခရမ်းရောင်အလင်းတန်းများ လွှမ်းခြုံလာခဲ့သည်။ သူ၏ အနောက်ဘက်တွင်တော့ အလွန်ကြီးမားသော ခရမ်းရောင်နေလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ သူက ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

မီးတောက်များ ပျောက်ကွယ်သွားသည့်အချိန်တွင် ဓားကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဆွဲငင်အားကလည်း အလိုလို ပျောက်ကွယ်သွားခဲ့သည်။ ဗောဓိပင်ကြီး၏ ရှေ့တွင် တိုက်ခိုက်လိုက်သော ဓားချက်ကြောင့် သူက ညှိုးခြောက်နေသော ဗောဓိပင်ကြီးကို အချိန်တော်တော်ကြာ လက်လျှော့ထားခဲ့ရသည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မကောင်းဆိုးဝါးများကို ခုခံရန်အတွက် ဓားတစ်ချောင်းနှင့် အရာအားလုံးကို စတင်ဖြတ်တောက်နေခဲ့သည်။

“ချွမ်…ချွင်….”

ဓားရှည်နှင့် ဓားမောက်တို့ ရင်ဆိုင်လိုက်မိကြသည်။ လေထဲတွင် ခရမ်းရောင်အငွေ့များနှင့် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေခဲ့၏။

ရုတ်တရက်ဆိုသလို မမြင်ရသော ဓားအလင်းတန်းတစ်ခုက ညှိုးခြောက်နေသော ဗောဓိသစ်ပင်၏ ဘေးဘက်ကို ရောက်လာပြီး ထိုအရာကိုယူ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

“ဗုန်း….”

အပြာရောင်နှင့် ခရမ်းရောင်မိုးကြိုးများက ဧရာမသစ်ပင်ကြီးတစ်ပင်ကဲ့သို့ ထင်ရသည်။ သူတို့က မမြင်ရသော ဓားအလင်းတန်းများအဖြစ် ကွဲထွက်သွားပြီး လေထဲသို့ လိုက်ပါသွားခဲ့သည်။

ခြေတစ်ချောင်း နွားရိုင်းမိစ္ဆာဘုရင်က ရပ်နေရင်း လက်ထဲတွင် ကိုင်ထားသည့် ဧရာမမိုးကြိုးတူကြီးကို ဝှေ့ယမ်းလိုက်သည်။ အနီးအနား မိုင်တစ်ထောင် ပတ်ပတ်လည် နယ်မြေကြီးက မိုးကြိုးသစ်တောတစ်ခုကဲ့သို့ ဖြစ်သွားခဲ့၏။

ထိုအချိန်တွင် လေထဲ၌ မီးခိုးရောင်ဝတ် သီလရှင် တစ်ပါး ပေါ်လာခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် သနားငဲ့ညှာမှုများ ပြည့်နှက်နေ၏။ သူမ၏ ညာလက်ထဲတွင်တော့ ယန်းလျှိုကျိတစ်ခုကို သယ်ဆောင်ထားသည်။ သူမက ညင်သာစွာ ဝှေ့ရမ်းလိုက်သည့်အချိန်တွင် နေမီးတောက်များ ထွက်ပေါ်လာပြီး မိုးကြိုးအလင်းရောင်များ ပျောက်ကွယ်သွားခဲ့သည်။

သူမက ဘယ်လက်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် အနက်ရောင်နှင့် အဖြူရောင်အငွေ့များက လေထဲတွင် ပြန့်နှံ့လာခဲ့သည်။ တချို့သော သံလိုက်စွမ်းအားများက အပေါ်ဘက်မှနေ၍ ညှိုးခြောက်နေသော ဗောဓိပင်ကို စုပ်ယူနေခဲ့သည်။ ဆွေယွဲ့သီလရှင်ကျောင်း၏ ကျောင်းထိုင်က နတ်ဘုရားလက်နက်နှင့် လာရောက်လုယူနေခြင်း ဖြစ်သည်။

ရုတ်တရက်ဆိုသလို လေထဲတွင် တဖျစ်ဖျစ်မြည်သံများ ပေါ်လာခဲ့သည်။ အက်ကွဲနေသော လေဟာနယ်ထဲမှနေ၍ ကြာပန်း(၉)ခုစင်မြင့် ပေါ်လာခဲ့၏။ ထိုစင်မြင့်ပေါ်တွင် ထိုင်နေသည်မှာ အလွန်လှပသော မိန်မပျို ဗောဓိတဗ္ပတစ်ပါး ဖြစ်သည်။

သူမက အရာအာလုံးကို ရက်ရက်ရောရော ပေးနေသလို ထင်ရ၏။ လက်ချောင်းများကို လှုပ်ရှားလိုက်သည့်အချိန်တွင် သူမ ကိုယ်တိုင်က ယင်နှင့်ယန်အဖြစ် ပြောင်းလဲသွားပြီး သံလိုက်စွမ်းအားအဖြစ် ပြောင်းလဲ၍ ညှိုးခြောက်နေသော ဗောဓိပင်ကို သူမဆီသို့ ဆွဲယူလိုက်သည်။

ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်က ကမ္ဘာကြီးထဲကို ရောက်ရှိလာပြီဖြစ်၏။ ထိပ်တန်းပညာရှင်များအားလုံးက သူတို့၏စွမ်းရည်များအားလုံးကို အကောင်းဆုံး အသုံးချနေကြသည်။

ချုံဟယ်က ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ဗောဓိသစ်ပင်ကို ချိန်လိုက်သည်။ ထိုအချိန်တွင် သူ့နောက်ဘက်၌ ရှိနေသော ကုံဝမ်က နောက်ကျောကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။

ထိုအချိန်တွင် ကုံဝမ်၏ ပြောင်းလဲမှုက အလွန်သိသာထင်ရှားလွန်းလှပြီး နက်မှောင်တောက်ပနေသည့် ဓမ္မခန္ဓာကိုယ်ကို ပြသလိုက်သည်။ ထိုပုံရိပ်ယောင်ခန္ဓာက ဘုရင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင်လည်း ကောင်းကင်ဘုံ၏သရဖူကို ဆောင်းထားသည်။ သူက ဤကမ္ဘာမြေကြီး၏ အရှင်သခင်၊ သေခြင်းရှင်ခြင်း၏ အရှင်သခင်၊ နတ်သမီးများ၊ မကောင်းဆိုးဝါး ဝိညာဉ်များ၏ အင်ပါယာတစ်ပါးသဖွယ် ဖြစ်လာခဲ့သည်။

သူ တိုက်ခိုက်လိုက်သည့်အချိန်တွင် မိုင်တစ်ထောင်အတောအတွင်း အေးခဲမည့် လက္ခဏာမျိုး ပေါ်လာခဲ့၏။ ကြည့်ရသည်မှာ ကမ္ဘာမြေကြီးက ဖျက်ဆီးခံရနိုင်ပြီး အချိန်ယန္တရားက ပျက်စီးသွားနိုင်သည်။

“အပေါ်ဘက် ကောင်းကင်ကနေ အောက်ဘက်ထိ ၊ ရှေးအချိန်ကနေ လက်ရှိခေတ်ထိ သက်ရှိတွေအားလုံး ငါ့အမိန့်ကို နာခံရမယ်။ ငါ့စကားက သေခြင်းရှင်ခြင်းပဲ…. ငါက ဖျက်ဆီးချင်တဲ့သူကို ဖျက်ဆီးနိုင်တယ်….. ငါ လိုချင်တဲ့သူကိုလည်း အသက်ရှင်လျက် ဖမ်းနိုင်တယ်…..”

မကောင်းဆိုးဝါးသခင် ဟန်ကွမ်းက သိုင်းလောကတွင် ပြန်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ထိုက်လီက သူ့နောက်တွင် ရှိနေသော ငါးရောင်ခြယ်ဒေါင်းမွေးများဆီမှ အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။ ခြေ(၄)ချောင်း လက်(၃)ဖက် မကောင်းဆိုးဝါးက နောက်သို့လွင့်သွားပြီး ကမ္ဘာဦး အသူရာမုန့်နန်ကလည်း နောက်ဆုတ်သွားလိုက်ရသည်။

ထို့နောက် သူက ချုံဟယ်ဆီကို ပျံသန်းလာပြီး သူ့အမြီးပေါ်တွင် အလင်းရောင်(၅)ခု နောက်တစ်ကြိမ် လွှမ်းခြုံလာခဲ့သည်။ သူတို့နှစ်ယောက်၏ ကြားထဲတွင် ပူးပေါင်းမှုက အတော်လေးကို အဆင်ပြေနေ၏။ သူတို့က ချုံဟယ်၏ အသက်ကို အဆုံးသတ်ရန် ကြိုးစားနေခဲ့သည်။

ဟန်ကွမ်းက ချုံဟယ်ကို တိုက်ခိုက်လိုက်သော်လည်း ချုံဟယ်၏ ခန္ဓာကိုယ်က ဖန်ကွဲစများကဲ့သို့ ပျက်စီးသွားခဲ့သည်။ တချိန်တည်းတွင် ထိုက်လီ၏ အလင်းရောင်များက သူ၏ပုံရိပ်ကိုသာ ဖျက်ဆီးမိခဲ့၏။

ဟန်ကွမ်းက ထိုအရာကို သတိထားလိုက်မိသည့်အချိန်တွင် ချုံဟယ်က မလှမ်းမကမ်းတွင် ပြန်ပေါ်လာကြောင်း မြင်လိုက် ရသည်။ ထိုအရာကတော့ တာအိုသခင်၏ ပုံရိပ်တစ်ခုဖြစ်ပြီး ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထား၍ မျက်နှာက နူးညံ့ပျော့ပြောင်းနေသည်။ ထိုအရာကသာ ဤကမ္ဘာကြီးထဲရှိ ပိုင်ဆိုင်ခြင်းနှင့် ရယူခြင်း သင်္ကေတတစ်ခု ဖြစ်ပုံရ၏။

သူ၏ညာဘက်လက်ထဲတွင် အနီရောင်ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး ဘယ်ဘက်လက်နှင့် သူ၏သရဖူကို ဖယ်ရှားလိုက်သည့်အချိန်တွင် တာအိုသခင်(၃)ယောက် အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ပုံစံက အလွန်သိမ်မွေ့ညင်သာနေပြီး အဖြူရောင်ဓားနှင့် ချိန်ထားခဲ့၏။

ထိုအချိန်တွင် အဖျက်စွမ်းအား ပြင်းထန်သော ဓားချီစွမ်းအင်တစ်ခုက ဟန်ကွမ်းဆီကို ရောက်လာခဲ့သည်။ အဘိုးအိုတစ်ယောက် ပုံစံရှိနေသော လူတစ်ယောက်ကလည်း အနက်ရောင် ဓားရှည်တစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ပိန်ပိန်ပါးပါးနှင့် ချောမောခန့်ညားသော အရိပ်ကလည်း အပြာရောင်ဓားနှင့် ဟန်ကွမ်း၏ ခေါင်းကို လှမ်းခုတ်လိုက်သည်။

“တာအို(၃)သွယ် စုစည်းမှုလား…။ သန့်စင်နေမင်းဂိုဏ်ရဲ့ အထွဍ်အမြတ်ဓားသိုင်းပညာလား….”

တခဏအတွင်း တာအိုသခင်(၄)ယောက်က ဟန်ကွမ်းနှင့် ထိုက်လီတို့ကို ဝိုင်းရံသွားကြသည်။ ချုံဟယ် ကိုယ်တိုင်ကလည်း သူ့ဓားနှင့် တိုက်ခိုက်လိုက်ရာ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားခဲ့၏။ အပြာရောင်၊ အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင် ဓားချီစွမ်းအင်များက အချင်းချင်း ရောယှက်သွားခဲ့သည်။ အရောင်များအားလုံးလည်း ပျောက်ကွယ်သွားခဲ့ပြီး ဤကမ္ဘာကြီးထဲတွင် အနက်ရောင်နှင့် အဖြူရောင်သာ ကျန်နေတော့သည်။

လေဟာနယ်က ပျက်စီးသွားပြီး အရာအားလုံး ပျက်စီးသွားတော့မည့် လက္ခဏာမျိုး ပေါ်လာခဲ့၏။ သူက တစ်ယောက်တည်းနှင့် အင်မော်တယ် သတ်ဖြတ်ရေးဝင်္ကပါကို ဖန်တီးနိုင်ခဲ့သည်။ ထိုအရာက ချုံဟယ်၏ တန်ပြန်နည်းလမ်းလည်းဖြစ်၏။

Translated by Hein Htet.

All Chapters