အခန်း (၅၆၄)
Vol. 38 Ch. 564
လူပေါင်းများစွာ၏ မျက်လုံးထဲတွင်တော့ ကောင်းကင်မှတ်တမ်းမှ ချုံဟယ်၏ ဒုတိယနေရာမှာ နှစ်ပေါင်းများစွာ လေ့ကျင့်မှုနှင့် အရင်းအမြစ်များကို စုစည်းထားသည့် အတွက်ကြောင့်သာ တခြားသူများထက် ပို၍အစွမ်းထက်သည်ဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ သို့သော် အမှန်အတိုင်းပြောရလျှင်တော့ သူက အသက်ကြီးပြီး စွမ်းအားများ လျော့ကျနေသည်ဟု ထင်မှတ်ရသည်။
ယခုတော့ သူက သန့်စင်နေမင်းဂိုဏ်း၏ တာအို(၃)သွယ် စုစည်းခြင်း အထွဋ်အမြတ်ကျင့်စဉ်ကို လျှို့ဝှက်စွာ ကျင့်ကြံ ထားနိုင်ခဲ့သည်။
သန့်စင်နေမင်းဂိုဏ်း၏ တည်ထောင်သူကိုယ်တိုင် အောင်အောင်မြင်မြင် လေ့ကျင့်နိုင်သည့် အချိန်ကတည်းကစပြီး ထိုကျင့်စဉ်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။ အများဆုံး သူတို့က ကိုယ်ပွားတစ်ခုသာခွဲနိုင်ပြီး ကမ္ဘာမြေကြီးနှင့် လူသားများ၏ သံသယများကို လှုံ့ဆော်ပေးနိုင်သော အစွမ်းမျိုးသာ ရှိသည်။ မဟုတ်လျှင် ဘိုးဘေးတိုတီဆီမှ အမွေဆက်ခံထားခဲ့သော ထိုအထွဋ်အမြတ် သိုင်းပညာက အသုံးမဝင် ဖြစ်သွားပါလိမ့်မည်။
သန့်စင်နေမင်းဂိုဏ်း၏ ဓမ္မကာရပညာရှင်များထဲတွင် ထူးချွန်ထက်မြက်မှု မရှိခဲ့သော တာအိုသခင် ချုံဟယ်က အောင်မြင်လိမ့်မည်ဟု မည်သူကမျှ မထင်ထားပေ။ ထို့ပြင် သူက တစ်ယောက်တည်းနှင့် အင်မော်တယ် သတ်ဖြတ်ရေးဓားဝင်္ကပါကို ဖန်တီးနိုင်ပြီး ဟန်ကွမ်းနှင့် ထိုက်လီတို့၏ အလစ်ချောင်းတိုက်ခိုက်မှုများကို တားဆီးရန် ရည်ရွယ်ထားသည်။
တခဏအတောအတွင်း စိမ်းပြာရောင်၊ အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင် ဓားအလင်းတန်းများ လှုပ်ရှားလာပြီး ဝင်္ကပါထဲတွင် ရှိနေသော အရာအားလုံးက လုံးဝကို ပျောက်ကွယ်သွား၍ ကြောက်စရာကောင်းသော အဖျက်စွမ်းအားများသာ ထွက်ပေါ်လာခဲ့သည်။
မြေမီးတောက်များနှင့် မြေသားများကလည်း ပြောင်းလဲလာသလို ထင်မှတ်ရသည်။ ရုတ်တရက် ဆိုသလို ဟန်ကွမ်းနှင့် ထိုက်လီတို့က ကျောက်တုံးနှင့် မာကျောသော နေရာတစ်ခု၏ ကြားထဲတွင် ရောက်သွားသလို ခံစားလိုက်ရ၏။
ထိုက်လီက ချုံဟယ်ကို တိုက်ခိုက်နေသည့်အချိန်တွင် ကမ္ဘာဦးအသူရာ မုန့်နန်က လေထဲ၌ ခုန်ဝင်လာပြီး ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို ယူလိုက်၏။ အနောက်ပိုင်း နယ်မြေထဲရှိ နယ်မြေခံ အင်အားစုများ ဖြစ်ကြသည့်အတွက် နတ်ဆိုးများ ပေါ်ပေါက်လာခြင်းက မည်သည့်အရာကို ဆိုလိုကြောင်း သူတို့က သိထားကြသည်။ သို့သော် သူတို့ဆီတွင် သဘောတူညီချက်တစ်ခု ရှိနေခဲ့၏။
မိစ္ဆာဘုရင်များက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက် ယူဆောင်ခြင်းမှ သူ့ကို တားဆီးကြလိမ့်မည် မဟုတ်ချေ။ သူတို့က မိစ္ဆာဘုရင်များ၏ ကိစ္စကိုလည်း နှောင့်ယှက်ကြလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ထိုက်လီက ချုံဟယ်ကို ပူးပေါင်းတိုက်ခိုက်နေချိန်တွင် သူ့နောက်သို့ လိုက်လာမည်ကို ကမ္ဘာဦးအသူရာက စိုးရိမ်မနေခဲ့ခြင်း ဖြစ်သည်။ ချုံဟယ်ကသာ အစောပိုင်းကတည်းက သတိထားနေခဲ့ခြင်း မရှိလျှင် သူက မသေလျှင်ပင် အနိမ့်ဆုံး ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားနိုင်သည်။
ထို့ကြောင့် မုန့်နန်က ကျွဲဖြူနတ်ဆိုးဘုရင်နှင့် ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်တို့ကို မမြင်ချင်ယောင်ဆောင်ထားခဲ့၏။ လူသားနှင့် မိစ္ဆာများကြားထဲတွင် အနည်းငယ်လေးပင် ပဋိပက္ခ မရှိချေ။
သူကတော့ မီးပုလဲ၊ အနက်ရောင်ကြာပန်းနှင့် လှံရှည်များ ပူးပေါင်း၍ တိုက်ခိုက်နေခဲ့သည်။ သူ၏ လက်(၆)ဖက်က မတူညီသော လက်နက်များကိုသုံးပြီး တစ်လှည့်ဆီ တိုက်ခိုက်နေသည့်အတွက် ပျော်ရွှင်ခြင်း ဗောဓိတဗ္ပနှင့် ဆွေယွဲ့သီလရှင်တို့ကို နောက်ဆုတ်သွားစေခဲ့သည်။
မီးတောက်များက ကောင်းကင်ကြီးပေါ်တွင် လင်းထိန်နေပြီး အဆုံးမဲ့ ငါးပင်လယ်ကြီးတစ်ခုလုံး ခြောက်ကပ်သွားခဲ့၏။ အဆင့်(၉) ကြာပန်းကြီးကပင် လှုပ်ရှားသွားခဲ့ရသည်။ အနက်ရောင် ကြာပန်းကြီး ပွင့်လန်းလာသည့်အချိန်တွင် ရင်လက်ဝါး၏ စုပ်ယူခြင်းကို တားဆီးလိုက်သည်။
ဓားနှင့် ဓားရှည်များကလည်း တစ်ဖက်ဆီမှ အချင်းချင်း တိုက်ခိုက်နေပြီး ကွမ်ရင် မိုးမခသစ်ကိုင်းနှင့် ဗောဓိတဗ္ပ၏ ပျော်ရွှင်ခြင်း ဝတ်ရုံတို့ကို ဖိနှိပ်ထားခဲ့သည်။ သူတစ်ယောက်တည်း၏ အစွမ်းနှင့် သူက နတ်ဘုရားလက်နက်များ ကိုင်ဆောင်ထားသော ပညာရှင် နှစ်ယောက်ကို ထိန်းချုပ်နိုင်ခဲ့၏။
ခြေ(၄)ချောင်း လက်(၃)ဖက်ရှိနေပြီး မျောက်မျက်နှာတစ်ဝက် ရှိနေသော မကောင်းဆိုးဝါးက ခေါင်းခါလိုက်ပြီး ညှိုးခြောက်နေသော ဗောဓိသစ်ပင်ဆီကို ရုတ်တရက် လှမ်းခုန်လိုက်သည်။ သူ့ကို မည်သူကမျှ မတားနိုင်သလို ထင်မှတ်ရ၏။
ထိုအချိန်တွင် ဟယ်ချီက မမြင်ရသော ဓားတစ်လက်အဖြစ် ပြောင်းလဲနေပြီး ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်နှင့် တိုက်ခိုက်နေခဲ့သည်။ ရုတ်တရက်ဆိုသလို ပြိုင်ဘက်က နောက်ဆုတ်သွားနေချင်ကြောင်း သူက သတိထားမိခဲ့၏။
ထိုအချိန်တွင် ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်က မကောင်းဆိုးဝါး၏ လက်ထဲကို ကျရောက်သွားကြောင်း သူလည်း အာရုံခံမိခဲ့၏။ သူက ကောင်းကင်(၉)သွယ်ကို တားဆီးရန် သူ့ဓားကို အသုံးပြုချင်ခဲ့သည်။ သို့သော် ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်က ချုံဟယ်ဆီသို့ ပျံသွားသည်ကို မြင်လိုက်သည့်အတွက် သူလည်း တိုက်ခိုက်မှုကို ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။
မိစ္ဆာဘုရင်၏ စိတ်ထဲတွင်တော့ ဗုဒ္ဓလက်ဝါးက အသုံးမဝင်ချေ။ အကယ်၍ သူတို့ကသာ လူသားမျိုးနွယ်စုကို အားနည်းအောင် လုပ်ဆောင်နိုင်သည်ဆိုလျှင် တခြားအရာများကို ဂရုစိုက်နေစရာ မလိုအပ်ပေ။
ဟယ်ချီ၏ ခံစားချက်များက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး လျင်မြန်စွာ တည်ငြိမ်သွားခဲ့၏။ ထို့နောက် ကိုယ်ပျောက်နေသော ဓားတစ်ချောင်း ပျံ့နှံ့လာခဲ့သည်။ ရုတ်တရက် ဆိုသလို ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်၏ ပတ်ပတ်လည်တွင် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
သူ၏ခရမ်းရောင် မိုးကြိုးအကာအကွယ်က ရုတ်တရက် အပေါက်များစွာ ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးအလင်းတန်းက စွမ်းအားအများစုကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။ အကယ်၍ မိစ္ဆာဘုရင်ကသာ အစွမ်းထက်သော ခန္ဓာကိုယ် မရှိလျှင် တစ်ကိုယ်လုံး ဇကာပေါက် ဖြစ်သွားနိုင်၏။
အဆိုးဆုံးအရာကတော့ ဓားချီစွမ်းအင်က မည်သည့်နေရာမှ ရောက်လာကြောင်း သဲလွန်စ မရှိခြင်း ဖြစ်သည်။ ဟယ်ချီက သူ၏နည်းလမ်းအားလုံးကို အသုံးပြုလိုက်၏။ သူက ဗုဒ္ဓလက်ဝါးကို ရရှိရန် စွမ်းအားကို ထိန်ချန်ထားခြင်းပင် မရှိတော့ပေ။ နတ်ဆိုးများကို ရှင်းပစ်ရန်သာ ပစ်မှတ်ထားနေခဲ့သည်။
သူ့အနေနှင့် ပြောရလျှင် ဗုဒ္ဓလက်ဝါးက အမှန်တကယ် တန်ဖိုးရှိပြီး အနာဂတ်မျိုးဆက်များကို သင်ကြားပေးနိုင်သော်လည်း ထိုအရာက ကိုးကားချက် အနေဖြင့်သာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ အရှေ့ပင်လယ် ဓားကျေးရွာတွင် အမွေအနှစ်များ နည်းပါးမှု မရှိချေ။ အကယ်၍ သူက ထိုအရာကို ရနိုင်သည်ဆိုလျှင် ကောင်းမွန်သော်လည်း အကြွင်းမဲ့ ရယူရန်တော့ မလိုအပ်ပေ။
အကယ်၍ ချုံဟယ်သာ သေဆုံးသွားမည်ဆိုလျှင် ကွေချင်းဟယ်က ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို လက်လျှော့လိုက်သည်နှင့် သူလည်း ချက်ချင်း ထွက်သွားနိုင်သည်။ သူတို့က မိစ္ဆာဘုရင်နှင့် ဟန်ကွမ်း၏ ပစ်မှတ်ထားခြင်းကို သေချာပေါက် ခံရနိုင်၏။ အကယ်၍ သူတို့က ချုံဟယ်ကဲ့သို့ အဆုံးမသတ်လျှင်ပင် တစ်ခုခု ပေးဆပ်ရပါလိမ့်မည်။
သူတို့က ပင်မလမ်းညွှန်ချက်ကို လက်လွှတ်နိုင်တဲ့ ဆန္ဒရှိနေမှတော့ ဘာလို့ ချုံဟယ်ကို မကူညီပေးရမည်နည်း။ သူတို့(၃)ယောက်က အချင်းချင်း နားလည်မှုရှိစွာနှင့် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။
ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်က နာနာကျင်ကျင် အော်ဟစ်လိုက်၏။ သူက မိုးကြိုးတူကြီးကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် မိုးကြိုးအလင်းတန်းများက ကြောက်မက်ဖွယ်ရာ ကျဆင်းလာကြသည်။ ငွေရောင်၊ အဖြူရောင်၊ စိမ်းပြာရောင်နှင့် ခရမ်းရောင်စွမ်းအင်များ စုစည်းလာပြီး အလွန်စိတ်ကူးယဉ်ဆန်သော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
သို့သော် စွမ်းအားများကတော့ မြေပြင်ကြီးကိုပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲနိုင်သော ကြောက်မက်ဖွယ်ရာ အစွမ်းမျိုး ဖြစ်၏။ မြေပြင်ကြီးက ပျောက်ကွယ်သွားပြီး အနည်းဆုံး ပေ(၁၀၀)ခန့်ရှိသော တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့၏။ မြေအောက်ထဲတွင် ရှိနေသော စမ်းချောင်းများကလည်း လုံးဝကို ခမ်းခြောက်သွားခဲ့ပြီး ဓားချီစွမ်းအင်များ လွတ်မြောက်ရန် အခွင့်အရေး မရှိခဲ့ပေ။
အလွန်ကြောက်စရာကောင်းစွာ တိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း နှင်းတောင်ဓားဂိုဏ်းမှ ငှားရမ်းထားသော ဆံဖြူပညာရှင်ကတော့ ကျားဖြူမိစ္ဆာဘုရင်နှင့် တိုက်ခိုက်နေခြင်းကို နားလည်မှုရှိစွာ ရပ်တန့်လိုက်သည်။
တစ်ယောက်ကတော့ မုန့်နန်ကို ကူညီပြီး ပျော်ရွှင်ခြင်း ဗောဓိတဗ္ပနှင့် ဆွေယွဲ့သီလရှင်ကျောင်းထိုင်ကို လုံးဝ နောက်ဆုတ်သွားစေရန် တိုက်ခိုက်ပေးချင်ခဲ့သည်။ တခြားတစ်ယောက်ကတော့ ချုံဟယ်ကို ဝိုင်းဝန်း တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့၏။
ချုံဟယ်ကတော့ ကျောက်တုံးတစ်ခုနှင့် မာကျောသောနေရာတစ်ခု၌ ပိတ်မိနေသယောင် ထင်မှတ်ရသည်။ ကွေချင်းဟယ်နှင့် ဗုဒ္ဓခန္ဓာတို့ တိုက်ခိုက်နေသည့်အချိန်တွင် အစစ်အမှန် မီးတောက်များ ထွက်ပေါ်လာသည်။ ကောင်းကင်ကြီးပေါ်တွင် ခရမ်းရောင်နေလုံးကြီး ထွက်ပေါ်လာနေပြီး ရွှေခန္ဓာက အရည်ပျော်ကျသွားနေခဲ့၏။
သူတို့၏ ဓားသိုင်းပညာများက တိုက်ခိုက်နေသော ဓားမောက်အလင်းတန်းများ အားလုံးကို ပျောက်ကွယ်သွားစေနိုင်ပြီး ဓမ္မကာရအဆင့် ဗုဒ္ဓအမွေအနှစ်၏ ဝင်္ကပါ ပြောင်းလဲမှုများအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် သူကတော့ အလွန်ကြီးမားသော ဝင်္ကပါကြီးကို အာရုံစိုက်နေရသေး၏။
လက်ရှိအချိန်တွင် ပုံရိပ်ယောင်ဗုဒ္ဓ၏ နတ်ဘုရားလက်နက်လည်း ရှိနေသေးသည်။ ထို့ကြောင့် ကွေချင်းဟယ်က အနည်းငယ် အားစိုက်ထုတ်လိုက်ပြီး ကျားဖြူမိစ္ဆာဘုရင်ကို တိုက်ခိုက်ရန် ခရမ်းရောင် အလင်းတန်းများကို လှုံ့ဆော်လိုက်သည်။
ကျားဖြူမိစ္ဆာဘုရင်က နှာခေါင်းရှုံ့လိုက်ပြီး ဓားချီစွမ်းအင် တစ်ထောင်ခန့်ကို စုစည်း၍ ခရမ်းရောင်တိမ်တိုက်ထဲကို ထိုးဖောက်လိုက်သည်။
ထိုအချိန်တွင် ဆံပင်ဖြူနှင့် တာအိုသခင်အိုကြီးက လက်ထဲတွင် တလက်လက် တောက်ပနေသော ဓားရှည်တစ်ချောင်းကို ကိုင်ထားခဲ့သည်။ ထိုဓားရှည်နှင့် လေထဲကို ခုတ်လိုက်သည့်အချိန်တွင် အရောင်အားလုံး မှေးမှိန်သွားခဲ့ပြီး ဓားချီစွမ်းအင်များ အပါအဝင် အရာအားလုံး အေးခဲသွားခဲ့သည်။ အနက်ရောင်နှင့် အဖြူရောင်များသာ ကျန်နေပြီး အရာအားလုံးက တိတ်ဆိတ်သွားခဲ့၏။
ရွှမ်တျန်းဂိုဏ်းခေါင်းဆောင်က ငြိမ်သက်နေခဲ့သည်။ သူက မြေပြင်မှတ်တမ်းတွင် အဆင့် (၂)ဖြစ်၏။
အချိန်အရိပ်ဓား… ပြိုင်ဘက်ကင်း နတ်ဘုရားလက်နက်။
ကျားဖြူမိစ္ဆာဘုရင်က အလွန်ဆိုးရွားသော အခြေအနေ၌ ပိတ်မိသွားကြောင်း နားလည်သွားသည်။ သူ၏အတွေးနှင့် လှုပ်ရှားမှုများက နှေးကွေးသွားခဲ့ပြီး သူ့သက်တမ်းက ပျောက်ကွယ်သွားခဲ့၏။ အကယ်၍ ခန္ဓာကိုယ်က အစွမ်းထက်နေခြင်းကြောင့်သာ မဟုတ်လျှင် ထိုဓားအလင်းတန်း ထွက်ပေါ်လာသည်နှင့် သူက အသတ်ခံလိုက်ရသည်မှာ ကြာလောက်ပါပြီ။
ကျား၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရွှေရောင်တစ်ခု လွှမ်းခြုံထားပြီး ဓာတ်ကြီး(၅)ပါး အားလုံးက ရှုပ်ထွေးသွား၏။ ထို့နောက် သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာပြီး ဓားမောက်အလင်းတန်းကို တားဆီးပေးလိုက်သည်။ အချိန်တိုလေးအတွင်း မိစ္ဆာဘုရင်က ကိုယ့်ကိုယ်ကိုယ် မနည်းကာကွယ်လိုက်ရ၏။
နတ်ဘုရားလက်နက်တစ်ခု၏ အစွမ်းက အမှန်တကယ်က ကြောက်စရာကောင်းလှသည်။ ထို့ကြောင့်လည်း ရှိုကျင်းက ဟန်ကွမ်းကို တိုက်ခိုက်ရဲခြင်း ဖြစ်၏။
ခြေ(၄)ချောင်း လက်(၃)ဖက် မကောင်းဆိုးဝါးက ညှိးခြောက်နေသော ဗောဓိသစ်ပင်ဆီသို့ ပျံသန်းသွားခဲ့သော်လည်း ကမ္ဘာမြေကြီး၏ အနှစ်သာရများကြောင့် ထိုအရာကို ရယူရန် ခက်ခဲနေကြောင်း တွေ့လိုက်ရသည်။ သူက ပုံမှန်မဟုတ်သော ခန္ဓာကိုယ်နှင့် ဗုဒ္ဓစွမ်းရည်များကို အားကိုး၍သာ ရနိုင်သည့်အတွက် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ယူလိုက်၏။
ရုတ်တရက် ဆိုသလို သူ့နောက်တွင် ရှိနေသော လေဟာနယ်ထဲမှနေ၍ ကြည်လင်နေသော လူတစ်ယောက် ပေါ်လာခဲ့သည်။ အဖြူရောင်လက်တစ်ဖက်နှင့် ကြာပန်းပွင့်များလည်း ကျဆင်းလာခဲ့၏။ အရာအားလုံးက မိခင်၏ လက်ထဲကို ကျရောက်သွားသလို ထင်မှတ်ရသော်လည်း မည်သည့်အရာမျှ မရှိခဲ့ပေ။
အရာအားလုံး၏ အစတွင် သန့်စင်မှု ရှိနေသကဲ့သို့ပင် ထူးခြားဆန်းကြယ်လွန်းလှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အဂတိသခင်မ လေဟာနယ်မြို့တော်…”
“ဓမ္မဘုရင်တူရှီ။ လော်အဖွဲ့အစည်းလည်း ရောက်လာပြီ…”
သူက ထိုမကောင်းဆိုးဝါး၏ နောက်စေ့ကို အလစ်ချောင်း၍ တိုက်ခိုက်လိုက်သည်။
ခြေ(၄)ချောင်း လက်(၃)ဖက် မကောင်းဆိုးဝါးက ရပ်တန့်လိုက်ပြီး သူ၏ကြွက်သားများကို ကျုံ့လိုက်သည့်အချိန်တွင် သူ၏ အနောက်ဘက်၌ ရှိနေသော ကြေးခွံများက ခြောက်ကပ်သွားခဲ့သည်။ ထို့နောက် ဓမ္မဘုရင်တူရှီ၏ လက်ညှိုး တစ်လျှောက်တွင် သွေးရောင်အလင်းတန်းတစ်ခု ရောက်ရှိသွားခဲ့၏။ တစ်ချိန်တည်းတွင် သူ၏တခြားလက်တစ်ဖက်က ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို ယူဆောင်လိုက်၏။
ထိုအခြေအနေကို မြင်လိုက်ရပြီးနောက် နှင်းတောင်ဓားဂိုဏ်းက ထိုထူးဆန်းသော ဆံပင်ဖြူနှင့်လူကို လျင်မြန်စွာ ညွှန်ကြား၍ ဓမ္မဘုရင်တူရှီကို တိုက်ခိုက်ရန် ပြောလိုက်သည်။
“ဗုန်း....”
အနက်ရောင်အလင်းစက်များက ပတ်ပတ်လည်တွင် စတင်လွင့်မျောနေသော အပ်များကဲ့သို့ ဖြစ်နေခဲ့သည်။ ဓမ္မဘုရင်တူရှီက အဆုံးမဲ့စွမ်းအားများနှင့် လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး သူလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခုခံလိုက်ရသည်။
ထိုအခွင့်အရေးကို မြင်လိုက်သည့်အချိန်တွင် မျောက်မျက်နှာ တစ်ဝက်ရှိနေသော မကောင်းဆိုးဝါးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ့ခေါင်းကလည်း အဂတိလက်ညှိုးထဲမှ လွတ်မြောက်သွားသည်။ သူ၏လည်ပင်းတွင် အသွေးအသားများ ပြည့်နှက်နေပြီး နောက်ထပ် ခေါင်းတစ်လုံး ထွက်ပေါ်လာခဲ့၏။ ထိုခေါင်းကလည်း မူလဦးခေါင်းကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းသော်လည်း အငွေ့အသက်ကတော့ အားနည်းနေ၏။
ဟယ်ချီနှင့် ရှိုကျင်းတို့က မိစ္ဆာဘုရင်နှစ်ကောင်ကို ထိန်းထားနိုင်သည့်အတွက် ဝိုင်းဝန်းတိုက်ခိုက်မှုကို မခံရပေ။ သို့သော် ချုံဟယ်၏ အခြေအနေက မကောင်းနိုင်သေးကြောင်း သူတို့က တွေးနေမိလိုက်သည်။ သူက တာအို(၃)သွယ် ပေါင်းစည်းခြင်း နည်းလမ်းကိုသုံး၍ သုံးထားသော်လည်း အစွမ်းထက် ရန်သူနှစ်ယောက်ကို တိုက်ခိုက်နေရသည်။ ထို့ကြောင့် သူက တိုက်ပွဲကို အဆုံးသတ်ရန် ခက်ခဲနေ၏။
မည်သို့ပင်ဆိုစေကာမူ တာအိုသခင် ရှိုကျင်းက ဓမ္မကာရအဆင့် မဟုတ်သည့်အတွက် သူ၏အချိန်အရိပ်ဓားက ကြာရှည်တိုက်ပွဲများအတွက် ဖန်တီးထားခြင်း မဟုတ်ပေ။ သူ့ဂိုဏ်းမှ အကူအညီသာမရှိလျှင် သူက ကျားဖြူမိစ္ဆာဘုရင်ကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် မဟုတ်ပေ။
တဖြည်းဖြည်းနှင့် ဓမ္မကာရအဆင့် (၃)ယောက်က သူ့ကို အတွင်းအပြင် နှစ်ဖက်ပေါင်း၍ တိုက်ခိုက်လာကြသည်။ ချုံဟယ်က တဖြည်းဖြည်းနှင့် အခြေအနေ ဆိုးဝါးလာ၏။
သို့သော် အင်မော်တယ် သတ်ဖြတ်ရေး ဓားဝင်္ကပါထဲတွင် ရောက်နေသော ဟန်ကွမ်းကလည်း တူညီသော ခံစားမှုမျိုး ရနေခဲ့သည်။ အလွန်ဉာဏ်များသော ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူ့ဆီတွင် စိုးရိမ်နေသော အတွေးတစ်ခု ရှိနေသည်။
“ချုံဟယ်က ပြင်ဆင်ထားတယ်။ သူက ငါနဲ့ပတ်သက်ပြီး သံသယ ဝင်နေတာ ဖြစ်နိုင်တယ်။ ကုံဝမ် လွတ်မြောက်သွားတဲ့ကိစ္စကလည်း တော်တော်လေးကို တိုက်ဆိုင်နေတယ်။ ဒါက ချုံဟယ်နဲ့ တစ်နည်းတစ်ဖုံ သက်ဆိုင်နေနိုင်တယ်..”
“ချုံဟယ် ကိုယ်တိုင် အဲဒါကို မလုပ်ခဲ့ဘူးဆိုမှတော့ ဘယ်သူ ဖြစ်နိုင်မှာလဲ။ လန်ကီကျောင်းဆောင်လား။ လုတ လား။ အခုကယ်ပြီးသွားပြီဆိုတော့ သူတို့က ဒီနေရာကို ရောက်လာပြီး မကောင်းဆိုးဝါးတွေကို တိုက်ခိုက်နိုင်တယ်။တကယ်လို့ ငါသာ အခုမသွားဘူးဆိုရင် ထွက်သွားဖို့ အခွင့်အရေး ရှိမှာ မဟုတ်တော့ဘူး..”
ခဏကြာပြီးနောက် ဟန်ကွမ်းက အစွမ်းကုန် လွတ်မြောက်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ ပင်မလမ်းညွှန်ချက်အတွက်တော့ သူ့ဆီတွင် အရံအစီအစဉ်တစ်ခု ရှိနေသေးသည်။
ထိုအချိန်တွင် ထိုက်လီက အလွန်လှပသော ဓာတ်ကြီး(၅)ပါး ဒေါင်းတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ငါးရောင်ခြည် နတ်ဘုရားက စွမ်းအားများဖြင့် တိုက်ခိုက်ပြီး ဓာတ်ကြီး(၅)ပါး၏မျှခြေကို ဖျက်ဆီးလိုက်သည်။ သူ၏ လျှို့ဝှက်ချက်များကိုလည်း ပြသလိုက်၏။ ထိုအရာကသာ တခြားသော ဝင်္ကပါထဲတွင်ဆိုလျှင် သူ့အမြှီးနှင့် တိုက်ခိုက်လိုက်ရုံဖြင့် အလွယ်တကူ ပျက်စီးသွားနိုင်သည်။
သို့သော် အင်မော်တယ်သတ်ဖြတ်ရေး ဓားဝင်္ကပါက ထိုက်လီကို ထိန်းသိမ်းထားခဲ့၏။ စိမ်းပြာရောင်၊ အဖြူရောင်၊ အနီရောင်နှင့် အနက်ရောင် ဓားချီစွမ်းအင်(၄)ကြောင်းက ဓာတ်ကြီး(၅)ပါးထဲတွင် ပါဝင်ခဲ့ခြင်း မရှိချေ။ ထိုအရာက မြေမီးတောက် ဖုန်းရွှေ သင်္ကေတကဲ့သို့ ထင်မှတ်ရသည်။ ထိုအရာကို ဖျက်ဆီးလိုက်မည်ဆိုလျှင် နောက်ထပ်ကမ္ဘာတစ်ခု အလွယ်တကူ ဖန်တီးနိုင်သည်။
ကြောက်စရာအကောင်းဆုံးအရာကတော့ သူတို့က အရာအားလုံးကို သုတ်သင်ရှင်းလင်းနိုင်ပြီး ကမ္ဘာမြေကြီးပင် ပျက်စီးသွားနိုင်ပြီး အချိန်ကာလကပင် အေးခဲသွားနိုင်သည်။
ငါးရောင်ခြယ် နတ်ဘုရားလက်ဝါးနှင့် တိုက်ခိုက်လိုက်သော်လည်း တစ်စိတ်တစ်ပိုင်းကသာ ပျက်စီးသွားခဲ့သည်။ ပြောရမည်ဆိုလျှင် ထိုက်လီက ဆရာကြီးလုကိုသာ ပြိုင်ဘက်အဖြစ် ရွေးချယ်စေချင်ခဲ့၏။
ဓားချီစွမ်းရည်များ ကျဆင်းလာသည့်အချိန်တွင် အလွန်လှပသော အမွေအနှစ်တစ်ခုက ရောင်စုံအလင်းတန်းများတွင် ကျဆင်းလာခဲ့သည်။ အကယ်၍ ထိုသို့ ဆက်သွားမည်ဆိုလျှင် သူက နေရာတွင် အသတ်ခံရနိုင်၏။
ဟန်ကွမ်း၏ ညာဘက်လက်က မည်းမှောင်လာပြီး လက်ချောင်း (၆)ချောင်း ထွက်လာခဲ့သည်။ သူတို့က မတူညီသော ဖျက်ဆီးရေးစွမ်းအားကို ပြသနေသလို ထင်မှတ်ရသည်။ ဖျက်ဆီးရေးဂိုဏ်းမှ နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားလက်နက်က အင်မော်တယ်နှင့် သာမန်လူများကို ဖျက်ဆီးနိုင်ပြီး ကမ္ဘာပေါ်တွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
ပင်မချီစွမ်းအင်ပင်လယ်ကြီး ပျောက်ကွယ်သွားလျှင်လည်း သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေနိုင်ပြီး အဆုံးမဲ့ ထွက်ပေါ်လာနိုင်၏။ သူတို့က အစိမ်းရောင်၊ အဖြူရောင်၊ အနီရောင်နှင့် အနက်ရောင် ဓားချီစွမ်းအင်များ အလွန်နူးညံ့ပျော့ပျောင်းနေသလို ထင်မှတ်ရသည်။ တစ်ယောက်တည်း ရင်ဆိုင်ရနေသည့် အချိန်တွင်တော့ အသာစီး ရနေသေးသည်။
…………………..
ရှောင်လင်ကျောင်းတော်၏ တောင်အနောက်ဘက်တွင် ကရုဏာရှိပြီး သနားကြင်နာတတ်သူ မဝင်ရဟူသော စကားလုံးများကို မြင်လိုက်ရသည့်အချိန်၌ တရားဓမ္မနှင့်ပတ်သက်သော အတွေးအခေါ်များ ပျံ့နှံ့လာခဲ့သည်။
“ငါတို့က အနောက်ပိုင်းနယ်မြေကိုသွားပြီး နတ်ဆိုးတွေနဲ့ ဟန်ကွမ်းကို ရှင်းလင်းဖို့ အင်မော်တယ်ချုံဟယ်ကို ကူညီပေးရမယ်။ မင်းကရော ဘာလုပ်မှာလဲ…”
ဆရာကြီးလုက မုန့်ချီကိုကြည့်ပြီး ပြောလိုက်သည်။
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
“ဆရာကြီးတို့က အနောက်ပိုင်းနယ်မြေကို သွားမယ်ဆိုရင် ကျွန်တော့်ကို ဓမ္မကာရအဆင့် တိုက်ပွဲရဲ့အပြင်ဘက်မှာ ထားခဲ့ပေးပါ…”
သူက အင်မော်တယ်ယွင်ဟယ်ကို ကတိတည်ရန် လိုချင်နေခဲ့သည်။ အကယ်၍ သူသာ ခိုးယူခွင့်ရမည်ဆိုလျှင် အင်မော်တယ်ယွင်ဟယ်ကို အကူအညီတောင်းမည်ဟု ပြောထားခဲ့သည်။ မဟုတ်လျှင်ပင် အနည်းဆုံးတော့ သူက ပြဿနာ၏ ဝေးဝေးတွင် နေချင်ခဲ့သည်။
အဆင့်မြင့်ဓမ္မကာရအဆင့် ပညာရှင်နှစ်ယောက်က ခေါင်းညိတ်သဘောတူလိုက်ကြပြီး မုန့်ချီကို အနောက်ပိုင်းနယ်မြေထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ လေဟာနယ်ထဲတွင် အမှောင်ထုကြီးတစ်ခု ထွက်ပေါ်လာပြီး မုန့်ချီက မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သေမင်းပင်လယ်ကန္တာရထဲ၌ ရောက်နေကြောင်း တွေ့လိုက်ရ၏။
“အနားမှာ ဘုန်းတော်ကြီးတွေ ရှိတယ်။ တကယ်လို့ မင်းက ပြဿနာတစ်ခုခု တွေ့မယ်ဆိုရင် သူတို့ရဲ့ အကူအညီကို တောင်းလို့ရတယ်…”
မုန့်ချီ၏နားထဲတွင် ကုံဝမ်၏အသံကိုကြားလိုက်ရသော်လည်း သူက အဝေးကို ရောက်သွားပြီဖြစ်သည်။
“ဗုဒ္ဓဘုန်းတော်ကြီးတွေလား…”
မုန့်ချီက ကုံဝမ် သတိပေးလိုက်သည့်စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
သူက ကြွက်တစ်ကောင်အဖြစ် ပြောင်းလဲပြီး ကျောက်တုံးများကြားထဲသို့ ပြေးသွားခဲ့၏။ အနားသို့ ရောက်လာသည့်အချိန်တွင် အလွန်ကြောက်စရာကောင်းသော ခံစားမှုတစ်ခုကို ခံစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံး ဗုဒ္ဓဘုန်းတော်ကြီး (၉)ပါး ရှိနေ၏။
ဘုန်းတော်ကြီးများ ဖန်တီးထားသော ဝင်္ကပါ၏အလယ်တွင် ယခင်အိမ်ရှေ့မင်းသား ကျိုးချန် ထိုင်နေခဲ့သည်။ ဗုဒ္ဓအင်ပါယာဟူသော စကားလုံးက မုန့်ချီ၏ ခေါင်းထဲတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့လေ၏။
Translated by Hein Htet