အခန်း (၅၆၅)
Vol. 38 Ch. 565
အလွန်မည်းညစ်နေသော ကျောက်တုံးကြီးတစ်တုံးက ကန္တာရပေါ်တွင် ရှိနေသည်။ အဝါရောင်ဝတ်စုံနှင့် အနီရောင်ခြုံလွှာကို ဝတ်ဆင်ထားသော ဗုဒ္ဓဘုန်းတော်ကြီး(၉)ပါးက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကြ၏။ သူတို့အားလုံးက အစီအစဉ်မကျ ထိုင်နေကြခြင်းဖြစ်သည်။
သို့သော် သေချာစစ်ဆေးကြည့်လိုက်မည်ဆိုလျှင် သူတို့ထိုင်နေသည့်အစီအစဉ်က ဝင်္ကပါတစ်ခု စီစဉ်ထားသလို ထင်မှတ်ရသည်။ သူတို့ဆီမှနေ၍ ကရုဏာ ခံစားချက်များ ထွက်ပေါ်လာနေခဲ့၏။
တစ်ချို့က အလွန်အသက်ကြီးနေပြီး ညှိုးခြောက်နေသော သစ်သားများကဲ့သို့ ဖြစ်နေသည်။ တချို့က အလွန်လန်းဆန်းတက်ကြွနေသည်မှာ မနက်ခင်း ရောင်နီကဲ့သို့ ထင်မှတ်ရ၏။ သို့သော် သူတို့၏ အငွေ့အသက်များက တူညီစွာ ရှိနေကြပြီး သူတို့ဆီမှ ဗုဒ္ဓအငွေ့အသက်များ ပျံ့နှံ့လာနေသည်။
“ဒါက သိုင်းသခင်(၉)ယောက်ပဲ…”
မုန့်ချီ၏မျက်နှာက ကြောက်လန့်မှုကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ ထိုနေရာတွင် ရှိနေသော သိုင်းသခင်အရေအတွက်က ဂိုဏ်းကြီးအများစုထက်ပင် ကျော်လွန်နေခဲ့၏။
“ဒါက သန့်စင်နေမင်းဂိုဏ်း၊ အရှေ့ဝင်ရိုးဂိုဏ်း၊ သီးသန့်ဗုဒ္ဓကျောင်းဆောင်၊ ပိုင်လျန်ကျိုးနဲ့ တခြားဗုဒ္ဓဂိုဏ်းအသေးလေးက လူတွေစုထားတာ..”
ဘုန်းတော်ကြီးများကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက တွေဝေသွားခဲ့သည်။ သူကတော့ သူတို့ဆီသို့သွားရန် အကြံပေးထားသော ကျောင်းထိုင်ကုံဝမ်၏ စကားကို လိုက်နာရမည့်အစား ပုန်းအောင်းရန် နေရာတစ်ခု ရှာဖွေပြီး သူတို့ကို စောင့်ကြည့်နေခဲ့သည်။
ထိုဘုန်းတော်ကြီးတစ်ပါးချင်းဆီတိုင်းတွင် အလွန်ထူးခြားသော ဓမ္မတံဆိပ်တစ်ခုဆီ ပိုင်ဆိုင်ထားကြသည်။ သူတို့၏ရှေ့တွင် ချထားသည်မှာ သစ်သားငါးတစ်ကောင်၊ အပြာဖျော့ရောင် မီးအိမ်တစ်ခု၊ ရှေးဟောင်းကျမ်းစာတစ်ခု၊ ဗုဒ္ဓရုပ်တုတစ်ခု၊ ထိုင်ဖုံတစ်ခု၊ အပြစ်ပေးဓားမောက်တစ်ခု၊ ရှောင်လင်ကျောင်းတော်မှ ကိုယ်တော်များ အသုံးပြုတတ်သော တုတ်တစ်ချောင်း၊ ပုတီးတစ်ကုံးနှင့် ဗောဓိမျိုးစေ့တို့ဖြစ်ကြသည်။
သူတို့၏ခေါင်းပေါ်တွင် မှေးမှိန်သော ဗုဒ္ဓအငွေ့အသက်များ လွင့်မျောနေကြပြီး သူတို့က ကျမ်းစာကို တိတ်တဆိတ် ရွတ်ဆိုနေကြ၏။ ထိုအလင်းရောင်များက ရောင်စုံတောက်ပနေပြီး တည်ငြိမ်အေးချမ်းမှုကို သယ်ဆောင်ထားသည်။
ယခင် အိမ်ရှေ့မင်းသားဖြစ်ခဲ့သော ကျိုးချန်က သူတို့စက်ဝိုင်း၏အလယ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သူကတော့ မူလဝတ်စုံများကို ပြောင်းလဲထားခဲ့ပြီး ဖျင်ကြမ်းသားဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ခေါင်းပေါ်တွင်တော့ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ပြင်ဆင်ထားပြီး စည်းနှောင်ထားသော ဆံပင်များကို ဖျောက်ထားခဲ့သည်။
သူက မျက်လုံးမှိတ်ထားခဲ့၏။ အလွန်တည်ငြိမ်အေးချမ်းသော သူ့ပုံစံက လူသားမျိုးနွယ်စုအပေါ် သနားကြင်နာမှုများ ပေးနေသလို ထင်ရ၏။ သူကလည်း တခြားဘုန်းတော်ကြီးများနှင့်အတူ တရားထိုင်နေသည့်အလား ကျမ်းစာကို တိတ်တဆိတ် လိုက်လံရွတ်ဆိုနေခဲ့သည်။
ထိုကျောက်တုံးကြီး၏ အနားတွင်တော့ မိန်းမစိုး ဝေ့ကောင်းက သူတို့၏ ပတ်ပတ်လည်ကို သေချာစိုက်ကြည့်နေပြီး သူတို့၏ ကြိုးစားအားထုတ်မှုကို ဖျက်ဆီးရန် ရောက်လာနိုင်သောလူများကို စောင့်ကြည့်နေခဲ့၏။
ထိုအခြေအနေကြောင့် မုန့်ချီက ပို၍ပင် ဇဝေဇဝါဖြစ်သွားခဲ့သည်။ သူက ကန္တာရကြွက်တစ်ကောင်၏ သွေးကြောမှတ်များကို အခြေခံပြီး သူ၏မျက်လုံးတံခါးကို ဖွင့်ကြည့်လိုက်၍ သူတို့ရွတ်ဆိုနေသောကျမ်းစာကို အတတ်နိုင်ဆုံး ခိုးနားထောင်ရန် ကြိုးစားလိုက်သည်။
အလွန်ထူးခြားသော သူတို့၏အသံများက နှစ်လိုဖွယ်ရှိပြီး နားထောင်သူများကို တည်ငြိမ်အေးချမ်းသွားစေနိုင်သည်။ ထိုအသံများက မုန့်ချီ၏နားထဲသို့ ဖြည်းညင်းစွာ ရောက်လာနေခဲ့၏။
"ကြယ်တာရာတွေက ကပ်ဆိုးတွေအဖြစ် ကျရောက်လာတဲ့အချိန်မှာ ဗုဒ္ဓက သက်ရှိတွေအားလုံး မျှော်လင့်ချက် ရှိစေဖို့အတွက် နိဗ္ဗာန်ကနေ လမ်းပြပေးနိုင်တယ်။ ဒါဆိုရင် သူတို့တွေက နောက်ပိုင်းမှာ ဗုဒ္ဓမျိုးဆက်တွေ ဖြစ်သွားနိုင်တယ်…"
ဘုန်းတော်ကြီးတစ်ပါး ဖြစ်ခဲ့ဖူးသော မုန့်ချီက ထိုကဲ့သို့ကျမ်းစာမျိုးကို လုံးဝမကြားဖူးချေ။ ထိုအရာက ထင်ထားသလို ရိုးရှင်းမှုမရှိကြောင်း ဝိုးတဝါး ခံစားမိနေခဲ့၏။
………….
ချုံဟယ်၏ အင်မော်တယ် သတ်ဖြတ်ရေးဓားဝင်္ကပါထဲတွင် ဟန်ကွမ်း၏ နတ်ဆိုးဧကရာဇ် ပုံရိပ်ယောင်ခန္ဓာ၏ ညာဘက်လက်က အနက်ရောင် ပြောင်းလဲလာခဲ့၏။ သူ့လက်ထဲတွင်တော့ အဖျက်စွမ်းအားမျိုးစုံ ရှိနေသော လက်ချောင်း(၆)ချောင်း ထွက်ပေါ်လာခဲ့သည်။
သူတို့က လက်ဖဝါးချက်နှင့်အတူ ရှေ့သို့ ထွက်လာခဲ့ကြ၏။ ကမ္ဘာကြီး၏ ချီစွမ်းအင်ပင်လယ်ကြီးက ညှိုးခြောက်သွားခဲ့ပြီး အနှစ်သာရများကလည်း ပျက်စီးပြန့်ကျဲသွားခဲ့သည်။ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော သဘာဝတရားကြီးက ပဋိပက္ခများ၊ ပျက်စီးမှုများဆီသို့ စတင်ကြီးထွားလာနေခဲ့၏။ လက်ဝါးချက်တစ်ခုဆီတိုင်းက အဖျက်စွမ်းအားများ၊ ပျက်စီးခြင်းများကိုသာ သယ်ဆောင်ထားသလို ထင်မှတ်ရသည်။
သူ့အတွက်တော့ သတ်ဖြတ်ရေး(၆)သွယ် လက်ဝါးသိုင်းကို ထိုအဆင့်အထိ လေ့ကျင့်ထားနိုင်သည်မှာ အင်မော်တယ်များ၊ သူတော်စင်များကို သုတ်သင်နိုင်စွမ်းရှိသည်ဟုပင် သတ်မှတ်နိုင်သည်။ ဓားချီစွမ်းအင်(၄)ခု၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုနှင့်အတူ သူတို့၏ပတ်ဝန်းကျင်က အလွန်ရှုပ်ထွေးပြီး ကျယ်ပြန့်လာခဲ့သည်။
အရာအားလုံးကလည်း စွမ်းအင်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဟန်ကွမ်း သုတ်သင်ရှင်းလင်းရန် မည်သည့်အရာမျှ မကျန်တော့ပေ။ ကျန်ရှိနေသည်မှာ သူ့ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန်သာ ဖြစ်သည်။
သူက ဘယ်လက်ကို တွန်းထုတ်လိုက်၏။ လက်ချောင်း(၆)ချောင်းပေါ်တွင် အလင်းရောင်တစ်ခု ထွက်ပေါ်လာနေသည်။ သူ၏လက်ဖဝါးအလယ်တွင်တော့ မည်သည့်အရာမျှရှိပုံမရဘဲ သုတ်သင်ရှင်းလင်းရေးစွမ်းအားများသာ ပြည့်နှက်နေပုံရသည်။
ထိုစွမ်းအားများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီးနောက် လှိုင်းထန်နေသော မုန်တိုင်းပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏လမ်းကြောင်းတွင် ရှိနေသော အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ဒေါသလှိုင်းလုံးတစ်ခုအလား ထိုအရာက ဓားချီစွမ်းအင်(၄)ခုကို ရင်ဆိုင်တိုက်ခိုက်ပြီး အသံထွက်မလာဘဲ ညှိုးခြောက်သွားခဲ့၏။
တခဏအတွင်း တိုက်ခိုက်မှုကြောင့် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ယခင်တုန်းကတော့ ဓားချီစွမ်းအင်များက သုတ်သင်ရှင်းလင်းရေး စွမ်းအားများကို ထိုးဖောက်နိုင်သေး၏။ သူတို့က နတ်ဆိုးဧကရာဇ် ပုံရိပ်ယောင်ခန္ဓာကို တိုက်ခိုက်လိုက်မိပြီး သူ၏ခန္ဓာကိုယ်ပေါ်တွင် အပေါက်သေးသေးလေးတစ်ခု ပေါ်လာစေခဲ့သည်။ သူ၏အရေပြားပေါ်တွင်လည်း ရောင်စုံဖြစ်နေခဲ့၏။
အင်မော်တယ်သတ်ဖြတ်ရေး ဓားဝင်္ကပါထဲတွင် ပိတ်မိနေသည့် အချိန်ကတည်းကစပြီး ပထမဆုံးအကြိမ်အဖြစ် ဟန်ကွမ်းက သူ၏စွမ်းအားကို တိတိကျကျ နားလည်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ တိုက်ပွဲကိုသာ ဆက်လက် တိုက်ခိုက်ခွင့်ပေးရမည်ဆိုလျှင် တာအို(၃)သွယ်ပေါင်းစည်းမှု အဆုံးမသတ်ခင်အချိန်ထိ သူနှင့်ထိုက်လီတို့က ထိန်းထားနိုင်ခြင်း မရှိတော့မှာကို ကြောက်လန့်နေခဲ့သည်။
ချုံဟယ်က အလွန်ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင် ဖြစ်၏။ ထို့ပြင် ကုံဝမ်၊ လုတနှင့် လန်ကီကျောင်းဆောင်မှ ပညာရှင်များက မည်သည့်အချိန်တွင် ပေါ်လာမည်ဖြစ်ကြောင်း သူလည်း မပြောနိုင်ပေ။
နောက်ထပ်အချိန်ဆွဲ၍ မရနိုင်မှန်း သိနေသည့်အတွက် ဟန်ကွမ်းက တွေဝေနေမှုများ၊ စိတ်မရှည်နိုင်မှုများကို ဖယ်ရှားလိုက်သည်။ သူ၏အရှိန်အဝါများ မြင့်တက်လာပြီးနောက် သူက တခဏအတွင်း ဓားတစ်ခု ဖန်တီးလိုက်သည်။
သူ၏ဘယ်လက်ထဲတွင် ကိုင်ထားသော ဓားရှည်ဆီမှ အလင်းရောင်များ ထွက်ပေါ်လာနေခဲ့၏။ ထိုအရာက အချိန်အရိပ်ဓားကို မယှဉ်နိုင်သော်လည်း ထိုဓားထဲတွင် အချိန်စွမ်းအင်များနှင့် ပြည့်နှက်နေခဲ့သည်။ အချိန်ကာလက ပျောက်ကွယ်သွားပြီဆိုလျှင် လုံးဝပြန်ကုစား၍ မရနိုင်တော့ပေ။ အချိန်အရိပ်ဓားကဲ့သို့ ထိုဓားကလည်း နတ်ဘုရားလက်နက်တစ်ခုဖြစ်သည်။
မပြည့်စုံသေးသော ချုံဟယ်၏ဓားဝင်္ကပါက ပျက်စီးတော့မည့် အရိပ်အယောင်မျိုး ပေါ်လာခဲ့၏။ နောက်ဆုံးတွင်တော့ သူက ပစ္စည်းနှင့် အစွမ်း၏ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုကို နားလည်သွားပုံရသည်။ သို့သော် အချိန်နှင့် လေဟာနယ်ထဲတွင် ဟာကွက်များစွာ ရှိနေသေး၏။
ဖုန်းရွှေမြေမီးတောက်များက မျှခြေမရှိသည့်အတွက် ဝင်္ကပါက ယခုအချိန်ထိ ပြည့်စုံမှုမရှိသေးချေ။ ထို့ပြင် ဓား(၄)ချောင်း ပူးပေါင်းနိုင်မှသာ နတ်ဘုရားလက်နက်တစ်ခုကို ရင်ဆိုင်နိုင်သည်။
စက္ကန့်ပိုင်းလေးအတွင်း ဟန်ကွမ်းက ချုံဟယ်၏ ဓားဝင်္ကပါကို အကြမ်းဖျင်း နားလည်လာပြီး တဖြည်းဖြည်း ရုန်းကန်လာနိုင်ခဲ့သည်။ သို့သော် သူ၏နားလည်မှုများက ဝင်္ကပါ၏ စည်းမျဉ်းများကို စစ်ဆေးကြည့်ရန် လုံလောက်မှုမရှိသည်မှာ ကံဆိုးသွား၏။
ထိုအရာက သူ့အတွက်တော့ အခွင့်ကောင်းတစ်ခု ဖြစ်နေသည်။ ယခု သူ့ဆီတွင် အကြံတစ်ခု ပေါ်လာသည့်အတွက် သူ ဘာလုပ်ရမလဲသိနေခဲ့၏။ သူက ရှေ့ကို တစ်လှမ်း လှမ်းလိုက်ပြီး သူ၏မျက်လုံးများက တည်ငြိမ်အေးစက်နေခဲ့သည်။ သူ့ပုံရိပ်ကလည်း အလွန်ထင်ရှားလာခဲ့၏။ သူက လူသားကမ္ဘာကြီးကို ငုံ့ကြည့်နေသလို ထင်မှတ်ရသည်။
သူ့အတွက်တော့ အရာအားလုံးက တစ်သားတည်းဖြစ်၏။ ကောင်းကင်တာအို၏ လက်အောက်တွင် သက်ရှိအားလုံးက အတူတူသာ ဖြစ်သည်။ လေဟာနယ်က လှုပ်ရှားသွားခဲ့၏။ သူက နတ်ဆိုးဧကရာဇ် ၊ ကောင်းကင်ဧကရာဇ်ကို အရိုအသေပေးနေသယောင် ထင်မှတ်ရသည်။
အနှစ်သာရများထဲတွင်လည်း ပြောင်းလဲမှုများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် ပျက်စီးမှုက နှေးကွေးလာခဲ့၏။ ဟန်ကွမ်းက ဘယ်လက်ထဲတွင် ကိုင်ထားသော ဓားမောက်နှင့် ခုတ်ချလိုက်ပြီး အသက်စွမ်းအင်များကို လှုံ့ဆော်လိုက်သည်။
လေလှိုင်းများက ရပ်တန့်သွားပြီး ဆူညံသံများက တိတ်ဆိတ်သွားခဲ့သည်။ ငါးရောင်ခြယ်လက်ဝါးဆီမှ ထွက်ပေါ်လာသော အလင်းတန်းများက အေးခဲသွားပြီး အစိမ်း၊အနီ၊အဖြူနှင့် အနက်ရောင်ဓားချီများကလည်း နှေးကွေးသွားခဲ့၏။
“ကောင်းကင်အင်ပါယာ အချိန်ဖျက်ဆီးခြင်း …
သက်ရှိအားလုံးကို နင်းချေပစ်မယ်…”
အင်မော်တယ်သတ်ဖြတ်ရေး ဝင်္ကပါ၏ အနက်ရောင်နှင့် အဖြူရောင်အလင်းတန်းများက တည်ငြိမ်နေရာမှ ချက်ချင်းပင် ခဲသွားခဲ့သည်။ ထိုသို့ဆိုရာတွင် နှေးကွေးသွားသော ဝင်္ကပါထဲ၌ အားနည်းချက်တစ်ခု ပေါ်မလာခဲ့ပေ။
ဟန်ကွမ်းက သူ၏အခွင့်အရေးကို မြင်သည့်အခါ ထိုအရာကို ဖမ်းဆုပ်လိုက်၏။ အနက်ရောင်အလင်းတန်းများက ထိုက်လီ၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေပြီး ဓားဝင်္ကပါထဲမှ ဖောက်ထွက်ရန် ကြိုးစားလိုက်သည်။
ချုံဟယ်က အံ့ဩနေခြင်းမရှိသလို ဒေါသထွက်သွားခြင်းလည်း မရှိချေ။ ထိုအစား သူက ကမ္ဘာမြေကြီးနှင့် ပို၍ပင် ကင်းကွာသွားပြီး ဤကမ္ဘာကြီးထဲတွင် ပို၍မြင့်မြတ်လာသလို ထင်မှတ်ရသည်။ သူက ကမ္ဘာကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး ဓားရှည်ဖြစ်စေ၊ အချိန်ဖြစ်စေ အရာအားလုံးက သူ့လက်ထဲတွင် ရှိလာခဲ့သည်။
သူတို့၏ကြားထဲတွင် အင်မော်တယ်သတ်ဖြတ်ရေး ဓားဝင်္ကပါရှိနေသည့်အတွက် ဟန်ကွမ်း၏ တိုက်ခိုက်မှုက သူ့ကို ထိခိုက်ရန် ခက်ခဲသည်။ သူ၏အနီရောင်ဓားရှည်နှင့် ချိန်လိုက်သည့်အချိန်တွင် အလွန်များပြားသော ဓားချီစွမ်းအင်များက နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး နှေးကွေးနေသော ဝင်္ကပါကို ချက်ချင်း ဖျက်ဆီးလိုက်သည်။
ထိုအချိန်တွင် ဓားအလင်းတန်း (၄)ခုက ဟန်ကွမ်းဆီသို့ ရောက်လာပြီး တိုက်ခိုက်လိုက်၏။ သူက နောက်သို့ပြန်ဆုတ်သွားလိုက်ရပြီး သူ့ကိုယ်သူ ခုခံကာကွယ်လိုက်ရသည်။ သူက ဝင်္ကပါထဲမှ ယာယီထွက်ပေါ်လာသော အားနည်းချက်ကိုပင် အခွင့်ကောင်းယူနိုင်ခြင်း မရှိချေ။
ဟန်ကွမ်းက အတော်လေးကို ကြောက်လန့်နေသော်လည်း ဒေါသထွက်နေခြင်း မရှိပေ။ ထိုအချိန်တွင် သူ့ခေါင်းပေါ်၌ အလွှာ(၃၃)ခု ရှိနေသော အနက်ရောင်နှင့် အဝါရောင် ကျောင်းဆောင်လေးတစ်ခု ပေါ်လာခဲ့သည်။ အဝါရင့်ရောင်ချီစွမ်းအင်များက ကျောင်းဆောင်လေး၏အောက်ဘက်တွင် လည်ပတ်နေပြီး နဂါးတစ်ကောင်၏ ပုံသဏ္ဍာန် ပြောင်းလဲလာသည်။ ထို့နောက် ဟန်ကွမ်းကို လွှမ်းခြုံသွားပြီး ဓားချီစွမ်းအင်များကို ကာကွယ်ပေးလိုက်၏။
သူက ဓမ္မကာရအဆင့် ရတနာတစ်ခုဖြစ်သော သဘာဝကျောင်းဆောင်ကို အသုံးပြုနိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ပေ။
"ဝှစ် ဝှစ် ဝှစ် ဝှစ်…"
အစိမ်းရောင်၊အနီရောင်၊အဖြူရောင်နှင့် အနက်ရောင် ဓားချီစွမ်းအင် (၄) ချောင်းက ထိုကျောင်းဆောင်လေးကို ဆက်တိုက် တိုက်ခိုက်နေခဲ့၏။ သူတို့၏ တိုက်ခိုက်မှုများကလည်း အဝါရင့်ရောင်နဂါးများပေါ်သို့ ကျရောက်လာနေခဲ့သည်။
ထိုအချိန် အတောအတွင်း အဝါရင့်ရောင်ကျောင်းဆောင်လေးပေါ်တွင် သိသာထင်ရှားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့၏။ ဟန်ကွမ်းကတော့ ခေါင်းကိုက်နေသော အမူအယာမျိုးမရှိပေ။ သူက ထိုက်လီကိုသယ်ဆောင်ပြီး ဝင်္ကပါ၏အစွန်သို့ ပျံသန်းသွားခဲ့သည်။
"ဗုန်း…."
ရုတ်တရက်ဆိုသလို သူက စေတီလေးကို လေထဲသို့ ပစ်ပေါက်လိုက်ရာ ထိုအရာက ပေါက်ကွဲသွားခဲ့၏။ ထိုအချိန်တွင် ချီစွမ်းအင်များက ပတ်ပတ်လည်သို့ ပင်လယ်လှိုင်းလုံးများပမာ ပျံ့နှံ့သွားပြီး သူ့နောက်မှ လိုက်လာသော ဓားအလင်းတန်းများကို ဝါးမြိုပစ်လိုက်သည်။
သို့သော် ထိုအရာကို ချုံဟယ်က ပြင်ဆင်ထားခဲ့သည်မှာ အတော်လေးကိုကြာခဲ့ပါပြီ။ သူ၏ဘယ်ဘက်လက်ကို ညင်သာစွာ လှုပ်ရှားလိုက်ရာ ပုလဲလုံးလေးတစ်လုံးက သာမာန်လူသားများပင် တွေးမကြည့်နိုင်သော အရှိန်မျိုးနှင့် ပျံသန်းသွားခဲ့သည်။ ထိုပုလဲလုံးလေးက ဟန်ကွမ်း၏ဦးခေါင်းကို တိုက်ခိုက်လိုက်မိ၏။
သူက ထိုအရာကို လေဟာနယ်ထဲတွင် ဖိအားပေးပြီး ကျုံ့ထားခဲ့သည့်အတွက် ဟန်ကွမ်းက ထိုအရာကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိချေ။ ဓားအလင်းတန်းက ဟန်ကွမ်းကို တိုက်ခိုက်မိခဲ့ပြီး သူ့ကို ဝင်္ကပါထဲသို့ ပြန်ပို့တော့မည့်အချိန်တွင် သူ၏နောက်စေ့တွင် မှန်တစ်ချပ် ပေါ်လာခဲ့သည်။ ထိုမှန်က မီးခိုးရောင်ရှိပြီး သူ၏မျက်နှာပြင်က မထင်မရှားဖြစ်၏။ ထိုမှန်၏မျက်နှာပြင်က အပေါ်သို့ ထောင်လာပြီး ချက်ချင်းပင် လင်းထိန်သွားခဲ့သည်။ ထိုအလင်းတန်းက ဖရိုဖရဲပုတီးစေ့ကို လှမ်းထိုးလိုက်၏။
"ခလွပ် ... "
ကြေးမုံနဲ့ ပုတီးစေ့တို့က တစ်ပြိုင်နက်တည်း ပျက်စီးသွားခဲ့သည်။ ဟန်ကွမ်းက အသက်ရှင်ရန် အခွင့်အရေးအတွက် သူ့ဘဝတစ်လျှောက်လုံး သိမ်းဆည်းထားခဲ့သော ရတနာများအားလုံးကို ထုတ်သုံးနေရ၏။
ထိုအချိန်တွင် ထိုက်လီကတော့ အင်မော်တယ်သတ်ဖြတ်ရေး ဓားဝင်္ကပါကြောင့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေခဲ့သည်။ သူက အမွေးအတောင်တစ်ဝက်ခန့်ကို ဆုံးရှုံးထားရ၏။ သူ့ရင်ထဲတွင်လည်း အကြောက်တရားများ ပြည့်နှက်နေသည်။
သူက ကိုယ်ပိုင်ပစ္စည်းကိုပင် ဖုံးကွယ်မထားရဲတော့ဘဲ သူ၏ဘယ်ဘက်လက်ထဲတွင် ပစ္စည်းတစ်ခုကို ဖျက်ဆီးလိုက်သည်။ မှေးမှိန်နေသော ကန့်လန့်ကာတစ်ခု၏ နောက်တွင် လေဟာနယ်က အက်ကွဲသွားခဲ့၏။ ထိုအရာက မည်သည့်နေရာကို ရောက်သွားကြောင်း မည်သူမျှမသိခဲ့ပေ။
ထိုက်လီနှင့်ဟန်ကွမ်းတို့နှစ်ယောက်လုံးက လေဟာနယ်ထဲသို့ ခုန်ဝင်သွားကြပြီး အစိမ်းရောင်၊ အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင် ဓားချီစွမ်းအင် (၄) ခုက သူတို့၏နောက်မှ လိုက်သွားခဲ့သည်။
ဟန်ကွမ်းက ဘယ်လက်ကို ဝှေ့ယမ်းလိုက်ပြီး ဘယ်ဘက်လက်ထဲတွင် ကိုင်ထားသော ဓားရှည်နှင့် ပစ်ပေါက်လိုက်၏။ ထိုအချိန်တွင် အချိန်စီးဆင်းမှုက ရုတ်တရက်မြန်လာပြီး အဖျက်စွမ်းအားများက ပို၍ပြင်းထန်လာခဲ့၏။ ဓားချီစွမ်းအင် (၄) ခုက သူတို့(၂)ယောက်ကို သုတ်သင်ရှင်းလင်းရန် နောက်မှဆက်၍လိုက်လာနေကြသည်။
အရေးကြီးဆုံးအရာကတော့ ဟန်ကွမ်းက နောက်ပြန်လှည့်ကြည့်ခြင်းမရှိသလို ရပ်တန့်နေခဲ့ခြင်းလည်း မရှိချေ။ သူက အလွန်လျင်မြန်စွာ ပြေးသွားခဲ့ပြီးနောက် ဓားချီစွမ်းအင်များကို မျှားခေါ်နိုင်ခဲ့သည်။ သူက ထိုဓားချီစွမ်းအင်များကို ခုခံရန် နတ်ဆိုးဧကရာဇ် ပုံရိပ်ယောင်ခန္ဓာကိုပင် မထင်မှတ်ဘဲ အသုံးပြုလိုက်ရ၏။ ပုံရိပ်ယောင်ခန္ဓာ၏ အစွမ်းများကိုသုံးပြီး သူက တခဏအတွင်း လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားခဲ့လေသည်။
"အားးးး..."
အက်ကွဲကြောင်း ပိတ်သွားသည့်အချိန်တွင် လေထဲမှနေ၍ နာနာကျင်ကျင် အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဟန်ကွမ်းနှင့် ထိုက်လီတို့၏ အရိပ်အယောင်ကိုတော့ မတွေ့ရတော့ပေ။
ဟန်ကွမ်းက ဆုံးဖြတ်ချက် ပြတ်သားသည့်အတွက် အသက်ရှင်ရန် အရာအားလုံးကို ပေးဆပ်ထားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ကုံဝမ်နှင့် ဆရာကြီးလုတို့ မရောက်ခင် အဝေးကိုပြေးရန် အခွင့်အရေးတစ်ခု ရသွားခဲ့သည်။
သူ ထွက်ပြေးလိုက်ခြင်းက သူ၏ရည်မှန်းချက်ကြီးမှုနှင့် ရက်စက်ကြမ်းကြုတ်သည့် ခံစားချက်များကို လုံးဝပြသနိုင်ခဲ့၏။ သို့သော် ဤတိုက်ပွဲကြောင့် ဟန်ကွမ်းက အကြီးအကျယ် ဆုံးရှုံးသွားခဲ့ရသည်။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သည့်အပြင် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ပစ္စည်းအများစုလည်း ကုန်ဆုံးသွားခဲ့ရ၏။
ဟန်ကွမ်းနှင့် ထိုက်လီတို့က နောက်မလှည့်ကြည့်ဘဲ ထွက်ပြေးသွားသည်ကို မြင်လိုက်သည့်အချိန်တွင် တာအိုသခင်ရှိုကျင်း၏ ဖိနှိပ်မှုကို ခံနေရသော ကျားဖြူမိစ္ဆာဘုရင်က အံ့ဩမှင်တက်သွားခဲ့သည်။ သူလည်း ထွက်ပြေးရန် ပြန်မေးနေခြင်းမရှိဘဲ လျင်မြန်စွာ ဆုံးဖြတ်လိုက်၏။
သူ၏ဘယ်ဘက်လက်ဖဝါးထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် ကျန်ရှိနေသော ဓာတ်ကြီး(၅)ပါးစွမ်းအင်များ ထွက်ပေါ်လာခဲ့၏။ မိုင်(၁၀၀)အတွင်း ရွှေရောင်ချီစွမ်းအင်များသာ ရှိနေသည်။
အလွန်ထက်မြက်သောလက်သည်းများက လှုပ်ရှားသွားခြင်း မရှိဘဲ သတ်ဖြတ်ရေးချီစွမ်းအင်များက ဓား(၂)လက်အဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုလက်နက်များက နတ်ဘုရားလက်နက်အဆင့်သို့ ရောက်လုနီးပါးဖြစ်သည်။ ထိုချီစွမ်းအင်များက ရှိုကျင်းကို တိုက်ခိုက်လိုက်၏။
ရှိုကျင်းကတော့ နောက်ပြန်ဆုတ်သွားနေခြင်းမရှိဘဲ ကောင်းကင်အင်ပါယာ အချိန်ဖျက်ဆီးခြင်းသိုင်းကွက်နှင့် တုံ့ပြန်လိုက်သည်။ အချိန်စီးဆင်းမှုနှင့်အတူ အသက်စွမ်းအင်များလည်း ပျောက်ကွယ်လာရနိုင်၏။
ထိုအချိန်တွင် ရွှေရောင်ချီစွမ်းအင်များမှ ဖန်တီးထားသော ရဲမက်များက အေးခဲသွားခဲ့ပြီး အရောင်များအားလုံးကို ရှင်းပစ်လိုက်သည်။ အနက်ရောင်နှင့် အဖြူရောင် သက်ရှိများ အားလုံးကိုလည်း ဖယ်ရှားလိုက်၏။
အချိန်အရိပ်ဓားက ကျားဖြူမိစ္ဆာဘုရင်၏ ဘယ်ဘက်လက်ဖဝါးပေါ်သို့ ကျရောက်လာမည်ဆိုလျှင် သူက တခဏအတွင်း ညှိုးရော်ပြီး သေဆုံးသွားနိုင်သည်။ သို့သော် သူ၏ဘယ်ဘက်လက်ဖဝါးနှင့် တိုက်ခိုက်လိုက်ပြီးနောက် ကျားဖြူမိစ္ဆာဘုရင်က ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက ဘယ်ဘက်လက်ဖဝါးနှင့် အရင်ဆုံး တိုက်ခိုက်ပြီး ထိုအခွင့်အရေးကို အရယူ၍ ထွက်ပြေးသွားလိမ့်မည်ဟု မည်သူကမျှမထင်ထားခဲ့ပေ။
သတ္တုစွမ်းအင်များ၏ ဖိနှိပ်မှုမရှိသည့်အတွက် တခြားသော ဓာတ်ကြီး(၅)ပါးစွမ်းအင်များက ထိန်းချုပ်မှု ကင်းလွတ်သွားခဲ့သည်။ တာအိုသခင်ရှိုကျင်း၏ ပတ်ပတ်လည်တွင် ရှိနေသော ကမ္ဘာကြီးက လှုပ်ရှားလာသလို ထင်ရပြီး တစ်ခါတစ်ရံ မျိုးစေ့များက အပင်ပေါက်လာသည်။ တစ်ခါတစ်လေ မီးတောက်များက သမုဒ္ဒရာလှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာခဲ့၏။
ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်လည်း အတူတူသာ ဖြစ်သည်။ အန္တရာယ်အပေါ် သူ၏မသိစိတ်ကြောင့် သူက ဟယ်ချီ၏ဓားချက်(၁၈)ချက်ကို ရင်ဆိုင်လိုက်ရသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအမြောက်အများ ရနေခဲ့သည်။
ခရမ်းရောင်သွေးများကလည်း တစ်ကိုယ်လုံး ပေပွနေခဲ့၏။ သူ့ဒဏ်ရာများက အတော်လေးကို ဆိုးရွားလှသည်။ သို့သော် သူကတော့ တိုက်ပွဲထဲမှ အတင်းအကြပ် ထွက်သွားရန် အခွင့်အရေးတစ်ခု ရလာခဲ့၏။ သူက မိုးကြိုးရှောင်တိမ်းခြင်း ကျင့်စဉ်ကိုသုံးပြီး ထွက်ပြေးသွားသည့်အတွက် ဟယ်ချီ၏ တိုက်ခိုက်မှုက လေထဲကိုသာ တိုက်ခိုက်မိခဲ့သည်။
မိစ္ဆာဘုရင်များက ဖြစ်ပျက်သည့်အရာများကို သတိထားမိသည့်အချိန်တွင် ချက်ချင်း လှုပ်ရှားလိုက်ကြပြီး သူတို့ကသာ အနည်းငယ် နောက်ကျသွားမည်ဆိုလျှင် တစ်ယောက်မျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။
ချုံဟယ်က သက်ပြင်းချလိုက်မိပြီး တာအို(၃)သွယ်ပေါင်းစည်းမှုကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ထို့နောက် သူက လေထဲတွင် လွင့်မျောနေသော ညှိုးခြောက်နေသည့် ဗောဓိသစ်ပင်ဆီသို့ ပျံသန်းသွားခဲ့၏။
ထိုအရာကို မြင်သည့်အချိန်တွင် ကမ္ဘာဦးအသူရာမုန့်နန်က ပျော်ရွှင်ခြင်းဗောဓိတဗ္ပနှင့် ဆွေယွဲ့သီလရှင်ကျောင်းထိုင်တို့ကို လက်လွှတ်ထားခဲ့သည်။ သူက လက်(၆)ဖက်ကို လှုပ်ရှားလိုက်ပြီး သူ့အသက်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။
သူက ချုံဟယ် ရောက်မလာခင် ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို ရယူရန် ကြိုးစားလိုက်၏။ ထိုအချိန်တွင် ပျော်ရွှင်ခြင်းဗောဓိတဗ္ပက မုန့်နန်ကို တိုက်ခိုက်နေရာမှ ဆွေယွဲ့သီလရှင်ကျောင်းထိုင်ကို တားဆီးလိုက်သည်။
အကယ်၍ ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကသာ အမှန်တရားလမ်းစဉ် ပညာရှင်များ၏ လက်ထဲသို့ ကျရောက်သွားမည်ဆိုလျှင် သူမအတွက် အခွင့်အရေးမရှိနိုင်ကြောင်း သိနေခဲ့သည်။ အကယ်၍ အသူရာကျောင်းဆောင်မှ လူများသာ ရသွားမည် ဆိုလျှင်တော့ ထိုအရာကို နားလည်ခွင့်ရရန် အလဲအလှယ်လုပ်၍ရနိုင်သေးသည်။ မည်သို့ဖြစ်စေကာမူ သူတို့ကလည်း မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်မှဖြစ်ကြ၏။
ဗုဒ္ဓလက်ဝါးအပေါ် တိုက်ခိုက်လာနေသည်နှင့်အမျှ သူတို့၏စိတ်အခြေအနေနှင့် နှလုံးသားများက ချက်ချင်း ပြောင်းလဲသွားကြပြီး မိတ်ဆွေများ၊ ရန်သူများကလည်း အတူတူသာ ဖြစ်သည်။ ခြေ(၄)ချောင်းလက်(၃)ဖက် မကောင်းဆိုးဝါးကလည်း ဓမ္မဘုရင်တူရှီကို တိုက်ခိုက်နေခြင်း မရှိတော့ချေ။ သူတို့က ပြန်လှည့်လာပြီး ဟယ်ချီကို တားဆီးရန် ကြိုးစားလိုက်ကြ၏။
သို့သော် လက်ရှိအခြေအနေကို ကြည့်ရသည်မှာ ချုံဟယ်၊ ဟယ်ချီနှင့် ကွေချင်းဟယ်တို့ အောင်မြင်ရန် အချိန်အနည်းငယ်သာ လိုအပ်တော့သည်။ အထူးသဖြင့် ချုံဟယ်က တာအို(၃)သွယ် ပေါင်းစည်းမှုအစွမ်းနှင့် သူ၏ကြောက်မက်ဖွယ်ရာ အစွမ်းများကို ပြသထားနိုင်ခဲ့သည်။
…………………
အချိန်ကြာလာသည်နှင့်အမျှ ဗုဒ္ဓအလင်းတန်းများက တဖြည်းဖြည်းပို၍ လင်းထိန်လာခဲ့၏။ အပြာဖျော့ရောင်မီးအိမ်၊ သစ်သားငါးနှင့် ရှေးဟောင်းကျမ်းစာကဲ့သို့ပစ္စည်းများက လေထဲတွင် စတင်လွင့်မျောနေခဲ့၏။
ယခင်အိမ်ရှေ့မင်းသား ကျိုးချန်က မတ်တပ်ရပ်လိုက်ပြီး ရှေ့ကို တစ်လှမ်း လှမ်းလိုက်သည်။ ပထမဆုံး ဘယ်ဘက်ကို ခြေလှမ်း(၇)လှမ်း၊ ထို့နောက် ညာဘက်ကို ခြေလှမ်း(၈)လှမ်း လှမ်းလိုက်၏။ နောက်ဆုံးတွင်တော့ သူက အလွန်တည်ငြိမ်သော အမူအယာနှင့် ပြောလိုက်သည်။
"ကြယ်တာရာတွေက ကပ်ဆိုးအဖြစ် ကျရောက်လာတဲ့အချိန်မှာ ဗုဒ္ဓက နိဗ္ဗာန်ကနေ ပြန်ရောက်လာပြီး သက်ရှိတွေအားလုံးကို လမ်းပြနိုင်လိမ့်မယ်။ ဒါကြောင့် သူတို့က အနာဂတ်မှာ ဗုဒ္ဓလမ်းစဉ်ကို ရောက်လာလိမ့်မယ်…"
ဗုဒ္ဓအငွေ့အသက်များက လှုပ်ရှားလာပြီး အလင်းရောင်များကလည်း ပို၍တောက်ပလာခဲ့သည်။
သူ့အသံက အဝေးသို့ ပျံ့သွားခဲ့ပြီး နောက်ဆုံးစကားတစ်ခုတွင် ဆုံးသွားခဲ့၏။
"တကယ်လို့ ငါသာ ဗုဒ္ဓအဖြစ် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် လူတိုင်းက ဗုဒ္ဓရဲ့လမ်းညွှန်မှုကို ရရှိနိုင်ပြီး ကျင့်စဉ်တွေကို နားလည်နိုင်လိမ့်မယ်…"
ဓမ္မကာရအဆင့် ပညာရှင်များ၏ တိုက်ပွဲကြောင့် ငါးပင်လယ် ဘော်တာရှမ်တောင်တန်းကြီးတစ်ခုလုံး ပျက်စီးသွားခဲ့သော်လည်း ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကိုတော့ ယခုအချိန်ထိ အနိုင်ရသူ ပေါ်မလာသေးပေ။
ထိုအချိန်တွင် သစ်ပင်က လေထဲတွင် ဖြည်းညင်းစွာ လွင့်မျောနေခဲ့၏။ ရုတ်တရက်ဆိုသလို အလွန်တည်ငြိမ်အေးစက်သော အသံတစ်ခုက ဗုဒ္ဓ၏အသံကဲ့သို့ နယ်မြေတစ်ခွင်လုံး ပဲ့တင်ထပ်လာခဲ့သည်။
"တကယ်လို့ ငါသာ ဗုဒ္ဓအဖြစ် ကျင့်ကြံနိုင်မယ်ဆိုရင် လူတိုင်းက ဗုဒ္ဓရဲ့လမ်းညွှန်မှုကို ရရှိနိုင်ပြီး ဒီကျင့်စဉ်ကို နားလည်နိုင်လိမ့်မယ်…"
ညှိုးခြောက်နေသော ဗောဓိသစ်ပင်၏အတွင်းထဲမှ တည်ငြိမ်နေသော အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သစ်ပင်က လှုပ်ရှားသွားခဲ့ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ အဝေးသို့ ပျံသန်းသွားခဲ့၏။
ထိုအလင်းတန်း၏အရှိန်က အလွန်လျင်မြန်လွန်းလှသည့်အတွက် ချုံဟယ်နှင့် တခြားဓမ္မကာရအဆင့် ပညာရှင်များကပင် တားဆီးရန် လုံလောက်နေခြင်း မရှိချေ။
"ဒီဗောဓိပင်က သူ့ရဲ့ပိုင်ရှင်ကို အလိုလို ရွေးချယ်လိုက်တာလား…"
Translated by Hein Htet.