← Chapters

အခန်း (၅၆၆)

Vol. 38 Ch. 566

အခန်း (၅၆၆)

Vol. 38 Ch. 566

“ဆုကြီးပန်တာလား….”

ကျောက်တုံးကြီး၏နောက်ဘက် မလှမ်းမကမ်းတွင် ပုန်းအောင်းနေရင်း အိမ်ရှေ့မင်းသား၏ စကားလုံးများကို ကြားသည့်အချိန်တွင် မုန့်ချီ၏ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဗုဒ္ဓဂိုဏ်းများက သူတို့၏သင်ကြားပေးမှုများကို လေ့ကျင့်ရန်အတွက် ဆုကြီးပန်သည့် ဖြစ်စဉ်များနှင့် တူညီနေခဲ့သည်။

အထူးသဖြင့် တစ်စုံတစ်ယောက်က ဆုတောင်းထားပြီး ထိုအရာကို ရရှိရန်အတွက် မည်သည့်အရာများ လုပ်မည်ဟူသော စကားလုံးမျိုး ဖြစ်၏။ လန်ကီကျောင်းဆောင်နှင့် ပတ်သက်ပြီး ဘိုးဘေးဒိုမူ ရှင်းပြသည့် စကားများကို နားထောင်ခဲ့ဖူးသည့်အတွက် သဗ္မောဂကာရကျင့်စဉ်နှင့် ပတ်သက်သော အရာများကိုလည်း နားလည်နေခဲ့သည်။

သဗ္မောဂကာရ ကျင့်စဉ်ဆိုသည်မှာ အရည်အသွေးကို အဓိကအားထားရသည်။ ဥပမာအနေနှင့် ပြောရလျှင် အခြေအနေနှင့် စိတ်နေစိတ်ထားမျိုး ဖြစ်ပြီး တချို့သော ဗုဒ္ဓလမ်းစဉ်များ သို့မဟုတ် ကမ္ဘာမြေကြီး၏ လမ်းစဉ်များဖြစ်၏။ ထိုအရာမှနေ၍ လူတစ်ယောက်က အကျိုးအမြတ်ကို ရနိုင်ပြီး ထိုအရာနှင့် ပေါင်းစပ်နိုင်ရန် တဖြည်းဖြည်း နီးကပ်လာပါလိမ့်မည်။

ထိုအရာက နံရံကို လက်သီးနှင့် ထိုးလိုက်ပြီးနောက် နံရံထဲမှ ပြန်ကန်လာသော စွမ်းအားကို ခံစားမိနိုင်သလို ဖြစ်သည်။ ထိုအရာက ကိုယ် စိုက်ပျိုးထားသောအရာကို ပြန်လည်ရိတ်သိမ်းရသော အကျိုးသက်ရောက်မှုမျိုးကဲ့သို့လည်း ဖြစ်၏။

ထို့ကြောင့် ဆုကြီးပန်ခြင်းဟူသည်မှာ ဗုဒ္ဓလမ်းစဉ်ထဲတွင် ရှိနေသော တချို့အရာများ သို့မဟုတ် စည်းမျဉ်းများနှင့် ကိုက်ညီမှုအပေါ် မူတည်ပြီး ဖြည်းဖြည်းချင်း လုပ်ဆောင်ရသည့် အရာမျိုးဖြစ်သည်။ အကယ်၍ ပန်ထားသော ဆုကြီးကသာ ကိုက်ညီသော အခြေအနေထက် သိသိသာသာ ကျော်လွန်နေမည်ဆိုလျှင်တော့ မည်သည့်အရာကိုမျှ မရနိုင်တော့ပေ။ မည်သည့်အကျိုးအမြတ်မှလည်း မရနိုင်တော့ပေ။

ဥပမာအနေနှင့် ပြောရလျှင် လူတစ်ယောက်က တောင်ထိပ်ပေါ်၌ ဗုံတစ်လုံးကို တီးချင်နေသည်ဆိုလျှင် ဗုံရိုက်တံတစ်ခုနှင့်အတူ တောင်ပေါ်သို့ တက်ရန် လိုအပ်သည်။ သို့မဟုတ် သူက စွမ်းအားတစ်ခုနှင့်အတူ ဗုံသံမြည်ရန် ကျောက်တုံးတစ်တုံးကို ပစ်လိုက်ရန် လိုအပ်၏။

မဟုတ်ဘဲ တောင်အလယ်၌ ရပ်နေပြီး ဗုံတီးရန် ကြိုးစားနေမည် ဆိုလျှင်တော့ အကျိုးမရှိသော လုပ်ရပ်တစ်ခုသာ ဖြစ်ပါလိမ့်မည်။

လန်ကီကျောင်းဆောင်ကို ဥပမာအနေနှင့် သတ်မှတ်နိုင်သည်။ သူတို့၏ ဆက်ခံသူ တစ်ယောက်ဖြစ်သော ဟုန်နန်က ဆုကြီးပန် ဆန္ဒတစ်ခုနှင့် မွေးဖွားလာခဲ့သည်။ ထိုအရာက သူငယ်စဉ်ကတည်းက ရှိနေခဲ့ခြင်း ဖြစ်၏။

သူက စတင်လေ့ကျင့်ခဲ့သည့်အချိန်တွင် သေမင်းပင်လယ်ထဲ၌ သဲမုန်တိုင်းများ၏ အကာအကွယ်ရစေရန် ခရီသွားများကို စတင်အကူအညီပေးခဲ့သည်။ သူ၏ လုပ်ရပ်များက ဆုကြီးပန်ခြင်းကို ပြည့်စုံစေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ပြီး ရက်ပေါင်းမည်မျှ ကုန်ဆုံးသွားလဲ ဆိုသည့်အရာကို လုံးဝဂရုမစိုက်ခဲ့ပေ။

ထိုအချိန်တွင် သူက ရည်မှန်းချက်များဆီမှ ပြောပြ၍ မရနိုင်သော စွမ်းအားများကို ရရှိနိုင်ပြီး ဆန္ဒပြည့်စုံသွားသည့်အချိန်တွင် ဗုဒ္ဓရွှေခန္ဓာကို တိုက်ရိုက်ရရှိနိုင်သည်။ အကယ်၍ သဗ္မောဂကာရကျင့်စဉ်ကသာ ကျင့်ကြံမှု မလုံလောက်လျှင် ဆုကြီးပန်ခြင်း ဟူသည်မှာလည်း အပေါ်ယံ စကားကြီး စကားကျယ် ပြောခြင်းသက်သက်သာ ဖြစ်သွားနိုင်သည်။ ထိုသို့ဆိုလျှင် သူက မည်ကဲ့သို့သော အကျိုးအမြတ်ကို ရနိုင်မည်နည်း။

ဆုကြီးပန်ခြင်း၊ သဗ္မောဂကာရကျင့်စဉ် လေ့ကျင့်ခြင်းက လမ်းကြောင်းတစ်ခုကို သက်သေပြနိုင်သည်။ သူတို့က အနှစ်သာရများကို ရရှိရန် ဖြတ်လမ်းနည်းတစ်ခုတော့ လုံးဝမဟုတ်ချေ။

မုန့်ချီအတွက် ပြောရလျှင်တော့ ယခင်အိမ်ရှေ့မင်းသားက အရေးမပါသော စကားလုံးများကိုသုံးပြီး အငွေ့အသက်တချို့ကို ပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပုံရသည်။ သူ၏ စကားလုံးထဲတွင် အလွန်ထူးခြားပြီး အဆုံးအစမဲ့သော ခံစားမှုများကို ခံစားနေရသည်။

ထိုအရာက ဗုဒ္ဓလမ်းစဉ် သိုင်းသခင်များ ဖန်တီးထားသော ဝင်္ကပါထဲမှ ထွက်ပေါ်လာသည့် တည်ငြိမ်အေးချမ်းမှုနှင့် ပေါင်းစည်းသွားခဲ့သည်။ သဲမှုန်လေးများနှင့် အနက်ရောင်အမှုန်လေးများကပင် ရွှေကြာပန်းအဖြစ် ပြောင်းလဲသွားသလို ဖြစ်နေခဲ့သည်။ ထိုကန္တာရနယ်မြေကြီးက သန့်စင်နယ်မြေတစ်ခုကဲ့သို့ ဖြစ်လာပြီး အမှားမရှိသော လမ်းကြောင်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

“ဗုဒ္ဓဘုန်းတော်ကြီး(၉)ပါးနှင့် ရတနာတွေကို သုံးပြီး ဝင်္ကပါတစ်ခု ဖန်တီးခဲ့တာလား….။ ကြည့်ရတာ ဒါတောင်မလုံလောက်သေးဘူး ထင်တယ်။ ဒါက ဘိုးဘေးပြောပြခဲ့တဲ့ သဗ္မောဂကာရ ကျင့်စဉ်နဲ့ တိတိကျကျ မမှန်နိုင်ဘူးထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ဗုဒ္ဓလမ်းစဉ် တပည့်တစ်ယောက်မှ မဟုတ်တာ…”

မုန့်ချီက သံသယဝင်နေပြီး သူ၏ပတ်ပတ်လည်ကို စစ်ဆေးနေခဲ့သည်။

ထိုအချိန်တွင် ယခင် အိမ်ရှေ့မင်းသား၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော စွမ်းအားတစ်ခုကို ခံစားမိသည့်အတွက် သူလည်း ထိတ်လန့်အံ့ဩသွားမိခဲ့၏။ ကောင်းကင်ပေါ်မှနေ၍ အိမ်ရှေ့မင်းသား၏ ခေါင်းပေါ်သို့ အနက်ရောင်နယ်မြေတစ်ခု ကျဆင်းလာသည်။ ငွေရောင်စွမ်းအားများကလည်း တည်ငြိမ်အေးချမ်းမှုကို သယ်ဆောင်ထားသလို ထင်မှတ်ရပြီး ကရုဏာ၊ သနားငဲ့ညှာမှု စွမ်းအားများကို ပေးစွမ်းနိုင်သည်။

မုန့်ချီက ထိုအရာကို အာရုံခံကြည့်လိုက်ရုံနှင့် သူ၏စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးထဲတွင် ပုံရိပ်ယောင်များ ပြည့်နှက်နေကြောင်း ခံစားမိလိုက်သည်။ သူက ရှေးဟောင်းမီးအိမ်လေးနှင့်အတူ ဗုဒ္ဓဆီကို ပြန်ရောက်သွားလျှင် ကောင်းမည်ဟုပင် ခံစားမိနေခဲ့သည်။

မုန့်ချီက သူ၏ စိတ်အခြေအနေကို အတင်းအကြပ် ထိန်းချုပ်ထားလိုက်ပြီး နောက်ထပ်စစ်ဆေးရဲခြင်း မရှိတော့ချေ။ ထိုအရာက အလွန်ကြောက်စရာ ကောင်းလွန်းလှ၏။

“ကျိုးချန်က ကမ္ဘာမြေပေါ် ပြန်ဝင်စားလာတဲ့ ဗုဒ္ဓလမ်းစဉ် ထိပ်သီးပညာရှင် တစ်ယောက်များ ဖြစ်ခဲ့တာလား။ သူက ဝင်္ကပါကို အသုံးပြုပြီး သူ့ကိုယ်သူ ယာယီမြှင့်တင်လိုက်တာလား။ သူက ဗုဒ္ဓလမ်းစဉ် အနှစ်သာရတွေကို ရရှိနိုင်ဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်နယ်မြေတစ်ခုကို ခံစားနိုင်အောင် လုပ်ခဲ့တာလား။ အဲဒီကနေ တဆင့် သူက ဗုဒ္ဓလက်ဝါးပင်မ လမ်းညွှန်ချက်ကို သူ့ဆီဆွဲခေါ်ချင်နေတာလား…”

ထိုအချိန်တွင် ကျိုးချန် လုပ်ဆောင်နေသော အရာများက ဗုဒ္ဓလက်ဝါးပင်မ လမ်းညွှန်ချက်နှင့် တစုံတခု ပတ်သက်နေမည် ဖြစ်ကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ ထိုအချိန်တွင် သူက အတော်လေးကို စိုးရိမ် ထိတ်လန့်သွားခဲ့၏။

“ကျိုးချန်က အောင်မြင်သွားမှာလား….”

သူ့ခေါင်းထဲ၌ ထိုအတွေး ပေါ်လာသည့်အချိန်တွင် တစ်ဝက်ရှင်သန်ပြီး တစ်ဝက် ညှိုးခြောက်နေသော ဗောဓိပင်က လေဟာနယ်ထဲတွင် ပေါ်လာခဲ့သည်။ ထိုအရာက အသက်စွမ်းအင်၊ သေဆုံးခြင်း စွမ်းအင်များနှင့် တောက်ပနေပြီး အလွန်တည်ငြိမ် အေးချမ်းနေခဲ့၏။

သစ်ပင်၏ ပင်စည်က ခွက်နေပြီး ထိုနေရာတွင် ဘုန်းတော်ကြီးတစ်ပါး၏ ပုံရိပ်ရှိနေသည်။ ထိုပုံရိပ်က အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားထဲတွင် လှုပ်ရှားနေပုံရပြီး ရှိသလိုလို မရှိသလိုလို ဖြစ်နေ၏။

“ညှိုးခြောက်နေတဲ့ ဗောဓိသစ်ပင်ထဲမှာ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက် ရှိနေတာလား။ သူက တကယ်ရောက်လာခဲ့တာပဲ…”

ဗုဒ္ဓဘုန်းတော်ကြီး (၉)ပါးတွင် သူတို့၏ကိုယ်ပိုင်လက်ဟန်များ ရှိကြသည်။ သူတို့၏ရှေ့တွင် လွင့်မျောနေသော အပြာဖျော့ရောင်မီးအိမ်၊ ရှေးဟောင်းကျမ်းစာနှင့် သစ်သားငါးတို့ဆီမှ အလင်းရောင် အနည်းငယ် ထွက်ပေါ်လာနေ၏။

ညှိုးခြောက်နေသော ဗောဓိသစ်ပင်က သူတို့ဆီကို ပျံသန်းလာကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူတို့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူတို့ကတော့ အကျိုးအမြတ်ကို ကျေနပ်စွာ စောင့်ဆိုင်းနေကြ၏။

“ဗုဒ္ဓရဲ့ အထွဋ်အမြတ် လမ်းညွှန်ချက်တွေက နောက်ဆုံးတော့ ငါတို့လက်ထဲကို ရောက်လာကြပြီ…”

သူတို့သာ ထိုအရာကို ရရှိနိုင်မည်ဆိုလျှင် ဓမ္မကာရပညာရှင်များ ရောက်မလာခင် ထွက်ပြေး၍ ရနိုင်သည်။ သူတို့က ဤကိစ္စတွင် ပါဝင်ပတ်သက်ရဲမှတော့ ဗုဒ္ဓလက်ဝါးပင်မ လမ်းညွှန်ချက်ကို ရယူပြီးသွားလျှင် ထွက်ပြေးရန်လည်း ပြင်ဆင်ထားခဲ့သည်။

ကျိုးချန်၏ မျက်နှာပေါ်တွင် ရှိနေသော တည်ငြိမ်အေးချမ်းမှုများက ပျောက်ကွယ်သွားခဲ့ပြီး ထိုနေရာတွင် ဝမ်းသာပျော်ရွှင်မှုများသာ အစားထိုး ဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတွင်တော့ အချိန်ကြာမြင့်စွာ ကြံစည်ခဲ့သော သူက ဗုဒ္ဓနှင့် တွေ့ဆုံရတော့မည်ဖြစ်၏။

မိန်းမစိုး ဝေ့ကောင်းကလည်း ဘုန်းတော်ကြီး(၉)ပါးကို ကြည့်လိုက်ပြီး သူတို့ကို တိုက်တွန်းရန် အဆင်သင့် ပြင်ထားသည်။ ညှိုးခြောက်နေသော ဗောဓိသစ်ပင်က သေခြင်းနှင့် ရှင်ခြင်းကြားတွင် လှုပ်ရှားနေပြီး အသိဉာဏ်နှင့် တည်ငြိမ်မှုကြားထဲတွင် ရှိနေခဲ့သည်။

ထိုသစ်ပင်က အနီးနားသို့ ပျံသန်းလာသည့်အချိန်တွင် တဖြည်းဖြည်းပို၍ ကြီးမားလာပြီး တဖြည်းဖြည်း ပို၍ရှင်းလင်းလာသည်။ ထိုအရာက သူတို့နှင့် ဝေးရာသို့ ပျံသန်းသွားကြောင်း ဓမ္မကာရပညာရှင်များ နားလည်သွားသည့်အချိန်တွင် အလွန်နောက်ကျသွားပြီဖြစ်၏။

“ရောက်လာပြီ…”

ကျိုးချန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နေပြီး သူ၏တည်ငြိမ်မှု အခြေအနေက ရုန်းကန်လာခဲ့ရသည်။ သူက ဝင်္ကပါ၏ ဗဟိုတွင် ဆက်နေပြီး သန့်စင်နယ်မြေနှင့် ဆက်သွယ်မှုကို ထိန်းသိမ်းထားရန် မလိုအပ်လျှင် လေထဲသို့ ပျံသန်းသွားပြီး ထိုသစ်ပင်ကို ယူဆောင်မိလိမ့်မည် ဖြစ်၏။

ရုတ်တရက်ဆိုသလို လေထဲ၌ အစိမ်းရောင်သိန်းငှက်ကြီး တစ်ကောင် ပေါ်လာခဲ့သည်။ သူ၏တောင်ပံများက ဆယ်ပေနီးပါးခန့် အရှည်ရှိ၏။ သူက နှုတ်သီးနှင့် ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို ကိုက်ချီသွားခဲ့သည်။

“သစ်ပင်ကို ယူသွားပြီ…”

ကျိုးချန်နှင့် တခြားသူများက အံ့ဩမှင်တက်နေကြ၏။ သူတို့အားလုံးက ဝေ့ကျင်းအဆင့် ပညာရှင်များ အနားသို့ ကပ်မလာစေရန် ကာကွယ်ထားကြသော်လည်း တခြားသတ္တဝါများကိုတော့ လျှစ်လျှူရှုမိခဲ့သည်။ သို့သော် ထိုသိန်းငှက်ကြီးက အလွန်ကြီးမားလှသည်။ သိုင်းသခင်များက ဘာကြောင့် သတိမထားမိခဲ့ရသနည်း။

“ဒီမှော်သားရဲက ဘယ်နေရာကနေ ထွက်လာခဲ့တာလဲ…”

ထိုသားရဲကတော့ သိန်းငှက်အသွင်ပြောင်းထားသော မုန့်ချီပင် ဖြစ်သည်။ ထိုအခွင့်အရေးက အလွန်ကြီးကျယ်လွန်းလှသည့်အတွက် လက်လွှတ်ခံ၍ မရနိုင်ပေ။ အလွန်ဆွဲဆောင်မှုကြီးလှသည့်အတွက် သူလည်း သူ၏စွမ်းရည်များကို ပြသလိုက်ရခြင်းဖြစ်သည်။

သိန်းငှက်ကြီးက တောင်ပံများကို ဖြန့်ပြီး လေထဲသို့မြင့်မြင့်ပျံသန်းရန် ပြင်ဆင်လိုက်၏။ ထိုအချိန်တွင် ကောင်းကင်ပေါ်၌ ထူးဆန်းသော အင်းကွက်များ ပြည့်နေသော တံခါးတစ်ချပ် ပေါ်လာခဲ့သည်။ ထိုတံခါးက အသံကင်းမဲ့စွာ ပွင့်သွားပြီး ဖရိုဖရဲအလင်းတန်းတစ်ခု ထွက်လာခဲ့သည်။

ထိုအလင်းတန်းတွင် အလွန်သိပ်သည်းသော မြူခိုးများပြည့်နှက်နေပြီး ကြောက်စရာကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာနေ၏။ ပုံရိပ်ယောင်များ ၊ တံဆိပ်များကလည်း အတွင်းထဲတွင် လွင့်မျောပြီး ပြည့်နှက်နေခဲ့သည်။ ထိုအရာက ကမ္ဘာကြီး၏ စွမ်းအားများကို သယ်ဆောင်ထားသလို ထင်မှတ်ရ၏။

ထိုအရာပေါ်လာသည့်အချိန်တွင် သူတို့၏ပတ်ပတ်လည်၌ တံဆိပ်များ လင်းလက်နေသော အလင်းရောင်များ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားခဲ့သည်။

တံခါးပွင့်သွားသည့်အချိန်တွင် အင်မော်တယ် ယွင်ဟယ် ပေါ်လာခဲ့၏။ မိုင်(၁၀၀)အတွင်း ရှိနေသော အနှစ်သာရများကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး ပြည့်စုံခြင်းတံခါးထဲက အခြေအနေမျိုး ဖြစ်သွားခဲ့သည်။

နတ်ဘုရားများနှင့် ဗုဒ္ဓများ၊ အင်မော်တယ်များနှင့် သူတော်စင်များ၊ နတ်ဆိုးများနှင့် တစ္ဆေများ၊ ရွှေကျီးကန်းများနှင့် ကျောက်စိမ်းယုန် စသည့်အရာအားလုံးက ပုံသဏ္ဍာန် ပေါ်လာခဲ့သည်။ သူတို့က ဗုဒ္ဓဘုန်းတော်ကြီး(၉)ပါးနှင့် ဝင်္ကပါထဲတွင် ရှိနေသော အိမ်ရှေ့မင်းသားတို့ကို ချုပ်နှောင်ထားခဲ့၏။

အခွင့်အရေးကိုမြင်သည့်အခါ အင်မော်တယ်ယွင်ဟယ်က ထိုအရာကို ယူဆောင်လိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ပြည့်စုံခြင်းတံခါးထဲကို ထိုးသိပ်ထည့်လိုက်၏။ ထိုအချိန်တွင် မှော်တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး သူ့အရိပ်က မုန့်ချီကို လွှမ်းခြုံသွားခဲ့သည်။

အင်မော်တယ်ယွင်ဟယ်၏ ခန္ဓာကိုယ်ထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာပြီး သူ၏အဆောင်ကို ရုတ်သိမ်းလိုက်၏။ သူက ဤနေရာမှ ထွက်ပြေးရန်အတွက် ကျင့်စဉ်တစ်ခုကို သုံးလိုက်ပုံရသည်။ သူက နောက်မှ လိုက်လာသော ဓမ္မကာရအဆင့် ပညာရှင်များကို တားဆီးရန် နည်းလမ်းမျိုးစုံကို အသုံးပြုလိုက်သည်။

အစောပိုင်းတွင် ကြုံတွေ့ခဲ့ရသော ခံစားချက်များနှင့် ယှဉ်လိုက်လျှင် မုန့်ချီက ပို၍ ယုံကြည်ချက် ရှိနေခဲ့သည်။ သူ့လက်ထဲတွင် ရှိနေသည့် ညှိုးခြောက်နေသော ဗောဓိသစ်ပင်က ထိတွေ့၍ ရနိုင်ပြီး အစစ်အမှန်လည်း ဖြစ်သည်။ ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်က အမှန်တကယ်ကို သူ ပိုင်ဆိုင်ထားသော အရာတစ်ခုဖြစ်လာပြီး သူထင်ထားသည်ထက်ပင် ရိုးရှင်းနေခဲ့သည်။

အကယ်၍ အင်မော်တယ်ယွင်ဟယ်က ဓမ္မကာရအဆင့် ပညာရှင်များကို မရှောင်နိုင်လျှင်ပင် မုန့်ချီက ပြည့်စုံခြင်းတံခါးထဲတွင် ပုန်းနေနိုင်ပြီး သံသရာအဆောင်ကို အသုံးပြု၍ ရနိုင်သည်။

သူက ကမ္ဘာကြီးထဲတွင် (၂) လခန့် လှည့်ပတ်သွားလာနိုင်ပြီး ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကို နားလည်အောင် ကြိုးစား၍ ရနိုင်သည်။ အကယ်၍ သူက ဘုန်းတော်ကြီးဓမ္မ၏ လမ်းကြောင်းကို မလျှောက်လျှင်ပင် အစစ်အမှန် ဗုဒ္ဓလက်ဝါးသိုင်းကွက်ကို တုပပြီး အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို အသုံးပြု ၍ ရနိုင်သည်။ သို့သော် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကတော့ အမှန်တကယ်ကို အန္တရာယ်ရှိလွန်းလှသည်။

တဖက်တွင်တော့ တခြားသော ဓမ္မကာရအဆင့် ပညာရှင်များက သံသရာတံဆိပ်၏ အသုံးဝင်မှုကို သေချာမသိကြပေ။ သူ့ကို မြေပြင်ပေါ်တွင် စောင့်နေနိုင်သည်မှာ အင်မော်တယ်ချုံဟယ် တစ်ယောက်တည်းသာ ဖြစ်နိုင်သည်။ မည်သည့်အရာများ ဖြစ်စေကာမူ အင်မော်တယ်ယွင်ဟယ်က သူ့ကို ထောက်ပံ့ပေးနေသည့်အတွက် သူက မည်သည့်အရာကို ကြောက်ရမည်နည်း။

အရေးကြီးဆုံးအရာကတော့ သူက တစ်ခုခုကို သတိထားမိသွားလျှင်ပင် သူ လေ့လာပြီးသွားသည်နှင့် ထိုညှိုးခြောက်နေသော ဗောဓိပင်ကို ပစ်ပေးလိုက်၍ ရနိုင်သည်။ သူက ပြဿနာပေးနိုင်သော သစ်ပင်ကို စွန့်ပစ်ပြီး ထွက်ပြေး၍ ရနိုင်သေး၏။

“ငါက တော်တော်ဉာဏ်ကောင်းတာပဲ….”

ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာသော ဝင်္ကပါကြောင့် ဗုဒ္ဓဘုန်းတော်ကြီး(၉)ပါး၊ ကျိုးချန်နှင့် ဝေ့ကောင်းတို့က အံ့ဩမှင်တက်နေကြသည်။ အဆောင်၏ ဖိနှိပ်မှုက လျှင်မြန်စွာ ပျောက်ကွယ်သွားသည်ကိုပင် ပြည့်စုံခြင်းဝင်္ကပါ၏ အလွှာများက သေချာပြင်ဆင်ထားခြင်းဖြစ်သည်။

သူတို့က အလွှာပေါင်းများစွာကြောင့် အံ့ဩမှင်တက်နေကြသော်လည်း ဝင်္ကပါကို ပြည့်ပြည့်ဝဝ ဖျက်ဆီးပစ်ရန် လိုအပ်၏။ သူတို့ကြည့်နေသည့်အချိန်တွင် ရွှေရောင်အလင်းတန်းက နေဝင်ဆည်းဆာအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးတွင် မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

“သူ့နောက်က လိုက်ကြ….”

ကျိုးဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ နှလုံးသားကို မည်မျှပင် သန့်စင်ထားစေကာမူ သူ၏ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း မရှိချေ။ သူက အတော်လေးကို ဒေါသထွက်နေခဲ့သည်။

မည်သို့ဖြစ်စေကာမူ သူ အချိန်ကြာမြင့်စွာ ပြင်ဆင်ထားခဲ့သော အရာတစ်ခုက သူ့မျက်စိအောက်မှ ရုတ်တရက် အခိုးခံလိုက်ရခြင်းဖြစ်သည်။ သူ ကင်ထားသော ဘဲက ရုတ်တရက် ပျံပြေးသွားသလို ခံစားလိုက်ရ၏။

ငါးပင်လယ်ထဲတွင် ရှိနေသော ဓမ္မကာရအဆင့် ပညာရှင်များစွာကလည်း မုန့်ချီ ပျောက်ကွယ်သွားသောနေရာကို လိုက်လာခဲ့ကြသည်။ နောက်ဆုံးတွင်တော့ တချို့က ဦးတည်ချက်တစ်ခုကို ခွဲခြားနိုင်ခဲ့ပြီး ထိုနေရာကို ချက်ချင်း ရောက်လာခဲ့၏။

အမြန်ဆုံးကတော့ ချုံဟယ်မဟုတ်ဘဲ ဓားအရူးဟယ်ချီ၊ ကမ္ဘာဦးအသူရာမုန့်နန်နှင့် ဓမ္မဘုရင်တူရှီ တို့ဖြစ်ကြသည်။ ဗုဒ္ဓအမွေအနှစ်မှ ဖန်တီးထားသော ရွှေရောင်ဗုဒ္ဓပုံရိပ်ကြီးနှင့် ဝင်္ကပါကတော့ ငါးပင်လယ်နှင့် ဘော်တာရှမ်တောင်တန်းမှ ထွက်လာ၍ မရပေ။ ထို့ကြောင့် ပျောက်ကွယ်သွားရုံသာ ရှိသည်။

ဓမ္မဘုရင်က အပြစ်ပေးဓားမောက်ကြီးနှင့် ဗုဒ္ဓအမွေအနှစ်ကို သယ်ဆောင်ပြီး မုန့်ချီ၏ နောက်မှ လိုက်လာခဲ့သည်။ ဆွေယွဲ့သီလရှင်ကျောင်းထိုင်၊ ပျော်ရွှင်ခြင်းဗောဓိတဗ္ပ္ပနှင့် တာအိုသခင် ရှိုကျင်းတို့ကတော့ နောက်ကျနေခဲ့သည်။

ဝင်္ကပါက ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင်တော့ ကံကောင်းသော ဝေ့ကျင်း အဆင့်ပညာရှင်များက တန်ဟန်နှင့် ငါးပင်လယ်၏ အစွန်တွင် ပေါ်လာခဲ့ကြသည်။ သူတို့က ဓမ္မကာရအဆင့် ပညာရှင်များနှင့် သိုင်းသခင်များ၏တိုက်ပွဲမှ ကံကောင်းထောက်မပြီး လွတ်မြောက်လာခဲ့ရခြင်း ဖြစ်သည်။

ထိုပညာရှင်များက အားနည်းပြီး မူးဝေနေသလို ခံစားနေရသော်လည်း သူတို့က တတ်နိုင်သမျှ မြန်မြန်ထွက်သွားရမည် ဖြစ်ကြောင်း သိနေကြသည်။ သူတို့က အနာဂတ်တွင် လောဘမကြီးမိစေရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေကြ၏။

သူတို့နှင့် အချိန်အနည်းငယ်ကြာ ဝေးသွားပြီးနောက် အင်မော်တယ်ယွင်ဟယ်က မုန့်ချီကို လွှတ်ပေးလိုက်ပြီး သူတို့ ချန်ထားခဲ့သော ခြေရာလက်ရာများကို ရှင်းပစ်ရန် သူ၏တာအိုနည်းလမ်းများကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။ သူက အငွေ့အသက်များကို ဖုံးကွယ်ပြီး နောက်မှ ခြေရာခံလိုက်လာသမျှကို ကာကွယ်ချင်ခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှနေ၍ အလွန်တည်ငြိမ်အေးချမ်းသော ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။ မုန့်ချီ၏ရင်ထဲတွင်လည်း တင်းကြပ်သွားခဲ့၏။ ထိုခံစားချက်က အလွန်အကျွံ ဖိနှိပ်ထားခြင်းမဟုတ်ပဲ သူ၏ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများ ရှိနေသလို ထင်မှတ်ရသည်။

အနီးအနားတွင် ရှိနေသော ကမ္ဘာကြီးကလည်း ဗုဒ္ဓသန့်စင်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနှစ်သာရအားလုံးက သူ့ကို ဆန့်ကျင်နေခဲ့သည်။ သူက ချီစွမ်းအင်ပင်လယ်ကြီးကို ခံစားမိခဲ့ခြင်း မရှိသလို သဘာဝစွမ်းအားများကိုလည်း ယူဆောင်၍ မရနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်က လေထဲတွင် ပျံသန်းနိုင်စွမ်း မရှိတော့ပဲ ကျောက်တုံးတစ်တုံးကဲ့သို့ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။

အင်မော်တယ်ယွင်ဟယ်၏ ရှေ့တွင်လည်း ကမ္ဘာဦးသန့်စင်ရေး အဆောင်တစ်ခု လွင့်မျောနေခဲ့သည်။ သူကတော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပြီး မုန့်ချီကို အောက်သို့ ပြုတ်ကျမသွားစေရန် ဖမ်းဆွဲထားလိုက်သည်။ သို့သော် သူက ခြေတလှမ်း နောက်ကျ သွားခဲ့၏။

မုန့်ချီက လေထဲတွင် ရပ်တန့်လိုက်ပြီးနောက် ပြုတ်ကျသည့်အရှိန်က ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို လေးလံသွားအောင် ပေါင်တစ်ထောင်ကျဆင်းခြင်း အစွမ်းကို သုံးပြီး ခန္ဓာကိုယ်ကို ပြုတ်ကျစေ၍ သေမင်းပင်လယ်ထဲသို့ အလွန်လျင်မြန်စွာ ပြေးသွားချင်ခဲ့သည်။

သူ့လက်ထဲတွင်တော့ သံသရာတံဆိပ်ကို ကိုင်ထားပြီး တစ်စုံတစ်ခု မှားယွင်းသွားလျှင် ထိုအရာကို သုံးရန် ပြင်ဆင်ထားသည်။ တည်ငြိမ်အေးချမ်းသော ခံစားမှုများက သူ့ကို တိုက်ခိုက်ရန် ခက်ခဲကြောင်းသာ သတိမထားမိခဲ့လျှင် သူက သံသရာတံဆိပ်ကို သုံးလိုက်သည်မှာ ကြာခဲ့ပါပြီ။ သူက အင်မော်တယ် ယွင်ဟယ်ကိုပင် စောင့်မနေသင့်ပေ။

ထိုအချိန်တွင် အဝေးမှနေ၍ အလွန်အစွမ်းထက်ပြီး ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ မုန့်ချီ၏ ခေါင်းထဲတွင်လည်း အတွေးတစ်ခု ပေါ်လာခဲ့၏။

သံသရာအရှင်သခင်က လော့ရန်တွင် တိုက်ရိုက်နှောင့်ယှက်ခဲ့ခြင်း မရှိချေ။ မုန့်ချီတို့က ရက်အနည်းငယ်စောင့်ပြီးမှသာ ပြန်သွားခဲ့ကြရသည်။ ယနေ့ ဤနေရာတွင် ဓမ္မကာရအဆင့် ပညာရှင်ပေါင်းများစွာ ရှိနေသည့်အတွက် သံသရာတံဆိပ်က အလုပ်လုပ်နိုင်မည်လော။

ထိုအတွေးကြောင့် သူ့ရင်ထဲတွင် ချွေးပြန်လာခဲ့သည်။ သူ့ခြေထောက်နှစ်ဖက်က မြေပေါ်သို့ ကျရောက်လာသည့်အချိန်တွင် သဲပြင်ပေါ်၌ အလွန်နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ဟုန်နန်ကို ကျောက်တုံးကြီးတစ်တုံး မရန် ကူညီပေးနေသော ကျန်းဟွေက အလွန်ရင်းနှီးသောလူနှင့် ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို မြင်လိုက်ရသည့်အခါ အံဩမှင်တက်သွားခဲ့သည်။ သူက ပန်းခူးလက်ညှိုးသိုင်းကို နားလည်သွားသည့် အချိန်ကကဲ့သို့ တူညီသော ခံစားမှုတစ်ခုကို ခံစားလိုက်ရ၏။

“ပင်မလမ်းညွှန်ချက်က ကောင်းကင်ပေါ်ကနေ ကျလာတဲ့အပြင် ဆရာတူအစ်ကိုလည်း ပါလာတာပဲ….”

Traslated by Hein Htet.

All Chapters