← Chapters

အခန်း (၅၆၇)

Vol. 38 Ch. 567

အခန်း (၅၆၇)

Vol. 38 Ch. 567

“ဘုန်း...”

လေထဲတွင် မုန့်ချီ၏ စွမ်းအားအများစုက ပျက်ပြယ်သွားသော်လည်း သူက အောက်သို့ ပြန်ကျစေရန် ‌ပေါင်တစ်ထောင်ကျဆင်းခြင်း အစွမ်းကို အသုံးပြုလိုက်၏။ သူက မြေပေါ်သို့ ကျသွားသည့်အချိန်တွင် တစ်ကိုယ်လုံး ယိမ်းခါသွားခဲ့သည်။

ကျဆင်းလာသည့်အရှိန်ကြောင့် သဲများ လွင့်စင်သွားခဲ့ပြီး သူ့ခြေထောက်နှစ်ဖက်နှင့် ထိသွားသောနေရာတွင် တွင်းနက်ကြီးနှစ်ခု ပေါ်လာခဲ့သည်။ သူ့ခြေထောက်များက တစ်ပိုင်းတစ်စ နစ်မြုပ်နေခဲ့၏။ သူကတော့ အထိအခိုက်မရှိဘဲ အသက်ရှင်ကျန်နေခဲ့သည်။ သို့သော် သူ၏ချီစွမ်းအင်များ သွေးများထဲတွင် လှုပ်ရှားမှု တစ်ခုကိုမျှ ခံစားမိခဲ့ခြင်း မရှိပေ။ သူ၏ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှုကတော့ အလွန်သိသာထင်ရှားလှ၏။

ထိုအချိန်တွင် သူ့မျက်လုံးထဲ၌ အလွန်သိမ်မွေ့နူးညံ့သော ဘုန်းတော်ကြီးတစ်ပါးကို မြင်လိုက်ရသည်။ ထိုဘုန်းတော်ကြီးက အဖြူရောင်ဝတ်စုံနှင့် လျှော်ဖိနပ်ကို စီးထားပြီး အသက်(၂၀) အရွယ်သာ ထင်မှတ်ရ၏။ ခေါင်းမှနေ၍ ခြေဖျားထိအောင် သူ့ပုံစံက အပြစ်ကင်းစင်သလို ထင်မှတ်ရသည်။ ထိုအရာက သူလိုချင်ခဲ့ဖူးသော ဘုန်းတော်ကြီးတစ်ပါး၏ပုံရိပ် မဟုတ်ပေလော။

“မဟုတ်ဘူး။ ဒါက ဆရာတူ ညီလေးပဲ…”

မုန့်ချီက အံ့သြမှင်တက်နေပြီး မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို ရရှိရန် လူတိုင်းနှင့် တိုက်ခိုက်နေခြင်း မဟုတ်ပေလော။ ဘာကြောင့် ဤနေရာတွင် သူ၏ ဆရာတူညီလေးကို တွေ့နေရသနည်း။

“‌တော်တော်တိုက်ဆိုင်တာပဲ။ ဆရာတူညီလေး…”

မုန့်ချီက သတိလက်လွတ် ပြောလိုက်သည်။

ရုတ်တရက် ဆိုသလို သူ့လက်ထဲတွင် ရှိနေသည့် ညှိုးခြောက်နေသော ဗောဓိသစ်ပင်နှင့် မလှမ်းမကမ်းတွင် ရှိနေသော ဟုန်နန်တို့ကို သတိထားမိခဲ့သည်။ သူကြုံတွေ့နေခဲ့သော အရာအားလုံးကလည်း သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့၏။

ထိုအချိန်တွင် အလွန်တည်ငြိမ်အေးချမ်းသော ခံစားချက်တစ်ခု ပေါ်လာပြီး အစောပိုင်းတွင် လေထဲတွင် ပျံသန်းနိုင်သော စွမ်းရည်များ အနှစ်သာရများက အိမ်ရှေ့မင်းသားဆီမှ ထွက်ပေါ်လာသော အရာများနှင့် ကွဲပြားနေခဲ့၏။

“သေစမ်း။ ဒါက ဘယ်လိုအရာမျိုးလဲ။ လန်ကီကျောင်းဆောင်က ဘယ်ပညာရှင်လဲ။ သူက အိမ်ရှေ့မင်းသားကို ထောက်ပံ့ပေးဖို့ ကြိုးစားနေတာလား…”

သူကတော့ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သုံးသပ်နေရန် အချိန်မရှိခဲ့ပေ။ သူက ဘယ်ဖက်လက်ထဲတွင် ရှိနေသော သံသရာအဆောင်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

“ဒီအခြေအနေက ဆုံးဖြတ်ဖို့အတွက် မသင့်တော်ဘူး။ သံသရာကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေ ပေါ်မသွားဖို့လည်း အာမခံချက် မရှိဘူး။ ဒီတော့ အခြေအနေရှုပ်ထွေးမှု မပြီးမချင်း သံသရာအဆောင်ကို အသုံးပြုလို့ မရနိုင်ဘူး..”

မုန့်ချီ၏ စိတ်ထဲတွင် သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။

“သေစမ်း။ ငါက ဘယ်လိုလုပ်ရတော့မှာလဲ…”

မုန့်ချီက တစ်စုံတစ်ခု ဖြစ်ပျက်လာတော့မည်ကို သံသယဝင်နေမိပြီး သူ့ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။ သူက သံသရာအရှင်သခင်ကိုသာ ကျိန်ဆဲနေမိ၏။

“တကယ်လို့ အင်မော်တယ်ယွင်ဟယ်မှာသာ တခြားအကြံ မရှိတော့ဘူးဆိုရင် ငါက ညှိုးခြောက်နေတဲ့ ဗောဓိသစ်ပင်ကို လွှတ်ပစ်လိုက်ပြီး အစ်ကို‌တော်ဟုန်နန်ရဲ့ နည်းလမ်းကို ငှားသုံးဖို့ပဲ ရှိတော့တယ်…”

မုန့်ချီက ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး တွေဝေနေခဲ့ခြင်း မရှိချေ။

“ဆရာတူအစ်ကို....”

နောက်ဆုံးတွင်တော့ ကျန်းဟွေကလည်း မှင်တက်နေရာမှ သတိပြန်ဝင်လာသည်။ သူ့မျက်လုံးထဲတွင် အံ့သြမှုများ ပြည့်နေပြီး မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ရှိနေခဲ့၏။ ထိုအခြေအနေနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေခြင်းကို သူလည်း အဖြေမရှာနိုင်ခဲ့ပေ။

“ဝတ္ထုစာအုပ်တွေထဲမှာ ရေးထားတဲ့ အဖြစ်အပျက်တွေက အမှန်တကယ် ဖြစ်လာနေတာပဲ…”

ထိုအချိန်တွင် သေမင်းပင်လယ် အပေါ်ဘက်၌ တိုက်ခတ်နေသော လေလှိုင်းများက တည်ငြိမ်သွားခဲ့ပြီး အနက်ရောင် ကျောက်တုံလေးများကလည်း ကြည်လင်တောက်ပလာခဲ့သည်။ မြေပြင်ပေါ်တွင်တော့ မြက်ခင်းများ ပေါက်ရောက်လာပြီး သစ်ပင်များ ကြီးထွားလာခဲ့၏။ စက္ကန့်ပိုင်းအတွင်း ဤနယ်မြေတစ်ခုလုံးတွင် အစိမ်းရောင် မြက်ခင်းကြီးများ လွှမ်းခြုံသွားခဲ့သည်။

မုန့်ချီက သူ့ရှေ့တွင် ကြီးထွားလာသော တောင်တန်းကြီးကို စိုက်ကြည့်နေပြီး ပေါင်းသင်နေသော လူတစ်ယောက်၏ အရိပ်ကို ဝိုးတဝါး မြင်လိုက်ရသည်။ သူ့ပုံစံက ကြံ့ခိုင်သန်စွမ်းပြီး အားကစားသမားတစ်ယောက်၏ ပုံစံမျိုး ဖြစ်သည်။ သူက အတော်လေးကို ကျန်းမာသွက်လက်၏။

ထိုနေရာတွင် တောင်ခြေထိအောင် ခင်းထားသော လမ်းလေးတစ်ခု ရှိနေပြီး တိမ်တိုက်များပေါ်သို့ ဦးတည်သွားနေသော တောင်မြင့်ကြီးတစ်ခု ရှိနေသည်။ ထိုလမ်းလေးက တောင်တန်းကြီးထဲတွင် အဆုံးသတ်သွားပြီး ထိုနေရာတွင်တော့ သက်ရှိများ၏ အနှစ်သာရများ ပြည့်နှက်နေသော ရိုးရိုးရှင်းရှင်း အစိမ်းရောင် ကျောင်းဆောင်တစ်ခု ရှိနေသည်။

ကျောင်းဆောင်၏ရှေ့တွင်တော့ ရတနာ(၈)သွယ် ကောင်းမှု ရေကန်တစ်ခု ရှိသည်။ ကျောင်းဆောင်၏ အလယ်တွင် ဗောဓိပင်တစ်ပင်လည်း ပေါက်ရောက်နေခဲ့၏။ ကျောင်းဆောင်၏ ဝင်ပေါက်က တစ်စိတ်တစ်ပိုင်း ပွင့်နေပြီး တံခါးပေါ်တွင် စကားလုံးများ ရေးထိုးထားသည်။

သူက ဆိုင်းဘုတ်ပေါ်၌ ရေးထားသော စကားလုံးများကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ထိုစကားလုံးများကို ရင်ထဲတွင် နားလည်သွား၏။

“လန်ကီကျောင်းဆောင်”

နေရာတိုင်းတွင် ရှိနေသည်ဟု လူသိများသော လန်ကီကျောင်းဆောင် ပေါ်လာခြင်းပေလော။ သမ္ဘောဂကာရကျင့်စဉ်နှင့် ဗောဓိတဗ္ပတစ်ယောက် ပေါ်ထွက်လာခဲ့သော ဒဏ္ဍာရီထဲမှ သန့်စင်နယ်မြေက ထိုအရာပေလော။

အင်မော်တယ်ယွင်ဟယ်က ကမ္ဘာဦးသန့်စင်ရေးအဆောင်ကို သိမ်းလိုက်ပြီး မုန့်ချီ၏ဘေးတွင် လွင့်မျောနေခဲ့သည်။ သူက မျက်မှောင်ကြုတ်လိုက်မိပြီး မုန့်ချီကို ပြောလိုက်၏။

“‌အရှေ့ပိုင်းက ဖန်သားကမ္ဘာကြီးလား။ အဲဒီလိုမျိုးလည်း မဟုတ်ဘူး။ ဒီအရာက အပိုင်းအစ တစ်ခုလိုမျိုးပဲ။ ပြီးတော့ သူ့ရဲ့အငွေ့အသက်တွေက ရှေးဟောင်းမှတ်တမ်းမှာ ဖော်ပြထားတာတွေနဲ့ နည်းနည်းလေး ကွဲပြားနေတယ်။ ပိုင်ရှင် ပြောင်းလဲသွားသလိုမျိုးပဲ။ အဲဒီလိုလည်း မဟုတ်ပြန်ဘူး…”

အင်မော်တယ်ယွင်ဟယ်က ဇဝေဇဝါ ဖြစ်နေပြီး ခေါင်းထဲတွင် အဖြေများ စဉ်းစားနေခဲ့သည်။

မုန့်ချီ၏ အမူအရာများကလည်း ပြောင်းလဲနေခဲ့၏။ သူ့စိတ်ထဲတွင် အတော်လေးကို တုန်လှုပ်နေခဲ့သည်။

“အရှေ့ပိုင်းက ဖန်သားသန့်စင်နယ်မြေလား။ ဒါက ဘေသဇ္ဇဂုရု ဗုဒ္ဓရဲ့ သန့်စင်နယ်မြေ မဟုတ်လား။ ဘေသဇ္ဇဂုရု ဗုဒ္ဓက အသူရာအင်ပါယာကနေ ဗုဒ္ဓလမ်းစဉ်ကို ကူးပြောင်းလာခဲ့တယ်လို့ ကြားဖူးတယ်။ သူက သုံးပြည်ထောင်က ဗုဒ္ဓတစ်ပါးလား…”

အရှေ့ပိုင်းဘိုးဘေး ၊ အသူရာအင်ပါယာ၊ အင်မော်တယ် ထိုက်ယီနှင့် ဘေသဇ္ဇဂုရု ဗုဒ္ဓဟူသော နာမည်(၃)ခုက ဒဏ္ဍာရီပညာရှင်တစ်ယောက်ဟူသော အဆင့်ထက်ပင် ကျော်လွန်နေခဲ့သည်။ သူတို့က တမူထူးခြားသော ဒဏ္ဍာရီများထက်ပင် သာလွန်နေပြီး ထင်မြင်ချက်များ၊ ကောလာဟလမျိုးစုံနှင့် ဆက်သွယ်နေခဲ့သည်။

အရေးကြီးဆုံးအရာကတော့ ဘေသဇ္ဇဂုရု ဗုဒ္ဓက ရှေးအချိန်တွင် အလွန်ထင်ရှားခဲ့သော ထိပ်သီးအင်အားကြီး ပညာရှင်တစ်ယောက် ဖြစ်ပြီး အလယ်ခေတ်ထိအောင် လှုပ်ရှားနိုင်ခဲ့၏။ အလယ်ခေတ်တွင် အထွဋ်အမြတ်ဂိုဏ်းများ ထွက်ပေါ်လာပြီးမှသာ သူက ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး သေဆုံးသွားခဲ့ပုံရသည်။

လန်ကီကျောင်းဆောင်က အရှေ့ပိုင်း ဖန်သားကမ္ဘာကြီး၏ အပိုင်းအစတစ်ခုပေလော။ သို့မဟုတ် သူတို့က မတူညီသော အမွေဆက်ခံမှု တစ်ခုခုကို ရရှိထားခြင်းပေလော။ သမ္ဘောဂကာရ ဗုဒ္ဓ၏ သစ္စာကျမ်းစာနှင့် သူ၏ကိုယ်ပိုင် သစ္စာ (၁၂)မျိုးကို စစ်ဆေးကြည့်လိုက်လျှင် အရှေ့ပိုင်းမှ ဖန်သားကမ္ဘာကြီးက သမ္ဘောဂကာရ သန့်စင်နယ်မြေ အမှန်တကယ် ဖြစ်နိုင်ချေရှိသည်။

ထိုအရာက လန်ကီကျောင်းဆောင်နှင့် ပို၍ရင်းနှီးမှု ရှိ၏။ ထိုအရာက သမ္ဘောဂကာရ အဆင့်ကို ရောက်ရှိနိုင်သော သန့်စင်နယ်မြေ ဟုတ်မဟုတ် မုန့်ချီက စိတ်မဝင်စားချေ။

“အရှေ့ပိုင်းက ဖန်သားသန့်စင်နယ်မြေက ဘယ်နေရာကို ရောက်သွားခဲ့တာလဲ..”

မုန့်ချီက သူ့ရှေ့တွင် ရှိနေသော ရှေးဟောင်းအစိမ်းရောင် ကျောင်းဆောင်ကြီးကို ကြည့်ရင်း ခေါင်းထဲတွင် အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။

ဗောဓိတဗ္ပနှင့် သမ္ဘောဂကာရ ဗုဒ္ဓတို့က အတွင်းထဲတွင် မည်သည့်အမွေအနှစ်များကို ဖုံးကွယ်ထားသနည်း။ ဆူရာတဗ္ပ ဗုဒ္ဓ၊ ကတ္တပါဘ ဗောဓိတဗ္ပနှင့် ဒဏ္ဍာရီထဲမှ ဘေသဇ္ဇဂုရု ဗုဒ္ဓ၊ ဘဏ္ဏဒြယပညာ ဗောဓိဗုဒ္ဓတို့ပေလော။

ထိုအရာက ဘေသဇ္ဇဂုရု ဗုဒ္ဓကိုယ်တိုင် ဖြစ်နိုင်ပြီး သူ၏ အမွေအနှစ်များ သိမ်းဆည်းထားသော နေရာတစ်ခုလည်း ဖြစ်နိုင်၏။ ထိုအရာကလည်း ဟုတ်တော့ မဟုတ်သေးပေ။ အကယ်၍ ဘေသဇ္ဇဂုရု ဗုဒ္ဓကသာ ဤကမ္ဘာကြီးထဲ၌ ရှိနေဦးမည်ဆိုလျှင် ကျောင်းထိုင်ကုံဝမ်က ဓမ္မကာရအဆင့်ပညာရှင်တစ်ယောက်ကို အကူအညီ တောင်းမည့်အချိန်တွင် ထိုနာမည်ကို ထုတ်ပြောလိမ့်မည် မဟုတ်ချေ။

ကျောင်းထိုင်ကုံဝမ်ဆီမှ သိလိုက်ရသော စကားလုံးများအရ လန်ကီကျောင်းဆောင်မှ ပညာရှင်ကလည်း ဆရာကြီးလုထက် ဓမ္မကာရအဆင့်ပညာရှင်များထက် တစ်ဆင့် ကျော်လွန်နေပုံရသော်လည်း ဘေသဇ္ဇဂုရု ဗုဒ္ဓကဲ့သို့ အစွမ်းမျိုးတော့ မရှိချေ။

လျှို့ဝှက်ဆန်းကြယ်သော လန်ကီကျောင်းဆောင်က စိတ်ကူးယဉ် ဒဏ္ဍာရီဆန်သော်လည်း သူတို့က ညှိုး‌ခြောက်နေသော ဗောဓိသစ်ပင်ကို ရယူရန် ချက်ချင်း လှုပ်ရှားခဲ့ခြင်း မရှိပေ။ ထို့ကြောင့် မုန့်ချီက ရှုပ်ထွေးနေခဲ့ပြီး ထိုသစ်ပင်ကို လွှင့်ပစ်ရန် အင်မော်တယ်ယွင်ဟယ်ကို တိုက်တွန်းမှု မရှိခြင်း ဖြစ်၏။ သူက ခံစားချက်များကို တည်ငြိမ်အောင် ကြိုးစားပြီး အခြေအနေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချင်နေသည်။

ထိုအချိန်တွင် ဟယ်ချီ၊ ကမ္ဘာဦးအသူရာကဲ့သို့ ဓမ္မကာရအဆင့် ပညာရှင်များက သူတို့ကို မီလာခဲ့၏။ ကုံဝမ်နှင့် ဆရာကြီးလုတို့က နောက်မှရောက်လာခဲ့သည်။ သူတို့က လေဟာနယ်ထဲတွင် စက္ကန့်ပိုင်းအတွင်း ထွက်ပေါ်လာသော ဗောဓိသစ်ပင်ကို လွဲချော်သွားခဲ့၏။ ထို့ကြောင့် သူတို့က ဤနေရာကို ‌ကွေ့ပတ်ပြီးမှ ရောက်လာရခြင်း ဖြစ်သည်။

ကုံဝမ် ရောက်လာသည့်အတွက် တာအိုသခင် ချုံဟယ်တို့ကလွဲလျှင် တခြားဓမ္မကာရအဆင့် ပညာရှင်များက ဘေးကို သတိလက်လွတ် ရှောင်ထွက်သွားကြသည်။ ယခင် ကုံဝမ်က ကြောက်စရာကောင်းသော လှည့်ဖျားသူတစ်ယောက် ဖြစ်သည်။ ထိုအရာက အစစ်ဖြစ်ကြောင်း မည်သူက သိနိုင်မည်နည်း။

ထိုအချိန်တွင် အပြာရောင်အလင်းတန်းတစ်ခုက အနားပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့ပြီး ထိုနယ်မြေကြီးတစ်ခုလုံးက လန်ကီကျောင်းဆောင် ဖြစ်နေပုံရသည်။

မုန့်ချီ၊ ကျန်းဟွေနှင့် တခြားသူများကတော့ မတူညီသောနေရာတွင် ရှိနေကြသည်။ လူတိုင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရသလို ထင်မှတ်ရသည်။

ဓမ္မကာရပညာရှင်များကတော့ အခြေခံအားဖြင့် လန်ကီကျောင်းဆောင်ကို နားလည်ထားပုံရပြီး အစကတည်းက ဗုဒ္ဓလက်ဝါးကို ရယူနိုင်သည့် ဖြစ်နိုင်ချေကိုလည်း ဖယ်ရှားထားခဲ့သည်။ ယခု လန်ကီကျောင်းဆောင် ပေါ်လာပြီဖြစ်သည့်အတွက် သူတို့က သတိထား၍ ချဉ်းကပ်လာနေကြ၏။

သူတို့က မဆင်မခြင် လှုပ်ရှားရဲခြင်း မရှိဘဲ အပြာရောင်အလင်းတန်း၏ အပြင်ဘက်တွင်ရပ်၍ သူပြောမည့် စကားကို စောင့်ကြည့်ချင်ကြသည်။

ကျန်းဟွေက ရှေးဟောင်းဗုဒ္ဓကျောင်းဆောင်တစ်ခုကဲ့သို့ ဖြစ်နေသော လန်ကီကျောင်းဆောင်ကို စိုက်ကြည့်နေရင်း လျှို့ဝှက်ဆန်းကြယ်မှုများကို တွေ့လိုက်ရသည်။ ထိုအရာက သိုင်းလောကတွင် အလျှို့ဝှက်ဆုံးဂိုဏ်းတစ်ခု ဟူသော နာမည်နှင့် အမှန်တကယ်လည်း ထိုက်တန်လှ၏။

“ကျွန်တော်က လန်ကီကျောင်း‌ဆောင်နဲ့ ပတ်သက်ပြီး ပုံပြင်ဒဏ္ဍာရီတွေပဲ ကြားခဲ့ဖူးတာ။ အခုတော့ ကျွန်တော်ကိုယ်တိုင်က ဒီဇာတ်လမ်းတွေထဲ ရောက်သွားပြီပဲ…”

ကျန်းဟွေ၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး စွမ်းအားများ ပြည့်နှက်လာသည်။ သူက မုန့်ချီကို ရင်းနှီးစွာ ပြောလိုက်သော်လည်း သူ့ကို ပြန်လှည့်ကြည့်ခဲ့ခြင်းပင် မရှိချေ။

“ဆရာတူညီလေးရဲ့ စကားလုံးတွေထဲမှာ ဘာလို့ ဓမ္မအနှစ်သာရတွေ နက်နက်ရှိုင်းရှိုင်း ပါဝင်နေရတာလဲ…”

မုန့်ချီက ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို သိမ်းထားလိုက်သည့်အချိန်တွင် မျက်လုံးအားလုံးက သူ့ကို စိုက်ကြည့်နေကြောင်း ခံစားမိခဲ့သည်။ သူတို့၏ မျက်လုံးများက အလွန်ကြောက်စရာ ကောင်းလွန်းလှသည့်အတွက် သူလည်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။

“ဓမ္မကာရအဆင့် ပညာရှင်တွေက ငါ့ကို ဝိုင်းနေတယ်။ တကယ်လို့ ငါက လန်ကီကျောင်းဆောင်က ပညာရှင်ရဲ့ အကူအညီနဲ့ ဗောဓိသစ်ပင်ကို ယူသွားနိုင်မယ် ဆိုရင်တောင် နောက်ပိုင်းမှာ လူတိုင်းရဲ့ပစ်မှတ် ဖြစ်လာနိုင်တယ်။ ဓမ္မကာရအဆင့် ပညာရှင်တွေက ငါ့နောက်ကို လိုက်လာမယ်ဆိုရင် ဘိုးဘေးလင်းပေါင်နဲ့ တခြားသူတွေကတောင် အမြဲတမ်း ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး…”

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး အခြေအနေကို သုံးသပ်နေခဲ့သည်။ သူက ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို အဝေးသို့ ပစ်မပေးသေးခင် ဗုဒ္ဓလက်ဝါးကို အတတ်နိုင်ဆုံး နားလည်အောင် ကြိုးစားသင့်သည်။

တိမ်တိုက်များထဲသို့ ထိုးဖောက်သွားသော လမ်းကြောင်းလေး၏ အဆုံးတွင်‌တော့ အလွန်တည်ငြိမ်သော ရှေးဟောင်းဗုဒ္ဓကျောင်းဆောင်တစ်ခု ရှိသည်။ ထိုကျောင်းဆောင်ထဲမှနေ၍ သာယာငြိမ့်ညောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဒကာကြီးတို့…

ငါ့မှာ ပြောစရာ ရှိတယ်။ ကျေးဇူးပြုပြီးတော့ နားထောင်ကြပါ…”

“ဒါကတော့ အကုန်လုံးကို ထိန်းချုပ်လိုက်တဲ့ လုပ်ရပ်မျိုးပဲ…”

မုန့်ချီက ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး ‌လေးလေးနက်နက် အမူအရာမျိုး ပေါ်လာခဲ့သည်။

“လန်ကီကျောင်းဆောင်က ပညာရှင်က ဘာတွေစဉ်းစားနေတာလဲ..”

“အော်မီ‌‌တော်ဖော်…

ကျေးဇူးပြုပြီး စိတ်ထဲရှိတဲ့အတိုင်းပြောပါ ဗောဓိတဗ္ပ…”

ကုံဝမ်က လက်အုပ်ချီပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“အဲဒါက ဗောဓိတဗ္ပလား။ ဒါက သာမန်ဗောဓိတဗ္ပလား။ ဒါမှမဟုတ် မဟာဗောဓိတဗ္ပလား…”

မုန့်ချီက ခန့်မှန်းကြည့်နေခဲ့သည်။

ဆူရာပရဗုဒ္ဓနှင့် သဒ္ဒါပရ ဗောဓိတဗ္ပတို့က ဘေသဇ္ဇဂုရု ဗုဒ္ဓ၏ လက်ယာရံ ၊ လက်ဝဲရံများ ဖြစ်ကြပြီး မဟာဗောဓိတဗ္ပအဆင့် ရှိကြသည်။ သူတို့က ကွမ်ရင်ဗောဓိတဗ္ပ၊ ဝမ်ရှုဗောဓိတဗ္ပ၊ ကစ္စတီ ဗောဓိတဗ္ပ၊ တခြားထိပ်သီးအင်အားစုများနှင့် အဆင့်တူ ဖြစ်ကြသည်။

တခြားသော ဓမ္မကာရအဆင့် ပညာရှင်များက ကန့်ကွက်နေခြင်း မရှိကြပေ။

လန်ကီကျောင်းဆောင်မှ အသံက ဆက်ပြောလိုက်၏။

“ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်က ငါးပင်လယ်နှင့် တန်ဟန်ကို ပြောင်းလဲမှုကြီးတွေ ယူ‌ဆောင်လာခဲ့တယ်။ ငါတို့တွေက လူသားတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်စရာ မလိုပေမဲ့ လူသတ်တဲ့အတွက် အပြစ်ကြီးတွေ ကျူးလွန်ခဲ့ကြတယ်။ ငါက သမ္ဘောဂကာရကျင့်စဉ်ကို လေ့ကျင့်ထားသလို ဆုကြီးပန်ထားတာကိုလည်း မလိုက်နာလို့ မရဘူး။ ဒီတော့ လူတစ်ယောက်ရဲ့ ရတနာကို လုယူတဲ့အလုပ်မျိုး လုပ်လို့မရဘူး။ ဒါပေမဲ့ ညှိုးခြောက်နေတဲ့ ဗောဓိသစ်ပင်က ဒီနေရာကို ရောက်လာမှတော့ ငါတို့မှာ ရေစက်ရှိတယ်လို့ ဆိုလိုသွားပြီ။ ငါက ဒီကိစ္စထဲကို ဝင်ပါပြီး ရန်လိုနေတဲ့ အခြေအနေကို ဖျောင်းဖျဖို့ လိုအပ်တယ်လို့ ခံစားနေရတယ်။ မဟုတ်ရင် တိုက်ပွဲတွေ ဖြစ်နိုင်ပြီး လူပေါင်းများစွာက ဆိုးဆိုးဝါးဝါး သေကြေပျက်စီးသွားနိုင်တယ်”

“သူက ငါ ဆိုတဲ့ နာမ်စားကိုပဲ သုံးနေသေးတာပဲ။ ဒါဆိုရင် သူက ဗောဓိတဗ္ပဖြစ်ဖို့ ဆုပန်ထားတာလား…”

ဓမ္မဘုရင် တူရှီ၏ လှုပ်ရှားမှုများကို လေဟာနယ်ထဲတွင် မမြင်ရပေ။

လန်ကီကျောင်းဆောင်မှ ပညာရှင်ကတော့ ထိုကဲ့သို့ တုံ့ပြန်မှုကို ဒေါသထွက်ခြင်း မရှိဘဲ တည်ငြိမ်အေးချမ်းသော အသံနှင့် ပြောလိုက်သည်။

“ဒကာလေးစု ….

မင်းက ညှိုးခြောက်နေတဲ့ ဗောဓိသစ်ပင်ကိုယူပြီး ဒီကနေ လုံလုံခြုံခြုံ ထွက်သွားနိုင်မယ် ဆိုရင်တောင် နောက်ပိုင်းအကျိုးဆက်တွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ လောဘက မင်းရဲ့စိတ်ဝိညာဉ်ကို ဖုံးလွှမ်းမသွားပါစေနဲ့…”

“ဒါကိုတော့ ကျွန်တော် နားလည်ပါတယ်။ ဒီတော့ ဗောဓိတဗ္ပက ဘယ်လိုမျိုး လုပ်စေချင်လို့လဲ…”

ထိုအရာက မုန့်ချီ အစိုးရိမ်ဆုံး အရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သူက ဆန့်ကျင်နေရန်လည်း အသုံးမဝင်လှပေ။

“ဒီတော့ ဒကာလေးက ညှိုးခြောက်နေတဲ့ ဗောဓိသစ်ပင်ကို လန်ကီကျောင်းဆောင်ထဲမှာ သိမ်းထားခွင့်ပေးမလား။ တကယ်လို့ ဒီနေရာမှာရှိတဲ့ ဒကာကြီးတွေက အဲဒီအရာကို နားလည်ချင်တယ်ဆိုရင် ကျောင်းဆောင်ထဲကို ဝင်လာလို့ ရပါတယ်…”

လန်ကီကျောင်းဆောင်မှ ပညာရှင်က ပြောလိုက်သည်။

“ဗောဓိတဗ္ပက ကတိမတည်သလို ဖြစ်မှာကို မကြောက်ဘူးလား…”

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာခဲ့၏။ ထိုအချိန်တွင် မည်သူကမျှ အံ့သြနေကြခြင်း မရှိကြပေ။ ကမ္ဘာဦးအသူရာဘုရင် မုန့်နန်ကပင် ကန့်ကွက်နေခြင်း မရှိပေ။ လန်ကီကျောင်းဆောင်မှ ပညာရှင်က ဗောဓိတဗ္ပတစ်ပါး ဖြစ်သည့်အတွက် သူတို့ကို လိမ်ညာပြောဆိုနေမည်မဟုတ်ဟု တွေးနေကြသည်။

“ဒကာလေးစု … ဘယ်လိုသဘောရလဲ…”

လန်ကီကျောင်းဆောင်မှ ပညာရှင်က မုန့်ချီကို မေးလိုက်သည်။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး အခြေအနေကို ပြန်လည်သုံးသပ်နေခဲ့၏။

ထိုအချိန်တွင် ဓမ္မဘုရင်တူရှီက နောက်တစ်ကြိမ် မေးလိုက်ပြန်သည်။

“ဒါဆိုရင် ထိန်းသိမ်းထားတာက စိတ်ဝိညာဉ်အမွေဆက်ခံဖို့လား။ ဒါမှမဟုတ် စိတ်ဝိညာဉ်လွှဲပြောင်းမှုကို နားလည်ဖို့ပဲလား…”

“ဒါက စိတ်ဝိညာဉ်လွှဲပြောင်းမှုကို နားလည်နိုင်ဖို့ပဲပေါ့။ ညှိုးခြောက်နေတဲ့ ဗောဓိသစ်ပင်ရဲ့အခြေအနေကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် တကယ်လို့ ဒကာကြီးတို့ကသာ အမွေဆက်ခံမှုကို တိုက်ရိုက်ရယူဖို့ ကြိုးစားလိုက်မယ်ဆိုရင် (၃)ကြိမ်ထက် ပိုပြီးတော့ မရနိုင်ဘူး။ ဒီတော့ ဒကာကြီးတို့တွေ အားလုံးထဲမှာ အဲဒီအကြိမ်အရေအတွက်ကို အညီအမျှ ခွဲဝေဖို့ ‌တော်တော်လေး ခက်လိမ့်မယ်။ တကယ်လို့ ဒကာကြီးတို့က စိတ်ဝိညာဉ်လွှဲပြောင်းမှုကို နားလည်ဖို့ကြိုးစားရင်တော့ အမွေဆက်ခံမှုကို နားလည်တာနဲ့ယှဉ်ရင် ဘယ်လောက်ကွဲပြားမှာလဲ…” လန်ကီကျောင်းဆောင်မှ ပညာရှင်က အသေးစိတ် ရှင်းပြလိုက်သည်။

မုန့်ချီကတော့ စိတ်ဝိညာဉ်လွှဲပြောင်းမှုဟူသော စကားလုံးကို အသုံးချမှု လွဲမှားနေခဲ့၏။ သို့သော် သူတို့၏ ကြားထဲတွင် ကွဲပြားမှုများ ရှိနေသည်။ သူက အနတ္တကျိန်စာဖျက် ဓားပညာ၊ ဗုဒ္ဓလက်ဝါး ပထမသိုင်းကွက်နှင့် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်တို့ကို ရရှိခဲ့သည့်အချိန်တွင် စိတ်ဝိညာဉ် လွှဲပြောင်းမှုမှတစ်ဆင့် အမွေဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ထိုအခြေအနေမျိုးတွင် စိတ်ဝိညာဉ်လွှဲပြောင်းမှုက သူ့စိတ်ထဲကို တိုက်ရိုက် ရောက်ရှိလာပြီး သူ ဆန္ဒရှိသည့်အချိန်တိုင်း ထိုအရာကို လွတ်လပ်စွာ လေ့လာ၍ ရသည်။

တစ်ချိန်တည်းတွင် ကျန်းကျိဝေ၊ ကျန်းယွင်ရှန်နှင့် ကျန်းဟွေတို့ကတော့ ဂိုဏ်းမှ အဆင့်ဆင့် လက်ဆင့်ကမ်းလာသော စိတ်ဝိညာဉ်လွှဲပြောင်းမှုကိုသာ နားလည်ခဲ့ရခြင်း ဖြစ်သည်။ ထိုအရာက သူတို့ကိုယ်တိုင် နားလည်နိုင်သည့်အပေါ်သာ မူတည်နေပြီး သူတို့စိတ်ရှိတိုင်း လွတ်လပ်စွာ လေ့လာခွင့် မရှိခဲ့ပေ။ ထိုအရာက စာအုပ်တစ်အုပ် လက်ထဲတွင် ရှိနေခြင်းနှင့် တူညီနေသည်။

မုန့်ချီ၏ အတွေ့အကြုံများကတော့ သူ့ခေါင်းထဲတွင် စာအုပ်ထဲရှိ စကားလုံးများ အားလုံးကို မှတ်သားထားပြီး ထိုအရာကို လွတ်လပ်စွာ ဖတ်ရှုကိုးကားနိုင်သလို ဖြစ်သည်။ ကျန်းကျိဝေနှင့် တခြားသူများကတော့ သာမန်လူများကဲ့သို့ စာအုပ်ကို ဖတ်ကြည့်နိုင်ရန် အခွင့်အရေး ရှိသလိုမျိုးသာ ဖြစ်သည်။ စာအုပ်ထဲမှ သူတို့ မှတ်သားနိုင်သော အချက်အလက်များကတော့ သူတို့ အပေါ်၌သာ မူတည်နေသည်။

စိတ်ဝိညာဉ်လွှဲပြောင်းမှုကို အမွေဆက်ခံနိုင်သော ပစ္စည်း၏ ကန့်သတ်ချက်ကြောင့် သူတို့က ထိုအရာကို တိုက်ရိုက်ရရှိနိုင်ရန် လူဦးရေ ကန့်သတ်ချက် ရှိသည်။ အကယ်၍ လူတိုင်းက ထိုအတိုင်းသာ လုပ်လိုက်မည်ဆိုလျှင် ပစ္စည်းက ပျက်စီးသွားနိုင်၏။

ထို့ကြောင့်လည်း ဂိုဏ်းများက လေ့လာသည့် နည်းလမ်းကိုသာ ကမ်းလှမ်းကြသည်။ အကယ်၍ အားထုတ်မှုကြောင့် ထိုပစ္စည်းက ဆက်လက်ရှိနေဦးမည်ဆိုလျှင် အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သေးသည်။

သံသရာအရှင်သခင်ကလည်း ထိုကဲ့သို့ နားလည်မှုများကိုသာ လဲလှယ်ပေးသည်။ အကယ်၍ သံသရာ ခရီးသွားများက နားလည်နိုင်ခြင်း မရှိလျှင် သူတို့၏ ကံကြမ္မာအမှတ်များကို ပြန်လည်ရရှိလိမ့်မည် မဟုတ်ချေ။

ရှင်းပြမှုကို နားထောင်ပြီးနောက် မုန့်ချီက ဆုံးဖြတ်ချက် ချလိုက်သည်။ လက်ရှိအခြေအနေကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ရွေးချယ်စရာမရှိဘဲ လန်ကီကျောင်းဆောင်မှ ပညာရှင်၏ အကြံပေးချက်ကိုသာ လိုက်နာရမည် ဖြစ်သည်။ ကျောင်းဆောင်၏ နေရာတိုင်းတွင် ရှိနေသော စွမ်းရည်အရ ထိုသစ်ပင်က ကျောင်းဆောင်ထဲတွင် ရှိနေမည်ဆိုလျှင် သူက ချက်ချင်း နားလည်၍ ရနိုင်သည်။

“ကောင်းပြီလေ။ အဆိုးဆုံးတော့ ငါက ကံကြမ္မာအမှတ်တွေနဲ့ လဲလို့ မရရုံဘဲ ရှိတယ်..”

“ဗောဓိတဗ္ပ…

ကျွန်တော်က ကန့်ကွက်ဖို့ မရှိပါဘူး…”

မုန့်ချီက ရုတ်တရက် ပြောလိုက်သည်။

လန်ကီကျောင်းဆောင်မှ ပညာရှင်က အပြုံးနှင့် ပြောလိုက်သည်။

“ကြားရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဒီတော့ ဒကာလေးစုက အရင်ဆုံး နားလည်ဖို့ ကြိုးစားကြည့်မလား…”

ကုံဝမ်၊ ချုံဟယ်၊ ကွေချင်းဟယ်၊ ဟယ်ချီနှင့် ဆွေယွဲ့သီလရှင်ကျောင်းထိုင်၊ တာအိုသခင် ရှိုကျင်း၊ ကျင်းကန်းကျောင်းဆောင်မှ သိုင်းသခင်များ၊ နှင်းတောင်ဓားဂိုဏ်းမှ ပညာရှင်များနှင့် အင်မော်တယ် ယွင်ဟယ်တို့ အားလုံးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ယခင်အိမ်ရှေ့မင်းသား ကျိုးချန်နှင့် ဘုန်းတော်ကြီး (၉) ပါးတို့ကတော့ အင်မော်တယ်ယွင်ဟယ်၏ ဝင်္ကပါထဲတွင် ပိတ်မိနေခဲ့သည်။ သူတို့က လက်ရှိအချိန်အထိ လူတိုင်းကို မမီသေးပေ။

ထိုအချိန်တွင် ဓမ္မဘုရင် တူရှီက စစ်ဆေးကြည့်သည့်အနေဖြင့် ပြောလိုက်သည်။

“ဒါဆို ငါတို့ကရော လေ့လာခွင့် ရှိမှာလား…”

“တကယ်လို့ ဒကာကြီးတို့ကသာ လက်နက်ချမယ်ဆိုရင် လွတ်လပ်စွာ လေ့လာနိုင်ပါတယ်…”

လန်ကီကျောင်းဆောင်မှ ပညာရှင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဓမ္မဘုရင်တူရှီက ပြန်လှည့်သွားပြီး လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ ဗုဒ္ဓလမ်းစဉ်အများစုက အမှန်တရားလမ်းစဉ် ပညာရှင်များ ဖြစ်ကြသည်။ ထို့ပြင် လန်ကီကျောင်းဆောင်က ဤကိစ္စတွင် ဝင်ရောက်ပတ်သက်နေခဲ့၏။ အကယ်၍ ဓမ္မဘုရင်တူရှီနှင့် အခြားပညာရှင်များသာ ထွက်မသွားခဲ့လျှင် နောက်ပိုင်း ထွက်သွားနိုင်တော့မည် မဟုတ်ပေ။

ကမ္ဘာဦးအသူရာ မုန့်နန်က ကျင်းကန်းကျောင်းဆောင်နှင့် နှင်းတောင်ဓားဂိုဏ်းမှ ပညာရှင်များကို အေးစက်စွာ စိုက်ကြည့်ပြီး နောက်မှ လိုက်သွားခဲ့၏။ သူနှင့်အတူ မကောင်းဆိုးဝါးများ၊ ပျော်ရွှင်ခြင်း ဗောဓိတဗ္ပနှင့် တခြားပညာရှင်များကို ခေါ်ဆောင်သွားလေသည်။

Translated by Hein Htet.

All Chapters