← Chapters

အခန်း (၅၆၈)

Vol. 38 Ch. 568

အခန်း (၅၆၈)

Vol. 38 Ch. 568

ထိုနယ်မြေတစ်ခုလုံးတွင် အပြာရောင်အလင်းတန်းများ ပြည့်နှက်နေပြီး အစိမ်းရောင် တောင်ကုန်းကြီးပေါ်တွင်လည်း အစွမ်းထက်သော ဝိညာဉ်သစ်ပင်များ ပေါက်ရောက်နေ၏။ ကျန်းမာသော လုပ်သားများက ထိုအရာများကို ခူးယူနေကြသည်။

အလွန်တည်ငြိမ်အေးချမ်းသော ရှေးဟောင်းကျောင်းဆောင်ကြီးက သစ်တောထဲတွင် နက်ရှိုင်းစွာ ရှိနေပြီး သဲမှုန်၊ ကျောက်မှုန်လေးများ၏ အလယ်တွင် ရပ်တည်နေသည်။ လန်ကီကျောင်းဆောင်က သေမင်းပင်လယ်ထဲတွင် မူလကတည်းက ရှိနေသော အိုအေစစ်တစ်ခုအလား ထိုအရာနှင့် လိုက်လျောညီထွေ ပေါင်းစပ်နေခဲ့၏။

ထိုအချိန်တွင် ကျောင်းဆောင်ထဲမှနေ၍ တည်ငြိမ်အေးချမ်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒကာလေးစု …

အခုဒကာလေးက စိတ်ကြိုက်လေ့လာလို့ရပြီ…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သိပ်မကြာခင် သူ့ခေါင်းထဲ၌ သံသယတစ်ခု ဝင်လာခဲ့သည်။

"ဗောဓိတဗ္ပ …

နောက်ပိုင်း ကျွန်တော်က ဒါကို နောက်တစ်ကြိမ် နားလည်ဖို့ကြိုးစားချင်တယ်ဆိုရင် လန်ကီကျောင်းဆောင်ကို ဘယ်လိုရှာဖွေရမှာလဲ။ ကျွန်တော်က ဆွေယွဲ့သီလရှင်ကျောင်း ဒါမှမဟုတ် ရှောင်လင်ကျောင်းတော်တွေကနေတဆင့်ပဲ ရှာဖွေရမှာလား…"

လန်ကီကျောင်းဆောင်မှ ပညာရှင်က အပြုံးနှင့် ပြောလိုက်၏။

"ငါက မင်းကို မှတ်မိပါတယ် ဒကာလေးစု။ တကယ်လို့ မင်းကသာ နမောကဒြာမုနိ ဗြဟ္မာရာဂျ ဗောဓိတဗ္ပ လို့ ရင်ထဲမှာ (၃) ကြိမ်တိတိ ရွတ်ဆိုလိုက်မယ်ဆိုရင် မင်းက ဒီကမ္ဘာကြီးထဲမှာ ရှိနေသေးသရွေ့ လန်ကီကျောင်းဆောင်ကို မြင်နိုင်လိမ့်မယ်။ တခြားဒကာကြီးတွေအားလုံးလည်း အတူတူပဲ…"

"နမောကဒြာမုနီ ဗြဟ္မာရာဂျ ဗောဓိတဗ္ပလား။ ငါလုံးဝမကြားဖူးဘူး။ ကြည့်ရတာတော့ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းက ဖြစ်ခဲ့တဲ့ ဗောဓိတဗ္ပ ဖြစ်မယ်ထင်တယ်…"

ထိုနာမည်က သူတို့၏စိတ်ဝင်စားမှုကို ပထမဆုံး ဆွဲဆောင်နိုင်သော အရာတစ်ခုဖြစ်ပြီး တခြားသော စကားလုံးများကလည်း သူ့ကို တူညီစွာ အံ့ဩမှင်တက်စေခဲ့သည်။

"ဒါက လန်ကီကျောင်းဆောင်ထဲမှာ ထွက်ပြေးပြီး ပုန်းနေဖို့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်တယ်…"

လန်ကီကျောင်းဆောင်၏စွမ်းရည်အရ နေရာတိုင်း သွားလာနိုင်သည့်အတွက် သူက ဗောဓိတဗ္ပ၏နာမည်ကို လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုလိုက်ရုံနှင့် တံခါးဝကို ဝင်ရောက်လာနိုင်သည်။

သူက ကျောင်းဆောင်ထဲသို့ ဝင်ရောက်ပြီး ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို လေ့လာနိုင်၏။ ထိုအရာက သူ့အတွက်တော့ အလွန်ထူးခြားသော ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်သည်။ သူက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်အချိန်တွင် လှိုက်လှိုက်လှဲလှဲ ရွတ်ဆိုနိုင်ခြင်း မရှိလျှင် တိုက်ခိုက်နေသူများကို ဖယ်ရှားနိုင်ခြင်း မရှိလျှင် လန်ကီကျောင်းဆောင်ထဲ၌ ဝင်ရောက်ပုံအောင်းနေရန် ဖြစ်နိုင်သည်။

ထိုအရာက သူ့အတွက်တော့ အသက်ကယ်ဂါထာတစ်ပုဒ် ဖြစ်သည်။ ထိုအရာက သံသရာအဆောင်ကဲ့သို့ တူညီသော အကျိုးအမြတ်တစ်ခု ပေးနိုင်၏။ ပြဿနာတစ်ခု ရှိသည်မှာ ထိုဂါထာကို အသုံးဝင်မှုက ဤကမ္ဘာကြီးထဲတွင်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် မုန့်ချီက အတော်လေးကို ဝမ်းသာသွားခဲ့၏။ အကယ်၍ အသက်ကယ် ဂါထာတစ်ပုဒ် ရမည်ဆိုလျှင် ဝမ်းမသာသောသူ ရှိဦးမည်လော။ အစောပိုင်းတွင်တော့ သူက ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကို လုယူခဲ့ပြီးနောက် သံသရာအဆောင်ကို ချက်ချင်း မသုံးမိခဲ့သည့်အတွက် အမှားလုပ်မိသလို ခံစားနေခဲ့ရသည်။

အကယ်၍ သူသာ ထိုအရာကို လုပ်လိုက်မိမည်ဆိုလျှင် အနည်းဆုံးတော့ စိတ်ဝိညာဉ် လွှဲပြောင်းမှုတစ်ကြိမ် ရရှိနိုင်၏။ ထိုရွေးချယ်မှုတွင် လျှို့ဝှက်ထားသော အန္တရာယ်များလည်း ရှိနေသည်။

ဥပမာအနေနှင့် ပြောရလျှင် ယခင် အိမ်ရှေ့မင်းသား ကျိုးချန်နှင့် ဒဏ္ဍာရီများက ပတ်သက်မှုတချို့ ရှိကောင်းရှိနေနိုင်သည်။ အကယ်၍ သူတို့ကသာ တစ်ဖက်လူဆီမှ သံသရာအဆောင်၏ လျှို့ဝှက်ချက်ကို တွေ့သွားမည်ဆိုလျှင် မုန့်ချီက အန္တရာယ်ကျသွားနိုင်သည်။ သူ မည်သည့်နေရာတွင် ရှိနေမှန်း မသိနိုင်သည့်အတွက် ချုံဟယ်နှင့် အင်မော်တယ် ယွင်ဟယ်တို့ကလည်း သူ့ကို ကယ်တင်ရန် မဖြစ်နိုင်ကြပေ။ သူတို့ကတော့ သူ့အလောင်းကို ရှာဖွေရုံသာ တတ်နိုင်ကြပါလိမ့်မည်။

အစောပိုင်းတွင် ထိုအချက်များအားလုံးကို ထည့်သွင်းစဉ်းစားခဲ့သည့်အတွက် သူက သံသရာတံဆိပ်ကို အသုံးပြုရန် တွေဝေနေခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်တော့ ယွင်ဟယ်၏ ထွက်ပြေးမှုက အောင်မြင်သည်ဟု သက်သေပြနိုင်ပြီး သူက နောက်မှ လိုက်လာသူများကို ဖယ်ရှားနိုင်သလို ထင်ရသည်။ ထို့ကြောင့်လည်း သူက ထိုအရာကို မသုံးခဲ့ခြင်း ဖြစ်သည်။

အရေးကြီးဆုံး အရာကတော့ ကဒြာမုနီ ဗောဓိတဗ္ပက ဝင်ရောက်နှောင့်ယှက်လိုက်ခြင်း ဖြစ်သည်။ သူက ယွင်ဟယ် ထွက်ပြေးသည့်လမ်းကြောင်းကို တားဆီးလိုက်ပြီး သူတို့ကို ကျောင်းဆောင်ထဲသို့ တိုက်ရိုက် ပို့ဆောင်လိုက်ခြင်းကြောင့် ဖြစ်၏။ အကယ်၍ တစ်ဖက်လူကသာ မှန်နေမည်ဆိုလျှင် စလာကတည်းက သံသရာတံဆိပ်ကို အသုံးပြု၍ မရနိုင်တော့ပေ။

သူက စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရရှိရန် အခွင့်အရေး ဆုံးရှုံးခဲ့ရသော်လည်း သူ အလိုရှိတိုင်း နားလည်ခွင့် ရနိုင်သည့်အချက်ကတော့ ဆိုးရွားနေခြင်း မရှိချေ။ ထို့ပြင် အသက်ကယ်ဂါထာက သူ၏ဆုံးရှုံးမှုအတွက် လုံလောက်၏။

သူက တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ကျန်းဟွေ၊ ဟုန်နန်နှင့် တခြားဓမ္မကာရအဆင့် ပညာရှင်များ၏ရှေ့တွင် တင်ပျဉ်ခွေထိုင်ချလိုက်၏။ သူက မျက်လုံးမှိတ်ရာ သူ၏စိတ်ဝိညာဉ်က ညှိုးခြောက်နေသည့် ဗောဓိသစ်ပင်ဆီကို ရောက်ရှိလာခဲ့သည်။ သူက သစ်ပင်နှင့် ဆက်သွယ်မှုကို နက်ရှိုင်းအောင် ကြိုးစားခဲ့ခြင်း မရှိဘဲ ထိုအရာကို ဖြည်းညင်းစွာ လှုံ့ဆော်လိုက်ရုံသာ ရှိသည်။ ထိုအရာက အပိုင်ရရှိခြင်းထက် စစ်ဆေးသော အခြေအနေမျိုးသာ ဖြစ်သည်။

မုန့်ချီက ဗောဓိတဗ္ပတစ်ပါး၏ သန့်စင်နယ်မြေထဲတွင် သူ၏သဘောထား ကျဉ်းမြောင်းမှုကို ပြသရဲခြင်း မရှိချေ။ အကယ်၍ ဗောဓိတဗ္ပက သူ့ကို မသတ်လျှင်ပင် လန်ကီကျောင်းဆောင်ထဲတွင် (၁၀) နှစ်ခန့် ဗုဒ္ဓကျမ်းစာများ နားဆင်ရသည့်အပြစ်မျိုး ခံစားရနိုင်သည်။

ညှိုးခြောက်နေသော ဗောဓိသစ်ပင်က သိမ်မွေ့စွာ လှုပ်ရှားသွားခဲ့ပြီး ဘုန်းတော်ကြီးများက သစ်ကိုင်းအောက်တွင် လေနှင့်မိုးကို အကာအကွယ်ယူရန် ကြိုးစားနေသလို ထင်မှတ်ရသည်။

သစ်ပင်၏ တခြားတစ်ဖက်က စိမ်းလန်းစိုပြေပြီး အသက်စွမ်းရည်များ ပြည့်နှက်နေသည်။ တခြားတစ်ဖက်က ညှိုးခြောက်ပြီး အဝါရောင်ဖြစ်၍ အတွင်းထဲကို ကျုံ့ဝင်နေခဲ့၏။

မုန့်ချီက သစ်ပင်အောက်တွင် ရှိနေသော ဘုန်းတော်ကြီးတစ်ပါးအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရပြီး ခံစားချက်များအားလုံးက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူ မသိလိုက်ခင် သူက အဖွဲ့တစ်ခု စကားပြောနေသည်ကို နားထောင်နေရ၏။

သစ်ပင်အောက်တွင် ရှိနေသော ဘုန်းတော်ကြီးက မျက်နှာပြားပြားနှင့် ခေါင်းပေါ်တွင် ထုံးထားသော ဆံပင်ရှိနေသည့် ဗုဒ္ဓ ပုံစံ ဖြစ်သည်။ သူ၏မျက်နှာ အမူအရာက ဒေါသ၊ တည်ငြိမ်ရင့်ကျက်မှုနှင့် အေးချမ်းမှုတို့ ကြားထဲတွင် ရှိနေခဲ့သည်။ မကြာခဏဆိုသလို သူ၏ခန္ဓာကိုယ်က (၆) ပေခန့်ရှိသော ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနေပြီး လေထဲတွင် ထိုင်နေခဲ့၏။ ထိုပုံရိပ်က အကြိမ်ပေါင်းများစွာ ပြောင်းလဲနေခဲ့သည်။

"ဒါတွေအားလုံးက ပုံရိပ်ယောင်နဲ့ မစစ်မှန်ခြင်းရဲ့ပုံစံပဲ။ မင်း မြင်နေရတဲ့ အရာတွေအားလုံးက ပုံရိပ်ယောင်တွေ မစစ်မှန်တဲ့အရာတွေပဲ။ အဲဒါတွေကို ကျော်လွန်မှပဲ မင်းက အစစ်အမှန်ဗုဒ္ဓသဘာဝကို နားလည်လာလိမ့်မယ်…"

သူ့အသံက ကျယ်လောင်မှု မရှိသော်လည်း မုန့်ချီ၏ နားထဲတွင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။ မုန့်ချီက ထိုဘုန်းတော်ကြီး၏စကားကို နားလည်နိုင်သလို ခံစားနေရသော်လည်း တစ်ချိန်တည်းတွင် နားမလည်သေးသလို ခံစားနေရသည်။ ထိုစကားများကို နားထောင်နေရင်း သူက တစ်ယောက်တည်း တွေးနေမိခဲ့၏။

ထို့နောက် လေထဲမှနေ၍ ရွှေရောင်ပန်းပွင့်လေးတစ်ခု ညင်သာစွာ လွင့်မျောလာပြီး မြေပြင်ပေါ်တွင် စမ်းရေများ စီးဆင်းလာသည်။ ကြာပန်းပွင့်များစွာလည်း ပွင့်လန်းလာခဲ့၏။

ထိုဘုန်းတော်ကြီး၏ နောက်ဘက်တွင် ရွှေရောင်ဗုဒ္ဓ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ရောင်ဝါများ ထွန်းလင်းလာနေသော ခန္ဓာကိုယ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက ဗုဒ္ဓကို အရိုအသေပေးခြင်း ဖြစ်၏။ ဗုဒ္ဓ၊ ကွမ်ရင်ဗောဓိတဗ္ပနှင့် မဟာဗောဓိတဗ္ပများလည်း ရှိနေကြ၏။ သူတို့၏နှုတ်ဖျားမှနေ၍ တီးတိုးရွတ်ဆိုနေကြသည်။

"ငါ ကြားနေရတဲ့အရာတွေ အတိုင်းပဲ…"

ညှိုးခြောက်နေသော ဗောဓိသစ်ပင်က အလွန်တောက်ပသောကမ္ဘာကြီးအဖြစ် အသွင်ပြောင်းလာပြီး ကြီးကျယ်ခမ်းနားသော ဒုက္ခပင်လယ်ကြီးတစ်ခု ပေါ်လာခဲ့သည်။

သစ်ပင်အောက်တွင် ရှိနေသော ဘုန်းတော်ကြီး၏ ခေါင်းနောက်တွင်လည်း အလွန်တောက်ပသော အလင်းရောင်များ ဖြာထွက်လာပြီး အလွန်နောက်ရှိုင်းသော ပင်လယ်ထဲတွင်ပင် လင်းထိန်သွားခဲ့၏။ အဝေးမှရောက်လာသော အလင်းတန်းများကလည်း လှုပ်ရှားသွားခဲ့သည်။

ထိုဘုန်းတော်ကြီးက မဆုံးနိုင်သော ကျမ်းစာများကို ရွတ်ဆိုနေခဲ့သည်။ ညင်သာစွာ လွင့်မျောနေသော ပန်းပွင့်များက အလွန်ကြီးမားသော ကျမ်းစာများ၊ သက္ကတဘာသာစကားအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏သဘာဝက ပွင့်လင်းပြီး အလွန်များပြားလွန်းလှသည့်အတွက် ဗုဒ္ဓတံဆိပ်တစ်ခုကို ပြသလိုက်သလို ထင်ရသည်။

ထိုရွှေရောင်ကျမ်းစာများက အဆုံးမရှိသော သံကြိုးများကဲ့သို့ မုန့်ချီ၏ ပတ်ပတ်လည်တွင် လှုပ်ရှားနေပြီး တစ်ခါတစ်ရံ ခန္ဓာကိုယ်ထဲမှ ဝင်လိုက်ထွက်လိုက် ဖြစ်နေခဲ့သည်။ မုန့်ချီကတော့ ရွှေရောင်ဗုဒ္ဓကြီး ပတ်ဝန်းကျင်တွင် နစ်မျောနေခဲ့သည်။

သူက ကောင်းကင်ပေါ်ကို လက်ညှိုး ထိုးထားပြီး လက်ဝါးက မြေပြင်ကို ချိန်ထားခဲ့သည်။ အလွန်တည်ငြိမ်ပြီး အကန့်အသတ်မရှိသော တရားဓမ္မများ၊ တည်ငြိမ်အေးချမ်းမှုများကိုလည်း ခံစားနေရ၏။ ထိုအချိန်တွင် သူ၏နှုတ်ဖျားမှနေ၍ အလွန်ကြီးကျယ်ခမ်းနားသော စကားသံတစ်ခုကို ကြားလိုက်ရသည်။

"ကမ္ဘာလောကကြီးထဲမှာ ငါ တစ်ယောက်တည်းရှိတယ်.."

သစ်ပင်အောက်တွင် ရှိနေသော ဘုန်းတော်ကြီးက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ခြေ (၇) လှမ်း လှမ်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်ကို လက်ညှိုးထိုးပြီး တခြားလက်တစ်ဖက်နှင့် မြေပြင်ကို ထိလိုက်၏။ ဗုဒ္ဓ၏ပုံရိပ်က အလွန်ကြီးကျယ်ခမ်းနားလွန်းလှသည်။

"ကမ္ဘာလောကကြီးထဲမှာ ငါ တစ်ယောက်တည်းရှိတယ်…"

ထိုအချိန်တွင် ပေါက်ကွဲသံတစ်ခုနှင့်အတူ မုန့်ချီ၏ခေါင်းထဲ၌ ရွှေရောင်ဗုဒ္ဓဆီမှ ကျမ်းစာသန်းပေါင်းများစွာ ထွက်ပေါ်လာနေခဲ့သည်။ တရားဓမ္မ ရွတ်ဆိုသံများလည်း ဆက်တိုက် ထွက်ပေါ်လာနေပြီး သူ၏ပင်မဝိညာဉ်ထဲတွင် တုန်လှုပ်နေစေခဲ့၏။

သူ့လက်ထဲတွင် ရှိနေသော လက်ဟန်သင်္ကေတများကလည်း ဆက်တိုက် ပြောင်းလဲသွားနေသည့်အတွက် တိတိကျကျ မြင်တွေ့ရန် ခက်ခဲနေသည်။ သို့သော် သူတို့က မူလအခြေအနေကို ပြန်ရောက်လာခဲ့ပြီး လက်တစ်ဖက်က ကောင်းကင်ပေါ်ကိုထိုး၍ တခြားလက်တစ်ဖက်က မြေပြင်ပေါ်ကို စိုက်ထားသည်။

"လောက (၃) ပါးမှာ ငါ တစ်ယောက်တည်းရှိတယ်…"

ရုတ်တရက်ဆိုသလို မုန့်ချီ၏ ပင်မဝိညာဉ်ထဲ၌ နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူက မထင်မှတ်ဘဲ ခံနိုင်ရည်သတ်မှတ်ချက်ကို ရောက်သွားခဲ့၏။ သစ်ပင်အောက်တွင် ရှိနေသော ဘုန်းတော်ကြီးနှင့် ဗုဒ္ဓအရိုအသေပေးသော ပုံရိပ်များကလည်း ပျောက်ကွယ်သွားသည်။ သူ့မျက်စိရှေ့တွင် ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကြီးသာ ပေါ်လာခဲ့၏။

"ကြည့်ရတာ ငါက တစ်ကြိမ်တည်းနဲ့ ဒါကို ပြည့်ပြည့်ဝဝနားလည်ဖို့ မဖြစ်နိုင်လောက်ဘူး။ ငါက ဒါကိုနားလည်ဖို့အတွက် ဖြည်းဖြည်းချင်းဆီ ကြိုးစားရမယ်။ ငါက နည်းနည်းလေး နားလည်နိုင်တာတောင် တော်တော်လေး အဆင်ပြေနေပြီ.."

မုန့်ချီက တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

သူက ‘ငါ၊ ထူးခြားမှုနှင့် အမှန်တရား’ ဟူသော သိုင်းကွက်ကို အနည်းငယ်လေး နားလည်နိုင်သည့်အတွက် လုံလောက်သည်ဟု ဆိုနိုင်သည်။ ကျန်းကျိဝေက အနန္တဓားသိုင်းကို သင်ယူခဲ့သည့်အချိန်တွင်လည်း တူညီစွာ ဖြစ်ခဲ့သည်။

"ငါက အဲဒီအရာကို လုံလုံလောက်လောက် နားလည်နိုင်ဖို့အတွက် (၁) နှစ်၊ (၂)နှစ်လောက် အချိန်ပေးရမယ်ထင်တယ်…"

မုန့်ချီက ခေါင်းကုတ်လိုက်သည့်အချိန်တွင် သူ့ကို ဓမ္မကာရအဆင့် ပညာရှင်များက စိုက်ကြည့်နေကြောင်း နားလည်သွားကြ၏။ ကျန်းဟွေကလည်း အနည်းငယ် ရှုပ်ထွေးနေပုံရသည်။

"ဘာဖြစ်လို့လဲ ဆရာတူညီလေး..."

မုန့်ချီက ကျန်းဟွေကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်၏။ အကယ်၍ တခြားသူများက သူ့စကားကို ခိုးနားထောင်နေမည်ဆိုလျှင်ပင် ကိစ္စမရှိချေ။

ကျန်းဟွေက ရှုပ်ထွေးနေသော အမူအရာနှင့် ခေါင်းခါပြလိုက်၏။

"တစ်ခုခုမှားနေတယ်ဆိုတာ ဘာကိုပြောချင်တာလဲ။ ဘာလို့ လူတိုင်းက ငါ့ကို စိုက်ကြည့်နေရတာလဲ…"

မုန့်ချီက ဇဝေဇဝါ မေးလိုက်သည်။

"အစ်ကိုကြီး တစ်ယောက်တည်းက ဒါကိုလေ့လာနေတာဆိုတော့ လူတိုင်းက အစ်ကိုကြီးကို စိုက်ကြည့်နေတာ ဘာဆန်းလို့လဲ…"

ကျန်း‌ဟွေက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။ မုန့်ချီက ဘာပြောရမှန်း မသိတော့ချေ။ ဆရာတူညီလေး၏ စကားကလည်း အမှန် ဖြစ်နေခဲ့သည်။

"ဒကာကြီးတို့အားလုံးက နားလည်မှုနဲ့ ပတ်သက်ပြီး သဘောတူညီမှုရကြပြီလား…"

လန်ကီကျောင်းဆောင်မှ ကဒြာမုနီ ဗြဟ္မာရာဂျ ဗောဓိတဗ္ပက ပြောင်းလဲမှုမရှိသော လေသံနှင့် မေးလိုက်သည်။

ထိုအချိန်တွင် ဆံပင်ဖြူနှင့်ချုံဟယ်က ပြုံးလိုက်၏။

"သူတို့က ဝါစဉ်အရ ကျွန်တော့်ကို ဒုတိယအနေနဲ့ နားလည်ခွင့်ပေးဖို့ သဘောတူထားတယ်…”

“ဒါဆိုရင် သူတို့က အသက်ဝါစဉ်အတိုင်း သွားကြတာပဲ။ စွမ်းအားအတိုင်း သွားရမယ်ဆိုရင်တော့ သူတို့တွေကြားထဲမှာ အနိုင်ရသူကို ဆုံးဖြတ်ဖို့ ခက်ခဲနိုင်တယ်…"

မုန့်ချီက ခေါင်းညိတ်လိုက်မိသည်။

ချုံဟယ်က လန်ကီကျောင်းဆောင်ထဲသို့ ပျံသန်းလာခဲ့ပြီး ညှိုးခြောက်နေသော ဗောဓိပင်၏ရှေ့တွင် တင်ပျဉ်ခွေထိုင်၍ သစ်ရွက်များကို လှုပ်ရှားလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် အဓိပ္ပာယ်များစွာ ပြည့်နှက်နေခဲ့၏။ သူက နားလည်နိုင်ခြင်းရှိမရှိ မည်သူမျှ မသိသလို သူ၏လက်ရှိ ပြဿနာများကို ဖြေရှင်းရန် အကူအညီ ဖြစ်မဖြစ်လည်း မည်သူမျှ မသိနိုင်ကြပေ။

ချုံဟယ်က စကားအနည်းငယ်သာ ပြောခဲ့ပြီး ကုံဝမ်နှင့် စကားပြောနေခဲ့သည်။ ထို့နောက် မုန့်ချီက သူ့ကို ပထမဆုံး လာရှာခဲ့သည့် အကြောင်းအရာများကို ဆရာကြီးလုဆီသို့ ပြန်လည်ပြောပြနေခဲ့သည်။ သို့သော် ဗုဒ္ဓလက်ဝါးကို ရယူလိုသောဆန္ဒ၊ ဗုဒ္ဓလမ်းစဉ်နှင့် တာအိုလမ်းစဉ်ကြားထဲရှိ ပဋိပက္ခများကြောင့် သူက လှုပ်ရှားမှုကို ပွင့်ပွင့်လင်းလင်းပြောပြရန် မသင့်တော်လှပေ။

သူက မုန့်ချီကို မြောက်ပိုင်း ကျိုးအင်ပါယာထဲတွင် ရှိနေသော ဟွာမေ့တောင်တန်းသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အနောက်ပိုင်းနယ်မြေထဲတွင် ရှိနေသော မုန့်ချီက ဟွာမေ့တောင်တန်းထဲတွင် ရုတ်တရက် ပေါ်လာရသည့်အကြောင်းကို သင့်တော်သော ရှင်းပြမှုတစ်ခု လုပ်ဆောင်နိုင်ခဲ့၏။

ဆရာကြီးလုနှင့် ချုံဟယ်တို့က အကြိမ်ပေါင်းများစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အလွန်လေးနက်သော မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့က ထိုအဖြစ်အပျက်၏ အသေးစိတ်ကို မည်သူမျှ ဂရုမစိုက်ကြပေ။ ထို့ကြောင့် ဆရာကြီးလုက ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် မေးခဲ့ခြင်း မရှိချေ။

ကုံဟွမ်က တစ်နာရီနီးပါးခန့် နားလည်လာပြီးနောက် မတ်တပ်ရပ်လိုက်၏။ သူက မုန့်ချီကို ကြည့်သည့်အချိန်တွင် အံ့ဩနေခဲ့သည်။

"ကျောင်းထိုင်က အစ်ကို့ထက် နည်းနည်းလေးပဲ ပိုပြီးတော့ကြာတယ် ဆရာတူအစ်ကို..."

ကျန်းဟွေက အလွန်အံ့သြစရာကောင်းသော အရာတစ်ခုကို ကြုံတွေ့လိုက်ရသလို မှတ်ချက်ပေးလိုက်သည်။

မုန့်ချီက မျက်မှောင်ကြုတ်လိုက်၏။

"ငါက အချိန်တော်တော်လေး ကြာခဲ့တာလား…"

"ဆရာတူအစ်ကိုက ဆရာကြီးချုံဟယ်ထက်တောင် ပိုပြီးတော့အချိန်ကြာသေးတယ်.."

ကျန်းဟွေက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ဒါဆို ဖြစ်စဉ်တစ်ခုခုများ ပေါ်လာသေးလား…"

မုန့်ချီက မေးလိုက်၏။ သူ၏ဆရာတူညီလေးက ခေါင်းခါပြလိုက်သည့်အတွက် သူလည်း စိတ်ပျက်သွားခဲ့သည်။

"ငါက အချိန်အကြာကြီး လေ့လာနေခဲ့မိတဲ့အတွက် ဓမ္မကာရအဆင့် ပညာရှင်တွေက ငါ့ကိုစိုက်ကြည့်နေကြတာပဲ…"

မုန့်ချီက စိတ်သက်သာရာ ရသွားခဲ့သည်။ သူက ပထမသိုင်းကွက်ကို ရရှိထားပြီး ကျောင်းထိုင်က တတိယသိုင်းကွက်ကို ရရှိထားသည်။

"ဒါကြောင့် သူက ပိုပြီးတော့ ကြာတာလား။ ဒီလိုဆိုရင်တော့ ကျောင်းထိုင်ကုံဟွမ် လှည့်စားခံထားရတာတောင် ကံကောင်းတယ်လို့ သတ်မှတ်နိုင်တာပဲ…”

လူတိုင်းက ဗောဓိပင်ကို နားလည်ရန် သန့်စင်နယ်မြေထဲသို့ တဖြည်းဖြည်း ပျံသန်းလာကြသည်။ သူတို့က စည်းမျဉ်းအတိုင်းသာ လုပ်ဆောင်ခဲ့ကြ၏။ ဓမ္မကာရအဆင့် ပညာရှင်များက ပထမဆုံး သွားခဲ့ကြပြီး တခြားသူများက နောက်မှ လိုက်လာကြသည်။

ဗုဒ္ဓလမ်းစဉ် ပညာရှင်များက အတော်လေးကို အချိန်ကြာပြီး ပဉ္စမသိုင်းကွက် ပိုင်ဆိုင်ထားသော ကျင်းကန်းကျောင်းဆောင်မှ ပညာရှင်များက သူတို့ထက် ပို၍ကြာသည်။ ကုံဟွမ်ပြီးလျှင် သူတို့က ဒုတိယဟု ဆိုနိုင်၏။ ထိုအဖြစ်အပျက်ကြောင့် မုန့်ချီ၏ ထူးခြားမှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။

သို့သော် နေရာတိုင်းတွင် ချွင်းချက်ရှိနေ၏။ ဆရာကြီးလုက တစ်ချိန်လုံး ‌လေထဲတွင် လွင့်မျောနေပြီး သစ်ပင်ကို နားလည်ရန် ကြိုးစားနေသော လူတိုင်းကို သေချာစိုက်ကြည့်နေခဲ့၏။ သူ၏မျက်လုံးထဲတွင် လောဘအနည်းငယ်ပင် မရှိခဲ့ပေ။ သူ့မျက်လုံးများက သလင်းကျောက်များကဲ့သို့ ကြည်လင်သန့်စင်နေခဲ့၏။

တစ်စုံတစ်ယောက်က သူ့ကို သွားရန်ပြောသည့်အချိန်တိုင်း သူက အပြုံးနှင့် ခေါင်းခါပြလိုက်သည်။ သူက ရှင်းပြချက်မပေးဘဲ အလွန်ခိုင်မာသော သူ၏သဘောထားကို ရိုးရှင်းစွာ ပြသခဲ့၏။

"မင်းက ဒါကို တွေ့ခဲ့မှတော့ မင်းတို့နဲ့လည်း ရေစက်ရှိတယ်လို့ ဆိုလိုနေတာပဲ။ ဟုန်နန်နဲ့ကျန်းဟွေ မင်းတို့ (၂) ယောက်ကလည်း လာပြီးလေ့လာကြည့်ကြလေ..."

ညှိုးခြောက်နေသော ဗောဓိသစ်ပင်က သူ့လက်ထဲသို့ ရောက်မလာသည့်အတွက် မုန့်ချီက သူ၏ဆရာတူညီလေးနှင့် သူ၏ကယ်တင်ရှင် ဟုန်နန်တို့ကို ဖိတ်ခေါ်လိုက်ကြသည်။

ပညာရှင်များကတော့ သူတို့နားလည်ထားခဲ့သော အရာများကို ဆန်းစစ်ရန် အလုပ်များနေကြသည့်အတွက် ထိုလူငယ်လေးများ၏စကားကို ဂရုမစိုက်နိုင်ကြပေ။ လန်ကီကျောင်းဆောင်မှ ကဒြာမုနီ ဗောဓိတဗ္ပက ဘာမျှမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။

ကျန်းဟွေကတော့ အလွန်ဖြူစင်သော ကောင်လေးတစ်ယောက် ဖြစ်သည့်အတွက် သူက နှေးကွေးပုံရသည်။ သူက ပြုံးလိုက်ပြီး ညှိုးခြောက်နေသော ဗောဓိသစ်ပင်ဆီသို့သွား၍ လှိုက်လှိုက်လှဲလှဲ ကြိုးစားနေခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် မုန့်ချီက လန်ကီကျောင်းဆောင်၏ ရပ်တည်ချက်ကို ပို၍ခိုင်မာသွားခဲ့၏။ ကြည့်ရသည်မှာ အကယ်၍ သူကသာ နောက်ပိုင်းတွင် တစ်စုံတစ်ယောက်ကို ခေါ်လာမည်ဆိုလျှင်လည်း ကျောင်းဆောင်က ခွင့်ပြုမည့်ပုံ ရှိသည်။ မည်သို့ဖြစ်စေကာမူ သူက ပိုင်ရှင်ဖြစ်ပြီး လန်ကီကျောင်းဆောင်ကတော့ အပ်နှံခံထားရသူတစ်ယောက်သာ ဖြစ်သည်။

ညှိုးခြောက်နေသော ဗောဓိသစ်ပင်က နောက်တစ်ကြိမ် လှုပ်ရှားသွားပြီး တစ်နာရီခန့် ဆက်လက် ကြာသွားခဲ့သည်။ ထိုအရာက ကျောင်းထိုင်ကုံဟွမ်ထက် အချိန်အနည်းငယ်လေးသာ လျော့ကျ၏။

မုန့်ချီက သူ၏ဆရာတူညီလေးကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိခဲ့သည်။ သို့သော် ပန်းခူးလက်ညှိုးသိုင်းကိုပင် အလွန်လျင်မြန်သောအရှိန်နှင့် နက်နက်ရှိုင်းရှိုင်း နားလည်မှုရှိနေသော သူ့ဆရာတူ ညီလေးအတွက် အံ့သြနေခဲ့ခြင်း မရှိပေ။ သူက ဗုဒ္ဓလက်ဝါးပင်မလမ်းညွှန်ချက်ကိုပင် ထိုကဲ့သို့ အဆင့်မျိုးအထိ နားလည်နိုင်၏။

သူကတော့ ကျင်းကန်းကျောင်းဆောင်မှ သိုင်းသခင်များ နားလည်နိုင်သည့်အရှိန်ထက် ကျော်လွန်နေခြင်း မရှိသင့်ပေ။ သူကိုယ်တိုင်က ဗုဒ္ဓလမ်းစဉ်ကို လိုက်နာနေခြင်း မဟုတ်ဘဲ သူ၏နှလုံးသားက ဆရာတူညီလေးကဲ့သို့ သန့်စင်မှု မရှိချေ။ ထို့ကြောင့် သူတို့၏ ကြားထဲတွင် နှိုင်းယှဉ်စရာလည်း မလိုအပ်ပေ။

ညှိုးခြောက်နေသော ဗောဓိသစ်ပင်ကြီးက လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားသော်လည်း ကျန်းဟွေကတော့ မျက်လုံးမှိတ်၍ ထိုင်နေခဲ့၏။ သူ့နှုတ်ခန်းတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ သူက ဓမ္မအနှစ်သာရများကို နားလည်သွားကြောင်း သိသာနေ၏။

ကျောင်းထိုင်ကုံဝမ်က ကျန်းဟွေ၏အနားသို့ ရောက်သွားကြောင်း မြင်သည့်အချိန်တွင် သူက မေးလိုက်သည်။

"ဆရာတူညီလေးက ဘာဖြစ်သွားတာလဲ…"

ကုံဝမ်က ပြုံးလိုက်၏။

"သူက အိပ်ပျော်သွားတာ..."

"အိပ်ပျော်သွားတာလား..."

မုန့်ချီက နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ကုံဝမ်က ကျန်းဟွေကို လက်ထဲတွင်ပွေ့ချီပြီး မုန့်ချီကို ပြုံးပြလိုက်၏။

"သူက နှစ်ဝက် ဒါမှမဟုတ် တစ်နှစ်လောက်တော့ အိပ်ပျော်နေလိမ့်မယ်။ သူက ဒီအတောအတွင်း အကျိုးအမြတ် ကြီးကြီးမားမား ရသွားတဲ့အတွက် သူ့ရဲ့ပင်မဝိညာဉ်က သူ့ကို နက်နက်ရှိုင်းရှိုင်း အိပ်ပျော်သွားအောင် လုပ်ပေးခဲ့တာ…"

"သူက နားလည်မှုတွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ မသိတာလား…"

ကုံဝမ်၏အဖြေကြောင့် မုန့်ချီက စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် သူ့စိတ်ထဲတွင် ဆရာတူညီလေးအပေါ် လှောင်ပြောင်လိုစိတ်တစ်ခု ပေါ်လာခဲ့၏။ သို့သော် ကျန်း‌ဟွေက လမ်းတစ်ဝက်၌ နှောင့်ယှက်ခံလိုက်ရမည်ဆိုလျှင်ပင် ပို၍ထူးဆန်းနေပါဦးမည်။

ဟုန်နန်က နားလည်မှု ပြီးဆုံးသွားသည့်အချိန်တွင် လန်ကီကျောင်းဆောင်မှ ကဒြာမုနီ ဗောဓိတဗ္ပက တည်ငြိမ်သောအသံနှင့် ပြောလိုက်၏။

"ငါက ဗုဒ္ဓနဲ့တွေ့ခွင့်ရဖို့အတွက် ဆုပန်ထားတယ်။ ညှိုးခြောက်နေတဲ့ ဗောဓိသစ်ပင်ကိုတော့ ဒီကျောင်းဆောင်တံခါးရဲ့ရှေ့မှာပဲ ချထားမယ်။ မင်းတို့အားလုံးက စိတ်ကြိုက်လာပြီးတော့ လေ့လာနိုင်ကြတယ်…"

ထို့ကြောင့် လူတိုင်းက အချင်းချင်း နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့သည်။ ကျန်ရှိနေသည်မှာ ကုံဝမ်နှင့် အင်မော်တယ်ယွင်ဟယ်တို့သာ ဖြစ်၏။

"ဒကာလေးစု …

ငါက မင်းကို ကတိပေးထားခဲ့တယ်လေ…"

ကုံဝမ်က ကျန်းဟွေကို သယ်ဆောင်ထားရင်း မုန့်ချီကို လှည့်ကြည့်လိုက်သည်။ သူက အစောပိုင်းတွင် မုန့်ချီကို ပေးခဲ့သောကတိကို တည်ချင်ခဲ့၏။

မုန့်ချီက ချက်ချင်းပင် လက်ကာပြပြီး ပြောလိုက်၏။

"ဒီစကားကိုပဲ မှတ်မိရင် ရပါပြီ ကျောင်းထိုင်...။ ကျွန်တော့်မှာ ဆန္ဒတစ်ခုပဲရှိပါတယ်။ ကျွန်တော့်ရဲ့အမှားကို ခွင့်လွှတ်ပေးပြီး ကျွန်တော့်ရဲ့ဆရာရွှမ်ပိုင်ကို စေတီရဲ့အပေါ်ပိုင်းမှာ လေ့လာခွင့်ပေးစေချင်ပါတယ်.."

ကုံဝမ်က ရယ်လိုက်၏။

"ငါ မင်းကို ဘာပေးမယ်ဆိုတာ မင်းက မကြားချင်တော့ဘူးလား။ ဒါက မင်းတောင်းဆိုတဲ့အရာထက် ပိုပြီးတော့ တန်ဖိုးရှိနိုင်တယ်လေ…"

မုန့်ချီက ခေါင်းခါပြီး ပြန်လှည့်သွားခဲ့၏။

"မလိုတော့ပါဘူး။ အဲဒီအရာကို သိလိုက်ရမယ်ဆိုရင် ကျွန်တော်က လောဘတက်သွားမှာ စိုးရိမ်မိတယ်…"

နောက်ဆုံးတွင်တော့ သူ့ဆရာ သူ့အပေါ် လုပ်ပေးခဲ့သော အရာများကို ပြန်လည်ပေးဆပ်နိုင်ခဲ့သည့်အတွက် စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။ ထိုအချိန်တွင် သူ၏ပင်မဝိညာဉ်ကလည်း ပို၍တက်ကြွလာသလို ခံစားလိုက်ရ၏။ သူက အားရပါးရရယ်လိုက်ပြီး ယခင်တုန်းကထက် ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

ထို့နောက် သူလည်း လေထဲသို့ ပျံသန်းပြီး ထွက်ခွာသွားခဲ့၏။ သိုင်းလောကသား တစ်ယောက် ဖြစ်သည့်အတွက် အကြွေးဖြစ်စေ ကျေးဇူးတရားဖြစ်စေ သေချာပေါက် ပြန်လည်ပေးဆပ်ရပါလိမ့်မည်။

ထွက်ခွာသွားသော မုန့်ချီကိုကြည့်ပြီး ကုံဝမ်က သက်ပြင်းချလိုက်မိ၏။

"ဒီလောက် အသက်ငယ်ငယ်လေးနဲ့ သူ့ရဲ့လောဘတွေကို ထိန်းချုပ်နိုင်တာ တော်တော်လေးကို ရှားတာပဲ…"

…………….

လန်ကီကျောင်းဆောင် လေထဲ၌ ပျောက်ကွယ်မသွားသေးခင် ငါးပင်လယ် ဘော်ဒါရှမ်တောင်တန်းကြီးက အလွန်ပြင်းထန်သော မုန်တိုင်းကြီးများ ကျရောက်လာခဲ့ပြီး ဧရာမရေကန်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့အရွယ်အစားက ဟယ်လာကိုပင် နှိုင်းယှဉ်နိုင်၏။

ရေကန်၏ပတ်ပတ်လည်တွင် ရေစီးကြောင်းများ စီးဆင်းလာပြီး သိပ်မကြာခင် ထိုနေရာက အသက်စွမ်းအင်များ ပြည့်နှက်နေသော အိုအေစစ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။

မုန့်ချီက ရေထဲတွင် နစ်မြုပ်နေပြီး သူ၏မျက်လုံးများက ပတ်ပတ်လည်ကိုကြည့်၍ တောက်ပနေခဲ့၏။

"အင်မော်တယ်ရဲ့အစွမ်းကို မြန်မြန်သုံးလိုက်တော့...။ တခြားဘယ်သူ့ကိုမှ အခွင့်အရေးမပေးနိုင်ဘူး…"

သူက ငါးပင်လယ်ကို ရှောင်ကွင်းလာပြီး အင်မော်တယ်များ၏ စခန်းရှိရာကို ပြန်လာခဲ့သည်။ ထိုနေရာက ဓမ္မကာရအဆင့် ပညာရှင်များ၏ တိုက်ပွဲကွင်းပြင်ဖြစ်ပြီး ထိုနေရာတွင် မိစ္ဆာဘုရင်များ၏ သွေးနှင့် ဓမ္မကာရအဆင့် ပညာရှင်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ကျန်ရှိနေနိုင်၏။

ထိုအရာက အဖိုးတန်လက်နက်များ ထုဆစ်ရန် အလွန်ထူးခြားသောပစ္စည်းများ ဖြစ်သည်။ ဓမ္မကာရအဆင့် ပညာရှင်များက ထိုအရာကို ရှာဖွေကောင်း ရှာဖွေနိုင်သော်လည်း သူတို့၏ လက်အောက်ခံများကတော့ သေချာပေါက် စိတ်ဝင်စားနိုင်သည်။ အကယ်၍ မုန့်ချီက အင်မော်တယ်ယွင်ဟယ်ကို အကူအညီ တောင်းမည်ဆိုလျှင် ဆုံးရှုံးလိမ့်မည် မဟုတ်ချေ။

"ငါက လောဘကြီးတဲ့လူတစ်ယောက်ပဲ…"

Translated by Hein Htet.

All Chapters