အခန်း (၅၆၉)
Vol. 38 Ch. 569
ယခင်တုန်းက ငါးပင်လယ်ဖြစ်ခဲ့သော ကျယ်ပြန့်သည့် ရေကန်ကြီးပေါ်တွင် အင်မော်တယ်ယွင်ဟယ်က လွင့်မျောနေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အလွန် နူးညံ့သိမ်မွေ့သော အပြုံးလေးတစ်ခုပင် ပေါ်လာခဲ့၏။
ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို နားလည်နိုင်သည့်အချိန်တွင် သူက ဝမ်းမသာဘဲ နေနိုင်မည်လော။ ထိုလမ်းညွှန်ချက်ထဲတွင် ဗုဒ္ဓ၏စကားလုံးများကို နားထောင်ပြီး အတွေးအခေါ်သစ်များ ရရှိလာ၍ သူ၏ ယန်ဝိညာဉ်ကို ဖမ်းဆုပ်ရန် ယုံကြည်ချက်များ တိုးမြင့်လာခဲ့သည်။
မုန့်ချီ ပြောသည့်စကားကို ကြားသည့်အချိန်တွင် သူက သူ၏စွမ်းရည်များကို လှုံ့ဆော်လိုက်သည့်အတွက် အလွန်တောက်ပသော အစိမ်းရောင် အလင်းစက်လေးများက မိုင်ပေါင်းများစွာ ပတ်ပတ်လည်ကို လွှမ်းခြုံသွားခဲ့သည်။
ထူးဆန်းစွာပင် ထိုအစိမ်းရောင် အလင်းစက်နှင့် ထိတွေ့လိုက်သည့် အချိန်တိုင်း ရေကန်၏ မျက်နှာပြင်ပေါ်တွင် ဝဲကတော့လေးများ ပေါ်လာခဲ့သည်။ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်နှင့် အနက်ရောင်ရေများလည်း ဖြစ်လာခဲ့၏။
မုန့်ချီက တည်နေရာကို ဆုံးဖြတ်ပြီးသွားသည့်အချိန်တွင် ထိုအလင်းစက်တစ်ခုဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ ရေလှိုင်းများ လှုပ်ရှားလာသည့်အချိန်တွင် ထိုပစ္စည်းက သူ့ဆီသို့ ရောက်ရှိလာ၏။
သူက ထိုပစ္စည်းကို သေချာစိုက်ကြည့်လိုက်သည့်အချိန်တွင် စိမ်းပြာရောင် တောက်ပနေသော ဒေါင်းအတောင်တစ်ခုကို တွေ့လိုက်ရသည်။ အတောင်ပေါ်တွင် ရှိနေသော သွေးကြောပုံစံများက လျှို့ဝှက်ကျင့်စဉ်များ၊ သိုင်းကျင့်စဉ်များကဲ့သို့ ဖြစ်နေပြီး ပင်မချီစွမ်းအင်များကို လှုံ့ဆော်နိုင်သည်။ သို့သော် အတောင်တစ်ဝက်နီးပါးက ပျက်စီးနေသည့်အတွက် အတော်လေး ထိခိုက်ခဲ့ရကြောင်း ပြသနေ၏။
“ဒါက ဒေါင်းနတ်ဆိုးဘုရင်ရဲ့ အတောင်လား…”
မုန့်ချီက အတော်လေး အံ့အားသင့်သွားခဲ့သည်။
“တကယ်လို့ ဒီအတောင်ကသာ ဒဏ္ဍာရီထဲက ဓာတ်ကြီး(၅)ပါး ဒေါင်းရဲ့ အစစ်အမှန် တောင်ပံတစ်ခု ဖြစ်မယ်ဆိုရင် တော်တော်လေးကို ကံကောင်းသွားပြီ။ ဒေါင်းနတ်ဆိုးဘုရင်ဆီမှာ အလားတူ ဓာတ်ကြီး(၅)ပါး စွမ်းအားတွေ ရှိနေမလား မသိဘူး..”
မုန့်ချီက ရှုပ်ထွေးနေသော ရေမျက်နှာပြင်ပေါ်တွင် လွင့်မျောနေသော တောင်ပံတစ်ခုကို လျင်မြန်စွာ စုစည်းခဲ့သည်။ သူက ကောင်းကျိုးချီစွမ်းအင်တချို့ကိုလည်း ရှာတွေ့ခဲ့၏။ သူတို့က သူ၏ကောင်းကျိုးချီစွမ်းအင်များ မဟုတ်သည့်အတွက် တခဏအတွင်း ပျောက်ကွယ်သွားနိုင်သည်။ သို့သော် မရသည်ထက်စာလျှင် ပိုကောင်းသေးသည်။ သူက ထိုအရာများကို အသုံးချပြီး အဖိုးတန်လက်နက်၏ ခုခံရေးစွမ်းရည်ကို အသုံးချ၍ ရနိုင်သည်။
သိပ်မကြာခင် သူက ဤနယ်မြေတစ်ခုလုံးကို ရှာဖွေနိုင်ခဲ့ပြီး ကျန်ရှိနေသော အဖိုးတန် ပစ္စည်းများ အားလုံးကို ရယူနိုင်ခဲ့၏။ အင်မော်တယ်ယွင်ဟယ်က အတော်လေး ကူညီပေးနေခဲ့သည်။ သူက တခြားတစ်နေရာသို့ ပျံသန်းသွားခဲ့ပြီး နောက်တစ်ကြိမ် ရေပေါ်၌ အစိမ်းရောင်အလင်းစက်များ ပေါ်လာခဲ့၏။
မုန့်ချီက ပထမတွင် ကြည့်လိုက်ပြီးနောက် ရေထဲသို့ ခုန်ဝင်သွားခဲ့ပြီး ရေကန်၏ အောက်ခြေကို ကူးခတ်သွားခဲ့သည်။ မျက်နှာပြင်နှင့် ရေကန်၏ အောက်ခြေက အတော်လေး အလှမ်းကွာနေသည်မှာ ကံဆိုးသွား၏။ ရေကန်ထဲတွင် ရှိနေသော မြေအောက်စီးကြောင်းများကလည်း အနှောင့်အယှက် ပေးနေသည့်အတွက် သူက ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်၍ မရနိုင်ပေ။
အစိမ်းရောင်အလင်းစက်များကို ထိန်းသိမ်းပေးထားသည့်အတွက် သူက အင်မော်တယ်ယွင်ဟယ်ကို အကူအညီတောင်း၍လည်း မရနိုင်ပေ။ အင်မော်တယ်ယွင်ဟယ်၏ စွမ်းရည်အရ သူ၏အစွမ်းကို မိုင် (၂၀၀)၊ (၃၀၀) အတွင်း ဖြန့်ကျက်လိုက်မည်ဆိုလျှင်လည်း ပြဿနာ မရှိနိုင်ပေ။
သို့သော် သူ၏အစိမ်းရောင် အလင်းစက်များက အများဆုံး (၇)မိုင် ပတ်လည်အတွင်းသာ လွှမ်းခြုံထားသည်။ ထိုအရာတစ်ခုတည်းကြောင့် အလင်းစက်များကို ထိန်းသိမ်းထားရန် အခက်အခဲ မရှိတော့ပေ။
တလက်လက် တောက်ပနေသော ခရမ်းရောင်အလင်းစက်များက သူ့လက်ထဲသို့ ကျရောက်လာခဲ့၏။ ထိုအရာကတော့ သွေးစက်တစ်စက် ဖြစ်ပြီး လျှပ်စစ်လှိုင်းလုံးများစွာ ပေါင်းစပ်ထားသလို ထင်မှတ်ရသည်။
“ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်ရဲ့သွေးပဲ…”
မုန့်ချီကတော့ ဒေါင်းအတောင်ထက်ပင် ပို၍ဝမ်းသာသွားခဲ့သည်။ ထိုသွေးစက်က သူ၏ ကောင်းကင်ပြစ်ဒဏ်ဓားကို မြှင့်တင်ရန် အသုံးချနိုင်၏။ ရာသီခွင်ကျွဲက ရှေးဟောင်းဒဏ္ဍာရီများထဲတွင် နတ်ဆိုးကလန်မှ မိုးကြိုးနတ်ဘုရားဟူသော နာမည်နှင့် ကျော်ကြား၏။ ထိုအရာကို မိုးကြိုးအရှင်သခင်ဟုလည်း ခေါ်ဆိုကြသည်။
လက်ရှိမိစ္ဆာဘုရင်က ယခင်မျိုးဆက်များကဲ့သို့ အစွမ်းမထက်သော်လည်း ရာသီခွင်ကျွဲ၏ သွေးတစ်စက်က မိုးကြိုးသဘာဝရှိသော အဖိုးတန် ရတနာတစ်ခု ဖြစ်နေသေးသည်။
မုန့်ချီက ခြေတစ်ချောင်းကျွဲ၏ သွေးကို သိမ်းဆည်းထားလိုက်သည်။ ပျောက်ကွယ်သွားသည့် သွေးများကလွဲလျှင် သူက စုစုပေါင်း သွေးစက် (၁၁) စက် စုဆောင်းနိုင်ခဲ့သည်။ ထို့ကြောင့် သူက အားရပါးရ ရယ်မိခဲ့၏။
သူက အင်မော်တယ်ယွင်ဟယ် လမ်းပြသော နောက်ထပ်နေရာတစ်ခုကို ရှာဖွေနေခဲ့ပြန်သည်။ ရေကန်၏အတွင်းထဲတွင် ရှိနေသော ရေများက အဖြူရောင် အလင်းတန်းများ တောက်ပနေခဲ့၏။ အလင်းရောင်များက အလွန်စူးရှလွန်းလှသည့်အတွက် အကွာအဝေး ဝေးကွာနေသည်ကိုပင် မုန့်ချီက ခံစား မိနေခဲ့သည်။
“ဒါက ကျားဖြူမိစ္ဆာဘုရင် ပိုင်ဆိုင်တဲ့ ပစ္စည်းလား…”
မုန့်ချီကတော့ သူ၏ခံစားချက်များကို ဖိနှိပ်ထားလိုက်ပြီး အလင်းတန်းဆီကို ပျံသန်းသွားလိုက်သည်။ သူက ရေထဲသို့ နောက်တစ်ကြိမ် ထိုးဆင်းသွားခဲ့ပြီး ရေကန်၏ အောက်ခြေသို့ ကူးခတ်သွားခဲ့၏။
သူက ထိုနေရာတွင် ညှိုးခြောက်နေသော ကျားလက်သည်းတစ်ခုကို တွေ့လိုက်ရပြီး ထိုအရာက မြေပေါ်တွင် ကပ်နေခဲ့သည်။ လက်သည်း၏ မျက်နှာပြင်ပေါ်တွင် အဖြူရောင်အမွှေးအမျှင်များ ပေါက်နေပြီး အမွေးအမျှင်တစ်ခုတိုင်းက သတ္တုရောင်များ တောက်ပနေ၏။
မုန့်ချီက အနားသို့ ရောက်သွားသည်နှင့် ကြက်သီးမွှေးညှင်းများ ထသွားသလို ခံစားလိုက်ရသည်။ မုန့်ချီက ညာလက်ကို ဆန့်ထုတ်လိုက်သည့်အချိန်တွင် ကျားဖြူလက်သည်းက စတင်လွင့်မျောလာပြီး သူ့လက်ထဲသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် သေးသွယ်ပြီး ဖြူဖျော့သော အခြားလက်တစ်ဖက်က လေထဲတွင် ပေါ်ထွက်လာပြီး ကျားလက်သည်းကို လှမ်းယူလိုက်၏။ သို့သော် သူမက ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
ကျားလက်သည်းက စတင်လွင့်မျောလာသည့်အချိန်တွင် မုန့်ချီက လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်လိုက်၏။ သူမ၏မျက်လုံးထဲတွင်တော့ မသက်မသာ ခံစားမှုများ ပေါ်လာ၏။ သူတို့က မျက်လုံးချင်း ဆုံမိသွားသည့် အချိန်တွင် နှစ်ယောက်လုံး အံ့သြသွားကြ၏။
“နင်က ဘာလို့ ဒီမှာ ရှိနေရတာလဲ…”
သူတို့နှစ်ယောက်လုံးက တစ်ချိန်တည်းတွင် ထိုမေးခွန်းကို မေးလိုက်ကြသည်။ သူက ချူချမ်းနင်ကလွဲလျှင် တခြားလူတစ်ယောက် မဟုတ်ပေ။
ချူချမ်းနင်ကလည်း ဓမ္မကာရအဆင့် ပညာရှင်များ တိုက်ခိုက်နေကြသည့်အချိန်တွင် တိုက်ပွဲကို ရှင်းလင်းရန် အစီအစဉ် ပြုလုပ်ထားခဲ့သည်။ တိုက်ပွဲပြီးဆုံးသွားပြီးနောက် သူမက ခဏကြာစောင့်နေခဲ့ပြီး ဤနေရာကို ခိုးကြောင်ခိုးဝှက် ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူက ဤနေရာတွင် မုန့်ချီနှင့် တွေ့ရလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
“ချူချမ်းနင် ရောက်မလာရင်မှ ပိုပြီးတော့ အံ့သြစရာကောင်းလိမ့်မယ်…”
မုန့်ချီက တွေးလိုက်မိသည်။
သူက သူမကို အပြုံးနှင့်ကြည့်ပြီး ပြောလိုက်သည်။
“ချန်းနင် … ဘာတွေ ရခဲ့တာလဲ…”
သူ့မေးခွန်းကို ကြားသည့်အခါ ချူချမ်းနင်က သူမ၏ အတွေ့အကြုံများကို စဉ်းစားမိသွားသည်။
“ငါက တိုက်ပွဲကြောင့် သေဆုံးသွားခဲ့တဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ငါရှာတွေ့တဲ့ ပစ္စည်းအများစုက မပြည့်စုံဘူး…”
တိုက်ပွဲအလယ်ထဲတွင် ကျန်ခဲ့သော အကြွင်းအကျန်ပစ္စည်းများ၏ တန်ဖိုးက အဆပေါင်းများစွာ ပို၍မြင့်မားကြောင်း သိနေခဲ့သည်။ သို့သော် သူမ တွေ့ခဲ့သော ပစ္စည်းများကတော့ ပြည့်စုံမှု မရှိသော်လည်း သူမက လက်လွှတ်မခံလိုပေ။ ထိုအရာက သူမ၏ဘဝစည်းမျဉ်းကို ဆန့်ကျင်နေ၏။
သူမက အချိန်ပေးပြီး ထိုအရာများကို ကုန်စင်သွားသည်အထိ စုဆောင်းနေသည့်အတွက် သူက လျင်မြန်စွာ လှုပ်ရှားရန်ပင် မေ့လျော့နေခဲ့သည်။ ထို့ကြောင့် သူမက ပို၍အဖိုးတန်သော ပစ္စည်းတချို့ကို ရယူရာတွင် မုန့်ချီထက် ပို၍ နှေးကွေးနေခဲ့သည်။
သူမက ထိုအရာကို တွေးလိုက်မိသည့်အချိန်တွင် မုန့်ချီ၏လက်ထဲ၌ ရှိနေသော ကျားဖြူလက်သည်းကို မြင်လိုက်ရသည်။ သူမ၏ဘဝတွင် အရာအားလုံး ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရ၏။ တိုက်ပွဲထဲတွင် သေဆုံးပျက်စီးသူများက အကောင်းအတိုင်း ထွက်သွားမည် မဟုတ်ကြောင်း သူမက သိနေခဲ့သည်။ သူမက တစ်ခုလုံး မရလျှင်ပင် တစ်စုံတစ်ခုတော့ ရနိုင်သေးသည်။
မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်ပြီး ကျားဖြူလက်သည်းကို သိမ်းလိုက်သည်။ ထို့နောက် သူလည်း ချူချမ်းနင်ဆီမှ လှည့်ထွက်လာခဲ့ပြီး နားလည်မှုရှိရှိနှင့် နေရာခွဲ၍ ရှာဖွေနေခဲ့၏။ ထိုနေရာတွင် စကားပြောနေရန် အချိန်မရှိပေ။
နောက်ပိုင်းတွင်တော့ မုန့်ချီနှင့် ချူချမ်းနင်တို့က သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသော သွေးစက်ပေါင်းများစွာကို တွေ့လိုက်ရပြီး ဤနေရာတွင် ရှာဖွေမှုကို အဆုံးသတ်လိုက်ကြသည်။
ချူချမ်းနင်က မုန့်ချီကို စိုက်ကြည့်နေပြီး သူ့ဆီမှ ပစ္စည်းများကို ဓားပြတိုက်ချင်နေပုံရသည်။ ထိုသို့ဆိုရာတွင် သူမက ကျိုးကြောင်းဆင်ခြင်တတ်သော လူတစ်ယောက် ဖြစ်သည်။
သူမက တွေဝေစွာ ထွက်သွားခဲ့ပြီး သူမ ရရှိထားသော အကျိုးအမြတ်များကို စစ်ဆေးရန် အင်မော်တယ်စခန်းဆီသို့ ပြန်သွားရန် စီစဉ်ထားသည်။ ထိုအရာက ငွေကြေးဆာလောင်နေသော လူတိုင်းအတွက်တော့ ပျော်စရာအကောင်းဆုံး အခိုက်အတန့် ဖြစ်နိုင်၏။
မုန့်ချီက အလွန်သွက်လက်ပေါ့ပါးစွာ လေထဲ၌ ပျံသန်းနေပြီး အကျိုးအမြတ် အားလုံးကို သယ်ဆောင်ထားသည်။ သူ့ဆီတွင် အင်မော်တယ်ယွင်ဟယ်၏ အကူအညီ ရှိနေသည်မှာ ကံကောင်းသွား၏။ ဗုဒ္ဓလက်ဝါးကို နားလည်ရန် အခွင့်အရေးကို လက်လွတ်ခဲ့သော ချူချမ်းနင်က မိစ္ဆာဘုရင်၏ ပစ္စည်းအများစုကို ယူဆောင်သွားခဲ့သည်။
အင်မော်တယ်ယွင်ဟယ်က ချဉ်းကပ်လာသော မုန့်ချီကိုကြည့်ပြီး ပြုံးလိုက်သည်။
“ငါက ဒီစွမ်းရည်ကို အချိန်အကြာကြီး သုံးထားရတဲ့အတွက် အတော်လေး အားကုန်သွားတယ်။ ဒါပေမဲ့ အကျိုးအမြတ် အများကြီးကို စဉ်းစားမိလိုက်တော့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုက အချည်းနှီး မဖြစ်တော့ပါဘူး…”
“ဒီအဘိုးကြီးကတော့ နောက်တစ်ကြိမ် တောင်းဆိုနေပြန်ပါပြီ…”
မုန့်ချီက အစောပိုင်းတွင် ချူချမ်းနင်၏ အမူအရာကို နားလည်သွားသည့်အလား သူ့ရင်ထဲတွင်လည်း နာကျင်သွားရသည်။ သို့သော် မုန့်ချီက သူ့ကတိကို တည်ရန် လိုအပ်သည်။ သူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်ပြီး သေခြင်းတရားကို စောင့်နေသလို ထင်လိုက်၏။
“အင်မော်တယ်…
ကြိုက်ရာရွေးပါ။ ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်ရဲ့ သွေးစက်တချို့ကိုတော့ ကျွန်တော်အတွက်ပဲ ချန်ထားပေးပါ…”
“၇၀ - ၃၀ ခွဲမယ်…”
အင်မော်တယ်ယွင်ဟယ်က မုန့်ချီ၏စကားကို လုံးဝလျစ်လျူရှုထားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
သူက ကျားလက်သည်းဘုရင်၊ ကောင်းကျိုးချီစွမ်းအင်များနှင့် ဒေါင်းတောင်ပံ တစ်စိတ်တစ်ပိုင်း၊ မကောင်းဆိုးဝါး သွေးစက်တချို့ကို ယူဆောင်လိုက်၏။ သူက ကျွဲနတ်ဆိုးဘုရင်၏ သွေးစက်များအားလုံးနှင့် ပြည့်စုံနေသော ဒေါင်းအမွှေး(၅)ခုကိုတော့ ချန်ထားခဲ့သည်။ ထိုဒေါင်းအမွှေးများက သတ္တု၊သစ်သား၊ရေ၊ မီးနှင့် မြေကြီးများကို ကိုယ်စားပြုသည်။
“မင်းက ကတိအတိုင်း ၇၀ - ၃၀ ခွဲဝေမှုကို ကောင်းကောင်း လုပ်နိုင်တယ်။ မင်းက တကယ့်ကို ယုံကြည်ထိုက်တဲ့ လူတစ်ယောက်ပဲ မိတ်ဆွေလေးစု…”
အင်မော်တယ်ယွင်ဟယ်က ပြုံးလိုက်ပြီး ရတနာများကို သိမ်းလိုက်သည်။
“ငါက အဲဒီလို လူတစ်ယောက် မဟုတ်တာ ပိုပြီးတော့ ကောင်းသေးတယ်…”
မုန့်ချီက စိတ်ထဲတွင် နောင်တရနေခဲ့၏။
အင်မော်တယ်ယွင်ဟယ်ကတော့ ဤခရီးစဉ်တွင် အတော်လေး အမြတ်ထွက်သွားခဲ့သည်။ အထူးသဖြင့် သူက ဗုဒ္ဓလက်ဝါးကို နားလည်ခွင့် ရရှိခဲ့ပြီး အတွေးအခေါ်များကို သင်ယူနိုင်ခဲ့၏။ ထို့ပြင် သူက ဓမ္မကာရအဆင့် ပညာရှင်များနှင့် အသိအကျွမ်းဖြစ်ခဲ့ပြီး သူက လျှို့ဝှက်နေရာတစ်ခုမှ အဆောင်ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးခဲ့သည်။
သူက ပင်မကမ္ဘာကြီးထဲတွင် ပြည့်စုံခြင်းဂိုဏ်း၏ အုတ်မြစ်ကို ချချင်နေခဲ့၏။ ယခုတစ်ချိန် သူ၏အကြံအစည်ကတော့ ပျော်ရွှင်စရာ ကောင်းလှသည်။ သူက ပြည့်စုံခြင်းတံခါးကိုပင် အမှောင်နန်းတော်နှင့် တခြားဂိုဏ်းကြီးများ၏ အကာအကွယ်အောက်တွင် ရွှေ့ထားခဲ့သည်။
ပြည့်စုံခြင်းတံခါးက နီးကပ်လာသည်ကို မြင်သည့်အချိန်တွင် မုန့်ချီက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ အင်မော်တယ် ယွင်ဟယ်ကို နောက်တစ်ကြိမ် ထွက်လာခိုင်း၍ ရတော့မည် မဟုတ်ကြောင်း သူ သိနေခဲ့၏။
အင်မော်တယ်ယွင်ဟယ်က သူ့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး သူ၏ ယန်ဝိညာဉ်အဆင့်ကို ဖြတ်ကျော်ရန် ပြင်ဆင်မှုများ လုပ်ရဦးမည် ဖြစ်သည်။ သူက တံခါးတွင် စောင့်နေပြီး မုန့်ချီကို အချိန်တိုင်း အကူအညီပေးရန် မဖြစ်နိုင်တော့ပေ။
မုန့်ချီက ထိုအရာကို ရှင်းရှင်းလင်းလင်း နားလည်လိုက်၏။ ထို့ကြောင့် တွေဝေနေခဲ့ခြင်း မရှိပေ။ သိုင်းပညာရှင် တစ်ယောက် ဖြစ်သည့်အတွက် သူက တစ်ခါတစ်ရံ အကျိုးအမြတ် ရယူနိုင်သော အခွင့်အရေးတစ်ခု ရှိသည်။
သူ၏ သိုင်းပညာများကို တိုးတက်ချင်သည် ဆိုလျှင်တော့ သူ၏ ကိုယ်ပိုင်အစွမ်းကို အသုံးပြုပြီး ရန်သူများကို အနိုင်ယူရမည် ဖြစ်သည်။ သူ၏ပုံရိပ်ယောင်ခန္ဓာနှင့် ဓမ္မကာရအဆင့်ကို တက်လှမ်းချင်သည်ဆိုလျှင် ထိုအရာက အရေးကြီးဆုံးအချက် ဖြစ်သည်။
ထိုသို့ဆိုရာတွင် အနည်းနှင့် အများတော့ ခေါင်းကိုက်သွားသလို ခံစားလိုက်ရသည်။ သူက ပျော်ရွှင်ခြင်းကျောင်းဆောင်မှ ဘုန်းတော်ကြီးများကိုလည်း ဓားပြတိုက်၍ မရခဲ့ပေ။ အင်မော်တယ်ယွင်ဟယ်က သူနှင့်အတူ မရှိသည့်အတွက် သူက ပျော်ရွှင်ခြင်းကျောင်းဆောင်မှ ပညာရှင်များကို ယှဉ်နိုင်ခြင်းမရှိဘဲ သူတို့ဆီသို့ ရတနာများ သွားပေးလိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။
မုန့်ချီက ပြည့်စုံခြင်းတံခါးကို သိမ်းလိုက်ပြီး ရှေ့ကို ဂရုတစိုက် လျှောက်သွားခဲ့သည်။ သူကတော့ ကမ္ဘာဦးအသူရာကဲ့သို့ ထိပ်တန်းပညာရှင်များကို ရန်စမိခဲ့သည့်အတွက် သေချာသတိထားနေရသည်။ သူက သေမင်းပင်လယ်ထဲတွင် ရှိနေသော အင်မော်တယ်စခန်း၏ ဝင်ပေါက်ဆီသို့ ပြန်လာခဲ့သည်။
မုန့်ချီက စိမ်းပြာနန်းတော်ထဲတွင် သူ၏ဓားမောက်ကို မြှင့်တင်ရန်အတွက် စိုးရိမ်နေရန် အချိန်မရှိပေ။ ထိုအချိန်တွင် ဘိုးဘေးလင်းပေါင်က သူ့ကို စောင့်နေကြောင်း မြင်လိုက်ရသည်။
“ကုံဝမ်က မင်းကို ရှောင်လင်ကျောင်းတော်ဆီ ပြန်ခေါ်လာပြီး (၃)နှစ်တိတိ တံခါးပိတ်လေ့ကျင့်ခိုင်းဖို့ ဆရာကြီးလုကို တိတ်တဆိတ် ပြောခဲ့တယ်။ သူက မင်းကို ဗုဒ္ဓလက်ဝါး တတိယသိုင်းကွက် လေ့လာခွင့်ပေးဖို့ ဆန္ဒရှိတယ်။ ပန်းကူးလက်ညှိုးသိုင်း အပါအဝင် အရိုးကြွက်သားအားဖြည့်ကျင့်စဉ်တစ်ခုလုံးကိုလည်း သင်ကြားပေးလိမ့်မယ်။ သူက အတိတ်တုန်းက ဖြစ်ရပ်တွေအတွက် မင်းကို လျော်ကြေးပေးချင်နေသလို မင်းအတွက် အကူအညီ ပြန်ပေးချင်နေတာ။ မင်းက သဘောတူမှာလား…”
ဘိုးဘေးလင်းပေါင်က အပြုံးနှင့် ပြောလိုက်သည်။
သူက ဆန္ဒရှိသည့်အရာကို ရရှိခဲ့သည့်အတွက် အတော်လေး အဆင်ပြေနေပုံရ၏။
“ရှောင်လင်ကျောင်းတော်ကို ပြန်သွားပြီး ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာရမှာလား။ ပြီးတော့ အဆိုးဆုံးအခြေအနေက တံခါးပိတ် လေ့ကျင့်ရမှာလား…”
နောက်ပိုင်းတွင် ဘိုးဘေးလင်းပေါင် ပြောခဲ့သော အကျိုးအမြတ်များက စိတ်ဝင်စားစရာ ကောင်းသော်လည်း သူရရှိလာမည့် အခြေအနေများက အနည်းငယ် ဆိုးဝါးလှသည်။ သူက သူ့ဆရာအတွက် အခွင့်အရေးများကို လက်လွှတ်လိုက်သည်မှာ ကံကောင်းသွားသည်။ ထိုကဲ့သို့ အတွေးမျိုးကြောင့် မုန့်ချီက ခေါင်းကိုက်နေခြင်း မရှိတော့ချေ။
“သူက မင်းကို တော်တော်လေး မျှော်လင့်ထားတယ် ထင်တယ်။ နောက်ပိုင်းမှာ ရှောင်လင်ကျောင်းတော်ကိုပါ လက်လွှဲပေးချင်နေတာ ဖြစ်မယ်..”
ဘိုးဘေးလင်းပေါင်က ထပ်ပြီးပြောလိုက်သည်။
ထို့နောက် သူက သက်ပြင်းချလိုက်၏။
“မကောင်းဆိုးဝါးသခင်က ကုံကျန်းနဲ့ ဝူကျင်းရဲ့ နှလုံးသားထဲမှာ ရှိတဲ့ နတ်ဆိုးတွေကို လှုံ့ဆော်ပေးခဲ့တယ်။ အနည်းဆုံးတော့ သူတို့က (၁၀)နှစ်လောက် တစ်ယောက်တည်း ကျင့်ကြံနေရလိမ့်မယ်။ ကုံကျန်းက နတ်ဆိုးလမ်းစဉ်ကို ရောက်သွားတာ မကြာသေးတဲ့အတွက် မျှော်လင့်ချက် ရှိသေးတယ်။ ဝူကျင်းက ပြန်လှည့်နိုင်မလား ဆိုတာတော့ မပြောနိုင်တော့ဘူး…”
“ရှောင်လင်ကျောင်းတော်ရဲ့ ကျောင်းထိုင် ကျန်းတင်လား။ အဝါရောင်ဝတ်စုံကို ဝတ်ပြီး အနီရောင် ခြုံလွှာကို ဝတ်ထားတဲ့ ဘုန်းတော်ကြီးတစ်ပါးလား။ ပုတီးတစ်ကုံးကို ကိုင်ထားပြီး ကွင်း(၉)ကွင်း နဂါးတုတ်ကို ကိုင်ထားတဲ့ လူတစ်ယောက်လား..”
မုန့်ချီ၏ ခေါင်းထဲတွင် ထိုကဲ့သို့ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ သူက ရှုံ့မဲ့သွားခဲ့၏။ ထိုကဲ့သို့ မြင်ကွင်းများက သူကြည့်ပင် မကြည့်ဝံ့သော မြင်ကွင်းမျိုး ဖြစ်သည်။
“ဘိုးဘေး…
ကျွန်တော်က အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ရဲ့ ဓမ္မကာရအဆင့် သိုင်းကွက်ကို ရွေးချယ်လို့ ရပြီလား…”
မုန့်ချီက ခေါင်းစဉ်ပြောင်းပြီး မေးလိုက်သည်။
ဘိုးဘေးလင်းပေါင်က ပြုံးလိုက်၏။
“ရတာပေါ့…”
သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး နာမည်ရွေးချယ်သောနေရာဆီသို့ မုန့်ချီကို ခေါ်သွားခဲ့သည်။ ထိုနေရာသို့ သွားသောလမ်းတွင် မုန့်ချီကတော့ ဓမ္မကာရအဆင့် ပညာရှင်များ၏ တိုက်ပွဲအခြေအနေကို သေချာမေးခဲ့၏။
ဘိုးဘေးလင်းပေါင်က တာအို(၃)သွယ် ပေါင်းစည်းမှုအစွမ်းကို သုံးပြီး အင်မော်တယ်သတ်ဖြတ်ရေး ဝင်္ကပါကို သုံးသည့်အကြောင်း ကြားသည့်အခါ သူ့ခေါင်းထဲတွင် အတော်လေးကို လှုပ်ရှားသွားခဲ့သည်။
“ဒီလိုပုံစံ၊ ဒီလိုစွမ်းအားနဲ့ ဒီလိုအင်အားမျိုး…”
မုန့်ချီကတော့ အလွန်လေးလံသော ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကို ခံစားလိုက်ရသည်။ သူကတော့ သူ၏လမ်းကြောင်းနှင့် အလွန်ဝေးကွာနေသေး၏။
“ငါတို့ရဲ့ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ် စုဆောင်းမှုက ပြည့်စုံမှုမရှိဘူး။ ငါတို့ဆီမှာ ဓမ္မကာရအဆင့် သိုင်းကွက်နှစ်ခုပဲ ရှိတယ်…”
ဘိုးဘေးလင်းပေါင်က မိတ်ဆက်ပြီး ပြောလိုက်သည်။
“သူတို့ထဲက တစ်ခုကတော့ ခန္ဓာကိုယ်ကို နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်တဲ့ ကျင့်စဉ်တစ်ခုကနေ အသွင်ပြောင်းလာတာ။ အဲဒီအရာကို သက်ရှိဖန်တီးခြင်းလို့ ခေါ်တယ်။ အဲဒီသိုင်းကွက်က မင်းရဲ့သိုင်းပညာတွေကို မင်းရဲ့ပင်မဝိညာဉ်နဲ့ ပေါင်းစပ်နိုင်ပြီး တံခါးပေါက်တိုင်း ၊ အသွေးအသားတိုင်းနဲ့ ဆက်သွယ်နိုင်တယ်။ သူတို့အားလုံးမှာ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားတွေ ရှိလာနိုင်တယ်။ မင်းက အဲဒီအရာကိုသာ အမြင့်ဆုံးအထိ လေ့ကျင့်ပြီးသွားပြီဆိုရင် မင်းရဲ့ သွေးတစ်စက်ကနေတောင် လူအသစ်တစ်ယောက် ဖန်တီးလာနိုင်တယ်။ မင်းက ဓမ္မကာရအဆင့်ကို ရောက်သွားပြီဆိုရင် မင်းရဲ့ သွေးစက်လေးတစ်စက် ကျန်နေရုံနဲ့ လုံးဝ သေမှာ မဟုတ်တော့ဘူး…”
“ကျင့်ကြံသူရဲ့ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွမ်းအားတွေ ပေါင်းစပ်နိုင်မှတော့ ဆံပင်တစ်ချောင်းကလည်း ကိုယ်ပွားတစ်ခု ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ဓမ္မကာရအဆင့်ကတော့ သိပ်ပြီးထူးခြားမှု မရှိဘူး။ ဒါက အကူအညီသဘောမျိုး သက်သက်ပဲ…”
“ဒါပေမဲ့ မင်းက ဓမ္မကာရအဆင့်ကို ရောက်ပြီးသွားပြီဆိုရင်တော့ ဒါက စဉ်းစားစရာ ကောင်းလာပြီ။ အခု မင်းက ခြေလက်တွေအားလုံး ကျိုးသွားမယ် ဆိုရင်တောင် မင်းရဲ့စွမ်းရည်ကို မြှင့်တင်ဖို့ အာရုံစိုက်လိုက်မယ်ဆိုရင် ထိခိုက်မှုကို ခံနိုင်ရည်ရှိတယ်။ မင်းက ခြေလက်အသစ်တွေ ပြန်ပေါ်လာနိုင်တဲ့ ဆေးရည်တစ်ခုကို ရထားသလိုပဲ..”
မုန့်ချီက တန်ခိုးရှင် စွန်းဝူခုံး၏ဆံပင်မွေးမှ ကိုယ်ပွားများ ဖန်တီးနိုင်သည့် ဖြစ်စဉ်ကို ပြန်လည်စဉ်းစားမိပြီး မေးလိုက်သည်။
“ဝေ့ကျင်းအဆင့် ပညာရှင်တွေကရော ကိုယ်ပွားတွေ ဖန်တီးနိုင်လား…”
“ဖန်တီးနိုင်တယ်။ ဒါပေမဲ့ အများဆုံး ကိုယ်ပွား(၉)ခုပဲ ဖန်တီးနိုင်တယ်…” ဘိုးဘေးလင်းပေါင်က ပြန်ဖြေလိုက်၏။
မုန့်ချီက ထိုကျင့်စဉ်ကို အတော်လေး စိတ်ဝင်စားနေခဲ့သည်။ နောက်ပိုင်းတွင် ဓမ္မကာရအဆင့်ကို ရောက်လာပြီးနောက် ဆံပင်မွှေးပေါင်းများစွာက အကူအညီများ ဖြစ်လာမည်ကို တွေးလိုက်မည်ဆိုလျှင် သူနှင့်အတူ ရဲမက်တစ်သိန်းခန့် ရှိနေသည်နှင့် ညီမျှသည်။
“နေဦး။ တကယ်လို့ ငါက ဆံပင်တွေ ကုန်သွားမယ်ဆိုရင်ရော အကူအညီတွေ တောင်းလို့ ရဦးမှာလား။ ဒါက ဘုန်းကြီးတစ်ပါးနဲ့ ဘာထူးသွားလို့လဲ…”
မုန့်ချီက အံကြိတ်၍ ပြောလိုက်သည်။
“ဘိုးဘေး။ ဒုတိယကျင့်စဉ်ကရော ဘာလဲ…”
Translated by Hein Htet.