အခန်း (၅၇၀)
Vol. 38 Ch. 570
ဘိုးဘေးလင်းပေါင်က မုန့်ချီ၏အတွေးများကို ဖောက်မြင်နေရသည့်အလား ပြုံးလိုက်မိသည်။
“ဒုတိယသိုင်းကွက်ကတော့ ဖရိုဖရဲတွင်းနက်လို့ ခေါ်တယ်။ အဲဒါအရာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပြောင်းလဲမှုတွေအားလုံးကို ပျက်စီးသွားစေနိုင်ပြီး အချိန်တိုအတွင်း ဖရိုဖရဲတွင်းနက်နဲ့ ပေါင်းစပ်နိုင်တယ်။ ဒါဆိုရင် မင်းရဲ့စွမ်းအားတွေနဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားတွေက တစ်ခုတည်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ မင်းက ဒီသိုင်းကွက်ကို လေ့ကျင့်ပြီး အဆင့်မြင့်မြင့်ကို ရောက်သွားနိုင်မယ်ဆိုရင် လေဟာနယ်ကို ဖိနှိပ်နိုင်ပြီး အစစ်အမှန်လေဟာနယ် တွင်းပေါက်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ မင်းရဲ့လက်ကို မြှောက်လိုက်ရုံနဲ့ မင်းက ကြယ်စင်တန်းကြီးတစ်ခုကိုတောင် သုတ်သင်ပစ်နိုင်လိမ့်မယ်.”
“သူက မဟူရာတွင်းပေါက်တွေအကြောင်းကို ပြောနေတာလား…”
မုန့်ချီ၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ စတင်ထွက်ပေါ်လာခဲ့သည်။ အကယ်၍ သူကသာ ထိုသိုင်းကွက်ကို လေးလံပြီး အလွန်ကြောက်စရာကောင်းသော လက်နက်များနှင့် ပေါင်းစည်းလိုက်မည်ဆိုလျှင် အလွန်အဖျက်စွမ်းအားပြင်းထန်ပြီး လူတိုင်းကို ကြောက်လန့်စေနိုင်သော စွမ်းအားတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။
ထို့ကြောင့်လည်း တန်ခိုးရှင် စွန်းဝူခုံးက ရွှေတုတ်ကို လိုချင်နေခဲ့ခြင်း ဖြစ်သည်။ ထိုအရာက ပုံရိပ်ယောင်သန့်စင် ဓားမောက်သိုင်းပညာထဲမှ သိုင်းကွက်တစ်ခု ဖြစ်ပြီး ကောင်းကင်တူညီ သမုဒ္ဒရာဖျက်ဆီး တုတ်သိုင်းပညာနှင့် တူညီနေခဲ့သည်။ ထိုအရာက ခွန်အားများကို စုစည်းရန် အဓိက အလေးထားရသည်။ သန့်စင်မှော်အရှင်နှင့် တန်ခိုးရှင်စွန်းဝူခုန်းတို့က ထိုအစွမ်းကို အသုံးပြုခဲ့သည့် မြင်ကွင်းများကို ပြန်လည်စဉ်းစားခဲ့မိသည်။
သူ သတိပြန်ဝင်လာသည့်အချိန်မှသာ ဘိုးဘေးက ဆက်ပြောလိုက်၏။
“တတိယသိုင်းကွက်ကတော့ မင်းကို ကောင်းကင်သိစိတ်လို အရာမျိုး ပိုင်ဆိုင်စေနိုင်တဲ့ ဓမ္မကာရအဆင့် ထိပ်သီးသိုင်းကွက်တစ်မျိုးပဲ။ အဲဒီအရာက ဗောဓိမျက်လုံးကို မြှင့်တင်ပေးနိုင်တယ်။ တကယ်လို့ မင်းကသာ အမြင့်ဆုံးအဆင့်ထိ လေ့ကျင့်လိုက်မယ်ဆိုရင် ပုံရိပ်ယောင်တွေကို ဖောက်မြင်နိုင်ပြီး အနှစ်သာရတွေ၊ ပြောင်းလဲမှုတွေကို နားလည်လာလိမ့်မယ်။ ပြီးတော့ ပင်မဝိညာဉ် တိုက်ခိုက်မှုတွေကိုလည်း ခုခံနိုင်လိမ့်မယ်။ အဲဒါက မင်းကို တတိယမျက်လုံးတစ်ခု ဖွင့်ဖို့ ကူညီပေးနိုင်ပြီး ဆံချည်တစ်မျှင်လောက် ပါးလွှာတဲ့ အလင်းတန်းလေးတွေကို ဖြာထွက်စေနိုင်တယ်။ ပြီးတော့ ပြိုင်ဘက်ရဲ့ပင်မဝိညာဉ်ကို တိုက်ခိုက်နိုင်တယ်…”
“ဒါပေမဲ့ ဒီကျင့်စဉ်က လေ့ကျင့်ဖို့ တော်တော်လေး ခက်ခဲတယ်။ ငါ ရထားတဲ့ မှတ်တမ်းတွေအရ မင်းမှာ ဗုဒ္ဓသဘာဝ မရှိရင် အဲဒီအရာကို နားလည်ဖို့ကတောင် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်တယ်။ လူတစ်ယောက်ချင်းဆီတိုင်းမှာ ဗောဓိနှလုံးသား ရှိနေတဲ့အတွက် ဗောဓိမျက်လုံးကျင့်စဉ်ကို သင်ယူနိုင်တယ်လို့ ဓမ္မစာပေတွေက ငါတို့ကို ပြောထားတယ်။ ကမ္ဘာကြီးရဲ့အရေးကိစ္စတွေက ငါတို့ကို မျက်လုံးမဖွင့်အောင် တားဆီးပေးထားရုံသက်သက်ပဲ…”
“လူတစ်ယောက်က စိန်ခေါ်မှုတွေ အများကြီး ကြုံပြီးတဲ့နောက်မှာ အဲဒီမျက်လုံးကို ဖွင့်ဖို့အတွက် ပြင်ပအကူအညီတွေ ရနိုင်သလို ဆေးရည်တွေကိုလည်း အသုံးပြုနိုင်တယ်။ ဒါပေမဲ့ အဲဒါက ဖြတ်လမ်းနည်းသက်သက်ပဲ။ ရလဒ်က အဲဒီကျင့်စဉ်ရဲ့ အကျိုးသက်ရောက်မှုကို နည်းပါးသွားစေနိုင်တယ်။ အဆုံးမှာတော့ အဲဒီနည်းလမ်းက ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်အန္တရာယ်တွေပဲ ချန်ထားခဲ့လိမ့်မယ်…”
ဘိုးဘေးလင်းပေါင်၏ ရှင်းလင်းမှုကို ကြားသည့်အခါ မျက်နှာဖုံးအောက်တွင် ရှိနေသော မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါက ဘယ်သိုင်းကွက်ကို ရွေးချယ်ရမှာလဲ…”
သူက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်ကို အဓိက အလေးထားခြင်း ဖြစ်သည်။ ဓမ္မကာရအဆင့်နှင့် ပတ်သက်သော အကြောင်းအရာများကို ထိတွေ့လာရသည့် အချိန်တွင် ဝေ့ကျင်းအဆင့် သိုင်းကွက်များတွင် လေ့ကျင့်နိုင်မည် ဆိုလျှင်တော့ ပို၍အကျိုးသက်ရောက်မှု ရှိပေလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သူက အဓိကဖြစ်သော အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်နှင့် ကောင်းကင်ရွှေကျင့်စဉ်တို့ကို ပေါင်းစပ်ထားပြီး ကိုယ်ပိုင်လမ်းကြောင်း တည်ဆောက်နေခဲ့သည်။
သူက အမှားမရှိစေရန်အတွက် ထိုအရာများကို သေချာလေ့လာရန် လိုအပ်နေသေး၏။ သူ၏ကနဦး ရည်မှန်းချက်ကို စဉ်စားလိုက်ပြီးနောက် သူက သက်ရှိဖန်တီးခြင်း သိုင်းကွက်ကို တိုက်ရိုက်ရွေးချယ်လိုက်ခြင်းက ပို၍သင့်တော်လှသည်။
ထိုသို့ဆိုလျှင် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်က ခန္ဓာကိုယ်ကို သူတော်စင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိသည်။ ထို့ပြင် သူ့ဆီ၌ ဆုတောင်း(၃)မျိုး လက်သီးသိုင်းနှင့် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်၊ ကောင်းကင်မိုးကြိုး(၅)ချက်ကဲ့သို့ ဓမ္မကာရအဆင့် သိုင်းကွက်များလည်း ရှိနေသေးသည်။
ထို့ပြင် သူ့ဆီ၌ သူ၏ ပုံရိပ်ယောင်ခန္ဓာနှင့် အသင့်တော်ဆုံးနည်းလမ်းများရှိနေပြီး လက်ရှိ၌ ဓမ္မကာရအဆင့် သိုင်းကွက်များအပြင် တဟုန်ထိုး ဓားသိုင်းကိုလည်း အသုံးပြုနိုင်သေးသည်။ သူ့ဆီတွင် တိုက်ခိုက်ရေးနည်းလမ်းများ ရှားပါးမှု မရှိပေ။ သူက ဖရိုဖရဲတွင်းနက်ကို ချက်ချင်း အသုံးပြုရန် လိုအပ်နေခြင်း မရှိသေးပေ။
သူက ယင်ယန်တံဆိပ်နှင့် ‘ ငါ၊ ထူးခြားမှုနှင့် အမှန်တရား’သိုင်းကွက်၏ အခြေခံများကိုလည်း နားမလည်နိုင်သေးပေ။ ထို့ကြောင့် သူတို့၏ တိကျသော အသုံးဝင်မှုများကို မသိသေးပေ။ ထိုအရာများက တိုက်ခိုက်ရန် အသုံးပြုနိုင်ကြောင်းသာ သိနေခဲ့သည်။
ဗောဓိမျက်လုံးက အလွန်အစွမ်းထက်သော အကူအညီတစ်ခု ဖြစ်နိုင်၏။ နောက်ပိုင်း နတ်ဘုရားကမ္ဘာကြီးနှင့် အနောက်သို့ ခရီးသွားခြင်း ကမ္ဘာကြီးထဲတွင် တာဝန်များကို လုပ်ဆောင်ရာ၌ ပို၍အသုံးဝင်နိုင်သည်။ ထိုကမ္ဘာကြီးထဲတွင် အသွင်ပြောင်းနိုင်သော ပညာရှင်ပေါင်းများစွာ ရှိနေပြီး လူတစ်ယောက်၏ ပင်မဝိညာဉ်ကို ပစ်မှတ်ထားနိုင်သော လျို့ဝှက်ကျင့်စဉ်များလည်း ရှိနေ၏။
ထိုကျင့်စဉ်ကို လေ့ကျင့်ခြင်းက အတော်လေး အချိန်ကုန်နိုင်ပြီး သူက နားလည်နိုင်ခြင်း ရှိမရှိ မသေချာသေးပေ။ ယခုအချိန်တွင် သူက အခွင့်အရေးတစ်ခုကိုလည်း ဖြုန်းတီးလိုခြင်း မရှိချေ။ သူက ခဏကြာစဉ်းစားနေပြီး ရွေးချယ်မှုများကို ယေဘူယျအားဖြင့် ဆုံးဖြတ်လိုက်သည်။
“ဘိုးဘေး…
ကျွန်တော်က သက်ရှိဖန်တီးခြင်းကျင့်စဉ်ကိုပဲ ရွေးချယ်လိုက်မယ်…”
ထိုအရာ၏ သက်ရောက်မှုက သူ့ခန္ဓာကိုယ်ကို ပို၍လျင်မြန်စွာ ကုသလာနိုင်ပြီး ခန္ဓာကိုယ်စွမ်းရည်ကို ပို၍ တိုးတက်လာစေနိုင်သည်။
ဘိုးဘေးလင်းပေါင်ကတော့ မှတ်ချက်ပေးခြင်း မရှိဘဲ ဝါးကျောက်စိမ်းကျမ်းစာ တစ်ခုကိုယူ၍ မုန့်ချီကို ကမ်းပေးလိုက်၏။ သူက စိတ်ဝိညာဉ်လွှဲပြောင်းမှုမှတစ်ဆင့် ထိုအရာကို သင်ယူနိုင်သည်။ သူ၏စိတ်ဝိညာဉ်က ရှေ့သို့ ရောက်သွားပြီး ဝါးကျောက်စိမ်းသိုင်းကျမ်းဆီကို ဝင်ရောက်သွားခဲ့၏။
သူ၏ပင်မဝိညာဉ်နှင့် သိုင်းပညာက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားကြောင်း ခံစားမိလိုက်သည်။ ထို့သေူ၏မျက်လုံးက ပုခုံးရှိရာကို စိုက်ကြည့်နေပြီး ပုခုံးက ပါးစပ်ကို စိုက်ကြည့်နေသည်။ ပါးစပ်က ရင်ဘတ်ကို စိုက်ကြည့်နေခဲ့၏။
ခန္ဓာကိုယ်ထဲတွင် ရှိနေသော အသွေးအသား တစ်ခုဆီတိုင်းက အသက်ဝင်လာပြီး မုန့်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လာခဲ့သည်။ မုန့်ချီကတော့ ခန္ဓာကိုယ်ထဲရှိ အံ့သြစရာပြောင်းလဲမှုများကြောင့် အတော်လေး မှင်သက်နေမိခဲ့၏။
သူက အချိန်တော်တော် ကြာပြီးမှသာ သတိပြန်ဝင်လာခဲ့သည်။ သူက မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ့မျက်လုံးထဲ၌ အသက်စွမ်းအင်များ ပြည့်နှက်နေသည့်အတွက် အတော်လေးကို သဘောကျနေခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲတွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်များ ပြည့်နှက်နေကြောင်း သူလည်း မသိခဲ့ပေ။ အကယ်၍ သူကသာ ထိုကျင့်စဉ်ကို အမြင့်ဆုံး လေ့ကျင့်နိုင်မည်ဆိုလျှင် သူ၏အသွေးအသားအစ တစ်ခုဆီတိုင်းက စကြဝဠာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပြီး စကြဝဠာတစ်ခု၊ ကိုယ်ပိုင်ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်မည်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။
“မင်းက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို နားလည်ပြီးသွားပြီဆိုတော့ အတော်လေးကို နာမည်ကြီးသွားပြီ။ မင်းက လူတချို့ ဒေါသထွက်တာကိုတောင် ခံရနိုင်တယ်။ ဒီတော့ မင်းက အချိန်အတိုင်းအတာတစ်ခုအထိ သိုသိုသိပ်သိပ် နေထိုင်ပြီး မင်းရဲ့ကျင့်စဉ်ကိုပဲ အလေးထားတာ ပိုကောင်းမယ်…”
ဘိုးဘေးလင်းပေါင်က သူ့ကို အကြံပေးလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
“ကျွန်တော်လည်း အဲဒီလိုပဲ စဉ်းစားထားပါတယ်…”
သူ၏အစီအစဉ်က တိတ်ဆိတ်သော နေရာတစ်ခုတွင် နှစ်လခန့် လေ့ကျင့်နေပြီး မြစ်အရှေ့ပိုင်းတွင် သူ၏လက်အောက်ခံအဖွဲ့နှင့် သွားတွေ့ရန် စဉ်းစားထားသည်။ ထို့နောက် သူက အရှေ့ဝင်ရိုး အင်မော်တယ်ဆေးရည်ကို ရောင်းချပြီး နတ်ဘုရားကမ္ဘာကြီး တာဝန်မစခင် တတိယကောင်းကင်အဆင့် ဝေ့ကျင်းအဆင့်ကို တက်လှမ်းရန် ပြင်ဆင်ထားချင်နေ၏။
ဘိုးဘေးလင်းပေါင်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အင်မော်တယ်တွေမှာ အကူကမ္ဘာတစ်ခု ရှိတယ်။ အချိန်ကာလက ပင်မကမ္ဘာကြီးနဲ့ သိပ်ပြီးမကွာဘူး။ အဲဒီမှာရှိတဲ့ ချီစွမ်းအင်တွေက မင်းရဲ့ကျင့်စဉ်ကို အေးအေးဆေးဆေး လေ့ကျင့်စေနိုင်ပြီး ပြင်ပအနှောင့်အယှက်တွေကနေ မင်းကို တားဆီးပေးနိုင်တယ်။ အခုအချိန် ငါတို့ဆီမှာလည်း သင့်တော်တဲ့ တာဝန်တစ်ခု ရှိနေတယ်။ တကယ်လို့ မင်းက လက်ခံလိုက်မယ်ဆိုရင် အကူကမ္ဘာကြီးထဲကို ဝင်သွားနိုင်တယ်။ မင်းက လေ့ကျင့်နေရင်း တာဝန်ပြီးအောင် လုပ်လိုက်ရုံပဲ…”
“ဒါက တရားဝင် အဖွဲ့သားတစ်ယောက် ဖြစ်လာပြီး လက်ခံရမယ့် ပထမဆုံး တာဝန်လား..”
မုန့်ချီက အံ့သြနေခဲ့ခြင်း မရှိချေ။
သူ့ဆီတွင် သံသယများ ပြည့်နှက်နေခဲ့သည်။
“ဘိုးဘေး…
ကျွန်တော်က အကူကမ္ဘာကြီးထဲကို ဝင်ချင်တယ်ဆိုရင် တာဝန်ကို အရင်ဆုံး လက်ခံရမယ်လို့ ပြောချင်တာလား။ အဲဒါက အင်မော်တယ်တွေရဲ့ အကူကမ္ဘာကြီး မဟုတ်ဘူးလား..”
ဘိုးဘေးလင်းပေါင်က ခေါင်းညိတ်ပြောလိုက်သည်။
“ဒါက သံသရာအရှင်သခင် ကန့်သတ်ထားတဲ့ ကန့်သတ်ချက်တွေပဲ။ မင်းက သင့်တော်တဲ့ တာဝန်ကို လက်ခံပြီးမှပဲ ဝင်ပေါက်ကို ဝင်ခွင့်ရှိတယ်။ ဒါပေမဲ့ စိမ်းပြာနန်းတော်နဲ့ အကူကမ္ဘာကြီးရဲ့ကြားထဲမှာ ဆက်သွယ်မှုတွေ ရှိနေတော့ သတင်းအချက်အလက်တွေ တာဝန်ခွဲဝေမှုတွေကိုတော့ လုပ်လို့ရတယ်။ ဒါကြောင့် မင်းက ဘာမှ မစိုးရိမ်ပါနဲ့…”
“သံသရာအရှင်သခင်ရဲ့ ကန့်သတ်ချက်တွေက နေရာတိုင်းမှာပါပဲလား…”
မုန့်ချီက သူ့ကိုယ်သူ လှောင်ပြောင်လိုက်မိသည်။ သို့သော် ဘိုးဘေး၏အဖြေက သူ၏သံသယများကို ဖယ်ရှားပေးလိုက်၏။
“ဘိုးဘေး…
အကူကမ္ဘာကြီးထဲမှာရှိတဲ့ အန္တရာယ်တွေအရ အဲဒီနေရာမှာ လေ့ကျင့်လို့ ရနိုင်ပါ့မလား”
သူက မေးလိုက်သည်။
ဘိုးဘေးလင်းပေါင်က ယာယီ တိတ်ဆိတ်သွားခဲ့သည်။
“အခုအချိန်မှာတော့ အန္တရာယ် မရှိသေးဘူး။ မင်းရဲ့လက်ရှိအစွမ်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လုံလောက်တာထက်တောင် ပိုပါသေးတယ်။ အစကတော့ အဲဒီပဋိပက္ခတွေကြောင့် ငါလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သေးတယ်။ ငါက အဖြေရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ငါက အကူကမ္ဘာကြီးကို လက်ခံခဲ့တာ။ အကူကမ္ဘာကြီးက စိမ်းပြာနန်းတော်နဲ့ ပတ်သက်မှုကြောင့် ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။ မဟုတ်ရင် ငါက ပြောင်းလဲလိုက်တာကြာပြီ…”
“ကျွန်တော် နားလည်ပါပြီ …”
မုန့်ချီက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး သံသယများကို ဖယ်ရှားလိုက်သည်။ အကယ်၍ ထိုအရာက ဘိုးဘေးပင် မဖြေရှင်းနိုင်သော ပဟေဠိတစ်ခု ဖြစ်နေမည်ဆိုလျှင် သူက ထိုအရာကို စိုးရိမ်နေရန် မလိုအပ်သေးပေ။ သူက ထိုနေရာတွင် လေ့ကျင့်ပြီး တာဝန်ပြီးဆုံးရန်သာ လိုအပ်သည်။
သူက စိုးရိမ်နေရန် မလိုကြောင်း ပြောနေသည့်အတွက် သူ့ခေါင်းထဲတွင်လည်း ထင်မြင်ချက်များစွာ ရှိနေခဲ့သည်။ ထိုအကူကမ္ဘာကြီးက စိမ်းပြာနန်းတော်နှင့် ဆက်သွယ်ထားသည်ဆိုလျှင် နတ်ဘုရားကမ္ဘာကြီးနှင့် ပတ်သက်နေခြင်းပေလော။
“ဘိုးဘေး …
ကျွန်တော့်ရဲ့တာဝန်က ဘာလဲ…”
မုန့်ချီက သူ့အတွေးများကို ဖိနှပ်ပြီး ပြောလိုက်သည်။
“အကူကမ္ဘာကြီးထဲမှာ အင်မော်တယ်သုတ်သင်ရေးနယ်မြေလို့ခေါ်တဲ့ သမုဒ္ဒရာရေပြင်တစ်ခု ရှိတယ်။ အဲဒီရေပြင်ထဲမှာ တစ်နှစ်ပတ်လုံး မြူခိုးတွေ၊ လျှပ်စီးတွေနဲ့ ပြည့်နှက်နေတာ။ အဲဒီနေရာက ကောင်းကင်အပြစ်ပေးမှုကို ဖန်တီးနိုင်တဲ့ နေရာတစ်ခုလိုမျိုးပဲ။ ဒါကြောင့် ဘယ်နေရာကို ဦးတည်မှန်း မသိတဲ့ အက်ကွဲကြောင်းတွေ အများကြီး ရှိတယ်။ ဝေ့ကျင်းအဆင့် ပညာရှင်တွေတောင် အဲဒီအက်ကွဲကြောင်းထဲကို ဝင်မသွားရဲဘူး…”
ဘိုးဘေးလင်းပေါင်က ပြောလိုက်သည်။
“ငါ့ရဲ့အကူအညီနဲ့ အဲဒီကမ္ဘာကြီးထဲမှာရှိတဲ့ ဘုရင်တွေက အင်မော်တယ်သုတ်သင်ရေး နယ်မြေကို ဖြတ်ကျော်ဖို့အတွက် ရေလမ်းကြောင်းတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။ သူတို့ရဲ့ရှာဖွေရေးအဖွဲ့က အရင်းအမြစ်တွေ၊ မကောင်းဆိုးဝါးတွေ အများကြီး ပြည့်နေတဲ့ နယ်မြေအသစ်ကြီးတစ်ခုကိုလည်း ရှာတွေ့ခဲ့တယ်။ အဲဒီနယ်မြေကို တော်ဝင်မိသားစုတွေ၊ အထက်တန်းလွှာမိသားစုတွေနဲ့ ဂိုဏ်းတွေက သဘောကျနေကြတာ…”
“နှစ်ပေါင်းများစွာ ကြာလာတော့ သူတို့ရဲ့နယ်မြေထဲမှာ မြို့သားတွေ ပျောက်ကွယ်သွားပြီး ပြစ်မှုကျူးလွန်သူတွေကို အဲဒီနေရာဆီ စေလွှတ်ခဲ့တယ်။ အဲဒီနောက် ဘုရင်တွေက အဲဒီနေရာမှာ မြို့(၅)မြို့ တည်ထောင်ပြီး မြို့စား(၅)ယောက် ခန့်အပ်ခဲ့တယ်…”
“အဲဒီကျွန်းရဲ့အပြင်ဘက်မှာ နေထိုင်တဲ့ ဘုရင်ကြီးကတော့ အုပ်စိုးမှု အားနည်းတဲ့ ပြဿနာကို ခံစားခဲ့ရတယ်။ အဲဒီရေလမ်းကြောင်းက တစ်နှစ်ကို (၃)လပဲ အသုံးပြုလို့ ရတဲ့အတွက် အဲဒီမြို့စား(၅)ယောက်က သီးခြားတည်ထောင်ဖို့အတွက် ဆန္ဒတွေ ပေါ်လာကြပြီး မကောင်းဆိုးဝါးဂိုဏ်းတွေ၊ လူဆိုးတွေနဲ့ တိတ်တဆိတ် ပူးပေါင်းခဲ့ကြတယ်…”
“တစ်ခုခု မှားယွင်းနေတာကို တော်ဝင်မိသားစုက တဖြည်းဖြည်း သတိထားမိလာတဲ့အတွက် အစွမ်းထက် နန်းတွင်းတမန်တော် နှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် စေလွှတ်ခဲ့တယ်။ သူတို့တွေကတော့ အမှန်တရား ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြို့စားတွေကို အစားထိုးဖို့ ရည်ရွယ်ခဲ့တာပဲ။ ဒါပေမဲ့ အဲဒီတမန်တော် နှစ်ယောက်လုံးက အဲဒီကျွန်းတွေပေါ်တောင် မရောက်သေးဘဲ နတ်ဘုရားသုတ်သင်ရေး နယ်မြေထဲမှာ သေသွားခဲ့ကြတယ်။ မြို့စား(၅)ယောက်လုံးကတော့ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့တာပေါ့…”
“တတိယမြောက် တော်ဝင်တမန်တော်ကို ခေါ်သွားပေးဖို့အတွက် အကူအညီမဲ့နေတဲ့ တော်ဝင်မိသားစုက စိမ်းပြာနန်းတော်မှာ ရှိနေတဲ့ အင်မော်တယ်တွေကို အကူအညီတောင်းခဲ့တယ်။ ဒီတာဝန်ရဲ့ ဆုလာဒ်ကိုတော့ မင်းတစ်ယောက်တည်းပဲ ပိုင်ဆိုင်ရလိမ့်မယ်…”
ဘိုးဘေးစကားအရ ထိုဖြစ်စဉ်တွင် ပါဝင်သောသူများ၏အစွမ်းများအရ ထိုတာဝန်က ထူးထူးခြားခြား ခက်ခဲပုံ မရချေ။ မုန့်ချီက တိတ်တဆိတ် နားထောင်နေပြီး သူ့ဆီတွင် ကန့်ကွက်ရန် ဆန္ဒမရှိကြောင်း ပြသနေခဲ့သည်။ သို့သော် သူ့ဆီတွင် မေးခွန်းတစ်ခု ရှိနေသည်။
“ငါက အဲဒီကို ကောင်းကင်ဘိုးဘေးမျက်နှာဖုံးနဲ့ သေချာပေါက် သွားရလိမ့်မယ်။ ဒါပေမဲ့ ငါက စိမ်းပြာနန်းတော်ရဲ့ကောင်းကင်ဘိုးဘေးလို့ ကိုယ့်ကိုယ်ကိုယ် ခေါ်ရတာတော့ တော်တော်လေး ထူးဆန်းနေတယ်..”
သူတို့ပြီးဆုံးသွားကြောင်း မြင်လိုက်သည့်အခါ ဘိုးဘေးလင်းပေါင်က မုန့်ချီကို ထွက်သွားရန် အချက်ပြလိုက်ပြီး အင်မော်တယ်လမ်းကြောင်းထဲတွင် တာဝန်လက်ခံရန် ပြောလိုက်သည်။
မုန့်ချီက အပြင်သို့ ထွက်တော့မည့် အချိန်တွင် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။ “ဘိုးဘေး…
လန်ကီကျောင်းဆောင်က ပညာရှင်က ဘေသဇ္ဇဂုရု ဗောဓိတဗ္ပလား..”
“ဟုတ်တယ်။ သူ့ရဲ့ဆရာက နောက်ပိုင်းနှစ်တွေမှာ ဓမ္မကျမ်းစာတွေကို ဖြန့်ဝေပေးခဲ့တဲ့ ချန္ဒပဗ္ဗ ဗောဓိတဗ္ပရဲ့ စကားတွေကို နားထောင်ခဲ့ဖူးတယ်..”
ဘိုးဘေးလင်းပေါင်က အသက်အကြီးဆုံး ဓမ္မကာရအဆင့်ပညာရှင်များထဲမှ တစ်ဦး ဖြစ်သည့်အတွက် လျှို့ဝှက်သမိုင်းကြောင်းတချို့ကို နားလည်နေခဲ့သည်။ ချန္ဒပဗ္ဗ ဗောဓိတဗ္ပ ၊ မဟာဗောဓိတဗ္ပက ဘေသဇ္ဇဂုရု ဗုဒ္ဓ၏ အနီးကပ်ဆုံး သာဝကများထဲမှ တစ်ပါး ဖြစ်သည်။
မုန့်ချီက အံ့သြမှင်တက်နေခဲ့သည်။
“ချန္ဒပဗ္ဗ ဗောဓိတဗ္ပလား။ ဒါဆိုရင် လန်ကီကျောင်းဆောင်က ပညာရှင်က အသက်ရှင်နေတာ ဘယ်လောက်ကြာနေပြီလဲ…”
ချန္ဒပဗ္ဗ ဗောဓိတဗ္ပက နတ်ဆိုးဗုဒ္ဓ၏ ပဋိပက္ခများ မတိုင်ခင် သမိုင်းမှတ်တမ်းများထဲတွင် ပေါ်လာခဲ့ဖူးသည်။
ဘိုးဘေးလင်းပေါင်က ပြောလိုက်၏။
“သမ္ဘောဂကာရဆိုတာက သက်တမ်းကို ဆွဲဆန့်ဖို့ လေ့ကျင့်နိုင်တဲ့ နည်းလမ်းတစ်ခုဆိုတာ မင်း မသိဘူးလား။ သူတို့ရဲ့ သက်တမ်းတွေက သာမန် အဆင့်တူတွေထက်တောင် အဆများစွာ ပိုပြီး ရှည်လျားကြတယ်။ တကယ်လို့ သူတို့ကသာ သမ္ဘောဂကာရကျင့်စဉ်ကို အမြင့်ဆုံးထိ လေ့ကျင့်နိုင်မယ်ဆိုရင် ကမ္ဘာမြေကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲနိုင်ပြီး ဗုဒ္ဓလမ်းစဉ်တစ်ခုဖြစ်အောင် ပြောင်းလဲနိုင်တယ်။ သူတို့က အင်မော်တယ်တွေပဲ။ သူတို့က ဒီကမ္ဘာကြီးထဲမှာ လုံးဝ မသေနိုင်တော့ဘူး…”
“ချန္ဒပဗ္ဗ ဗောဓိတဗ္ပက နတ်ဆိုးဗုဒ္ဓရဲ့ဖျက်ဆီးမှုတွေ မတိုင်ခင် ပျောက်ကွယ်သွားခဲ့တယ်။ ဒါပေမဲ့ လန်ကီကျောင်းဆောင်က ပညာရှင်ကတော့ နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ပြီးမှပဲ ပျောက်ကွယ်သွားနိုင်တယ်။ လန်ကီကျောင်းဆောင်ရဲ့သမ္ဘောဂကာရ သန့်စင်နယ်မြေက သူ့ရဲ့သန့်စင်နယ်မြေ တစ်စိတ်တစ်ပိုင်းကို အမွေဆက်ခံထားတာ။ ကျောင်းဆောင်ထဲမှာရှိတဲ့ ရှေးဟောင်းစာအုပ်တွေ မှတ်တမ်းတွေကလည်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တာ…”
“ဒါဆိုရင် လန်ကီကျောင်းဆောင်က ပညာရှင်က နှစ်ပေါင်း(၁၀၀၀)ကျော် အသက်ရှင်ခဲ့တယ်လို့ ပြောချင်တာလား။ တကယ်လို့ သမ္ဘောဂကာရ ကျင့်ကြံသူတွေကသာ အဲဒီလောက် အသက်ရှည်မယ်ဆိုရင် ဒီနည်းလမ်းက သိုင်းပညာကျင့်ကြံဖို့အတွက် ပိုပြီးတော့ ကောင်းနေတာလား…”
ချန္ဒပဗ္ဗ ဗောဓိသဗ္ပက နတ်ဆိုးဗုဒ္ဓ မဖျက်စီးခင် အချိန်အထိ အသက်ရှင် နေထိုင်ခဲ့နိုင်သည်။ ထို့သို့ဆိုလျှင် ဘေသဇ္ဇဂုရု ဗုဒ္ဓ၏ သက်တမ်းကရော မည်သို့ ရှိနိုင်မည်နည်း။
ဘိုးဘေးလင်းပေါင်က ခေါင်းခါပြလိုက်သည်။
“သမ္ဘောဂကာရ စွန့်လွှတ်ခြင်းကျင့်စဉ်ဆိုတာက ကန့်သတ်ချက်တွေ တော်တော်လေး များတယ်။ မင်းရဲ့ခန္ဓာကိုယ်၊ စိတ်နဲ့ အရာခပ်သိမ်းက အပေးအယူ သဘောမျိုးနဲ့ ကမ္ဘာမြေကြီးရဲ့စည်းမျဉ်းတွေ အနှစ်သာရတွေကို တိတိကျကျ လိုက်နာရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ဆုကြီးပန်ထားတာကို လုံးဝ ဖောက်ဖျက်လို့ မရဘူး။ မဟုတ်ရင် တခဏလေးအတွင်း မင်းရဲ့ သမ္ဘောဂကာရကျင့်စဉ်က ပျက်စီးသွားရလိမ့်မယ်။ အဲဒီအရာက ငါတို့တွေလို လွတ်လွတ်လပ်လပ် ရွေးချယ်လို့ မရနိုင်ဘူး။ ဒါကြောင့်ပဲ သူက ဗုဒ္ဓလက်ဝါး ပင်မလမ်းညွှန်ချက်ကို လုမယူခဲ့တာပဲ။ ဒါကြောင့်ပဲ ဓမ္မကာရအဆင့် ပညာရှင်တွေက သူ့ရဲ့ကတိကို သံသယ မဝင်ကြတာပဲ..”
မုန့်ချီက ချက်ချင်း နားလည်သွားခဲ့သည်။ သူက ခေါင်းထဲတွင် ရှိသော ပြဿနာများကို အဖြေရသွားပြီးနောက် စိမ်းပြာနန်းတော်ထဲမှ ထွက်လာပြီး အင်မော်တယ် လမ်းကြောင်းထဲသို့ လျှောက်လာခဲ့သည်။
သူက အလယ်တွင် ရှိနေသော ကျောက်စိမ်းတိုင်လုံးဆီသို့ ရောက်လာပြီး ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်၏သွေးနှင့် ဒေါင်းတောင်ပံများကို စစ်ဆေးကြည့်လိုက်သည်။
သူတို့က မိစ္ဆာဘုရင်၏ ပစ္စည်းများဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် သူက ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်၏ သွေးစက်(၁၁)စက်ကိုသုံးပြီး သူ၏ကောင်းကင်ပြစ်ဒဏ်ဓားကို အဆင့်မြှင့်ရန် သုံးလိုက်သည်။ သူက ဒေါင်းအတောင်များကိုတော့ ချင်းဟွမ်တာအိုသခင်ဝတ်ရုံကို အဆင့်မြှင့်ရန် အသုံးပြုခဲ့သည်။
ကံကြမ္မာအမှတ်(၃၀၀) ပေးလိုက်သည့်အချိန်တွင် သူ၏ဓားက ယခင်တုန်းကထက် ပို၍ လေးလံလာခဲ့သည်။ အမှန်အတိုင်းပြောရလျှင် ထိုအရာက အတိတ်တုန်းကထက် အဆပေါင်းများစွာ ပို၍လေးလံလာခဲ့ပြီး မုန့်ချီ ကိုင်နိုင်ရုံသာ ရှိသည်။ လျှပ်စီးကြောင်းများက ခရမ်းရောင် ပြောင်းလဲသွားခဲ့ပြီး ယခင်တုန်းကထက် ပို၍ အစွမ်းထက်လာခဲ့၏။
သူ့ဓားက ယခုအချိန်အထိ ထိပ်တန်း အဖိုးတန်လက်နက်အဆင့်ကို မရောက်ရှိသေးသော်လည်း သိပ်မလိုတော့ပေ။
“ကောင်းကင်ပြစ်ဒဏ်ဓား - အလယ်အလတ်အဆင့် အဖိုးတန်လက်နက်။ ကောင်းကင်မိုးကြိုးနဲ့ ဖန်တီးထားတဲ့ ဓားသွား။ မိုးကြိုးသစ်သားနဲ့ ဖန်တီးထားတဲ့ လက်ကိုင်ရှိတယ်။ ဒီလက်နက်ထဲမှာ ရှေးဟောင်းမိုးကြိုးကျောက်တုံးရဲ့အစွမ်း၊ မိုးကြိုးတံဆိပ်နဲ့ ခြေတစ်ချောင်း ကျွဲမိစ္ဆာဘုရင်ရဲ့ သွေးစက်(၁၁)စက်ကို ပေါင်းစည်းထားတယ်။ အဲဒီအရာက ထူးထူးခြားခြားကို လေးလံလွန်းတယ်။ လျှပ်စီးကြောင်းမျိုးစုံကို သေချာပေါက် ထိန်းချုပ်နိုင်တယ်။ ဒီလက်နက်က ကံကြမ္မာအမှတ် (၅၉၀၀) တန်ကြေးရှိတယ်…”
“ဒါက တကယ်ပဲ လျှပ်စီးကြောင်းမျိုးစုံကို ထိန်းချုပ်နိုင်တာလား…”
မုန့်ချီက ဓားပေါ်တွင်ရှိနေသော ခရမ်းရောင် လျှပ်စီးကြောင်းများကို ကြည့်နေရင်း အနည်းငယ် အံ့သြသွားခဲ့သည်။ သူက ဓား၏အလေးချိန်နှင့် အသားကျစေရန် ဓားကို လက်ထဲတွင် ကိုင်ထား၏။
ချင်းဟွမ်တာအိုသခင်ဝတ်ရုံကတော့ အဆင့်နိမ့်သည့်အတွက်ကြောင့် မုန့်ချီက ထိုအရာကို အလယ်အလတ် အဖိုးတန်လက်နက်အဆင့်အထိ မြှင့်တင်ရန် ကံကြမ္မာအမှတ်(၂၀၀၀) သုံးလိုက်ရသည်။
ထို့ပြင် ဝတ်ဆင်သူ၏ အရွယ်အစားနှင့် ကိုက်ညီသောစွမ်းရည်ကို ပေါင်းထည့်ပြီး ဝတ်ရုံ၏ ခုခံရေးစွမ်းအားများကို မြှင့်တင်ပေးနိုင်သည်။ ယခု ထိုဝတ်ရုံက ဓာတ်ကြီး(၅)ပါး စွမ်းရည်များကို သိသိသာသာ အားနည်းသွားစေနိုင်သည်။ ယခု ထိုဝတ်ရုံက ကံကြမ္မာမှတ် (၅၈၀၀) တန်ကြေးရှိသည်။
ဒေါင်းနတ်ဆိုးဘုရင်၏ အမွှေးအတောင်များက တစ်ပိုင်းတစ်စ ထိခိုက်ခြင်း မရှိသည့်အတွက် သူက ထိုအရာကို ထိပ်တန်း အဖိုးတန်လက်နက် အဆင့်အထိ မြှင့်တင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။
သူ့ဓားကလည်း အတူတူ ဖြစ်သည်။ သူ၏ဓားရှည် ရေလှိုင်းမီးတောက်ဓားက ယခုတော့ ဟောင်လင်းလ အမဲလိုက်ခွေးကို သတ်လိုက်ပြီးနောက် အနီရောင် ကျောက်စိမ်းကဲ့သို့ ဖြစ်လာခဲ့သည်။ ပူလောင်နေသော အပူရှိန်က ဓားသွားထဲတွင် ပုန်းအောင်းနေပြီး ယခုတော့ ကံကြမ္မာအမှတ် (၇၀၀၀)နီးပါး တန်ဖိုးရှိသည်။
ထိုအရာများကို စစ်ဆေးကြည့်ပြီး လက်နက်များကို အဆင့်မြှင့်လိုက်ပြီးနောက် မုန့်ချီက အနက်ရောင်ဝတ်စုံကို ဝတ်လိုက်ပြီး ကောင်းကင်ဘိုးဘေး မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် သူက စိမ်းပြာနန်းတော်၏ (၁၀)ခုမြောက် ဝင်ပေါက်ဆီကို သွားပြီး ဝင်ရောက်သွားခဲ့လေသည်။
Translated by Hein Htet.