ရွှေအမြုတေ ကိုးကြိမ် အလှည့်အပြောင်း
Vol. 6 Ch. 76
နတ်ဆိုးအသွင်ပြောင်းသည့် အဖြစ်အပျက် ထွက်ပေါ်လာပြီးနောက် ချန်ရှီသည် ဘုရင်ကျန်း၏ သင်္ချိုင်းအနီးသို့ သွားရန် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။
ဘုရင်ကျန်း၏ ဂူသင်္ချိုင်းအတွက် တည်ဆောက်ထားသော ကြွေမီးဖိုက အလွန်ကြောက်စရာကောင်းတာကြောင့် ဂူသင်္ချိုင်းအတွင်းက ပိုတောင် ဆိုးရွားနေမှာ သေချာသည်။ တကယ်လို့ သူသည် ဘုရင်ကျန်းရဲ့ သင်္ချိုင်းတွင်းက အစီအရင်များကို မရည်ရွယ်ဘဲ မှုတ်သွင်းပြီး ရှဲ့ ဘေးဥပဒ် သို့မဟုတ် ဆွေ့ ကံဆိုးမှုများ ဖြစ်စေခဲ့ပါက သူသည် ခေတ်ကာလ တစ်လျှောက်လုံး အပြစ်သား ဖြစ်လာတော့မှာ မဟုတ်ပါလား။
သို့သော် ဤတစ်ကြိမ်တွင်တော့ မဖြစ်မနေ ဘုရင်ကျန်း သင်္ချိုင်းတွင်းသို့ ဖောက်ထွင်း ဝင်ရောက်ရလေသည်။ အလင်းသုံးပါးကျင့်စဥ်ရဲ့ မပြည့်စုံသော အပိုင်းများကို ဆက်လေ့ကျင့်ထားပြီး သံဦးထုပ်လည်း ဆောင်းထားပါက ထိုကြွက်များကို သတ်ရန် ပို၍ပင် လွယ်ကူသွားလိမ့်မည်။
သူ့ရဲ့ လက်ရှိ အစွမ်းအစနဲ့ အဘွားဟေးရှန်းရဲ့ လက်စားချေမှုကို ရင်ဆိုင်ရမယ်ဆိုရင် ကျိန်းသေ အဆုံးသွားလိမ့်မည်။
"လုဝေမြို့ရဲ့ တာအိုဘုန်းကြီးလေးကို ငါ အနိုင်မယူနိုင်ဘူး... တာအိုဘုန်းကြီးလေးကို အဘွားဟေးရှန်းက တစ်ပိုင်းသေတဲ့အထိ ရိုက်ပစ်လိုက်တယ်... ဆိုရရင် အဘွားဟေးရှန်းရှေ့မှာ ငါက ဘာမှတောင် မဟုတ်ဘူး...အလင်းသုံးပါးကျင့်စဥ် စာအုပ်တစ်အုပ်လုံးကို ကျင့်ရင်တောင် အသက်ရှင်နေနိုင်သေးလား မသေချာဘူး!"
ညသန်းခေါင် အချိန်မှာ ချန်ရှီဟာ ဟွမ်ဖောရွာသို့ ပြန်ရောက်လာခဲ့သည်။ လူတစ်ဦးနဲ့ ခွေးတစ်ကောင် အတူတူ အိပ်ရာဝင်သွားခဲ့ပါ၏။
နောက်တစ်နေ့ ကောင်းကင်ကြီး တောက်ပလာသောအခါ ချန်ရှီ သူ့ရဲ့ ကန့်ညောင်ကို ကန်တော့ဖို့ ရောက်လာခဲ့ပြန်သည်။
"ကန့်ညောင်... ဒီတစ်ခါတော့ ဘုရင်ကျန်းရဲ့ သင်္ချိုင်းထဲကို ဖောက်ဝင်ပြီး အလင်းသုံးပါးကျင့်စဥ် အပြည့်အစုံကို သွားယူတော့မယ်! ကောင်းချီးပေးပါ!"
နံ့သာပေါင်းတင်ရန် ရှေ့သို့ လှမ်းတက်လာခဲ့သည်။
ကျူးရှို့ချိုင်: "တစ်ဆယ်လေး.. မင်းရဲ့ ကန့်ညောင်ဆီက ကောင်းချီးတောင်းနေလို့လည်း အသုံးမဝင်ပါဘူး... ဒါပေမယ့် မင်း အဲဒီ ကျောက်စိမ်းတံဆိပ်ကို ယူပြီး ဘုရင်ကျန်းရဲ့ အုတ်ဂူထဲကို ဝင်ခဲ့မယ်ဆိုရင်တော့ အသုံးဝင်နိုင်သေးတယ်နော်...."
"အဲ့ကျောက်စိမ်းလား ဖုန့်ထျန်းရတနာ?"
ချန်ရှီ အံ့သြသွားသည်။
"အဲဒါကို မင်းနဲ့အတူ ယူသွားလိုက်ပါ... ဘာပဲဖြစ်ဖြစ် မလေးပါဘူး"
ချန်ရှီ ရွာကို ပြန်ရောက်လာပြီး ဖုန့်ထျန်းရတနာတံဆိပ်ကို ထုတ်ပြီး ကြည့်လိုက်တဲ့ အချိန်မှာ ရုတ်တရက် သူ့နှလုံးသားတွေ မြန်လာသည်။
"ဒီကျောက်စိမ်းက ရှောင်ဝမ်စွင်း နတ်ယန္တရားစခန်းကနေ ကောက်ယူခဲ့တဲ့ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ် ဖြစ်ပါ့မလား?"
ကျင်းဟုန်ရိ ရှောင်ဝမ်စွင်းကို လိုက်ရှာရသည့် အကြောင်းရင်းမှာ အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကြောင့် ဖြစ်သည်။ လီထျန်းချင်ကလည်း ရှောင်ဝမ်စွင်းရဲ့ ဘုရင်ကျန်း သင်္ချိုင်းကို ဖွင့်ရန်အတွက် ထိုရတနာကို ခိုးယူသွားကြောင်းလည်း ပြောခဲ့ဖူးသည်။
"ဟားဟားဟား...ရီချင်စရာကြီး!"
ချန်ရှီ ပြုံးပြီး တစ်ယောက်တည်း ခေါင်းညိတ်လိုက်သည်။ အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်က အဖိုးတန်လှသည်။ ရှောင်ဝမ်စွင်းက ဒီလို ရတနာတံဆိပ်ကို မိုးမခပင်အိုမှာ ဘယ်လိုလုပ် ပေါ့ပေါ့ဆဆ ဆွဲထားခဲ့တာလဲ။
"ပြီးတော့ ကျူးရှို့ချိုင်ကလည်း ဖုန့်ထျန်းရတနာတံဆိပ်က မိသားစုရဲ့ ကျရှုံးမှုလို့ ပြောခဲ့ဖူးတယ်... ဖုန့်ထျန်းရတနာတံဆိပ်က အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံး ဆိုရင် ကျူးရှို့ချိုင်က ဘယ်သူလဲ?"
ထို့နောက် ချန်ရှီ ရယ်ရယ်မောမောနဲ့ ခေါင်းခါလိုက်သည်။
"ကျူးရှို့ချိုင်က ဘုရင့်နောက်လိုက် တစ်ယောက်တောင် ဖြစ်ဖူးရဲ့လား မသိဘူး.. ဟာသပဲ အနောက်ဘုရင်ရဲ့ သားမြေးက ငါတို့ရွာအပြင်မှာ ဘယ်လိုလုပ် ကြိုးဆွဲချ သေမှာလဲ"
သူသည် ဖုန့်ထျန်း ရတနာတံဆိပ်ကို သူ့အင်္ကျီလက်ထဲသို့ တိတ်တဆိတ် ထည့်ကာ ဘုရင်ကျန်း၏ အုတ်ဂူဆီသို့ လျှောက်သွားလိုက်သည်။
ဘုရင်ကျန်းရဲ့ သင်္ချိုင်းဂူသည် မရေမတွက်နိုင်သော လူပေါင်းများစွာကို အိပ်မက်မက်စေခဲ့ပြီး ရှာဖွေဖို့လည်း နာရီပေါင်းများစွာ အချိန်ဖြုန်းခဲ့သော်လည်း ၎င်းက ချန်ရှီတို့ ရွာဘေးရှိ သင်္ချိုင်းတစ်ခုသာဖြစ်သည်။ ချန်ရှီအတွက် ဘုရင်ကျန်း၏ ဂူသင်္ချိုင်းသို့ ရောက်ရှိနိုင်ဖို့ လုံးဝ မခက်ခဲပေ။
ဘုရင်ကျန်း သင်္ချိုင်းအပြင်ဘက်တွင် နေရာချထားသော သားရဲတစ်ကောင်က ခံ့ညားပြီး လေးနက်စွာ ရပ်တည်နေဆဲပင်။ ချန်ရှီသည် သူ့ခြေထောက်ပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို စစ်ဆေးပြီး သူ့ချီစွမ်းအင်နှင့် သွေးများကို အသွင်းလိုက်တဲ့အခါ သူ့ခေါင်းအောက်ပိုင်း အစိတ်အပိုင်းများက လျင်မြန်စွာ အားပြည့်လာကာ တခဏချင်းတွင် အရွယ်ရောက်ပြီးလူလောက် အရပ်ရှည်လာ၏။
သူ့ကိုယ်သူ သေသေချာချာ ပြင်ဆင်ပြီးသောအခါ နတ်တစ္ဆေဘုံထဲသို့ ဝင်ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များက ယိမ်းနွဲ့နေကြသည်။ ၎င်းတို့ အကိုင်းအခက်များက ယိမ်းနွဲ့နေကြစဥ် လိမ်ကောက်နေသော နတ်ဆိုးများ ခြောက်လန့်နေသည့်အတိုင်းပင်။
ပြီးတော့ သင်္ချိုင်းကို စောင့်နေတဲ့ သားရဲက ဒီအချိန်မှာ အလွန်ကြီးမားလာပြီ။ ၎င်းက ကျောက်တုံးကနေ အသွေးအသားအဖြစ် ပြောင်းလဲကာ တဖြည်းဖြည်း ပြန်လည်ရှင်သန်လာပြီး ကြီးမားလှတဲ့ ရောင်ဝါတစ်ခုကိုလည်း ထုတ်လွှတ်လျက် ရှိသည်။
ချန်ရှီ သူ့အရှိန်ကို အရှိန်မြှင့်လိုက်ပြီး ရှေ့ကို အမြန်လှမ်းဝင်ကာ အင်္ကျီလက်ထဲက ဖုန့်ထျန်းရတနာတံဆိပ်ကို ထုတ်ယူလိုက်သည်။ တံဆိပ် ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်၌ အလင်းတန်းများ ထွက်ပေါ်လာပြီး ဘုရင်ကျန်း၏ သင်္ချိုင်းဂူထဲရှိ နတ်တစ္ဆေဘုံက အရှိန်အဟုန်ဖြင့် ပြန်လည် ထူထောင်နေပုံရတာကို တွေ့လိုက်ရလေ၏။
"ဖုန့်ထျန်းရတနာတံဆိပ်က ငါ့ကို ကာကွယ်တာ မဟုတ်ဘူး... နတ်တစ္ဆေဘုံကို နိုးထစေတာဟ... ကျူးရှို့ချိုင် ငါ့ကို တလွဲတွေ လုပ်လိုက်ပြီ!"
ချန်ရှီ အခုအချိန်မှာတော့ တစ်ခုခုမှားနေပြီဟု တိတ်တဆိတ်တွေးကာ ဖိအားများကြားမှ ချက်ချင်း ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
ဘုရင်ကျန်း အုတ်ဂူရှေ့တွင် ကျောက်ပြားတစ်ချပ် ရပ်နေပြီး ၎င်းမှာ အလင်းသုံးပါးကျင့်စဥ်ကို ရေးထိုးထားသော ကျောက်စာဖြစ်သည်။ ကျောက်ပြားပေါ်ရှိ စကားလုံးများနှင့် ပုံစံများကို ဂရုတစိုက် ကျက်မှတ်နေစဉ် ချန်ရှီသည် ပတ်၀န်းကျင်မှ ဖိအားများ ပိုမိုပြင်းထန်လာတာကိုလည်း ခံစားနေရ၏။
ကျောက်ပြား နောက်ဘက်တွင် မှတ်တမ်းတင်ထားသည့် အရာသည် အမှန်တကယ်ပင် ပေသို့ခုနှစ်ချက် ဖြစ်ပေမယ့် ရှောင်ဝမ်စွင်း သင်ပေးတာထက် ပိုအသေးစိတ်ကျသည်။ ပေသို့ခုနှစ်ချက်ကို သန့်စင်ခြင်းပြီးနောက် နတ်ကွန်းထဲက နတ်သန္ဓေသားကို သန့်စင်နိုင်မယ့် နည်းလမ်းက မရှိပေ။
ချန်ရှီ အံ့ဩသွားသည်။
"နတ်ကွန်းနယ်ပယ်နဲ့ နတ်သန္ဓေသားနယ်ပယ်ရဲ့ ကျင့်စဥ်တွေ ဘယ်ရောက်သွားတာလဲ"
ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်မှာ နောက်ဆက်တွဲ လေ့ကျင့်ခန်းများအတွက် ဖြစ်သော်လည်း၊ ကျောက်ပြားပေါ်တွင် ရေးထွင်းထားသော အလင်းသုံးပါးကျင့်စဥ်ဟာ နတ်ကွန်းနှင့် နတ်သန္ဓေသား နယ်ပယ်ကို ဖြတ်ကျော်ကာ ရွှေအမြုတေ နယ်ပယ်သို့ တိုက်ရိုက် ရောက်သွားခြင်း ဖြစ်သည်။
သူ စိတ်ပျက်အားငယ်သွားသည်။ အဲ့နယ်ပယ်နှစ်ခု မပါဘဲ ရွှေအမြုတေကို ဘယ်လို ပြုစုပျိုးထောင် သန့်စင်နိုင်မှာလဲ။
"ဘုရင်ကျန်း ဒီကျင့်စဥ်ကို သင်္ချိုင်းအပြင်ဘက်မှာ ထွင်းထားခဲ့တာ အံ့သြစရာ မရှိပါဘူး... သူက လူတွေကို အန္တရာယ်ပြုဖို့ ဒီစွမ်းရည်ကို အသုံးချချင်ခဲ့တာ...ဒီဘုရင်ကျန်း ငါ့အပေါ် လုပ်ကြံလိုက်ပြီ..."
ချန်ရှီ နောက်ထပ် ကျောက်ပြားများစွာဆီ အာရုံ ရောက်သွားသောအခါတွင် ဤအရာကို တွေးလိုက်မိသည်။ ထိုမှသာ ဘုရင်ကျန်း၏ အုတ်ဂူ အပြင်ဘက်က သစ်တောတွေထဲမှာလည်း ကျောက်ပြားများစွာ ရှိနေတာကို သတိပြုမိသွား၏။ အလင်းသုံးပါးကျင့်စဥ်က ၎င်းတို့ထဲမှတစ်ခုသာ ဖြစ်သည်။
ချန်ရှီ လျင်မြန်စွာ လှည့်ပတ်ကြည့်လိုက်သည်။
"နတ်ဆိုးနှိမ်နှင်းကျင့်စဥ်... နတ်ကွန်းနဲ့ နတ်သန္ဓေသား မရှိဘူး!"
"မိုးကြိုးခရမ်းစာအုပ်... နတ်ကွန်းနဲ့ နတ်သန္ဓေသား မရှိဘူး!"
"စင်စစ်ယန်ချီကျင့်စဥ်... နတ်ကွန်းနဲ့ နတ်သန္ဓေသား မရှိဘူး!"
"နတ်ဂူဝိညာဥ် အသွင်ပြောင်းခြင်း ကျင့်စဥ်... နတ်ကွန်းနဲ့ သန္ဓေသားမပါပြန်ဘူး!"
ချန်ရှီ၏ ဦးရေပြားများ ထုံကျင်လာသည်။ ဘုရင်ကျန်း၏ အုတ်ဂူအပြင်ဘက်တွင် ရေးထွင်းထားသည့် ကျင့်စဥ်အားလုံးသည် နတ်ကွန်းနှင့် နတ်သန္ဓေသား၏ နယ်ပယ်နှစ်ခုလုံး ကင်းမဲ့နေသည်။
"ကံကောင်းတာက ဒီကျင့်စဥ်တွေကို မဖြန့်ကျက်ထားဘူး မဟုတ်ရင် သူတို့ဆီကနေ အဆိပ်တွေ အများကြီး ကျန်ခဲ့လိမ့်မယ်... ချက်ခြင်းပြန်ဆုတ်မှ ဖြစ်မယ်...."
ချန်ရှီ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ပတ်ဝန်းကျင်နေရာနှင့် အချိန်တို့က ကွဲလွဲသွားကာ တောင်တန်းများသည် လှိုင်းလုံးများကဲ့သို့ အတက်အဆင်း လှုပ်ခတ်လာသည်။ မြေပြင်ပေါ်မှ ကောင်းကင်အထိ ဖုံးလွှမ်းသွားသော ကြီးမားသည့် ရောင်ဝါများ ထွက်ပေါ်လာခဲ့သည်။
သူ ယခင်က မသိနားမလည်ခဲ့သော် ယခု လောကထဲက အရာများစွာကို တွေ့မြင်ခဲ့ရပြီးပြီ။ ဤနေရာ၌ ချိတ်ပိတ်ခံထားရသော သတ္တဝါတိုင်းရဲ့ အငွေ့အသက်သည် နတ်ဆိုး ဘုရားလောင်းထက် မနိမ့်ဘူးဟုပင် ခံစားလာရသည်။
“အဲဒီတုန်းက အဘိုးက ဒီနေရာကို ဖြတ်ပြီး သင်္ချိုင်းထဲကို ဝင်လိုက်တယ်...ဒီထဲကနေ ရေမီးအဂ္ဂိရတ်ကျင့်စဥ်ကို ရခဲ့တာလား?"
ချန်ရှီ သူ့စိတ်ထဲက မယုံနိုင်တဲ့ အတွေးတွေနဲ့အတူ ပြင်းထန်စွာ ပြေးထွက်သွားသည်။ အချိန်နှောင်းသွားပြီ ဖြစ်သော်လည်း ဘုရင်ကျန်း၏ ဂူသင်္ချိုင်းထဲရှိ နတ်တစ္ဆေဘုံ လုံးဝ အသက်မဝင်မီ နောက်ဆုံးအခိုက်၌ သင်္ချိုင်းတွင်းမှ အပြင်သို့ ထွက်ပြေးလာခဲ့သည်။
သူပြန်ကြည့်လိုက်တော့ ဘုရင်ကျန်းရဲ့ သင်္ချိုင်းထဲက နတ်တစ္ဆေဘုံက ယခင်ကနှင့် ကွဲပြားသွားလေပြီ။ မော်အဆင့်ဘုံ ဒါမှမဟုတ် ကျိုင်းအဆင့် ကပ်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာကို သူမြင်လိုက်ရ၏။
သက်ပြင်းတစ်ချက်ချကာ ဟွမ်ဖောရွာသို့ အမြန် ပြန်သွားခဲ့သည်။
ဘုရင်ကျန်း၏ အုတ်ဂူရှေ့၌ ချိတ်ပိတ်ခံထားရသော သားရဲများဟာ ၎င်း၏ပုံစံ အမှန်အတိုင်း ပေါ်လာပြီး ချန်ရှီ အမြန် ထွက်ခွာသွားတာကို ကြည့်ရင်း အားလုံးက တုန်လှုပ်ခြောက်ခြားသွားကြသည်။
"အစ်ကိုကြီး... အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်နဲ့ ငါတို့ကို နှိုးဖို့ သူတော်စင်သံတမန် ရောက်လာတယ်... ဒါပေမယ့် ဘာလို့ ဘာစကားမှ မပြောဘဲ ပြန်ထွက်ပြေးသွားတာလဲ?"
နဂါးခေါင်းနဲ့ အစိမ်းရောင် အကြေးခွံတွေဖုံးထားတဲ့ မြင်းတစ်ကောင်က ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကို စိတ်ရှုပ်နေတဲ့ အကြည့်မျိုးနဲ့ မေးလိုက်သည်။
သိုးဦးခေါင်းပါသော သားရဲကလည်း စိတ်ရှုပ်နေပုံရ၏။ ချန်ရှီ၌ ဘုရင်ကျန်း၏ အမြင့်ဆုံးအာဏာကို ကိုယ်စားပြုသည့် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ် ပါလာခဲ့သည်။ မမျှော်လင့်ဘဲ သူတို့ လုံးဝ ပြန်ကောင်းမလာခင် ချန်ရှီက ထွက်ပြေးသွားသည်။
"သူတော်စင် သံတမန်က အရေးပေါ်အခြေအနေ ပေါ်လာလို့များလား?"
ဆိတ်ခေါင်းသင်္ချိုင်းကို နှိမ်ထားတဲ့ သားရဲက “လူမှာ အရေးပေါ်အခြေအနေက သုံးမျိုးလောက် ရှိတတ်တယ်လို့ တစ်ခါက ကြားဖူးတယ်... အလျင်လိုရင် လမ်းလျှောက်တာလည်း မြန်လာကြရောတဲ့"
"အခု ဘာလုပ်ရမလဲ?"
"နောက်တစ်ခေါက် သူတော်စင် သံတမန် ပြန်လာရင် ငါတို့ သူ့ကို ကြိုဆိုကြမလား?"
သင်္ချိုင်းစောင့် သားရဲတစ်ကောင်က ဝင်မေးလိုက်တဲ့အခါ သိုးဦးခေါင်းနှင့် လူခန္ဓာကိုယ်ရှိ သားရဲက တခဏမျှ တုံ့ဆိုင်းသွားပြီး ဆိုလိုက်သည်။
"သူ့ကို ကြိုဆိုမယ် ဟုတ်လား...ဟမ့် အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို ဘယ်သူက ကိုင်ခိုင်းထားလို့လဲ"
"မင်း သူ့ကို သတ်နိုင်လား"
သင်္ချိုင်းစောင့် သားရဲတစ်ကောင်က "သူ့အဖိုးက အခုအသက်မရှင်တော့ဘူး... သူ့ကိုသတ်ရင် ငါတို့ကို ဘယ်သူမှ ဒုက္ခပေးမှာ မဟုတ်ဘူး... အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို ငါတို့ ယူနိုင်ရင် ကမ္ဘာနှစ်ခုလုံးရဲ့ အကောင်းဆုံးကို ရယူနိုင်မှာ မဟုတ်ဘူးလား"
သိုးခေါင်းနှင့် လူခန္ဓာကိုယ်ပါရှိသော သင်္ချိုင်းစောင့် သားရဲသည် ခေါင်းယမ်းလိုက်သည်။
"အနောက်တိုင်းဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံး ကိုင်ဆောင်ထားသူက သူတော်စင် သံတမန်ပဲ... သံတမန်ကို သတ်ဖို့ အကြောင်းရှိလား"
တန်ခိုးကြီးပြီး အကန့်အသတ်မရှိသော သင်္ချိုင်းကို စောင့်ကြပ်နေရတဲ့ သားရဲအုပ်စုတစ်စုသည် အသီးသီး သက်ပြင်းချကာ တစ်ကောင်ပြီး တစ်ကောင် အုတ်ဂူရှေ့တွင် စောင့်ကြပ်နေသော ကျောက်ရုပ်တုများအဖြစ် ပြောင်းလဲသွားပြန်သည်။
"ဒီကောင်လေးက အရင်တုံးက မိုက်ရိုင်းတယ်... ဒါပေမဲ့ အခု အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံး ရထားပြီးတာတောင် ငါတို့ကို ဘယ်လိုနှိပ်စက်ရမယ်ဆိုတာ မသိသေးဘူး!"
ချန်ရှီ အိမ်ပြန်ရောက်တော့ အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်ကို စာအုပ်သေတ္တာထဲကို ပစ်ထည့်ပြီး ကျောက်သေတ္တာပေါ်ကို အကြမ်းပတမ်း ပစ်ချကာ ဒေါသတကြီးနဲ့ ကျိန်ဆဲတော့သည်။
"တံဆိပ်တုံး အစုတ်အပြတ်! ဘာမှ အသုံးမဝင်ပါဘူး... ငါ့ကိုတောင် သတ်မိလုနီးပါးပဲ!"
ရုတ်တရက် ချန်ရှီသည် ခြံအပြင်ဘက်မှ ထွက်လာသော် အသံတချို့ကို ကြားလိုက်ရ၏။ ပြေးထွက်ကြာတော့ ရွာအပြင်ဘက်တွင် ရွာသားများစွာ စုဝေးနေကြတာကို မြင်လိုက်ရသည်။
အဘွားယွိက သူမခြေထောက်အောက်၌ တစ်ခုခုကို တက်နင်းထားလေသည်။
"ဘယ်လို အကောင်မျိုးက ကိုက်သွားပါလိမ့်... ကိုက်ပြီးတာတောင် မစားဘူး! ဘယ်သူက မကောင်းမှု ကျူးလွန်နေတာလဲ!"
ထိုအချိန်တွင် လယ်ကွင်းထဲမှ အသံတစ်သံက အော်ပြောလာ၏။
"အဘွားဟေးရှန်းရဲ့ မြေးကောင်းကို သတ်မိလို့ အပြစ်ပေးသင့်တယ်... ဒီနေ့ မင်းရဲ့ကြက်ကို သတ်လိုက်မယ်၊ မနက်ဖြန် မင်းရဲ့ ဘဲတစ်ကောင်ကို သတ်လိုက်မယ်၊ သဘက်ခါ မင်းမိသားစု တစ်ခုလုံးကို သတ်ပစ်လိုက်တော့မယ်.... မင်းတို့ရွာက လူတွေအားလုံး သေဖို့သာ စောင့်နေကြတော့..."
ချန်ရှီ အသံနောက်ကို လိုက်သွားတော့ ကွင်းပြင်ထဲမှာ မီးခိုးရောင်အင်္ကျီ ဝတ်ကာ ပြေးနေတဲ့ ကြွက်တစ်ကောင်ကို မြင်လိုက်ရသည်။
ချန်ရှီ မီးခိုးရောင်ဝတ်ထားသော ကြွက်နားသို့ တိုးကပ်လာတဲ့အခါ ၎င်းက သွားနေရာမှ ရုတ်တရက် ရပ်တန့်သွားကာ ချာကနဲ လှည့်ကြည့်လာသည်။ ဘယ်လက်ဖြင့် အင်္ကျီလက်အောက်က အဆောင်လက်ဖွဲ့ကို အသက်သွင်းကာ ခြေထောက်ကို မြှောက်၍ ချန်ရှီကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
"အဘွား... အဘွား... ကျွန်တော့်ကိုယ်ပေါ်ကို တက်လာပြီး စိတ်ဝိညာဥ်ကို ဖြန့်... တန်ခိုးကို ပြပါ!"
စကားဆုံးသည်နှင့် ၎င်းရဲ့ရောင်ဝါဟာ ရုတ်တရက် တိုးလာကာ တစ်ကိုယ်လုံး မီးခိုးစိမ်းများဖြင့် ပြည့်နှက်လာခသည်။ ၎င်းရဲ့ အင်္ကျီလက်များက တုန်ခါသွားကာ အစိမ်းရောင် မီးခိုးငွေ့များသည် ဆယ်ပေကျော် အချင်းဝက်ရှိ ကြီးမားသော လက်ဝါးကြီးဖြစ်သွားပြီ၏ သူ့ဆီသို့ ပြေးလာနေသော ချန်ရှီကို ရိုက်လိုက်လေသည်။
ချန်ရှီသည် သူ့စွမ်းအင်နှင့် ချီသွေးများကို စုဆောင်းကာ ကြယ်ခုနစ်ပွင့်ပေါ် လှမ်းတက်ရင်း ခွန်အားရှိသမျှနှင့် ထိုးသတ်လိုက်သည်။
ဘန်----!
ချန်ရှီတစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အစိမ်းရောင် မီးခိုးငွေ့တွေရဲ့ လက်ဖဝါးတွန်းအား ရိုက်ခတ်မှုကို တုံ့ပြန်လိုက်ရတာကြောင့် အလိုလို ခုန်ပြီး နောက်ပြန် ကျွမ်းထိုးလိုက်ရသည်။ ချန်ရှီသည် မြေပြင်ကိုမထိမီ သုံးလေးပေအကွာအထိ ပျံသန်းသွားခဲ့ရသည်။
မီးခိုးရောင်ဝတ်ထားသော ကြွက်က လှောင်ပြောင်လေ၏။
"ကဲ အဖွားက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းသိပြီမလား... အဖွားရဲ့မြေးကို မင်း ဘယ်သတ္တိနဲ့များ သတ်ရဲတာလဲ..."
ချန်ရှီ ပြန်လှည့်ကြည့်လိုက်တော့ မီးခိုးရောင်ဝတ် ကြွက်လည်ပင်းကို ကိုက်ထားတဲ့ အနက်ရောင် အရိပ်တစ်ခု ထွက်လာလေသည်။ ဟေးကော်ပါပဲ။ ခွေးတစ်ကောင်နဲ့ ကြွက်တစ်ကောင် လဲကျသွားပြီး လူးလိမ့်ပစ်သည်။
ချန်ရှီလည်း ဟေးကော် ဒဏ်ရာရသွားမည်ကို စိုးရိမ်သဖြင့် မတ်တပ်ထရပ်ကာ အပြေးလာလိုက်တော့ မီးခိုးရောင်ဝတ် ကြွက်ကသာ လည်ပင်းကို အကိုက်ခံလိုက်ရပြီး သေဆုံးသွားတာ တွေ့လိုက်ရမှ စိတ်အေးသွားရသည်။ ဟေးကော်က သူ့ဆီ အမြန်ပြေးလာ၏။
"ဟေးကော် တော်လိုက်တာ!"
ချန်ရှီ စိတ်သက်သာရာရကာ သူ့ကို ချီးကျူးလိုက်သော်လည်း ကြောက်ရွံ့မှုကြောင့် ခြေလှမ်းတွေက တုံ့ဆိုင်းနေဆဲဖြစ်သည်။
အခုလေးတင်ပဲ မီးခိုးရောင်ဝတ်ထားတဲ့ ကြွက်ဟာ အဘွားဟေးရှန်းကို သူ့ခန္ဓာကိုယ်ပေါ်ကို တက်လာဖို့ တစ်နည်းနည်းနဲ့ ဖိတ်ခေါ်ခဲ့သည်။ ၎င်းက အဘွားဟေးရှန်းရဲ့ မှော်အစွမ်း တစ်စိတ်တစ်ပိုင်းကို ငှားပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်တာပဲ။ သူသာ သတိမထားရင် ဒဏ်ရာရသွားလိမ့်မည်။
ဟေးကော်ကတော့ အလွန်စိတ်လှုပ်ရှားနေပြီး မီးခိုးရောင်အင်္ကျီ ဝတ်ထားသော ကြွက်ကိုကိုက်ကာ ရွာထဲသို့ ဆွဲချီလာကာ စားသောက်ပစ်ဖို့ပါ အဆင်သင့် ဖြစ်နေသည်။
"ခန္ဓာကိုယ်အပေါ်ပိုင်းပဲ ထိန်းချုပ်ထားတာတောင် မှော်စွမ်းအားက အရမ်းအစွမ်းထက်တယ်... အဘွားဟေးရှန်းရဲ့ ခန္ဓာကိုယ်အစစ်က ပိုတောင် ထူးကဲလောက်တယ်..."
ချန်ရှီ မီးခိုးရောင်ဝတ်ထားတဲ့ ကြွက်ရဲ့အမြီးထိပ်ကို ဖြတ်လိုက်ပြီး ရေရွတ်လိုက်မိ၏။
"အကောင်းဆုံး နည်းလမ်းကို ရှာမတွေ့သေးမှတော့ ကောင်းကင်နှလုံးချီကျင့်စဥ်ကနေ စပြီး ကျစ်ဝူရှဲ့သတ်ဓားကို အရင် ပြင်ထားလိုက်တာပေါ့!"
လီထျန်းချင် မထွက်ခွာမီက ပေးခဲ့သော စာအုပ်အနည်းငယ်ထဲတွင် ကောင်းကင်နှလုံးချီကျင့်စဥ် ဟုခေါ်သော အတွဲတစ်တွဲ ပါသည်။ ကျစ်ဝူရှဲ့သတ်ဓားက ၎င်းကျင့်စဥ်ထဲက ဓားသိုင်း တစ်ခုဖြစ်သည်။ ချန်ရှီဟာ ယခုအခါတွင် စစ်မှန်သော စွမ်းအားကို ရရှိထားပြီး နတ်ကွန်းကို နာရီဝက်ကြာအောင် ထိန်းနိုင်နေပြီ။ စစ်မှန်သော ချီစွမ်းအင်များ ကျန်ရှိနေသဖြင့် မှော်စွမ်းအင်ကို အသုံးပြုနိုင်သည်။
ကျစ်ဝူရှဲ့သတ်ဓားက အစွမ်းထက်ဆုံးနှင့် အသုံးပြုရ အလွယ်ကူဆုံး ဖြစ်သောကြောင့် သူ့အသက်ကို ကယ်တင်နိုင်စေဖို့ အဲဒီဓားသိုင်းကို အရင်ဆုံး လေ့ကျင့်ရန် စီစဉ်ထားလိုက်သည်။ သူသည် ရွာအပြင်ဘက်ရှိ ပျော့ပျောင်းသောတောင်ကုန်းပေါ်သို့ ရောက်လာပြီး ကျစ်ဝူရှဲ့သတ်ဓားကို နားလည်အောင် လေ့လာနေ၏။
ကျစ်ဝူရှဲ့သတ်ဓား၌ ဆူး၊ ခုတ်၊ သုတ်သင်၊ ကောက်၊ တိမ်၊ ခွဲ ဟူ၍ ခြောက်ချက်ပါရှိသည်။ ဓားချက်တွေက အလွန်ရိုးရှင်းပြီး ၎င်းရဲ့ စွမ်းအားအစစ်ကို စုဆောင်းရန် ချန်ရှီ နတ်ကွန်းကို စတင်အသက်သွင်းလိုက်သည်။ သူ့အတွေးများ အနည်းငယ် ရွေ့လျားသွားကာ သူ့စိတ်ထဲ လှုပ်ရှားလိုက်တာနဲ့ မမြင်နိုင်သော ဓားစွမ်းအင်တစ်ခုက နတ်သန္ဓေသား မရှိသော နတ်ကွန်းထဲ၌ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။
ချန်ရှီ သူ့ဓားကို တစ်ချက် ဝေ့ယမ်းကြည့်လိုက်သည်။
"ဝုန်း!"
သူ့ရှေ့က လေဟာ တုန်ခါသွားပြီး မမြင်ရတဲ့ ဓားစွမ်းအင်တွေ တဟုန်ထိုး လွင့်ထွက်သွားသည်။ လေပြင်းက မြက်ပင်တွေကို ခုတ်ထစ်သွားပြီးနောက် ခြေလှမ်းတစ်ရာလောက် ဝေးတဲ့ ယွိတိုက်မြစ်ကို ရောက်သွားကာ မြစ်ရေများ ပေါက်ကွဲသွား၏။
ချန်ရှီ ခြောက်ကြိမ်ဆက်တိုက် လေ့ကျင့်ခဲ့သည်။ သူ၏ ချီစွမ်းအင်နှင့် သွေးများ ဆူပွက်လာသောအခါတွင် သူ တဖြည်းဖြည်း ရပ်တန့်သွားသည်။
သူ့ချီသွေးများ ကျဆင်းလာသဖြင့် စွမ်းအင်များက အသက်ရင်းမြစ် (တန်းထျန်) ထဲသို့ ရောက်ရှိသွားခဲ့သည်။ ထိုအခိုက် ချန်ရှီသည် ကျောက်ပြားပေါ်က အလင်းသုံးပါးကျင့်စဥ်ကို ရုတ်တရက် အမှတ်တမဲ့ သတိရလိုက်မိသည်။ သူ့ကိုယ်တွင်းရှိ သွေးနှင့် ဝိညာဉ်သည် အသက်ရင်းမြစ်ထဲ၌ တူညီသော ဦးတည်ရာအဖြစ် စုစည်းသွားခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်း၌ အသံတချို့ ထွက်ပေါ်လာပြီး ချီစွမ်းအင်၊ ချီသွေးနဲ့ စိတ်ဝိညာဉ် စွမ်းအားများက ဤအခိုက်အတန့်တွင် လှုပ်လှုပ်ရွရွနှင့် ပေါင်းစည်းနေကြသည်။ ၎င်းက အလင်းသုံးပါးကျင့်စဥ်ထဲမှာ ပြောပြထားတာနဲ့ လုံးဝ ကိုက်ညီပါသည်။
အနတ္တကို ဆေးအဖြစ်သုံး၍ ကုသိုလ်ကို မီးအဖြစ်သုံးကာ နယ်ပယ်သုံးရပ်ကို သန့်စင်ရသည်။ စစ်မှန်သော ချီစွမ်းအင်က မပျံ့လွင့်သွားဘဲ ၎င်းသည် ရွှေအမြုတေရဲ့ ကိုးကြိမ် အလှည့်အပြောင်းထဲက ပထမဆုံးသော တစ်ကြိမ်ကို ရရှိသွားသည်။
"မဟုတ်ဘူး မဟုတ်ဘူး!"
ချန်ရှီ ရုတ်တရက် ခေါင်းခါလိုက်၏။
"ဒါက အကြီးကြီး မှားနေပြီ...ငါ နတ်ကွန်း ဒါမှမဟုတ် နတ်သန္ဓေသားကိုတောင် မကျင့်ကြံရသေးတာ... ရွှေအမြုတေကို ဘယ်လိုလုပ် သန့်စင်ပေးနိုင်မှာလဲ"
ဘာသာပြန် - အသက်ရင်းမြစ်က သိုင်းလောကသားတို့ သိထားတတ်တဲ့ ဒန်တန်ပါပဲ။ တရုတ်ဖျင်းယင်းမှာ 'ဒ' အသံ မရှိတဲ့အတွက်ရော၊ တရုတ် baiduမှာ အသက်ရင်းမြစ်လို့လည်း သုံးကြောင်း တွေ့ထားတာကြောင့် အသက်ရင်းမြစ်လို့ပဲ ဘာသာပြန်လိုက်ပါတယ်။