← Chapters

ခုနစ်ကြိမ် တုံ့ပြန်၊ ရှစ်ခုကြိမ်ပြောင်း၊ ကိုးကြိမ်ပြန်လာ

Vol. 6 Ch. 77

ခုနစ်ကြိမ် တုံ့ပြန်၊ ရှစ်ခုကြိမ်ပြောင်း၊ ကိုးကြိမ်ပြန်လာ

Vol. 6 Ch. 77

အလင်းသုံးပါးကျင့်စဥ်ရဲ့ အဆင့်များက အလင်းသုံးပါး ချီသန့်စင်ခြင်း၊ ထို့နောက် သူတော်စင်သန္ဓေသား တည်ဆောက်ခြင်း၊ ပေသို့ခုနှစ်ချက်နဲ့ ရွှေအမြုတေ ဖွဲ့စည်းခြင်းပဲ ဖြစ်သည်။ တကယ်တမ်း ကျင့်ကြံမှုနဲ့ သက်ဆိုင်ရာ နယ်ပယ်များမှာ ချီသန့်စင်ခြင်း၊ ခန္ဓာကိုယ်သန့်စင်ခြင်း၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းနှင့် ရွှေအမြုတေ ဖွဲ့စည်းခြင်းတို့ဖြစ်သည်။

ဒီကမ္ဘာပေါ်မှာ လက်ဆင့်ကမ်းလာတဲ့ နယ်ပယ်မှာ ချီသန့်စင်ခြင်း၊ အုတ်မြစ်တည်ဆောက်ခြင်း၊ နတ်ကွန်း၊ နတ်သန္ဓေသားလောင်းနှင့် ရွှေအမြုတေနယ်ပယ် ဟူ၍ နယ်ပယ်ငါးခုဖြစ်သည်။

ဒီနေရာမှာ တစ်ခုခုမှားနေတာ သိသာသည်။

ချန်ရှီ အလေးအနက်ထား စဥ်းစားကြည့်သည်။

သေချာပေါက် ပြဿနာကြီး ရှိနေတာပဲ။

အလင်းသုံးပါးကျင့်စဥ်ဟာ ခန္ဓာကိုယ်ကို ပိုမိုသန့်စင်​ပေးသော်လည်း နတ်ကွန်းနှင့် နတ်သန္ဓေသား နယ်ပယ်နှစ်ခုက ကင်းမဲ့နေသောကြောင့် ဘိုးဘေးတွေရဲ့ လက်ဆင့်ကမ်း နယ်ပယ်လို အစွမ်းထက်လိမ့်မည် မဟုတ်ပေ။

"ပြီးတော့ ရွှေအမြုတေ ဖွဲ့စည်းပြီးရင် ခန္ဓာကိုယ်ကို ရွှေဆေးရည်နဲ့ သန့်စင်ပြီး စိတ်ကို အေးချမ်းစေနိုင်တယ်... ခန္ဓာကိုယ် သန့်စင်မှုနယ်ပယ်ကလည်း လက်ဆင့်ကမ်း နယ်ပယ်မှာ ပါ၀င်ပေမယ့် သီးခြားဖော်ပြထားတာမျိုး မရှိဘူး... အဲဒါကြောင့် ရွှေအမြုတေနယ်ပယ် ရောက်သွားရင် အလင်းသုံးပါးကျင့်စဥ်က လက်ဆင့်ကမ်း ကျင့်စဥ်တွေလောက် အားကောင်းတော့မှာ မဟုတ်ဘူး...."

"ဒီလေ့ကျင့်ခန်းတွေက ဘုရင်ကျန်းရဲ့ အုတ်ဂူအပြင်ဘက်မှာ ရေးထွင်းထားတာ... မကောင်းကြံတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားတယ်ဆိုတာ အသိသာကြီး... အုတ်ဂူကို လုယက်တဲ့ လူကြီးလူကောင်းတွေက အဲဒီကို ရောက်လာပြီးရင် ကျောက်ပြားပေါ်က ကျင့်စဥ်တွေကို မြင်ပြီးတာနဲ့ လေ့ကျင့်ကြမှာပဲ... ရလဒ်ကတော့ သူတို့ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်လိုက်မိမှာ... ဒါပေမယ့်..."

သူသည် သင်္ချိုင်းဂူကို လုယက်သော လူကြီးလူကောင်း မဟုတ်သော်လည်း သူ့တွင် နတ်သန္ဓေသား မရှိသည့်အပြင် ရွေးချယ်စရာ မရှိသောကြောင့် အလင်းသုံးပါးကျင့်စဥ်ကိုသာ ကျင့်ခဲ့ရသည်။

ရွှေအမြုတေကို လေ့ကျင့် ဖွဲ့စည်းရန် အကောင်းဆုံးနေရာက တောင်တန်းအရှင်ဘုံကျောင်းပဲ ဖြစ်သည်။ ချန်ရှီ ချက်ချင်းထုပ်ပိုးပြီး အစာခြောက်တွေ ပြေးယူလိုက်သည်။ တစ်ဖက်မှာ ကြွက်စားနေတဲ့ ဟေးကော်ကိုလည်း လှမ်းပြောလိုက်သေး၏။

"ဟေးကော် ငါတစ်ရက်​လောက် လေ့ကျင့်ဖို့ တောင်တန်းအရှင်ဘုံကျောင်းကို သွားမယ်။ တစ်ခုခုဖြစ်ရင် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ သုံးပြီး ငါ့ဆီချက်ချင်း အကြောင်းလာကြားနော်... အသားနှစ်ကျင်ကို မင်းအတွက် ချန်ထားပြီး နံရံမှာ ချိတ်ဆွဲထားပေးတယ်... ဗိုက်ဆာရင် မင်းကိုယ်တိုင်သာ ချက်စားလိုက်တော့...."

ဟေးကော်သည် သခင်ငယ်လေးက ၎င်းကို ခွေးတစ်ကောင်အဖြစ်တောင် မမှတ်ယူ​တော့ဘဲ ချက်ပြုတ်ရန်အတွက် မီးကိုပါ ထွန်းထားခဲ့တာကြောင့် ဆွံ့အသွားသည်။

သူက ထပြီး ဟင်းအနည်းငယ် ချက်လို့ရလို့လား။

ဒါ့အပြင် ၎င်းသည် ကြွက်များကို စားပြီးပါက တစ်ရက်နှစ်ရက် ကြာတဲ့အထိ ဗိုက်ဆာလိမ့်မည် မဟုတ်ပါ။

ချန်ရှီကတော့ တောင်တန်းအရှင်ဘုံကျောင်းကို ရောက်လာပြီးတာနဲ့ သူ့စာအုပ်သေတ္တာကို ချလိုက်သည်။ ဘုံးကျောင်းကို သူ မရောက်တာကြာပြီ။ ဘုံကျောင်းထဲတွင် ယခင်ကအတိုင်း နေရောင်မရှိပေ။

အလင်းသုံးပါးကျင့်စဥ်ကို ချက်ချင်း အသက်သွင်းပြီး ပေသို့ခုနှစ်ချက်ပေါ် တက်နင်းလိုက်သည်။ သူ့ခြေရင်းအောက်တွင် ချီစွမ်းအင်များ ပေါက်ကွဲကာ သူ့ခန္ဓာကိုယ်ကို တင်းမာလာစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲရှိ ချီသွေးများက အသက်ရင်းမြစ်ဆီသို့ ပြေးသွားခဲ့သည်။

ရွှေအမြုတေ ဟုခေါ်သော ဆေးလုံး​လေးသည် လူ့ခန္ဓာကိုယ်အတွင်းမှ ဆေးကောင်းတစ်လက် ဖြစ်သည်။ ၎င်းက ပြင်ပလောကမှာ ရှာလို့မရဘဲ မိမိကိုယ်ပိုင် အနှစ်သာရမှ သန့်စင်ရတာမျိုး ဖြစ်လေ၏။ ရွှေအမြုတေကို သန့်စင်လိုပါက မီးဖိုးကိုးခု ဟုခေါ်သော နန်းတော်ကိုးခုမှတဆင့် ပြန်လည်သန့်စင်ရန် လိုအပ်ပါသည်။

ပထမနန်းတော်အား တန်းယွမ်နန်းတော် သို့မဟုတ် တန်းယွမ်မီးဖိုဟုလည်းခေါ်သည်။ ဤနန်းတော်တွင် အဂ္ဂိရတ်ဆေးကို ပြီးပြည့်စုံအောင် ပြုပြင်သောအခါတွင် အလုံးလေးက စိမ်း​ပြာရောင် ဖြစ်လာသည်။

ဒုတိယနန်းတော်အား ကျူးလင်နန်းတော် သို့မဟုတ် ကျူးလင်မီးဖိုဟုခေါ်ကာ ရွှေအမြုတေက ဤနန်းတော်ထဲတွင် နီရဲနေလိမ့်မည်။

တတိယနန်းတော်အား လန်ထိုင်နန်းတော် သို့မဟုတ် လန်ထိုင်မီးဖို ဖြစ်ကာ ရွှေအမြုတေက အဖြူရောင်ဖြစ်သည်။

စတုတ္ထနန်းတော်အား ထျန်းချိနန်းတော် သို့မဟုတ် ထျန်းချိမီးဖိုဟု ခေါ်တွင်ပြီး ရွှေအမြုတေက အနက်ရောင်ပင်။

ပဉ္စမမြောက်နန်းတော်အား ဟွမ်ထင်နန်းတော်၊ ဟွမ်ထင်မီးဖိုဟု ခေါ်တွင်၍ ရွှေအမြုတေက အဝါရောင် ဖြစ်သည်။

ဆဋ္ဌမနန်းတော်အား လင်းဖူနန်းတော်၊ လင်းဖူမီးဖိုဟုလည်း ခေါ်တွင်ပြီး ရွှေအမြုတေက ခရမ်းရောင်ဖြစ်၏။

သတ္တမမြောက်နန်းတော်ကို ရှန်ရှူးနန်းတော်ဟုလည်း ခေါ်ကြပြီး အစိမ်းရောင် အမြုတေ ဖြစ်သည်။

အဋ္ဌမမြောက်နန်းတော်အား ယွိဖန်နန်းတော် သို့မဟုတ် ယွိဖန်မီးဖို ဟုခေါ်ကြကာ ရွှေအမြုတေက အပြာရောင်ဖြစ်သည်။

နဝမမြောက်နန်းတော်အား ကျန့်နန်းတော် သို့မဟုတ် ကျန့်မီးဖိုဟုခေါ်တွင်ပြီး ရွှေအိုရောင်အဆင်းရှိကာ အရောင်အသွေးရှိသည်။

ချန်ရှီသည် တာအိုကျင့်စဥ်ရဲ့ မုခ်ပေါက်ထဲသို့ မထင်မှတ်ဘဲ ဝင်ရောက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ ချီသွေးများ စိမ့်ဝင်သွားပြီး ရွှေရောင် အမြုတေလေးကို သန့်စင်ဖို့ ကိုယ့်ကိုကိုယ် မီးဖိုတစ်ခုအဖြစ် အသုံးပြုခဲ့သည်။

နတ်သန္ဓေသားမပါဘဲ ရွှေအမြုတေကို ဖွဲ့စည်းတာက ကူကယ်ရာမဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်သော်လည်း မကြာမီမှာပင် ချန်ရှီရဲ့ အသက်ရင်းမြစ်သည် အကန့်အသတ်မရှိသော မီးပင်လယ် ဖြစ်ပြီး အနှစ်သာရ၊ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များ စုစည်းကာ ရွှေအမြုတေထဲ ပေါင်းစည်းသွားသလို ခံစားလိုက်ရသည်။

ဒီအမြုတေက နယ်နိမိတ် မရှိသည့်အပြင် လုံးဝသဘာဝကျသည်။

ချီအနှစ်သာရ၊ ချီသွေးနဲ့ စိတ်ဝိညာဥ်တို့က အမြုတေထဲတွင် ပေါင်းစည်းထားလေပြီ။ ချန်ရှီဟာ ပြောင်းလဲသွားသော အရာများကို မသိနိုင်သည့်အပြင် ၎င်းတို့၏ အမည်များကိုလည်း မသိနေချေ။

လေ့ကျင့်မှုထဲမှာ နှစ်မြှုပ်ပြီး အရာအားလုံးကို မေ့နေချိန်မှာပဲ စာအုပ်သေတ္တာထဲက ပျော့ပျောင်းတဲ့ ကလစ်ခနဲ အသံတစ်ခု ထွက်ပေါ်လာကာ အထဲကနေ စိမ်းပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။

စိမ်း​ပြာရောင် အလင်းသည် ကျောက်စိမ်းတံဆိပ်တုံးမှ ထွက်ပေါ်လာခြင်းပင်။ ထိုအခါ ကျောက်သေတ္တာကလည်း တုံ့ပြန်လိုက်သလိုမျိုး ကျောက်သေတ္တာထဲမှ အလင်းတန်းများလည်း ထွက်ပေါ်လာသည်။ ကျောက်သေတ္တာအတွင်းမှ သော့ခတ်ခံထားတဲ့ တစ်ခုခုရှိ​နေသလိုမျိုး အလွန်ရှင်းလင်း ပြတ်သားပြီး အသံထွက်လာသည်။

ခဏအကြာ နောက်ထပ် ပြတ်သားသော ကလစ်တစ်ချက် ထွက်ပေါ်လာပြီးနောက် အတွင်း၌ မရေမတွက်နိုင်သော သော့များ ပါရှိနေသကဲ့သို့ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သော့ဖွင့်လိုက်သကဲ့သို့ အသံက တဖြည်းဖြည်း ပိုပို၍ တင်းမာလာသည်။

ရုတ်​တရက်​ ​ကျောက်​​သေတ္တာက ပျောက်​သွားကာ စာအုပ်​သေတ္တာထဲတွင် တိတ်​ဆိတ်​စွာ လှဲလျောင်း​နေသည့်​ ​လေး​ထောင့်​​ပုံ ကျောက်တုံးလေးက အစားထိုးလိုက်​သည်​။

စိမ်း​ပြာရောင် အလင်းတန်းတစ်ခုသည် စာအုပ်သေတ္တာထဲမှ ကောင်းကင်သို့ ပျံတက်သွားလေ၏။ ၎င်းက ရုတ်တရက် တိတ်တိတ်ဆိတ်ဆိတ် ပေါက်ကွဲသွားသော်လည်း တောင်တန်းအရှင်ဘုံကျောင်းထဲက ကြွယ်ဝပြီး ထူးကဲသော စွမ်းအားများနှင့် ရောနှောကာ နောက်ဆုံးတွင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဘုံကျောင်းထဲတွင်တော့ နေရောင်ခြည်က တောက်ပနေပြီ။ ဟွာရှရှန်ကျိုး၏ ကောင်းကင်သည် ဘုံကျောင်းထိပ်တွင် အကန့်အသတ်မရှိ အပြာရောင်အလင်း​ဖြင့် ထွက်ပေါ်နေသည်။

"ကျန်ခဲ့တဲ့ မျိုးစေ့တွေကို လွှတ်နိုင်ပြီ... ငါ့ရဲ့ စွမ်းအားက နောက်ဆုံးတော့ ထိုးဖောက်ဝင်ရောက်နိုင်ပြီ..."

ဘုံကျောင်းထဲတွင် ဝမ်းသာအားရ အသံနဲ့အတူ သက်ပြင်းချသံတစ်ချက် ထွက်လာသည်။

"နောက်ဆုံးကျရင် ငါက ငါ့ရဲ့အသွင်အပြင်ကို ထိန်းနိုင်ပြီး ကောင်းကင်က အပြောင်းအလဲတွေကို ကြိုဆိုနိုင်မှာပါ!"

ချန်ရှီ ထိုအရာကို သတိမထားမိပေ။ သူက လုံ့လစိုက်ထုတ်ကာ ဘုံကျောင်းထဲမှ ထွက်လာသော နေနှင့်လ၏ အလင်းတန်းနှစ်ခုကို စုပ်ယူနေဆဲ။ အလင်းတန်းတွေက ပို၍ပြင်းထန်လာတဲ့အခါ သူ့ခန္ဓာကိုယ်ထဲတွင် ကြီးကျယ်ခမ်းနားသော ချီသွေးများ သန့်စင်သွားပြီးနောက် ချီစွမ်းအင်များက ခန္ဓာကိုယ်တွင်း၌ အရည်ပျော်သွားသည်။

အနှစ်သာရ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဥ်ဟာ ခဲနှင့် ပြဒါးကဲ့သို့ လေးလံသည်။ ၎င်းတို့ကို အသက်ရင်းမြစ်ထဲတွင် မီးဖြင့် ငြှိမ်းသတ်ပြီး ရွှေရောင်အနှစ်အဖြစ် သန့်စင်ရသည်။ ချန်ရှီ အာရုံမစိုက်မိဘဲ ကြယ်ခုနစ်လုံးပေါ် ဖြတ်လျှောက်နေသည်။ မျက်လုံးများက ပွင့်လည်းမပွင့် ပိတ်လည်း ပိတ်သွားပုံမပေါ်ဘဲ ရံဖန်ရံခါ တံတိုင်းပေါ်၌ လျှောက်သွားနေရသလို ခံစားနေရသည်။

မသိလိုက်ပါဘဲ သူသည် ဆယ့်နှစ်နာရီကြာအောင် လေ့ကျင့်နေခဲ့ကာ မရပ်နိုင်သေးချေ။ သူ့ခန္ဓာကိုယ်ထဲက မီးဖိုမီးဟာ တဖြည်းဖြည်း သန့်စင်ရင်း ရွှေအမြုတေက တဖြည်းဖြည်း အရောင်ပြောင်းကာ တန်းယွမ်မီးဖိုထဲ၌ စိမ်းပြာရောင် အလင်း ထွက်လာသည်။

စိမ်းပြာရောင် ရွှေအမြုတေဟာ ချီစွမ်းအင်နှင့် ချီသွေးတို့ကို မစုပ်ယူနိုင်တော့ဘဲ ဖြည်းဖြည်းချင်း ငြိမ်သက်သွားတဲ့အခါ ချန်ရှီဟာ သူ့စိတ်ဝိညာဉ်ထဲ၌ စွမ်းအင်များ ပြည့်လာသလို ခံစားလိုက်ရပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ဘုံကျောင်းအတွင်း နေရောင်သည် တောက်ပစွာ ထွန်းလင်းနေပြီး တံခါးများနှင့် ပြတင်းပေါက်များသည် ဘိုးဘွားပိုင်မြေမှ ထွက်လာသော နေရောင်ခြည်ကို အပြင်ထွက်မသွားအောင် ထိန်းထားနိုင်သည်။ ချန်ရှီမှာ ဒါကိုမြင်တော့ အံ့သြထိတ်လန့်သွားကာ ဘုံကျောင်းအပြင်ဘက်ကို အမြန်ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်မှ ဥက္ကာခဲများ ထွက်ပေါ်လာတာ မရှိသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွား၏။

"ကောင်းကင်က နတ်ဘုရားသာ ဒီနေရောင်ခြည်ကို သတိထားမိသွားရင် ဥက္ကာပျံတွေ ပစ်ချပြီး ဘုံကျောင်းကို ဖျက်ဆီးပစ်မှာ ကြောက်ရတယ်"

ဘုရားကျောင်းထဲ ပြန်ရောက်တော့ အစာခြောက်စားပြီး သန့်ရှင်းရေး လုပ်လိုက်သည်။ ဤတော့မှ ကျောက်သေတ္တာလေး ပျောက်နေတာကို သတိထားမိ၏။ ကျောက်သေတ္တာကို အလျင်စလို လှည့်ပတ်ရှာကြည့်တဲ့အခါ လေးထောင့်ပုံးနဲ့ အလွန်ဆင်တူတဲ့ ကျောက်တုံးလေးတစ်တုံးကို တွေ့လိုက်ရတော့သည်။

"ကျောက်သေတ္တာက ဘယ်လိုလုပ် ကျုံ့သွားတာလဲ..."

ချန်ရှီသည် ထိုကျောက်တုံးကို ကောက်ယူလိုက်သောအခါတွင် သာမာန်ကျောက်တုံးလိုပဲ ခံစားရသည်။ အနည်းငယ်သာ ထူးထူးခြားခြား ဖြစ်နေကြောင်းသာ ညွှန်ပြ​နေသည်။

ဒါပေမဲ့ ကျောက်သေတ္တာက ဘယ်လိုလုပ် ကျုံ့သွားတာလဲ။

ချန်ရှီ ကျောက်တုံးကိုကိုင်ကာ ဘုံကျောင်းထဲကို လေ့လာကြည့်ရှုလိုက်သည်။ ဒီဘုံကျောင်းက သူစရောက်ချိန်နှင့် မတူသလို ခံစားခဲ့ရသော်လည်း အတိအကျ ကွာခြားပုံကိုတော့ မပြောနိုင်ပေ။ ချန်ရှီခမျာ ခေါင်းသာယမ်းကာ တံခါးများနှင့် ပြတင်းပေါက်များကို သေချာပိတ်ပြီး ဘုံကျောင်းထဲမှ ထွက်လာခဲ့သည်။

"သာမန် ရွှေအမြုတေတွေဆို နတ်ကွန်းထဲက နတ်သန္ဓေသားရဲ့ ပါးစပ်ထဲမှာ ထည့်ထားတယ်... ဘာလို့ ငါ့ရွှေအမြုတေက မီးဖိုထဲ ရောက်နေတာလဲ?"

ချန်ရှီက ခေါင်းတခါခါဖြင့် စဥ်းစားနေသည်။ အခုဆို သူ့ရဲ့ ရွှေအမြုတေက ကိုးကြိမ်မြောက်ကို မရောက်သေးတာကြောင့် ပထမနန်းတော်က ရွှေအမြုတေကို ရွှေအမြုတေ အဖြစ် သတ်မှတ်လို့ မရသေးချေ။ ချောမွေ့စွာ ဖွဲ့စည်း​ပြီးမှသာ ရွှေအမြုတေဟု ခေါ်နိုင်သည်။

ချန်ရှီသည် အလင်းသုံးပါးကျင့်စဥ်ကို သုံး၍ နတ်ကွန်းတစ်ခုကို သူ့ခေါင်းနောက်မှာ ပေါ်လာစေလိုက်သည်။ ရွှေအမြုတေကို နေရာ ရွှေ့လိုက်တဲ့အခါ ၎င်းက အသက်ရင်းမြစ်ထဲကနေ ဖြည်းဖြည်းချင်း တက်လာတာကို ခံစားရပေမယ့် လည်ချောင်းထဲ ရောက်သွားသောအခါတွင်တော့ ထပ်မတက်နိုင်တော့ပေ။

သူ့လည်ပင်းဆီ ရွှေအမြုတေ ရောက်လာတာကိုသာ ခံစားလိုက်ရသည်။ သူ့ရဲ့ စွမ်းအင်နဲ့ သွေးတွေ အားလုံးက လည်ပင်းမှာ စုစည်းနေတာကြောင့် လည်ပင်းကို ချက်ချင်း သူ့ခါးထက် အများကြီး ပိုထူသွားလေ၏။

ဒီစွမ်းအင်နဲ့ ချီသွေးတွေက ရွှေအမြုတေနောက်ကို လိုက်လာကြတာပဲ။ ခေါင်းထဲကို ရောက်သွားရင် ခေါင်းပေါက်ကွဲသွားမှာကိုတောင် ကြောက်ရသည်။

"ရွှေအမြုတေ ဖွဲ့စည်းတာက နေ့ချင်းညချင်း မအောင်မြင်ဘူး...သူ့ကို ခုနစ်ကြိမ်တုံ့ပြန်၊ ပြောင်းလဲမှု ရှစ်မျိုးကို လုပ်ပြီး ကိုးကြိမ်အထိ ပြန်သန့်စင်ဖို့ လိုတယ်..."

ချန်ရှီ လမ်းလျှောက်လာရင်း ဘုရင်ကျန်း ထားခဲ့သော ကျောက်ပြားပေါ်မှာ သူမြင်ခဲ့ရတာကို ပြန်သတိရသွားသည်။

ခုနှစ်ကြိမ်တုံ့ပြန် ဟုခေါ်တွင်သော ကျောက်စာသည် သွေးကြောများ၊ ချီ၊ သွေး၊ အနှစ်သာရ၊ အရိုးများ၊ ပုံသဏ္ဌာန်နဲ့ စိတ်ဝိညာဉ်ကို တုံ့ပြန်သော ရွှေအမြုတေကို ဆိုသည်။

ကျင့်ကြံသူကိုယ်တိုင် မသန်မစွမ်းဖြစ်နေလျှင် ရွှေအလွန့်အလွန် အစွမ်းထက်သည်။

ထို့ကြောင့် ခုနစ်ကြိမ်ပြန်ရရန် လိုအပ်ပြီး ရွှေအမြုတေဟာ သူ့ကိုယ်သူ ပြန်လည် ဖြည့်တင်းပေးနိုင်ကာ ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးကြော၊ ချီ၊ သွေး၊ အနှစ်သာရ၊ အရိုး၊ ခန္ဓာကိုယ် ပုံသဏ္ဌာန်နဲ့ စိတ်ဝိညာဥ်တို့ကို ပိုမိုသန်စွမ်းလာစေသည်။

ခုနှစ်ချက် တုံ့ပြန်မှု ဖြစ်ပေါ်လာသောအခါ နောက်ထပ် ပြောင်းလဲမှု ရှစ်မျိုးဆီ ဆက်သွားရသည်။ သွေးခုန်နှုန်း ရပ်တန့်ခြင်း၊ အကျဥ်းကျခြင်း၊ သွေးဖြူဥခြင်း၊ အနှစ်သာရ ကြိုးထုံး ပြောင်းလဲခြင်း၊ အရိုးနီကျောက်စိမ်းအဖြစ် ပြောင်းလဲခြင်း၊ ခြင်ဆီသည် လျှို့ဝှက်ဆန်းကြယ်သော နှင်းခဲအဖြစ် ပြောင်းလဲခြင်း၊ သလင်းခန္ဓာပြောင်းလဲခြင်း၊ အတုမဲ့နတ်ပြောင်းလဲခြင်း။

ဒါက အပြောင်းအလဲ ရှစ်ချက်ပါပဲ။

ပြန်လာခြင်း ကိုးချက်ကတော့ ကျောက်ကပ်ပြန်ခြင်း၊ နှလုံးပြန်ခြင်း၊ အသည်းပြန်ခြင်း၊ အဆုတ်ပြန်ခြင်း၊ သရက်ရွက်ပြန်ခြင်း၊ အဂ္ဂိရတ်ခန်းပြန်လာခြင်း၊ ချီအိမ်သို့ပြန်ခြင်း၊ အနှစ်သာရခန်းမနှင့် နတ်ဘုရားခန်းတို့ ပြန်လာခြင်းများ ဖြစ်သည်။

ဝိညာဥ်စွမ်းအင်များကို ဦးနှောက်ထဲ၌ ပြန်လည် ဖြည့်တင်းပြီးသည့်နောက် နတ်ကွန်းက တောက်ပစွာ ထွန်းလင်းတောက်ပလာမည်။ ရွှေအမြုတေက ဦးခေါင်းထိပ်သို့ ရောက်ရှိလာကာ နတ်ဝိညာဉ်ကို ပွင့်သွားစေပြီး ခန္ဓာကိုယ်ထဲမှ ထွက်သွားစေနိုင်သည်။

"ထူးဆန်းလိုက်တာ ငါ့လက်ထဲမှာ သေသွားတဲ့ ကျောက်မိသားစုရဲ့ သခင်ငယ်က အခု ငါ့ထက် အများကြီး မသန်မာသေးဘူး... သူက ရွှေအမြုတေကို အများဆုံး ပဉ္စမနန်းတော်အထိပဲ သန့်စင်ထားတာ... ဘယ်လိုလုပ် သူ့ခန္ဓာကိုယ်ထဲကနေ ထုတ်နိုင်သွားတာလဲ"

ချန်ရှီ အရမ်းအံ့သြသွားသည်။

ကျောက်မိသားစု၏ ရွှမ်ရင်အိမ်တော်က အကြီးဆုံးသားဖြစ်သူ ကျောက်ကျစ်ယွီသည် ရွှေအမြုတေကို နတ်သန္ဓေသား ပါးစပ်ထဲသို့ ထည့်ထားတာကြောင့် နတ်သန္ဓေသားက တံတွေး ထွေးလိုက်သောအခါတွင် ရွှေအမြုတေက ရန်သူကို သတ်ပစ်ဖို့ လွယ်ကူသွားစေသည်။

ဒါပေမဲ့ ထိုလူဟာ သူနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံမှုမှာ သေဆုံးသွားခဲ့ပြီ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခွန်အားဟာ ရွှေအမြုတေ ခန္ဓာကိုယ်ထဲကနေ ထွက်သွားတာနဲ့ ခုခံနိုင်စွမ်း မရှိတော့ပေ။

ကျောက်ကျစ်ယွီလိုမျိုး ရွှေအမြုတေကို သူ့ခန္ဓာကိုယ်ထဲမှ ထွက်ခွာရန် အတင်းအကြပ် ခိုင်းစေလိုက်ရင် သို့မဟုတ် သူ့ဦးနှောက်ထဲသို့ ရွှေအမြုတေကို အတင်းရွှေ့ပစ်ရင် ရွှေအမြုတေက သယ်ဆောင်လာသော ကြောက်မက်ဖွယ် စွမ်းအင်နှင့် ချီသွေးတို့ကြောင့် သူ့ဦးခေါင်း ပေါက်ကွဲသွားလိမ့်မည်။

ဒါပေမဲ့ ကျောက်ကျစ်ယွီကတော့ သူ့ခန္ဓာကိုယ်ထဲက​နေ ရွှေအမြုတေကို ထုတ်ယူနိုင်ခဲ့သည်။

“သူတို့က ပြည့်စုံတဲ့ ကျင့်စဥ်ကို ကျင့်ပြီး ငါကတော့ မပြည့်စုံတဲ့ ကျင့်စဥ်ကို ရထားလို့ ဖြစ်နိုင်တယ်...."

ချန်ရှီ တောင်တန်းများပေါ်တွင် လျှောက်သွားနေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ရွှေအမြုတေကို နှိုးဆွပြီး တုံ့ပြန်မှု ခုနစ်ခု၊ အသွင်ပြောင်းခြင်း ရှစ်ခု နှင့် ပြန်လာခြင်း ကိုးချက်တို့ကို လေ့ကျင့်ပြီး အချိန်အတော်ကြာတဲ့အထိ နတ်ကွန်းက ပျောက်ကွယ်သွားမယ့် အရိပ်အယောင် မပြလာခဲ့ပေ။

နတ်ကွန်း တည်ရှိနေရုံသာမက သူ့ခန္ဓာကိုယ်ထဲက စစ်မှန်တဲ့ ချီစွမ်းအင်တွေကလည်း ပျောက်ကွယ်မသွားပါဘူး။ ချန်ရှီ ရုတ်တရက် ရပ်တန့်သွားပြီး အတွေးထဲတွင် နစ်မျောသွားခဲ့သည်။

နတ်သန္ဓေသားမရှိဘဲ နတ်ကွန်းက ဘယ်လိုလုပ် တည်ရှိနေတာလဲ။

နတ်သန္ဓေသားမရှိရင် ချီစွမ်းအင်ကို ဘယ်လိုထိန်းသိမ်း ထားနိုင်မလဲ။

ဒါက သာမန်အသိတရားနဲ့ ဆန့်ကျင်နေတာ ထင်ရှားပါ၏။ သူ့ခေါင်းထဲ မိုးခြိမ်းသံတစ်ချက် မြည်သွားကာ မူးဝေလာပြီး အာခေါင်တွေပါ ခြောက်သွားလေသည်။

"မှားတယ်...အရာအားလုံးက မှားတယ် နတ်သန္ဓေသားမရှိရင် စစ်မှန်တဲ့ စွမ်းအင်ကို ထိန်းထားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး.. နတ်ကွန်းက ကျိန်းသေပေါက် ပြိုကျသွားလိမ့်မယ်..."

"တစ်ခုခုတော့မှားနေပြီ!"

"လောကကြီးက မှားနေတာလား ဘုရင်ကျန်းက မှားနေတာလား..."

ချန်ရှီ မျက်လုံးများ ပြူးကျယ်လာကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဧကန္တ နတ်ဘုရားက မှားနေတာလား။

သူသည် လောကနှင့်နှိုင်းယှဥ်တာထက် ကောင်းကင်က နတ်ဘုရားနှင့် နှိုင်းယှဥ်တာထက် ဘုရင်ကျန်းကသာ မှားနေတယ်လို့ ယုံကြည်လိုစိတ်က ပိုများ​နေသည်။ ဒီကမ္ဘာပေါ်ကလူတိုင်း ဒီနည်းလမ်းကို နှစ်ထောင်ပေါင်းများစွာ ကျင့်သုံးလာခဲ့ကြတာ မဟုတ်လား။

မှားသလား မှန်သလား ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

မှားနေရင် ဘာလို့ ဘယ်သူမှ မသိကြတာလဲ။ နတ်ဘုရားက မှားနေတာကိုရော သူက ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါဆို မှားနေတာက သေချာပေါက် ဘုရင်ကျန်းနဲ့ မိမိကိုယ်တိုင်သာ ဖြစ်ရမည်။

ထိုအချိန်တွင် အုံ့မှိုင်းသော ပတ်ဝန်းကျင်၌ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လေထဲတွင် "ရှောင်ရှီ ရှောင်ရှီ" ဟု အော်ခေါ်သံကို ကြားလိုက်ရသည်။

ချန်ရှီ လှည့်ကြည့်လိုက်ချိန်၌ မမြင်နိုင်သော လက်တစ်စုံက သူ့လည်ပင်းကို ချက်ချင်းဆွဲကိုင်ကာ ချိုးရန် ကြိုးစား​တော့သည်။

ချန်ရှီလည်း ချီသွေးများကို သူ့လည်ပင်းဆီ ပို့ဆောင်လိုက်တဲ့အခါ လည်ပင်းက ခါးထက် ပိုထူလာတာကို တွေ့လိုက်ရ၏။ အမှောင်လေထဲမှာ နတ်ဆိုးက ရွှေရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလာရတာကြောင့် ချက်ချင်းဆိုသလိုပဲ လေထုကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားခဲ့သည်။

ကျိန်ဆဲသောအသံသည် အမှောင်တိုက်မှ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွား၏။

"ဟားဟားဟားဟား!"

ချန်ရှီ ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း အနည်းငယ် ရှက်ရွံ့စွာဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်သေးသည်။

"ငါက ကျေးလက်က တိုင်းသူပြည်သားတစ်ယောက်ပဲ ကမ္ဘာကြီးကို ဘယ်လိုလုပ် မေးခွန်းထုတ်ရမှာလဲ... ဘယ်သူက ဘုရားအစစ်လဲဆိုတာကို မေးရမှာလား... ငါက အဘွားဟေးရှန်းရဲ့ ခြိမ်းခြောက်တာကို ခံခဲ့ရလို့ ဘုရင်ကျန်းရဲ့ ကျင့်စဥ်ကို လေ့ကျင့်ခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပဲ"

ရယ်မောပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်နေတာတွေ ပျောက်ကွယ်သွားကာ ကြည်ကြည်နူးနူး ရယ်မောသံတွေက အစားထိုးသွားခဲ့သည်။ သူ့မှာ ရွေးချယ်စရာ မရှိပေ။ ရွှေအမြုတေ လမ်းကြောင်းကို လျှောက်လှမ်းဖို့သာ ရှိတော့သည်။

ဒါပေမဲ့ ဒီလမ်းကို စလျှောက်လိုက်ပြီ ဆိုကတည်းက မှန်လား မှားလား မမေးဘဲ ဆက်လျှောက်သွားနေမှာပါပဲ။

လုဝေမြို့။

ဒီနေ့ ပွဲတော်ဈေး မဟုတ်ပေမယ့် မြို့က လူတွေ လာရောက် လည်ပတ်နေလို့ စည်ကားနေသေးပြီး အစိုးရက အမှုထမ်းတွေကို အခွန်ကောက်ရမယ့်နေ့လို့ ပြောထားပေမယ့် အစိုးရ အမှုထမ်းတွေက မ​ရောက်လာတဲ့အတွက် ပြည်သူတွေက စိတ်အေးလက်အေး ပျော်ရွှင်နေကြသည်။

ဒီအခိုက်အတန့်မှာ လူတိုင်းက သူတို့လုပ်နေတာတွေကို ရပ်လိုက်ကြပြီး ခေါင်းကိုလှည့်ကာ တူညီတဲ့ ဦးတည်ရာဘက်ကို ကြည့်လိုက်ကြသည်။

ယောက်ျားကလေးနှင့် မိန်းကလေး ကလေးများစွာသည် လေရဟက်​လေးကို ကိုင်လျက် ကစားနေကြသည်။ စျေးဆိုင်များအနီးတွင် ပြေးလွှားနေကြသူတွေကလည်း ထိုအချိန်တွင် လမ်းမပေါ်၌ ရပ်ကာ ရုတ်တရက် တိတ်ဆိတ်သွားသည်။

ကလေးများလည်း ရပ်တန့်ကာ လှည့်ကြည့်လိုက်ကြသော် လမ်းအဆုံးက ထူထပ်နေသော တိမ်တိုက်များအောက်တွင် လူအရပ်ထက်မြင့်သော ကြွက်များက မျဉ်းနှစ်ကြောင်းဖြင့် တန်းစီလျက် လမ်းလျှောက်လာနေတာကို တွေ့လိုက်ရ​လေသည်။

ကလေးလေးများရဲ့ မျက်လုံးများ ပြူးကျယ်သွားကြသည်။ လက်ထဲတွင် ကိုင်ထားသော လေရဟတ်လေးများက ရုတ်တရက် လေအေးကြောင့် လွင့်ပါးသွားကာ ရိုင်းစိုင်းစွာ လည်ပတ်နေလေသည်။

အဖွဲ့၏နောက်ဘက်တွင် မီးခိုးရောင် ကြွက်ရှစ်ကောင်သည် ကုလားထိုင်ကြီးတစ်လုံးကို သယ်ဆောင်လာကြလေ၏။ လေပြင်းတစ်ချက်က ကုလားကာများကို မှုတ်ထုတ်လိုက်သောအခါ အနက်ရောင် နတ်ဘုရားရုပ်တုတစ်ခု ထိုင်ခုံပေါ်မှာ ထိုင်နေတာ တွေ့လိုက်ရသည်။

"ဒီနေ့ကစပြီး အဘွားဟေးရှန်းက လုဝေမြို့ရဲ့ ကန့်ညောင်ပဲ!"

မီးခိုးရောင်ဝတ်ထားသော ကြွက်တစ်ကောင်သည် အိမ်ခေါင်မိုးပေါ်သို့ ခုန်ဆင်းကာ အားလုံးကြားအောင် အော်ပြောလိုက်သည်။

"လတိုင်းရဲ့ ပထမသုံးရက်မြောက်နေ့မှာ ကြီးမားတဲ့ ယဇ်ပူဇော်ပွဲကြီးကို ကျင်းပမယ်.... ဒီနှစ်ရဲ့ ပထမလမှာ ယောက်ျားလေးတွေ မိန်းကလေးတွေက အဖွားပျော်ဖို့အတွက် စတေး​ပေးရလိမ့်မယ်... အဖွားက ရာသီဥတု သာယာ​စေပြီး ဘေးအန္တရာယ်တွေ ကင်းဝေးစေလိမ့်မယ်..."

All Chapters